အားလုံး အလုပ်ထဲရောက်နေချိန်မှာလည်း ကျနော်က ဂျီတော့ကနေ တစ်ယောက်တည်း ပျင်းတယ်ဆိုတဲ့ စကားတွေနဲ့ ချွဲရင် အားလုံးက ဖုန်းတွေ လှမ်းဆက်… မက်ဆေ့တွေ ပြန်ပို့နဲ့ ကျနော့် တစ်ယောက်တည်းနဲ့ အလုပ်ကို မအားကြပါဘူး… ညနေစောင်းရင်စစ်တီးဟောမှာ လူစုရတာကလည်း ပျော်စရာပါ… ဘယ်သူလာမယ်… ဘယ်သူမလာဘူး… ဘယ်မှာစောင့် ဆိုတာတွေနဲ့ ညံစည်လို့နေတယ်…
ဒီလိုနဲ့ သုံးပတ်ကျော်လာတော့ စကာင်္ပူက ဖိုးစိန်ကို ချစ်ပါတယ် ဆိုတဲ့သူတွေ ခုချိန်ဖိုးစိန်ကို မြင်ရင် လှမ်းလှမ်းမေးကြတယ်… ”ကိုဖိုးစိန်ဘယ်တော့ပြန်မှာလဲ”တဲ့… ပြန်မဲ့ရက်ကိုပြောရင် သူတို့က တအံ့တသြနဲ့ “ဟယ်… အဲဒီရက်လား မသိပါဘူး… အဲဒီထက် စောပြန်မယ် ထင်ထားလို့”… “ဟင်… အကြာကြီးနော်… အဲလောက်ကြာမယ် မထင်ဘူး” ဆိုတဲ့ လေသံတွေ ကပ်ပါလာပါတယ်…
ခုရက်ပိုင်း ဖိုးစိန်က နောက်တပတ်ထပ်တိုးနေမယ်ဆိုတဲ့ သတင်းလဲ ရရော..
“ဘာ……………” ဆိုတဲ့ အသံရှည်ရှည်တွေ
“ဟယ်…. တကယ်လား… တကယ်ဆိုရင် ငါတို့တော့ တေပီ” ဆိုတဲ့ စိတ်အားငယ်သံတွေ..
“ဘုရား… ဘုရား… သူသာဆက်နေရင် အားလုံး အလုပ်ပြုတ်ပြီး မြန်မာပြည် ပြန်ရတော့မယ်” ဆိုတဲ့ အားပေးစကားတွေ ကို တပြိုင်နက်ထဲ ကြားရပါတယ်…
ဘာဖြစ်ဖြစ် သူတို့ ရင်တွေထဲမှာ ဖိုးစိန်အတွက် ဘာရှိနေလဲ ဆိုတာ မပြောပဲနဲ့ ဖိုးစိန်သိနေပါတယ်…။ အဲဒီအတွက် ကျေနပ်ပီတိဖြစ်သလို ဝမ်းနည်းခြင်းကိုလဲ တပြိုင်နက်ခံစားရတယ်။
ကျနော်စဉ်းစားမိတယ်… ခုလို ဒီညီအကိုတွေ ပေါင်းလို့ရတယ်… စုလို့ရတယ်… ဘာကြောင့်လဲ… အဖြေက တစ်ခုတည်းပဲ… တစ်ဦးကို တစ်ဦး အကျိုးအမြတ် မကြည့်ပဲ စာနာ နားလည်ပေးတတ်လို့… အနစ်နာခံတတ်လို့ပါပဲ…
လူဆိုတာ အသိုင်းအဝန်းနဲ့ပါ… ငယ်ငယ်ကျောင်းသားဘဝကတည်းက ခင်ရာမင်ရာစု အကျင့်တူ ဝါသနာတူတဲ့သူတွေ စုရင်း သူငယ်ချင်းအပေါင်းအသင်း တွေဖြစ်လာကြ အချစ်ဆုံး အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်လာကြတယ်လေ… တက္ကသိုလ်တက်တော့လဲ ဒီလိုပါပဲ… အကျင့်တူ ဝါသနာတူတဲ့သူတွေ စုစည်းရင်း မိတ်ဆွေသူငယ်ချင်းကောင်းတွေ ရခဲ့ကြတယ်… ခုလဲ ဒီလိုပါပဲ… ဘဝ အချိုးအကွေ့တစ်ခုမှာ ဘလော့စာမျက်နှာပေါ်ကနေ တဆင့် နားလည်ပေးတတ်တဲ့ ဘဝတူတွေအချင်းချင်း ပေါင်းမိ သူငယ်ချင်းမိတ်ဆွေ ဖြစ်ခဲ့ကြရတာပဲ…
စကာင်္ပူက ဘလော့ဂါတွေက စာမရေးကြဘူး… ဟိုစုဒီစု… အပျော်အပါးလုပ်ဖို့လောက်နဲ့ သွားဖို့ လောက်ပဲ သိတယ်… ဘလော့သိက္ခာကျတယ်လို့ဆိုကြတယ်…
တခြားလူတွေ အမြင်ကတ်မယ်… ပြောမယ်ဆိုရင်လဲ ပြောချင်စရာပါ… တွေ့လိုက်တိုင်း ရထားတန်းကြီးလို ဘယ်သွားသွား တန်းစီပြီး တသီတတန်းကြီး… စနောက် အော်ဟစ်သံတွေနဲ့ လမ်းလုံးပြည့်… “ဟိုလူ့ကိုစောင့်ပါအုံး… ဟိုလူမပါသေးဘူး… ဟိုလူက ရောက်ခါနီးပြီး… ဟိုလူကိုပါအောင်ခေါ်” ဆိုတဲ့ စေတနာတွေနဲ့ တစ်ယောက်ကို တစ်ယောက် ရင်ထဲက ဖေးမ စကားသံတွေကို အမြဲကြားနေရမှာပါ…
ဒီလူတွေ အားလုံးက ရင်ထဲမှာ ခံစားနေရတာကို ဘလော့ပေါ်မှာ ထွက်ပေါက်တစ်ခုအဖြစ် ထားသူများတယ်(ကျနော်အပါအဝင်ပေါ့) လို့ထင်တယ်… သူများနိုင်ငံမှာ နေပြီး အလုပ်ကို မိုးလင်းမိုးချုပ် သွားချင်လဲ သွား မသွားချင်လဲသွား နေရတဲ့ ဘဝမှာ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ဒီလိုတွေ့ဆုံပွဲတွေနဲ့ စိတ်အပန်းဖြေတာ မှားနေသလား… ဘယ်သူ့ကိုထိခိုက်နေလဲ… ဒီလိုစုစုစည်းစည်းဖြစ်နေတာ အားကျစရာ မကောင်းဘူးလား… ဘလော့သိက္ခာနဲ့ ဘာများပတ်သက်နေသလဲ… စဉ်းစားစရာပါ…
တစ်ခုတော့ရှိတယ်… ဒီလိုပြောနေတဲ့သူတွေလဲ ဒီညီအကို မောင်နှမ တွေနဲ့တွေ့ရင် အားလုံးရယ်မော ပျော်ရွင် ခင်မင်သွားမှာ… စာနာနားလည်ပေးသွားနိုင်မယ် ဆိုတာတော့ အာမခံပါတယ်… ဘယ်နေရာမှာ အရောင်တွေ ဘယ်လောက်ဆိုးဆိုး… တဒင်္ဂတွေ့ဆုံချိန်မှာ အားလုံးက အဖြူရောင်တွေပါ… တခြားလူတွေ အတွက်တော့ မသိဘူး… တစ်ယောက်တည်းနေလာတာကြာတဲ့ ကျနော့် အတွက်တော့ သူတို့အားလုံးက ကျနော့်ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မိသားစုလိုပါပဲ… အပြန်အလှန် ညီအကို မောင်နှမတွေလို နွေးထွေးမှုတွေ နားလည်မှုတွေအများကြီးရပါတယ်… အဲဒီအတွက် ခုလာခဲ့ရတဲ့ ခရီးကို ကျေနပ်သလို ကျနော်နဲ့ ရှိနေခဲ့တဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်…
ခုနေတဲ့ သုံးပတ်အတွင်းမှာ ရင်ထဲမှာ ကျန်နေမယ့် အပျော်တွေနဲ့ အတူ သတိရစရာ လွမ်းစရာ အမှတ်တရတွေက အများကြီး… ရေးစရာတွေကမှ အများကြီး…
စရောက်ကတည်းက အစည်းအဝေး အကြောင်းပြ… အလှူ အကြောင်းပြပြီး စုခဲ့ကြတာတွေ… အလှူမှာ ပီတိဖြစ်ခဲ့တာတွေ… EAST COAST မှာ မိုးထဲလေထဲ အမှုမထားပဲ ကျွေးမွေးမယ့် ဒကာတွေကိုစောင့်ပြီး နှစ်ရက်တိတိ ဘုန်းဘုန်းဘဝနဲ့ နေပြီး ဒုက္ခခံ လူစုံတက်စုံ ပျော်ခဲ့ကြတာတွေ… Reply to all မေးလ်ထဲမှာ တစ်ယောက်တစ်ပေါက် စနောက်ရင်း မေးလ် တစ်ထောင်ကျော်လို့ ဆက်ပြောမရခဲ့ကြတာတွေ… ဒီအကြောင်းကို စာပြန်ရေးပါလို့ ပြောကြလို့ စာရေးဖို့ ကွန်ပြူတာဖွင့်ပြီး စဉ်းစားလိုက်ရင် ပထမဆုံး ပျော်ခဲ့တာတွေ စဉ်းစားရင်း ငါပြန်ရင်လွမ်းနေရဦးမယ် ဆိုတာကို စဉ်းစားမိလိုက်တော့ မျက်ရည်က စို့လာတယ်… ဘယ်လိုမှ စာရေးလို့မရတော့ဘူး… ရေးမယ့် စကားလုံးတိုင်းမှာ ဒီညီအကို ဒီညီအမတွေရဲ့အကြောင်းလေ… ဒီညီအကို မောင်နှမတွေကို မခွဲနိုင်ဘူး…
ဘဝဆိုတာ ပျော်ရာမှာ မနေ တော်ရာမှာ နေရမယ်ဆိုတော့လဲ ဘဝအကျိုးပေးမကောင်းခဲ့တဲ့ ကံကြမ္မာကို ရင်နာမိပြန်တယ်… တနေ့တော့ ပြန်ရဦးမှာပါ… ပြီးရင် တနေ့တော့ ပြန်ဆုံဦးမှာပါ… ခုလိုကြိုရေးမထားချင်ဘူး… တကယ်တော့ ရေးဖို့ တာစူလိုက်တာက အလှူပြီးလို့ ပျော်ပွဲစားထွက်ခဲ့ကြတဲ့ ပျော်စရာကောင်းတဲ့ ညအကြောင်း… ခုတော့ ရေးနေရင်းနဲ့ ဝမ်းနည်းလာလို့ စိတ်ထဲရှိတာပဲ ချရေးလိုက်တယ်…
ဘာဖြစ်ဖြစ် အားလုံး လူစုံ တက်စုံနဲ့ အမှတ်တရ ရှိခဲ့တဲ့ ဒီဇင်ဘာ(၂၅) အလှူနဲ့ EAST COAT မှာတဲထိုးပြီး တရားစခန်းဖွင့်ပြီး နှစ်ညတိုင်တိုင် ပျော်ခဲ့ကြတဲ့အကြောင်းကိုတော့ စာရေးမှာပါ… ခုတော့ ဖိုးစိန်ကိုခွင့်လွှတ်ပါ… ကျနော် အားလုံးကို ချစ်ခင်လေးစားပါတယ်…။ ကျနော့်ကိုလဲ ချစ်ကြမယ်လို့ ယုံကြည်ပါတယ်။
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
မျောက်မျောက်
ဘုန်းဘုန်း



