Tuesday, 30 March 2010

ကျနော်တို့အိမ်

ကျနော်ငယ်ငယ် သိတတ်စကတည်းက အိမ်မှာ ညနေ ထမင်းဝိုင်းတည်ရင် မိသားစု စုံမှ ထမင်းစားလေ့ရှိတယ်။ မေမေက ဖေ့ဖေ့ကို ဦးဦးဖျားဖျား စားစေချင်တာရယ်၊ ညနေဆို မိသားစု စုံအောင် စားချင်တာရယ်ကြောင့် မနက်ကို ဖြစ်သလိုစားပြီး ညနေကို မိသားစု စုံစုံ ညီညီ ဟင်းစုံ၊ထမင်းစုံနဲ့ မိသားစု ဝိုင်းဖွဲ့စားသောက်ကြတယ်။ တခါတလေ ဖေဖေက အလုပ်က ပြန်လာရင် နောက်ကျတဲ့အတွက် ကျနော်တို့ အူလိမ်မတတ် ဗိုက်ဆာပေမယ့် ဖေဖေလာတဲ့အထိ အဆာပြေ တခုခုစားပြီး ထမင်းစားစောင့်တယ်။ ဖေဖေတစ်ယောက်တည်း မဟုတ်ပါဘူး။ အကြောင်းတစ်ခုခုကြောင့် ကျနော်တို့ မောင်နှမထဲက တစ်ယောက်ယောက် အပြင်ရောက်နေရင်လဲ အိမ်မှာကျန်တဲ့သူတွေ ထမင်းမစားပဲ စောင့်ကြတယ်။ ဒါကြောင့် အပြင်ရောက်နေတဲ့သူကလည်း အိမ်မှာစောင့်နေတဲ့ မိသားစုကို နောက်ဆံတင်းပြီး အိမ်ပြန်ရတယ်။ အပြင်မှာ စားတဲ့ ထမင်းထက် မိသားစု စုံစုံလင်လင် ဆာဆာ မဆာဆာ စားရတဲ့ ထမင်းဝိုင်းက ပိုပြီး ပြည့်စုံတယ်လို့ ခံစားရတယ်လေ။

မနက်မှာ ဖြစ်သလိုစားပြီး ညနေမှာ ဖွယ်ဖွယ်ရာရာ ချက်တဲ့အတွက် ဟင်းကစုံတယ်။ ပြီးတော့ အဖေနဲ့ ညီအငယ်က အမဲသားတို့ ကြက်ဥ၊ဘဲဥတို့စားပေမယ့် ကျနော်မစားပြန်ဘူး။ အမေက ဝက်နဲ့ ကြက်ကလွဲရင် မစားဘူး။ အငယ်ဆုံးညီမက ဝက်နဲ့ ကြက်မစားဘူး ဆိုတော့ ဟင်းကို တစ်ယောက်တစ်မျိုးစီနဲ့ ညနေတိုင်းမှာ ဟင်းမထပ်အောင် ချက်ရတာလဲ အလုပ်တစ်မျိုးပါ။ မေမေ သားအိမ်ကင်ဆာဖြစ်လို့ ဆေးရုံတက်ပြီးတဲ့နောက်ပိုင်းမှာ ကျနော်က ချက်ကြီးဖြစ်လာခဲ့တယ်။ ကျနော်ကိုယ်တိုင် စိတ်တိုင်းကျ ချက်တဲ့ဟင်းတွေကို မိသားစု မြိန်ရည်လျှက်ရည် စားတဲ့အခါ ကျနော်သူတို့ကို ကြည့်ပြီး ရတဲ့ ပီတိက ဘာနဲ့မှ မလဲနိုင်ခဲ့ဘူး။သူတို့ အကြိုက်တွေကို ရွေးချက်ရင်း ဈေးသွား စဉ်းစားရတာ ဦးနှောက်ခြောက် စိတ်ညစ်ပေမယ့် သူတို့တွေက ထမင်းစားပြီးတိုင်း (ကောင်းကောင်း မကောင်းကောင်း) သားစိန်လက်ရာက ဘာနဲ့မှ မလဲနိုင်ဘူးလို့ ပြောရင် ကျနော်က စားမဝင်ပဲ တပြုံးပြုံး ဖြစ်နေတတ်ပါတယ်။

နောက်ပြီး ကျနော်တို့ မိသားစုက ဧည့်သည်မက်တယ်။ ဧည့်သည်တွေကို အိမ်လည် ထမင်းစားဖိတ်လေ့ရှိတယ်။ အထူးသဖြင့် တနင်္ဂနွေလို ဖေဖေ အလုပ်ပိတ်တဲ့ရက်တွေမှာ အဖိုးအဖွားတွေ၊ အမေမောင် အငယ်ဆုံးမိသားစု နဲ့ ဖေဖေ့ သူငယ်ချင်း မိသားစု ၊ ပြီးတော့ ကျနော့်ရဲ့ သူငယ်ချင်းတွေ က အပတ်တိုင်းလိုလို ရောက်လာတတ်ကြတယ်။ အိမ်မှာ ဆူညံ ပွက်လောကို ရိုက်လို့ပေါ့။ ဆူညံတာက တူ၊တူမတွေ။ ပွက်လောရိုက်တာက ကျနော်။ ကလေးတွေ ဟိုဟာကိုင်၊ ဒီဟာကိုင်လို့ အနောက်ကနေ အသံပြဲနဲ့ အော်နေတဲ့ ကျနော့်အသံတွေ။ တနင်္ဂနွေလို နားတဲ့ရက်မှာ တခုခု ကလိဖို့ ဖေဖေက ရှာတဲ့အခါ အသိမ်းလွန်တဲ့ ကျနော်ကြောင့် ဘာတစ်ခုမှ ပြန်ရှာမရတဲ့ ဖေဖေ့ရဲ့ အလိုမကျ မကြားတကြား တီးတိုးရေရွတ်သံတွေနဲ့ ဖဲဝိုင်းက အသံတွေက ဆူလို့ပေါ့။

ကျနော်ကတော့ တတွတ်တွတ်နဲ့ ချွေးတလုံးလုံးနဲ့ နောက်ဖေးမီးဖိုချောင်မှာ အသားကုန်ချက်ပေါ့။ ချက်နေရင်းနဲ့ အိမ်ရှေ့မှာ ဘယ်သူတွေ ရှုပ်ထားပြန်ပြီးလဲလို့ စိတ်မချစွာ ပြေးကြည့်ရတာအမော၊ တစ်ယောက်ယောက်ကြောင့် ပျက်စီးရှုပ်ပွသွားရင်လည်း ကျနော်ရဲ့ ဒေါသနဲ့ အော်တဲ့ အသံက သူတို့ အတွက် စမ်းချောင်းက စမ်းရေ စီးသံအလားပဲလေ။ စိတ်မဆိုးတဲ့ အပြင်ရယ်နေကြသေးတယ်။ စိတ်ဆိုးရင် ကျနော်က ဒေါသထွက်ပြီး ဟင်းတွေ သွန်ပစ်မှာ ကြောက်ကြတာကိုး။ ကျနော်ဝင်တဲ့ မီးဖိုချောင်အနားလဲ ဘယ်သူမှ မလာရဲကြဘူး။ လုပ်ပေးရတာနဲ့ အော်ခံရတာ မတန်ဘူး ဆိုပြီး စိတ်တိုင်းကျ လုပ်ခွင့်ပေးထားတယ်။

ထမင်း၊ဟင်း ချက်ပြီးလို့ မိသားစု တွေ ဝိုင်းဖွဲ့စားတော့လည်း ငြင်းကြ၊ ပြောကြနဲ့ ပျော်စရာပေါ့။ ကျနော်ကတော့ ချက်ရ ရှင်းရတယ် ဆိုပြီး တဗျစ်တောက်တောက်ပေါ့လေ။ ဒါပေမယ့် အမျိုးတွေ၊ သူငယ်ချင်းတွေ အားလုံး အိမ်ပြန်ခါနီးကျရင် ကျနော်မေးလေ့ရှိတာက နောက်တစ်ပတ် ဘာစားမလဲပေါ့။ ဘယ်လောက်ပဲ ပါးစပ်ကပြောပြော နောက်တပတ်အတွက် စိတ်မပျက်တဲ့ ကျနော့်ကို အဖေက ချီးပေါက်ကောင်လို့တောင် အမည်ပေးတယ်။ဘာပဲဖြစ်ဖြစ် ကျနော်ပင်ပင်ပန်းပန်းနဲ့ ချက်ထားတာကို စားလို့ကောင်းတာကို မြင်ရတဲ့ အတွက် အဲဒီက ရတဲ့ ပီတိအပြုံးက ဘာနဲ့မှ မလဲနိုင်ခဲ့ပါဘူးလေ။

ကျနော် ဆိုက်ပရပ်စ်ကို သွားမယ့်နေ့က ဖေဖေက ပြောပါတယ်။ သားစိန်ကို တနေ့ နှစ်ခါသတိရနေမှာပါတဲ့။ ထမင်းစားတိုင်းပေါ့တဲ့။ ဘယ်အချိန်ထိ သတိရနေရမလဲ သားစိန်ရယ်လို့ ပြောတော့ ကျနော် မျက်ရည်ပေါက်ပေါက် ကျမိတယ်လေ။ မိသားစု ထမင်းဝိုင်းလေးမှာ သားစိန်တစ်ယောက်လျှော့ သလို စားတဲ့ဟင်းခွက်တွေက ပုံစံမတူတော့ဘူး ဆိုပြီး မေမေကလည်း ငိုပါတယ်။ ဒါပေမယ့် ဖြေသာခဲ့ပါတယ်။ မိသားစု ထမင်းဝိုင်းမှာ ကျနော်တစ်ယောက် ကလွဲလို့ အခုထိ စုံစုံညီညီ စားနေကြတုန်းဆိုတော့လဲ။ စားတိုင်းလဲ ကျနော်ချက်တဲ့ ဟင်းတွေကို တမ်းတရင်း ကျနော်ထိုင်နေကျ ခုံကို ဝိုင်းကြည့်ကြမယ့် ကျနော့်မိသားစု မျက်နှာကို မြင်ယောင်ရင်း ဖြေသာခဲ့ပါတယ်။ ဒါပေမယ့် ဆိုက်ပရပ်စ်ရောက်တော့ တစ်ယောက်တည်း နေဖြစ်တာက တစ်ကြောင်း၊ အလုပ်တစ်ဖက်နဲ့ ပင်ပန်းပြီး မချက်ချင်တာက တစ်ကြောင်း ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်တွေနဲ့ ငါးနှစ်လုံးလုံး နပန်းလုံးခဲ့ရတယ်လေ။ တကယ်တော့ ဖေဖေပြောခဲ့တဲ့ စကားက ကျနော့်အတွက်ဖြစ်နေပါလားဆိုပြီး ဆန်ပြုတ်သောက်တိုင်း မျက်ရည်ကျရပြန်ပေါ့။

အခုတော့ စကာင်္ပူကို လာလည်ရင်းနဲ့ ချစ်ဖို့ကောင်းတဲ့ ညီ၊ ညီမတွေ ၊ အမတွေနဲ့ ချစ်ကိုကြီး ကိုဘို တို့ကြောင့် မထင်မှတ်ပဲ စကာင်္ပူမှာ အခြေချဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်ကို ကျနော်ကိုယ်တိုင် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ပါတယ်။ အခု ကျနော် ဘလောဂါမောင်နှမတွေနဲ့ အတူတူ နေဖြစ်ပါတယ်။ ဘာတစ်ခုမှ မထင်မှတ်ထားပေမယ့် ကြုံလာ ဆုံလာရတဲ့ ရေစက်ကို တားမရဘူးလေ။ အခု မောင်နှမတွေ စုနေကြတယ်။ စုနေကြတော့ စုပြီးချက်စားဖြစ်ပါတယ်။ တူတူနေမှ ကူညီရိုင်းပင်းတတ်တဲ့ စိတ်ထားဖြူစင်တဲ့ မောင်နှမတွေ ကို ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံခွင့်ရခဲ့တယ်ပေါ့။ ဘလော့ဂါ အားလုံးက ချစ်ဖို့ကောင်းသလို ကူညီတတ်ကြပါတယ်။ တစ်ယောက် မရှိ တစ်ယောက်ဖေးမကြတယ်။ စကားနဲ့ တတ်နိုင်တဲ့သူက စကားနဲ့၊ ငွေကြေးတတ်နိုင်တဲ့သူက ငွေကြေးနဲ့ပေါ့။

ဒါကြောင့်လဲ ကျနော်နေဖြစ်ခဲ့တယ်ထင်ပါတယ်။ အခု မိသားစုနဲ့ ဝေးနေတဲ့ အချိန်မှာ မိသားစု အသစ်ရသလိုပါပဲ။ အကိုတွေ၊ အမတွေ ညီ၊ ညီမတွေနဲ့ ပျော်စရာကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပလီပြီး အချစ်ပြိုင်ကြတယ်။ ရန်ဖြစ်ကြတယ်။ မနာလိုဖြစ်ချင်ယောင်ဆောင်ကြ၊ စိတ်ကောက်ချင်ယောင် ဆောင်ကြတာပေါ့။

အထူးသဖြင့် ညနေတိုင်း ထမင်းလက်ဆုံစားရတာကို ပျော်တယ်။ စနေ၊ တနင်္ဂနွေလို နေ့မှာစုစုရုံးရုံးနဲ့ တစ်ခုခု လုပ်စားရတာကိုပျော်တယ်ပေါ့။ကျနော်က ချက်ကြီးပါ။ ညနေ ရုံးဆင်းချိန်ဆိုရင် ဘယ်သူ အိမ်လာမလဲဆိုတာ ဂျီတော့ကနေ ခေါ်လိုက်၊ ဖုန်းဆက်လိုက်နဲ့ ကျနော်နဲ့ မမပြာက မအားရပါဘူး။ ကျနော် နောက်ဖေးမှာ ဟင်းချက်နေချိန်ဆိုရင် မမပြာက အွန်လိုင်းပေါ်ကနေ လာမယ့်သူ စာရင်း ကောက်နေတာပေါ့။ တောင်ပေါ်လာမယ်ဝေ့ လို့ ပြောရင် ကျနော်က အသားတစ်တုံးပိုတုံးရသလို၊ ပေါက်ပေါက်လာမယ်တဲ့ဝေ့လို့ ပြောရင် ဥတစ်လုံးပိုပြုတ်နဲ့ ပျော်နေရတာပေါ့။ ညနေထမင်းစားရင်လဲ ဗိုက်ဆာပေမယ့် လာမယ်လို့ ပြောထားတဲ့ လူစုံတဲ့ထိ စောင့်ကြပါတယ်။ လူဆယ်ယောက်၊ ဆယ့်ငါးယောက်ကို အိမ်လုံးပြည့်ထိုင်ပြီး ရယ်ကြ မောကြ ဟင်းလုကြနဲ့ စားရတာကို မြင်တိုင်း ကျနော်အိမ်ကို သတိရသလို သူတို့ စားကျ ပျော်ကျတာကို ကြည့်ပြီးလဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။

ထမင်းစားပြီးရင်လဲ အိမ်မပြန်ပဲ တခန်းထဲမှာ တိုးဝှေ့ပြီး ကွန်ပြူတာသုံး၊ ရုပ်ရှင်ကြည့်တဲ့သူကြည့်၊ ချီးပေါက်တဲ့သူပေါက်နဲ့ ညံဆူ ပွက်လော ရိုက်နေပါတယ်။ ကုတင်ပေါ်မှာ တိုးဝှေ့ပြီး လုအိပ်ကြတယ်။ မိသားစုနဲ့ ဝေးနေသူတွေ မို့လို့ ခုလိုချိန်မှာ ညီအကိုတွေလို အစားထိုးချစ်ကြ သံယောဇဉ်ဖြစ်ကြရတာကိုး။

တနေကုန် ပင်ပင်ပန်းပန်းနဲ့ အလုပ်ကနေ စိတ်ဖိစီးမှုတွေနဲ့ အိမ်ပြန်လာရင် လူတိုင်း အမောပြေချင်သလို ရယ်မောချင်တယ်၊ ထမင်းဟင်းကို ဖွယ်ဖွယ်ရာရာ စားချင်ကြတယ်ဆိုတော့ ကျနော်နဲ့ ချစ်ခင်တွယ်တာရတဲ့ ညီအကို မောင်နှမတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးချင်ပါတယ်။သူတို့ ထမင်းစားကောင်းတာ ပျော်တာကို မြင်ရတိုင်း ကျနော် မောထားသမျှ ပြေပါတယ်။ ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ သူတို့အားလုံးက ကျနော့်ကို ပြုံးအောင်၊ ရယ်အောင် လုပ်ကြပါတယ်။ အိမ်ကိုလာတဲ့သူအားလုံးလဲ ပျော်ကြမယ်ဆိုတာ ယုံကြည်ထားပါတယ်။

ဒါကြောင့်လဲ ကျနော်တို့ ရှိနေတဲ့ အိမ်လေးကို မိသားစုနဲ့ ဝေးနေတဲ့ သူအားလုံးကို ဖိတ်ခေါ်ပါတယ်။ဘလော့ဂါပဲဖြစ်ဖြစ် ဘလော့ဂါ မဟုတ်သူပဲ ဖြစ်ဖြစ်၊ စကာင်္ပူက ပဲဖြစ်ဖြစ်၊ တခြားတနေရာကပဲ ဖြစ်ဖြစ်ပါ။ ကျနော်တို့ အိမ်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ ဆင်းရဲ၊ ချမ်းသာ၊ ချစ်သူ၊ မုန်းသူ မရွေးပါဘူး။မည်သူအတွက်မဆို တံခါးဖွင့်ထားပါတယ်။ ထမင်းစားဖိတ်ပါတယ်။ အခုလက်ရှိနေနေတဲ့ မောင်နှမတွေနဲ့ ဒီအိမ်ကို တံခါးမရှိ ဓားမရှိဝင်ထွက်နေတဲ့ မောင်နှမတွေ အားလုံးလဲ တတ်နိုင်တဲ့ အကူအညီပေးဖို့ အဆင်သင့်ရှိ နေကြပါတယ်။ အနည်းဆုံး မိသားစုနဲ့ တူတဲ့ စိတ်ဓာတ်တွေနဲ့ ထမင်းဝိုင်းက ထမင်းတစ်လုပ်စားပြီး ခဏတာ စိတ်ချမ်းသာ သွားနိုင်ပါတယ်။ ဒါကြောင့် ဘရက်ဒယ်ကို ရောက်ရင် အိမ်မှာ ထမင်းဝင်စားပြီး ခရီးတစ်ထောက်နားဖို့ ဖိတ်ခေါ်ပါတယ်။ကျနော်နဲ့ အတူတူ ခုနေနေတဲ့ မောင်နှမတွေ ရှိနေသ၍ ထမင်းလာစားနိုင်တယ်၊ စိတ်အပန်းဖြေနိုင်ပါတယ်။ ထမင်းကိုအလကားကျွေးတာပါ။

မှတ်ချက်၊ ထမင်းကို အလကားကျွေးတဲ့ ကျနော်တို့ မောင်နှမတွေ အိမ်ရဲ့ ပျော်စရာကောင်းတဲ့ စည်းကမ်းတွေကိုတော့ လိုက်နာရပါတယ်။ အိမ်ရှေ့ ဘုရားစင် အောက်မှာ အကြွေပုံးရှိပါတယ်။ လာတဲ့သူတွေက အလိုက်တသိ ပါလာတဲ့ အကြွေ အကုန်လုံးကို ပုံးထဲ ထည့်ရပါတယ်။

ဆိုဖာမှာ ထိုင်ရင် စကာင်္ပူ ဒေါ်လာ တစ်ကျပ်ကောက်ပါတယ်။

နောက်ဖေးမှာ ခြေထောက်ဝင်ဆေးရင် တစ်ကျပ်။

အိမ်သာထဲဝင်ရင် နှစ်ကျပ်။

ရေချိုးရင် နှစ်ကျပ်။

အဲယားကွန်းခန်း နှစ်ခန်းထဲက ပထမ အခန်းမှာ ကွန်ပြူတာ သုံးချင်ရင် ငါးကျပ်။

ဒုတိယ အခန်းမှာ သုံးကျပ်။

ထမင်းစားပြီး ပန်းကန်ဆေးစရာ မလိုဘူး။ ပန်းကန်ဆေးခ တစ်ကျပ်။(ဆေးသူ ယူပါတယ်)

ညအိပ်ရင် တစ်ဆယ်။

အိမ်လာရင် အအေး(သို့) အပူ ဝယ်လာရပါတယ်။


စသဖြင့် စည်းကမ်းချက်တွေကို လိုသလို ထုတ်ပြန်ကောက်ခံပါတယ်။

ထမင်းကိုတော့ အလကားကျွေးပါတယ်ခင်ဗျာ။ အိမ်လာရင် ဒီလို သူထက်ငါလုပြီး ပိုက်ဆံတောင်းခံ နေတတ်တာကို နားနဲ့ မဆံ့အောင် ပျော်ရွင်ဖွယ် ကြားရပါလိမ့်တယ်။

အိမ်မှာ ဧည့်သည်ရှိတဲ့ နေ့တွေက အလှူ အိမ်နဲ့တူနေပြီး ဧည့်သည်မရှိတဲ့ နေ့ကမှ အိမ်နဲ့တူစွာ ချောက်ကပ်နေပါတယ်။ ချောက်ကပ်နေတဲ့ရက်က တစ်ပတ်မှာ တစ်ရက်လောက်ပါ။ ဧည့်သည်ကို နေ့တိုင်းမျှော်တတ်တဲ့ ကျနော်တို့ မောင်နှမတွေ အမြဲ ဖိတ်ခေါ်ပါကြောင်း သတင်းကောင်းပေးပါတယ်။ လမ်းကြုံရင်အိမ်ဝင်လည်ဖို့လည်း ဖိတ်ခေါ်ပါတယ်နော်။


BLK 98, #07-309,
LORANG 1, TOAPA YOH.
SINGAPORE,310098,
66401017

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်




Thursday, 18 March 2010

ကျနော်လူလိမ်၊ ကျနော်နှင့်လူလိမ်

ခင်မင်မှုနဲ့ ယုံကြည်မှု….

တစ်ယောက်နဲ့ တစ်ယောက် စပြီး ခင်မင်စွာ ပေါင်းသင်းဆက်ဆံဖို့အတွက် ယုံကြည်မှုက အဓိကကျတယ်ပေါ့။ ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံချင်ရင် ယုံကြည်မှု ရှိရမယ်။

ခင်မင်မှုနဲ့ လိမ်လည်မှု…

ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံရင် မလိမ်လည်ရဘူး။ မလှည့်ဖျားရဘူး။ ယုံကြည်မှုပျောက်နိုင်တယ်ပေါ့။
ဒါဆိုရင် ယုံကြည်မှု တစ်ခုရဖို့ မလိမ်လည်ရဘူးပေါ့။ ယုံကြည်မှု ရပြီးမှ လိမ်ရမယ်လို့ ဆိုလိုတာလား။ အင်း… အဲလိုလူတွေလဲ အများကြီးလို့ ထင်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ ပါချင်ပါမယ်ပေါ့။း)

ကျနော့်ကို အရမ်းယုံကြည်တဲ့သူ တစ်ယောက်ရှိတယ်။ သူက ကျနော် ဘာပြောပြော လက်ခံတယ်။ ကျနော်ပြောတာကို သဘောကျတယ်။ ကျနော်ကို ခင်တယ်။ ချစ်တယ်။ ကျနော့်အတွက်ဆို သူ အဆင်သင့်ဖြစ်နေတတ်တယ်။ ဒါပေမယ့် သူနဲ့ ကျနော် သူငယ်ချင်း တစ်ယောက်အဖြစ် အတွင်းကျကျ မပေါင်းဖူးဘူး။ ညီအကိုလို ခင်မင်မှုမျိုးလဲ မဟုတ်ဘူး။ သူ့ကို ကျနော် အကြောင်းအရာ တစ်ခုကို ပြောပြ အကူအညီ ပေးရင်း ခင်မင်ခွင့်ရခဲ့တာ။ ဒါပေမယ့် သူက ကျနော့်ကို အမြဲတမ်း ယုံကြည်နေတတ်ခဲ့တယ်။ ကျနော် သူ့ကို ယုံပါလို့ တစ်ခွန်းမပြောခဲ့ဘူး။

ကျနော်ကိုယ်တိုင်လဲ လူတစ်ယောက်ကို ချက်ချင်းယုံကြည်ဖို့ သိပ်ကိုခဲယဉ်းတယ်။ ဒါကြောင့် သူ့ကို ယုံကြည်ဖို့ မယုံကြည်ဖို့ထက် ကျနော်လုပ်ပေးနိုင်တာကိုပဲ တတ်နိုင်သလောက် လုပ်ပေးခဲ့တယ်။သူ့ဆီက ယုံကြည်မှုတွေ ရဖို့ ဘာမျှော်လင့်ချက်မှ မထားသလို ကျနော် လုပ်ပေးခဲ့တဲ့ အကြောင်းအရာအပေါ် ဘာတုန့်ပြန်မှုမှ မလိုချင်ဘူး။ ကိုယ်တိုင်က လူတစ်ယောက်ကို ယုံကြည်ဖို့ထက် သံသယတွေ များနေတဲ့စိတ်က အမြဲဝင်နေတတ်တော့ ဘာဘာညာညာ မစဉ်းစားဘဲ ကျနော်လုပ်ပေးနိုင်တဲ့ အရာတစ်ခုကို အတတ်နိုင်ဆုံး ကောင်းအောင်လုပ်ပေးလိုက်တာပါပဲ။ ဒီထက်မပိုခဲ့ဘူး။ ဒါပေမယ့် လူတစ်ယောက်ကို မုန်းပြီး ဆိုရင်တော့ လုံးဝ လှည့်မကြည့်တတ်တော့ဘူး။ စိတ်ထဲမှာလဲ မထားတော့ဘူး။ အရာအားလုံးက ဥပေက္ခာတရားဆီကို ဦးတည်သွားတာပါပဲ။ ဒီလူအပေါ်ယုံကြည်မှု မရှိတော့သလို ကိုယ်တိုင်ကလဲ သူယုံကြည်အောင် မနေတတ်တော့တာပဲ။

တနေ့ပေါ့။ သူက ကျနော့်ကိုမေးတယ်။ ခင်ဗျား လိမ်တတ်လားတဲ့။ ကျနော် ခပ်တွေတွေ စိုက်ကြည့်ပြီး ခပ်ပြုံးပြုံးလေးပဲပြန်ဖြေလိုက်တယ်။ သူ မျက်နှာတချက်ပျက်ပြီး ကျနော့်အပေါ် ယုံကြည်မှုတွေ ပျောက်သွားသလိုပဲ။ ကျနော့် အဖြေက ခင်ဗျားကျနော့်ကို ဘယ်လိုထင်လဲ ဆိုတဲ့မေးခွန်း မဟုတ်ဘူး။ ရိုးရိုးပဲဖြေလိုက်တယ်… လိမ်တတ်တယ်.. တခါတလေ အမြင်ကတ်လောက်အောင်ကို သိရက်နဲ့ လိမ်တယ် ဆိုတဲ့ အဖြေပဲ။ သူက ဆက်မေးတယ်။ ဒါဆိုရင် ခင်ဗျားအပေါ် ယုံကြည့်မှု ရှိတဲ့ ကျနော့်ကိုရော လိမ်ခဲ့သလား။ လိမ်မှာလားတဲ့။ ကျနော်အဖြေကလဲ ရှင်းပါတယ်။လိမ်ခဲ့တယ်။ လိမ်သင့်ရင်တော့ လိမ်ရမယ်။ လိမ်ချင်လိမ်မယ်။ လိမ် ဖြစ်လိမ့်မယ် လို့ပဲ ပြန်ဖြေခဲ့ပါတယ်။သူကဆက်ပြောတယ်။ခင်ဗျား မှားနေပြီးတဲ့။ ကျနော်ကတော့ သူဘာပြောပြော လက်ခံလိုက်မယ်။ ဟုတ်တယ် ကျနော် မှားချင် မှားမယ်။ ဒါပေမယ့် ကျနော်မှန်တယ်ပေါ့။ သူကျနော့် ဆီက သူလိုချင်တဲ့ အဖြေမျိုး မရခဲ့ဘူး။ ကျနော် သူ့ကိုလဲ မလိမ်ပါဘူး ဆိုပြီး ယုံကြည်အောင် မပြောခဲ့ဘူး။ ဒါပေမယ့် သူနဲ့ ကျနော်ဆက်ဆံရေးက အခုထိ တည်မြဲနေတုန်း။


တခြားသူတွေ လိမ်လား မလိမ်လားတော့ ကျနော်သေချာမသိဘူး။ ဒါပေမယ့် နေ့တဒူဝ လှုပ်ရှားသွားလာနေကြတဲ့ သူတွေ တနည်းမဟုတ် တနည်းလိမ်နေကြမှာပဲ။ ဘယ်တော့မှ မလိမ်တဲ့သူတွေလဲ ရှိချင်ရှိ ကြမှာပဲလေ။ ကျနော်ကတော့ လိမ်ဖြစ်နေတယ်။

ကျနော်လိမ်တဲ့ လူငါးမျိုး ရှိတယ်။ ပထမက ရန်သူ။ ကိုယ့်မှာရန်သူ မရှိဘူးလို့ ဘယ်တုန်းကမှ မတွက်ထားဘူး။ စိတ်ထဲက ကိုယ် မသကာင်္တဲ့သူ မှန်သမျှက ကိုယ့်ရန်သူလို့ သတ်မှတ်တယ်။ ကိုယ်က ရန်မူဖို့မဟုတ်ဘူး။ ရန်မူလာရင်ကြိုတင်ကာကွယ်ဖို့ပဲလေ။ ဒါကြောင့် ဒီလိုလူမျိုးကို အမှန်ပြောလေ့မရှိဘူး။ လိမ်လည်မိမှာပဲ။ ကိုယ်သာ အမှန်ပြောနေရင် ကိုယ့်အားနည်းချက်တွေကို သိလို့ ခဏလေးနဲ့ အနိုင်ယူသွားမှာပေါ့။

ဒုတိယလို လူမျိုးက ကိုယ့်အပေါ် မနာလိုစိတ်ဝင်နေတဲ့သူ။ သူက ကိုယ်အပေါ် မနာလို စိတ်ဝင်နေမှန်းသိနေရင် ကိုယ်က အသာလေးရှောင်ထွက်သွားဖို့ပဲ။ သူမနာလို ဝန်တိုနေတဲ့ အပေါ် ကိုယ့်က ရှောင်တတ်ရမယ်။ ဒီလို လူမျိုးကို ကိုယ့်ရဲ့စကားအမှန်တွေ ပြောလို့မဖြစ်ဘူး။ ကိုယ့်ရဲ့ အတွေးအခေါ်တွေ၊ အကြံအစည်တွေ၊ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်တွေကို သူတို့ ကအမြဲ ချောင်းမြောင်းနေတတ်တယ်။ မှားတာနဲ့ သူတို့က နိုင်ကွက်ကိုနင်းမှာပဲ။ ဒီလိုလူတွေရှေ့မှာ ရင်တွင်းစကားမပြောဖြစ်တော့ဘူး။ နှုတ်က ထွက်လာတဲ့စကားတွေက စိတ်ထဲကမဟုတ်တော့ဘူး။ ဦးနှောက်က စီချထားတဲ့စကားတွေ။ ဒီစကားတွေက အမှန်တွေ မဟုတ်လောက်ဘူး။ကိုယ်စိတ်ထဲကလုပ်ချင်တာတွေနဲ့ ကိုယ်ပြောမိနေတဲ့စကားတွေက ပြောင်းပြန်ဖြစ်နေလိမ့်မယ်။ ဒါကလဲ လိမ်နည်းတမျိုးပဲ။

နောက်တစ်ယောက်ကတော့ ရူးကြောင်ကြောင်နဲ့ မိုက်သွေးကြွ နေတဲ့သူတွေ။ ဘယ်လောက်ပြောပြော နားမဝင်တဲ့သူတွေ။ ထင်ရာစိုင်းတဲ့သူတွေကို ဘယ်တုန်းကမှ အမှန်ပြောလေ့မရှိဘူး။ အမှန်ပြောနေရင်လဲ အမှားမြင်နေတဲ့အတွက် အမှန်က ထွက်မလာတော့ပါဘူး။သူတို့ကို တန်ရာပေးလိုက်တဲ့သဘော။

နောက်တစ်ယောက်ကတော့ လိမ်လည်လှည့်ဖျားတတ်သူတွေ။ သူတို့နဲ့ ဆက်ဆံရေးက မှန်လိုပဲ။ သူတို့လိမ်မှန်းသိနေသ၍ ကိုယ်ကလဲ လိမ်နေဦးမှာပဲ။ စောဒက မတက်နဲ့လေ။ သူတို့ ဘယ်လောက် လိမ်လိမ် ကိုယ့်ဘက်က မှန်နေဖို့က အဓိက တို့ ဘာတို့။ တကယ်တမ်းကျ ဘယ်သူမှ မလုပ်နိုင်ဘူးထင်တာပဲ။ လုပ်နိုင်တဲ့သူတွေလဲ ရှိပါတယ်။ ဥပေက္ခာတရားတွေနဲ့ပေါ့။ ကိုယ်တိုင်က ပုထုဇဉ်ဆိုတော့ တူညီတဲ့ တုန့်ပြန်မှုမျိုး ပြန်ပေးချင်ယုံသက်သက်ပါ။ သိရက်နဲ့ မသိလိုက်ပါဘူး။ မလိမ်ရပါဘူးဆိုတဲ့ သူတွေကို လိမ်ကြည့်လိုက်ပါ။ သူတို့ စကားအတိုင်း သူတို့ကို ပြန်ပေးကြည့်ပါ။ သူတို့ဘယ်လိုနေလိမ့်မလဲ။ အဲဒါအခါကျရင် သူတို့လဲ ကိုယ်ချင်းစားလိမ့်မယ်။ အဲဒါကိုပြန်လိုချင်တယ်။

ကိုယ်မကြိုက်တာကို သူတပါးအပေါ်မလုပ်မိစေနဲ့တဲ့။ ကိုယ်တိုင်က မကြိုက်တော့သူတို့လဲ ကြိုက်မှာမဟုတ်ဖူးလို့မှတ်ပါတဲ့။ ဒါဆိုရင် သူတို့မကြိုက်တာ ကိုယ့်ကို လုပ်တော့ ကိုယ်က သူတို့ကြိုက်တယ်ထင်လို့ ပြန်ပေးရုံသက်သက်လို့ပဲ မှတ်သားပါတယ်။

နောက်ဆုံးတစ်ယောက်ကို လိမ်ရတာတော့ ရိုးသားပါတယ်။ မလိမ်ရင် ဘဝပျက်စီးလောက်မယ့် လူမျိုးတွေကို ကောင်းစေချင်လို့ လိမ်ပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းက မမှန်ပေမယ့် သူတို့အတွက် အကျိုးရှိသွားတယ်ဆိုရင် လိမ်ရကျိုးနပ်ပါတယ်။ ဖြူစင်သောလိမ်နည်းပေါ့။ လူတော်တော်များများတော့ ဒီလိုလူမျိုးတွေကို ဒီနည်းနဲ့ လိမ်တတ်ကြပါတယ်။ ငရဲမကြီးလောက်ပါဘူး။ ကံငါးပါးထဲမှာ ဒီလိုကံမျိုးက ကျုးလွန်ပေမယ့် အပြစ်မရှိဘူးလို့ထင်ပါတယ်။

အဓိကကတော့ ကိုယ်က ဘယ်လောက်ပဲ လိမ်လိမ်။ ပလီတယ်ပဲပြောပြော တစ်ဖက်က စိတ်ချမ်းသာသွားရင် ကုသိုလ်တောင်ရတယ်လို့ ထင်မိပါတယ်။ ဒါကြောင့် မဟုတ်မမှန်ပေမယ့် လုပ်ကြံပြီး ဟုတ်မှန်ရာကို ပြောတတ်ပါတယ်။ တခါတလေ တဖက်က ပလီတာကို သိနေပေမယ့် ကျေနပ်စွာ လက်ခံတတ်ကြပါတယ်။ကိုယ်တိုင်ကလဲ ဟုတ်ဟုတ်မဟုတ်ဟုတ် ကိုယ့်ကိုရိုးရိုးသားသား ပလီနေတာဆို ကျေနပ်စွာ လက်ခံတတ်ပါတယ်။ အဓိက က ရိုးသားမှုပါ။ ကိုယ်လိမ်တဲ့အပေါ်မှာ ရိုးသားဖို့လိုပါတယ်။ သူတပါးကို မနာလို ဝန်တို မစ္စိယ စိတ်တွေနဲ့ ပျက်စီးရာ ပျက်စီးကြောင်းလိမ်တဲ့သူကတော့ ငရဲသွားရမှာပဲ။ ကိုယ်က လိမ်ပေမယ့် သူတပါးအတွက် အကျိုးမယုတ်သလို ကိုယ်လဲ အကျိုးမယုတ်ဖူးဆိုရင်လိမ်ပါ။ လူကြီးတွေကတော့ ပြောကြလိမ့်မယ်။ အတတ်နိုင်ဆုံး မလိမ်လည်ပါနဲ့ပေါ့။ အတတ်နိုင်ဆုံးပါ။ သူတို့တွေလဲ လိမ်ညာခဲ့ကြတာ ရှိမှာပဲလေ။

အဓိက ကတော့ ကိုယ့်လိမ်လည်မှု အပေါ်မှာရိုးသားဖို့ နဲ့ ကိုယ့်ကိုယ်ကိုယ် မလိမ်ဖို့။

ဘာပဲပြောပြော…။ လူအမျိုးမျိုး…. စိတ်အထွေထွေ…။ လိမ်တဲ့သူရှိမယ်။ လုံးဝ မလိမ်တဲ့သူရှိတယ်။

ယုတ်မာကောက်ကျစ်စွာ လိမ်တဲ့သူရှိတယ်။ ဝန်တိုမနာလိုစိတ်နဲ့ ပျက်စီးရာ ပျက်စီးကြောင်း လိမ်တဲ့သူရှိတယ်။

တီတီတာတာ ပလီပလာနဲ့ ရိုးသားစွာ လိမ်ပြီး စကားချိုချို ပြောတဲ့သူတွေရှိတယ်။

သူတပါးအကျိုးစီးပွား ပျက်စီးတာကို မလိုလားလို့ ရိုးရိုးသားသား လိမ်တဲ့သူရှိမယ်။

ကျနော့်လို လူမျိုးကတော့ လိမ်စရာ မရှိရင် ကိုယ့်ပေါင်ကိုယ်ပြန်လိမ် နေတယ် ဆိုတော့ကာ…..။


ဟုတ်ကဲ့…။

ကျနော်လိမ်တတ်ပါတယ်။


အခုတလောလဲ ပလီပလာ တီတီတာတာ တွေက များနေတယ်... ကိုယ်တိုင်ကလဲ အဲဒီအပေါ် သာယာနေသလို ကိုယ်တိုင်ကလဲ ပွေလီနေတော့ကာ….။

ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်






Tuesday, 16 March 2010

ခုတလော


ခုတလော ဖိုးစိန် ဘာတွေ ဖြစ်နေလဲ... ဘာတွေ လုပ်နေသလဲ... ဖိုးစိန်ကိုယ်တိုင် မသိသလိုပါပဲ... လုပ်ချင်တာကို စိတ်ရှိ လက်ရှိလုပ်နေတယ်... ဖြစ်ချင်တာ တစ်ချို့ကို မျိုသိပ်ပြီး ဖြစ်သင့်တာကို ဖြစ်အောင် ကြိုးစားနေတယ် ဆိုပါစို့... ။

တခါတလေ ဒေါသတွေ ကြီးနေတယ်… အလိုလိုနေရင် ရန်လိုနေတယ်… ခေါင်းကတော့ ပုံမှန်ထက် ပိုပြီး ကိုက်တာနည်းပါတယ်… ကိုယ်မသိတဲ့ သူတွေကို စကားပြောဖို့ ဝန်လေးသလောက် ကိုယ်ချစ်တဲ့ လူတွေနဲ့ သပွတ်အူလို နေဖြစ်နေတယ်…။ မအားလို့ အွန်လိုင်းတက်ပြီး စာမဖတ်ဖြစ်ပြန်ဖူး… အွန်လိုင်းတက်တော့လဲ ကိုယ်ရဲ့ ညီအကို မောင်နှမတွေက စာမရေးကြသလို အွန်လိုင်းမှာလဲ အရင်လို မတွေ့ဖြစ်တော့ဘူး… တစ်ခုခု တော့ လွဲချော်နေသလို ခံစားရတယ်… ။ ဒါကြောင့် ခုတလော ဘာတွေ ဖြစ်နေလဲ ပြန်စဉ်းစားမိတော့....။

ခုတလော

တွေးမိနေတာက

(၁) ကိုယ်ချစ်တဲ့ သူတွေကို ဘယ်လို စိတ်ချမ်းသာအောင် ထားရမလဲ ဆိုတာကိုပါ....။ ဒါပေမယ့် ထင်သလောက် မလုပ်ပေးနိုင်သေးဘူး...။ ကိုယ့်ကြောင့် စိတ်ဆင်းရဲရ.. စိတ်ပူနေရတဲ့သူတွေ ရှိနေသေးတယ် ဆိုတာကိုပါ...။ တွေးတိုင်း အိပ်မပျော်ဘူး ဖြစ်နေတယ်။


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

ငါသည် အရင်ကလဲ ဘာမှမဟုတ်ခဲ့၊ ခုလဲ ဘာမှ မဟုတ်သေး၊ ဒါပေမယ့် နောင်ရေးကို တော့ ရေးရေး မြင်နေရပါပြီး။


ကျမ်းမာရေး

ခေါင်းကိုက် သက်သာတယ်... အရင်လို ထင်သလောက် မကိုက်ဘူးလို့ ဆိုတဲ့နေ့တွေမှ နာနာကျင်ကျင် ကို ကိုက်နေမိတယ်...။ ကျန်တဲ့နေ့တွေမှာတော့ ပျော်နေမိတယ်။

ဖတ်ဖြစ်နေတာက

ကိုယ့်ရဲ့ ကိုယ်ပိုင် ဘလော့ လေး။ ကိုယ်ရေးခဲ့တဲ့ ပိုစ့်တွေနဲ့ ရခဲ့တဲ့ ကော့မန့်တွေ..။

ရောက်နေတဲ့နေရာက

ကိုယ်နေတဲ့ အိမ်။ သာယာစိုပြည်တဲ့ အိမ်ကလေး။ ဘယ်ရောက်ရောက် ဒီအိမ်ကိုပဲ စိတ်ရောက်နေတယ်။

မုန်းနေမိတာက

ဘာမှ မလုပ်ရသေးပဲ မိုးလင်းသွားတဲ့ ညတွေ။

ချစ်နေတာက

အနားမှာ ရှိနေတဲ့ အချစ်ဆုံး လေးတွေ။ တီတီတာတာနဲ့ ပလီတဲ့သူတွေ။ ချီးပေါက်တဲ့သူတွေ။ စိတ်ကောက်တဲ့သူတွေ။


စိတ်ပျက်နေမိတာက

လူများတဲ့ ပတ်ဝန်းကျင်။

နားထောင်နေမိတဲ့သီချင်း

အစုံပဲ..။ ညည ဆို သီချင်းတစ်ပုဒ်ကိုပဲ တညလုံး နားထောင်ရတဲ့ ညတွေ တောင်ရှိတယ်။ ကိုယ်တိုင်တော့ ဘာသီချင်းကြိုက်နေလဲ မသိတော့ဘူး. ….။

တမ်းတနေမိတာက

ညနေ(၇)နာရီ နောက်ပိုင်း နဲ့ ထမင်းစားချိန်။


စွဲလမ်းနေမိတာက

စုပြုံပြီး အိပ်ခဲ့ရတဲ့ အခန်းထဲက ချီးပေါက်သံတွေ။

မေ့လျှော့ပြစ်နေတာက

ခုချိန်မှာ နှမြော တသသ စွဲလန်းနေမိတဲ့အရာတွေ။

လိုအပ်နေတာက

ပိုက်ဆံ။

စားဖြစ်နေတာက

ကိုယ်တိုင်ချက်နေတဲ့ ဟင်းတွေ။

လွမ်းနေမိတာက

ဖေဖေ။ မေမေ။ ညီနဲ့ ညီမ။


သနားနေမိတာက

ကိုယ့်ကိုယ်ကိုပဲ (ဘာမှ ဖြစ်မလာသေးတဲ့ နုံချာချာ ဘဝလေးကို သနားနေမိတာ)။


တောင်းမိတဲ့ဆု

မပြည့်တဲ့ ဆုတောင်းတွေ ပြည့်ချင်တဲ့ဆု ။

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက

ဘယ်တော့ လာမလဲ။ ဘယ်အချိန်လဲ။ မပြန်နဲ့လေ။ ဘာမှန်းကိုမသိဘူး....။


ကြိတ်ပြီး ချီးကျုးနေတာက

သည်းခံနိုင်စွမ်း ရှိတဲ့ သူတွေ။


ကြိတ်ပြီးအထင်သေးနေမိတာက

ကိုယ့်ကိုယ်ကိုယ် ဂျီကျ လိမ်ကောင်ကွေး ဂျစ်တိုက် ဆိုးချင်နေတဲ့စိတ်၊ ဒေါသကြီးတဲ့စိတ်ရှိတဲ့ ကိုယ့်ကိုယ်ကိုယ် (ပြင်လို့လဲမရး))

ဝန်ခံချင်တာက

စာရေးစရာမရှိလို့။ ပျင်းလို့။ စာမရေးတဲ့သူတွေကို ဒုက္ခပေးချင်လို့။ သူတို့ ဘာတွေ လုပ်နေလဲဆိုတာ သိချင်လို့။ ရေးချင်တာ ရေးချင်လို့။ အညတရ ဖြစ်ချင်လို့။ ချီးပေါက်ခံချင်လို့။ ... လို့။ ။။။


ဒီပိုစ့်လေးကို ဖတ်ပြီးသွားပြီးလား။ အင်း ဒါကတော့ တက်ဂ်ပိုစ့်ပါ။

မတွေ့တာ ကြာပြီးဖြစ်တဲ့ သူတွေကို တက်ဂ်ပါတယ်။ ဒီလူတွေကို လွမ်းလို့ပါ...။ ဒီလူတွေနဲ့လဲ မတွေ့တာ ကြာပြီးလေ။

ပြာမရရင် ပြာဖြစ်သွားမယ့် ကွမ်းစားမေပြာ။

လူပြိုကြီး တလွဲကိုမောင်ဟန်

ကလေးထိန်း ထမင်းချက်နေရတယ်ဆိုတဲ့ ဦးသစ်

လစ်တဲ အင်ဒီယား ရောက်ရောက်နေတဲ့ ညီမငယ် မိုးခါး

အညတရ စာတွေကို လာမဖတ်တဲ့ လူပလီ တမာရိန်းဂျား ခေါ် ပေါက်ပေါက်

လူမြင်ရင် ချီးပေါက်တတ်တဲ့ ဟန်နီ ပေါ်ပေါ်

ရည်းစားတဖက် အလုပ်တက်နေတဲ့ ကိုဆောင်း

စိတ်ကောက်တတ်တဲ့ မျိုး

ထွက်ပေါက် မြ

ရခိမလေး မူသေ


စာမရေးတဲ့ ဘလော့ မမ မိုး တို့ကို တက်ပါဒယ်။။။။။။။။။။။။။။။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Friday, 5 March 2010

တကယ်ဆို

တစ်ချက်ချက်နဲ့ စည်းချက်တကျမည်နေတဲ့ လက်တံစက္ကန့် သံများကို အံတုပြီး ဒင်ကနဲ သုံးချက်မည်သံကိုကြားမိတော့ မှ မနက်အာရုံ ရောက်တော့မှာပါလား ဆိုတဲ့အတွေးများက ကျွန်တော့်ရင်ကို ဆွံအံ့ ခြောက်သွေ့စေတယ်…။ မနက် မိုးလင်းရင် ဆိုတဲ့အတွေးများက ခြောက်သွေ့ နေတဲ့ ရင်ကို မီးမြှိုက်နေသလို…။

ကုတင် ခြေရင်းက ရေဘူးကို အကြိမ်များစွာ ဆွဲပြီး စိတ်ရှိတိုင်း အကြိမ်ကြိမ် မော့သောက် မိပေမယ့် ငတ်မပြေတဲ့ စိတ်နဲ့ အတူ ရေတငုံ သောက်ပြီးတိုင်း သက်ပျင်းတွေက အကြိမ်ကြိမ်ချမိနေတယ်။

မျက်လုံး အကြည့်တွေက နံရံမှာ ချိတ်ဆွဲထားတဲ့ ကြေးဘောင် ကွပ် ပုံတူ ပန်ချီးကား။ ခန့်ခန့်ကြီးထိုင်နေသော အသက်ဝင်မာန်ပါလှသည့် အပြုံးတစ်ခုနှင့် အဖေ့မျက်နှာ။ ညအိပ်မီးရောင်အောက်မှာပင် အဖေ့မျက်နှာက ကြည်လင်ဝင်းပစွာ။ အကြည့်ကိုလွဲလိုက်တော့ သက်ပျင်းထပ်ချမိပြန်တယ်။


သြော်..အဖေ…အဖေ….

စိတ်ထဲမှာအဖေကိုရေရွတ်ရင်း… ဒီအကြောင်းကို ပြန်တွေးမိပြန်တယ်…

ဒီမနက် (၁၀) နာရီဆိုရင် အဖေ လက်ထပ်စာချုပ် အသစ်နဲ့ ဘဝကို တဖန်ဆန်းသစ်တော့မှာ။ အဖေ မိန်းမယူမှာကို ကျွန်တော် ဘယ်လိုမှမခံစားရပါဘူး။ အဖေတစ်ခု သားတစ်ခု ဘဝလေးကနေ ကျွန်တော် မခွဲထွက်ခင်ကတည်းက အဖေ့ကို နောက်အိမ်ထောင်ပြုဖို့ ကြည်ကြည်ဖြူဖြူ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် အဖေပြုံးပြခေါင်းခါ ပဲ အကြိမ်ကြိမ် လုပ်ခဲ့တယ်။ အခုကျတော့ ကျွန်တော် မိန်းမယူလို့ သုံးလပင်မပြည့်သေး… အဖေက နောက်အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ပြီးပြီတဲ့။ တရားဝင် လက်မှတ်ထိုး ယူမယ့်မိန်းမကလည်း အဖေ့အသက်ထက် ထက်ဝက်မကငယ်သူ… အဖေ့ကို မကျန်းမာတဲ့ အခါ လာပြုစုပေးနေကျ အဖေ့ညီမဝမ်းကွဲ ယောကျားရဲ့တူမ… စကားထစ်နေတာမို့ သနားလို့ ဆိုပြီး အဒေါ်ဝမ်းကွဲက အိမ်အတွက်အလုပ်ပေးထားတဲ့ သူမနဲ့မှလက်ထပ်မယ်ဆိုတဲ့အဖေ…

မိန်းမ ပူပူနွေးနွေးရထားတဲ့ ဘဏ်မန်နေဂျာ သားတစ်ယောက် ရဲ့ မျက်နှာကိုမှမထောက်… အဖေတစ်သက်လုံး ထိန်းသိမ်းခဲ့တဲ့ အမေ့အပေါ် သစ္စာတရားကိုမှ မထောက်… လုပ်ရက်လေခြင်းဟု မချိတင်ကဲစိတ်တို့ နဲ့ အတူ စိတ်ဆိုးဒေါသဖြစ်ချင်ပေမယ့် တစ်သက်လုံးစောင့်ရှောက်လာတဲ့ အဖေ့ကို အပြစ်မတင်ရက်ခဲ့ပါ။

ပြီးတော့ အဖေ့သားတစ်ယောက်အနေ နဲ့ ဒီလို နေ့မျိုးကို မလိုချင်ခဲ့ပါ….


”ကို…မိုးလင်းတော့မယ်.. ကို တစ်ညလုံးမအိပ်တာသိတယ်… စိတ်ထဲမှာမထားနဲ့ တော့လေ… ဖြစ်လာမှတော့ဘာထူးမှာလဲ… အဖေ ကအဖေပဲမဟုတ်လား… နှင်း နားလည်ပေးနိုင်ပါတယ်… ကို့ အဖေက ကို့ အပေါ်ကောင်းတယ်လေ… ဒါလေးတော့ခွင့်လွတ်လိုက်ပါ… စိတ်ထဲကဖျောက်လိုက်ပါကို ရယ်..”


”ကို သိပါတယ်နှင်း ရယ်… ဒါပေမယ့် ရင်ထဲမှာတော့ မကျေနပ်သလိုလို… ဝမ်းနည်းသလိုလို ဖြစ်တာပါ… အမှန်တိုင်းဝန်ခံရရင် ရှက်လဲရှက်တယ်… အဖေ့ကိုလုပ်ရက်လိုက်တာလို့ ပြောချင်ပေမယ့်… အဖေ စိတ်မကောင်းဖြစ်မှာ ကိုလဲစိုးရိမ်နေတယ်… ဒီလိုနေ့ မျိုးကတော့ ကို့အတွက် အရှင်လတ်လတ်ငရဲ ကျသလို ခံစားမိတယ်… အဖေမလုပ်သင့်ဘူးလို့ ထင်တယ်..”

အိပ်ယာပေါ်မှ နှင်းရဲ့ ဖျောင်းဖျ နားချသံနဲ့ အတူ နာရီသံငါးချက်ထိုးတော့မှ မောပန်းစိတ်နဲ့ လက်ရှိ ကနေ ခဏ အနားယူလိုက်တော့မှ အရာရာ ပေါ့သွားတော့တယ်။

…………………………………………..




ချီးမွမ်း(၇)ရက် ကဲ့ရဲ့ တစ်သက် လို့ ဆိုရလောက်အောင် ကျွန်တော့ ဝန်းကျင်မှာ အဖေ့အကြောင်းကို အပ်ကြောင်းထပ်ရလောက်အောင်ကြားနေရတာ အဖေလက်ထပ်တဲ့နေ့ ကစလို့ပေါ့… ကျွန်တော်နဲ့ ရှေ့ လမ်းနောက်လမ်းနေပေမယ့် အဖေဆီကို အဖေ နောက်အိမ်ထောင် ပြုတဲ့ နေကတည်းက မရောက်တော့..သွားလဲမသွားချင်… တွေ့ လဲမတွေ့ ချင်.. တခါတလေ နှင်းရဲ့ နားပူနားဆာ လုပ်သောကြောင့် ခါကြီးရက်ကြီးမှာ အဖေ့ကို သွားကန်တော့ရင်တောင် စကားကို သုံးခွန်းပြည့် အောင် မပြောဖြစ်ခဲ့..။

မိန်းမရပြီးကတည်းက အပြင်အထွက်နည်းတဲ့ အဖေက မိန်းမကိုယ်ဝန်ရလာတဲ့ အချိန်က စလို့ အိမ်တွင်းအောင်း နေတော့တယ်။ လက်ထပ်ပြီး မကြာဘူး အဖေ့မိန်းမ ကိုယ်ဝန် ရှိလာတယ်။ ဗိုက်ပူလာတယ် ဆိုတော့ ရပ်ကွက်ထဲမှာ ဟိုတစ်စ ဒီတစ်စ အတင်းလို အဖျင်းလို ပြောနေတာကြောင့် လမ်းထဲ လက်ဘက်ရည်ဆိုင်မှာတောင် အဖေ့ကို မတွေ့ ရတော့ဘူးလို့ နှင်းကပြောတော့ အဖေက ဒီမိန်းမ အတွက်နဲ့ ဒီလို ဖြစ်နေရလားဆိုပြီး ဂရုဏာ ဒေါသောစိတ်၊ နောက်မိန်းမကြောင့် သားအပေါ် မခေါ် မပြောနိုင် အချစ်လျှော့သွားတဲ့စိတ် တွေနဲ့ အပြစ် အကြိမ်ကြိမ် တင်မိသေးတယ်..


တခါတရံ လမ်းသွား လမ်းလာ ဆုံဖြစ်တော့ အဖေ့ရဲ့ ပိန်ကျအိုမင်းသွားတဲ့ရုပ်ရည်ကို မြင်ရတော့လဲ
သြော်အဖေရယ်….အခုနေအဖေ တစ်ယောက်တည်းသာ ဆိုရင် အဖေက သားနဲ့ နှင်းရဲ့ ရင်သွေး ဖြစ်တဲ့ အဖေ့မြေးနဲ့ ပျော်နေရမယ့် အချိန်ပါ… အခုတော့အဖေ့မှာအပိုဆုနဲ့ အဖေခါးကုန်း သားစားတုန်း ဆိုတဲ့ အချိန်ကို အဖေ ဖြတ်ကျော်ရဦးမယ်လေ… သားလဲမတတ်နိုင်ဘူး” ဝမ်းနည်းစိတ်နဲ့ အတူ အဖေ့နောက်ကွယ်မှာ အကြိမ်ကြိမ် မျက်ရည်ကျမိရတယ်။

အဖေ့မိန်းမ ကိုယ်ဝန် ခြောက်လလောက်ရတဲ့ အချိန်မှာ ကျွန်တော်လည်း ဘဏ်ရုံးခွဲ တစ်ခုကိုပြောင်းရတော့ ဘဏ်နဲ့ နီးတဲ့နေရာမှာ ကျွန်တော်တို့ လင်မယားနှစ်ယောက် အိမ်ငှားနေလိုက်တယ်… အဖေတို့ မိသားစုနဲ့ ပတ်ဝန်းကျင် အပြောအဆိုကို ရှောင်ချင်တယ် ဆိုရင်တော့မမှားဘူးပေါ့။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်တဲ့အချိန် သတင်းဆိုးတစ်ခုက အဖေ့မိန်းမ ကလေးမွေးပြီး မီးတွင်းမှာတင် ဆုံးတယ်တဲ့။ မွေးတဲ့ ကလေးက ယောကျားလေးဆိုတော့ အဒေါ်က ကလေးကိစ္စအတွက် အစစအရာရာ တာဝန်ယူထားပေးတယ်။

အဖေ့ မိန်းမ နာရေးသတင်း သွားမေးတဲ့ နေ့က ကျန်းမားရေးမကောင်းတဲ့ အဖေနဲ့ အတူ အဖေ့သားလေးကိုတွေ့ လိုက်ရတယ်။ ကလေးက ဖွံ့ဖွံ့ ထွားထွား ချစ်စရာလေးပါ။ ကလေးရူးနေတဲ့ နှင်းက အဖေ့သားကို လက်ပေါ်က မချ ချစ်နေတဲ့ အချိန်မှာ ကျနော် ခဏလေးတောင် မချီပိုးမိခဲ့ဘူး။ စိတ်ထဲမှာတော့ ကလေးအတွက် တစ်ခုခုလုပ်ပေးချင်တာ မျိုးဖြစ်မိနေတယ်။ ကျနော့် ညီဆိုလဲ မမှားတဲ့ အဖေ့သားရဲ့ အနာဂတ်လေးကိုတော့ လှပစေချင်တဲ့ စိတ်ပါ။ အမေမတူတဲ့ ညီ ဆိုပြီး အတွေးမျိုးရှိလာတော့လဲ သြော်..ဒါလဲအဖေ့သွေးပဲလို စိတ်ထဲကဖြေရတာပေါ့။ အဖေ့ မိန်းမ ရက်လည်ပြီးလို့ နှစ်လ အကြာမှာ နှင်းရဲ့ အကြံပေးမှု ၊ သနားကြင်နာသိတတ်မှု ကြောင့် အဖေ့ရဲ့သားကို ကျနော်တို့ မွေးစားခဲ့တယ်။ အပျော်ဆုံးကတော့ နှင်း ဖြစ်နေခဲ့တယ်။

………………………………………………………


ရက်တွေက နှစ်တွေကို ပြောင်းခဲ့တယ်။ အသက်ကြီးလာတဲ့ အဖေ့ရဲ့ ကျန်းမာရေးလဲ ဆိုးလာတော့ အဖေ့ကို သီးသန့် လူနာဆောင်မှာဆေးကုဖို့ ထားရတဲ့ အထိ ဖြစ်လာခဲ့တယ်။

တစ်ရက်တော့ ထူးထူးခြားခြား ကျနော့်ကို တစ်ယောက်တည်း စကားပြောခွင့် တောင်းခံခဲ့တယ်။ အဲဒီနေ့က ကြည်လင်နေတဲ့ အဖေ့မျက်နှာကို နောက်ဆုံး တွေ့လိုက်ရတဲ့ နေ့တနေ့ပါပဲ။

“သား..အဖေမသေခင် သားကိုမှာခဲ့ပြောခဲ့ချင်တယ်”

“အဖေ့သားအတွက်ဆိုမပူနဲ့ အဖေ... ဖြစ်လာမှာပါ”

“အင်…မင်းအဖေ့ကိုစိတ်ဆိုးနေလား…”

”မဆိုးပါဘူးအဖေ..ဒါတွေပြောမနေပါနဲ့ တော့..အဖေကျန်းမာအောင်သာနေပါ…”

“အဖေ့သားအတွက် လဲစိတ်မပူပါနဲ့ ..”

“သားကိုအဖေချစ်တယ်ဆိုတာ သားသိလား”

“သိတယ်အဖေ…ဒါပေမယ့်…..”

အင်း……..အဖေရှည်ရှည်ဝေးဝေး တော့မပြောချင်ဘူး… အဖေ့ဘဝမှာ သားတစ်ယောက်တည်းကိုပဲ ပုံအော ချစ်ခဲ့တဲ့ အချစ်ကိုနားလည်မယ် ဆိုရင် သားရဲ့ သားကို ချစ်ပါလို့ အဖေမှာခဲ့ချင်တယ်… အဖေ့ဘဝမှာသားတစ်ယောက်ပဲရှိခဲ့တယ်… တစ်ယောက်တည်းကိုပဲ အရှက်နဲ့ လဲပြီးကာကွယ် တတ်တယ်ဆိုရင် သားတစ်ယောက်ရှိနေတဲ့ မင်းကလဲ အဖေ့လိုစိတ်မျိုးထားပါလို့ အဖေမှာခဲ့ပါရစေ…”

”ဟင်…အဖေဆိုလိုတာက….”

“ဟုတ်တယ်သား... မင်းမင်္ဂလာမဆောင်ခင် တစ်ပတ်အလို ညက ရေးရေးလေးမှတ်မိရင် သား သဘောပေါက်မှာပါ… မင်းအထင်လွဲခဲ့တဲ့အဖေဟာ မင်းကိုအရှက်ရစေမယ့် ဘဝက နေ အရှက်ချင်းလဲပြီးကာကွယ်ခဲ့တာ… အဖေမဖြစ်စေချင်တာ က အဖေမရှိတဲ့နောက်ပိုင်းမှာ သားကို သားမှန်းမသိဖြစ်ကျန်ခဲ့မှာကိုပါ..”

အဖေပြောမှအဲဒီညအကြောင်းကို ဇယ်ဆက် သလို…

အဲဒီညက အဖေ နေမကောင်းလို့ အဒေါ့် ယောကျားတူမကို အိမ်မှာခေါ်ထားတာ…

သူက တံခါးဖွင့်ပေးတဲ့ အချိန်… လူမှန်းမသိ အမူးလွန်… ပြီးတော့ အသိတရားတွေ ပျောက်….

ပြီးတော့ အမှားကို တာဝန်ယူခဲ့တဲ့ အဖေ့အပေါ် ပြစ်မှားတဲ့ စိတ်တွေ ..

ပြီးတော့…

……....

...............


ရင်ထဲက တလှိမ်လှိမ့်တက်လာတဲ့ အစိုင်အခဲ အလုံးကြီးက အဖေကိုကြည့်ရင်း မျက်ရည်အဖြစ်ရွာသွန်းဖို့ အားအင်မရှိလောက်အောင် ခန်းခြောက်နေရတာ… အဖေဖွဖွ ဆုပ်ကိုင်ထားတဲ့ ကျနော်လက်တွေက ရုန်းထွက်မရအောင် တင်းကျပ်နေတာတွေ….

အဖေ….အဖေ…..

အရာရာတိုင်းအတွက် သားတစ်ယောက်ရဲ့ ဘဝကို အရှက်နဲ့ လဲပေးခဲ့တယ်… သိက္ခာကိုကာကွယ်ပေးခဲ့တယ်…။

အဖေ့မျက်နှာတစ်လှည့် သားမျက်နှာတစ်လှည့်ကြည့်ရင်း ကျဆင်းလာမယ့်မျက်ရည်များကိုပိတ်ဆို့ ထားတဲ့ကြေကွဲစိတ်တွေဟာ နောင်တဆိုတဲ့အသိအောက်မှာ ပြားပြားဝပ်လို့…။

သားအတွက် ပေးဆပ်ခဲ့တဲ့အဖေရဲ့ ကျေးဇူး နဲ့ အရှက်တရားကတော့ ဟင်းကနဲဆိုတဲ့ သက်ပြင်းရှည်ရှည်အောက်မှာ ဆွံ့အလို့….။


ကြည်လင်စွာ ပြုံးပြနေတဲ့ အဖေ့အပြုံးကို ဖတ်နိုင်ခွင့် ရခဲ့တာ သားမှလွဲပြီး ဘယ်သူရှိနိုင်မှာလဲအဖေ။

အဖေ ဘဝသစ်မှာ ကြည်လင်စွာ ပြုံးနေနိုင်အောင် သားကြိုးစားမှာပါ အဖေ။




ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Monday, 1 March 2010

လေလှိုင်းပေါ်က ဘလော့ဂါ ဖိုးစိန် အင်တာဗြူး (၂)

လေလှိုင်းပေါ်က ဘလော့ဂါ ဖိုးစိန် အင်တာဗြူး(၁) (ဒီမှာကလစ်နှိပ်ပါ)

သာယာသော ညနေချမ်း အချိန်ခါသမမှာ အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ ကြပါစေရှင့်…။


ယခု နားသောတ ဆင်နေကြသော ဘလော့ဂါ ပြည်သူ ပြည်သားအပေါင်း ပျော်ရွင်ငြိမ်းချမ်းမှု အပေါင်းခညောင်းပါစေလို့ ပြည်သူ့ အချစ်တော် ပေါ်ပြူလာ ဘလောဂါ မင်းသားချောလေး ဖိုးစိန်ရဲ့ မောင်ချစ်သောချစ်ချစ် ၊ချစ်ချစ်ချစ်သော မောင့်ချစ်ချစ် ချစ်မက်မက်က ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်…။


အားလုံးကို အာဘွားတစ်သိန်း ပေးပါတယ်ရှင့်…။


ယခုလို ညနေချမ်း ခါသမမှာ အရင်တစ်ပတ် ကလိုပဲ အောင်မြင်ကျော်ကြား လူချစ်များသော ပြည်သူ့ အချစ်တော် ပေါ်ပြူလာ ဘလောဂါ မင်းသားချောလေး ဖိုးစိန်ရဲ့ ဒုတိယပိုင်း အင်တာဗြူးအစီအစဉ်ပဲ ဖြစ်ပါတယ်ရှင့်…။


ပထမပိုင်းမှာ စကားမပြောလိုက်ရလို့ ဖုန်းကိုဆောက်ချ
ပြီး ငိုကြီးချက်မနဲ့ အိမ်ပြန်သွားကျတဲ့ ညီမလေးများ….



ဖိုးစိန်အသံကို ကြားချင်လွန်းလို့ ဖုန်းစောင့်ရင်း အိပ်ပျော်သွားကြတဲ့ အကိုကြီး၊ အမကြီးများ….


ဖိုးစိန်ကို သည်းသည်းလှုပ် ချစ်ကြတဲ့ ဆယ်ကျော်သက် ကောင်မလေးများ…ကို ဒီနေရာက တောင်းပန်ရင်း ဒုတိယပိုင်း အစီအစဉ်မှာ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်…။


အထူးအစီအစဉ် တစ်ရပ်အနေနဲ့ စကာင်္ပူက ဘလော့ဂါတွေနဲ့ တွေ့ဆုံမှု အစီအစဉ်များကိုပါ မေးမြန်းသွားမှာ ဖြစ်ပါတယ်ရှင်…။


အင်တာဗြူး မစခင်မှာတော့ ပရိတ်သတ်များ ကြားချင် သိချင်နေမယ့် မေးခွန်းတစ်ချို့ကို မေးရင်း အစီအစဉ်လေးကိုစတင်မှာ ဖြစ်တဲ့အတွက် ရင်ခုန်စွာ ဖုန်းခေါ်ရင်း ပြည့်သူ့အချစ်တော် ဘလော့ဂါ ဖိုးစိန်နဲ့ လေလှိုင်းပေါ်မှာ ပျော်ရွင်စွာ စကားပြောနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင့်…။


ကျေးဇူးတင်ပါတယ်ရှင့်…။


ချစ်ချစ်ချစ်တဲ့မောင်၊ မောင်ချစ်တဲ့ချစ်ချစ်ရဲ့မောင်ရေ…. ခုလိုပထမဆုံးအကြိမ် အဗြူးခံရတဲ့ အတွက်စိတ်ထဲဘယ်လိုခံစားရလဲ ဆိုတာ……”


“ချစ်ရယ်… မောင်က ချစ်ချစ်ချစ်တဲ့မောင်လေကွာ… မောင်က ခုလို ဘလော့ဂါ ဖြစ်ရတာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါတယ်… ဖိုးစိန် ဆိုနာမည်ကြားရင် ဘလော့လောက တစ်ခုလုံးသိတာ.. ဖိုးစိန်စာရေးကောင်းတာ… ဖိုးစိန် တော်တာ… ဖိုးစိန်ကိုချီးကျူးကြတာ… ဖိုးစိန်ကို သည်းသည်းလှုပ် ချစ်ကြတာ တွေက ဖိုးစိန်ကို ဘယ်သူမှ မပြောပဲ ဖိုးစိန်ကိုယ်တိုင် ပြောပြီး ကိုယ့်ဘာသာ ကိုယ် စိတ်ထဲက သိနေတာ ဘယ်လောက်ဂုဏ်ယူစရာ ကောင်းလဲ ချစ်ရာ…. ”


“ဟုတ်ပါပီး… တကတည်း… မေးဖြင့် မမေးရသေးဘူး.. အကဲဆတ်နေလိုက်တာ… ဒါနဲ့
ဖိုးစိန် ဆိုတဲ့ ပေါ်ပြူလာ ဘလော့ဂါတစ်ယောက် ဖြစ်အောင် ဘယ်လို ကြိုးစားခဲ့ရသလဲဆိုတာ ပရိတ်သတ်များသိအောင် ပြောပေးပါလား ချစ်ချစ်ချစ်တဲ့မောင် ရှင့်…။”


“အင်းပေါ့နော်… ပြောရရင် ရှည်တယ်ပေါ့နော်… အတိုချုံးပြောရရင်တော့ တိုနေမယ်ပေါ့နော်… အဓိက ကပေါ့နော်… ဖိုးစိန်ကိုပေါ့နော်… သိကြတယ်ပေါ့နော်… ချစ်ကြတယ်ပေါ့နော်… စာရေးဖို့ အားပေးကြတယ်ပေါ့နော်… ပေါ်ပြူလာဖြစ်တယ်ပေါ့နော်… ဖိုးစိန်လဲမြောက်တယ်ပေါ့နော်… ဒီလိုနဲ့ ပေါ့နော်… ဖြစ်လာတယ်ပေါ့နော်.. ပေါ့နော်… ဒီပေါ့နော် ကလည်း ဇက်ပိုစ့်ကနေ ကူးချထားတယ်ပေါ့နော်… ပေါ့နော်.. ”



“ပေါ့နော်ရေ (အဲ) မောင်ရေ… ရပြီးပေါ့နော်… တော်သင့်ပြီပေါ့နော်… ဆက်မေးနေရင် ဆက်ကြွားနေတော့ ပေါ်ကုန်တော့မှာပေါ့နော်… ဒါကြောင့် ခုချိန်ကစပြီး ဖိုးစိန်ကို သည်းသည်းလှုပ်ချစ်ကြသူများ လေလှိုင်းပေါ်ကနေ စကားပြောမယ့် အစီအစဉ်လေးကို စတင်လိုက်ပါတယ်ရှင့်….။”


တီ…. တီ….တီ….


“ဟလို… အကို.. ကိုဖိုးစိန်နော်… ကျနော် ရာတမေ ပေါက်ပေါက် ပါ”


“အေး… ပြော… ညီလေးပေါက်ပေါက်”


“ပြောချင်တာက အကို့ ဘလော့ကို မကြိုက်လို့ လာမဖတ်ဘူး ဆိုတာကိုပါဗျ”


“ဟမ်…. ညီလေး ဘာများမကြိုက်… ကြိုက်...”


“ဘာမှ ကို မကြိုက်လို့ လာမဖတ်တာ သိစေချင်ယုံသက်သက်ပါ အကို… ဒါပဲနော်… ဟဲဟဲ.. အရသာရှိထှာ… အားတော့နာပါတယ်ဗျ”


ဂွပ်



တီ…. တီ….တီ….


“ဟလို… အမိန်ရှိပါ… ကျနော် ပေါ်ပြူလာ ဘလော့ဂါ ဖိုးစိန်ပါခင်ဗျ….”


“မင့်က ဖိုးစိန်လား… ခုပြောနေတာ ငါကွ”


“ဟုတ်ကဲ့ ပြောပါ…ဦး…. ”


“ဘာာာာာာာ… ဘာ..ဥတွေ ဦးတွေ မလုပ်နဲ့ ငါက မင့်အမေ့လင် မင်းအဖေ ထွန်းမြင့်ကွ”


“ဗျာ…ဖေဖေ လားး… အဲ… ဘာလို့ဆက်”


“အေးကွ… မင်းကွာ.. အိမ်ကို တစ်လတစ်ခါ ဖုန်းမှန်မှန် မဆက်တဲ့ကောင်က အွန်လိုင်းပေါ်မှာ ဖွန်ကြောင်ပြီး အင်တာဗြူးသလေး ဘာလေးနဲ့… ဘာ ပေါ်ပြူလာလဲ… ဘာ ဘလောဂါလဲ… မင့်ကို မင်း ဂုဏ်ယူနေတယ်… မင့် အဖေ ထွန်းမြင့် ရပ်ကွက်လူကြီးဆိုတာ မင်း ထည့်ပြောသလား…”


“ဟင်အင့်”


“မင့်ကို တစ်သက်လုံးကျွေးမွေးထားတာ ကျောင်းထားပေးတာ၊ ကုန်ကုန်ပြောရရင် မင်း အဲလိုစာရေးနိုင်ဖို့ နိုင်ငံခြားပို့ထားပေးတာ မင့် ထည့်ပြောသလားးးးးးး…”


“အဲ… မပြောမိ....”


“မင့်ကွာ မွေးရကျိုးမနပ်ဘူး… ကျေငြာလိုက်စမ်းပါ… မင့် အဖေဘယ်သူဆိုတာ ရဲရဲကြီး ပြောပြလိုက်စမ်းပါ… ဒီမှာနားထောင်း ပြီး အားမလို အားမရနဲ့ မင်းကို စောင့်ကြည့်နေတာ အဟုတ်မထင်နဲ့… မင်းနာရင်းအုပ်ခံရမယ်… မင့် အမေဆက်ပြောမယ်… ”


“အဲ… ဟုတ်….ကဲ့ ဖေဖေ…”


“သား…သားအဖေ ပြောတာတွေ ခေါင်းထဲ မထည့်နဲ့… သားအဖေက ဒီလိုပဲ ပြောတတ်တယ်ဟုတ်… သားလုပ်ရမှာက ဘယ်သူမေးမေး မမေးမေး မေ့မေ့ အကြောင်းကို ထည့်ပြောပေးနော်…မေမေ ငယ်ငယ်က လှကြောင်း… ကြိုက်တဲ့သူများကြောင်းပေါ့… ကြွားသလို မဖြစ်စေနဲ့နော်… မေမေငယ်ငယ်က ဘယ်လိုသင်ထားလဲ မှတ်မိတယ်ဟုတ်….”


“ဟုတ်.. မေမေ… သားက မကြွားတတ်ပါဘူး… လူတိုင်းသိပါတယ်… သားတို့ဘယ်လောက် ချမ်းသာတယ် ဆိုတာမျိုးပေါ့…”


“အေးကွယ်… ဒါမှ မေ့မေ့သား… ပိုပိုသာသာကြွား… အဲလေ… ပိုပိုသာသာပြော.. ပြီးတော့….”


ဂွပ်
(ဝူး… ၃ မိနစ်နဲ့ လိုင်းကျသွားတာ မြန်ပေလို့ပေါ့)


တီ…. တီ….တီ….

“ဟလို… သယ်…ရင်းး… ဖိုး… ချစ်…လားး…..


........ဝါးးးးး…. ငါ ရီနိုလေ”


“ဟင်… သယ်ရင်း ရီနိုမာန် … မင်း …မင်း.. ငိုက်နေတာလား.. ခုမှ နိုးတာလား”


“အေးကွာ.. ငါလဲ မင်းကိုခေါ်ဖို့ ဖုန်းစောင့်ရင်း အိပ်ပျော်သွားတာ… ခု မှ နိုးလို့ ခေါ်လိုက်တာ… နေအုံး… မင်းငါ့ကို မင်းကောင်းကြောင်းတွေ ရွေးပြောဖို့ ဖုန်းခေါ်ခိုင်းတဲ့ နာမည်က ငါမေ့နေလို့ မင်းကို ခုပြန်မေးတာ… ပြီးရင်း အဲဒီနာမည်နဲ့ ခေါ်ပြီး မင်းကောင်းကြောင်းတွေ ပြောပေးမယ်ကွာ… နော်.. ခုပြောကွာ.. ငါပြန်ခေါ်မယ်…”


“မင်းကွာ… မမှတ်ထားဘူး… ပေါ်ကုန်တော့မယ်… မင်းနာမည်ဝှက်က ဟာနုမာ လေကွာ..”


“အေးကွာ… ဆောရီးသယ်ရင်း… ဘယ်သူမှ မသိစေရပါဘူး… ဟာနုမာဆို ငါနော်… ဒါပဲ”


ဂွပ်


တီ…. တီ….တီ….

“သဲ….. ကို ပါ”

“ဟင်”

သဲနော်… ကို လစ်တဲ အိန္ဒိယ မှာ စောင့်နေမယ်ကွာ... နော်”

“ဘယ်က သဲတွေ ကိုတွေလဲ… သဲလဲ မဟုတ်ဘူး.. ကိုလဲ မဟုတ်ဘူး… ဖိုးစိန်ကွ”

“အဟေးဟေးးး… ကိုဖိုးစိန်လား… ကျတော် တောင်ပေါ်ပါ… အင်တာဗြူးက ဘာထူးသေးလဲ... ကျတော်က သဲဆီဆက်တာ… ကိုဖိုးစိန်နဲ့ ဘယ်လို လိုင်းပူးသွားလဲ မသိဘူး… လိုက်ခဲ့လေ လစ်တဲ အိန္ဒိယ ကို သဲနဲ့ တူတူ….”

“သေအုံးမယ်… တောင်ပေါ်သားတော့”

“ဆောရီး… သဲ (အဲလေ) ကိုကို … အဟေးးးဟေးးး”

ဂွပ် (ငါ့နှယ်နော်)

တီ…. တီ….တီ….

(ဘုရား သကြား မ ပါ) “ဟုတ်ကဲ့… ကျနော် ဘလော့ဂါ ဖိုးစိန်ပါ ခင်ဗျာ..”

“ဟဲ့… မသာ… ငါ… ခင်ဖြိုးဟဲ့… လန့်သွား သလား ဟင်းးး.. ဟင်းး… ဟင်းးး ”

“ဟမ်.. နင်က ဘာကိစ္စ…”

“ဘာကိစ္စ.. ဟုတ်လား.. စားပြီးနားမလည် မလုပ်ပါနဲ့… ငါဆီက ချေးထားတဲ့ ငွေတွေ ပြန်ပေးတော့… ယူထားတာလဲ နှစ်ချီပေါ့… နင့်အကြောင်းတွေ မပေါ်ခင် ငါ့အကြွေးလာပေးပါ ”

“နင်ကလည်း… ဒီနေရာကနေ တောင်းစရာလားဟာ”

“အေး… နင့်ဖုန်းခေါ်တာ မကိုင်လို့ ဒီကနေ တောင်းတာ…”

“နင်ကလည်း ငါအလုပ်ကြီး အကိုင်ကြီး လုပ်နေတာပါ”

“ငယ်ပေါင်းတွေပါအေ… အံ့ပါရဲ့အေ… အကြွေးတွေ ဝိုင်းနေတာတောင် မာန်တက်ပြီး ဖုန်းနဲ့အဗြူးခံရဲသေးတယ်… အားရပါတယ် သူငယ်ချင်းရယ်.. ဘလော့ဖတ်တဲ့သူတွေကို နင့်နာမည်မေးတော့ မသိဘူးတဲ့… သိတဲ့သူတွေက မကြိုက်ဘူးတဲ့… အားရစရာပါလား… အဟတ်… ကြုံလို့ ပြောတာနော်.. ငါ့အကြွေးလာဆပ်ပါ... အဟတ်”

ဂွပ်..

ချစ်ချစ်ချစ်တဲ့မောင် မောင်ချစ်တဲ့ချစ်ချစ်ရဲ့မောင်ရေ… ဒီအင်တာဗြူးကို ဒီမှာတင်ပဲရပ်လိုက်ကြရအောင်နော်... ဒါနဲ့ စကာင်္ပူမှာ ဘလော့ဂါတော်တော်များများနဲ့ တွေ့ဆုံခဲ့တယ်နော်… ဘယ်လိုတွေ တွေ့ဆုံပြီး ဘယ်လိုစာပေတွေ ဆွေးနွေးတယ်ဆိုတာ ပရိတ်သတ်ကြီး သိအောင် ပြောပြပါလား ရှင့်…။

“ဟုတ်ကဲ့… ကျနော်ပေါ့နော်…. စကာင်္ပူကျွန်းပေါ်က ဘလော့ဂါ တော်တော်များများနဲ့ တွေ့ဆုံခဲ့တယ်ပေါ့နော်… အရက်ကြိုက်တဲ့သူကို အရက်ဝယ်ပေး… ကွမ်းကြိုက်တဲ့သူကို ကွမ်းဝယ်ကျွေး… လက်ဖက်ရည် ကြိုက်သူကို လက်ဖက်ရည်တိုက်နဲ့ ဘီယာကျနော် နေ့မအား ညမနား စစ်တီးဟောမှာ စတည်းချ ဆွယ်တရားဟောတယ်ပေါ့… ပြီးတော့… ဘလော့ဂါတွေနဲ့ တွေ့ရာ လမ်းဘေး အစည်းအဝေးလုပ်ပြီး အရေမရ အဖတ်မရတွေ ပြောတယ်ပေါ့… (၃) ရက် တရားစခန်းကို အီးစ် ကုတ်မှာလုပ်တယ်… ပါဆယ်ရစ်စ် မှာ ရန်တွေဖြစ်တမ်းကစားကြ စိတ်ကောက်ကြ… ကျနော့် အခေါ်ပေါ့ ချီးပေါက်ကျနဲ့ ပျော်စရာတော့ကောင်းတယ်ဗျ… ဒီထက်ပိုတာက ကျနော်သင်ပေးတဲ့ ဂရိစကားတွေတောင် ဘလော့ဂါတစ်ချို့ ပါးစပ်ဖျားမှာ စွဲလို့ပေါ့….

အိုး… ဘာတဲ့… ကျနော်က “နပ် မွတ် ရေး ” လို့ ပြောရင် သူတို့က “ ဂါမိုးတိုး ရှီးစတိုး မိုနာလီဇာ ” တဲ့… သေချာတာက သူတို့ ဂရိတွေကို ကောင်းကောင်းဆဲတတ်နေပြီပေါ့လေ”

ဟုတ်ကဲ့ရှင့်… နာမည်ကြီးတဲ့ စာရေးသူ ဘလောဂါ တစ်ချို့နဲ့ ခင်မင်တယ် လို့ ကြားတယ်… အဲဒီအပေါ် ခံစားချက်လေး များရှိရင်”

“ဟုတ်ကဲ့ခင်ဗျ… အများအခေါ် ကျီးနဲ့ ဘုတ်ပေါ့နော်… သူတို့က နာမည်ကြီးပြီးသားဆိုတော့ ကျနော်လဲ နာမည်ကြီးသွားတယ်ပေါ့နော်… ဒီလိုပဲ မြင်ကြတယ်ပေါ့… ဘာကြောင့်လဲ ဆိုတော့ မသိဘူးပေါ့လေနော်.. ကျနော့်အထင်တော့ ကျနော်သာ နာမည်ပိုကြီးသင့်တယ်ပေါ့… ဥပမာ ကျနော် တနေ့ ကဗျာ (၆)ပုဒ်လောက် မစဉ်းစားပဲ ရေးနိုင်တယ်ပေါ့နော်… နာမည်ကြီးတဲ့ သူတွေကတစ်ပုဒ်ကို (၆) လလောက် ရေးရတယ်လို့ ကြားတယ်ပေါ့နော်.. အဲလိုကွာပါတယ်.. ကျနော်ပိုတော်တယ်လို့ ထင်မိပါတယ်… ”

“သြော်.. လေးစားစရာကောင်းတယ်နော်… အဟင်းးး”

“ဟုတ်ကဲ့ရှင်… အခုဆိုရင် ပေါ်ပြူလာ ဖြစ်ရတဲ့ ဘလော့ဂါ ဖိုးစိန်ရဲ့ ကိုယ်ဂုဏ် ကိုယ်ဖော် အကြောင်းကို အားရပါးရ သိခွင့်ရလို့ ပရိတ်သတ်ကြီး ကျေနပ် အားရ လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ရှင့်။ နောက်နောင် အလှည့်ကြုံလို့ အခွင့်ရရင် ဆက်လက် ဗျူးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးရင်း မင်္ဂလာ ညချမ်းပါရှင်…။

အားလုံးကို အာဘွား တစ်သိန်းပါရှင်….။

ကျေးဇူးတင်ပါတယ်ရှင့်…။


တူနယ်တယ်နယ်ဗြောင်…. တူနယ်တယ်နယ်ဗြောင်…. တူနယ်တယ်နယ်ဗြောင်….


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်


ကျနော်ချစ်တဲ့ မောင်နှမ နာမည်တွေကို ယူသုံးထားတဲ့ အတွက် စိတ်မဆိုးလောက်ဘူးထင်ပါတယ်နော်… ပျော်ရွင်စေလိုခြင်းသက်သက်ပါ….