Friday, 27 November 2009

ကြေငြာချက်အတင်း

ကျန်းမာတော် မူစပါစ ခင်ဗျာ…

ယနေ့ မြန်မာသက္ကရာဇ် (၁၃၇၁)ခု နတ်တော်လဆန်း (၁၂)ရက် ၊ (၂၀၀၉) ခု နိုဝင်ဘာလ (၂၈)ရက် မနက်ခင်း ဘလောဂါ အတင်း များကို စတင် …. ကြေငြာပါတော့မယ်…

အတင်းခေါင်းစဉ်

နာမည်ကျော် ပြည်သူ့အချစ်တော် အော့ကျောလန် ပတ်ချွဲ နှပ်ချွဲ ပေါ်ပြူလာ ဘလော့ဂါ မျက်စိနောက် စိန်မျောက်မျောက် (ခ) ဖိုးစိန် စင်္ကာပူနိုင်ငံသို့ (၅) ပတ်ကြာမျှ သွားရောက်ပွေလီ ဒုက္ခပေး လည်ပတ်မည်ဖြစ်ကြောင်း

နာမည်မကြီး ထမင်းငတ် ပေါ်ပြူလာ စကာင်္ပူ ဘလော့ဂါ အကျော်အမော်များ ပြည်သူ့ အရှုပ်တော် ဖိုးစိန်အား ချန်ဂီလေဆိပ်တွင် မျက်စိနောက်လောက်အောင် လာရောက်ကြိုမည်ဖြစ်ကြောင်း

စကာင်္ပူနိုင်ငံသို ရောက်ရှိတဲ့အပတ်အတွင်း စိတ်ပျက်လက်ပျက် တာဝန်ယူလိုက်ရသည့် အနုအလှ ဂွကျကျ ဂေါ်မစွံ လူပြိုကြီး မိုးကုတ်သားအိမ်တွင် မျက်စိနောက်စရာ ဘလော့ဂါ အကျော်အမော်များကို မျောက် ဖိုးစိန်မှ မတတ်သမျှ လုံးချ ဟင်းချက်နည်းများဖြင့် တခါစားရုံနဲ့ ဆလံ တသွားရလောက်သော ဂရိ ဟင်းလျာများကို ချက်ကြွေးမည်ဖြစ်ကြောင်း၊ ခိုင်လုံသော အတင်းရပ်ကွက်မှ အတင်းများကို လက်ခံရရှိထားပါတယ်…..

ပတ်ချွဲနှပ်ချွဲ အရှုပ်ထုပ် မျောက်ငို ၏ ပြောရေးဆိုခွင့် ရှိသူ ချစ်ချစ်ချစ်သောမောင် ၊မောင်ချစ်သော ချစ်ချစ်ရဲ့ မောင့်ချစ်ချစ် မက်မက် ၏ တရားမဝင် ရောင်းစားမှု အတင်းအရ ဖိုးစိန်မှာ စကာင်္ပူ မလာခင် သုံးလေး လကျော်ကျော်က ပင် စကာင်္ပူ သွားဖို့ ပြင်ဆင်နေခဲ့ကြောင်း သိရပါတယ်…

ဖိုးစိန်ဟာ စကာင်္ပူ မလာခင် သုံးလေးလ အလိုကပင် စကာင်္ပူတွင် ကြွားလုံး ထုတ်ဖို့ရန် (၅)ပတ်စာ နေ့ ည အင်္ကျီ အစုံ (၇၀) ကျော်ကို မီးပူ တိုက်နေခဲ့ပါတယ်… ထိုအဝတ် များကို သုံးလ မတိုင်ခင်က ပင် မျောက် အုန်းသီးရသလို အိတ်ထဲ ထည့်လိုက် ပြန်ထုတ်လိုက်နှင့် ကြွားလုံးထုတ်ချင်သော အင်္ကျီ ဘောင်းဘီများမှာ ကြွေမွ၍ အကြိမ်ကြိမ် ပင်မီးပူတိုက်ခဲ့ ပြန်လျှော်ခဲ့ရ၍ ယခုဆိုရင် ထိုအဝတ်အစားများက ဘေထုပ်သာသာ လက်နှီးစုတ် သာသာ ဖြစ်နေကြောင်း ဖိုးစိန်၏ ချစ်ချစ်ချစ်သော မောင့် ချစ်ချစ် မက်မက် ၏ မဲ့ကာရွဲ့ကာ ပြောကြားချက်များ အရ အတင်းရရှိပါတယ်…

တနေ့ တနေ့ လိုသောပစ္စည်းများကို စာရင်းရေးပြီး ခေါင်းအုံးအောက်တွင်ထည့်အိပ်၊ တရေးနိုးလျှင် လိုအပ်သော ပစ္စည်းများကို သတိရသလို ထထထည့်တတ်သော၊ အလုပ်မရှိ အလုပ်ရှာပြီး ထည့်ထားသော ပစ္စည်းများကို ထိုင်ကြည့်နေတတ်သည့် မျောက်ငို၏ စိတ်ကျမ်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ ထိုစိတ်ခံစားမှုများဖြင့် ချန်င်္ဂီလေဆိပ်သို့ရောက်လျှင် ရောက်ချင်း နာမည်မကျော် ဘလော့ဂါ အကျော်အမော်များကို တွေ့လျှင် အကို မျောက်ငို တစ်ယောက် ရူးသွားနိုင်ဖွယ် ရှိသည်ကိုလည်း ညီမဖြစ်သူ အချောအလှ မိုးခါး ချိုတူးလေးမှ အားမနာ ပါးပနာ ဝေဖန်ပြောသွားကြောင်း အတင်းရရှိပါတယ်…

ဖိုးစိန်၏ အတင်းအဓမ္မ တောင်းဆိုချက်အရ မသက်မသာ လက်ခံလိုက်ရသော လူပြိုကြီး မိုးကုတ်သားမှာ ဖိုးစိန်လာခါနီးလေ ခေါင်းကျိမ်းလေလေဖြစ်၍ ဆံပင်များပင်ကျွတ်လာ၍ ကတုံးဆံပင်သို့ ပြောင်းညှပ်လိုက်ရကြောင်း၊ ဖိုးစိန်၏ အသည်းကျော် ပေါ်ပေါ်(တောင်ပေါ်သား) ခမျာလဲ ဖိုးစိန်လာဖို့အရေး တွေးပူလို့ အဖျားများပင်ဝင်ခဲ့ကြောင်း၊ ဘလော့မှာစာရေးကျဲသွားသော မေလေး ခမျာမှာလဲ ဖိုးစိန်လာရင် ဟင်းကောင်းစားရရေးအတွက် ကြက်ဥ၊ဘဲဥများကို စကာင်္ပူတနိုင်ငံလုံး လိုက်လံဝယ်ယူနေ၍ ဘလော့ပင် မရေးအားကြောင်း၊ ဦးရှင်ကြီးမှာ ခုကတည်းကပင် ဝိုင်းဖြစ်မြောက်ရေးအတွက် အရက်ချက်စက်ရုံတွင် အော်ဒါမှာယူနေကြောင်း အပြင် ဖိုးစိန်ကို ကြောက်သော သက်ပိုင်သူ တို့လို ဘလော့ဂါတစ်ချို့မှာ အထုပ်များပြင်၍ အမိမြေသို့ ပြန်ပြေးမည်ဖြစ်ကြောင်း၊ ဖိုးစိန်၏ ချစ်ချစ်ချစ်သော မောင့်ချစ်ချစ် မက်မက်က ဘုန်းကြီးအတင်းဝတ်ပေးမည့် အကြောင်းများကို ကွမ်းတမြုံမြုံ ဝါးရင်း မကောင်းကင်ပြာက အတင်းချသွားခြင်းဖြစ်ပါတယ်။

ဖိုးစိန်၏ အတင်းများကို တရားဝင်ထုတ်ဖော်ကြေငြာသူ သူငယ်ချင်းရီနိုမာန်၏ ပြောပြချက်အရ ဖိုးစိန်မှာ ဆိုက်ပရပ်စ်နိုင်ငံ မှ (၂၀၀၉) ဒီဇင်ဘာလ (၃)ရက် ကြာသာပတေးနေ့ နိုင်ငံစံတော်ချိန် ည(၇) နာရီခွဲတွင်ဆိုက်ပရပစ်နိုင်ငံ လာနာကာ မြို့မှ ထွက်ခွာလာပြီး ဒူဘိုင်းတွင် တထောက်နားပြီး သကာလ စကာင်္ပူနိုင်ငံ ချန်ဂီ လေဆိပ်သို့ ဒီဇင်ဘာလ (၄)ရက် သောကြာနေ့ စကာင်္ပူနိုင်ငံ စံတော်ချိန် ည(၉)နာရီတွင် ရောက်ရှိမှာ ဖြစ်ကြောင်း အတင်းရရှိပါတယ်။ မိုးကုတ်သား၊ တောင်ပေါ်သားနှင့်တကွ သူငယ်ချင်းရီနိုမာန်က လေဆိပ်တွင် ဖိုးစိန် ကို အသင့်စောင့်ကြိုနေမှာဖြစ်ပြီး ပျော်လွန်း၍ ရူးမသွားစေရန် စောင့်မတ်ကြည့်ရှု့ရမှာ ဖြစ်ကြောင်း လဲ သိရပါတယ်။

ဒီဇင်ဘာလ (၆)ရက် တနင်္ဂနွေနေ့တွင် စကာင်္ပူမှာ ဘလောဂါများ ဘလော့ဂါမဟုတ်သော စာဖတ်သူများ ဖိုးစိန်နှင့်တူတူ ပျော်ရွင်စွာ အရူးထနိုင်ရန်အလို့ငှာ လူပြိုကြီး မိုးကုတ်သားအိမ်တွင် တွေ့ဆုံပွဲ ပြုလုပ်မှာ ဖြစ်ပြီး ဖိုးစိန်မှ ဂရိအစားအစာများဖြင့် တခါတည်းဆလံတအောင် ချက်ကြွေးမည်ဖြစ်ကြောင်း၊ အသားစားသူများ၊ မစားသူများ၊ သက်သက်လွတ်သမားများအတွက်၊ အားလုံးအတွက် အဆင်ပြေအောင်ချက်ကြွေးမည်ဖြစ်ကြောင်း လဲသိရပါတယ်။ ထိုအပြင် ထိုနေ့တွင် အမှတ်တရအနေနဲ့ ညီငယ်ဆောင်းချမ်းမိုးကလဲ မွေးနေ့ ပြုလုပ်မည်ဖြစ်ပါသောကြောင့် အားလုံးအမှတ်တရ ပျော်ပျော်ပါးပါး ချက်ပြုတ်စားသောက်ကြမည့်အကြောင်း စကာင်္ပူနိုင်ငံမှ ဘလော့ဂါများအားလုံးနှင့် စာဖတ်သူများအားလုံးကို ကိုမိုးကုတ်သားအိမ်သို့ လာရောက်ဖို့ ဖိတ်ခေါ်ထားကြောင်း၊ ပျော်စရာကောင်းသော နေ့လေးတစ်နေ့ ဖြစ်ပါ့မည့်အကြောင်း ကိုလဲ ရီနိုမာန် မှ ပြောကြားသွားကြောင်း သတင်းရရှိပါတယ်.. ဆက်သွယ်ရန်ဖုန်းနံပတ်များကတော့ ကိုမိုးကုတ်သားတောင်ပေါ်သားရီနိုမာန်၊ မက်မက် မိုးခါး စသော ဘလော့ဂါများ နှင့် တစ်ယောက်ကို တစ်ယောက် ဆက်သွယ်နိုင်ကြောင်းလဲ သိရပါတယ်။


မျောက်ငိုမှာ စကာင်္ပူတွင် နေစဉ် (၅)ပတ်တာ ကာလအတွင်း စကာင်္ပူမှာ ထမင်းကျွေးသူများကို ဖုန်းကိုင်မျှော်နေမည်ဖြစ်ကြောင်းနှင့် တအိမ်တက်တအိမ်ဆင်း အားမနာတမ်းလိုက်စားမည်ဖြစ်ကြောင်းကိုပါ သိရပါတယ်...

ဤတွင် လတ်တလော အတင်းများကို ကြေငြာလို့ ပြီးပါပြီး။ နောက်ဆက်တွဲ သတင်းများကိုလဲ ရလျှင်ရသလို ကြေငြာသွားမည်ဖြစ်ကြောင်းပြောကြားရင်း အတင်းကဏ္ဍကို ရပ်နားလိုက်ပါတယ်

ကိုယ်စိတ်နှဖြာ ကျန်းမာတော်မူကြပါစေခင်ဗျာ…

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မျောက်ငို

Saturday, 21 November 2009

စာမျက်နှာ (၂၂)

တိမ်တွေ ငိုနေတဲ့ ကောင်းကင်ကြီးကို ပြတင်းပေါက်ကနေ တဆင့် မော့ကြည့်ရင်း ကျနော့် ညာဘက်လက်က ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ စာအုပ်လေးကို ဘယ်ဘက်လက်နဲ့ ညင်သာစွာ ပွတ်သတ်နေမိတယ်… ဒီစာအုပ်နဲ့ အတူ ရင်ထဲမှာ ခံစားချက်တွေ ရှိနေပေမယ့် တိမ်တွေလို မငိုတတ်တဲ့ ကျနော့်စိတ်တွေက ဒီစာအုပ်လေးကို ဖွင့် လိုက်မိတိုင်း လူမသိ သူမသိ ကျခဲ့ရတဲ့ မျက်ရည်စက် တချို့ကိုတော့ ဒီအတွင်းစာမျက်နှာတွေက ကောင်းကောင်း မှတ်မိနေမှာပါ…

သူမ ရေးခဲ့တဲ့ စာအုပ်ကို အမြဲတမ်း မဖတ်မိ ပေမယ့် ကျနော့်အနားမှာ အမြဲတမ်းရှိနေခဲ့တယ်… ဒီလိုပဲ ကျနော့် အနားမှာ အမြဲတမ်း မခေါ်ထားနိုင်တဲ့ သူမကိုလဲ ကျနော့်ရင်ထဲမှာ အမြဲရှိနေခဲ့တယ်… ဒါပေမယ့် ကျနော့်ရင်ထဲ အမြဲရှိနေတာကို သူမကိုယ်တိုင် သေချာ သိထားအောင် မရှင်းပြတတ်တာကိုတော့ ကျနော့် အမှားတစ်ခုလို့ မခံယူမိခဲ့ဘူး… သူမ ကျနော့်ကို မည်မျှချစ်သည် ဆိုတာကို သိထားခဲ့ပေမယ့် ကျနော်ချစ်သည်ကို သူမသေချာနားမလည်နိုင်ခဲ့.... သူမကို တော့ ကျနော် နားလည်စွာနဲ့ နှစ်နှစ်ကာကာ ချစ်မိပါတယ်…

တခြားသူ တစ်ဦးတစ်ယောက်အတွက် အချစ်ဆိုတာကို အဓိပါယ်အမျိုးမျိုး ဖွင့်ဆိုကြပေမယ့် ကျနော့်အတွက်ကတော့ ချစ်သူနှစ်ဦးက နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ကိုယ်ချစ်တဲ့သူ ကျန်းမာပျော်ရွင် နေရင် အဝေးကနေထိုင်ကြည့်နေရတောင် ပျော်နေတတ်တဲ့ သူပါ… မြတ်မြတ်နိုးနိုးနဲ့ အနားက အပျောက်မခံနိုင်အောင် သည်းသည်းလှုပ် ချစ်နေတတ်တဲ့ သူမနဲ့ ကျနော် တခါတလေ စိတ်အခန့်မသင့် နားလည်မှု လွဲတတ်ပေမယ့် အမြဲတမ်း အလျော့ပေးတတ်တဲ့သူမကြောင့်လဲ ကျနော် သူမကို မြတ်နိုးမိပါတယ်..

ဘာဖြစ်ဖြစ် သူမနဲ့ ကျနော်တို့ရဲ့ အချစ်သက်တမ်း ရက်တွေ တိုးလာနေခဲ့ပါတယ်… ဒီလိုရက်တွေ ရောက်တိုင်းလဲ သူမ ကျနော့်ကို ပေးထားခဲ့တဲ့ ဒီစာမျက်နှာလေးကို ဖွင့်ပြီး သူမ မကြားနိုင်တဲ့ ကျနော်ပြောချင်ခဲ့တဲ့ စကားတွေကို နှလုံးသားနဲ့ ပြောတတ်နေခဲ့ပါပြီး… သူမပြောနေကျ စကားများကို ဒီစာအုပ်လေးထဲမှာ မြင်ယောင်တိုင်း ကျနော်နှလုံးသားတွေ နွေးထွေးချိုမြ နေခဲ့သလို သူမအတွက် သနားစိတ်တွေနဲ့ အတူ နှလုံးသားလေး နာကျင်နေခဲ့ရပါတယ်…

ညင်သာစွာ ဖွင့်မိတဲ့ ပထမဆုံးသော စာမျက်နှာက ရင်ကို ကြည်နူးသွားစေမိသလို.....

စာမျက်နှာ (၁)

“ကိုကို…
ညလေး ကိုကို့ ကို အရမ်းချစ်တယ်… ညလေး အသက်ထက် ကိုကို့ကို ချစ်တယ် ညလေး ပြောမပြ တတ်လောက်အောင် ကိုကို့ ကိုချစ်တယ် ”
ညလေး

ကိုကိုလဲ ညလေးကို အရမ်းချစ်ပါတယ်… ကိုကို ပြောဖူးတယ်လေ… ညလေးကိုကို့ကိုချစ်ခဲ့တာဟာ ကိုကို့အတွက် မထင်မှတ်ပဲ မဟာသိန်းထီဆုကြီး ပေါက်ခဲ့သလို ကိုကိုပျော်ခဲ့ရတယ်လေ… ကိုကို ညလေးကို ဘယ်လောက်ချစ်တယ်ဆိုတာ ကိုကိုနှုတ်ကနေ ပြောဆိုနေတာ ထက် နှလုံးသားက အကြိမ်ကြိမ် ပြောနေတယ်ဆိုတာ အမှတ်ရနေပါ ညလေးရယ်…. ကိုကို ညလေးကို အရမ်းချစ်ပါတယ်… (ရင်ထဲမှာ တမ်းတရင်း ကျနော် ပြောမိတဲ့စကားကို သူမကြားနိုင်ပါစေ)….

စာမျက်နှာ(၂)


“ကိုကို……

ကိုကို….. ညလေးကို ချစ်ပါနော်… ညလေးကို ပြစ်မသွားပါနဲ့နော်…. ညလေးကို ထားမသွားပါနဲ့နော်…. ညလေးကိုချစ်ပါနော်… ညလေးကို ခွဲမသွားပါနဲ့နော်.. ကိုကို… ညလေး ကိုကို့ကို အရမ်းချစ်တယ်”

ပြောရက်လိုက်တာ ညလေးရယ်.. ကိုကို ညလေးကို ဘယ်တော့မှ မခွဲပါဘူး… ခွဲလဲ မခွဲနိုင်ပါဘူး… အရင်က ကိုကိုဘယ်လောက်ရှုပ်ခဲ့ ရှုပ်ခဲ့ ညလေးကို ကိုကိုချစ်မိတဲ့ အချိန်ကစလို့ ကိုကို့ ဘဝကို ညလေးကိုပေးပြီးသားပါ… ဒါပေမယ့် နားလည်ပါ ညလေးရယ်… ဝေးနေရပေမယ့် နေတတ်အောင်တော့ ညလေးကို နေစေချင်ပါတယ်… ကိုကိုလဲနေတတ်အောင် ကြိုးစားနေပါတယ်… တစ်ဘဝတာနီးဖို့ အတွက် ခဏတာဝေးနေတဲ့ အချိန်မှာ အားတင်းထားပါ… ကိုကိုနဲ့ ညလေး တစ်နေ့ တူတူနေရမှာပါကွာ…. (သူမစာကို နာကျင်ကြည်နူးမှု နဲ့ဖတ်ရင်းတိုးတိုးညည်းနေတာ သူမကြားနိုင်ပါ့မလား)

စာမျက်နှာ (၃)

“ကိုကို
ကိုကို ရက်စက်တယ်…
ညလေးကို မချစ်ဘူးလို့ ခံစားရတယ်…
ညလေးကတော့ ကိုကို့ ကိုလွမ်းလိုက်တာ… ကိုကို ကတော့ တစက်ကလေးမှတောင် စာမလာ အကြောင်းမကြားနော်… ကိုကို သိပ်နေနိုင်တာပဲ… ညလေးကို တကယ်မချစ်တာလား… ညလေးကို မချစ်တော့တာလား… ညလေး ကိုကို့ကို လွမ်းလို့ သေတော့မယ်ကွယ်…. ညလေးငိုချင်နေတယ်... အချိန်တိုင်းပဲကွယ်...

သတိရတယ်၊ လွမ်းတယ်ဆိုတာ ပြောမှ သိမှာလားညလေးရယ်… တတွတ်တွတ်ပြောနေမှ နေထိုင်ကောင်းမယ် ဆိုရင်တော့ ရင်ဘတ်ထဲက အနှစ်ထက် အပေါ်ယံက အဖြစ်တွေကို သာယာနေတာ ပိုများနေတယ်ဆိုတာ ညလေးသိထားပါ… တစ်ဖက်လူက သတိရနေလွမ်းနေရင် တစ်ဖက်ကလဲ ထပ်တူကျနိုင်တယ်ဆိုတာ ဘာလို့ စိတ်ထဲမှာ မမှတ်ထားတာလဲကွာ…. ဒီလိုဆို ကိုကို့စိတ်ကို ခုထိ အမှန်အတိုင်းမသိ သလို ကိုကိုခံစားရတယ်… (ကျနော့်စိတ်ထဲမှာ သူမကိုသနားပေမယ့် နားမလည်နိုင်တဲ့သူမ အတွက်စိတ်မကောင်းဖြစ်ရပါတယ်)

စာမျက်နှာ (၄)

“ကိုကို…

ညလေး ကိုကို့ကို ချစ်လို့ သဝန်တိုတာ ဆန်းသလား… ညလေးသဝန်တိုပေမယ့် ညလေးကိုကို့ကို အပြစ်ပြောဖူးသလား… ညလေး ချစ်တဲ့ကိုကို့ကို ညလေး မေးပိုင်ခွင့်… စိတ်ဆိုးပိုင်ခွင့်… သဝန်တိုပိုင်ခွင့် မရှိရဘူးတဲ့လား… ညလေး သဝန်တိုတာ ညလေးကိုကို့ကိုချစ်လို့လား မချစ်လို့လားဆိုတာ မခွဲခြားတတ်ဘူးလား ကိုကို… ညလေးစိတ်မကောင်းပါဘူး… ကိုကို ညလေးကို နားမလည်ဘူး…”

ကိုကိုလဲစိတ်မကောင်းပါဘူး ညလေးရယ်… ကိုကို အရင်က ရှုပ်ခဲ့ပွေခဲ့ပေမယ့် ဘယ်သူ့အပေါ်မှ မကောင်းတာ မလုပ်ခဲ့ပါဘူး… ခုညလေးကို ချစ်မိတဲ့အချိန်ကစလို့ ကိုကို မရှုပ်မပွေတော့ပါဘူး… ဒါပေမယ့် ကိုကို ပျော်သလိုနေခဲ့တဲ့ ဘဝလေးထဲမှာ ကိုကို့ သူတပါးအပေါ်ထားတဲ့ စိတ်သန့်တယ်ဆိုတာ ညလေးကို သိစေချင်တာပါ… ညလေး သဝန်တိုတာကို သဘောကျပေမယ့် ညလေး ဒီလို ခံစားဝမ်းနည်းနေရတာ ကို ကိုကို မကြည့်ရက်ပါဘူး… ကိုကိုကလဲ ညလေး သဝန်တိုရလောက်အောင် ညလေးနောက်ကွယ်မှာ ဘာမှ မလုပ်တဲ့ အတွက် ကိုကိုအနေကျပ်မိတာပါကွာ… ညလေးကို နားလည်ပါတယ်.. (ကျနော် သက်ပြင်းကိုသာ အခါခါချမိပါတယ်)

စာမျက်နှာ (၅)

“ကိုကို…..
ကိုကို့ အကြောင်းတွေးတိုင်း ညလေး လွမ်းမိတယ်…
ကိုကို စကားမာမာပြောတိုင်း ညလေး ဝမ်းနည်းမိတယ်..
ကိုကို ညလေးကို စိတ်မကောင်းဖြစ်အောင် လုပ်ရက်တယ်..

တစ်ယောက်နဲ့ တစ်ယောက် ခံစားချစ်တာခြင်း မတူညီပေမယ့် ညလေးကို မချစ်တော့မှာ ညလေး သေအောင်ကြောက်ပါတယ်… တကယ်ချစ်ရင်တော့ ညလေး လိုပဲခံစားရမယ်လို့ တွေးမိပေမယ့် ကိုကို ကနေနိုင်လွန်းပါတယ်…ဒီလိုခံစားချက်က ရှိသင့်လားမရှိသင့်လား ကိုကိုရယ်…

တကယ်တော့ ကိုကို က စိတ်မကောင်းဖြစ်အောင် လုပ်တာမဟုတ်။ ညလေး ဘာသာ တွေးနေ ခံစားနေပြီး ဖြစ်နေတာ… ညလေးကိုလဲ ကိုကို သိပ်ချစ်ပါတယ်။ ညလေးနဲ့ ချစ်တဲ့ ပုံစံနဲ့တော့ တူလိမ့်မယ် မထင်ဘူး…. ကိုယ်က ရင်ဘတ်ထဲမှာ ရှိနေရင် အတော်များများမှာ ကျေနပ်နေတတ်တဲ့သူပါ ညလေးရာ… (သူမနဲ့ ကျနော် နားလည်မှုတွေ ထပ်တူကျနေပေမယ့် လွဲချော်မှုတွေ ရှိနေပါသေးတယ်)

စာမျက်နှာ (၆)


“ကိုကို…
ဘယ်အချိန်ဖြစ်ဖြစ်…. ဘာဖြစ်ဖြစ်…. ဘယ်လိုမျိုးပဲ ဖြစ်ဖြစ်…
ကိုကို့ကို ညလေးအရမ်းချစ်တယ်… ညလေး အရမ်းချစ်တယ်…
ညလေးကိုကို့နဲ့ မခွဲနိုင်ဘူး… ညလေး ကိုကို့ကို အရမ်းချစ်တယ်..
ညလေးတို့ ချစ်ခဲ့တဲ့ နေ့လေးကို ဘယ်တော့မှ မမေ့ပါနဲ့ ကိုကိုရယ်…

ညလေး ကိုကို့ ကို အရမ်းချစ်တယ်…

“ကဲပိုမလေး… ချွဲပိုမလေး… အသဲတုံးလေး … ချစ်တဲ့အကြောင်း ကြော်ငြာ အရမ်းဝင်တာပဲ ”လို့ ပြောရင် ပြုံးစိစိနဲ့ ရှက်နေတတ်တဲ့ ညလေး မျက်နှာကို ကြည့်ရင်း ကိုကို ညလေးကို ပိုချစ်ခဲ့ရပါတယ်… ကိုကို ညလေးကို အရမ်းချစ်ပါတယ်ကွာ… ကိုကို့ရင်ခွင်မှာ တိုးရင်း အကဲပို အချွဲပိုမယ့် ညလေးကို ကိုကို လွမ်းနေတယ်ဆိုတာ ညလေး ယုံထားလိုက်ပါကွာ.

ဒီစကားတွေကို ဒီနောက်ဆုံးစာမျက်နှာမှာ ကျနော့် ရင်ခွင်တစ်ခုလုံး ကြားအောင် ပြောလိုက်ရတဲ့အချိန်က ကျနော့်နှလုံးသားလေး ပေါ့ပါးလို့ သူမကို လွမ်းဆွတ်စွာ တမ်းတ ကြင်နာနေမိတယ်ဆိုတာ ကျနော် ကလွဲပြီး သိနိုင်တာ သူမ တစ်ယောက်ပဲ ဆိုတာ …..ကျနော်ယုံကြည်မိပါတယ်…

စာအုပ်လေးကို ပြန်ပိတ်လိုက်တယ်…

ဒီနေ့ (၂၂)ရက်နေ့ …

သူမနဲ့ ကျနော့် အတွက် အမှတ်တရ ရှိခဲ့တဲ့နေ့…..

ဒီစာမျက်နှာတွေက ကျနော်တို့ နှစ်ယောက်အတွက် မှတ်တိုင်တစ်ခုလို.....



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မျောက်ငို









Monday, 16 November 2009

လေလှိုင်းပေါ်က ဘလော့ဂါ ဖိုးစိန် အင်တာဗြူး

သာယာသော ညနေချမ်းမှာ အားလုံးပဲ မင်္ဂလာ အပေါင်းနှင့် ခညောင်း ကြပါစေရှင့်….

ယခုနားသောတ ဆင်နေကြသော ဘလော့ဂါပြည်သူ ပြည်သားအပေါင်း ပျော်ရွှင်ငြိမ်းချမ်းမှုအပေါင်းနှင့် ခညောင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင့်…

အခု အစီအစဉ်ကြေငြာသူ ကတော့ ကျမ ဘလော့ဂါအချစ်တော် တီတီတာတာ ပလီပလာ များနဲ့ အာဘွား တစ်သိန်းကို အိမ်စေ့ပေးတတ်သူ တီတီဒွင်းရဲ့တူမ ၊ ပြည်သူ့အချစ်တော် ချစ်ချစ်ချစ်သောမောင်၊ မောင်ချစ်သောချစ်ချစ်ရဲ့ မောင့် ချစ်ချစ် အိပ်မက်ဒရင်း ပဲ ဖြစ်ပါတယ်ရှင့်….

အားလုံးကို အာဘွားပါရှင့်….

ယခု လို ညနေချမ်း ခါသမမှာ အထူး အစီအစဉ်တစ်ရပ် အနေနဲ့ တင်ဆက်ပေးမှာကတော့ နာမည်ကျော်ကြား လူကြိုက်များသော နာမည်ကြီးဘလော့ဂါများနဲ့ သူတို့ရဲ့ ပရိတ်သတ်များကို တိုက်ရိုက်ထိတွေ့ မေးမြန်းပြောဆိုခွင့် ရမယ့် အစီအစဉ်အသစ်ပဲ ဖြစ်ပါတယ်ရှင့်…. တစ်ယောက်ကို သုံးမိနစ်နှုန်း ပြောနိုင်ပြီး သုံးမိနစ်ပြည့်ရင် အလိုအလျှောက်ဖုန်း လိုင်းပြတ်တောက်သွားပါမယ်ရှင့်…

ပြည်သူချစ်သော ဘလောဂါများ နဲ့ ဘလောဂါများ လေးစားသော ပြည်သူများကို ရင်းနှီးချစ်ခင်စွာ ထိတွေ့ ဆွေးနွေး အကြံပြု ခြင်းများ ၊မိမိတို့ ချစ်သော ဘလောဂါများနှင့် စကားပြော ခွင့်ရစေလိုသော ရည်ရွယ်ချက်များနဲ့ ဒီအစီအစဉ်လေးကို တင်ဆက်ထားပါတယ်ရှင့်…

မိမိတို့ ချစ်သော ဘလော့ဂါများကို တယ်လီဖုန်းလိုင်းမှတဆင့် တိုက်ရိုက်စကားပြော မေးမြန်း ဆွေးနွေး နိုင်မှာဖြစ်ပြီး ထိုအစီအစဉ်ကို တိုက်ရိုက်ပြန်လည်ထုတ်လွှင့်ထားခြင်းဖြစ်ပါတယ်ရှင့်…

ဒီအပတ် ပရိတ်သတ်များရဲ့ ရွေးချယ်ချက်အရ ဘလော့လောကမှာ လျမ်းလျမ်းတောက် နာမည်ကြီးနေတဲ့ ပြည်သူအများ အသေချစ် အရှင်ချစ် ပိုးစိုးပက်စက် ချစ်တဲ့ ပြည်သူ့အချစ်တော် ဖိုးစိန်ပဲဖြစ်ပါတယ်ရှင့်….

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်…..

ချစ်ချစ်ချစ်တဲ့မောင်၊ မောင်ချစ်တဲ့ချစ်ချစ်ရဲ့ မောင့်ချစ်ချစ်၊ ချစ် ချစ်တဲ့မောင် ရေ……….
အဆင်သင့်ဖြစ်ပြီးလားရှင့်….

ဟုတ်တယ်ချစ်ရာ … မောင်ရင်တွေခုန်နေပါတယ်…

အဆင်သင့်ဖြစ်ရင် စလိုက်ရအောင်နော်…

မကြာခင် မိနစ်ပိုင်းအတွင်းမှာ ဖုန်းလိုင်းများကနေတဆင့် ပြည်သူ့အချစ်တော် ဖိုးစိန်ကို တိုက်ရိုက်စကားပြော မေးမြန်းနိုင်မှာ ဖြစ်တာမို့ အဆင်သင့် ရင်ခုန်စွာ ဖုန်းပေါ်က တွေ့ဆုံပွဲ အစီအစဉ်လေးကို စတင်ပါတယ်ရှင့်...

တီ…. တီ….တီ….

“ဟလို…. တစ်လားးး …. အဲလေ… မှားလို့ ကိုဖိုးစိန်လားး”

“ဟုတ်ပါတယ်ခင်ဗျ”

“ညီမက အိန်ဂျယ်(Angel Shaper) ပါ… ဟိဟိ… တစ်လာယူတာနော်… ဟိဟိ… တစ်လား… တစ်ဟုတ်… ဒါပဲနော်… သူများပြောတာ နားထောင်လိုက်အုံးမယ်… ဟိဟိ”

……

အဲ..

ဂွပ်

တီ…. တီ….တီ….

“ဟလို… ဟလို… ကိုဖိုးစိန်လား”

“ဟုတ်ပါတယ်ခင်ဗျ… ညီမက….”

“ညီမက ပါးလုံးလေးပါ… ညီမက တစ်လားဟင် ကိုကြီး..”

“ဟုတ်ဖူးခင်ဗျ… နှစ်ပါ.. တစ်က အိန်ဂျယ်….”

“ဟင်… တစ်ထင်လို့ ပျော်နေတာ… တစ်မရရင်မပြောဘူး… စိတ်ဆိုးတယ်.. ဒါပဲ.. ဟွင့်”

….

ဂွပ်…


(အဲ… ဖြစ်ရပြန်ပြီး… ငါ့ကိုဘာမှလဲ မဗြူးကြပါလားနော်..)

တီ…. တီ….တီ….

“ဟလို…ကျနော် ဖိုးစိန်ပါခင်ဗျာ”

“ကိုဖိုးစိန်လား… ကျနော် ကိုကိုသုန်ပါ ခင်ဗျ”

“ဟုတ်.တွေ့ရတာဝမ်းသာပါတယ်”

“အကိုဖိုးစိန်ဘလော့ကို ကျနော် နေ့တိုင်းရောက်ဖြစ်ပါတယ်ခင်ဗျ”

“ဟုတ်လား.. ဝမ်းသာပါတယ်... အကို့စာတွေ ကြိုက်တယ်ပေါ့”

“အင်… အဲ… အာ.. ကျနော်က နေ့တိုင်းရောက်တယ် ပြောတာပါခင်ဗျ… စာမဖတ်ဖြစ်ပါဘူး… ဆောရီး နော်ကိုဖိုးစိန်”

“အင့်… ရပါတယ်ခင်ဗျာ”


“ဒါပဲနော်… ပြောဖူးတယ်ရှိအောင် ပြောတာပါ..”

ဂွပ်…
...................
တီ…. တီ….တီ….

“ကိုဖိုးစိန်လား ရှင့်… ခိ…ခိ…”

“ဟုတ်ကဲ့ပါခင်ဗျ”

“ဟယ်… အသံလေးက ခလေးအသံတော့…. ခိ… ခိ”

“ဟမ်”

“ခိ..ခိ… ကိုဖိုးစိန်ကို မေးလို့ရလားဟင်… ခိ… ခိ”

“သြော်..ရပါတယ်… မေးပါဗျာ… ကျနော် ဖတ်မှတ်ထားသလောက် ဖြေမှာပါ…”

“ခိ..ခိ… ကိုဖိုးစိန်က နှာခေါင်းကြီးတယ်ဆို… ခိ..ခိ..”

“အဲ.. ဟုတ်..”

“ခိ…ခိ… သွားလဲခေါနေတယ်ဆို… ခိ…ခိ…”

“အဲ.. ဟုတ်ပါတယ်ဆိုနေ”

“ခိ..ခိ.. မှန်လားသိချင်လို့ပါ… အသံလဲကြားဖူးချင်လို့လေ… ဒါပဲနော် ကိုဖိုးစိန်… ကျမက မယ်ကိုး ပါ … ခိ..ခိ”

ဂွပ်….


(ဟင်းးးးးးးး တစ်ယောက်မှ စာရေးကောင်းတယ်လို့ မချီးကျူးကြသေးဘူး ငါ့နှယ်နော်)….

တီ…. တီ….တီ….

“ဟုတ်ကဲ့… ကျနော် ဘလော့ဂါ စာရေးဆရာ ပြည်သူ့ အချစ်တော် ဖိုးစိန်ပါခင်ဗျ”

“ဟာ… ကိုဖိုးစိန်…. တွေ့ရတာ ဝမ်းသာတယ်ဗျာ.. တကယ်.. ”

“ဟုတ်ကဲ့… ကျနော့်ကို ပြောစရာ..”

“ဟာ… ရှိတယ်ဗျ… ကျနော်နာမည် ခရာတွန် ပါ… ကျနော် စာရေးဆရာမ မနော်ဟရီရဲ့ အီးမေလ်လိပ်စာ လိုချင်ပါတယ်… မမ အိန္ဒြာ ရဲ့ ကဗျာလေးတွေ ကောင်းတယ်လို့ ပြောပေးပါ… သူ့မေးလ်ပါ ပေးပါ… ကိုရင်နော်ကြီး ခရီးထွက်တာ ဘယ်တော့ ပြန်လာမှာလဲ ဆိုတာ မေးပေးပါ… ကိုမိုးကုတ်သား ရဲ့ နုနု ရွရွ စာလေးတွေ ဖတ်ချင်ပါတယ် လို့ ပြောပေးပါ… မဂျူ.. မဂျူ နဲ့ ကော့မန့်တွေမှာ တွေ့နေရတာ စာရေးဆရာမ ဂျူးလား… ဇက်ရဲ့ အိမ်မှာ စီဘုံးထားဖို့ ပြောပေးပါ…. ကျနော်မအားလို့ ကျနော့်မေးလ်ထဲကို ကျနော်မေးတဲ့ မေးခွန်းတွေ ပို့ထားပေးပါ… ကျေးဇူးတင်ပါတယ်… ကျနော့်မေးလ်က………. ဒါပဲနော် ကဖိုးစိန်…”

ဂွပ်….

တီ…. တီ….တီ….

“ဟလို… ကိုကြီးစိန်… ညီမလေး ဆွိ ( sweetpeony )လေ….”

“အေး.. ဆွိ…”

“ကိုကြီးဖိုးစိန် စာရေးကောင်းတာပဲနော်… အရမ်းကောင်းတယ် သိလား… ”

“ဟုတ်လား… ပြောပါအုံးဗျ”

“ညီမက ကိုကြီးအိမ်လာရင်လေ… ခေါင်းစဉ်နဲ့ ကော့မန့်ကို ဖတ်တယ်သိလား… အားလုံးက စာရေးကောင်းတယ်… ခံစားရတယ် ရေးကြတော့ ဆွိလဲ ခံစားရတယ် ကိုကြီးဖိုးစိန်.. ဟိ”

“အဲ…. ”

“နောက် ခေါင်းစဉ်လှလှလေးနဲ့ ကော့မန့်များများ ရအောင်ရေးနော်… ကော့မန့်တွေ ဖတ်ပြီး ခံစားချင်တယ်.. ဟိ”

“ဒါပဲနော်… တာ့တာနော်”

ဂွပ်…


တီ…. တီ….တီ….

“ဟုတ်ကဲ့ပါ… ကျနော် မောင်ဖိုးစိန်ပါ”

“စိန်… သားစိန်လေး… နေကောင်းလား”

“ဟုတ်ကဲ့”

“အန်တီက သားရဲ့ စာဖတ်ပရိတ်သတ် တစ်ယောက်ပါကွယ်… အန်တီ့နာမည်က အန်တီ ကောင်းကင်ပြာ ပါကွယ်…”

“ဟုတ်ကဲ့ အန်တီပြာ… ပြောပါခင်ဗျ”

“အေးကွယ့်… ပြောရရင် အားလုံးကောင်းပါတယ်… တစ်ခုပဲ ရှိတယ်… စာလုံးပေါင်းတွေအမြဲ မှားတာရယ် စကားလုံးတွေ ထပ်တာရယ်… ကဗျာတွေက သိပ်ပြီး အားမရှိတာရယ်… စာရေးရင်လဲ ဟိုအကြောင်းရောက် ဒီအကြောင်းရောက် ပေါ့ကွယ်… စကားပြေ လဲအရေးအသားတွေ လိုနေသလားလို့… ပြီးတော့ စာရေးတိုင်း ငိုနေသလားလို့… ကောင်းပါတယ်ကွယ်.. ကောင်းပါတယ်… အားပေးနေမယ်နော်… အန်တီကွမ်းသွားဝယ် လိုက်အုံးမယ်ကွယ်… တာ့တာပါကွယ်…”

“ဟုတ်”

ဂွပ်…

တီ…. တီ….တီ….တီ.....တီ....

“ဟုတ်..

ကဲ့…..

ကျ….. နော်…… ဖိုး…… စိန်….. ပါ”

“အေး..ဖိုးစိန်…အကို ကသုနြေ္ဒပါကွာ……… ညီလေးရာ… စာရေးလဲ ရေးပေါ့ကွာ… မင်းက ကွာ… ခုတော့ကွာ… အိမ်တကာလှည့်ပြီး လှည့်ပတ်ချွဲ နေတယ်ကွာ… အကိုသတိထားမိနေတာ ကြာပြီးကွာ… အဲဒီအချိုးလေးတွေ ပြင်ပေါ့ကွာ… ငါ့ညီရာ… မင်းကွာ…. နောက်စာရေးရင် တချိန်လုံး မငိုနဲ့ကွာ… မင်းကွာ…. လေ့လာပါကွာ… သင်ယူပါကွာ… ဖတ်ပါ မှတ်ပါကွာ… အကိုကြီးမှာချင်တယ်ကွာ… ဒါပဲ ငါ့ညီရာ..”

ဂွပ်..

တီ…….. တီ………… တီ…………….

“ဟေ့ကောင်… ဖိုးစိန်က မင်းလားကွ… မင်းကို ပြောဖို့ စောင့်နေတာကွ… အချိန်အားနေလို့တော့ မဟုတ်ဘူးကွ.. ငါ စိုင်းစိုင်းလားရှိုး… ငါ့ကို ပြန်မရှိုးနဲ့… အရိုးကျိုးသွားမယ်… မင်းက ဘာကောင်လဲကွ… အေးဆေးစာရေးစမ်းပါကွ… မင်းကွာ… ကြည့်နေကြည့်စားပေါ့ကွာ… ဘလော့ပေါ်မှာ သိပ်ပြီး ထောင်မနေနဲ့ကွ… စိုက်ကြည့်ရင် အလိုက်သိပါ… ပြေးထိုးမှ သွေးဆိုးတယ် မထင်နဲ့ကွ… ဘာလဲကွ… မင်းကို မင်းမြောက်နေလားကွ… မင်းကိုမင်း စာရေးကောင်းတယ် ထင်နေလားကွ… မြောက်မနေနဲ့ မင်းကမျောက်ကွ…. ဒါပဲကွ… “three shadow ,don’t understand ” မလုပ်နဲ့… ငါ့အတင်းပြန်အုပ်ရင် မင်းနာရင်းပြုတ်သွားမယ်ကွ.. မင်းဘာကောင်လဲ… ငါဘာကောင်လဲ… အေး ခုလောလောဆယ် ငါ ဟောက်စားလုပ်လို့ ရလို့ လုပ်တယ်ကွာ… ဒါပဲ”

ဂွပ်.. ဂွပ်…



လေလှိုင်းပေါ်က ဘလော့ဂါ တွေ့ဆုံပွဲ ပထမ ပိုင်း အစီအစဉ် ပြီးပါပြီးရှင်… ပြည်သူ့ အချစ်တော် ဖိုးစိန်ကို ယခုလို ဝိုင်းသမ (အဲလေ) ဝိုင်းချစ်၊ ဝိုင်းအားပေးကြတဲ့ ညီအကိုမောင်နှ များအားလုံး ကျန်းမာ ချမ်းသာပါစေ၊ ချစ်ချစ်ချစ်တဲ့မောင်ချစ်တဲ့ချစ်ချစ်ရဲ့ ချစ်လှစွာသောမောင်လဲ ခုလို အားပေးစကားပြောသွားတဲ့ လေလှိုင်းပေါ်က အစီအစဉ်လေးကို ပီတိဖြစ်နိုင်ပါစေလို့ ဆုတောင်ရင်း…

မင်္ဂလာ ညချမ်းပါရှင့်… အားလုံးကို အာဘွား တစ်သိန်းပါရှင့်…

ပြည်သူ့ အချစ်တော် ဖိုးစိန်ရဲ့ အင်တာဗြူးအစီအစဉ် ပထမပိုင်း ပြီးဆုံးပါပြီ…. ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာ ကြပါစေရှင်….

တူနယ်တယ်နယ်ဗြောင်…. တူနယ်တယ်နယ်ဗြောင်…. တူနယ်တယ်နယ်ဗြောင်….


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ကျနော်ချစ်တဲ့ မောင်နှမ နာမည်တွေကို ယူသုံးထားတဲ့ အတွက် စိတ်မဆိုးလောက်ဘူးထင်ပါတယ်နော်… ပျော်ရွင်စေလိုခြင်းသက်သက်ပါ….

Thursday, 12 November 2009

ရူးသွပ်ခဲ့သောနေ့



“DO YOU HEAR ME WHEN I SAY…. AWAYYYY…”
“DO YOU HEAR ME WHEN I SAY…. AWAYYYY…”

ခေါင်းအုံးကြားထဲမှ အကြိမ်ပေါင်း မြောက်မြားစွာ ညင်သာ တိုးထွက်လာတဲ့ ဒီနှိုးစက်သံက ကျနော် မျက်နှာတည့်တည့်ကို လာရိုက်နေသလို… ဒီနှိုးစက် တီးလုံးကို ကျနော် မုန်းသည်။ မုန်း၍ ဒီတီးလုံးကို ကျနော် နှိုးစက်အဖြစ် ထားပြီး အိပ်ယာမှ နိုးထရသည်။ ခေါင်းအုံးကြားထဲ လက်နှိုက်ပြီး ဖုန်းကို ထိပြီး မိရာ ခလုပ်တစ်ခုခုကို နှိပ်လိုက်တော့ အသံက ပျောက်သွားသည်။ သက်ပြင်းရှည်ရှည် တစ်ချက်ကို ချ… ညာဘက်စောင်းပြီး ခေါင်းအုံးကို ပိုက်… ကြိုးစားပြန်အိပ်မည်ဟု စိတ်ထဲတင်းသော်လည်း “ငါ ရွာထဲကို သွားရမယ် ကတိပေးထားတယ် ” ဆိုတဲ့ အသိစိတ်က ဆက်အိပ်၍ မရတော့အောင့် သတိပေးနေသည်။ တနင်္ဂနွေ ဆိုပေမယ့် မထချင်ဘဲ ထရတော့မယ် ဆိုတဲ့အတွေးနဲ့ ထဖို့ကြိုးစား လိုက်တော့ အရင်ဆုံး ဖင်ကကျွ ပြီး ခေါင်းနဲ့ လက်က ခေါင်းအုံးနားက မကွာသေး..။

ညက စားသောက်ဆိုင်မှာ လူကျ၍ မနက်(၁)နာရီကျော်မှ ပြန်ရောက်လာသည်။ စနေလူကျတာ မဆန်းပေမယ့် မထင်မှတ်ထားလောက်အောင် တခါတရံ လူကျတော့ အိမ်ပြန်လမ်းမှာ ကိုယ့်ခန္ဒာ ကိုယ် မသယ်ချင် (ဆိုင်ကယ်က သယ်လာတာပါ) လောက်အောင် ပင်ပန်းလွန်းလှသည်။ ဗိုက်ဆာပေမယ့် ချက်နေရင် ကြာတယ် အိပ်ချိန်ကို ပိုပေးမယ်ဆိုတဲ့ အတွေးနဲ့ တစ်လီတာ နို့ဗူးကို ဝင်သလောက်သောက်ပြီး ဗိုက်မှောက်အိပ်လိုက်တာ ခုနှိုးစက်သံ ကြားမှ လူက နိုးတော့သည်။

အိပ်မရတဲ့ ညများစွာကို ဖြတ်သန်းလာခဲ့ပေမယ့် တခါတလေပင်ပန်းလျှင် လုံးဝ အိပ်မပျော်တတ်တဲ့အကျင့် ရှိသော်လည်း ဒီညက တရေးမှ မနိုးသည့်အပြင် ဆက်အိပ်ချင်နေခဲ့သည်။ သိုသော် ရွာထဲတွင် ခြံရှင်းဖို့ ကတိပေးထားသဖြင့် သွားကိုသွားရမည် ဟူသော အတွေး ကျနော့်စိတ်ထဲဝင်နေခဲ့သည်။ ခုရက်ပိုင်း “အလုပ်လုပ်မှ ရမှာ စကာင်္ပူသွားလည်ရင် ဒီအလုပ်တွေကို နားထားခဲ့ရမှာ ဒါကြောင့် ခုချိန်ဒီအလုပ်လေးတွေ သူများဆီမရောက်သွားအောင် ထိန်းသိမ်းထားရမှာ”ဆိုတဲ့စိုးရိမ်စိတ်ကလဲ ကြီးစိုးနေတော့ မသွားချင် မလုပ်ချင်ပေမယ့် သွားဖို့ ဆုံးဖြတ်ရသည်။

ပြတင်းပေါက်ကို ဖွင့်လိုက်တော့ အပြင်မှာ မိုးတွေကို အုံ့မှိုင်းလို့…. ဒီနိုင်ငံရဲ့ ဆောင်းတွင်းဆိုရင် တခါတရံ မနက်ဆယ်နာရီလောက်ထိ နေမမြင်ရတော့လဲ ပုံမှန် မိုးအုံ့နေတာလို့ စိတ်ထဲမှာတွက်ထားခဲ့သည်။ ရေချိုးခန်းထဲ ဝင်ပြီး မျက်နှာသစ်…. သွားတိုက်ဖို့လုပ်တော့ သွားတိုက်ဆေးက ကုန်နေသည်။ စိတ်ညစ်သွားသည်။ ဆားကို ယူတိုက်လိုက်ရတော့ စိတ်ထဲမှာ မစင်သလိုလို… လူက နိုးပြီး စိတ်က မနိုးသေးသည့်အတွက် ကော်ဖီသောက်မယ် ဆိုပြီး ကော်ဖီဗူးကို ဖွင့်တော..“အားး… ဟုတ်သားပဲ မနေ့ကတည်းက ကော်ဖီက ကုန်နေတာ ဝယ်ဖို့မေ့နေတာကိုး” ဆိုတဲ့အတွေးက ချက်ခြင်းခေါင်းထဲဝင်လာသည်။ ခေါင်းကိုပွနေအောင်ကုတ်ပြီး တွေးပူနေတာက “ဒီနေ့ ငါသေချာပေါက် ခေါင်းကိုက်တော့မယ်” ဆိုတာပဲ…. ဒီလိုနဲ့ ခြံရှင်းမယ့်ဖိနပ် အဝတ်အစား၊နဲ့လက်အိပ်ကိုယူပြီး ဆိုင်ကယ်စီးလာသည်။ လူကတော့ မနိုးချင်သေး… ကော်ဖီသောက်ချင်နေခဲ့သည်။

ဟိုင်းဝေးလမ်းမပေါ် မိနစ်နှစ်ဆယ်လောက် အသားကုန်မောင်းပြီးသကာလ အရှေ့မှ မိုးဖွဲဖွဲတွေက ဆီးကြိုနေသည်။ ခြံရှင်းဖို့သွားမှာ ဒီလိုမိုးရွာနေရင် ခြံရှင်းလို့ ကမဖြစ်၊ လှည့်ပြန်ဖို့ကလဲ ခရီးတစ်ဝက်ရောက်နေပြီး… နောက်နေ့လဲ ဒီခရီးကို ထပ်မလာချင်… ရှင်းမယ့်ခြံ ရောက်ရင် မိုးတိတ်သွားမှာပဲဆိုတဲ့ အတွေးနဲ့ ရောက်အောင်သွားခဲ့သည်။

မိုးမဖွဲတဖွဲ မသဲတသဲကြားမှာ လိမ္မော် ကိုင်းတွေ ခုတ်ရသည်။ ကြွေကျနေတဲ့ လိမ္မော်ရွက်ခြောက်တွေကို ရှင်းရသည်။ မိုးစွတ်စွတ်ရွာထားတော့ လိမ္မော်ရွက်တွေက ရေနဲနူးပြီး မြေကြီးနဲ့လူးနေတော့ တော်တော်လေး လှည်းကျင်းရခက်ခဲသလို ညစ်ညစ်ပတ်ပတ်နှင့် အနံ့အသက်က အစ မသတီစရာကောင်းလှသော်လည်း လုပ်နေကျမို့ နေသားကျနေခဲ့သည်။ အိမ်ပြန်ရောက်ရင် ရေနွေးနဲ့ ရေချိုးလိုက်လျှင် စင်သွားမှာပဲဟု တွေးရင်း မိုးတွေကြားမှာ အလုပ်ကို ခပ်မြန်မြန် လုပ်ခဲ့သည်။ နေ့လည် (၂)နာရီ လောက်ကျတော့ မိုးကလဲ စဲ အလုပ်လဲပြီးသွားသည်။ အိမ်ရှင်က ထမင်းကျွေးချင်သော်လည်း တကိုယ်လုံးဗွက်လူးနေတဲ့ ကျနော်က အိမ်ကိုသာပြန်ပြီး ရေချိုးဖို့ တာစူနေသည့်အတွက် ထမင်းစားဖို့ ငြင်းခဲ့သည်။

ဒီလိုနဲ့ အိမ်ပြန်လာတော့ လမ်းတစ်ဝက်တွင် ဆိုင်ကယ်ထိုးရပ်သွားသည်။ သိလိုက်တာက ဆိုင်ကယ်ကိုမိုးရေ ထဲတွင်ထားထားသည့်အတွက် ပလပ်ထဲရေဝင်သွားချင် ဖြစ်မည်။ မည်သို့မှ ဆက်နှိုး၍ မရတော့။ လမ်းတစ်ဝက်တွင်လည်း ဆိုင်ကယ်ကိုထားခဲ့၍မဖြစ်။ ဆိုင်ကယ်ပြင်ဆိုင်ကို ဖုန်းဆက်ခေါ်ဖို့က ဒီနေ့ တနင်္ဂနွေ။ ဆိုင်တွေ အကုန်ပိတ်သည်။ တနည်းသာရှိတော့သည်။ ဆိုင်ကယ်ကို တွန်းပြန်လာဖို့ သည် တစ်ခုတည်းသော နည်းဖြစ်ပေသည်။

တစ်နာရီခွဲကျော်ကျော် နှစ်နာရီနီးပါးမျှ ဆိုင်ကယ်က လူကိုပြန်စီးပြီးသကာလ အိမ်သို့ပြန်ရောက်သည်။ အိမ်ရောက်လျှင်ရောက်ချင်း ရေနွေးနှင့် ရေချိုးမည်ဟု အားခဲထားပြီးသော်လည်း မနက်က ရွာထားသော မိုးနှင့်လေကြောင့် ကျနော့်နေတဲ့ ဂိုဒေါင်လေး လျှပ်စစ်မီး ပြတ်တောက်နေခဲ့သည်။ “ဟင်း” ကနဲ သက်ပြင်းရှည်ရှည်ကို ချ ရေချိုးခန်းထဲဝင်ပြီး မိုးအေးအေးကြားမှာ ရေအေးအေးကို သာချိုးခဲ့ရသည်။

ရေချိုးခန်းကထွက်လျှင်ထွက်ချင်းပင် ခေါင်းကိုက်ခြင်းက အဖော်လိုက်လာခဲ့သည်။ အဝတ်လဲပြီး နွေးနွေးထွေးထွေး နေပြီးခဏအိပ်မယ့်ကြံတုန်း ဖုန်းဝင်လာသည်။“sein…. I am sorry!! You have to come to the restaurant… full of booking ” ဆိုသည့် သာယာနာပျော်ဖွယ် မရှိသော သထေးရဲ့ အသံကို ကြားတော့ စိတ်ပျက်လက်ပျက်နှင့် အဝတ်လဲရတော့သည် …. ဆိုင်ကယ်က စီးမရ၍ စားသောက်ဆိုင်ကို အချိန်မှီရောက်ဖို့ရန် လမ်းထပ်လျှောက်ရသည်။

လမ်းလျှောက်ရင်း ဒေါသဖြစ်မိသည်။ သထေးပြောသောစကား ကို အဓိပါယ် ဖွင့်မိသည်။ “I am sorry ” ဆိုသော ပဏာမ စကားသည် ဖုန်းဆက်ခေါ်ရ၍မဟုတ် ဘွတ်ကင်လူများ၍ မဟုတ် ကျနော် အရမ်းမုန်းသော ငါးများက ကျနော်ကို ဆီးကြိုနေ၍ ကျနော်ငါးများကို မြင်လျှင်ဒေါသ မဖြစ်စေရန် အရင်တောင်းပန်သော စကားဟု ယူဆသည်။ ခုဘွတ်ကင်ကများသည်။ တနင်္ဂနွေ ညသည် ပင်လယ်စာ အဓိက ရောင်းရသော ညဖြစ်၍ ယခုလိုမိုးအေးအေးနှင့် ဆိုလျှင် ငါးကင်တွေ စားကျတော့မည်။ ငါးကို မလွတ်တမ်း ကိုင်ရတော့မည်။ တကိုယ်လုံးငါးညှီင်္နံ့တွေနှင့် နှစ်ပါးသွားရတော့မည် ယခုခေါင်းကိုက်နေသည် ငါးနံ့ ရလျှင် အန်တော့မည် ဟူသော ကြိုတင်အတွေးက စိတ်ထဲမှာ ကြိတ်ပြီး ဝမ်းနည်းမိသည်။ ဒေါသဖြစ်မိသည်။ ဒီဘဝက ဘယ်တော့များကျွတ်ရပါ့မလဲ…။

ထင်သည့်အတိုင်းပင် ငါးခြင်းတောင်းတစ်တောင်းက ကျနော့်ကို ဆီးကြိုနေခဲ့သည်။ စိတ်ကိုဒုံးဒုံးချ… ငါးတွေကို ရှင်းနေခဲ့သည်။ ထင်သည့်အတိုင်းပင် တနင်္ဂနွေည ဖြစ်သည့်အတွက် တော်တော်များများ ငါးကင်စားကြသည်။ ငါးများမလောက်၍ ရေခဲသေတ္တာထဲ ထည့်ထားသော ငါးများကိုပင်ထုတ်သုံးရသည်။ Microwave ကိုသုံးသည်။ Toaster ကိုသုံးသည်။ လျှပ်စစ်ရေနွေးတည်သည်။ ရှိသမျှ လျှပ်စစ်တွေ သုံးသောကြောင့် ပါဝါကျပြီး စားသောက်ဆိုင်မီးဖိုချောင် တစ်ခုလုံး မှောင်မဲသွားသည်။ တစ်ခုခုမှားရွင်းမှုကြောင့် ကျန်မီးများ ပြန်လင်းသော်လည်း မီးဖိုချောင်မပါ…

လေစုပ်စက် အလုပ်မလုပ်တော့၍ ငါးညှော်နံနဲ့အတူ မီးခိုးငွေ့များ တလူလူနှင့်အမှောင်ထဲမှာ နှစ်နာရီနီးပါးမျှ စမ်းတဝါးဝါး အလုပ်လုပ်ရသည်။ အသက်ပင်ဝအောင်မရှူနိုင်ခဲ့… ခေါင်းတွေ ကိုက်ခဲနေရာမှ နှာခေါင်းသွေး လျှံလာတဲ့အထိ…. အပြင်ထွက်ပြီး ခဏနားတော့မှ အသက်ပြန်ရှူ လို့ရသည်။ “ငါရွေးချယ်ခဲ့တဲ့ဘဝက ဒီလောက်တောင်ပင်ပန်းရလား… ပြစ်ထားပြီး အိမ်ပြန်နားပါလား … ဒီလောက်ပင်ပန်းနေတာ” လို့ တွေးမိပြီးချက်ချင်းထလိုက်သော်လည်း ကောက်ကိုင်မိတာက ဓား… ငါးတွေ ထပ်ရှင်းရဦးမည်။

လူလဲရှင်း မီးဖိုချောင်လဲ ပိတ်တော့ ညက တစ်နာရီ…. စားသောက်ဆိုင်မှ လူတစ်ချို့ ကျန်နေသေးတဲ့အတွက် သထေးက လိုက်ပို့ လို့မဖြစ်နိုင်သလို ကျနော်ကလဲ လူကုန်လို့ ဆိုင်ပိတ်တဲ့ထိ မစောင့်နိုင်… စားဖို့ ပါမုန့် တစ်လုံးနဲ့ နို့တဗူးကိုဆွဲရင်း အိမ်သို့ လမ်းလျှောက်ပြန်ခဲ့ရသည်။ ခါတိုင်း မိနစ်ပိုင်း ခရီးသည် ဒီညအဖို့ တစ်နာရီနီးပါးမျှကြာမြင့်သည်ဟု ထင်မိသည်။

အိမ်ရောက်တော့ တံခါးကိုဖွင့် မီးခလုတ်ကို စမ်းဖွင့်လိုက်မှ သတိရသည်။ လျှပ်စစ်မီးကြိုးက မနက်ကတည်းက ပြတ်နေတာ ဟု အသိဝင်မိသည်။ ခေါင်းတွေက မတရားကိုက်နေတော့ စားသောက်ဆိုင်က မီးခြစ်ယူဖို့လဲ သတိမရ… ဖယောင်းတိုင်ကလဲ မရှိ… ဟိုစမ်းဒီစမ်း ကတင်ပေါ် လှမ်းတက်… နို့ဗူးနဲ့ ပါမုန့်ကို စမ်းလို့ရတဲ့နေရာမှာ ချထားပြီး အားရပါးရ ခေါင်းအချ..စိုစိုစွတ်စွတ် အထိအတွေ့ကြောင့် ကြောက်လန့်တကြားနဲ့ အားကနဲအော်မိတယ်… မနက်က မိုးတွေရွာထားတာ ခေါင်းမိုးက မိုးတွေ စိမ့်ယိုလို့ ကုတင်ပေါ်တည့်တည့်ကျနေတာ အိပ်ယာတစ်ခုလုံးစွတ်စိုလို့….

အပြင်မှာလေတွေ တိုက်နေပြီး… မိုးသံတွေ တဖျောက်ဖျောက် ကြားနေရပြီး… ကျနော်လဲ မျက်ရည်တွေကျနေပြီး ကုထင်ခြေရင်းလေးမှာ ငုတ်တုတ်လေးထိုင်…

“သြော် … ကံမလိုက်တဲ့ငါ… ဆိုးရွားတဲ့ဘဝ… မျက်နှာသာမပေးတဲ့ကံကြမ္မာနဲ့ ရူးသွပ်ခဲ့ရသော နေ့ ”ပါလို့ ပါမုန့် တကိုက် နို့တစ်ငုံနဲ့ မျက်ရည်ကျ နှပ်လေးကတရှုပ်ရှုပ်…. တနေကုန် ကံမကောင်းခဲ့သမျှကို တွေးမိရင်း….

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မျောက်ငို

အပေါ်က ပုံလေးကတော့ ကျနော်ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီ၊ ဓာတ်ပုံနဲ့ ရှိတဲ့ပစ္စည်းတွေကို တန်ဆာဆင် ပုံဖော်ထားတာပါ။ (တော်တယ်လို့ ချီးကျူးသွားကြနော်)း)

Tuesday, 10 November 2009

အသင်ရော... ဘယ်လိုပြုံးလဲ

ကျနော်တို့ မိသားစုမှာ အမေဘက် ကဆွေမျိုးတွေများတယ်… အမေအမျိုးတွေက တရုတ်စစ်စစ်တွေ… ဆွေကြီးမျိုးကြီးဆိုပြီး မာနက တစ်ထောင်ထောင်…. ဒါပေမယ့် ကျနော်တို့ မိသားစုက ဆွေမျိုးတွေနဲ့ ဝေးတယ်… အသွားအလာ ကျဲတယ်… အထူးသဖြင့် ကျနော်… သိပ်ပြီး ရင်းရင်းနှီးနှီး မနေဖြစ်ဘူး… မိသားစုလောက်နဲ့ အရမ်းနီးကြတဲ့ အဖေ၊ အမေ ဘက်က အကိုအမဝမ်းကွဲ တွေလောက်ပဲ ချစ်ချစ်ခင်ရှိပြီး ကျန်တဲ့ အမျိုးတွေနဲ့ တော့ ဝေးတယ်… အိမ်လာလည်တဲ့ စကားကြီးတဲ့ မေ့မေ့ အမျိုးတွေကို အမြင်ကတ်ပုဒ်မနဲ့ စကားပြောချင်စိတ်ရှိမှပြောတယ်… နှုတ်ဆက်ချင်မှ နှုတ်ဆက်တယ်… အမေနဲ့ အဖေက ဘယ်လောက်ပြောပြော စိတ်ပါမှပြုံးပြတယ်… ဆွေမျိုးတွေက“ မဘုံး သားက မိုက်ရိုင်းတယ် လူကြီးမှန်း မသိဘူး”လို့ ဝိုင်းပြောရင်လဲ ခပ်တည်တည်ပဲ…

စိတ်ထဲမှာ အမြဲတွေးတယ်… သူတို့ ကိုယ်တိုင်ရော စိတ်ပါရဲ့လား… နှစ်နှစ်ကာကာ မရှိတဲ့ အပြုံးကို ပြုံးပြီး ရှိနေတဲ့ အမုန်းကို မမြင်အောင် ဖုံးကာထားတယ်… နောက်ကွယ်မှာ ကျတော့ အတင်းက တဖျင်း နှစ်ဖျင်း တင်းနဲ့ ချီပြောနေကျတာ ပြန်ကြားနေရတယ်… မေမေတို့လဲ သိတယ်… အိမ်လာလည်ရင် မေမေတို့က ဟန်ဆောင်ပြုံးနေရတယ်… ကြည့်ရတာ သူတို့ အစားပင်ပန်းတယ်… မေမေက “ထားလိုက်ပါ… ဆွေမျိုး ဆိုတာက ကင်းလို့မရပါဘူး” ပြောပေမယ့် ဒါတွေကို မကြိုက်…. အရှိကို အရှိတိုင်းပဲ… မုန်းရင် မပြောနဲ့… မဆက်ဆံနဲ့ … ဒါပေမယ့် ပြုံးရင်တော့ ရင်ထဲက နှစ်နှစ်ကာကာပြုံးစေချင်တယ်… ကျနော်ကိုယ်တိုင်ကလဲ တကယ့်စိတ်ပါမှ အလုပ်တစ်ခုကို လုပ်တယ်… စိတ်မပါရင်တော့ ခွေခေါက်နေတာပဲ… ဟန်ဆောင်ပြီးတော့ မလုပ်ခဲ့ဘူး…

ပြောချင်တာက … ကျနော်တို့ အမေဘက်က အမျိုးထဲမှာ ကျနော်နဲ့ နှစ်ဝမ်းကွဲ ၊အမေ့ညီမဝမ်းကွဲ သားတစ်ယောက်ရှိတယ်… သူက ငယ်ငယ်လေးကတည်းက ဘဝင်ရူး စာရူး ရောဂါရှိတယ်ထင်ပါတယ်… အနေအထိုင် အပြောအဆို အပြု အမူက အစ အထက်စီးက ပြောရမှ သာရမှ ကျေနပ်တတ်တယ်… ပြောလိုက်တဲ့ စကားတွေကို လိုက်မမှီဘူး… ကျနော်တုံးတာ အတာလဲ ပါမှာပါ… ဒါပေမယ့် စာရူးဆိုတဲ့ အတိုင်း သူ ဖြစ်ချင်ခဲ့တဲ့ ဆရာဝန် ကို ဖြစ်အောင်ကြိုးစားခဲ့တယ်… ဆရာဝန်ဖြစ်တော့ ပိုပြီး ဘဝင် နထင်လေဟပ်ပါတယ်..

သူဆရာဝန်မဖြစ်ခင် ဆေးကျောင်းတက်နေတုန်းက သူ့အိမ်ကို အမေနဲ့ အလည်တစ်ခေါက်ရောက်ဖူးတယ်… မေမေက မသွားချင်ပေမယ့် ဆွေမျိုးတွေ သာရေး နာရေး ဆိုတော့ သွားရတယ်… ဟန်ဆောင်ပြုံးတွေ ပြုံးပြီး ချိုသာတဲ့စကားတွေနဲ့ ရင်ထဲက အနှစ်မပါတဲ့ စကားတွေကို ကြားရတယ်… စိတ်ထဲမှာလဲ စိတ်ပျက်မိတယ်.. ဒီကြားထဲ စရောက်ကတည်းက ဧည့်ခန်းထဲမှာ ထိုင်ပြီး ကျနော့်ကို စူးစမ်း အထင်သေးတဲ့ မျက်လုံး တစ်ချို့နဲ့ ကြည့်နေတဲ့ ဆရာဝန်ပေါက်စ ဆေးကျောင်းသားရုပ်ကို ထည်ဝါ ခန့်ညား အမြင်ကတ်စွာ မြင်ရပါတယ်… ခုမှ ကိုးတန်းတက်ခါစရှိတဲ့ ကျနော့်ကို သူ့ရဲ့ တတ်မြောက်ထားတဲ့ ပညာတွေနဲ့ ပြုံးပြုံးလေး မေးမြန်းစိတ်စမ်းတော့ ကျနော့်လို ဘုဆတ်ဆတ်ဆီက သိသိ မသိသိ ဘူးတစ်လုံးပဲ ရပါတယ်… တကယ်လဲ မသိပါဘူး… မသိတာတွေ ပြောတာကိုး…

သူမှတ်ချက်ပေးပါတယ်… ကျနော့်ရှေ့ရေးရင်လေးတယ်… ခေါင်းထဲမှာ ဘာမှ မရှိဘူး… အူကြောင်ကြောင်နဲ့… သားအကြီးဆုံးလုပ်ပြီး နည်းနည်းမှ အသုံးမကျဘူး… နည်းနည်းအသက်ရင့်လာရင် ဒီပုံစံနဲ့ ရူးသွပ်လိမ့်မယ်... ဆိုပြီး အမေ့ကိုပြောပါတယ်… အမေက သားကို ပြောတဲ့စကားကို မကြိုက်ခဲ့ပေမယ့် “အန်တီလေးဆုံးမ ပါမယ်”ဆိုပြီး ပြုံးပြုံးလေး ပြန်ပြောခဲ့ပေမယ့် ကျနော်ကတော့ လုံးဝ မပြုံးဘဲ ဘုကြည့်ကြည့်ခဲ့ပါတယ်… အဲဒီနေ့ကစပြီး ဘဝင်ရူး ပြီး ကျနော့်ကို အထင်သေးလွန်း ဟန်ဆောင်ပြုံးပြီး စကားနိုင်ယူတတ်တဲ့ သူ့အိမ်ကို ထပ်သွားလည်ဖို့ မပြောနဲ့ အိမ်ရိပ်တောင် မနင်းဖို့ ဆုံးဖြတ်ခဲ့တယ်… အမေက ဘယ်လောက်ဖြောင်းဖျပေမယ့် စိတ်ထဲက လုံးဝ လက်ခံနားလည်ပေးလို့ မရခဲ့ဘူး…

အကိုက တော်ပါတယ်… သူ့မျှော်မှန်းချက်အတိုင်း ဆရာဝန် ဖြစ်ပါတယ်… အထူးကု ဖြစ်ခဲ့တယ်… နိုင်ငံခြားပညာတော်သင် သွားရတယ်… နိုင်ငံခြားရောဂါရူးပြီး နိုင်ငံခြားမှာ နေပါတယ်… ဒါပေမယ့် စကားပြောပုံဆိုပုံက အစ ဘဝင် ရူးသွပ်မှု စိတ်အခြေခံနဲ့ အရာရာကို သူက လွဲပြီးလူမထင်တော့ပါဘူး… တခေါက် ပြန်လာတိုင်း သူတော်တယ်… တတ်တယ်… သူလုပ်ရင် မှန်နေပါတယ်ဆိုတဲ့ နထင်သွေးတွေ စွန်းပါလာတတ်ပါတယ်...

သူ့ရဲ့ အိမ်သူအိမ်သားတွေကလဲ တားချင်ရက်နဲ့ မပြစ်မပြောခဲ့ကြပါဘူး… မိဘဆိုတာ စေတနာထားပြီး မပြောရဲတော့ သားသမီးတွေက ပညာတတ်လာရင် ငါတို့လုပ်တာ မှန်နေတာပဲ ဆိုတဲ့ အတွေးမှားတစ်ခု စွဲကပ်သွားတယ်ထင်ပါတယ်…

တစ်ခေါက် မြန်မာပြည် အလည်ပြန်ရောက်တော့ အိမ်ကို ထမင်းလာစားတယ်… အမေတို့က အမျိုးဆိုတော့ ထမင်းစားက လူမှုရေးအရ ဖိတ်တယ်… ကျနော်ကရှင်းတယ်… အိမ်ပေါ်တက်လာကတည်းက ကျနော် ဟန်ဆောင်ပြီး ပြုံးလို့ မရလို့ လုံးဝ ပြုံးပြ မနှုတ်ဆက်ဘူး… ဖေဖေက “မိဘမျက်နှာ မဖျက်နဲ့… လူကြီးနဲ့ကလေး မှာ လူကြီးက ကောင်းစေချင်လို့ ပြောခဲ့တာ… ခုလာရင် ပြုံးပြနှုတ်ဆက်”လို့ ပြောထားခဲ့ပေမယ့် ကျနော်လုံးဝ မလုပ်ခဲ့ဘူး… ပြန်တော့ ကျနော့်အတွက် စကားလက်ဆောင်ပါးသွားပါတယ်… “ဦးတို့ သားက ဒီတစ်သက် ကြီးပွားတိုးတက်ဖို့ လမ်းမမြင်ဘူး… ဒီလိုပုံမျိုးနဲ့ ဘယ်လို လူတောတိုးမှာလဲ… ကြည့်ရတာ စိတ်ပျက်တယ်… သူလိုသားရှိတာ ဦးတို့ အိမ်နာတယ်... ဦးတို့ အတွက်ပြောတာပါ... ဆုံးမတတ်ဖို့ပါ ”တဲ့… ပြုံးပြုံးလေးပဲ ဖြေးဖြေးလေး ပြောသွားတယ်... ပညာတတ်တို့ရဲ့ စကားလေ...

ကျနော်ပြုံးပြုံးကြီးပဲ လက်ခံခဲ့တယ်… သူမကျေနပ်လို့ ပြောသွားတဲ့စကား… သူကျေနပ်အောင် ကျနော်က အောက်ကြို့ပြီး ဟန်ဆောင်မပြုံးပြခဲ့တဲ့အတွက် ကျနော်ပြန်ရတာတန်ပါတယ်… ဒါပေမယ့် ကျနော့်သူဆီက ရလာတဲ့စကားကို မယူခဲ့ပါဘူး…

ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် ငါတော်တယ် ငါတတ်တယ်နဲ့ အထင်အရမ်းကြီးနေတဲ့ အကိုကဘယ်ကောင်မလေးက မှ သူနဲ့ မတူဘူး မတန်ဘူး အဆင့်မရှိဘူး လို့လဲ ဖြစ်လာတယ်… ဒီလိုနဲ့ တစ်ယောက်တည်း တကိုယ်ကောင်းဆန်ဆန် အထီးကျန်နေလာရတော့ အဲဒီ မသိစိတ်ရဲ့ ရိုက်နှက်ခြင်းတွေကိုလဲ ခံလာရပါတယ်…

တနေ့မှာ သူ့ သူငယ်ချင်း အမတစ်ယောက်ကနေ ကောင်မလေး တစ်ယောက်ကို စတင်သိခဲ့တယ်.. ကောင်မလေးက အနေအေးတဲ့ အပြင် သူဘာကြီးဖြစ်ဖြစ် စိတ်မဝင်စားတဲ့ အထာနဲ့နေတော့ အရင်က မိန်းခလေးတွေ သဲသဲလှုပ်အဖြစ်ခံရတဲ့ သူက နေရခက်ပါတယ်… ဒီလိုနဲ့ အဲဒီကောင်မလေးကို စပြီး စိတ်ဝင်စားပါတယ်…

ကံဆိုးချင်တော့ ကောင်မလေးမှာ အရမ်းချစ်ရမယ့်သူရှိနေခဲ့တယ်… လက်ထပ်ဖို့ ခွင့်တောင်းတဲ့ အချိန်မှ အဲဒီကောင်မလေးက ချစ်သူရှိကြောင်း ပေါ်ပေါ်ထင်ထင် ပြလိုက်တာ ဆရာဝန်ကြီး အရှက်ကွဲပါတယ်… ဘဝမြင့်နေတဲ့သူ… လိုတာရနိုင်တဲ့သူလို့ အထင်ကြီးခဲ့သမျှ မိန်းခလေးတစ်ယောက်ကျမှ မိသားစု အသိုင်းအဝိုင်းကြားမှာ အရှက်ခွဲခံလိုက်ရသလို ဖြစ်သွားတဲ့အတွက် ရှက်ရမ်းရမ်းပါတယ်…

အရင်ကတည်းက ကောင်မလေးကို ချစ်ချင်မှချစ်မယ်… ဒါပေမယ့် ကောင်မလေးက သူ့လို ဆရာဝန်ကို စိတ်မဝင်စားရကောင်းလားဆိုပြီး ကောင်မလေးကို စိတ်ဝင်စားအောင် ကြံဖန်ခဲ့တာ… အရှက်ကွဲပြီးတဲ့ အခါကျတော့ ကောင်မလေးကို အသေရ အရှင်ရရဆိုတဲ့ စိတ်နဲ့ မသိစိတ်က ဖောက်ပြန်ပြီး ကောင်မလေးကို အသေအလဲ ပိုးပန်းခဲ့သလို လူမဆန်တဲ့ နည်းတွေသုံး စကားတွေ သုံးပြီး ဖျက်လိုဖျက်စီးလုပ်ခဲ့တယ်..

တကယ်တမ်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီး အောင်မြင်နေတယ်လို့ ထင်တဲ့သူတွေက ဘာမှ မဟုတ်တဲ့ အသေးအဖွား တစ်ခုကို မရလိုက်တော့ ကျဆုံးမှု တစ်ခု နဲ့အတူ လိုအပ်ချက် စိတ်တွေ ဖောက်ပြန်လာတတ်ပါတယ်… စိတ်ကို စိတ်နဲ့ မထိန်းနိုင်တော့ဘူး… မဖြစ်နိုင်တာ မရှိစေရဘူးဆိုတဲ့ ပြင်းထန်တဲ့စိတ်တွေက တလွဲလမ်းမှားကို လိုက်ပြီး ဘယ်လိုဖြစ်ဖြစ် ငါ ရစေရမယ်… ငါနိုင်ရမယ်ဆိုတဲ့ အတွေးတွေ ဝင်လာတယ်…

စိတ်က စိတ်ကို ပြန်သတ်တယ်… စိတ်က စိတ်ကို ပြန်လှည့်စားတယ်… အဲဒီလှည့်စားမှု က ကိုယ့်တိုင်ဆိုတာ သတိမထားမိတာပဲ… အဲဒီစိတ်ကြောင့် ရူးသွပ်မှုတွေ ဖြစ်ပြီး မထိန်းနိုင် မသိမ်းနိုင် ဖြစ်ပြီး ကိုယ်ကျွံခဲ့တဲ့စကားတွေက ကိုယ်ကိုယ့်ကိုယ် ပြန်သတ်ခံရတာပဲ…

အသာလေး လွှတ်ထားပေးတဲ့ မိဘ မောင်နှမတွေ ကြားမှာ မှန်တယ် ထင်ရင်း တဖြည်းဖြည်းနဲ့ မိန်းမတစ်ယောက် အတွက် ရူးသွားခဲ့တယ်… သူ့ ဆေးလက်မှတ် အသိမ်းခံရပြီး မြန်မာပြည်ကို ရူးကြောင်ကြောင် ပြန်ရောက်လာတဲ့နေ့က သူ့ကို သတင်းသွားမေးတဲ့ လူတွေဆီက … “စိတ်ရောဂါ အထူးက ဆရာဝန်ကြီး ကိုယ်တိုင် ဆေးမှားသောက်ပြီး စိတ်ရောဂါ ရသွားတာ အံ့သြလိုက်တာ” ဆိုတဲ့ လေသံတွေကို ကြားရပါတယ်… ဒီလေသံက တကယ်သနားလို့လား… စိတ်မကောင်းတာလား… ဝမ်းသာတာလားဆိုတာ ပြောတဲ့သူတွေ ကိုယ်တိုင်ပဲ သိမှာပါ… အပြုံးတုတွေနဲ့ အားပေးစကားပြောသူတွေ လဲရှိမှာပေါ့…

ခုတော့ စိတ်ကျန်းမာရေး ပြန်ကောင်းနေပြီးလို့ မေမေက ပြောပါတယ်… တော်တဲ့သူတစ်ယောက် အနေနဲ့ ဆရာဝန် ဆေးကုလက်မှတ် သိမ်းခံရတာက ဝမ်းနည်းစရာပါ… စိတ်နောက်သာမလိုက် ဘဝမရူးရင် ဘယ်လောက်တော်မယ့် ဆရာဝန်ကြီးဖြစ်မလဲတို့ တွေးရင်း စိတ်မကောင်းဖြစ်မိပါတယ်… သူပြောခဲ့တဲ့စကားတွေကို မမေ့ခဲ့ပေမယ့် ဒီပုံစံနဲ့ မြင်ရတာ ဝမ်းနည်းမိတယ်… ကိုယ်တိုင်တော့ ကြိတ်ပြုံးမပြုံးနိုင်ခဲ့ပါဘူး...

စကားဆိုတာက ပစ္စည်းတစ်ခုကို တစ်ယောက်ယောက်ကို ပေးလိုက်သလိုပဲ… သူတို့ မယူရင် ကိုယ်ပဲပြန်ရတယ်မဟုတ်လား… ကျနော့်ကို ပြောလို့ရယ် မဟုတ်ပါဘူး…ကိုယ့်နဲ့ထိုက်တန်တဲ့ တန်ပြန်မှုကို ဒီနည်းမဟုတ် တခြားနည်းနဲ့ ရတတ်တယ်… အတိတ်ကံ အကျိုးပေးနဲ့ ဆိုင်သလို ဝစီကံ ကလဲ ထိုက်တယ်မဟုတ်လား… တခါတလေ ကျနော်ကိုယ်တိုင်လဲ မထင်မှတ်ပဲ ပြောမိတဲ့ စကားတွေရှိပါတယ်… အဲဒီစကားတွေကို ပြန်ပေးဆပ်ရတဲ့ အခါလည်းရှိပါတယ်…

ခုထိ ပြုပြင်နေဆဲ… ကြိုးစားနေဆဲ… အတတ်နိုင်ဆုံး ကြိုးစားနေဆဲ… ခုထိ ကြိုးစားလို့ မဖြစ်နိုင်သေးတာကတော့ ဟန်ဆောင်ပြီး ပြုံးပြလို့မရ… စိတ်ထဲနှစ်နှစ်ကာကာ ရှိမှ ပြုံးချင်တယ်… စိတ်ထဲပါမှ ပြုံးတယ်.. တဝကြီးကို ပြုံးချင်တယ်…

အားလုံးကိုလဲ ရင်ထဲက စိတ်ပါလက်ပါ တဝကြီး ပြုံးတာကို မြင်ချင်ပါတယ်..


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

(မျောက်မျောက်)

Saturday, 7 November 2009

ရာဇဝင်များနှင့် ကဗျာဆရာမ အတွက်

“စိတ်ချင်း ကွန်ယက်တစ်ခုလို့ ချိတ်ဆက်ခဲ့

လေလှိုင်းက ပို့တဲ့ မေတ္တာဓါတ်တွေနဲ့..

သင်ရော နွေးထွေးပါရဲ့လား..မိတ်ဆွေ..

စိတ်ချည်း သက်သက် ရောက်လာခဲ့တဲ့

ပရိတ်သတ်အလည်မှာ...

စိတ်ဟာ..စိတ်ရှိလက်ရှိပျော်၇ွှင်လို့ရယ်ပေါ့...


ဘယ်မှာ အထီးကျန်ပါ့မလဲ...

ငါတို့ဘေးနားမှာ...

ဆွေမျိုးအရင်းအချာ

စိတ်တွေ..ရာထောင်မကရှိနေတယ်...။”

(စိတ်ရတု)

အိန္ဒြာ

ဒီကဗျာလေးက ကျနော့်မွေးနေ့မှ အမှတ်တရ ရခဲ့တဲ့ ကဗျာလေးပါ… မမအိန္ဒြာ အမှတ်တရ ပေးတဲ့ဒီကဗျာလေးနဲ့ မမ ကိုပိုပြီး ချစ်ခင်လေးစားခဲ့ရပါတယ်… လက်တွေ့မှာလဲ အထီးမကျန်အောင် စိတ်တွေကနေတဆင့် လေလှိုင်းကနေ မေတ္တာတွေ ပို့သပေးခဲ့တာက ယခုချိန်ထိ နွေးထွေးနေတုန်းပါ… ပျော်ရွင်ငြိမ်းချမ်းစွာ လက်ခံရရှိနေဆဲပါ…

“ကဗျာဆိုတာ ကဗျာဆရာရဲ့သစ္စာဓိဌာန်
အဲဒီ့ သစ္စာဓိဌာန်က ကမ္ဘာဦးတေးသံဖြစ်လိမ့်မယ်..”

လို့ ဆိုတဲ့ မမဟာ ကဗျာတွေ စာတွေရေးရင်းနဲ့ ဘဝအမောကို ဖြေခဲ့တယ်… (၁၉၉၆)ခု နှစ်ကနေစလို့ ချယ်ရီ ဖူးပွင့်ချယ်ရီကဏ္ဍမှာ အဇ္ဈတ္တ၀ိရောဓိ (ကဗျာ) နဲ့ စခဲ့တဲ့ မမက ခု (၂၀၀၉) ခုနှစ် လာမည့် (၁၀)နေ့HELLO ဂျာနယ်မှာ ပါလာမည့် အလွမ်းဆွတ်ဆွတ် ပန်းချီ ထိ ကဗျာတွေ၊ ဝတ္ထုတွေ နဲ့ ချယ်ရီ၊ မြားနတ်မောင်၊ ရုပ်ရှင်အမြုတေ၊ ပိတောက်ပွင့်သစ်၊ မုဒိတာ ၊ရတီ၊ မဟေသီ၊ ကလျာ စတဲ့မဂ္ဂဇင်းပေါင်းများစွာမှာ ရေးသားရင်း ဘဝရဲ့လောကဓံ အလုပ်ဒဏ်တွေကြားမှား ပြေးရင်းလွှားရင်း ကဗျာတွေရေးရင်းနဲ့ အနုပညာ မိုင်တိုင်ကို စိုက်ထူလာခဲ့တာလေးစားအားကျစရာပါ… ကဗျာများနဲ့ ရပ်တည်ရင်း စာဖတ်သူတွေကို အသိပေး၊ ပညာပေး၊နည်းပေးခဲ့တဲ့ မမကို အမ တစ်ယောက်အနေနဲ့ အားကျစွာ ဂုဏ်ယူပါတယ်..

ခုဆိုရင် မမ ရပ်တည်လာတဲ့ ဘလော့ မိုင်တိုင်လေးက တစ်နှစ်တိတိ ပြည့်သွားခဲ့ပြီးပေါ့… ခုဘလော့တစ်နှစ်ပြည့်ကနေ စပြီး မမ အိန္ဒြာ နှစ်များစွာတိုင် ကဗျာများရေးရင် လောကကို အကျိုးပြုအလှဆင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်..
မမရဲ့ဘလော့တစ်နှစ်ပြည့်မှာ အမှတ်တရအဖြစ် မမပထမဆုံး ဘလော့စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တဲ့ ယခုချိန်ထိဖတ်ရင် ခံစားနေရဆဲဖြစ်တဲ့ တယောသံနဲ့ ကတဲ့ကဗျာကို တစ်နှစ်ပြည့် အမှတ်တရ အဖြစ် ပြန်လည်ဖော်ပြရင်း မမတစ်နှစ်ပြည့်ဘလော့ လေးအတွက် အမှတ်တရ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်...


“တယောသံနဲ ကတဲ့ ကဗျာ”


အဲသည့်မိန်းမရဲ့ ဆံနွယ်ရှည်တွေပေါ့
လ ရောင်ကို အငမ်းမရ သောက်သုံးပြီး
ငါ့ဂီတမှာ ရီရီမူးမူး ကခုန်နေခဲ့တာ
တရိုင်းရိုင်း၊ တယဉ်ယဉ် ဖမ်းစား ညှို့ငင်နိုင်လွန်းလို့၊
ငါ့အိပ်မက်ကို၊ တစ်ဖဲ့ ဖဲ့ပြီး ချကျွေးလိုက်တယ်လေ…။

ဒီညရဲ့ မီးခိုးရောင် ကောင်းကင်ယံဆီမှာ လမင်းဟာ ငွေပြာရောင် အ၀န်းအ၀ိုင်းတစ်ခု အဖြစ် တရွေ့ရွေ့ တည်ရှိ နေခဲ့တယ်။ ညရဲ့ ကိုယ်ပိုင်အရောင် နက်နက်ဟာ လမင်းက ဖြာကျနေတဲ့ ငွေမင်ရောင်တွေနဲ့ ခပ်စိပ်စိပ် ယှက်ဖေါက်ပြီး နက်မွဲမွဲ ပြာလင်းလင်း ရှိနေခဲ့တယ်။ လရဲ့ရောင်ခြည်တွေ မကျအောင် ကာကွယ်ထားနိုင်တဲ့ နေရာတွေမှာတော့ ညဟာ သူပိုင်အတိုင်း အခင်းလိုက် အကွက်လိုက် နက်ကျော..လို့၊ ဒီအုန်းပင်ရှည်ကြီးရဲ့ အရိပ်ကလည်း လက်တံရှည် တစ္ဆေတစ်ကောင် ကခုန်နေသလိုမျိုး တယိုင်ယိုင် ယိမ်းနွဲ့လှုပ်ရမ်းလို့။ လမင်းကို မော်ကြည့်ပြီး ဆွဲဆွဲငင်ငင် အူကျွေးနေတဲ့ ခွေးတစ်ကောင်ရဲ့ ရင်ဘတ်ထဲမှာ ဘာရှိနေမလဲ။ တိုင်တည် နေတာလား၊ တိုင်တမ်းနေတာလား၊ တောင်းပန်နေတာလား၊ တောင်းခံနေတာလား…..၊ သိပ် စိတ်ဝင်စားစရာ ကောင်းတယ်။
*
တယောဆရာ ဒီညကို စောင့်နေခဲ့ရတာ တစ်လတိတိရှိပြီ၊ နောက်ဆယ်ရက် ကြာရင်လပြည့်ည၊ နောက် ငါးရက်ဆို လပြည့်ည ၊ တနေ့တုန်းက သဘက်ခါဆို လပြည့်ည…၊ မနေ့တုန်းက မနက်ဖန်ဆို လပြည့်ည…..၊ အဲသလိုမျိုး။ တယောဆရာ ဒီရွာကို ရောက်ပြီး စိတ်လိုလက်ရ သေသေသပ်သပ် လုပ်ခဲ့တာဆိုလို့ ဒီကွပ်ပျစ် အ၀ိုင်းတစ်ခုဘဲ ပြစရာရှိတယ်၊ သူတယောထိုး ညည်းညူဖို့၊ သူရီဝေယစ်သီဖို့၊ သူကျောခင်းပြီး အဆုံးမဲ့ ငေးမော လွင့်မျောဖို့ အတွက်ဘဲ ရည်ရွယ်တာ ဖြစ်လိမ့်မယ်။ အုန်းပင်ရှည်ကြီးရဲ့ပင်စည်ကို ၀န်းကြပ် ဖွဲ့တည်ထားတဲ့၊ ဒီနှစ်ပေသာသာ ကွပ်ပျစ်အ၀ိုင်းလေးပေါ်မှာ ငွေပြာရောင် လင်းပနေခဲ့ပြီ။ ဒါလပြည့်ည၊ ဒါဟာ လပြည့်ည၊ သိပ်လှတယ်လို့ တယောဆရာဖွဖွ သိပ်သိပ် ရေရွတ်နေခဲ့တယ်။ အရက်သမားအိုကြီးတောင် သူ့ဖောပွပွ ကျောပြင်ကြီးကို အုန်းပင်ကြီးရဲ့ ပင်စည်မှာ ရိယိုင်မှီနွဲ့လွန်းစွာ ကပ်ထားပြီး သူ့ညှင်းသိုးသိုး ဦးခေါင်းကြီးကို သူ့ရင်ခွင်ရှိရာဘက် ညွှတ်ညွှတ်စိုက်စိုက် ချထားရတဲ့အချိန် ရောက်ခဲ့ပြီ။
*
တယောဆရာကတော်ကတော့ ဘယ်လိုမှ စိမ့်အိုင်လာနိုင်ခြင်း မရှိတော့တဲ့ သူမရဲ့နို့ပိန်လေးကို အသာအယာ ဆွဲဖြုတ်လိုက်ပြီး ပြာနှမ်းမွဲခြောက်နေတဲ့ နှုတ်ခမ်း သေးသေးလေးပေါ်ကို ရေစက်လေးတွေ တစ်စက်ခြင်း၊ တစ်စက်ခြင်း ချပေးနေလေရဲ့၊ “အေ့အေ့သားလေးရယ်၊ အေ့အေ့သားလေးရယ်” ဒီအသံဟာ ကြောင်ပေါက်လေးတစ်ကောင်ရဲ့ “တအဲ့အဲ့” အော်သံလို ကြားမှာ ကြေကြေမြည့်မြည့် ထွက်ပေါ်နေခဲ့တယ်။ “သိလားဦးဘတူ”၊ အင်း…….. ။ သူတို့စကားဝိုင်းဟာ အဲဒီ့လိုစတင်လေ့ရှိပြီး၊ အင်း…ထက် စကားပြန် ပိုမရတဲ့၊ အရက်သမားအိုကြီး လုံးလုံးလျားလျား အိပ်ပျော်သွားတဲ့အချိန်မှ အဆုံးသတ်လေ့ ရှိတယ်။ တယောဆရာ ကတော့ သူပြောသမျှကို အင်းလိုက်ပေးဖေါ်ရတဲ့ အရက်သမားအိုကြီးကို အလွန်ချစ်ခင် နေတတ်ပြီး၊ သူ့အိပ်ရာ ပေါ်အထိ တွဲ ပို့ပေးလေ့ရှိတယ်။
*
သိလားဦးဘတူ၊ အင်း….၊ ဆိုတာကတော့ စကားတွေရဲ့ အကြားအကန့် အနားသတ် တစ်ခုလို၊ မှန်မှန်ပေါ်ထွက် နေလေ့ရှိတယ်။ ဒီနေ့လို စကားတွေပြောမနေဘဲ၊ တယောကိုဘဲ ချွဲချွဲငင်ငင် ထိုးနေတဲ့ နေ့တွေမှာတော့ အရက် သမားအိုကြီးဟာ ဒီ့ထက်ပိုပြီး စောစောအိပ်ပျော်သွားလေ့ ရှိတယ်။ ဒီနေ့လို လပြည့်ညမျိုးမှာ တယောဆရာ ၀ဋ် ကျေ မပျက်ပြောမယ့် အကြောင်းအရာကို တယောဆရာကတော် စိတ်ကုန် အားပျက်လွန်းစွာနဲ့ သိနေခဲ့တယ်။ ဟိုး…..ကျန်ခဲ့တဲ့ လပြည့်ညတွေ မှာတော့ ညရီတရောမှာ(တမင်) လျှော်ထားတဲ့ ဆံနွယ်ရှည်တွေကို ဖားဖားဝေအောင်ချထားပြီး…၊ အကိုင်းတွေချင်း နွယ်ယှက်နေတဲ့၊ ယုဇနပင်စည်ကို မှီနွဲ့ပြီး၊ လရောင်အောက်မှာ မှုန်ဝင်း နေချင်ခဲ့တာ။
*
“သိလား ဦးဘတူ” “အင်း…”။ ဒါဟာ ကျွန်တော်ပျောက်ဆုံး နေခဲ့တဲ့ ကဗျာရှည်တစ်ပုဒ်၊ အိပ်မွေ့အချ ခံထားရတဲ့….ကျွန်တော့်ဝိညာဉ်၊ ကြည့်ပါဦးဗျာ….၊ သိပ်ကို ကျွမ်းကျင်လိမ္မာတဲ့ အလမ္မာယ်ဆရာရဲ့ စိတ်ကူးပါးခွက်လို၊ လရောင်ရွှဲနေတဲ့ ပိတုန်းရောင် မြွေလေးတွေလို၊ ကျွန်တော့်တယောသံမှာ ကော့လိုက်၊ ညွှတ်လိုက်၊ ကွေးလိုက်၊ ၀ိုက်လိုက်နဲ့၊ “သိလား ဦးဘတူ” “အင်း…”။ ဘယ်လောက်လှလိုက်လဲ၊ ကျွန်တော့် တယောသံမှာ လိုက်ကနေကြတာ၊ ကျွန်တော့်ရင်တွေ ခုန်နေလိုက်တာမှ.. “သိလား ဦးဘတူ” “အင်း…”။ ဟောဒီ့လို လပြည့်ညဘဲပေါ့…..၊ ချွဲငင် ကြေကွဲနေတဲ့ ကျွန်တော့်ဂီတကို အဖေါ်လုပ်ပြီး၊ စည်းချက်ကျကျ ပျောင်းအိ နွဲ့သွယ်နေကြတဲ့ သူ့တစ်ရပ်လုံးလုံး ဖါးဖါးဝေနေတဲ့ ဆံနွယ်ရှည်တွေရယ်၊ နောက် ဟောဟို ယုဇနပင် အကိုင်းအလက်တွေ ကြားက လမင်းရဲ့ အလင်းတွေ ရောင်ပြန်ဟတ်ပြီး တဖျတ်ဖျတ်လင်းလဲ့ နေတဲ့ ၊ ခိုးကြောင်ခိုးဝှက် မျက်ဝန်းလေးတစ်စုံရယ်။ “သိလား ဦးဘတူ” “အင်း…”။ အဲဒီ့ အချိန်ကစပြီး ကျွန်တော်ဟာ အထီးကျန် မဟုတ်တော့ဘူး။ “သိလား ဦးဘတူ”။ ကျွန်တော်လေ လပြည့်ညကို၊ လပြည့်ညပြီးကတည်းက စောင့် နေခဲ့ရတာ၊ တနေ့တုန်းက သဘက်ခါဆိုလပြည့်ည၊ မနေ့တုန်းက မနက်ဖန်ဆို လပြည့်ည၊ အဲသလိုမျိုး……..
*
တအဲ့အဲ့ ရှိုက်ညည်းနေတဲ့ သားလေးရဲ့နဖူးက အပူငွေ့ကိုအလန့်တကြား စမ်းကြည့်ရင်း….. တယောဆရာ ကတော် ဘယ်လိုမှထိမ်းချုပ် မျိုသိပ်နိုင်စွမ်း မရှိတော့ဘူး….။ ဒီလိုအချိန်မျိုးမှာ ဒီလိုစကားမျိုးကိုဘဲ ရီရီမူးမူး ပြောနေနိုင်သေးတဲ့ တယောဆရာကို စူးစူးနစ်နစ် နာကျည်းနေမိတယ်။ ဟိုး….တုန်းကတော့ အဲဒီ့ကဗျာ ဆိုတဲ့အရာကို ထဲထဲဝင်ဝင် သိချင်လွန်းလို့ သူများကို တိတ်တိတ်လေး မေးမြန်းခဲ့ ဖူးတယ်။ ကဗျာဆိုတာ သီချင်းလိုပဲပေါ့ ဆိုတော့၊ သီချင်းနဲ့ကဗျာကို ထပ်တူပြုကြည့်ပြီး နဝေတိမ်တောင်နဲ့ ရယ်မြူး ကြည်နူးနေခဲ့ဖူး တယ်။ တယောတစ်လက်နဲ့ ဘယ်ကဘယ်လို ရောက်လာမှန်း မသိတဲ့၊ ရုပ်ရည်သန့်ပြန့် မွန်ရည်တာနဲ့၊ သေရည်သေရက် တော်တော်မက်မော ပုံပေါ်တာကိုဘဲ သိတဲ့၊ တယောဆရာကို ဆံပင်တွေ ဖါးဖါးဝေအောင် ချပြီး လရောင်အောက်မှာ ခိုးကြည့် ရင်ခုန်ခဲ့ဖူးတယ်။ သူ့အနုပညာရဲ့ ပါရမီဖြည့်ဘက်…ဆိုတာကို ဘုမသိ ဘမသိ ကြည်နူးပျော်ရွှင် ခဲ့ဖူးတယ်။ အနုပညာ ဆိုတဲ့ စကားစုကလည်း သူမနဲ့ အကျွမ်းတ၀င်ကိုဖြစ်လို့။
*
အမေ့ရဲ့ ဆူသံဆဲသံတွေကို လစ်လျူရှုပြီး သူမလို မည်းကြုတ်နေတဲ့ ရုပ်ဆိုးမကိုမှ ယူချင်ပါတယ် ဆိုတဲ့ သူ့ကို မြတ်နိုးလိုက်ရတာ….။ လှတာမက်ည စာခက်ဆိုတာမျိုးနဲ့ အဲသလို ဆန်ဆန် မေးငေါ့လှောင်ပြောင် သံတွေကိုတော့ ကျုပ်ယောက်ျားလို စာတတ်၊ ပေတတ်၊ အင်္ဂလိပ်စာတတ်က တော်တို့လို ဖါးရိုက်၊ ငါးနှိုက်လုပ် ရမှာလားလို့ ခပ်မော်မော် ပြန်ပက်ခဲ့ဖူးတယ်။ ကျုပ်ယောက်ျားရဲ့ ဒီလောက် နူးညံ့လှပတဲ့ လက်တွေဟာ ကွန်ပစ် ၊မြုံးထောင်ဖို့အတွက် မဟုတ်ဘူး၊ သူ့အနုပညာတွေကို သူဖန်တီးနေဖို့လို့ ခပ်ကြွားကြွား ပြောပစ်ခဲ့ဖူးတယ်။ ကျုပ်ယောက်ျားဟာ တစ်ခုခုဖြစ်ခဲ့ဖူးမှာ၊ အဲသလိုမျိုးနဲ့….။ တစ်ရွာဝင် တစ်ရွာထွက် ဈေးတောင်းခေါင်း တင်ပြီး။ ဘယ်လို မောပန်းမှုမျိုးကမှ သူ့တယောသံ၊ သူ့ယစ်ယစ်ဝေေ၀ ကဗျာရွတ်သံတွေကို တိုးမပေါက်ခဲ့ဘူးလေ။ အထူးသဖြင့် ဟောဒီ့လို လပြည့်ညတွေမှာ “သိလား ဦးဘတူ” ကျွန်တော့် နှလုံး သည်းပွတ်ထဲကနေ၊ ပါးစပ်ဖျားကို ကဗျာတစ်ပုဒ် ခုန်တက်လာလိုက်တာ။
*
………………… ဆံနွယ်ရှည်တွေပေါ့
လရောင်ကို…………………………………………..
ကခုန်နေခဲ့တာ……………………………………နိုင်လွန်းလို့၊
ငါ့အိပ်မက်…………………………….။
*
တော်တော့ တော်ပါတော့။ မကြားချင်ဘူး…၊မကြားချင်တော့ဘူး..။ ဘာကဗျာလဲ၊ ဘာဂီတလဲ၊ ဘာအနုပညာ လဲ….၊ အလကားဟာတွေ အလကား ထမင်းတစ်နပ်တောင် မရှာနိုင်တဲ့ဟာတွေ၊ ရှင်ဘာအသုံးကျခဲ့လဲ၊ ရှင်ဘာ အသုံးကျဖူးလဲ။ ရှင့်ကို အထင်ကြီးခဲ့သမျှ အလကားပဲ။ ရှင့်မှာ ဖခင်စိတ်ဆိုတာ ရှိရဲ့လား၊ ရှင်ဟာ ဒီတယော ၊ ဒီကဗျာ…၊ ဒီလရောင်၊ ဒီဆံပင်တွေကလွဲပြီး ဘာကိုမှ စိတ်မ၀င်စားတော့ ဘူးလား..၊ ဒီကလေးကို မီးဖွားပြီးကတည်းက ကျွန်မ ဈေးမရောင်းနိုင်တော့တာ၊ ထမင်းနပ် မကျော်အောင် ကြံဖန်နေရတာ၊ ကလေးက သေးရ ညှက်ရတဲ့ ကြားထဲ ကျွန်မနို့မထွက်လို့ သားလေး တပိန်ပိန် တလိန်လိန်၊ ရောဂါနဲ့တစ်လုံး ဖြစ်နေတာ။ ဒါတွေ ရှင်မြင်ရဲ့လား..၊ ရှင်သိရဲ့လား…၊ ရှင်နဲ့မဆိုင်ဘူးလား..။ အခုကလေးကို ဆေးမြီးတိုနဲ့ မရတော့ဘူး၊ ကျွန်မ မြို့တက်ဆေးကုချင်တယ်၊ ဘာနဲ့ကုမလဲ၊ ဘယ်ပိုက်ဆံနဲ့ ကုကြမှာလဲ၊ ဘယ်သူ့ဆီမှာထပ်ပြီး ချေးရ ငှားရ မှာလဲ။ ရှင်တွေးမိရဲ့လား…. ဘာဖအေ လဲ၊၊ ဘာလင်ယောက်ျား လဲ………..။ ရှင်ထွက်သွား…..၊ ရှင့်တယောနဲ့ ရှင်ထွက်သွား…၊ ရှင့်အနုပညာနဲ့ရှင်…၊ ရှင့်ကဗျာတွေနဲ့ ရှင်..ထွက်သွား..။ ရှင့် အရက်ပုလင်းနဲ့ ရှင် ထွက်သွား……။ အခုထွက်သွား…၊သွား.. ထွက်သွား။
*
လရောင်က လန့်ဖျန့်မည်းအုံ့ သွားခဲ့တယ်။ အရက်သမားအိုကြီးတောင် ခေါင်းထောင်ပြီး မျက်လုံးကြီးကို ပြူးကြည့်လာတယ်..။ တယောဆရာဟာ ပြောလက်စတွေ လွတ်ကျပြီး အံ့သြ မင်တက်လွန်းစွာ သူ့မိန်းမကို ငေးကြောင်ကြည့် နေတယ်။ တယောဆရာရဲ့ ရင်ဘတ်ဟာ တဖျစ်ဖျစ် လောင်ကျွမ်းတောက်လောင် လာတယ်။ တယောဆရာရဲ့ တစ်ကိုယ်လုံးဟာ တဆတ်ဆတ် တုန်ခါနေခဲ့တယ်။ တယောဆရာကတော်ကတော့ မျက်လုံးစုံမှိတ်ပြီး အသားကုန် ရှိုက်ငင်အော်ဟစ်နေရာက တဖြည်းဖြည်းခြင်း ငြိမ်လျော့ကျသွားပြီး အကြီးအကျယ် ဒါဏ်ရာရထားတဲ့ သားကောင် တစ်ကောင်လို တအင်အင် ညည်းညူနေရှာတယ်။ တယောဆရာဟာ အိမ်မက်ထဲမှာ လမ်းလျောက်နေသူလိုမျိုး သူ့တယောလေးကို လည်ပင်းက ဆုတ်ကိုင်ပြီး တရွေ့ရွေ့ ထွက်ခွာသွားလိုက်တာ လမင်းဟာ ပြန်မလင်းချင် လောက်အောင် ညှိုးရော် သွားခဲ့တယ်။
*
တယောဆရာကတော်ဟာ သူမရဲ့ ပူလောင် ယောက်ယက်မှုထဲမှာ မူးမိုက်သွားမတတ် နှမျောတသ လွန်းစွာနဲ့ တသိမ့်သိမ့် ရှိုက်ငင်နေရှာတယ်။ အောက်နှုတ်ခမ်းမှ စိမ့်ထွက်လာတဲ့ သွေးစသွေးန တွေကိုတောင် မသုတ်နိုင် တော့ဘူး။ ဒါအလင်းရောင်…. ၊ဒါကယ်တင်ရှင်…….၊ ဒါသားလေးအတွက် အသက်ဆက်ရာ…..၊ ဒါဆေးဘိုး……မသိဘူး..၊ ကျန်တာမသိဘူး….၊ ကျန်တာတွေမသိဘူး….။ တယောဆရာကတော်ဟာ ခဏသတိလစ် သွားခဲ့ သလား၊ တအောင့်လောက် ရူးနှမ်းသွားခဲ့သလား သူမကိုယ်သူမ မသေချာခဲ့ဘူး။ ဆံပင်ရှည်တွေ တစ်ဆယ် သားကို တစ်သောင်းတဲ့၊ သူမတစ်သက်နဲ့ တစ်ကိုယ် ဘယ်တုန်းကမှ မကြားဖူးတဲ့ ဈေးဝယ်သူ…၊ ဒါမှမဟုတ်..သူမဆီကို ဘုရားရှင်က ဖန်ဆင်းပြီး လွှတ်လိုက်သလား မသိတဲ့ကယ်တင်ရှင်။ ငွေတွေကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး ဟိုလူ့ လက်ထဲပါသွားတာ မြွေတွေအထွေးလိုက်လို့ မြင်လာတယ်.။ မသပ်မရပ် ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ဦးခေါင်းကို လက်ဖ၀ါးနဲ့ စမ်းကြည့်ပြီး သူမတဟားဟား ရယ်မောလိုက်မိ သေးသလား။ ဘာဖြစ်လဲ ဘာဖြစ်သေးလဲ…….။
*
“ဘာ…ဦးဘတူ၊ ဘာ..ပြောတယ်…၊ ကိုမောင့်ကို သမန်းကုန်းဘူတာမှာ တွေ့ခဲ့တယ်တဲ့ ဟုတ်လား.။ ကျွန်မ…ကျွန်မလိုက်သွား………၊ ကလေး…ကလေး…။ ကြည့်ထားလိုက်နော်။ ဟာ..နေဦး ၊ နင်ဘယ်လို………။ ကိုမောင်..ဘယ်တွေ လျှောက်သွားနေတာလဲ….။ ဘယ်လိုများ စားသောက်နေရလဲ..။ ကျွန်မ..ကျွန်မ ကိုမောင့်ကို ဘာတွေ ပြောခဲ့မိသလဲ…၊ ကိုမောင့်ကို နာကျင်အောင် ဘယ်လိုတွေများ စော်ကားတိုက်ခိုက် လိုက်မိလဲ ….ကျွန်မသားလေးအတွက် အရမ်းကိုပူပင်နေမိလို့ အရမ်းကို ၀မ်းနည်းအားငယ် နေမိလို့၊ အခု သားလေးကို မြို့မှာ ဆေးသွားကုရင် ကိုမောင်ရှိမှဖြစ်မှာ။ ကိုမောင့်ရယ် ကိုမောင့်ကို မိညိုဘယ်လောက် ချစ်တယ် ဆိုတာ တယောဆရာကတော်ရဲ့လေ၏ လျင်မြန်ခြင်းမျိုးမှာ၊ သူမ ခင်ပွန်းသည်ကလွဲပြီး ဘာမှ…မမြင်..မသိ မကြား နိုင်တော့ဘူး..။
*
တယောဆရာကတော်ဟာ ချက်ချင်းလိပ်ပြာနှုတ်ခံ လိုက်ရသူလို အသက်ပြတ်သွားခဲ့တယ်။ မောပန်းမှုနဲ့ လှိုင်း ထန်နေတဲ့ သူမရဲ့ ရင်ပြင်ဟာ ပေါက်ထွက်လုမတတ် ဗောင်ဗင်ဆန်သွားတယ်။ “မယုံဘူး…” “မဟုတ်ဘူး…”။ ခင်းထိုင်ထားတဲ့ ပုဆိုးစုတ်ပေါ်ကို ကစဥ့်ကယဲ လွင့်ကျထားတဲ့ ငွေစက္ကူ အကြွေတွေ၊ တယောကို ပခုံးပေါ် ခပ်နွဲ့နွဲ့မှီ၊ မျက်ဝန်းကို စုံပိတ်ပြီး…..၊ မဟုတ်ဘူး….၊ သူမခြောက်သွေ့ အက်ကွဲလာတဲ့ လည်ချောင်းကနေ အသံမဲ့ အော်ဟစ် ပစ်လိုက်တယ်။ မဟုတ်ဘူး၊ သူမရဲ့ယောက်ျား၊ သားလေးရဲ့အဖေဟာ။ ဒီလိုမသိမ် ဖျင်းဘူး၊ အောက်တန်းမကျဘူး၊ သားလေးရဲ့အဖေဟာ ဒီလိုလူစားမျိုး မဟုတ်ဘူး…။ အိပ်မက်က လန့်နိုးလာသလို သူမျက်လုံးကို အလန့်တကြား ဖွင့်ကြည့်လိုက်တယ်။ နီရဲပြူးကြောင်ြပီး ၀င်းဝင်းတောက် နေတဲ့ မိန်းမ တစ်ယောက်ရဲ့ မျက်ဝန်းအကြည့်တွေဟာ။ ဟင် ဒါဘာတွေ လဲ၊ မဟုတ်သေးပါဘူး။ နင်.. မိညို…။ မိညို… နင်..မိညို၊ နင်…ဆံပင်တွေ..၊ ဆံပင်တွေ…၊ ငါ့ ဆံပင်ရှည်တွေ၊ ဗြုန်းကနဲ ထရပ်လိုက်တဲ့ တယောဆရာ့လက်ထဲက တယောဟာ ဘေးနားက ရထားသံလမ်းနဲ့ ကိုင်အရိုက် ခံလိုက်ရပြီး တယောဆရာရဲ့ နှလုံးအိမ်တွေလိုဘဲ အစိပ်စိပ်အမွှာမွှာ ကွဲကြေသွားတယ်..။ ခုန်အုပ်လိုက်တဲ့ ဒေါသတွေနဲ့ သူတို့နှစ်ယောက်သား ရထားသံလမ်း ပေါ်ကို အလုံးလုံးအထွေးထွေး ကျသွားတယ်။ သူတို့ကို ရထားဥသြသံက အလန့်တကြားနဲ့ ငယ်သံပါအောင် အော်ဟစ် တားမြစ်နေသေးတယ်။ အချိန်က နေ၀င်ရီတရောလေးပါပဲ။
*
နေရောင်စုံးစုံးချုပ်နေပြီ…
အရက်သမားအိုကြီးဟာ….၊ သူ့ဘ၀မှာ ဘယ်တုန်းကမှ ၊ ဘယ်လို အကြောင်းပြချက်နဲ့ဖြစ်ဖြစ် ဒီအချိန်ဆိုဝတ္တရား ပျက်ကွက်လေ့ မရှိဘူး….။တောက်!!!! စိတ်မရှည်တော့ဘူးကွာ……။
လေချဉ်ပြင်းပြင်း တစ်ချက်တက်၊ တံတွေးကို ပျစ်ခနဲ နေအောင်ထွေးပြီး……အနှီးနဲ့ထုပ်ထားတဲ့ ကလေးလေးကို ကွပ်ပျစ် အ၀ိုင်းပေါ်မှာ ဒီ့အတိုင်း တင်ထားပစ်ခဲ့တော့တယ်……။


အိန္ဒြာ


မမအိန္ဒြာ ပျော်ရွင်ချမ်းမြေ့ပါစေ...


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်
မျောက်မျောက်

Wednesday, 4 November 2009

မသက်ထွေးဆီသို့ လွမ်းချင်း

နိုင်ငံခြားဘာသာ တက္ကသိုလ် စတက်ဖြစ်တဲ့ ပထမနှစ်မှာ ကျနော် ကောင်မလေးတစ်ယောက်ကို စတင်ခင်မင်သိကျွမ်းခွင့် ရခဲ့တယ်… ရယ်လိုက်ရင် သွားတက်ကလေးတွေ ဖွေးနေအောင် ပေါ်နေတဲ့သူမကို ကျနော် အရမ်းသဘောကျ မက်မောစွာ စိုက်ငေးကြည့်တတ်ပါတယ်… ညိုညိုချောချောလေးနဲ့ မြန်မာဆန်တဲ့ မျက်နှာပိုင်ရှင်သူမက ကျနော့် မျက်စိထဲမှာ တော်တော်လေး ချစ်ဖို့ကောင်းလွန်းလှတယ်… သူမနဲ့ ခင်မင်ခွင့် ရတဲ့အချိန်ကစလို့ သူမဆီက မက်မောတမ်းတရလွန်းတဲ့ သွားတက်ဖွေးဖွေးလေးတွေကို မြင်ချင်လို့ သူမကို တမင်တကာ ဟာသဖြစ်စေမယ့် စကားတွေကို သာရွေးပြောခဲ့တယ်…

ဒီလိုဟာသတွေ ပေါက်ကရတွေ ပြောရင် သွားတက်ခလေးပေါ်အောင်ရယ်တတ် လက်ဝါးလေးအုပ်ပြီး ရယ်တတ်တဲ့ သူမ အရယ်သန်တာကို မြင်တိုင်း ကျနော်ပျော်နေခဲ့တယ်.. သူမကို ချစ်သွားခဲ့တယ်…

ဒီလိုသံယောဇဉ်တွေ တွယ်ရင်း ရှည်လျားလွန်းတဲ့ ပထမနှစ်အဆုံးမှာ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်… သူမ ကျနော့်ကို အရမ်းချစ်ပါတယ်.. သူမစိတ်ညစ်တိုင်း အိမ်နဲ့ အဆင်မပြေဖြစ်တိုင်း ကျနော့်ကို ရင်ဖွင့်… ကျနော့်ကို အနားမှာထားပြီး စကားတွေ ပြောခိုင်းတတ်တယ်… တနေ့တော့ ကျနော်ကို သိပ်ချစ်တဲ့ ကျနော်ချစ်သူ ကို မေးခဲ့ပါတယ်… “ဘာလို့ ဗိုလ်စိန့် ဒီလောက်ချစ်ရတာလဲဟင်” ဆိုတော့
ကျနော့်မျက်နှာကို တချက်ကြည့်ပြီး “ခစ်ခစ်…ဗိုလ်စိန်မျက်နှာက ဘာမှ မပြောဘဲနဲ့ တောင်
မျက်နှာ ကစပလိန်လို ရယ်စရာ ကောင်းလို့… ဒီကြားထဲ ဟာသတွေပြောနေတော့ စိတ်ချမ်းသာတယ်… ဒါကြောင့် ချစ်တာ”..တဲ့… ကျနော့်ကို သူမက ပျော်တော်ဆက် လူရွှင်တော် ထင်နေလားမသိ… စိတ်ထဲကတော့ ကျိတ်ပြီး ဝမ်းသာမိပါတယ်…

ဒါကြောင့်လဲ သူမနဲ့ ချိန်းတွေ့တိုင်း သွားတက်ကလေးတွေ မြင်ချင်တာရယ်… သူမ ရယ်မောတာကို သဘောကျတာရယ် ပေါင်းပြီး ရယ်စရာတွေကိုပဲ ရှာကြံပြောပါတယ်… တခစ်ခစ်နဲ့ ရယ်နေတာကိုက တကယ့်ကို ချစ်စရာပါ… နောက်တစ်ခု သိလာရတာက သူမက အရယ်သန်သလောက် အထွက်လွယ်သူလဲ ဖြစ်ပြန်ရော… စိတ်ကမထိန်းထားနိုင်းဘူးတဲ့လေ… ဒါကြောင့် အပြင်ထွက်ပြီး တနေရာရာမှာ ထိုင်စကားပြောမယ်ဆိုရင် အိမ်သာနဲ့ နီးတဲ့နေရာမှာ အမြဲ ရှာကြံထိုင်ရတာ ကျနော်တို့ နှစ်ယောက်ဒုက္ခပေါ့… အဆင်ပြေအောင် လူရှင်းထက်နေရာထက် အိမ်သာရှိမယ့်နေရာကို အမြဲရှာကြံ ထိုင်ရတယ်..
သူမနဲ့ နှစ်ယောက်တည်းရှိတဲ့ အချိန်ကျ သူမကို ချစ်စနိုးနဲ့ မသက်ထွေးလို့ ခေါ်ရင် သူကကျနော့်ကို စိန်မျောက်မျောက် လို့ ခေါ်တတ်ပါတယ်…

တနေ့ ကျနော်တို့ နှစ်ယောက် ကျောင်းချိန်လစ်ပြီး အင်းယားက ပန်းခြံမှာ ထိုင်ဖြစ်ကြတယ်.. ချစ်သူဖြစ်တာ ဘယ်နှရက်မြောက် ဆိုတဲ့ အထိမ်းအမှတ်လေးပေါ့… သူမကို မြန်မာဆန်ဆန်ဝတ်ခဲ့ပါဆိုလို့ သူမက ပါတိတ်အနီရောင်ဝမ်းဆက် ၊ပါးကွက်လေးနဲ့ သိပ်ကိုလှနေတာပါပဲ….
သူမကို ထိုင်ကြည့်နေရင်း ချစ်လွန်းလို့ ထုံးစံအတိုင်း သူမ ရယ်အောင် စနောက်ပါတယ်… ကျနော်က အတန်းထဲကအကြောင်းတွေ အိမ်က အကြောင်းတွေ ကို ဟာသလုပ်ပြီးပြောတော့ သူမကလည်း တခစ်ခစ်နဲ့ ပွဲကျနေတာပေါ့… ခဏကြတော့ သူမက အိမ်သာသွားပါရစေတဲ့… ဒါပေမယ့် ကျနော်က ညစ်ပြီး “မသွားရဘူး အောက်ထားကွာ” ဆိုပြီး အတင်း ဖက်ထားမိတော့… သူမမျက်နှာလေး နီးမြန်းလာပြီး.. “ဗိုလ်စိန်ရယ်… လွှတ်ပါ.. တကယ်မအောက်နိုင်တော့လို့ပါ”လို့ပြောရင်း…
ရုန်းရင်း… ကျနော်ကလဲ အတင်း ဖက်ထားရင်း………

ဟောဗျာ……………..

ကျနော်ခမျာ…. နဖူးတွေ ဒူးတွေ တုန်လို့ သူမကို မင်သက်စွာငေးရင်း ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်သွားတယ်… ခေါင်းတွေက ဒဿဂီရိခေါင်း ဆယ်လုံးထက်မကကြီးသွားတယ်… သူမကို အားနာလိုက်တာလဲ မပြောနဲ့ပေါ့…

သူမက ရှက်ရှက်နဲ့ ငိုရှာတယ်… သူမ ခုချိန်ထလို့ လုံးဝ မဖြစ်နိုင်… ပြန်ဖို့ကလဲ လင်းအားကြီးနေတဲ့ အချိန်ဆိုတော့ စောသေးလို့ ချက်ခြင်းထပြန်လို့ မရ… ကျနော်ကလဲ မထင်ထားဘူလေ… ဘာလုပ်လို့ လုပ်ရမှန်းမသိပဲ သူမ လက်ကလေးကိုကိုင် ကျနော်ကိုယ်တိုင် ငိုချင်လာပြီး သူမကို သနားကြည့်နဲ့ ကြည့်နေရင်း.. သူမက ငိုနေရာကနေ “တခစ်ခစ်” နဲ့ ချက်ခြင်း ထရယ်ပါလေရောဗျာ…

အဲဒီအခါကျမှ ကျနော်လဲ သက်ပျင်းလေးချပြီး နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်… ရယ်လိုက်နဲ့ ဘယ်မှ မသွားရပဲ တနေရာတည်းမှာ ငုတ်တုတ် မိုးချုပ်မှောင်တာကို စောင့်ခဲ့ရတယ်… မြန်မာဆန်ဆန်ဝတ်လာပါလို့ ပြောခဲ့မိလို့သာပေါ့… နောက်မဟုတ်ရင် မသက်ထွေး အကွက်လေးနဲ့ အိမ်ပြန်ရရှာမှာ…

ဘယ်အချိန်ဖြစ်ဖြစ် ကျနော်တို့ နှစ်ယောက်သားဆုံရင် ဒီအကြောင်းက ရယ်စရာ အဖြစ်ပါလာမြဲ… သူမကလည်း စဉ်းစားပြီး တခစ်ခစ်ရယ်မြဲ… အိမ်သာကိုပြေးမြဲပေါ့….

လွမ်းမိပါတယ် သက်ထွေးရယ်….

ခုနေ သက်ထွေးလေးဖတ်ပြီး ရှက်လို့ တခစ်ခစ်ရယ်… အိမ်သာပြေးနေမှာ မြင်ယောင်သေး…

သက်ထွေးကို ခေတ္တလွမ်းသွားလို့ပါ…

ချစ်သူတိုင်း ဒီဒုက္ခမှ ကင်းဝေးပါစေ...း)

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Monday, 2 November 2009

သေဆုံးသွားခဲ့သည်ရှိသော်

တရွေ့ရွေ့ နဲ့ တချက်စီရွေ့လျှားနေတဲ့ နာရီစက်သံက အချက်မှန်ပေမယ့် ရင်ထဲက ရင်ခုန်သံက မူမမှန်ဘူး… တနာရီ မိုင်(၁၀၀) ဆိုတဲ့လေတိုက်နှုန်းနဲ့ အတူ စိတ်တွေ လွင့်နေပေမယ့် ကြားရမည့်ဖုန်းသံကို တော့ မလွတ်တမ်း နားစွင့်နေခဲ့မိတယ်… အာရုံကို တတ်နိုင်သလောက် စုစည်းလိုက်ပြီး သက်ပြင်းရှည်ရှည် တစ်ချက်ကိုချ… ဖုန်းကိုငေးစိုက်ကြည့်နေစဉ်မှာပဲ ရင်ထဲ တုန်လှုပ်ခြောက်ခြားသွားရလောက်အောင် ဖုန်းသံတိုးတိုးလေးက ရင်ထဲကို ဒိုင်းကနဲ ဆောက်ဝင်လာခဲ့တယ်..

“ဟလို” ဆိုတဲ့ အသံနဲ့ အတူ ငိုချလိုက်တဲ့ အမေ့ရဲ့ အသံကို ကြားလိုက်ရတဲ့ ခဏ ရင်ထဲမှာ ပြည့်သိမ့် မွန်းကြပ်ပြီး နှလုံးသွေး ခဏရပ်လို့ မျက်ရည်စို့ ပျော့ခွေချင်သွားရသလိုခံစားလိုက်ရတယ်… ပြောဖို့ စကားတွေ လည်ချောင်းဝမှာ ဆို့နစ်နေတဲ့အတွက် အမေ့ငိုသံ စဲတဲ့ထိကိုစောင့်နေမိတယ်…

“သား……”

ငိုချင်တဲ့စိတ်ကို အတင်းမျိုချ…. မာန်ပါတဲ့အသံကိုသွင်းပြီး ...

“သား.. အ..နား..မှာ..ရှိ..တယ်မေမေ… ဆရာဝန်က ဘာတဲ့လဲ”

မေမေ့ငိုသံတွေ ဆက်တိုက်ထွက်လာပြန်တယ်.. အမေငိုသံကို မကြားချင်ပဲ ကြားနေရတဲ့ သားတစ်ယောက်ရဲ့ ရင်ထဲကို ဝင်ကြည့်စမ်းပါ… ဘယ်လောက်ပူလောင်ပြင်းပြနေမလဲလို့…

“ဆရာဝန်က ကင်ဆာဖြစ်နိုင်တယ်တဲ့… ဒီတစ်ကြိမ်နဲ့ဆိုရင် အရင်ကလဲ ဖြစ်ထားဖူးတော့ မြန်မာပြည်မှာ ကုလို့မရတော့ဘူး… စကာင်္ပူမှာ ကုရလိမ့်မယ်… တတ်နိုင်လားတဲ့… မေမေ့မှာ တကယ်ဖြစ်ရင် တတ်နိုင်တယ်လို့ ပြောဖို့ အင်အားမရှိတော့ သားနဲ့ တိုင်ပင်လိုက်အုံးမယ် ပြောခဲ့တယ်” …

မေမေ့ရှိုက်သံတွေ ရင်ဝကို ထိုးနှက်လို့ သားရင်ထဲ ဘယ်လောက်ပူလောင်နေသလဲ မေမေသိရဲ့လား… သားလုံးဝ စိတ်မကောင်းပါဘူး… လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်ကျော်က သားအိမ်မှာ ကင်ဆာဖြစ်ခဲ့ဖူးတဲ့ မေမေ က ခံစားခဲ့ရတဲ့ ဆေးကုသမှု ဝေဒနာနဲ့ ကုန်ခဲ့ရတဲ့ စည်းစိမ်တွေကို သေချာ နားလည်သူဆိုတော့ ဒီတစ်ကြိမ် ထပ်ဖြစ်ရင်ဆိုတဲ့ အတွေး… ကုန်ရဦးမည့် ငွေကြေးပမာဏ… စကာင်္ပူမှာ ဆေးသွားကု ရမည့် အခြေအနေကို သုံးသပ်မိရင် မတတ်နိုင်ရင်တော့ ဆိုတဲ့ ဝမ်းနည်းမှုတွေ မေမေ့ရင်ထဲမှာ ပြည့်ကြပ်နေမယ်ဆိုတာ သားထပ်တူခံစားရပါတယ် မေမေရယ်…

“မေမေ…”
…….

“မေမေ… မေမေ သာ ကင်ဆာထပ်ဖြစ်ခဲ့ရင် စကာင်္ပူမှာ ဆေးကုချင်လား”
….

“မေမေ… ငိုမနေနဲ့… ဖြစ်သမျှကို ရင်ဆိုင်ရမယ်လေ… သားမေးတာကို ဖြေပါ”

“ကုချင်တာပေါ့သားရယ်… ဒါပေမယ့် မေမေ့ ဆေးကုရင် ကုန်မယ့် စရိတ်တွေက များတယ်… ပြီးတော့ သား ညီနဲ့ ညီမကလဲ ငယ်သေးတယ်… သူတို့တွေ ဘဝကို မရပ်တည်နိုင်သေးဘူး… သားဖေဖေလဲ ဒီစိတ်.......”

“တော်ပြီးမေမေ…. မေမေကုမယ်ဆိုရင် သားဒီစရိတ်တွေကို ရအောင် ရှာပါမယ်”

“ဟင်… သားက ဘယ်လိုရှာမှာလဲ… ဘယ်က ရမှာလဲ… သားဖြစ်နေတဲ့ ခေါင်းကိုက်ရောဂါ ကိုတောင် ပျောက်အောင်ကုဖို့ မတတ်နိုင်ပဲနဲ့… မေမေ သားဆီက မယူချင်ပါဘူး…. မေမေ့အသက်ကြီးပါပြီး..”

မေမေ့ ငိုသံတွေ…ငိုသံတွေ…

သား မျက်ရည်မကျချင်ဘူးမေမေ… သား မတတ်နိုင်ပေမယ့် တတ်နိုင်အောင် ကြိုးစားပါမယ့်… လောလောဆယ် မေမေဆေးကုဖို့ လိုအပ်တဲ့ ငွေ အလုံအလောက် သားမှာ မရှိသေးပေမယ့် ခု မေမေ့ကို အားတစ်ခုပေးလိုက်တယ်လေ… “ငါ့သားက ငါ့အတွက် တတ်နိုင်တယ်… ငါ့ကိုဆေးကုပေးမယ်”ဆိုတဲ့အားလေ… ဒီအားလေးနဲ့ အားတင်းစမ်းပါမေမေရယ်… ရင်ထဲမှာ မေမေ့ကို စကားတွေ ပြောနေပေမယ့် နှုတ်က တိတ်ဆိတ်လို့….

မေမေ့ငိုသံရပ်လို့ ရှိုက်သံထွက်လာတော့…

“မေမေ….. သားကိုချစ်လား”

“အင်”

“ဖေဖေ့ကိုရော”........

“ညီလေး.. ညီမလေးကိုရော”.......

“ဘယ်လိုပြောလိုက်တာလဲ သားရယ်… ချစ်တာပေါ့… မေမေ့ဘဝပဲလေ”

“အင်း… အခု သားကိုလဲမချစ်နဲ့… သူတို့ကိုလဲ မချစ်နဲ့တော့… မေ့ထားလိုက်တော့.. ခုမေမေချစ်ရမှာ မေမေ့ကိုယ်တိုင်ပဲ… မေမေစိတ်တွေကို စုစည်းလိုက်… ဖြစ်နေတဲ့ရောဂါကို နှလုံးသွင်းပါ… ဆေးစစ်ချက်က ဘယ်လိုထွက် လာလာ မေမေသေဖို့ ပြင်ဆင်ထားလိုက်ပါ… လူဆိုတာ သေမျိုးချည်းပဲလေ… သေဖို့နှလုံးသွင်းထားလိုက်ရင် ဘာဖြစ်ဖြစ် ပူစရာမလိုတော့ဘူးပေါ့… ခုချိန်မှာ မေမေ သေတတ်အောင် နှလုံးသွင်းပြီး ပျော်ပျော် နေရမှာလေ… သားတို့ကို နောင်ဘဝထိ ခေါ်သွားလို့ မရမယ့်တူတူ မေမေ့ကိုယ်ကို မေမေချစ်ပြီး ပျော်အောင်နေပါ”

“သား……….. မေမေ သေရမှာ မကြောက်ဘူး… ဒါပေမယ့် စိတ်ပူတယ်”

“ဘယ်သူ့ကိုလဲ… ဘာအတွက်လဲ”

“သားအဖေ…”

“မေမေ… ယောကျားဆိုတာ နောက်မိန်းမရနိုင်သလို ကောင်းတဲ့ဘက်က ကြည့်ရင်လဲ သားတို့မောင်နှမတွေ ကြည့်လို့လဲရတယ်လေ”

“သား ညီမ…”

“မပူနဲ့ မေမေ… တစ်ဦးတည်းသော ညီမကို ဘဝပျက်လောက်အောင် သားက ထားပါ့မလား”

“ပြီးတော့… သားညီ… အိမ်က စီးပွား”

“မေမေ… မေမေရှိမှ ဖြစ်မယ်ဆိုတဲ့ အတွေးကို ဖယ်လိုက်ပါ… အခြေအနေအရ အရာရာ အဆင်ပြေသွားနိုင်တယ်… လူဆိုတာ ပြုခဲ့တဲ့ ကံအကျိုးပေးအတိုင်း ခုပြုနေတဲ့ အလုပ်အတိုင်း နေရမှာပဲလေ… အရာရာတိုင်း တွေးပူနေလို့ မေမေပူလောင်တာပဲရှိမယ်လေ… ဒါကြောင့် မေမေ့ ခုချိန်က စပြီး စိတ်ကိုရှင်းအောင်ထား… ဘုရားကို အာရုံပြု… ဆေးကုဖို့ ကုန်မယ့်ငွေကို စိတ်ကနေဖယ်လိုက်… မေ့မေ့ဘဏ်က သားလို့ မှတ်ထားလိုက်… ”

မေမေ့ဆီမှ သက်ပြင်းရှည်ရှည်တစ်ချက်ကိုကြားလိုက်ရတယ်… ဒီသက်ပြင်းက စိုးရိမ်စိတ်တွေ နည်းနည်းလျော့သွားတဲ့ သက်ပြင်းဆိုတာ သား ခန့်မှန်းလို့ ရပါတယ်မေမေရယ်…

“နောက်ပြီး မေမေ့ကို တစ်ခုပြောဦးမယ်… မေမေတို့ မျိုးရိုးမှာ ငယ်ငယ်လေးနဲ့ ဆုံးပါးတဲ့သူ မရှိဘူး… နောက်ပြီး မေမေကိုယ်တိုင်က ကင်ဆာဖြစ်ခဲ့ဘူးတယ်… ခု ကင်ဆာဖြစ်ပြီး အသက် နှစ်ချီပြီးရှည်နေတာ မေမေ့ တစ်ယောက်တည်းလို့ ပြောရင်တောင်ရတယ်… ဒါကြောင့် သားယုံကြည်တယ် မေမေ… မေမေ ဒီထက်မက အသက်ရှည်မှာပါ… သားပြောတာကို သာ နှလုံးသွင်းပါမေမေ”

မေမေ့ဆီမှ ရယ်သံတချို့ ဖြတ်ကနဲလွင့်ထွက်လာတယ်…

“ဟဟ… သားဖြစ်သူက အမေကို သေဖို့ ပြင်ဆင်ထားလို့ ပြောတယ်… ဒါပေမယ့် မေမေ ကျေနပ်မိတယ်… ဘာဖြစ်ဖြစ် သားပြောသလို မေမေ နေပါ့မယ်… ဆေးကုဖို့လဲ မပူတော့ပါဘူး… ဘာဆေးစစ်ချက်ပဲရရ မေမေ သေဖို့ ပြင်ဆင်ထားပါ့မယ်”

မေမေ့အသံက စိတ်ဖိစီးမှုတွေ လျှော့သွားတယ်… ပျော်ရွင်မှုအနည်းငယ်ရောနေသလို ဝမ်းနည်းမှုတွေ ပါနေသေးတယ်…

အမေကို သေတတ်အောင် ပြောတဲ့ သားရင်ထဲမှာ အမေမရှိတော့ရင်ဆိုတဲ့ အတွေး ဝင်လိုက်ရင် ဘယ်လောက်နာကျင်နေမလဲ ဆိုတာမေမေ သိမှာပါ… နောက်ပြီး မေမေ့ကို အားဆေး ဖြစ်စေခဲ့တဲ့ မေမေ့ဆေးကုစရိတ် ကိုတာဝန်ယူထားတဲ့ စိတ်ဖိစီးမှုက ခုကတည်းက လေးပင်နေခဲ့တယ် ဆိုတာ မေမေ သိနိုင်ပါ့မလား… ဘာဖြစ်ဖြစ် ခု မေမေ့ကို အားဆေးတစ်ခု ပေးခဲ့ရတဲ့အတွက် သား ကျေနပ်ပါတယ်မေမေ… နောက်ရက်မှာ ဆေးစစ်လို့ ထွက်လာမယ့် မေမေ့ ဆေးစစ်ချက်ကို စောင့်ရင်း သားဆုတွေတောင်းနေခဲ့ရတယ်… မေမေဆေးကုသဖို့ သားအလုပ်တစ်ခု ပိုရပါစေလို့…. မေမေ ဆေးကုသမှု အောင်မြင်ပါစေလို့… နေ့နေ့ ညည …

သားးး…. လုံး…ဝ… အိပ်မရခဲ့ဘူး……………

တစ်ရက်…

နှစ်ရက်…

မြန်မာပြည်မှာ နာဂစ်တဲ့… မုန်တိုင်းတဲ့…

လူတွေ အမြောက်အမြား သေ… ကြေ…

ဆက်သွယ်ရေးတွေ ပြတ်တောက်…

ဘယ်သူကိုဆက်သွယ်ရမလဲ.. အမေနဲ့ ညီမက ရန်ကုန်မှာ.. အဖေနဲ့ ညီနဲ့က မော်လမြိုင်မှာ… မိသားစုတွေ တကွဲတပြဲ.... မေမေ့အဖြေထွက်လာလို့ မေမေ စိတ်ဓာတ်တွေ များကျနေမလား…

ဘယ်လိုနေကြလဲ…

အားးးးးးးးးးးးးးးး


မစားနိုင်… မအိပ်နိုင်…

ဆုတောင်း မေတ္တာပို့ နေရတာ… အမော…

ရင်ထဲမှာ ပူလောင်နေတာ… ကမ္ဘာကြီး တစ်ခုလုံး ပျက်စီးသွားတာထက် ဆိုးနေတယ်…

လောကကြီးက ကျနော့်ကို ဒီလောက်တောင်ရက်စက်သလား..

ကမ္ဘာ ပျက်နေပြီး… ရင်ထဲမှာ ပူလောင်နေပြီး..

တစ်ည..

မထင်မှတ်ထားတဲ့ ဖုန်းသံ… ဒီဖုန်းသံကို ဆာလောင်နေတာ… နာရီပေါင်းများစွာ…

“သားးးးးးးးးးးးးးးးး...............”


ဒီအသံ…. ရင်ထဲကို ဘယ်လောက်များ ချိုမြိန် စွာ ဝင်ရောက်ပြီး သွေးကြောထဲကို ပျော်ဝင်စိမ့်ဆင်းလာရသလဲ….

“မေမေ………”

ဆာလောင်မွတ်သိပ်စွာ ခေါ်လိုက်ရတဲ့ အသံပါ.... ဒီလို ဘဝတစ်ခုလုံး ခေါ်နေချင်ပါတယ်...

“သား… မေမေ နေကောင်းတယ်… ခုမော်လမြိုင်ပြန်ရောက်နေပြီး… မေမေ့သားအိမ်က ကင်ဆာမဟုတ်ဘူးတဲ့… အလုံးဖြစ်တာကို ဖြတ်လိုက်တယ်… တအိမ်သားလုံးနေကောင်းတယ်… သားပြောသလို သေဖို့ ပြင်ဆင်ထားပေမယ့် ခုမေမေမသေသေးပါဘူး… သားပိုက်ဆံကို သားခေါင်းကိုက်ရောဂါ ခွဲဖို့ သာ……….

…တီ…တီ….တီ…

ဖုန်းလိုက်ပြတ်တောက်သွားပြီး… မေမေတို့ဘက်က ခေါ်ဖို့ကြိုးစားနေဦးမယ်… ကျနော့်ဘက်ကတော့ ခေါ်လို့ လုံးဝမရခဲ့ပေမယ့် မနားတမ်းပြောသွားတဲ့ မေမေ့ အသံတွေကို ထပ်ခါထပ်ခါ ကြားရင်း ပြုံးနေရင်း မေမေ့ မျက်နှာလေးကို မြင်ယောင်မိတယ်..

ကံတရားး...

သားမေတ္တာကြောင့် ဖြစ်တဲ့ကံတရားလား... အမေ့ကံကြောင့် ဖြစ်လာတဲ့ကံတရားလား... ဘာဖြစ်ဖြစ်..

မေမေရယ်… ခုတော့ သားရင်ထဲက အစိုင်အခဲ တစ်ခု သားကြောက်ရွံ့ ဆွံအံ့နေခဲ့ရတဲ့ အစားထိုးမရမဲ့ ဆုံးရှုံးမှု… ဒါတွေအားလုံး ခုတော့ ….

ဟင် ကနဲ..........

ကျနော့် စိတ်တွေ… တစ်နာရီ မိုင် (၁၀၀)နှုန်း… ရွက်လွင့်လိုက်တယ်…

မိသားစု ရှိရာ အိမ်လေးဆီကိုပါ…

ဖေဖေ… မေမေ… ကျန်းမာပျော်ရွင်ပါစေ…

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ကမ္ဘာကြီး တစ်ခုလုံး ပျက်စီးမှ မဟုတ်ပါဘူး... တခါတလေ မိသားစု အတွင်းမှာတောင် မိသားစု ကမ္ဘာလေး ပျက်မတတ်ဖြစ်သေးတာပဲလေ... နေတတ်အောင် ပြင်ဆင်ထားရင် ကောင်းပါတယ်..
နာဂစ်မဖြစ်ခင်က ကျနော် ချစ်တဲ့ မိသားစု ကမ္ဘာလေး ပျက်မလို ဖြစ်ခဲ့ရတဲ့ နေ့လေးကို ပြန်တွေးမိလို့..