Tuesday, 26 January 2010

အတွေးထဲက ငါးနှစ်တာ ဆီသို့

လူ့စိတ်က အချိန်နဲ့ အမျှ ပြောင်းလဲနေတယ်ဆိုတော့ နောင်လာမည့် ငါးနှစ် ကို စီမံကိန်းချ ရတာခက်ခဲတာပါပဲ… နောင်လာမည့် ငါးနှစ်ဆိုရင် ၂၀၁၅… အသက် က ၃၅ရှိနေပြီး… အရင်ကတော့ ပြောနေကြ စကားတစ်ခွန်းရှိတယ်.. အသက် (၃၅) နှစ်ဆိုရင် ကျနော်ဆုံးပြီးဆိုတာပဲ… ဒါကလဲ အစွဲတစ်ခုလိုပါ… ငယ်ငယ်က တွက်ခဲ့ဖူးတဲ့ ဗေဒင်ပေါ့… (၃၅)နှစ်ပြည့်ရင် သေမယ်ဆိုတာပဲ… ကျနော်ကလဲ အဲဒါကိုစွဲပြီး (၃၅)နှစ်ကျသေမယ် ပြောတိုင်း ကျနော် မိဘ မောင်နှမတွေ ချစ်တဲ့ခင်တဲ့သူတွေ စိတ်ညစ်ရ စကားများရ ဖြစ်ရတတ်တယ်… အခုထိပဲလေ… ဒါပေမယ့် နောင်ငါးနှစ် မှာ ကျနော်သေမယ်ဆိုရင်လဲ ကျေနပ်နေပါပြီးလေ… ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရခဲ့သလို မိဘကိုလဲ အတိုင်းအတာတစ်ခုအထိ ကျေးဇူးဆပ်နိုင်ခဲ့တယ်… ခုဆိုရင် နောက်ထပ်ငါးနှစ်တောင် ကျန်သေးတယ် ( သေခဲ့မယ့် ဆိုရင်ပြောတာပါ)း) ဘာဖြစ်ဖြစ် အသက်ရှင်နေသ၍ လုပ်ပိုင်ခွင့်တွေ၊အိပ်မက်စိတ်ကူးတွေက အသက်ရှင်နေသ၍ပါ….။

အကယ်၍ နောင်ငါးနှစ်မှာများ အသက်မသေဘူးဆိုရင်တော့ ကျနော် စားသောက်ဆိုင် ကောင်းကောင်းတစ်ဆိုင်ဖွင့်ချင်ပါတယ်… စားသောက်ဆိုင်ကို အပေါ်ထပ်က ဖွင့်ပြီး ကော်ဖီဆိုင်ကို အောက်ထပ်က ဖွင့်ပါမယ်… ဆိုင်အတွင်းမျက်နှာကျက်ကို မှန်အပြည့် တပ်ဆင်ထားတဲ့ အများနဲ့ မတူတဲ့ အိုင်ဒီယာတွေနဲ့ ခေတ်မှီဆန်းသစ်တဲ့ စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ဖို့ပါပဲ… ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် ဒီအလုပ်ကိုတော့ ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်…

စားသောက်ဆိုင်ဖွင့်ခြင်းအားဖြင့် မိသားစုတွေ ဆုံရပ်… မိတ်ဆွေအပေါင်းအသင်းနဲ့ ညီအကိုမောင်နှမတွေ ဆုံရပ်တစ်ခုဖြစ်သလို မိတ်ဆွေ ညီအကိုအပေါင်းအသင်းများတဲ့ ကျနော့်အဖို့ စားသောက်ဆိုင်လူစည်မယ် ဆိုတာ ကျနော်တွေးမြင်ပြီးသားပါ… (အရင်းတောင်ပြန်မရဘူးဆိုတာ ကြိုတင်တွက်ထားပြီးသားပါ)
ဒါပေမယ့် သေချာတာက နှောင်ငါးနှစ်အထိ မြန်မာပြည်မှာ အခြေချ မနေဘူးဆိုတာပါပဲ… ဘယ်နိုင်ငံဆိုတာ မသိပေမယ့် ကမ္ဘာမြေပုံထဲက တနိုင်ငံကို ရောက်နေမှာပါ… အဲဒီအချိန်တော့ မိသားစု ကို အနားမှာခေါ်ထားပြီး ကျနော်ချစ်ခင်တဲ့ မောင်နှမတွေနဲ့ အတူရှိနေချင်ပါတယ်… စဉ်းစားထားတဲ့ စီးပွားရေးကို ချက်ခြင်း အကောင်အထည် မဖော်နိုင်ခဲ့ရင်တောင် လက်ရှိတတ်ထားတဲ့ ပညာလေးနဲ့ စားနိုင်သောက်နိုင် လှူဒါန်းနိုင်ချင်ပါတယ်… မောင်နှမတွေနဲ့ ပျော်ပျော်ပါးပါးပေါ့…


ကြီးကြီးကျယ်ကျယ်နိုင်လှတဲ့ ကျနော့်ရဲ့ စိတ်ကူးထဲက ကောင်မလေးကတော့

(၁)ရုပ်ရည်ချောမောပြေပြစ်လှပကျော့ရှင်းရမည်။ ဆံပင်ရှည်ရမည်။ (ကတုံးမ မဖြစ်ရင် ကျေနပ်)

(၂)အတန်းပညာထက်ဥာဏ်အမြော်အမြင်ကြီးသောမိန်းကလေးဖြစ်ရမည်။ (အခုခေတ်ကအားလုံးဘွဲ့ရ ဒါကြောင့်မို့)

(၃)စိတ်သဘောထားဖြူစင်ပြီး ချစ်သူအပေါ်အလိုလိုက်ထိန်းသိမ်းပြောဆိုနိုင်သော မိန်းခလေးဖြစ်ရမည်။ (ကိုယ်တိုင်က စိတ်လွတ်ကိုယ်လွတ် နေတတ်ခဲ့တော့ ထိန်းသိမ်းတတ်တဲ့ မိန်းမတော့ရချင်တယ်)(မိန်းမစကား နားထောင်မယ့် ကျနော်ပါ)

(၄)အရာရာကို သိတတ်နားလည်စာနာကိုယ်ချင်းစာပြီးအလှူအတန်း ရက်ရောသူဖြစ်ရမည်။
(စိတ်ကပျော့တယ်။ ထစ်ခနဲဆို ပေးချင်ကမ်းချင်တဲ့ စိတ်ကထိန်းမရ.. ယူမိတဲ့ မိန်းမက ကပ်စည်းနဲနေရင် နောင်ဘဝအတွက် ရင်လေးလို့)

(၅)ထမင်းချက် ဟင်းချက် ကောင်းပြီးချစ်သူဖိုးစိန်ကို မညီးမညူထမင်း ခွံကျွေးမွေးပြုစု စောင့်ရှောက်ချင်သူဖြစ်ရမည်။ (ကိုယ်တိုင်က ဟင်းချက်ကောင်းတော့ ကိုယ့်ထက်ပိုဟင်းချက်ကောင်းသူ ရချင်တယ်။ ပြီးတော့ ထမင်းကို လိုလိုလားလားခွံ့ကျွေးတဲ့သူကို သဘောကျတယ်)

(၆) ညအိပ်ယာဝင်တိုင်း ကျောကိုပွတ်ပြီး ပိုစ့်ဖတ်ပြမယ့် အသံချိုချို မိန်းခလေး။
(ပိုစ့်ကိုမဖတ်ပဲ ဇိမ်လေးနဲ့ နားထောင်ချင်တဲ့ ရောဂါ ခုတစ်လော ရလာလို့)

(၆)နှစ်ဖက်သောမိဘများကို မျှမျှတတ သိတတ်ပြီး ချွေတာစုဆောင်းထိန်းသိမ်းနိုင်သောမိန်းခလေးဖြစ်ရမည်။
(ကိုယ်တိုင်က ယုံကြည်ပြီးမိန်းမကို ပိုက်ဆံတွေ အပ်ချင်နေတာ)

(၇)အဓိက က ဖိုးစိန်ကိုနားလည်ပြီး ကိုယ်ချင်းစာပြီးတစ်သက်လုံးချစ်နိုင်မည့် မိန်းခလေးဖြစ်ရမည်။
(ဖိုးစိန်နဲ့နေရင် စိတ်ညစ်ရသလို ပျော်လဲ ပျော်ရမယ်… )

ကျနော် ဂျေးမများပါဘူးနော်… ကဲ မကြီးဝါရေ … ရအောင်သာရှာပေးပါဗျာ ... မကြီးဝါတက်ဂ်တဲ့ပိုစ့်ဆိုတော့ မကြီးဝါမှာ တာဝန်ရှိပါသည်ခင်ဗျား...


Thursday, 21 January 2010

ဆောင်းနှင်းကြွေ မြရွက်ဝေ

အခန်း(၁)

အဆုံးရဲ့အစ


ဆောင်းလေမို့ အေးမြတဲ့ မြူငွေ့တွေ မျက်နှာကို ရိုက်ခတ်လာချိန်မှာ မို့မောက်လာတဲ့ နှလုံးသားရင်ပြင်က အသက်ရှုသံ ခပ်ပြင်းပြင်း တစ်ခုကိုထွက်ပေါက်ပေးလိုက်ပေမယ့် ကိုဆောင်း ရင်ထဲပေါ့မသွားခဲ့… နောက်ဖက်ကပ်နေတဲ့ နံရံကို အသာလေး ခေါင်းတင်မှေးပြီး မျက်လုံးအစုံကို မှိတ်လိုက်တော့ ဝမ်းနည်းမှုတွေ ပြိုဆင်းလာသလို…

“ယု… ရယ်…

ယု ကို “ကို” တကယ်ချစ်မိနေခဲ့တာပါ… ကဗျာတစ်ကြောင်းမှာ ယု နာမည် တလုံးမှ မပါပေမယ့် ကဗျာ တစ်ပုဒ်လုံးက ယု အတွက် နှလုံးသား နုနုနဲ့ ခံစားပြီးရေးထားတာပါ… ရင်ထဲကလာတဲ့ စကားလုံးတွေက ယုအတွက် ကဗျာအဖြစ် အံကျလာတယ်ဆိုတာ ယုံကြည်ပါယုရယ်… တခါတလေ ပေါ့ပျက်ပျက်စကားတွေလို့ ယုမှတ်ယူထားပေမယ့် ကို့ ရင်ထဲက လေးနက်နေခဲ့တယ်ဆိုတာ ဟောဒီရင်ဘတ်ကြီးက သက်သေပြုလို့ရပါတယ်…”

အခန်း(၂)

Eunos MRT station

ထုံးစံအတိုင်း ရုံးဆင်းချိန်မို့ လူအုပ်ကြီးက ဆီးကြိုနေသည်။ ဒီနေ့ MC တမင်ယူပြီး ယု ရုံးဆင်းပြန်အလာကိုစောင့် နေခဲ့သည်။ ဒီနေ့က ယု ဒီရုံးမှာ ရုံးတက်တာ နောက်ဆုံးနေ့… ယု စိတ်ညစ်နေမည်လား… ဝမ်းနည်းနေမည်လား ကိုဆောင်းစဉ်းစားရင်း အတွေးများစွာနှင့် ယု အလာကို လည်တဆန့်ဆန့်မျှော်နေခဲ့သည်။ ခုချိန် ယုတွေ့လျှင် ဘာပြောမည်နည်း။ “မောင်ဆောင်း နင်ပြန်တော့ နင့်မျက်နှာ ငါမကြည့်ချင်ဘူး ပြောမည်လား… မောင်ဆောင်းရယ် မပူပါနဲ့ ငါအတွက် အလုပ်မရှားပါဘူး ပြောမည်လား ” စသည့် လားပေါင်းများစွာဖြင့်အတွေးနယ်ချဲ့နေမိလို့ အနားမှာ ယုရောက်နေသည်ကို သတိမထားပဲ ခပ်ဆပ်ဆပ် အသံကြားမှ အသိတို့ ပြန်ဝင်လာခဲ့သည်။

“ဟဲ့ကောင်… မောင်ဆောင်း.. နင်ဘာလုပ်နေတာလဲ”

“နင့်ကိုလာကြိုတာလေ…”

“အေးဟာ… လာ… သွားမယ်.. နင်ကလဲ ငေးနေလိုက်တာ… ငါတစ်ယောက်လုံး နင့်အရှေ့မှာတောင် မမြင်ဘူးလား”

မောင်ဆောင်းတို့က တခါတရံ လွဲချော်တတ်သည်။

“ဟုတ်ပါဘူး ယုရယ်… ဘယ်လောက်လူများများ နင့်ကိုပဲ မြင်တာပါ”

“နင်နော်.. သိပ်ကဲမနေနဲ့… ငါပြန်မပြောလို့ အကောင်းမထင်နေနဲ့… လူရှေ့သူရှေ့ဆို သိပ်ကဲမနေနဲ့… ဒါပဲပြောမယ်”
ဘာဖြစ်ဖြစ် မောင်ဆောင်း ကျေနပ်နေခဲ့သည်။

အခန်း(၃)

မနေ့ညက မောင်ဆောင်းအစလွန်၍ ယုစိတ်ဆိုးခဲ့ရသည်။ မက်ဆေ့တစ်ခုပို့ထားခဲ့သည်။ ပို့ထားတဲ့မက်ဆေ့က“I am unhappy, Don’t be angry”တဲ့… ဒီမက်ဆေ့ကို ကိုလျှံနဲ့ မဇင် မြင်သွားတော့ “ရနံ့သစ်” မှာ မောင်ဆောင်းတစ်ယောက် အစခံရသည်။ ထိုအခါ ယု မျက်နှာက ချဉ်ပြုံးပြုံးနှင့် ကဲ မှတ်ပလား ဆိုသည့် မျက်နှာပေးမျိုး… ဒါပေမယ့် မောင်ဆောင်းပျော်ပါသည်။

သူငယ်ချင်း မောင်နှမများနှင့် ပျော်ပျော်နေတတ်သောယုက မောင်ဆောင်းနှင့်စလျှင် စိတ်ဆိုးချင်သော်လည်း ဒီသူငယ်ချင်းကြားမှာစိတ်ဆိုး၍မရ… ဘာဖြစ်ဖြစ် သူငယ်ချင်းသံယောဇဉ် ရှိသူမို့ ခွင့်လွှတ်တတ်ခဲ့သည်။ တခါတရံ မောင်ဆောင်း ကိုယ်တိုင်က သူငယ်ချင်းတွေ ကြားစနောက် တတ်ပေမယ့် ယု လိုအပ်ချက်တွေကိုတော့ ဂရုတစိုက် ဖြည့်ဆည်းပေးတတ်နေခဲ့သည်။ မောင်ဆောင်းဘက်ကနေ ကိုမောင်ဟန်က ယုကိုနားချသည်။ သူငယ်ချင်းနှစ်ယောက်ဖြစ်သည့် သူသူနှင့် ဝတ်ရည်တို့ကလဲ စဉ်းစားပေးဖို့ပြောသည်။ နားချတိုင်း ယု က မောင်ဆောင်းအရင်ကြိုက်ခဲ့သည့် မမ အကြောင်းကို ပြောလျှင် မောင်ဆောင်း ရှူးရှူးရှဲရှဲနှင့် စိတ်တွေ ဆိုးတတ်သလို တခါတရံ ဆိတ်ဆိတ်နေမိတတ်သည်။ ဘာဖြစ်ဖြစ် ယု ဘာပြောပြော မောင်ဆောင်း ကျေကျေနပ်နပ် လက်ခံနေခဲ့သည်။ ဒါကပဲ အချစ်လား…… ယုရယ်..

အခန်း(၄)

အစရဲ့ အဆုံး

“ရော့… နင့်အတွက်ကဗျာ”

ယု တစ်ယောက် မောင်ဆောင်းမျက်နှာကို မလှည့်ကြည့်ပဲ ဇတ်ကနဲ ကမ်းပေးတဲ့ကဗျာကိုဆွဲယူဖတ်ပြီး

“မြတ်နိုး . . .
အနားမှာကပ်ချွဲ
ချစ်ခြင်းဖွဲ့တေးကဗျာတွေ
ကျွန်တော်မဆိုချင်ဘူး။
တကယ်ဆို မြတ်နိုးရယ်…
နောက်က တကောက်ကောက်လိုက်
မပီဝိုးတ၀ါး ပုံပြင်တွေပြော . . .။
ညဥ့်နက်သန်းခေါင် ဂစ်တာတီး
လျှောက် . . ပြန် . . သံ ပေး
လ၀န်းကြီးလို ထိုင်ငေး
ချစ်တယ်ဆိုတာ
အဲဒီလိုလား..။ ”

.....

“နင့်ကဗျာက မြတ်နိုးကိုပေးဖို့လား… ငါ့ကိုပေးဖတ်တာလား..”

“နင့်အတွက်ရေးတဲ့ကဗျာလေးကွာ… မြတ်နိုးဆိုတာ မြတ်နိုးလွန်းလို့ တင်စားတာ”

“အောင်မလေး ကြီးကြီးကျယ်ကျယ်… ခံစားချက်နဲ့ ခန္ဒာကိုယ်နဲ့ မမျှလိုက်တာ”

“နင့်မှာ ဘောပင်ပါလား”

“အင်… နင်ဘာလုပ်ဖို့လဲ”

“ပေးမှသာပေးစမ်းပါ… ”

မောင်ဆောင်းဘောပင်ထုပ်ပေးတော့ ယုတစ်ယောက် ကဗျာ ကယာ စာရွက်ပေါ်ချရေးလိုက်တာက

ကမ္ဘာတစ်စုလုံးစာပါ
အရာတစ်ခုလုံး ထက်လဲ သာတယ်ပြောလို့
ကပျာကယာ
ခေါင်းငုံ့ ကြည့်လိုက်တယ်။

သူရေးတဲ့ ဘယ်ကဗျာတစ်ပုဒ်မှာမှ
ငါ့အမည်နာမ ....................................
မတွေ့ခဲ့ရဘူး...............................။

ကဗျာကို ကောက်ရေးပြီးလှည့်ပေးလိုက်စဉ် စည်းချက်မမှန်စွာ လှုပ်ရှားနေသော မောင်ဆောင်းရင်ခုန်သံနဲ့ သက်ပြင်းချသံနဲ့အတူ နံရံကို ခေါင်းတင်မှီထားတဲ့ မောင်ဆောင်းကို တွေ့တော့လဲ ယုတစ်ယောက် သိမ့်ကနဲ တုန်ပြီး စိတ်မကောင်းဖြစ်သွားရသည်။

“မောင်ဆောင်းရယ်… ဘာဖြစ်ဖြစ် ခုချိန်ထိ ငါတို့က ပျော်ရွင်ခိုင်မာတဲ့ သံယောဇဉ်တွေနဲ့ ရှိနေသေးတာပဲ… ရှေ့ဆက်ရမယ့် ငါတို့ရဲ့ အနာဂတ် ရည်ရွယ်ချက်တွေ ရှိပါသေးတယ်… ဒီတော့ ပျော်ပျော်နေကြရအောင်နော်”

ယုပြုံးပြုံးနှင့်ပြောတော့ မောင်ဆောင်းတစ်ယောက် မျက်နှာလေးလွှဲကာ ခေါင်းလေးညိတ်လို့ အရင်က ပျော်ရွင်ချိန်များကို တွေးရင်း... ငေးရင်း..

ဆောင်းနှင်းတွေ ဘယ်လောက်ဝေဝေ... ဆောင်းရင်မှာ မအေးချမ်းနိုင်သေးပေ..

ဘာကြောင့်ပဲ ဖြစ်ဖြစ်… သံယောဇဉ်က သံယောဇဉ်ပါ…



သံယောဇဉ်ရှိသူ
နှစ်ဦးအတွက်
ပေးဆပ် နေတတ်ခြင်းသည်
သိပ်ပြီး အံ့သြစရာ
မရှိလောက်သော
ကမ္ဘာငယ်ထဲက ကြိုးနှစ်စသာ…။


ချစ်ခင်လေးစားစွာဖြင့်

ဆက်လက်ကြိုးစားပါဦးမည်။

ဖိုးစိန်

ဝန်ခံချက်

စိတ်ကူးသက်သက်မျှသာ...။

ကဗျာများကို ရေးသားသော ပိုစ့်နှင့် ကိုက်ညီအောင် မောင်နှမများ ဘလော့မှ ကူးယူထားပါသည်။

Tuesday, 19 January 2010

သံယောဇဉ်

မျိုသိပ်ခဲ့ရတဲ့ နေ့ရက်တွေကို ဖြတ်ကျော်ရင်း မသိနားမလည်တဲ့ ဘာသာဗေဒ ကြားမှာ တစစ အရည်ပျော်ကျခဲ့တာပါ… ကျယ်လောင် စူးရှစွာ အော်ဟစ်ပေါက်ကွဲလိုက် ဆိုတော့ ထွက်ကျလာတဲ့ စကားလုံးတွေက ခပ်အက်အက် တီးတိုးရွတ်ဆိုသံတွေ… ဘယ်သူနားလည်လိမ့်မလဲ…

နေရစ်ခဲ့တော့လို့ ဆိုပြီး သမင်လည်ပြန် မျက်ရည်တွေကျ… သွားပါတော့ဆိုပြီး တွဲထားတဲ့ လက်မဖြုတ်တာတွေကို ညီမျှခြင်းတွေ ချကြည့်ရင် အကြွင်းကျန်ရစ်တာက တဖြည်းဖြည်းလျှော့သွားတဲ့ မာနတွေ၊ အတ္တတွေ..

အမှန်တော့ ပူလောင်ခြင်း တစနဲ့ အေးမြခြင်း တစ်ဝက်ရောထားတာက ဒီသံယောဇဉ်တွေ…

မပိုင်ဘူး ဆိုပေမယ့် ဆိုင်နေရတဲ့ ဒီလို သံယောဇဉ်ချစ်ခြင်းတွေကို ဘယ်သူတွေက သေသပ်ကျနစွာ ပုံသေကားချပ် တစ်ခုလိုရေးဆွဲခဲ့တာလဲ..

တကယ်ဆို….

ငါက ခပ်အက်အက် ဖန်ခွက်ထဲက အနည်ကျနေပြီးတဲ့ ရေပါ…

မဲ့ပြုံးတွေရဲ့ ရိုက်ချက်ကို
ငါကျောကော့နေအောင် ခံခဲ့ရတော့မှ
မျက်ရည်စို့တတ်တဲ့ နှလုံးသားဒဏ်ရာကိုမှ တယုတယ မွေးမြူမိတာ… မဆန်းတော့ပါဘူး..


နေ့တွေကို လတွေက သယ်ဆောင်ရင်း လတွေကို နှစ်တွေက တိုက်စားသွားနေတယ်.. တကယ်တော့ အားလုံးက သံယောဇဉ် အလွမ်းတွေကြား ခရီးသွားရင်း အမုန်းကို တိုက်ခိုက်နေတဲ့ ရန်သူစစ်စစ်တွေ...

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Thursday, 14 January 2010

ရောက်ခဲ့သော မြို့တော်

ကျနော် မနေ့က မိုးကုတ် မြေရဲ့ တောင်ပေါ် မြို့လေး တမြို့ကို အလည်ရောက်ခဲ့တယ်... ဒီမြို့လေးကို အဝေးက နေ လှမ်းမျှော်ကြည့်လိုက် ကတည်းက ရင်ထဲကို နွေးထွေးမှု တစ်ခု စီးဝင်သွားတယ်... ကဗျာဆန်လိုက်တာဗျာ... ကောင်းကင် ပြာ ပြာ အောက် နွေးထွေးတဲ့ နေခြည် နဲ့ အတူ စီစီရီရီင်္နဲ့  လှလှပပ ရှိလှတဲ့ ရေတမာ တန်းလေး နဲ့ ခရေ ပင် ညိုညို ကြီးတွေကို အဝေးက ငေးမေားရတာဟာ ဘာနဲ့မှ မလဲနိုင်တဲ့ သဘာဝ ရှုခင်းကြီး တစ်ခုပေါ့... ကွေ့ပတ်စီးဆင်းနေတဲ့ သံလွင် မြစ်ကြီးကို ဒီမြို့ရဲ့ ဟီးရိုး ကြီးလို့ တင်စားကြသေးတယ်တဲ့လေ... မြို့ အဝင်အဝကို ဝင်လိုက်တာနဲ့ မားမားစွင့်စွင့်ကြီး သီဟ ခြင်္သေ့ က သစ်လွင်ခန်းနားစွာ သပါယ်လှတဲ့ စေတီပုထိုး ခြေရင်းမှာ ဝပ်တွားခယ ရှိနေလေရဲ့.... ညရဲ့ ကောင်းကင် လမင်းကြီးအောက် မှာ တင့်တယ်ခမ်းနားလှပါတယ်..

ဒီမြို့နဲ့ ပတ်သက်ပြီး ရှေးတုန်းက ဒဏ္ဍာရီ ဆန်ဆန် ပြော နေကျတဲ့ ပုံပြင်လေး တစ်ပုစ်တောင် ရှိခဲ့တယ်… ဂျူ နိုင်ငံကနေ လွမ်းဆွတ်ကြေကွဲနာမကျန်း နေတဲ့ မနော်ဟရီ မှော်ငှက်က ခေတ်နေလို့ အမည်တွင်ခဲ့တဲ့ ဒီမြို့ကို ပျံသန်းရောက် ရှိချိန်မှာ ဥယျာဉ်မှူး ဇက်ရဲ့ ဥယျာဉ်သာထဲက ချိုမြိန်တဲ့ ပီအိုနီ ပန်းတွေရဲ့ ဝတ်ရည်ကို သောက်သုံးပြီး ကျမ်းမာပျော်ရွင်လာခဲ့တယ်… ခေတ်နေ မြို့တော်ကြီးကိုလဲ ကျန်းမာရေးပြန်ကောင်းလို့ ရွေမိုး ငွေမိုးတွေ ချိမ့်ချိမ့်သဲ ရွာသွန်းစေခဲ့တဲ့အတွက် ရှေးရှေးက လူတွေက နတ်ဖန်ဆင်းတဲ့ မယ်တော် တပါးလိုကိုးကွယ်ခဲ့ ကြတယ်ဆိုပါတယ်.. နောက်တော့ ခေတ်နေပြည်တော်ကြီးထဲမှာပဲ အိနြေ္ဒ အိန္ဒြာ ရစွာ တစ်သက်လုံး နေသွားတော့တယ်… အဲဒီအချိန်မှာ ဇွန်မိုးစက်တွေနဲ့ အတူ ခေတ်နေဆိုတဲ့ နေပြည်တော်ကြီးမှာ မင်းတရား စိုင်းရှင်ကြီး က ညီတော် နိုင်စည်သူကို ထီးနန်းအရိုက်အရာ လွဲ အပ်ချိန်ပေါ့… တိုင်းပြည်ကြီး တစ်ခုလုံး ညီညီ ညာညာ စည်ကားပျော်ရွင်နေခဲ့တယ်လေ… အသက်တွေ ကိုတောင် ဘုရင့်ထံပါး အ ပိုင် ပုံပေးဖို့ မနှောမြောတဲ့ ပြည်သူ ပြည်သားတွေပါ... ဒဏ္ဍာရီ ဆန်တဲ့ သံစဉ်ချို ပုံပြင်တစ်ပုဒ်လို.....

ဒီမြို့လေးက တခြားမြို့တွေနဲ့ မတူဘူးတဲ့... ဆောင်းမှာ ချမ်းသလို မိုးလဲ ရွာတတ်တယ်... ရွာတဲ့မိုးက မိုးခါးတဲ့လေ... အဲလို ဆောင်းမှာ နှင်းတွေ ပက်ဖျန်းလို့ ရွက်တွေ ကြွေကျ လေလွင့်နေတဲ့ အချိန်က ဘယ်လောက်များ ကဗျာ ဆန်လိုက်သလဲ... ပန်းပွင့် တွေ လေမှာ မြူးလို့ ဇင်ယော် လို ပျံဝဲနေလိုက်တာများ... ကြည်နူးစရာ... ပြီးတော့ ဒီမြို့မှာ ဗီ ပုံစံ လိန် ကောက်နေတဲ့ တလနွန် အမည်ရတဲ့ တောင်တွေကြားမှာ ဖိုး တန်တဲ့ မြို့ပိုင် မြ ကျောက်တွေ အများဆုံးထွက်တဲ့အတွက် ကမ္ဘာက မျက်စိကျရတဲ့ မြို့လေးပါတဲ့...

ဒီမြို့လေးမှာ ချစ်စရာကောင်းတဲ့ မျက်စိမှေးမှေး အနီရောင် ကင်းကောင်တွေ၊ ပူးတေ ကောင်တွေ ၊ ပိုးဟပ်လေး လဲ ရှိသေးတယ်.. ဒီကင်းကောင်တွေ၊ ပူးတွေက က လူတွေကို ဒုက္ခမပေးပဲ လူတွေအတွက် အကျိုးပြုတယ်ဆိုတာ ဒီမြို့မှာပဲရှိတာပါ... တီအမ်တီ ကိုယ်ပိုင်ရေအားလျှပ်စစ် စက်ရုံကြောင့် ဒီမြို့လေး လျှပ်စစ် မီး မပြတ်ရှိသလို ပီအမ် ဝန်ဆောင်မှု လုပ်ငန်းကြောင်းလဲ ဒီမြို့လေးမှာ ကမ္ဘာလှည့် ခရီးသည်တွေ မပြတ်ဘူးပေါ့... ခရီးသွားဧည့်သည်တွေ တည်းတဲ့ ရီနိုမာန် ဟိုတယ်ကြီးက ဒီမြို့ရဲ့အခန်းနား အကြီးကျယ်ဆုံးပါ...နိုဗယ်မိုး ဆိုတဲ့စူပါမာကတ်ကြီးမှာလည်း ဈေးသက်သက်သာသာ ဝယ်လို့ရလေရဲ့... ဒီမြို့လေး တမြို့လုံးကို မြင်ဖို့ ကားလေးနဲ့ မြို့ပတ်စီးရင် ကိုဂျေးရဲ့ မင်းကို ချစ်တဲ့သူ သီချင်းကို နားဆင်ရတာလဲ အရသာ တစ်မျိုးပါ...

ဒီလို ဖိုးတန်မြို့လေးမှာ သင်္ကြန် ပွဲတော်ကို နောင့်ပေ နောင့် သီချင်းလေးနဲ့ မြို့မျက်နှာဖုံး ငချမ်းကောင် နဲ့ အတူ လှပျိုဖြူ အမွှာ နှစ်ယောက် ဖြစ်တဲ့ မေလေး နဲ့ မေသူ တို့ ကတဲ့ “အိုး... ဘာတဲ့” ဆိုတဲ့ ရာချို အကဟာ ကမ္ဘာလှည့် ခရီးသည်တွေ စိတ်ဝင်တစား ဓာတ်ပုံအမိအရပြေးရိုက်ကြတာက အမောပါ... ငချမ်းကောင် တို့ဆိုတာ မြို့မှာ နာမည်ကြီးတဲ့ အမျိုးကောင်းသား ထက်မြက်ပြီး ဇော် ကြတဲ့ကောင်တွေပါ...အဲလိုအချိန်တွေမှာ နှစ်စဉ်နှစ်တိုင်း မြို့ခံ ရွာသားတို့က ရွာထွက် ပစ္စည်းတွေနဲ့ စတုဒီသာ အလှုကို ခြိမ့် ခြိမ့်သဲကျင်းပတာဟာ ကျေနပ်ပီတိဖြစ် စရာပါ...

အရင်တုန်းကတော့ ဒီလိုမြို့လေးကို အိပ်မက် လှလှ မှာပဲ ရူးသွပ်စွာ မြင်ဖူးပေမယ့် ခုကျနော် ဖိုးစိန် လက်တွေကျကျ မြင်ရတော့... ဒီမြို့လေးဟာ ညီ ညီ ညာညာ နဲ့ မောင်နှမတွေ အားလုံး စုပေါင်းတည်ဆောက်ထားတဲ့ မေတ္တာတွေ အခြင်းခြင်းယောင်ပြန် ဟပ်တဲ့ မေတ္တာရောင်ပြန် မြို့လေးပေါ့... ဒီမြို့လေးကို လာရတဲ့အတွက် ကျေနပ်ပီတိဖြစ်ခဲ့ရတာဆိုရင် အတိုင်း မသိပါပဲ..

တွေ့ခဲ့ရသူများကို အမှတ်တရ ရေးဖွဲ့သည်။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Monday, 11 January 2010

ဖိုးစိန် ငယ်ငယ်တုန်းကပေါ့

မော်လမြိုင်သား ဖိုးစိန် ငယ်ငယ်တုန်းက နေတဲ့ရပ်ကွက်က ဖိုးစိန် အဖေရဲ့ ဇာတိချက်ကြွေ… ရပ်ကွက်က အိမ်ခြေစိပ်သလို လမ်းတွေများပြီး ရပ်ကွက်ကြီးတဲ့ ဒိုင်းဝန်ကွင်းရပ်ကွက်… ဒါကြောင့်ရပ်ကွက်ထဲမှာ လူပေါင်းစုံ စရိုက်ပေါင်းစုံ… ဆိုက်ကားသမားရှိသလို စက်ပိုင်သဌေးတွေလဲရှိတယ်… စိန်ရွှေဆိုင် ပိုင်ရှင်တွေ ရှိသလို မုန့်ဖက်ထုပ်ရောင်းသူလဲရှိတယ်… ကုန်ထမ်းသမား၊ ငါးဖမ်းသမား၊ ဗျပ်ထိုးဈေးသည် စုံလို့ပါ။

ဒီရပ်ကွက်က ဖိုးစိန် အဖေအတွက် မွေးရပ်ဇာတိ ဖြစ်သလို အဖေကြိုးစားလာခဲ့ရတဲ့ ရလာဒ်တွေ အဖေမစွန့်လွှတ်နိုင်သလို အမေက ဖိုးစိန်ကိုမွေးပြီး ပြောင်းလာတဲ့ တိုက်လေးက စီးပွားတက်တယ်ဆိုပြီး တခြားနေရာ မပြောင်းပဲ ဒီရပ်ကွက်မှာပဲ အခြေချခဲ့တယ်… ဒါပေမယ့် ဖိုးစိန်တို့ မောင်နှမ သုံးယောက် ငယ်ငယ်လေးကတည်းက အိမ်ပေါ်က အိမ်အောက် ဆင်းခွင့်မရှိ… အမြဲတမ်း အိမ်ထဲမှာ နေပြီး ဘာဂျာတံခါးသော့ခတ်ထားခြင်းခံရတဲ့သူတွေ… ရပ်ကွက်က သူတွေကို နှုတ်ဆက်စကားပြောခွင့်မရှိ… ကစားခွင့်မရှိ … အရွယ်တူတွေကစားတာကို ပြတင်းပေါက်ကနေတဆင့် မောင်နှမတွေက တစ်ယောက်ကို တစ်ယောက်ထပ်ပြီး ချောင်းကြည့်ရတဲ့ဘဝ… ကျောင်းထားတော့လည်း ရပ်ကွက်နဲ့ နီးတဲ့ အထက်တန်းကျောင်းမှာ မထားဘဲ ရပ်ကွက်နဲ့ဝေးတဲ့ ကျောင်းမှာ ဖိုးစိန်တို့ မောင်နှမသုံးယောက်လုံး နေရတယ်… အကြောင်းပြချက်က ရပ်ကွက်က စရိုက်စုံတဲ့သူတွေနဲ့ ပေါင်းပြီး လမ်းမှား မှာကြောက်ပါ၏ ဆိုသော ဖိုးစိန် အဖေနဲ့ အမေတို့ရဲ့စိုးရိမ်ပူပန်မှု…

ဖိုးစိန်မှာ ညီတစ်ယောက် ညီမတစ်ယောက်ရှိတယ်… ဖိုးစိန်နဲ့ ဖိုးစိန်ညီ က ၁၄လကျော်ကျော်သာကွာတဲ့ အတွက် အမွှာညီအကိုလို ဖြစ်နေပြီး ညီမနဲ့ ဖိုးစိန်က (၇) နှစ်ကွာတယ်… ဒါကြောင့် ဖိုးစိန်ရဲ့ငယ်သူငယ်ချင်းက ညီနဲ့ ညီမ… အိမ်ထဲက အိမ်ပြင်မထွက်ရတဲ့ မောင်နှသုံးယောက် အပြင်က ရွယ်တူတွေ မိုးရေထဲ ဘောလုံးကန်တာ ညည ထုပ်စီးထိုးတာတွေကို ငေးရပေမယ့် အပြင်ထွက်ဖို့ မတောင်းဆိုကြဘူး… အိမ်ထဲမှာပဲ သုံးယောက်သား မျောက်ရှုံးအောင် ဆော့ကြတယ်…

ဖိုးစိန်အမေ ရန်ကုန်ဆေးကုသွားတဲ့ အချိန် ဖိုးစိန်တို့က အဖွားနဲ့နေရတော့ အပြင်ဆိုတာ ပိုတောင်မထွက်ရပြန်ဘူး… ဒါပေမယ့် ဖိုးစိန်ဦးလေးက ညညဆိုပွဲဈေးတန်း ခေါ် ပွဲခင်းထဲမှာ ဇာတ်ပွဲကြည့်ဆိုတော့ ဖိုးစိန်ငယ်ငယ်တုန်းက ဇာတ်မင်းသားရူးရူးခဲ့တယ်… ပုဂံပြားစိန်၊ အုန်းညွှန်စိန်၊ အုန်းလက်စိန် တို့ဆိုတာ ဖိုးစိန်နဲ့ ဦးလေး မလွတ်တမ်းကြည့်တဲ့ ပွဲတွေ… မင်းသားတွေ ကတာ ကြည့်ပြီး နောက်နေ့ကြရင် အုန်းလက်တွေနဲ့ မင်းသားခေါင်းပေါင်းတွေ လက်ပတ်တွေလုပ်ပြီး စောင်ရှည်ကို မင်းသားလို ခါးမှာဝတ်လို့ မင်းသားတွေ ကသလို သေတ္တာတွေ ဆင့်ပြီးက နောက်ပြီး ဇာတ်မင်းသားတွေ မီးကြိုးခုန် ကသလို အိမ်မှာ သရေပင်ကြိုးကို ချည်ပြီး ညီနဲ့ ညီမ ကကြိုးလွဲရင် ဖိုးစိန်က ခုန်ကတမ်း ကစားကြတာ… ညီက မင်းသားဖိုးစိန် ကဖို့ ပါးစပ်တီးလုံးနဲ့ တီးတယ် … ညီမလုပ်သူကတော့ ဟေ့ ဟားးး ဆိုပြီး နောက်ကနေအော်တယ်… မင်းသားမောရင် ယက်ခတ်ပေး… ရေဆိုရေယူပေးပေါ့… အပြင်သွားလို့ မြင်သမျှ ကို မောင်နှမသုံးယောက် အစွမ်းကုန် အော်ဟစ်သောင်းကျန်းပေါ့… မှတ်မှတ်ရရ မင်းသားဖိုးစိန်က ညီအမြှောက်ကောင်းလို့ အရင် သေတ္တာတစ်လုံးပေါ် ခုန်တက်ကနေရာက တော်တယ်ဆိုပြီး နောက်တစ်လုံးဆင့်ကတယ်… ရသေးတယ်ဆိုပြီး သေတ္တာသုံးလုံးလဲဆင့်ရော… အခုန်ကောင်းလို့ လုံချည်စောင်စနဲ့ ညိပြီး သေတ္တာပေါ်က ချော်လဲတာ ခြေထောက်ခေါက်လို့ မေးကွဲသွားရတဲ့ အဖြစ်၊ အဲဒီကတည်းက မင်းသားဖိုးစိန်လဲ မင်းသားဘဝကနေ နောက်ထပ်မကချင်လောက်အောင် ဈာန်လျှောသွားပါတယ်…

ဖိုးစိန်တို့နောက်ဖေးက ခြံက ဘေးခြံနဲ့ ကပ်ရက် သရက်ပင်တစ်ပင်ရှိတယ်… မချစ်စုသရက်… အလုံးကြီး ပြီး အရမ်းချိုတယ်… သရက်သီး သီးချိန်ဆို သရက်ကိုင်းတွေက ဖိုးစိန်တို့ ခြံဘက်ကို ထိုးကျနေပြီး ဖိုးစိန်တို့ ခြံက မာလကာသီးပင်ပေါ်က ခူးစားရင်ရတယ်… သရက်သီးသီးချိန်ဆို ဖိုးစိန်တို့ မောင်နှမသုံးယောက် မနေနိုင်ဘူး… ခိုးစားချင်တယ်… အဲဒီအခါကျရင် အိမ်က လူကြီးတွေ မသိအောင် ခြံထဲဆင်းရင်း မာလကာပင်ပေါ်တက်ပြီး အငယ်ကောင်က ခူးတယ်… ညီမက လူရိပ်လူခြေစောင့်တယ်… ဖိုးစိန်က အပင်အောက်ကနေ ဟိုအလုံး ဒီအလုံး ညွှန်ပြီး ခြွေ ချသမျှကို လိုက်ကောက်တယ်… ပြီးရင် မောင်နှမသုံးယောက် ခိုးစားကြတယ်… တနေ့ ခိုးစားနေတာကို ဖိုးစိန်အမေက လက်ပူလက်ကျပ်မိတော့ ဖိုးစိန်အဖေကိုတိုင်တယ်…
ညနေကျတော့ ဖိုးစိန်တို့ မောင်နှမသုံးယောက် “နောက်တစ်ခါ သားတို့ မခိုးတော့ပါ”လို့ အဖေရေးပေးတဲ့ စာတန်းလေးကို လည်ပင်းမှာဆွဲလို့ ဘေးအိမ်က အိမ်ရှေ့မှာ စာသားအတိုင်း အသံကျယ်ကျယ်နဲ့ အခါ ငါးဆယ်ပြည့်အောင် အော်ခိုင်းတယ်… အဲဒီတုန်းက ရှက်ရမှန်းမသိဘူး…
အောက်ဆင်းရလို့တောင်ပျော်နေခဲ့သေးတယ်… မောင်နှမသုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက် ပြုံးစိစိနဲ့ အငယ်ကောင်ကစပြီ နောက်တစ်ခါလို့ အော်ရင် ဖိုးစိန် က သားတို့တွေ အငယ်မက သရက်သီးကို မခိုးစားတော့ပါဘူးရှင့် လို့အော် ပြီးရင် ရယ်လိုက်နဲ့ အကြိမ်ငါးဆယ် အော်ရတယ်… အဖေကိုလှမ်းကြည့်ရင် အဖေက လက်ပိုက်ပြီးခပ်တည်တည်နဲ့ ကြည့်နေရာက ပြုံးစိစိလုပ်နေတာကို မြင်ရသေးတယ်… အော်လို့လဲပြီးရော ဘေးအိမ်က သရက်သီးတွေ အများကြီးထပ်ပေးလိုက်သေးတယ်… အဲဒီကို အငယ်မ က မှတ်ပြီး ကိုကြီးနဲ့ ကိုငယ် ညီမလေးတို့ အိမ်တိုင်းအဲလိုလိုက်အော်ရင် အများကြီး ရမှာ သွားအော်ရအောင်လုပ်လို့ အဖေနဲ့အမေက သဘောတကျ အားရပါးရ ရယ်တာပေါ့..။

နောက်မှတ်မိစရာတစ်ခု… ညီမက ဒါရိုက်တာ လုပ်ပြီး ရုပ်ရှင်ရိုက်တမ်းကစားတယ်… အမေ အဖေ ညီရော ကျနော်ရော မနေရဘူး… ညီမခိုင်းသလို လုပ်ရတယ်… သူက ငိုဆိုငို.. ဟိုသွားဆိုသွား.. ဒီလို နေဆိုနေရတယ်… သမီးကိုချစ်တော့ အဖေတို့လဲ သူခိုင်းတဲ့ အတိုင်း လုပ်ကြတာပေါ့… တနေ့ ရုပ်ရှင်ရိုက်တမ်း ကစားတော့ အဖေနဲ့ အမေက သမီးရည်းစားပေါ့… ညီမက အဖေနဲ့ အမေကိုဖက်ခိုင်းပြီး ရီးစားစကား ပြောခိုင်းတယ်… ကျနော်တို့က တော့ မီးထိုး အဆင့်ပေါ့… အဲလိုဖက်ခိုင်းပြီး အဖေတို့က ညီမပြောတဲ့အတိုင်းပြောရတာ… ပြီးတော့သူက အဖေက အမေ့ကိုဖက်ထားတုန်း “ ဟို့.. ခဏလေး”ဆိုပြီး ကျနော့်ကို ဘုရားစင်ပေါ်က ပန်းတပွင့် ယူခိုင်းတယ်… အဖေတို့လဲ ပါးစပ်လေးဟပြီး ဘာလဲပေါ့… အမေ့ကိုများ ပန်းပန်ပေးမလို့လာဆိုပြီး ကြည့်နေတာ… ကျနော်လဲ ဘုရားစင်ပေါ်က ပန်းကိုခူးပြီးပေးရော ညီမက အမေတို့ အဖေတို့ အရှေ့ မှာ ပန်းကိုခြွေပြီး ပြောလိုက်တာက အမေ ခု“ဗိုက်ကြီးသွားပြီး”တဲ့…

ဖိုးစိန်တို့ မော်လမြိုင်က အိမ်နောက်ဖေးမှာ မိုးရေလှောင်တဲ့ ကန်ရှိတယ်… အဲဒီကန် က (၆)ပေ ကျော်ကျော်လောက် အမြင့်ရှိတယ်… (လသာတဲ့ ညတွေမှာဆို မိသားစု ကန်ပေါ်တက်ပြီး အဖေပုံပြောတာကို နားထောင်တာ)… ဖိုးစိန်နဲ့ ဖိုးစိန်ညီလေးက စူပါမင်းရုပ်ရှင်ကို အရမ်းကြိုက်တယ်… ဒါကြောင့် ကစားရင် စူပါမင်းလို စောင်ကိုလည်ပင်းမှာ ချီပြီး လက်နှစ်ဖက်က စောင် ဘေးတစ်ဖက် တစ်ချက်ကို ဆွဲကားပြီး ပြေးတာပေါ့… တနေ့ တနေ့ အိမ်ပတ်ပြေးတယ်… ကုလားထိုင်ပေါ်ကနေခုန်ချတယ်… အဆင့်တွေ အောင်မြင်လာတယ်ပေါ့… နောက်ကျတော့ ညီအကိုနှစ်ယောက် နောက်ဖေးကန်ပေါ်ကနေ ခုန်ချဖို့ ကြံစည်ကြတာ… နှစ်ယောက်ပေါင်းတော့ စူပါမင်းက အားပိုပြင်းတယ်ပေါ့… အဲဒီတော့ ညီမလေးကို တစ်ယောက်တစ်ဖက်လက်ဆွဲပြီး ကန်ပေါ်ကနေ ခုန်ချတမ်း ကစားဖို့လုပ်တယ်… တစ် နှစ် သုံး ဆိုရင် နှစ်ယောက်သား ညီမလေးကို ဆွဲပြီ ခုန်ချမယ်ပေါ့… တဖက်က စောင်ကို လက်နဲ့ ကား တစ်ဖက်က ညီမလေးလက်ကို ဆွဲပြီး တစ် နှစ် သုံးလဲ ပြီးရော… အရင်ဆုံး ခုန်ချတာ လူစွမ်းကောင်း ဖိုးစိန်ညီ… အဲဒီမှာ ခြေကားရား လက်ကားရားနဲ့ ဖိုးစိန်ညီမက ပါသွားပြီး ဖိုးစိန်က နောက်ဆုံးကနေ ခွေးကျ ကျ… ရလာဒ် က ဖိုးစိန်ညီ ခေါင်းကွဲပြီး ဖိုးစိန်ညီမ လက်ကျိုးခဲ့တယ်… ဖိုးစိန်က အကြီးဆုံးဖြစ်ပြီး အနေမထိုင်မတတ်တဲ့ အမှု အငယ်တွေကို သွေးထွက်သံယို ဖြစ်အောင် လုပ်တဲ့ အမှုနဲ့  အဖေ့သူငယ်ချင်း လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုး လုပ်ရတယ်… (တစ်ရက်ပါပဲ… လက်ဖက်ရည်ခွက်တွေ ကွဲလို့ အဖေ့သူငယ်ချင်းက အလုပ်မဆင်းခိုင်းတော့ပါဘူး)…

ကျနော်တို့ မိသားစု ပြန်ဆုံတိုင်းမှာ ဖြစ်ဖြစ်… ကျနော့်တို့ အိမ်ကို ဧည့်သည် တစ်ယောက်ယောက် လာလည်တိုင်းမှာ ဖြစ်ဖြစ် ဖေဖေက အဲဒီအကြောင်းတွေကို ပြန်ပြောပြီး ကျနော်တို့ ငယ်ငယ်က ဘယ်လောက်ဆိုးကြောင်း၊ စိတ်ကုန်လို့ ကားပေါ်တင်ပြီး လူမသိ သူမသိတဲ့နေရာမှာ စွန့်ပြစ်ချင်ကြောင်းကို စာတတန် ပေတတန်နဲ့ ပြောလေ့ရှိတဲ့ အကြောင်းတွေပါ… ခုချိန်ပြန်တွေးလိုက်တော့ ကျနော် ညီနဲ့ ညီမရဲ့ ငယ်ငယ်တုန်းက ပုံစံတွေကို မြင်ယောင်ပြီး လွမ်းမိသွားတယ်… ငယ်ငယ်တုန်းက မိသားစုနဲ့ ပဲ နေခဲ့ရတဲ့ ကျနော့်အဖို့ ဒီလွမ်းစရာ သတိရစရာတွေက ရင်ထဲ မမျှအောင်ပါပဲဗျာ…


ချစ်ပေါ်ရေ… ချစ်စိန်ရဲ့ ငယ်ကျိုးငယ်နာတွေ ဖတ်ချင်တယ်ဆိုလို့ ရေးပြီးပါပြီး..

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Wednesday, 6 January 2010

ကိုရွှေဧည့်သည်

နိုဝင်ဘာလ၏ အေးစိမ့်စိမ့်နှင့် တသိမ့်သိမ့် ချမ်းလှသည့် ဆောင်းအဝင်ညတစ်ညမှာ ကျွန်တော်ဆီကို ဧည့်သည်တစ်ယောက် မမျှော်လင့်ပဲရောက်လာလေသည်။ ဧည့်သည်ဆိုသော်လည်း ထိုသူမှာ ကျွန်တော်မျှော်လင့်နေတဲ့သူ မဟုတ်သလို ဖိတ်ခေါ်ထားတဲ့သူလဲ မဟုတ်ခဲ့ပါ။

ကျွန်တော်နေသည့် အိမ်ကို သာမန်လူ မဆိုထားနှင့် အသိမိတ်ဆွေတွေတောင် အရောက်နည်းကာ ဝေးလံချောင်ကျသည့်အတွက် လာလည်သည့် မိတ်ဆွေ မရှိသလောက် နည်းပါးပါသည်။ ထူးခြားသည်က သူဘယ်ကလာလဲဆိုတာကျွန်တော် မသိပေမယ့် အိမ်ထဲကို ကျွန်တော်မရောက်ခင်ကတည်းက ကြိုရောက်နေသူဖြစ်နေခဲ့သည်။ လာမည်ဆိုတာကို အကြောင်းကြားခဲ့သူ မဟုတ်ပါ။

သူ့ပုံစံက နှုတ်ခမ်းချွန်ချွန်(ကျွန်တော့်လိုပေါ့) ခေါင်းသေးသေး မျက်လုံးသေးသေးနှင့် … ခါးရှည်ရှည်တုတ်တုတ် ရှိသည်ဟု ထင်ရပါသည်။ မလင်းမမှောင် မီးရောင်အောက်မှာပင် နားရွက် ထောင်ထောင်နှင့် ကြည့်ရရုပ်ဆိုးရတဲ့အထဲ အသားအရည်က မဲနက်တောက်ပြောင်လို့နေပါသည်။

အိမ်ပြန်ရောက်လို့ တံခါးဖွင့်ဖွင့်ချင်းမှာပဲ တွေ့လိုက်ရတဲ့ဧည့်သည်က ဆီးကြိုနေသည်ကို ကျွန်တော်တအံ့တသြနဲ့ ကြောက်လန့်တကြား စိတ်ပျက်မိသည်။ ရုတ်တရက် ကျနော်ဆီမှ မမျှော်လင့်ထားသည့် “အား” ဆိုသည့် အာခေါင်သံ အသံနက်နက်ကြီး အပြင်လောကကို ခဏ ဖုံးလွမ်းသွားသည်။

ကျွန်တော့်၏ငယ်ထိပ်ကို သွေးဆောင့်သွားသည့် အက်ကွဲသံကြောင့် ထိုဧည့်သည်မှာလည်း ကြောက်လန့်ပြီး လိပ်ပြာလွင့်သွားသည်ထင်သည်။ တံခါးကြားထဲ တန်းကနဲ လှစ်ကနဲ ကျနော်မမြင်အောင် ပြေးပုန်းလိုက်လေတော့သည်။

ကျွန်တော်စိတ်ပျက်မိသလို ကြောက်လန့်မိသည်။ ကျနော့်ဘယ်လိုစကားမျိုးနဲ့ နားလည်အောင် ရှင်းပြပြီး ကျနော်နှင်ထုတ်ရပါ့မလဲ… ကျနော့် အသံကြောင့် သူလဲတော်တော်လန့်နေလောက်မည်။ နောက်ထပ် ဘယ်လောက် အသံပေးပေး သူ တံခါးကြားကနေ ထွက်လာဖို့ မပြောနဲ့ တုပ်တုပ်မျှ မလှုပ်တော့ပါ..။

သူတံခါးကြားက ထွက်မလာသေး သ၍ ကျွန်တော် အပြင်မှာ ရပ်နေရတာ ကြာလာတော့ အပြင်က အအေးဒဏ်ကို မခံနိုင်လို့ အိမ်ထဲဝင်ခဲ့ရသည်။ ကျွန်တော်မသိတဲ့ သူစိမ်းတစ်ယောက် အထဲမှာ ရှိနေတာ ဘယ်လို အသက်ရှူရပါ့မလဲ… ပြေးဝင်သွားတဲ့ အိမ်အလည်တံခါးနောက်ကွယ်ကို သွားဖွင့်ပြီး ခေါ်ရမလား… တစ်ယောက်ယောက်ကို ခေါ်ပြီး မောင်းထုတ်ခိုင်းရမလား ကျနော်ဝေခွဲမရ… တစ်ယောက်ယောက်ကို သွားခေါ်နေတဲ့ အချိန် သူပြန်ထွက်သွားရင် ကျွန်တော် အရူးဖြစ် ကျန်ခဲ့မှာသေချာသည်။ အကယ်၍ ကျွန်တော့်ကို ရန်မူချင်တယ်ဆိုရင်လဲ ခုချိန် သေနေလောက်ပြီးဖြစ်သည်။

ကျွန်တော်ည အိပ်ယာဝင်ခါနီးထိ အသာခေါ် စကားပြောပေမယ့် တံခါးကြားမှာ ပုန်းနေသူက လုံးဝအသံမပြု… ကိုယ်ယောင်ပဲ ဖျောက်သွားလေသလား… တစ်ခုခုရန်မူဖို့ ကြိုးစားနေသလား သို့မဟုတ် သူကပဲ အကြောက်လွန်နေသလား… ကျွန်တော်စိတ်ပျက်လာသလို တနေကုန် လုပ်ခဲ့ရတဲ့ အလုပ်ဒဏ်ကြောင့် ပင်ပန်း၍ အိပ်ချင်လာသည်။ မီးဖွင့်လျှင် အိပ်မရသော ကျွန်တော့်အတွက် တံခါးကြားမှာ ပုန်းနေသူအတွက် အားနာမိပြန်သည်။ မီးပိတ်လိုက်လျှင် ထွက်လာပြီး တစ်ခုခုရန်မူမှာကိုလဲ မသိစိတ်က ကြောက်နေမိပြန်သည်။ နောက်ဆုံး အိပ်ချင်စိတ်ကို တားမရသည့်အဆုံး ဖြစ်ချင်ရာ ဖြစ်ဟု စိတ်ကိုဒုန်းဒုန်းချ မီးပိတ်ပစ်လိုက်သည်။

မီးပိတ်ပြီး ခဏအကြာ ကျနော်မှေးကနဲ ဖြစ်စဉ် မသိစိတ်က ရုတ်တရက် နိုးလာပြီး တံခါးကြားမှ ဖျတ်ကနဲ ထွက်လာတဲ့သူ့ကို အမှောင်ထဲမှာ မြင်မိသည်။ ကြက်သီးမွေးညင်းမျာ ရုတ်တရက် ထောင်ထလာပြီး ဇောချွေများပင် ကြလာသည်။ ကြောက်လန့်သည့် စိတ်ကို အတတ်နိုင်ဆုံး စုစည်းပြီး ကုတင်ပေါ်တွင် မူလကွေးနေသည့် အနေအထားမှ ကင်းခြေမျှားလို ကွေးလို့ရသလောက် အကုန်ကွေးနေမိသော်လည်း မျက်လုံးများက အမှောင်ထဲမှ သူ့ကို ရှာဖွေချင်နေမိသည်။

သူ ကျနော့် ကုတင်ဘေးနားက မှန်တင်ခုံနားရောက်လာပြီး ကျွန်တော့် ရဲ့ ဖန်စီလက်ပတ်ကြိုး(ကျွန်တော့်အကြိုက်ဆုံး)တွေကို ယူပြီး ပြန်ထွက်သွားပြန်သည်။ ကျွန်တော် သူ့ကို ကျွန်တော်ကြိုက်တဲ့ လက်ပတ်ကြိုးရောင်စုံတွေ မပေးနိုင်ပါဘူး… သူက ဒီလက်ပတ်ကြိုးကိုမှ ဘာကြောင့်ယူရတာလဲ… ကျွန်တော် အားရပါးရ အော်ထုတ်လိုက်ချင်ပေမယ့် ကျွန်တော့်အသံတွေက အာခေါင်မှာ ချောက်ကပ်လို့ ဆွံ့အ နေခဲ့ရသည်။

နာရီဝက်မျှ ကြာတော့ ကျွန်တော့် ကုတင်နား ထပ်ရောက်လာပြီး ကျနော်ခြုံထားသော စောင်ကို ထပ်ဆွဲပြန်သည်။ ကြောက်စိတ်နှင့်အတူ ကျွန်တော်ရဲ့ ဒေါသဒီဂရီက ရေဆူအမှတ်ကိုရောက်လာသည်။ မီးကို ဖွင့်ဖို့ ကြိုးစားအားယူ ထချိန်တွင် သူက ကျွန်တော့်စိတ်ကို ကြိုသိနေသလို လှစ်ခနဲ့ မီးခလုတ်နား သွားရပ်တော့ ကျွန်တော် စိတ်ဓာတ်ကျသွားခဲ့ရသည်။

ကျနော် ညတွင်းချင်း သူ့ကို ပြန်မောင်းထုတ်နိုင်ဖို့ အကောင်အထည်ဖော် ကြံစည်မိသည်။ နာရီပေါင်းများစွာတိုင် မလှုပ်မယှက် အိပ်ပျော်ချင်ယောင်ဆောင် နေလျှင် သူတိတ်တဆိတ် ထွက်သွားမည်လား… သို့မဟုတ် သူကျွန်တော့်ကို ရန်မူမည်လား ဟူသော အတွေးနှင့်အတူ ငြိမ်နိုင်သမျှ ငြိမ်အောင် နေလိုက်သည်။

နာရီဝက်မျှပင် မကြာ ကျွန်တော် အိပ်ပြီး အထင်နှင့် ထပ်ပြီးထွက်လာပြန်သည်။ ရုတ်တရက် ကျနော် သူ့ဆီကို ကျွန်တော်ခြုံနေကြ စောင်နှင့် ပစ်လိုက်ပြီး အုပ်မိုးလိုက်တော့ သူ အငိုက်မိစွာ စောင်တွေကြား ရောက်သွားခဲ့သည်။ မီးအဖွင့်မှာ သူကြောက်လန့်တကြားရုန်းပေမယ့် ကျနော်သူထက်ဦးအောင် အုပ်ထားသော စောင်ကို ရုတ်တရက် ခွေးခြေခုံနှင့် အုပ်ထားလိုက်ပြီး ခုံကို ဒရွတ်တိုက် ရေချိုးခန်းထဲထိ ဆွဲသွင်းသွားခဲ့သည်။ စိတ်ပျက်တာများဗျာ… ညတွင်းချင်း အိမ်ပြောင်းချင်တဲ့စိတ်ပေါ်တဲ့ထိပင်။စောင်ကို ရုတ်တရက်ဆောင့်ဆွဲပြီး ရေချိုးခန်း တံခါးကို အပြင်ကနေ အလျှင်အမြန်ပိတ်လိုက်တော့ အထဲတွင် ကြောက်လန့်တကြားသူ့ အသံနှင့်အတူ ရေသံတွေပါ ကြားလိုက်ရသည်။ ကျနော်ရေချိုးဇလုံထဲတွင် ညနေအလုပ်ကပြန်လာရင် ရေစိမ်ဖို့ ရေတွေဖြည့်ထားခဲ့သည်ကို ထိုရေသံကြားမှ သတိပြန်ရသည်။

သေချာသည်။ သူရေထဲရုတ်တရက် ရောက်သွားပြီး ရေမွှန်သွားလောက်သည်။ ရေထဲကနေ ကြောက်လန့်တကြားကုန်းကွ တက် မောနေရှာတဲ့သူကို တံခါးကြားမှ မြင်တော့လဲ သနားသွားမိပြန်သည်။

“နင်ငါ့ဆီကို ငါမခေါ်ပဲလာပြီး နင် ငါ့ကို ကြောက်အောင်လုပ်လို့ ဒီလိုဖြစ်တာ… နင့်ဘဝနဲ့ နင်..
မနက်ကျလို့ နင်အမောဆို့ ပြီးသေရင်လဲ သေတော့ ”လို့ စိတ်ထဲက ဒေါသနှင့် ဆုံးဖြတ်မိပေမယ့်
သူ့ ကိုသွားကြည့်ချိန်..ကျွန်တော့်ကို မျှော်လင့်တကြီးနဲ့ ရေကူးတာတောင်ရပ်ပြီး ငါ့ကို လွှတ်ပေးအုံးမှာလားလို့ မေးနေသရောင်.. သနားစရာမျက်နှာလေးနှင့်...

ဒေါသစိတ်ဖြင့် ဒီလိုပစ်ထားပေမယ့် ကြိုးစားပန်းစား လွတ်အောင်ရုန်းနေတဲ့ ရေသံတွေကြောင့် အိပ်လို့ မရ..

သြော်… တကယ်သေသွားရင်တော့ ငါကြောင့်ဖြစ်တော့မယ်… ငါ့အပြစ်မကင်းဘူးဆိုတဲ့
အသိလေးကဝင်လာသည်။

မနေနိုင် မထိုင်နိုင်ဖြစ်နေသော ကျွန်တော်လည်း သူ့အနားကပ်သွားရမည့် ကြောက်စိတ်ကို မျိုသိပ်ရင်း အရင်ဆုံး အိမ်ရှေ့တံခါးမကို ဖွင့် မီးတွေကို ထိန်နေအောင်ဖွင့်ပြီး ရေဇလုံထဲက ရေတွေကို ဖောက်ထုတ်ဖို့ ကြိုးစားမိသည်။ မီးတွေဖွင့် တံခါးတွေ ဖွင့်ထားရင် သူ ကြောက်အားလန့်အား ကျနော့်ကို ရင်မဆိုင်ဘဲ ထွက်ပြေးတော့မှာဖြစ်သည်။

သိုသော် ရေဇလုံထဲကနေ လွတ်ထွက်လာတဲ့ သူက ကျွန်တော်ထင်သလို မဖြစ်ပဲ ကျွန်တော့်အရှေ့တွင် မိန့်မိန့်ကြီးရပ်ပြီး ကြည့်နေတော့ အကြည့်ချင်းတွေ ဆုံပြီး ရုတ်တရက် နှစ်ယောက်သား မလှုပ်မယှက် ရပ်နေရင်း အသိအရင်ဆုံး ဝင်လာတဲ့ ကျွန်တော်က အားးးးးး ဆိုတဲ့အသံကို မန်းတုန်အောင် လမ်းဆုံကဟစ်တယ် ဆိုသည့်အတိုင်း မနက်လေးနာရီလို အချိန်မျိုးတွင် ရုတ်တရက်ထအော်တော့ ဘေးပတ်ဝန်းကျင်က အိမ်ပေါက်စေ့ မီးတွေလင်း တံခါးတွေဖွင့်ကုန်တော့သည်။

ထိုသို့ အော်လိုက်မိတဲ့ ကျွန်တော့်အသံကြားမှ ကိုရွှေဧည့်သည်လည်းလန့်ဖျန့်ပြီး ဖင်တလှုပ်လှုပ်နှင့် ပြေးသွားလိုက်သည်မှာ ယနေ့ အထိပင်ဖြစ်သည်။

နောက်မှ ပြန်စဉ်းစားမိသည်မှာ ကျွန်တော်သည် သူ့အသက် ကို ကယ်လိုက်သည့် အတွက် အရို အသေပြုသည့်အနေ နှင့် ထွက်မပြေးသွားပဲ တစ်ခုခုပြောနေဟန်ရှိသော်လည်း အကြောက်လွန်သည့် ကျွန်တော်ကသာ အာပြဲအောင်အော်လိုက်ခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဧည့်သည်က ပြန်သွားပြီးဖြစ်သည်။ နောက်ထပ်မလာတော့ဟု လည်းမျှော်လင့်မိပါတော့သည်။

တကယ်လည်း မလာလဲမလာစေချင်တော့ပါဘူး။

နောက်ထပ်ဧည့်သည်လဲ မလိုချင်တော့ပါဘူး။

သို့သော် အိမ်တွင် ခဏတာ သောင်းကျန်းခဲ့တဲ့ဧည်သည်ကို တော့ ဘယ်ရောက်သွားသလဲဆိုတာ
စပ်စပ်စုစု နှင့် သိချင်ပါသေးသည်။

ဒါပေမယ့် အိမ်လာဖို့မကြိုဆိုတော့ပါဘူး။

နောက်နေ့ နံနက်စောစော အိမ်ရှေ့နံရံတွင် စာတစ်ကြောင်း အလျှင်အမြန်ရေးကပ်လိုက်သည်။

“သတိ - ကြွက်ရောင်းရန်ရှိသည်။ တစ်ကောင် ပြား (၅၀)”

မှတ်ချက်။ ။ ကျွန်တော် ကြွက်ကြောက်တတ်သည်။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Monday, 4 January 2010

ဆုံမှတ်(၂၅)

နှစ်သစ်ရောက်ခဲ့ပြန်ပြီး…။

နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ဘဝအသစ် စမယ်လို့ နှစ်တစ်နှစ် ကုန်ခါနီးတိုင်း စိတ်ကူးမိတယ်။ နှစ်တစ်နှစ် ကုန်ခါနီးတိုင်း ဒီနှစ်မှာ ငါဘာတွေ လုပ်ခဲ့လဲ။ ငါ့အတွက် ဘာတွေ ပြောင်းလဲခဲ့လဲ။ ငါဘာတွေ လုပ်ပြီးပြီးလဲ။ ဘာတွေဆက်လုပ်ရမလဲလို့ အမြဲ တွေးတယ်။ တစ်နှစ်ကုန်သွားလို့ စာရင်းချုပ်တိုင်း ဖြစ်ချင်တာတွေ ဖြစ်လာတာက နည်းနည်း၊ ဖြစ်သင့်တာကိုလုပ်ရင်း ပျက်လာတာက များများလို့ ခံစားမိတယ်။ ရှိပါစေလေ…။ စကတည်းက ဘဝက သုံည မှတ်အောက်ရောက်နေတဲ့ အနှုတ်ကနေ စခဲ့တာဆိုတော့ နှစ်ချုပ်လို့ တစ်နှစ်ကူးရင် ငါတော့ ဟုတ်သား ဆိုပြီး ဖြည့်တွေးတတ်နေခဲ့ပြီး။

ခု (၂၀၁၀)…

ဘဝမှာ မထင်မှတ်ထားတဲ့ ဆုံမှတ်တစ်ခုမှာ မထင်မှတ်ထားတဲ့ ညီအကို မောင်နှမတွေကို ဆုံရတယ်… မင်္ဂလာတစ်ပါးပါပဲ… ချစ်တဲ့သူ၊ ခင်တဲ့သူ တွေကို တနေရာတည်း၊ တချိန်တည်း နှစ်သစ်မှာ တွေ့ရတယ်။ ပျော်ရတယ်။ ဂရုစိုက်မှုခံရတယ်။ ချစ်ခင်ယုယမှု ခံရတယ်။ မျက်နှာ အညှိုးမခံရလောက်အောင် ချစ်ခင်ခြင်းကို ခံရတယ်။ ကျေနပ်ပီတိ ဖြစ်ရတယ်။ ဂုဏ်ယူမိတယ်။ ဒါက (၂၀၁၀) အစ…

(၂၀၀၉) ကို ပြန်ဆန်းစစ်တယ်..

ဖြစ်ချင်တဲ့ အရာ တွေထဲက အဖြစ်ချင်ဆုံးအရာတစ်ခု ဖြစ်မြောက်ခဲ့တယ်… အဲဒါက စကာင်္ပူကို ရောက်အောင်လာခဲ့ခြင်းပဲ။

တစ်ခါမှ မတွေ့ဘူး၊ မမြင်ဘူးတဲ့ ညီအကိုမောင်နှမတွေ၊ ငယ်ငယ်တုန်းက သူငယ်ချင်းတွေ ၊ကျောင်းတုန်းက သူငယ်ချင်းတွေကို စကာင်္ပူ မှာ တွေ့ရတယ်။ နေ့တိုင်းလိုလို တွေ့ရင်း အမှတ်တရတွေ ဖြစ်ခဲ့ရတယ်။ အထူးသဖြင့် ရောက်ကတည်းက ဖိုးစိန်နဲ့ဘလော့ဂါ ညီအကိုမောင်နှမတွေ ညနေညတိုင်းတွေ့နေလို့ စကာင်္ပူက ဘာလော့ဂါတော်တော်များများ စာမရေးနိုင်တော့ဘူး။ ပျော်တပြုံးပြုံး မိုးသို့ ချုန်း ဖြစ်နေတယ်။ ဖိုးစိန်ကြောင့် စကာင်္ပူမှာ အလုပ်လုပ်နေတဲ့ ညီအကို မောင်နှမ ဘလော့ဂါတွေ တနေကုန် တနေခန်း အလုပ်လုပ်ပြီး ညနေအစည်းအဝေးထိုင်၊ ပြီးရင် တနေရာသွား ကော်ဖီသောက် ၊ထွေရာလေးပါး ပြောပြီး အိမ်ပြန်ရောက်၊ အိမ်ရောက်တော့ အလုပ်ဒဏ်တွေ ဖိုးစိန်ဒဏ်တွေနဲ့ စာမရေးနိုင်ကြတော့ဘူး။ တန်းပြီးအိပ်ရော။

ဖိုးစိန်ကြောင့် ပိန်သူပိန်၊ မဲသူမဲ၊ မွဲသူမွဲ၊ ညောင်းကိုက်မိသူမိ၊ ကျောလန်တဲ့သူလန်၊ အိပ်ရေးပျက်တဲ့သူပျက်၊ MRT ဖိုးနဲ့ မွဲသူမွဲ၊ ကွမ်းမူးတဲ့သူမူး … စုံနေတာပဲ။

ဒါလဲ ဖိုးစိန်က အစည်းအဝေးဆိုရင် ဒီမောင်နှမတွေ ပါးစပ်က ပွစိပွစိလုပ်ပေမယ့် ရုံးဆင်းတာနဲ့ ငိုက်စိုက် ငိုက်စိုက်နဲ့ လာကြတာပဲ…။ သံယောဇဉ်… ဒီရေစက်..။

ရေစက်ဆုံလို့ တွေ့ကြတယ်ဆိုတော့ နောင်ဘဝထိ ဆုံရအောင် အလှူက လုပ်ဖြစ်ပြန်တယ်။ ညီအကိုမောင်နှမတွေနဲ့ ဘလော့စာဖတ်သူတွေ စုပေါင်းလှူကြတဲ့ အလှူ။ ခရစ္စမတ်နေ့မှာ လုပ်ဖြစ်ခဲ့တယ်။ မျှော်မှန်းထားတဲ့ အလှူ ပမာဏထက် ပိုသာတဲ့ အလှူငွေကို ရခဲ့တယ်။ ဘုရားလှူခွင့်ရခဲ့တယ်။ ဆွမ်းကပ်ခွင့်ရခဲ့တယ်။ သင်္ကန်းလှူခွင့်ရခဲ့တယ်။ ဘုန်းကြီးကျောင်း ပညာရေးအတွက် လှူဒါန်းခွင့်ရခဲ့တယ်။ ဘုန်းကြီးဝေယာဝစ္စအတွက် အလှူပြုခွင့်ရခဲ့တယ်။ ဒါအပြင် ပိုနေတဲ့ ပိုက်ဆံတွေကို သုခရိပ်မြုံ မှာနေတဲ့ ရောဂါခံစားနေရတဲ့ ကလေးများအတွက် အလှူငွေ ထည့်ဝင်ခွင့်ရခဲ့တယ်။ ရခဲ့တဲ့ ချွေးနည်းစာတွေနဲ့ အလှူတော်တော်များများမှာ ပါဝင်ခွင့်ရခဲ့လို့ ညီအကိုမောင်နှမတွေ အားလုံး ပျော်မဆုံး တပြုံးပြုံးရှိခဲ့ကြတယ်။ ကျေနပ်ပီတိဖြစ်သလို သာဓုလဲခေါ်ပါတယ်။ ပြန်တွေးတိုင်း အမှတ်ရနေမယ့် အလှူတစ်ခုပါ။

အလှူပြီးသွားတော့ အလှူအောင်ပွဲကို အလှူရှင်ဘလော့ဂါတွေ တစ်ဆက်တည်းကျင်းပပါတယ်။ ဒါကတော့ သီးခြားပါ။ အလှူနဲ့ မဆိုင်ပါဘူး။ ဖိုးစိန်နဲ့ အဓိက ဆိုင်တာပါ။ ဖိုးစိန်က ဒီမောင်နှမတွေနဲ့ စုစုစည်းစည်း တစ်ည တွေ့ချင်တယ် ဆိုလို့ အရူးစိတ်ချမ်းသာအောင် တိုင်းပြည်ကြီး အေးချမ်းပေးတဲ့ သဘောပါ။ ဘာဖြစ်ဖြစ် အမြဲအမှတ်ရနေမယ့် နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ နေ့တစ်နေ့ ဆိုပေမယ့် တစ်ရက်တည်း မဟုတ်ပါဘူး။ နှစ်ညနဲ့ သုံးရက်ပါ။ ဖိုးစိန်ကိုယ်တိုင် နာမည်ပေးထားပါတယ်။ EAST COST ကတရားစခန်းနဲ့ တရားပွဲလို့…။

အလှူပြီးတော့ နေ့လည်တစ်နာရီ ကျော်နေပြီး… ညနေ EAST COST မှာ တဲထိုး ညအိပ်ဖို့ အတွက် တာဝန် အသီးသီးယူကြပါတယ်။ ဖိုးစိန်၊ ကိုမောင်ဟန်(မိုးကုတ်သား)၊ ရီနိုမာန်၊ ကိုသူရ(ရီနိုမာန်) သူငယ်ချင်းတို့က EAST COST မှာ နေရာရှာ တဲထိုးဖို့ တောင်ပေါ်သားကို ပဒုတ်က MRT မှာ ချိန်းထားတယ်။ မက်မက်က အိမ်မှာ ညကျကင်စားမယ့် အသားကင်တွေ ဝင်ယူဖို့ ငချမ်းကောင်နဲ့ မျိုးထက်ဇော်ကို ချောဆွဲသွားတယ်။ မြရေလျဉ်နဲ့ မေသူကတော့ ညစာအတွက် မုန့်နဲ့ ကြာဇံကြော်ဖို့ အလုပ်ရသွားပြီး ကိုဂျေးနဲ့ မောင်ဆောင်းက မမပြာ အိမ်မှာ တဲတစ်လုံးနဲ့ ဂစ်တာကို ဝင်ယူတယ်။ မေလေးက အားလုံးအတွက် ကြာဇံကျော်ပေးမယ်ဆိုတော့ အားလုံးက မေလေးပင်ပန်းမှာကို မကြည့်ရက်လို့ ဘာမှမစားဘူး၊ လူပဲလာလို့ပြောလိုက်တယ်။(မေလေးက အလုပ်တွေနဲ့ အိမ်အရွေ့အပြောင်းဖြစ်နေချိန်ဆိုလို့ပါ)။ အားလုံး ညနေ(၆)နာရီ မထိုးခင် EAST COST မှာဆုံဖို့ ချိန်းထားကြတယ်။ နောက်နေ့ အလုပ်ရှိတဲ့သူရှိတဲ့အတွက် နောက်နေ့ (၁၁)နာရီ ပြန်ဖို့ ၊ ကျန်တဲ့သူတွေ တဲဖျက်ဖို့ တိုင်ပင်ပြီးသားပေါ့။

ဒီလိုနဲ့ အားလုံးထဲမှာ ဖိုးစိန်တို့က အရင်ဆုံး စထွက်တယ်။ တောင်ပေါ်သားကို ပဒုတ်မှာဆုံပြီး လိုအပ်တဲ့ ပစ္စည်းတွေကိုဝယ်ပါတယ်။ ပစ္စည်းဝယ်ပြီး တက္ကစီနဲ့ EAST COST ကိုရောက်တော့ မိုးခါးတို့ မကောင်းကင်ပြာတို့ကလဲ ရောက်နေပြီး။ ခရစ္စမတ်နေ့ဆိုတော့ လူများတယ်။ နေရာရှာတော့ ကမ်းခြေနဲ့လဲနီး၊ ဆိုင်တွေနဲ့ နီးတဲ့နေရာလဲဖြစ်တဲ့ အုန်းပင်တွေကြားထဲမှာ နေရာတစ်ခုတွေ့တယ်။ မမပြာတို့ကလဲ သူတို့ စောင့်နေတဲ့နေရာနားမှာ တဲထိုးလို့ရတယ်ဆိုပေမယ့် ပတ်ဝန်းကျင်မှာ တဲတွေရှိတယ်။ ကိုယ့်အခြေအနေကိုယ်သိနေတယ်။ လူများရင် ဒီလိုလူတွေနဲ့ မဖြစ်ဘူး။ လူရှင်းတဲ့အုန်းပင်တွေ ကြားထဲမှာပဲ တဲထိုးဖြစ်တယ်။ တဲက စုစုပေါင်း ခြောက်လုံး၊ တဲကို ဂငယ်ပုံစံ ဝိုင်းဆောက်ကြတယ်။ အရှေ့တည့်တည့်မှာလဲ စားပွဲနဲ့ထိုင်ခုံတွဲလျှက်တစ်ခု ရှိတယ်။ အလည်မှာ ပလပ်စတစ်ဖျာ နှစ်ချပ်ကိုခင်းလိုက်တယ်။ အယောက်သုံးဆယ်စာ ထိုင်လို့လောက်တယ်။

တဲထိုးနေရာချပြီးတော့ နောက်လာမယ့်သူကို စောင့်တယ်။ ဖိုးစိန်၊ ရေတမာ၊ တောင်ပေါ်သား၊ ရီနိုမာန်၊ မကောင်းကင်ပြာ၊ မိုးခါးနဲ့ မေလေးတို့ Mc မှာ ကော်ဖီသောက်ရင်း လူစောင့်ပါတယ်။ ကော်ဖီသောက်ရင်း တောင်ပေါ်သားရဲ့ အတွင်းရေးတစ်ချို့ကို သိခွင့်ရခဲ့ပါတယ်။ သူက ဘာဆိုလား…ပဲ။ သိသွားတဲ့သူက သိသွားပါပြီး…။

တဲကိုပြန်ရောက်တော့ ရေမကူးတတ်တဲ့ ကိုမောင်ဟန်က ဘောင်းဘီတိုတစ်ထည်ဝယ်ပြီး ရေထဲကို ကော့ကော့ ကော့ကော့နဲ့ဆင်းသွားတယ်။ ဆရာကြီးလိုလို ရေကူးသင်တန်းနည်းပြလိုလို လက်တွေ ခြေတွေလှုပ်ပြီး ရေထဲဆင်းသွားတာ ခဏမကြာဘူး ပြန်တက်လာတယ်။ ထင်လိုက်ပါတယ်။ ဒီလို အလွဲကြီးက ရေဆင်းစိမ်တာ မဖြစ်နိုင်ဘူး။ မျက်နှာကြည့်သိတယ်ပေါ့။ ဘာဖြစ်တာလဲ ခပ်တည်တည်မေးတော့မှ ရေက ဆွဲတယ်။ ရေနစ်မလိုဖြစ်လို့တဲ့။ သိသာပါတယ်။ တစ်ခုခုဆို ဟန်ဆောင်လို့ မရနိုင်လောက်အောင် ဖြစ်နေတဲ့ ကိုမိုးကုတ်သားမျက်နှာကို မြင်ယောင်ကြည့်ကြပါ။ နာမည်နဲ့ မလိုက်အောင်ကို ဟန်ဆောင်မနေတတ်တာပါ။

တောင်ပေါ်သားက ခြင်းတစ်လုံးဝယ်လာတယ်။ ခြင်းခတ်မယ်ပေါ့။ ဝယ်ခဲ့တဲ့ ခြင်းလုံးက အင်ဂတေ ကိုင်ထားသလား အောက်မေ့ရတယ်။ ကိုဂျေ၊ ကိုသူရ၊ တောင်ပေါ်၊ ရေတမာနဲ့ ဖိုးစိန် ခြင်းခတ်တယ်။ ဖိုးစိန်ရဲ့ အစွမ်းအစကို ကြည့်ပြီးသကာလ အကုန်လုံး လက်ဖျားခါသွားတယ်။ ဖိုးစိန်ကို အထင်သေးတာကိုး။ ဖိုးစိန် ကို ခြင်းနဲ့ပတ်သက်ပြီး မသိဘူးထင်လို့ စိတ်စမ်းတဲ့ တောင်ပေါ်သား စိတ်လေသွားတယ်။ ဖိုးစိန် ခြင်းကို ခြေနဲ့တောင် မထိအောင် ခတ်သွားတယ်။ ခြင်းလုံးကိုယ့်ဆီရောက်တိုင်း လက်နဲ့ချည်း ဖမ်းနေတာကိုး။ ခြင်းပွဲပျက်သွားပါတယ်။ တဖွဲဖွဲနဲ့ ရောက်လာကြပါတယ်။

တောင်ပေါ်သူငယ်ချင်း အစိုင်း ရောက်တော့ ဘောလုံးနဲ့ ဂစ်တာပါလာပြန်တယ်။ ဘောလုံးကို အသင်းနှစ်သင်းခွဲပြီး ကန်ပါတယ်။ ဂိုးဖမ်းတဲ့သူက မကောင်းကင်ပြာနဲ့ သဲသဲ။ ဖိုးစိန်ပါတဲ့ အဖွဲ့က ရှုံးပါတယ်။ ဂိုးဖမ်းသမားက သဲသဲပေါ့။ အော်မေ့ဂိုဏ်းချုပ်နဲ့ ကျန်တဲ့ မိန်းခလေးတွေက ဓာတ်ပုံရိုက်ကြပါတယ်။ ဘောလုံးကန်ပြီးတော့ တစ်ယောက်ကို တစ်ယောက် ရေထဲဆွဲချရင်း ရေကူးကြပါတယ်။ မှောင်လဲမှောင် လူလဲစုံတော့ ရေသွားချိုးကြပါတယ်။ လူစုံတယ်ဆိုတော့ အဲဒီညက လာတဲ့သူကို နာမည်ရွတ်ပြပါ့မယ်

ကိုမောင်ဟန် (မိုးကုတ်သား)

ကိုသီဟသစ် (နောက်ကျမှာရောက်၊ စိတ်ကကောက်)

ကိုZT (ဂစ်တာတီးတော်၏)

ကိုလူပျိုကြီး (တိတ်တိတ်လေးခိုးပြန်)

ရီနိုမာန်

ဆောင်းချမ်းမိုး

တောင်ပေါ်သား

ရေတမာ

ဖိုးစိန်

တလနွန်

ဏီင်္ကင်း

ဖိုးသင်္ကြန်

ဗီလိန် (ဓာတ်ပုံရိုက် အကျွမ်းကျင်ဆုံးဆုရထားသူ)

ကိုဂျေး (မင်းကိုချစ်တဲ့သူ)

သံလွင်ဟီးရိုး

ပိုးဟပ်လေး

ဖိုးပိုင်

ပိုင်ဖြိုးကို

ညီညီ(အနာဂတ်သံစဉ်)

စည်သူ

ငချမ်းကောင်

မျိုးထက်ဇော်

ညရဲ့ကောင်းကင်

ကိုသူရ (ရီနိုသူငယ်ချင်း)

အစိုင်း ( ပေါ်ပေါ်သယ်ရင်း) (ဘလော့ဂါတွေ အဆိုကောင်းလို့ အစောကြီးဝင်အိပ်သွားတဲ့သူ)

မကောင်းကင်ပြာ

မကြယ်ပြာ

မေသူ

မေလေး

မိုးခါး

မြရေလျဉ်

မက်မက်

သဲသဲ(ဆောင်းနှင်းရွက်)

သံစဉ်ချို

မိုး ( မိုးခါးသူငယ်ချင်း)

မြရဲ့သူငယ်ချင်းတွေ ရောက်လာပါတယ်။ အားလုံး (၃၀) ကျော်ပါတယ်။ (ကျန်တဲ့သူတွေ ရှိပါသေးတယ်၊ နာမည်ကျန်ပြောပါ)



လူစုံတဲ့ အချိန်ရောက်တော့ ဝိုင်းဖွဲ့ ဂီတာတီး သီချင်းဆိုကြပါပြီး။ တောင်ပေါ်သား၊ ကိုမောင်ဟန်နဲ့ ဖိုးစိန်တို့ အသားကင်တဲ့အချိန်မှာ ရီနိုမာန်က အသားကင်ဖို့ တုတ်ထိုးပေးပါတယ်။ အဲဒီအသားကင်တွေကို မြနဲ့ မေသူက ဗန်းထဲထည့်ပြီး လိုက်ရောင်းပေးပါတယ်။ အသားကင်းတွေက အမှောင်ထဲမှာ ဖြစ်သလိုကင်ရတဲ့ အတွက် ကျက်တာကျက်၊ တူးတာတူး၊ မြေတလူးလူးနဲ့ သဲတရှပ်ရှပ်က စားလို့ကုန်တာပဲ။ အာလူးနဲ့ ပဲပြားတုတ်ထိုးကိုတော့ မေလေးတို့ မိုးခါးတို့ဝိုင်းထိုးကြတာပဲ။ စုစားရတာ ဘာမှ မဟုတ်ပေမယ့် ဖယောင်းတိုင် မီးမှိန်မှိန်တွေ ကြားမှာ ပျော်စရာကောင်းပါတယ်။ ပျော်ပျော်ပါးပါး လုစားကြတယ်၊ ကင်မလောက်ပါပဲ။ စားလို့သောက်လို့ ဝကြပြီးဆိုတော့ ဖယောင်းတိုင် တွေကို ဖျာပတ်လည် မြေကြီးမှာ မြှုပ် အလည်မှာ လည်းသုံးတိုင်လောက်ထွန်းပြီး ဂစ်တာနှစ်လက်နဲ့ သီချင်းစာအုပ်တွေချပြီး သီချင်းတွေ ဆိုကြပါတယ်။ ဂစ်တာတီးကောင်းတဲ့သူတွေက ကိုဇက်တီ၊ ဆောင်းချမ်းမိုး၊ ကိုဂျေးနဲ့ အစိုင်းတို့ပါ။ သူတို့ အတီးဘယ်လောက်ကောင်းကောင်း အဆိုးကောင်းတဲ့ သူတွေ အောက်မှာ ပြားပြားဝပ်သွားတာပဲ။ သီချင်းတွေ အစအဆုံး မရတော့ အစပိုင်းမှာ ကောင်းသလိုလိုနဲ့ နောက်ပိုင်းမှာ ဖျက်ဆိုသူဖျက်၊ အသံသေး အသံကြောင်နဲ့ အော်လိုအော်၊ ဒီကြားထဲ မိန်းမသီချင်းတီးလို့ ယောကျားလေးတွေက ဖျက်ပြီး ထထဆို၊ ယောကျားသီးချင်းကို မိန်းခလေးတွေက ဖျက်ဆိုနဲ့ သီချင်းတစ်ပုစ်မှ မဆုံးပဲ ရယ်စရာ ပွဲကျလို့ နေပါတယ်။ တီးတဲ့သူတွေ လက်မြှောက်အရှူံးပေးရလောက်အောင်လဲ အသံတွေက အောင်ကြပါတယ်။ ရယ်လိုက်ကြတာလဲ ဝက်ဝက်ကွဲပါပဲ။

သီချင်းဆိုလို့ ညောင်းတော့ ဂိမ်းကစားကြပါတယ်။ ဂိမ်းကစားဖို့ တောင်ပေါ်သား၊ ဆောင်းချမ်းမိုးနဲ့ မက်မက်တို့က ဦးဆောင်ပါတယ်။ မဲရွက်ပေါ်မှာ ကိုယ်လုပ်ခိုင်းစေချင်တဲ့ တစ်ခုခုကိုရေးထားပြီး တစ်ယောက်ယောက်က နာမည်ကို နှိုက်ပေးရင် နာမည်ကျတဲ့သူက မဲနှိုက်ပြီး ကိုယ်ကျတဲ့မဲလိပ်အတိုင်း လုပ်ရတဲ့ ကစားနည်းပါ။ မောင်နှမတွေ အားလုံး ချစ်ခင်ရင်နှီးစွာ ကစားခဲ့ကြပါတယ်။ အရမ်းပျော်စရာကောင်းပါတယ်။ အဲဒီအချိန် ကွမ်းမူးလို့ အန်ပြီး ပြန်သွားရတာက ဏီကင်းပါ။

အဲဒီကစားထဲမှာမှသဏ္ဍန်လုပ် သရုပ်တူလို့ တဟားဟားပွဲကျခဲ့တဲ့သူတွေက တစ်ည နှစ်ဘဝပြောင်းသွားရတဲ့ သယ်ရင်း ရီနိုမာန်ပါ။ မြက ရီနို ခါးကိုဖက်ပြီး “အိုပါ… လက်ထပ်ရအောင်”လို့ ပြောပြီး မကြာခင်မှာပဲ ရီနိုက ဘဝပြောင်းပြီး ဖိုးစိန်ထံမှာ နွဲ့နွဲ့နှောင်းနှောင်း ချစ်ခွင့်တောင်းခဲ့တဲ့ ဖြစ်ရပ်ပါပဲ။ ပြီးတော့ မမပြာက မေလေးကို ဒူးထောက်ပြီးလက်ထပ်ခွင့်တောင်းတာ၊ မေလေးရဲ့ ထက်လင်းရင်လူးဆေး ကြော်ငြာကို မေ့မရသလို ဗီလိန်ရဲ့ဖားခုန်ခုန်တာ၊ ကိုဂျေး ခွေးလိုက်လို့ ပတ်ပြေးရတဲ့ အမူအယာ၊ ရေတမာရဲ့ တချိန်တည်း မဲ့၊ ပြုံး၊ ငို၊ ရယ်၊ လုပ်ပြတဲ့ မျက်နှာတွေကလဲ တဟားဟားနဲ့ ပွဲကျခဲ့ရပါတယ်။ ဖိုးစိန်ခမျာလဲ မဲကျလို့ မလုပ်တတ် ရှက်တတ်သူတွေကို နည်းပြရင်း ညရဲ့ကောင်းကင်ကို ကိုမိုးကုတ်သား အရက်မူးဟန် လုပ်ပြနေတဲ့ အချိန်မှာ ဗီလိန်ရဲ့ ရိုက်ချက်ကောင်းမှုကြောင့် တောင်နှလုံးကြားက လထွက် ခဲ့ရပါသေးတယ်။

ကစားပွဲကြီးပြီးတော့ ည တစ်နာရီကျော်နေပါပြီး။ မေလေး လဲ အားလုံးအတွက် မနက်စာ ကောက်ညှင်းပေါင်း ကျွေးဖို့ အစောကြီး ထရမယ်ဆိုပြီး ပြန်သွားပါတယ်။ (အမှန်တော့ ကိုကိုဆူမှာစိုးလို့ပါပေါ့) ညီညီတို့လို မနက်အလုပ်ရှိသူတွေ ပြန်သွားကြတော့ ကျန်တဲ့သူတွေ ဝိုင်းဖွဲ့ပြီး ဂီတာဆက်တီးကြပါတယ်။ အဲဒါချိန်မှာ တက္ကဆီခ (၁၈)ကျပ် အကုန်ခံပြီး ရောက်လာသူက ကိုသီဟသစ်ပါ။ ကိုဇက်တီ၊ ကိုဆောင်း၊ တို့နဲ့ သီချင်းတွေ ဆက်တီးပြီး ဆိုကြပါတယ်။ ဖိုးစိန်၊ ရေတမာ၊ ဦးသစ်နဲ့ ရီနိုမာန်တို့ လေးယောက် တစ်ယောက်ချင်းစီကလိုက် တွဲပြီးကလိုက်နဲ့ ဖျော်ဖြေပါတယ်။ ဒီလိုနဲ့ တစ်ယောက်ဝင်အိပ်လိုက်၊ တစ်ယောက်ကိုနှိုးလိုက်နဲ့ မနက် (၅)နာရီလောက်ထိ ။ အော်မေ့ဂိုဏ်းက မြ၊မိုး၊မေ တို့လဲ ဟိုနေရာခွေ၊ ဒီနေရာခွေ အိပ်ကုန်ပြီး။ ရီနိုမာန်၊ ကိုသူရနဲ့ မိုးတို့က မနက်အလုပ်ဝင်ရမှာ ဖြစ်လို့ MRT ဖွင့်တဲ့အချိန် ပြန်သွားပါတယ်။ အမာခံကျန်တာက မကောင်းကင်ပြာ၊ မိုး၊ ဖိုးသင်္ကြန်၊ ဗီလိန်၊ သဲသဲ နဲ့ ဖိုးစိန်ပါ။ သဲသဲက ကိုဂျေးဟောက်သံကိုတောင် ရီကောဒင်းယူထားရလောက်အောင် ကိုဂျေး အိပ်မောကျနေပါတယ်။ မိုးလင်းခါနီး ဖိုးသင်္ကြန်နဲ့ ဗီလိန်တို့ ပြန်မယ်၊ အလုပ်ဝင်ရမယ် ဆိုတော့ ဖိုးစိန်လဲ ဝင်အိပ်ပါတယ်။ အဲဒါအချိန် အလင်းရောင် ရနေပါပြီး။ ဝင်အိပ်တဲ့အချိန်မှာ ကိုဘိုနဲ့ မမပြာတို့က ကော်ဖီတောင်သွားသောက်နေပါပြီး။ ကော်ဖီသောက်ပြီး ပြန်လာတဲ့ ကိုဘို ကော်ဖီခွက်ကို မသောက်ခင်မှာပဲ တောင်ပေါ်သားနဲ့ သံလွင်ကြား ခွေခွေလေး အိပ်ပျော်သွားပြီးတဲ့နောက်မှာ စာစာ စာစာနဲ့ ရုံးကို သွားတော့မယ့် မြ အသံကို ကြားတော့မှ နိုးလာပါတော့တယ်…။ ပြီးတော့…. ဆိုပေမယ့် မပြီး ပြတ်သေးတဲ့ ပန်းချီကားလိုပါပဲ...။ (၂၆)ရက်နေ့မှာ အမှတ်ရစရာတွေ ထပ်ဖြစ်ခဲ့ပါသေးတယ်...။

ဆက်ရန်....



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်