Saturday, 28 February 2009

ရွှေရတုမွေးနေ့ ရှင် အဖေ (သို့ ) လမ်းဘေးကကျောက်ခဲမဟုတ်ပါ…


”မောင်ထွန်းရေ…
မနက်စောစော အဒေါ်တို့ အိမ်ကို ရေတစည် ဆွဲပေးစမ်းပါ…”....
”ဟုတ်ကဲ့ ဒေါ်လေး”လို့ ပြန်ပြောရင်း
ငါးခေါင်းတွေ အပြည့်တင်လာတဲ့ လှည်းကို တွန်းလာတာ က
ကျွန်တော့်အဖေ…
အဲဒီအချိန်တုန်းက အဖေက လူပျိုပေါက်…
ကျောင်းကပြန်လာရင်..အိမ်မှာ ငါးပိလုပ်ဖို့  အမေလုပ်သူက ဝယ်ထားတဲ့ငါးခေါင်းတွေကို
ညနေတိုင်းတွန်းပေးရတဲ့အတွက် …
သူများလို ဘောလုံးကန် ခြင်းခတ်ဖို့ အဖေ့မှာ အချိန်မလောက်..
လူပျိုပေါက်ဖြစ်တဲ့ အဖေ …နေ့ တိုင်း နံစော်လှတဲ့ ငါးခေါင်း တွေတင်တဲ့လှည်းကို တွန်း ရလို့ 
ရှက်စိတ်ဝင်ပေမယ့် တနေ့ မှ အိမ်အတွက် ဝတ်တရားမပျက်ကွက်ခဲ့ဖူးဘူး..
အမေက ဈေးမှာ ငါးပိရောင်း…အဖေလုပ်သူ က ခြံအလုပ်လုပ်စားနေတဲ့သူအဖို့ 
ပညာရေးကိုအားမပေးတော့ ကျောင်းတက်ချင်တဲ့အဖေ့ခမျာ..
ကျောင်းစရိတ်အတွက် မနက်တိုင်းရေထမ်းရောင်းရတယ်..
အရင်က ရေဘုံဘိုင်မှာရေတုံကင်လှုပ်မှရေရတဲ့ အချိန်မို့ လို့ 
မနက်ဆို တစ်နာရီလောက်ကနေထပြီး တုံကင် နံပတ်တစ်ရအောင်ဘုံဘိုင်ရှေ့ မှာ
ငုတ်တုတ်ထိုင်စောင့်ရင်းအိပ်ရတဲ့အဖေ..
နောက်ကျရင်..ကျောင်းနောက်ကျမယ်…ရေထည့်ပေးရတဲ့အိမ် နည်းသွားမှာ စိုးတဲ့အဖေ…
ဟောင်းနွမ်းလွန်းတဲ့ဒက်ထရွန် ကျောင်းဝတ်စုံ နှစ်စုံကို လည်အောင်ဝတ်ရတယ်…
နှစ်များစွာဝတ်လာတဲ့ဖိနပ်က ဖနောက်နေရာက ပါးလို့  သဲကြိုးကိုသံနဲ့ တွဲဝတ်ရတဲ့အဖေ…
ယောက်ဖလုပ်သူ ကဝယ်ပေးလိုက်တဲ့ စင်ကြယ်ဖိနပ်တစ်ရံ အတွက် အဖေခမျာ..
ဝမ်းသာမဆုံး… အခုချိန်ထိ ကျေးဇူးတင်စကားပြောနေတုန်း…
ဆယ်တန်းနဲ့ တင်ပညာပါရမီကုန်သွားတဲ့ အဖေ…
ယောက်ဖစီးတဲ့ မော်လမြိုင်-ဘားအံ ရေကြောင်းလိုင်းကို ကို အဟောက်ခံ ပြီး ဘဝပညာရှာတဲ့အဖေ..
အဲဒီအချိန်က ယောက်ဖလုပ်သူက ဆီလောင်း…အဖေက နောက်လိုက်...
ဆယ်တန်း ခ အဆင့်နဲ့ အောင်ထားခဲ့လို့  ကြိုးကြိုးစားစားနဲ့ ပြည်တွင်းရေကြောင်းမှာ အလုပ်သင်
ဖြေရင်း ပြည်တွင်းသဘောင်္လိုက်ခဲ့တယ်
လှိုင်းတွေ…မုန်တိုင်းတွေကြားမှာ သဘောင်္ သားလုပ်ရင်း ကုန်ရောင်း ကုန်ဝယ်လုပ်ခဲ့တဲ့အဖေ…
အမေနဲ့ ညားပြီးတော့လဲ…
ဆိတ်သားကျော်(ကန်စွန်းရွက်) နဲ့  ကြက်ကောင်လုံးဟင်း သာစားရင်းစုဆောင်းခဲ့ပါတယ်ဆိုတဲ့အဖေ..

ရောဂါသည် အမေ့ကို အသက်လောက်ချစ်ပြီး မြတ်နိုးတန်ဖိုးထားတဲ့အဖေဟာ..
အမေ့ထက် အသက် (၁၀)ကျော်ငယ်ပါတယ်…မောင်ထွန်း လို့ အများသိတဲ့
တနေကုန် အလုပ်ကိုမနားတမ်း ကုန်းရုန်းရှာတဲ့အဖေဟာ..ကျွန်တော်လူမှန်းသိတတ်စမှာ..
စက်ခန်းအုပ်ရာထူးနဲ့ သဘောင်္အရာရှိတစ်ယောက်ဖြစ်နေပါပြီး…
အရင်က သူကိုယ်တိုင်ရေထမ်းရောင်းခဲ့တဲ့ တိုက်မှာ ကျွန်တော့်ကိုမွေးခဲ့ပါတယ်..
အရင်က ငါးခေါင်းလှည်းတွန်းခဲ့အဖေက
အခုတော့ သူ့ ကိုယ်ပိုင်ကားလေးနဲ့ ကျွန်တော်တို့ ကို
ကျောင်းပို့ ကျောင်းကြိုလုပ်နေပါပြီင်္း…
ဘဝကို ခါးစည်းခံပြီး ခါးခါးသီးသီးနာကျည်းခဲ့ရတဲ့အဖေ
သူ့ ဘဝကို သူတစက်ကလေးမျှ မမေ့ပါဘူး..
အရင်က သူကိုယ်တိုင်ရေရဖို့ လှုပ်ခဲ့တဲ့တုံကင်ရေဘုံဘိုင်လေးက အခုဆို
မော်တာစက်လေးနဲ့ ဘယ်သူမဆိုရေအလကားရယူနိုင်အောင်သူလုပ်ထားပါတယ်…
မဲမဲမှောင်မှောင်နဲ့  ပြိုလဲမတတ်ယိုင်လဲ့နေတဲ့ သူ့ ကိုမွေးခဲ့တဲ့အိမ်အိုကတော့
ယနေ့ ထိ သူမျက်စိထဲမှာ အသက်ရှင်နေတုန်းပါ… သားတစ်ယောက်ရဲ့ တာဝန်ကို
ကျေခဲ့တဲ့အဖေဟာ.. သူအဖေဖြစ်လာတဲ့အချိန်မှာတော့ သူ့ ခံစားခဲ့ရတဲ့ဘဝမျိုးကို
သူ့ သားသမီးတွေ မခံစားစေရဘူးဆိုတဲ့ ဖခင်တစ်ယောက်ရဲ့  အနှိုင်းမဲ့ မေတ္တာကို
ကျွန်တော်မြင်ရပါတယ်…
ညဘက်ဆိုနောက်ကျမှ အိပ်ပြီး… မနက်ဆိုအစော ထ အလုပ်လုပ်တဲ့အဖေဟာ…
အလုပ်မရှိ..အလုပ်မလုပ်ရတဲ့နေ့ အဖို့ သူ့ အတွက်ငရဲ ပါတဲ့…
အိပ်နေရင်တောင် အိပ်မက်ထဲမှာ အလုပ်လုပ်နေရတယ်ပြောတဲ့အဖေဟာ..
သူ့ ကိုယ်သူ ကျွန်ဇာတာပါတယ်လို့ ပြောတဲ့အတွက်
ကျနော်တို့ က မျက်ရည်ဝဲရပါတယ်…
တစ်ခါတစ်ရံမှာ အဖေ့ကို နားနားနေနေ တွေ့ ချင်လို့ 
ဂရုဏာဒေါသောနဲ့ ” အဖေအလုပ်သိပ်မလုပ်နဲ့  အဖေသေရင်ဘာမှမပါဘူး ”လို့ ပြောတော့
ကျွန်တော့်ကို ပြုံးပြုံးနဲ့ ကြည့်ပြီး ပြောတာက ”မင်းမှာ မိန်းမနဲ့ ကလေးရှိလာတဲ့ တစ်နေ့ ကျရင်
မင်း ငါ့ကိုနားလည် လာမှာပါ”တဲ့…
ဟုတ်ပါတယ်..
ရောဂါသည်မိန်းမကို စည်းစိမ်းကုန်မတတ် အသက်ကို ပြန်ဝယ်ထားတဲ့အဖေ
အကြီးဆုံးဖြစ်ပေမယ့် ထင်တိုင်းကျဲ.. လုပ်တိုင်းလွဲ တဲ့ ကျွန်တော့်ကို
”သားမှားတယ်..မှန်တယ် လို့ မဆုံးမပေးမယ်…
သားလုပ်ခဲ့တာကိုနောင်တမရမိပါစေနဲ့ ”လို့ ပဲ ပြောခဲ့တဲ့အဖေ
သားငယ်ရဲ့ လှည့်ပတ်မှုတွေကို သိရက်နဲ့ ပြုံးပြုံး နဲ့  ခံနေတတ်တဲ့အဖေဟာ
အငယ်ဆုံးသမီး ကို အသက်လောက်ချစ်ပါတယ်…
ပင်ပန်းမှုတွေ .. ခါးသီးမှုတွေ နဲ့ ကြီးပြင်းခဲ့ရတဲ့အဖေဟာ..
သူ ကြီးပြင်းခဲ့ရတဲ့ဘဝနဲ့  သူ့ မိသားစုကို ဆန့် ကျင်ဖက်မှာထားပါတယ်….
လေးစားမြတ်နိုးပါတယ်အဖေ…
တန်းတူအခွင့်တစ်ခုအနေနဲ့  အဖေနဲ့ အတူတူ အရက်သောက်တဲ့နေ့ တွေမှာ
အဖေကို မူးမူးနဲ့ ရစ်ခဲ့တဲ့ နေ့ တွေကို လွမ်းတယ်အဖေ….
အဖေ့မိန်းမ စိတ်ဆိုးစိတ်ကောက်တိုင်းမှာ ဇော်ဝမ်းရဲ့  လမ်းဘေးက ကျောက်ခဲ
သီချင်းဆိုပြီးမိန်းမ လုပ်သူကို သားသမီးတွေနဲ့ ဝိုင်းချော့တဲ့အချိန်ကိုလွမ်းတယ်အဖေ..
အမေ့ရဲ့ မိုင်းဗုံး တွေကြားမခံနိုင်လို့  ကျွန်တော့်အခန်းမှာ လာတောင်းအိပ်တဲ့ အခါ
အဖေ့ဆီကရမဲ့ပိုက်ဆံကိုလိုချင်သေးတယ်အဖေ….
ဘဝကို မမေ့ပဲ အမြဲတမ်းဂုဏ်ယူနေတဲ့အဖေ
ကျွန်တော်ဆိုက်ပရပ်စ် မလာခင်ညက အဖေပြောတဲ့စကားကိုလည်း
သားတစ်သက်မမေ့ပါဘူးအဖေ..
အဖေပြောခဲ့တယ်လေ..
”သား..သားကိုအဖေတစ်ခုပြောမယ်နော်… သားတို့ သင်ခဲ့ဖူးတဲ့ သချာင်္မှာ
မျဉ်းတစ်ကြောင်းရဲ့ အောက်မှာ ဂဏန်းလေးတွေရေးမယ်ဆိုပါစို့ 
အလယ်ဆုံမှတ်က သုည
သူ့ ရဲ့ ဘယ်ဘက်ခြမ်းမှာဆို အနှုတ် ဂဏန်းလေးတွေနေရာယူမယ်..
သုညရဲ့ ညာဖက်ခြမ်းမှာဆို အပေါင်းဂဏန်းလေးတွေနေရာယူမယ်ပေါ့…
အဖေ့ ဘဝက.. အဲဒီ အလယ်မှတ်ဖြစ်တဲ့တန်းဖိုးမရှိတဲ့သုည ကနေတောင်မစ ခဲ့ရဖူးသား…
သုညထက် အရည်အချင်းနည်းတဲ့ အနှုတ်ကနေ စခဲ့ရတယ်..
အဲဒီအနှုတ်ဂဏန်းတောင် သုညနဲ့ နီးတဲ့နေရာဟုတ်ခဲ့ရပြန်ဖူးနော်..
ဝေးသေးတယ်…
ဒါပေမယ့် အဖေ ဇွဲ လုံ့ လတွေ..မခံချင်စိတ်တွေ…သားဇော မယားဇောတွေ နဲ့ 
အဖေ သုညကိုကျော်လို့ 
အပေါင်း ငါးဆယ်ကျော်ကျော်မှာ သားတို့ ကိုထားနိုင်ခဲ့တဲ့အတွက်အဖေဂုဏ်ယူ
ကျေနပ်အားရပါတယ်..
အဲဒီတော့ အဖေ့ရဲ့ သားဖြစ်တဲ့သားနဲ့ သားညီကတော့ အဖေရဲ့ အပေါင်းငါးဆယ်ကျော်
ဂဏန်းကနေ အပေါင်တစ်ရာ အထိချီတက်ကြပေတော့…ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ မှသုည
ကိုပြန်မလာကြပါနဲ့ …အပေါင်းကိုသာ မိသားစု တစ်စုက နေတစ်စုလက်ဆင့်ကမ်းပါ..
ဘယ်နေရာ ဘယ်အချိန် ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ်..
ဘဝကို ရပ်တည်နိုင်အောင်ကြိုးစားပါ..
ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေအပြည့်ထား အရာရာကိုသတ္တိရှိစွာရင်ဆိုင်လို့ 
ဘဝကိုအရှုံးမပေးပါနဲ့ ….
ဘဝကိုအရှုံးပေးမယ်ကြံတိုင်း… အဖေဘယ်ဘဝက နေလာခဲ့လဲဆိုတာ ကိုသတိရလိုက်ပါ..
ဒီသချာင်္ထဲက မျဉ်းကြောင်းလိုင်းထဲမှာ အဖေ ဘယ်ကလာလို့ 
ဘယ်နားရောက်နေလဲဆိုတာမြင်လိုက်ပါ
သားအတွက်ခွန်အားတစ်ခုတော့အနည်းဆုံးဖြစ်လာမှာ”
ပါတဲ့…
ဒီစကားတစ်ခွန်းက ကျွန်တော့်အတွက်ခွန်အားတွေအများကြီးဖြစ်စေပါတယ်..
ဖခင် မေတ္တာကို မြင်းမိုရ်ရွှေတောင်နဲ့ နှိုင်းယှဉ်ရင် မြင်းမိုရ်တောင်က ဇီးစေ့ပမာသာရှိပေမယ့်
ကျွန်တော့်အဖေအတွက်တော့ မြင်းမိုရ်တောင်ဟာ
ဖြုတ်တစ်ကောင်ရဲ့ အသည်းနှလုံးသာသာလောက်တောင်
ရှိမယ်မထင်ပါဘူးဗျာ….

ဒီစာ လေးကို အဖေ့မွေးနေ့ အမှီ အဖေလာဖတ်နိုင်ဖို့ အတွက်
သားတစ်ယောက်ရင်ထဲက အဖေ့ကိုချစ်တဲ့ အချစ်တွေ..မေတ္တာတွေ..
လေးစားအားကျမှုတွေ…
အကုန်ပေါင်းပြီး.. မျက်ရည်ပေါက်လေးများကျဆင်းလို့ 
အဖေ့ရဲ့  အသက် (၅၀)ပြည့်ရွှေရတု အထိမ်းအမှတ်အဖြစ်သားရေးဖြစ်တာပါ..
ဘဝမမေ့တတ် တဲ့အဖေကလဲ..ဒီစာလေးကိုဖတ်ပြီး ..ငါ့သားက ငါ့ကိုမမေ့ပါလားဆိုပြီး
မျက်ရည်ဝဲလို့ တပြုံးပြုံးနဲ့ ဖတ်နေမဲ့ အဖေ့ကိုမျက်စိထဲမြင်ယောင်ပါတယ်အဖေ…
နောက်ပြီး… အဖေရဲ့ သောက်ဖော်သောက်ဖက် အဖေ့ယောက်ဖတွေကို
သား ရေးထားတဲ့စာအကြောင်း
ကြွားအုံးမယ့်အဖေ့ကို အဖေ့ မဒီက မျက်စောင်းထိုး စိတ်ကောက်လို့ 
ချော့ရအုံးမှာကိုလဲ ကြိုမြင်နေတယ်အဖေ…
အဖေကြိုက်တဲ့ လမ်းဘေးက ကျောက်ခဲသီချင်းလေးကတော့
အဝေးရောက်နေတဲ့သားက ဒီစာလေးနဲ့ အတူ
အဖေ့အတွက် မွေးနေ့ လက်ဆောင်ပဲ ပေါ့…
အဖေအမြဲဆိုနေသလို
”ငါ့မှာတော့ အသွေးရောင်မပြောင်မွဲ
လမ်းဘေးက ကျောက်ခဲလို့ ”အဖေ့ကိုယ်အဖေထင်ပေမယ့်
ကျွန်တော့်တို့ အတွက်တော့ အဖေဟာ.
”အရောင်တွေ တစ်လက်လက်တောက်ပနေတဲ့ မြင်းမိုရ်ရွှေတောင်ထိပ်က စိန်ခဲကြီး”ပါအဖေ…
အဖေ့အတွက်သား မွေးနေ့ ဆုတောင်းပေးပါတယ်..
လေးစားတန်းဖိုးထားရပါသော ဖေဖေ..
”အခုလ (၉)ရက်နေ့ မှာကျရောက်မယ့်
ဖေဖေ့ရဲ့ ရွှေရတု မွေးနေ့ မှသည်
နောက်နှစ် များစွာကို
ဖေဖေ့ ချစ်မမကြီး ကျနော့်မေမေ
ပွေလီလွန်းတဲ့ ဖေ့သားကြီး ကျနော် ဖိုးစိန်
မလယ်ရှုတ် ဖေ့သားငယ် အငယ်ကောင်
ဥာဏ်များရှင် ဂျင်မ လေး ဖေ့သမီးထွေး တို့ ရဲ့ 
နွေးထွေးတဲ့မေတ္တာတွေ နဲ့ အတူ
အေးချမ်း သော ဘဝကို
ကျမ်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ”

သားရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်..ဖေဖေ..
ဖေဖေဟာ.. လမ်းခင်းတဲ့လမ်းဘေးကကျောက်ခဲမဟုတ်ပါဘူး..
ရင်ထဲမှာတန်ဖိုးမဖြတ်နိုင်တဲ့ သားတို့ ရဲ့ ဦးခေါင်းထက်က စိန်ခဲပါ...

အဖေကိုတအားချစ်တဲ့သားမဟုတ်ပေမယ့်
အဖေ့မေတ္တာနဲ့ သစ္စာ ကိုလေးစားမြတ်နိုးတန်ဖိုးထား တဲ့သား
သားကြီးဖိုးစိန်


နောက်တိုး
ကျနော့် မေမေသို့ ကြေငြာချက်
မေမေ..
ဒီစာလေး ကို ကွန်ပြူတာတစ်လုံးရှေ့ မှာ ခေါင်းချင်းဆိုင်ပြီး
အကိုမပြီးသေးဘူး… ညီမမပြီးသေးဘူးနဲ့ 
လုဖတ်နေမယ့် မေမေနဲ့ ဖေဖေကို ကြိုမြင်ပြီးသားပါ…
ဖတ်ပြီးသွားရင်လည်း.. အဖေလုပ်သူ ကမျက်ရည်တဝဲဝဲ တပြုံးပြုံးနဲ့ 
သူ့ အကြောင်းလေးရေးတာကိုပြောလို့ မဆုံးမဲ့ ပီတိမျက်နှာနဲ့ 
အမေ့အကြောင်းတစ်လုံးမှ မပါလို့  အဖေ့ကိုစိတ်ကောက်ဝန်တို မဲ့
အမေ့မျက်နှာလေးကိုပြေးမြင်ပြီးသားပါ…
ဘာမှမပူပါနဲ့ အမေရယ်..
အမေ့အကြောင်းကတော့ရင်ထဲမဆံ့အောင်ရှိပြီးသားပါ…
သံပုရာသီးအမြဲကျွေးလွန်းတဲ့ကျနော်
တခါတလေ အဖေ့ကိုချောကလက်လေး ကျွေးလိုက်တာပါ..
အမေသိတယ်နော်… :D


အပေါ်က အဖေ့ပုံ က မော်လမြိုင်ကို ချစ်သူငယ်ချင်းတွေနဲ့ သွားလည်တုန်းက
အဖေကို့  လေးစားချစ်ခင်ကြတဲ့သူငယ်ချင်းတွေ အဖေသီချင်းဆိုပြတုန်း
ခိုးရိုက်ထားတာပါ…
အဖေကြိုက်တဲ့ဇော်ဝမ်းသီချင်းလေးကို ကျနော်ရခဲ့တဲ့အတွက်
MMA ကိုလဲကျေးဇူးတင်ပါတယ်..
ဖိုးစိန်

Thursday, 26 February 2009

ခံစားဖူးသမျှ အချစ်ဒုက္ခ (သို့  ) အချစ် ရသ

အချစ်ဆိုတဲ့ ခေါင်းစဉ်ကို ဘာသာပြန်ခံစားဖို့ 
နှဖူးပေါ်လက်တင်လိုက်နဲ့ 
အချစ်ဆိုတဲ့ အတွေးအောက်မှာ
ပထမဆုံး
ပြန်မြင်လိုက်ရတာက

လွန်ခဲ့တဲ့ ၁၄ နှစ်ကျော်က
စကတ်တိုတိုလေးဝတ်ပြီး ဆံပင်ကုတ်ဝဲလေးနဲ့ 
ဘီးကုတ်လေးကိုအမြဲဝတ်ထားလေ့ရှိတဲ့
ခပ်စွာစွာကောင်မလေးကို
မျက်စိထဲတန်းမြင်မိတယ်
ခံစားမှုအပြုံးတစ်ချက်နဲ့ အတူ ရင်ထဲက ဒိတ်ခနဲ့ တစ်ချက်ဆောက်ခုန်သွားတယ်..
အချစ်ဦးဆိုတဲ့ ခံစားမှုလေ…
အဲဒီအချိန်တုန်းကလည်း သူ မကိုတွေ့ ရင် တဒိုင်းဒိုင်းနဲ့ ထိန်းလို့ သိမ်းလို့ မရအောင်
ရင်တွေခုန် လက်တွေတုန်တာ သူမကိုပေးခဲ့ဘူးတဲ့ပိတောက်ပန်းတွေတောင်
လက်ကလွတ်ကျတဲ့အထိပဲလေ..
သူမနဲ့ စတွေ့ ကတည်းက တဒုန်းဒုန်းနဲ့ ဆောက်ခုန်နေတဲ့ရင်က
သူမဆီက အဖြေမရသေးခင်ထိ
ရပြီးတော့လည်း ရင်ခုန်သံကစည်းချက်က မညီပြန်ဖူး…
အကြောင်းမပေးလို့ သူမနဲ့ ဝေးသွားခဲ့တဲ့အချိန်ထိ ရင်ခုန်နေခဲ့တာ..
အဲဒီင်္အချိန်တုန်းကတော့ အချစ်ဆိုတာ
ရင်ခုန်မှုတစ်မျိုးပါလားလို့ နားလည်သွားခဲ့တယ်…

ဟင်း…..
သက်ပြင်းလေးတစ်ချက်ချပြီး ကိုယ်ကိုတစ်ဖက်စောင်းလိုက်ချိန်မှာ
အပြင်မှာ မိုးတွေရွာနေသံကိုကြားလိုက်ရတယ်..ကျွန်တော်စဉ်းစားနေရင်းနဲ့ မှ
တဖျောက်ဖျောက်နဲ့ မိုးသံကြောင့်တိတ်ဆိတ်ဆွံအ စွာ
ရင်ထဲနာကျင်သွားခြဲ့ပန်တယ်…


”အချစ်ဆိုတာ နာကျင်ခြင်း..ဝေးကွားခြင်း နဲ့ စွတ်လွှတ်ခြင်းလို့  ကြိုသိခဲ့ရင်
မိုးလေ ကို့ ကို ကြင်နာမှုတွေ မြတ်နိုးမှုတွေ တွယ်တာမှုတွေ မပေးခဲ့ပါဘူး..
အခုတော့ပြန်လို ချင်လဲ အားလုံး က ကို နဲ့ အတူပါသွားပါပြီး..
မိုးက ကို့ ကို ရက်စက်စွာ ထားရစ်ခဲ့တယ်လို့ အားလုံး ကမြင်ပေမယ့်
ကို က မိုးဘဝအတွက် အချစ်နဲ့  လဲလှယ် ပေးခဲ့တာ
မိုး နဲ့ ကို ကလွဲ ပြီး ဘယ်သူများခံစားလို့ ရမှာလဲ…
အခုချိန်မှာ ကို့ ကိုအရမ်းချစ်တယ်ဆိုတာထက်
ကို့ ကို မိုး မြတ်နိုးတန်ဖိုးထားလေးစားသွားတယ်..
မိုးတစ်သက် ကို့ ကိုမမေ့ပါဘူး..”
ဆိုတဲ့ စာလေး ကို မိုးဖိတ်စာနဲ့ အတူ ရရှိချိန်က
အချစ်ဆိုတာ ဘာလဲလို့ အဖြေထုတ်မရပေမယ့်
မိုး နဲ့  မိုးယောကျာ်းအတွက်တော့ အချစ်စစ်စစ် များဖြစ်
ပေါင်းစည်းနိုင်ပါစေသတည်းလို့ 
ရင်ထဲက လိုလိုလားလား
ဆုတောင်းပေးခဲ့ပါတယ်….
သြော် အချစ်ဆိုတာ နာကျင်မှုတွေထဲ က ကြင်နာမှုတွေ ပေးနိုင်တဲ့
ခွန်အားတစ်ခုတော့ရှိတယ်ထင်ပါတယ်….

မိုး…ရေ.. မိုးအကြောင်းစဉ်းစာမိတာ များသွားတယ်..
အခုမိုးလင်းလို့  နေရောင်ခြည်တောင်ဖြာနေပါပေါ့လား……
သြော်..နေရောင်ခြည်ဆိုလို့ .. သတိရသွားတယ်…
နေခြည်..နေခြည်..
ငါဆိုတဲ့ဘိုစိန်က
နေခြည်ဆိုတဲ့မင်းကြောင့်ရူးခဲ့လေသလားကွာ…
ရူးခဲ့မိတယ်လို့ ထင်ပါတယ်..
မင်းကပဲဆိုးတာလား..
ငါကပဲဆိုးတာလား…
တွေ့ လိုက်တိုင်း မင်းက စိတ်ကောက်
ငါကဟောက်..
မင်းက ထလစ်..
ငါကကျန်ရစ်…

ပြန်ချစ်တော့ တစ်မိနစ်.. ရန်ဖြစ်တော့ အချိန်တိုင်း..
နားညီးအောင်တွတ်ထိုးတတ်တဲ့ မင်း နဲ့ 
နားရှုပ်မခံနိုင်တဲ့ ငါ
မတွေ့ ရတော့ တစ်ယောက်ကိုတစ်ယောက်ရှာ..
တွေ့ တော့လဲ ခဏပြုံး လို့ ရန်ပွဲ ပြန်နွှဲနေရတဲ့ဘဝပါလား…
အဆင်မပြေမှုတွေ နဲ့ မင်းနဲ့ ငါ
မင်းနဲ့ ကျမှ အချစ်ဆိုတာ ကသိကအောက် နေမထိ ထိုင်မသာ
မရှိမကောင်း ရှိမကောင်း
တွေ့ လဲမတွေ့ ချင်
မတွေ့ ရလဲမနေနိုင်ခဲ့ဘဲ
တရေးနိုးမှ နေခြည် မင်းကြောင့်ရူးပြီးလို့ ထအော်ရတဲ့ဘဝ
နေခြည်ရေ… မင်းပေးတဲ့အချစ်က ငါ့ကို တကယ်ရူးစေသလားကွာ…
နေခြည်ရေ… မင်းနဲ့ တွေမှ အချစ်ဆိုတာ ကသိကအောက်နဲ့ 
ရူးသွပ်မိန်းမောစေပါလားလို့ ထင်မိပါရဲ့ ..

နေခြည် အကြောင်းစဉ်းစားရင်နဲ့ ဗိုက်ဆာလာတယ်…
ခေါက်ဆွဲပြုတ်လေးစားမယ်လုပ်တော့
ကိုင်လိုက်မိတာ ယမ်ယမ်ခေါက်ဆွဲ….
ချက်ချင်းသတိရသွား တယ် ”ယမ့်ယမ့်”ရေ…

ကလေးဆိုးကြီး မင်းကို ရီးစားထားမိတဲ့ငါ..
ကျောက်မြောင်း သြဘာလမ်းထဲ က သဘောင်္သီးထောင်းဆိုင်မှာ
ညတိုင်း ဒုက္ခခံလို့  မင်းအိမ်ပေါ်တက် မီးမှိတ်အိပ်တဲ့အချိန်ထိ
ထိုင်စောင့်ရတဲ့ ဘဝကို ပြန်တွေးမိသွားတယ်…
အဲဒီတုန်းကတော့ အချစ်ဆိုတာငါ့အတွက်တော့
ဝဋ် လည်တာပဲ … ကို့ ကိုချစ်ခဲ့တဲ့သူအပေါ်အနိုင်ယူခဲ့သမျှ
မင်းနဲ့ တွေ့ မှ ငါဒုက္ခတွေရောက်ရတာ..
ငါခမျာ ..အိမ်ပြန်စောစော နားချင်တာတောင်
ငါလစ်တာနဲ့  မင်းအပြင်ထပ်ထွက်မှာစိုးလို့ 
ပူပန်စိတ်တွေနဲ့ 
ညသန်းခေါင်ကျော် မင်းမီးမှိတ်အိပ်တဲ့အချိန်ထိ
ငုတ်တုတ်စောင့်နေရတဲ့ အချစ်ဒုက္ခ
ဖုန်းဆက်ခေါ်တိုင်းလက္ဘက်ရည်ဆိုင်ထိုင်ရတဲ့ဒုက္ခ
ငယ်တဲ့သူ ကို ရည်းစားထားတော့
အလို လိုက်လို့ အပူမိရတဲ့ ဒုက္ခ
ငယ်သူကို ကြိုက်မိတဲ့ ငါ့အတွက်တော့
အချစ်သည် ပူလောင်မှု တွေကြားထဲက ကြားနေရတဲ့သယောထိုးသံလို ပေါ့…
စဉ်းစဉ်းစားစားနဲ့ 
ခေါက်ဆွဲစားလို့ တစ်ဝက်မျှမကျိုးသေးဘူး
ကွန်ပြူတာထဲက
ဂျီတော့ထဲမှာ
တတောင်တောင်နဲ့  ဆက်တိုက်ဆက်တိုက်
တက်လာတဲ့ ကျွန်တော့် မဒီဖြစ်မယ့်သူလေးက
စကားလုံးလှလှတွေနဲ့ 
မနက်ကိုကြိုဆိုပါတယ်…
ကြိုဆိုပုံကတော့..

”ဟဲ့..
ဖိုးစိန်..
ဖိုးစိန်..
ဘာလုပ်နေလဲ..
ဟဲ့..
မျောက်စုတ် ..မသာ.. ငါ ခေါ်နေတယ်မကြားဘူးလား..”
စားရင်းဖတ်ရင်းနဲ့ ကျွန်တော်ရယ်နေမိတယ်ပေါ့…
သူကကျွန်တော့်ကို အဲဒီလိုကိုချစ်တာနော်…
”ခဏစောင့် ပါဟ..ငါခေါက်ဆွဲစားရင်းနဲ့ 
အချစ်အကြောင်းစဉ်းစားနေလို့ ပါ..”
”အောင်မလေးဟဲ့… အကြောင်းသိတွေကိုများ..
အချစ်အကြောင်းစဉ်းစားတယ် လို့ လာပြောနေတယ်…
စားတဲ့ဟာတွေနင်နေအုံးမယ် ..မသာရဲ့ ..”
”နင်နော်..မိုးလင်းလင်းချင်းစကားအကောင်းပြော..
နင့်ကိုမဆဲချင် ဘူး ..အသုဘမရဲ့ …”
”အေးပါ..နင်မဆဲချင်လို့ ပဲ..
နင်ဆဲများဆဲရင် ငါတော့လွင့်သွားမှာ..
နေပါအုံး..နင်ကအချစ်အကြောင်းစဉ်းစားတယ်ဆိုတော့
ဘယ်သူ့ ကိုတွေ့ ပြန်တာတုန်း..
နင်က ရီးစားတစ်ယောက်တိုးရင်
ငါ့မှာ ငါ့ကိုမုန်းတဲ့သူတစ်ယောက်တိုးလို့ ပါ
မျောက်စုတ်ရယ်..
နင်ပတ်ပြေးတိုင်းဘူတာက ငါ့ဆီဆိုက်ဆိုက်နေလို့ ..
ဖြစ်နိုင်ရင်..နင့်ရဲ့ အကြောကိုဖြတ်ထားလိုက်ပါတော့ဟာ..
နင့်ကိုယူဖို့ ကြောက်တဲ့အထဲမှာအဲဒါတွေပါတယ်..”
”နင်ကလဲ တစ်ဆိတ်ဖြစ်ဒါကိုပဲဆွဲထည့်နေတယ်
နင့်ကို ငါချစ်လာတာ
ကျောင်းတက်ကတည်းကနော်..
သည်းခံလာတာ
ကိုးနှစ်ရှိပြီး မျောက်စုတ်မိန်းမဖြစ်မယ့်မျောက်မရဲ့ 
နင့်ကိုငါ့လို သည်းခံမယ့်သူ
ငါ့လို အလိုလိုက်မယ့်သူ
ငါ့လို နားလည်နိုင်တဲ့သူ ရှာလိုက်စမ်းပါ..
တွေ့ လားလို့ ..ထမင်းထုပ်သိုးသွားမယ်..နားလည်းလား..”
”အောင်မလေးဟဲ့..ကြားလို့ မှကောင်းသေးရဲ့ လား.
နောက်ဆုံးတော့မျောက်စုတ် ဖိုးစိန်တို့ က ကိုယ်ရည်ကိုယ်သွေး သွားပါလား..
သေချင်တဲ့ထဲမှာအဲဒါလည်းပါတယ်..
ကျမ်းမာရေးဂရုစိုက်နော်မသာ..
နင်ကိုယူပြီးမှ မကျန်းမာလို့ နင်သေရင်
နေရင်းနဲ့ ငါမုဆိုးမဖြစ်သွားမှာကြောက်လို့ မှာတာ
ချစ်တယ်လို့ တော့မထင်လိုက်နဲ့ ..ဟီး..ဟီး..
လိုက်ဘရီမှာလူလစ်တုန်းခိုးသုံးတာ ..သတိရလို့ 
သွားတော့မယ်..ဒါပဲ”
ဆိုပြီး
နှုတ်ဆက်ထွက်သွားတယ်..
ဒါကတော့
ကျွန်တော့်အတွက် ပီတိဖြစ်မှုတွေနဲ့ အတူ
နောက်ဆုံးအချစ်..
ရိုးသားမှုတွေ..ပွင့်လင်းမှုတွေ..
နွေးထွေးမှုတွေ… နားလည်မှုတွေနဲ့ 
တည်ဆောက်ထားတဲ့ သူငယ်ချင်းဆိုတဲ့သံယောဇဉ် နဲ့ အတူ ဖြစ်ပေါ်လာတဲ့
ခိုင်မြဲတဲ့အချစ်လို့ ထင်ပါတယ်..
သူရော ကျွန်တော်ရော နားလည်ထားတဲ့ အဲဒီအချစ်ထဲမှာတော့
၁၅၀၀ ထက် ၅၂၈ က ပိုမယ် ထင်ပါတယ်…
ရင်ထဲမှာ နွေးထွေမှုတွေရှိတယ် (တစ်ခါတစ်ရံ အေးစက်နေတတ်ပါသေးတယ်)
..ယုံကြည်မှုတွေရှိတယ်..(ဒါပေမဲ့ မယုံရဲကြပြန်ဘူး)
နားလည်မှုတွေရှိတယ်(ဒါပေမဲ့ သဝန်တိုတတ်သေးတယ်)…
ခိုင်မြဲတဲ့အချစ်နဲ့ သံယောဇဉ်တွေရှိတယ်(တစ်ခါတစ်ရံ ရန်ဖြစ်လို့ ကွဲကွာဖူးပြန်တယ်)..

ကဲ.. အဲဒါကို အချစ်လို့ ခေါ်လိုက်ရတော့မလား…
ဖိုးစိန်
အချစ်အကြောင်းကိုသိချင်တဲ့ကိုရဲရေ…
ကျေနပ်မယ်လို့ ထင်ပါတယ်ဗျာ…
တကယ်တမ်းစိတ်ထဲ ရှိသလောက်သာရေးမယ်ဆိုရင်တော့
အခန်းဆက်ဝတ္တုရှည် ဖြစ်သွားနိုင်တယ်နော်.. :D

Monday, 23 February 2009

သော့ချက်တစ်ခုရဲ့ ကောက်ကြောင်း ရာဇဝင်


သော့ချက်တစ်ခုရဲ့ ကောက်ကြောင်း

တစ်ခါတစ်ရံပေါ့
ကောင်းကင်ကိုခုန်တက်တဲ့
လမင်းတစ်စင်းလို
မာန်ဝင့်စွာ လင်းလက်လိုက်ချင်တယ်..

ရံဖန်ရံခါ
တောင်ပံမပါတဲ့
ပန်းလေးတစ်ပွင့်လို
လေအဝှေ့ မှာ ကြွေလွင့်လိုက်ချင်ခဲ့တယ်..

(အခုတော့)
လရောင်အောက်က
မြစ်တစ်စင်းရဲ့ မျက်နှာပေါ်မှာ
ပိုက်ကွန်မိနေတဲ့ငါးလို
တဖျပ်ဖျပ်ခုန်နေတဲ့ငါ..

လေဟာနယ်ထဲ
မင်းကို
တွန်းထုတ်ဖို့  မကြိုးစားမိတဲ့ငါ..

စဉ်းစားမရစွာ
ရင်ထဲမွန်းကြပ်ပေမယ့်
စွန့် ခဲ့တဲ့အနမ်းပွင့်နဲ့ အတူ
မင်းကိုရှိနေချင်ခဲ့..

ခံစားမှု ဦးနှောက်တို့ ညွတ်ကွင်းမိရင်း
မင်းကိုသတိရနေခဲ့တယ်…

သော့ချက်တို့ ဖြေလျော့ရင်းနဲ့ 
ရင်ထဲပွင့်ထွက် အဖြေထွက်ခဲ့တယ်..

သေချာတယ် …မင်းကို”ချစ်” နေတယ်…

”ရင်ထဲတကယ်ချစ်မိသူတစ်ယောက်အတွက်”

...........
ကဗျာတွေကိုချစ်ပေ မယ့် ကဗျာ မရေးတတ်တဲ့
ကျွန်တော့်ကဗျာ က ကဗျာတော့မဆန်ပါဘူး..
ကလေးအတွေးသာသာပေါ့ဗျာ…
ဒါပေမယ့်
ဒီကဗျာလေးက ၂၀၀၂ ဖေဖော်ဝါရီ လက
သူငယ်ချင်းတွေပထမဆုံးထုတ်ခဲ့တဲ့ကဗျာ စာအုပ်(စာရွက်သာသာပါ) လေးထဲက
ကျွန်တော်ရေးခဲ့တဲ့ကဗျာလေးပါ..
အဲဒီကဗျာရေးခဲ့တဲ့အချိန်တုန်းကတော့
ကျွန်တော် အရှုပ်တော်ပုံအနေနဲ့ 
ပြင်သစ် -ရုရှား(မေဂျာ)
ပေါင်းကူးရေးလုပ်နေတဲ့ အချိန်ဖြစ်သလို
တိုးတိုးတိတ်တိတ်ဖြစ်နေတဲ့ပြည်တွင်းစစ်ကလည်း
ရှိနေတယ်လေ…
ဒါကြောင့်
တစ်ယောက်ယောက် ကိုရည်ရွယ်ပြီး ပေးမယ်လို့ စိတ်ကူးထားပေမယ့်
အဲဒီအချိန်တုန်းက နှစ်ယောက်ဖြစ်နေတဲ့အတွက်
ဘယ်သူ့ ကိုပေးရမလဲဆိုတာ
ဝေခွဲမရခဲ့ဘူးလေ…. :D

အဲ..ကဗျာစာအုပ်လဲထွက်လာရော..
စိတ်ပေါက်ပေါက်နဲ့ နှစ်ယောက်လုံးကိုပေးလိုက်တယ်…
ဒါပေမယ့် တစ်ယောက်စီိကိုတော့
ချစ်လေးအတွက်ရည်ရွယ်ပြီးရေးတာပါ
ဘာညာ သာရကာ ဆိုပြီး
အပျော့ဆွဲလေးနဲ့  သဘောခွေ့ အောင်
ချစ်သက်သေလက်မှတ်လေးထိုးပေးလို့ 
အမြတ်တနိုးနဲ့ အမှတ်တရလေး
သိမ်းထားခိုင်းလိုက်တယ်ပေါ့…
ကြာကြာမခံပါဘူးဗျာ...
တစ်ပတ်အတွင်းမှာပဲ
လက်မှတ်ထိုးထားပေးခဲ့တဲ့ကဗျာ စာရွက်လေးနှစ်ရွက်က
အတို့ အထောင် အလှော်တွေ
( နှစ်ယောက်လုံးကိုသိတဲ့ ကျွန်တော့်ချစ်သူငယ်ချင်းတွေပါ)ကြားက
ကျွန်တော့်မျက်စိရှေ့ တည့်တည့်ရောက်လာပါတယ်..

သေချာတယ်..မင်းကို ”ချစ် ”တယ်ဆိုတဲ့အပိုဒ်က
ဘယ်သူ့ ကိုပြောတာလဲ
တစ်ယောက်ပဲဖြစ်ရမယ် ဆိုပြီး

နှစ်ယောက်လုံးက ပြဿနာရှာတယ်လေ..
ဒါနဲ့ ကျွန်တော်လည်း ဘယ်လိုမှဖြေရှင်းမရတဲ့အဆုံး
စပ်ဖြီးဖြီးနဲ့ မျက်နှာပြောင်တိုက်ပြီး
ပတ်ပြေးခဲ့ ရတယ်လေ..
ကျွန်တော့်ကို
မယ်ကုဝဏ် နဲ့  ဒဿဂီရိ ညီမ စိတ်ဝင်သွားတဲ့
အဲဒီနှစ်ယောက်က
တွေ့ ရာသချိ င်္ုင်း ဓားမဆိုင်ဆိုလို့ 
နှစ်ပတ်လောက် ကျောင်းဝင်းထဲပြန်မဝင်ရဲဘူး..
မရေးခဲ့..မပေးခဲ့ကောင်းသားလို့ နောင်တရမိတယ်..
နောက်တော့လဲ
ပြည်တွင်းစစ်ကိုငြိမ်းအောင်လုပ်လို့ 
ရှရှားပေါင်းကူးရေးကိုလည်းပိုမိုခိုင်မာစေခဲ့ပါတယ်…
ပျော်စရာကောင်းပါတယ်….
အခုချိန်ထိလဲ
ပတ်ပြေးရတာဝါသနာကိုပါတယ်

သြော်မေ့နေတယ်..
သူတို့ နှစ်ယောက်ကိုပေးလိုက်တဲ့ ကဗျာစာရွက်လေးတွေက
ကျွန်တော့်ကို ချစ်တဲ့ သူတို့  နှစ်ယောက်လုံးက
ချစ်သက်သေအနေနဲ့  ယူအက်ဖ်အယ် မှာပဲ
မပျောက်မပျက်သိမ်း ထားကြတယ်ဆိုပဲ..
နေရာတော့မတူဘူးပေါ့…

တစ်ရွက်က မြဝတီဆောင် က မိန်းကလေးအိမ်သာခွက်ထဲမှာတဲ့..
နောက်တစ်ရွက်ကတော့
ကန်တင်း ဘေးက အပင်အောက်မှာ မြေဆီကောင်းအောင်မီးပုံရှို့ လို့ မြှုပ်ထားခဲ့တယ်ဆိုပဲ…
လမ်းကြုံရင်ယူအက်ဖ်အယ်ကိုဝင်ကြည့်လိုက်ပေါ့…
ကဗျာစာအုပ်အတွက်ပိုက်ဆံစိုက်ပေးခဲ့သူကတော့
သိသိချင်း အကြွေးအဖြစ်နေ့ ကူးမခံဘူး
ပြန်တောင်းတော့တာပဲ…
(သူ့ တစ်ယောက်တည်းကိုသာပေးခဲ့ရင် ပိုက်ဆံပြန်ပေးရမှာ မဟုတ်ဘူးနော်..) :P
ကဗျာဆရာအောင်မြင်ချက်က ကမ်းကုန်တယ်..
အရှုပ်တော်ပုံကြီး
ဖိုးစိန်

သူငယ်ချင်းတွေစုရေးခဲ့တဲ့ကဗျာလေးတွေအားလုံးကို တပေါင်းတစည်းထဲဖော်ပြပေးပါမည်..

Saturday, 21 February 2009

အမေ့သားချို

အိမ်ရှေ့ ပေါက်ဝတည့်တည့်မှာ ဆိုက်ကားတစ်စီး ကျွိ ကနဲ

မြည်အောင်ရပ်သံကြောင့် မထင်မှတ်ပဲ ကျွန်မ အိမ်ပေါက်ဝကို မင်သက်စွာငေးကြည့်နေမိတယ်...

ဆိုက်ကားပေါ်က လူတစ်ယောက် ရှမ်းလွယ်အိတ်အကြီးကြီးထဲကနေ

ဟိုရှာဒီနှောက်လုပ်နေပေမယ့် အသက်မပါလှတာကို ကြည့်ရင်းစိတ်ပျက်လာတဲ့ 

ဆိုက်ကားသမား က ကျွန်မအိမ်ထဲကိုလှမ်းကြည့်ရင်းခေါင်းကုတ်နေတယ်..

မိနစ်တော်တော်ကြာအောင် ဆိုက်ကားပေါ်ကနေဆင်းဖို့ အားယူနေတာကိုလှမ်းမြင် ရပေမယ့် ကျွန်မ

အပြင်ကိုမထွက်မိဘူး...

အေးလေ..ဘာထွက်စရာရှိလဲလို့ ..

ကျွန်မဆီကိုဘယ်ဧည့်သည် မှလာစရာမရှိသလို ..

ဒီလိုပုံစံမျိုးနဲ့ ဧည့်သည်ဆိုပိုလို တောင်ဆိုးသေး..

အိမ်နားပတ်ဝန်းကျင်ကဖြစ်နိုင်တယ်ထင်တယ်..ပုံစံကြည့်ရတာ ဆံပင်က ဖွာလန်ကြဲ...
ကြည့်မကောင်းအောင်ပိန် ရတဲ့ ကြားထဲကနေ
ကိုင်းနေတဲ့ခါးကြောင့် တော်တော်ကြည့်ရဆိုးနေတယ်..

အိမ်က လက်နှီးစုတ်လောက်မှ မသားနားသော
ညစ်ပတ်ပေကျံနေတဲ့ ပင်နီအကျီင်္ အစုတ် ကိုရင်ဘတ်ဟောင်းလောင်းဝတ်ထား ပြီး
မဲပြာညစ်မှောင် အရောင်ခွဲလို့ မရတဲ့ နံငယ်ပိုင်းအတိုအစုတ်ကို

အရပ်နဲ့ မလိုက်စွာ ဒူးပေါ်အောင်ဝတ်ထားပီးလွယ်အိတ်လွယ်ထားပုံ က

တကယ့်ကို ကြည့်ရတာအကျည်းတန်လွန်းနေတယ်...

အိမ်ကိုလှမ်းကြည့်နေတဲ့ သူ့ ကိုမြင်ရတော့ ကျွန်မရင်တွေ
ဒိန်းကနဲ ဆောက်မည်သွားသံကိုတောင်ပြန်ကြားနေရတယ်..
လက်ကလည်း ထိုင်နေတဲ့ခုံကို

ကျစ်ကျစ်ပါအောင်ဆုတ်ထားမိတယ်ဆိုတာ ကျွန်မ သတိမထားမိပေမယ့် သိနေရတယ်..

ဘုရား..ဘုရား...

အခုချိန်.ငါ့ယောကျားကလဲမရှိဘူး.. အမေကလည်း ဘုန်းကြီးကျောင်းသွားနေတယ်..

ခလေးနဲ့ ငါ့ဘဲရှိတာ..

ဒီအကောင်အိမ်ပေါ်တက်လာပြီး..ဘယ်လိုလုပ်ရပါ့မလဲလို့  တွေးကြောက်နေမိတယ်...

စိတ်ထဲမှာလဲ..အမေနဲ့ ယောကျားကိုတ နေမိတယ်..

ကုန်းကုန်းကွကွ နဲ့ ခေါင်းစိုက်ဝင်လာတဲ့ သူ့ ကိုကြည့်ရင်းနဲ့ ကျွန်မမှာ ကြောက်စိတ်တွေနဲ့ အတူ

မကောင်းဆိုးရွားတစ်ကောင်
အိမ်ပေါ်တက်လာတော့မယ်ဆိုတာကို တွေးရင်းနဲ့ ငိုချင်လာတယ်..

ခြံတခါးကိုတွန်းဖွင့်....လှေကားကို တဆစ်ခြင်းလှမ်းတက်လာပြီး..

ဘာဂျာ တံခါးကို ဆွဲလှုပ်နေတဲ့သူ့  ကို ကျွန်မ မသက်မရှု ဘဲ ကြောက်စိတ်တွေမွှန်ထူး

ပြီး မင်သက်ငေးမောမိ နေခဲ့တယ်..

ကြက်သီးမွေးညင်းတွေ ထလို့  ဒါလူမဟုတ်တဲ့မကောင်းဆိုးရွား တစ်ကောင်ပါလားဆိုတာကို
သိနေသလို လို ခံစားနေရတယ်..

ဘာဂျာတံခါး ကို ဖြည်းဖြည်းချင်းဆွဲလှုပ်နေရာမှ စိတ်မရှည်တော့တဲ့ သူ က
ဘာဂျာကိုအားကုန်ဆွဲလှုပ်တော့မှ

ကျွန်မကြောက်စိတ်နဲ့ အသက်ပြန်ဝင်လာခဲ့တယ်...

”မေမေ.....တံခါးဖွင့်ပါဗျာ......မေ့မေ့သားချိုပြန်လာပြီးလေ.................”

”ဟင်.........ဒါ...သား.....သားးးး..ချို.....ဘုရားဘုရား..

ဘယ်လိုဖြစ်ရတာတုန်း...ဒါ......ငါ့သားအသံ......”

အံ့သြမင်သက်စွာမတ်တပ်ရပ် ရင်းကြောက်စိတ်တွေပျောက် ကာ

မေမေလို့ ခေါ်နေတဲ့ သူရှိရာ ဘာဂျာတံခါးစီသို့ အပြေးအလွှားရောက်တော့..

”မေမေ...သားကိုကယ်ပါအုံး...သားချိုလေ....

မေမေ့ကို တွေ့ ချင်လို့ ပြန်လာတာပါ....သားကိုမပြစ်ထားပါနဲ့ ”
လို့ ငိုသံနှောလို့ ပြောနေတဲ့ သူကို သေသေချာချာကြည့်လိုက်မှ
မှတ်မိစရာဆိုလို့ သားရဲ့ ထူထဲမည်းနက်နေတဲ့ မျက်ခုံးတစ်စုံ ...

နဲ့ သားရဲ့ အသံတစ်စုံ....

ကျွန်မလက်တွေက လျှင်မြန်စွာ သူ့ လက်ကို ဆွဲလှန်တင်ပီးကြည့်လိုက်တော့

လက်မောင်းမှာ ထိုးထားတဲ့ ကျားပုံတက်တူးကိုမြင်တော့မှ..

ကျွန်မရင်ထဲကနေ မျက်ရည်တွေ အလိမ့်လိမ့်ကျဆင်းလာတယ်...မထင်ရက်စရာ...

ညိုမဲချိုင့်ခွက်နေတဲ့ မျက်အိမ်နှစ်လုံးကြားမှ ဝါထိန်ထိန် ပြူးထွက်နေတဲ့

မျက်လုံးတစ်စုံနဲ့ လိုက်ဖက်စွာ အရိုးပေါ်တင်နေတဲ့အရေပြားက သရက်ခွံခြောက်လို ...

မမြင်ရက်စရာ..ဘယ်လိုမှဆက်စပ်မတွေးမိတဲ့သားရဲ့ ရုပ်ရည်....

”ဘယ်လိုဖြစ်ရတာလဲသားရယ်.....အမေကိုပြောစမ်းပါအုံး....”

”မေမေ..သားမသေချင်သေးဘူး...သားကိုခွင့်လွှတ်ပါမေမေ..

သားသူငယ်ချင်းပါတယ်..ခေါ်လိုက်ပါ...”

အို..သူငယ်ချင်းကပါသေးတယ်..ဘယ်မှာလဲ..ဘေးဘီကိုဝဲကြည့်လိုက်တော့..

ဘာမှမမြင်..ဆိုက်ကားသမားတောင်ဘယ်ရောက်သွားမှန်းမသိ..

သားကိုပြန်လှည့်ကြည့်လိုက်တော့ လက်ပေါ်မှာမျောနေပြီး..တုံ့ တုံ့ မျှမလှုပ်တော့...

.....................................................

”ဦးနဲ့ မေမေကိုသားကန်တော့ပါတယ်”..

”ဖြစ်နိုင်ရင်မသွားပါနဲ့ လားသားချို..မင်းကိုငါကြွေးနိုင်ပါတယ်..

မင်းကိုငါ့သားလိုငါဆက်ဆံတာပါ...

မင်းကိုငယ်သေးတယ်လို့ ထင်တယ်..”

”ဟုတ်ပါတယ်သားရယ်..မေမေတို့ ကိုခွဲမသွားပါနဲ့ အုံး..”

”ငိုမနေနဲ့ တော့မေမေ..သားဆုံးဖြတ်ပြီးပြီး..ဦးကြောင့်လဲမဟုတ်ဘူး..

ဘယ်သူ့ ကြောင့်မှမဟုတ်ဘူး..သားချမ်းသာချင်လို့ ...

သူငယ်ချင်းတစ်ယောက်ကျောက်အောင်ထားတယ်..သားလဲစမ်းလုပ်ကြည့်မယ်..

မဖြစ်တော့လဲပြန်လာမှာပေါ့..မေမေ့သားဘဲ..အိမ်ပြန်လာမှာပေါ့”

ကျွန်မကြားယောင်နေပါတယ်..ဒီစကားတွေကို..လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က

သားပြောခဲ့တဲ့စကားတွေ..

အခုတော့..

အမေလုပ်တဲ့သူ ကတာဝန်မကျေသလိုဖြစ်ရပြီး...

ထွက်သွားခါစတုန်းကတော့ ဖုန်းဆက်စာရေးတယ်..

အဆင်ပြေကြောင်း..နေရထိုင်ရတာပျော်ကြောင်း..

ခြင်များကြောင်းနဲ့ အေးတဲ့အကြောင်းတွေကို

စာရေး..ဓာတ်ပုံတွေပို့ တော့..သားအတွက်တောင်သူ့ ခြေသူရပ်နိုင်တယ်ဆိုပြီး ကြိတ်ပြီးဂုဏ်ယူနေတာ..

တစ်နှစ်ကျော်ကြာတော့ သားကျောက်အောင်တဲ့သတင်းကို ဖားကန့် ကပြန်လာတဲ့ အသိတစ်ယောက်ဆီက ကြားရတော့ ဝမ်းသားမိတယ်..

ရီးစားရနေပြီးဆိုတဲ့အသံလဲကြားတော့ သားကောင်မလေးကိုတွေ့ ချင်လို့ စာရေးသေးတယ်..

နောက်ပိုင်းလိပ်စာပြောင်းသွားတယ်ဆိုလို့  ဘာအဆက်အသွယ်မှမရတော့ဘူး..

ကျွန်မစိတ်ထင်..မိန်းမရ ချမ်းသာသွားတယ်ပေါ့..

ကိုယ့်သားကောင်းစားနေတယ်ဆိုတော့ တွေ့ ချင်ပေမယ့်

သားကမေ့နေတယ်ဆိုတော့ ရင်ထဲမှာပဲခံစားနေတယ်..

ဘယ်သူ့ ကိုမှလဲဖွင့်မပြောမိခဲ့ဘူးလေ..

အခုတော့..

ထင်မြင်ချက်နဲ့ လက်တွေ့ ဟာ.. မိခင်တစ်ယောက်အတွက်

တာဝန်မကျေသူ လို့ ခံစားနေရတယ်..

”အမ..အမ..”

”သြော်..ဆရာ..သားအခြေအနေကဘယ်လို လဲ”

”အင်းဗျာ..ပြောရမှာတော့စိတ်မကောင်းဘူး..

ဆေးရုံကနေဆင်းဖို့ ကျွန်တော်လက်မှတ်ထိုးပေးလိုက်မယ်..

နေရတော့မှာမဟုတ်ဘူး..အလွန်ဆုံးတစ်ပတ်...

အိမ်မှာထားတာအကောင်းဆုံးလို့ ထင်တယ်..

ပြီးတော့..

အမကလေးတွေနဲ့ ရောမထားပါနဲ့ ...

သူ့ ဆီမှာရှိတဲ့ရောဂါတွေက စုံတယ်..ဘာမှန်းကိုမသိတာ..

သွေးစစ်တော့လဲ..ဘာမှန်းကိုမသိဘူးအမ..

အဲဒါကြောင့် ..အမတို့ မိသားစုကျန်းမာရေးအတွက် သူ့ ကိုခွဲထားတာအကောင်းဆုံးပါ”

ဆရာဝန်ဘာကိုရည်ရွယ်ပြောသလဲဆိုတာကျွန်မကောင်းကောင်းသဘောပေါက်သည်..

သားပုံစံက အသက်ရှင်နေပေမယ်... အသက်ရှင်တဲ့ပုံစံမပေါက်..

အခုတော့ဆေးရုံ မှာတောင်မထားတော့ဘူးဆိုတော့...

နောက်ဆုံးတော့..

ကျွန်မအမေတို့ အရင်ဝယ်ထားတဲ့မြို့ သစ်မှာ ရှိတဲ့အိမ်လေးရှိရာ သားကိုခေါ်လာရတယ်..

ပထမရက်တွေက ကျွန်မစောင့်ပေမယ့်...

နောက်ရက်တွေမှာကျွန်မကလေးကျောင်းနဲ့  အိမ်အလုပ်နဲ့ ဆိုတော့

ကျွန်မ အမေနဲ့ အဖေ ကသူ့ မြေးကိုတာဝန်ယူလိုက်ပါတယ်...

သြော်.. ကိုယ့်ရင်ကမွေးတဲ့သားဖြစ်ပါရက်နဲ့ ..ကိုယ့်အိမ်ပေါ်တင်လို့ မရဘူး..

သူ့ ရဲ့ နောက်ဆုံးအချိန်ကိုတောင် ကောင်းကောင်းမထားနိုင်ဘူး..

ငါမိခင်တာဝန်တော်တော်မကျေပါလားဆိုပြီးစိတ်မကောင်းဖြစ်မိတယ်..

သတ္တဝါ တစ်ခု ကံတစ်ခု ပေါ့သမီးရယ်လို့ အမေနှစ်သိမ့်လို့ သာ ခံသာတယ်..

သားလုပ်သူက ဆေးရုံ ကဆင်းပြီးတစ်ရက် နှစ်ရက် က ပုံမှန်ဆိုပေမယ့်

နောက်ရက်တွေမှ ကယောင်ကတမ်း နဲ့ ထအော်တတ်သလို

တစ်ယောက်တည်းလည်းစကားပြောနေတတ်တယ်..

တခါတလေ အမေတို့ ထံက စားချင်တာများကိုတောင်းစားတတ်သလို

တခါတလေညဘက်တွေမှာ သူကိုယ်တိုင်ရှာစားနေတတ်တယ်..

နေ့ ဘက်တွေမှာ ထရင်ထူရတဲ့သူက ညဘက်မှာ ထစားတတ်တယ်ဆိုတော့

မသကာင်္ဖြစ်လာတယ်..

အားလုံးက မကောင်းဆိုးရွားကပ်တယ်..

ဖုတ်ဝင်နေပြီးလို့ ဆိုတော့..

မလုပ်ချင်ဘဲနဲ့  ကျွန်မအလုပ်တစ်ခုကိုထပ်လုပ်ရတယ်..

အဲဒါ ဆေးဖယောင်တိုင်ထွန်းပြီး မကောင်းဆိုးရွားထုတ်တယ်ဆိုတဲ့ဆရာကိုရှာရတာပေါ့..

စဉ်းစားကြည့်စမ်းပါအုံး..ကိုယ့်သားရဲ့အသက်ကိုနှုတ်ယူမယ့်သူကို

လိုက်ရှာရတဲ့မိခင်တစ်ယောက်ရဲ့ ရင်တွင်းက ပူလောင်မှုကို..

နောက်ဆုံးတော့ အားလုံးရဲ့ ဝိုင်းဝန်းရှာကြံမှုနဲ့ 

ဆရာကိုတွေ့ တယ်..

ဆရာကသားကိုတွေ့ တွေ့ ချင်းပဲ မနက်ဖြန် အသုဘ အတွက်ပြင်ဆင်ထားလို့ ပြောတယ်..

ညနေစောင်းနေဝင်တော့

ဖယောင်းတိုင်ကိုစထွန်းတယ်..

သားကလုံးဝကိုငြင်းတယ်လေ..သူကိုချစ်ရင်မလုပ်ပါနဲ့ သူဒီဖယောင်းဒဏ်မခံနိုင်ဘူးပေါ့..

သွေးရူးသွေးတန်းပြောရှာတယ်..ဒါနဲ့ ဆေးဆရာက ကျွန်မကိုသူပေးတဲ့ ဆေးတစ်ခွက် သားကိုတိုက်ခိုင်းတော့

သားက ပိုက်ဆံပေးရင်သောက်မယ်ပြောတယ်..

ဘယ်လောက်ပေးရမလဲဆိုတော့..

တစ်ကျပ်တဲ့..

မောင်တွေက သူ့ တူအတွက် တစ်ရာ နှစ်ရာချပေးတာကို

သူ ကကျွန်မပေးတယ်ပိုက်ဆံပဲယူမယ်တဲ့ ..

နှစ်ရာတန်ပေးတော့လဲ့မယူဘူး..

ဒါနဲ့ စိတ်ချမ်းသာအောင် တစ်ကျပ်တန်ကိုပေးရတယ်..

ဆေးသောက်ပီးခဏငြိမ်သွားတော့

ဆေးဆရာက သြဇာရွက်တချို့ ကို အိပ်ယာအောက်ထဲထည့်ခိုင်းပြီး..

သူ့ ကိုတဖြည်းဖြည်းချင်းမေးတော့တာဘဲ..

သားလာတုန်းကသူငယ်ချင်းပါလာတယ်..သူက သေနေပါပြီး..

သားကိုအဖော်လိုက်လာတာ..သားနဲ့ သူငယ်ချင်းက ကျောက်တူးတုန်းကတူတူ

ကျောက်အောင်တော့လဲတူတူ..အလိမ်ခံရတော့လဲတူတူတဲ့..

ငှက်ဖျားကလည်းဝင်တယ်..ကျောက်အောင်လို့ လိမ်ခံထိတော့

စားရမဲ့သောက်ရမဲ့ဖြစ်ပြီး..စိတ်ဓာတ်တွေကျ...

အေးတော့အရက်သောက်တယ်..နံပတ်ဖိုးချတယ်ပေါ့..

နောက်တော့လဲလုံးပါးပါး..

ဒုက္ခရောက်တော့မိဘကိုသတိရ..ပြန်လာတဲ့အချိန်ကနောက်ကျလို့ ..

ဘဝနိဂုံးချုပ်နေပြီး..

စိတ်ကအမေနဲ့ တွေ့ ချင်လို့ သာ ပြန်ရောက်လာတယ်..

မသိစိတ်တဝက်က တော့ မကောင်းဆိုးရွားကပ်ပါတယ်တယ်..

သူ့ သူငယ်ချင်းပေါ့..

ဖယောင်းတိုင်တစ်ဝက်ကျိုးတော့..

သူ့ ခန္ဒာကိုယ်ထဲက တစ်စုံတစ်ယောက်ထွက်သွားသလို အားလုံးရဲ့ အသိအာရုံမှာ

ခံစားရတယ်..

ပြောနေတဲ့စကားများနှေးသွားသလို ..အမောဖောက်လာတယ်...

သူက နောက်ဆုံးချိန်မှာအသိကပ်လို့ လက်အုပ်လေးချီပြီး

ကျွန်မတို့ ဘက်ကိုလှည့်ကာ

”အမေတို့  အဘတို့  ဦးတို့  သေတဲ့အထိဒုက္ခပေးတဲ့ သားချိုကိုခွင့်လွှတ်ပါ”ဆိုပြီး..

အသက်ဝိဥာဉ် ချုပ်သွားရှာတယ်..

ခွင့်လွှတ်ပါတယ်သားရယ်...

အမေ့ကိုလဲခွင့်လွှတ်ပါ..

သားအပေါ်ကို ဂရုစိုက်မှုတွေလျှော့လို့ 

လစ်လျူရှုမိသလို ဖြစ်သွားတဲ့

တာဝန်မကျေတဲ့အမေကို

ခွင့်လွှတ်ပါ...

နောက်နောင်ဘဝတွေမှာဒီလိုဘဝမျိုးမတွေ့ ပါစေနဲ့ ..

အမေဆုတောင်းပေးနေမယ်..

အမျှဝေနေမယ်..

အားလုံးရဲ့ အမြင်မှာ တာဝန်မကျေဘူးလို့ ပြောနေကျမယ့် စကားထက်

ငါ့သားရင်ထဲက

အမေ့ကိုတာဝန်မကျေဘူးလို့ ထင်နေမှာကိုသာအမေစိတ်မကောင်းတာပါသားချိုရယ်..

သားချို..ကောင်းရာမွန်ရာရောက်ပါစေ...

ဖိုးစိန်

Wednesday, 18 February 2009

ဘယ်တော့မှမမေ့ဘူး..


ငါးနှစ်ရှိနေပြီး..ငါးနှစ်ပြည့်သွားပြီး..
ဒါပေမယ့်
အမြဲတမ်းလွမ်းဆွတ်နေရတတ်တာ က
အဲဒီတုန်းကအချိန်….

ကျွန်တော့်အတွက် ဆို တစ်သက်တာမေ့မရမဲ့ အမှတ်တရ လေးတွေ…
(၂၀၀၄) ဖေဖော်ဝါရီလက
ကျွန်တော်တို့ သူငယ်ချင်းတွေ အမိမြေပင်မတက္ကသိုလ်မှာ
ဘွဲ့ ဝတ်စုံလေးတွေ ကိုယ်စီဝတ်လို့  မိဘမောင်နှမတွေ နဲ့ ပျော်ရွင်စွာ
ဘွဲ့ နှင်းသဘင်
ခမ်းမကိုတက်ခဲ့တဲ့နေ့ ဖြစ်သလို …
သူငယ်ချင်းတွေစုပြီး ပျော်ပျော်ပါးပါးစားသောက်နှုတ်ဆက်ပွဲလုပ်ရင်း ကနေ
ငါတို့ ဒီလို ဘဝမျိုးကိုနောက်ရက်တွေ..လတွေ..နှစ်တွေမှာထပ်မရနိုင်တော့ပါလား
ဆိုတဲ့ အတွေးတွေ.. အသိတွေက ..ဦးနှောက်ထဲဝင်လာတော့..မျက်ရည်စတွေစိုလို့ ..
အငိုပြိုင်ပွဲ အလားထင်ရအောင် မျက်ရည်မိုးတွေရွာ ဝမ်းနည်း ခဲ့တဲ့ နေ့ ရက်တွေလဲဖြစ်ပါတယ်..
အခုတော့…
ကန်ရေပြင်မြေနီလမ်းလဲဝေး…
အင်းယားကန်စောင်း ကို သတိရမိတယ်…
ပဒေသာ ကိုလဲလွမ်းတယ်…
အသည်းပန်းလဲ မမေ့ဘူး..
ဦးတင်အောင်တုတ်ထိုး လဲ စားချင်သေးတယ်..
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တက်နေတဲ့ ကျွန်တော်တို့ အဖို့ တော့
ရန်ကုန်ပင်မတက္ကသိုလ် က ကျွန်တော့်တို့ အတွက်လုံးဝမစိမ်းပါဘူး…
နိုင်ငံခြားဘာသာတက္ကသိုလ်စဖွင့်တုန်းက လူသိပ်မသိဘူး..
ကျွန်တော်တို့ က (၉၇) ဆယ်တန်းအောင်
ဆိုတော့ဒုတိယအသုတ်ဖြစ်တဲ့ ကျွန်တော်တို့ ရှေ့ က
(၉၆)အောင်ကိုကိုမမတွေပဲကျောင်းမှာရှိတယ်..
ကိုကိုမမတွေ နဲ့ တစ်နှစ်သာကွာတယ်..
သူတို့ ကအရမ်းအေးတော့
ကျွန်တော်တို့ (၉၇) အောင်တွေ စရောက်တဲ့ နှစ်မှာ
(YUFL) ကတော်တော်လေးကိုစည်လာတယ်…
လူလဲညီတယ်…မေဂျာတွေကွဲပေမယ့်..
အပိုဘာသာရပ် တွေကို ပေါင်းယူရတဲ့အတွက်..
တစ်မေဂျာနဲ့ တစ်မေဂျာ ရင်းနှီးပြီး
အကုန်လုံးကစည်းလုံးကြတယ်…
ကလေးလဲ မက လူကြီးလဲမကျတဲ့
(၉၇)အောင် တဲ့အသုတ် ကို
ဆရာဆရာမတွေ က ပိုချစ်ကြတယ်..
ဆိုးတယ်…ဒါပေမယ့်မမိုက်ဘူးပေါ့…
အဲဒီတုန်းက ကျွန်တော်တို့ က
ကိုယ်သင်ချင်တဲ့ ဘာသာစကားကိုသင်ရတဲ့အပြင်
ရန်ကုန်တက္ကသိုလ်ရဲ့ အရိပ်အာဝါသအောက်မှာနေရတယ်ဆိုတော့
ကိုယ့်ကို ကိုယ်ဂုဏ်ယူလို့ မဆုံးပေါ့…
အရင်က ကိုကိုမမတွေပြောသလို မင်းတို့ အခုတက်နေတာပျော်နေတာ
ငါတို့ အရင်တုန်းက စည်ကားပျော်ရွင်တာရဲ့ တစ်ဝက်တောင်မမှီဘူးဆိုပေမယ့်
ကျွန်တော့်တို့ အတွက်တော့
ကိုယ့်အတိုင်းတာနဲ့ ကိုယ်
အရမ်းကိုပျော်စရာကောင်းခဲ့ပါတယ်..
တက္ကသိုလ်ဆိုတဲ့အရသာကိုအပြည့်အဝ မရမက ကြားထဲကနေ
မရ..ရအောင်ယူပြီးပျော်ခဲ့ကြတယ်….
နိုင်ငံခြားသာဘာတက္ကသိုလ် က ကျောင်းဝင်းသေးတယ်ဆိုပေမယ့်..
တက္ကသိုလ်ရဲ့ အရည်အချင်းတွေနဲ့ အားလုံးပြည့်စုံတယ်…(ကျွန်တော်တို့ အတွက်ပေါ့)
အဝင်အဝက နေပြီး…ငုဝါပန်းတွေ က ဝါထိန်နေအောင် ပွင့်တတ်ကြသလို..
ကျောင်းဝင်းတစ်ခုလုံးလဲ ကံ့ကော်ပန်းရနံ့ တွေနဲ့ ထုန်မွှန်နေတတ်ပါတယ်..
ကန်တင်းသေးသေးလေး သုံးဆိုင်တွဲ မှာ ဒီပလိုမာတန်းက အကိုအမတွေ..နဲ့ ..
ကော်ဖီလုသောက်ရတဲ့အရသာကလည်း ဘာနဲ့ မှလဲလို့ မရဘူး..
ကျောင်းမြက်ခင်းပြင်နှစ်ခုကလည်း ကျွန်တော့်တို့ အနားဖြေလှဲစက်ရာ
အိပ်ယာကြီးနှစ်ခုလို ဖြစ်ခဲ့ သလို မန်ကျည်းပင် ကိုခဲနဲ့ ပေါက် လို့ 
ဗံဒါသီးထုစားခဲ့တာတွေ ကလည်းအကြိမ်ကြိမ်ပါ…
ဘာသာရပ်တွေ အမျိုးမျိုးကွဲပေမယ့်..
အကုန်လုံးက စည်းစည်းလုံးလုံးရှိကြတာကပျော်စရာတစ်ခုပါ….
ပိုပြီးကောင်းတဲ့ဓလေ့တစ်ခုက တော့
ကန်းတင်းမှာအကြွေးစားလို့ ရတဲ့အပြင်
ဆရာဆရာမတွေက တောင် ကျွန်တော့်တို့ ကော်ဖီဖိုးတွေ ရှင်းပေးတာပါ…
ပြတ်တုန်းလပ်တုန်းတစ်ချိန်လုံးဆိုတဲ့ကျွန်တော်တို့ အတွက်
အားတက်စရာပေါ့..
ရန်ကုန်ပင်မတက္ကသိုလ်နဲ့ နီးတဲ့အတွက်လည်း
တက္ကသိုလ်အနှံ့ နေရာမထပ်အောင်ခြေဆန့် ခဲ့ကြတယ်…
ကဗျာတွေကို မေဂျာ အလိုက် ရွှန်းရွှန်းဝေအောင်ရေးခဲ့ကြပြီး..
ချစ်သူကိုလက်ဆောင်ပေးလို့ လက်ဖက်ရည်ဖိုးပြန်တောင်းခဲ့ကြတယ်…
စာမေးပွဲနားနီးရင်..ဆရာများဆောင်မှာ အိပ်လို့ 
ဂစ်တာတစ်လုံးကိုင်ပြီး..ဘယ်နားသွားတီးရမှန်းမသိလို့ ရွာလည်ခဲ့တဲ့ရက်တွေ…
စာမေးပွဲရက်တွေမှာ သူငယ်ချင်းအိမ်မှာစုပြီး..
စား သောက် အိပ် ဖြေ ကိုသာလုပ်ခဲ့တာကို အရမ်းပျော်ခဲ့ကြတယ်…
ကျောင်းကိုအလာ မိုးတွေရွာလို့  ထီးမပါပဲနဲ့ မိုးရေထဲမှာ ဆော့ကြတာတွေ...
မိုးရေတွေစိုလို့  အကုန်လုံးချွတ်ပီး မိုးကာလေးနဲ့ လုံအောင်
တနေကုန်နေရတဲ့အရသာလေးတွေ
မိုးရေထဲမှာ ထွက်ကစားရင်း
စိတ်ပါလို့ ဟိုတစ်ယောက်ဒီတစ်ယောက်နဲ့  ဘောလုံးပွဲဖြစ်သွားလို့ 
မော်ကွန်းထိန်းခေါ်ဆူခံရတာတွေ..

ကျောင်းပေါင်းစုံလှေပြိုင်ပွဲကို ယူအက်ဖ်အယ် က အနိုင်မခံဘဲနဲ့ အရှုံးပေးခဲ့ တာကို
တစ်ကျောင်းလုံးက အားပေးခဲ့ကြတာတွေ..က ပြန်စဉ်းစာရင်ရယ်ချင်စရာကောင်းပါတယ်
မိုးလင်းလို့ ကျောင်းကိုခြေလှမ်းစတာနဲ့ 
(UFL)ကန်တင်း မှာ ကော်ဖီကိုသောက်
နေ့ လည်စာကို ပဒေသာ(ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နား) မှာစား
ညနေကျောင်းလစ်ရင် ဦးချစ်ဆိုင်ထိုင်
အသည်းပန်းမှာထိုင်…
ပြန်ခါနီးပင်းယဆောင်နား က ဦးတင်အောင်ဆီမှာတုတ်ထိုး စား (တုတ်ခိုးစား)…
အကြောင်းမရှိအကြောင်းရှာပြီး ပါရမီကားစီးပြန်…
တနေ့ တာနေ့ ရက်တွေကိုမရိုးအောင် အိမ်ပြန်စဉ်းစား
အရှုပ်မလုပ်ပဲနဲ့ အလုပ်တွေ ရှုပ်နေခဲ့တာကိုက
ကျွန်တော်တို့ အတွက်ပျော်စရာပါ…

အခုတော့ (OB)လေးလဲကျွန်တော်တို့ နဲ့ ဝေးခဲ့ပါပြီး…
(LRC)မှာ ခိုးအိပ်ခဲ့တာကိုလဲသတိရမိပါသည်…
မြဝတီဆောင်မှာ အတန်းလစ်ပီးခိုးပုန်းတာကိုလဲ မမေ့ပါဘူး…
(၂၀၀၀) ကနေစလို့  (၂၀၀၄)ခုနှစ်ထိက
ဘဝတစ်လျှောက်လုံးမှာ ကျွန်တော့်အတွက်တော့ပျော်စရာအကောင်းဆုံးနေ့ ရက်တွေပါ..
ဘယ်တော့မှမမေ့ပါဘူး….
ဘယ်တော့မှမမေ့ဘူး….

ပြီးခဲ့တဲ့အပတ်က
ဒါရိုက်တာချိုတူးဇော်ရဲ့ လက်ရာ.. ရွံ့  ကိုကြည့်ပြီး တော့
အလွမ်းဓာတ်ခံရှိတဲ့ ကျွန်တော်က အရမ်းကိုနေမထိထိုင်မသာဖြစ်နေတယ်..
တနေ့ က မနော် ရဲ့ တက္ကသိုလ်ပုံရိပ်တစ်ချို့ ကိုတွေ့ လိုက်ရတော့
ဒီပို့ စ်လေးကိုရေးချင်တာနဲ့  မှတ်မှတ်ရရရေးလိုက်တာပါ….
ကျွန်တော့်နဲ့ အတူ ပြင်သစ်စာကိုလေ့လာသင်ယူခဲ့တဲ့
သူငယ်ချင်းများနဲ့ ဋ္ဌာနကဆရာမများအကြောင်း
(၉၇)အောင်မေဂျာပေါင်းစုံက
ယူအက်ဖ်အယ်သူငယ်ချင်းများအကြောင်းကိုလဲ
ဆက်ရေးပါမယ်....
ဖိုးစိန်

Monday, 16 February 2009

ဆိုလိုက်တယ်..အော်လိုက်တယ်..

ဝူး….
အောင်မလေးဗျ…
ငင်တယ်…ငင်တယ်…..
အသက်…:P
အဟမ်း..အဟမ်း..
အားလုံးမင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေလို့ 
ကျွန်တော်မောင်ဖိုးစိန်က ဆုတောင်းပနာပြုပါတယ်....
မမဝါရဲ့ ဆို ကြမယ်..အော်ကြမယ် အစီအစဉ်မှာ
ပါဝင်ခွင့်ရတဲ့အတွက်အရမ်းဂုဏ်ယူပါကြောင်းပထမဦးစွာ ပြောကြားလိုပါတယ်..
စာရေးသမျှ ကာလ တစ်လျှောက်လုံး မှာ ပထမဆုံးအနေ နဲ့  တက်ဂ်ချင်းခံရသလို
ကျွန်တော့်ကို တက်ဂ်လိုက်သူ ကလဲ ပထမဦးဆုံး
ကျွန်တော်အလည်အပတ်သွားပြီးစာ ဖတ်ခဲ့သူမမဝါပဲဖြစ်ပါတယ်…
မမဝါရဲ့ စာတွေကိုဖတ်ပြီး မမဝါကနေတစ်ဆင့် ကျွန်တော်လျှောက်လည်မိတာပါ..
ကျွန်တော့်ကို ပထမဆုံးတက်ဂ်လိုက်တာကလဲ
စာရေးဖို့ မဟုတ်ဘူးတဲ့ သီချင်းဆိုပြီးပိုစ့်တင်ဖို့ တဲ့ဗျ….
မမဝါ က (SingFor You.net) မှာသီချင်းဆိုရင်း ဖိုးစိန်နာမည်နဲ့ 
ဆိုတဲ့သီချင်းကိုနားထောင်ပြီး ကျွန်တော်လို့ ထင်တာနဲ
့တခါတည်းသီချင်းဆိုဖို့ ကိုတက်ဂ်လိုက်တော့တာဘဲ…
အဲ..ဇာတ်လမ်းက ဒီမှာစပြီး…
အရင်က (SingFor You.net)မှာ ဝင်ပြီးဆိုဖူးတယ်..
ဘာရယ်မဟုတ်ဘူး..လျှောက်စမ်းကြည့်တာ..
ပြီးတော့လဲဘာမှမဟုတ်ဘူးထင်ပြီးထားလိုက်တယ်..
ကြားထဲမှာနေမကောင်းတာလဲပါတယ်လေ..
အခုမမဝါပြောတော့ သတိတရနဲ့ 
ကိုယ့်အမက တက်ဂ်လုပ်တယ်ဆိုတော့ ဆိုပြီးတင်မယ်ပေါ့ ဝင်တာ ဝင်လို့ မရဘူးဗျာ..
(passward) မှားလားဆိုတော့လဲ တစ်သက်လုံးသုံးလာတာဒီတစ်ခုတည်းရယ်…
ဖိုးစိန်နဲ့ ကိုဝင်လို့ မရဘူး..(Error) ပြနေလို့ နောက်ဆုံးတော့..
မေးလ်ပို့ ပြီးပြန်တောင်းရတယ်.. မေးလ်ထဲရောက်မှ ဘိုစိန်နဲ့  ဝင်ထားတာပေါ်တယ်…
သြော်…
အရင်ဆိုတဲ့သီချင်းတွေကို စစ်လိုက်တော့တစ်ပုစ်မှ မရှိ..
ဖိုးစိန် ထဲဝင်ရှာတော့လဲ ..
ဆိုထားတဲ့သီချင်းကို နားထောင်လိုက်တော့
ကိုယ့်အသံမဟုတ်တာ သေချာနေတယ်လေ..
ဘယ်သူကများ ကျွန်တော့်နာမည်သုံးပြီး သီချင်းဆိုပါလိမ့်..
သူသာဒီနာမည်နဲ့ မဆိုရင် မမဝါကတက်ဂ်မှာမဟုတ်ဘူးလို့ စိတ်ကူးပြီး
ဖိုးစိန်နာမည်နဲ့ သီချင်းဆိုတဲ့သူကိုမေတ္တာပို့ မိသေးတယ်..
မမဝါကိုကလည်းပြောလို့ မဖြစ်..ပြောလိုက်ရင် သူက တက်ဂ်ထားတဲ့သူ..
ကျွန်တော့်ကိုပြန်အားနာနေ မှာလို့ တွေးပူပြီး..
ပထမဆုံးတက်ဂ်တဲ့ ပိုစ့်ကိုလဲဖြစ်အောင် လုပ်ချင်တယ်
ပြီးမှစာထဲမှာရေးပြီးရှင်းပြမယ်ဆိုပြီး မမဝါကိုဘာမှမပြောတော့ဘူး…
မမဝါဆီကိုသာ အနည်းအကျင်းလောက်ရှင်းပြ
လုပ်ပုံလုပ်နည်းလေးမေးပြီး ဖြစ်အောင်လုပ်မယ်လို့ စိတ်ကူးထားတယ်ပေါ့…
သီချင်းကို ညနေလောက်ကတည်းက စဆိုပါတယ်….

သီချင်းတစ်ပုစ်ဆိုပြီးတိုင်းမှာ ရီကေားဒင်းလုပ်နေတယ်..
မိနစ်အနည်းငယ်စောင့်ရမယ်ဆိုတော့
တစ်ပုစ်မကောင်းရင်နောက်တစ်ပုစ်တင်လို့ ရအောင်
စောင့်ရင်းဆိုရင်းနဲ့  ဆိုလိုက်တာ အပုစ်၂၀-ကျော်သွားတယ်…
မိုးမလင်းတလင်းပဲ..
အဲ..ရီကောဒင်းကတော့ဘယ်မှာလုပ်နေလဲမသိဘူး…
အသံအရမ်းကောင်းနေလို့ ဘဲ မတင်ရဲတာလားတော့မသိဘူး..
တစ်ပုစ်မှ မရဘူး… အာခေါင်တွေလဲခြောက်…
ပါးစောင်းတွေလဲညောင်းလို့ ..ပါးစပ်ကိုတောင်ဖြေဖြေဟနေရတယ်..
(အခုထိ ပါးစပ်က ဖွင့်ပြီးပြန်ပိတ်လို့ မရသေးဘူး) :P
ဘာဖြစ်ဖြစ်..
နောက်ဆုံးအနေနဲ့ နှစ်ပုစ်လောက်တော့ထပ်ဆိုလိုက်မယ်ဆိုပြီး…
အတူးနဲ့ အသက်နဲ့ သီချင်းကိုမအိပ်ခင် ဆိုလိုက်သေးတယ်..
အိပ်ယာထထချင်းလဲ ကိုယ်ဆိုတဲ့သီချင်းဝင်လာလို့ စစ်လိုက်တော့..
ကွန်ပြူတာကြီး.. လေထဲမဝဲသွားတာကံကောင်းတယ်မှတ်ပါ..
စိတ်ရှိတိုင်းတာလုပ်လိုက်ရရင်တော့ ..
ဟင်း..ဟင်း.. မထင်ပါနဲ့ ..ဘာမှမလုပ်ပါဘူး… :P
ကျွန်တော်သီချင်းဆိုတာဝါသနာပါလားမပါလားဆိုတာ
ပြန်ဆိုတေးတစ်ပုဒ်ရဲ့ လွမ်းဆွတ်မှု့  ဆိုတဲ့ပိုစ်လေးကိုတင်ဖူးပါတယ်…
အရမ်းကိုဝါသနာပါတယ်..
အသံကောင်းတာမကောင်းတာထက်ဆိုရရင်ပြီးရောလေ…
ဒါပေမယ့်သူငယ်ချင်းတွေက မျက်စိမှိတ် နားပိတ်ပြီးပြောကြပါတယ်..
ခင်မောင်တိုးနဲ့ နင်လားငါလား…
အောင်မျိုးထွတ်လက်မှိုင်ချသွားမယ်လို့ ပြောပါတယ်…
ကြွားတာမဟုတ်ဘူးနော်…. :D မယုံရင် အိမ်လာကြည့် ..
အမေ့ကိုတောင် အင်တာနက်ကနေကာရာအိုကေဆိုလို့ ရတယ်လို့ ပြောတော့
ဖွင့်ပေး..သူလဲဆိုမယ်ချည်းလုပ်နေလို့ မနည်းတားနေရတယ်..
အခုလဲ အကွဲအပြဲတွေကြားက ဆိုလိုက်တော့ ပထမက လုပ်ပုံလုပ်နည်းပုံစံမကျလို့ .
တစ်ခုမှ ရီကေားဒင်းလုပ်မရလို့  မမဝါကိုပြန်မေးရတယ်..
ရတော့လဲ ဆိုတဲ့အသံနဲ့ တီးလုံးက နောက်ကျနေတယ်..
ဘယ်လို မှညှိလို့ မရဘူးဗျာ.. မတတ်နိုင်တော့ဘူးနော်…
ဒုက္ခခံပြီးတော့တီးလုံးနဲ့ အသံနဲ့ ဆက်သွားကြပါ.. :D
ဝါသနာအရ.. မဖြစ်တော့ ဖြစ်တဲ့နည်းနဲ့ တင်လိုက်ပါတယ်…
ဆိုလိုက်တဲ့သီချင်းက လည်း အဖေ က အမေ စိတ်ဆိုးစိတ်ကောက်တဲ့ အခါ ဆိုပြီးချော့တဲ့သီချင်းမို့ လို့  ကျွန်တော့်အတွက်အမှတ်တရလဲဖြစ်တော့
မကောင်းပေမယ့် အဖေနဲ့ အမေ အတွက် အမှတ်တရတင်လိုက်တာပါ..
အားလုံးနားဒုက္ခခံသွားကြပါ…
မျက်စိမှိတ် နားပိတ်ပီး အလှူငွေလေးများထည့် (အဲ) မှားလို့  အကျင့်ကပါနေတယ်… :P
စိတ်ပျက်လက်ပျက်နဲ့ မန့် သွားကြပါလို့ …
မမဝါရေ..
ဆုတော့ချနော်..
အနည်းဆုံး ချောင်းဆိုးပြောက်ဆေးနဲ့ အသံထွက်ဆေးလေးပေါ့…
အသက်ပျောက်ဆေးတော့မလုပ်ပါနဲ့ …:D
နားပိတ်ပီးနားထောင်းသွားပါလို့  နော
် လေးစားခင်မင်ရတဲ့ ကျွန်တော့်မမ ဝါကို သီချင်းနဲ့ ဂုဏ်ပြုရင်းနဲ့ 
ချစ်ခင်တွယ်တာသံယောဇဉ်ဖြစ်ရပါသော…
ကျွန်တော့်ရဲ့ အိမ်နီးနားချင်ဘလော့ညီအကို အမညီမများကို
သီချင်းလေးနဲ့  နှိပ်စက်လိုက်ပါတယ်…
မကောင်းကောင်း ကောင်း....
ကောင်း...ကောင်း ကောင်း..ပီးအောင်တော့နားထောင်ခဲ့ကြပါ.. :'(
အခုလဲပိုစ့်ထဲကို (upload) လုပ်တာ နေတဝက်လောက်ကြာနေလို့ 
ဒီနေရာလေးကိုကလစ်နှိပ်ပြီး
မေတ္တာကမ္ဘာမခြားလို သီချင်းလေးကို
ိစိတ်ပျက်လက်ပျက်နဲ့ သွားပြီးနားထောင်းပေးကြပါလို့ နော်...
ဖိုးစိန် :D
ကျေးဇူးတင်ပါသည်

Thursday, 12 February 2009

ရေအိုင်တစ်ခုရဲ့ ဖျောက်ချက်

နိုင်ငံခြားဘာသာတက္ကသိုလ်

ကျောင်းဝင်းရှေ့ ကနေ ညာဘက်ကိုဝဲကြည့်လိုက်ရင် စာကလေးသိုက်ဆယ်သိုက်စာမျှ ပွက်ပွက်ညံဆူ နေတဲ့ ကင်မ်တင်းကို လှမ်းမြင်နေသလို ညာဘက်ခြမ်းကားပါကင်ဘက်ကိုကြည့်လိုက်ရင်လဲ ကားတွေကြားထဲမှာ

တဝဲဝဲ လွင့်နေတဲ့ရောင်စုံ အလှမယ်လေးများ က

ဟိုလျှောက် ဒီသွား နဲ့ ဖုန်းကိုယ်စီနဲ့ အလုပ်ရှုတ်နေကျ..

ရှေ့ တည့်တည့်ကိုကြည့်လိုက်ရင်လဲ ဒီပလိုမာတန်းက ကိုကို မမ များက

အတန်းချိန်ပြီးလို့ အလျှိုလျှို

ထွက်လာကျတာ ကို ကြည့်ရတာ ပျော်ရွင်စရာ..

ဒါကြောင်မို့ လဲ ထောင့်ကပ်ပြီးချောင်ကြတဲ့

ကင်မ်တင်းသေးသေးလေးသုံးခုမှာ အလှူပေးနေသလို

အလုအယက် ကော်ဖီသောက်မုန့် စားရတဲ့အရသာ က ဘာနဲ့ မှလဲလို့ မရ...

ဒါကြောင့် မနက်ဆိုရင် ကင်မ်တင်းမှာ ကော်ဖီသောက်ရင်း မယ်မဒီချောလေးများကို

လှလှ ပပ ရှု့ စားနိုင်ဖို့ အတွက် ဒီပလိုမာတန်း ကျောင်းမဆင်းခင်

နေရာလာယူရတာက ကျောင်းတက်တဲ့ ကာလတစ်လျှောက်လုံးမှာ

အပိုအလုပ်တစ်ခုလို ဖြစ်နေပေမယ့် တစ်ခါဘူးမျှ

နေရာမရ ပျက်ကွက်ခဲ့ဘူးတဲ့ရာဇဝင်ကျွန်တော်မှာ မရှိခဲ့ဘူး...

သဘောဖြစ်သာ ပြောရတာပါ... အကြောင်းပြချက်တစ်ခုဆိုလဲမမှားဘူးပေါ့...

တစ်ကယ်တော့..

အမြဲတမ်းကြည့်ဖြစ်တာက ကျောင်းဝင်းအဝ

ဝင်လာမယ့် ကားဖြူဖြူတစ်စီး ကိုမောင်းနှင်လာမယ့်မျက်မှန်နဲ့ ကောင်မလေး....

ပြောရင်ရီစရာဖြစ်အုံးမယ်...

ကျွန်တော်မျှော်နေကျကောင်မလေးက ကျွန်တော်နဲ့ တစ်ခန်းတည်း ဗျ...

ဒါပေမယ့် ကျွန်တော် ဒီကောင်မလေးကိုမျှော်နေကျဆိုတာ

ကျွန်တော်ကလွဲလို့ ဘယ်သူမှမသိဘူး..

ဒါပေမယ့် သူကတော့အသေအချာသိမှာပါ..ဟုတ်ပါတယ်..

သူသိပါတယ်....

ဒါပေမယ့် ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ပါးစပ်က ဟိုကောင်မလေး ကချစ်စရာ..ဟိုမမ ကယဉ်လိုက်တာဆို တဲ့

အပြောမျိုးတွေနဲ့ ကျွန်တော့်ကို ဘယ်သူက မှ လေးလေးနက်နက်မထားသလို

ကျွန်တော်ကိုယ်တိုင်ကလည်းအခန်းထဲကကောင်မလေးများစွာကို

နောက်သလိုနဲ့ ချစ်လားလို့ မေးဖူးလို့ အကြောင်းသိနေတဲ့ အခန်းထဲက ကောင်မလေးတွေကတော့

ဖွန်ကြောင်ဖိုးကျန်လို့ တောင်ပြောင်းခေါ်မယ်ဆိုပဲ..

ဒါကိုဘဲ ကျွန်တော်က ပျော်နေခဲ့တာ...

ဒါပေမယ့်ရင်ထဲက ဖြစ်တည်နေတဲ့ အရာတစ်ခုကတော့ ရှိနေတယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ...

ဟုတ်တယ်...

ကျွန်တော်သိတဲ့ဝေခွဲမရတဲ့အရာတစ်ခု

သိထားတာက..

သူက မချောဘူးဆိုပေမယ့် ချစ်စရာကောင်းတဲ့ရန်ကုန်သူ စစ်စစ်..

မျက်မှန်လေးနဲ့ ..ဝတယ်ဆိုပေမယ့် ကျွန်တော့်မျက်စိထဲမှာတော့သူက မယ်မဒီလေးပေါ့ဗျာ..

မာနကြီးမဲ့ပုံပေါက်တယ်..

ကျွန်တော်လို နယ်ကလာတဲ့ကျောင်းသားတစ်ယောက်အတွက် သူမ နဲ့ ကျွန်တော်ကတော့

မိုးနဲ့ မြေမဟုတ်ပေမယ့်... ပိတောက်နဲ့ ငုဝါလောက်တော့ကွာခြားမယ်ထင်ပါတယ်...

ကျွန်တော့်အကြောင်းကိုသိသွား တဲ့သူငယ်ချင်းက မင်းရဲ့ အချစ်မျက်မှန်ကြီး က မင်းကိုရိပ်မိလောက်တယ် လို့ အားပေးစကားပြောပေမယ့်..

ကိုယ်တိုင်က မဖြစ်နိုင်ဘူးဆိုတဲ့အတွေးနဲ့ ဝမ်းနည်းနေခဲ့တယ်...

သူရဲ့ အိမ်ကို သူဘယ်လိုမှမရိပ်မိနိုင်တဲ့အကြောင်းပြချက်မျိုးတွေနဲ့ သူငယ်ချင်းက ခေါ်သွားခဲ့တယ်..

အဲဒီလိုနဲ့ မဖြစ်နိုင်ဘူးဆိုတာပိုပြီးသိလာရတဲ့အချိန်မှာဘဲ...

သူကိုမမျှော်လင့်ပဲ ရွှေတိဂုံဘုရားပေါ် မှာ တွေ့ လိုက်ရပြီး..မထင်မှတ်တဲ့စကားက

”ငါစင်ကာပူကိုဒီအပတ်ထဲကျောင်းသွားတက်တော့မယ်” သိလားတဲ့.....

အရင်ကမှ ဝေးနေပါတယ်ဆိုကာမှ....

အခုတော့ ပိုလို့ တောင်ဝေးရပီလား...

ကံတရားကရက်စက်သလို မသိကျေးကျွန်ပြုရက်တဲ့ မင်းကို စိတ်နာချင်တယ်..

မင်းသိနေတယ်ဆိုတာ ငါ့ရင်ထဲကသိနေတယ်

အင်းပေါ့လေ.....

အခြေအနေခြင်းမှမတူတာ..

ဒီလိုနှစ်တွေမှာလဲ သူရဲ့ အကြောင်းကို နေ့ တိုင်းစုံစမ်းရင်းနဲ့ သိလိုက်ရတာက သူမှာချစ်သူရှိနေပီးတဲ့..

သိနေရက်သားနဲ့ လုပ်ရက်တဲ့မင်းကို ငါစိတ်နာတယ်...

ငါလို မင်းပြန်ခံစားစေဖို့ အတွက် ..ငါမင်းကိုဘယ်လောက်ချစ်ချစ်..ရင်ထဲမှာပဲ ထားလိုက်တော့်မယ်..

ဒါဟာငါ့မာန.. ငါ့အတွက်အနိုင်...

မင်းကနိုင်တယ်ထင်တယ်ဆိုရင်.တောင်..ငါမရှူံးဘူး...

ဒီလိုနဲ့ ......

ကြာခဲ့ပီဆိုတော့လဲ မေ့မရပေမယ့် ခံနိုင်ရည်ရှိသွားတယ်ပေါ့..

ကျောင်းပီးလို့ နိုင်ငံခြားမထွက်ခင်မှာသူ နဲ့ တွေ့ ဖြစ်တယ်..

သူသိအောင်ပြောခဲ့ချင်ပေမယ့်..ပြောမထွက်ခဲ့....

နေ့ တွေ..လတွေ..နှစ်တွေ...

မထင်မှတ်တဲ့ တစ်နေ့ မှာ... ပြန်တွေ့ တော့

မထင်မှတ်တဲ့စကားတစ်ခွန်း...

” ဘယ်တော့မှ မပွင့်လင်းတဲ့ နင် ဘယ်တော့မှ အလေးအနက်မထားတဲ့ နင့်ကို မျှော်လင့်မိတဲ့ ငါ့အမှား ကိုပြင်ဆင်ချိန်ရခဲ့တဲ့ အတွက် နင့် ကိုကျေးဇူးတင်ပါတယ်တဲ့..

မိန်းကလေးဆိုတာမျှော်လင့်တာထက်ပိုရင် မကောင်းတတ်ပေမယ်..နင့်ကို လိုတာထက်ပို ခဲ့ပေမယ့်..မသိကျေးကျွန်မှုအောက် က နေ တရားခံဖြစ်ခဲ့တဲ့ငါ့ကိုတော့

နင်အပြစ်ပြောမယ်ဆိုရင်လဲ.. ငါခံတော့မယ်ဟာ......”

ဟင်....

မဟုတ်ဘူးနော်...

တကယ်တော့...

ငါဆိုတဲ့ကောင်လေးဟာ... သဘာဝတရားအတိုင်းဖြစ်ပေါ်နေတဲ့ ရေအိုင်လေးတစ်ခုပါ ဗွက်တွေ..ရွံ့ တွေ နဲ့ ရေအိုင်လေးကတော့ တခါတရံမှာ နောက်နေတတ်သလို
တစ်ခါတစ်ခါရံမှာ ကြည်လင်နေပါတယ်
ငါရဲ့ ရေအိုင်လေးကို တစ်ခါက ခြေဖြူဖြူ လေးတစ်စုံ လာပြီးခြေ လာဆေးတယ်
ခြေလာဆေးတဲ့ခြေထောက်လေးက

ဆေးပြီးရင်နောက်လူဆေးလို့ မရအောင်နှောက်သွားလိုက်သေးတယ်လေ....
ကျွန်တော့်ရဲ့ အိုင်လေးကိုနှောက်သွားပေမယ့်
ကျွန်တော်ကတော့သဘောကျနေလေရဲ့ 
ပြောလိုက်ရင်လဲ နောက်တစ်ခါလာမနှောက်မှာ ကိုကြောက်ပြီးမပြောခဲ့ဖူးလေ....
ဒါပေမယ့် လာတိုင်း..လာတိုင်းကိုနှောက်တယ်ဆိုတော့...ရာသီဥတုမသာမယာရှိတဲ့အချိန်မှာရေအိုင်လေးလဲစိတ်ဆိုးလာတယ်ပေါ့....
ပြီးတော့ဒီခြေဖြူဖြူလေးက နောက်ထပ်ခြေတစ်ချောင်းကိုပါထပ်ခေါ်ပြီးလာနှောက်တယ်ဆိုတော့
ရေအိုင်လေးလဲစိတ်ဆိုးတာပေါ့
သူက ခြေဖြူဖြူလေးကို လက်ခံကြည်ဖြူပေမယ့်
နောက်ခြေတစ်စုံကိုတော့
လက်မခံချင်ဘူးလေ..
ပြောရင်လဲနောက်မလာတော့မှာကြောက်လို့ 
နည်းလမ်းသုံးပြီး ခြေလာဆေးတဲ့အချိန်မှာ
ဝဲပိုးတွေကူးအောင်ရေအိုင်လေးကလုပ်လိုက်တယ်..
ပိုးထိသွားတဲ့ခြေချောင်းတစ်စုံဟာ..
ရေအိုင်မှာခြေဆေးတာကိုကြိုက်ပေမယ့်
နောက်ထပ်ပိုးထိမှာကိုကြောက်နေတယ်လေ...
ဒါပေမယ့် ဒီရေအိုင်လေး သူခြေဆေးလိုက်လို့ နောက်သွားတာသဘောကျသလို ...
နောက်လူတွေလာမဆေးရအောင်လဲ နှောက်သွားတာပါ....
ကျွန်တော်ကလည်းသူခြေမဆေးတာကို
စိတ်မကောင်းဖြစ်ပေမယ့်
သူနဲ့ အတူ ခြေလာဆေးမယ့်သူကို
မုန်းနေမိတယ်
သူလဲခြေမဆေးတော့ဘူးဆိုတော့
ကျွန်တော့်ရေအိုင်လေးလဲကြည်လင်လာတာပေါ့
ဒါပေမယ့်
သူလေးကတော့
ခြေလာမဆေးတော့ပါဘူး
ခြေမဆေးတော့ဘူးဆိုပေမယ့်
သူကရေအိုင်လေးကို
ခဲနဲ့ ပေါက်ပြီးရေနောက်အောင်တော့ အဝေးကနေလုပ်နေသေးပါတယ်....
မလာတော့တဲ့ အနားမရောက်နိုင်တော့တဲ့
ခြေတစ်စုံကိုမျှော်မိနေပေမယ့်
မလာတော့ဘူးဆိုတဲ့အတွေးက
ဝမ်းသာသလို ဝမ်းနည်းသလိုခံစားမိနေတယ်
ဒီခြေတစ်စုံကလည်းလာချင်နေမယ်ဆိုတာသိပေမယ့်
ဒီလို ခံစားမှုမျိုးသူမလိုချင်တော့ဘူးဆိုတာသေချာပါတယ်
ဒါဆို
ရေအိုင်လေးက အပြစ်လုပ်မိတာလား
ခြေတစ်စုံက အဖြစ်လုပ်ခဲ့သလားဆိုတာ

ဖိုးစိန်

ရောက်တတ်ရာရာခံစားချက်များကို

မှတ်မှတ်ရရဖြစ်စေလိုသောဆန္ဒတစ်ခု