Wednesday, 29 July 2009

နေမင်းကြီး လင်းပစဉ်က


“အရှေ့ကိုလျှောက်ပါလို့… အနောက်ကိုတဲ့ မျှော်လိုက်ရင်း… မျှော်လိုက်ရင်း….........”

ဆိုတဲ့ဗျောသံကို အိမ်ရှေ့က ကြားနေရသလို အိမ်ထဲမှာ အမေနဲ့ မိန်းမက သားရှင်လောင်းလေးကို ပြင်ဆင်ပေးနေတာ တွေ့တော့အရမ်းပီတိ ဖြစ်မိတယ်… အဖေဆုံးပြီး တစ်နှစ်အကြာ အမေရှိရာ “သာယာကုန်း” ကို ပြန်လာပြီးသားလေးကို ရှင်ပြု ရဟန်းခံပွဲ ပြုလုပ်တော့ ဇာတိမြေလဲဖြစ်ပြန် မောင်နှမ များတဲ့ ကျနော်တို့ မိသားစုကြောင့် တရွာလုံးအုန်းအုန်းကျွက်ကျွက် တက်တက်ကြွကြွ ပျော်စရာကောင်းတာ အမှန်ပင်

မွေးသမိခင်ကို ကြည့်လိုက်တော့ ဇရာဖုံးပေမယ့် ခါးမကုန်းပဲ မှုန်ဝါးဝါး မြင်ကွင်းများကို အဝေးကြည့် မျက်မှန် တဝင်းဝင်းနဲ့ ကြည့်ပြီး ယောဂီသဘက်လေးကို ပခုံးမှာ တင်လို့ မြေးဖြစ်သူအတွက် မျက်နှာပွင့် လန်းဆန်းတက်ကြွ နေတဲ့ ပီတိဖုံးပြုံးပျော်နေတာ ကို မြင်ရတယ်… အမေ့ကို ကြည့်နေရင်းနဲ့ ကျနော့်မျက်လုံးအိမ်ကနေ မျက်ရည်တွေက မထင်မှတ်ပဲ တသွင်သွင်ကျဆင်းလို့… ဝမ်းသာလွန်းလို့ ကျတဲ့ပီတိမျက်ရည်တော့ မဟုတ် အဖေရှိရင် သိပ်ကောင်းမှာပဲ ဟု ဖခင်ကိုတမ်းတကာ ကျလာသည့်လွမ်းမျက်ရည်၊ ဖခင်အပေါ် ပြစ်မှားမိခဲ့သည့် နောင်တ မျက်ရည်များသာ ဖြစ်နေလေသည်။ (ပီတိကြောင့် ကျတဲ့မျက်ရည်ထက် ပိုကျလွယ်တယ် မဟုတ်ပါလား) ... ထိုမျက်ရည်များက လွန်ခဲ့တဲ့ နှစ်ဆီသို့ ….
…………………………


အဖေကျနော်တာဝန်ကျရာ မော်လမြိုင်သို့ရောက်တဲ့ အချိန်က နတ်တော် ဦးအစ၊ ပန်းနာရင်ကျပ် ရှိတဲ့အဖေ အညာက အအေးဒဏ်ကို ခေတ္တခဏ ရှောင်ဖို့နဲ့ သားလုပ်သူ ကျနော်ရှိနေတုန်း မော်လမြိုင်ဘုရားဖူး ရောက်ဖူးချင်လို့ အမေ့ထက် ကြိုတင်ရောက်လာခဲ့ ခြင်းဖြစ်သည်။ နောက်နှစ် ကြလျှင် အဖေတို့နဲ့ တူတူ သာယာကုန်းရွာကို ပြန်ပြီး ကျနော့်သားကို ရှင်ပြု အလှူ မင်္ဂလာပြုလုပ်ဖို့ အဖေနဲ့ အမေ့ကို တိုင်ပင်ထားပြီးဖြစ်သည်။ အဖေမော်လမြိုင်မှာ နေသွားသည်မှာ လချီကြာပြီးမှ မထင်မှတ်ပဲ ပြန်သွားခဲ့သည်။ ရောက်ခါစက မသိသာသော်လည်း နီးတကျက်ကျက် ဆိုတဲ့ စကားအတိုင်း အတူနေတော့ ပြဿနာတွေ အမြင်တွေ စောင်းလာခဲ့၍ အမေ မော်လမြိုင် မရောက်ခင်ပင် ပြန်သွားခြင်း ဖြစ်သည်။

အဖေရှိစဉ်က ညနေတိုင်း မဟာမြတ်မုနိ ဘုရားကုန်းကို တစ်ယောက်တည်း သွားသွားတတ်တော့ ပန်းနာရှိတဲ့ အဖေ့ကို “အဖေကလဲဗျာ… ဒီအသက်အရွယ်ကျမှ ဟိုသွားချင် ဒီသွားချင်နဲ့… ရောဂါကလဲ ပျောက်သေးတာမဟုတ်ဘူး… သွားရင်လဲ မောလို့နားတာနဲ့ တင်အချိန်ကုန်တယ်… နောက်ဆို ဘယ်မှ သွားဖို့ စိတ်မကူးနဲ့ အိမ်မှာပဲနေ” ဟု ဂရုဏာဒေါသော နဲ့ ဆူငေါက်လျှင် အဖေ့မျက်နှာ ညှိုးသွားတတ်သည်။ အဖေရှင်းပြတာကို နားဆက်မထောင်ပဲ ပြန်လှန်ပြောမိတဲ့ အခါတိုင်း ဝမ်းနည်းစွာ ကျနော့်ကို ငေးကြည့်နေတတ်သည်။ တစ်ခါတစ်လေ သားအဖနှစ်ယောက် စိတ်ကောက်ပြီးဆိုလျှင် တစ်ရက်နှစ်ရက်လောက် စကားမပြောဖြစ်ကြ၊ မိန်းမလုပ်သူကသာ အဖေ့ကို ထမင်းခူးခပ်ကျွေးမွေးပြီး ကျနော်က အဖေ့ကိုရှောင်လေ့ရှိသည်။

အဲဒီလိုရက်မျိုးမှာ အဖေတစ်ယောက် အခန်းအောင်းနေတတ်ပြီး အိမ်ကကက်ဆက် အစုတ်လေးကို ခလုပ်ဆောက်ဆောက်နှိပ်ပြီး ရေဒီယို နားထောင်လိုက်၊ ရွှေမန်းတင်မောင်ရဲ့ ဗုဒ္ဒဝင် ဇာတ်ထုပ်ကို နားထောင်လိုက်နဲ့ အလုပ်ရှုပ်ချင်ယောင် ဆောင်နေတတ်၏။ တစ်ခါတလေ ရွှေမန်းတင်မောင် အသံမကြားရလို့များ မိန်းမကိုမေးကြည့်ရင် အဖေက အသံမထွက်တော့တဲ့ ကက်ဆက်လေးကို ဆွဲပြီး လမ်းထိပ်က ကက်ဆက်ပြင်ဆိုင်ကို ခါးလေးကိုင်ကာ စိုက်စိုက် စိုက်စိုက်နဲ့ ဖြေးဖြေးချင်းထွက်သွားတာ မြင်ရတော့ အဖေ့အတွက် စိတ်မကောင်း ဖြစ်ရပြန်သည်။

အဖေမော်လမြိုင်မှာ နေတဲ့ရက်အတွင်း တစ်ပတ် တစ်ခါ အဖေသုံးဖို့ ငွေပေးသော်လည်း အဖေသုံးစွဲသည်ကို မတွေ့၊ “အဖေ့မှာ ငွေမလိုပါဘူး သားရယ်” လို့သာပြောတတ်ပြီး ငွေပေးတိုင်း အဖေက လက်ခံယူထားလိုက်သည်ပင်။ ငွေမလိုတဲ့အဖေ ဒီငွေတွေကို ဘာလုပ်ပါလိမ့်ဟု စဉ်းစားတိုင်း ငရဲကြီးရမည်မှာ အမှန်ပင်။

အဖေနဲ့ကျနော် စကားများတိုင်း အဖေအမြဲပြောတာက “ဌက်ပျောသီးပျော့ပျော့ကိုတောင် မလှီးနိုင်တဲ့ ဓားတုံးတုံးဘဝ၊ မှိုကိုတောင် မချိုးနိုင်တဲ့ အချိန်မစီးတဲ့ အဖိုးကြီး ဖြစ်နေလို့ ပြန်ပြောနေတာလား၊ သားလည်းတနေ့ အဖေ့လို အိုရဦးမှာပါ၊ တော်ပြီး နောက်ဆို သားနဲ့ ဘယ်တော့မှ မနေတော့ဘူး၊ ဒီတစ်ခါ နောက်ဆုံးပဲ” လို့ အဖေက ပြောတတ်သည်။ အတူနေခါမှ အဖေနဲ့သား ပဋိပကခ ဖြစ်ကြရသည်။ “နီးတကျက်ကျက် ဝေးတသက်သက်” ဆိုသည့် စကားသည် သွေးထွက်အောင် မှန်နေပေ၏

ကျနော့် အလုပ်တာဝန်အရ ကျရာနေရာ ရွေ့ပြောင်းတာဝန် ထမ်းဆောင်နေရတာမို့ ဘယ်တုန်းကမှ အမိအဖနဲ့ အတူ အိုးမကွာ အိမ်မကွာ နေဖို့ မပြောနှင့် တစ်နှစ်တစ်ခါ ပုံမှန်တွေ့ရန်ပင် မလွယ်ကူလှ။ မိဘများနဲ့ အတူနေခွင့်ရသည့် ညီမဖြစ်သူကို “အကို့ညီမက မိဘနဲ့တူတူနေရတာ ကံကောင်းလိုက်တာ… ကုသိုလ်လဲ ပိုရတာပေါ့” ဟု ပြောခဲ့တုန်းက ညီမလုပ်သူက “ပြုစုလို့ ကုသိုလ်ရသလို ပြန်ပြောမိတော့ ငရဲပိုကြီးနေလို့ တစ်ခါတစ်လေ စိတ်မကောင်းဖြစ်ရပါတယ် အကိုရယ်” ဟု ပြန်ပြောခဲ့တဲ့စကားကို ခုမှပြန်သတိရမိသည်။

ကျနော့်ခမျာ ခုတော့ ကံဇာတ်ဆရာရဲ့ မျက်နှာသာ ပေးမှုကြောင့် အနှစ်နှစ် အလလက ဝေးကွာနေတဲ့ အဖေလုပ်သူနဲ့ အတူနေရလို့ ကံကောင်းနေပြီးဟု ပီတိဖြစ်ရုံ ရှိသေး အဖေလုပ်သူကြောင့် ကံဆိုးသူ တစ်ယောက် ဖြစ်ခဲ့ရပြန်သည်။ မိမိထံ အနားယူရန် ရောက်လာသော်လည်း စိတ်ပျော်ရွှင်မှုကို မရခဲ့၊ ကတောက်ကဆ ဖြစ်တိုင်း မျက်ရည်ဝိုင်းနေတတ်သည့် အဖေတစ်ယောက် အခန်းအောင်းနေကာ အမေရေးရေးပို့ပြီး ကျန်းမာရေးသတင်းမေးတဲ့ စာကိုဖတ်ရင်း “တပေါင်းလ အမြန်ရောက်ပါတော့” ဟုဆုများတောင်းနေမလားဟုလဲ ကြိတ်ပြီး စိတ်မကောင်း ဖြစ်ရပြန်သည်။

တနေ့ အမေပို့လာသည့် စာကို အဖေထက် အရင်ဦးအောင် ဖောက်ဖတ်မိတော့
“အဖိုးကြီး- အညာမှာ အေးနေတယ်။ ပြန်လာဖို့ စိတ်မကူးနဲ့ ခုပြန်လာရင် အဖိုးကြီး ပန်းနာရောဂါနဲ့ အမောဖောက်ပြီးသေမှာပဲ၊ ပြန်ချင်ရင်တော့ ကျမ မှာတဲ့အတိုင်း သားအလုပ်ကနေ ခွင့်ရမှ သားနဲ့ တူတူပြန်လာခဲ့” ဟုရေးခဲ့တဲ့စာ။ ပြီးတော့ ညီမလုပ်သူက အကိုအတွက်ဆိုပြီး ကြိုကြိုတင်တင်သတိပေးသည့်စာက “အကိုကြီး- နေဝင်ချိန်ရောက်နေတဲ့ အဖေ့ကို ဂရုစိုက်ပါ၊ အဖေ့ကိုစိတ်ချမ်းသာ အောင်ထားပါနော်၊ နောင်တမရမိစေနဲ့” လို့သတိပေးထားခဲ့လေသည်။

ဒီစာတွေကို ဖတ်ခြင်းအားဖြင့် အဖေရွာသို့ ပြန်လိုကြောင်း အမေ့ကို စာရေးခဲ့ပုံရသည်။ ဘာကြောင့်ပြန်ချင်သလဲ မပြောပြခဲ့သဖြင့် ကျနော် အဖေ့ကို ဆူငေါက်မိတာကို အမေသိဟန်မတူပေမယ့် ညီမလုပ်သူက သဘောပေါက်ဟန်တူ၍ သည်စာကိုရေးခဲ့ခြင်း ဖြစ်ကြောင်း ခန့်မှန်းမိသည်။ ဘာဖြစ်ဖြစ် အဖေ့ခမျာ ရွာကိုပြန်ချင်သော်လည်း မိန်းမလုပ်သူ အမေ့၏ စကားကို မလွန်ဆန်လိုသောကြောင့် တပေါင်းလ နွေရာသီအထိ အောင့်အည်းသည်းခံကာ နေခဲ့လေသည်။ နောက်ပိုင်းတွင် ကျနော်လည်း အပြောအဆို ဆင်ခြင်မိသလို အနေနီးရက် အဖေ့နဲ့ ဝေးသလိုလဲ ခံစားမိပြန်သည်။

တပေါင်းလရောက်တော့ အလုပ်တာဝန်နှင့် ခရီးထွက်ရမည်မို့ အဖေ့ကို တစ်ခါတည်း ရွာပြန်ပို့ဖို့ ပြောတော့ အဖေ့မျက်နှာ ဝင်းပလာခဲ့သည်။ ရွာအထိ မပို့နိုင်ပဲ ဘူတာအထိ အရောက်ပို့ပေးတဲ့ အဖေ့ကို အမေနဲ့ ညီမကလာကြိုသည်။ အမေလုပ်သူက “အဖိုးကြီး- တော်တော်ပိန်သွားတယ်” ပြောတော့ ညီမလုပ်သူက “ အမေကလဲလေ… အရင်ကရော အဖေက တော်တော်ဝတာကိုး” ဟုပြန်ပြောတော့ ရယ်မောကြ၏။ အဖေလုပ်သူက “ဒီတစ်ခါ ခရီးထွက်တာနောက်ဆုံးပဲ နောက်တစ်ခါ ဘယ်မှမသွားခိုင်းနဲ့တော့” ဟုပြောတော့ အမေက စိတ်ဆိုးပြီး “အဖိုးကြီး- နမိတ်မရှိနော် ဘာနောက်ဆုံးလဲ”ဆိုတော့ အဖေက “မော်လမြိုင်က ကုန်းတစ်တန် ရေတစ်တန်နဲ့ ခရီးဝေးလွန်းတော့ ပင်ပန်းလို့ပါ” ဟုပြောမှ ကျနော်သက်ပြင်းချနိုင်ခဲ့သည်။

မော်လမြိုင်မှ ပြန်သွားပြီး သုံးလအကြာ အဖေဆုံးပြီးဆိုသည့် သတင်းကို ကြားလိုက်ရတော့ မျက်စိစုံမှတ်ပြီး ငိုကျသွားရုံမျှမက ကိုင်ထားသည့် ဘောပင်သည်ပင် ဘုတ်ခနဲ ပြုတ်ကျခဲ့ရသည်။ အဖေပြောခဲ့တဲ့ နောက်ဆုံးခရီး ဆိုတာ မှန်နေခဲ့သည်။ ကြိုတင်သိနှင့်နေသော်လည်း ယခုကြားရသည့် စကားက ရင်ထဲမှာ ဝမ်းနည်းကြေကွဲမိတာ အမှန်ပင်။ ညတွင်းချင်း အဖေ့ဆုံးရာ ရွာသို့ ခရီးနှင်တော့ နောက်နေ့ ညနေစောင်းတွင် ရွာသို့ ရောက်ခဲ့လေသည်။

အိမ်ပေါ်တက်တက်ခြင်း အဖေ့အလောင်းကို မြင်ရတော့ မျက်ရည်ကျမလာပဲ ရင်ထဲမှာ မွန်းကြပ်ပိတ်ဆို့သလို ခံစားနေခဲ့ရ၏။ အဖေ့အလောင်းကို သတိမေ့လျှော့စွာ အကြာကြီး ငေးကြည့်တော့ ညီမလုပ်သူက “အဖေက သေရမှာကို သိနေတယ်၊ အဖေဇောချွေးပြန် ပြီးသတိရတော့ အကိုအတွက် ပစ္စည်းတစ်ခု ပေးသွားခဲ့တယ်၊ ပြီးတော့ သူဆုံးသွားပြီးရင်လည်း အကိုမလာမချင်း သူ့အလောင်းကို မြေမချဖို့ အတန်တန် မှာသွားခဲ့တယ်၊ အကိုရောက်ပြီးရင်တော့ ဘယ်သားသမီးရောက်ရောက် မရောက်ရောက် မစောင့်ရဘူး၊ သားအကြီးဆုံး ဖြစ်တဲ့ အကို့ကိုပဲစောင့်ရမယ်” လို့ ပြောနေတာကို ကျနော်နားထဲ ကြားတစ်ချက် မကြားတစ်ချက်…

“သြော်… အဖေရယ်… အဖေ့အလောင်းကို သားကြီးကိုယ်တိုင် မြေချမှ ကျရမတဲ့လား… အဖေပြောသွားခဲ့တဲ့ သားလဲ တနေ့ အဖေ့လိုအိုရဦးမှာပါ ဆိုတဲ့စကားအတိုင်း အခုလဲ ဟောဒီလို အပုပ်ကောင်ဘဝ ရောက်ဦးမှာ မမေ့နဲ့လို့ မှာခဲ့ ချင်တာလား” ဟုတွေးရင်းမှ မျက်ရည်များက ကျဆင်းလာခဲ့ရသည်။

အဖေ့ စကားအတိုင်း အဖေ့အလောင်းကို မီးသဂြိုလ်ပြီး ရက်လည်ပြီးသည်အထိ ကျနော်ကိုယ်တိုင် တာဝန်ယူ ဦးဆောင်ပြီး စိတ်တိုင်းကျ ဆောင်ရွက်ခဲ့သည်။ အလှူလဲ ပြီးစီးပြီး နောက်နေ့လို ခွင့်စေ့လို့ မပြန်ခင်ညနေမှာ အမေလုပ်သူက ကျနော့်ထံသို့ ပစ္စည်းထုပ်လေး တစ်ခုပေးခဲ့သည်။ အမေက “မင်းအဖေက ဒီပစ္စည်းကို ဘယ်သူမှ အထိခံတာ မဟုတ်ဘူး အမေ့ကိုတောင် မကိုင်ဖို့ ပြောတယ်” ဆိုတော့ အဖေပေးခဲ့သည့် အထုပ်ကို “ဘာများပါလိမ့်” ဟုတွေးကာ ကဗျာကယာဖြေကြည့်လိုက်သည်။

အပြင်ဘက်ကို ကျွတ်ကျွတ်အိတ်နှင့်ထုပ်ပြီးတိပ်ကပ် ထားလေသည်။ အတွင်းဘက်တွင် စက္ကူတစ်ထပ် ပြီးတစ်ထပ်၊ နောက်ဆုံးအထပ်တွင် အဖေ့လက်ရေးများဖြင့် မညီမညာရေးထားသည့် (မြေးရှင်ပြုပွဲတွင် သုံးရန်) ဟူသော စာကြောင်းလေးကို သွေးပျက်မတတ် ကြည့်နေမိသည်။ ထိုစက္ကူကို ခွာချလိုက်တော့မှ ထွက်ကျလာသည့် ငွေစက္ကူများက ကျနော့်အား မိုးကြိုး အစင်းရာထောင်သောင်း မကပြစ်ခွင်းလိုက်သည်နှယ် အရုပ်ကြိုးပြတ်လို့ အနားမှာပင် ဘိုင်းခနဲ မူးလဲသွားရသည်။ ဘယ်တုန်းကမှ ဘယ်လိုမှ မျှော်လင့်မထားခဲ့သည့်အဖြစ် အဖေမော်လမြိုင်လာတုန်းက အဖေ့အတွက် စားချင်တာစား ဝယ်ချင်တာဝယ်လို့ရအောင် တစ်ပတ်တစ်ခါ ပေးထားခဲ့သည့် ငွေစက္ကူများကို အကြီးအသေး ခြေရာလက်ရာပင် မပျက်အောင် ထပ်ထားသည့် ငွေကို အတင်းဖိညှစ်ပြစ်မိပြီး ရင်တွင်းမှာတော့ စကားလုံးများက ခန်းခြောက်ပြီး အပြင်ကိုထွက်မလာခဲ့ပါ။

“ဒီငွေတွေက အဖေမော်လမြိုင်မှာ ရှိနေစဉ်တုန်းက ပေးခဲ့တဲ့ငွေတွေ၊ ကျနော်ဘာလုပ်ရမှာလဲ အဖေရယ်၊ အဖေသုံးဖို့ပေးခဲ့တာပါ၊ ကြည့်ပါအုံးအမေရယ်၊ သုံးသောင်း လေးထောင် ရှစ်ရာ နှစ်ဆယ့်ငါးကျပ်တိတိတဲ့ဗျာ” ဟု ငိုကြွေးရင်း အမေ့ရင်ထဲ ခေါင်းတိုးမိသည်။ နားထဲတွင် အဖေပြောခဲ့တဲ့ “အဖေ့မှာ ငွေမလိုပါဘူး” ဆိုသည့် စကားက ပဲ့တင်ထပ်နေသလို ကျနော်မှားယွင်းစွာ စိတ်ထဲစွဲထင်မှုများက ယခုအခါ နေဆယ်စင်းမက ရင်ထဲမှာ ပူလောင်ပြီး ငြိမ်းသတ်၍ မရနိုင်သော ကမ္ဘာ့ မီးတွေလို တဟုန်းဟုန်း တောက်လောင်ခဲ့ရပါသည်။
………………..

“သား ငိုနေတာလား…. မင်းအဖေကို သတိရသွားပြီးလားးး... လာ... အမေတို့ ရှင်လောင်းလှည့်တော့မယ်လေ… လူစုံနေပြီး” ဆိုသည့် အမေ့စကားသံကြားမှ ကျနော် မျက်ရည်များကို သုတ်ပြီး အသိစိတ်တို့ ပြန်ဝင်လာခဲ့သည်။ ပြီးတော့ ကျနော့်နားမှာ ကျနော်နှင့် တစ်နှစ်လုံးလုံး အတူရှိနေခဲ့သည့် အဖေပေးသည့် အထုပ်လေးကို ကိုင်ရင်း ရွာဦးကျောင်းရောက်လျှင် အဖေ့အတွက် လှူဒါန်းရင် အဖေတစ်ယောက် ရောက်ရာဘုံဘဝမှာ ကြည်နူးစွာ သာဓုခေါ်နိုင်မှာဟု စိတ်ထဲတွင် တွေးရင်း ပီတိဖြစ်ကာ မျက်ရည်ကျဖြစ်ပြန်သည်။

“အနောက်ဖက်ဝင်သွားသည့် နေမင်းကိုကြည့်၍ ဝမ်းနည်းပူဆွေးနေလျှင် အရှေ့အရပ်က ထွက်လာမည့်လမင်းကို မြင်လိုက်ရမည်မဟုတ်” ဟု ဆိုသည့်အတိုင်း အဖေဆိုသည့် နေ တစ်စင်း ပျောက်ကွယ်သွားပေမယ့် အမေ ဆိုသည့် လ ကျန်ရှိနေသေးသည့်အတွက် လရဲ့ အေးမြတဲ့ အရိပ်ကို ခိုလှုံရင်း ကြယ်အဖြစ်နဲ့ အနားမှာ ပြုစုဖို့ နောက်ထပ်နောင်တ မျက်ရည်မကျမိဖို့ အားတင်းရင်း ……

နေမဝင်ခင်နှင့် နေဝင်မသွားခင် နေမင်းကြီးရဲ့ ပူလောင်မှုကို မကြည့်ပဲ… နေမင်းကြီးရဲ့ တာဝန်ယူမှု နွေးထွေးမှု များကို ခံစားနိုင်ကြပါစေ


သီတာရေစင်ပမာ မိဘမေတ္တာကို ခံစားရေးဖွဲ့ထားခြင်းသာဖြစ်သည်။


ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Monday, 27 July 2009

ရခဲ့တဲ့ ဆု စူးခဲ့တဲ့ စိတ် ဒဏ်ရာ

ကျနော်(၇)တန်းစတက်ရတဲ့နှစ်… ကျောင်းတွေစဖွင့်တော့မယ့် ကာလမှာပဲ မေမေက သားအိမ်မှာ ကင်ဆာဖြစ်တယ်ဆိုပြီး ရန်ကုန်ကို ဖေဖေနဲ့ ဆေးကုဖို့သွားရတယ်… (ရ)တန်းတွေ ကျောင်းအပ်လက်ခံတော့ အမေက ရန်ကုန်မှာ ဆေးကုနေပြီး… အဖေကတော့ မော်လမြိုင် ပြန်လာ… ကျနော်တို့မောင်နှမကို ကျောင်းအပ်ပေးတယ်… ဖြစ်ချင်တော့ ကျနော့်ရဲ့ အတန်းပိုင်ဆရာမက အဖေ့ရဲ့ ကျောင်းနေဖက် သူငယ်ချင်း ဖြစ်နေပြန်တယ်… မထင်မှတ်ပဲ သူငယ်ချင်းတွေ ပြန်ဆုံတော့ အဖေက ကျနော့်ကို ကျုရှင်ပြပေးဖို့ပါ တစ်လက်စတည်း အကူအညီတောင်းခဲ့တယ်… အဖေရော အမေရော ရန်ကုန်မှာနေပြီးဆေးကုနေတဲ့ အချိန် ကျနော်တို့က အမေ့ရဲ့ အဖိုးအဘွားတွေနဲ့ကျန်ခဲ့မှာဆိုတော့ ကျနော့်တို့ကို စိတ်ချလက်ချ ထားခဲ့ချင်တဲ့ အနေနဲ့ အဖေက ဆရာမ လက်ထဲအပ်ခဲ့တယ်…

ကျနော့်ကို အဖေကစိုးရိမ်လို့ “သူငယ်ချင်းရေ ငါ့သားက အိမ်မှာ ထမင်းစား လက်မှတ်ရထားတယ်… ဆိုးတယ်… အဲဒီတော့ကြည့်ထိန်းပေး… မင်းကိုဝကွက်အပ်တယ် ငါကမိန်းမ နေမကောင်းဘူးဆိုတော့ ပြန်လာနိုင်မှာမဟုတ်သလို ထိန်းနိုင်းမှာမဟုတ်ဘူး မင်းပဲကြည့်ပေးပါ” တဲ့ ဆရာမကတော့ကျနော့်ကိုတချက်စူးစိုက်ကြည့်ပြီး “စိတ်ချပါ… ကိုယ်လက်ထဲ ရောက်ရင် ဝပ်သွားစေရမယ်… မင်းတို့ပေးထားတဲ့ ထမင်းစား လက်မှတ်ပါ ပြန်အမ်းပေးလိုက်မယ်” ဆိုပြီး အဖေ့ကို ပြောခဲ့တယ်…

ကျနော်သူငယ်တန်းကနေ (၆)တန်းအောင်တဲ့အထိ အပြင်မှာ ကျူရှင်မယူဖူးဘူး… အမေပဲကျနော့်ရဲ့ ကျူရှင်ဆရာမ… အမေလုပ်သူက ကျူရှင်မှာကျနော့်နဲ့ တခြားသူ အဆင်မပြေမှာ ကြောက်တာရယ်… အမေကိုယ်တိုင်က သင်ပေးချင်တာရယ်ဆိုတော့ ကျနော်ကအမေ့ရဲ့ ထာဝရတပည့် ဖြစ်ခဲ့ရတယ်… အမေကိုယ်တိုင်က မသိတဲ့ စာတွေကို ကျောင်းလိုက်တက် ပြီး ကျနော့်ကို ပြန်ပြပေးတယ်… အမေ့နဲ့စာသင်ရတာပဲပျော်တယ်… တစ်နှစ်တစ်တန်းကို နှစ်ချင်းပေါက်အောင်သလို ပညာရေးမှာလဲ အညံ့ကြီးမဟုတ်ခဲ့ဘူး

အခုတော့ အမေမဟုတ်တဲ့ ဆရာမနဲ့ အိမ်မှာရော ကျောင်းချိန်မှာ ပါတွေ့ရတော့မယ် ဆိုတော့ စိတ်ထဲတော့ကသိကအောက်ဖြစ်မိတာအမှန်… ဆရာမက ကျနော်ကို အကြောတင်းတယ်ဆိုပြီး ကျောင်းမှာရော ကျူရှင်မှာ ပါမျက်နှာသာမပေးခဲ့ဘူး… ကျောင်းမှာဆို ကျနော့်ကို နှိပ်ကွပ်ထားတယ်… တစ်ခုခုဆို အကြောင်းရှာပြီး ကျနော်ကိုရိုက်ဖို့လုပ်တယ်… တစ်ခုဆိုးတာက ကျနော် ဘယ်တော့မှ အရိုက်မခံဘူး… အကြောက်အကန် ငြင်းလေ့ရှိတယ်… ဆရာမကိုပြောတယ် “သားကိုကြိုက်တဲ့ အပြစ်ပေးပါ မရိုက်ပါနဲ့ သား မိဘတွေလဲမရိုက်ဘူး တကယ်လို့ ဆရာမကရိုက်ရင် ဆရာမလဲ တစ်ခုခုဖြစ်မယ်”ဆိုတော့ ဆရာမက ပုံစံအမျိုးမျိုးနဲ့ ဒဏ်ခတ်တယ်… ကျနော်ကို တခြားတစ်ယောက်နဲ့ နှိုင်းပြီး အမြဲနှိမ်ချပြောလေ့ရှိတယ်…

ကျနော်ကိုယ်တိုင်က အကြောတင်းပေမယ့် ကျောင်းသားဆိုး တစ်ယောက် မဖြစ်ခဲ့ပါဘူး… ဒါပေမယ့် ဆရာမလုပ်သူက တခြားတစ်ယောက်ယောက်ကို ဆုံးမချင်ရင် “မင်းတို့ဖိုးစိန်လို ဖြစ်သွားချင်လား” တဲ့… ပြောချင်တာက အဲလို အဖိနှိပ်ခံချင်လားပေါ့… အဲလိုဆုံးမတိုင်း အားလုံးရဲ့ မျက်စိက ကျနော့်ကို ပုံကျလာတတ်တယ်… ကျနော်တော်တော်လေး ခံပြင်းမိခဲ့တယ်….

နောက်တစ်ခုက မြန်မာစာဆရာမ လဲဖြစ်တော့ စာမေးပွဲဖြေတိုင်းမှာ ကျနော့်ကို မြန်မာစာ အမှတ် လျှော့ပေးလေ့ရှိတယ်… သူပေးတဲ့ မှတ်စုကို ကျက်ပြီး ဖြေတယ်ဆိုပေမယ့် သူများထက် အနည်းဆုံး တစ်မှတ် နှစ်မှတ်လျှော့ပေးတယ်… သူ့ကို မကျေနပ်လို့ သွားပြောရင် “မင်းက ဖြစ်ကြပါသည် နေရာမှာ ဖြစ်ပါသည်လို့ ရေးထားလို့… အဲဒါအဓိပါယ် အများကြီးပြောင်းတယ်… ဒါကြောင့် အမှတ်လျှော့တယ် ”ဆိုပြီး အကြောင်းပြတယ်လေ… ကျနော်လဲ အဲဒီကတည်းက မခံချင်စိတ်နဲ့ စာကျက်ရင် “၏ သည် ၍” မလွဲကျက်ရမယ် ဆိုတဲ့ စိတ်ရောဂါတစ်ခု ဝင်လာတယ်… စာတစ်ပုစ်ကို ကျက်တိုင်း စာပြန်အံတိုင်း တစ်လုံးလိုနေရင် ပိုနေရင် စာမရဘူးလို့ စိတ်ထဲ အစွဲဝင်လာခဲ့တယ်… စာကျက်တိုင်း တော်တော်လေး ဒုက္ခရောက်ခဲ့ရတယ်… (ဆယ်တန်းနှစ် ရောက်မှ ဒီစိတ်စွဲတာ တော်တော်လေး ပျောက်သွားပေမယ့် ခုထိစာဖတ်ရင် စွဲနေတုန်းပဲ)

တနေ့ ကျုရှင်မှာ ဆရာမက ကျနော့်တို့ ကျောင်းသားတွေကို လက္ခဏာ ဖတ်ပေးတယ်… တစ်ယောက်ချင်းစီကို ကြည့်ပီး “မင်းကတော့ ရှေ့နေဖြစ်မယ့်လက်လေး…. မင်းကတော့ ဆရာဝန်ဖြစ်မှာ… ” စသဖြင့်ပေါ့… ကျနော်လဲ ဘာဖြစ်မလဲဆိုတာ သိချင်တော့ ဆရာမကို သွားပြီး “သားရော ဘာဖြစ်နိုင်လဲ” မေးတော့… ဆရာမက “မင်းလိုလက်ကတော့ ဘောပင်ကိုင် ဖို့ မပြောနဲ့လေ… ဆယ်တန်းတောင် အောင်မှာ မဟုတ်ပါဘူး… အင်း… ဆေးထိုးအပ်တော့ ကိုင်ရမယ်… ဒါပေမယ့် ဘိန်းစားသုံးတဲ့အပ်” လို့ပြောတော့ အားလုံးရဲ့ ဝိုင်းရယ်ခြင်းကို ခံခဲ့ရတယ်…

ကျနော်တော်တော်ရှက်မိတယ်… ဝမ်းနည်းမိတယ်… အဲဒီကတည်းက ဆရာမကို မုန်းတယ်… သူပြောတဲ့ စကားတွေကို နာကျင်တယ်… ကျုရှင်ကိုမုန်းခဲ့တယ်… စိတ်ထဲမှာလဲ ဒဏ်ရာ တစ်ခုလို မှတ်ထားခဲ့တယ်… သူပြောခဲ့တဲ့စကားအတိုင်း မဖြစ်စေရဘူးလို့ စိတ်ထဲမှာ အကြိမ်ကြိမ်တေး မှတ်ထားတယ်… (၇)တန်း ဖြေပြီးတဲ့အထိ အဖေထားခဲ့တဲ့ ကျူရှင်မှာ ကြိတ်မှိတ်နေခဲ့ပေမယ့် ဆရာမလုပ်သူရဲ့ မျက်နှာကို မြင်တိုင်း အံကိုကြိတ်ရင်း ဒီစကားကို နားထဲ အမြဲကြားယောင်နေခဲ့ပါတယ်…
(၇)တန်းအောင် ပြီးတော့(၈)တန်း (၉)တန်း နှစ်နှစ်လုံး အိမ်ကကျုရှင်ထားပေးမယ့် အတင်းငြင်းဆန်ပြီး အိမ်မှာပဲ ကုတ်ကုတ်ခြစ်ခြစ် စာလုပ်ခဲ့တယ်… (၁၀)တန်း နှစ်ရောက်တော့ ကျုရှင်ကို ဘယ်လောက်ချော့မော့ ပြီးထားထား ကျုရှင်ဆိုတဲ့ အသံကြားတိုင်း အိမ်မှာ စကားများရတယ်… မိဘတွေက ကျုရှင်မယူတော့ (၁၀)တန်းကို မအောင်မှာ ကြောက်တယ်… အဖေက စိတ်ပျက်တယ်… အမေက ငိုတယ်.. ကျနော်ကလဲ အတင်းငြင်းတယ်… နောက်ဆုံး စာမေးပွဲ မဖြေခင် (၅)လ အလိုမှာ အမေ့ရဲ့တူမဝမ်းကွဲ တက္ကသိုလ် ဆရာမက ကျနော့်ကို တာဝန်ယူပြီး စာပြပေးခဲ့တယ်… (၁၉၉၇)နှစ်မှာ ဆယ်တန်းအောင်ပြီး ဂုဏ်ထူး နှစ်ခုပါခဲ့တယ်… မြန်မာစာ နဲ့ သိပံ္ပဘာသာတွဲ

အောင်စာရင်းထွက်ပြီး ရက်တော်တော်ကြာ မထင်မှတ်တဲ့ တနေ့မှာ အိမ်ကို ပထမဆုံး စာတစ်စောင် ရောက်လာခဲ့တယ်… အဖေလုပ်သူက ဖွင့်ဖတ်တော့ မြန်မာတနိုင်ငံလုံးမှာ မြန်မာစာကို (၈၂)မှတ်နဲ့ ဒုတိယဆု ရတဲ့ ကျနော့်ကို ဆုတက်ယူဖို့ အကြောင်းကြားစာဖြစ်နေတယ်… (အဲဒီအချိန်က တစ်ဘာသာချင်း ထူးချွန်ဆုတွေ ပေးနေပြီး) တအိမ်သားလုံးက အံ့သြတယ်… ဝမ်းသာသလို ပျော်လဲပျော်ကြတယ်… ကျနော်ကိုယ်တိုင် ဂုဏ်ထူးမှန်းပေမယ့် ဆုရဖို့ထိ မမှန်းခဲ့ပါဘူး… နောက်ရက်တွေမှာလဲ ဆုယူဖို့ ဝိုင်အမ်ဘီအေအသင်း၊ ဂျီအီစီ.၊ ဂုဏ်ထူးဦးသိန်းနိုင်၊ မြန်မာစာဂျာနယ် အသင်းစသဖြင့် သူတို့ဆီကနေ ဆုတက်ယူဖို့ အကြောင်းကြားစာတွေ… မွန်ပြည်နယ်မှာ မြန်မာစာ ပထမဆုယူဖို့စာတွေ အိမ်ကို တစ်စောင်ပြီး တစ်စောင်ရောက်လာခဲ့တယ်… အဖေနဲ့ အမေက ကြွားမဆုံး တပြုံးပြုံးပေါ့… ကျနော်တို့ မိသားစု ရန်ကုန်တက်ပြီး ဆုတက်ယူခဲ့တယ်… တကယ့်ကို ဘဝမှာ အမှတ်တရပေါ့… အဖေနဲ့ အမေမျက်နှာဆိုတာ ဝင်းပနေလိုက်တာ… ပြုံးနေ ပျော်နေ ဂုဏ်ယူနေလိုက်တာ… ခုထိမြင်ယောင်မိသေးတယ်…

ဆုတွေယူပြီးလို့ မော်လမြိုင်ပြန်ရောက်တဲ့ မနက်မှာ ဆုလက်မှတ်ကိုကိုင်ပြီး ကျနော်အရင်ဆုံး အရောက်သွားခဲ့တဲ့ အိမ်က ကျနော့် တစ်သက်လုံး မေ့မရတဲ့ ဆရာမအိမ်… ဆရာမအိမ်ရောက်တော့ ဆရာမကို ပြုံးပြပြီး လက္ခဏာကို ထပ်ကြည့်ခိုင်းတယ်… “တီချယ်ရယ် သား လက္ခဏာလေး မပြောင်းသေးဘူးလားလို့ ကြည့်ပေးပါအုံး… ဆရာမ ဟောခဲ့သလို ဘိန်းထိုးတဲ့အပ် ကိုင်မကိုင်တော့ မသိဘူး ခုတော့ ကျနော်ကိုင်ထားရတဲ့ ဆုလက်မှတ်တွေကို လာပြတာပါ… တီချယ်ဟောခဲ့တဲ့ ဗေဒင် တက်တက်စင် လွဲခဲ့တဲ့ အကြောင်းကို လာပြောတာပါ… တစ်ချိန်က တီချယ့် စကားက သားရဲ့ အသည်းထဲမှာ နာကျင်စွာ စွဲနေလို့ ခုရခဲ့တဲ့ ဆုနဲ့ ဒီဒဏ်ရာကို ဒီနေ့လာချေတာပါ… ခုကျေးဇူးတင်ကြောင်း လာပြောတာ… ဒီလိုစိတ်သွင်းပေးခဲ့တဲ့ အတွက် ဒီလိုဆုမျိုးရခဲ့တာ ကိုပေါ့.. သားဘဝ တစ်ခုလုံးအတွက် အမှတ်တရပေါ့” လို့ ပြောချင်တဲ့စကားကို ပြောလိုက်တော့ ဆရာမခမျာ ကျနော့်ကို ကြောင်ပြီးကြည့်နေတာ ဘာမှတောင်ပြန်မပြောနိုင်ခဲ့ဘူး…

ပြီးမှ ဆရာမက မျက်ရည်ကျပြီး “မင်းစိတ်ထဲမှာ ဒီလောက်ထိ နာကျင်ခံစားမှတ်မိ နေမယ်မထင်ဘူး… မင်းကို မခံချင်စိတ်ဖြစ်အောင် ပြောလိုက်တဲ့ စကားတစ်ခွန်းက မင်းရင်ကိုနာကျင်စေလိမ့်မယ် မထင်မိခဲ့ဘူး” တဲ့လေ… မနာကျင်စေဖို့ မရည်ရွယ်ခဲ့ပေမယ့် ပြောခဲ့တဲ့ စကားလုံးတွေက ရွယ်တူတွေရှေ့မှာ အရွယ်နဲ့မလိုက်အောင် နစ်နစ်နဲနဲ ခံစားနာကျင်ခဲ့ရတဲ့ သူတစ်ယောက်ရဲ့ ခံစားချက်ကိုတော့ ဆရာမလုပ်သူက သတိထား သိသင့်ပါတယ်… မထင်မှတ်တဲ့ စကားတစ်ခွန်းနဲ့တင် ကောင်းသောပြောင်းလဲခြင်းဖြစ်ဖြစ် မကောင်းသော ပြောင်းလဲခြင်း ဖြစ်ဖြစ် ဘဝ တစ်ခု ပြောင်းလဲသွားနိုင်တာတွေ ရှိတတ်တယ်ဆိုတာမျိုးပေါ့…

ဘာဖြစ်ဖြစ် ကျနော်တော်တော်လေး ကျေနပ်သွားတယ်… အနှစ်နှစ် အလလ ကျနော်ပြောချင်တဲ့ ရင်ထဲမှာ မထင်မှတ်ပဲ မှတ်မိနေတာကို စကားတစ်ခွန်းနဲ့ ကျနော်နာကျင် ခံစားခဲ့ရတာကို ပြန်လည်ချေပ လိုက်ရတဲ့အတွက်… ဒီလိုစကားတွေ ပြောလိုက် ပြီးတဲ့ အချိန်မှာပဲ ကျနော့်ရင်ထဲမှာ အရင်က ဆရာမကို မုန်းတီးနာကျင်နေတဲ့ စိတ်တွေ ချက်ခြင်း ပျောက်သွားတယ်…

အိမ်အပြန်မှာ ကျနော်ပီတိတွေနဲ့ ပျော်ရွှင်စွာပြန်လာခဲ့တယ်… အဲဒီနာကျင်မှုက ပျောက်သွားခဲ့ပေမယ့် သတိတရတော့ ရှိနေဆဲပါ… ဘဝမှာ ရခဲ့တဲ့ဆုအတွက် စူးခဲ့တဲ့ဒဏ်ရာတစ်ခုကို ဖျက်ပြစ်လိုက်နိုင်တာလို့မှတ်ယူမိတယ်…

သယ်ရင်းရီနိုရေ…. ကျေနပ်တော့….


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Friday, 24 July 2009

အဖေနှစ်ယောက်သာဆိုရင်

ကျနော့် ဖေဖေနဲ့ မေမေက မော်လမြိုင်ကနေ ရန်ကုန်ကို ရောက်တိုင်း ကျနော့်ကို စကားပြောဖို့ အွန်လိုင်းလာတယ်.. လာတိုင်းမှာ အဖေက နာရီဝက်ကြို ရောက်နှင့်နေတတ်တယ်… ကျနော်က ဖေဖေ့ကို မေမေရောလို့ မေးရင်က “သားစိန် မေမေက အလှပြင်နေတာ တစ်နာရီလောက်ရှိပြီး… ဖေဖေလဲ မစောင့်နိုင်လို့ သားကို အရင်ဆုံးစကားလာပြောတာ... ပြင်လို့ကို မပြီးနိုင်လို့ မစောင့်နိုင်တော့တာ” လို့ ပြောတယ်လေ…

ဟုတ်ပဗျာ… အမေ အလှကြိုက်တာမပြောနဲ့ … ဆေးရုံတစ်ခါ တက်တုန်းက သတိပြန်ရလာတော့ အရင်ဆုံးမေးတာ ဘာလို့ထင်လဲ... သူ့နှုတ်ခမ်းနီဘူးလေ... ဆရာဝန်လာကြည့်ရင် မလှမှာစိုးလို့တဲ့… အဲလိုကို မေမေက အလှအပကြိုက်တာဗျ…

အွန်လိုင်းလာပြီး စကားလာပြောတိုင်းလဲ ကြားလား မကြားဘူးလားနဲ့တင် တစ်နာရီလောက် ကြာတော့ စိတ်မရှည်တဲ့ကျနော့် ညီမက ကျနော် ပို့ပို့ပေးတဲ့ ကျနော်ရေးတဲ့ စာတွေကို အဖေကို ပေးဖတ် ... အဲဒီအချိန်မှာ နောက်စက်တစ်လုံးနဲ့ ကျနော်ပြောချင်တာကို အမေ့ကို စာရိုက်ပေးရတယ်… စက်မအားရင် ကျနော့်ရေးတဲ့စာတွေနဲ့ ကျနော့်ရတဲ့ ကော့မန့်တွေကို နှစ်ယောက်သား ခေါင်းချင်ဆိုင်ပြီး ဖတ်နေတတ်တယ်လေ… အလုပ်အရှုပ်ဆုံးက ညီမလေး … အဖေက ဒီစာပျောက်သွားပြန်ပီး… အမေက သမီး ကိုကြီး ကို ဒါလေးပြောချင်တယ် ရိုက်ပေးပါနဲ့… ညီမခမျာ မောလို့…

အဖေက ကျွန်တော်ရေးတာတွေကို ဖတ်ပြီးရင် အဖေပြောတာတွေ… အဖေ့ အကြောင်းတွေ ရေးနေလို့ အဖေ့ကို မမေ့ဘူးဆိုပြီးဝမ်းသာနေတာ… စာဖတ်ပြီး အိမ်ပြန်သွားရင် ကျနော်ရေးထားတဲ့ စာတွေ အကြောင်းကို ပြောလို့ မပြီးနိုင်တော့ဘူး… ထမင်းစားတော့ လဲဒီအကြောင်း… လူမတွေ့နဲ့ တွေ့တဲ့သူကိုလဲ ဒီအကြောင်း... ညနေလို အမေ့ ညီမဝမ်းကွဲယောက်ျားနဲ့ ဝိုင်းတော့လဲ ဒီအကြောင်းပဲ... ကြာလာတော့ အမေလုပ်သူက ပြောစရာ တစ်ကွက်မှ မရဘူးဆိုပြီး စိတ်ဆိုးရော… အဲဒီလိုပြောပါများရင် အမေက အဖေကို တင်းပြီး မော်လမြိုင်ကို ပြန်ခိုင်းလိုက်တတ်တယ်..

အမေလုပ်သူကလဲ အမေ့ အကြောင်းကိုတော့ ပါအောင်မရေးဘူး… ဒါကြောင့် ယောကျာ်း လုပ်သူ အဖေရဲ့ ကြွားချင်းကိုခံရတာ ဆိုပြီး ကျနော့်ကို ပွစိပွစိလုပ်လေ့ရှိတယ်… ဒါပေမယ့် အမေ စိတ်ထဲမှာ ပျော်နေတယ်… အဖေ့အတွက် ပီတိဖြစ်နေတယ်ဆိုတာ ကျနော်တို့ မောင်နှမတွေ သိပြီးသားပါ… အဖေ့ကို မေမေက ချစ်တာကိုးလေ….
ကျနော် အသက်ကြီးလာတဲ့ အထိ အမေ နဲ့ အဖေ က ရန်ဖြစ်တာ ရှားတယ်… စကားပဲ များတာ … အမေလုပ်သူက များတာပါ.. အမေ က အဖေထက် အသက်ကြီးပေမယ့် အဖေက အမြဲ အလျှော့ပေးရတယ်… မှတ်မိတယ်… ကျွန်တော် (၉)တန်းနှစ်လောက်တုန်းက သူတို့ စိတ်ကောက်ကြ တာကို တော့ကောင်းကောင်းမှတ်မိသေးတယ်….

များရတဲ့အကြောင်း က အဆိုတော် တစ်ယောက်ကိစ္စ… အဆိုတော်ဆို လို့ အဲဒီအဆိုတော်ကို အဖေ က ရှုပ်တာ မျိုး အမေက ရှုပ်တာမျိုးမဟုတ်ဘူး… နှစ်ယောက်လုံးက သွားရှုပ်တာ… အဆိုတော် က ကေဂျာနူး…. ဖြစ်ပုံက တစ်ည မီးက မလာတော့ အင်ဗာတာ နဲ့ မိသားစုတွေ မြန်မာ့အသံရုပ်မြင်သံကြားကို ပဲကြည့်တာ… သတင်းလာခါနီး ကေဂျာနူး က သီချင်းဆို တော့ အဖေတို့ လင်မယား နှစ်ယောက် အလုပ်မရှိ အလုပ်ရှာပြီး ကေဂျာနူးမျက်နှာမှာ မှည့်ဘယ်နှလုံးရှိလဲဆိုတာ ရှာရင်း နဲ့ နောင်ဂျိန်ပါလေရော…. ဘယ်သူမှ အမှန်မသိပေမယ့် အဖေက လဲ အမေ့ကို စချင်လို့ နောက်ပြီး သူမှန်တယ်… အမေမှားတယ်… ထပ်ခါတလဲလဲပြောနေတယ် ဆို တော့ အမေက စိတ်ကောက်ပြီး မှောင်မှောင်ထဲ အခန်းမှားဝင်လိုက်တာ ဝင်တဲ့ အခန်းက အိမ်သာဖြစ်နေတယ်… အမေလဲ စိတ်ဆိုးနေတော့ အိမ်သာမှာဘဲ ဆက်ထိုက်နေလိုက်တယ် ..အဖေက ချော့တာတောင် သူ က တံခါးလုံးဝမဖွင့်ဘူး… တော်တော်စိတ်ဆိုးပုံရတယ်… တစ်ညလုံး အမေက အိမ်သာထဲမှာ အဖေလုပ်သူ က အိမ်သာရှေ့ မှာငုတ်တုတ်..

ကျွန်တော်တို့ မောင်နှမလဲ သူတို့ အချစ်နန်နန် ထတာကို ကြည့်ရင်းနဲ့ အိပ်ပျော်သွားတယ်……
မိုးလင်းရင်အဆင်ပြေမယ်လို့ ထင်ထားပေမယ်… မိုးလင်းတော့ အမေက အဖေကို “နင့်ကို ငါမပေါင်းနိုင်တော့ဘူး ကွာပေးတော့ ကွာပြီးရင် အိမ်ပေါ်ကဆင်း… မိန်းမကိုတောင် အလျှော့မပေးတဲ့ယောက်ျား … ကွာရမှကျေနပ်မယ်” လို့ပြောနေတာ တစ်မနက်လုံးပဲ… ဒါပေမယ့် အဖေ မနက်စာတော့ မငတ်ဘူး…

နေ့လည်ထမင်းစားတော့လဲ ... အမေက ပြောတုန်းပဲ … သူတို့ အချစ်စမ်းနေတာကို ကျွန်တော်တို့လဲ ကြားပါများတော့ စိတ်ကနေတင်းလာ မျက်စိနောက်လာတော့

“အမေရာ အမေ့ ယောက်ျားကို ကွာချင်ကွာဗျာ… ဒါပေမယ့် သားတို့ ကို လုပ်ကြွေးမယ့် အဖေမရှိလို့ မဖြစ်ဘူး အဲ ဒီတော့အမေ အဖေ့ကိုအိမ်ပေါ်က ဆင်းစေချင်ရင် နောက်ယောက်ျားမြန်မြန်ယူ” လို့ ကျွန်တော်ကပြောတော့
ကျွန်တော့်ညီလေးက “ဒါဆို ရင် အမေ့ ဒီယောကျာ်းကို ဘယ်လို လုပ်မလဲ… အဖေအသစ်က စိတ်ရင်းမကောင်းရင်ရော”ဆိုတော့
ညီမလုပ်သူက “တုံးလိုက်တာကိုငယ်ရယ်… တွေးပူမနေနဲ့... ကောင်းတာကို ရွေးစဉ်းစား ... အမေက နောက်ယောက်ျားယူတော့ ညီမလေးတို့ သူများထက်သာသွားပြီး…. ဟော….အဖေက နှစ်ယောက်ဖြစ်လာပြီးဆို တော့ မုန့်ဖိုးရရင်နှစ်ခါတောင်ရမှာ … စိတ်မပူနဲ့ ကိုငယ်ရေ… အမေရေမြန်မြန်သာယူလိုက်” ပါတဲ့ဗျာ..

အဖေ နဲ့ အမေခမျာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ညီမလေး ပြောတဲ့စကားကို သဘောကျပြီး ရယ်ပါလေရောဗျာ…

စိတ်ဆိုးလဲ ပြေသွားတယ်ထင်ပါရဲ့... ညနေကျတော့ ဘယ်သားသမီးကိုမှ အသိမပေးပဲ အပြင်မှာ အချစ်နန်နန် သွားထတာ မိုးကို ချုပ်လို့… အိမ်ပြန်လာတော့ ကျနော်တို့က ဒါဘာသဘောလဲ ဆိုတဲ့ မျက်နှာပေးတွေနဲ့ မျက်မှောင်ကုတ်ပြီး စိုက်ကြည့်နေတာကို သူခိုးလူမိတဲ့ မျက်နှာလေးတွေနဲ့လေ… အဖေရော အမေရော ပြုံးစိစိပေါ့… ချစ်ကြတော့လဲ သူတို့လောက် ချစ်တာ သူတို့ပဲလေ… အဲအချိန်ကျ သားသမီးတွေ မပါတော့ဘူး… နှစ်ယောက်သား ပြုံးလို့ ပျော်လို့….

အမေ့အကြောင်းရေးလိုက်ပါတယ်… အမေကြားရင် မိဘကို ပြောစရာလား ဆိုတဲ့စကားနဲ့ အတူအမေ့ရဲ့ အမာစိန် ခေါင်းခေါက် လက်ကွက်နဲ့ မိမှာသေချာတယ် ... ဖတ်ပြီးရင်တော့ ပြုံးနေမှာ မြင်ယောင်သေး....

အိမ်ကို တကယ်လွမ်းမိပါတယ်….
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Tuesday, 21 July 2009

အမှတ်တရမှတ်တိုင်များ

၂၂.၇.၁၉၈၀ - ၂၂.၇.၂၀၀၉

ပထမဆုံး မှတ်တိုင် အမှတ်တရများ

လောကကြီးမှာ ကျနော် အသက်ရှင်နေထိုင်ခွင့် ရခဲ့တဲ့ရက်ဟာ ဒီနေ့ဆိုရင် ရက်ပေါင်း(၁၀၃၃၀) ရှိခဲ့ပါပြီး… နောက်ထပ်ရက်ပေါင်း မည်မျှ အသက်ရှင်ခွင့် ရမလဲဆိုတာ ကျနော်မသိရပါ… ဒါပေမယ့် ဒီလ ဒီရက်ရောက်တိုင်းမှာ အမှတ်ရစရာ တစ်ခုခု ဖြစ်ခဲ့ပါတယ်… အရင်တုန်းက ဒီလို အမှတ်ရစရာကို တစ်သက်လုံးမေ့မရမယ့် လူနှစ်ယောက်က အမြဲတမ်း အမှတ်တရတစ်ခုကို လုပ်ပေးပါတယ်… လူရယ်လို့ စဖြစ်လာကတည်းက ဒီနေ့အထိ အသက်ရှင်ခွင့် ရခဲ့တဲ့ရက်တွေမှာ ကျနော့်ကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင် မညီးမညူ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ပြီး စာနာနားလည်ခွင့်လွှတ်ပေးတဲ့ အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင် ဖေဖေနဲ့ မေမေ ကို ဆပ်မကုန်တဲ့ ကျေးဇူးတွေရှိလို့ ဒီနေ့လေးမှာ ဒီနေရာကနေ ဦးညွတ်ကန်တော့လိုက်ပါတယ်။

ဘဝမှာ ဖြစ်ချင်တဲ့ဆန္ဒတွေများခဲ့ပြီး ဒီဆန္ဒတွေ နောက်တကောက်ကောက် လိုက်နိုင် ဖို့အတွက် မညီးမညူပဲ ဦးစားပေး အနစ်နာခံခဲ့တဲ့ ညီလေးနဲ့ အရာရာကို သိတတ်နားလည်ပြီး အားပေးဖြည့်ဆည်း ပေးတတ်တဲ့ ညီမလေးကိုလဲ ဒီနေ့လေးမှာ ကျေနပ်စွာ ကျေးဇူးတင်မိတယ်။

နောက်ပြီး နတ်ဘုံနတ်နန်း ရောက်ခဲ့ဖူးသလို ဘဝမှာ အပျော်ဆုံးနဲ့ စိတ်အချမ်းသာဆုံး အချိန်တွေကို ပိုင်ဆိုင်စဉ်တုန်းက အသိပညာသာမက စိတ်ဓာတ်ရေးရာ တွေကိုပါ သင်ပေးလိုက်တဲ့ ဘဝတစ်လျှောက်လုံး မေ့မရလောက်အောင် အမှတ်တရ ဖြစ်စေမယ့် လေးစားချစ်ခင်ရတဲ့ ဖိုးစိန်ကို သားတစ်ယောက်လို တူတစ်ယောက်လို ချစ်ကြတဲ့ ပြင်သစ်ဘာသာ ဌာနက ဆရာမများ နဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်က ဆရာမများ အားလုံးကို ဒီနေရာနေ ဦးညွတ် ဂါရဝပြု ကန်တော့လိုက်ပါတယ်။

ဒီအချိန်ကို ပြန်တမ်းတမိတော့ ပျော်ရွင်ခဲ့တဲ့နေရက်တွေမှာ စလိုက် နောက်လိုက် စိတ်ဆိုးလိုက်နဲ့ ပြိုင်ဆိုင်မှုမရှိ ဝန်တိုမှုအတ္တ တွေကင်း ငြိမ်းချမ်းပျော်ရွင်တဲ့ သူငယ်ချင်းများနဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ်ကြီး…

လိုအပ်ချက်မှန်သမျှကို နောက်ကနေ လိုက်လျောဖြည့်ဆည်းပေးတဲ့ ကိုလင်းလင်းဇော်

အခက်အခဲမှန်သမျှ အရာရာကို ဒိုင်ခံခေါင်းစား ဖြေရှင်းပေးတဲ့ ကိုအောင်မြင့်ဦး

ခံစားလွယ်တတ်လို့ အားမလိုအားမရ အမြဲစိတ်တိုပြီးငေါက်တတ်တဲ့ ကိုစိုင်း

ဖြစ်သမျှအကြောင်း အကောင်းမှတ် ပြီးဘာလုပ်လုပ်အားပေးတဲ့ ဖိုးလပြည့်

ထပ်တူခံစားတတ်တဲ့ မွေးလတူ မြလေး

ငိုရင်လိုက်ငို ရယ်ရင်လိုက်ရယ်တတ်တဲ့ သန္တာလွင်

အကျိုးအကြောင်းနဲ့ ဆုံးမဆရာလုပ်တတ်တဲ့ သန္တာဆွေ

အကိုတစ်ယောက်ရှေ့က မားမားမတ်မတ် ရပ်တည်ပေးတဲ့စိတ်ဓာတ်နဲ့ အိခိုင်အေး

ရန်ဖြစ် ပြန်ချစ် အမြဲတမ်း တဖွဖွရွတ်ပေမယ့် အလိုလိုက် တတ်တဲ့ အိခိုင်ဇင်
ဒီအချစ်ဆုံးသူငယ်ချင်းတွေနဲ့ အတူ မေဂျာတူတူတက်ခဲ့တဲ့ ရဲဘော်ရဲဘက်များကို အမှတ်တရတွေ ပေးခဲ့တဲ့ ဒီလိုနေ့ အတွက် အမြဲတမ်း သတိရလွမ်းနေမှာပါ….

(၂၂.၇.၂၀၀၈ ၂၂.၇.၂၀၀၉)

ဘဝရဲ့ ဒုတိယမှတ်တိုင် အမှတ်တရများ

ဒီမှတ်တိုင်လေးကတော့ တကယ်ကို ရင်နဲ့ အမျှ အမှတ်ရစေမယ့် စာမျက်နှာတစ်ခုပါ…. ဒီလိုရက်ကနေစလို့ အမှတ်တရ ဖြစ်ခဲ့တဲ့ တစ်နှစ်ပြည့် နေ့ရက်အတွက် အမှတ်တရထပ်ဖြစ်စေဖို့ ချစ်တဲ့ဦးနော်(ကိုရင်နော်ခင်လေးငယ်) အတွက် ရေးလိုက်ပါတယ်… မမခင်လေးလဲပါတယ်နော်...

ဇာတ်လမ်းအစလေးပေါ့... ဒီကိုမလာခင် လေယာဉ်ကွင်းရောက်တော့ သူငယ်ချင်း(သန္တာလွင်) က စာအုပ်အထူကြီး တစ်အုပ်ကို အူကြောင်ကြောင်နိုင်စွာ လက်ဆောင်ပေးခဲ့တယ်… “သယ်သွားပါ… နောင်သုံးနှစ် သို့ ငါးနှစ်ကြာတဲ့ အခါမှာ ငါတို့ရဲ့ ပြောင်းလဲလာတာ… နင်တွေ့ကြုံခံစားရတာကို ချရေး… စိတ်ပေါ့သွားမယ်… အနည်းဆုံး ဒီစာအုပ်မှာ ငါတို့ကိုလွမ်းကြောင်း အိမ်ကိုလွမ်းကြောင်းတော့ ချရေးဖြစ်မှာပါတဲ့… တစ်ချိန်မှာ ဒီစာတွေက နင့်ကိုကျော်ကြားချင် ကျော်ကြားစေလိမ့်မယ်”တဲ့လေ…

သူငယ်ချင်း စိတ်ချမ်းသာအောင် ယူခဲ့ပေမယ့် လက်တွေ့မှာ ဘဝရည်မှန်းချက်နဲ့ ဖြစ်နေတာက ဟက်တက်ကွာခြားခဲ့ရ မတူညီတဲ့ ညီမျှခြင်းတွေ ချခဲ့ရတဲ့အတွက် စုတ်ပြတ်သတ်နေတဲ့ ဘဝကို အနားသတ်ပြီး ဒီစာအုပ်ကို မြေမြှုပ်ရလောက်အောင် ထိုးသိပ်ကွယ်ဖျောက်ထားခဲ့တယ်…

မျှဝေခံစားဖို့ မရှိ နားမလည်နိုင်တဲ့ ကြားမှာ ရှင်သန်အသက်ဆက်ရင်း ခန်းခြောက်လာတဲ့ မျက်ရည်တွေကို အစားထိုးကုစားဖို့ အတွက် သူငယ်ချင်း ဖိုးလပြည့်ကပဲ (friendster) ဆိုတဲ့လင့်ခ်လေးပေးပြီး သူငယ်ချင်းတွေနဲ့ ဝေးနေတဲ့အချိန် သူငယ်ချင်းတွေ နားလည်ခံစားနိုင်ဖို့အတွက် ခံစားချက်တွေကို ခံစားနေရတာတွေကို ချပြဖို့ ရေးချဖို့အတွက် ဖွင့်ပေးခဲ့တယ်…

ဒီ(friendster) ဆိုတဲ့ ဘလော့လေးမှာ ဘလော့ဆိုတာက ဘာမှန်းမသိပဲ ခံစားချက်တွေ ချရေးဖို့ ဆုံးဖြတ်ခဲ့တယ်... ပထမဆုံး အနေနဲ့ အမှတ်တရဖြစ်အောင် မွေးနေ့မတိုင်ခင် ညက ကြိုးစားပန်းစာ မြန်မာလို အမှတ်တရရိုက်ထားတဲ့ အဖေအမြဲပြောခဲ့တဲ့ မျောက်ပုံပြင်ဆိုတဲ့ ပိုစ့်တိုတိုလေးကို မွေးနေ့မနက်မှာ မတတ်တတတ်နဲ့တင်လိုက်တယ်… (၁၅)ကြောင်းစာတောင် မရှိတဲ့ ပုံပြင်လေးကို ရိုက်တာ တစ်ညကုန်သွားတယ်… တင်ပြီးတော့လဲ ဘာဖြစ်သွားတယ် မသိ… ပိုစ့်ရော ဘလော့ပါပျောက်သွားရတဲ့ အမှတ်တရ… ဖတ်ဖို့စောင့်နေတဲ့ မိဘနဲ့ သူငယ်ချင်းတွေက မွေးနေ့မှာ ပိုစ့်ပျောက်လို့ ငိုနေတဲ့ ကျနော့်အတွက် လိုက်ငိုပေးရမလို ကျနော့်ကိုပဲ မွေးနေ့ ဆုတောင်း ပေးရမလိုနဲ့ အမှတ်တရ ဖြစ်ခဲ့တယ်… အဲဒီနေ့က (၂၂.၇.၂၀၀၈) ပေါ့…

စရေးတဲ့ (friendster) ဘလော့စာမျက်နှာကနေ အင်္ဂလိပ်လို မတောက်တစ်ခေါက်စမ်းပြီး ပို့စ်တွေ တင်ရင်း မြန်မာလို ရိုက်တတ်အောင် လေ့ကျင့်ဖြစ်ခဲ့တယ်… ဒိုင်ခံ ဖတ်ခဲ့တဲ့သူတွေကတော့ ကျနော့် မိဘ ညီမလေးနဲ့ ကျနော့် သူငယ်ချင်းတွေပါပဲ… နောက်ပြီး ဘလော့စပေါ့ကို ဖွင့်ထားခဲ့ပေမယ့် ဖရန်းစတားမှာပဲ စာတိုလေးတွေရေးရင် မျက်ရည်တွေကို ဖြေသိမ့်ခဲ့ရတယ်လေ… ဒီလိုမတောက်တခေါက်ရေးရင်း သူငယ်ချင်းပေးတဲ့ မကြီးဝါ ဘလော့ကိုရောက်မိတယ်… ခြေရာလေးချန်ခဲ့တော့ မကြီးကလိုက်လာတယ်… နောက်တော့ ချစ်တဲ့သူငယ်ချင်းညီမလေး မက်မက် ညီလေးမိုးသောက် သာကောမိုးသောက်ယံ မဇာ(မီးလေးဇာ) တို့က ပိုစ့်အသစ်တိုင်းကို မကြီးဝါနဲ့အတူလာအားပေးတယ်… တခါတရံရောက်လာတတ်တဲ့ နန်းညီ ပုလဲ နဲ့ ဗီလိန် တို့လဲပါတာပေါ့… အဲတုန်းက သူတို့ကော့မန့်လေးတွေ ချန်ခဲ့ရင် အိပ်တောင်မပျော်ဖူးလေ… သူငယ်ချင်းတွေကို ပြန်ကြွားတော့ သူတို့ရဲ့ ရှစ်ခေါက်ချိုး စပလိန် မျက်နှာပေးနဲ့ သူငယ်ချင်းအတွက် ပီတိဖြစ်ဝမ်းသာတာကိုမြင်ရပါတယ်… အဖေနဲ့ အမေကတော့ သားပျော်နေတော့ ဝမ်းသာတယ်လေ..

ဒီလို ကမ္ဘာလေး ကျဉ်းကျဉ်းလေးမှာ ပျော်နေတဲ့ကျနော်ကို တွန်အားပေးခဲ့တဲ့ မကြီးဝါ နဲ့ မက်မက်တို့ရဲ့ ခေါ်ဆောင်မှုနဲ့ ဘလော့စပေါ့ စာမျက်နှာကို ရောက်ခဲ့ရတယ်… ချစ်စရာ ညီတွေ ညီမတွေ သူငယ်ချင်းတွေ အများကြီးရခဲ့တယ်… လေးစားချစ်ခင်စရာကောင်းပြီး ညီလို မောင်လို ဆုံးမတတ်တဲ့ အကိုတွေ အမတွေကို ရခဲ့တယ်… ဘဝမှာ တန်ဖိုးမဖြတ်နိုင်တဲ့ မေတ္တာတရားနဲ့ သံယောဇဉ်တွေပါ…

စာရေးမကောင်း စာကောင်းမရေးသလို ဗဟုသုတ ရစရာ ပိုစ့်တွေ တစ်ခုမှ မရေးနိုင်ခဲ့ပေမယ့် ကျနော့်ကို ညီလို မောင်လို အကိုတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို အားပေးနှစ်သိမ့်ခဲ့တဲ့ စကားလုံးတွေက ရင်နဲ့အမျှပါ... ထိုစကားလုံးတွေ အတွက် ပီတိဖြစ်ခံစားပေးတဲ့ မိဘမောင်နှမ သူငယ်ချင်းများနဲ့ အတူ ကျနော်ကိုယ်တိုင် ကျေးဇူးတင်မဆုံးပါဘူး… တအားကို အားတက်ပြီး ဝမ်းသာခဲ့ရပါတယ်…

ခုဆိုရင် မွေးနေ့ကနေ စပြီး အမှတ်တရဖြစ်အောင် ရေးခဲ့တာ ဒီနှစ်မွေးနေ့ပါဆိုရင် တစ်နှစ်ပြည့်လို့ ပိုစ့်တွေလဲ အများကြီး ရေးဖြစ်ခဲ့သလို ချစ်တဲ့ ညီအကိုမောင်နှမတွေ ပါအများကြီး ထပ်ရလိုက်လို့ ပီတိဖြစ်ဝမ်းသားမဆုံးပါ…
တူမောင်ချစ်တဲ့ ဦးနော်ရေ…. ဖိုးစိန်ဆိုတဲ့ ဘလော့လေးကို ဒီလိုစတင်ခဲ့တာပါ… သားရဲ့မွေးနေ့မှာ အမှတ်တရ ဖြစ်ချင်လို့ သားချစ်တဲ့ ဦးနော်ရဲ့ တက်ဂ်ပိုစ့်လေးကို ဖြေပေးလိုက်တယ်နော်… (တွန်တွန်ဖတ်ပြီးရင် လာတွန်ဦးမှာသေချာတယ်)

ဒီဘလော့လေးကြောင့် မောင်နှမတွေ အများကြီးရခဲ့တယ်… ကျခဲ့ရတဲ့မျက်ရည်တွေက အကိုအမတွေ ညီညီမတွေရဲ့အားပေးနှစ်သိမ့် မှုတွေနဲ့ အားတက်ခဲ့ရတယ်… ပျော်ရွှင်စရာ နေ့ရက်တွေကို ပိုင်ဆိုင်ခဲ့ရတယ်… အရမ်းကိုကျေနပ် ပီတိဖြစ်ခဲ့ရတဲ့ အတွက် ဒီနေ့လေးမှာ အမှတ်တရ အဖြစ်အားလုံးကို ကျေးဇူးတင်ပါတယ်… ကျနော်စာကို အမြဲလာအားပေးတဲ့ ဘလော့ဂါတွေ မဟုတ်တဲ့ အမတွေ အကိုတွေ သူငယ်ချင်းတွေအားလုံးကိုလဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ...

ဒါကြောင့် ဖိုးစိန် ဆိုတဲ့ စာမျက်နှာပေါ် ရောက်လာခဲ့ကြတဲ့ ကျနော်ချစ်ခင်လေးစားရသော အကိုတွေ အမတွေ အားလုံးကိုလဲ ဒီနေရာကနေ ဂါဝရပြုကန်တော့ပါရစေ… ပြောမှာဆိုးမှာ ရှိရင် မေတ္တာရှေ့ထားပြီး ခွင့်လွှတ်ကြပါလို့…။ နာမည်တွေကို တန်းစီရေးရင် ဘလော့လောကတစ်ခု လုံးကုန်သွားမှာမို့ ချမရေးတော့ဘူးနော်... ဖိုးစိန်ရင်ထဲ ဘယ်သူရှိလဲ ဆိုတာ ခံစားတတ်တဲ့ ရင်ဘတ်တူတဲ့ တူတိုင်း နားလည်မှာပါ...

ထူးထူးခြားခြား မွေးနေ့ မွေးလ တိုက်ဆိုင်ပြီး ခုနှစ်နှစ် တိတိကွာတဲ့ စာရေးကောင်းတဲ့ ညီမလေးဇော်ကိုလဲ ဒီနေရာကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်… ညီမလေးဇော်ရဲ့ဆုတောင်းက

ကိုဂျီးစိန်
မွေးနေ့မှာ ပျော်ရွှင်ပါစေ။


သင်၏ ဘ၀လက်ထဲမှာ ဘ၀ပန်းချီဆရာသည် ကုလားအုတ်မွေး စုတ်တံကိုကိုင်လျက် အချိန်တည်းဟူသော
ပြန့်ကျယ်ဖြူဖွေးသည့် ကင်းဗက်စရှေ့ရပ်လျက်ရှိ၏။ သင့်အတွေး သင့်ခံစားမှုများ သင့်လုပ်ရပ်များက ပန်းချီဆေးများဖြစ်သည်။
သင့်အတွေး၏ အသွေးအရောက်များကို သင်ကိုယ်တိုင် ရွေးချယ်ခြင်းဖြစ်သည်။
ညိုမှိုင်းမှိုင်းလား၊ တောက်တောက်လွင်လွင်လား၊ ဖျော့တော့တော့လား၊ ပြင်းအားကောင်းကောင်းလား၊
အရောင်ကောင်းကောင်းလား၊ အရောင်ညံ့ညံ့လား။
သင့်ခံစားမှု၏ အသွေးအရောင်ကို သင်ကိုယ်တိုင်ရွေးချယ်ခြင်းသာ ဖြစ်၏။

Wilferd Peterson


ဒီစာကိုမြင်ရင် ကိုဂျီးတန်းသိမှာပါ။ ကျနော်ဘယ်က ကူးလိုက်တယ်ဆိုတာလေ။ ဟုတ်ပါတယ်။ ဒါက ကျနော်အကြိုက်ဆုံးဖြစ်တဲ့၊ ကိုဂျီးလဲ ကြိုက်တယ်လို့ ရေးထားတဲ့
အကြည်တော်ရဲ့ နတ်နေကိုင်းထဲက ကျနော်နှစ်သက်မိတဲ့ စာသားလေးပါ။
ကိုဂျီးရဲ့ မွေးနေ့အမှတ်တရအဖြစ် ကျနော်လက်ဆောင်ပေးပါတယ်။
မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ထပ်ဆုတောင်းရင်း...။
ချစ်တဲ့
ဇော်။
--

အမှတ်တရ အစားအသောက် အစီအစဉ်

ဖိုးစိန်မွေးနေ့ ပိုစ့်ကိုလာဖတ်မိတဲ့ ညီအကိုမောင်နှမများ ဒီမှာ ကူပွန်လက်မှတ် ကုတ်နံပတ် များယူပြီး နီးစပ်ရာ McDonald's မှာ မိမိ ချစ်ခင်သော သူငယ်ချင်းတစ်ယောက်ယောက် ကိုခေါ်ပြီး နှစ်သက်ရာကို ကြိုက်သလောက် စားနိုင်ဖို့ စီစဉ်ထားပါတယ်... လက်မှတ် မကုန်ခင် ပြေးယူစေချင်ပါတယ်... ပျော်စရာ အစီအစဉ် များပါလို့ပါ... စကာင်္ပူ ရောက်ရင် ညီအကို မောင်နှမတွေ အားလုံးကို တစ်ဝိုင်းပေးဖို့ ကတိပေးပါတယ်... (မုန့်လက်ကောက်တစ်ယောက်တစ်ဝိုင်းပါ) အမတွေ အကိုတွေ စားချင်တာများကိုလဲ ချက်ကျွေးမှာပါ... မှတ်ထားကြပါ စားချင်များကို... ဆုံတဲ့နေကို ကျွေးပ့ါမယ်... မမခင်လေးအတွက်လဲ မုန့်လက်ဆောင်း ရှယ်ချက်ပေးမယ်နော်... ခုတော့ထုံးရှာမရလို့ ...း)

အမှတ်တရ လက်ဆောင်များ

မွေးနေ့လက်ဆောင်ကို ကျနော့်ဆီ အရောက်ပို့ပေးတဲ့ ချစ်ခင်လေးစားအားကျ ရတဲ့ကျနော့်ရဲ့မကြီး


အကိုမိုးကုတ်သား ပေးတဲ့ စကားလက်ဆောင်

“စိန်” ရတနာ တွေ အ “လျှံ ”ပယ်ကာ တောက်ပ “ထွန်း ”လင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ။

အမှတ်တမဲ့ မဟုတ်ပါဘူး
ဆိုက်ဆိုက်မြိုက်မြိုက် သေချာ လိုက်လာခဲ့တာပါ။
ဘလော့ဂါ လောကကတဆင့် သိကျွမ်းခွင့်ရခဲ့ပေမဲ့
ခိုင်မြဲတဲ့ သံယောဇဉ်တွေက ဖြတ်မရ။
စိတ်ကောက်ပြီး အစသန်သော
သဘောဖြူသူ ညီလေးတစ်ယောက်
ကျွန်တော် ကောက်ရခဲ့တာ ဆုတစ်ခုပေါ့။
ကျမ်းအစောင်စောင် ပြုဖွဲ့မကုန်တဲ့ မေတ္တာတွေနဲ့
ညီလေးရဲ့ မွေးနေ့တစ်ခုက အစပြုလို့
အမှတ်တရတွေများစွာမှာ
ချစ်ခင်သူအပေါင်းနဲ့ ထာဝရ
ညီ့ဘ၀လေး ပျော်ရွှင်ငြိမ်းချမ်းပါစေ။
ချစ်ခင်ခြင်းများစွာဖြင့်

ကိုမောင်ဟန်
( ဖိုးစိန်တစ်ဦးတည်း မူပိုင်လိုင်စင်ရှိသည်။
မည်သူမျှ ကိုမောင်ဟန် ဟု ခေါ်ခွင့်မပြုပါ)
ပုံ - *မိုးကုတ်သား*



ညီလေးCraton ပေးပို့တဲ့မွေးနေ့ လက်ဆောင်









မနက်ဖြန် ၂၂ရက်နေ့ ဇူလိုင်လ ၂၀၀၉ ခုနှစ်မှာကျရောက်မယ့် ကိုဖိုးစိန်ရဲ့မွေးနေ့မှသည် နောင်နှစ်များစွာတိုင် ချစ်သောသူများနှင့်သာ ချမ်းမြေ့သာယာစွာ အတူနေထိုင်နိုင်ရပါစေလို့ ညီဆုတောင်းပေးလိုက်ပါတယ်..
ဒီနေ့ မွေးနေ့ကဒ်ပို့လိုက်ပြီအစ်ကို.. မွေးနေ့လွန်မှကဒ်ရောက်လိမ့်မယ်.. တန်ဖိုးသိပ်မကြီး အပြင်အဆင်သိပ်မလှပေမယ့် မွေးနေ့မှာ ညီ့ဆီက အမှတ်တရလေးတစ်ခုဖြစ်သွားစေချင်ရုံသက်သက်ပါ..။ အချိန်မှီသိရအောင် မပို့ခင်ကဒ်ကိုဓါတ်ပုံရိုက်ထားတယ်.. မရောက်ခင်တော့ သွားရည်ကျနှင့်ပေါ့.. သူများလည်းကြွားလို့ရအောင်.. :P


ချစ်စရာ ကောင်းတဲ့ မမချစ် ရဲ့ မွေးနေ့လက်ဆောင် နဲ့ဆုတောင်း


ခင်မင်ရတဲ့ ဖိုးစိန်ရေ
ပျော်ရွှင်သော မင်္ဂလာရှိသော
ယခုမွေးနေ့  မှ နောင်နှစ်ပေါင်း ၁၀၀ တိုင်
ပျော်ရွှင်ချမ်းမြေ့ ပါစေလို့ 
ဆုမွန်ကောင်း တောင်းပေးပါတယ်..
နောက်ကျ နေတာ ခွင့်လွှတ်နော်
မွေးနေ့  ကဒ်လေး လုပ်ပေးနေ လို့  ..
ကြည့်လိုက်အုံးနော်..
ပျော်ရွှင်သော မွှေးနေ့ ပါ..း))
မီးမီးချစ်



မွေးနေကဗျာကို မဂျုနဲ့ တစ်ယောက်တစ်ဝက် ခွဲယူရတဲ့ Z ရဲ့ကဗျာလေး

မွေးနေ့ ...

ကာလတစ်ခု ရွေ့သွားတာလား ...
..တိမ်တိုက်တစ်ခုရွေ့သွားတာလား ...
မနေ့ကလိုပဲ ဒီနေ့လည်း
ပန်းလေးတစ်ပွင့်ပွင့်နေခဲ့တယ် ..
မနက်ဖြန်တိုင်းမှာလည်း ပန်းလေး ပွင့်နိုင်ပါစေ ... ။

ရလာတာတွေနဲ့ ရောင့်ရဲတတ်လာတဲ့အခါ ...
ရောင့်ရဲတာတွေပဲ ရလာတော့တယ် ...
ကမ္ဘာကြီးကို သားရေတစ်ချပ်ခင်းဖို့မလိုဘူး ..
ငါ့မှာ ဖိနပ်တစ်ရံရှိတယ် ..( လို့ စိတ်ကို စိတ်ကပြောတယ် ....)
စိတ်ကို အိစက်ညက်ညောတဲ့ ဖိနပ်တစ်ရံ ဆင်မြန်းလာနိုင်တဲ့အခါ ...
စိတ်ကို စိတ်ကပြောတယ် ... စိတ်ချမ်းသာလိုက်တာ တဲ့ ...။


နာကျင်သောကိုယ်ရှိသော်လည်း
စိတ်မှာမနာကျင်ပါ ..

နာကုလပိတာ လျှောက်ခဲ့တဲ့လမ်းမှာ ...

စံပယ်ရနံ့တွေ စိမ်းစိုလန်းဆန်းနေခဲ့တယ် ...။


မနက်ဖြန်ရွာသွန်းမယ့်မိုးကို ဒီနေ့မစိုစွတ်စေတော့ဘူး ..
တိမ်တွေကိုလည်းပျိုးကြဲမနေတော့ဘူး ...
ဘေးကင်းလုံခြုံရာရောက်နေတဲ့စိတ်ဟာ ...
ရိတ်စရာသိမ်းစရာ အပူအပင်မဲ့စွာ ...
မိုးလေကင်းစွာ ... ချမ်းမြေ့သာယာနေတော့တယ် .....။ ။
ခင်မင်စွာဖြင့်
Z


ချစ်ခင်လေးစားရတဲ့ မကြီးဝါ(မဝါဝါခိုင်မင်း- အမှတ်တရလေးများ) ပေးပို့တဲ့ မွေးနေ့ပန်းစည်းလက်ဆောင်






မနန္ဒာပေးပို့တဲ့ စကားလက်ဆောင်

ပျော်ရွှင်ဘွယ်ရာ မွေးနေ့ ဖြစ်ပါစေ မောင်လေး ဖိုးစိန်

မောင်လေး ဖိုးစိန်ရဲ့ ပို့စ်တွေဖတ်ပြီး ကြည်နူးရ ရယ်မောခဲ့ရပါတယ်။

အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။

မိဘကျေးဇူးကို သိတတ်သော မိဘလုပ်ကျွေးနိုင်သော သားလိမာလေးဖြစ်ပါစေ
ma nandar





ချစ်ခင်လေးစားရတဲ့ မဂျု ရဲ့ မွေးနေ့ကဒ်လေးနဲ့ အတူ စကားလက်ဆောင်


Wishing you the Happiest of Birthdays.


To my brother Phoe Sein,

May you have all the joy your heart can hold,
All the smiles a day can bring,

All the blessings a life can unfold,
May you have Gods best in everything.

Wishing u a Happy Birthday

with best wishes - Ma Ju




မမဆု ရဲ့ဆုတောင်းစကား

22nd,July;2009
Happy Birthday
"Ko Monkey Phoe Sein"

This special day belongs to you.
To celebrate with your lovely friends,and
those who wish the best for you,
With love that never ends.
I say a prayer for you today,
Of thank,,,
That u are here:
May every day be bless for you.............



yours sister
"Hsu"
:)


မမမေ (Mae) ရဲ့မွေးနေ့ကဒ်နဲ့အတူ ဆုတောင်း



Happy 29th!
Many happy returns
;)



အကိုကြီးအိမ် ရဲ့မွေးနေ့ သီချင်းနဲ့အတူ ဆုတောင်း



Happy Birthday, you're not getting older you're just a little closer to death.
Wishing you another wonderful year of happiness and joy. Happy Birthday!



ညီမောင်ငရ် ရဲ့မွေးနေ့လက်ဆောင်


သယ်ရင်းလေး ညီမလေးချစ်မက်မက် ရဲ့ဆုတောင်း


မကြီး မေတ္တာရောင်ပြန် ရဲ့ဆုတောင်းစကား

မကြီးချစ်သောမောင်လေး ဖိုးစိန်

ဒီနေ့ ဇူလိုင် ၂၂ ရက်မှာ ကျရောက်တဲ့ မောင်လေးရဲ့ မွေးနေ့လေးမှာ ပျောရွှင်စရာ မောင်နှမတွေရဲ့ အားပေးစကားတွေနဲ့အတူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံနိုင်ပါစေလို့ မကြီး ဆုတောင်းပေးလိုက်ပါတယ်။
မောင်လေးရဲ့ ယနေ့ကျရောက်တဲ့ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာ မိဘကို သိတတ်ပြီး ကျေးဇူးဆပ်နိုင်တဲ့ သားလိမ္မာလေးလည်း ဖြစ်ပါစေနော်။ မောင်လေး ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်းကျပြီး လိုအင်ဆန္ဒတွေလည်း အမြန်ဆုံးပြည့်ဝလာနိုင်ပါစေလို့ မောင်လေးကို ချစ်တဲ့ မကြီးမေတ္တာရောင်ပြန်က ဆုတောင်းပေးလိုက်ပါတယ်။
မောင်လေးချစ်ခင်ရတဲ့ ဘလောဂ့်ဂါမောင်နှမတွေနဲ့လည်း ထာဝရင် အခင်အမင်အပျက် တစ်သက်လုံး ချစ်ချစ်ခင်ခင် နေနိုင်ပါစေ မောင်လေးဖိုးစိန်။

မောင်လေးကို ချစ်သော
မကြီး
မေတ္တာရောင်ပြန်

ညီလေးယောက်ဖအိုင်ခီ(ယာမကာ) ရဲ့ ရင်ထဲကစကား

တစ်ကယ်တမ်းအစ်ကိုမွေးနေ့ မှာေ၇းမယ်ဆိုမှ ခေါင်းက ခြောက်အောင်စဉ်းစားလည်း မရေးတာကြာနေတာလား ၊ တစ်ခုခုဖြစ်နေတာလားမသိတော့ဘူး ။ ဖျစ်ညစ်ရေးနေပေမယ့် စိတ်တိုင်းမကျမိဘူး ။ ရေးပြီးတိုင်းဖျက်နေမိတယ် ။ တစ်ခုခုတော့ ရေးအုန်းမှပဲဆိုပြီး အတင်းကို ရေးနေမိတယ် ။ စီပုံးမှာ ညီလေးငမူးရေ အရက်သောက်ရအောင်လို့ လာခေါ်ကတည်းက ခင်မင်ရင်းစွဲရှိနေမိတယ် ။ တစ်ကယ်လည်း အစ်ကိုတစ်ယောက်လို လိုတာမှန်သမျှ ဖြည့်စည်းပေးတယ် ။ အစ်ကိုရေးထားတာတွေ ဖတ်ပြီး ဝမ်းနည်းလိုက် ၊ ဝမ်းသာလိုက် ဖြစ်ရတယ် ။ ရေးနိုင်စွမ်းရှိပြီးလူတစ်ကာနဲ့ တည့်အောင်ပေါင်းတတ်တယ် ။ အငယ်လည်းအငယ်နေရာ ၊ အကြီးလည်း အကြီးနေရာကထားပြီး ဆက်ဆံတတ်တယ် ။ အစ်ကိုတစ်ယောက်လို ပါပဲ ခင်မင်မိတာ ။ စိတ်ရင်းနဲ့ ပြောဆိုဆုံးမ တတ်သေးတယ် ။ ကဲ မတတ်တစ်ခေါက်လေးရေးပေးလိုက်မယ်ဗျာ နော် ချစ်ယောက်ဖကြီးရေ ။


နေ့ ရက် အချိန်တွေ ကုန်ဆုံးသွားလိုက်တာ
တစ်ဖြည်းဖြည်းလို ထင်ပေမယ့်
ကုန်သွားတဲ့အချိန်တွေက မနဲ တော့ဘူး
ပြန်တွေးကြည့်ရင်ခဏလေးလို့ ထင်ရပေမယ့်
ဖြတ်သန်းလာတဲ့ တစ်ခဏလေးအတွင်းမှာ
ရောင်စဉ်ဖြာသလိုပဲ
ဘဝတွေ အရောင်မျိုးစုံပြောင်းသွားလိုက်တာ
ဝမ်းနည်း ၊ ဝမ်းသာ ၊ သုခ နဲ့ ဒုက္ခ
တစ်လှည့်စီခံရင်းနဲ့ ခရီးဆက်ခဲ့တာ
ခရီးအတော့ပေါက်ခဲ့ပါပြီကော
မလျော့တဲ့ဇွဲလုံလ ၊ ဝီရိယတွေ
ရေးထားတဲ့စာတွေမှာဖတ်ရပါရဲ့ 
ယောက်ကျားကောင်းတစ်ယောက် ပီသစွာ
လောကကြီးကို အံတုလို့ အစွမ်းကုန် ကြိုးစားခဲ့မှန်းသိသာတယ်
အဖော်မရှိလို့ အားငယ်ဖူးတယ်
အားငယ်တိုင်းလည်း ဘယ်တော့မှစိတ်မပျက်ဘူးဆိုတာ သိနေတယ်
ဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ် ကျော်ဖြတ်သွားလိုက်တာ
ချစ်ကိုကြီးယောက်ဖမွေးနေ့ ရောက်ခဲ့ပြန်ပြီရော
ဒီထက်မက ဘဝကို အောင်မြင်စွာကျော်ဖြတ်နိုင်ပါစေဗျာ
မွေးနေ့ မှသည်နောင်နှစ်ပေါင်း အမြဲအောင်မြင်နိုင်ပါစေ



ဒါပဲဒါပဲ တတ်တယ် ဟွန်း မရတော့ဘူး ခေါင်းခြောက်သွားပြီ


ချစ်သောသယ်ရင်း ရီနိုမာန် ရဲ့ ဆုတောင်း

သယ်ရင်းရေ

ဇူလိုင် ၂၂ မှာ သယ်ရင်းရဲ့ မွေးနေ့ကို သတိရတယ်။
အားချိန်ထက် အလုပ်ချိန်က များနေတော့ ထွေထွေထူးထူး
ဘာမှ မလုပ်နိုင်ဘူး။
သယ်ရင်းရေ လောကမှာ လိုတာမရ၊ ရတာမလို
ဖြစ်နေတဲ့ အချိန်မှာ ငါ့ သယ်ရင်းရဲ့ ဘဝမှာ
ဒီနေ့ မွေးရက်က စပြီး အောင်မြင်သောဘဝ၊
ကိုယ်ကိုကိုယ် ပိုင်သော ဘဝ၊
စိတ်သွားတိုင် ကိုယ်ပါနိုင်ပြီး
မိဘ ကို ထာဝရ စိတ်ချမ်းသာအောင်
ထားနိုင်သော သားလိမ္မာလေး
တစ်ယောက်ဖြစ်ပါစေကွာ။

ဆုတောင်းနဲ့ မပြည့်စုံဘူး သယ်ရင်းရေ
ဝိုင်းလေး တစ်ဝိုင်းလောက်ပါလိုက်ရင်း
သိပ်ကောင်းမှာပဲနော်။

ချစ်တဲ့ ရီနို


ချစ်သော ပေါ်ပေါ် (တောင်ပေါ်သား) ရဲ့ ဆုတောင်း

အကိုရေ..

အကိုရဲ့ မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာ ချစ်သော မိသားစုနဲ့ တူတူ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံစွာ နေရပါစေလို့
ကျနော် ရင်ထဲကနေ ဆုတောင်းပေးပါတယ်။ ဘ၀မှာ အခက်အခဲမှန်သမျှကို ဖြတ်ကျော်နိုင်သော ယောကျာ်းမြတ်တယောက်ဖြစ်ပါစေ
တိုင်းပြည်အတွက် မိသားစုအတွက် လိုအပ်တဲ့ နေရာလေးတွေကနေပြီးတော့ ဖြည့်စည်းနိုင်ပါစေ။ အသက်လဲ ရနေပြီနော်
ဒီတော့ ချစ်သော ကောင်မလေးနဲ့ တူတူ သက်ထက်ဆုံး ပေါင်းရနိုင်ပါစေလို့ ကျနော် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
တခါတလေ ဘ၀မှာ အခက်အခဲဆိုတာကတော့ လူတိုင်းရှိတယ် အကိုရေ.. စိတ်မညစ်နဲ့ အားငယ်မနေနဲ့ တယောက်ထဲ ကျော်ဖြတ်ရတဲ့
အချိန်တိုင်း ကျနော်တို့လိုပဲ ဖြတ်သန်းခဲ့ရတဲ့ လူတွေ အများကြီးဆိုတာ သတိထားလိုက်ရင် ငါ့အကို စိတ်မဆင်းရဲရတော့ဘူးပေါ့။
အရာရာ အဆင်ပြေလို့ ပျော်ရွှင်မူတွေနဲ့ ပြည့်စုံသော မွေးနေ့လေးဖြစ်ပါစေ။



ညီလေး သေးသေး အရူးလေး ရဲ့ အကိုအတွက် အဝေးရောက်ဆုတောင်း

မိုင်လပ်ဖ်လီးဘရားသား မွေးနေ့မှာ ပျော်ရွင်ပါစေ

မိုင်လပ်ဖ်လီးဘရားသားကို အမြဲချစ်တဲ့

မိုင်လစ်တဲ လပ်ဖ်လီးဘရာသား



ညီလေး မိုးသောက် ပေးတဲ့စကားလက်ဆောင်


ကိုကြီးစိန် ကျနော်က အိမ်မှာ တစ်ဦးတည်းသော သားဗျ .... အစ်ကိုလည်း မရှိဘူး ညီလည်း မရှိဘူး .....
ငယ်ငယ်က အစ်ကို တစ်ယောက်လောက် ရှိရင် သိပ်ကောင်းမယ်လို့ ထင်မိတယ် .... နည်းနည်း ကြီးလာပြန်တော့ ညီ တစ်ယောက်လောက် ရချင်ပြန်တယ် ... မဖြစ်နိုင်တဲ့ လိုချင်မှုကို တွန်းကန်တဲ့ သဘောလို့ပဲ ဆိုရမှာပေါ့ ... ဆိုက်ကို တစ်ခု ၀င်လာတယ် ....
အဲ့ဒါကတော့ ယောက်ကျားလေး မြင်ရင် အလိုလို မုန်းတီးလာတာပဲ .... ရန်စချင်တယ် .... အဲ့ဒါကြောင့်လည်း ၈ တန်း ၉ တန်း ၁၀ တန်း အချိန်တွေက
ကျနော် ရန်တဖုန်းဖုန်း ဖြစ်နေတဲ့ အချိန် ရဲစခန်း ခဏ ခဏ ရောက်နေတဲ့ အချိန်ပေါ့ .....
လိုရင်း ပြောရရင်တော့ ကျနော် ဘယ်သူ့ကိုမှ ညီအစ်ကိုလို မချစ်ခင်ဖူးဘူးဗျ ...
ဒါပေမယ့် ကိုကြီးစိန်ကိုတော့ ကျနော် ညီ အစ်ကို တစ်ယောက်လို ချစ်ခင်ခဲ့တယ်ဆိုတာ သိစေချင်တာပါ ...
အစ်ကို တစ်ယောက် အတွက် ညီလေးရဲ့ စေတနာ စကားလို့ပါ သတ်မှတ်ပေးပါ ....
မိရိုးဖလာ ထုံးတမ်း စဉ်လာ အရ ဂျူလိုင်လ ၂၂ ရက်နေ့ဟာ ကိုကြီး စိန် မွေးနေ့ ဖြစ်တယ် ဆိုပေမယ့်
အချိန်တိုင်း မိနစ်တိုင်း စက္ကန့် တိုင်းဟာ ကိုကြီးစိန် မွေးနေ့ ဖြစ်သလို သေနေ့လည်း ဖြစ်တယ်ဆိုတာ မမေ့စေချင်ဘူး .....
နောင် အနာဂတ် ငြိမ်းချမ်းဖို့ ဆိုတာထက် အခု လက်ရှိ အသက်ရှင်ဆဲ ဖြစ်နေတဲ့ သိစိတ်လေး တစ်ခု ငြိမ်းချမ်းဖို့ ပြုလုပ်စေချင်တယ် ....
လက်ရှိ သိစိတ်လေးတွေတိုင်း ငြိမ်းချမ်းနေရင်တော့ အမြဲ ထာဝရ ငြိမ်းချမ်းလိမ့်မယ်လို့ ကျနော် ယုံကြည်တယ် ......
လက်ရှိ စိတ်လေးတွေကို ပူလောင်အောင် ထားမယ် ဆိုရင်တော့ အနာဂတ်ဆိုတာလည်း ပူလောင်မယ် ဆိုတာ ဗေဒင် မေးဖို့ လိုမယ် မထင်ပါဘူး ....
မွေးနေ့ တိုင်းမှာ ကိုကြီးစိန် ငြိမ်းချမ်းပါစေဗျာ ...
ခင်မင်တဲ့ ညီလေး
မိုးသောက်



ချစ်စရာကောင်းတဲ့ ညီမလေး ရုံလေး(မြုးသျှရီ) ရဲ့မွေးနေ့ကဒ်နဲ့အတူ ဆုတောင်း


ယနေ့ မွေးနေ့မှသည် ကိုကြီးတယောက် ကိုယ်ကျမ္မာ.. စိတ်ချမ်းသာ၍ ရောဂါဘယ ကင်းဝေး ပါစေလို့ ..........
ခင်မင်လေးစားတဲ့ ရုံလေး


ချစ်စရာကောင်မလေး ပိတိတုန်းလေး ရဲ့ဆုတောင်း

ကိုကြီး

မင်္ဂလာရှိသောမွေးနေ့ ပြစ်ပါစေ

ဆန္ဒနဲ့ဘ၀တထပ်ထဲကြပါစေ

ပိတိတုန်းလေး


ညီမ ဂျစ်တူးလေး ရဲ့မွေးနေ့ဆုတောင်း

ကိုကြီး ဘ၀မှာပျော်ရွှင်မှုတွေအမြဲပြည့်ဝပါစေ....
ကောင်းသောလိုအင်တွေလဲ ထပ်ခါထပ်ခါရပါစေ


ညီမလေး တာရာ ရဲ့ ဆုတောင်း





ခင်တဲ့ အကိုဖိုးစိန်...
အကို့မွေးနေ့ အလှူအတွက် တာရာက တစ်တပ်တစ်အားပါဝင်ပြီး ပုဇွန်ကော်ပြန့်ကြော်ရယ် . ဝက်သားဒုတ်ထိုးရယ် လုပ်ပေးလိုက်တယ်နော်..အချဉ်ရည်
လည်းပါတယ်. မွေးနေ့မှာ လာဆုတောင်းပေးတဲ့သူတွေကို ကျွေးလိုက်ပါဦး.....
ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေရှင်...........................
ချစ်ညီမ တာရာ


ပျော်စရာကောင်းသော မွေးနေ့မင်္ဂလာပါ ကိုဖိုးစိန်
၂၉နှစ်မြောက် မွေးနေ့မင်္ဂလာမှသည်
နောင်နှစ်ပေါင်းများစွာ ချစ်သူခင်သူပေါများပြီး
အောင်မြင်သော ပန်းတိုင်ကို စိတ်ချမ်းသာကိုယ်ကျမ်းမာနဲ့ လျှောက်လှမ်းနိုင်ပါစေ


မွေးနေ့ဆုတောင်းကိုပိုစ့်တင်ပေးတဲ့ ညီမလေး မေလေး ညီမလေး မိုးခါး ချစ်သောမောင် ချမ်း

မွေးနေ့မတိုင်ခင် ကြိုတင်ဆုတောင်းပို့ တင်ပေးတဲ့ မနှင်း

မွေးနေ့မတိုင်ခင်စီဘုံးမှာ လာရောက်ဆုတောင်ကြသော ချစ်တဲ့ ညီအကို မောင်နှမများ

မွေးနေ့ကဒ်ကို ပေးပို့ကြသော ချစ်တဲ့ ညီအကိုမောင်နှမများ
အားလုံးကို ချစ်ခင်လေးစာလျှက်


ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Monday, 20 July 2009

ဖိုးစိန်ငကြွား

ဖိုးစိန်ဆိုတာ ….

ကိုယ့်ကို ကိုယ်တင်စားတာနော်..

မွေးတုန်းက သကြားလုံးလေးလို…..

နည်းနည်းကြီးလာတော့ သံပုရာသီးသာသာ….

အရွယ်ရောက်လာတော့ ရှောက်သီးကြီးကြီး

အခုတော့ပြည်သူ့ ချဉ်ဖတ်…. ရောင်းစားရင်တောင် အမြတ်မထွက်တဲ့ လက်လုပ်ချဉ်ဖတ်လို့ အဖေနဲ့ အမေကို စိတ်ဆိုးတဲ့အခါ ကျနော်က ကိုယ့်ကိုယ်ကို ဟာသလုပ်ပြီး ပြောတယ်လေ… အဲဒီလို ပြောရင်တော့ သူတို့ ရယ်ပြီးစိတ်ဆိုးပြေလေ့ရှိတယ်…

ငယ်ငယ်ကပေါ့... ကျနော်တို့ ကျောင်းစဖွင့်တဲ့ အချိန်တိုင်းမှာ အမေက ဖိနပ်အသစ်ဝယ်ပေးတယ်… ကျောင်းရောက်လို့ ကျောင်းမှာ အတန်းဖော်တွေက ကျွန်တော်ဖိနပ်ထက် ပိုမိုက်တယ်… ပိုသားနားတယ်ဆိုရင် အိမ်ပြန်ရောက်တိုင်း အမေကို အသစ်ပြန်ဝယ်ခိုင်းတယ်..အမေက “သားစိန်ရယ်… ဒါလေးကို စီးလိုက်ပါ… ဒါလေးပျက်သွားရင်တော့ အသစ်ထပ်ဝယ်ပေးမယ်” ဆိုတော့ ဖိနပ်အသစ်လိုချင်တဲ့ ကျနော် အကြံထုတ်ရတာပေါ့… ကျောင်းဆင်းတဲ့ ညနေတိုင်းမှာ အိမ်မပြန်ခင် ဖိနပ်ကြိုးကို တစ်နေ့ နည်းနည်းဘရိတ်ဓားနဲ့လှီး မသိသာအောင် မြေကြီးနဲ့တိုက် ဖိနပ်ကို တမင်တကာ ရှပ်တိုက်စီးပေးတော့ မကြာပါဘူး… ဖိနပ် အသစ်က အဟောင်း ချက်ခြင်းဖြစ်သွားတဲ့အထိ စီးမရအောင်ပြတ်သွားတဲ့အထိ ဥာဏ်နီဥာဏ်နက်များစွာသုံးတယ်လေ…

အမျိုးနီးစပ်တွေက အဖေတို့ အလိုလိုက်လွန်းလို့ ဆိုးနေတဲ့ ကျနော့်ကို မခံချင်အောင် “ဆိုးရွားလိုက်တဲ့ကလေး… မနိုင်ဘူး… မိမဆုံးမ ဖမဆုံးမ” လို့ခေါ်ရင် ကျနော်က ထော်နေတဲ့ နှုတ်ခမ်းကို ချွန်အောင်စူပြီး “ဟုတ်တယ်..င့ါမိဘတွေက ချစ်လို့ မဆုံးမတာ.. နင်တို့က နင်တို့ သားသမီးတွေကို ဆုံးမ ပေမယ့်ဆိုး တယ်ဆိုတော့ နင်တို့သားသမီးတွေကသာ မိမနိုင် ဖမနိုင်”လို့ ပြန်ပြောတတ်တယ်လို့ အမေက တော့အမြဲပြောတယ်…

မိဘလုပ်သူ ကတော့ကြားက အားနာရတာပေါ့… အဆိုးဆုံးက အကြွားသန်တာ… မိဘတွေက ဘယ်လောက် ဖုံးဖုံးဖိဖိ အိမ်တွင်းကိစ္စတွေက ကျွန်တော်နဲ့တွေ့ရင် အကုန်ပေါ်တာပဲ.. . မခံချင်စိတ်နဲ့ကို ကြွားတာ… လာမပြိုင်နဲ့ ပြန်ကြွားဖို့ စကားက အဆင်သင့်..

ကျနော် နှစ်တန်းတုန်းက ကျောင်းမှာ ကျနော်လို အကြွားသန်တဲ့ သူတစ်ယောက်နဲ့ဆုံဖူးတယ် .. သူက လဲ အကြွားသန်... ကျွန်တော်ကလဲမခံလေ… ကျောင်းမှာ ဆရာမက အလှူငွေကောက်ရင် “ချမ်းသာတဲ့ သားသမီးတွေ လက်ညှိုးထောင်စမ်း” ပြောရင် သူ့ထက်ဦးအောင် ထောင်ရတာအမောပဲလေ…

တစ်နေ့ အခန်းထဲမှာ ကျွန်တော်တို့ အကြွားပြိုင်ကြတယ်… သူ့ အိမ်မှာရှိတာနဲ့ ကျွန်တော့်အိမ်မှာရှိတာ… မေးခွန်းက ငါးခု ... စမေးတဲ့ မေးခွန်းတိုင်း သူမေးတာ ကျနော်အိမ်မှာရှိသလို ကျွန်တော်မေးတာလဲ သူအိမ်မှာရှိတယ်.. ဒါပေမယ့် နောက်ဆုံးမေးတဲ့မေးခွန်းမှာသူတို့ အိမ်က ကျနော့်အိမ်မှာ မရှိတဲ့ မီးချောင်းတစ်ချောင်းပိုတယ်ဆို တော့ သူက အောင်နိုင်သူအနေနဲ့ နင်တို့အိမ်က ငါတို့ အိမ်လောက် မချမ်းသာပါဘူးလို့လဲဆိုရော… ကျွန်တော်လဲအားနာနာနဲ့ ကျွေးလိုက်တယ်… မုန့်တော့မဟုတ်ဘူး… အိမ်အပြန် နှာခေါင်းရောင်ပြီး ပြန်သွားတော့ သူ့အမေက ကက်ကက်လန် ရန်လာတွေ့လို့ အမေ့ခမျာ ဆေးဖိုးရော်ပြီး တောင်းပန်လိုက်ရတယ်… အဲဒီလောက်ထိ ကြွားတာ..

(အခုတော့သူ့နဲ့ မပြိုင်ရဲတော့ပါဘူး.. သူ့မှာအခုမိန်းမနဲ့ ကလေးနဲ့ဆိုတော့.. အခုပြိုင်ရင်ရှုံးမှာ)

တစ်ခါ ငါးတန်းနှစ်မှာတော့ အဖေက အိမ်အတွက် (၂၄) လက်မ ရောင်စုံ တီဗွီ အပေါ်စက် အောက်စက် နဲ့အတူ ကက်ဆက် ဆောင်းဘောက် တစ်ဆင်စာဝယ်လာတာ… အဲဒီအချိန်တုန်းက အိမ်တိုင်းမှာ အပေါ်စက်အောက်စက် မပြောနဲ့ ရိုးရိုးရောင်စုံတီဗွီတောင် အိမ်တိုင်းမရှိဖူးလေ… ခုတော့အဖေဝယ်လာတာ အာ ပါးပါး… အကြီးကြီး ... အသစ်ကြီး... တစ်ညလုံးအိပ်မပျော်ဘူး… အိပ်မပျော်ဖြစ်တာက နောက်နေ့ ကျောင်းမှာဘယ်လို ကြွားလုံးထုတ်ရင် ကောင်းမလဲ စဉ်းစားနေတာ… ကြွားတယ်ဆိုတာလဲ လူမသိစေချင်ဘူး… ဒါပေမယ့်သူတို့ အားလုံးကိုလဲ အဖေဝယ်ခဲ့တဲ့ တီဗွီကို မြင်စေချင်တယ်…

ကျောင်းရောက်တော့

“ဆရာမ တနင်္ဂနွေကျရင် သားမွေးနေ့… အမေက အိမ်မှာ တစ်ခုခု ကျွေးချင်လို့ ဆရာမနဲ့အတူတကွ အတန်းထဲက သူ အားလုံး အိမ်ကိုလာဖို့ အမေက ဖိတ်လိုက်တယ်.. ”

“ဟုတ်ရဲ့ လားမောင်ဖိုးစိန်ရယ်… လူက အများကြီးကို”

“ဘာလဲ ဆရာမက ကျွန်တော်တို့ အိမ်က အမေတို့က မကျွေးနိုင်ဘူးထင်လို့လား”

“မဟုတ်ပါဘူး…အေး..အေး… ဆရာမတို့ လာခဲ့မယ်..အားလုံးကြားတယ်နော် မောင်ဖိုးစိန်မွေးနေ့ တနင်္ဂနွေ… အားလုံးသွားရမယ်..ကြားလား..”

အိမ်ပြန်ရောက်တော့ အမေကို “အမေရယ် ပြောကို မပြောချင်ဘူး…သားတို့ အတန်းပိုင်က တော်တော်ရှုတ်တယ်သိလား… ဒီလာမယ့်တနင်္ဂနွေနေ့ ကို အခန်းထဲ က သူ အားလုံးကို သားတို့ အိမ်က စတုဒီသာကျွေးရမယ်တဲ့ဗျ… သူ က အမေကို..သေချာအောင်ပြောလိုက်ပါတဲ့..”

”ဘုရားရေ..ဘယ်နှယောက်တောင်လာမှာလဲ”

”မများပါဘူးအမေရာ (၂၄)ယောက်တည်းပါ.. ”

”စိန်… သားလုပ်ကြံနေတာတော့ မဟုတ်ပါဘူးနော်”

”ပေါက်ပေါက်ရှာရှာအမေရာ အဖေကို လဲပြောထားဦး… အဲဒီနေ့ကျရင် ဗွီဒီယိုခွေဌားထားပါလို့ အမေနော်..ဒါနဲ့ ဘာကျွေးမှာလဲ..ထမင်းကျွေးနော်..”

”မလုပ်နိုင်ဘူး..သာကူပြုတ်ပဲရမယ်.”

”အင်းပါ..ဘာရရ ..ကြွားရဖို့ က အဓိက” (စိတ်ထဲကပြောခြင်းဖြစ်)

နောက်နေ့ ဆရာမကို

“ဆရာမရေ..အမေကအိမ်မှာ သာကူပြုတ်ကျွေးမှာတဲ့… (၂၄)ယောက်စာကို အုန်းသီးအလုံးနှစ်ဆယ်… သကြားဆယ်ပိဿာတဲ့ဗျ… အဝလာစားပေတော့ ဆရာမရေ” လို့ပြောတော့ ဆရာမက “ဘုရား..ဘုရား… အကုန်ကြွမယ့်အပေါက်”ဆိုပြီးဘုရားတနေလေရဲ့ ..

တနင်္ဂနွေ ကျတော့ ဆရာမနဲ့ အခန်းထဲကသူငယ်ချင်းတွေလာကျတာပေါ့..

ဟား..ဟား..ငါကွ… တွေ့ လား..ငါတို့အိမ်က အကုန်ရှိတယ်ဆိုတဲ့မျက်နှာပေးနဲ့ ဆက်ဆံတာပေါ့..

ပြန်သွားကျတော့ ဆရာမကြောင့် အကြောင်းစုံသိလိုက်ရတဲ့အမေ နဲ့ အဖေက ရယ်ကြတာအူကိုတက်လို့.. ပြောလို့ ဆိုလို့ မရတဲ့သားဆိုတော့ စိတ်ကုန်သွားတယ်ထင်ပါတယ်.. ကြာတော့လဲ မပြောတော့ဘူး..

တက္ကသိုလ်တက်တော့လဲ မွန်ပြည်နယ်သားဆိုတော့ ရွှေတွေ ရွဲအောင် ဝတ်လို့ သူငယ်ချင်းတွေကစကျတယ်… နောက်ပိုင်းတော့ မဝတ်ဖြစ်တော့ဘူး ... စတာများလာတော့ ရှက်ရှက်နဲ့ ချွတ်ထားတယ် အိမ်မှာလဲ ထားလို့က ပျောက်မှာစိုးတာနဲ့ စိတ်ချရအောင် အပေါင်ဆိုင်မှာသွားသိမ်းထားတယ်လေ.. အမေလာရင် သွားယူရလွယ်အောင် ဘောင်ချာကိုတော့ ဘုရားစင်မှာသိမ်းထားပေးတယ်… အဲဒီလောက်ပါပဲ… မရောင်းစားပါဘူး... နောက်ထပ်မရတော့ မှာကြောက်လို့ ... ဒါဆိုးတယ်မခေါ်ဘူးနော်...


နောက်ဆုံး ဒီမလာခင်လေးမှာလဲ အမှတ်တရတစ်ခု

မခံချင်စိတ်နဲ့ ကြွားခဲ့သေးတယ်..

ဖြစ်ပုံ က ဒီိကို ထွက်လာခါ နီးဆိုတော့ အဝတ်အစားတွေက မလာခင် ခြောက်လလောက်ကတည်းက ထည့်ပြီးနေပြီး.. (အပိုင်တွက်ထားတာ.. ပတ်စပိုစ့်တောင်မရသေးဘူး) အပြင်ထွက်ရင်တောင် ရှိတာလေးဘဲ ကောက်ဝတ်သွားတယ်..

တစ်နေ့ သူငယ်ချင်းနေတဲ့ မြောက်ဒဂုံကိုညအိပ်သွားမယ်ဆိုတော့ နေ့ လည် လောက်မှာ လိုင်းကားစီးမိတယ်.. သူငယ်ချင်းအိမ်မှာလဲ ဝတ်စရာကျွန်တော့်အင်္ကျီက အဆင်သင့်ရှိပြီးသား ဆိုတော့ ဝတ်သွားတော့လဲ ဘောင်းဘီတိုတို နဲ့ စွပ်ကျယ်အစုတ်လေး… ရာသီဥတုကပူတယ် ရုပ်က ကော်ဖီမသောက်ရသေးလို့ ငိုင်နေတဲ့ရုပ် ဆိုတော့နေ့ခင်း အချိန် ချွေတာရေးအနေနဲ့ လိုင်းကားစီးဖို့ ဆုံးဖြတ်လိုက်တယ်
လိုင်းကားက ချောင်ပေမယ့်နေရာမရဘူး… ဒါနဲ့ ရပ်မိရပ်ရာ ရပ်လိုက်တာ ဈေးသိမ်းလို့ ပြန်လာတဲ့ ငါးရောင်းတဲ့ အဒေါ်ကြီး တစ်ယောက်နား ရပ်မိတယ်… ငါးရောင်းတယ်တာဆိုတယ်.. အဒေါ်ကြီး ဝတ်ထားတာ ရွှေဆိုင်တစ်ဆိုင် အသာလေး ဖွင့်လို့ရတယ်… အတုအစစ်တော့ မသိ… ဝတ်ထားတာကလဲ မင်္ဂလာဆောင်သွားဖို့ လောက်ထင်ရတယ်... ဒါပေမယ့် ငါးအနံ့က နံနေတယ်.. ငါးရောင်းတာ နေ့တိုင်းဆိုတော့လဲ နံတဲ့အနံ့ကတော့ မပျောက်ဘူးလေ… ခေါင်းကိုက်တတ်တဲ့ ကျွန်တော်လည်း အနံ့ ရရင် ခေါင်းကိုက်မှာ ကြောက်လို့ နေရာပြောင်းတော့... အဒေါ်ကြီးက “အောင်မလေးရုပ်ကြည့်တော့ စုတ်စုတ်ပြတ်ပြတ်… ကြီးကြီးကျယ်ကျယ်လုပ်နေတာ… ငါးကိုများ နံသလေ ဘာလေးမျက်နှာနဲ့ လူနေခြုံကြား စိတ်နေဘုံဖျားဆိုတာဒါမျိုးထင်ပ..”

ဒီစကားကြားမိတဲ့ ကျနော်လဲ “အဒေါ်ကြီး..ခင်ဗျားဘယ်သူ့ကို ပြောတာလဲ..တည့်ပြော”

“အေးဟဲ့ နင့်ကိုပြောတာ… နင်က ငါ့အနားမကပ်ချင်ရအောင် နင်ကကြီးကျယ်တာကိုး အဆင့်မြင့်ချင်မနေနဲ့ တန်ရာတန်ရာပေါ့အေ… ကိုယ်နေတဲ့ရပ်ကွက် ကိုယ့်အဝတ်အစားကိုလဲ ကိုယ်ပြန်ကြည့်အုံး”

“ခင်ဗျားနော် ကျုပ်အကြောင်းမသိဘဲ ရမ်းမပြောနဲ့...ကျွန်တော်က ပိုက်ဆံရှိတယ် ချမ်းသာတယ်ဆိုတာ မကြွားချင်လို့… ကျနော့် အဝတ်အစားကအိမ်မှာဗီဒိုနဲ့ အပြည့်… နေတာက တာမွေမှာ ခင်ဗျား အခုပြန်မယ့် အနုတ်စုတ် ဂုတ်စုတ် ရပ်ကွက်မဟုတ်ဘူး… မယုံရင် ခုကားပေါ်ကဆင်း… တက္ကစီဌားပီးအိမ်လိုက်ကြည့်… အားမရရင် မော်လမြိုင်လိုက်လို့ ရတယ်..ခင်ဗျားရှိတာလောက်ကတော့ အသာလေးသိလားဒေါ်စွာကျယ်”

ကဲမှတ်ပလား.. ငါကွ…. လို့ စိတ်ထဲမှာ ဒေါသဖြစ်ရက်နဲ့ ပြောလိုက်တာကို ကျေနပ်သွားတယ်…

တစ်လမ်းလုံးပါးစပ်ပိတ်လာတဲ့ အဒေါ်ကြီးက ကားပေါ်ကဆင်းခါနီးကျတော့ “အောင်မလေးးလေးးရပ်ကွက်ထဲမှာ ငါ့ကို အကြွားနံပတ်တစ်လို့ ပြောတာ အခုတော့ ဘာမဟုတ်တဲ့ ကလေကချေ က ပြန်ကြွားသွားတယ်.. ရင်နာလိုက်တာအေး..အခုမှ ရာထူးက ကျတော့တယ်” ဆိုပြီးခနဲ့တော့ ကားပေါ်က လူတွေ ကျနော်ပြောတုန်းကတော့ ပြုံးစိစိဆိုပေမယ့် ငါးစိမ်းသည်အဒေါ်ကြီးလဲ ပြောရော… ဝါးကနဲ ပေါ့….
ကျွန်တော်လဲ ပြန်ချေပချိန်မရလိုက်ဘူး.. သူမက ကားပေါ်ကနေဆင်းသွားရော…

အိမ်ပြန်ရောက်လို့ အမေတို့အဖေတို့ကို ပြန်ပြောတော့ ခွက်ထိုးခွက်လှံရယ်ကြတာပေါ့…

အမှတ်တရလေးပါဗျာ..

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Friday, 17 July 2009

မမေ့အပ်သောဇူလိုင်(၁၉)

ဇူလိုင်လဆိုတာ မြန်မာပြက္ခဒိန် အရ မိုးတွေမှောင်မှောင် ရေဖောင်ဖောင် ဝါဆို ဝါခေါင်လထဲမှာပါ…. ဒီဇူလိုင်လ က ကျနော်ရောက်နေတဲ့ နိုင်ငံမှာ နေချစ်ချစ်တောက် ပူပြင်း တောက်လောင်နေပေမယ့် ချစ်တဲ့ အမိမြေမှာ မိုးတွေ ဖွဲဖွဲရွာနေနိုင်သလို မိုးတွေ သဲသဲမဲမဲ လဲရွာနေနိုင်တယ်… ဇူလိုင်လမှာ မွေးတဲ့ ကျနော့်အတွက် ဒီအချိန် အိမ်ကိုလွမ်းပါတယ်… ရင်ထဲမှာ လွမ်းဆွတ် တမ်းတမိတာက ကျနော့်ကို ခက်ခက်ခဲခဲ မွေးခဲ့တဲ့ အမေနဲ့ အဖေကို အရမ်းလွမ်းတယ်… အလွမ်းဓာတ်ခံ ရှိတဲ့ကျနော့် အဖို့ လွမ်းမဆုံးတဲ့ လတစ်လပါ...

ထူးခြားတဲ့ ဇူလိုင်လ ဆိုရအောင်လဲ လွန်ခဲ့တဲ့ (၁၉၄၇) ခုနှစ် ဒီလို ဇူလိုင်လ (၁၉) ရက်နေ့မနက်မှာ မိုးရေတွေကြား တစ်မျိုးသားလုံး ကိုယ်စား စီးမျောခဲ့ရတဲ့ သွေးချောင်းများကြောင့် ကျနော်တို့ မြန်မာပြည်သူ ပြည်သား အားလုံး ရင်ထဲမှာ မခံမရပ် နိုင်ပဲ မျက်ရည်မိုးတွေနဲ့ အတူကြေကွဲခဲ့ရပါတယ်… အဲဒီနေ့ကတော့ တမျိုးသားလုံး လုံးဝမေ့လို့မရတဲ့ (၁၉) ဇူလိုင် “အာဇာနည်နေ့” ပါ… အမိ မြန်မာနိုင်ငံအတွက် ခေါင်းဆောင်ကောင်း ပီသစွာ အသက် သွေး ချွေး နဲ့ ပေးဆပ်ခဲ့ပြီး သွေးနဲ့ရေးခဲ့ ကြတဲ့ လွမ်းဆွတ် ကြေကွဲ စရာကောင်းတဲ့ ဒီလ ဒီရက် ဒီနေ့လေးကိုတော့ ဘယ်တော့မှ မမေ့ပါဘူး…။


ဒါကြောင့် ဝမ်းနည်းကြေကွဲစွာ ကျလာတဲ့ မျက်ရည်တွေကို မိုးစက်တွေနဲ့ သက်သေပြုလို့ ဇူလိုင်လ(၁၉) ရက်နေ့ မှာ အသက်ပေးသွားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည် ရဲဘော်ရဲဘက်များကို ဒီနေရာကနေ ဂါဝရတရားနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားရိုသေစွာ အလေးပြု ရင်း ကဗျာလေးနဲ့ အတူ (၆၂) မြောက် အာဇာနည်နေ့ကို ဂုဏ်ပြု လိုက်ပါတယ်….


အာဇာနည်ဆိုတာ…

အာဇာနည်ဆိုတာ…
ငါ့မြေ ငါ့ရေ
ငါ့နိုင်ငံအတွက်
ကြောက်သွေးကိုဖောက်
ဘယ်ခရီးရောက်ရောက်
ဘယ်နည်းပေါက်ပေါက်
ငါသေချင်သေ
ငါမွဲချင်မွဲပါစေတော့
ရင်ထဲက အပူကို တွေးပူကာ မလွမ်း
ငါ့နိုင်ငံ ငါ့လူမျိုးအတွက်
ငါပြေးလေရာ လမ်းခရီးမှာ
အသိဗလာမဟုတ်
ငါပြုတဲ့ကံ ငါခံလို့
ဒီခရီး နီးအောင်
ဘဝကိုနှစ် (အချစ်ကိုပစ်ပြီး)
မျက်ရည်များကို လည်စင်းခံ
သေမယ့်ရက်ကို ချွေးနဲ့ဆက်လို့
ရှေ့ဆောင်လမ်းပြ
ဘဝမလှပဲ ကြွေလွင့်ခဲ့ကြရတယ်…။

ရင် နင့် စို့ လို့
ဆို့ နင့် ကြေ ကွဲ
သံသရာမျက်လှည့် ရက်တွက်မစေ့
တွေ့မဝ မေ့မရ
ရှေ့ဆောင်လမ်းပြ သူတို့ဘဝကို
ခဏခဏ တော့
တသ…သ…. နှောင်တွယ်သင့်ပါတယ်…။

အာဇာနည်ဟူသည်
လူသာသေသည် နာမည်မသေပါ…
အာဇာနည်မျိုး သေရိုးထုံးစံမရှိပါ….။



ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျရောက်မယ့် (၆၂) မြောက် အာဇာနည်နေ့ကို အလေးပြုရင်း….

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Wednesday, 15 July 2009

ချစ်ခြင်းတည်ရာ

ခရမ်းပြာ ကောင်းကင်ရဲ့အောက်
မှိုင်းညို့ညို့တိမ်ပျိုတွေကို ငေးလို့
ညင်သာငြိမ့်ညောင်းစွာ စီးဆင်နေတဲ့မြစ်ပြာပြာတစ်စင်းက
ကျုပင်တွေ ကြားနစ်မျောသွားဖို့ အဆင်သင့်ပေါ့…။

ဆာလောင်မွတ်သိပ်တဲ့ အချစ်တွေမှာ
အဆုံးမသတ်တဲ့ နာကျင်မှုတွေ လိုအပ်လိမ့်မယ်ဆိုရင်…
သွေးထားတဲ့သင်တုံးဓားက
ငါ့ရဲ့ ဝိညာဉ်တွေကို သွေးထွက်သံယို ဖြစ်စေတော့မယ်။

ဘယ်တော့မှ အသက်ရှင်ဖို့ မကြိုးစားတဲ့
တုန့်ပြန်မှုမဲ့ စိတ်ဝိညာဉ်ကလဲ
သေဆုံးမှာကိုကြောက်နေမိတယ်..

ရှည်လျားလှတဲ့ ညတွေမှာ လမ်းကျဉ်းလေးတစ်ခု
အထီးကျန်တာ ဆန်းသလား...
ငိုခဲ့ရတဲ့ င့ါရဲ့ညမှာ
ခဏပေါင်းများစွာ သာခဲ့တဲ့လ
ဒီညတော့ ဘ၀တစ်ပါးရောက်နေသလား...

တစ်ခါတစ်ရံ ခေါမ စစ်ချီသံကို ကြားရသလိုလို...
တစ်ခါတစ်ရံ သိုသိပ်စွာ ထွက်ပေါ်လာမယ့်
ပန်တျာ ဘုရင်မရဲ့ စည်သံကနားစည်ဝကိုရောက်လာသလိုလို...

ဘယ်တော့မှ ပိုင်ဆိုင်ခွင့် ထပ်မရမယ့် အိပ်မက်ချိုချိုက
နိုးထဖို့ကို ကြောက်မိပြန်တယ်…

ဘယ်တော့ မှ ကခုန်ဖို့ မသင်ယူပဲ
အသဲကွဲမှာကို ကြောက်နေတဲ့ နှလုံးသားဟာ
တွယ်တာခြင်းကို လက်ယပ်ခေါ်ငင်
အကြင်နာနွယ်မျှင်တွေကို ပြုံးပြလို့
အချစ်တစ်ခုတည်းခံစားမယ်ဆိုရင်ပေါ့…

ကံကောင်းခြင်းတွေ ရှိနေဖို့အတွက်
လွမ်းမှန်းမသိ လွမ်းနေတဲ့ ငါ့ရဲ့ပန်းခင်းထဲက
ပန်းလေးတစ်ပွင့်သာ ချစ်ခြင်းဆိုရင်
မင်းလေးက ထိုပန်းလေးတစ်ပွင့်အတွက် မျိုးစေ့လေးပါ…


နှင်းခါးဖြူဖြူတွေ တစ်ဆုပ်တစ်ခဲ ကျတဲ့ ဆောင်းရာသီမှာ
လဲလျောင်းနေတဲ့ မျိုးစေ့လေဟာ
နွေးထွေးတဲ့ နေရောင်ခြည် ရဲ့ ချစ်ခင်ယုယမှုအောက်
နွေဦးရာသီမှာ
ပန်းလေးတပွင့် ဖြစ်လာမှာပါ။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Sunday, 12 July 2009

ငွေကိုင်ကြီးကျနော်

ကြီးပွားရေးနဲ့ စီးပွားရေး နည်းလမ်းကောင်းတစ်ခုကို မျှဝေချင်လို့ပါ... ဆယ်တန်း စာမေးပွဲကြီး ဖြေပြီးသွားပြီးတဲ့ ကျနော့်ကို ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေမှာ အဖေလုပ်သူက မကြည့်ရက်လို့ဆိုပြီး ကျနော့်ကိုအိမ်ရဲ့စီးပွားရေးအကြောင်း… အိမ်မှာ လုပ်နေတဲ့ အလုပ်အကိုင် အကြောင်းတွေကို ရှင်းပြပြီး သင်ယူခိုင်းတယ်… ပြီးတော့ အိမ်ရဲ့စီးပွားရေးအခြေအနေကို သိရအောင်ဆိုပြီး ဝင်ငွေထွက်ငွေတွေကို စစ်ဖို့ စာရင်းကိုင် ငွေသိမ်းအလုပ်ကို လုပ်ခိုင်းတယ်…

ကျနော်ငွေသိမ်းရာထူး ရပြီးနောက်နေ့မှာပဲ မေမေ့ကို ဈေးသွားရင် ပိုက်ဆံအများကြီး ထည့်တဲ့ပုဒ်မ၊ ငွေသုံးကြမ်းတဲ့ပုဒ်မ၊ ပိုက်ဆံကိုလွယ်လွယ် ကူကူထားပြီး မေ့တတ်တဲ့ပုဒ်မ စတဲ့ ပုဒ်မတွေတပ်ပြီး အမေလုပ်သူကို ငွေကိုင်ရာထူးကနေ ဖယ်ရှားလိုက်တယ်… ပြီးတော့ ဒဏ်ပေးတဲ့ အနေနဲ့ အမေ့ကို ဈေးဖိုး တနေ့စာပဲ ပိုက်ဆံအိတ်ထဲ ထည့်ပေးတယ်… မိသားတစ်စုလုံးအတွက် လုပ်နေတာဆိုတော့ ဒီလောက်တော့ စည်းကမ်းတင်းကျပ်ရမယ်လေ… ကျနော့်လက်ထက်မှာ ခြိုးခြံ ချွေတာပြီး ကြီးပွားတိုးတက်အောင် လုပ်ရမယ်မဟုတ်လား…

နောက်တစ်ခုက ကျောင်းကြီးရက်ရှည် ပိတ်ရက်တွေမှာ အဖေက ညီနဲ့ ညီမလုပ်သူကို စီးပွားရေး အကြောင်းနားလည်အောင် ဆိုပြီး အလုပ်နေရာတွေ ပေးထားသေးတယ်… အိမ်က ဖွင့်ထားတဲ့ စက်ဘီးဆိုင်ကယ် အပိုပစ္စည်းရောင်းတဲ့ဆိုင်မှာ အငယ်ကောင်ကို ဈေးရောင်း ဈေးဝယ် ကူခိုင်းတယ်… မီးပုံမှန် အမြဲမလာတဲ့ ကျနော်တို့ရပ်ကွက်မှာ အဖေက မီးစက်ကြီးကိုထောင်ပြီး တစ်ရပ်ကွက်လုံးကို မီးပေးတော့ မီးရတဲ့ အိမ်တွေကို အငယ်မလေးကို ပိုက်ဆံကောက်ဖို့ တာဝန်ပေးတယ်… အပင်ပန်းဆုံးအလုပ် ကို အနစ်နာခံပြီး ယူထားတဲ့ ကျနော်က တစ်နေ့စာ ဝင်ငွေ ထွက်ငွေတွေကို စစ်ရတာ အမောပေါ့လေ… ယုံကြည်လို့ ပုံအပ်ထားတာဆိုတော့ တိကျသေချာ မှန်ကန်အောင်နဲ့ သမာသမတ်ကျအောင် နေရတယ်မဟုတ်လား… အနည်းဆုံးတော့ ကျနော်က မိသားစုရဲ့ အလိုလိုက် အကြိုက်ဆောင်ချင်းတော့ ခံရတယ်လေ…

အမေက အရင်ကလို ပိုက်ဆံကို လိုသလို မသုံးရပဲ ဈေးဖိုးကိုတောင် ကျနော့်ဆီက တောင်းသုံးရတယ်ဆိုတော့ အမေ့ခမျာ ဈေးဝယ်သွားလို့ သူသဘောကျတဲ့ အဝတ်အစား အသစ်အဆန်း တွေများတွေ့ရင် “သားစိန်ရယ်… ဒီနေ့ အမေ လေးထပ်ဈေးသွားတော့ သားကြိုက်တဲ့ အင်္ကျီဒီဇိုင်း ဆန်းဆန်းတွေ တွေ့လာတယ်… အမေ့သားက လူချောလေး ဆိုတော့ အဲဒီအင်္ကျီလေးနဲ့ဆို သားနဲ့လိုက်မှာ… သားက အကောင်းစားကြိုက်တဲ့သူ… အမေအတွက် လဲဝယ်ချင်သေး… သားကိုဝယ်ပေးလိုက်ရင် အမေ့အတွက်မလောက်… အမေဖြင့် လိုချင်လိုက်တာ…” စသဖြင့် စကားစလာရင် သေချာတယ်… အမေက လာညှိနှိုင်းနေတယ်ဆိုတာ… အမေလဲ အဆင်အသစ်လေးရ ကျနော်လဲ အဝတ်အစားအသစ်ရ … ဒါကြောင့် အမေနဲ့သား အဆင်ပြေအောင် အဖေ့ကို ပြမယ့်စာရင်းမှာ အကြောင်းပြချက် တစ်ခုတော့ တိုးရတော့မှာပေါ့…

ညီလုပ်သူကတော့ လိမ္မာစွာ ဈေးကူရောင်းပေးရှာပါတယ်… တနေ့ကို ဆယ်ယောက်စာရောင်းလိုက်ရင် နှစ်ယောက်စာက အကြွေးစာရင်းထဲ ထည့်ပါတယ် (ဘယ်တော့မှ ပြန်မရတဲ့ အကြွေးပါ… အကြွေးယူသွားတဲ့ သူကိုယောင်လို့ သွားမတောင်းနဲ့… ပြဿနာကြီးသွားမယ်) … စာရင်းပျောက်သွားတဲ့ အကြွေးတွေနဲ့ ချမ်းသာနေတဲ့ ညီက “ကိုကြီးအတွက် ဦးဂျမ်းပုဆိုးဝယ်ခဲ့တယ်… အဆင်လှလို့” ပြောရင် ညီလုပ်သူ ဘာကိုဆိုလို သလဲဆိုတာ သဘောပေါက်ပြီး အကြွေးစာရင်းကို ကြွေးဆုံးလုပ်ပြီး အကြွေးယူတဲ့ နာမည်တွေကို ဖျောက်ဖျက်ပေးရပြန်ရောလေ… ညီဆိုတော့လဲ ချစ်တာကိုး… ဒါပေမယ့် ညီအကိုနှစ်ယောက် တိုင်ပင်ပြီး အိမ်က အမေတို့ မသိအောင် သတင်းကို အောင်းထားရသေးတယ်….

အငယ်ဆုံး ညီမလေးကတော့ ညနေတိုင်း ပိုက်ဆံအပ်တာ ပုံမှန်ပဲ… မှန်ကန်တယ် တိကျတယ် ဆိုပြီး အားလုံးက သဘောကျတယ်… ချစ်ကြတယ်.. ပုံမှန်အပ်နေကျ ပိုက်ဆံက တစ်ပြားမှ မလျှော့ဘူး… မုန့်ဖိုးပေးရင်တောင် “ကိုကြီးရယ်… ကိုကြီးက မကြာခင် တက္ကသိုလ် သွားရတော့မှာ… ကိုကြီးလိုလိမ့်မယ် စုထားလိုက်… ညီမလေးက အသုံးမလိုဘူး” ဆိုတော့ အကိုလုပ်သူကျနော်က အငယ်ဆုံးလေးက သိတတ်တယ် လိမ္မာတယ်ဆိုပြီး မျက်ရည်တောင် လည်မိတယ်…

နောက်မှ သိလိုက်ရတာက ဒင်းလေးက အကုန်လုံးထက် စီးပွားရေးကောင်းနေတာ… အဖေလုပ်သူက မီးစက်အား ခဏခဏကျတော့ မသကာင်္လို့ ကျနော်ကိုယ်တိုင် အိမ်စေ့လိုက်စစ်တော့မှ အရင်က မီးချောင်းထွန်းတဲ့ အိမ်တွေက ခုတော့ တီဗွီပါ ကြည့်နေတယ်… သိလိုက်တော့တယ် အငယ်မ လက်ချက်ဆိုတာ… အငယ်မကတော့ ကိုယ်တိုင်ဈေးဖြတ်ပြီး အိမ်ကိုတော့ အရင်စာရင်းအတိုင်း မီးချောင်းစာပဲ ကျနော့်ကို ရှင်း… ကျန်တာက သူ့ကိုယ်ပိုင် ဝင်ငွေလုပ်နေတော့ အပိုမုန့်ဖိုး ထပ်မလိုလောက်အောင် စီးပွားရေးကောင်းနေတာ… တစ်ခါတစ်လေ အဖေလုပ်သူကို “အဖေနော်… အဖေ့မီးစက်ကို အားနိုင်အောင်လုပ် ... ပိုက်ဆံလိုက်ကောက်ရတာ မျက်နှာငယ်တယ်… အဖေ့မီးစက်က မီးအားမနိုင်ဘူးပြောရင်” လို့ အဖေ့ကိုတောင် ကြိမ်းမောင်းသေးတယ်… တတ်လဲတတ်နိုင်တဲ့ အငယ်ဆုံးလေ…. နောက်ဆုံးတော့လဲ အဖေ့မသိအောင် ဘယ်သူမှ မသိအောင် မောင်နှမ နှစ်ယောက် ဈေးကိုက်သွားတယ်...

လကုန်လို့ စာရင်းချုပ်ထားတာကို အဖေယူစစ်ရင် မိသားစု အားလုံး (အဖေကလွဲလို့) တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အဖေများ တစ်ခုခု ပြောမလာဆိုတဲ့ ရင်ထဲက စိုးရိမ်စိတ်တွေနဲ့ မေးငေါ့လိုက်… မျက်စပြစ်လိုက်နဲ့ အဖေ့အရှေ့မှာ အလုပ်ကိုရှုတ်နေတာပဲ… ဒါပေမယ့် အဖေလုပ်သူက မျက်မှန်လေးကို ပင့်လိုက် စာရင်းကို ဖတ်ကြည့်လိုက်… သားသမီးနဲ့ မိန်းမမျက်နှာကို ကြည့်လိုက်နဲ့… “အင်း… နောက်တစ်ခါ အသုံးလေးတွေ လျှော့ကြကွယ်” လို့ပြောပြီး စာရင်းစာအုပ်ပိတ်လိုက်မှ သက်ပြင်းကိုယ်စီချ ပြုံးစိစိနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့ ရင်ထဲပေါ့သွားတာပေါ့… အဖေလုပ်သူက သိရက်နဲ့ တစ်ခွန်းဆို တစ်ခွန်းမှ မပြောပါဘူး… အဖေဘယ်တော့မှ ဘာမှ မပြောဘူးဆိုတာလဲ ကျနော်သိပြီးသားပါ… ဘာကြောင့်လဲဆိုတော့ အဖေကိုယ်တိုင်က အဖေ့သူငယ်ချင်းတွေကို ပြုစုချင်တယ်ဆိုရင် အမေမသိအောင် အမေမဆူအောင် ကျနော့်ကို မုန့်ဖိုးပေးပြီး ဘီယာဖိုးတွေအတွက် စာရင်းဖျောက်ခိုင်းနေကျလေ…

ဒီစာရင်းတွေကြောင့် ကျနော်အရမ်း ပင်ပန်းရပါတယ် (ဖျောက်ရမယ့် စာရင်းတွေကို စဉ်းစားရလို့)… အနစ်နာခံပြီး မိသားစုထဲမှာ နှစ်ပေါက်တစ်ပေါက် ရိုက်ရတာ ပျော်ဖို့လဲကောင်းပါတယ်… နောက်ဆုံးကျနော့် အကြောင်းလဲ သိရော… ရာထူးက အဖယ်ခံရတဲ့အပြင် ရန်ကုန်ကိုတောင် နယ်နှင်ဒဏ်ခံလိုက်ရပါတယ်… ဒါပေမယ့်ပေါ့ လုပ်ခဲ့ရတဲ့ စာရင်းကိုင် သက်တမ်းတိုတိုလေးမှာ အမြတ်တွေ ရလိုက်ပါသေးတယ်…

ခုထိ ကျနော်ကိုင်တဲ့ စာရင်းတွေ အကြောင်းကို မိသားစု ဝင်ဖြစ်တဲ့ ကျန်တဲ့လေးယောက်က သူတို့ လှိမ့်ခံလိုက်ရတာကို တပြုံးပြုံးနဲ့ ပြောမဆုံး ဖြစ်နေပါကြောင်း...

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Wednesday, 8 July 2009

အင်္ဂါသားရဲ့ဝါသနာ အိပ်မက် ဆန္ဒနဲ့ ဘဝ

ဝါသနာဆိုတာ အရွယ်ရောက် လာကတည်းက ပတ်ဝန်းကျင်ရဲ့ ထိတွေ့မှုအောက်မှာ မြင်ရ တွေ့ရ စိတ်ဝင်စားခဲ့ရတာကို အခြေခံပြီး ဖြစ်တည်လာတာ လို့ထင်ပါတယ်… အဲဒီ ဝါသနာကြောင့် ဘဝမှာ ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ အိပ်မက်တွေ မက်ပြီး စိတ်ကူးယဉ်ခဲ့ ကြတယ်… ဒါပေမယ့် မက်ခဲ့တဲ့ အိပ်မက်တွေက အရွယ်ရောက်လာတဲ့ အခါ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်း မကျခဲ့တာ တွေရှိတတ်ပါတယ်… အခြေအနေ အကြောင်းအမျိုးမျိုးကြောင့်ပေါ့… ဒီပတ်ဝန်းကျင်နဲ့အတူ ကောင်းသော ဆိုးသော ပြောင်းလဲခြင်းတွေကြောင့် ဝါသနာတွေ မက်ခဲ့တဲ့ အိပ်မက်တွေ ပြောင်းလဲသွားတတ်တယ်…

တစ်ခါတစ်ရံတော့ ကိုယ်တိုင် ဝါသနာတွေက ငုတ်လျှိုးနေတတ်ပြီး အခါအခွင့် ကြုံလာပြန်တော့ မွေးကတည်းက ပါလာတဲ့ ဝမ်းတွင်းပညာ ကမနေသာပဲ အိပ်မက်ကို လက်တွေ့ဖန်ဆင်းခွင့် ရလာ တတ်ပါတယ်… ကြိုးစားအားထုတ်မှု လဲပါမယ် အတိတ်ကံကလဲ ကောင်းမယ် ဆိုရင် လက်တွေ့ဘဝမှာ ဒီဝါသနာ ကို အကောင်အထည်ဖော်နိုင် လိမ့်မည်လို့ ယုံကြည်မိတယ်…

ကျနော်တို့ ငယ်ငယ်တုန်းက အိမ်မှာ အမေက ကာတွန်း ရုပ်စုံ စာအုပ်တွေ ကိုဖတ်စေတယ်… ရွှေသွေး အပတ်စဉ်ထုတ် အပြင် တေဇ၊ မိုးသောက်ပန်း စတဲ့ ရုပ်စုံကာတွန်းတွေကို အမြဲဝယ်ပေးတယ်… ရွှေသွေးပဲ ဖတ်ဖတ်၊ တေဇ၊မိုးသောက်ပန်း ပဲဖတ်ဖတ် ဖတ်ပြီးရင်လဲ ဖတ်ပြီးတဲ့ ဇာတ်လမ်းလေးကို ကျနော်တို့ ညီအကို နှစ်ယောက်ကို ပြန်ပြောခိုင်းလေ့ရှိတယ်… ပုံပြောကောင်းပြီး ဇာတ်လမ်း တစ်ပုစ်လုံး မှတ်မိတဲ့သူကို မုန့်ဖိုးပိုပေးတယ်ဆိုတော့ ကျနော်တို့လဲ ကြိုးစားပြီးမှတ်မိအောင် ဖတ်ရတယ်ပေါ့… ဒီတော့ ကျနော်လဲ ကာတွန်းတွေ ဖတ်ရတာ စာဖတ်ရတာကို ဝါသနာပါလာတယ်…

ငယ်ငယ်ကဆို ကာတွန်းဇာတ်ကောင်တွေ ဖြစ်တဲ့ မောင်စူပါ၊ ဒီလုံး၊ ဘိုဘို၊ စိန်မျောက်မျောက် အဲဒါတွေက ကျနော့် အသဲစွဲ… နောက် အရွယ်ရောက်လာတော့ မောင်ရိုး၊ ဦးစိတ်တို မျောက်ညို၊ တွတ်ပီ၊ သမိန်ပေါသွပ် လေးမွန် ထွေးမွန် (လေးလေးဇာ) စတဲ့ဇာတ်ကောင်တွေကို ကျနော် အရမ်းသဘောကျလာတယ်… (၅)တန်း (၆)တန်းလောက်တုန်းက ထင်တယ်… အပါလွင် ဇာတ်ကောင်ဆိုရင် ကျနော့် အကြိုက်ဆုံး ဇာတ်ကောင်ဖြစ်ပြီး… သူရဲ့ စရိုက်အတိုင်း နေတတ်ချင်ခဲ့တဲ့ အထိ စိတ်စွဲနှစ်သက်ခဲ့မိတယ်… ကာတွန်းတွေ ဖတ်ပါများတော့ ကာတွန်းတွေကို ဆွဲ တတ်ချင်လာတယ်… ရှိသမျှ ပုံတူတွေကို ကာတွန်းဖတ် လိုက်တုဆွဲရတာ ဝါသနာ… ဆွဲခဲ့တဲ့ ကာတွန်းရုပ်တူတွေက ဗလာစာအုပ်နဲ့ အပြည့် ခုထိရှိတယ်… ဘယ်နေရာ ရောက်ရောက် စာရွက်အလွတ် မတွေ့နဲ့ ရရာပုံကို ရသလို ရေးခြစ်တတ်တဲ့ ဒီဝါသနာက လုံးဝမသေးပါဘူး…

ကာတွန်းကြိုက်တဲ့ ကျနော်က ကာတွန်း ရုပ်ရှင်တွေ ကိုလဲ အရမ်းကို ခုံမင်နှစ်သက်ခဲ့တယ်… ငယ်ငယ်လေးကတည်းက အခုထိ ကာတွန်းကား ဆိုရင် မမောနိုင်မပန်းနိုင်ကြည့်တုန်း… ဒီမှာလဲ စိတ်ညစ်ရင်တော့ တနေကုန် ကာတွန်းတွေလာတဲ့ လိုင်းကို ဖွင့်ထားတယ်… ထိုင်ကြည့်တယ်… ဘာလို့မှန်းမသိဘူး သဘောကျတယ်… ကာတွန်းကား ဆိုပေမယ့် ကာတွန်းရုပ်တွေနဲ့ တူတဲ့ကာတွန်းဇာတ်ကောင်တွေကို ကြိုက်တယ်… ( 3D ကာတွန်းကားတွေကို တော့ ကြည့်ပေမယ့် သိပ်ပြီးသဘောတွေ့လေ့တော့ မရှိပါဘူး)… အထူးသဖြင့် ငယ်ငယ်ကနေ ခုထိစွဲလမ်းခဲ့ရတဲ့ (Mickey Mouse , Mighty Mouse , Cinderella, Snow White, Woody Wood Pecker, Donald Duck, Tom and Jerry, Peter Pan, Lion King , Teenage Mutant Ninja Turtles) စတဲ့ကာတွန်းဇာတ်ကောင်တွေက ခုခေတ်ခုချိန်ထိ မရိုးနိုင်ဘဲ ဘယ်အချိန်ကြည့်ကြည့် ကျနော့် အတွက်တော့ ထမင်းမေ့ ဟင်းမေ့ရတဲ့ ကာတွန်းကားတွေပါ… ခုထိလဲ ထွက်သမျှ ကာတွန်းကားတွေကို ကြည့်ပေမယ့် ငယ်ငယ်က ကာတွန်းတွေကို ပိုကြိုက်နှစ်သက်တယ်… (ဂျပန်ကာတွန်းတော့ အကြည့်နည်းပါတယ်)… ကလေးစိတ် မကုန်ဘူးပြောလဲ အပြောခံတယ်… လမ်းသွားရင်း တီဗွီအရောင်းပြခန်းတွေမှာ ကာတွန်းကား ပြထားတာ မြင်ရင် ဘယ်နေရာဖြစ်ဖြစ် တမေ့တမော ငေးကြည့်တတ်တာ ခုထိ....

ဒါကြောင့် ကျနော် ငယ်ငယ်ကတည်းက မက်ခဲ့ဖူးတဲ့ အိပ်မက် ဆန္ဒက ကျနော်ငယ်ငယ်လေးကတည်းက အကြိုက်ဆုံး ဇာတ်ကောင်တွေ ဖြစ်တဲ့ စူပါတို့ ဒီလုံးတို့လို စိန်မျောက်မျောက် တို့လို ဘိုဘိုတို့လို နိုင်ငံကျော် ဇာတ်ကောင်တွေကို အသက်သွင်းပြီး အဆင့်မှီတဲ့ ကာတွန်းကားလေးတွေ ဖန်တီးချင်တာပါ… ကာတွန်းဇာတ်ကောင်ရဲ့မူရင်း စရိုက်မပျောက်ပျက်စေပဲ ဇာတ်ကောင်တွေကို ကလေးတွေ အကြိုက် အသဲစွဲ ကာတွန်းကားလေးတွေ ဖြစ်အောင် ဖန်တီးတတ်ခဲ့ချင်တယ်။

ကိုယ်တိုင် ဒီကာတွန်းဇာတ်ကောင်တွေကို နှစ်သက် ခုန်မင်ခဲ့သလို ကျန်တဲ့သူတွေကိုလဲ ဝေမျှချင်တယ်… ခုခေတ် ကလေးတိုင်းမှာ သူတို့အကြိုက် ကမ္ဘာကျော် ကာတွန်းဇာတ်ကောင်တွေရှိပေမယ့် ဝမ်းနည်းစရာကောင်းတာက ကျနော်တို့ ငယ်ငယ်က နိုင်ငံကျော် ဇာတ်ကောင်တွေကို မသိကြတော့ဘူး… ဒါကြောင့် မြန်မာပြည်မှာ အောင်မြင်ခဲ့တဲ့ နိုင်ငံကျော် ကာတွန်းတွေကိုလဲ ခလေးအကြိုက် ကာတွန်းဇာတ်ကောင်တွေ ဖြစ်လာအောင် လုပ်ချင်တဲ့ ဆန္ဒတစ်ခုပေါ့… ဒီဆန္ဒလေး ပြည့်ဖို့ သင်တန်းတွေတက် ခဲ့တယ်… ကာတွန်းဆွဲနည်းတွေ သင်ခဲ့ပေမယ့် ခုထိ အကောင်အထည် မဖော်နိုင်ခဲ့သေးပါဘူး…

နောက်ပြီး ဒီကာတွန်းကားတစ်ကား ဖန်တီးဖို့ ဆိုတာ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်လို့ရတဲ့ အရာတစ်ခု မဟုတ်ပြန်ဖူး…နည်းပညာတွေ တိုးတက်ပြောင်းလဲ နေပေမယ့် အခုချိန်ထိ မြန်မာပြည် မှာ ကာတွန်းကားတွေက နှောက်နှေးနေဆဲပါ… လုပ်နေတဲ့သူတွေကို အားကျးလေးစားသလို ကိုယ်တိုင်လဲ လုပ်ချင်ပါတယ်။

ကလေးတွေရော လူကြီးတွေပါ လက်ခံပြီး ဗဟုသုတရစေတဲ့ အတုယူသင့်တဲ့ ဇာတ်ကောင်တွေ ဇာတ်လမ်းကောင်းတွေကို ဖန်တီးနိုင်ပြီး ကာတွန်းကား ကောင်းတစ်ကား ဖြစ်လာဖို့ အတွက် ကျနော်လို ဝါသနာတူ အိပ်မက်တူတဲ့ သူငယ်ချင်း ညီအကို မောင်နှမတွေ ပညာရှင်တွေ အများကြီး လိုအပ်ပါသေးတယ်… တစ်ချိန်ချိန်မှာ ကာတွန်း စတီဒီယို (Cartoon Studio) ကြီးကြီး တစ်ခုဖွင့်ပြီး ကာတွန်းနဲ့ ပတ်သက်တဲ့ စာစောင်တွေ ရုပ်ပြတွေ ထုတ်ဝေပြီး ထိုကာတွန်းတွေကို အသက်သွင်း… ကလေးတွေ အတွက် ပျော်စရာ ဗဟုသုတရစရာ ကာတွန်းဇာတ်လိုက်ကျော်တွေ အဖြစ်ကို ဖန်တီးပေးချင်ပါတယ်… ဝါသနာ တစ်ခုအနေနဲ့ အိပ်မက်လိုသဘောထား ပေမယ့် တစ်ရက်ရက်တော့ ဖြစ်လာမယ်ဆိုတာ ယုံကြည်မိတယ်။

နောက်တစ်ခုက ကျနော် ဘာဝါသနာပါလဲ မမေးပဲနဲ့ ကျနော့်ကို ချစ်တဲ့ ခင်တဲ့သူတိုင်း သိနိုင်တဲ့ ဝါသနာကတော့ ချက်ပြုတ်ချင်းပါပဲ… ချက်ပြုတ်တာကို ဝါသနာပါတာတယ်… ငယ်ငယ်လေး ကတည်းက အမေနေမကောင်းတော့ အိမ်မှာ အဖွားကို ကူရင်း ချက်ခဲ့ရတော့ အလိုလိုနေရင်း အဖွားရဲ့လွှမ်းမိုးမှုတွေနဲ့ ချက်ပြုတ်ခြင်းကို ဝါသနာကို ပါလာတာ… ကိုယ်တိုင်ချက်စားဖို့ ပျင်းချင်ပျင်းမယ်… တစ်ယောက်ယောက် က ဖိုးစိန် ဒါလေး စားချင်လိုက်တာ ဆိုပြီး ညသန်းခေါင်ကျော်ထပြော… ကျနော် အိမ်မှာ ပစ္စည်းရှိရင် ထချက်ပေး လောက်အောင်ထိ ဝါသနာကြီးတယ်… အစားအသောက်လဲ မက်တယ်ဆိုတော့ ရန်ကုန်မြို့မှာ ရှိတဲ့ စားသောက်ဆိုင်တွေကို နာမည်ကြီးကြီး မကြီးကြီး မရောက်ဖူးသလောက်ပဲ… သူငယ်ချင်းတွေက ကောင်းတယ် ညွှန်းရင် သွားစားတယ်… အိမ်ပြန်ရောက်ရင် ချက်ကြည့်တယ်… ဘာများကွာလဲ သူတို့လက်ရာမှီလားပေါ့…

ပြီးရင် သူငယ်ချင်းတွေကို ပြန်ချက်ကျွေးတော့ ကျနော့်သူငယ်ချင်းတွေက ပြောပါတယ်… “ဖိုးစိန် ဘာမှမလုပ်နဲ့ စားသောက်ဆိုင်သာဖွင့်… ဘယ်နေရာဖွင့်ဖွင့် မင်းအောင်မြင်လိမ့်မယ်… မင်းမှာ လက်ဆိပ်ရှိတယ်တဲ့” (ညာစားတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့) စိတ်ထဲမှာလဲ ခုချိန်ထိ ဒီအိပ်မက်က ရှိနေတုန်းပါ။

ဆိုက်ပရပ်စ်ကို စရောက်တော့လဲ အလုပ်ရှာရင် စားသောက်ဆိုင် တွေမှာပဲ လိုက်ရှာခဲ့တော့ တဖြည်းဖြည်းနဲ့ ကျနော် ဘာကို ဝါသနာ အရင်းခံလဲဆိုတာ ကိုယ်တိုင် သိခဲ့ရပါတယ်… တခြားအလုပ်တွေနဲ့ စာရင် ဝါသနာပါတဲ့ ချက်ပြုတ်ခြင်းနဲ့ နီးရာကိုပဲ ခင်တွယ်မိခဲ့တယ်… စားသောက်ဆိုင်မှာ စလုပ်တုန်းကတော့ ပန်းကန်ဆေး ကြမ်းတိုက်နဲ့ဝင်လုပ်ခဲ့တာပါ… ကိုယ်တိုင်ကလဲ စိတ်ဝင်စားတော့ ကျနော်အားနေတဲ့ အချိန်ဆိုရင် သူတို့လုပ်တာ ကိုင်တာကိုကြည့်ပြီး မျက်စိနဲ့ အရင်သင်ခဲ့ပါတယ်… ပြီးတော့ ဝိုင်းကူလုပ်ပေးရင်းနဲ့လဲ သင်ခဲ့ပါတယ်…

ဒီလိုနဲ့ တဖြည်းဖြည်း အဆင့်တိုးပြီး စားဖိုမှုး ဖြစ်လာခဲ့တာပါ… ခုဆိုရင် ဂရိ အစားအစာ အားလုံး ချက်တတ်သွားပါပြီး… အီတလီနဲ့ စပိန် က နာမည်ကြီးတဲ့ အစားအစာ တချို့ကိုလဲ ချက်တတ်အောင် သင်ဖြစ်ပါတယ်… (တစ်ချိန်ချိန်မှာ အသုံးဝင်မယ်ထင်ပါတယ်) ခုချိန်ထိလဲ ချက်ပြုတ်မှု နည်းပညာတွေကို စိတ်ဝင်တစား လေ့လာသင်ယူ ဆဲပါ… အချက်အပြုတ် စာအုပ်တွေလဲ ဖတ်ပြီးလေ့လာတုန်း… ဗီဒီယိုတွေကိုလဲ ကြည့်တုန်းပါ… ကျနော် အားကျလေးစားရတဲ့ စားသောက်ဆိုင် ပိုင်ရှင်လဲဖြစ် စားဖိုမှူးလဲ ဖြစ်တဲ့ Jamie Oliver လို Gordon Ramsay လို လဲဖြစ်ချင်တယ်… သူတို့ရဲ့ဘဝတွေကို အရမ်းလဲ အားကျတယ်… သူတို့ရဲ့ လုပ်ရည် ကိုင်ရည်တွေက အစ စိတ်နေစိတ်ထားတွေ ခံယူချက်တွေ အဆုံး ကြိုက်တယ်… သူတို့လိုပဲ တစ်နေ့မှာ ကိုယ်ပိုင် စားသောက်ဆိုင်မှာ ကိုယ်တိုင်တီထွင်တဲ့ နာမည်ကြီးဟင်းတွေနဲ့ စားသောက်ဆိုင် တစ်ဆိုင် ပိုင်ချင်တဲ့ စိတ်ကူးရှိပါတယ်…

နောက်ပြီး Jamie လို လေလွင့် ထောင်ထွက်တွေရဲ့ တကယ်ရှိနေတဲ့ အရည်အချင်းတွေကို ရှာဖွေ ဖော်ထုတ်ပေးနိုင်တဲ့သူ… Gordon ရဲ့ (Hell’s Kitchen) ရှိုးထဲကလို အရည်အချင်းပြည်မှီတဲ့ စားဖိုမှူးတွေ ဖော်ထုတ်ပေးနိုင်တဲ့ သူတို့ နှစ်ယောက်လို တစ်နေ့နေ့မှာ ဖြစ်ခွင့်ရရင် ဖြစ်ချင်ပါတယ်…

ဒါကြောင့် ကျနော့် ဘဝမှာ ကံလိုက်လာတဲ့တစ်နေ့ ဒီဝါသနာ ဒီအိပ်မက် နှစ်ခုတည်းက တစ်ခုခုကိုတော့ ဖြစ်နိုင်အောင် လုပ်ချင်တယ်… နှစ်ခုလုံးလည်း ဖြစ်နိုင်တာပဲလေ… ကြိုးစားမှာပါ… တစ်ခုခုကိုတော့ လုပ်ဖြစ်မယ် ထင်ပါတယ်…

လက်တွေ့ဘဝမှာ တကယ် ဖြစ်အောင်ကြိုးစားရင်း ကိုယ်တိုင်တိုးတက် ကြီးပွားလာတဲ့အချိန်မှာ မိဘနှစ်ပါးကို အနားမှာထား လုပ်ကျွေးပြုစုခွင့် ရချင်ပြီး သားလုပ်သူအတွက် မိဘနှစ်ပါးက ဂုဏ်ယူစေချင်တဲ့ ဆန္ဒကတော့ ကျနော့်ရဲ့ မဟာအကြီးမားဆုံးသော အဖြစ်ချင်ဆုံးသော ဆန္ဒပါပဲ…

မကြီးဝါ (မဝါဝါခိုင်မင်း) တက်ဂ်တဲ့ ဝါသနာလေးများ

ကိုကို (ကိုမိုးကုတ်သား) တက်ဂ်တဲ့ အိပ်မက်ဝါသနာများ

ညီမလေးရုံလေး (မြူးသျှရီ) တက်ဂ်တဲ့ အဖြစ်ချင်ဆုံးဆန္ဒ

ကို ပေါင်းစည်ပြီး ရေးလိုက်ပါတယ်

အားလုံးကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်…

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်