Monday, 29 June 2009

ချစ်ခြင်းအနုပညာ

အနုပညာဆိုတာ
အဆင်ပြေမှုတစ်ခုတဲ့
ဆရာဇော်ဂျီက ပြောခဲ့တယ် ………..။


အဆင်ပြေမယ်ဆိုရင်….
ကောင်းကင်အိုအိုအောက်မှာ
စံပယ်ညိုညိုတွေ ပွင့်ချင်ပွင့်မယ်....

ခုတ်မောင်းနေတဲ့ ရထားက
ဘူတာကျော်ပြီး ရပ်ချင်ရပ်လိမ့်မယ်.....

ရေဇလုံထဲမှာ
လှိုင်းကြက်ခွပ်လေးတွေ ထချင်ထနေလိမ့်မယ်.....


ချစ်သူရေ....
မင်းနားမလည်ရင်နေပါ..
ဒီအတိုင်းလေးပဲ ငါ့အနားမှာရှိနေပေးပါ...
ငါ... အချစ်တွေနဲ့ အနုပညာမြောက်တဲ့ ဘဝတစ်ခု
ပိုင်ဆိုင်ခွင့်ရချင်တယ်………….။


ဖိုးစိန်( ဖိုးကြံ-၂၀၀၂)

ဖိုးကြံဆိုတာ ဖိုးစိန်ရဲ့ အရင်စာရေးတဲ့နာမည်ပါ.. သူငယ်ချင်းတွေက ကျန်ရစ်ဆိုပြီးခေါ်ကြတယ်.. ဖိုးကျန်တဲ့လေ...
ဒီကဗျာလေးကတော့ (၂၀၀၂)ကပါ... အဲဒီနှစ်က “မင်း-ငါ-ကိုယ်-အချစ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာစာအုပ် ပါးပါးလေး တစ်အုပ်ထုတ်ခဲ့ဖူးတယ်... ကော်ဖီဖိုးတောင်မကျေဘူး... အကြောင်းသိတွေ ဆိုတော့ ဝေဖန်လိုက်တာများ... ကဗျာစာအုပ်တောင် ဆွဲဖြဲချင်စိတ်ပေါက်တဲ့အထိ... ရေးခဲ့တဲ့သူတွေကတော့ ကျနော်ရယ်... ကလျာရယ်... ငယ်ရယ်.. ဟေမာန်ရယ်... ချစ်ဦးရယ်...ပါ... ဒီထဲကမှ တစ်ယောက်သောသူကို ရည်ရွယ်ပြီးရေးပေးခဲ့တဲ့ ကဗျာလေးကို တင်လိုက်တာပါ... (စကားများလွန်းလို့)း)


ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Sunday, 28 June 2009

ဖျားနာနေတဲ့ တောင်ပံတစ်စုံ

ငါ့မှာ….. လရောင်တွေကိုသုတ်လိမ်း
မျက်ရည်များနဲ့ငြိမ်းသတ်
တဖျတ်ဖျတ် လှုပ်ခတ်နိုင်တဲ့တောင်ပံတစ်စုံရှိတယ်..


ဒီတောင်ပံတွေထဲမှာ
နာကျည်းမှုနဲ့ အရောင်ဆိုး
ဝမ်းနည်းခြင်းတွေ တန်ဆာဆင်
အလွမ်းတွေကို ရှတစွာ ထုဆစ်သက္ကရာဇ်တွေကို ဖြိုဖျက်ရင်း
ကျိုးပျက်ကွဲအက်နေတဲ့ နှလုံးသားတစ်စုံကို သဂြိုလ်ထားလေရဲ့…..။

ဒီနှလုံးသားကို တံခါးပိတ်ထားချိန်
လရောင်တွေ အရည်ပျော်
တောင်ပံတွေ မလှုပ်နိုင်ကြတဲ့
စက္ကန့် မိနစ် နာရီ နေ့ လ နှစ်တွေရဲ့
သဲ့ယူခြင်းခံနေရတဲ့ ညနေများစွာမှာ
လေးညှို့သံကိုတွေးကြောက်ရင်း
တိတ်ဆိတ်စွာ …ငိုညည်းနေခဲ့ရတယ်….။

တံလျှပ်ကရေမဖြစ်ခဲ့မို့
ရေငတ်ဝေဒနာ ရင်မှာလောင်မြိုက်
အနာဂတ်အစ ပစ္စုပန်လမ်းဆုံးမှာ
ခဲမှန်ဖူးတဲ့ ဒီတောင်ပံတစ်စုံက
ဒဏ်ရာနှလုံးသားနဲ့
လောကကို
မင်သက်စွာငေးမောတွေးတောရင်း.....

ဒီတစ်ကြိမ်လဲ ထောင်ချောက်မဖြစ်ဖို့
လမင်းကို တိတ်တဆိတ်
ဆုတောင်း ….
တမ်းတ….. ကြေကွဲ….ရင်း
ငါ................. ဖျားနာနေခဲ့တယ်….။


ဒီကဗျာလေးက (၂၀၀၁)ခုနှစ် တက္ကသိုလ်တက်နေတုန်းက သူငယ်ချင်းတွေစုပြီး ဗလာစာအုပ်မှာ အမှတ်တရ စုရေးခဲ့ဖူးတဲ့ ကဗျာလေးပါ... (ကဗျာစာအုပ်ထုတ်ဖို့ မတတ်နိုင်လို့လေ) ဒီကဗျာလေးကို တီချယ်မီကို ပေးဖတ်တော့ တီချယ်မီကပြောဖူးတယ်... အဲဒီဖျားနေတဲ့ တောင်ပံကို အမွေးနှုတ်ပြီး ကြော်စားလိုက်လေတဲ့...း) ခုတစ်လော စာရေးပျင်း အိမ်လည်ပျင်းနေပေမယ့် ကိုယ့်အမတွေ အကိုတွေရဲ့ ကဗျာကောင်းတွေ စာကောင်းတွေကိုမွှေနှောက်မိနေတယ်... အနည်ထိုင်အောင် ကြိုးစားရင်းပေါ့လေ... ကဗျာရေးကောင်းတဲ့ အမတွေရှေ့မှာ ဒီကဗျာလေးကို တင်လိုက်ရတာ အားတော့နာပါရဲ့... ဒါပေမယ့် အမကြီးတွေရဲ့ ကဗျာကောင်းကောင်း တွေကို ဖတ်နေတဲ့အချိန်မှာ ရေးထားခဲ့ဖူးတဲ့ ဒီကဗျာလေးကို သတိရသွားလို့ပါ... ခံစားချက်တစ်ချို့ ပါဝင်ခဲ့သလို ခုချိန်နဲ့ တိုက်ဆိုင်နေတာလဲပါတယ်...

ကဗျာဆရာမကြီး အမ နှစ်ယောက် လာဖတ်ရင်..... ကဗျာဆရာကြီး ... လာဖတ်ရင်တော့... ရှက်ပြုံးလေးနဲ့ သွားဖြဲပြုံးရင်း

“သားက ငယ်ပါသေးတယ်ဗျာ
”..... လို့ပဲပြန်ဖြေမှာနော်...း)

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Friday, 26 June 2009

သူနဲ့ ဖိုးစိန်ရေစက်

သူ ဘယ်သူဘယ်ဝါ ဆိုတာ ကျွန်တော်မသိပါ.. ကျွန်တော့်ရဲ့ အနီးအနား ဝန်းကျင်မှာတော့ သူဟာ အရိပ်တစ်ခုအနေနဲ့ ရှိနေတယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိနေပါတယ်… တစ်ခါတစ်လေ အသံပေး အရိပ်ပြတတ်တဲ့ သူ့ကို ကျွန်တော် ရုတ်တရက် တွေ့လိုက် ကြားလိုက်ရရင် ကြောက်စိတ်ဝင်မိပေမယ့် ဒီထက်ပိုပြီး ထူးခြားမှု မပြတဲ့သူ့ကို တစ်ခါတစ်ရံ သတိရနေမိသလိုလို… ဒီလိုအတွေး စိတ်ထဲဝင်လာရင် သူ့အတွက် ဆုတောင်းပေးမိ ပါတယ်…

ဒါပေမယ် သူဒီနေရာဝန်းကျင်ကနေ စွန့်ခွာသွားမှာကိုတော့ကျွန်တော် တစ်ကယ်မလိုလားပါဘူး.. နှစ်ပေါင်းများစွာ နေခဲ့တဲ့ဒီနေရာလေးကို စွန့်ခွာသွားဖို့ အတွက်သူလဲဝန်လေးမှာပေါ့.. ဒီနေရာကိုသူပိုင်ပါတယ်… သူကကျွန်တော့်ရဲ့ အမည်လဲမသိ လူကောင်မပေါ်တဲ့ ခုလက်ရှိ ကျနော်နေနေတဲ့ အခန်းရဲ့ အိမ်ရှင်လေးလို့ ထင်ပါတယ်…

ဘာကြောင့်လဲ မေးရင် ကျွန်တော် အခုလက်ရှိနေတဲ့ အခန်းလေးက အရင်က လူသူ မနေတဲ့ ဂိုဒေါင် အဟောင်းလေး တစ်ခုပါ.. ဂိုဒေါင်သက်တမ်းကလည်း ကျွန်တော့် အသက်ထက် ထက်ဝက် မက ကြီးတယ်လို့ အိမ်ရှင်အဖွားကြီး ကပြောပါတယ်.. ကျွန်တော်နဲ့ ရေစက်ပါတဲ့ဒီဂိုဒေါင်လေးက လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ကျနော် စရောက် ကတည်းက အလုပ်ရှာရင်း လစဉ် ပုံမှန် လာရှင်းဖြစ်ခဲ့တယ်… ဟောင်းအို နေတဲ့ဂိုဒေါင်ဘေးမှာလဲ လေးထပ်တိုက် အမြင့်သာသာ ရှိတဲ့ယူကလစ်ပင် တစ်ပင် ရှိတယ်လေ… မနှစ်က အိမ်ရှင်အဖွားက အပင်ကြီး မြင့်လာလို့ ခုတ်ပေးပါဆိုလာတယ်..

ဒါနဲ့ ကျွန်တော်လဲ အပင်ကို ဂိုဒေါင် အပေါ်ကနေ တက်ပြီး စခုတ်ပါတယ်.. စိတ်ထဲမှာ ထစ်နေလို့ အပင်ကို မတက်ခင် တောင်းပန်ရှိခိုးပြီး ခုတ်ပေမယ့် ကျွန်တော် ခုတ်နေတုန်းမှာ ရုတ်တရက် တစ်ယောက်ယောက်က တွန်းချသလို ခံစားရပြီး မထင်မှတ် ပဲ အပင်ပေါ်ကနေ ပြုတ်ကျတယ်… လေးထပ်အမြင့်ဆိုတော့ အောက်မှာ သွေးမထွက် မလှုပ်နိုင်တဲ့ ကျနော့်ကို အားလုံးကသေပြီးလို့ကို ထင်ခဲ့တယ်… ဒါပေမယ့် အမြင့်ပေါ်ကနေ အတားအဆီး မရှိ ကျလာတဲ့ကျနော် သွေးတစ်စက်မှ မထွက်ပဲ ခြေထောက် သာကျိုးသွားတယ်… အကုန်လုံးက အံ့သြကြတယ်...

ကျွန်တော်ကိုယ်တိုင်အံ့သြတယ်.. အပင်ပေါ်ကနေ တစ်ယောက်ယောက်က တွန်းချသလိုခံစားရတယ်.. အောက်ရောက်တော့လဲ အင်းဂတေကိုင်ထားတဲ့ ကြမ်းပြင် နေရာက ကျွန်တော့်အတွက် တစ်ယောက်ယောက်က တစ်ခုခုခံပေးထားသလို ခံစားရတာကိုပါ… မှောက်လဲ ကျတာ ခြေကားလက်ကားနဲ့ ကျပြီးတော့ ညာဘက်ခြေထောက်က ကျိုးသွားခဲ့တယ်.. တစ်ခုသိလိုက်တာက ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေတယ် ဒီအပင်ကို ခုတ်တာ မကြိုက်ဖူး ဆိုတာကို သိလိုက်ရတယ်… ဒါကြောင့် သုံးလလောက် နားပြီး ခြေထောက် ပြန်ကောင်းလာတော့လဲ ဒီအပင်ကို ထပ်ခုတ်ဖို့ စိတ်မကူးတော့ပဲ လာရှင်းပေးနေကြ အလုပ်ကိုတောင် နားလိုက်မိတယ်…

ရေစက်ကမကုန်ဘူးထင်ပါတယ်… ကျွန်တော်လည်း နောက်ပိုင်းကျတော့ တစ်ယောက်တည်း နေချင်စိတ်ကပေါ်တယ်… (အရင်ကတော့ စုပြီးနေတာ ပြဿနာ အမျိုးမျိုးကြောင့်ပါ)… ဒါကြောင့် တစ်ယောက်တည်း နေလို့ရနိုင်မယ့် တိုက်ခန်းကျဉ်းကျဉ်းလေး ကိုလိုက်ရှာတယ်လေ.. ဈေးသက်သက်သာသာနဲ့ တစ်ယောက်တည်း တစ်ခန်းနေရမယ့် နေရာမျိုး.. ဒီလို နိုင်ငံမှာ တစ်ယောက်တည်း နေဖို့က မဖြစ်နိုင်ပေမယ့် ရလိုရညားတော့ အားလုံးကိုမေးထား ပြောထားတယ်… တစ်နေ့တော့ အဖွားက စကားမစပ်ပဲ ဖုန်းဆက်ပြီး ခုဘာတွေလုပ်နေလဲ သူဆီလာတွေပါဦးဆိုတော့ ကျနော် သွားတွေ့ခဲ့ပြီး ကျနော် အခန်းရှာနေကြောင်းပါ ပြောဖြစ်လိုက်တယ်… အဲဒီမှာ အိမ်ရှင်အဖွားက ကျွန်တော်နေချင်တယ် ဆိုရင် ဒီဂိုဒေါင်လေးကို ပြင်ပြီးလာနေလို့ ရကြောင်း.. ပြင်စရိတ်ကို ကျွန်တော်ပေးရမှာ ဖြစ်ကြောင်း.. အခန်းခကိုတော့ သူယူမှာမဟုတ်ကြောင်း… တစ်ခုရှိတာက ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေကြောင်း..မကြောက်တတ်ရင်နေလို့ ရကြောင်း ပြောလာတယ်လေ..
နဂိုကလည်း တစ်ယောက်ထည်း နေချင်သူ ဆိုတော့ အချိန်မဆိုင်းချင်ပဲ အဖွားကို နေမယ်ပြောပြီး တစ်လအတွင်း အခန်းဖြစ်အောင် ပြင်လိုက်တယ်လေ.. မကြောက်ဖူးဆိုပေမယ့် အိမ်ရှင်အဖွားကိုယ်တိုင် ပြောထားဖူးတဲ့အခံလဲရှိ ကိုယ်တိုင်လဲ တွေ့ကြုံခံစားဖူးထားတော့ နည်းနည်းလန့် တာပေါ့လေ… ဒါပေမယ့် နောက်ဆုံးတော့ အခန်းလေးကို စိတ်ကြိုက်ပြင်ပြီး အိမ်ပြောင်းလာခဲ့တော့တယ်…

ကျနော် အခန်းပြောင်းတဲ့ ညမှာပဲ သူ့ကို စတွေ့ တယ်… ကြိုတင် ဆုံးဖြတ်ပြီးသားဆိုတော့ ကြိုဆိုတဲ့သဘောလို့ စိတ်ထဲမှတ်ထားလိုက်မိတယ်… သူ ကလူလိုပါပဲ… အရိပ်လိုလို ဘာလိုလို စိတ်ထဲက သိတာပဲရှိတယ်… ကိုယ်လုံးကိုယ်ထည်မမြင်ရတဲ့ မဲမဲကြီးပါ..အထီးအမ မသဲကွဲပေမယ့် ဟန်ပန်က အသက်(၅၀) သာသာ လူကြီးတစ်ယောက် ပုံစံမျိုးပါ… ညဘက်အလုပ်က ပြန်လာတာမို့ မှောင်မှောင်မဲမဲ မှာ ဆိုင်ကယ်မီးထိုးပြီး ဝင်လာတဲ့အချိန်မှာ မည်းမည်းအရိပ်ကြီးကိုတွေ့ လိုက်ရတဲ့ကျနော့်ရဲ့ ပထမဆုံးညက တော်တော်ကို တုန်လှုပ်မိတယ်… အဲဒီ ပထမဆုံးညက ဆိုအိပ်လို့ လဲမရဘူး.. အခန်းထဲ ကြောက်ကြောက်နဲ့ ဝင်ပြီးတော့ အပြင်လည်းမထွက်ရဲဖူး.. ဒါပေမယ့် သူရှိနေလား တကယ်များလား ဆိုတဲ့ အတွေးနဲ့လဲ ထွက်ကြည့်ချင် နေတယ်လေ.. ဘာမှမလှုပ်ရှားပေမဲ့ သူဒီအနီး အနားမှာရှိနေမှာ သေချာတာကိုတော့ ခံစားမိတယ်..

ဒီလိုနဲ့ နောက်နေ့ တွေမှာ ကျနော် အခန်းမှာ ပရိတ်ကြီး(၁၁)သုတ် တရားခွေကိုဖွင့်ပြီး မေတ္တာပို့ အမျှဝေပါတယ်… သူကြားအောင်လည်း အင်္ဂလိပ်လို တစ်မျိုး မြန်မာလို တစ်ဖုံ ဂရိလို တတ်သလောက် မှတ်သလောက်လေးနဲ့... “ဒါကနင့်နေ ရာပါ.. ငါ့ကိုပေးနေတဲ့ အတွက် ကျေးဇူးတင်ပါတယ်.. နင့်ကိုလဲ ငါမမောင်းထုတ်ပါဘူး.. ငါကို လဲကြောက်အောင်လန့် အောင်မလုပ်ပါနဲ့ နင်နေသာသလိုနေပါ” ဆိုပြီးအမြဲပြောတယ်လေ… သူကြားအောင်လဲ မေတ္တာပို့ အမျှဝေတဲ့ အလုပ်ကို ပိုလုပ်ဖြစ်ပါတယ်…

နောက်ပိုင်းတွေမှာ ကျနော် အိမ်အပြန် နောက်ကျတဲ့ နေတွေမှာဆို သူ့ကို ကျွန်တော့် တံခါးဝမှာရပ်စောင့်နေတာမျိုးကို ကျွန်တော့်ဆိုင်ကယ်မီးရောင်နဲ့ လှမ်းမြင်ရလေ့ရှိတယ်.. ကျနော်က ခပ်တည်တည်နဲ့ (စိတ်ထဲကတော့ ကြောက်မိတာပေါ့) “စောင့်နေတာလား… ကျေးဇူးတင်ပါတယ်” လို့ ဆိုလိုက်ရင် အရိပ်ကပြောက်သွားတယ်..

တစ်ခါတုန်းကဆို ညဘက် ကျနော် အလုပ်လုပ်တာကို သိတဲ့သူခိုးက ကျနော့် အခန်းကို ဝင်မယ်ကြံတော့ ငယ်သံပါအောင် အော်ပြေးတာ အိမ်ရှင်အဖွားက ပြန်ပြောပြလို့ သိရတယ်… ဘာကြောင့် အော်ပြေးသွားမှန်း မသိပေမယ့် ကျနော်ကတော့ သူကြောင့်လို့ ထင်မိပါတယ်…

ညနက်မှ အိပ်တတ်တဲ့ ကျွန်တော်က သူ့ ရဲ့ အရိပ်လိုလို စိတ်ထဲက တွေ့ရင် ကြောက်ကြောက်နဲ့ စကား လှမ်းပြောတတ်လာတယ်.. တစ်ခါတစ်လေ အခန်းဝမှာ ရစ်သီရစ်သီ လုပ်နေတတ်တယ် လို့ထင်မိပြန်တယ်… ဒါပေမယ့် စည်းကျော်ပြီးတော့ အိမ်ထဲထိ ဝင်လာနှောက်ယှက် တာမျိုးတော့မကြုံဖူးဘူး…

တစ်ခါတစ်ရံ သူပျင်းလို့ရှိရင် ကျနော်ရဲ့ စာကြည့်မီးချောင်း ကိုစသလိုလို နဲ့ မှိတ်တာမျိုး လုပ်တတ်တယ်လေ.. ပထမတော့ မီးချောင်းကဖြစ်တာပါလို့ ထင်ပေမယ့် နောက်ကျတော့ မရည်ရွယ်ပဲနဲ့ “မလုပ်ပါနဲ့ ကွာ..စာလုပ်နေလို့ ပါ..ပြန်ဖွင့်ပေးပါ” လို့ ညင်ညင်သာသာ ပြောလိုက်ရင်တော့မီးက အလိုလို ပြန်ပွင့်လာတယ်… အမြဲမဟုတ်ပေမယ့် လာလာစတတ်တယ်လို့ ထင်မိတယ်…
တစ်ခုရှိတာက ကျွန်တော်ညနက် အိပ်တာကိုတော့သဘောကျပုံမပေါ်ဘူး.. မီးရောင်ကြောင့် လို့ထင်ပါတယ်… မီးလင်းတာမျိုးတွေ့ ရင်အပြင်ကနေ အသံတစ်မျိုးမဟုတ် တစ်မျိုးကြားရတတ်တယ်.. မီးပိတ်ပြီးသာ ငြိမ်နေလိုက်ရင်တော့ အသံလဲအလိုလို ပျောက်သွားတတ်တယ်… နောက်ပိုင်း ကျနော်လဲ နေသားကျသွားတယ် ထင်ပါတယ်… သူရှိနေတယ်ဆိုတဲ့အသိလေးနဲ့ ကျွန်တော်လဲလုံခြုံနေသလို ခံစားမိတယ်… (ကျနော်ညဘက် အလုပ်သွားတုန်း ကျနော်ဆီမှာ လာအိပ်လာစားကြတဲ့ ဧည့်သည် သဘောင်္သားနှစ်ယောက်က တော့ တစ်ညမှာ ကောင်းကောင်း ပညာပြခံလိုက်ရပါတယ်… နောက်နေ့ကစလို့ ကျနော့်အခန်းကို ကျနော်မရှိပဲ အလည်မလာကျသလို ညဘက်ကို လုံးဝ အိပ်ဖို့ ငြင်းဆန်သွားပါတယ်)


ဘာကြောင့်ပဲ ဖြစ်ဖြစ် သူ့ကိုလဲ မမောင်းထုတ်ရက်ဖူး… ကျနော့်ကြောင့် သူထွက်သွားမှာ ကိုလည်းမလိုလားဖူး… နှစ်နှစ်နီးပါးနေလာတဲ့ ဒီနေလေးကို ကျွန်တော်ချစ်တယ်ဆိုရင် နှစ်ပေါင်းများစွာနေလာတဲ့သူ့ အတွက်ကိုယ်ချင်းစာမိပါတယ်… ဒါပေမယ့် သူ့ကို ကျွတ်လွတ်တဲ့ ဘဝကိုလဲရစေချင်ပါတယ်… သူကြားနိုင်အောင်လို့ မေတ္တာပို့ အမျှဝေဆဲပါ… စိတ်အနှောက်အယှက် တစ်စုံတစ်ရာမှမပေးပဲ ကျွန်တော့်ကို နေခွင့်ပေးထားတဲ့အတွက် ကိုလည်းကျေးဇူးတင်မိတယ်..

အခုတော့သူဟာ ကျွန်တော့်အတွက်အဖော်ကောင်းလေးပါ… သူ ရှိနေတဲ့အတွက်လည်း ကျွန်တော်ဘယ်လို မှမခံစားရပါဘူး.. အရင်ဘဝက ပါလာတဲ့ရေစက်လို့ ပဲသတ်မှတ်လိုက်ပါတယ်… သူ့ကို ကျွတ်ရာ လွတ်ရာကိုလဲ ရောက်စေချင်ပါတယ်… အခုတစ်လော အလုပ်နဲ့ နေ့နေ့ ညည နပန်းလုံးနေတဲ့ကျွန်တော်ဟာ ဒီည အလုပ်နောက်ကျလို့ ညဥ့်နက်မှပြန်ရောက်လာတော့ သူကြိုနေတာကို တွေလိုက်ရတယ်…

အိမ်ရှင် အဖွားပြောပုံ အရဆိုရင် ဒီတစ်ယောက်က အိမ်ရှင်အဖွားရဲ့ အဖေဖြစ်နိုင်တယ်… ကျနော်နေတဲ့ ဂိုဒေါင်မှာပဲ သူအမြဲနေတယ်… ထမင်းစားချိန်နဲ့ အိပ်ချိန်ပဲ ပြန်တက်လာပြီး ဒီဂိုဒေါင်မှာ ရေဒီယိုတစ်လုံး နဲ့ အလုပ်ရှုတ်နေတတ်သလို နွေမှာ အရိပ်ရအောင် ဂိုဒေါင်ဘေးမှာ အပင်စိုက်ခဲ့တယ် ဆိုပါတယ်… ဘာကိုစွဲလမ်းပြီး ဘယ်လိုဆုံးတယ်ဆိုတာတော့ မသိပါဘူး… ဘဝမှာ သူ့ နဲ့ ကျနော်အတွက် အမှတ်တရဖြစ်သလို ဒီဂိုဒေါင် အခန်းလေးထဲမှာ လွတ်လွတ်လပ်လပ် တစ်ယောက်တည်း နေရတဲ့ အတွက်လဲ ကျေနပ်ပီတိဖြစ်ပါတယ်…

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

မနေ့က သူငယ်ချင်းရီနိုမာန် က သယ်ရင်းရေ သရဲအကြောင်းရေးပါလား ဖတ်ချင်တယ်ဆိုတော့ ကျနော်အရင်ရေးခဲ့ဖူးတဲ့ ဒီဖြစ်ရပ်မှန် ပိုစ့်လေးကို သယ်ရင်းနဲ့ အရင်မဖတ်မိခဲ့တဲ့ ညီအကို မောင်နှမများ ဖတ်ဖို့ပြန်တင်ပေးလိုက်ပါတယ်... (ခုတစ်လောလဲ ဟိုတာဒီတာ ရေးပါလို့ ပြောတဲ့သူတွေ အတွက် ရေးဖြစ်နေပါတယ်... ဒီပိုစ့်မြင်ရင် ဘယ်တုန်းကမှ ကျနော့်ကို မြန်မာလို ကော့မန့် မပေးတဲ့ ကျနော့်ရဲ့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ရေးဆရာ အကိုတစ်ဖြစ် အချစ်ဆုံးသူငယ်ချင်းကို မျက်စိထဲ မြင်မိပါတယ်… သူပြောနေကျ စကားလေးရှိတယ်… “မင်းက စာဖတ်သူတွေဗဟုသုတ ဖြစ်စေမယ့် ပိုစ့်ကိုမရေးဘူး ပေါက်ကရနဲ့ ဘလော့ကို ဂျင်းသုတ် အသုတ်စုံလုပ်နေပါလားတဲ့ စာဖတ်သူတွေကို လဲအားနာပါဦးး) နည်းနည်းပါးပါး လေ့လာပြီးရေးဦးတဲ့” … ဟုတ်တော့ဟုတ်ပါတယ်… ကျနော်က တတ်သလောက် မှတ်သလောက်နဲ့ ကြုံတွေ့ဖူးတာကိုပဲ ရေးမိတာပါ… ဥာဏ်ရည်မမှီဘူး လို့ပဲ သဘောထားပါတယ်… တစ်ခါလောက်တော့ သူ့အတွက် ပိုစ့်တစ်ပုစ်ရေးမယ်လို့ စိတ်ကူးထားတယ်… ဗဟုသုတ ဆိုတဲ့ စာတွေအပြည့်ပေါ့… သူမြန်မာလို ကော့မန့်ပေးတဲ့နေ့ ဖြစ်နိုင်တယ်…း) ဒီစာကြောင်းကို ဖတ်မိတယ် ဆိုရင် သူ့ကို စောင်းရေးတယ်ဆိုတာသိပြီး မြန်မာလို မန့်သွားမလာပဲ…း)

Wednesday, 24 June 2009

ပုံပြင်ထဲက အရသာ

ကျနော်တို့ ငယ်ငယ်က လသာတဲ့ ညတွေမှာ ထမင်းစားပြီးရင် ကျနော်တို့ မိသားစုတွေ အိမ်ရှေ့က ကန်ပေါ်မှာ ဖျာလေးခင်းပြီး စကားပြောကျတယ်… အဖေက ကျနော်ညီအကို နှစ်ယောက် နဲ့ ညီမလေးကို ပုံပြော သီချင်းဆိုပြရင် ပုံပြောခ အဖြစ် ကျနော်တို့ ညီအကိုက အဖေ့ကို မျက်ခုံးမွေး သန်းရှာတာ ကျောကုန်းဖု ထိုးတာ ဂဏန်းလမ်းလျှောက်နင်းတာ မျိုးတွေ အလှည့်ကျ လုပ်ရတယ်… အမေကတော့ အဖေ့ဘေးမှာ ထိုင်ပြီး ယပ်တောင်လေး တစ်ချောင်းနဲ့ ခြင်ယပ်ပေါ့…

တစ်ခါတစ်လေ အဖေ့ ပုံပြင်ထဲမှာ မျောသွားတာ ရှိသလို တစ်ခါတစ်လေ အိပ်ပျော်သွားတာမျိုးရှိတယ်… အဖေက အသိပေးချင်တာပဲ ဖြစ်ဖြစ် တခုခုကို ဆုံးမချင်တာပဲ ဖြစ်ဖြစ် ပုံတို ပတ်စလေးတွေနဲ့ နားဝင်အောင်ပြောတတ်တယ်… နောက် ရွေနန်းကျင်တို့ တစ်ဝဂူတို့ ဆိုရင် ကျနော်အကြိုက်ဆုံး သီချင်းပုံပြင်လေးတွေ… အဖေသီချင်းဆိုရင်တော့ ကျနော်တို့ အိပ်ပျော်ပီးမှတ်…

အဖေသီချင်းဆိုပြီး ပြောပြဖူးတဲ့ တစ်ဝဂူ ပုံပြင်ဆို အခုထိ မဆုံးသေးဘူး… အဖေကတော့ ညတိုင်းပြောပါတယ်… အမေလုပ်သူကတောင် အလွတ်ရတယ်… ကျနော်တို့ မောင်နှမတွေက အိပ်ပျော်သွားတယ်ဆိုတော့ ပုံကို အစကနေပြန်ပြန်ပြောရော… အဲဒါကြောင့် သီချင်းပုံပြင်ဆို မဆုံးတော့ဘူး…

တစ်ညတော့ ကျနော်တို့ မိသားစု ကန်ပေါ်ထိုင်ရင်း အမေလုပ်သူက လေလယ်လိုက်တာ ညီလုပ်သူရဲ့ အနားမှာ ဆိုတော့ အငယ်ကောင်က အမေ့အီးက နံလိုက်တာ ပုပ်နေတာပဲ ဆိုပြီး စိတ်ဆိုးတယ်လေ... အဖေက “အမေကို ချစ်တယ်ဆို... ချစ်ရင် အမေ့ မစင်ကိုတောင် စားဖူးရမယ်” ဆိုပြီး စတယ်.. အဲဒါနဲ့ ညီမလေးက မစင်က ဘာအရသာရှိလဲ ဒီလောက်နံတာဆိုတော့ အဖေက “ကဲ သားတို့ သမီးတို့သိအောင် မစင် ဘာအရသာရှိလဲ ဆိုတာပြောပြမယ် ”ဆိုပြီး ဒီပုံပြင်လေးကို ပြောပြပါတယ်…

ရှေးအခါတုန်းက ဘာမသိတဲ့ ဗာရာဏသီပြည်မှာ ဘာမသိတဲ့ မင်းတစ်ပါး အုပ်စိုးပါသတဲ့… ဒီဗာရာဏသီမင်းဟာ အရာရာကို စူးစမ်း စပ်စုလိုစိတ်ရှိတာကြောင့် ဥာဏ်ပညာ နဲ့ ပြည့်စုံပြီး ဗဟုသုတ ကြွယ်ဝတဲ့ မူးမတ်များကိုသာ အခစားဝင်ဖို့ ရွေးချယ်ခန့် ထားသတဲ့လေ… သူမေးသမျှ မေးခွန်းတိုင်းကိုလဲ ဂုဏ်ယူစွာနဲ့ မေးတတ်သတဲ့လေ...

တစ်ပတ်တစ်ခါ ညီလာခံဝင်ရင် မင်းကြီးက သူသိလိုတဲ့ အကြောင်းအရာများကို မေးမြန်းပြီး နောက်တစ်ပတ်ညီလာခံ ကျရင် အဖြေတော်ကို ပေးစေတော်မူသတဲ့… မင်းကြီးကျေနပ်အောင် အဖြေပေးနိုင်သူများကိုလဲ မင်းကြီးက ဆုလာဘ်များကို အစဉ်ပေးသနားတော် မူသတဲ့… မဖြေနိုင်ခဲ့ရင်တော့ မင်ကြီးက “ငါ့လိုစဉ်းစားတာကို ဘယ်သူမှ လိုက်မမှီဘူး” ဆိုပြီး ဂုဏ်ယူဝင့်ကြွားတတ်သေးသတဲ့လေ…

အပတ်စဉ်ရောက်တိုင်း မင်းကြီးက ခက်ခဲနက်နဲတဲ့ အရာတွေ… ဘယ်သူမှ မထင်မှတ်ထားတဲ့ မေးခွန်းတွေကို မေးတတ်လွန်းတော့ မင်းကြီး ကျေနပ်လောက်အောင် အဖြေပေးနိုင်တဲ့ မူးမတ် လေးယောက်သာ နောက်ဆုံး ဆံကာတင်ကျန်ပြီး ဒီလို ခက်ခဲနက်နဲတဲ့ အရာများကိုထပ်ခါတလဲလဲ မင်းကြီးကျေနပ်လောက်အောင် ဖြေနိုင်နေခဲ့တယ်…

ဒါကိုမင်းကြီးက မကျေနပ်နိုင်ပဲ တနေ့ မနက်ညီလာခံဝင်တော့…

မင်းကြီးက… “တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ရေမြေ့အရှင် ငါဘုရင် ကဒီတစ်ခေါက် အကြောင်းအရာ တစ်ခုကိုသိလိုတော်မူ၍ မေးတော်မူ လိုတယ်… ဒီအကြောင်းရာသည်ကား…. မစင်၏ အရသာ မည်သို့မည်ပုံ ရှိသည်ဆိုတာကို သိလိုတော်မူတယ်… နောက်တစ်ပတ် ညီလာခံ ဝင်လျှင် ငါကိုယ်တော်မြတ်သိလိုတော် မူသော မစင်အရသာကို လျှောက်တင်ရမယ်… မလျှောက်တင်နိုင်ပါက ငါကိုယ်တော်မြတ်နိုင်ငံက နေ ရာထူးစည်းစိမ်ကို ဖြုတ်ပြီး နှယ်နှင်ဒဏ်ပေးတော်မူမယ်” လို့ မိန့်တော် မူပြီး ညီလာခံကို သိမ်းစေခဲ့သတဲ့လေ…

မူးမတ်လေးယောက်ကတော့ မျက်စိမျက်နှာပျက်ပြီး နောက်တစ်ပတ် ညီလာခံ ဝင်ဖို့အရေးကို တွေးကြောက်လို့ နန်းတော်ကနေ ခေါင်းငိုက်စိုက်ပြန်ခဲ့သတဲ့… နောက်တစ်ပတ်အဖြေမှန် ကိုမပေးနိုင်ရင် လူပုံအလယ် အရှက်ကွဲရုံမျှမက မိသားစုအလိုက် နယ်နှင်ခံပေးခံထိမယ့် အရေးတွေးပူလို့ ရက်သတ္တပတ်ပြည့်အောင် စောင့်ခဲ့ရတဲ့ ရက်တွေမှာ သူတို့အတွက် ငရဲကျနေချိန်… မင်းကြီးကတော့ ဒီတစ်ခါ သူတို့ ဖြေရှင်းမယ့် နည်းလမ်းများကို တွေးရင်း ဝမ်းသာနေပါသတဲ့…

ရက်သတ္တပတ်ပြည့်ပြီးလို့ ညီလာခံဝင်တဲ့ အခါမှာ ဗာရာဏသီပြည်သူ ပြည်သားများက မစင်အရသာ မည်သို့ မည်ပုံရှိကြောင်းကို သိလိုတော်မူကြတဲ့ အတွက် နန်းရင်ပြင်တစ်ခုလုံး အုံ့အုံ့ ကြွက်ကြွက်နဲ့ မူးမတ်များရဲ့ အဖြေကို နားထောင်ဖို့ရောက်လာကြသတဲ့…

မင်းကြီး ပလင်ပေါ်ရောက်တော့ “ကဲ ငါကခန့်ထား ငါ့ဆန်စားတဲ့ ငါ့အလိုတော် မူးမတ်များ… ငါသိလိုတော် မူသော မစင်အရသာကို ယခု ပြည်သူပြည်သား များရှေ့တွင် ပြောကြားစေ”လို့ မိန့်တော်မူတော့…

ပထမမူးမတ်က “အရှင်ဘုရား… မစင်ရဲ့ အရသာက ချိုသော အရသာ ရှိကြောင်းပါဘုရား…”

ထိုအခါမင်းကြီးက အံ့သြစွာဖြင့် “ကဲ… မစင် အရသာ ဘယ်လိုချိုကြောင်းကို ရှင်းစမ်းပါအုံး အမတ်ကြီးရဲ့”

ထိုအခါ ပထမအမတ်က “ဘုရားကျနော်မျိုး မစင်အရသာကို သိလိုတော်မူ၍ တစ်ပတ်တိတိ အစားကောင်းများကို စားပြီး စွန့်ထားတဲ့ မစင်ကို စားရန် ကြိုးစား ပါတယ်ဘုရား… သို့ပါသော်လည်း စားဖို့မဝံ့ရဲခဲ့ပါ… ဒီမနက် ညီလာခံဝင်ခါနီးမှ မဖြစ်မနေဆိုပြီး မစင်သွား အလျှင်အမြန် မျက်စိမှိတ်ပြီး လက်နဲ့တစ်တို့ စားခဲ့ပါသဖြင့် မစင်အရသာ ချိုကြောင်းသိခဲ့ရပါသည်ဘုရား” လို့ လျှောက်တင်တော့ မင်းကြီးနှင့် တကွ ပြည်သူပြည်သားများက ဝက်ဝက်ကွဲ ရယ်မောကြသတဲ့…

“ကဲ ဒုတိယ အမတ်ကြီးကရော”

“တင်ပါ့ဘုရား…. မစင်၏အရသာ သည် ချဉ်သော အရသာ ရှိကြောင်းပါဘုရား…”

ထိုအခါ မင်းကြီးထပ်မံ အံ့သြတဲ့ အမူအရာနဲ့ “အလျှင်အမြန်လျှောက်တင်စမ်း မောင်မင်း”

“ဒီလိုပါဘုရား… မစင်၏ အရသာ ချဉ်သည်ဆိုသည်မှာ ဘုရားကျွန်တော်မျိုး လဲ မစင်ကို စားဖို့ရန် ချိတုံ ချတုံ ဖြစ်နေခဲ့ရပါသည်ဘုရား… မနေ့ကတော့ နောက်ဆုံးနေ့ ဖြစ်တဲ့အတွက် မဖြစ်မနေ လုပ်ရမှာကို သိတော့ မစင်သွားခဲ့ပါတယ် ဘုရား… သို့ပေသည့် မစင်စားဖို့ရန် မဝံ့မရဲ ဖြစ်နေသည့်အတွက် နေစောင်းခဲ့ရပါတယ် ဘုရား.. သို့ပေမယ့် မိသားစု အရေးတွေးပူလို့ လက်နဲ့တစ်တို့ကို မြည်းကြည့်လိုက်ပါတယ်ဘုရား… ထိုအရသာမှာ ချဉ်တဲ့ အရသာဖြစ်ကြောင်းပါဘုရား” ဟုလျှောက်တင်တော့ မင်းကြီး နဲ့ ပြည်သူပြည်သားများ သဘောတကျ ရယ်မောကြပြန်တယ်…

“ကဲ… တတိယ အမတ်ကြီးကရော”

“တင်ပါ့ဘုရား… အရှင်မင်းကြီး သိလိုတော်မူသော မစင်အရသာမှာ ခါးသက် ကြောင်းပါဘုရား… ”

“အလို… မောင်မင်းက ထူးဆန်းပေတယ်… လျှောက်တင်စမ်းပါအုံး”

“ဒီလိုပါဘုရား… ကျွန်တော်မျိုးလဲ ဒုတိယ အမတ်လိုပဲ နောက်ဆုံး နေ့မှာ စားဖို့ရန် တစ်ပတ်လုံးလုံး အစားကောင်းများကိုသာ စားပြီး မနက်စောစော မစင်ကို စွန့်ခဲ့ပါတယ်… သို့ပါသော်လည်း မစင်ဖြစ်နေသည့် အတွက်ကြောင့် စားဖို့ရန် တွန့်ဆုတ်ခဲ့ပါတယ်ဘုရား… ဒီမနက် ညီလာခံ မဝင်ခင်မှသာ မနေ့က စွန့်ထားခဲ့တာကို စားခဲ့ပါတယ်ဘုရား… မစင်၏ အရသာမှာ ခါးသက်ကြောင်း ပါဘုရား” ဟုလျှောက်တင်တော့ မင်းကြီးနှင့် တကွ ပြည်သူ ပြည်သားများက သဘောကျပြီး ရယ်တော်မူပြန်တယ်…

“ကဲ… နောက်ဆုံးအမတ်ကြီးကရော… ဘယ်လိုအရသာမျိုး ခံစားမိတုန်း”

“တင်ပါ့ဘုရားးးး…. မစင်၏အရသာမှာ တနေ့တာ အတွင်း ချိုချဉ်ခါး အရသာသုံးမျိုးရကြောင်းပါဘုရား..”

ထိုအခါ မင်းကြီးနှင့်တကွ ပြည်သူပြည်သားများက

ဟို ဟင် ဟာ

စသဖြင့် အာမေဋိတ် သံများပြုပြီး မင်းကြီးမှာ အမျက်ထွက်တော်မူကာထို အမတ်ကို ဖမ်းချုပ်စေတယ်..

ပြီးတော့ “မောင်မင်း… မောင်မင်းဟာ ရှေးအမတ် သုံးယောက်ရဲ့စကားကို အခြေကောက်ပြီး မစင်ရဲ့ အရသာ ဘယ်လိုရှိကြောင်း ပြောတော့မူတယ်… မောင်မင်း၏ ကြိုးစားအားထုတ်မှု လုံးဝမပါပါ… မောင်မင်း ငါကိုယ်တော်မြတ် အား ကျေနပ်အောင် အဖြေမပေးနိုင်ပါက မောင်မင်းကို ကွက်မြက်တော်မူမယ်” လို့ မိန့်တော်မူတော့…

နောက်ဆုံးအမတ်က “အရှင်မင်းကြီးဘုရား… တပည့်တော်လဲ မင်းကြီး၏ အမိန့်ကို မဖီဆန်ဝံ့ပါ… မင်းကြီးသိလိုသော မစင်အရသာကို သိရန်အလို့ငှာ အိမ်တွင် အကြိမ်ကြိမ် ကြိုးစားခဲ့ ပါသည်ဘုရား… သို့ပါသော်လည်း မစင်ဆိုသည့် စိတ်ကြောင့် တွေဝေ နေခဲ့ပါသည်ဘုရား… မနေ့က နောက်ဆုံးနေ့ဖြစ်သည့် အတွက် ဘုရားကျွန်တော်မျိုး လူမသိအောင် မစင်ကို စွန့် ပြီးစားဖို့ရန် တောထဲသွားခဲ့ပါသည်ဘုရား… မစင်ကို စွန့်ပြီး သကာလမှာ ဘုရားကျွန်တော်မျိုး မစင်ပုံကို ကြည့်ရင်း တွေဝေနေခဲ့မိပါတယ်… ထိုအချိန်မှာ မစင်နားကို ယင်ကောင်များ တအုံးအုံးရောက်လာခဲ့ပါတယ်ဘုရား… ထိုယင်ကောင်များကို ကြည့်ရင်း တွေဝေနေချိန်မှာပဲ ညနေကို စောင်းသွားပါတယ်ဘုရား… အဲဒီ အချိန်မှာ ယင်ကောင်တွေ ပျောက်သွားပြီး ဖြုတ်ကောင်လေးတွေ ရစ်ဝဲလာပြန်ပါတယ်… ဒါကို တွေဝေစွာနဲ့ ထိုင်ကြည့်နေရင်း မိုးစုန်းစုန်းချုပ်တော့ စိတ်ပျက်စွာ အိမ်ပြန်လာခဲ့ပါတယ်… မနက်ညီလာခံ မဝင်မှီ မဖြစ်နေ မစင်အရသာကို သိဖို့ရန် တောထဲသွားပြန်တော့ မနေ့က မစင်ပုံနား ကင်းမြီးကောက်တွေ လာစားနေတာ တွေ့လိုက်ပါတယ်… ဒါကြောင့် ဘုရားကျွန်တော်မျိုး သိလိုက်တာက ယင်ကောင်ဆိုတာ အချိုကြိုက်တယ်… ဖြုတ်ကောင်လေးတွေက အချဉ်ဓာတ်ရတဲ့နေရာကို လာတတ်တယ်… ကင်းမြီးကောက် က ခါးသက်တဲ့အရသာကို မှနှစ်သက်တဲ့ အတွက် မစင်၏ အရသာမှာ ချိုချဉ်ခါး ဖြစ်သည်ဟု ပြောရကြောင်းပါဘုရား” လို့ လျှောက်တင်တော်မူမှ မင်းကြီးနှင့် တကွ ပြည်သူပြည်သားများက နောက်ဆုံးအမတ်ကို နှစ်ထောင်းအားရ အားပေးချီးမြှောက်တော်မူတယ်… မင်းကြီးလဲ နောက်ဆုံးအမတ်ကို သေဒဏ်က လွှတ်စေပြီး အဆောင်အယောင်များကို တိုးမြှင့်ပေးသလို ချီးစားခဲ့တဲ့ မူးမတ်များကိုလဲ အဆောင်အယောင်များ ပေးသနားတော်မူသတဲ့လေ။။။။။။


အဖေပြောတဲ့ မစင်အရသာ ပုံပြင်လေးကတော့ ဒီလောက်ပါပဲ… တစ်ခုခုတော့ ရလိုက်မယ်ထင်ပါတယ်... ကျနော်တို့ မောင်နှမလဲ အဖေပြောတဲ့ မစင်ပုံပြင်လေးမှာ နှစ်မြောခဲ့ရပါတယ်… အခုချိန် အဖေပြောမယ့် ပုံပြင်တွေကို နားထောင်ချင်နေသေးတယ်… အဖေ့ကို ကျောကုန်းဖုထိုးရင်း မျက်ခုံးမွေး သန်းရှာရင်းပေါ့လေ...

ခုလောက်ဆို မစင်ရဲ့ အရသာ ဘယ်လိုရှိကြောင်း သိကြရောပေါ့… အရင်မူးမတ်တွေလိုတော့ မစမ်းလောက်ဖူးလို့ ထင်ပါတယ်… သေချာတာက အိမ်သာတက်တိုင်း ဖိုးစိန်ရေးခဲ့ဖူးတဲ့ ပုံပြင်ကို သတိရပြီး ဖိုးစိန်ကို မြင်ယောင်ပြီး ပြုံးမိမှာ ကြိုမြင်နေသလားလို့….

ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Tuesday, 23 June 2009

ဖိုးစိန်နဲ့ ဥ ရာဇဝင်

ခုဆိုရင် ဆိုက်ပရပ်စ်မှာ နွေရာသီရောက်ပြီး… အငွေ့တွေ တလျှံလျှံ နဲ့ အပူရှိန်ကမြင့်လာပြီး… နေရာတိုင်းမှာ ပူလောင် ခြောက်သွေ့လို့ ရှိရှိသမျှ လူတွေက ကမ်းခြေတွေကို မနက် လင်းတာနဲ့ ရောက်ကုန်ပြီး… ကျနော်ကိုယ်တိုင် နွေမှာ ခြံရှင်းတဲ့ အလုပ်တွေကို လက်ခံရင် မနက်ကို (၅)နာရီလောက်ထပြီး မနက်(၈)လောက်ထိပဲလုပ်တယ်… တစ်ရက်တည်းနဲ့ မပြီးရင်တော့ နှစ်ရက်လောက် ဆက်လုပ်ပေါ့… မနက်(၈) နာရီ နေက တော်တော်ပူနေပြီးဆိုတော့ မလုပ်နိုင်ဘူး… ခုရက်ပိုင်းလဲ အားနေတာနဲ့ အချိန်ပိုင်း ခြံတစ်ခြံ သန့်ရှင်းရေးသွားလုပ်တယ်…

အိမ်ရှင် အဖိုးကြီးက ကျွန်တော့်ကိုချစ်လို့ ဆိုပြီး ခြံရှင်းပြီးတော့ ကျနော့်ကို မနက်စာ သူတို့ လင်မယားနဲ့စားဖို့ ဂရိဆန်ဆန် ပြင်ဆင်ထားတယ်… ကျနော့်အတွက် ခရမ်းချဉ်သီးကို အကွင်းလိုက် လှီးပြီး အိုးကပ်ကြော်တယ်… ဟာလူမီချိစ့် လို့ခေါ်တဲ့ ချိစ့် အမာကို ကြော်တာရယ် ကြက်ဥမကျက်တကျက်ကြော်တာ နှစ်လုံး… ပါမုန့်မီးကင် ထောပတ်သုတ်လေးနဲ့ နွေရာသီမှာ သောက်တဲ့ကော်ဖီအေး (Frappé) ကိုပြင်ဆင်ပြီး သူတို့လင်မယားကတော့ ဖရဲသီးကို ဟာလူမီချိစ့်နဲ့စားပြီး ဂရိကော်ဖီ(ကျနော့်အခေါ် မြေကြီးကော်ဖီ) ကိုသောက်တယ်

အိမ်ပြန်တော့လဲ သူ့ခြံထွက် ကြက်ဥတွေ ပေးလိုက်တာမှ အလုံးရေ တော်တော်များတယ်… ဥမကြိုက်တဲ့ ကျွန်တော်လဲ စေတနာနဲ့ ပေးတာဆိုတော့ မလိုချင်ပေမယ့် စေတနာကို အသိအမှတ်ပြုယူခဲ့တယ်… အပြန်လမ်းမှာဒီဥတွေကို ကုန်အောင်လဲ မစားနိုင် ဘာလုပ်ရင်ကောင်းမလဲတွေးရင်းနဲ့ ကျွန်တော့်အိမ်ကို သတိသွားရမိတယ်… အမေသတိရတိုင်းပြောတဲ့ ရာဇဝင်ထဲတွင်စေတဲ့ ကျွန်တော်နဲ့ ဥ အကြောင်းပြောပြမယ်..

ကျွန်တော်ငယ်ငယ် လေးကတည်း ကပေါ့... (ငယ်တယ်ဆိုပေမယ့် တော်တော်လေး သိတတ်တဲ့ အရွယ် ရောက်နေပါပြီး)… ဥ ဆိုရင် ကျွန်တော်က ဘဲဥ၊ ကြက်ဥ၊ ငုံးဥ၊ ဥ မှန်သမျှ အကုန်မုန်းတယ်… လုံးဝကိုမကြိုက်တာ… ဒါပေမယ့် ပါမုန့် ကြက်ဥကြော်ကိုတော့ ကြိုက်သဗျာ… အသီးအရွက် အမျိုးအစားမှာပါတဲ့ … ကန်စွန်းဥ၊ ဝဥ ၊မုန်လာဥ ၊ပီလောပီနန်ဥ… ဒီဥတွေကိုတော့ တော်တော်လေး ကြိုက်တယ်… ကျွန်တော်တို့ အိမ်က အိမ်သား ငါးယောက်ထဲမှာ ဥမစားတာ ကျွန်တော် တစ်ယောက်ပဲ ဆိုတော့ လေးမဲ တစ်မဲနဲ့ ရှုံးလေ့ရှိတယ်…

ကျွန်တော် ဥကိုမုန်းသလောက် ညီ နဲ့ ညီမ က တော်တော်လေးကြိုက်တယ်လေ… အမေက သူတို့  လေးတွေ ကြိုက်မှန်းသိတော့ ဘဲဥဟင်း၊ ကြက်ဥဟင်းတို့ကို ပြုတ်ချက်၊ ကြော်ချက်… ချက်နည်းမျိုးစုံ သုံးပြီး ချက်ကြွေးလေ့ရှိတယ်… ဒီဥဟင်းက အချိန်လဲ သက်သာတယ်… လူလဲသက်သာ တယ်ဆိုတော့ အမေခမျာ တစ်ပတ်မှာ လေးရက်လောက် ချက်ချင်နေတယ်လေ..

ကျွန်တော် ဥမကြိုက်တာကို သိတော့လဲ ဟင်းချက်ရင် ငါးခြောက်ဖြစ်ဖြစ် အာလူး၊ ခရမ်းသီးဖြစ်ဖြစ် ရောချက်တယ်… ကျွန်တော်က အဲဒါလေးတွေပဲ ရွေးစားရတာ... အငယ်နှစ်ကောင်က ကျတော့ ဥလဲ စားရတယ်…ငါးခြောက်ဖတ်ကလဲ ပါလိုက်သေး… အာလူးဆိုလဲ နှစ်တုံးလောက်ရတယ် ဆိုတော့ ကြာတော့လဲ စိတ်ထဲမှာ တင်းတင်းလာ တာပေါ့…

တစ်နေ့ ကျွန်တော် မီးဖိုချောင်ထဲမှာ ဟင်းချက်နေတဲ့ အမေ့ကို ဘာဟင်းလဲလို့ လှမ်းမေးတော့ အမေက သွားစရာလေးရှိလို့ မြန်မြန်ပြီးအောင် ဥဟင်းတဲ့… စိတ်ထဲမှာ ထောင်းကနဲ ဖြစ်သွားတယ်… တနေ့ကပဲ ကြက်ဥမွှေချက်ချက်ပြီးတယ်… ဒီနေ့တစ်ခါ ဘဲဥကို ရေကျန်ဆီပြန် ကာလသားချက်တဲ့လေ… စိတ်တိုတိုနဲ့ အမေ့နားသွားပြီး အမေဖွင့်ပြတဲ့ ဟင်းအိုးလေးကို ကြည့်လိုက်တော့ ဆီတဝင်းဝင်းနဲ့ ဖြူဖြူဖွေးဖွေး ဥတွေ… ကြည့်ရင်းကြည့်ရင်း ဒေါသတွေက တဖွားဖွား…

စိတ်ထဲမှာလဲ အခဲက မကျေချင်… တစ်ခါလာလဲဒီဥ နှစ်ခါလာလဲဒီဥ… သူမအားတိုင်း ချက်ပဲချက်နိုင်တဲ့ ဒီဥဆိုပြီး ဟင်းအိုးနဲ့အတူ အမေလုပ်သူကို ဒေါသဖြစ်လာတယ်… ဒါနဲ့ အမေ့ကို “ကျက်ပြီးလာအမေ” လို့ မေးတော့… အမေက “အံမယ်… ငါ့သားစိန်က ဒီနေ့ကျတော့ အမေ့လက်ရာကို သွားရည်ယို နေပြီးပေါ့ ဟုတ်လား… စားချင်နေတယ်ပေါ့လေ… ကြည့်လိုက်စမ်းဘာအုံး… ဘယ်လောက်ကောင်း သလဲဆိုတာ…လျှာလည်လို့ ဆွေမျိုးမေ့သွားမယ်... ကျက်ပါပြီးရှင်” ဆိုပြီးဟင်းအိုးကိုထပ်ဖွင့်ပြတော့…

ကျွန်တော်လဲ တင်းတင်းနဲ့ ဒီလောက်တောင် ချက်ချင်နေတဲ့ ဥဟင်း လျှာလည်လို့ ဆွေမျိုးမေ့အောင် စားကောင်းစေရမယ် ဆိုပြီး ဘောင်းဘီဇစ်ကိုဖွင့် ဟင်းအိုးထဲ ကို ရှူးရှူးတွေ ပန်းလိုက်တာပေါ့ဗျာ… အမေခမျာ “အဲတော့ တကယ် ပေါက်တယ်တော့်” ဆိုပြီး ဟင်းအိုးကို နမ်းလိုက် ကျွန်တော်ကို ငေးကြည့်လိုက်နဲ့ အမေ့ခမျာ ငိုမလို ရယ်မလို… အိမ်ရှေ့မှာ ဧည့်သည်နဲ့စကားပြောနေတဲ့ အဖေကို ဟင်းအိုးပြပြီး လှမ်းတိုင်ပါလေရောဗျာ…

အဖေ နောက်ဖေးဝင်လာတော့ ဟင်းအိုးကို ထပ်နမ်းပြီး ဒေါသထွက်တဲ့ မျက်နှာနဲ့ “မင်းကွာ” ဆိုပြီးရိုက်မလို့ နှီးဖျားနဲ့ ရွယ်ရုံရှိသေး… “အောင်မလေး သေပါပြီးဗျ” လို့ ကြိုအော်တော့ သူခမျာ တကယ်ပဲ ရိုက်ရမလိုလို… ပြန်ပြီးချော့ရမလိုလို အမေကတော့ ဟင်းကိုပဲ သွန်ပြစ်ရတော့ မလိုလို… ဥတွေကိုရေဆေးပြီး ထပ်ချက်မလိုလိုနဲ့ တော်တော်စိတ်ကုန်သွားပြီး သွန်လိုက်ရတယ်… တနေကုန်လဲ ပရိတ်ရွတ်သလို ပွစိပွစိလုပ်နေတာ မပြီးတော့ဘူး… ကျနော့်ကို ဒဏ်ခတ်တဲ့ အနေနဲ့ ဆီနဲ့ ဆားနဲ့ ထမင်းစားလိုက်ရတယ်…… မိန်လိုက်တာ... ဥဟင်းထက်တော့ ကောင်းတယ်…..

ထိုအချိန်မှစ၍ပေါ့ …

အိမ်မှာ ဥဟင်းချက်ရင် အမေက ကျွန်တော် မမြင်အောင် ချက်ပြီးတာနဲ့ ဖွက်တော့တာဘဲ... တစ်ခါတစ်လေများ အမေက ကျနော်ရှိတဲ့အချိန် ဟင်းကို သိမ်းထားဖို့များ မေ့ခဲ့ရင်… ညီမလေးက အစ အဖေ အဆုံး ထမင်းစားခါနီး ဟင်းအိုးကို ပြေးနမ်းလိုက်… ကျွန်တော့် မျက်နှာကို လာကြည့်လိုက်... ပြုံးစိစိနဲ့ ထမင်းမစားခင် အလုပ်ကို ရှုတ်လို့…

အခုချိန်ထိ အမေက အိမ်မှာ ထမင်းလာစားတဲ့ ဧည့်သည်တိုင်းကို ကျွန်တော် ရဲ့  ဥ ရာဇဝင် အကြောင်း အမြဲ ပြောပြတုန်းပဲ… အမေက ဘယ်တော့မှလဲ မေ့မှာမဟုတ်ပါဘူး… ဒီရောက်တော့ ဥကို မကြိုက်လဲ စားဖြစ်နေတယ်… တစ်ခါတစ်လေ အမေနဲ့ ဖုန်းစကားပြောလို့ “သားဘာဟင်းချက်လဲ” လို့မေးတဲ့အခါ ကျနော်ဥဟင်းချက်တာနဲ့ဆုံခဲ့ရင် ကျနော်က “ဘာဟင်းရှိမလဲ အမေရယ် ကျနော်သိပ်ကြိုက်တဲ့ “သေးဥဟင်း” ပေါ့ ”လို့ပြောရင် အမေ့ခမျာ တစ်ခစ်ခစ်နဲ့ သဘောကျလို့ မဆုံး…

သြော် … ကျွန်တော် မကြိုက်တဲ့ ဥ…. အခုတော့ တပွေ့ တပိုက်ကြီးဗျ…


ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Thursday, 18 June 2009

လတ်တလော ခံစားချက်

အခုရက်ပိုင်း စိတ်ညစ်နေတယ်... နေကမကောင်းဘူး... ခေါင်းကရိုက်ခွဲ ချင်မိလောက်အောင် ကိုက်နေတယ်...ဘာကြောင့်လဲ မေးရင်ငိုမိတယ်... ယောကျာ်းလေးဆိုတော့ ငိုရင် အကိုတွေ အမတွေက ကြိုက်မှာမဟုတ်ဘူး... အားတင်းထားတယ်... အိမ်ကို ဖုန်းမဆက်တာ (၃)လရှိသွားပြီး... အဖေလုပ်သူက သားဖုန်းမလာတော့ စိတ်မကောင်းဘူး... မျှော်နေတယ်... သူငယ်ချင်းလုပ်သူကို ဖုန်းဆက်ပြီး အမေနဲ့ အဖေက သားအကြောင်း ရင်ဖွင့်တယ်... သားလုပ်သူက ဖုန်းမဆက်ဘူးတဲ့... သားကကျောင်းတက် နေတာ ခုလောက်ဆို ပြီးရောပေါ့တဲ့လေ... အဖေတို့ ထင်သလို မလုပ်ပေးနိုင်တဲ့ အတွက် အလွန်တရာ ဝမ်းနည်းမိနေတာ... ဒါကြောင့် အဖေအသံကြားရင် ငိုမိမယ်... စိတ်မကောင်းဖြစ်မယ် ဆိုပြီး ဖုန်းမခေါ်ဘူး ပေတေပြီးနေနေတယ်... သူငယ်ချင်းလုပ်သူက နင့်အဖေက နင့်အသံကြားချင်မှာပေါ့... နင်ခေါ်လိုက်ပါ ဆိုတော့ ဖုန်းခေါ်လိုက်တယ်... သားလုပ်သူက အဖေထင်ထားသလို ဘွဲ့ရဖို့ ပညာသင် မဟုတ်တဲ့ အတွက် အဖေနဲ့ ဖုန်းပြောတဲ့အခါ မျက်ရည်က အတောက်လိုက်... အဖေကတော့ မျှော်လင့်ချက်တစ်ခု... အဖေ့ကို လိမ်ခဲ့တာ မဟုတ်ပေမယ့် တနေ့တော့ အဖေဖြစ်ချင်သလို ဖြစ်လာမယ်ဆိုပြီး ရေလိုက်ငါးလိုက်နေခဲ့တာပါ... ထားပါတော့... အဖေနဲ့ ဖုန်းပြောပြီးတော့ ရင်ထဲမှာ မကျေနပ်ချက်တွေက များလာတယ်... ကိုယ့်ကိုယ်ကိုယ်ပါ... ငါ့အဖေဖြစ်စေချင် သလိုမဖြစ်တာလဲ့ဘဝဆိုပြီးတော့....


ဒါနဲ့ ညနေစားသောက်ဆိုင် ကိုအလုပ်သွားတယ်... အလုပ်ဝင်တော့ (SEA BASS)လို့ ခေါ်တဲ့ငါးတွေကို (fillet) လုပ်ဖို့ သူဌေးက ဝယ်ထားတယ်... ခါတိုင်းလဲ လုပ်နေကြ... ဆယ်နှစ်ကောင် လောက်ရှိမယ်... လုပ်နေရင်း စိတ်မကောင်းစရာ စဉ်စားမိတယ်... ခေါင်းကလဲ သေအောင်ကိုက်နေတယ်... ငါးအနံ့နဲ့ဆိုတော့ ပိုဆိုးတယ်... ဘယ်လိုဖြစ်တယ်မသိ... ရှိနေတဲ့ ငါးအားလုံးကို စိတ်တိုတိုနဲ့ နှုတ်နှုတ်စဉ်း မိရက်သားဖြစ်သွားရော...

သူဌေး လင်မယားကမြင်တယ်... ဒါပေမယ့် သူတို့သားလို ဖြစ်နေတဲ့ ကျနော့်ကို တစ်ခွန်းမှ အပြစ်မတင်ပဲ အဲဒီငါးတွေကို ငါတို့ဒီည အမြည်းလုပ်မယ် ဆိုပြီး နောက်သေးတယ်... ဘယ်လိုမှ ထိန်းချုပ်လို့ မရဘူး... အလုပ်လုပ်နေရင်းနဲ့ မျက်ရည်က အတောက်လိုက်...

သူဌေးက စိန်ရေ... ဝိုင်သောက်လိုက် ပြီးရင်အိပ်လိုက် ဆိုပြီး ဝိုင်သောက်တယ်... တိုက်တာက နည်းနည်းပါ... ကျနော်က ညစ်ညစ်နဲ့ သောက်မိတာက များတယ်... မူးတယ်ပေါ့... အဲဒီညက ဆိုင်ကယ်စီးလာတာ ရဲတားတယ်... ဒဏ်ကြေးဆောင် ရမယ်ဆိုတာပဲ သိလိုက်တယ်... အိမ်ရောက်တော့ သံယောဇဉ် ဘလော့လေးကို ဝင်တယ်... လာနေကျ အကိုကြီးထွေး နဲ့ မအယ်လေး က အဲဒီညက မလာဘူး... မအားတာနေမှာ... အွန်လိုင်းမှာတွေ့တဲ့ မငုံရယ် ညီမလေးရုံလေးရယ်ကို ရစ်မိတယ်... ပြီးတော့ အမတစ်ယောက်ကို ရစ်တယ်... ရစ်တယ်ဆိုတာ ဆဲတာမဟုတ်ဘူး... ဝမ်းနည်းမိတာ... ဖွင့်ချလိုက်တာ... ပြီးတော့ အကိုကြီးထွေး စီဘုံးမှာ မလာလို့ စိတ်မကောင်းတဲ့ အကြောင်းသွားရေးမိတယ် မူးပြီး ရိုက်တော့ (caps lock) ပွင့်နေတာ မသိဘူး... စာတွေ မပေါ်ဘူး... အကိုလုပ်သူကို စော်ကားသလို ဖြစ်သွားတယ်... ဒီနေ့ထိ ရင်ထဲမှာ မကောင်းဘူး... ခံစားလွယ်တာခက်တယ်... အကိုလုပ်သူက ညီလုပ်သူကို အပြစ်တောင် မပြောဘူးလေ... ဒါပေမယ့် ခုချိန်ထိ ဖြေလို့မရသေးဘူး...


ပြီးတော့ မကြီးခင်ဦးမေ ဘလော့ကိုသွားတော့ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန် ပိုစ့် မှာ ဖတ်လိုက်ရတယ်... ဖတ်နေရင်းနဲ့ ငိုမိပြန်ရော... အမကြီးက သူ့ အကြောင်းလေး ရေးထားတာပါ... မူးလွန်တော့ အိပ်သွားတယ်... အိမ်မက်ထဲမှာ မကြီးခင်ဦးမေကို စွဲပြီး သူက အိမ်မက်ထဲထိ ပါလာတယ်... နိုးလာတယ်... သူ့ပိုစ့်ကို ပြန်ဖတ်တယ်... ဘာကြောင့်မှန်း မသိ မျက်ရည်က တောက်တောက်ကျတယ်... ဝမ်းနည်းတယ်... ကိုယ်ချစ်တဲ့ အမတွေ အကိုတွေကို အကောင်းဆုံးပဲ ဖြစ်စေချင်တယ်...


အဲဒီမတိုင်ခင် ကလည်း မခင်ဦးမေ ကို တစ်ယောက်ယောက်က နောက်သွားတဲ့ စကားလေးတစ်ခွန်း... တော်တော်စိတ်မကောင်းဘူး... မခံမရပ်နိုင် ဖြစ်ရတယ်... စဉ်းစားရင် အိပ်တောင်မပျော်ဘူး... ပြီးတော့ ကိုကြီးရင်နော် စီဘုံးမှာ လက်သရမ်းသွားတဲ့ ကိစ္စ... မသိလိုက်ပေမယ့် ညီပေါ်ပေါ် ပြောပြတဲ့ အချိန်မှာ တော်တော် စိတ်မကောင်းဖြစ်ရတယ်... အကိုကြီး ကိုယ်တိုင် ဖတ်လိုက်ရတဲ့ မကောင်းတာတွေ ရေးထားတဲ့စာ တော်တော် စိတ်ထဲ ဝမ်းနည်းမှာပဲဆိုတာ တွေးကြည့်ရင်း အကိုကြီးရင်နော် အတွက် စိတ်ထဲမကောင်းဘူး... နေလို့မရဘူး... ပြီးတော့ မအယ်လေး စီဘုံး... မကောင်းကင်ပြာစီဘုံး... မှာ လက်သရမ်းတဲ့ကိစ္စတွေ... တော်တော်စိတ်မကောင်းဖြစ်ရတယ်..


အရင်ကလဲ မကြီးဝါ ကိုရေးတာတွေ... မကြီးနော် ကိုစီဘုံးမှာ အော်သွားတာတွေ... ဖတ်ပြီးစိတ်မကောင်းဖြစ်ရတယ်... ဒေါသဖြစ်တယ်... ကျနော်ကလူတစ်မျိုး... ကိုယ့်ကိုလာပြောရင် ဒီလောက်ဒေါသဖြစ်မှာ မဟုတ်ဘူး... ကိုယ့်ချစ်တဲ့သူကို သွားပြောရင်တော့ မခံနိုင်တာ အကျင့်တစ်ခုလိုဖြစ်နေတယ်... ဒီလိုကိစ္စတွေကြောင့်လဲ ရင်ထဲမှာစိတ်မကောင်းဘူး ဖြစ်နေတယ်...



နောက်တစ်ခုက ဒီရောက်တာ ငါးနှစ်ရှိနေပြီး... ဒါကြောင့် ပြန်ဖို့အချိန်ကျနေပြီးလေ... ပြန်ဖို့ ဖိုးစိန်အဆင်သင့် မဖြစ်သေးဘုး... ဆက်နေဖို့ လုပ်နေရတယ်... ပိုက်ဆံတွေ မတန်အောင်ပေးပြီး မျက်နှာငယ်လေးနဲ့ တောင်းပန်ရအုံးမယ် ကျောင်းကို... ဒီကိစ္စအတွက် တင်းခံနေရတာ... ရင်ထဲမောတယ်... ပြန်လို့ကလဲ ဘာမှ မသေချာဘူး... ဘယ်သူ့မှ မပြောချင်ဘူး... ခုတော့ ရေးမိတယ်...


ဒီလိုဒီလို ကိစ္စတွေများလာတော့ ရင်ထဲမှာ မခံစားနိုင်တော့ဘူး... စဉ်းစားတဲ့ခေါင်းကလဲ မကောင်းတော့ ရူးချင်သွားပြီး... လုပ်ချင်ရာလုပ်မယ်ပေါ့.... မနေ့က မေလေးဆီက စိတ်ဖြေနည်း ဖတ်ခဲ့တယ်... ပြုံးမိသေးတယ်... ဘာကြောင့်လဲဆိုတော့ အမူးပြေပြီး နောက်နေ့ အကိုတစ်ယောက်ကို အမှားလုပ်မိတဲ့ ညီအဖြစ်လည်းကောင်း အဖေလုပ်သူရဲ့ ဆန္ဒတစ်ခုကို မဖြည့်ဆည်းနိုင်တဲ့ သားအဖြစ်လည်းကောင်း ကိုယ်တိုင်မသုံးမကျတဲ့ လူလို့ထင်ပြီး အိမ်တွင်းအောင်တယ်... မြင်သမျှ တွေ့သမျှ ကိုက်ဖြတ် ပေါက်ခွဲ.... ရလာဒ်က နွေ အကျီတွေ အပိုင်းပိုင်းပြတ်... အခန်းတစ်ခုလုံးလဲ အကွဲအပြဲ... နေစရာ ကုတင်တစ်နေရာစာပဲ ကျန်တယ်... ခုထိရှင်းနေတုန်း... ရှင်းရင်းနဲ့ စိတ်ကတိုလာလေ... ခံစားလေ ငိုမိလေ... ပြန်ဖွလေ... သံသရာ မဆုံးသေးဘူး...


ဒီကြားထဲ ကျောင်းကခေါ်နေသေးတယ်... ဘာလုပ်မှာလဲတဲ့... လုပ်မှာပါ... နေပါအုံး... ဦးနှောက်က မခံနိုင်သေးဘူး... ငါပြန်လို့ မဖြစ်သေးဘူး... ငါလာမှာပါလို့ စိတ်ထဲကပဲပြောနေမိတယ်... အကိုတွေ အမတွေ အိမ်အလာကို မျှော်မိတယ်... နက်ကမကောင်းဘူး... သူတို့အိမ် သွားရင် အလိုလိုနေရင်း မျက်ရည်ကျပြန်ရော... ဒါနဲ့ဘလော့ပိတ်လိုက်တော့မယ်လို့... နေဒေးကို ပိတ်နည်းလှမ်းတောင်တယ်... နေဒေးက စိတ်မကောင်းဖြစ်တယ်... ကိုယ်တိုင်လည်း မျက်ရည်နဲ့ ရေးထားတဲ့စာတွေ ရှိတယ်လေ... မဖျက်ရက်ပါဘူး... ဒါကြောင့် ပိတ်လိုက်မယ်ပေါ့ အလွမ်းပြေ ကြည့်မယ်ပေါ့... မရပါဘူး... အမတွေ အကိုအိမ်တွေ လိုက်ချောင်းပြီး မျက်ရည်ကျ... အိပ်မက်တွေမက်... ညီညီမလေးတွေကို မျှော်မိတော့ နောက်နေ့မှာ စာရေးကောက်တင်မိပြန်ရော... အမှန်တော့ စုံထောက်ဇာတ်လမ်းက တစ်သက်နဲ့ တစ်ကိုယ်ရေးဖို့ အိပ်မက်တောင် မမက်ဖူးဘူး... ဝသန်ကရေးပါဆိုတော့ ပျော်စေပျက်စေ... အရူးကို ဘုံမြှောက်ပေးသလို ဖြစ်သွားတော့ ရေးထားတာတွေက ပေါနေတယ်... သိပေမယ့် စိတ်ထဲက ဖြေဆေး တစ်ခုအနေနဲ့ ရေးမိတာပါ... အမှားပါရင် ခွင့်လွှတ်ကြပါ...


ဒီမနက်လဲ မကြီးရောင်ပြန်ဆီက အီးမေးလ်ရတော့ စိတ်မကောင်းဖြစ်ရပြန်တယ်... မရေးတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ ခိုလိုညည်းချင်းပို့စ်ကို အခုမျက်ရည်တစ်ဝက်နဲ့ ရိုက်တင်လိုက်တယ်... စိတ်မကောင်းဘူး...


ကျနော့်အဖေ့ ဆန္ဒလေးပြည့်စေချင်တယ်.... ကျနော့်အမေငိုတာ မကြည့်ချင်ဘူး...

ကျနော့်ညီမလေးကို နေကောင်းစေချင်တယ်...

ကျနော့် ချစ်တဲ့ ဘလော့ပေါ်က အမတွေကို စိတ်ချမ်းသာစေချင်တယ်... နေကောင်းစေချင်တယ်...

ကျနော်ချစ်တဲ့ အကိုတွေကို အမြဲ ပြုံးနေစေချင်တယ်...

ကျနော်ချစ်တဲ့ အပြစ်ကင်းတဲ့ ညီညီမတွေကို အမြဲတမ်း အိမ်လာရင်ပျော်စေချင်တယ်...

ကျနော့်ကို ညီတစ်ယောက်လိုချစ်တဲ့ အကိုတွေကို စော်ကားမိတယ်ဆိုရင် တောင်းပန်ပါတယ်..

အမတွေကို စမိနောက်မိတယ်ဆိုရင် ဝမ်းနည်းစွာတောင်းပန်ပါတယ်...


တစ်ခုတော့ ပြောပါရစေ... ကျနော်က ခံစားလွယ်တယ်... အစွဲအလန်းကြီးတယ်ဆိုတော့ ဘလော့ပေါ်က အကိုတွေ အမတွေ ညီညီမတွေကို တကယ့် မောင်နှမအရင်းအချာလို ဆက်ဆံမိတော့ ရိုင်းသွားတာတို့ လွန်သွားတာတို့ ရှိရင် ခွင့်လွှတ်ပါဗျာ... တစ်ယောက်ယောက်များ အိမ်ကိုမလာရင် ကိုယ့်ကိုဖယ်ထားသလိုခံစားမိတယ်... အဲလောက်ထိ အစွဲအလန်းကြီးတယ်... အိပ်မက်မက်တဲ့အထိပေါ့လေ... နားလည်စေချင်ပါတယ်...

ခုလဲခံစားနေရတာတွေ များနေတော့ မတတ်နိုင်ဘူး... ခုရေးနေတာ ဘာတွေမှန်း ကိုယ့်ကိုယ်ကိုယ်သိအောင် ပြန်ဖတ်ဦးမယ်.. သေချာတာက အခုရေးနေရင်းနဲ့ မျက်ရည်ကျတယ်...

ဒါပဲပြောနိုင်တယ်...

မကြီးတွေ အကိုကြီးတွေ ညီတွေ ညီမတွေ စိတ်ညစ်သွားလား... ဝမ်းနည်းသွားလား... ကျနော်လဲစိတ်မကောင်းပါဘူး... ဒီလိုပိုစ်ကိုရေးတာထက် ဟာသပိုစ့်ကို ပိုရေးချင်ပါတယ်...
ခွင့်လွှတ်ကြပါ...
ခုချိန် အဖြစ်ချင်ဆုံးဆန္ဒဆိုရင် ဦးနှောက်သွေးကြောပြတ်ပြီး ဘိုင်းကနဲ သေချင်တာပဲ... ကံကအဲလောက်ထိ မကုန်သေးဘူးလေ... ဆပ်ရအုံးမယ်...

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

(ငိုမိတဲ့သူများ ဘလော့တိုင်မှာ ဖိုးစိန်ငယ်ငယ်က လုံချည်လေး ချည်ထားတယ်... နှပ်တွေ မျက်ရည်တွေသုပ်ဖို့... လုံချည်က ဖိုးစိန် ပထမနှစ်သိမ့်ဆုယူတုန်းက လုံချည်... မလျှောထားဘူး... အားရပါးရသုတ်သွား) ဒီတစ်ကြောင်းလေးနဲ့ ပြန်ဖြေထား ပေးတယ်....

အားလုံးပျော်ရွှင်ပါစေ

Tuesday, 16 June 2009

စုံထောက်ကြီးဖိုးစိန် နှင့် စိန်တိုက်ပိုင်ရှင် မေတ္တာရောင်ပြန် အတွင်း ပစ္စည်းပျောက်ဆုံးမှု့

သာယာသော ညနေခင်း တစ်ခု၌ ကျုပ်စုံထောက်ကြီး ဖိုးစိန် ချစ်ညီအရဲ နှင့် ချစ်ယောက်ဖအိုင်ခီ တို့သည် အထပ်တစ်ရာ အမြင့်ရှိသော မှန်သားအတိဖြင့် ဆောက်လုပ်ထားသည့် သက်ပိုင်သူ ကိုယ်တိုင် စိတ်တိုင်းကျ ခေတ်မှီရှေ့ဟောင်း နည်းပညာဒီဇိုင်း များဖြင့် ပေါင်းစပ်တန်ဆာဆင်ထားသော ပိုင်ပိုင် ကော်ဖီဆိုင်တွင် Elvis Presley“Suspicisous Mind” သီချင်းလေးကို ကော်ဖီသောက် နားဆင်ရင်း ပလူတိုဂြိုလ်တွင် ဘလော့ဂါများနှင့် ခြိမ့်ခြိမ့်သဲ ကျင်းပပြုလုပ်မည့် ညီမငယ် ထာဝရကြယ်စင် မိုးခါး မွေးနေ့အတွက် စကားလက်ဆုံကျနေစဉ်

“တိ… တိ… တိ…တီ............”

ဟူသော အသံနှင့်အတူ ကျုပ်၏ လက်မောင်းတွင် ပတ်ထားသော အချက်ပေးကရိယာမှ အစိမ်းရောင် မီးလင်းလာလေသည်။


“ကိုကြီးယောက်ဖရေ… အစိမ်းရောင်မီးလင်းပြီး ဆိုတော့ ဒါကျနော်တို့ အတွင်းလူပဲ… ”


“သေချာတယ်… လေးချက်မြည်တယ်… ဘလောဂါထဲက ဖြစ်ရမယ် လပ်ဖ်လီး ဘရားသားရေ”…


“အေးကွ… ဒါမကြီးရောင်ပြန်ဆီက… တစ်ခုခုဖြစ်ပြီးထင်တယ်.. နေအုံး ဖုန်းဖွင့်လိုက်မယ်”


လက်ဝါးသာသာရှိသော ဖုန်းလေးကိုဖွင့်လိုက်သောအခါ မကြီး၏ စိုးရိမ်ပူပန်မှု နှင့် ဝမ်းနည်းနေသည့်မျက်နှာလေးကို မြင်ရပြီး


“မောင်လေးရေ… ခုမြန်မြန်လာ…ကယ်ပါအုံး မကြီး အတွင်းပစ္စည်းပျောက်သွားပြီး ဒီကိစ္စပြောချင်တယ်”

ဆိုတော့ ကျုပ်တို့ယောက်ဖိ ယောက်ဖသုံးယောက်လဲ အချိန်မဆိုင်းပဲ လေစကိတ်စီးလို့ မကြီးစိန်တိုက်ရှိရာဆီသို့…..


မကြီးရောင်ပြန် ဆိုသူမှာ မေတ္တာရောင်ပြန် စိန်တိုက် ပိုင်ရှင်ဖြစ်ပြီး ဂြိုလ် အသီးသီးမှ တင်သွင်းလာသော အဖိုးတန်ကျောက်များနှင့် စိန်များကို မူပိုင်တစ်ဦးတည်း ကိုယ်စလှယ်ယူ ရောင်းချသူ ဖြစ်ပြီး စိန်လောကတွင် မကြီးမေတ္တာရောင်ပြန်က ကမ္ဘာကျော်လေသည်… မကြီး၏ ယောက်ျားလုပ်သူ မောင် မှာ ယခုအခါ ကမ္ဘာ့ထိပ်သီး အထူးစီမံကိန်း ဖြစ်သော ပလူတိုဂြိုလ်အား လေဖိအားသုံးပြီး ကမ္ဘာမြေကြီးနှင့် အနီးဆုံးသို့ ဆွဲယူထားရာတွင် သိပံနည်းပညာ များသုံး၍ ဖော်မြူလာများ ရှာဖွေတွေ့ရှိခဲ့သူအဖြစ် မဟာသိပံနှင့် နည်းပညာ ဂုဏ်ထူးဆောင် ဆုရရှိခဲ့သူ တစ်ဦးဖြစ်သည်။ (ယခုအခါ ကမ္ဘာလှည့် ခရီးသွားများ လှည့်လည်နိုင်အောင် ကမ္ဘာ-ပလူတိုဂြိုလ် လေဟာနယ် တံတားတစ်စင်းဆောက်ရန် ကမ္ဘာဂုဏ်ဆောင် မြန်မာ့လမ်းတံတား အင်ဂျင်နီယာခေါင်းဆောင် နေဒေးသစ် မှ မကြီးမောင်နှင့် အတူ တာဝန်ယူထားခြင်းဖြစ်လေသည်။ )


ထိုကဲ့သို့သော နာမည်ကျော်ကြားသည့် လူနှစ်ယောက်၏ အတွင်းပစ္စည်း ပျောက်ဆုံးမှူ့ လူသိရှင်ကြား ဖြစ်သွားပါက လူစိတ်ဝင်စား နာမည်ကြီးသည့် အမှုဖြစ်လာသည်နှင့်အညီ တစ်ကမ္ဘာလုံး တုန်လှုပ် စိတ်ဝင်စားမှာ အမှန်ပင်… အမှုမှန်ကိုဖော်ထုတ်နိုင်ပါက ကျုပ်တို့ယောက်ဖ သုံးယောက် ကမ္ဘာကျော်မည့်အရေး တွေးကြည့်ရုံမျှဖြင့် အပြုံးတွေ ပီတိတွေ အသောမသတ်နိုင်ဖြစ်နေလေသည်။

ဒီလိုနဲ့ မကြီးရှိရာ စိန်တုံးပုံစံ အလူမီနီယံနှင့် ဖန်သားများဖြင့် တည်ဆောက်ထားသည့် စိန်တိုက်သို့ရောက်သောအခါ ငိုတော့မယောင် ပူပန်မှုမျက်နှာဖြင့် “မောင်လေးတို့ရေ.. မကြီးကို ကူညီပါအုံး… ဒီကိစ္စ အပြင်လူသိလို့မဖြစ်ဘူး… အထူးသဖြင့် မကြီးရဲ့မောင်… သူသိလို့လုံးဝ မဖြစ်ဘူး… ဒီပစ္စည်းက မောင်အမြတ်တနိုး ဝယ်ထားပေးတာ…သိရင်မိုးမီး လောင်လိမ့်မယ်.. ကူညီပါအုံးး…”


“နေပါအုံး မကြီးရယ်… အကျိုးအကြောင်းလေး ကိုသိပါရစေအုံး… စိတ်မပူပါနဲ့… ကျနော်တို့ သုံးယောက်ရဲ့ ပညာက မသေးပါဘူး… စိတ်ချပါ… မကြီးဖြစ်ပုံကိုသာ သေချာရှင်းပြစေချင်ပါတယ်…”


“ဒီလိုငါ့မောင်ရဲ့… အရင်က ဒီပစ္စည်းကို မကြီးတို့က အိမ်မှာပဲထားတယ်… လွန်ခဲ့တဲ့ အပတ်ကမှ မကြီးမောင်က အလုပ်ကိစ္စနဲ့ ပလူတိုဂြိုလ် ပြန်ရမယ်ဆိုတော့ ဒီအတွင်းပစ္စည်းတွေကို စိတ်ချရအောင် အရေးကြီး ပစ္စည်းအားလုံးကို ဒီဘက်ကို ရွှေခဲ့တယ်လေ… ဖယ်ရီကားနဲ့ နှစ်ခေါက်စာတိုက်ခဲ့ရတယ်… ဒီပစ္စည်းတွေကို တံခါး (၅)ထပ်ရှိတဲ့ အခန်းထဲမှာ ထားတယ်… တံခါးတစ်ထပ်စီရဲ့ လျှို့ဝှက်နံပတ်က အစ မတူညီဘူးလေ… ပြီးတော့ မကြီးနဲ့ မောင့် လက်ဗွေရာနဲ့မှ ဒီအခန်းကို ဝင်လို့ရတယ်… ခု ညီမလေး မိုးခါးမွေးနေ့မှာ ဒီပစ္စည်းလေး ထုတ်သုံးမယ်ဆိုပြီး ဒီနေ့ အလုပ်မပြန်ခင်ဝင်ယူတော့ မကြီးချာချာလည်သွားတယ်… ကျန်တဲ့ပစ္စည်းတွေ ရှိတယ်… ဒီပစ္စည်းမရှိတော့ဘူး… ကူညီပါအုံး မောင်လေးရယ်… မကြီးဒီပစ္စည်း ပြန်မရရင် မကြီးသေလိမ့်မယ်… မောင်အမြတ်တနိုး ထားတဲ့ပစ္စည်းလေး”


“မကြီး ကျနော့်ကို အဲဒီလျှို့ဝှက်ခန်းကို လိုက်ပြပါ… ပြီးရင် မကြီးစိန်တိုက်က ဝန်ထမ်းအားလုံးနဲ့ တစ်ယောက်ချင်းစီ စကားပြောချင်တယ်… လုပ်ပေးပါ”


လျှို့ဝှက်ခန်းကိုဝင်တော့ ထုံးစံအတိုင်း ညီအရဲက ဓာတ်ပုံများကို မှတ်တမ်းတင် လက်ဗွေရာများကို စကမ်ဖတ်ပြီး ယောက်ဖလုပ်သူက သဲလွန်စရနိုင်မည့် အရာမှန်သမျှ အိတ်တစ်လုံးအတွင်းသို့…


“မကြီးရဲ့တိုက်မှာ စည်းကမ်းတစ်ခု ရှိတယ်… ဝန်ထမ်းအချင်းချင်း ရုံးချိန်မှာ စကားမပြောရဘူး… ဒီအခန်းကို မကြီးရဲ့ စက္ကထရီ ကောင်မလေး တစ်ခေါက်ရောက်ဖူးပေမယ့် သူကလျှို့ဝှက်နံပတ် တွေမသိဘူး… အပြင်တံခါးစောင့်က အလုပ်ဝင်တာ (၆)လပြည့်တော့မယ်… မကြီးလဲ မစဉ်းစားတတ်အောင်ပဲကွယ်”


အခန်းကို စိတ်တိုင်းကျ ကြည့်ရှုစစ်ဆေးပြီးသကာလ မကြီးဝန်ထမ်းများနှင့် မေးခွန်းအနည်းငယ်မေးပြီး ကျနော်တို့ စခန်းရှိရာ ရီနိုမာန် ဟိုတယ်ဆီသို့….



ဟိုတယ် လျှို့ဝှက်ခန်းတွင်တော့…


“လပ်ဖ်လီး လစ်တဲဘရားသားရေ… ဘာတွေရှာတွေလဲ ပြောပါအုံး…”


“အင်း… လက်ဗွေရာတွေ အရ ဒီအခန်းကို မကြီးတစ်ယောက်ပဲ ဝင်တဲ့ပုံပေါ်တယ်… ဒါပေမယ့် ညီတော့ မကြီးရဲ့ အတွင်းရေးမှူးမလေးကို သိပ်မယုံချင်ဘူးနော်… စကားပြောတာ ရှေ့နောက် မညီဘူး… တစ်ခုခုကိုဖုံးထားသလိုပဲ…”


“ဟုတ်တယ်… ကိုကြီးယောက်ဖရေ… ကျနော်လဲ အခန်းစောင့်ကို သိပ်မယုံဖူး… အခန်းစောင့် နေတဲ့ဝန်းကျင်မှာ ကျနော်ဆံပင်ချည်တွေ ရှာတွေ့တယ်နော်… အဲဒီဆံပင်က အတွင်းရေးမှူးရဲ့ ဆံပင်တွေ ဆိုတာကို အတိအကျ ရှာထားပြီးပြီး… သူတို့နှစ်ယောက်ကို မယုံကြည်ရဖူးနော်…”


“အင်း… ဒီအချက်တွေကိုလဲ စဉ်းစားရမှာပေါ့… ဒါပေမယ့် မကြီးကိုကြည့်စမ်း… သူ့ရဲ့လျှို့ဝှက်ခန်းဝင်ဖို့ အချိန်ဘယ်လောက်ယူရမလဲ… သာမန်လူတစ်ယောက် သာဆိုဝင်ဖို့ လုံးဝမဖြစ်နိုင်ဘူးကွ… နောက်ပြီး မကြီးတောင် လျှို့ဝှက်နံပတ်မမှားအောင် သေချာ ဂရုစိုက်ရတယ်ဆိုတော့ အထဲကပစ္စည်းယူဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ… မကြီးပြောတဲ့စကားကို မှတ်မိလား… “ဒီအတွင်းပစ္စည်းတွေကို စိတ်ချရအောင် အရေးကြီး ပစ္စည်းအားလုံးကို ဒီဘက်ကို ရွှေခဲ့တယ်လေ… ဖယ်ရီကားနဲ့ နှစ်ခေါက်စာတိုက်ခဲ့ရတယ်” ဆိုတာလေ… ဖယ်ရီကား ကို မကြီးမောင်က မမောင်းမှာသေချာတယ်… ဒါကြောင့် ဖယ်ရီကားမောင်းတဲ့သူ ကဒီကိစ္စကို သိနိုင်တယ်… ဒီပစ္စည်းက လမ်းမှာပျောက်သွားနိုင်တယ်… စဉ်းစားကြည့်… မကြီးက အိမ်ကနေထည့်ပေးတယ်… မကြီးမောင် ဖယ်ရီအနောက်က လိုက်တယ်… ပစ္စည်းတွေကို အထပ်(၅၀) ထိရောက်အောင် သယ်လာမှာက ဖယ်ရီမောင်းတဲ့သူ… ပြီးတော့ အခန်းစောင့် ကကြိုနေမယ်… ကြားထဲမှာ မကြီးမောင် သတိတစ်ချက် လွတ်တာနဲ့ ဒီပစ္စည်းက ပါသွားနိုင်တယ်နော်… ပြီးတော့ တစ်ယောက်တည်း လုပ်လို့မရဘူး… ဒီပစ္စည်းကို ပြောင်းမယ်ဆိုတာ သိနေတဲ့သူက ဒီစိန်တိုက်က ဖြစ်ရမယ်… အင်းဘယ်သူတွေ ရှိမလဲ… စဉ်းစားကြည့်… ဘယ်သူဖြစ်နိုင်မလဲ… ခက်တာက ဖယ်ရီကားမောင်းသမားက စကားထစ်နေတယ်”


ကျုပ်နာရီကို ကြည့်လိုက်တော့ အချိန်က ည(၁၁)နာရီတိတိ…

“နေအုံး… ဒီညကို မှီနိုင်သေးတယ်… အကိုကြီးအချက်ပြလိုက်တာနဲ့ ညီတို့ အကိုကြီး ရှိတဲ့နေရာကို ရောက်အောင်လာပါ… ခုတော့ အိမ်မှာပဲအေးဆေးစောင့်နေပါ” ဆိုပြီး ကျုပ်ညီနှစ်ယောက် ကိုနှုတ်ဆက်ပြီး ထွက်လာခဲ့လေသည်။


မနက်မိုးစင်စင်လင်း တဲ့အခါကျမှ ကျုပ် ညီနှစ်ယောက်နဲ့အတူ အတွင်းပစ္စည်း ပျောက်ဆုံးနေသူ မကြီးကို တစ်ချိန်တည်း အချက်ပေးဖုန်းဆက်ခေါ်ပြီး တရားခံမိပြီး ဆိုတဲ့အကြောင်း... အေးအေးဆေးဆေးပင် ဖြစ်ကြောင်း... ထိုနေရာကိုလာရန် ချိန်းဆိုလိုက်လေသည်။ ချိန်းဆိုသောနေရာမှာ မကြီး၏ စိန်တိုက် ရှိရာအဆောက်အဦး၏ မြေညီထပ်တွင် ဖြစ်လေသည်။ ညီနှစ်ယောက်နှင့် အတူ မကြီးက မိထားသောတရားခံအား တွေ့သောအခါ အံ့အားသင့်သွားလေသည်။ ထိုသူမှာ အခြားသူ မဟုတ် မထင်မရှား သန့်ရှင်းရေးလုပ်နေသူ အသက်ကြီးကြီး မိန်းမကြီးတစ်ယောက် ဖြစ်နေသောကြောင့်ပင် ဖြစ်လေသည်။


“ဘယ်လိုဖြစ်တာလဲ ငါ့မောင်ရယ်… ရှင်းပြပါအုံး…”


“ဒီလိုမကြီးရဲ့… ကျနော်မနေ့က စကားပြောကြည့်တဲ့ အခါ ကျနော်တို့ ထင်ထားတဲ့ မကြီးအတွင်းရေးမှူးနဲ့ အခန်းစောင့်က မျက်နှာပျက်နေတာမှန်ပါတယ်… သူတို့က သမီးရည်းစား ဆိုတော့ အလုပ်မှာ မကြီးမသိအောင် ခိုးတွေ့ထားလို့ မျက်နှာပျက် နေဆိုတာသိရတယ်… ဖယ်ရီမောင်းတဲ့ကားသမား ကိုမေးကြည့်တော့လဲ သူသိတာ သိပ်မရှိဘူးလေ… မောင်းဆိုလို့ မောင်းလာတဲ့ပုံစံ… စွတ်စွဲခံထိမှာ စိတ်ပူနေပုံ ပဲလေ… ပစ္စည်းပျောက်တယ် ဆိုပြီး မကြီးသိတာကလဲ မနေ့က ညနေဆိုတော့ ပစ္စည်းကို ယူထားတဲ့သူက စိတ်ပူပြီး နေရာပြောင်းမယ်ဆိုတာကို တွက်မိတယ်… ဒါကြောင့် သံသယ ရှိတဲ့သူတွေကို သေချာရအောင်ဆိုပြီး ညကသူတို့နေတဲ့ နေရာတွေ လိုက်စုံစမ်းတော့… သူတို့တွေက အေးဆေးပဲ… ဒါနဲ့ မကြီးစိန်တိုက်ဘက် လှည့်ချောင်းတော့ ဒီမိန်းမကြီးကို ဒီအနီးအနား ပတ်ဝန်းကျင်မှာ တွေ့လိုက်တယ်… မသကာင်္လို့ နောက်ကနေလိုက်တော့ ဒီတိုက်နောက်က ပန်းခြံထဲမှာ ကုန်းကုန်းနဲ့ အပင်တွေကြားက တစ်ခုဆွဲထုတ်လိုက်တယ်… ကျနော်လဲ သေချာပြီး ဆိုပြီးဖမ်းမိတာလေ… ပစ္စည်းတွေ ပြောင်းလာကတည်းက အဖိုးတန် ပစ္စည်းမှန် သူက ရိပ်မိလို့ ဓာတ်လှေကား အတက်မှာတင် ရရာလှမ်းဆွဲလိုက်တယ်...ခုဆွဲလိုက်တဲ့ ပစ္စည်းက ဒါပါဆိုပြီး သူကဝန်ခံပါတယ်… သူကလူမမယ် သားလေးကို လုပ်ကျွေးနေတဲ့ အမေအိုကြီးတဲ့လေ… ဆေးကုဖို့ လိုတာကြောင့် ကြံမိကြံရာ ကြံစည်တာပါတဲ့လေ… ဒါကြောင့် ရဲလက်မအပ်ချင် သေးတာနဲ့ မကြီးတို့ကိုလှမ်းခေါ်လိုက်တာ.. ပစ္စည်းက မှန်ရဲ့လား မကြီး..”


“အင်း… ဒီအထုတ်အတိုင်းဆိုတော့ မှန်ပါတယ်... မထင်ထားဘူး.လေ… ကဲပါ တရားလဲ မစွဲတော့ပါဘူး… မကြီးလဲ ပြန်ရပြီးပဲ… လွတ်ပေးလိုက်ပါ… ဒါပေမယ့် အလုပ်ကနေတော့ ထုတ်လိုက်ပါပြီး” ဆိုပြီး အဖွားကြီး ကိုတော့ သားဆေးရုံတက်ဖို့ ပိုက်ဆံနဲ့ ကောင်းရာကောင်းကြောင်းလုပ်စားဖို့ အရင်းအနှီးပေးလိုက်လေသည်။

ဒီလိုစိတ်ရင်းကောင်းတဲ့ အမကြီးဆိုပြီး ကျုပ်စုံထောက်ကြီးမှာ မိန့်မိန့်ကြီး ပြုံးလို့ အောင်ပွဲခံနေချိန်မှာ ညီနှစ်ယောက်က


“မကြီးရယ်… တရားခံလဲ မိပြီး… မကြီးပစ္စည်းလဲ ပြန်ရပြီး… မကြီးရဲ့ အဖိုးတန်တယ် မြတ်နိုးပါတယ် ဆိုတဲ့ ပစ္စည်းလေးကိုတော့ ညီတွေကို ပြသင့်ပါတယ်ဗျာ… ကိုယ့်အမဆီက မမြင်ဘူးတာ မြင်ဖူးရအောင်ဆိုတော့”


မကြီးက ရုတ်တရက် စဉ်းစားသွားပြီး ကျနော်တို့ကို ရှက်ပြုံးလေးပြုံးလို့...


“အင်းပါ… ငါ့မောင်တွေကို ချစ်တော့လဲ ပြရတာပေါ့လေ… ဟင်းး.ဟင်းးး… ဒီပစ္စည်းလေးက မကြီးမောင်ကလေ မကြီးမွေးနေ့ကို အမြတ်တနိုး ဝယ်ထားပေးတာ… မကြီးအရမ်းကြိုက်တယ်လေ… ပျောက်သွားလို့ မဖြစ်လို့ပါ… အစားမထိုးနိုင်တဲ့ မကြီး အကြိုက်ဆုံး ပစ္စည်းလေး” ဆိုပြီး ပြောရင်းနဲ့ ထုတ်ပြတော့ ကျုပ်တို့ယောက်ဖ သုံးယောက် မကြီးရဲ့ အမြတ်တနိုးပစ္စည်းလေးကို ကြည့်ရင်း အံ့အားသင့်စွာ တပြိုင်နက်ထဲ ထွက်မိတဲ့ တစ်ခုတည်းသောလေသံက


“ဟင်……………ဒါမကြီး ဝတ်နေကျ စကတ်ကြီးးးးးးးးးးးးးးးးးးးးးးးးးးးး”


လွဲတဲ့ အခါလဲ လွဲပေတော့မပေါ့လေ……………


ဘာဖြစ်ဖြစ် တစ်ချက်ပြုံးရင် ကျေနပ်ပါတယ်။


ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

နောက်ထပ်အပ်ထားသောအမှုများမှာ

နာမည်ကျော် ဘလော့ကိုယ်ဖျောက်ဝိဇ္ဖာ ဆရာကြီးဓားထက်ထက်၏ ညီမရှာပုံတော်နှင့်

ကြည်နူးရိပ်မှ တရုတ်မင်းသမီး မေလေး ၏ ချစ်သူပျောက်ဆုံးမှု များဖြစ်ပါသည်။

Monday, 15 June 2009

နေချင်သော ကျနော့်မြို့လေး

ကျနော်တို့ မြန်မာလူမျိုးတွေ မြို့တွေနဲ့ ပတ်သက်လာရင် စကားတစ်ခွန်း ဆိုကြတယ် မဟုတ်လား…

မန္တာလာသား စကား…

ရန်ကုန်သား အကြွား…

မော်လမြိုင်သား အစားတဲ့………


“စားကျအုံးမလား…ဟောဒီက ပဲပြုတ် နံပြား”…………

………………………………
“ပဲတီ ပဲမှုတ်….ပဲတီ ပဲမှုတ်………ရမယ်……..”

………………………………
“အောင်သပြေ ဂန္ဒာမာ စံပယ် မွှေးမွှေးလေတွေ ရမယ်နော်…. ခရေကုံးလဲပါတယ်……..”

မိုးလင်း အာရုံတက်ပြီးဆိုရင် တစ်ချက်ကြားရလိုက် ပျောက်သွားလိုက် ပြန်ကြားလိုက်နဲ့ မနက်ခင်းဈေးသည်များ ရဲ့ အသံနဲ့ နိုးထရတဲ့ မနက်ခင်းလေး… အိပ်ယာထ မျက်နှာသစ်ပြီးပြီး ဆိုရင်တော့ လမ်းဆုံ လမ်းခွတိုင်းမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်ကို သွားမလား…. မုန့်ဟင်းခါး ခေါက်ဆွဲ ထမင်းကြော် ခေါက်ဆွဲကြော် အသုပ်စုံ ရှိတဲ့ဆိုင်သွားမလား… ဒါမှမဟုတ် တစ်ဖက်လမ်းက ကြက်သွန်ကြော် ဗူးသီးကြော် ဝယ်ပြီး ပဲပြုတ်ပင်ပေါက်နဲ့ ထမင်းဆီဆမ်းစားပြီး ကော်ဖီသောက်မလား… မလိုင် နံပြား ဆမူဆာ ကော်ရည်ဆီချက် ပေါက်ဆီ စသည့်ဖြင့် နေ့စဉ် မရိုးနိုင်အောင် မနက်အတွက် အစားအသောက် ပေါတဲ့ နေရာ …

မနက်စာ စာပြီးရင် မနက်ဈေးတန်းသွားပြီး ဟင်းသီးဟင်းရွက် အသားငါးစုံ ကိုလတ်လတ်ဆတ်ဆတ် ဝယ်လို့ရနိုင်တဲ့ဒေသ… ချောင်းရိုးတစ်လျှောက်မှ တက်လာတဲ့ ငါးပုစွန်တွေကိုလည်း စိတ်တိုင်းကျ ဝယ်ယူစားသုံးနိုင်သေးတယ်… ဒါတင်မက ကိုယ်ပိုင်စိုက်ပျိုးထားတဲ့ ခြံကထွက်လာမယ့် ငှက်ပျော သဘောင်္ ဒူးရင်း မင်းဂွတ် ကျွဲကော ကြက်မောက် စတဲ့ရာသီ သီးနှံများကို လတ်လတ်ဆတ်ဆတ် ခြံသွား လက်ညှိးထိုးစားမလား…






နေ့ခင်းဘက်ရောက်ပြီးလား… သာကူပြုတ်ရွှေရင်အေး ခွက်ပြင် မုန့်ကျွဲသဲ မုန့်လင်မယား မုန့်စိမ်းပေါင်း မုန့်ကြာရိုး ဂျုံပြုတ် စတဲ့မြန်မာမုန့်မျိုးစုံ လှည့်လည်ရောင်းနေတဲ့ အော်သံတွေ နဲ့အတူ နေ့ခင်းဘက် စည်ကားနေတတ်တဲ့ လက်ဖက်ရည်ဆိုင် အအေးဆိုင်တွေလဲ ပေါသေးတယ်..


ကျိုက်သလန် တောင်ပေါ်ဘုရား









ဆည်းဆာချိန်



နေသာချိန် ညနေချမ်းရောက်ရင်တော့ ကျိုက်သလန် တောင်ပေါ်ဘုရားမှာ ဘုရားဝတ်ပြုရင်း တောင်ပေါ်က ရှုခင်းသာကို လူငယ်တွေက ဆိုင်ကယ်ကိုယ်စီ… မိသားစုတွေက ကားကိုယ်စီနဲ့ သွားပြီး ကျယ်ပြောလှတဲ့ သံလွင်မြစ်ကြီးနဲ့အတူ လှမ်းမြင်နေရတဲ့ ကျွန်းစုတွေကိုကြည့်ပြီး မိသားစု စကားဝိုင်းဖွဲ့ရတဲ့ ညနေဆည်းဆာ အရသာက ဘာနဲ့မှ မလဲနိုင်… အိမ်အပြန်လမ်းမှာ ကမ်းနားလမ်း တလျှောက် ကားမောင်းပြီး မုန့်ဟင်းခါ ကြာဇံချက် ဖက်ထုတ် ကြေးအိုး အားပူကြာပတေ အားလူးပူရီ ပဲလိပ် အစရှိတဲ့အစားအစာမျိုးစုံကို မြို့ပတ် ရှာစားရတာလဲ ပျော်စရာ ကောင်းလှပါတယ်…

ညဘက်ရောက်လို့ အိပ်ခါနီးမှာ ပလာတာ အီကြာကွေးနဲ့ နွားနို့သောက် ဒါမှမဟုတ် ရေခဲမုန့် ဖာလူဒါ စားအုံးမလား.. တောမကျ မြို့မကျ ဆိုတော့ လျှပ်စစ်မီးကလည်း လာတစ်ရက်မလာတစ်ရက်… ဖယောင်းတိုင် မီးအိမ်ထွန်း ရတဲ့ရက်တွေမှာ လကိုအားပြုရင်း မိသားစုတွေ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောနိုင်တယ် (မီးများလာခဲ့ရင် ဒီအခွင့်အရေးမရ... မိသားစုစကားပြောချင်ရင်တော့ မီးမလာပါစေနဲ့တောင် ဆုတောင်းရမလိုလို)… ဒီလိုညတွေမှာ သကြားမုန့်ဖက်ထုပ် သာကူမုန့်ဖက်ထုပ် ပူပူနွေးနွေး အော်သံလေးကိုပါ နားစွင့်နေတတ်ပြန်သေးတယ်…

ရာသီအလိုက် တစ်နှစ်ပတ်လုံး ဘုရားပွဲတော်များ နဲ့စည်ကားတဲ့မြို့… ကဆုန်ညောင်ရေသွန်းပွဲ ကနေစလို့ မိုးတွင်းတတွင်းလုံး ရပ်ကွက်အနှံ့ အသံမစဲ ပဌာန်းရွတ်သံကိုလဲ ကြားနေရမှာပါ… ဝါဆိုဝါခေါင် ရေဖောင်ဖောင် မှာ လှေကလေးတွေ စီးပြီး ချောင်းရိုးတစ်လျှောက် ဝါဆိုပန်းခူး ထွက်ကြမလား…

ကျိုက်ခမီရေလည်ဘုရား



သီတင်းကျွတ်ပြီးဆိုရင် မဖြစ်ဖြစ်အောင် သွားကြတဲ့ ကျိုက်ခမီဘုရား ပွဲတော်နဲ့ စက်စဲကမ်းခြေ…မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ ကျင်းပပြုလုပ်တဲ့ တန်ဆောင်တိုင် မီးထွန်းပွဲတော်နဲ့ ဆီမီးမျှောပွဲတွေ… ရပ်ကွက်တိုင်း ပွဲတွေကဆက် အပျော်တွေက မပျက်…

ကျိုက်ထီးရိုးစေတီတော်



ဆောင်းတွင်းကျရင် ပျော်ပျော်ပါးပါး အုပ်စုဖွဲ့ပြီး တက်ကျတဲ့ ကျိုက်ထီးရိုးဘုရားဖူးနဲ့အတူ အပြန်ကိုဝင်လည်ကြတဲ့ ဘားအံမြို့က သာမညတောင်…

ဒီလို အစားအသောက်တွေ နဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံပေါများတဲ့ မြို့… မြစ်ချောင်း အင်းအိုင်တွေပေါပြီး ကျိုက်မရော ကျိုက်ပေါလော ကျိုက်သလံ မဟာမြတ်မုနိ ကျိုက်ခမီ ကျိုက်ထီးရိုး စတဲ့တန်ခိုးကြီးဘုရားနဲ့အတူ ထန်းပင် အုန်းပင် ရာဘာပင်များနဲ့ စိမ်းစိမ်းစိုစို အလှဆင်ထာတဲ့မြို့… ဒီမြို့က ကျနော်ရဲ့ဇာတိ ချက်ကြွေ မွေးရပ်မြေ….. မော်လမြိုင်ဆိုတဲ့ မွန်တို့ဌာနေ… အနေချင်ဆုံး မြို့ဆိုရင်တော့ မိဘဘိုးဘွား အစဉ်အဆက်က နေခဲ့တဲ့ မော်လမြိုင်ဆိုတဲ့ တောမကျ မြို့မကျမြို့လေးမှာပဲ နေချင်ပါတယ်… … မော်လမြိုင်မြို့ မှာနေရင်တော့ ဒီနေရာတွေကို နှစ်တိုင်းပုံမှန် ရောက်နေ သွားနေတဲ့ အလေ့အထ… ဒီလိုသွားရတာကိုလဲ ပျော်တယ်… မော်လမြိုင်မှာ နေမှလဲ ဒီနေရာတွေကို စုံအောင် ရောက်ဖြစ်မှာပါ… အကယ်၍ အသက်အရွယ် ရတဲ့အထိ နေရမယ်ဆိုရင်တော့ အစားအသောက်ပေါများတဲ့ မော်လမြိုင်မြို့ မှာရှိတဲ့ ခြံထဲက အိမ်လေးမှာ ခြံစိုက်စားရင် ဘဝကိုကုန်ဆုံးချင်ပါတယ်…


တစ်ဆက်ထည်းမှာ ပဲကျနော့်ရဲ့ ဘလော့ပေါ်က ညီအကိုမောင်နှများအားလုံးကို မော်လမြိုင်မြို့ကို အလည်တစ်ယောက် လာလည်ဖို့ ဖိတ်ခေါ်ပါရစေ… ဧည့်သည်အမြဲမျှော်တတ်တဲ့ မော်လမြိုင်သားတွေက အစားမျိုးစုံနဲ့ ဧည့်ခံပြီး မွန်ပြည်နယ်အနှံ့ လိုက်ပို့ပေးဖို့ ဖိတ်ခေါ်ပါတယ်… ဧည့်ဝတ်ကျေ မကျေသိချင် တယ်ဆိုရင်တော့ ဖိုးစိန်တို့ အိမ်ကိုရောက်အောင် လာခဲ့ဖို့ ပြောချင်ပါတယ်ဗျာ…

ဖိုးစိန်တို့ မိသားစုက နေထိုင်ရေးနဲ့ ခရီးသွား ဝန်ဆောင်မှုကိစ္စ အဝဝကိုတာဝန်ယူပါတယ်… အိမ်မှာအဖေကိုယ်တိုင် တီထွင်ထားတဲ့ ထော်လာဂျီ မာစီးတီး (၃)စင်းရှိတယ်… အမိုးဖွင့်ကားလေးတွေ… ရိုလာကိုစတာ စီးရတာထက် အဆတစ်ရာ ပျော်ဖို့ကောင်းတယ်… ကျနော်တို့ ညီအကိုတွေက ဘရိတ်ဆီဖိုးသက်သာအောင်(အဖေပေးတဲ့ဘရိတ်ဆီဖိုးက ဗိုက်ထဲရောက်သွားလို့) အိမ်ကနေအလကားရတဲ့ ခေါင်းလျှော်ရည် ထည့်ပြီးမောင်းတယ်… ဒါကြောင့် ဘရိတ်အုပ်ချင်ရင် (၁)မိုင်လောက်ကနေ အုပ်ရတယ်… ကျနော်ကားမောင်း ကျွမ်းတာလဲ မပြောနဲ့… မြင်သမျှ မတိုက်မိ မရှိစေရ… (လှယဉ်ကျေးမယ် တွေ မောင်ဗမာတွေ အရွေးခံချင်တဲ့ ကောင်တွေရဲ့ တင်ပါးတွေလဲပါတယ်)ကဲဒီလောက်ဆို ဝန်ဆောင်မှု ကောင်းကောင်းနဲ့ မော်လမြိုင်ကို အလည်တစ်ခေါက်လာဖို့ အားရှိလောက်မယ်ထင်တယ်…

“မွန်တို့ငှာနီ ရာမည သာစွနေပြည်…သာစွ နေပြည်.. ထန်းပင် ထန်းလက် ထန်းရွက်ညီညီ… တန်ခိုးကြီးဘုရားတို့စုံလင်ပေသည်… အထ္တရံ ဂျိုင်းပေါင်းဆုံပါသည် သံလွင်မြစ်ကြီးသက်သေတည်… သီးနှံများပေါကျွယ်ပေသည် မော်လမြိုင်မြို့ကသာယာလှပေသည်….. အလည်လာဖို့လဲ ဖိတ်ခေါ်ပါသည်... ထော်လာဂျီလဲ စီးဖူးမည်.... အစားလဲစုံ... ပျော်ပါမည်... လာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါသည်”

ခင်မင်လေးစားစွာဖြင့်


ဖိုးစိန်

ချစ်သယ်ရင်း ကိုကိုနို( ရီနိုမာန်)ရေ... ကျေနပ်တယ်နော်...

ပုံတွေကို ရှာပို့ပေးတဲ့ တူရီးတော် ကိုကိုနွန် (တလနွန်)ကို ကျေးဇူးတင်ပါတယ်...
ဒီပုံတွေကို ရိုက်ပေးခဲ့သူများနဲ့ တင်ပေးခဲ့သူများကိုလဲ ကျေးဇူးတင်လေးစားလျှက်

Friday, 12 June 2009

စုံထောက်ကြီးဖိုးစိန် နှင့် ဘားအံမယ် မီးလေးဇာ ၏ စိတ္တဇလူသတ်မှု

တနေ့တ၌ ကျုပ်စုံထောက်ကြီး ဖိုးစိန်နှင့် ညီလုပ်သူအရဲလေး ချစ်ယောက်ဖဖြစ်သူ အိုင်ခီတို့ အထပ်နှစ်ရာ အမြင့်ရှိသော အကိုမိုးကုတ်သား ဒီဇိုင်းဆွဲထားသည့် ရီနိုမာန် မိုးပျံဟော်တယ်ကြီးပေါ်တွင် အေးအေးလူလူ သတင်းစာဖတ် ကော်ဖီသောက်ရင်း အင်တာနက်မှ အဆက်မပြတ် လာနေသည့် သတင်းစဉ်များကို ငိုက်မြည်းစွာ နားထောင်နေမိသည်…

မိန်းမဖက်မှ အမွေများကို တစ်သက်စား မကုန်အောင် တရားလွန် ရထားပြီးသည့် သကာလ မိန်းမများကို နေရာပေးသော အနေဖြင့် စီးပွားရေး လုပ်ငန်းများကို ဦးဆောင်စေပြီး အကျွန်ုပ်တို့ ယောက်ဖိယောက်ဖ သုံးယောက်မှာ မိမိတို့ ဝါသနာပါရာ စပ်စုသည့်လုပ်ငန်း ဖြစ်သည့် မလွတ်တမ်း စုံထောက်စပ်စုခြင်း လုပ်ရန် အလို့ငှာ သူငယ်ချင်း၏ ဟိုတယ်ပေါ်တွင် လျှို့ဝှက်စခန်း ဖွင့်ပြီး အလကားနေနေသည်မှာ ယခုဆိုလျှင် (၉)လကျော်လို့ တစ်နှစ်ပင်ပြည့်တော့မည်…

အပြင်ဘက် မှန်ဘောင်အဆောက်အဦးကို ကျော်လွန်ပြီး ကြည့်လိုက်လျှင် ထိုးထိုးထောင်ထောင် မိုးပျံတိုက်တွေ ကြား လှုပ်ရှားသွားလာနေကြသည့် ညီဝသန်မိုး ကုမ္မဏီမှ မိုးပျံတက္ကစီများက ခေါက်တုံ့ခေါက်ပြန်… လေစကိတ်များစီးပြီး ရုံးကို အပြေးအလွှားလုတက်ရင်း ဖုန်းတစ်လုံးဖြင့် ဘလော့ ရေးနေသူများ ကောမန့်နဲ့ စီဘုံးကို အော်နေသူများကိုလည်း လှမ်းကြည့်ရင်း အင်္ဂါဂြိုလ်မှ တောင်ပေါ်သား တင်သွင်းလာသည့် ကော်ဖီကို အရသာခံပြီးသောက်နေစဉ် ချစ်ညီယောက်ဖ အိုင်ခီက…

“ချစ်ကိုကြီးရေ… ခုတစ်လော ညီယောက်ဖတို့ အမှုလိုက်နေလို့လား မသိဘူး… မှုခင်းတွေ တော်တော်ကျဆင်း သွားတယ်နော်”…

ကျုပ်စုံထောက်ကြီးက မိန့်မိန့်ကြီးပြုံးလို့ ညီလုပ်သူအရဲအား “ညီရေ ပြောပြစမ်းပါကွာ… အကိုတို့လိုက်ခဲ့တဲ့ အမှုတွေကို”…

“ဟုတ်.. မိုင် လပ်ဖ်လီး ဘရားသား… လက်ရှိလိုက်နေဆဲ အမှုက (၁၇)မှု… ရဲဦးသွားတဲ့ အမှုက(၁၀)မှု… ခြေရာပျောက်နေတဲ့ အမှုက(၂၀)… လက်လျှော့လိုက်တဲ့ အမှုက(၁၁)မှု… အမ် နောက်ပြီးတော့..”

“ဟို့…ဟို့..ရပြီး.. ဒီလောက်ဆို တို့ညီယောက်ဖတွေရဲ့ လက်ရည်ဘယ်လောက်ရှိလဲ ဆိုတာသိနေပြီး… ဒီလိုကွ… အမှုဆိုတာ ကြိုးရှည်ရှည်နဲ့ လှန်ထားရတယ်ကွ… ပြီးရင် အကွက်ကျကျ စီစဉ်မှ တရားခံရဲ့ ဟာကွက်တွေကို တနေ့ထက်တနေ့ ပိုသိလာမှာ… အဲဒီအခါကျမှ ..ဟော… ကွိကနဲနေအောင်……..”


ားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး.....


စကားမှ မဆုံးသေး… အထပ်နှစ်ရာတိုက်ကြီး တုန်ဟီးသွားလောက်အောင် ကြောက်မက်ဖွက် အသံနက်ကြီး တစ်ခုကိုကြားလိုက်ရတော့ ညီယောက်ဖသုံးယောက် အကြည့်ချင်းဆုံလို့ နားစွင့်ရက်သား ဖြစ်သွားသည်…

“သေချာတယ်… ဒီအသံက ဒီဟော်တယ်ကနေလာတာ”… (ပြိုင်တူထွက်လာသောအသံ)

“အနည်းဆုံး အထပ်တစ်ရာလောက်က တက်လာတဲ့အသံ”.. (အိုင်ခီ)

“ဒါမိန်းမတစ်ယောက်ရဲ့ အသံဆိုတာသေချာတယ်”… (အရဲလေး)

သုံးယောက်သား ထင်မြင်ချက်ပေး လိုရာပစ္စည်းဆွဲပြီး အခန်းတံခါး ဖွင့်လိုက်တော့ ဘေးချင်းကပ်ရက် အခန်းမှာ တံခါးပွင့်နေပြီး စိတ်ပျက်ခြောက်ခြားနေတဲ့ ဟိုတယ်က ကျားဝန်ထမ်းတစ်ဦးကို တွေ့လိုက်တယ်… အလျင်အမြန် အခန်းထဲဝင်သွားတော့ အဖြူဆွတ်ဆွတ် အိပ်ယာခင်း တစ်ခုလုံး သွေးနီနီတွေ စွန်းထင်းနေပြီး အိပ်ယာခင်းပေါ်မှာ ဝက်သားခုတ်တဲ့ ဓားမတစ်လက် ကိုတွေ့လိုက်တယ်…

ညီလုပ်သူ အရဲလေးက အလျင်အမြန် ဓားနားသွားပြီး ဓာတ်ပုံရိုက် လက်ဗွေရာ ကိုဖတ်တဲ့စက်နဲ့ စကမ်ဖတ် ကော်ပီးကူးနေစဉ် ယောက်ဖလုပ်သူက အိပ်ယာခင်းပေါ်မှ သွေးစက် နမူနာ နဲ့အတူ ခုတင်ပတ်ဝန်းကျင်မှ တွေ့သမျှ ပစ္စည်း သေးသေးကြီးကြီး တစ်ခုမျှ မကျန်ကို ယူနေတယ်…

ကျုပ်စုံထောက်ကြီးက တော့ မျောက်တစ်ကောင်လို ခေါင်းကိုကုတ်ပြီး စဉ်းစားမိတာက … “အင်း… ဒီလိုအခန်းတွေမှာ သူငယ်ချင်း ရီနိုမာန်က အရေးကြီးတဲ့ ဧည့်သည်တွေကိုပဲထားတတ်တယ်… အထူးသဖြင့် ဘလော့ဂါ တွေကို ဦးစားပေးတဲ့နေရာ” ဆိုတော့… အခန်းထဲမှာ ရတဲ့အနံ့က မိန်းမရေမွှေးအနံ့ နဲ့အတူ ညှီစို့စို့ လတ်လတ်ဆတ်ဆတ် သွေးညှီနံ့ရနေတယ်… ပတ်ပတ်လည်အခန်းကို ရှာကြည့်တော့ ဆက်တီစားပွဲ အောက်က ယောကျာင်္းတတ်တဲ့ နေကာမျက်မှန်တစ်လက်က လွဲလို့လက်စလက်န ဘာမှမကျန်… ရေချိုးခန်းထဲသွားတော့ လက်ဆေးဇလုံနားမှာ သွေးစသွေးန… အိမ်သာခွက်ထဲမှာ ရေလောင်းချလို့ ပြန်တက်လာတဲ့ သွေးစများ… နေရာတကာသွေးစက်တွေ ဟိုတစ်ကွက် ဒီတစ်ကွက်…

တုန်နေအောင် ကြောက်နေတဲ့ ဟော်တယ်ဝန်ထမ်းကိုမေးကြည့်တော့ ဒီအခန်းကို လွန်ခဲ့တဲ့ တစ်ပတ်က စုံတွဲတစ်တွဲ လာတည်းကြောင်း သဌေးကြီး ရီနိုမာန် ကနေပြီး ဒီစုံတွဲက သူ့သူငယ်ချင်းဖြစ်ကြောင်း… မိန်းမလုပ်သူက အရင်က ဘလော့ဂါ ဘားအံမယ် မီးလေးဇာဖြစ်ကြောင်း… သေချာဂရုစိုက်ဖို့ မှာကြောင်း… မနေ့ကတော့ သူ့ချစ်သူကို မတွေ့တော့ကြောင်း… ညကျတော့ မိုးပျံညဈေးမှာ ဓားဝယ်ချင်လို့ တက္ကစီခေါ်ပေးရသေးကြောင်း… ဒီမနက်တော့ လကမ္ဘာကို အလည်သွားမယ် ဆိုပြီး ထွက်သွားကြောင်း… သွားတော့တစ်ယောက်တည်း ဖြစ်ကြောင်း… သတိထားမိ သလောက်တော့ ပျော့တွဲတွဲ အထုတ်နှစ်ထုတ်ပါလို့ ကူသယ်ပေးခဲ့ရကြောင်း ဟိုတယ်အပြင်ရောက်တော့ အလျိုအလျောက် တခြားဂြိုလ်ကို ရောက်သွားတဲ့ အမှိုက်ပုံးထဲကို အလျင်အမြန် ထည့်ခဲကြောင်း… အခု အခန်းရှင်းဖို့လာတော့ လူကြီးမင်းတို့ မြင်တဲ့အတိုင်း ဖြစ်ကြောင်း… ကျုပ်ဖိုးစိန်နီးပါး စပ်စုနိုင်သူ ဝန်ထမ်းက ပြောပြပါတယ်…

ကျုပ်လဲ ဝန်ထမ်းကို ပိုက်ဆံနည်းနည်းပေပြီး အမှုဖြစ်နေတဲ့ အခန်းကို ဘယ်သူ့ကိုမှ ပေးမဝင်ဖို့ ရဲစခန်းကိုအကြောင်းကြားဖို့ မှာရပါတယ်… ပြီးတော့ သယ်ရင်း ရီနိုဆီဖုန်းဆက် အကြောင်းကြားတော့ ဂျူပီတာဂြိုလ်ကို အလုပ်ကိစ္စနဲ့ ခရီးလွန်နေတာ သိရတော့ စိတ်မပူအောင် အကျိုးအကြောင်း ရှင်းပြပြီး ဘားအံမယ်ကို ရှာပုံတော်ဖွင့်ရပါတော့တယ်…

ဘားအံမယ်ရှာပုံတော်

“ချစ်ညီယောက်ဖရေ… သေချာစစ်ကွ… ခုလက်ရှိသွေး နဲ့ သူ့ချစ်သူသွေး တူလာမတူလားဆိုတာ..”

“အင်း…ထူးဆန်တယ် ယောက်ဖကြီးရေ… သွေးကနှစ်မျိုးဖြစ်နေတယ်… သေချာတာက ဘားအံမယ်က သတ်ထားတယ်ဆိုတာပဲ… နောက်သွေးတမျိုးကတော့ ရှာတုန်းပဲ… ထွက်ပြေးသွားတဲ့ သူကိုဖမ်းဖို့သာလိုတာပါ”

“ညီအရဲရော… လက်ဗွေရာစစ်ပြီးပြီးလား… ရဲစခန်းကပို့ တဲ့ ဘားအံမယ် လက်ဗွေရာနဲ့ ဒီလက်ဗွေရာ တူလား…”

“ကွက်တိပဲ လပ်ဖ်လီး ဘရားသားရေ… မီးလေးဇာ လက်ဗွေရာက တူတယ်…”

“အင်း… တစ်ခုခုတော့ တစ်ခုခုပဲ… စဉ်းစားစရာပဲကွ… သူက လူသတ်ပြီးရင်လဲ ဒီဓားကို ဘယ်နည်းနဲ့မဆို ဖျောက်ခဲ့မှာပဲ… ပြီးတော့ အိပ်ယာခင်းတွေ စောင်တွေလဲ အမှိုက်ပုံးထဲ ထည့်ခဲ့မှာပဲ… ဘာလို့လက်စ လက်နထားခဲ့သလဲဆိုတာ စဉ်းစားစရာပဲ”

“ဒါကတော့ ကိုကြီးယောက်ဖရယ်… စိတ်မနှံ့တဲ့သူက ဘယ်လိုလုပ်ပြီး အသေးစိတ်ကျနိုင်မလဲ… မဇာက အရင်က သူ့ချစ်သူကို အရမ်းချစ်လို့ မနာလိုဘူးဆိုတဲ့ ကဗျာလေးတောင် ရေးဖူးတယ်လေ… သူ့ချစ်သူဖောက်ပြန်လို့ ခုအဲဒီစိတ္တဇနဲ့ သတ်လိုက်တာလားမှ မသိတာ”

သုံးယောက်သား မျက်နှာချင်းဆိုင် မျက်တောင်မခတ်ပဲ စကားမပြောမိကျ…

“ကဲ..ကဲ.. ဝသန်ကိုဖုန်းဆက်… ဒုံးပျံတစ်စင်း အမြန်ပို့ဖို့ပြော… တို့ယောက်ဖိတွေ လကမ္ဘာကို ထွက်ပြေးသွားတဲ့ မီးလေးဇာကို ရအောင်ဖမ်းလိုက်ဖမ်းမယ်… ဒါမှ တို့ညီအကိုတွေ စကြာဝဋာကျော် တော့မှာ”…

လကမ္ဘာကို ဒုံးပျံကြီး ဆင်းသက်တယ်ဆိုရင်ပဲ အေးမြတဲ့ အထိအတွေ့နဲ့ အတူ မွှေးပျံ့နေတဲ့ ဇွန်ပန်းရနံ့လေးကို ရှုရှိုက်မိချိန်မှာ အိမ်က ပုံမလာပန်းပျက် မဒီအိုကြီးကို သတိတော့ရမိပါရဲ့… ကျုပ်ရဲ့မဒီအိုကြီးက ဇွန်ပန်းနဲ့ ကံ့ကော်ပန်းကို သိပ်ကြိုက်တယ်လေ… တစ်ခါလောက်တော့ ဟန်းနီးမွန်းထွက်အုံးမယ်လို့ တွေးမိပါရဲ့…

ချိုင့်ခွက်တွေမှာ ပျံလန်နေအောင် ဆောက်ထားတဲ့ လပေါ်တိုက်တွေကိုကြည့်ရင်း လေစကိတ်စီးပြီး
“ကဲ… ချစ်ညီတို့… လူသတ်သွားတဲ့ အခန်းထဲက ဖမ်းယူလာတဲ့ အနံ့နဲ့ ပြန်ဖမ်းရမယ်… အနံ့ဖမ်းစက်ကိုဖွင့် ဒီစက်ကပြတဲ့ ရေဒါအတိုင်း ဒို့လိုက်သွားမယ် ဒီရေဒါက ကိုယ်သင်းအနံ့တူတဲ့ သူဆီမှာ ရပ်သွားလိမ့်မယ်… ငှဲ..ငှဲ..ငှဲ… ဘယ်ပြေးမလဲ မိချိုသဲ (အဲလေ) ဘားအံမယ်ရယ်… ဖိုးစိန်လက်က ပြေးမလွတ်ပါဘူးကွာ..”


“ဂီး…ဂီးး…ဂီးး….တိ..တိ.တိ.တိ.တိ.”

ကိုကြီးရေ… ယောက်ဖရေ… မိပီဟ…ဒီတိုက်ပဲ… ဒီတိုက်ပဲ..ဟီးး..ဟီးးး…ဟီးးးး…နာမည်တော့ကြီးပြီး”

ဒေါက်…ဒေါက်..ဒေါက်

“ဘယ်သူလဲ”

“တံခါးဖွင့်ပါ မီးလေးဇာ… ထွက်ပြေးလို့ဘယ်လိုမှ မလွတ်နိုင်ပါဘူး”

အီလက်ထရောနစ် တံခါးမကြီးပွင့်သွားတော့…

“အောင်မလေးးးး ဘယ်သူများလဲလို့… မျောက်မူးလဲဖွတ်ချိန်… အမူးသမားခီလောက် နဲ့ အရူးလေးတို့ပါလား… ဘာကိစ္စနဲ့များ ရာရာစစ အိမ်ကိုလိုက်လာရတယ်လို့… ကျွေးစရာ ဘာမှမရှိဘူး ပြန်တော့ ငါမအားဘူး”ဆိုပြီး စကားတွေ တရစပ်ပြောနေတဲ့ ညဝတ်အကျီပါးပါးနဲ့ မီးလေးဇာ…

“ဒီမှာ မီးလေးဇာ… နင့်ကိုလူသတ်မှုနဲ့ ဖမ်းရလိမ့်မယ်.. ရဲလက်ထဲမရောက်ခင် ငါ့တို့ ဆီမှာ အပြစ်ဝန်ခံပါ… နင့်ကို အပြစ်သက်သာ အောင်လုပ်ပေးမယ်…”

“ဟင်… နင်တို့က ငါ့ကိုတကယ်ဖမ်းကြမယ်ပေါ့… နင့်တို့နဲ့ငါနဲ့က သူငယ်ချင်းတွေလေ… ဘလော့တူတူ ရေးဖူးတယ်လေ… ဒီမျက်နှာလေးကို မထောက်တော့ဘူးလားဟင်…”

“မရတော့ဘူး… ငါတို့မှာ သက်သေခံ ဓား… နင့်လက်ဗွေရာနဲ့ နင့်ချစ်သူသွေးတွေ ကိုရထားပြီးပြီး… နင်အရမ်းချစ်လို့ သတ်လိုက်တာသိပါတယ်… ဥပဒေကိုတော့ လက်တစ်လုံးခြားမလုပ်ပါနဲ့… လိုက်နာရလိမ့်မယ်ကွယ်…”

“နင်တို့ ဘာတွေလာပြောနေတာလဲ…. ငါ ကငါ့ချစ်သူကိုသတ်တယ်… ဟုတ်လား… သွေး… လက်ဗွေရာ..ဟားးး…ဟားးးး..ဟားး..”

တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်ပြီး..သေချာပြီး မီးလေးဇာ စိတ္တဇဖြစ်ပြီး ယဉ်ယဉ်လေး ရူးနေတဲ့သူဆိုတာ မျက်စပြစ်မိကြတယ်…

“ဒီမှာ ကိုစုံထောက်တို့.. စုံမထောက်လို့ တစ်ဖက်ပဲထောက်ထောက်… အလုပ်မရှိ အလုပ်ရှာရတယ်လို့အေ… ငါ့ချစ်သူသွေးတွေ ဆိုတာ မှန်ပါတယ်အေ… အဲဒါကအိပ်နေရင် သူနှားခေါင်းသွေးလျှံလို့ပါအေ… ဒါနဲ့ဗေဒင်သွားမေးတော့ ငါးရံ့နှစ်ကောင်ကို သူအိပ်တဲ့နေရာမှာ ခုတ်သတ်ရင် သူ့ရောဂါပျောက်မယ်… သူအိပ်ပြီးသွားမှ လုပ်ရမယ်ဆိုလို့ ငါကဓား နဲ့ငါးကို သွားဝယ်ပြီး ငါ ဒီမလာခင် မနက်မှာပဲ သူအိပ်ခဲ့တဲ့မွေ့ယာပေါ်မှာ စိတ်မကောင်းစွာနဲ့ သေနေတဲ့ ငါးရံ့နှစ်ကောင်ကို ပက်ပက်စက်စက် ခုတ်သတ်ခဲ့တာပါအေ… ရာရာစစ… ငါ့ချစ်သူကို ဒီလောက်ချစ်တာ ခုတ်သတ်မလားအေ… အံပါရဲ့ အေ… အလုပ်မရှိအလုပ်ရှာလို့ ငါ့ကိုတရားခံ လာဖမ်းနေတယ်အေ… ဟီးးဟီးး..ခွိခွိ ..ခစ်ခစ် ရယ်ရတယ်… ကိုလတ်ရေ… ချစ်ဆုံးလေး… အသည်းလေးရေ… လာပါအုံး… ဒီအစုံမထောက်တဲ့ ယောက်ဖ သုံးယောက်က ကိုလတ်ကိုတွေ့ချင်လို့တဲ့… ခစ်ခစ်..ခစ်ခစ်”

အပြင်ထွက်လာတဲ့ ကိုလတ်ဆိုတဲ့သူ… အားပါးပါးးးး အပေါ်အကျီ ဗလာကျင်းကျင်းမှာ ဖွံ့ဖြိုးမို့မောက်နေတဲ့ ကြွက်သားတွေနဲ့ ငှက်ပျောဖူးသဏ္ဍန် လုံးကျစ်နေသော လက်မောင်းသားက သုံးနှစ်အုန်း ပင်စည်လောက်ကအသာလေး… ညာဘက်လက်ဖျံရိုးမှာပင် ကျုပ်တို့သုံးယောက် တွဲလဲခိုလို့ရတဲ့ အနေအထား… ပေါင်တလုံးက နှစ်တရာကျွန်းပင်လို တုတ်ခိုင်ခိုင်ဆိုတော့…
မတိုင်ပင်ပဲ ညီအကိုယောက်ဖသုံးယောက်က

“ခွင့်ပြုပါအုံး… အမှုလေးတွေ လိုက်စရာရှိလို့...ဟဲ..ဟဲ..”

“ပြန်လိုက်ပါအုံးမယ်ဂျ ”

“ဒုံးပျံစောင့်နေပြီးဂျ.. အနော်တို့ နောက်ကျနေလို့...ဟီးးးး”

ယောက်ဖိ ယောက်ဖ သုံးယောက် ခေါင်းချင်းဆိုင်လို့ အမှုတစ်ခုတော့ ကွင်းလုံးကျွတ် ဖော်ထုတ်နိုင်ခဲ့ပါတယ်…

မှားတဲ့အခါလဲ မှားပေမပေါ့လေ…

နောက်အမှုတွေ အတွက် သင်ခန်းစာရတာပေါ့..

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်


ဒီစိတ်ကူးယဉ် စုံထောက် ဇာတ်လမ်းလေးကညီဝသန်မိုးက ကျနော့်ကို အကိုရယ် အလွမ်းတွေ အချစ်တွေထက် ပြန်ပေးဆွဲ သတ် ဖြတ်တဲ့ ကြမ်းကြမ်းရမ်းရမ်း တွေရေးပါလား ဆိုလို့ ဒီဟာသစုံထောက် ဇာတ်လမ်းလေးကို ရေးဖို့ဖြစ်လာတာပါ… အပျော်သဘောမျိုး ဖြစ်အောင်လဲ ခွင့်ပြုထားတဲ့ ဘလော့ဂါမောင်နှမတွေ နာမည်ကိုပဲ သုံးချင်လို့ ရေးဖြစ်တာပါ… ခုနာမည်တွေအပြင် သူတို့ဖြစ်ချင်တဲ့ ဇာတ်ကောင်တွေကိုပါ ပြောထားတဲ့ အတွက် ဟာသဖြစ်အောင် ရေးတဲ့သဘောပါ… အားလုံး တချက်ပြုံးနိုင်ရင်ကျေနပ်ပါတယ်..
အကယ်၍ ကြိုက်တယ်ဆိုရင်တော့

စုံထောက်ဖိုးစိန် နှင့် စိန်တိုက်ပိုင်ရှင်မေတ္တာရောင်ပြန် ပျောက်ဆုံးသွားသော အတွင်းပစ္စည်း

စုံထောက်ဖိုးစိန် နှင့် ကန္တာရ အပျိုကြီးမငုံ ပျောက်ဆုံးမှု

စုံထောက်ဖိုးစိန်နှင့် အိပ်မက်ချစ်သူမက်မက် ပြန်ပေးဆွဲခံရမှု

စသည့် ခွင့်ပြုချက်ရထားသော နာမည်များဖြင့် ဆက်ရေးပေးပါမယ်… ပေါတောတော ဖြစ်နေရင်တော့ ဒီတစ်ပုစ်တွင်ပဲ ရပ်ပါရစေလို့…

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Thursday, 11 June 2009

နားလည်မိသော သူငယ်ချင်း မိတ်ဆွေကောင်း

ကျနော်တို့ ငယ်ငယ်လေးကတည်းက အဖေလုပ်သူက အပြင်ပတ်ဝန်းကျင်နဲ့ ပေးမရောခဲ့ဘူး… အိမ်မှာပဲ ကစားစေခဲ့တယ်… အိမ်မှာကစားလို့ ရအောင်လည်း လိုချင်တဲ့ ကစားစရာတွေကို စိတ်ကြိုက်ဝယ် ထားပေးတယ်… “တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး” ဆိုပြီး ရပ်ကွက်ထဲက သူတွေနဲ့ ပေါင်းသင်းရင် ငယ်ငယ်နဲ့ အပေါင်းအသင်း ပျက်မှာကြောက်လို့ ဘယ်သူ ဘယ်သူမှ အခေါ်အပြော သူငယ်ချင်းလုပ်ခွင့် မရှိခဲ့ဘူး…

ကျနော်တို့ ကိုယ်တိုင်ကလည်း အပြင်ထွက်ဖို့ နေနေသာသာ အိမ်မှာရှိတဲ့ မောင်နှမသုံးယောက်တည်းနဲ့ ကစားချိန်တောင် မလောက်ဘူးလို ဖြစ်နေတယ်… တစ်ခါတစ်လေ အကိုအမ ဝမ်းကွဲတွေအိမ်ကို ပါမစ်နဲ့ သွားကစားရတဲ့ အချိန်ကလွဲလို့ပေါ့… ကြီးလာတော့လဲ ရပ်ကွက်နဲ့ အဆက်အဆံ မရှိတဲ့ အတွက် ရပ်ကွက်ထဲကသူတွေကို ရှိန်ပြီး စကားမပြောတော့ဘူး… သူငယ်ချင်းဆိုလို့ ကိုယ့်ညီ ညီမလို့ လက်ညှိုးထိုးပြီး ပြရုံကလွဲပြီး အပေါင်းအသင်းမရှိခဲ့…

အဲဒီအခါကျမှ အဖေက ငါထိန်းချုပ် တာများသွားတယ်.. မဖြစ်ဘူး ဆိုပြီး ပတ်ဝန်းကျင်ကို ထိတွေ့ ခွင့်ပေးတော့ နေသားကျနေပြီး ဖြစ်တဲ့ ကျနော်တို့အဖို့ ရပ်ကွက်မှာ အပေါင်းအသင်းမရှိတော့ဘူး… အရွယ်ပဲ ရောက်နေပြီလေ… ကိုယ့်ကိုလဲ ရှိန်နေကြပြီးပေါ့…
ဒီလိုနဲ့ ရန်ကုန်ကို ပြောင်းတော့ အဖေက “သားက ခုဆိုရင် အပြင်လောက ကိုရောက်တော့မှာ… မိသားစုထဲမှာလို သားကိုအမြဲ အနိုင်ပေးတဲ့သူ ရှိချင်မှရှိမှာ… ကိုယ့်ကိုချစ်တဲ့သူနဲ့ တွေ့နိုင်သလို… ကိုယ့်ကိုမုန်းတဲ့သူနဲ့ တွေ့နိုင်တယ်… ဒါကြောင့် ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် သူငယ်ချင်းကောင်း တစ်ယောက် ကိုတော့ ရအောင်ရှာပါ… မိတ်ဆွေဆိုတာ ရှိထားသင့်တယ်… အရေးကြုံလာတဲ့ အခါသူ့ အရေးကိုယ့်အရေးဖလှယ်နိုင်မယ့် သူငယ်ချင်းမျိုးပေါ့” ဆိုပြီးမှာတယ်…

ပြီးတော့ “အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် လူမှုရေးကိစ္စနဲ့ပဲ ဖြစ်ဖြစ် ကိုယ်က ယောကျာ်းလေးဆိုတော့ သူငယ်ချင်း မိတ်ဆွေနဲ့ပတ်သက်လာရင် ငွေရေးကြေးရေး စွန်းထင်မှုမရှိအောင်နဲ့ မိန်းမကိစ္စ စွန်းထိမှု မရှိအောင် သူငယ်ချင်းကြား ရှောင်ပါ… ဒီနှစ်ခု က သူငယ်ချင်း မိတ်ဆွေချင်း အကြည်ညိုကို ပျက်ပြားစေတယ်”… ဒါကအဖေအမြဲမှာတဲ့စကားး..

ကျနော်ကိုယ်တိုင် ခံယူထားတာကလဲ သူငယ်ချင်း အချင်းချင်း ပေါင်းသင်းပြီး ဆိုရင်တော့ ဒုက္ခရှိသလို သုခလဲ ရှိမှာပဲလေ… ကိုယ်ချစ်လို့ ခင်လို့ သူငယ်ချင်းလုပ်မှတော့ ကိုယ်မကြိုက်တဲ့ အပြုအမူမျိုး သူငယ်ချင်းအပေါ်မှာ မလုပ်မိအောင် ရှောင်တယ်… ကိုယ်တောင်မကြိုက်ရင် တခြားတစ်ယောက် ကြိုက်ပါ့မလားဆိုတဲ့ အတွေးနဲ့ပေါ့… ကောင်းသောပြောင်းလဲခြင်းတွေ မကောင်းသော ပြောင်းလဲခြင်းတွေ ကြုံလာရင်လည်း သူငယ်ချင်းမိတ်ဆွေ နဲ့ ဒိုးတူဘောင်ဖက် ရပ်တည်နိုင်ရမယ်… သူစံစားရင် ပျော်ရမယ်… သူခံစားနေရင်တော့ အားပေးရမှာပေါ့… ဆိုတဲ့ အတွေးမျိုးထားခဲ့ပါတယ်…

နေစဉ်နဲ့ အမျှ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်းမှာ ပျော်ရွှင်မှုတွေ တွေ့ရင်လည်း လက်တွဲဖေးကူခေါ်ရမယ်… ကိုယ်မခံစား နိုင်သော သောက တွေတွေ့ရင်လဲ မျှဝေခံစား ပေးမယ့်သူ ဖြစ်ဖို့လိုအပ်ပါတယ်…

ကျနော့် ဘဝမှာ ဒီနေ့ထိ မုန်းတဲ့သူရယ်လို့ မရှိခဲ့ပါဘူး… သူငယ်ချင်း ရတဲ့အခါ သူငယ်ချင်းတွေရဲ့ အလိုလိုက်ခြင်းကို ခံရတာများတယ်… ဆိုးတာကို သိပေမယ့် ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးခြင်း သံယောဇဉ် ကြီးလွန်းခြင်း စတဲ့အချက်တွေကြောင့် ကျနော့်ကို သည်းခံကြပါတယ်… တစ်ခုခုဆို ကျနော့်ရှေ့ကနေ ရပ်တည်ဖြေရှင်း ပေးတဲ့သူက များတယ်… ကျနော်ကိုယ်တိုင်လဲ ဘယ်လောက်ပင်ဆိုးဆိုး ကျနော်ဆိုးတယ် ဆိုတဲ့အထဲမှာ မနာလိုဝန်တို မစ္ဆယ စိတ်မရှိခြင်းပါပဲ… တစ်ခုခု လိုအပ်လို့ အရေးကြုံလာလို့က ကျနော်ကိုယ်တိုင်က ဖြေရှင်းပေးဖို့ အဆင်သင့် ရှိနေခဲ့ပါတယ်… နားမလည်နိုင်သော သံယောဇဉ်တွေ နဲ့တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေက သူငယ်ချင်း မိတ်ဆွေတွေ ကြားမှာ အမြဲရှိနေပါတယ်…

များသောအားဖြင့် ကျနော်ကံကောင်းပါတယ်… ကျနော့်ကို ချစ်တဲ့သူ များပါတယ်… ကျနော်ကိုယ်တိုင်ကလည်း မုန်းဖို့ဆိုတာထက် အမုန်းကိုမေ့ပြီး ဥပေက္ခာပြုထားလိုက်တယ်… တစ်ယောက်ယောက် ကိုမုန်းဖို့ထက် ချစ်လာဖို့ပဲကြိုးစားမိတယ်… (မုန်းနေရတာ ပင်ပန်းတယ်ထင်လို့) သူ့ဘက်က မုန်းတော့လဲ ကိုကခွင့်လွှတ်လိုက်တယ်… အဓိကက သူကောင်းကောင်း မကောင်းကောင်း သူမကောင်းတာကို သိနေတဲ့ အချိန်မှာ ကိုယ့်ဘက်က အကောင်းဆုံးကို လုပ်ပြပေးနိုင်ဖို့က အဓိကပါပဲ… …
ဒါကြောင့် မိတ်ဆွေသူငယ်ချင်းဆိုတာ…

တစ်ခါတစ်ရံမှာ ကိုယ်စိတ်ဓာတ်ကျနေတဲ့အချိန် စိတ်အစာကျွေးပြီး ဖြည့်ဆည်းပေးတတ်တယ်..

တစ်ခါတစ်လေ အော်ငေါက်ရင်းလဲ အကျိုးအကြောင်းပြ ပြောဆိုဆုံးမ နိုင်ရမယ်…

တစ်ခါတစ်လေ ကိုယ့်လိုပျော့ညံ့စွာ အနားထိုင် မှိုင်နေတတ်သေးတယ်...

တစ်ခါတစ်ရံကျတော့ အကိုလို အမလို အနားမှာ နေပြီး ရင်ဖွင့်သမျှကိုနားထောင်နိုင်စွမ်းရှိတဲ့သူ..

တကယ်ကို စလိုက် နောက်လိုက် စိတ်ကောက်လိုက်နဲ့ ပြိုင်ဆိုင်မှုတွေ မနာလိုမှုတွေ မရှိဘဲ နားလည်ပေးနိုင်တဲ့ ဘဝလေးကိုရရင် ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ… အချိန်အတိုင်းအတာတစ်ခု အတွက် ဒီသူငယ်ချင်းမိတ်ဆွေက ဘဝ အမောကိုပြေစေမှာပါ… ဒီလို ဘဝအမောကိုပြေ ပျောက်စေတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို ဒီဘဝမှာ တွေ့ရဆုံတွေ့ခွင့် ရတာဟာ ကျနော့်အတွက်တော့ မင်္ဂလာတစ်ပါးပါ… ဘယ်တော့မှလဲ မေ့မှာမဟုတ်ပါဘူး…

အခုဆိုလဲ ကျနော်ဒီဘလော့စာမျက်နှာပေါ်ကိုရောက်လာတဲ့ အချိန်မှာ ညီအကိုမောင်နှမလို သူငယ်ချင်းမိတ်ဆွေ အစစ်တွေ ထပ်ရပြန်တယ်… မမြင်ရတဲ့ သံယောဇဉ်ကြားထဲက ကျနော့်ဘဝ တစ်ခုလုံးအတွက် တွေးတောပူပန် ပြီး ကျနော့်ဘဝရှေးရေးကို စဉ်းစားပေးတဲ့ ဘဝကို ပဲ့ပင်ဆုံးမ သွန်သင်ပေးတဲ့ အကိုတွေကို တွေ့ရတယ်… အမြဲတမ်း ဆုံးမပေးတဲ့ အမတွေ ကိုတွေ့ရတယ်… သူငယ်ချင်းအဖြစ် ရှေ့ကရပ်တည်ပေးတဲ့ သူငယ်ချင်းတွေ ရတယ်… အကိုထိရင် မခံနိုင်ဘူး ဆိုတဲ့ ချစ်ကြတဲ့ ညီတွေ ညီမတွေ ရတယ်… စဉ်းစားကြည့်… ဒီလူတွေက ဒီစာမျက်နှာပေါ်မှာ တွေ့ကြတယ်… ဆွေမျိုးရင်းချာ မောင်နှမတွေ မဟုတ်သည့်တိုင် ဖော်ပြလို့မရတဲ့ အကြင်နာတရားနဲ့ မေတ္တာတွေရှိနေတယ်… ဒါတွေဟာ မိတ်ဆွေစစ် မိတ်ဆွေကောင်းတွေ ရဲ့စိတ်ဓာတ်ပဲ…

ဒီအတွက် ကျနော် အားလုံးကို ခင်မင်ချစ်ခင်ခွင့် ရတာ အတိုင်းမသိဝမ်းသာ ပီတိဖြစ်ရပါတယ်… ချစ်ခင်ခွင့် ရခဲ့တဲ့ ကျနော့်အကိုတွေ အမတွေကို လေးစားသလို သူငယ်ချင်း ညီ ညီမတွေကိုလဲ ချစ်ခင်ရပါတယ်…
ဒါကြောင့် ဒီလိုသံယောဇဉ်တွေနဲ့ “ဘဝတစ်ခုစာလုံး မမုန်းမဖက် အပြုံးစွက်လို့ မေတ္တာတွေထား အချစ်အားနဲ့ နားလည်ခွင့်လွှတ် သည်းခံရင်းနဲ့ မုဒိတာပွား မိတ်ကောင်းဆွေမွန်များ” ဖြစ်နိုင်ကြပါစေလို့……

မ-အနမ်း
ရေ…ကျေနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်…

ညီမလေးဇော်ရေ… ကျေနပ်တယ်မဟုတ်လား…


ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Tuesday, 9 June 2009

စူပါပြေး ဖိုးစိန်

ကျွန်တော် နိုင်ငံခြား ဘာသာ တက္ကသိုလ် တက်နေတုန်းကပါ… ကျွန်တော်ရဲ့ ချစ်သူငယ်ချင်း တစ်ယောက်က ”ဖိုးစိန်..နင် ဗဟန်းမှာ ဖွင့်တဲ့ အနုပညာ ကွန်ပြူတာ ဒီပလိုမာ သင်တန်းကို တက်ပါလား… နင်က ပန်းချီလဲတော်တယ်..စိတ်ကူးလဲကောင်းတယ်..နင်တက်ရင် အကျိုးရှိမှာ” လို့ ပြောတော့အမြှောက်သိပ် မကြိုက်တဲ့ ကျွန်တော်လဲ အချိန်မဆိုင်းဘဲ အလျင်အမြန်ပဲ စိတ်ဝင်တစား ကျောင်းအပ် လိုက်တယ်ပေါ့… နဂိုကလည်း စိတ်ဝင်စားနေတာပါ…

သင်တန်း စတက်တုန်းကတော့ အတန်းထဲမှာ အချင်းချင်း မေးထူးခေါ်ပြောအဆင့် ထက်မပိုခဲ့ဘူး.. ကျွန်တော်ကလည်း (UFL) ကိုပြေးတက်လိုက် ဒီဘက်ကျောင်းကိုလာလိုက်ဆိုတော့ ဒီဘက်သင်တန်းမှာ အပေါင်းအသင်း သိပ်မရှိခဲ့ဘူးလေ… ကိုယ့်အနားမှာ ထိုင်တဲ့ သားကြီးနဲ့ သားဇော်ကိုပဲ ခင်ခဲ့တယ်.. သူတို့နှစ်ယောက် နဲ့ပဲ လက်ဖက်ရည်ဆိုင် ဘီယာဆိုင် ရောက်ဖြစ်တယ်… ဒါပေမယ့် သိပ်ပြီး မတွဲ ဖြစ်ခဲ့ဘူး…

ပထမနှစ် စာမေးပွဲလဲနီးရော.. ကျနော်တို့ ဒီပလိုမာ သင်တန်းထဲက သူတွေအားလုံး စာမေးပွဲကို အကြောင်းပြပြီး သူအိမ်ကိုသွား..ကိုယ့်အိမ်သူသွား နဲ့ မုန့်လုံးစက္ကူ ကပ်နေကြတယ်… ကျနော်ကိုယ်တိုင်က သားဇော်ဆီကနေ လွတ်ထားတဲ့ စာတွေကို ပြန်လုပ်ရတယ်ဆိုတော့ သားဇော်နဲ့ သားကြီးနဲ့ကို စာမေးပွဲ နီးတော့ နေ့တိုင်းလို တွေဖြစ်ကြတယ်… ဒီလိုနဲ့ ပထမနှစ်က ပြီးသွားတယ်…

ဒုတိယနှစ်လဲရောက်ရော… ကျွန်တော်တို့ကို မာတီမီဒီယာ(Multimedia) အတန်းနဲ့ အော်ဒီယို(Audio/video) ဗွီဒီယိုအတန်း ဆိုပြီးနှစ်ပိုင်းခွဲလိုက်တယ်..ဖြစ်ချင်တော့ ကျွန်တော်က အော်ဒီယိုဗွီဒီယို ကိုယူသလို သားကြီးနဲ့ ဇော်ကလည်း ဒါကိုပဲဆက်ယူဖြစ်ကြတယ်…

အတန်းထဲက လူတွေနဲ့ လည်းပိုရင်းနှီးလာပီး မကြာခင်မှာပဲ မီးရထား တန်းကြီးလို.. ဘယ်သွားသွား တစ်သီတစ်သန်းကြီး.. ပျော်စရာလည်း ကောင်းလာတယ်… စကားလည်း များလိုက်တာ လွန်ရောဗျ… နှစ်ဝက်လောက်ရောက်တော့ ကျွန်တော်တို့တွေ ပရောဂျက်လုပ်ရမယ်... တကယ်လက်တွေ့ တွေ လုပ်ရမယ်..ကြော်ငြာလို ဇာတ်လမ်းတိုလို ပုံစံမျိုးလေး ကိုယ်တိုင် ဖန်တီးရမယ်… ဂရပ်ဖစ် ဆော့ဝဲလ်သုံးပြီး အဖွဲ့လိုက် လုပ်ရမယ်တဲ့… ဆိုတော့…

အုပ်စုလေးခုခွဲတဲ့ထဲမှာ…. (အော်ဗွီ(Audio/video)က နှစ်စု.. မာတီ(Multi)က နှစ်စု)… ကျွန်တော်တို့ အော်ဗွီ အုပ်စုထဲမှာ တော့ယောကျာ်း လေးများတယ်.. မိန်းကလေးက (၄)ယောက်ထဲ.. ပေါင်း(၁၀)ယောက်..အားလုံးက ကျွန်တော့်လိုဘဲ အများစုက မျောက်နှစ်ဖွား တွေဆိုတော့ဘာလုပ်လုပ် ဟိုစပ်စပ် ဒီစပ်စပ်နိုင်တယ်.. အတွေးအခေါ်တွေက မိုးပေါ်ရောက်နေတယ်.. လုပ်ချင်တာတွေ အိုင်ဒီယာတွေ က သူများနဲ့ မတူအောင်ထူးခြားတဲ့ အိုင်ဒီယာတွေနဲ့ ဆန်းသစ်အောင် ကိုလုပ်ချင်တယ်ပေါ့..

ပြောချင်တာ က ကိုယ်က ဒုတိယနှစ်ကျောင်းသားရှိသေးတယ်… လုပ်ချင်တာတဲ့ ကြော်ငြာ ဒီဇိုင်း ဗွီဒီယို တွေက အော်စကာဆု ဆယ်ဆုရတဲ့ ရုပ်ရှင် ကားတွေထက်သာချင်တာ… မာန်ကလဲ တက်နေတဲ့ အချိန်.. အားလုံးကလည်း အရွယ်တူ… တစ်ခုမပြောလိုက်နဲ့ လုပ်မယ်ဆိုတာကြီးပဲ ဆိုတော့…

အုပ်စုထဲမှာ ခေါင်းဆောင်ရွေးတော့ ကျွန်တော်တို့ အဖွဲ့ကို ကြီးကြပ်မဲ့ဆရာမရဲ့ ရီးစားကို ခေါင်းဆောင်တင်တယ်.. (မပိုင်ဘူးလား..)ကျွန်တော်က စာတိုပတ်စလေးတွေ ရေးတတ်တာ သိတော့ ကျွန်တော့်ကို ဇာတ်ညွှန်းရေး ခိုင်းတယ်..သားဇော်က ဒါရိုက်တာ..သားကြီးက လိုအပ်မဲ့ သတင်းအချက်အလက် တွေရှာ... ကိုယ့်တာဝန်နဲ့ ကိုယ် အားကျိုးမာန်တက် ကျိုးစားကြတယ်လေ…

ကျန်တဲ့သူတွေက လိုဂို..ဒီဇိုင်းနဲ့ သန်ရာသန်ရာတာဝန်ယူကြတယ်လေ.. တည်းဖြတ်နဲ့ စာတန်းထိုးကိုတော့ ကျွန်တော်တို့ သူငယ်ချင်း ယောက်ဖိယောက်ဖ သုံးယောက်တာဝန်ယူလိုက်တယ်.. ကျွန်တော့် ဇာတ်လမ်းက ကြော်ငြာနှစ်ခုဖြစ်တဲ့ ဟိုင်းတီး နဲ့ ဓူဝံအင်ဗာတာ ကိုပေါင်းပြီး စူပါမင်းပါမယ့် ဟာသ သဘောဆောင်တဲ့ စူပါ အင်ဗာတာ ကြော်ငြာရိုက်ဖို့ပါ..

ဇာတ်လမ်းက တိုက်မှာနေ တဲ့ အဖေလုပ်သူ ကမီးမလာလို့ သားလုပ်သူကို မီးထွန်းဖို့ အင်ဗာတာ ဝယ်ခိုင်းတော့ သားက ကစားနေရင် အပြေးသွား.. ကားတိုက်.. စူပါမင်းဖြစ် အင်ဗာတာ သွားဝယ်ပြီး အဖေ့ဆီပြန်လာ အဖေက အင်ဗာတာနဲ့ မီးထွန်း.. ခြင်ထောင် ထဲမှာလှုပ်စိလှုပ်စိ လုပ်မယ်.. ပြီးရင် ခေါင်းလေးထွက်လာပြီး..စူပါအင်ဗာတာ နဲ့ဆို တော့ဂွတ်တယ်ဗျာ လို့ ပြောမယ်…. အဲဒီနောက်မှာ အဖတ်တွေ… အရေတွေ(အဲမှားလို့)..အမ်နီမေးရှင်း (ANIMATION)တွေ.. အဖက်ဖ် (EFFECTS) တွေပေါ့ဗျာ… ဟာသအဖြစ်စူပါက မပျံဘူး.. တစ်ချိန်လုံး ပတ်ပြေးရတယ်..ကားလဲ တိုက်ခံရတယ်…လက်ညှိးကလေးညွန်ပြီး အဖေလုပ်သူဆီ စွမ်းအင်သုံးပြီး အင်ဗာတာကိုပို့ပေမဲ့.. မစွမ်းတော့ နောက်ဆုံး ထမ်းပြန်လာပေါ့… (၅)မိနစ်စာလေးပါ…

ဖြစ်ချင်တော့ စူပါလုပ်မယ်သူကိုရွေးတော့ အားလုံးက ကျွန်တော့်ကို လက်ညှိုးထိုး ကျပါလေရောဗျာ.. ကိုယ်အတတ်ကို စူးတယ်ဆိုတာမှန်ပဗျာ… တိုင်ကိုလဲ ပတ်ပြေးရတယ်.. လမ်းပေါ်မှာလဲ ပြေးရအုံးမယ်..ကားတိုက်လဲ ခံရသေးတယ်..မောင်စူပါက ကိုယ့်ဇာတ်ညွန်းနဲ့ ကိုယ်အတတ် စူးတာလေ… စူပါမင်းက စူပါပြေးဖြစ်နေတယ်ပေါ့…

စူပါမင်းဝတ်စုံကို ပျံလန်နေအောင် ချုပ်မယ်ဆိုပြီး မီးရထား တန်းကြီးလို တစ်ဖွဲ့လုံး ဈေးဝယ်ထွက်ကြတော့ အကြိုက်ကမတွေ့… ဂျေးတွေက ခပ်များများဆိုတော့ တစ်ရက်ပြီးတစ်ရက် နဲ့ ဈေးဝယ်ထွက်ကျတာ စားတာသောက်တာနဲ့ လမ်းစရိတ်တွေ နဲ့ တင်ဘုံပိုက်ဆံ ပြောင်သွားတယ်လေ…

နောက်ဆုံးတော့ အတန်းထဲက ကောင်မလေး တစ်ယောက်က သူ့အမေ နတ်လိပ်ကာ ချုပ်မဲ့ အနီရောင်ပိတ်စကို တောင်ပံလုပ်ဖို့ ခိုးလာတယ်… စူပါဆိုတဲ့ (S) စာတန်းလေးကိုလဲ စက္ကူပေါ်မှာဆေးချယ်ပြီးကော်နဲ့ ကပ်မျက်မှန်အနက် အကျီအပြာဂျင်းပန်အပြာနဲ့ ကျွန်တော် မောင်စူပါ ဖြစ်လာတာပေါ့ဗျာ…
ဇာတ်လမ်းတွေအတွက် ပြီးသွားတော့ ကျွန်တော်တို့ ပရောဂျက် တင်ဆက်မှုအတွက် အချက်အလက် တွေရှာရတယ်.. ကျောင်းကို တင်ပြပြီးမှ ကျွန်တော်တို့က ဆက်လုပ်ခွင့် ရမှာဆိုတော့ ကိုယ်တင်ပြမယ့် တင်ဆက်ပုံအတွက် စာတန်းတွေရေး.. အိုင်ဒီယာတွေ ရှာကျတာပေါ့.. အဓိကကတော့ စာတန်းထိုးဖို့.. သာမန်တွေနဲ့ မတူချင်တဲ့ ကျွန်တော်တို့ က စာတန်းကို ခပ်ဆန်းဆန်းလေး ထိုးချင်တယ်..
ကြည့်တဲ့ ဗွီဒီယိုကားပေါင်းလဲ မနည်းတော့ဘူး..ဒါပေမယ့် ကော်ပီကူးချင်လောက်အောင် စိတ်ကြိုက် မတွေ့တော့ ကောင်းတာတစ်ခု ကိုပဲရွေးလိုက်ကြတယ်… မနက်ဖြန်လို ပရောဂျက် တင်ဆက်ပုံ ရှင်းလင်းပွဲရှိလို့ ကျွန်တော်တို့ခေါင်းစားနေချိန်မှာ သားကြီးက ခွေတစ်ခွေ ယူလာတယ်..
” စိန်နဲ့ ဇော် ဒီခွေကြည့်လိုက်..ကောင်းတယ်..”
…………………….

”ဟာ.. မင်းကကွာ ဒီလောက်အရေးကြီး နေတဲ့အချိန်ပါဆိုနေမှ ဒီလိုမဟုတ်တဲ့ ကားကြည့်ဖို့ စိတ်ကပါနေသေးလာကွာ..”

”ဟာကွာ..မင်းတို့ ကလဲ..အခွေက ဟိုကားဆိုပေမယ့် ဒီခွေကထိုးတဲ့ စာတန်းဒီဇိုင်းက မိုက်တယ်နော်..
ငါတို့ တွေရှာနေတဲ့ဒီဇိုင်းမျိုးကွ တဏှာစိတ်မထားနဲ့ ကွ ပညာစိတ်ထားပါကွ”

ကျွန်တော်တို့ လဲစိတ်ဝင်စားလို့ ကြည့်လိုက်တော့ ကွက်တိဗျာ.. ကျွန်တော်လဲ သဘောကျသွားတယ်…ကျွန်တော် မနက်ဖြန် ရှင်းပြမဲ့ ထဲမှာလည်းထည့်ဖို့ သဘောတူလိုက်တယ်.. ခက်တာက အခွေက မိသားစု ကြည့်ကောင်းတဲ့ အခွေမဟုတ်ဘူးလေ.. ကျနော်ရှင်းလင်း တင်ပြတာကို နားထောင်ကြမယ့်ဆရာ ဆရာမတွေကလည်း အပျိုကြီးတွေလဲပါတယ်.. အိမ်ထောင်သည် တွေပါတယ်ဆိုတော့ ဂရု တော်တော်စိုက်ရမယ်လေ.. လိုချင်တဲ့ စာတန်းထိုး နေရာလေးကို တည်းဖြတ် ကပ်ညှပ်ဖို့ ကလည်းအချိန်မရတော့ ကျွန်တော်တို့ ကိုကြီးကျပ်တဲ့ဆရာမကို ဆရာမရီးစား အကူအညီနဲ့ အကျိုးအကြောင်း ရှင်းပြရတယ်..

သူမ ကကျွန်တော် ရှင်းပြနေချိန်မှာ သူကကွန်ပြူတာကိုင်ပြီး ပရောဂျက်တာကြီးနဲ့ ပြမှာဆိုတော့ အဲဒီစာတန်း ထိုးတဲ့အပိုင်းလေးကိုပဲ ကွက်ပြဖို့ ကျွန်တော်တို့က မိနစ်ကိုက် လုပ်ထားတယ်.. ရီဟာဆယ် လုပ်တော့လဲ ကွက်တိပဲ…

ကျွန်တော်စရှင်းပါပြီး… ဇာတ်လမ်းအကြောင်း ရှင်းပြတော့ ဟုတ်နေရောပဲ…နောက် လိုဂို… ဒီဇိုင်း.. ပြီးတော့စာတန်းထိုး…”ကျွန်တော်တို့ စာတန်းထိုးတာကိုတော့ ဒီလိုဒီဇိုင်းမျိုးနဲ့ လုပ်ချင်ပါတယ်” ဆိုပြီး.. ပရောဂျက်တာ ထိုးထားတဲ့နံရံ ဖက်မျက်နှာလှည့် ရှင်းပြဖို့ လုပ်လိုက်တော့..
အားပါးပါး…..

“အုအာ..အင်း…အင်း…အိုး.... အစ်....”

...........

အသံတွေ…အသံတွေ…..

အသံတွေနဲ့ အတူ အရုပ်အကြီးကြီးတွေ.. လုံးတီးတွေ ထွက်လာပါလေရောဗျာ….. အနောက်ကနေ ပိတ် လိုက်ရပ်လိုက်ဆိုတဲ့ အသံတွေ… အပျိုဆရာမတွေရဲ့ ဟယ်...ဟာ.. အသံတွေ ဆရာတွေရဲ့ ဟေ့..ဟာ.. အသံတွေ.. ဒီအသံတွေ ကြားတော့ ကျွန်တော်တို့ ဆရာမတစ်ယောက် ကြိုးစားပြီး ပိတ်နေပါတယ်ဆိုမှ.. ဖြစ်ချင်တော့အခန်းတွေ ကတစ်ခန်းပြီး တစ်ခန်း.. အနေအထား တွေကလဲ အမျိုးမျိုးပြောင်းလို့ဗျာ… ဘုရားရေ… ကြည့်နေကျ ကျွန်တော်တောင်မှ အခုပြန်ကြည့် လိုက်ရတော့ ကြက်သီးထပြီး မျက်စိထဲမှာပြာနှမ်းလို့ (အရင်က အကိုတွေဘာလို့ အပြာကားလို့ ခေါ်တယ်ဆိုတာ အခုမှဘဲကောင်းကောင်း သိရတော့တယ်)..

လူကတော့ ပုရွက်ဆိတ် ကိုယ်လုံး.. ဆင်ခေါင်းနဲ့ ပုစွန်မျက်လုံးကိုဖြစ်လို … ဒူးနှစ်ချောင်းက အချင်းချင်း ပြန်ရိုက်နေလား အောက်မေ့ရတယ်… ရှက်လိုက်တာဗျာ…ရှက်လိုက်တာ.. ကျွန်တော်မောင် စူပါ အရှေ့က စင်ပေါ်မှာဘဝပျက်နေပြီး.. အပျက်အပျက်ကြားထဲက အားလုံး ဝိုင်းရယ်ကျတော့ကျွန်တော်လဲ စင်ပေါ်ကဆင်းပြေးရတာပေါ့…

မကြာပါဘူး… ကျွန်တော်တို့ အုပ်စုကို ကျောင်းအုပ်က ခေါ်တွေ့ ပါလေရော… အားလုံး ဝင်တွေကြတော့..ကျောင်းအုပ်လုပ်သူက ကျွန်တော်တို့ တွေရဲ့ မျက်နှာကိုကြည့်ရင်း သူခမျာ တည်နေအောင် ထိန်းနေတဲ့ကြားက မနေနိုင်ဘဲ အော်ရယ်ပါလေရောဗျာ… ပြီးတော့ မေးတယ် “တော်တော်ကြိုက်တယ်လားတဲ့ ဝါသနာကို အရင်းခံတယ်ဆိုတာသိလိုက်တယ်” ဆိုသေးတယ် အပြစ်ပေးမခံလိုက်ရပါဘူး… ဒီခွေကို ပရောဂျက် အတွက်မသုံးဖို့ ပဲပြောလိုက်တာလေ..

နောက်နေ့ ကနေစလို့ ကျွန်တော်မောင်စူပါပြေးနဲ့ တကွ အပေါင်းအပါတွေက နာမည်ကြီးသွားပါလေရောဗျာ.. ကျွန်တော်ကိုတောင်

“အု..အား..စူပါပြေး..
အု…အား..စူပါပြေး”
ဆိုပြီး နောက်ကြသေးတယ်..

ပရောဂျက်လေး ကတော့ အောင်မြင်စွာနဲ့ ပီးဆုံးသွားပါတယ်.. လူကြိုက်များတဲ့ ပရောဂျက်လေး တစ်ခုလဲဖြစ်ခဲ့ပါကြောင်း..
အု..အား..

ဖိုးစိန်

ပြန်လည် ခံစားမိသော နောင်လာမည့် နှစ် (၂၀)

အခုတစ်လော ကျနော်ချစ်ခင်တဲ့ အကိုတွေ အမတွေ ညီတွေ ညီမအိမ်တွေမှာ အသစ်တင်လို့ နက်မကောင်းတဲ့ ကြားက သွားလည်တော့ မကြီးမိုးချိုသင်းရဲ့ နောင်လာမည့် အနှစ်နှစ်ဆယ် တက်ဂ်ပိုစ့် လေးကိုပြန်တင်တာကို ပြန်ဖတ်ရတယ်… ဒီပိုစ့်လေးက မကြီးမိုးချိုသင်း ရေးကတည်းက သွားဖတ်ပြီးပြီး…

ပထမတစ်ခေါက် ဖတ်ပြီးကတည်း စဉ်းစားမိသွားတာ တစ်ခုရှိတယ်… ကိုယ်တိုင်က မိသားစု အဆင်ပြေဖို့ မိဘတွေ အဆင်ပြေဖို့ ကြိုးစားရုန်းကန် နေရတယ်ဆိုတော့ မိဘနဲ့ ပိုက်ဆံက လွဲပြီး ဘာကိုမှအာရုံ မထားမိဘူးလေ… ခုမကြီးချိုသင်းရဲ့ ပိုစ့်လေးကို ဖတ်လိုက်တော့ တုန်လှုပ်သွားတာလား.. ကြောက်သွားတာလားတော့ မပြောတတ်… ရေးထားတဲ့ စာပိုစ်နှစ်ခုထဲက တစ်ခု ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးနဲ့အတူ အကိုကြီးတစ်ယောက် ကိုသတိရသွားတယ်…

၂၀၀၄- ခုနှစ် လောက်တုန်းက ပါ… ကျနော် အင်္ဂလန်ဗီဇာ ဖြေတာကျပြီး စိတ်ဓာတ်ကျနေတဲ့ အချိန်လောက်ကပေါ့… သူငယ်ချင်း တစ်ယောက်က မင်းဒီလို ဖြစ်နေမယ့် အတူတူ သံတမန်ရေးရာ သင်တန်း တက်ပါ… လျှောက်လွှာတင်ထားပါ… လျှောက်လွှာ အလှည့်ကျ ခေါ်တဲ့အထဲပါရင် တက်ပေါ့တဲ့… ဘာပဲဖြစ်ဖြစ် ဗဟုသုတ ရတယ်ပေါ့လေ… ကျနော်လဲ လျှောက်လွှာ သွားတင်တာပေါ့… အဲဒီမှာ အကိုကြီးတစ်ယောက်နဲ့ ဆုံတယ်… သူနဲ့ကျနော်က လျှောက်လွှာ တင်တုန်းက တူတူ… ကျနော်က နှုတ်ချိုသူဆိုတော့ ခဏလေးမှာပဲ သူငယ်ချင်း အကိုဖြစ်သွားတယ်…

တနေ့ အပြင်မှာ ဆုံကျတော့ သူက ကျနော့်ကိုမေးတယ်… “ညီ... မင်း နိုင်ငံရေး ကိုဘယ်လိုမြင်လဲ”တဲ့… ကျနော်လဲ အရိုးရှင်းဆုံး ဖြေလိုက်တယ်… “အကို ကျနော် နိုင်ငံရေး စိတ်မဝင်စားဘူး”လို့… အဲလိုဖြေတော့ အဲဒီအကိုက ရယ်တယ်လေ… “မင်းဘာ ရည်ရွယ်ချက်နဲ့ ဒီသင်တန်း ကိုတက်ချင်တာလဲ”တဲ့လေ…

ကျနော်ကလဲ “မသိဘူး… အလုပ်လေး ဘာလေးများရရင် အထောက်အကူပြုမလား ထင်တာပဲ”လို့ ဖြေလိုက်တယ်… ဒါက အမှန်ပါပဲ… သူကရယ်ပြီး “ဒီမှာညီ… နိုင်ငံရေး စိတ်ဝင်စားလား ဆိုတာနိုင်ငံရေးလုပ်ဖို့ မင်းကိုမြူဆွယ် နေတာမဟုတ်ဘူး… အကိုလဲ နိုင်ငံရေး သမားမဟုတ်ဘူး.. ဒါပေမယ့် နိုင်ငံနဲ့ လူမျိုးကိုချစ်တယ် လို့ ပြောလို့ရတယ်.. ကိုယ်နိုင်ငံမှာ ဘာတွေဖြစ်နေလဲ ဘာတွေလုပ်နေလဲဆိုတာ နိုင်ငံသားတိုင်း သိထားသင့်တယ်… နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး အနေအထား အတွေးအခေါ် အပေါ်မူတည်ပြီး ဒီနိုင်ငံရဲ့ လူနေမှု အဆင့်အတန်းတွေ စီးပွားရေး လူမှုရေး ပညာရေးနဲ့ ယဉ်ကျေးမှုတွေ ပြောင်းလဲနေတယ် ဆက်စပ်နေတယ် ဆိုတာသိထားရမယ်… မင်းတို့လို ငယ်ရွယ်တဲ့ သူတွေက နိုင်ငံရေး စိတ်မဝင်စားဘူးလို့ ပြောရင် အတင်းငြင်းနေရင် နောင်လာမယ့် အနာဂတ်မှာ ငါတို့ မြန်မာနိုင်ငံ ဘယ်လိုရပ်တည်မလဲ”တဲ့… “မင်းဒီလို စိတ်မျိုးနဲ့ဆိုရင် မင်းလိုလူငယ်မျိုး အယောက်ပေါင်း မနည်း ရှိနေမယ်ဆိုရင် နောင်လာမယ့် အနာဂတ်အတွက် ရင်လေးမိတယ် ”ပြောတော့ ကျနော်တော်တော်လေး ရှက်ခဲ့မိပါတယ်…

ခုလဲကြည့် ကျနော့်ဒီပိုစ့်လေးကို ဖတ်ပြီး နောင်လာမယ့် အနာဂတ် ဆိုတာကြီးကို တွေးမိသွားတယ်… ကိုယ်တိုင်က နှစ်နှစ်ဆယ်ဆိုတဲ့ အနာဂတ်မှာ သေချင်သေနေမှာ… ခုချိန်ထိ ကိုယ့်မိသားစု အတွက် ရုန်းကန်နေရတော့ ဘာတွေ ဘယ်လိုဖြစ်နေလဲ ဆိုတာ မသိတဲ့ဘဝ (သိနေလဲ အခွင့်မသာတဲ့ဘဝ)… တစ်ခါတစ်လေတော့ မသိပဲရုန်းကန်နေရတဲ့ ဘဝနဲ့ စာရင် အတွေးအသစ် အမြင်သစ်တွေ နဲ့ ရုန်းကန်ကြည့်ချင်တယ်.. ဘယ်သူဘက်မှ မလိုက်ပဲ နိုင်ငံတော်ကြီးအတွက် ရိုးရိုးလေးပဲ စဉ်းစားကြည့်ကြမယ်…

လူတိုင်းက ကိုယ်မွေးတဲ့ ကိုယ့်တိုင်းပြည်ကို ချစ်ကြပါတယ်… ကိုယ်ကြီးပြင်းခဲ့ရတဲ့ နိုင်ငံတော်ကို ကိုယ်တိုင်ဘယ်လောက်ထိ ချစ်သလဲ… ဘာတွေ ဖြစ်စေချင်လဲ… ဘာလုပ်သင့်သလဲ ဆိုတာ ရိုးရိုးပဲတွေး “ရိုးရိုးကျင့် မြင့်မြင့်ကြံမယ်”… ဒါက ကိုယ်ကျိုးမဖက်တဲ့ နိုင်ငံတော် အနာဂတ်ကြီးအတွက်... တစ်ခုတော့ရှိတယ်… မကြီးချိုသင်း(မိုးချိုသင်း) ရေးခဲ့တဲ့ပိုစ့်လေးကို မဖတ်ခင် (ကမ္ဘာမကြေ) ဆိုတဲ့ နိုင်ငံတော်သီချင်းကိုအသံထွက်ရုံ ဆိုကြည့်ပါ…

“တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ
တို့ပြည် တို့မြေ။
………………………
………………………
……………………
တို့ပြည်၊ တို့မြေ အကျိုးကို
ညီညာစွာ တို့တစ်တွေ
ထမ်းဆောင်ပါစို့လေ
တို့ တာဝန်ပေ
အဖိုးတန် မြေ…………။”

အသံထွက်ဆိုကြည့် ပြီးရင် နိုင်ငံတော် ကိုချစ်တဲ့သူ တစ်ယောက်နေနဲ့ ဘယ်လိုခံစားမိသလဲ ဆိုတာ ကိုယ်တိုင်ခံစားကြည့်ဖို့ မကြီးချိုသင်းရေးခဲ့တဲ့ ပထမအပိုစ်ကို ဖတ်ကြမယ် (ဒါတောင်စိတ်ကူးထဲက အနှစ်နှစ်ပါ)...

နောင်လာမဲ့ အနှစ် နှစ်ဆယ် (၁)

မနက်စောစောစီးစီး လမ်းလျှောက်က ပြန်လာတော့ သတင်းစာတစောင် တကျပ်နဲ့ ၀ယ်ခဲ့တယ်။ အိမ်ရှေ့မှာ ကော်ဖီလေးတခွက် သောက်ရင်း သတင်းစာဖတ်နေမိတာ။ ရှေ့ဆုံး စာမျက်နှာကို စိတ်အ၀င်စားဆုံးမို့ ခေါင်းကြီးတွေ အရင် လိုက်ဖတ်နေမိတယ်။


လေးနှစ်တကြိမ် လုပ်တဲ့ ရွေးကောက်ပွဲမှာ ဒေါ်စု ပါတီ အနိုင်ရတာ ၅ ကြိမ် ဆက်တိုက် ရှိခဲ့ပြီ။ ပြီးခဲ့တဲ့ အပတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလောကက အနားယူတဲ့အကြောင်း သတင်းထုတ်ပြန်လိုက်ခဲ့တယ်။ တပြည်လုံး ပွက်ပွက်ညံသွားတာပေါ့။ သတင်းစာလွတ်လပ်ခွင့်ကို အပြည့်အ၀ အသုံးချလိုက်ကြတာ အခုထိ ဒီအကြောင်းကို ဝေဖန်သုံးသပ်လို့ မပြီးသေးဘူး။


ဒါပေမဲ့ နေ့မအား ညမအား သူတိုင်းပြည်အတွက် လွန်ခဲ့တဲ့ အနှစ်လေးဆယ်လုံးလုံး ပင်ပန်းခဲ့ ကြိုးစားလုပ်ခဲ့တာတွေကို ကျေးဇူးတင် ကျေနပ်ပြီး သူ့ကိုယ်ပိုင်အချိန်လေး မပေးသင့်ဘူးလား။ သူချစ်တဲ့ မြန်မာပြည်ကြီးအတွက် သူ ၀ါသနာပါတဲ့ စာရေးစာဖတ်နဲ့သာ အေးအေးချမ်းချမ်း နေတော့မယ် တဲ့။ လူငယ်တွေနဲ့ စာအုပ်စာပေအကြောင်း ဆွေးနွေးပွဲလေးတွေ ရံဖန်ရံခါ လုပ်ပြီး ဘ၀ကို ရိုးရိုးသာ ဖြတ်သန်းတော့မယ် တဲ့။


ပြန်လည်ထူထောင်ရေးကာလတွေမှာ တို့ပြည်သူပြည်သားတွေ စိတ်ရော လူပါ တက်ညီ လက်ညီ ပြုပြင် ကြိုးစားကြလို့ အခုအချိန်မှာ အတော်အတန် တည်ငြိမ်လာခဲ့ရတာပါ။ ကြည့်ပါလား။ သတင်းစာထဲက လူတွေရဲ့ မျက်နှာမှာ ယောက်ယက်ခတ် ပူလောင်တာမျိုး မရှိ၊ အေးအေးချမ်းချမ်း ပြုံးပြုံးရွှင်ရွှင်နဲ့။ ကိုယ်တကယ် စိတ်ပါလို့ ပြုံးတဲ့ အပြုံးချိုချိုတွေနဲ့။


တိုင်းပြည်ထူထောင်ရေးမှာ ပညာရေးက နံပါတ် ၁ ဆိုတဲ့အတိုင်း တက္ကသိုလ်ကျောင်းကြီးတွေ လဲ အဆင့်တန်းမီမီ ဖွင့်နိုင်ပြီ။ ပညာသင်စားရိတ်ကို အခမဲ့ နီးပါး ဈေးချိုချို နဲ့ သင်ကြားနိုင်ပြီ။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကမ္ဘာ့တက္ကသိုလ်အသီးသီးမှာ ပညာသင်ခဲ့ကြတဲ့ မြန်မာ ပညာရှင်တွေ အကုန်လုံး ကိုယ့်ပြည်ကို ပြန်လာပြီး စေတနာအပြည့်နဲ့ စာသင်ကြတာလေ။

ဧရာဝတီတိုင်း မုန်တိုင်းသင့်ဒေသတွေကိုလည်း ပြည်တွင်း ပြည်ပ အကူအညီနဲ့ ကျောင်းတွေဆောက်၊ လမ်းတွေပြင်ကြ။ မြန်မာပြည်ရဲ့ ထမင်းအိုးကြီး ထမင်း ပြန်ချက်နေပြီ။ နာဂစ်က မိဘမဲ့ကလေးတွေတောင် အခမဲ့ တက္ကသိုလ်ကြီး မှာ ဘွဲ့လွန် တက်နေကြပြီဲ။


အခုဆို ဆေးရုံတွေမှာ ဆေးတွေ လုံလုံလောက်လောက်၊ ကုတင်နေရာ လုံလုံလောက်လောက် အသုံးပြုနိုင်ပြီတဲ့။ လူတိုင်းလူတိုင်း ကျန်းမာရေးနဲ့ ပတ်သတ်ရင် အာမခံ ရှိတဲ့ ယူကေက ကျန်းမာရေးစနစ်ကို အတုယူပြီး တဆင့်ပြီး တဆင့် ပုံဖော် လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာထားသေးတယ်။


ကိုယ်အရင်က သွားသွားနေခဲ့ရတဲ့ စာပေစိစစ်ရေးရုံးကြီးကို စာပေကင်ပေတိုင်ရုံးဆိုပြီး ပြတိုက် လုပ်လိုက်သတဲ့။ စာပေမလွတ်လပ်ခဲ့ရတဲ့ ကန္တာရနှစ်တွေကို အမှတ်ရပြီး ကိုယ်ရနေတဲ့ စာပေလွတ်လပ်ခွင့်ကို တန်ဖိုးထား လေးစားအောင်လို့ တဲ့။ အခုတော့ စာပေစိစစ်ရေး မရှိတော့လို့ လူတိုင်း လွတ်လွတ်လပ်လပ် ကိုယ့်အယူအဆကို ရေးသားဖော်ထုတ် နိုင်ကြတယ်လေ။ ပန်းတိုင်းပွင့်ကြပြီပေါ့။


လမ်းထောင့်တိုင်းမှာလဲ စာအုပ်ဆိုင်လေးတွေနဲ့လေ။ အင်တာနက် ကဖေးလေးတွေ ရှိပေမဲ့ လူတိုင်းအိမ်တိုင်းစေ့ အင်တာနက် ရှိနေပြီဆိုတော့ အပန်းဖြေချင်သူ၊ စကားပြောချင်သူ၊ ကော်ဖီသပ်သပ် သောက်ချင်သူများသာ ရှိနေတယ်။ မြို့နယ်တိုင်းမှာလဲ စာကြည့်တိုက်လေးတွေ ရှိသေးတယ်။ စာအုပ်အဟောင်းလေးတွေကို သပ်သပ်ရပ်ရပ် စနစ်တကျ ငှားဖတ်နိုင်ပါတယ်။ သမိုင်းအချက်အလက်ကို စာအနေနဲ့ရော၊ ရုပ်သံအနေနဲ့ရော ရှာလို့ရသေးတာ။

ဖတ်ကြည့်ပြီးတော့ ပြုံးနေမလား… သဘောကျလို့ ပျော်နေမလား…

ဒုတိယ အပိုစ်ကို ဆက်ဖတ်ကြည့်....

နောင်လာမဲ့ အနှစ် နှစ်ဆယ် (၂)

ရန်ကုန်တမြို့လုံး ဖုံလုံးကြီး ထ နေသလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထောက်လှမ်းရေးတွေ စွမ်းအားရှင်တွေရဲ့ ဆိုင်ကယ်တွေကထွက်တဲ့ ညစ်ညမ်းလေထု ကြောင့်ပါ။ ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ် လူပင်လယ်ကြီးရဲ့ မျက်နှာအားလုံးက တကယ်တော့ အတူတူပဲ။ အားလုံး တမျက်နှာတည်း။

မျှော်လင့်ချက်မဲ့ စိတ်ပျက် ၀မ်းဟာ ဒေါသထွက်။ လူတွေရဲ့ မျက်လုံးတွေက မွဲ၊ ပါးစပ်တွေ ပိတ်၊ ဆံပင် နီကြောင်လန် နဲ့။ ဒီနေ့ ရုံးမှာ မလောက်ငတဲ့ မိသားစု ၀မ်းရေးအတွက် အေးဓမြ တိုက်ခဲ့တဲ့ ငွေလေးကို ခါးပိုက်နှိုက်မှာစိုးလို့ တစမ်းတည်း စမ်းနေရတယ်။ ဘေးကကောင်ကိုလဲ မယုံရ၊ အားလုံးမှာ သံသယ အကြည့်တွေနဲ့။

တိုင်းပြည်မှာ လူငယ်ဆိုတာလဲ ကုန်ပြီ။ တနေ့တနေ့ ပတ်စ်ပို့ရုံးမှာ အလှူပေးနေသလား အောက်မေ့ရအောင် ပြည်ပထွက်ဖို့ တိုးဝှေ့နေကြတယ်။ ဘယ်လိုနည်းနဲ့ ထွက်ရ ထွက်ရ၊ တောင်းသမျှကို ခြစ်ခြစ်ချုပ်ချုပ်ပေမဲ့ မျက်စိမှိတ် ပေးပစ်လိုက်ကြတယ်။ ကျောင်းတွေကလဲ ပိတ်ထားတော့ ပညာရေး မလောက်မငနဲ့မို့ ပြည်ပမှာလဲ ရရာအလုပ် လုပ်ရအုံးမယ်။ ကူလီမျိုးဟေ့ တို့ဗမာ ဆိုသလိုပေါ့။

လမ်းထောင့်တိုင်းမှာလဲ အနှိပ်ခန်းတွေ မှိုလိုပေါက်နေတယ်။ ဟိုး ဆိုင်းဘုတ်ဒ် အကြီးကြီးပေါ်က မြှူဆွယ်နေတဲ့ အနှိပ်ခန်းကြော်ငြာတဲ့ ကလေးမဟာ အ၀တ် ဆင်းရဲလွန်းတယ်။ တမြို့လုံး အဲဒီလို ဆိုင်းဘုတ်ဒ်တွေနဲ့ ပြည့်နေတယ်။

လက်ဖက်ရည်ဆိုင်တွေအစား ဘီယာဆိုင်တွေ ညော်နံ့တလူလူနဲ့။ လောင်းကစား ဒိုင်ကြီးတွေဆိုတာ ခမ်းနားပါပေ့။ သူ့ဒိုင်မှာ လာလောင်းရင် စကဒ်တိုတိုနဲ့ ကောင်မလေးက ဘီယာတလုံး အလကား တိုက်သေးတယ်။

ချဲ၊ နှစ်လုံး၊ သုံးလုံး၊ ဘော်လုံးပွဲ ကြိုက်တာလောင်းလို့ရတယ်။ မနက်ဖန် မိုးရွာမလား မရွာဘူးလားဆိုတာတောင် လောင်းလို့ရသေး။ ဒိုင်တွေက အကောင်ကြီးကြီးတွေရဲ့ သားတွေ ဖွင့်ထားတာမို့ ဖမ်းမှာ မပူရဘူး။ တရားဝင် လိုင်စင်ချထားတာလေ။

မနက်က ဈေးသွားတော့ ကန်စွန်းရွက်တစည်း တသောင်းဆိုလို့ မဆိုးဘူးဆိုပြီး ကိုင်ကြည့်တာ နွမ်းဖတ်နေပါရောလား။ ပိုက်ဆံကလဲ ထောင်တန်က အနိမ့်ဆုံး အရွက်ပဲ။ ငါးထောင်တန် တသောင်းတန် ကိုင်သုံးနေရပြီ။ သိန်းချီကိုင်မှ တနေ့ဈေးဖိုး ရမယ်။ တက်စီတခါ စီးလိုက်တာ ဟိုနား ဒီနား ၃သိန်း ဆိုပဲ။ ဘတ်စ်ကားခက ငါးသောင်းဆိုတော့ လူတွေ လှိမ့်တိုးနေတာပေါ့။

ဈေးတွေက ရော့ကက်လို တက်သလို ထောင်ဒဏ်တွေလဲ သူနဲ့အတူ လိုက်တက်တယ်။ ဒီမနက် သတင်းစာထဲမှာ နိုင်ငံတော်ကို အကြည်အညိုပျက်အောင် လုပ်မှုဆိုပြီး နဂါးနီ သီချင်းဖွင့်တဲ့လူကို ထောင်ချလိုက်တာ ၁၀၅ နှစ်တဲ့။ ဒါ ဘာဟုတ်သေးလို့လဲ။

၈လေးလုံး အနှစ် ၄၀ ပြည့် အထိမ်းအမှတ်နေ့တုန်းက အကျီ င်္အနက် ၀တ်လာမိတဲ့ အဒေါ်ကြီး တယောက်ကို စွမ်းအားရှင်တွေ ၀ိုင်းရိုက်လိုက်တာ မျော့မျော့ပဲ ကျန်သတဲ့။ သူ့မိသားစုပါ အကုန် ထောင်ချလိုက်တာ နှစ် ၁၃၀ စီတဲ့။ ထောင်တွေလဲ တိုးချဲ့ဆောက်လိုက်ကြတာ ရန်ကုန်တက္ကသိုလ်ရဲ့ တကသ အဆောက်အဦတောင် ထောင်လုပ်ထားရတယ်လေ။

လက်နက်တွေ ဗြောင် ရောင်းဝယ်လုပ်နေတဲ့ လူကြီးလဲ အခု ဘိန်းစက်ရုံပါ ရွှေပြည်သာ မှာ ထောင်လိုက်ပြီ။ မိန်းကလေးချည်းသာ အလုပ်ခန့်မည်လို့ ကြော်ငြာတာလဲ တွေ့လိုက်တယ်။ မန္တလေးနဲ့ တောင်ကြီးတွေမှာပါ စက်ရုံခွဲထောင်မယ် ဆိုပဲ။ စက်ရုံထောင်ခါစက ယူအန် နဲ့ ပြည်ပနိုင်ငံတွေက ကန့်ကွက်ကြောင်း ကြေငြာချက်တွေ ရေဒီယိုမှာ ကြားလိုက်သေးတယ်။

ဟိုတလောကတော့ အနှစ် လေးဆယ်ကျော် အုပ်ချုပ်လာတဲ့ အဖိုးကြီးလဲ အစားများလို့ ဗိုက်ပေါက်ထွက် သေသွားပြီ။ အစိုးရရုံးတိုင်း အလံ တိုင်တ၀က်မဟုတ်ဘဲ အောက်ထိ ချရမယ် ဆိုလို့ မြန်မာပြည်အလံတွေ မြေပေါ်ပုံနေတာ တွေ့ခဲ့ရသေးတယ်။

ဒါပေမဲ့ ဘာမှတော့ ထူးမသွားပါဘူးလေ။ လှုပ်ရှားတက်ကြွသူတွေကို ထောင်တွေချဲ့ပြီး ထည့်ထားတာ အပြင်မှာ လူမှ မကျန်ဘဲ။ တိုင်းပြည် အုပ်ချုပ်ဖို့ အဖိုးကြီး မြေးက ချက်ချင်းပဲ အာဏာလွှဲယူလိုက်တယ်။ ဆွေစဉ်မျိုးဆက် ဘုရင်တွေလို့ ဆိုတာကိုး။ သူတက်ပြီး နောက်တနေ့မှာပဲ သတင်းစာမှာ အမိန့်ကြေငြာချက် ပါလာတယ်။ သူတို့နဲ့စကားပြောရင် ဘုရား ထူးရမယ် ဆိုပဲလေ။


မျက်ရည်ဝဲသွားသလား… အံကြိတ်မိလား… တောက်ခေါက်မိလားပေါ့…. ဒါမှမဟုတ် ဘယ်လိုမှ မခံစားရဖူးလား… သေချာတာကတော့ အပြင်ရောက်နေတဲ့ ကျနော်တို့ မြန်မာတွေအဖို့ အမိနိုင်ငံတော်ကို ကြိုလွမ်းသွားမှာ အမှန်ပဲ…

ကိုယ်တိုင် တိုးတက်ချင်တဲ့စိတ် ရှိတဲ့သူတွေဟာ သူ့ပတ်ဝန်းကျင်ကို လဲတိုးတက်စေချင်ကြတယ်… ကျနော်တို့လို ဖွံ့ဖြိုးတိုးတက်တဲ့ သူများနိုင်ငံ ရောက်နေတဲ့ အချိန်မှာ မခံချင်စိတ်ဝင်ပြီး ကိုယ့်နိုင်ငံကို တိုးတက်စေချင်တယ် ဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့ နိုင်ငံသားတိုင်းရဲ့ ဖြစ်တည်မှု…

“တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်”တဲ့…

ဘာရယ်မဟုတ်ဘူး… နိုင်ငံရေးကို စိတ်ဝင်စားတယ် ဆိုတာထက် စိတ်ထဲထင်တာကို ရေးချမိတာပါ… နိုင်ငံရေး သမား မဟုတ်တဲ့ အတွက် အရေးအသားမှာ အမှားပါရင် ခွင့်လွှတ်ပါ… သေချာတာက အမကြီး မိုးချိုသင်း ရဲ့ ပိုစ့်လေးကိုဖတ်ပြီး ခံစားမိတာကို ချရေးကြည့်တာပါ… ပိုစ့်လေးကိုဖော်ပြခွင့် ပေးတဲ့ မကြီးမိုးချိုသင်းကိုလဲ ကျေးဇူးတင်ပါတယ်…

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Monday, 8 June 2009

အဖိုးရယ် အဖွားရယ်

“ဖိုးးးးးးးးးးးးးးးးးးးးး စိန်………….

ထွက်လာစမ်း…”


အဲဒီလို အသံကျယ်ကျယ် စူးရှအက်ကွဲ တဲ့အသံအိမ်ရှေ့မှာ ကြားပြီးဆိုရင် သိလိုက်တော့… ဖိုးစိန်လဲ ကုတင်အောက်တွေ တံခါးကြားတွေ ရောက်နေပြီး… အဖေလဲ ပြုံးနေပြီး… အမေလဲ အဆင်ပြေမယ့် စကားလုံး တွေရွေး နေရပြီး… အဲဒီ အသံပိုင်ရှင်က ငယ်ငယ်လေးကတည်းက ကျနော်တို့ မောင်နှမတွေ ဝမ်းကွဲ အကိုတွေ အမတွေ ဖင်တုန်အောင် ကြောက်ရတဲ့ အဖေ့ရဲ့ အဖေ… အဖိုး နာမည်က ဦးချစ်အောင်… ဒါပေမယ့် ကျနော်တော့ နာမည်ပေးထားတယ်… ဖိုးမုန်းရအောင်…တဲ့


များတော့အားဖြင့် ကျနော်က “ငါးပိအဖိုး”လို့ ခေါ်တယ် (အဖိုးတို့က ငါးပိလုပ် ရောင်းတယ်လေ) ငယ်ငယ်ကဆို အဖိုးရှိရင် အဲဒီအိမ်ကိုကျနော်တို့ မသွားဖူး… အိမ်လာလည်ရင်လည်း ငါးပိနံ့နံလို့ဆိုပြီး နှာခေါင်းပိတ် ထားလေ့ ရှိတယ်… ပြီးတော့ အိမ်မှာ အဖေတို့ အလိုလိုက်လို့ အစွမ်းကုန်ဆိုးတဲ့ ကျနော့်ကို အဖိုးက သူ့လက်ထဲ ဝကွက်အပ် ပြီးဆုံးမစေချင်တယ်… အဖေက လုံးဝ အထိမခံ အရိုက်မခံတော့ အဖိုးက မကျေနပ်ဘူး… ခုလဲ လမ်းမှာ အကိုတွေ စက်ဘီးစီး သင်ပေးနေတာကို အဖိုးလုပ်သူက အော်လို့ အဖိုးအိမ်ကို ခဲနဲ့ပေါက်ပြီး ထွက်ပြေးလာတာ…

တစ်ခါကလဲ အဖိုးလုပ်သူကို လမ်းမှာ “ငါးပိအဖိုး” လို့ခေါ်ပြီး ထွက်ပြေးတော့… အဖိုးက နောက်ကနေ ပြေးလိုက်တယ်… ကျနော့်ကို မိတော့ ရိုက်မယ်အလုပ် အဖိုးလုံချည် ဆွဲချွတ်ပြီး ထွက်ပြေးတာ… အဖိုးကရှက်ရှက်နဲ့ လိုက်ဖမ်းသေးတယ်… မမိဘူး… စိတ်ဆိုး ပြေတဲ့အထိ ရှောင်နေရတယ်… အဖိုးကို မကျေနပ်တိုင်းလဲ သူ့အိမ်ကို မယောင်မလည်သွားပြီး သူကိုယ်တိုင် အခြောက်လှန်းထားတဲ့ ငါးခြောက်တွေကိုခိုး ခွေးကျွေး ပြစ်လေ့ရှိတယ်လေ… အဖေက အမြဲပြောတယ် ငါ့ အဖေနဲ့ ငါ့သားက အရင်ဘဝက ရန်သူတွေ လားမသိဘူးတဲ့…

ကျနော့်အထင် အဖေက ကိုယ်လုံး ကြီးသလောက် စိတ်ထားနူးညံ့တယ်… အဖိုးနဲ့ တခြားစီပဲ ကျနော် အဖိုးကို လုံးဝ မချစ်ဘူး… ချစ်လို့လဲ မရဘူး… အဖွားလုပ်သူ အပေါ်တောင် မညှာတာ… အဖေငယ်ငယ်က အကြောင်းတွေ ပြန်ပြောပြလို့ နားထောင်ရင်း အဖိုးကို လုံးဝ မချစ်တော့တာ… ကျနော်(၉)တန်းတက်တဲ့ နှစ်မှာ အဖိုးဆုံးတယ်… ဒါပေမယ့် အဖိုးဆေးရုံတက်တဲ့ အချိန်မှာ အဖိုးကို ပြုစုပေးခဲ့တယ်… မသေခင် အဖိုးက ဖိုးစိန် မင်းကငါ့ကို ကြည့်မရဘူး ထင်နေတာ ခုတော့ငါ့အနားမှာ… သေပျော်ပါတယ်တဲ့… ဆုံးတော့ အသက်က (၆၇)

အဖိုးရဲ့ မိန်းမ ကျနော့်အဖွား အဖေ့ အချစ်ဆုံးအမေ… နာမည်က ဒေါ်စန်းငွေ… အနေအေးတယ်… စကားနည်းတယ်… အဖေ့ကို အရမ်းချစ်တယ်… ယောက်ျားလုပ်သူ အဖိုးကို ကြောက်ရတယ်… အဖွားမသေခင်ထိ အဖိုးရိုက်တာ ခံရတုန်း… စိတ်မထင်ရင် အဖွားကို အိမ်ပေါ်က မောင်းချတယ်… တွေ့သမျှ ပစ္စည်းနဲ့ ကောက်ပေါက်တယ်… အဖေပြောပြဖူးတယ်… သူတို့တစ်ခါကွဲတော့ သူတို့အိပ်တဲ့ မွေ့ယာကို အဖိုးက တပိုင်းပိုင်းပြီး ယူတယ်... အဖွားအိပ်တဲ့ အပိုင်းကိုတော့ သယ်သွားခိုင်းတယ်ဆိုပဲ… အဲဒီလောက်ထိ အဖိုးလုပ်သူကဆိုးတာ…

အဲဒီအခါကျရင် အဖွားလုပ်သူက မျက်ရည်စမ်းစမ်းနဲ့ အဖေ့ဆီရောက်ရောက် လာတတ်တယ်… သမီးအိမ် တွေတော့ မသွားဖူး… အဖိုးလုပ်သူကို အဖေက ပြန်မပြောပေမယ့် အဖွားအတွက် အဖေစိတ်မကောင်းဘူး… ထမင်းတောင် မစားနိုင်ဘူး… အငယ်ဆုံးသား ဖြစ်တဲ့ အဖေ့ကို အဖွားကတော်တော်ချစ်သလို အဖေ့ရဲ့သားဦး ဖြစ်တဲ့ကျနော့် ကိုလဲချစ်တယ်… အဖွားအမြဲဖျော်တိုက်တဲ့ နွားနို့နဲ့ ဖျော်တဲ့ လက်ဖက်ရည်က အရမ်းကောင်းတယ်… ခုချိန်ထိ သောက်ချင်တုန်း… ဒါပေမယ့် အဖွားကသံယောဇဉ် ကြီးရှာတယ်…

အဖိုးကို မပစ်နိုင်ဘူး… နှစ်ရက်မကြာဘူး အိမ်ပြန်တယ်… ငယ်ငယ်က အလုပ်ကြမ်း လုပ်ရတဲ့ဒဏ်… ယောကျာ်းလုပ်သူ အဖိုးရဲ့ဒဏ်တွေကြောင့်ထင်တယ် အဖွားက အသက်ကြီးတော့ ခါးကုန်းသွားတယ်… ဒါပေမယ့် အမြဲတမ်း အေးချမ်းနေတယ် အဖိုးဘာပြောပြော တစ်ခွန်းမှ ပြန်မပြောဘူး… အဖွားက အဖိုးမဆုံးခင် (၃)လမှာ ဆုံးတယ်… အဖွားဆုံးတော့ အဖေပြောတယ် “(၃)လ လောက် ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်သွားတယ် ဘာလုပ်လုပ် ဘာကိုင်ကိုင် အမေကို သတိရနေတာ… ပြုစုခွင့် ရခဲ့ပေမယ့် အမေမရှိတော့ဘူး ဆိုတဲ့အသိက အရာအားလုံးကို သိမ်းကျုံးယူဆောင်သွား သလိုခံစားရတယ်… ကျနော်တို့ အလှည့်ကျရင် အဲလို ခံစားမှုမျိုးလျှော့အောင် အမေ့ကိုပိုပြီးဂရုစိုက်ပါ”တဲ့လေ…

ကျောင်းဆရာ ဦးမောင်အေး ဆိုရင် ကျုံဒိုးရွာ တစ်ရွာလုံး လူတိုင်းသိတယ် (သူ့ခေတ် သူအခါကပေါ့)… ကျနော်တို့ အဘလို့ ခေါ်တဲ့ အမေ့ရဲ့အဖေ… အဖိုးရဲ့ မိဘတွေက တရုတ်ပြည်က တရုတ်စစ်စစ်တွေ… မြန်မာစကား မတတ်ဘူးတဲ့… အဖိုးကတော့ မြန်မာလိုမွတ်နေတာပဲ… အနေအေးတယ်… အမြဲပြုံးတယ်… အဖိုးဆီက စကားတစ်လုံး ထွက်ဖို့ တော်တော်စောင့်ရတယ်… ဗေဒင်ဝါသနာပါတယ်… သူဟောတိုင်းလဲ မှန်တယ်… ဒုတိယသမီး ဖြစ်တဲ့ အမေနဲ့ အမေ့မောင် အငယ်ဆုံးကို တော်တော်ချစ်တယ်… အဖိုးအချစ်ဆုံးက ကျနော့်ညီမအငယ်ဆုံး… သူ့သမီးအဖြစ် မွေးစားခဲ့တာ… အမေလုပ်သူ ကင်ဆာရောဂါကုဖို့ ရန်ကုန်မှာ ဆေးသွားကုတော့ အိမ်မှာ အဖိုးနဲ့ အဖွားရယ် ကျနော်တို့မောင်နှမရယ်… တခါတလေပြန်လာတဲ့ အဖေရယ်… ဆိုတော့ အနေနီးတယ်… အချို အရမ်းကြိုက်တဲ့ အဖိုးကြောင့် ကျနော် ထမင်းကို သကြားနဲ့ ဒူးရင်းသီး သရက်သီး ငှက်ပျောသီး တို့နဲ့ စားတတ်တဲ့ အကျင့်ရလာတယ်… အဖိုးဆုံးတော့ အသက်က(၈၂)…

နောက်ဆုံးပြောစရာ မကုန်လောက်အောင် အကြောင်းတွေများ တာက ကျနော့်အချစ်ဆုံးအဖွား… အမေ့ရဲ့ အမေ… နာမည်က ဒေါ်စိုးတင်… ကျနော်တို့ မောင်နှမတွေက အမေလို့ပဲခေါ်တယ်… အဖွားက မိသားစုကို ဦးဆောင်တယ် သတ္တိရှိတယ်… ပြောရဲဆိုရဲ ရှိတယ်… စီးပွားရှာတော်တယ်… အသက်ငယ်တုန်းက မိသားစု မှာသြဇာညောင်းတယ်… ရှိတဲ့သားသမီး တွေကို လိုလေးသေး မရှိအမြဲ ဖြည့်ဆည်းပေးတယ်… ဒါပေမယ့် များသောအားဖြင့် ရောဂါသည် အမေ့နားမှာ နေတော့ ကျန်တဲ့သားသမီးတွေက မကျေနပ်ဖူး… အမေ့ကို အဖွားကပြုစုတယ်… ကျနော်တို့ မောင်နှမကို ထိန်းတယ်… အထူးသဖြင့် နို့စို့အရွယ် ကျနော့်ညီမလေးကို ပြုစုရတာဆိုတော့ တခြားသားသမီး တွေဘက်ကို မလှည့်နိုင်ဖြစ်တာပေါ့…

အဖိုးဆုံးတဲ့ အခါကျတော့ အဖွားက အမွေတွေ အကုန်လုံးကို အမေကလွဲလို့  ကျန်တဲ့သားသမီးတွေကို လွှဲပေးတယ်.. အိမ်တစ်လုံးပဲ ကျန်တယ်… အဲဒီအိမ်က ကျနော့်အမေ ဝယ်ထားပေးတဲ့ အိမ်… သားအငယ်ဆုံးနဲ့ နေတာ... ဒီလိုနဲ့ အဖွားက အသက်ကြီးမှ သားအိမ်ကင်ဆာ ဖြစ်တယ်… ကျနော်နဲ့ အမေက ရန်ကုန်ခေါ်လာပြီး အဖွားကို ဆေးကုပေးတယ်… ပြန်လာတော့ အိမ်မှာပဲနေတယ်… သားသမီး လုပ်သူတွေ တစ်ယောက်မှ မလာကြဘူး… အကြောင်းအမျိုးမျိုးပေါ့…

အဖွားလုပ်သူက အမေ့ကို အားနာလို့ တခြားသားသမီး အိမ်လှည့်နေတယ်… သားသမီးတွေက ကျွေးနိုင်ကြပါတယ်… ဒါပေမယ့် အသက်ကြီးလာပြီး ဖြစ်တဲ့ အဖွားက ဂျီးများတယ်.. စကားများတယ်… တချိန်လုံး ညည်းနေတာပဲ… စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ အမေ့ဆီ ပြန်ရောက်လာတယ်… အဖွားလဲ ဘယ်မှ မသွားတော့ဘူး… စိတ်နာသွားပုံလဲ ရတယ်… အဖွားလောက် သားသမီးတွေကို ထောက်ပံ့တာ အဖွားပဲ ရှိတယ်လေ… အခုတော့ သားသမီးတွေက မကြည်ဖြူ ငြိုငြင်ချင်ကြတယ်
ဒီနေရာမှာ အဖေ့ကို ချီးကျူးမိတယ်… အဖွားဆေးကုလို့ ကုန်ကျတာကို တချက်ကလေးမှ မညည်းဘူး… တစ်ခါတစ်လေ အမေလုပ်သူက အဖွားကို စိတ်တိုင်းမကျလို့  ပြောမိရင်တောင် အဖေက မကြိုက်ဘူး… “မသေခင်ပဲကျွေးရ ပြုစုရမှာ… သေမှ နောင်တရနေမယ်… ခုချိန်မှာ မင်းလို ငါ့မိဘကို ငါကျွေးမွေးခွင့် ရချင်တောင် မကျွေးနိုင်တော့ဘူး”တဲ့…

အဖွားဆုံးတဲ့ အချိန်ထိ သူစားချင်တာ သူဖြစ်ချင်တာကို ကျနော်တို့ လုပ်ပေးခဲ့ ရပါသေးတယ်… အဖွားဆုံးတော့ သားသမီးလုပ်သူ တွေက အဖွားရုပ် အလောင်းနားမှာ လာပြီး အမွှေးတိုင်ထွန်းငို… တနေ့ကို အခါတစ်ရာလောက် ကန်တော့ကြတယ်… သေပြီးမှ အမေလုပ်သူကို ကန်တော့တာ… သားသမီးသာ များတယ်… မသိရင် မသေခင်ကတော့ မွေးထားတာ အမေနဲ့ အမေ့မောင် ဦးငယ်နဲ့ပဲ ရှိတယ်လို့ ထင်ရတယ်… သေမှာ သားသမီးတွေက အမေ… အမေ…အမေ ခွဲမသွားပါနဲ့တဲ့… သံဝေဂရစရာပါ…

တကယ်တော့ အသက်ကြီးလာရင် များသောအားဖြင့် အသက်ငယ်သူတွေက အားမရဘူး အလိုမကျတော့ဘူး… စိတ်မရှည်တတ်ကြတော့ဘူးလေ…. သူတို့တွေရဲ့ ဘဝက မီးစာကုန် ဆီခမ်း နေတာကိုလဲသိတော့ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်ကြရတယ်… အဲဒီအခါ သားသမီးတွေကို မှီတွယ်လာ တတ်ကြတယ်လေ… ဒါပေမယ့် သားသမီးတွေ စိတ်မရှည်တာမျိုး ဂရုမစိုက်တာ မျိုးနဲ့တွေ့ရင် ဘဝနိဂုံးကို ဝမ်းနည်းစွာနဲ့ ချုပ်ရတဲ့ အဖိုးအဖွားတွေကို တော်တော်များများ တွေ့ဖူးတယ်လေ…

ကျနော့်မိဘတွေ အလှည့်ကျလဲ ကိုယ်တိုင်က မငြိုငြင်အောင်… မွေးလာမယ့် သားသမီးတွေ မငြိုငြင်အောင် ကြိုးစား ပြုပြင်ထိန်းသိမ်း တတ်ချင်တယ်… ကျနော်လဲ အသက်ကြီးရင် ဒီအဖိုးအဖွားတွေ ထဲက ဘယ်လိုပုံစံ ဖြစ်မလဲလို့ တွေးမိတယ်… အသုံးမဝင်တော့တဲ့ အသက်အရွယ်ထိလဲ အသက်မရှည်ချင်ဘူး... ဖြစ်လာမှာတော့ ကံတရားအတိုင်းပေါ့…(အသက်ရှည်မယ်ဆိုရင်ပေါ့)

တူရီးတော် ကိုကိုနွန်(တလနွန်)ရေ…. ကျေနပ်လိမ့်မယ် လို့မျှော်လင့်ပါတယ်…

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်