Thursday, 27 August 2009

ဆေးရုံတက်ခဲ့တယ်




နာတာရှည်ခံစားနေရတဲ့ရောဂါလို
ကျိန်စာမိနေတဲ့ ဝဋ်ကျွေးတွေလား….
အသက်ငင်နေတဲ့ သွေးကွက်တွေကြားထဲမှာ
လောကဓံရဲ့ထိုးနှက်ချက်တွေက နေရာအနှံ့
အသက်ရှုမဝတဲ့ သွေးသံရဲရဲ နှလုံးသားကို
ပစ်သွင်းတဲ့ မြှားတံတွေက သေသပ်ကျနလို့….


သေဆုံးနေတဲ့ မျှော်လင့်ချက်အတုအယောင်တွေက
သွေးပြည်ယိုစွတ်လို့ ဘယ်နာမှန်းမသိ
နာကျဉ်းမှုတွေနဲ့ အစားထိုးကုသမှု
အစိမ်းချုပ် ချုပ်ခံရတဲ့ ပျော်ရွှင်ခြင်းတွေ
ငိုနေတဲ့မျက်ရည်တွေက ငါ့ကို ပြန်သွင်းနေတဲ့ အားဆေး
ကျွမ်းနေတဲ့ အမည်မသိရောဂါက
ဆေးရှိပေမယ့် ဆေးမတိုးတဲ့အဖြစ်နဲ့
ကုထုံးတွေက အခြေနေတကျ…..


ဒါနောက်ဆုံးအချိန်လား
ငါ့ညနေတွေ ညိုမဲနက်မှောင်နေပါပြီး
အနာဂတ်က အရောင်လွင့်ကွယ်ပျောက်
ငါးမျှားချိတ်မိနေတဲ့ ကျောက်ကြားညှပ်ငါးလို
ကယ်ပါ….ယူပါ…….. ကယ်ကြပါ
တကြော်ကြော် အော်နေရင်း…..
ငါဆေးရုံတက်ခဲ့ရတယ်….။

ငါ.....

ဆေးရုံတက်ခဲ့ရတယ်...လေ..။

ခင်မင်လေးစားစွာဖြင့်


ဖိုးစိန်

Tuesday, 18 August 2009

ကံ အလှည့်ဆိုတာ


ကျွန်တော် ဆိုက်ပရပ်စ်မှာ နေ တာ ကြာလာတာ နဲ့ အမျှ ရခဲ့တဲ့ ဘဝပေးအတွေ့  အကြုံတွေက
အသက်နဲ့ မမျှပါလားလို့ တွေးမိတယ်... လှေခါးတစ်ဆင့်ကို လှမ်းတက်တိုင်းမှာလဲ လက်တန်းမပါလို့ ထိန်းပြီးတက်ရတယ်... တစ်ဆင့်ရောက်တိုင်းလဲ နှစ်ဆင့်သုံးဆင့်လောက်ကို ပြန်ပြုတ်ကျနေသလို ခံစားမိတယ်...တစ်ခါတစ်လေ အပေါ်အဆင့်မှာရှိနေတဲ့သူ က ခြေချော်သလို သရော်တာခံရသလို ..ကိုယ်အောက်အဆင့်က သူ က ကိုယ်ခြေကိုလှမ်းဆွဲပြီးခေါ်ပါ ဆိုတာမျိုးလဲရှိတယ်လေ.... သြော်..ဘာဖြစ်ဖြစ် .... ဒီလှေကားက ငါတက်မှဖြစ်မယ်ဆိုတဲ့မာန နဲ့ ဇွဲ လေး ကျန်သေးလို့သာ ဆက်တက်ဖြစ်နေတယ်....အနည်းဆုံးတော့ ..ကိုယ်လှမ်းမိတဲ့ အဆင့်ကို မကျိုးကျအောင်...မပြုတ်ကျရအောင်လုပ်နိုင်ရင်ဘဲ..အသက်ရှူ ချောင်လှပါပီ...


ငယ်ငယ်က သင်တဲ့မပုကြွယ်နဲ့ ခရုငယ်မှာ ခရုငယ်က ခြံတိုင်ထိပ်ကို ရောက်အောင်တက်နိုင်တာ ခရုငယ်မှာ သူ့ရဲ့ လုံ့လ အပြင် သဘာဝတရားက ပေးထားတဲ့ တိုင်ကို ကပ်နေနိုင်တဲ့ သဘာဝ အရည်ကြည်ကြောင့် လဲ ပါတယ်လို့တွေးမိတယ်... တစ်ချို့လူတွေမှာ ဒီလို သဘာဝတရားက ပေးတာကို မရတဲ့ လူတွေလဲရှိပါတယ်.....

“လုံ့လနဲ့ ကြိုးစားနေကြတာပဲ ..ဖြစ်မလာတာက ကံတရားပေါ့လို့” ပြော ကြတဲ့လူတွေကို “ကံဆိုတာအလုပ်လို့ ”ပြောကြတဲ့ လူတွေကဘယ်လို ဖြေရှင်းချက်များထပ်ပေးမှာလဲ....


ဘာပဲဖြစ်ဖြစ်လေ လူဆို တာ ကိုယ့်ယုံကြည်မှု့ နဲ့တော့ကိုယ်ရှိကြတာပဲ..ရည်မှန်းချက်တွေ အနာဂတ်တွေ ကို အမြဲတမ်းပုံဖော်မှန်းဆပြီးကြိုးစားနေကြတာပဲမဟုတ်လား.... ကံဆိုတာ အလုပ်ပါဆိုတာမျိုးပေါ့...
ကျွန်တော့်အတွက်တော့ အလုပ်ကြောင့်ဖြစ်လာတဲ့ကံက အကျိုးပေးတာလား.. ကံကြောင့်ဖြစ်လာတဲ့အလုပ်က အကျိုးပေးတာလားဆိုတာပြောပြချင်တယ်

လက သြဂုတ်လ ..

သြဂုတ်လဆိုတာ ကျွန်တော်နေတဲ့ ဆိုက်ပရပ်စ်မှာ အပူဆုံးလ..

နေ့ အပူချိန်က (၄၀) ဒီဂရီလို့ ကြေငြာပေမယ်...တကယ်ကျတော့ အပူချိန်က အနည်းဆုံး(၄၆) ဒီဂရီ မှာရှိတယ်လေ.. ဒါကြောင်ဒီနိုင်ငံကလူတွေက ဒီလတစ်လလုံး ကို “အားလပ်ရက်”အဖြစ်သတ်မှတ်ပြီး အလုပ်တွေ ကျောင်းတွေ အကုန်ရပ်ဆိုင်းကြတယ်...စားသောက်ဆိုင်တွေကလွဲလို့ ပေါ့...)

နေ့က သောကြာနေ့..

တစ်ယောက်ယောက် က ကျွန်တော့် တံခါးကိုခေါက်နေပါလားဆိုတဲ့ အသိစိတ် ဝင်လာပြီးကျွန်တော်နိုးလားတယ်... အချိန်ကိုကြည့်လိုက်တော့ မနက်(၈) နာရီ.. အားလပ်ရက်မို့  ညဥ့်နက်မှအိပ်ဖြစ်တော့ ထတာတောင် မူးနောက်နောက်နဲ့ အံ့သြမိတာက ဒီလို အချိန်ကျွန်တော့်ဆီကို ဘယ်ဧည့်သည်မှမလာဘူးတာပဲ... လာမယ်ဆိုရင်တောင်ဖုန်းလေးလှမ်းတောက်မှာ သေချတ်ာတယ်...

တွေဝေ အံ့သြစိတ်နဲ့ တံခါးဖွင့်လိုက်တော့ ကျွန်တော် တခါမှမတွေ့ ဘူးတဲ့သူတစ်ယောက် စာအိတ်တစ်လုံးကိုင်ပြီး ရပ်နေတာကိုတွေ့တယ်... စာပို့ သမားနဲ့ လဲမတူတဲ့ ဒီလူက ကျွန်တော်ကို “မင်းက စိန်လား” လို့ မေးတော့ ကျွန်တော်လဲ “ဟုတ်တယ်”လို့ ပြောပြောချင်း ကျွန်တော်ကို စာအိပ်လှမ်းပေးပြီးထွက်သွားတယ်... စာအိတ်ကိုအာရုံရောက်နေလို့ စာအိတ်ပေးသူကို ကျေးဇူးတင်ကြောင်းတောင်မပြောလိုက်ရဘူး...
ဘာကြောင့်လဲဆိုရင် စာအိတ်ပေါ်မှာ အင်္ဂလိပ်လို ရေးထားတဲ့စာကြောင့် စာအိတ်ယူလာသူ ဆီကိုအာရုံမရောက်နိုင်တာပါ..


စာအိတ်ပေါ်မှာရေးထားတာက

” စိန်

ယူရိုငွေသား (၂၅၀)

ကော့စတာစ်”


စာအိပ်ကိုဖွင့်ရင်းကျွန်တော်ပြုံးမိတယ်...စိတ်ကလည်းလွန်ခဲ့တဲ့ နှစ်ပတ် သြဂုတ်လ အစဆီကို ရောက်သွားတယ်..


........................................


သြဂုတ်လစစချင်းမနက်တစ်ခုမှာ ကျွန်တော်ဖုန်းမြည်လာလို့ လှမ်းကိုင်လိုက်တော့သူ က ကျွန်တော် အမြဲ ခြံသွားသွားရှင်းနေတဲ့ အိမ်က အိမ်ရှင် ဝမ်းကွဲ မောင်ရဲ့ သူငယ်ချင်း ပါ... နာမည်က ကော့စတာစ်ပါ ... ကျွန်တော့်ဖုန်းနံပတ်ကို သူ့ သူငယ်ချင်းဆီကရတာပါဆို ပြီးမိတ်ဆက်တယ်..

အကြောင်းအရင်းက သူ့အိမ်နောက်ဖေးက ဂိုဒေါင်လေးကို ဖြိုချင်လို့တဲ့… ပြီးတော့ သူ ဂရိကို ဟော်လီးဒေး မသွားခင်လဲ ပြီးချင်တယ်တဲ့ဆိုပြီး အလုပ်တစ်ခုအပ်တယ်လေ.. ကျွန်တော်က ဒီရောက်ကတည်း က လုပ်နိုင်တဲ့ အလုပ်မှန်သမျှ ငြင်းလေ့မရှိဘူး..ကျွန်တော် စားသောက်ဆိုင်မှာ အချိန်ပြည့် အလုပ်လုပ်ပေမယ့် အားရင်အားသလို အချိန်ပိုင်းအလုပ်ကို လုပ်နေတာ နေသားကျနေပါပြီး… အခုဟာကလဲ ကျောင်းပိတ်ရက်လည်းဖြစ်.. ပူတော့လဲ အချိန်ပိုင်းအလုပ်ရှားနေ ချိန်ဆိုတော့ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်… သူ ကမလုပ်ခင်တစ်ရက် အိမ်ကိုလာကြည့်ပါ..ဘာလို လုပ်နိုင်တယ် ဘယ်နှရက်ကြာမလဲ… ဘယ်လောက်ယူမလဲ… ဆိုတာ ဈေးညှိချင်တယ်ဆို လို့ ကျွန်တော်လည်းသူလမ်းညွှန်တဲ့ လိပ်စာအတိုင်း ဆိုင်ကယ်နဲ့ သွားခဲ့တယ်...ကျွန်တော်နေတဲ့နေရာနဲ့ (၅)ပြန်စာလောက် ဝေးတဲ့ရွာလေးမှာ.. အိမ်ကိုတော်တော်လေး ရှာလိုက်ရတယ်.. ဖြိုမဲ့ ဂိုဒေါင်လေးကို ကြည့်လိုက်တော့ အိုနေပြီးဆိုပေမယ့် အုတ်တစ်ဝက် သစ်တစ်ဝက်နဲ့ ဆောက်ထားတာ... တော်တော်လေးဖြိုယူရမယ် တော်တော်လေးလဲရှင်းရမယ်ဆိုတာသိလိုက်တယ်...


ကျရောက်နေတဲ့ အပူချိန်ကို ရင်လေးမိပေမယ့် အားချိန်မှာ နားမနေချင်တာပေါင်းပြီး ဒီအလုပ်ကို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်.. သူ ဒီအလုပ်ကိုပေးတယ်ဆိုတာကလဲ သူတို့ နိုင်ငံသားအချင်းချင်း ခေါ်ခိုင်းမယ်ဆိုရင် ရက်ကကြာမယ်… ငွေပိုပေးရမယ်... စိတ်တိုင်းကျခိုင်းလို့ မရနိုင်ဘူးဆိုတော့ ကျွန်တော့်ကိုမြင်တာပေါ့... အမှန် ဒီ အလုပ်က လူ နှစ်ယောက်လုပ်မှ အဆင်ပြေနိုင်မယ့်အလုပ်မျိုး… တစ်ယောက်က ဖြို..တစ်ယောက်က ဖြိုထားသမျှကို ”စကစ်ပ်”လို့ ခ်ါတဲ့ အမှိုက်ကားကြီးထဲ ထည့်ရမှာ.. ဒါပေမယ့် လူရှာရမယ်ဒုက္ခရယ်..ရလာရင်လည်းကိုယ့်ကို ဆရာလာလုပ်မယ့် အခြေအနေရယ်တွေးပြီး စိတ်အေးအေးနဲ့ တစ်ယောက်ဘဲလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်..

သူ က ဘယ်လောက်ယူမလဲလို့ မေးတော့ ကျွန်တော် က ဖျက်တာက နှစ်ရက် သိမ်းတာ ကသုံးရက် လောက်.. တစ်ရက်ကို (၈) နာရီ လောက်လုပ် (၅၀)နှုန်းနဲ့ ယူရင် (၅)ရက်ဆို (၂၅၀) တောင်းရင်ကောင်းမယ်လို့ စိတ်က တွေးပြီး ”ငါ့ကို(၂၅၀) ပေး ရက်ကတော့ အနည်းဆုံး (၅) ရက်(၆)ရက် လောက်ကြာမယ် ဆိုတော့ သူ က သဘောတူပြီး သူ ဂရိမသွားခင်ပြီးရင် ကျေနပ်ကြောင်းပြောတယ်..

ဒီလိုနဲ့ နောက်နေ့မှာဘဲ ကျွန်တော်အလုပ်စတယ်.. သူ့ကို မနက် (၇) နာရီအလုပ်စမယ်ပြောထားပေမယ့် နေပူရင်မလုပ်နိုင်မှာစိုးတာနဲ့ မနက် (၄)နာရီ အိပ်ယာထ ..ဆိုင်ကယ်နဲ့ ဆို သူ ဆီ နာရီဝက်နီးပါး သူ့ဆီကို (၅)နာရီမထိုးခင် ရောက်အောင် သွားပြီးအလုပ်စတယ်.. အလုပ်ကိုလဲ ညနေ (၅) နာရီမှသိမ်း ပြီးစားသောက်ဆိုင်ကို အပြေးလစ်ရတယ်.. အချိန်ဆွဲ နားပြီးမလုပ်ချင်ဘူး … ပူမယ့်တူတူ အပူခံလိုက်မယ်.. အမောခံလိုက်မယ်… ပင်းပန်းနှုံးချိနေပေမယ့် ပြီးမှပဲပေါင်းနားတော့မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဆိုခဲ့တာ (၃)ရက်အတွင်းကို လက်စသတ်နိုင်တယ်... မောလိုက်တာ..ပင်ပန်းတာ တွေ အပြင် လက်တွေလဲ စုတ်ပြတ်သတ်လို့ ပေါက်ပြဲ လူက လည်းအပူရှိန်နဲ့ ပိန်ချောက်နေတဲ့ မျောက်အိုကြီး နေလောင်ထားတဲ့ရုပ်ထွက်လာတယ်..ဒါပေမယ့် ကျွန်တော်ထင်ထားတဲ့ ရက်ထက်စောပြီးလို့ ကိုယ်ကို ကိုယ် ငါတယ်လုပ်နိုင်ပါလား ဆိုပြီးဂုဏ်ယူကျေနပ်မိတယ်... (ကျွန်တော့်စားသောက်ဆိုင်က သူဌေးမိန်းမဆို သနားလို့ ငိုသေးတယ်)

နောက်နေ့ ကျွန်တော်သူ့ ဆီကိုသွားပြီး ပိုက်ဆံသွားတောင်းတော့သူ အိမ်မှာမရှိဘူး… ကျွန်တော်လာမယ် ဆိုတာဖုန်းကြိုဆက်ပြီးသား…ဒီခရီးက ဝေးတယ် ပြီးတော့ (၃)နာရီ်ကျော်ကျော် သူ့ အိမ်ရှေ့မှာထိုင်စောင့်နေရတယ်… “ရောက်လာတော့လဲ ခဏစောင့်ဦး… ဘဏ်သွားပြီးငွေထုတ်ရမယ်”ဆို လို့ နောက်တစ်နာရီထပ်စောင့်လိုက်ရတယ်... ဖုန်းခေါ်တော့လဲ မဖြေပြန်ဘူး.. ပြန်လာတော့ကျွန်တော့ကို ပေးတာ က (၁၅၀)ယူရို..သူ့ မျက်နှာကို ကြည့်ပြီးနောက်ထပ်(၁၀၀) ကိုတောင်းတော့သူ က

“နင်လုပ်တာက (၃)ရက် ပဲ ..နင်ပြောတော့ (၂၅၀) ကို (၅)ရက် အခု နင်က (၃)ရက်ပဲလုပ်တော့ (၁၅၀)ပေါ့...ဒီပိုက်ဆံက နင့်အတွက်များပါသေးတယ်.. နင်တို့ဒီလို လိုလွယ်လွယ်ရလို့ လောဘတက်နေတာ..သွားသွား..ပြန်တော့” လို့ ပြောတယ်လေ... ကျွန်တော် တော်တော်လေး စိတ်ဓာတ်ကျပြီး ဝမ်းနည်းသွားတယ်... ပင်ပင်ပန်းပန်း ကြိုးစားခဲ့တာ အခုသူ က ဒီလို တွက်ပြီးပေးတယ်... ကျွန်တော်တို့က နေ့ စားအနေနဲ့ သဘောတူထားတာမှမဟုတ်တာ... ပုတ်ပြတ် ပြောထားတာပဲ... ကျွန်တော်က “ဘာဖြစ်ဖြစ်နင်နဲ့ငါက (၂၅၀) နဲ့ သဘောတူထားတာ ငါဘယ်လောက် ပင်ပန်းလဲဆိုတာ နင်လဲမြင်တယ်လေ..နင်ငါ့ကို ပေးသင့်ပါတယ်..ငါ့မှာမိုးလင်းကနေ မိုးချုပ် နားချင်တောင်မနားပဲ ပြီးချင်ဇောနဲ့ ကြိုးစားလိုက်ရတာ … နင်တခြားလူကိုခိုင်းရင် ငါ့ကို ပေးတာထက်နင်ပိုပေးမယ်ဆိုတာသိရက်သားနဲ့ နင်အတွက်ဒီငွေကလည်း နင်ပေးနိုင်လို့ သဘောတူထားတာ” ဆိုတော့ သူ က“ဒါဆို နင်က ဘာလုပ်ချင်လဲ ရဲ ခေါ်ချင်လား ခေါ်..သတ်ချင်လား… လာသတ် ငါကနင့်လိုကောင်ကို ဂရုစိုက်မယ်ထင်လား ရီစရာကြီး” ဆိုပြီးရယ်နေလိုက်တာဗျာ..

စိတ်လဲပျက် စိတ်လဲတို ဒေါသထွက်လာတဲ့ကျွန်တော်က“အေး ကောင်းပြီး… နင့်ကို ငါဘာမှမလုပ်ဘူး..ရဲခေါ်ရလောက်အောင်လဲ ဒီကိစ္စက သေးသေးလေး… သတ်ရလောက်အောင်လဲ ငွေကမများဘူး..ဒါပေမယ့်..နင်သိထားဖို့ က နင့်စိတ်ကိုငါသတ်နိုင်တယ်… နင်ငါ့ကိုအထင်သေးတယ်… စိတ်ပျက်စိတ်ဆိုးအောင်လုပ်တယ်… ရော့ နင်ပေးတဲ့ပိုက်ဆံကိုနင်ပြန်ယူ..နင့်အတွက်ငါပြန်ပေးခဲ့တယ်...အမှတ်တရပေါ့..ငါလဲမလိုချင်တော့ဘူး… ဒါပေမယ့်တနေ့နေ့မှာ နင်က ဆိုးဆိုးရွားရွား ဝေဒနာတစ်ခုမဟုတ်တစ်ခု ဒါမှမဟုတ်ရင် အခက်အခက်တစ်ခု ခံစားရလိမ့်မယ်… ခံစားရတိုင်းလဲ ငါလုပ်နေတာပါဆိုတာအမှတ်ရပါ… နင့်ကို ဒီနည်းနဲ့ သတ်မှာ… ဒါကငါရဲ့ကလဲစားပါ... နင့်ကြောင့်လဲမဟုတ်ဘူး… ငါကြောင့်လဲမဟုတ်ဘူးနော်.. နင်ငါ့ကိုပေးခဲ့တဲ့ သင်ခန်းစာကြောင့်..ကျေးဇူးတင်ပါတယ်“ဆိုပြီး သူ့ ပိုက်ဆံကိုပေးပြီး ကျွန်တော်ပြန်လာခဲ့တယ်..

ကျွန်တော်ခြံရှင်းနေကျ အိမ်ရှင်ကိုပြောပြတော့သူ က ပိုက်ဆံအစား ထိုးပေးပေမယ့် ကျွန်တော်လက်မခံခဲ့ဘူး… တစ်ပတ်လောက်ကြာတော့လဲ တခြားအလုပ်တွေနဲ့ ပုံမှန်လည်ပတ်သွားတယ် ဆိုတော့ မေ့သွားသလောက်ြ ဖစ်နေပါပြီး..
စိတ်ဆိုးတုန်းမို့ ပြောချင်ရာပြောခဲ့ပေမယ့် သူ့ ကိုဘာတွေပြောခဲ့တယ်ဆိုတာ မမှတ်မိဘူး.. အခုဒီစာကိုဖတ်ရင်းနဲ့ မှကျွန်တော့်သူ့ ကို ဘာတွေပြောခဲ့သလဲဆိုတာ သတိပြန်ရလာတာ..
သူရေးတဲ့စာက

”စိန်

နေကောင်းရဲ့ လား....
ပထမဆုံးအနေနဲ့ ငါပြောခဲ့သမျှကိုတောင်းပန်ပါတယ်..ပြီးရင်အခုစာအိပ်နဲ့ ထည့်ပေးလိုက်တဲ့ နင့်လုပ်အားခကို လက်ခံပေးပါ… ငါ့ကိုကျိန်ခဲ့ တာတွေကိုလဲ ချေပေး ပါ.... ငါဂရိကို ဟော်လီးဒေးသွား ကတည်းက စ ပြီးဖျားတယ်.. ငါမရှိတုန်းအိမ်မှာလဲ လျှပ်စစ်မီးက ရှော့ဖြစ်တယ်...နေမကောင်းလို့ ပြန်လာတော့လဲ ရှော့ဖြစ်ထားတာမသိဘဲ မိုက်ခရိုဝေ့ကို သုံးမိလို့ ငါမီးဖိုချောင်မီးလောင်တယ်… တစ်ခုချင်းစီသာ ချပြောရရင် အများကြီး… တော်တော်လေး ဒုက္ခရောက်တယ်.. နင်လုပ်တာမဟုတ်ဘူး ဆိုတာသိနေ ပေမယ့် နင်ပြောခဲ့သလို တစ်ခုခုဖြစ်တိုင်းမှာ နင့်ကို အမှတ်ရနေတယ်… ငါအတွက်မကောင်းဘူး..မှားခဲ့သမျှတောင်းပန်ပါတယ်… ငွေနဲ့ စာကိုရပြီးရင်ငါ့ကို ခွင့်လွှတ်ပေးပြီး နင်ထားခဲ့တဲ့ကလဲ့စားကို ဖျက်ပေးပါ..ကျေးဇူးတင်ပါတယ်..
ကော့စတာစ်

စာကို အကြိမ်ပေါင်းမနည်းဖတ်မိနေတယ်..ကိုင်ထားတဲ့ပိုက်ဆံကိုလဲ လက်ထဲမှာပွတ်သတ်နေမိတယ်… အခုကျွန်တော်ပြုံးနေမိတယ်… ဒါကတော့ သူအရင်ကတည်းက လုပ်သင့်လုပ်ထိုက်တာနဲ့ ကျွန်တော်ရသင့်ရထိုက်တာပါ… သူ့ ကိုကျွန်တော်စိတ်ဆိုးဆိုးနဲ့ဒေါသရှေ့ ထားပြောခဲ့မိပေမယ့် သူ့ အတွက် တစ်ခုခုပြန်လုပ်ဖို့ ကျွန်တော်မှာ မကောင်းတဲ့ စိတ်မထားမိခဲ့ဘူး..


ကျွန်တော် စာဖတ်ပြီး ကောင်းကောင်းသိလိုက်တာက မြတ်ဘုရားကိုယ်တော်တိုင် ကျွန်တော့်အတွက် ပြုံးနေမယ်ဆိုတာပါဘဲ...

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

မှတ်ချက်... ကျွန်တော် ” MY REVENGE ” ဆို တဲ့ ပိုစ့်ကို အင်္ဂလိပ်လို ရေးခဲ့ဘူးတယ်... ရေးခဲ့တဲ့ ပိုစ့်ကို အကြောင်းတိုက်ဆိုင်လို့ ပြန်ခံစားတင်ပြထားတာပါ

Wednesday, 12 August 2009

ကျနော်ချစ်သော လယ်တောလေးနဲ့ ညနေခင်းစကားဝိုင်း


လူဆိုတာက မြို့ကြီး ပြကြီးတွေမှာ တိုက်တာ အဆောက်အဦးတွေနဲ့ ကားတစ်ဝီဝီ နဲ့ နေရတာ ကြိုက်ကြတာ များပါတယ်။ ဘယ်လောက်ပဲ မွန်းကျပ်နေပါစေ။ ဘဝတိုးတက်ဖို့ အပေါင်းအသင်း ဝင်ဆံ့ဖို့ အလုပ်အကိုင် အခွင့်အလမ်း များရဖို့ စတဲ့အချက်တွေနဲ့ မြို့ကြီးတွေကို ပြောင်းလာကြတယ်။ မြို့ကြီးပေါ်ရောက်ရင် အဆင်ပြေတဲ့သူရှိသလို အဆင်မပြေတဲ့ သူတွေလဲ ရှိကြတာပဲ။ အတိုက်အခံတွေ မနာလိုဝန်တိုမှုတွေနဲ့ ရန်သူတွေ ပြည့်နှက်နေသလို ကူညီစာနာဖေးမ မှုတွေနဲ့ မိတ်ဆွေ သူငယ်ချင်းကောင်း တွေလဲ ပေါများပါတယ်။ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင် နေရာဒေသ နဲ့ ကိုယ်တိုင်ထားတဲ့ ပင်ကိုစိတ်သဏ္ဍန် အပေါ်လဲ မူတည်ပြီး ကိုယ်ပိုင်ဆိုင်ရတဲ့ ပတ်ဝန်းကျင် အသစ်တစ်ခုရလာတတ်ပါတယ်။ ဘာပဲ ပြောပြော ပျော်ရွင်သည် ဖြစ်စေ မပျော်ရွင်သည်ဖြစ်စေ ဘဝအတွက် မွန်းကျပ်မှုတွေ များလာရင်တော့ မိမိတို့ နေထိုင်ရာ ကျေးလက်တောရွာက လယ်တောလေးကို သတိတရ လွမ်းဆွတ်တတ်ကျတယ်။ အေးချမ်းမှုတွေနဲ့သာ ပြည့်နှက်နေတဲ့ လယ်တောလေးက ဘဝအမောကို ပြေပျောက်စေမှာ အမှန်ပင်။

ကျနော်ငယ်ငယ်က ကောက်ရိတ်ချိန်၊ စပါးသိမ်းချိန် မတိုင်မှီဆိုရင် အဖွားလုပ်သူနဲ့ အဖွားရဲ့ ဇာတိ ချက်ကြွေ မွေးရပ်ဖြစ်တဲ့ ကျုံဒိုး ကော့ကရိတ်နယ်က ကမ်းနီကျေးရွာကိုလိုက်သွားလေ့တယ်။ အဖွားတို့ ကျေးရွာကိုရောက်ဖို့ သဘောင်္တစ်ဆင့် လှေတစ်ဆင့်စီးရတော့ ကမ်းရိုးတန်းတစ်လျောက်က အဖွားပိုင်တဲ့ စပါးခင်းတွေနဲ့ မီးခိုငွေ့တွေတလူလူတက်လာတဲ့ လယ်တောက အိမ်သေးသေးလေးတွေ၊ ကောင်းကင်ပေါ်ကနေ အုပ်လိုက်ပျံသန်းသွားတဲ့ ငှက်တွေကို တမျှော်တခေါ ငေးကြည့်ရတာ ပျော်စရာ။ အဖွားကို မြင်ရင် ရွာသူရွာသား အဖွားအမျိုးတွေက မွန်လို ကလုပ်ကလဲ့ အိုးနင်းခွက်နီးအသံနဲ့ အားရပါးရ နှုတ်ဆက်ကြတာကလဲ ကြည်နူးစရာ။ လယ်တောထဲကို သွားလည်ရင် လယ်တောကနေ စားရတဲ့ ငါးရံ့ခြောက်ဖုတ်နဲ့ ပူပူနွေးနွေး ပဲကောင်ညှင်းပေါင်းကိုစားပြီး ရေနွေးကြမ်းသောက်ရင်း ကိုယ်နားမလည်တဲ့ စကားကို အဖွားတို့ ပြောနေတာကို နားထောင်ရတာလဲ အရသာတစ်မျိုး။

ကျနော်နားလည်တာက တနေ့ ဒီလယ်တွေ ငါဘယ်လိုပိုင်ရမလဲပေါ့။ လယ်ထဲရောက်တိုင်းလဲ အဖွားဆီက ဒီလယ်တောတွေကို အမွေတောင်းရင် အဖွားလုပ်သူက “အမေ့သားသမီးတောင် မတောင်းဘူး အမေ့မြေးက လာတောင်းနေတယ် မပေးနိုင်ပါဘူး”လို့ စရင် အဖွားကို နှုတ်ခမ်းစူပြီး ဂျစ်တိုက်တတ်တာလဲ မှတ်မိသေးတယ်။

ခုတော့ မြို့ကြီးပြကြီးနဲ့ တူတဲ့ ဘလော့အိမ်မှာ တစ်ခါတစ်ခါ မွန်းကျပ်လာတယ်။ ထွက်ပေါက်တစ်ခု ရှာဖို့ ဒီဘလော့အိမ်လေးကို ဆောက်ခဲ့ပေမယ့် တစ်ခါတစ်ရံမှာ ထွက်ပေါက်ပိတ်နေမတတ် မွန်းကျပ်ရပြန်တယ်။ ဒီမွန်းကျပ်မှုတွေ ကြားထဲမှာ မထင်မှတ်ပဲမကြီး( မနော်ဟရီ)က လယ်တောလေးကို ကစားဖို့ ခေါ်ခဲ့တယ်။ မွန်းကျပ်မှုတွေ ခံစားချက်တွေကို ဖြေလျှော့ဖို့ပေါ့။ မကြီးလဲ ဒီလယ်တောထဲမှာ မွန်းကျပ်မှုတွေကို ဖြေသိမ့်ရင်း အေးချမ်းနေရတယ်တဲ့လေ။ ကျနော့်ကို မကြီး အဖွားဆီက တောင်းတုန်းက မရတဲ့လယ်ကို အခုအမွေပေးလိုက်သလိုပါပဲ။ ပျော်ရွင်ခဲ့ရတယ်။ အားသွန်ခွန်စိုက်နဲ့ မွန်းကျပ်မှုတွေ ဖျောက်ဖို့ လယ်တောထဲရောက်ခဲ့တယ်။

ရောက်ခါစကတော့ ပိုက်ဆံအနည်းငယ်နဲ့ ထွန်ပြီးသား လယ်ကွက်သေးသေးလေးပေါ်မှာ စိုက်ထားတဲ့ အာလူးခင်းတွေပေါ့။ မလုပ်တတ်တဲ့ကြားက မကြီးကို အာပေါက်မတတ်မေးတော့ စိတ်ရှည်လက်ရှည်နဲ့ ပြောပြခဲ့တယ်။ အဲလိုနဲ့ စနစ်မကျတဲ့ လယ်ကွက်လေးမှာ စိုက်ထားတဲ့ အသီးလေးတွေ သီးလာတော့ ပြန်ရောင်းစားလိုက် ပြန်စိုက်လိုက်နဲ့ ပျော်ခဲ့တယ်။ မကြီးတို့ မဂျု တို့ မဆုမွန်တို့ လို လှပြီး ကြီးတဲ့ လယ်တွေကို လိုက်သွားပြီး အလုပ်လုပ်ရင်း ပိုက်ဆံတွေ စု အပင်တွေ စိုက်နဲ့ နက်မကောင်းတဲ့ ကြားက ကစားပြီး ပီတိတွေ ဖြစ်နေခဲ့တာ။ နောက်ပိုင်းမှာ နက်မကောင်းတာကို အကြောင်းပြပြီး ကိုမိုးကုတ်သားက လယ်တောကို လုံးဝတာဝန်ယူပေးရတဲ့အထိ ဖြစ်သွားရော။

နောက် အကြောင်းအရင်း တစ်ခုက ကျနော်က လောဘကြီးတာကိုး။ အပင်တွေ က ရိတ်သိမ်းဖို့ အဆင်သင့် ဖြစ်နေပြီးဆိုရင် ကျနော်က ရိတ်ပြီးရောင်းချင်နေပြီး။ တစ်ခါတစ်လေ လုံးဝနက်ကျသွားလို့ လယ်တောထဲ ဝင်မရရင် ရေမရှိတဲ့ငါးလိုပေါ့ ။ လူက နေလို့ထိုင်လို့ မရတော့ဘူး။ တော်ကြာ အပင်တွေ ပျက်စီးသွားမှာစိုးရိမ်နေတာ။ တကယ်တော့ နာရီအနည်းငယ် စောင့်လို့ရတာကို မသိပဲ နက်ကျသွားရင် လယ်တောလေး ပျက်သွားမှာကို ကြောက်ပြီး ကိုမိုးကုတ်သားကို အတင်းဂျစ်ကျ ပြီး ရိတ်ရိတ်ခိုင်းတယ်။ အကိုကြီးလုပ်သူက မငြင်းရှာဘူး။ ရှင်းပြရင် ပိုမောတယ်ထင်တယ်။ ထထလုပ်ပေးလိုက်တယ်။ တစ်ခါတစ်လေ မကြီး တို့ မဂျုတို့လယ်တောမှာ ရိတ်စရာတွေ ပြည့်နေလို့များ နက်ကျသွားရင် အချိန်မတော် ဖုန်းခေါ်ပြီး သွားရိတ်ခိုင်းတတ်သေးတယ်။ စဉ်းစားကြည့် လယ်တောထဲက ပိုက်ဆံရဖို့ အပြင်မှာ ဖုန်းခအကုန်ခံ အဆူခံပြီး လယ်တောလေးကို ချစ်နေတာ။ အေးချမ်းတဲ့ သံယောဇဉ်ရနေတာ။ လယ်တောကို အာရုံရောက်နေတော့ မကောင်းတာ ကောင်းတာ မစဉ်းစား ဖြစ်တော့ဘူး။ ကိုယ်တိုင်ဖန်တီးချင်တာ၊ ကိုယ်တိုင်စိုက်ချင်တာကို စိတ်တိုင်းကျ အေးအေးဆေးဆေး လုပ်နေရတဲ့အတွက် စိတ်လဲ ငြိမ်ပါတယ်။ ကိုယ်စိုက်မယ့် အသီးအနှံရယ် အချိန်ရယ် ပိုက်ဆံရယ်ကို တွက်ပြီးလုပ်ရတဲ့ အတွက်လဲ ဦးနှောက်က တစ်ဖက်တလမ်းက ကျမ်းမာရေးနဲ့ ညီညွတ်နေတယ်လို့ ထင်မိပါတယ်။

ဘာဖြစ်ဖြစ်ပေါ့။ လယ်တောထဲရောက်သွားရင် အလိုလို ပျော်နေတယ်။ ကိုယ်တိုင် မျိုးကျဲထားတဲ့ အသီးတွေ (အငှားကျဲတာများပါတယ်း) ) အပင်လေးတွေပေါက်လာရင် ရမယ့်ပိုက်ဆံကို တွေးရင် ပျော်လာတယ်။ ပြီးရင် အိမ်နီးချင်းလယ်တွေကို သွား။ ဘယ်သူ့ အိမ်မှာ ရိတ်ဖို့ အဆင်သင့် ဖြစ်နေလဲသွားချောင်း၊ အဆင်သင့် ဖြစ်နေတဲ့ လယ်ဆိုရင် တဝဲလည်လည်နဲ့ အဲဒီလယ်ကို ချောင်းပေါက်မတတ်ရောက်ရတယ်။ ကျနော့်ကိုခေါ်အောင် စာလေးရေးထားခဲ့ သေချာအောင် အဲဒီလယ်ထဲကို ခဏခဏ သွားပြန်ချောင်းနဲ့ ပျော်စရာကိုကောင်းနေရော။ ပြီးတော့ သူတို့ရဲ့လယ်တောတွေကို ကြည့်ပြီး အားကျနေရတယ်။ (အားကျမိတိုင်းလဲ ကိုမောင်ဟန် တစ်ယောက် နားပူရတယ်ပေါ့။ ) ပိုက်ဆံများလိုချင်ရင် ဈေးထဲမှာ သူများနည်းတူ မတ်တပ်ရပ်ပြီး အလုပ် အလုပ်လို့ အော် နေတော့ တကယ့် ဘဝနဲ့ လက်တွေ ကျတာကို ခံစားမိပြန်တယ်။
လယ်ထဲရောက်လို့ မကြီး ၊ မဂျုတို့က ဖိုးစိန်ရေ ရိတ်မယ်ရပြီး ပြောရင် အပြေးသွားရိတ်ရတယ်။ ဆွိ ၊တာရာနဲ့ မေ တို့ ကဆိုရင် ကိုကြီးရေ…… ကယ်ပါအုံးနဲ့ ရိတ်ဖို့လာလာခေါ်တတ်သလို အလုပ်လာတောင်းတတ်ကြပါတယ်။ ကိုမိုးကုတ်သားက အပျင်းမတစ်နဲ့၊ လာခဲ့ အကိုလယ် လာရိတ်ဆိုရင် လဲ သွားရိတ်ရတယ်လေ။ နောင့် နဲ့ အပြိုင်ပေါ့။ဟိုလယ်ကူး၊ ဒီလယ်သွားနဲ့ နက်ကျသွားလို့ကတော့ ဖိုးစိန်ရေ…. မကြီးရေ… ဆွိရေ…. ရီနိုရေ… တာရာရေး… ကိုမောင်ဟတ်ကြီးရေ.. မဂျုရေ. စသဖြင့် နာမည်တွေ အော်ခေါ်လို့  တကယ်လယ်တောထဲမှာ ပျောက်နေသလိုပဲ…။ တစ်ခါတစ်လေလဲ လယ်တောထဲမှာ လူက ပျောက်နေပြန်ရော။ မတွေ့ရင် မကြီး စီဘုံးကို လာပြီး ပြန်ခေါ်ရတဲ့ အထိ။ အလုပ်ကိုရှုတ်ပြီး ပျော်နေကြတာ။ လယ်တောထဲမှာ သူ့လယ်ကိုယ်ရိတ်ရင် ကိုယ့်လယ်ကို သူ့ ခေါ်ရိတ်ရင် ပိုက်ဆံပိုရတော့ ကိုယ်စိုက်ထားတဲ့ အပင်တွေ အဆင်သင့်ဖြစ်ရင် အပြန်အလှန်ခေါ်ရိတ်ကြရတယ်။ အချင်းချင်း ကူညီရိုင်းပင်းတဲ့ သဘောကို ဆောင်နေတယ်။ စိတ်ချင်းရင်းနှီးမှုကို ဖြစ်စေတယ် လို့ထင်တယ်။

မကြီး အမွေပေးထားပြီး ကိုမိုးကုတ်သားရဲ့ စောင့်ရှောက်မှုအောက်က ကျနော်ပိုင်တဲ့ လယ်တောလေးမှာ လူစုံတုန်း ( မကြီး၊ မဂျု၊ ဦးနော်၊ ကိုမိုးကုတ်၊ ရီနို၊ ဆွိ၊ နောင့် နဲ့ ကျနော်)





မဂျု ကျနော့်လယ်တောက အိမ်ထဲမှာ ဘာများ စပ်စုနေပါလိမ့်း))


လယ်တောထဲမှာ သုံးလေးယောက်လောက် စုရိတ်နေရင်း စကားတွေပြောကြ ရိတ်ပြီးသွားရင်လဲ စကားတွေ ပြောကြနဲ့ လယ်တောထဲမှာ ပျော်စရာကိုကောင်းနေတယ်။ သူလယ်ရိတ်ပြီးသွားရင် ကိုယ့်လယ်ကို ခေါ်သွားနဲ့ တစ်စု တစ်ဝေး စကားတွေ လျှောက်ပြော ဖြစ်နေတာ ။ ကျနော်က ငကြွားဆိုတော့ သိတဲ့အတိုင်း လယ်ထဲမှာ ကျနော် ပိုက်ဆံဘယ်လောက် ချမ်းသားတာ ကျနော့်မှာ ပိုက်ဆံဘယ်လောက်ရှိတာ လယ်ဗယ် ဘယ်လောက်ရောက်နေတာ စသဖြင့် ကျနော့်ထက် လယ်ဗယ်မြင့်တဲ့သူတွေ ပိုက်ဆံရှိတဲ့သူတွေကို လျှောက်ကြွားနေတာ။ သူတို့ကလဲ ကျနော်စိတ်ချမ်းသာအောင် ကိုကြီးဖိုးစိန် လယ်သူထေး ဆိုပြီး ပြန်ပြောကြ စကြနောက်ကျနဲ့ ညနေခင်း လယ်တောစကားဝိုင်းက ပျော်ဖို့ကောင်းနေပါတယ်။

ဒီလယ်တောကိုစကားဖို့ မက်မက်နဲ့ ကိုပိုင် ရီနိုမာန် ကိုခေါ်ဖြစ်တယ်။ ပြီးတော့ဦးနော်။ ဦးနော်က စိတ်ပါတယ်လုပ်ပြီးမှ လယ်တောမှာ အပင်စိုက်ဖို့ ပျင်းနေတယ်။

ကျနော်လူဆိုးလေးပေါ့... မှတ်မိကြလား.. အကိုကြီး ပိုစ့်တွေမှာ သူ့ကိုယ်သူ ဖြူဖြူချောချောတဲ့လေ...အရက်သေစာ ကင်းတယ်တဲ့.. ခုပုံမှာ လယ်ထဲ ဘီယာပတ်သောက်ပြီး အသားမဲသွားတာ... ခုလဲ တောင်းနေတာက ဘာတဲ့ ...း))))

လယ်လေးတစ်ကွက် စိုက်ပြီး ဘီယာနှစ်ခွက်လောက် သောက်ချင်နေတာလေ။ ပြီးတော့ ပြောသေးတယ်၊ သူက လယ်ကို ခုမှလဲ စလုပ်သေးတယ်၊ သူ့ လယ်က သေးသေးလေးတဲ့ ရေကူးကန်တွေ အပင်တွေ မရှိဘူးတဲ့လေ၊ လယ်ထဲမှာ အိပ်စရာအိမ်မရှိလို့ မကျေနပ်ဖူးတဲ့၊ သူလယ်ကို ဘယ်သူမှ ဂရုမစိုက်လို့တဲ့ စိတ်ကဆိုးသေးတယ် ။ လယ်ခေါ်ပြီး ပိုက်ဆံရအောင် အပင်ရိတ်ခိုင်းပြန်တော့လဲ သူ့ ကိုကျ ခေါ်ခိုင်းတယ်တဲ့ သူတို့ကျတော့ရပ်နေတယ် မတရားဘူးတဲ့ ရတဲ့ပိုက်ဆံက နှစ်ပြားတစ်ပဲတဲ့ ။ ကျနော်လူဆိုး ပြောတဲ့စကားတွေက အရမ်း ရယ်ရလို့ ပျော်စရာကောင်းတယ်။ ပြောသေးတယ် လယ်ထဲကို လိုက်လည်တော့ ခွေးဟောင်လို့ ခဲနဲ့ထုတာ ခွေးက ထွက်မပြေးဘူး၊ တံတားနားမှာနေတဲ့သူကို ချောင်းထဲတွန်းချတာလဲ မကျဘူး၊ အပေါ်ကနေ ရေလောင်းတာလဲ အလောင်းခံရတဲ့သူက သိတောင်မသိဘူးနဲ့ နောက်ပြောနေတာ ရယ်နေရတယ်။ လယ်တောထဲမှာလဲ ပတ်ပြေးလိုက် ရပ်လိုက် အပင်ရေလောင်းလိုက်နဲ့ စုစု ဝေးဝေး စကားတွေ ပြောနေရတာ အရမ်းကို ကြည်နူးစရာ ပျော်စရာကောင်းပါတယ်။

ညနေတွေမှာ မကြီးစီဘုံးမှာ ကျင်းပတတ်တဲ့ စကားဝိုင်းလေးနဲ့ လယ်တောတွေထဲမှာ လျှော်လည်အလုပ်လုပ် စကားစုပြောတဲ့ တစ်ညနေကုန်သွားလို့ လယ်တောထဲကနေ ပြန်ထွက်လာရင် ဒီအကိုအမတွေ ညီညီမတွေနဲ့ ကြည်နူးခဲ့တာကို ပြန်တွေးရင်း ကျနော့်အဖို့ အလုပ်သွားဖို့ ခြေလှမ်းတွေက အမြဲ သွက်လက်လို့နေတယ်။ ရင်ထဲမှာ ခံစားချက်တွေ၊ ဝမ်းနည်းမှုတွေ၊ ကြေကွဲမှုတွေ ရှိပါစေဦး…. ဒီအကိုအမ ညီညီမတွေရဲ့ နှစ်သိမ့်အားပေးတဲ့ စကားတွေနဲ့ ပျော်ရွင်ခဲ့ရလို့ လက်တွေ့လျှောက်ရမယ့် ဘဝခရီးလမ်းမှာ အားတစ်ခု အဖြစ်ပါသွားရပါတယ်။

မမေ့ပါဘူး။ မမေ့နိုင်ပါဘူး။ ဘဝရဲ့ ဒုက္ခ အစိတ်အပိုင်းတစ်ခုထဲက ရခဲ့တဲ့ သုခ အချိန်ပိုင်းလေး ၊မွန်းကျပ်မှုတွေ ပြေပျောက်စေတဲ့ ဒီလယ်တောလေး၊ အားပေးနှစ်သိမ့်မှုတွေပေးတဲ့ အကိုအမ ညီညီမတွေနဲ့ ပျော်ရွင်စရာ လယ်တောထဲက စကားဝိုင်းလေးကအမြဲ အမှတ်တရ ရှိနေမှာပါ။ အခြေအနေမပေးလို့ ကံစီမံရာကြောင့် ဒီလူတွေ ဝေးကွာသွားခဲ့ရင်တောင် တိုက်ဆိုင်မှု ရှိတိုင်း အမြဲသတိတရ လွမ်းဆွတ်နေမှာပါ။ ဘာပဲဖြစ်ဖြစ် တစ်မိနစ် ပျင်းနေချိန်၊ ဝမ်းနည်းသွားချိန်မှာ တစ်စက္ကန့်လောက် သတိတရ တွေးလိုက်ရင် အနည်းဆုံးတော့ နှုတ်ခမ်းလေး ကွေးပြီး ပြုံးမိမှာ သေချာနေပါတယ်ဗျာ……။


ဒီဘလော့အိမ်၊ ဒီစီဘုံး၊ ဒီလယ်တော ၊ ဒီအကိုအမတွေနဲ့ ဒီညီညီမ သူငယ်ချင်းတွေ၊ ဒီသံယောဇဉ်တွေက စိတ်တွေနဲ့ ဆောက်ထားတဲ့ မဟာတံတိုင်းကြီးတစ်ခုအဖြစ် အမြဲ တည်တံ့နေပါစေဗျာ။

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Monday, 10 August 2009

ထုတ်စည်းထိုးပွဲ




ဘဝနဲ့ ကစားတဲ့ ထုတ်စည်းထိုးပွဲ

ကံကြမ္မာက သူ့ဘက်ခေါင်သူကြီး

ကိုယ်ဘက်ခေါင်သူကြီးက စိတ်ဓာတ်

ကိုယ့်နောက်မှာ ဇွဲ ဥာဏ် ဝိရိယရှိတယ်…။

ပွဲ အစမှာ

ကိုယ့် သူကြီးကိုလွှတ်ပေးတယ်

နောက်လိုက်တွေကို အော်ရင်းဟစ်ရင်း....

နောက်လိုက်တွေလဲ

သီသီလေး ကပ်ကာကပ်ကာ

လွတ်အောင်ပြေးပေါ့ လွှားပေါ့..

ခေါင်လေးတွေ ကျော်နိုင်လို့

ဝေးကနဲ အော်လိုက်ချိန်မှာ

ကိုယ့်စိတ်ဓာတ်လေးကို

ကံကြမ္မာက ဖမ်းမိသွားတယ်..။

မင်းရှုံးပြီးတဲ့………..။

Friday, 7 August 2009

အဖေ့သစ္စာ

“ကတိသစ္စာတည်သောခါဝယ်နွယ်မြက်သစ်ပင်ဆေးဖက်ဝင်၏ ”


ကတိသစ္စာလို့ သာဆိုလိုက်တယ်… တကယ်တော့ ကတိ နဲ့ သစ္စာဆိုတာက ကွဲပြားပါတယ်… စကားအရသာ တွဲသုံးလိုက်ကြတယ်… လေးနက်ပုံခြင်း ကွဲပြား ခြားနားတယ်လို့ ကျွန်တော်ထင်တယ်… တော်တော်များများပေါ့… လူတွေဟာ ကတိတစ်လုံးကို လွယ်လွယ်နဲ့ ပေးတတ်ကြတယ်… ပေးပြီးတဲ့ကတိကို တည်တဲ့လူ ရှိသလို အကြောင်းကြောင်းကြောင့် တည်ချင်ပါလျှက်နဲ့ ပျက်ကွက်ခဲ့တာ တွေလဲရှိတယ်…

ကတိဆိုတာ တစ်ခြားတစ်ယောက် တောင်းဆိုမှုကို ကိုယ်က လိုက်လျော လုပ်ဆောင်ပေးရတာ ဆိုတော့ အခြေအနေ အချိန်အခါအရ ပြောင်းလဲသွားနိုင်တယ်… ကိုယ်တိုင်က စိတ်ပါလက်ပါ လုပ်ပေးနိုင်မယ်လို့ ထင်ထားပေမယ့် တကယ်မလုပ်ပေးနိုင်တဲ့အခါ ကတိပေးထားတာ ပျက်နိုင်တယ် ..

အကျိုးက သူတပါး ကမျှော်လင့်ထားလို ဖြစ်မလာတော့ တစ်ဖက်လူအတွက် နစ်နာစေပြန်တယ်… ဒါပေမယ့် တစ်ယောက်အပေါ်တစ်ယောက် ကတိ ရှိထားပြီးရင်တော့ တန်ဖိုးထားတတ်ကြပါတယ်…

သစ္စာကြ တော့ မိမိပြူခဲ့သမျှ လုပ်ခဲ့သမျှကို စိတ်ထဲရည်မှန်းပြီး တစ်ခြားလူတစ်ယောက်အတွက်
ဒါမှမဟုတ် မိမိအတွက် အရေးကြုံလာတဲ့ အခါမှာ ထုတ်သုံးဖို့ အတွက် ရင်ထဲက ထွက်ပေါ်လာတဲ့ မှန်ကန်သော စကားလုံးတွေ… ဒါကို သစ္စာလို့ခေါ်မယ်ထင်တယ်..(ကျွန်တော်အထင်ပါ)


“မိမိကကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ လုပ်ခဲ့သမျှကို ဝန်ချပြောဆိုတာဟာ မိမိအတွက်သစ္စာ… ကောင်းတာ လုပ်ခဲ့တာကို ဆိုရင်သစ္စာ ကပိုပြီးထိရောက်တယ်”လို့ ဖေဖေကပြောဖူးတယ်... အဲဒါကိုလည်းဗာရာဏသီမင်းနဲ့ ပြည့်တန်ဆာသစ္စာပုံပြင်ကိုဥပမာထားပြီးပြောပြလေ့ရှိတဲ့ အဖေဟာ သူ့ ဘဝမှာ သစ္စာဆိုခဲ့ဖူးတယ်… ဆိုခဲ့တဲ့ သစ္စာက မေမေ့အတွက်ပေါ့…။
..................

”မောင်ထွန်းမြင့် မင်းမိန်းမအခြေအနေ မကောင်းတော့ဘူးဆို ထမင်းမစားတော့ ဘူးတဲ့ဟုတ်လား…အင်..ခက်ပါတယ်..”


”ထမင်းတော့မစားဘူး..ဒါပေမယ့် ကောင်းလာမှာပါဗျာ… ဆေးအရှိန်ကြောင့် သာ သူထမင်းမစား နိုင်တာပါဗျာ…”

အဖေက လူနာလာကြည့်တဲ့သူကို ဒီလိုစကားမျိုးသာပြောတယ်… ကုတင်ပေါ်မှာ အိပ်နေတဲ့အမေ့ ကို ကြည့်ရတာ စိတ်ထဲမကောင်းလှဘူး… အိမ်မှာ အကြီးဆုံးဖြစ်တဲ့ ကျွန်တော်ဟာ အမေ့ကို အနီးကပ်ပြုစု ရတဲ့ အတွက် အမေ့ရဲ့ အားမရလှတဲ့ အခြေအနေ တစ်ခုကို စိတ်မကောင်းစွာ ရိပ်မိနေတယ်… အဖေပြောတဲ့ စကားတွေက ပြန်ကောင်းလာမှာပါတဲ့… အမေ့ကို ကြည့်လိုက်တော့ သားအိမ်ကင်ဆာဖြစ်ပြီးလို့ ဓာတ်ကင်ပြီး ပြန်လာခါစရှိသေးတယ်… နောက်ထပ် ဝင်လာတဲ့ရောဂါတွေက နှလုံးသွေးကြော ကပိတ်နေတယ်… အဆုပ်က ကောင်းကောင်း အလုပ်မလုပ်တဲ့အတွက် အသက်ရှုလို့ မဝတဲ့ ဝေဒနာ… အဆိုးဆုံး က လတ်တလော ခံစားနေရတဲ့ အသည်းရောင်အသားဝါ…

တစ်ကိုယ်လုံးပါမုန့် တစ်လုံးလို ဖောရောင်နေတဲ့ အမေဟာ ထမင်းမစားပေမယ့် ဗိုက်ကြီးကပူထွက်နေတယ်… မျက်တွင်းတွေက ညိုမဲဟောက်ပက် ဖြစ်နေပေမယ့် မျက်လုံးတွေက ဝါထိန်ပြီး ပြူးထွက်နေတယ်လို့တောင်ထင်ရတယ်… ဆံပင်တွေဟာ ကင်ဆာဆေး အရှိန်ကြောင့်ရိတ်လိုက်ရပြီး ပြန်ထွက်လာတဲ့ အခါ ဟိုတကွက်ဒီတစ်ကွက် နဲ့  ကျိုးတိုးကျဲတဲ အဖြူရောင်ဆံပင်များ… နှုတ်ခမ်းတွေကမဲပြာလို့  စကားမပြောနိုင် တိတ်ဆိတ်စွာ လဲလျောင်းနေတဲ့ အမေ့ကိုကြည့်ရင်း ကျွန်တော့် တို့ ဘဝအတွက်ရင်လေးမိတာအမှန်ပါ…

အဲဒီအချိန်တုန်းက ရှစ်တန်းကျောင်းသားကျွန်တော်… ခြောက်တန်း ကျောင်းသား ညီလေး နဲ့… နှစ်တန်းတက်နေတဲ့ ညီမလေး… ရောဂါသယ်အမေ အလုပ်ကတစ်ဖက် အိမ်အတွက်တစ်ဖက် မိန်းမကိုတလှည့် သားသမီးကိုတလှည့် ကြည့် နေရတဲ့ အဖေ့ကို တော်တော် လေးသနားမိတယ်…

ကင်ဆာစဖြစ်ကတည်းက အဖေ အမေ့ကိုဆေးကုနေတာ ရှိတဲ့စည်းစိမ် တစ်ဝက်လောက်ကုန် နေပြီးဆို တာ အဖေ နဲ့ အဖွား(အမေ့ရဲ့အမေ) ညညပြောနေတာကိုကြား နေရပေမယ့်.. အဖေတစ်ခါဖူးမှ အမေ့အတွက် ညည်းတာ မကြားဖူးဘူး… ဘယ်လောက်ကုန်ကုန် ကျွန်တော့်မိန်းမကို ရအောင်ကုမယ် ဆိုတဲ့ အဖေဟာ အသည်းရောင်ပြီး ဖောသွပ်နေတဲ့ အမေ့ကိုဆေးရုံပြန်တယ်မလို့ လုပ်ပြန်တယ်..

အားလုံးက နောက်ဆုံးချိန် အဖြစ်အမေ့ကို အိမ်မှာပဲထားတော့… ပိုက်ဆံအကုန်မခံပါနဲ့ တော့လို့ ဝိုင်းပြောကြပေမယ့် အဖေက အားလုံးကို ဆန့်ကျင်တိုက်ခိုက်ပြီး အမေ့ကိုဆေးရုံထပ်ထင်ဖို့ ပဲလုပ်နေတယ်လေ… အမေစကား ပြောနိုင်တုန်းကတော့ အမေ့ကို ပြုစုတုန်းမှာ အမေက ရောဂါအရှိန်နဲ့ အရာရာကို စိတ်တိုင်းမကြ ဒေါသတကြီး အော်ငေါက်တုန်းက စိတ်ထဲ ဝမ်းနည်းစွာ စိတ်ကုန်ပေမယ့် ကျောင်းကနေပြန်လာတိုင်းမှာ ကျွန်တော် အိမ်မှာလူတွေစည်မနေပါစေနဲ့… အိမ်ရှေ့မှာ အိုးသုံးလုံး ထားတာမတွေ့ ပါရစေနဲ့လို့ ဆုတောင်းခဲ့ရတဲ့ ရက်တွေကို သတိရမိတယ်…..
အမေမရှိမဲ့နေ့ ရက်တွေကိုတွေးပြီး အိပ်မရခဲ့တာ ကျွန်တော့်တစ်ယောက်ထည်း မဟုတ်ဘူး..
အဖေ ရော.. အဖွားရော… ညီရော… ညီမလေးရော…

အရက်မသောက် တတ်တဲ့အဖေတောင် အိမ်မှာ အရက်လေး သောက်လာတတ်ပေမယ့် မနက်အလုပ်ရှိတာကိုတောင် ညဘက်တွေမှာဆို မအိပ်ပဲ အဖွား နဲ့ အဖေ တလှည့်စီစောင့်အိပ်တယ်.. မထနိုင် မလှုပ်နိုင်တဲ့ လူမမာကို ပြုစုတယ်ဆိုတာမလွယ်ဘူး ဒါပေမယ့် အဖေ အမေ့ကို အနားကမခွာ စိတ်တိုင်းကျ မညီးမညူ ပြုစုတယ်လေ..

ဒီလိုနဲ့ အဖေမရှိတဲ့ တစ်မနက်မှာ အမေ အမောဖောက်လာတယ်… တော်တော်လေးကို ဆိုးဆိုးရွားရွားပဲ… ပြီးတော့ လုံးဝကို ငြိမ်ကျသွားခဲ့တယ်… အဖွား နဲ့ အမေ့မောင်အငယ်ဆုံးက ဆရာဝန်ကို ပင့်လာပြီး ဆရာဝန်စစ်ကြည့်တော့ “အသက် မရှိတော့ဘူး” တဲ့…

အဖေမရှိတဲ့ အချိန်လဲဖြစ်တော့ အားလုံးက ကမ္ဘာပျက်မတတ်ပဲ… အမေ့အချစ်ဆုံး အမေ့မောင် က အမေ့အတွက် ပြင်ဆင်မှုတွေလုပ်နေချိန်မှာ အဖေရောက်လာတယ်… ရောက်ရောက်ချင်း အမေ့အလောင်းကို ပြင်ဆင်နေတာတွေ့တော့ တော်တော်လေးကို စိတ်ထိခိုက်ပြီး ဒေါသကြီးသွားတယ်..ပြီးတော့ အားလုံးကိုမောင်းထုတ်တယ်…

အမေ့ အချစ်ဆုံးမောင်နဲ့ အဖွားကလွဲလို့ အဖေ့ကိုနားမလည်တဲ့သူတွေက အဖေက သွေးရူးသွေးတန်း… သေတဲ့သူအတွက် အကောင်းဆုံး လုပ်ပေးနေတာကို စေတနာ စော်ကားတယ်ဆိုပြီး ပြန်တဲ့သူက ပြန် အားလုံးယောက်ယက်ခတ်ကုန်တာပဲ…
အဖေက ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ အမေ့ အလောင်းနားမှာ ထိုင်ပြီး အမေ့ ကိုစမ်းပြီးတော့ “သူတကယ် မသေသေးဘူးအမေ…သူမေ့နေတာ..ကျွန်တော်သိတယ်..ကျွန်တော့်ကိုယုံကြည်ပါ..”လို့ အဖွားကို တဖွဖွပြောတယ်…

အားလုံးက အဖေခဏ စိတ်ချမ်းသာအောင် အင်းလို့သာ ခေါင်းညိတ်ပေမယ့် အမေကတုတ်တုတ်မျှမလှုပ်… အဲဒီအချိန်မှာ အဖေက အမေ့အနားက နေခွာပြီးကျွန်တော့်ကို ရေတစ်ခွက်ယူခိုင်းတယ်… အမေ့ကို လဲ အဖေက ဘုရားခန်း ရှိရာကို ချီလာကြတယ်… အမေ့ကို ဘုရားအရှေ့မှာ ထား အဖေက ဒူးထောက် လက်အုပ်ချီပြီး ငါးပါသီလခံတယ်.. ပြီးတော့ မေတ္တာသုတ် ကိုရွတ်တယ်… ဓာရဏပရိတ်ကိုရွတ်တယ်… ဘယ်နှကြိမ်လဲဆိုတာ ကျွန်တော်မသိပေမဲ့ (၉)ခေါက်ထက်မနည်းတာတော့သေချာတယ်..

ပြီးတော့..“အရှင်ဘုရား…ဘုရားကျွန်တော်မျိုးကသူတော်စင်မဟုတ်ပါ... ဒါပေမယ့် တပည့်တော်ဘဝမှာလုပ်ခဲ့တာ တစ်ခုက တပည့်တော်မိန်းမ ရောဂါစဖြစ်ကတည်းက ဘယ်လောက်ကုန်ကုန် ပြောက်အောင်ကုမယ်လို့ ရည်ရွယ်ခဲ့ပါတယ်…. ရည်ရွယ်တဲ့ အတိုင်းလဲကုခဲ့ပါတယ်..စည်းစိမ်ချမ်းသာတွေ ကုန်လို့ ဘာတစ်ခုမှ မကျန်တော့ပေမယ့် တစ်ခါမှ တပည့်တော် မိန်းမအတွက် စိတ်မပျက်ကွက် မငြိုငြင်ခဲ့ပါဘူး… ဖြူစင်သော မေတ္တာတစ်ခုတည်းနဲ့ အသက်ရှင်ခွင့် ရနိုင်တဲ့ ဘဝတစ်ခုကို သံယောဇဉ်နဲ့ ကယ်တင်ခဲ့တာပါ… တပည့်တော်ရဲ့ ဤစကားမှန်ကန်ပါက သူ့ကိုအသက်ရှင်ခွင့်ပေးပါ”
လို့ အဖေ ပြောပြီး ခုနက အဖေရွတ်ထားတဲ့ ပရိတ်ရေ နဲ့အမေ့ကိုဖျန်းတယ်…

ငါးမိနစ်…

ဆယ်မိနစ်…

နာရီဝက်…

အမေတုန့်တုန့်မျှမလှုပ်…

အဖွားရော …ဦးလေးပါ..အဖေ့အတွက် ဝမ်းနည်းနေကြတယ်..
အဖေ…
ကြာတော့ ဒေါသတွေထွက်လာတယ်ထင်ပါတယ်…. သွေးရူးသွေးတန်း လို့ ပြောရမလားပဲ...
“မိန်းမ. .. မင်းမသေဘူး… ငါသိနေတယ်… ထတော့… ထတော့ဆိုပြီး..” အမေ့ကို လှုပ်နှိုး.. စိတ်ကမရှည်တော့ အမေ့ကိုရိုက်... ကြေကွဲ ပေါက်ကွဲ ပြီး သုံးလေးချက်လောက် အဖေ့ဒေါသအားနဲ့ ရိုက်ပြီးချိန်မှာ အမေ တဖြည်းဖြည်းနဲ့ လှုပ်လာတယ်…

အဖေ ငိုရင်းနဲ့…“အမေရေ..အမေသမီး နိုးလာပြီး ပြန်ထလာပြီး”လို့ အော်တော့ အားလုံးက အံ့သြကြတယ်… ဦးလုပ်သူကဆရာဝန်ကိုပြန်ပင့် အချိန်တို အတွင်းမှာပဲ အားလုံး ယောက်ယက်ခပ်ကုန်တယ်… ဆရာဝန်ကအံ့သြလို့ လူနာကို မစမ်းရဲ ဘူးဖြစ်နေတယ်… သူကိုယ်တိုင်သေပြီးလို့ ပြောထားတဲ့လူနာကိုလာပြန်စမ်းပြီးမသေဘူးဆိုတာကိုပြောရတာ အံ့သြအားနာမှုတွေ ရှိနေမှာအမှန်ပဲ..

ဒါပေမယ့် အဲဒီအချိန်ကစလို့ အမေ အသက်ပုံမှန်ပြန်ရှုလာတယ်…

တစ်ရက်ပြီးတစ်ရက်…

ဆရာဝန်ဆေး... အမေ့ ကုသိုလ်… အဖေ့သစ္စာ ပေါင်းလိုက်တော့ လုံးဝကို ပြန်ကောင်းလာတယ်…

ပြန်ကောင်းလာတော့ အမေပြောတယ်… သူ လူတွေပြောသမျှကို အကုန်ကြားတယ်… အထူးသဖြင့် အဖေသစ္စာ ဆိုနေတဲ့အချိန်မှာ အမေက အတွင်းစိတ်ကနေ ဝမ်းနည်းပြီးငိုနေရတယ်ဆိုပဲ ဒါပေမယ့် အဖေရိုက်ခဲ့တာကိုတော့ အခဲမကြေဘူး ဖြစ်နေတယ်… အဖေ့ကို စိတ်ကောက်တိုင်း အမေ့ကို ရိုက်ခဲ့တာကို ပြောမဆုံးပေါ့…
ဘာပဲဖြစ်ဖြစ်..
အခုအမေကတော့ ဒေါင်ဒေါင်မြည်တယ် ပြောရမှာပဲ… တစ်ခါတစ်လေ ရှိခဲ့ဘူးတဲ့ ရောဂါ အခံနဲ့ ကျမ်းမာရေး ခြူခြာတာကတော့ ဖြစ်တတ်ပါတယ်..
ထူးခြားတာက ဘယ်လိုပဲ မကျန်းမာပါစေ… အဖေ့ရဲ့ ဓာရဏပရိတ်ရေ နဲ့ တွေ့ ရင် အမေ နေကောင်းသွားစမြဲ ပါ…
အဖေ့ရဲ့ အမေ့အတွက် သီးသန့် ဓာရဏသစ္စာရေလို့ ထင်ပါတယ်..

“ဖေဖေ နဲ့ မေမေ”
သားဆုတောင်းပေးနေပါတယ်…

အမြဲတမ်းစိတ်ကျန်းမာကိုယ်ချမ်းသာနဲ့ အဖေ နဲ့ အမေ ဘဝမှာပျော်ရွင်ချမ်းမြေ့ပါစေ…
ချစ်တဲ့ သားသမီးတွေနဲ့ တစ်သက်လုံး ပျော်ရွှင်စွာနေသွားနိုင်ပါစေလို့ သားစိန် ဆုတောင်းပေးပါတယ်…

သားတို့ ချစ်တဲ့ ညီလေးအတွက်ပါပေါ့… အဖေ့ထားမယ့် သစ္စာ တည်ပါစေလို့ ဆုတောင်းပါတယ်...

ညီလေးလဲ အဖေ့မေတ္တာတွေ သစ္စာတွေနဲ့ အကောင်းပကတိ စိတ်ကျမ်းမာ ကိုယ်ချမ်းသာရှိပါစေ...

သားစိန်

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Thursday, 6 August 2009

နာကျင်သော စိတ်တို့ဖြင့်သာ ပေးသော မေတ္တာသံယောဇဉ်

စိတ်တွေ လေနေတဲ့ အခါပဲဖြစ်ဖြစ်… ဝမ်းနည်းကြေကွဲနေတဲ့ အခါပဲ ဖြစ်ဖြစ်…ဝမ်းနည်းခံစားနေရတာကို နှလုံးသားနဲ့ ထပ်တူ ခံစားပြီး ပြောတဲ့ စကားလုံးတိုင်းက ခံစားရတဲ့သူအတွက် အမည်ဖော်လို့ မရတဲ့ အားဆေးတခွက်ပါ… ခုရက်တွေမှာ သောက များနေတဲ့ ကျနော့်ကို နားလည်ပေးကြတဲ့ ညီအကို မောင်နှမ များကို ကျနော် အရမ်းကျေးဇူးတင်မိပါတယ်… ခုရက်ပိုင်းမှာ စိတ်သောကတွေ ကိုယ်စီရှိနေကြတာတောင်မှ ကျနော့် အတွက် ကျနော့် မိသားစု အတွက် (အထူးသဖြင့် ကျနော့် ညီအတွက်) ဝိုင်းပြီးစိတ်မကောင်းဖြစ် ပူပန်ပေးနေကြတဲ့ အကိုအမတွေ ကို ကျေးဇူးတင်ပါတယ်… ကျေးဇူးတင်တယ်ဆိုတဲ့ စကားထက် လေးနက် ခိုင်မာတဲ့ စကားလုံးရှိရင် အဲဒီစကားလုံးကို ရွေးပြီးသုံးချင်ပါတယ်…


ခုကျနော့်ကို အားပေးကြတဲ့ အကိုအမ ညီညီမတွေ ဆိုတာက ဒီဘလော့စာမျက်နှာ တွေ ပေါ်ကနေ သံယောဇဉ် တွေ ဖြစ်ပြီး ညီအကိုမောင်နှမနဲ့ တစ်ယောက်ကိုတစ်ယောက် ဖေးမ စာနာနေကြတာပါ… ဦးနော် ပြောသလို အပြင်မှာ မတွေ့ဖူးမမြင်ဖူးပေမယ့် အနားမှာ မရှိကြပေမယ့် ခင်နေကြ ချစ်နေကြ သံယောဇဉ်တွေ ဖြစ်နေကြတယ်… ဒါဟာ လက်တွေ့ဘဝထက် ကြီးမားကျယ်ပြန့်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု တစ်ခု… စိတ်တွေနဲ့ ဖြစ်တည်တဲ့ သံယောဇဉ်တွေ… ဘယ်လောက်ကြည်နူး စရာကောင်းတဲ့ စကားလဲလို့ မြင်တာနဲ့ သိသာပါတယ်...။


ညီမလေး မိုးခါ ပြောခဲ့သလိုပဲ “မိုးခါးတို့ တွေ့ ကြတယ် ဆုံကြတယ် ခင်မင်ကြတယ် .. ခင်ကြတယ်ဆိုတဲ့နေရာမှာ မိုးခါးအတွေးကတော့ အချိန်အကန့်အသတ်နဲ့မဆိုင်ပါဘူး .. တယောက်နဲ့ တယောက် တယောက်အကြောင်း တယောက် ၀င်ရောက်ခံစား ကိုယ်ချင်းစာပေးနိုင်မယ် .. နားလည်ပေးနိုင်မယ် .. အပြန်အလှန် ကူညီဖေးမမှုတွေ ပေးနိုင်မယ် .. (ကူညီဖေးမတယ်ဆိုတဲ့ နေရာမှာ စကားလုံးလေး တလုံးကလည်း အတိုင်း အတာ တခုအထိ ထိရောက်တယ်လို့ ထင်ပါတယ်..) စစခင်ချင်းမှာ လူတွေ ၄ ၅ ၁၀ ယောက် ဖြစ်ချင်ဖြစ်မယ် .. နောက် အချိန် ကြာလာတာနဲ့ အမျှ ကိုယ့်စိတ်နဲ့ နီးစပ်သူ .. ခံစားချက် ခံယူချက် နီးစပ်သူချင်း ပိုမိုရင်းနှီးသွားတတ်တာ သဘာဝပါ .. ခင်တာချင်းတူရင်တောင် ရင်းနှီးတဲ့စိတ်ခံစားမှုချင်း ကွာဟနိုင်ပါတယ် .. ” ဒီစကားလေးကို သိပ်သဘောကျပါတယ်…

မမဒါ အမှတ်တရ ရေးပေးခဲ့တဲ့ စိတ်ဘွဲ့ရတု ကဗျာလေးက တကယ့်ကို ဘလော့မောင်နှမတွေ စိတ်ချင်းဆက်သွားနေပုံကို လေးနက်စေပါတယ်…။


စိတ်ဘွဲ့ရတု


စိတ်ချင်း ကွန်ယက်တစ်ခုလို့ ချိတ်ဆက်ခဲ့

လေလှိုင်းက ပို့တဲ့ မေတ္တာဓါတ်တွေနဲ့..

သင်ရော နွေးထွေးပါရဲ့လား..မိတ်ဆွေ..

စိတ်ချည်း သက်သက် ရောက်လာခဲ့တဲ့

ပရိတ်သတ်အလည်မှာ...

စိတ်ဟာ..စိတ်ရှိလက်ရှိပျော်၇ွှင်လို့ရယ်ပေါ့...


ဘယ်မှာ အထီးကျန်ပါ့မလဲ...

ငါတို့ဘေးနားမှာ...

ဆွေမျိုးအရင်းအချာ

စိတ်တွေ..ရာထောင်မကရှိနေတယ်...။


ကျနော်သောကတွေ ဝမ်းနည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ဒီစာမျက်နှာပေါ်က အကိုအမ ညီညီမတွေရဲ့ အားပေးစကားဟာ ကျနော်အတွက် တကယ့်ကို အားဆေးတစ်ခွက်ပါပဲ…

မနေ့ ညနေက ကျနော့်အတွက် ရည်ရွယ်ပြီး အားပေးခဲ့ Z ရဲ့ပိုစ့်လေးအတွက် ကျနော် မျက်ရည်ကျမတတ် ဝမ်းသာဝမ်းနည်း ခဲ့ရပါတယ်… ညီအကို တစ်ယောက်ရဲ့ထားခဲ့တဲ့ သံယောဇဉ်ကို အတိုင်းသာ မြင်ရတဲ့ အတွက်ကျေနပ်ဝမ်းနည်းမိတာပါ… ဒါကြောင့် Z ကို ကျေးဇူးတင်တဲ့စကားထက် လေးနက်တဲ့ စကားတခွန်းပြောချင်တာပါ… ဒီပိုစ့်လေးက ဝမ်းနည်းနေသူအားလုံးအတွက် ဆိုတော့ ကျနော့် ဘလော့ပေါ်မှာ အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်… (ခွင့်ပြုချက်တောင် မတောင်းခဲ့ပါဘူး)… Z ကျေနပ် မယ်ဆိုတာ ယုံကြည်ပြီးသားပါ...။

Wednesday, August 5, 2009

နာကျင်သောစိတ်တို့ဖြင့်သာ

ဒီပို့စ်ဟာ ၀မ်းနည်းနေတဲ့သူတွေအတွက်ပါ ...။ အထူးသဖြင့် ဆေးကုသမှုခံယူနေရတဲ့ ဖိုးစိန်ရဲ့ညီလေးအတွက်နဲ့ ... သောကများနေတဲ့ ဖိုးစိန်အတွက်ရည်ရွယ်ပါတယ်....။ ဘ၀မှာ တစ်ခါတစ်လေရလာတဲ့သောကတွေဟာ စိတ်နဲ့တောင်မမျှဘူးလို့တွေးမိပါတယ် ...။ ခေတ်ကိုက Age of Anxiety ဆိုတော့ နဂိုအခံကိုယ်ကု မအေးချမ်းတဲ့ကြားမှာ ကြုံလာရတဲ့လောကဓံတွေက ထပ်ဆင့်လာတဲ့အခါ စိတ်တွေဟာ လေးလံမှိုင်းညို့ကုန်တယ် ....။

စိတ်မချမ်းမသာဖြစ်နေတဲ့ သူငယ်ချင်းတွေအားလုံးကို စာပိုဒ်လေးတစ်ချို့ဖတ်ပြတယ်လို့ပဲ မှတ်ယူပါတယ် ...။

Your grief is dark cloud eclipsing the luster of your mind,
raining tears upon your heart that the tree of life may blossom again.

သင့်ရဲ့ဝမ်းနည်းပူဆွေးမှုဟာ သင့်စိတ်ရဲ့လင်းပမှုကို နေကြတ်သလိုဖြစ်စေတဲ့ မှောင်မိုက်တိမ်တိုက်တွေလိုပါပဲ ... နှလုံးသားပေါ်ရွာချနေတဲ့ မျက်ရည်တွေကပဲ ဘ၀သစ်ပင်လေး ပြန်လည်ပွင့်လန်းစေပါလိမ့်မယ် ....။

The turbulent emotions that pass through your heart follow the same laws
that direct the rivers toward the deep.

သင့်နှလုံးသားကို ဖြတ်သန်းသွားတဲ့ ရိုင်းခက်မာကျော ကြမ်းထန်လှတဲ့ ခံစားချက်တွေဟာ မြစ်တွေကို ပိုနက်ရှိုင်းရာကို လမ်းညွှန်ပေးတဲ့ နိယာမတစ်ခုကို တူညီစွာလိုက်နာနေတော့တယ် ....။

Surrender as a river surrenders to its source; you will be lifted above the hills again and again,
until at last you descend, laughing through the valleys on your way home.

့မြစ်နဒီလေးက သူ့ အသွင်သဏ္ဍာန်ကို စွန့်လွှတ်လိုက်သလို ...(ရေခိုးရေငွေ့အဖြစ်ပြောင်းလဲလိုက်တယ်လို့ဆိုလိုမယ်ထင်ပါတယ်)၊ သင်ဟာ တောင်ကုန်းတွေ အပေါ်ကို အကြီမ်ကြိမ်ပင့်တင်ခံရပြီးနောက်ဆုံးမှာ သင့်အိမ်ပြန်လမ်းက တောင်ကြားလမ်းတစ်လျှောက်ရယ်မောနိုင်သွားမှာပါ .....

Gazing into an apple like a crystal ball, I saw a candlelit room from my forgotten childhood. I sensed my brother's spirit, my mother's love and my father's pride.

ပန်းသီးတစ်လုံးကို အနာဂတ်ကြည့်ဖန်လုံးလို ငေးနေမိတယ် ....။ မေ့လျော့နေတဲ့ ကိုယ့်ရဲ့ငယ်ဘ၀က ဖယောင်းတိုင်ထွန်းထားတဲ့ အခန်းလေးကို မြင်ခဲ့ရတယ် ...။ ကိုယ် ကိုယ့်ညီရဲ့ ၀ိညာဉ်ကို အာရုံနဲ့သိနေရတယ် ... အမေ့ရဲ့မေတ္တာနဲ့ အဖေ့ရဲ့ဂုဏ်ယူမှုတွေကိုလည်း ခံစားနားလည်နေမိတယ် ....။

The well of love that waters your garden is at times filled with your tears.

သင့်ဥယျာဉ်ကို ရေစင်သွန်းလောင်းတဲ့ ချစ်ခြင်းမေတ္တာစမ်းရေတွင်းဟာ သင့်မျက်ရည်များနှင့်သာ အခါခပ်သိမ်းပြည့်လျက်ရှိပြီ ....။

And it is good as it is so, for no waters are purer than those precious droplets released in your moments of surrender.
ဒါဟာကောင်းပါတယ် ...။ ဘာလို့လဲဆိုတော့ ဘယ်ရေကမှ သင့်လက်နက်ချသလိုစွန့်လွှတ်လိုက်ရတဲ့ အခိုက်အတန့်မှာ စီးဆင်းကျလာတဲ့ ဒီအဖိုးတန်မျက်ရည်စက်လေးတွေထက်မသန့်စင်နိုင်တော့လို့ .. အဲဒါဟာ ကောင်းမွန်ပါပေတယ် ...။

Tears are seed drops of joy shed by your soul's physician.
မျက်ရည်တွေဟာ သင့် စိတ်ရဲ့သမားတော်ကြဲပက်ဖြန့်ချလိုက်တဲ့ ၀မ်းမြောက်မှုအစေ့လေးတွေပါပဲ ...။

You may curse the physician's medicine, but the cure for your suffering is in your tears.
သင်ဟာ အဲဒီသမားတော်ကြီးရဲ့ ဆေးဝါးကို မုန်းတီးကျိန်ဆိုမိနိုင်တယ် ...၊ ဒါပေမယ့် သင့်ရဲ့သောကတွေအတွက် သက်သာငြိမ်းချမ်းမှုဟာ သင့်မျက်ရည်တွေမှာ ဖွဲ့တည်ပါရှိနေတာပါပဲ ...။

Weep until seeds of joy take root in the womb of your soul.
သင့်စိတ်ဝိညာဉ်ရဲ့ ၀မ်းခေါင်းမှာ ၀မ်းမြောက်မှုသစ်စေ့လေးတွေ အမြစ်စွဲတဲ့အထိ ငိုကြွေးလိုက်ပါ ....။

Bliss grief, as it softens the sinew that shields your deprived heart.
Yield to pain, for armor must be torn from you to expose your innocent strength.

ပူဆွေးမှုအားမင်္ဂလာရှိပါစေသတည်း .... သူဟာ သင့်ရဲ့ဆင်းရဲညှိုးငယ်တဲ့ နှလုံးသားကို အုပ်ကွယ်ထားတဲ့ ကြမ်းတမ်းမာကျောတဲ့အရွတ်တွေကို နူးညံ့စေပါတယ် ...။ နာကျင်ခံစားမှုကိုဖော်ထုတ်ပြသလိုက်ပါ ...။ အဲဒီ သံချပ်ကာ(လိုအပေါ်ယံဟန်ဆောင်မှုတွေ)ဟာခွဲဖျက်ပစ်ခံရပြီး သင့်ရဲ့ အပြစ်ကင်းတဲ့ ခွန်အားကို ထိတွေ့နိုင်စေဖို့ နာကျင်မှုခံစားချက်ကို ထုတ်ဖော်ပြသပါ ....။

But what joy is there that know not pain?
နာကျင်မှုကိုမသိတဲ့သူဟာ ဘယ်လိုလုပ်ဝမ်းမြောက်မှုကိုသိနိုင်ပါ့မလဲ ...။

Verily, pain is your necessity.
အမှန်တော့ နာကျင်တဲ့စိတ်ခံစားချက်ဟာ သင့်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုသာပါ ...။

Be patient, for time has a way of putting wings on tears.
စိတ်ရှည်ပါ ... အချိန်မှာ မျက်ရည်တွေကို တောင်ပံတပ်ပေးဖို့ နည်းလမ်းရှိပါတယ် ....။ ။

Notes;
ဒီစာကို ဖတ်ရတဲ့သူတိုင်း ဖိုးစိန်ရဲ့ညီလေး လူရောစိတ်ပါ အမြန်ဆုံး သက်သာပါစေလို့ ၀ိုင်းဝန်းကူညီဆုတောင်းပေးစေလိုပါတယ် .....။

ခင်မင်စွာဖြင့်

Zephyr

http://zthegardener.blogspot.com/

Posted by Zephyr at 9:36 PM



ဒီရက်တွေမှာ ကျနော် စိတ်ပေါက်ပေါက်နဲ့
ဂျစ်တိုက်သမျှကို စိတ်ရှည်သီးခံ ပေးခဲ့တဲ့ ကျနော်ချစ်ခင်ရတဲ့ ကိုကြီးကိုမိုးကုတ်သား ၊ ကိုကြီးဦးနော်
ကျနော့်ခံစားချက်တွေကို ထပ်တူခံစားပေးတဲ့ Z ၊ မကြီး ၊ မဒါ ၊တီငယ် ၊ မမမေ (Mae) ၊ မနှင်း နဲ့ ညီမလေးမိုးခါးတို့ကို ကျေးဇူးတင်ပါတယ်…

ပြီးတော့ ညီတစ်ယောက်လိုချစ်တဲ့ ကိုကြီးလူထွေးရဲ့ စိတ်ပူပင် စွာ ဆုတောင်း ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... အကိုကြီးသုန်နြေ္ဒ ရဲ့စိတ်ပူပင်ပေးမှုများအတွက် လဲ ကျေးဇူးတင်ပါတယ်...

ဒီအကိုတွေ အမတွေ ညီညီမလေးတွေက ခုရက်ပိုင်းမှာ ကျနော့်နဲ့ အနီးစပ်ဆုံး ရှိနေခဲ့လို့ပါ…။

ကျနော့်ကိုအားပေးကြတဲ့ ညီအတွက် ဝိုင်းပြီးဆုတောင်းပေးတဲ့ ကျန်တဲ့ ဘလော့ပေါ်က ညီအကိုမောင်နှမတွေ အားလုံး အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်…။

ကျနော့် ချစ်တဲ့ ညီလေးလဲ ဒီအကိုအမတွေ ညီညီမတွေ ပို့သတဲ့ မေတ္တာနဲ့ အမြန်ဆုံး နေကောင်းသွားမယ်လို့ မျှော်လင်မိပါတယ်…။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Wednesday, 5 August 2009

ကိုးမရှိတဲ့ နဝင်း မှ နက္ခတ် ရစ်သမ် မရောက်မှီ




“ပလုံ”

ရေထဲကို ခဲကျသွားတာလဲ ဖြစ်နိုင်တယ်...



ရေထဲက ငါး ခုန်တက်လာတာလဲ ဖြစ်နိုင်တယ်...



တနေ့မှာ ငါ့ အတ္ထုပတ္တိ ကို ငါဖွင့်ကြည့်လိုက်တယ်..။



ဘယ်လိုဖြစ်သွားသလဲ မသိဘူး...


“ပလုံ”

တာရာမင်းဝေ

ပြောရမယ် ဆိုရင်တော့ ဒီကဗျာလေးက ကျနော့် အကြိုက်ဆုံးနဲ့ ရင်ထဲ အထိဆုံးကဗျာလေး တစ်ပုစ်...

ကိုတာရာမင်းဝေရဲ့ နောက်ဆုံးကဗျာဆိုလဲ ဟုတ်ပါတယ်..

အကြွေစောလို့ နှမြောမိပါတယ်... ဆရာရေးခဲ့တဲ့ ကဗျာ ၊ဝတ္ထုတို ၊ ဝတ္တုရှည်တွေ အများကြီး ရှိပါတယ်..

ဒါပေမယ့်...

ကဗျာကို ချစ်တဲ့ ကဗျာ ဆရာရဲ့ ရေးသားခဲ့တဲ့စာတွေထဲက ထုတ်ဝေခဲ့သောစာတွေကို ကဗျာတစ်ပုစ်နဲ့ ဂုဏ်ပြုလိုက်ပါတယ်...



ကိုးမရှိတဲ့ နဝင်းမှ သည် နက္ခရစ်သမ် မရောက်မှီ




ကိုးမရှိတဲ့ နဝင်း အောက်

ကြယ်မြင်လမြင် လောကဓံတရားကို မမှု

မိုးခေါင်လို့ တီးတဲ့ ဗုံသံကြား

ပြိုင်မြင်းတို့ရဲ့ ခွာသံ တွေကို ကြားမိပါရဲ့ ….




ဒီခွာသံတွေနဲ့ အတူ

အလံမထူခဲ့သော လက်များကြား


ကောင်းကင်အကြွေတွေကောက်တဲ့လက် နဲ့ ဖမ်းမိတဲ့နဂါးငွေ့တန်း


မြင်းစီးထွက်သော အိမ်မက်များ အကြောင်း

မှော်ဆရာရဲ့ ကျောင်းစာအုပ်မှာ ရေးချဖြစ်ခဲ့တယ်….။



ဒီလိုပါပဲ……

ဆောင်းရာသီ ဒဿန တွေနဲ့အတူ

မနက်ဖြန်ခါမှာ ထားခဲ့တဲ့ မျက်နှာနဲ့

တူးဖော်ခဲ့သည့်မြေစိုင်မြေခဲများ

ကြေးသွန်းယဉ်ကျေးမှု အသွင်ပြောင်း တဲ့

လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇဝင်အကြောင်း

ကိုယ်ရေးကိုယ်တာ ပုရပိုက်မှာ ရေးဖို့

ကျွန်တော့်ဆီမှ အပြန်မှာ ဧဒင် ကချေသည်နဲ့ ဝင်ကဖြစ်ခဲ့တယ်…။



တစ်ခုခုတော့ ထိန်ချန်မိတယ် ထင်ပါရဲ့

မလုံမလဲနဲ့

စိတ်ထဲမှာ ပြာ ဝေသွားတယ်

သေချာတယ်…

ဝှက်ထားမိတာတစ်ခု

ဘယ်ဘက်လက်ထဲမှာ

ဝှက်ထားတဲ့ပုံပြင်က

ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး အကြောင်းပေါ့…။


လက်ဖဝါးမှာ ပါးအပ်ခွင့်မရှိတဲ့ ကောင်မလေးရေ

ငါသည်သာ ပန်းဖြစ်၍ နောက်တစ်ကြိမ် ပြန်ပွင့်ခွင့် ရခဲ့သော်

နတ်ပျိုမ အတွက်ပန်း ဆက်ဖို့

အရှေ့မြို့ရိုးမှမိုးရေစက်များ နဲ့အတူ

ပန်းခေတ်က လမင်း အောက်မှာ စောင့်နေပေးပါ….



သေချာပါသည်….။

သင်နှင့် နံနက်ခင်းကိုသာ ဝင်ခွင့် ပြုမည်…။


တစ်ခုတော့ ရှိသည်..။

သူ့ အိုးပုတ်ကလေးကိုတော့ ကျွန်တော် ပြန်မပေးပါ…။


လိုချင်တယ်ဆိုရင်ပေါ့…..

အာလာဒင်မသိလိုက်တဲ့ မီးခွက် နားမှာ

ဝင်္ကပါကို ဖွင့်တဲ့ သော့ ရှိတယ်…။

နက္ခရစ်သမ် ကျတဲ့ အချိန် ဝင်ယူလှည့်ပါ…။


ဖိုးစိန်


ဆရာ ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်များ


* ကိုးမရှိတဲ့နဝင်း

* ကောင်းကင်အကြွေ ကောက်တဲ့လက် (ဇန်နဝါရီ ၂ဝဝ၆)

* ကိုယ်ရေးကိုယ်တာ ပုရပိုက် (ဖေဖော်ဝါရီ ၂ဝဝ၇)

* ကိုယ့်လက်နဲ့ ဖမ်းမိတဲ့နဂါးငွေ့တန်း (အောက်တိုဘာ ၂ဝဝ၂)

* ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများ အကြောင်း (စက်တင်ဘာ ၂ဝဝ၅)

* ကျွန်တော်နှင့် ဆောင်းရာသီ ဒဿန (ဇန်နဝါရီ ၂ဝဝ၇)

* ကျွန်တော်နှင့် ကြေးသွန်းယဉ်ကျေးမှု

* ကျွန်တော်နှင့် ကြယ်မြင်လမြင် လောကဓံ

* ကျွန်တော်နှင့် ဧဒင်ကချေသည်

* ကျွန်တော်မှ အပြန် (သြဂုတ် ၂ဝဝ၆)

* ငါသည်သာ ပန်းဖြစ်၍ နောက်တစ်ကြိမ် ပြန်ပွင့်ခွင့် ရခဲ့သော် (ဒီဇင်ဘာ ၂ဝဝ၆) ဒုတိယအကြိမ်

* နတ်ပျိုမအတွက် ပန်း (ဒီဇင်ဘာ ၂ဝဝဝ)

* ပန်းခေတ်က လမင်း

* ပန်းလက်ဖဝါးမှာ ပါးအပ်ခွင့်မရှိတဲ့ ကောင်မလေး

* ပြာ

* ပြိုင်မြင်းတို့ရဲ့ ခွာသံ (ဇန်နဝါရီ ၂ဝဝ၅) ဒုတိယ အကြိမ်

* ဘယ်ဘက်လက်ထဲမှာ ဝှက်ထားတဲ့ပုံပြင် (ဇွန် ၂ဝဝ၆)

* မနက်ဖြန်ခါမှာ ထားခဲ့တဲ့မျက်နှာ

* မိုးခေါင်လို့ တီးတဲ့ဗုံသံ (ဇူလိုင် ၂ဝဝ၄)

* မြင်းစီးထွက်သော အိပ်မက်များ (နိုဝင်ဘာ ၂ဝဝ၆)

* မှော်ဆရာရဲ့ ကျောင်းစာအုပ်

* ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ ကောင်မလေး (ဇန်နဝါရီ ၂ဝဝ၆) တတိယ အကြိမ်

* လူငယ်တယောက်ရဲ့ ကျောက်ထွင်းရာဇဝင်

* ဝင်္ကပါကို ဖွင့်တဲ့သော့ (စက်တင်ဘာ ၂ဝဝ၆)

* သူ့အိုးပုတ်ကလေးကို ကျွန်တော် ပြန်မပေးပါ (ဇူလိုင် ၂ဝဝ၇)

* သင်နှင့် နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည် (ဇွန် ၂ဝဝရ) တတိယ အကြိမ်

* အရှေ့မြို့ရိုးမှ မိုးရေစက်များ

* အလံမထူခဲ့သော လက်များ (မေ ၂ဝဝ၇)

* အာလာဒင်မသိလိုက်တဲ့ မီးခွက် (ဇူလိုင် ၂ဝဝ၆)


မှတ်တမ်းထဲမှာမပါပေမယ့်..နောက်ထပ်စာပေပေါင်းများစွာကိုဆရာဖန်တီးခဲ့ပါသေးတယ်...

ဒါကတော့ ရှာလို့ ရသမျှပါ...


ကဗျာဆရာ ကိုတာရာမင်းဝေ အတွက် အမှတ်တရ ဂုဏ်ပြုထားတဲ့ ကဗျာပြပွဲလေးကို ဒီမှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်..။

ကဗျာဆရာ ကိုတာရာမင်းဝေ.... ကောင်းရာဘုံမှာ ပျော်ရွှင်ငြိမ်းချမ်းပါစေ...။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Monday, 3 August 2009

ခုတလော


ခုတလော တဲ့လား

ခုတလော ဖိုးစိန် ဘာတွေ ဖြစ်နေလဲဆိုတာတော့ ဖိုးစိန်နဲ့ နီးနေတဲ့ အကိုတွေ အမတွေ သိနေတာပဲ… စိတ်မပျော်ဘူး… နေမကောင်းဘူး… အရူးစိတ်နဲ့ ရောဂါသည် ဖြစ်နေတယ်… အကြာကြီး စိတ်တွေ ကောက်နေတယ်... တွေ့ရင် ရန်စကားပြော ဖြစ်နေတယ်... သည်းခံမှန်းသိလို့လဲ ရန်လုပ်မိတယ်... ပြီးတော့ ငိုပြန်တော့ ဒီအကိုအမတွေ ညီ ညီမတွေကို စိတ်မကောင်းအောင်လုပ်မိပြန်ရော.... အဆင်မပြေဘူး... ဘဝ.. ဘဝပါပဲ..ဒါကြောင့်

ခုတလော


တွေးမိနေတာက


(၁) ဘာဖြစ်ဖြစ် မကောင်းတာကို လာလာထိုးပေးတတ်တဲ့ လောကကြီးကို “မင်းသတ္တိရှိရင် ထွက်ခဲ့စမ်းပါ ယှဉ်ရဲရင် ရဲရဲဝံ့ဝံ့ ထွက်ခဲ့စမ်းပါ ငါလက်သင့်ခံမယ်… ငါလုံးဝ ဂရုမစိုက်ဘူး” လို့ လက်သီးလက်မောင်းတန်းပြီး စိန်ခေါ်လိုက်ချင်တယ်။
(၂) နာကျဉ်းမှု အပြည့်နဲ့ စိန်ခေါ်နေတာကို လောကကြီး အကြောင်း ကောင်းကောင်းမခံစားဖူးတဲ့ သူတွေက ဒီလောက်လေးနဲ့ ဖြစ်နေလိုက်တာများလို့ မိန့်မိန့်ကြီး ပြုံးပြီး ပြစ်တင်ဝေဖန် နေမယ့် သူတွေ အကြောင်း။
(၃) သတ္တိကြောင်ပြီး လူတွင်ကျယ် လက်သီးပုန်းထောင် နေတဲ့သူတွေ အကြောင်း။
(၄) ဝါးလုံးခေါင်းကြားမှာ လသာတာကို အဟုတ်ကြီးမှတ်နေတဲ့ ရေအိုင်ထဲက ဖားသူငယ် အကြောင်း။


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

ငါသည် အရင်ကလဲ ဘာမှမဟုတ်ခဲ့၊ ခုလဲ ဘာမှ မဟုတ်သေး၊ နောင်လဲ ဘာမှဟုတ်မည်မဟုတ် ပါလား လို့…..။


ကျမ်းမာရေး

မေးစရာကိုမလိုဘူး… မေးတဲ့သူတိုင်းက ခေါင်းကိုက်သက်သာလားတဲ့… နေကောင်းလား မမေးကြတော့ဘူး… အရင်ဘဝက ဖြစ်ခဲ့တဲ့ ငါးစိမ်သည် ဝဋ်ကို ဒီဘဝမှာ ကျေအောင်ဆပ်လိုက်ချင်တယ်…။ ကိုက်စမ်းပါလေ့… စိတ်ကုန်တဲ့ထဲမှာ ဒီကိစ္စလဲပါတယ်။
ခေါင်းကိုက်တော့ စိတ်တွေတိုတယ်။ ဒေါသထွက်တယ်။ သွေးခုန်နှုန်းတွေမြန်တယ်။ အမေ့ကို ပြောရအုံးမယ် မြေကွက်တွေ ဈေးမကြီးခင် စရံပေးထားတော့ဖို့။


ဖတ်ဖြစ်နေတာက


မကြီးနော် ရေးခဲ့တဲ့ပိုစ့်ထဲက “တစ်ယောက်ယောက်” ဆိုတာကို အလွတ်ရတော့မယ်။ ကြိုက်လွန်းလို့… ကိုယ်ပြောချင်တာကို ဒီပိုစ့်လေး ဖတ်ပြလိုက်ရင်ပဲ စိတ်ထဲပေါ့သွားသလိုလို ခံစားရတယ်။ (ကြိုက်တယ်ပြောလို့ ပုဂ္ဂိုလ်စွဲ ရှိနေလား လို့ ပြောရင်လဲ ပြုံးပြုံးပဲ အပြောခံပါရစေ)
ပြီးတော့ မွေးနေ့လက်ဆောင်အဖြစ် ပိုစ့်ရေးပေးခဲ့တဲ့ z ရဲ့ပိုစ့်နဲ့ ညီမလေး မိုးခါး ပိုစ့်
မွေးနေ့မှာ တစ်စက်ကလေးမှ စိတ်မပျော်ရွှင်ခဲ့ပေမယ့် ဖိုးစိန်အကြောင်း ရေးထားတဲ့ ဇက်ရဲ့ အမှတ်တရ ပိုစ့်လေးကိုဖတ်တော့ ပြုံးရုံတင် မဟုတ်ဘူး… ထရယ်မိတဲ့အဖြစ်… ဒါတောင် ကျနော့်အကြောင်းနော်… ဖတ်တိုင်းလဲ ရယ်ဖြစ်တယ်… ခုထိလဲ ဖတ်တုန်း… ဖတ်တိုင်းလဲ ကြိုက်တယ်.. ရိုးမသွားဖူး…
အဲဒီအတွက် ကျေးဇူးတင်တယ် Z ကို (ကြော်ငြာဝင်တယ်ထင်လဲထင်)
ပြီးတော့ ချစ်စရာကောင်းအောင် ရေးထားတဲ့ ညီမလေး မိုးခါး ရဲ့ မွေးနေ့ပိုစ့်က အောက်ဆုံး ညီမလေးရဲ့ ခံစားချက်တချို့… စကားလုံးတွေက ရင်ထဲကလာတယ်… မြင်နေရတယ်… အဲဒီစကားစု ကိုကြိုက်တယ်ဆိုတာလဲ မိုးခါးချိုတူးလေးကို ပြောဖြစ်ခဲ့တယ်… ခုထိလဲ ဖတ်တုန်းပဲ… ဖတ်တိုင်းလဲ ပြုံးနေရလို့လေ… ဒါကြောင့် အဖန်တလဲလဲ စိတ်ဖြေပြီး ဖတ်ဖြစ်နေတာ ဒီပိုစ့်သုံးခုနဲ့ မြစ်ကျဉ်းသုံးခု ကကဗျာလေးတွေ…။

ရောက်နေတဲ့နေရာက

FARM TOWN ထဲကလယ်တောလေး…။ စိတ်တွေ လေနေတဲ့ အချိန်မှာ မကြီးလုပ်သူက အမွေအဖြစ် ခွဲပေးထားတဲ့ လယ်ကလေးကို ပိုင်ဆိုင်ရပြီး ချစ်ကို ကိုမောင်ဟတ်ကြီး ရဲ့ ဂရုတစိုက် စောင့်ရှောက်မှု အောက်မှာ ဖြစ်ထွန်းလာရတဲ့ လယ်တောလေး….။ လယ်တောထဲရောက်သွားရင် အလိုလိုပျော်နေမိတယ်။ စိုက်ထားတဲ့ အသီးအပွင့်တွေ မြင်လို့ ကြည်နူးရသလို လယ်တကာလှည့်ပြီး အလုပ်လိုက်တောင်းရတာကို ပျော်နေတယ်။ (စိတ်ချမ်းသာတယ်၊ မေ့ချင်တာကို လယ်ထဲမှာ နှစ်ထားလိုက်တာပဲ) အဲဒီအတွက် ကျေးဇူးထပ်တင်ပါတယ်။

ရေးဖြစ်နေတာက ခြစ်ဖြစ်နေတာက

ရေးနေတာတွေကတော့ အများကြီး…။ အတွေးထဲမှာ…။ တစ်ခုမှ လက်တွေ့ဖြစ် မလာပါဘူး…။ ဒါကြောင့် စိတ်ပေါက်တိုင်း ရေးခြစ်မိနေတာက ကိုယ်ချစ်ခင်ရတဲ့ ဘလော့ဂါ ကိုကို မမပုံတွေ…။ ခဲနဲ့ခြစ်လိုက် ဆေးနဲ့ ချစ်လိုက် ခုတစ်လော ကလောင်သွားထက် စုတ်ချက်က ပြင်းနေတယ်…။ ဘယ်လောက်ထိများ ပြင်းနေလဲဆိုရင် ပုံတူဆွဲပြီး ဒါ မမပုံလို့ ပြောတာတောင် အဲဒါဘယ်သူ့ပုံကြီးလဲ လို့ တအံ့တသြ မေးခံရလောက်အောင် လက်ရည်တွေ တက်လာတယ်။ ဘာဖြစ်ဖြစ် အမှတ်တရတော့ စိတ်ပေါက်ပေါက်နဲ့ ဘာပုံထွက်ထွက် ရေးခြစ်နေပါရဲ့။ ( လိုချင်သူများ စရင်းပေးထားပါ… ဘလော့ပေါ်တင်မှ ရွေးခွင့်မရှိ)

မုန်းနေမိတာက

နေ့စဉ်နေ့တိုင်း ညနေတိုင်း အလုပ်ဝင်ရင် ဆီးကြိုနေတတ်တဲ့ SEA BASS လို့ခေါ်တဲ့ ငါးတွေ။ ဒီငါးတွေကို မြင်တိုင်း ဒေါသက အလိပ်လိပ် တက်လာတယ်။ FILLET အလုပ်ခံဖို့ စောင့်နေတဲ့ ဒီငါး သတ္တဝါတွေကို တော်တော်မုန်းမိတယ်။ မုန်းလို့လဲ သူတို့ရဲ့ သုံးမရတဲ့ ခေါင်းတွေကို အမှိုက်တောင်းထဲ မထည့်ခင် ခုတ်ထစ် ဖြတ်တောက် နေမိတာက အကြိမ်ကြိမ်။ စိတ်ထဲမှာလဲ ဒီငါးတွေကို နှစ်သက်မက်မော စွာ စားနေတဲ့ လူတွေကို မေတ္တာအကြိမ်ကြိမ် ပို့သမိပါရဲ့။ z ကတော့ ဖတ်ပြီး ရယ်နေဦးမယ်…။ သူကလဲ ဒါလေးကို စိတ်စွဲပြီး ပိုစ့်တိုင်းမှာ ထည့်သုံးချင်နေတာ။ သူဆီက စာမူခ တစ်ဝက် ပြန်တောင်းရဦးမယ်။

ချစ်နေတာက

သက်မဲ့ထဲက သက်ရှိတွေရဲ့ အသံတွေ

ဘလော့ပိုင်ရှင်က မျက်စိမှိတ် နားပိတ်ပြီး ကြောက်လန့်တကြား မန်နေဂျာ ရာထူးကို မခန့်ချင် ခန့်ချင်နဲ့ ခန့်လိုက်လို့ မန်နေဂျာ အဖြစ်နေရာရပြီး စောင့်ရှောက်ပေးနေရတဲ့ စီဘုံးလေး။ “အမေကျော် ဒွေးတော်လွမ်းတယ်” ဆိုရမလားပဲ ။ အဲဒီစီဘုံးလေးကို ချစ်နေမိတယ်။ အဲဒီစီဘုံးလေး နဲ့ အတူ စကားလာပြောကြတဲ့ ညီအကိုမောင်နှမတွေ ဆုံတဲ့ ညနေခင်းလေး ကိုချစ်တယ်။ စလိုက်နောက်လိုက် နဲ့ အပြစ်ကင်းတဲ့ အချိန်လေးတွေပေါ့…။

စိတ်ပျက်နေမိတာက

ကိုယ်ရေးနေတဲ့ စာတွေ။ လူသားတွေ အတွက် အကျိုးမပြုနိုင်တဲ့ ရသမပေးနိုင်တဲ့ ပေါက်ကရအတွေးတွေနဲ့ စာတွေအတွက်။ ဒီစာတွေရှိနေတဲ့ ဘလော့လေးကို ချစ်နေရက်နဲ့ ဖြတ်တောက်မရ စိတ်ပျက်နေမိတာတော့ အမှန်ပင်။ (ကိုယ့်ရေးတဲ့ စာတစ်ကြောင်း စကားတစ်လုံးကြောင့် လူတစ်ယောက်ပျော်သွား စိတ်ချမ်းသာသွားရင် ကိုယ်လဲ ကုသိုလ်ရတယ်လို့ ပြောခဲ့တဲ့ z စကားလေးနဲ့တော့ ဖြေသာနေပါသေးတယ်)

နားထောင်နေမိတဲ့သီချင်း


ထူးအိမ်သင်ရဲ့ ဆန္ဒထဲ ရှိသမျှအဟောင်းတွေ…။ အကုန်နီးပါပါပဲ ။ အထူးသဖြင့် “ဂျက်ဆင်ထိပ်က လရိပ်ပြာ” လူနဲ့ အင်္ကျီ” “တကယ်လို့များ (ထူးအိမ်သင်ဗားရှင်းတော့ မဟုတ်) ဒီသီချင်းတွေကို အိမ်မှာ အမြဲဖွင့်ထားမိတယ်…။ အိမ်ရှင်တောင် အလွတ်ရတော့မယ်ရဲ့။ သံစဉ်တွေကို ကြားပါများတော့ သူပါလိုက်ညည်းနေတတ်ပြီးလေ….။

တမ်းတနေမိတာက

ပုဂံလမ်းက နေလျှောက်သွားရင် ရောက်တဲ့ ပဒေသာက လူကျမှ စားကောင်းတဲ့ ပစ်စက်လက်ခတ် တရုတ်အစားစာတွေ၊ အဲဒီကနေဆက်သွားရင် ဦးချစ်၊ ပြီးရင် ဦးတင်အောင်တုတ်ထိုး နဲ့ မန်ကျဉ်ဖျော်ရည်၊အသည်းပန်းက ပဲပြုတ် နံပြား၊ မလိုင်နဲ့ နံပြား၊ ရွှေညောင်ပင် ဒံပေါက်၊ မင်းသစ္စာ ကြက်ဆီထမင်း၊ ရွှေယုံလေး သို့ Ykko ကြေးအိုး၊ ရွက်လှ အရက်ဆိုင်က ဂဏန်းချဉ်စပ်၊ ပါရမီမီးပွိုင့်ထိပ်က ငါးခေါင်းဟင်းချို၊ ရန်ကင်း က ရခိုင်မုန့်တီ၊ လက်ကီးဆဲဗင်းက လက်ဖက်ရည်(ဒါတော့ မကြီးနဲ့တူနေပြီး)၊ (၃၇) လမ်းထဲက ထမင်းဆိုင်၊ ပြီးတော့ မြောက်ဒဂုံက သူငယ်ချင်းအိမ်မှာ ညည စုစု ပြီး ပေါက်ကရချက်စားတဲ့ ဟင်းနဲ့ အတင်းစကားတွေး) ပြီးတော့… ပြီးတော့…. ရထားထွက်တော့မယ်……


စွဲလမ်းနေမိတာက

တက်ခဲ့ရတဲ့ UFL ကျောင်းဝင်း၊ ဆရာမတွေနဲ့ သူငယ်ချင်း ကန်တင်းနဲ့ NB OB နဲ့ မြဝတီ အဆောင်တွေ
လှဲအိပ်ခဲ့တဲ့ မြက်ခင်း ထုစားခဲ့တဲ့ ဗံဒါသီး၊ ခဲနဲ့ပေါက်ပြီး စားခဲ့ရတဲ့ မန်ကျဉ်းသီး၊ ချစ်သူပန်ဖို့ အစောကြီး လာလာခိုးခူးရတဲ့ ကျောင်းထိပ်က ကံကော်ပန်းပင်။

မေ့လျှော့ပြစ်နေတာက

ခုချိန်မှာ နှမြော တသသ စွဲလန်းနေမိတဲ့အရာတွေ။

ခါးသက်နေမိတာ

လက်ရှိ အခြေအနေနဲ့ ဘဝအကျိုးပေး။


လိုအပ်နေတာက

မေတ္တာတရား…။ စာနာမှု…။ အားပေးမှု…။ နားလည်မှု…။ အနားမှာ ဖြေသိမ့်အားပေး တတ်မယ့် စကားလုံးတွေနဲ့ နွေးထွေးတဲ့ အကြည့်၊ နူးညံ့နဲ့ အပြုံးတွေနဲ့ သူ (ခုတော့ အနားမှာ ဒီအကိုတွေ အမတွေ ရှိနေတဲ့ အသိနဲ့ ကျေနပ်နေမိပါတယ်)။

စားဖြစ်နေတာက


မစားချင်လဲ အတင်းကြိတ်မှိတ်ပြီး စားရတဲ့ ဖြူဖတ်ဖြူရော် အရည်ပျစ်ပျစ် ငရုတ်ကောင်းမှုန့်ခပ်များများနဲ့ ဆန်ပြုတ်။

လွမ်းနေမိတာက

မမေးနဲ့ ။ သိနေတဲ့အတိုင်းပဲ။ ကျနော်ချစ်တဲ့ ဖေဖေ၊ မေမေ၊ ညီ၊ ညီမနဲ့ ကျနော့်တို့အိမ်ကလေး။


သနားနေမိတာက

ကိုယ့်ကိုယ်ကိုပဲ (ဘာမှ ဖြစ်မလာသေးတဲ့ နုံချာချာ ဘဝလေးကို သနားနေမိတာ)။


တောင်းမိတဲ့ဆု


ချစ်တဲ့ ညီလေး အကောင်းပကတိ ကျမ်းမာလာဖို့ …။ ဒါက ဘဝမှာ မိဘအတွက်ကလွဲရင် မတောင်းစဖူး အတောင်းထူးတဲ့ မေတ္တာတွေ အပြည့်နဲ့ ညီလေးအတွက် ဆုတောင်း..။ ဒီဆုတောင်း ပြည့်ဖို့ အသက်ပေးရမယ် ဆိုရင်တောင် ခုပေးဖို့ အဆင်သင့်။ တစ်ခုတည်းသော လက်ဆောင်အဖြစ် ညီလေးကို ပေးချင်ခဲ့တဲ့ ဆန္ဒ။ ဒီဆန္ဒတွေ ပြည့်ဝဖို့ အကြိမ်ကြိမ် အသံထွက် ဆုတောင်းနေမိပါရဲ့…။


ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက

ဖိုးစိန် နင်ဘာကောင်လဲ…. နင်ဘာလဲ… နင်ဘာဖြစ်ချင်တာလဲ… နင်ဘာတွေလုပ်နေတာလဲ… ဆိုတဲ့ လဲပေါင်း များစွာသော ကိုယ့်ကိုယ်ကိုယ် မကျေနပ်တဲ့ မေးခွန်းတွေ…။

ရွတ်နေမိတဲ့ကဗျာက

ဒီလိုပါပဲ ဆိုတဲ့ ကဗျာလေးနဲ့
ကိုယ့်ကိုယ်ကိုယ် စစ်ဆေးခြင်း ဆိုတဲ့ ကဗျာလေး( သိတယ်မဟုတ်လား ဘယ်သူ့ကဗျာတွေ လဲဆိုတာ)

ကြိတ်ပြီး ချီးကျုးနေတာက

ကိုယ် ဂျီကျ ကောက်လိန်သမျှကို စိတ်ရှည်ရှည်နဲ့ ဒေါသ ပြေပြေလေးထွက် ပြီး အတတ်နိုင်ဆုံး သည်းခံနေနေတဲ့ အကိုတစ်ယောက် (အလွဲများနဲ့ လူသား ဆို လူတိုင်းသိပေါ့)း) နာမည်တောင် ရေးမှာတာလေ...း)
ကိုမောင်ဟတ်ကြီး ရှိနေလို့လဲ ပျော်မိပါတယ်... ကျေးဇူးပါ Nowel.....

ကြိတ်ပြီးအထင်သေးနေမိတာက


ကိုယ့်ကိုယ်ကိုယ် ဂျီကျ လိမ်ကောင်ကွေး ဂျစ်တိုက် ဆိုးချင်နေတဲ့စိတ် (ပြင်လို့လဲမရး))

ဝန်ခံချင်တာက

ဒီပိုစ့်ရေးပြီး နောက်ထပ် ဘယ်လောက်ကြာကြာ ထပ်ပျောက်နေဦးမှာလဲ ဆိုတာ အာမ မခံနိုင်တာပဲလေ။ ( ဒီပိုစ့် တစ်ခုနဲ့တင် ကော့မန့် အခုတစ်ရာ ရခဲ့ရင်တော့ စာတွေ ဆက်ရေးကောင်း ဆက်ရေးမှာပါ… ကျီးနဲ့ ဘုတ်ဆိုပေမယ့် ကျီးကလဲ ဘုတ်ဆီက အားပေးစကား တွေကို ကော့မန့် အနေနဲ့ ရချင်ပါသေးတယ်… သြော်… ကျနော်လဲ လောကီသားပေးကိုး… ဘလော့ လောကက ကျီးနဲ့ဘုတ် ဆိုရင်လဲ အပြောခံပြီး လိုချင်မိပါရဲ့… မရတော့လဲ အားမရှိတော့ဘူးလေ… ကော့မန့် များများ ရခဲ့ရင်တော့ ပိုစ့်တွေ ကဗျာတွေ တင်ဖို့အတွက် ဘလော့ စာပေ နဲ့ ကဗျာ သဒ္ဒါနဲ့ သတ်ပုံကြမ်း စိစစ်ရေးကို တင်ထားတဲ့ စာတွေ ပါမစ်ရတဲ့ အခါ တင်ပေးဖို့တော့ စိတ်ကူးရှိပါရဲ့ (ဒါတောင် စာလုံးပေါင်းတွေကို အကိုတစ်ယောက် က အမြဲ စစ်ဆေးပေးနေကျ)

မကြီး ( မနော်ဟရီ) ရေ....

စိတ်တွေလေနေတဲ့ အချိန်မှာ ဒီပိုစ့်လေးနဲ့ ထွက်ပေါက်ရမလားပဲနော်..... သားတာဝန်ကျေပါတယ်...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်