Sunday, 30 May 2010

မိသားစုဆိုတာ

မိသားစု ဆိုတာ.....


မောင်နှမ ဆိုတာ....


ဆွေမျိုးသားချင်း ဆိုတာ....


အဆင်ပြေ ချစ်ခင်နေကြတုန်း ဆိုရင်လေ....။


............................................................

မိသားစု ..... ဆိုတာ..

မောင်နှမ..... ဆိုတာ..

ဆွေမျိုးသားချင်း.... ဆိုတာ..

အဆင်မပြေတုန်း ခဏ ဆိုရင်လေ.....။


...........................................................


ဖေဖေက ပြောတယ်။ မိန်းမကို ဘယ်လောက်ပဲ မြတ်နိုး ချစ်ချစ်။ သားသမီးကို ဘယ်လောက် တွယ်တာ ချစ်ချစ်။ ကိုယ်ပိုင်စီးပွားရေး အတွက် ဘယ်လောက်ကြိုးစား ကြိုးစား။ ကိုယ်နေတဲ့ မိသားစု ကြီး နွေးထွေး ချစ်ခင်အောင် ဘယ်လောက်ပဲ သံယောဇဉ်တွေနဲ့ ဆောက်တည် ထားထား...။ အိမ်မှာ ဇွန်းတချောင်း ကျပျောက်သွားတာ ကိုတော့ အရေးလုပ်ပြီး တာဝန်မယူနိုင်ပါဘူးတဲ့။ ဇွန်းပျောက်သွားတဲ့ အတွက် အဖေ့ကို အရေးလုပ်ပြီး မတိုင်ကြပါနဲ့။ အဖေ့တာဝန်မကင်းဘူးလို့ မညည်းညူကြပါနဲ့တဲ့။ အဲသလို ညည်းညူ ပြစ်တင်မိလို့ အဖေ ဒေါသများထွက်ခဲ့ရင်.................


အဖေပြောတာကို စဉ်းစားမိလိုက်တယ်။ တွေးမိလိုက်တယ်။ ကျနော့်တို့ မောင်နှမ သုံးယောက် တွေးပုံခြင်း ကတော့ မတူညီခဲ့ပါဘူး။ ခုလဲအတွေး တခု ရသွားလို့။


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Wednesday, 26 May 2010

Phoesein and his artistic life of A to Z


A for anger

ဖိုးစိန်ဆိုတဲ့ နာမည်နဲ့ တွဲပြီး သိလိုက်ရင် ဖိုးစိန်က ဒေါသကြီးတယ်။ စိတ်ကြီးတယ်။ ဒေါသထွက်လွယ်တယ်။ မျက်နှာကြောမာတယ် ဆိုတာပါပဲ။ လမ်းသွားရင် မပြုံးမရယ် အမြဲဒေါသထွက်တဲ့ မျက်နှာကိုပိုင်ဆိုင်ထားတဲ့သူ ဆိုပါတော့။ ဘယ်တုန်းကမှ ပြင်မရခဲ့။ သိချင် MRT တူတူလိုက်စီးမလား။

B for bully


အိမ်မှာ အကြီးဆုံး။ ခေါင်းအမြဲကိုက်တာကို အကြောင်းပြပြီး အငယ်တွေကို နိုင်စားနေတာ။ အိမ်မှာ ခွင့်လွှတ်ထားသမျှ အကျင့်ကပါပြီး အခုထိ အကြီးတွေ အငယ်တွေ၊ သူငယ်ချင်းတွေကို အနိုင်ယူ ဗိုလ်ကျနေတုန်း။ ခံနေရတဲ့သူတွေက သိရက်နဲ့ ခံနေရတော့ တခါတလေ လိမ်မာချင်ပါတယ်။ သို့ပေမယ့်…..ဗိုလ်ကျခွင့် ရလို့ ဆိုးတာပဲ။ အကြောင်းကိစ္စထွေထွေ ထူးထူး မရှိ။

C for curiosity


ဖိုးစိန် စပ်စုတယ်။ လူတိုင်းသိတယ်။ ဟိုနေရာလဲ စပ်စပ် စုစု။ ဒီနေရာလဲသိ။ ဟိုကိစ္စလဲပါချင်။နေရာတကာ မသိတာ မရှိ။ မသိတာကိုလဲ သိအောင်လုပ်တယ်။ သိနေတာကိုလဲ စူးစူးစမ်းစမ်းသိချင်တယ်။ သူများတွေ စပ်စုတယ်ပြောတာ လုံးဝ မကြိုက်။ ကိုယ်တိုင်ခံယူထားတာက စူးစမ်းလေ့လာတယ်။ ဆင်ခြင်လို့ရအောင်။

D for doubt


If in doubt, don’t.

တခုခုကို စိတ်ထဲက သံသယ ရှိတယ်။ မယုံကြည်တော့ဘူး ဆိုရင် ဘာမှ လုပ်လေ့မရှိဘူး။ ဘယ်လောက်ပဲ အရေးကြီးနေပါစေ။ စိတ်ထဲ မရှင်းရင် ပြစ်ထားတတ်တယ်။ စိတ်ထဲမှာ ရှင်းနေအောင်ထားပြီး တကယ်စိတ် ရှင်းနေမှ အကြောင်းအရာ ခိုင်လုံမှ ၊ကိုယ်တိုင်ခံစားသိမြင်ခွင့် ရမှ မှားမှားမှန်းမှန် လုပ်လေ့လုပ်ထရှိတယ်။ ဘယ်သူ့ကိုမှ သံသယ စိတ်နဲ့ မကြည့်ချင်ဘူး။ ပင်ပန်းလို့။

E for escape


တစုံတယောက်ကြောင့် ဖြစ်စေ၊ တစုံ တခုကြောင့် ဖြစ်စေ စိတ်ကျဉ်းကျပ်မှုတွေ များလာတဲ့ အခါတိုင်း အမြဲတမ်းလွတ်မြောက်ဖို့ နည်းလမ်းရှာတယ်။ လွတ်မြောက်အောင် ကြိုးစားတယ်။ တခုခုကို အာရုံပြောင်းတတ်တယ်။ ဥပမာ ဒေါသထွက်ခြင်း၊ တခုခုကို ပြစ်ပေါက် ရိုက်ခွဲခြင်း၊ ဆွဲကိုက် ထိုးဖြတ်ခြင်း။ ဒီလိုနည်းတွေနဲ့ ထွက်ပေါက်ပေးပြီး လွတ်မြောက်မှုကို ရှာတယ်။ အဲလိုလွတ်မြောက်သွားရင် စိတ်က တည်ငြိမ်သွားရော။ အဲလိုထွက်ပေါက်မရမခြင်း၊ မလွတ်မြောက်မခြင်း စိတ်တွေရှုပ်ယှက်ခတ်ပြီး ဒေါသကြီးနေတတ်တာ တစ်ခုပဲ။

F for fussy

ဖိုးစိန် ဂျေးများတယ်။ ဇီဇာကြောင်တယ်။ ကိုယ်တိုင်လုပ်ရမှ ကောင်းတယ်လို့ထင်တယ်။ သူများလုပ်တာ ကိုင်တာ အားမရဘူး။ သဘောမကျဘူး။ တစ်ခုခုကို ရွေးရင် စိတ်တိုင်းကျမှ၊ စိတ်ထဲက နှစ်လိုမှ ရွေးချယ်တတ်တယ်။ တခုခုကို အသေးစိတ်ကျကျ လုပ်တတ်တယ်။ သူများလုပ်တာလောက်နဲ့ မပြီးသေးပဲ အနောက်ကနေ ထပ်ထပ်ကွန့်တယ်။ ဒါလဲ စိတ်တိုင်းကျကို မရှိသေးဘူး။ ဒါကြောင့် ကိုယ်တိုင်က ပင်ပန်းတယ်။ ဒါပေမယ့် ကိုယ်လုပ်တာ ကိုယ်အကောင်းဆုံးလို့ပဲထင်တယ်။

G for gourmet


ဖိုးစိန် အစားကောင်း ကိုကြိုက်တယ်။ ကောင်းတဲ့အစားတွေကိုလဲ သေချာလေ့လာ မှတ်ပြီးချက်စားတယ်။ တော်ရုံအစားစာကို ပါးစပ်နဲ့တွေ့လေ့ မရှိဘူး။ အရသာခံစားတတ်တယ်။ မကြိုက်လို့ကတော့ ဘယ်သူ့ရှေ့မှာဖြစ်ဖြစ် ဟန်ဆောင်မစားတတ်သလို၊ ကြိုက်လို့ကတော့ ဟန်မဆောင်တမ်းကို စားတတ်တဲ့သူမျိုးပါ။ အစားကောင်း အသောက်ကောင်း ကြိုက်တယ်။

H for harmony

ဖိုးစိန် အကုန်လုံးနဲ့တော့ သဟဇာတ ဖြစ်အောင် နေပါတယ်။ လူတိုင်းနဲ့လားဆိုတော့ မဟုတ်ပါဘူး။ စိတ်ချင်းတူရင်၊ မရိုင်းရင်၊ ခံစားချက်ခြင်းတူညီတဲ့ သူတွေနဲ့ပေါ့။ ကိုယ်တိုင် ချစ်ခင် နှစ်သက်သူတွေနဲ့ပါ။ များများစားစားမရှိပါဘူး။

I for initiative


ဖိုးစိန် က ကိုယ်စွမ်းကိုယ်စ ရှိတဲ့သူ၊ ပင်ကိုယ်အရည်အချင်း ရှိသူ ကိုယ်ပိုင်ဥာဏ်နဲ့ တီထွင်နိုင်စွမ်းရှိတဲ့သူတွေကို အရမ်းအားကျတယ်။ လေးစားတယ်။ အတုယူတယ်။ ကိုယ်တိုင်လဲ ကိုယ်ပိုင် အစွမ်းအစနဲ့ အရည်အချင်းရှိတာကိုပဲ လိုချင်တယ်။ ကြိုးစားဆဲပါ။

J for Journey

ဖိုးစိန် ခရီးထွက်ရတာကို ကြိုက်တယ်။ စိတ်ညစ်တိုင်း၊ စိတ်အစာမကျေတိုင်း ခရီးထွက်ချင်နေတယ်။ ပိုက်ဆံများ ရှိလို့ကတော့ ကမ္ဘာပတ်လည်မယ် ဆိုတဲ့ စိတ်ကူးက အသားကျအောင် လက်ကိုင်ထားတုန်းပေါ့။

K for kitchen

ဖိုးစိန်နဲ့ အကျွမ်းဝင်ဆုံးနေရာ။ အချိန်အများဆုံး ပေးထားတဲ့နေရာ။ ဘယ်သွားသွား ဖိုးစိန်အမြဲ ပါဝင်ပတ်သက် ရတဲ့နေရာတစ်ခု။ အကျိုးလည်းပေးတဲ့ နေရာတစ်ခု။

L for loopy


ဖိုးစိန် တခါတလေ အမြဲလိုလို ဂေါက်ကြောင်တာ၊ အူကြောင်ကြောင်နိုင်တာ လူတိုင်းအသိ။ ကိစ္စကြီးကြီးမားမားတွေမှာ ပိရိသေချာသလောက်၊ မဖြစ်စလောက်လေးတွေမှာ အူကြောင်ကြောင် နိုင်လှတယ်။
ဖေဖေပြောဖူးတယ်။ ဖိုးစိန်တော်တယ်၊ တော်တယ်နဲ့ ယောင်းမမြင်းစီးထွက်တာ မဟုတ်ဘူးတဲ့။ လှော်တက်ဖင်ကြားထိုး ပြေးတဲ့ကောင်တဲ့။ အဖေပြောပြီး … င် တောင်ကြိမ်းသွားတယ်။

M for monkey


ဖိုးစိန်ကို တွဲပြီး သိကြတာ စိန်မျောက်မျောက်။ မွေးတဲ့ နှစ်ကလည်း မျောက်နှစ်ဖွား။ နေရာတကာ ဟိုစပ်စပ် ဒီစပ်စပ်။နေရာတကာ ပါချင်၊ သိချင်၊ တတ်ချင်။ မျောက်နှစ်ဖွားပီသပါတယ်။ မျောက်နှစ်ဖွားချင်း တူတာတောင် ကျနော်က ဆိုးမယ်ထင်တယ်။ မိုးကြီး၊ လေကြီး၊ အာရုံတက်ချိန်မွေးလို့ပေါ့။

N for naughty


ဖိုးစိန်က ပြန်ပြော နားမထောင်။ ဆိုဆုံးမလို့ မရ။ ဘုန်းကြီးတစ္ဆေ လိုမျိုး။ ဆိုးသွမ်း။ စိတ်မထင်ရင် မိုက်ရိုင်း။ ဆဲဆို။ တခါတရံ ဒုက္ခပေး။ naughty boy လို့ လူတိုင်းခေါ်တာ ခံရတဲ့သူ။ ဒုသား ပေသား ကျနေပါပြီး။ ပြင်လား ဆိုတော့ ဒီဂုဏ်ကို ထိန်းလာတာ (၃၀)ပဲ ပြည့်တော့မယ်။ လက်မလွှတ်ချင်ဘူး။

O for ouzo

ဖိုးစိန် အကြိုက်ဆုံးထဲက အကြိုက်တစ်ခု။ ဂရိပြည်လုပ် အရက်။ စမုံ့စပါးနံ့လေးသင်းလို့။ မသောက်ခင်လဲ မွှေး။ သောက်နေတုန်းလဲ မွှေး။ သောက်ပြီးတော့လဲ မွှေး။ အသောက်များပြီး အန်ရင်တောင် မွှေးမွှေးလေး။ စမုံ့စပါးနံ့လေး သင်းလို့ပေါ့။ ပြင်းလဲပြင်း သောက်လဲ သောက်ကောင်းတဲ့ အရက်ဖြူပါ။ ခုတောင်သောက်ချင်လာပြီး။

P for patient


ဖိုးစိန် မှာ ဖိုးစိန်ဒေါသနဲ့ မယှဉ် နိုင်လောက်တဲ့ စိတ်ရှည်မှု ရှိတယ်။ တခါတလေ လက်ဖျားခါရလောက်အောင် တခုခုကို စိတ်ရှည် သည်းခံလွန်းတယ်။ အစွန်းရောက်တယ်။ ဖေဖေပြောသလို ချစ်လာ ခင်လာပြီးဆိုရင် ခြေဖဝါးလေးပဲ နမ်းရ နမ်းရ၊ ခြေမှုန့်လေးပဲ ရှူရ ရှူ ရ အဲဒီလောက် စိတ်ရှည်သည်းခံတတ်ပြန်တယ်။ လူတိုင်းအပေါ်တော့ မဟုတ်ဘူးထင်ပါတယ်။

Q for quiet


ဖိုးစိန် တခါတလေ ဆိတ်ဆိတ်နေရခြင်း၊ တိတ်တိတ် နေရခြင်းကို ကြိုက်တယ်။ ဒေါသကြီးတဲ့သူမို့ ဒေါသကို ထိန်းတဲ့အနေနဲ့ တစ်ယောက်တည်း နှုတ်ဆိတ်စွာ ငြိမ်သက်အောင် အမြဲကြိုးစားတယ်။ အောင်မြင်တဲ့အခါ ရှိသလို မအောင်မြင်ပဲ ပေါက်ကွဲတာလဲရှိပါတယ်။ မတည်မြဲပါဘူး။

R for rudeness


ဖိုးစိန်အပေါ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလာတဲ့သူ၊ အကောက်ကြံဖို့ ချောင်းမြောင်းနေတဲ့သူတွေကို သူတို့ နည်းနဲ့ပဲ တန်ပြန် သက်ရောက်မှု ပေးတတ်တဲ့သူပါ။ ကိုယ်တိုင်ကတော့ အရင်မမိုက်ရိုင်းဘူး။ မိုက်ရိုင်းလာလျှင်လဲ သူတို့ထက် နှစ်ဆ မက ဆိုတာမျိုးပါ။

S for spoof

ဖိုးစိန် တစုံတခုကို ဟာသဖြစ်အောင် ယုံအောင် ပုံကြီးချဲ့ပြောတဲ့နေရာမှာ နှစ်ယောက်မရှိပါဘူး။ ဟာသလုပ်တယ်။ ချဲ့ပြောတယ်။ ရယ်စရာဖြစ်အောင်လုပ်တယ်။ ဒါတွေက ကိုယ်ချစ်တဲ့ ခင်တဲ့ သူတွေရှေ့မှာ မှ ထုတ်ဖော်လုပ်ပြလေ့ ရှိတယ်။ သူ့တို့တွေ သိသိကြီး အလိမ်ခံရပေါင်းလဲ များပေါ့လေ။ ဒါပေမယ့် ပျော်ကြ၊ ကျေနပ်ကြရင် ပြီးတာပဲ မဟုတ်လား။

T for tough

ဖိုးစိန် ခေါင်းမာတယ်။ အရေထူတယ်။ ပြောမရ ဆိုမရ လို့ ပြောချင်ပြော။ မှန်နေလို့ ငြိမ်ခံနေမယ်။

U for unfeigned


ဖိုးစိန်ကြိုက်ရင်ဖြစ်ဖြစ်၊မကြိုက်ရင် ဖြစ်ဖြစ်၊ ဒေါသထွက်ရင် ဖြစ်ဖြစ် ဟန်မလုပ်ထားနိုင်ဘူး။ ပွင့်ပွင့်လင်းလင်းကို ကြိုက်တယ်၊ မကြိုက်ဘူး ပြောတယ်။ တခါတလေ မကောင်းပေမယ့် စိတ်က ဟန်မဆောင်နိုင်ဘူး။ ဘွင်းဘွင်းပဲ။

V for vodka


အကြိုက်ဆုံးထဲက နောက်ထပ် အကြိုက်ဆုံး ရှရှားအရက်။ သူလဲ မွှေးတာပါပဲ။

W for warmness


ဖိုးစိန် အလိုအပ်ဆုံး၊ အလိုချင်ဆုံး မိသားစု၊ ညီအကို မောင်နှမလို နွေးထွေး ကြင်နာမှူ၊ ကူညီဖေးမမှု။ နွေးထွေးသော သံယောဇဉ်။

X for x –factor

ဖိုးစိန်အကြိုက်ဆုံး TV program တစ်ခု။ စွဲစွဲ မြဲမြဲ ကြည့်တယ်။ အရမ်းကြိုက်တယ်။

Y for yoghurt

ဖိုးစိန် အရမ်းကြိုက်၊ အသားကုန်ကြိုက်။

Z for zeal

ဖိုးစိန် ဘယ်အရာကိုမဆို စိတ်အားထက်သန်စွာလုပ်လေ့လုပ်ထရှိတယ်။ တခါတလေ တယူသန်ဆန်တယ်။ မှားမှားမှန်မှန် စိတ်အားထက်သန်စွာ လုပ်တတ်လွန်းလို့ အစွဲကြီးစွာ လုပ်တတ်လွန်းလို့ မှားပေါင်းလဲများပေါ့။

မကြီးရေ…. တခြားသူတွေက A to Z ကို ကဗျာတွေ အသွင်ပြောင်း၊ ရုပ်ရှင်တွေ အသွင်ပြောင်း၊ တကယ့်ကို အနက်အဓိပါယ် ပြည့်စုံ စွာ စိတ်ဝင်စားစရာကောင်းအောင် ရေးပေမယ့် မကြီးမောင် ဖိုးစိန်ကတော့ တမူထူးခြားအောင် ကိုယ့်ဂုဏ်ပဲ ကိုယ်ဖော်လိုက်ပါတယ်နော်။ မကြီး ပြုံးရယ်တာမရရင်တောင် အနည်းဆုံး ဆူပူကြိမ်းမောင်းတာတော့ ခံရမယ်လေ။

မကြီးကျေနပ်ပါတယ်နော်။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်



ပျော်စရာမွေးနေ့လေး နောက်ဆက်တွဲ



မနေ့ကည (၈)နာရီ အကြောင်းဆက်ပါမယ်။

ကိုကို မိုးကုတ်သားက သွေးလှူပြီးကာစမို့ မူးဝေနေသလို ဖြစ်နေပါတယ်လို့ (၈)နာရီ ထိုးခါးနီး အိမ်ပြန်လာချင်လို့ ဖုန်းဆက်တယ်။ မူးဝေတာထက် သူ့ကို ဂရုမစိုက်တဲ့ သူများတယ်ဆိုတော့ စိတ်မကောင်းဖြစ်ပြီး မူစီကလီ လုပ်တာပေါ့။ ကျနော်ကတော့ ကျောင်းကနေပြန်မလားသေးဘူး။ အိမ်မပြန်လာနဲ့။ ဘူးဂစ်ကို လာခဲ့မယ်လို့ ပြောလိုက်ပါတယ်။ လူမစုံသေးတော့ မခေါ်ချင်သေးပါဘူး။ သွေးအားနည်းနေတာကို သိပေမယ့် ဘူးဂစ်မှာ ချိန်းထားတဲ့ အကိုနဲ့က အချိတ်အဆက်ရှိပြီးသားမို့ အကို့ကို တတ်နိုင်သလောက် စကားပြောပြီး အာရုံပြောင်းထားဖို့ ပြောရပါတယ်။

အဲဒီအချိန်အိမ်မှာ ကျနော်တို့တွေ လှုပ်လှုပ်ရှားရှားနဲ့ အိမ်ရှေု့ဝင်လိုက် ၊ နောက်ဖေးထွက်လိုက်နဲ့ မိုးကုတ်သားချစ်တဲ့ အမ တစ်ယောက်ကိုမျှော်.. ကျနော်တို့ မောင်နှမအပေါ် သံယောဇဉ်ကြီးတဲ့ ကျနော့်တို့ ဝိုင်းချစ်ကြတဲ့ ညီမမေလေးကို မျှော်၊ ကျနော်တို့ရဲ့ အကိုလတ်ဖြစ်တဲ့ အကိုဗလပိန်ကိုမျှော်နဲ့ ဘူးဂစ်က ကိုကို မိုးကုတ်သားနဲ့ အကို့ ကို အချိန်ဆွဲထားရတယ်။ အဲဒီအချိန်မှာ ကျနော်ရယ်၊ ညီမမိုးခါးရယ်၊ ညီမမြရယ်၊ ချစ်မက်ရယ် လေးယောက်အပြိုင်ပိုစ့်တင်ပြီး သူအိမ်ကိုယ်မန့် ကိုယ်အိမ်သူမန့်ပေါ့။ ညီမမိုးခါးက စကက်ဂျူးနဲ့တင်ထားပြီးသားမို့ သူ့ပိုစ့်က တက်နေပြီး ကျနော်တို့ကသာ အလုပ်ရှုပ်နေပါတယ်။ ရင်တွေလဲ ခုန်နေပါတယ်။ ကိုမိုးကုတ်သားရဲ့ ချစ်အမရောက်တော့ ကော်ဖီဆိုင်မှာ အအေးပတ်မတတ်ထိုင်နေတဲ့ အကြံတူ အကိုတော်နဲ့ ကိုကိုမိုးကုတ်သား အေးမှာစိုးလို့ ခေါ်လိုက်ရတယ်။
သူတို့ ဘူးဂစ်က ထွက်လာတယ်ပြောရော။ ကျနော်တို့ တစ်စုလုံး အခန်းထဲဝင်ကြတယ်။ ဆယ့်ငါးယောက်လောက် အခန်းထဲမှာ ဆိုတော့ အမှောင်ချထားပြီး တိတ်တိတ်နေ ပြောမှ အသံက ပိုထွက်လာတယ်။ ဘာမှ မပြောရသေးဘူး ရယ်ကြတယ်။ စကြတယ်၊ နောက်ကြတယ်။ တိတ်တိတ်နေပြောမှ အသံက တိုက်သုံးခုစာ ကြားအောင် ရယ်သံတွေ လွှမ်းမိုးနေတယ်။

အဲဒီအချိန်ကိုကို မိုးကုတ်သားက တော်တော်လေး စိတ်မကောင်းဖြစ်တယ်။ ကျနော်နဲ့ ဘူးဂစ်မှာ ချိန်းထားတာကို ကျနော်ကမလာတဲ့အပြင် ဖုန်းဆက်ပြီး ကျနော်ပင်ပန်းနေပြီး အိမ်ကိုပဲတန်းပြန်တော့မယ်ပြောတော့ သူတော်တော် စိတ်မကောင်းဖြစ်သွားတယ်။ သူ့မွေးနေ့မှာ သွေးလှူတာကို မလိုက်ပေးကတည်းက သူ စိတ်မကောင်းဖြစ်နေတာပါ။

အကြံတူ အကိုကို ဘယ်ရောက်ပြီလဲလို့ မက်ဆေ့လှမ်းပို့တော့ သူတို့ တိုပါးရိုး ရောက်ကြောင်းကို ကော့မန့်မှာရေးပြီး ကျနော်တို့ကို မက့်ဆေ့လှမ်းပို့ တယ်။ ကော့မန့်ဖတ်ပါတဲ့။ ချမ်းလှပြီ တိုပါးရိုး တဲ့။ သူရေးတာက ကော်ဖီဆိုင်မှာလဲအေး၊ ရထားပေါ်မှာလဲအေး ကျနော်တို့ ဒုက္ခတော်တော်ပေး ဆိုတဲ့ အဓိပါယ်ပါ။ ကျနော်တို့ မောင်နှမတွေက အေး... လာပြီး တိုးပါရိုး ရောက်ပြီးလို့ အနက်ပြန်ပြီး ရင်တွေပိုခုန်ကုန်တယ်။

သူလာရင် အဆင်သင့်ဖြစ်အောင် ကိတ်မုန့်ကို ဖယောင်းတိုင်ထွန်းပါတယ်။ အဲယားကွန်းကလေကြောင့် ဖယောင်းတိုင်တွေ မီးမငြိမ်လို့ အဲယားကွန်းပိတ်ပါတယ်။ မလာသေးဘူး ပြောလို့ ဖယောင်းတိုင်မီးကို မှုတ်ရပြန်ပါတယ်။ ပူလာလို့ အဲယာကွန်းပြန်ဖွင့် အသံတွေ ထွက်နဲ့ ရင်တွေခုန်နေပါတယ်။ နီးလာပြီးလို့ မက်ဆေ့ပို့တော့ ဖယောင်းတိုင်မီးပြန်ထွန်းပါတယ်။ မတက်လာသေးတော့ ဖယောင်းတိုင်က တိုဝင်သွားလို့ ပြန်မှုတ်ရပြန်တယ်။ ရယ်ကြပြန်တယ်။ ဓာတ်လှေကားအောက်ရောက်ပြီး ဆိုတော့ ထပ်ထွန်းပြန်တယ်။ ကိုကို တက်လာတယ်။ တအိမ်လုံးအမှောင်ကျနေတယ်။ သူတော်တော် စိတ်မကောင်းဖြစ်သွားမှာ။ ဘယ်သူမှမရှိတော့ သူဝယ်လာတာကို ရေခဲသေတ္တာထဲ ထည့်သိမ်းတယ်။ အခန်းသော့က အထဲကပိတ်ထားလို့ သော့ရှာဖွင့်တယ်။ ကျနော်တို့ကတော့ ရင်တွေခုန်ပြီး သူအခန်းထဲဝင်လာဖို့အတွက် လှုပ်စိ လှုပ်စိ နဲ့ အမှောင်ထဲမှာ။

အခန်းတံခါးလဲ ပွင့်ရော..... ကျနော်တို့ မောင်နှမတွေ ဘတ်ဒေး သီချင်းဖွင့်ပြီး ဟက်ပီးဘတ်ဒေးလို့အော်တော့ ပထမ ကိုကို မိုးကုတ်သားလန့်သွားတယ်။ နောက်တော့ လူစုံ တက်စုံနဲ့ ဘတ်ဒေးပြင်ထားတာတွေ့တော့ မျက်ရည်ကျမတတ်ဝမ်းသာ သာ၊ ကလေးတစ်ယောက်လို ဟန်မဆောင်နိုင်ပဲ ပျော်သွားတာကို အားလုံးတွေ့ရပါတယ်။ ပြီးတော့ ကျနော်တို့ တစ်ယောက်ချင်းစီ လိုက်နမ်းရင်း ဘစ်ဒေးကစ်စ် ပေးပါတယ်။

မွေးနေ့လက်ဆောင်တွေကို ဖောက်ခိုင်းပြီး ဓာတ်ပုံရိုက်ကြပါတယ်။ ကျနော်ချက်ထားတဲ့ ကြက်သားကြော်၊ ကန်စွန်းရွက်ချဉ်ရည်ဟင်းနဲ့ မွန်ငပိထောင်းနဲ့ ထမင်းစားကြပါတယ်။ ထမင်းနှစ်အိုးက ငါးမိနစ်အတွင်း ပြောင်သွားတာပဲလေ။

ပြီးတော့ မွေးနေ့ကိတ်လှီး၊ ဓာတ်ပုံတွေရိုက်ရင်း မွေးနေ့ကိတ်ခွံ့ကျွေးပါတယ်။ အားလုံး သောင်းကျန်းကြ၊ ပျော်ကြတာ မြင်တော့ ပီတိဖြစ်ရပါတယ်။ ဒီလိုနဲ့ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

ကိုကို မိုးကုတ်သားကို စပရိုက်လုပ်ထားရတဲ့အတွက် စိတ်မကောင်းပေမယ့် သူ့ မွေးနေ့မှာ အမှတ်တရနဲ့ စိတ်လှုပ်ရှားစွာ ပျော်ခဲ့ကြရပါတယ်။ သူချစ်တဲ့ မောင်နှမတွေထဲက ညီမမေလေးက မိတင်၊ ညီလတ် ဆောင်းဗလပိန်က မိတင် နဲ့ ကျနော့်အသည်းကျော်က ကျောင်းတက်နေရတာမို့ သူတို့ သုံးယောက်ကျန်ခဲ့တာကလွဲပြီး ပျော်စရာကောင်းခဲ့ပါတယ်။

ကိုကို မိုးကုတ်သား နှစ်တိုင်းမှာ ညီအကိုတွေနဲ့ ဒီလိုပဲ တစ်သက်လုံးပျော်နိုင်ပါစေလို့ ဆုတောင်းရင်း...


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Tuesday, 25 May 2010

BREAKING NEWS for Ko Bo

ဒီနေ့ ကိုကို မိုးကုတ်သား မွေးနေ့..

အသက် (၃၆) နှစ်ပြည့်တဲ့နေ့...

ကျနော်တို့ ညီအကို မောင်နှမတွေ မနေ့ညကတည်းက ကိုကို့ ကို မွေးနေ့ ဆုတောင်းမလုပ်ကြဘူး။ (၁၂)နာရီ ကျော်သွားတဲ့အထိ ကျနော်တို့ တိုင်ပင်ထားတဲ့ အတိုင်း အကုန်လုံး မသိလိုက် မသိဘာသာ နေပြီး အိပ်ယာဝင်ကြတယ်။ အဝေးကနေတဲ့ ညီအကို မောင်နှမတွေလဲ မက်ဆေ့ မပို့ကြဘူး။ ဖုန်းလဲမဆက်ကြဘူး။ ဒီကိစ္စကို ကျနော်တို့ တိုင်ပင်ပြီးသား။

ကိုကို သူငယ်ချင်းတွေဆီက ဖုန်းတွေလာကြပေမယ့် ကျနော်တို့ မောင်နှမတွေ ဆီက မက်ဆေ့မလာတဲ့အပြင် အိမ်မှာနေတဲ့သူတွေကတောင် အိပ်ယာဝင်တဲ့အတွက် မျက်နှာမကောင်းဘူး။ ဘလော့ပေါ်မှာ ကဗျာတင်ပေမယ့် ကျနော်တို့ သွားမမန့်ဘူး။ အားလုံးက ညီညီညွတ်ညွတ်ပဲ။ သူစိတ်မကောင်းဖြစ်ပုံရတယ်။ဒါပေမယ့် ဘာမှမပြောပဲ အိပ်သွားတယ်။ အိပ်ပျော်တယ်မထင်နဲ့လေ။

မနက်မိုးလင်းတော့ ကိုကို့သထေးက မွေးနေ့ အတွက် နေ့လည်စာဖိတ်လို့ သွားစားတယ်။ ကျနော်မလိုက်သွားဘူး။ သွေးလှူသွားမယ်။ ဘုန်းကြီးကျောင်းသွားမယ်ပြောတယ်။ မျိုးလိုက်သွားတယ်။ ကျနော်နေခဲ့တယ်။ သူတော်တော်စိတ်မကောင်းဘူး။

အကြောင်းက ကျနော် ဒီမှာ ကိုကို့ အတွက် ဘတ်ဒေး စပရိုက်စ် လုပ်နေတယ်လေ။




အားလုံးကို ညနေ (၈) နာရီ စုထားတယ်။ လူလဲစုံတော့မယ်။ အခန်းထဲမှာ ပုန်းပြီး လုပ်နေတယ်လေ။ အခုလုပ်နေတဲ့ ပုံတွေ...







အားလုံးကို ညနေ (၈) နာရီ စုထားတယ်။ လူလဲစုံတော့မယ်။ အခန်းထဲမှာ ပုန်းနေပြီး မွေးနေ့ လုပ်ပေးမလို့ပါ။ ကိုကို မသိပါဘူး။ ကိုကို ကို တနေကုန် အိမ်ပြန်မလာခိုင်းပါဘူး။ အခုချိန်မှာ အကိုတစ်ယောက်က ဘူးဂစ်က ကော်ဖီဆိုင်မှာ ကိုကို့ ကို အချိန်ဆွဲထားပါတယ်။ ကျနော်တို့ လူစုံရင် ကိုကို့ကို ပြန်လာဖို့ အချက်ပေးပါ့မယ်။ ကိုကိုသာ ပြန်လာရင် သူ့ချစ်တဲ့သူတွေနဲ့ သူ့အတွက်မွေးနေ့ပွဲ လုပ်ပေးတာ သိတဲ့အချိန်ကျရင်........











ည (၈)နာရီနောက်ပိုင်းသတင်းများကို ဆက်လက်တင်ပြသွားပါမည်။

ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Sunday, 23 May 2010

ကျနော် နှင့် ကျနော်ချစ်သော စနေသား ကိုကို


အင်္ဂါ သား နဲ့ စနေသား

ခြင်္သေ့ နဲ့ နဂါး

ကျနော် နဲ့ ဖေဖေ

ပြီးတော့......

ကျနော် နဲ့ ကျနော် ချစ်တဲ့ ကိုကို....





အင်္ဂါ သား နဲ့ စနေသားက နီးတကျက်ကျက် ၊ ဝေး တသက်သက် လို့ ပြော ကြတယ်။ ကျနော့် အတွက်တော့ ဟုတ်ကိုဟုတ်နေတာပဲ။ ငယ်ငယ်ကတည်းက အဖေနဲ့ ကျနော် မျက်နှာချင်း မဆိုင်နဲ့ ။ ရန်ပွဲပဲ။ အဖေက ကျနော့်ကို အပြစ် မပြောဖူးပါဘူး။ မအော်လဲ မအော်ငေါက်ဖူးဘူး။ အနည်းဆုံး ဆုံးမ ရင်တောင် ပုံပြင်လေးနဲ့ ဆုံးမတတ်တဲ့ အဖေပါ။ ကျနော်က သာ နေရာတကာ စွာလန်ကျဲ ရန်ပွဲတောင်းနေတာပါ။ လိုချင်တာ တစ်ခုကို မရမချင်း တဂျီဂျီနဲ့ ပူစာ တတ်သလို မရရင် မကြားတကြားနဲ့ အဖေ့နားကပ်ပြီး ပြော၊ အဖေက ဂရုမစိုက်ရင် မရမက ပြဿနာ လုပ်တတ်လွန်းလို့ အဖေတခါတလေ စိတ်ကုန်တဲ့အထိ ဖြစ်ဖူးတယ်။

ကျနော်ငယ်ငယ်က အဖေစိတ်ကုန်လို့ ကျနော့်ကို ကားပေါ်တင် လမ်းခုလတ်မှာ ချချန်ထားပြီး နောင်ကျဉ်အောင်လုပ်ဖူးတယ်။ အဖေဖြစ်စေချင်တာက ကျနော်က မှားပါပြီး နောက်မလုပ်တော့ပါဘူးလို့ငိုယို တောင်းပန်မှ ပြန်ခေါ်ခဲ့မယ်ပေါ့။ ဖြစ်လာတာက ကျနော် အဖေကို အော်ပြီး အဖေ့ကားကို ခဲနဲ့ထု၊ ကားနောက်ကို အတင်းပြေးလိုက်လို့ အဖေခမျာ မှန်းချက်နဲ့ နှမ်းထွက် လွဲခဲ့ရသလို အရှက်ကွဲရပေါင်းများခဲ့ရတာပေါ့။ အင်္ဂါသား က စိတ်ပိုကြီးသမို့ စနေသား အဖေခမျာလည်း မျက်စောင်းကို ခဝါချ မတတ်သာပဲ ခွင့်လွှတ်ထားရတယ်။ နှီးဖျားနဲ့ ရိုက်မယ်ကြံတောင် အဖေ မရိုက်ခင်ကတည်းက ခါးပတ်နဲ့ ဆော်တယ်ဆိုပြီး ဆယ်အိမ်ကြားအောင် အော်ငိုတတ်တဲ့ကျနော့်ကို အဖေခမျာ ဘာမှကို မလုပ်ရဲလောက်ပါပဲလေ။ ဘာပဲ ဖြစ်ဖြစ်၊ အဖေက ကျနော့်ကို သားကြီး မို့၊ ရောဂါသည်မို့ ချစ်တယ်။ အခုတော့ အားကိုးရတဲ့သားမို့ ချစ်တယ်။ တကယ်တော့ အင်္ဂါသားနဲ့ စနေသားမှာ အင်္ဂါသားက မွှေတာကြီးပဲ ဖြစ်နေတာပေါ့။ ဒါပေမယ့် ကျနော်ကသာ အဖေ့ကို ပြောမယ် အော်မယ်။ ဘေးလူက အဖေ့အကြောင်း မကောင်းမဟနဲ့ ဓားဆွဲလိုက်ပြီးသားပဲ။

အဖေနဲ့ ကျနော် အရက်တူတူသောက်တယ်။

ဘဝရှေးရေးတွေ စီမံကိန်းဆွဲတယ်။

စကားနိုင်လုပြောတယ်။

မကျေနပ်ချက်တွေပြောတယ်။

နောက်ဆုံးကျတော့ ကျနော်က အနိုင်ပိုင်းတာချည်းပဲ။ ဒါပေမယ့် အဖေက အဖေ။ ကျနော့်ဘဝထဲက ထာဝရလေးစားရသော အဖေ။ အမြဲတမ်း အားကျ အတုယူ ခဲ့ ၊ မြတ်နိုးတွယ်တာရတဲ့ အဖေ။

အဖေက စနေသား။

နောက်ထပ်ကျနော့်ဘဝထဲကို ထပ်ရောက်လာတာကတော့ ကျနော် ကိုကို လို့ ခေါ်တဲ့ ကျနော်ချစ်ရ၊ သနားပြီးလေးစားရတဲ့ ကိုကို (စနေသား)ပါပဲ။

ဒုတိယ အကြိမ် အင်္ဂါနဲ့ စနေသားတို့ ထပ်တွေ့ကြတာပေါ့။ မနှစ်က တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျနော် က ကိုမောင်ဟန်(ခ) ကိုကို (ခ) ကိုဘို(ခ) ကိုမိုးကုတ်သား ကို စခင်တယ်။ ကိုကို မွေးနေ့မတိုင်ခင် (၃)ရက်အလိုမှာပေါ့။ မှတ်မှတ်ရရ ကိုကို့မွေးနေ့အတွက်တောင် ဆိုဒ်ဘားမှာ တင်ပြီး မွေးနေ့ဆုတောင်းပေးခဲ့တယ်။ အသက် (၆) နှစ်ကြီးတဲ့ ကိုကို နဲ့ ကျနော်စကားတွေ ပြောဖြစ်တယ်။ စိတ်ကောင်း၊ စေတနာကောင်းရှိတဲ့ ကိုကို က ကျနော် ဝမ်းနည်းနေတဲ့ အချိန်မှာ ပျော်အောင် စကားတွေပြောတယ်။ ကျနော်ပျော်နေတဲ့ အချိန်မှာ ပြုံးပြုံးကြီး နေတတ်တယ်။ ကျနော် ဒေါသဖြစ် ၊ စိတ်တိုနေတဲ့အချိန်မှာ နှုတ်ဆိတ်နေနေတတ်တယ်။ ဒီလိုနဲ့ ကျနော်တို့ ခင်တွယ်လာတယ်။ ညပေါင်းများစွာမှာ အဝေးကနေပြီး ကျနော့် ဒုက္ခတွေကို ပျော်ပျော်ကြီး ထမ်းဆောင်ခဲ့တယ်။ အိပ်ရေးပျက်ခံ၊ အလုပ်ပျက်ခံ၊ သူငယ်ချင်းတွေ ငြိုငြင်တာ ခံပြီး ကျနော့်ကို ဦးစားပေးခဲ့တယ်။

တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးလို့ ကိုကို့ရဲ့ ငယ်ဘဝကို ပြန်ပြောပြတဲ့ အခါမှ ကိုကို တက်ခဲ့ရတဲ့ လမ်း ကြမ်းခဲ့ရတာတွေကို တွေးပြီး ကိုကို့ ကို သနားခဲ့တယ်။ အခု အသက်အရွယ်ထိ မိဘနဲ့ မောင်နှမ ကို ဖြည့်ဆည်းပေးနေတဲ့ ဘာကိုမှ မျှော်လင့်ချက် မထားတဲ့ ကိုကို့ ကို တခါတလေ အားမလို အားမရဖြစ်ပြီး ၊ တခါတလေ တိတ်တိတ်လေး စိတ်မကောင်း ဖြစ်ရတယ်။ ဒီလိုနဲ့ သံယောဇဉ် ဖြစ်လာတာ ခုဆိုရင် တစ်နှစ်တင်းတင်းပြည့်ခဲ့ပြန်ပြီး။ အကို တစ်ယောက်လို သည်းခံမှုထက် အဖေတစ်ယောက်လို စွန့်လွှတ် အနစ်နာခံ ဖြည့်ဆည်းပေးတတ်တဲ့ ကိုကို က ကျနော့်ဘဝရဲ့ မှတ်တိုင် တစ်ခုမှာ ထာဝရ ရှိနေမှာပါ။ အကိုမရှိတဲ့ ကျနော့်အတွက် ကိုကိုက ထာဝရ အကို ဖြစ်နေမှာပါ။

စကာင်္ပူ မှာ နေဖြစ်တဲ့ အကြောင်းထဲမှာ ကိုကို ကြောင့် ဆိုရင်လဲ ငြင်းလို့ မရပါဘူး။ ကိုကို က ကျနော့် အပေါ်မှာ ညီအရင်းတစ်ယောက်လို ကောင်းတာပါ။ ကျနော် အော်သမျှ မျက်နှာငယ်လေးနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်သလို၊ ကျနော်စနောက် နေရင်လဲ အတည် ထင်ပြီး မျက်စိ မျက်နှာ ပျက်တတ်တဲ့အကိုပါ။ ကိုကိုရဲ့ လက်သုံးစကား ရှိပါတယ်။
"ကိုကို ဘာလုပ်လို့လဲ" ဆိုတဲ့စကားနဲ့ မျက်လုံးလေးပြူး လျှာလေးထုတ်၊ ပုခုံးလေး တွန့်တတ်တာ ကိုကို ( မိုးကုတ်သား) ရဲ့ အကျင့်လေးပါ။ သူ့ကို မြင်ရင် သူ့ ရဲ့ ကိုယ်ပိုင် ဟန်ကို တွေ့ရပါလိမ့်မယ်။ အသားဖြူတယ်။ ခပ်ချောချော စိတ်ကောင်းကောင်း အကိုကြီးပေါ့။ ဘရက်ဒယ် အိမ်ရဲ့ အကြီးဆုံး အကိုကြီး။ အားလုံးရဲ့ အသည်းကျော်။

လူရိုး၊ လူအ သင်္ချိုင်းမှာ ရှာဖို့ တောင်မလွယ်ဘူးတဲ့လား။ မယုံ မရှိနဲ့။ ကိုကို ရှိသေးတယ်။ ရိုးလွန်း၊ အလွန်းတဲ့ နေရာမှ နှစ်ယောက်မရှိပါဘူး။ အရိပ်ပြလို့ အကောင် မမြင်ဘူး။ အကောင်လုံးလုံးပြပြီး ဒါဘာကောင်လဲ မေးရင်တောင် ဘာကောင်မှန်းသိရက်နဲ့ မေးတဲ့သူကို အားနာကြောက်စိတ်နဲ့ ခေါင်းလေးကုတ်၊ လျှာလေးထုတ်ပြပြီး အဖြေကို မရဲ တရဲပေးမယ့်သူပါ။ ဒီလို ရိုးအ တတ်၊ အားနာတတ်လွန်းလို့ အားလုံးက ကိုကို့ ကိုဆိုရင် ဝိုင်းချစ်ကြပါတယ်။ စိတ်ထားကောင်းတဲ့ အတွက် အကိုတစ်ယောက်လို အားကိုးကြတယ်။ တိုင်ပင်တယ်။ ဝိုင်းစကြ၊ နောက်ကြတယ်။ ကိုကို ကတော့ အမြဲတမ်း မှားမှား၊ မှန်မှန် ပြုံးပြုံးလေးပါပဲ။ သူ အ ကြောင်း၊ ထုံ ကြောင်းကို သူကိုယ်တိုင် ပြောပြပြီး ဂုဏ်ယူနေတတ်တဲ့ အကိုပါ။

ဘုန်းကြီး ခေါင်းခေါက်ပြီး ကန်တော့ ဆိုတာမျိုးက ကျနော်နဲ့ ကိုကို ကိုပြောတာနေမှာပါ။ ကျနော် ကိုကို့ ကို အားမလို အားမရဖြစ်တိုင်း အော်ပါတယ်။ အော်တဲ့အခါတိုင်းမှာ ကိုကိုက ကြောက်လန့်ပြီး ဘာလုပ်ရ၊ ဘာကိုင်ရမှန်းမသိဖြစ်တတ်ပြီး ထပ်မှားပြန်တယ်။ အဲဒီအခါကျ ကျနော် ပိုပြီး စိတ်တို ဒေါသထွက်တတ်ပါတယ်။ ကျနော်ဘယ်လောက်စိတ်တိုတို၊ ဒေါသထွက်ထွက် ကျနော့်တခုခု လုပ်ရင်တောင် ငြိမ်ခံမယ့် အကိုတစ်ယောက်ပါ။ ကျနော် အော်လိုက်တဲ့ အခါတိုင်း မျက်နှာတစ်ခုလုံးနီရဲပြီး မျက်ဝန်းမှာ မျက်ရည်တွေ စို့တက်သွားတာ မြင်တိုင်း ကျနော် ရင်ထဲ တော်တော်ဝမ်းနည်းမိတယ်။ ဒါပေမယ့် ကျနော် အော်မိနေဆဲပါ။စိတ်ဆိုးပြေ တိုင်း ကျနော့်မှာ ကိုကို့ ကို ပြန်ကန်တော့ရ ၊ တောင်းပန်ရနဲ့ အလုပ်ကို ရှုပ်ရပါတယ်။ နောက်နေ့ ကျတော့လဲ ကျနော် မအော်ဘူးလား ဆိုတော့ အော်မိတာပါပဲ။ စိတ်ထဲ ထည့်ထားတာက ကျနော်အော်တာ ကိုကို့ ကိုကောင်းစေချင်လို့ ဆိုတာပါပဲ။

ကိုကို က တကယ့်ကို အလွဲများနဲ့ လူသားပါ။ တခါတလေ သူလွဲတာတွေက သည်းမခံနိုင်လောက်အောင် လွဲတတ်လွန်းပါတယ်။ သူလွဲတိုင်းလဲ ရယ်ရပါတယ်။ သည်းခံတတ်တဲ့ နေရာမှာလဲ ကိုကို့ ကို မှီနိုင်မယ့်သူ မရှိပါဘူး။ အားနာတတ်၊ သနားတတ်တာလဲ ကိုကိုပါပဲ။ အရာရာကို လွယ်လွယ်နဲ့ မေ့တတ်ပြီး သံယောဇဉ် ကြီးတတ်သူ တစ်ဦးဖြစ်ပြန်တယ်။ ကိုကို့ လွဲချက်တွေကို စာစီရေးရင် ရေးကုန်မှာ မဟုတ်ပါဘူး။

တခါတလေ မိသားစု အပူအတွက်၊ ကျနော့်အပူအတွက်၊ အလုပ်အပူ၊ သူငယ်ချင်း ညီအကိုမောင်နှမတွေရဲ့ အပူနဲ့ အိပ်ယာမှာ ခွေခွေခေါက်ခေါက်လေး ပုန်းနေတတ်၊ အိမ်အောက်မှာ တစ်ယောက်တည်း အိပ်ပျော်နေတတ်တဲ့ ကိုကို့ ကို အရမ်းသနားပါတယ်။ ဘယ်တုန်းကမှ ပူပန်နေတာကို တော်ရုံ ထုတ်မပြောပဲ စိတ်ထဲမှာ မြုံထားတတ်ပေမယ့် လိမ်လို့ မရတဲ့ ကိုကို မျက်နှာကြောင့် ကျနော်နှစ်ခါ အစ်စရာ မလိုပဲ ပေါ်တတ်ပါတယ်။ အဲဒီအခါကျရင် ကျနော် ရင်နဲ့ အမျှ ကိုကို့ ကိုသနားပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ကိုကိုဟာ သူ့ဘဝမှာ လိုချင်တာ မရှိသလောက်ရှားပြီး သူတပါးအပေါ်ကို လိုအပ်နေတာ အကုန်ဖြည့်ဆည်းပေးနေတဲ့ သူတစ်ယောက်ပါ။

တခါတလေ ပျော့ခွေခေါက်နေတတ်တဲ့ ကိုကို့ ကို အားအင်တွေ ပြည့်စေဖို့ ကျနော်အော်ပါတယ်။ စိတ်ဓာတ် ကျနေတာကို မမြင်ချင်လို့ ကျနော် အော်ပါတယ်။ အမြဲတမ်းလွဲလွဲ ချော်ချော် ဖြစ်တတ်တာကို သတိရှိစေဖို့ ကျနော် အော်ပါတယ်။ မေ့မေ့လျှော့လျှော့ ဖြစ်တတ်တာကို မမေ့အောင် အော်ပါတယ်။ စည်းကမ်းရှိဖို့၊ အကိုကြီးလို အားမာန်တွေ ပြည့်နေစေဖို့ ကျနော်အော်ပါတယ်။ ကျနော် စနောက်ပြီးလဲ အော်ပါတယ်။ ကျနော် အော်ချင်လို့လဲ အော်ပါတယ်။ ကျနော်အော်တိုင်းမှာ မျက်နှာငယ်လေးနဲ့ ကိုကို ဘာလုပ်လို့လဲ ဆိုတာကို ကြားချင်လို့လဲ အော်ပါတယ်။ အမြဲတမ်းလဲ အော်ပါတယ်။ နေ့တိုင်း အချိန်တိုင်းမှာ ကြုံရင် ကြုံသလို အော်ပါတယ်။ အဲလိုမှ မအော်ရရင် ကိုကိုလဲ ထမင်းစားမဝင်ပါဘူး။ ကျနော်လဲ နေမထိ ထိုင်မသာ ဖြစ်ရပါတယ်။ အဲဒါကြောင့် အကိုကြီး မောင်ဟန်ကို အမြဲ အော်ပါတယ်။ အော်ပြီးတိုင်းလဲ ဖင်ထောင်ပြီး ကန်တော့ရတာ အကြိမ်ကြိမ်ပါ။

ဘာဖြစ်ဖြစ် ကျနော့်အတွက်ဆိုရင် ရှေးတန်းတင် ဦးစားပေးတဲ့ ကိုကို ကို ချစ်လဲ ချစ်တယ်။ သနားလဲ သနားတယ်။ သွေးမတော် သားမစပ်တဲ့ သူတစ်ယောက်ကို ညီအရင်းထက် မခြား၊ သားတစ်ယောက်လို စိတ်ထဲထားပေးနိုင်တဲ့ ကိုကိုရဲ့ သံယောဇဉ် နဲ့ မေတ္တာတရားကို လေးစားတယ်။ တန်ဖိုးထားတယ်။ အကိုတစ်ယောက်လိုထက် အဖေတစ်ယောက်လို အနားကနေ ဖေးမ စောင့်ရှောက်တဲ့ ကိုကို ဟာ ကျနော့်အတွက် နွေးထွေးပြီး အလင်းရောင်ပေးတဲ့ မီးအိမ်လေးတစ်လုံးပါ။ အခန့်မသင့်လို့ အော် ငေါက် စကားများပေမယ့် ကျနော့်ရင်ထဲမှာ ကိုကို ကို အမြဲတမ်း ချစ်ခင်လေးစားနေပါတယ်။ အကိုတစ်ယောက် ကို ညီတစ်ယောက် ဖြစ်စေချင်တဲ့ ဆန္ဒတွေကလည်း အများကြီးပါပဲ။ ဖြစ်လာအောင်လဲ ညီတစ်ယောက် အနေနဲ့ လုပ်ပေးချင်တာတွေက အများကြီးပါပဲ။ (ဒါကြောင့်လဲ အော် ငေါက်နေရတာပါ)။ ကျနော့်ရဲ့ အနန္တော အနန္တ ငါးပါးထဲ မှာ ထားပြီး ကိုးကွယ်ရမယ့် သူထဲမှာ ကိုကို လဲ တစ်ယောက် အပါဝင်ပါ။

မေလ (၂၅) ရက်နေ့မှာ ကျရောက်မယ့် အသက်အရွယ် ရလာပြီးဖြစ်တဲ့ ကိုကိုရဲ့ (၃၆) နှစ်မြောက်မွေးနေ့မှာ ဒီပိုစ့်လေးနဲ့ အော် ငေါက်(အဲလေ) ဝန်ချ တောင်းပန်ရင်း အပြစ်အားလုံးကို ခွင့်လွှတ်ဖို့ ကန်တော့လိုက်ပါတယ်။


ကိုကို့ ဘဝနဲ့ ကိုကို့ အကြောင်းကို နားလည်ချင်ရင်တော့ မနှစ်က အမှတ်တရရေးခဲ့တဲ့ ကိုကို့ ပိုစ့်တွေကို ဖတ်ပေါ့။ ကျနော်ကိုယ်တိုင် အဲဒီပိုစ့်တွေကို ဖတ်ပြီး ကိုကို့ ကို လေးစား၊ သနား၊ ချစ်ခင်လာတာပါ။

သားဦးစနေ

သားဦးစနေ ဒုက္ခပွေ

စနေသား၊ စနေဂြိုလ် နဲ့ အလောင်းအစား

ကျနော့်ချစ်တဲ့ ကိုကို(ခ) ကိုမောင်ဟန် (ခ) ကိုဘို (ခ) ကိုမိုးကုတ်သား

ကိုကို ညီ့ ရဲ့ အအော် အငေါက်ကနေ အမြန်ဆုံးလွတ်ကင်းပါစေ။

ကိုကို့ မိဘနှစ်ပါးနဲ့ ညီအကို မောင်နှမများ ကျမ်းမာချမ်းသားပြီး ကိုကိုနဲ့ ပျော်ရွှင်စွာ အမြဲနေနိုင်ပါစေ။

ဘရက်ဒယ် မိသားစုရဲ့ အဖေ လို အကို လိုဖြစ်နေတဲ့ ကိုကို မွေးနေ့မှာ ဘရက်ဒယ်မိသားစု နဲ့အတူ ပျော်ရွင်ပါစေ။

ဘဝတစ်လျှောက်လုံး သည်းခံ နိုင်တဲ့ မိန်းမနဲ့တွေ့ပြီး သာယာတဲ့ အိမ်ထောင်ရေးကို ထာဝရ တည်ဆောက်နိုင်ပါစေ။

ကျမ်းမာချမ်းသားပြီးလိုရာ ဆန္ဒ တလုံးတဝ ကြီးပြည့်ပါစေဗျာ။

ကိုကို့ ကိုချစ်တဲ့

မျောက်ငို


နောက်ပြီး

အသားဖြူ၊ ရုပ်ချော၊ သဘောကောင်း၊ စိတ်ရင်းပြည့်ဝတဲ့ လူရိုး လူအ လူပျို အကိုကြီး မောင်ဟန်ကိုလဲ အစွံထုတ်ချင်ပါတယ်။ ဝါကျွတ်အမှီ အမြန် ဆက်သွယ်နိုင်ပါကြောင်း။




မေလ က ကျနော်ချစ်တဲ့ အကိုကြီးနဲ့ ညီမ မွေးနေ့ ရှိခဲ့လို့ တကယ့်ကို မှတ်မှတ်ရရ လ ကြီးပါပဲ။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်


Thursday, 20 May 2010

ကျနော့် မေမေ နဲ့ အေရိုးဗစ်


အခုတလော အိမ်ကို ဖုန်းဆက်တိုင်းမှာ မေမေနဲ့ လွဲလွဲနေတယ်။ စကားပြော ဖြစ်ရင် ဖေဖေနဲ့ပေါ့။ ဒါကြောင့် ဖေဖေနဲ့ ပြောတိုင်း မေမေ့ အကြောင်းကို ဖေဖေက ဖောက်သည်ချတယ်။ မနက်ဆက်၊ ညဆက် မေမေနဲ့ အမြဲလွဲတော့ စိတ်က တခါတလေ မရှည်ဘူး။ ကျနော်ဆက်တဲ့ အချိန်ကို မေမေ့ကို အိမ်မှာရှိစေချင်တာ။ ဘယ်တွေသွားနေလဲ မေးတော့ ဖေဖေက သားမေမေက အခု အပျိုပြန်ဖြစ်နေတယ်တဲ့။ ကျနော် က ဟင်ကနဲ ဖြစ်တော့မှ ဖေဖေက သား အမေ အေရိုးဗစ် သွားကစားလို့ ဘော်ဒီလေးလှလာလိုက်တာ ခုဆို အပျိုလေး အတိုင်းပဲတဲ့။ ကျနော်မရယ်ပဲ မနေနိုင်ပါဘူး။

အမြဲတမ်း မကျန်းမာတဲ့ မေမေက ကျန်းမာရေးလိုက်စားသလို အစားအသောက်လဲ ရှောင်ပါတယ်။ ဆီများတဲ့ဟင်းတွေ၊ အကြော်တွေ မစားဘူး။ အသားငါး ဆိုလဲ ကြက်သားနဲ့ ငါးပုတ်သင်က လွဲပြီး စားတဲ့ အသား ရှားတယ်။ အရင်ကတော့ အားကစား ပုံမှန်မလုပ်ဖြစ်ပေမယ့် အခုတော့ အေရိုးဗစ် သင်တန်းတက်နေတယ်တဲ့။ အခုဆိုရင် (၆) လ (၇) လလောက်တောင်ရှိတော့မယ်။

မေမေက အလှကြိုက်တယ်။ မိုးလင်းရင် ရေချိုး၊ မျက်နှာပေါ်မှာ မိတ်ကပ်တင် နှုတ်ခမ်းနီဆိုး မျက်ခုံးမွှေး ဆွဲပြီးမှ ဈေးသွားတယ်။ ဘယ်ပဲ သွားသွား ကျော့လို့ မော့လို့။ နေမကောင်းဘယ်လောက်ပဲ ဖြစ်နေနေ နှုတ်ခမ်းနီ ဆိုးမပျက်ခဲ့ဘူး။ တခါ ဆေးရုံတက်ရတယ်။ သတိမေ့သွားတယ်။ သုံးရက်လောက်။ ပြန်သတိရချင်းချင်း အနားမှာ လူနာစောင့်တဲ့ သူဆီက ဘာတောင်းသလဲ ထင်လဲ။ ရေမတောင်းသောက်ဘူး။ နှုတ်ခမ်းနီ နဲ့ မျက်ခုံးမွှေး ဆွဲတံ။ သတိရလို့ ဆရာဝန်လာကြည့်ရင် မေမေ့ မျက်နှာ မျက်နှာပြောင်ကြီး ဖြစ်နေမှာစိုးလို့တဲ့လေ။ (ကျနော်ပြန်စဉ်းစားတယ်။ ကျနော်က အမေတူသားများလားလို့)။

အခုနောက်ပိုင်း ကျနော်နိုင်ငံခြားထွက်ပြီးကတည်းက မေမေ ကျန်းမာရေးပြန်ကောင်းလာတယ်။ (ဟုတ်လောက်တယ်။ ကျနော် မရှိတော့ တော်တော်လေး အသက်ရှု ချောင်ကြမှာပေါ့လေ။)။ ကျန်းမာရေးလည်း လိုက်စားတယ်လေ။ ဖေဖေက ပြောပါတယ်။ ကိုယ့် ငါးချဉ်မို့ ကိုယ် ချဉ်တာ မဟုတ်ပါဘူးတဲ့။ မေမေတို့ အေရိုးဗစ် သင်တန်းမှာ မေမေက အမိုက်ဆုံး၊ အလှဆုံးတဲ့။ လန်းနေတာပဲတဲ့။ ပြောပုံက တကယ့်ကို ခေတ်သုံးစကားတွေ။ တကယ်တော့ အဲဒီသင်တန်းမှာ မေမေက အသက်အကြီးဆုံးလို့တောင် ပြောလို့ရတယ်။ သင်တန်းဆရာမက ညီမလေး မလျှံရဲ့ သူငယ်ချင်းအမမို့လို့ မေမေ တက်ချင်တဲ့ အတန်းကိုပေးတက်ထားတယ်။ မေမေကို ကြည့်ရတာ ပျော်တဲ့ပုံရပါတယ်။ စကားလဲ ပြောရ၊( အတင်းလဲ အုပ်ချင် အုပ်မှာပေါ့)၊ ကျန်းမာရေးလဲ လိုက်စားရဆိုတော့ မေမေက ကစားရင်တက်ကြွနေတာပဲ။ မလျှံက လည်း အတင်းပြောပါတယ်။ မေမေကစားတာကို ဖေဖေက မေမေ မသိအောင် လာလာခိုး ချောင်းတယ်တဲ့။ သဘောတွေကျပြီး ပြန်တယ်တဲ့။ သူတို့ခမျာ သမီးရည်းစားကျနေတာပဲ။ သားသမီး မသိအောင်၊ မိန်းမ မသိအောင် ဖေဖေက နောက်ကလိုက်ချောင်းရတယ်လို့။

အရင်က အေရိုးဗစ် သင်တန်းသွားရင် ဖေဖေက မေမေကို လိုက်ပို့ လိုက်ကြိုရတယ်။ အခုနောက်ပိုင်း မေမေက ဖေဖေထက် ဦးအောင်ထ၊ ရေချိုး၊ အလှပြင်ပြီးရင် ဘောင်းဘီ တိုဝတ် ဦးထုတ်ဆောင်းပြီး သော့ကလေး တရမ်းရမ်း ဖင်လေးလှုပ်လှုပ် ဆံပင်လေး ခါခါနဲ့ ကားကို ဖေဖေ့ထက် ဦးအောင် ယူမောင်းသွားတယ်ဆိုပဲ။ ဖေဖေ့ ခမျာ အလုပ်သွားရင် ဆိုင်ကယ်လေးနဲ့ သွားပြီး မိန်းမကို လိုက်ချောင်းရတဲ့ ဘဝ ရောက်သွားတယ်။ ပြန်လာရင် နောက်ကျတယ်တဲ့။ ဘယ်သွားလဲလို့ ဖေဖေက မေးရင်း မေမေက ဝင်းဒိုး ရှော့ပင် ဒါလင် တဲ့။ (မလျှံက အပြတ်ကို သင်ထားပေးတာ)။ အင်္ဂလိပ်စာလဲ သင်နေတယ်။ ကွန်ပြူတာလဲ တော်တော် သုံးတတ်နေပြီး။ အရင်လို မလျှံ လာပါဦး။ အငယ်ကောင် လာပါဦး ပြပါဦး။ ဘယ်ခလုတ်က ဘာ ဆိုတာမျိုး မဟုတ်တော့ဘူးတဲ့။ အနာဂတ် အတွက် အရမ်းကို တက်ကြွ နေတဲ့ အမျိုးသမီးကောင်းလို့ ဖေဖေက ပြောရင် မေမေ က စိတ်ကောက်ချင်ပါသေးတယ်။

ဘာဖြစ်ဖြစ် ဖေဖေနဲ့ မေမေရဲ့ တနေ့တာ လှုပ်ရှားဟန်တွေကို အိမ်မပြန်ပဲ အဝေးကနေ ခိုးချောင်းပြီး ကြည့်ချင်တယ်။ ဖေဖေနဲ့ မေမေ အိမ်မှာ တနေ့တာ ဘယ်လို စခန်းသွားနေလဲ ဆိုတာကို အဝေးကနေမြင်ချင်နေမိတယ်။

ခုချိန် မိဘ နှစ်ပါးလုံး ကျန်းမာနေတာကိုပဲ ကျေနပ်ပီတိ ဖြစ်မိပါတယ်။


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်




Monday, 17 May 2010

အမြဲ ထာဝရ သတိတရ


သူမ ကျောခိုင်းသွားခဲ့ပြီး။ ကျနော့်အပါးကနေ တိမ်တိုက်တစ်ခုလို လျှပ်တပျက် ပျောက်ကွယ်သွားခဲ့တာဟာ ကျနော်အတွက် ကောင်းစေဖို့လား။ ကျနော် သူမကို ပြန်လာဖို့ အကြိမ်ကြိမ် တောင်းပန်ခဲ့ပါသေးတယ်။ ဒီလို ထွက်ခွာသွားတာဟာ ကျနော့် တစ်ဘဝလုံးစာ အတွက်လား…။

သူငယ်ချင်းအဖြစ်နဲ့ အမြဲ ရှိနေချင်ပါသေးတယ်။ ဒါပေမယ့် ငယ် ကိုယ်တိုင်က ကို နဲ့ငယ်တို့ ချစ်ခဲ့ကြတဲ့ အတိတ်ကို ဘယ်တော့မှ မေ့သွားမှာ မဟုတ်ပါဘူး တဲ့..

မမေ့နိုင်ဘူးတဲ့လား ငယ်….။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ငယ့် မျက်နှာကို ကျနော် ပြန်မြင်ရ ငယ့် အသံကို ကို ပြန်ကြားနေရတိုင်း ကျနော့်ရင်တွေနာကျင်နေရအောင် ဒီစကားတွေနဲ့ ကျနော့်ကို သစ်စိမ်းချိုး ချိုးခဲ့တာလားဗျာ။ ငယ် ဒီစကားတစ်ခွန်းထဲနဲ့ ကျနော့်ကို ကျောခိုင်းထွက်ခွာသွားတဲ့ အချိန်မှာ ကျနော့် အာခေါင်တွေ ချောက်ကပ်ပြီး ကျနော့် ကိုယ် ကျနော် မသယ်နိုင်လောက်အောင် ယောကျားတစ်ယောက်ရဲ့ ခွန်အားတွေ ပျောက်ဆုံးပြီး နှလုံးသားက သွေးပြောင်းပြန် စီးဆင်းသွားခဲ့တာပါ။

မှတ်မှတ်ရရ ကျနော် ငယ့်အတွက် တက်စီငှားပေးတော့ ကျနော် ငယ်အိမ်နားထိ လိုက်ပို့ပေးဖို့ တောင်းဆိုတာကို ငယ်က အပြုံးဖျော့ဖျော့ တစ်ချက်နဲ့ ရပါတယ် မလိုက်ခဲ့ပါနဲ့ ဆိုတဲ့ စကားတစ်ခွန်းကို ကျနော် မျက်ရည်တွေ မမြင်စေချင်တဲ့ စိတ်တစ်ခုနဲ့ ကျနော်လိုက်လျောမိခဲ့တယ်။ ကျနော့်အတွက် တစ်ဘဝ လုံးစာ အမှား ဖြစ်ခဲ့တယ် ဆိုတာ ကို ကြိုသိခဲ့ရင် ကို နောင်တ ရနေမိမှာ မဟုတ်ပါဘူးငယ်။

တကယ်ဆို ကျနော်တို့ နှစ်ယောက် လမ်းခွဲချိန်မှာ ကျနော်လိုချင်ခဲ့တာ နားလည်မှုပါ။ ကြည်ကြည်သာသာ ခေါင်းညိတ်ခဲ့တာ ငယ့် ဆန္ဒတွေကို လိုက်လျော ချင်ပြီး ကျနော့် အတ္တတွေကို ရှေ့တန်း မတင်ချင်ခဲ့တာပါ။ဒါတွေက ကျနော့် ဘဝအတွက် နောက်ဆုံးအကြိမ် ငယ့်အနားမှာ နေခွင့်ရခဲ့တယ်ဆိုတာ ကြိုသိခဲ့ရင် ..။


……………………………………………..


ကျွန်တော် လက်က နာရီကို ငုံကြည့်ပြီး သဲ့သဲ့လေး ပြုံးရင်း လေတွေ ချွန်နေမိတယ်။ ရင်တွေ တအားခုန်နေတယ်။ ငယ့်ကို မကြာခင်တွေ့ရတော့မယ်။ ကျွန်တော့်ရဲ့ စိတ်တွေက တောင်ရောက် မြောက်ရောက် လှုပ်ရှားနေတယ်။ စဉ်းစားမိတာက ငယ်လဲ ကျွန်တော့လိုပဲ ရင်တွေ ခုန်နေမလား ဆိုတာကိုပါ။ ငယ်ကို ကျွန်တော်တွေ့ရင် ပြုံးပြပြီး နှုတ်ဆက်မယ်။ မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ငယ့်ကို ငယ် အရမ်းလှတယ်လို့ ပြောမယ်။ မတွေ့ရတာကြာပြီ ဖြစ်တဲ့ငယ်က ကျနော့်ကိုတွေ့ရင် ကျနော့်ရဲ့ ငယ်သူငယ်ချင်းဆိုတဲ့ အသိနဲ့ ဟန်ဆောင်နေမှာလား။ ကျနော် ငယ့်နားက ကပ်ပြီး လမ်းလျှောက်တဲ့ အချိန်ကျနော် ငယ်နဲ့ ဝေးနေချိန်မှာ ငယ့်ကို ထာဝရ တစ်သက်စာ ချစ်နေတာ… ငယ့်ကို သတိရနေတယ်ဆိုတာ…. ငယ်သိအောင် တိုးတိုးလေးပြောမယ်။ ငယ်နဲ့ အကြည့်ချင်းဆုံတဲ့ အချိန်မှာ ကျနော့်ရဲ့ အလွမ်းမျက်ဝန်းတွေကို ငယ်ဖတ်ပြီး သိစေရမယ်။ ငယ်မရှိတဲ့ ကျနော့်ရဲ့ ညတွေ အေးခဲနေပြီး နေ့တွေမှာ ဝေဝါးမှုန်မှိုင်းနေခဲ့တာကို ငယ့်ကို ပြောပြမယ်။ ဘယ်မိန်းခလေးကိုမှ ငယ်လောက် မချစ်နိုင်ခဲ့တာ ငယ့်ကို စောင့်ခဲ့တဲ့ ရက်တွေက သက်သေပြနေတာ ငယ့်ကို သိစေချင်တယ်။ ငယ်… ကျနော် မစောင့်နိုင်တော့ဘူး…။ အမြန်လာခဲ့ပါတော့လားဗျာ။


ဒီလိုနဲ့ ကျနော် ငယ်နဲ့ လမ်းခွဲသွားခဲ့တဲ့ နေရာလေးမှာ ငယ့် အကြောင်းကို တွေးရင်း……..

နာရီပေါင်းများစွာ….

နေ့ပေါင်းများစွာ….

လပေါင်းများစွာ…

ကျနော့် ဝိညာဉ် တခြားကမ္ဘာ ရောက်သွားတဲ့ အထိ ငယ့်ကို စောင့်နေဦးမှာပါ။

လေညင်းကလေးတိုက်နေတယ်။ ကျနော်နဲ့ ငယ်ထိုင်နေကျ ထိုင်ခုံလေးမှာ ခပ်ငယ်ငယ် စုံတွဲ တတွဲ လမ်းခွဲဖို့ ပြောနေတယ်။ ကျနော့်အနားမှာ ထိုင်နေတာတောင် သူတို့ ဂရုမစိုက်ကြတော့ဘူး။ ကောင်မလေးက ကြေကြေကွဲကွဲ ငိုနေတယ်။ ကောင်လေးက ကျနော့်ဘက်ကို မျက်နှာမူပြီး တွေတွေကြီးငေးနေတယ်။ ကျနော်ကို သူတို့ မမြင်ကျဘူး။ လေတချက်တိုက်တော့ ကျနော်လေနဲ့အတူ လွင့်မျောနေသယောင်….။

ကျနော် တိမ်တွေနဲ့အတူ..

လေတွေနဲ့အတူ….

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်






Thursday, 13 May 2010

ကျနော့် ညီမ ခါး ချို တူး လေး


ကျနော့် ဘဝ တော်တော် များများမှာ ကျနော့် မိသားစု က အမြဲ နေရာယူ နေကျ။ မောင်နှမ သုံးယောက်တည်း ရှိတဲ့ ကျနော်တို့ မိသားစုမှာ ကျနော့် ညီမက အငယ်ဆုံး။ ကျနော်နဲ့ဆို ညီမလေးက (၇) နှစ်တိတိကွာတယ်။ အမေအသက်ကြီးမှ အငယ်ဆုံးကို ခက်ခက်ခဲခဲ ဗိုက်ခွဲမွေးရတာ။ သားနှစ်ယောက်ထဲမှာ အငယ်ဆုံးက မိန်းခလေးမို့ ဖေဖေက တုန်နေအောင် ချစ်တယ်။ အငယ်မလေး ဘာလိုလို သူက မညည်းမညူပဲ။ မေမေကလည်း ကိုယ်ဝန်မဆောင်နိုင်တော့တဲ့ အရွယ်မှာ ခက်ခက်ခဲခဲမွေးထားရတဲ့သမီးမို့ အရမ်းအလိုလိုက်တယ်။ အကိုနှစ်ယောက်ကြားမှာ ကြီးလာရတယ်ဆိုတော့ သေချာပေါက်ဆိုးပါတယ်။

ငယ်ငယ်လေးကတည်းက ညီမလေးကို ထိန်းရင်း ကစားခဲ့ရတဲ့ ကျနော်တို့ ညီအကိုနှစ်ယောက်နဲ့ ညီမလေးက သူငယ်ချင်းလိုပဲ။ အသက်ကွာတယ်သာ ပြောတယ်။ ခန္ဒာကိုယ်က ဖေဖေတို့ အမျိုးဘက်က စံချိန်မှီတယ်။ မျက်နှာပြဲပြဲ ထွားထွားကြီးပေါ့။ အကိုတွေကို ကိုင်ပေါက်လို့ရတယ်။ စကားတတ်တယ်။ အကိုတွေကို စိတ်ရှည်ရင် ခိုင်းသလို လုပ်ပေးပြီး ( သူငယ်ချင်းတွေနဲ့တောင် အောင်သွယ်ပေးတာ)၊ စိတ်တိုရင် မှတ်ထားပြီး အကိုတွေ မကောင်းကြောင်း လျှို့ဝှက်ချက်တွေကို လူစုံတဲ့ အချိန်မှာ ဖွင့်အံချတော့တာပါပဲ။ ကျနော်ဆယ်တန်းအောင်ပြီး ရန်ကုန်ပြောင်းတော့ ကျနော့် ညီမလေးကို အနားခေါ်ထားခဲ့တယ်။ ရန်ကုန်မှာ ညီမလေးနဲ့ ကျနော်နဲ့ နှစ်ယောက်တည်း နေတယ်။ ကျနော်ဘွဲ့ရလို့ နိုင်ငံခြားထွက်တဲ့ အချိန်မှာ ကျနော့်ညီမလေးက ဒုတိယနှစ် တက်နေတဲ့အချိန် ကျနော်နဲ့ ညီမလေး ခွဲရတယ်။ ကျနော့်အတွက် တိုင်ပင်ဖော်၊ သူငယ်ချင်း လျှော့သွားတယ်။ ကျနော် ငယ်ငယ်လေးကတည်းက ဘယ်သွားသွား အမြဲပါတဲ့ ညီမလေးနဲ့ ခွဲရတာ ပထမဆုံးပေါ့။

မနှစ် ဒီအချိန်မှာတော့ ကျနော် နောက်ထပ် ညီမလေး တစ်ယောက် ရတယ်။ ကျနော့် ညီမနဲ့ ဆိုဒ်တူ ဂိုက်တူ အကျင့်တူတယ်။ မှတ်မှတ်ရရ အဲဒီညီမလေးရဲ့ မွေးနေ့မှာ စတင်သိကျွမ်းပြီး ကျနော့်ဘဝရဲ့ အချစ်ဆုံးတွေထဲက တစ်ယောက်ဖြစ်လာတဲ့ ညီမလေး မိုးခါး လေးပါ။ (ကျနော်ကတော့ ချိုတူးခါး၊ ခါးချိုတူးလေး၊ ပူတူးတူးလေး၊ ပေါက်ဖော်မ စသည်ဖြင့် စုံအောင်ခေါ်ပါတယ်။) ညီမလေးအတွက် ကဗျာရေးပေးပြီး သူမဘလော့ပေါ်မှာ ထိပ်ဆုံးကနေ ကျနော့် ကဗျာလေးတင်ပေးဖို့ စနောက်ရင်း နဲ့ ကြိုးစားပန်းစား အမြန်ရေးလိုက်ရတာတွေ၊ မွေးနေ့မှာ ကဗျာလုရေးရင်း တီချမ်းက ညီမလေးအတွက် ရေးပေးတဲ့ မွေးနေ့ပိုစ့်မှာ အပျော်တမ်း ရန်ဖြစ်ပြီး ကော့မန့် အပြိုင်ရေးခဲ့ကျတာတွေက မှတ်မှတ်ရရပဲ။ ဒီလိုနဲ့ ညီမလေးနဲ့ ခင်ခဲ့တယ်။ သဘောကောင်းတယ်။ အကိုတစ်ယောက်လို တလေးတစားရှိတယ်။တခါတလေ အွန်လိုင်းမှာ ပျောက်နေတတ်ပြီး ကျနော်က ချိုတူးခါးလေးးးးးးးးးးး၊ပူတူတူးလေးးးး လို့ ခေါ်ပြီး ရန်တွေ့မှ ငိုက်နေရာကထပြီး အကိုကို တဟီးဟိ နဲ့ နှုတ်ဆက်တတ်တယ်။ အချိန်ရရင် ရသလို အကို ကို အားပေးဖော်ရတယ်။ ရေစက်တို့၊ သံယောဇဉ်တို့ ဆိုတာလဲ ပြောရခက်သား။ ဒီညီမလေးကို စပြီး ခင်တွယ် ကတည်းက တကယ့် ညီမအရင်းတစ်ယောက်လိုပဲ သံယောဇဉ်ဖြစ်မိပါတယ်။

ဒီလိုနဲ့ စကာင်္ပူကိုရောက်လာတယ်။ လာတုန်းကတော့ ခဏအလည်ပေါ့။ ဒီရောက်ပြီး ပြန်ခါနီးကျတော့ အကို ညီမတို့ ဆီမှာပဲ နေပြီး အလုပ်ရှာကြည့်ပါလား။ ဟိုမှာတစ်ယောက်တည်းနေရတာ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ ဒီလိုနဲ့ စဉ်းစားလိုက်၊ တွေဝေလိုက်နဲ့ နေဖို့ မျက်စိမှိတ် ဆုံးဖြတ်ခဲ့တယ်။ ဒီမှာနေဖြစ်တဲ့ အကြောင်းအရာတွေထဲမှာ အဓိက လူသုံးယောက် ရှိတယ်။ သုံးယောက်ထဲက ညီမလေးနဲ့ သူ့ရဲ့ အသည်းတုံး (တကယ်တော့ ကျနော့်ရဲ့ အချစ်ဆုံး အသည်းတုန်းပါပဲး)) နှစ်ယောက်ကြောင့်ဆိုရင် မမှားပါဘူး။ အကိုဘာဖြစ်ချင်လဲပြော၊ အကိုဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ ညီမတို့ အနားမှာရှိတယ်၊ အကိုက ညီမတို့ အတွက် ဦးစားပေး နံပတ်တစ်တဲ့။ ဒီစကားကို ကြားတော့ ကျနော် ဝမ်းသာလို့ မျက်ရည်လည်တဲ့အထိ ခံစားရတယ်။ ကျေနပ်ပီတိ ဖြစ်ခဲ့ရတယ်။ သံယောဇဉ် တစ်ခုက မောင်နှမတွေကို ပိုပြီးနီးစပ်စေတယ်။ ခုဆို မိသားစုအိမ်လို့ ခေါ်လို့ရတဲ့ ကျနော်တို့ ဘရက်ဒယ် အိမ်ကြီးမှာ ကျနော်နဲ့ ညီမလေး တို့ တူတူနေခွင့်ရကြတာပါပဲ။

ညီမလေးက မမပြာပြောသလို ဘယ်တုန်းကမှ မျက်ခုံးထူမလာတဲ့ မျက်ခုံးသေးသေး၊ ဆံပင်ဖြောင့်ဖြောင့်လေးနဲ့ ချစ်စရာကောင်မလေးတစ်ယောက်ပါ။ အကိုနဲ့တူတယ်ပြောရမယ်။ တစ်ယောက်တည်းနေရင် နှုတ်ခမ်းက ချွန်ထော်နေတတ်တယ်။ တစ်ယောက်တည်း ဘယ်တော့မှ ပြုံးတာမတွေ့ရပေမယ့် လူတွေကြားထဲမှာတော့ အပြုံးတစ်ခုကို အမြဲတပ်ဆင်ထားသူလေးပါ။ မျက်နှာက အမြဲ ကြည်လင်နေသလို စိတ်ထဲမှာလဲ ရှိရင် ရှိသလို ပွင့်ပွင့်လင်းလင်း ပြောတတ်သူလေးပါ။ စိတ်တိုလာပြီ၊ အသည်းယားလာပြီ ဆိုရင်လည်း ဖမ်းကိုက်တတ်တဲ့သူပါ။(ကျနော့်မှာ ခုထိ အကွင်းလိုက် အကွက်လိုက်း) ဆိုရင် ညီမလေးရဲ့ ချစ်သူဆို အကွင်းတွေ ပိုများမှာ သေချာသလောက်ပါ)။

အိမ်မှာနေတဲ့ အကိုတွေ အမတွေအပေါ်၊ သူငယ်ချင်းတွေအပေါ် အချိန်ပေးပြီး ဘာတွေလိုအပ်သလဲ ဆိုတာ အမြဲဖြည့်ဆည်းပေးတတ်သူ။ ကျနော်က ဘာလုပ်ချင်တယ်၊ ဘာစားချင်တယ် မပြောလိုက်မိနဲ့။ မနက်ပြောရင် ညနေကျ အသင့်ဖြစ်နေလို့ ကျနော့်ခမျာ တခါတလေ နှုတ်ဆိတ်နေရတယ်။ တခါတလေ ချစ်သူနဲ့ လစ်တဲ အိန်ဒီယားကို ပျောက်ပျောက်သွားတတ်တဲ့ သူမက ပြန်လာရင် အကို့အတွက် တစ်ခုခုတော့ ပါလာမြဲပါ။ ဒါပေမယ့် ညီမလေးပြန်လာတိုင်း မျှော်နေမိတာက တခါတခါ တူတူပြန်လာတဲ့ ကျနော့် အသည်းတုံး တစ်ယောက်ပေါ့း) ။ ဘာဖြစ်ဖြစ် အမြဲတမ်း အကိုတစ်ယောက်ကို တလေးတစားနဲ့ ဦးစားပေးနေရာမှာ ထားတဲ့အတွက် ကျနော်က ပြန်ပြီး အားနာနေရပါတယ်။

အိမ်မှာ ကျနော့်ကို ချစ်ကြ ကြောက်ကြတယ် ဆိုပါစို့။ တခုခုဆို ကိုဖိုးစိန် နဲ့ တိုင်ရင် ငြိမ်သွားတယ်။ (ကျနော့်ကို ကြောက်ချင်ယောင် ဆောင်ကြတယ်ပေါ့လေး))။ အဲဒီအထဲမှာ ညီလေးပေါက်ပေါက်က အဆိုးဆုံးပေါ့။ အကို ကို တစ်ခုခု စပြီး အကိုဖြစ်သူ ကျနော်က အော်မယ်ဆိုရင် ညီမလေးနား ပြေးကပ်ပြီး တိုင်တယ်ပေါ့။ ဟုတ်တယ်။ ကျနော်က ပါဝါကြီးတဲ့ ကျနော့်ညီမလေးကို ကြောက်တာ ပေါက်ပေါက်က အထာနပ်ပြီးသားလေ။ ဒီလိုပါဝါကြီးတဲ့သူက ငယ်တဲ့သူကို နိုင်တမ်း အမြဲ ကစားနေကြပေါ့။ အကိုနဲ့ ညီမ ဆိုတော့ တခါတလေ ပျော်တာရှိသလို ဝမ်းနည်းတာတွေလဲ ရှိတယ်လေ။ အကိုကို ပြောမရ၊ ဆိုရမရင် မျက်စိကို အသားကုန်မှိတ်ပြီး ရိုက်ထုတတ်ပြန်တယ်။ ဘယ်တော့မှ လွယ်လွယ်နဲ့ မျက်ရည်မကျတတ်တဲ့ ညီမလေးက ကျနော် ဒီမှာမနေတော့ဘူး ပြန်တော့မယ် ပြောတော့ ဝမ်းနည်းပြီး မျက်ရည်ကျခဲ့ရတဲ့အတွက် ကျနော် ရင်ထဲ တော်တော် မကောင်း ဖြစ်ခဲ့ရပါတယ်။ ဒီညီမ တွေ ညီတွေနားက တတ်နိုင်သလောက် မခွဲနေဖို့ကို ဆုံးဖြတ်ထားပါတယ်။ ဘာဖြစ်ဖြစ် ကျနော်ရဲ့ ညီမ မလျှံ နဲ့ အကျင့်တစ်ချို့တူသလို ပုံစံကလဲ တူတဲ့ သူမကို ညီမလေး အရင်းတစ်ယောက်လို ချစ်လဲချစ်တယ်။ ကြောက်လဲ ကြောက်ပါတယ်။ ( မထင်ရင် ဖမ်းကိုက်ခံထိမှာလေ)။ ကျနော့်ဘဝရဲ့ မှတ်တိုင်တွေထဲ က ညီမလေး မိုးခါးကလဲ တစ်ယောက်ပါပဲ။ အမြဲတမ်း ရင်ထဲမှာ အမှတ်ရနေမယ့် ညီမလေးပါ။

ညနေတိုင်း ထမင်းစားပြီး ကော်ဖီဖျော်တိုက်တဲ့ ပေါက်ဖော်မ၊ ရုံးချိန်မှာ ကီးဘုတ်နဲ့ နဖူး ပြေးပြေးဆောက်ပြီး MC ခဏခဏယူရတဲ့ညီမ၊ တနင်္ဂနွေဆို ဗိုက်အမြဲ နာချင်ယောင်ဆောင်ပြီး တနလာင်္နေ့ ရုံးတက်ပျင်းတဲ့ ညီမ၊ စကားပြောနေရင်း မျက်လုံးတွေ မှေးစင်းသွားတတ်တဲ့ ညီမ၊ ချစ်သူက ရယ်ရင် မျက်လုံးဖွင့်ရယ် လို့ ခဏခဏ အပြောခံရတဲ့ညီမ၊ ခေါင်းလေးတလှုပ်လှုပ်နဲ့ စကားပြောတတ်တဲ့ ညီမ၊ အကိုက် အဆိတ် သန်တဲ့ ညီမ၊ ခေါင်းနဲ့ ပခုံးကို မလှုပ်တတ် လှုပ်တတ်နဲ့ အကိုတွေကို ကပြပြီးမှ ဒီအကို အမ တွေနဲ့မှ ညီမလဲ ပေါတောတော ဖြစ်ရပါတယ်လို့ ပြောတတ်တဲ့ ညီမ၊ အကိုကြောက်ပြီးချစ်ရတဲ့ ညီမလေးရေ…

အပျိုကြီး တပိုင်း ဖြစ်လာတဲ့ ညီမလေးရဲ့ (၂၅) နှစ်မြောက်မွေးနေ့မှာ ညီမလေး ပျော်ရွှင်ပါစေလို့ အကိုကြီး ဆုတောင်းပါတယ်။ အမှတ်တရ အနေနဲ့ မနှစ်က ညီမလေးကို ပေးခဲ့တဲ့ ကဗျာလေးကိုပဲ လက်ဆောင်ပြန်ရေးပေးလိုက်ပါတယ်။

ညီမလေးရေ.......

အဖြူရောင်ပန်းကလေးတွေကပြောနေတယ်
လောကကြီးမှာ ညီမလေးက ဖြူစင်တဲ့နှလုံသားကိုပိုင်ဆိုင်တယ်တဲ့..။

အနီရောင်ပန်းလေးကပြောပြန်တယ်
လောကကိုသတ္တိရှိရှိ ရဲရဲရင်ဆိုင်နေတာ ညီမလေးပါတဲ့..။

အဝါရောင်ပန်းလေးတွေကပြောတယ်
လောကကြီးက ညီမလေးကို နွေးထွေးစွာ ထွေးပိုက်ထားနေဆဲပဲတဲ့…။

အပြာရောင်ပန်းလေးကတော့ အားကျမခံ
ဘာပြောပြော ညီမလေးက အေးချမ်းတဲ့ အပြုံးနဲ့ ငြိမ်းချမ်းနေတယ်တဲ့..။

လောကကြီးကတော့ ညီမလေးကိုပြုံးပြရင်း
မွေးနေ့ ရောက်ပြန်ပြီးပေါ့ လို့ ဆိုရင်း
ထာဝရပျော်ရွှင်စေဖို့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးနေလေရဲ့။

လောကကြီးတစ်ခုလုံး ပန်းရောင်စုံတွေကြား သက်ဝင်လှပလို့ပေါ့…။

ညီမလေးရေ…
ပန်းရောင်စုံခင်းတဲ့ ဘဝလမ်းမှာ
ထာဝရငြိမ်းချမ်း မေတ္တာလမ်းကို
အပြုံးပန်းဝေဝေ လျှောက်လှမ်းနိုင်ပါစေလို့…။



၁၅ရက်နေ့မှာ ကျရောက်မယ့် ညီမလေးရဲ့ မွေးနေ့မှာ ဘရက်ဒယ် မိသားစုနဲ့ အတူ ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေလို့ ဆုတောင်းရင်း..










ချစ်ခင်စွာဖြင့်


အကိုကြီး

ဖိုးစိန်




Tuesday, 4 May 2010

ဂုဏ်မြင့်သူ

ဖေဖေ လူပျိုပေါက်အရွယ် ရောက်တော့ ယောက်ဖဖြစ်သူ အမယောင်္ကျား နဲ့ မော်လမြိုင်- ကျုံဒိုး သဘောင်္မှာ အလုပ်သင်အနေနဲ့ စပြီး အလုပ်လုပ်တယ်။ အဲဒီတုန်းက အဖေက အစိုးရဝန်ထမ်း မဖြစ်သေးဘူး။ ယောက်ဖဖြစ်သူက ဘဘောင်္မှာစက်ပိုင်းဆိုင်ရာ ဆီလောင်းရာထူးနဲ့ အလုပ်လုပ်နေပြီး။ အဖေက သူ့ဆီကနေ စက်ပြင်တဲ့ပညာကို သင်ရင်း ကြုံရင် ကြုံသလို ကုန်ထမ်းတယ်။ တခါတလေ သဘောင်္နဲ့ ကျုံဒိုးရောက်ရင် ကော့ကရိတ်ထိ ပစ္စည်းထမ်းဖို့ ပါသွားတတ်တယ်။ တခါတလေ မြဝတီ ကားဂိတ်ထိဆင်းပြီး ကုန်စောင့်ထမ်းတယ်။ အဲဒီအချိန်တုန်းက ခေတ်ကောင်းတဲ့အချိန်(မှောင်ခိုခေတ်) ဆိုတော့ အဖေအလုပ်က ကောင်းတယ်။

မေမေရဲ့ အမေ(ကျနော့်အဖွား)က ကော့ကရိတ်မှာ ဆိုင်ဖွင့်ထားတယ်။ ယိုးဒယားကဝင်တဲ့ ရော်ဘာဖိနပ်တွေ၊ စွပ်ကျယ်တွေကို မြဝတီကနေ သွင်းတယ်။ ပြီးရင် ကျုံဒိုးကနေတဆင့် မော်လမြိုင်ကို သဘောင်္နဲ့ ပို့တယ်။ ကုန်ကူးကုန်ရောင်းကို မေမေက ဦးဆောင်ပြီး လုပ်တယ်။ များသောအားဖြင့် ဖေဖေက မေမေ့တို့ ဆိုင်က ပစ္စည်းတွေ ထမ်းရတာများတယ်။ ဖေဖေက ငယ်တယ်။ အလုပ်ကိုကြိုးစားတယ်။ ယုံကြည်စိတ်ချရတယ် ဆိုပြီး ဖေဖေ့ကို ခေါ်ခိုင်းတယ်။ မေမေနဲ့ ဖေဖေက ၁၅ နှစ်ကွာတယ်ဆိုတော့ မေမေမျက်စိထဲမှာ မောင်လေးလို့ပဲ ထင်တယ်နေမှာပဲ။ အဲဒီအချိန် မေမေ့မှာ ရည်စားရှိတယ်။ မေမေတို့ ကောကရိတ်ကပဲ။ ဒါပေမယ့် အဖွားက အရက်သောက်တယ်။ ဆိုးတယ် ဆိုပြီး သဘောမတူဘူး။

အလုပ်လုပ်ရင်း သွားလာတာကြာတော့ ဖေဖေက မေမေကို ချစ်သွားတယ်။ မေမေ့ကိုလဲ မပြောရဲဘူး။ အသက်လည်းကြီးတယ် မိဘတွေကလည်း ချမ်းသာတယ် ဆိုတော့ ဖေဖေဘက်က မျှော်လင့်ချက်မရှိဘူး။ ဖေဖေ က မဖြစ်မနေ မေမေ့ကိုဖွင့်ပြောတဲ့အချိန်မှာ မေမေက ငြင်းတယ်။ အသက်ကွာတယ်။ သူ့မှာရည်းစားရှိတယ်။ မိသားစုမှာ မေမေက ပဲ ဦးဆောင်နေရတယ်ဆိုတော့ မေမေစိတ်ထင်သလို လုပ်လို့ မဖြစ်ဘူးလို့ ပြောလိုက်တယ်။ ဖေဖေ အသည်းတွေကွဲတယ်။ မေမေ့ဆီမှာ အလုပ်မလုပ်တော့ဘူး။ သဘောင်္မှာပဲ စက်ပြင်တာကို သင်တော့တယ်။ အဲဒီချိန်မှာ ဖေဖေက မေမေ့ကိုလွမ်းတိုင်း ဆိုတာက ဂုဏ်မြင့်သူ သီချင်းပေါ့။ နေ့လဲညည်းတယ်။ ညလဲ ညည်းတယ်။ အဲဒီတုန်းကတော့ မမ မှ မမ ပဲ ဖြစ်နေတယ်။ သွားလဲ ဂုဏ်မြင့်သူနဲ့ စားလဲ ဂုဏ်မြင့်သူ နဲ့လို ဖြစ်နေတယ်။

တနေ့ညတော့ ဖေဖေက သူငယ်ချင်းတစ်ယောက်ကို ခေါ်ပြီး ကော့ကရိတ်က မေမေတို့ အိမ်ရှေ့မှာ အဲဒီသီချင်းကိုသွားဆိုတယ်။ ကော့ကရိတ်မှာ နေစရာ အိမ်မရှိတဲ့ ဖေဖေက ညလုံးပေါက် အိမ်ရှေ့မှာ ထိုင်ပြီး မနက်ကျမှ ကျုံဒိုးကိုပြန်ဆင်း သဘောင်္နဲ့ မော်လမြိုင်ကို ပြန်မယ်။ ဒါနောက်ဆုံးညပဲ မေမေ့ကို လာနှုတ်ဆက်တဲ့သဘော၊ နောက်ဘယ်တော့မှ မတွေ့တော့ဘူးဆိုတဲ့သဘောနဲ့ သီချင်းလာဆိုတယ်။

အဲဒီညက အဖွားက ကုလားထိုင်ပေါ်မှာ ဓားကိုင်ပြီး ဖေဖေ့ကိုထွက်ခုတ်မယ်ပဲလုပ်နေတာ။ (အိမ်ထောင်ကျပြီးမှ သားမက်ကို ချစ်လိုက်တာ သားတွေထက်တောင်ပိုသေးး))။ မနက်လေးနာရီထိုးတော့ မေမေက အိမ်ရှေ့ကို ထွက်လာတယ်။ မေမေက ညအိပ်အင်္ကျီ နဲ့ ရိုးရိုး ချည်လုံချည် ဝတ်ပြီး ထွက်လာတာ။ ပြီးတော့ မောင်ထွန်းမြင့် အမကို တကယ်ချစ်လို့ ယူနိုင်တယ်ဆိုရင် အခုခေါ်သွားပါ။(အဟိ) ဒါပေမယ့် အမဆီက ဘာမှတော့ ရမှာမဟုတ်ဘူး။ အခုအတိုင်းကိုပဲယူရမယ်။ ပြီးရင် အရင်က အမ နေခဲ့သလို ပြန်ထားပေးနိုင်မယ်လို့ ကတိပေးရင် အမ လိုက်ခဲ့မယ်တဲ့။

အဲဒီမှာ အဖေက အိမ်မက် မက်သလို အံ့အားသင့် အမေ့ကို ကတိတွေ အထပ်ထပ်ပေး ခေါင်းတွေ စွတ်ညှိတ်ပြီး အမေ့ကို ယောင်တောင်တောင်နဲ့ ကျုံဒိုးကို ခိုးလာတယ်ပေါ့။ ( မြင်ယောင်မိပါတယ် ဖေဖေ့မျက်နှာကိုပေါ့း) သားစိန်ဆို ထွက်ပြေးမှာ သေချာတယ်)။

အဲဒီလိုနဲ့ အဖေ နဲ့ အမေ ညားကျလေသတည်းပေါ့။

ဒီသီချင်းလေးကြောင့် မေမေက ဖေဖေ့ကို တညတည်းနဲ့ ကြွေသွားပုံရပါတယ်။ ဖေဖေက မေမေစိတ်ဆိုးတိုင်း၊ စိတ်ကောက်တိုင်း ဒီသီချင်းလေးကို ဆိုပြလေ့ရှိတယ်။ တခါတလေ မူးပြီး မှန်လာရင် ဂုဏ်မြင့်သူကို ဆိုရင်း ဒီသီချင်းကြောင့် ညည်းအမေ အဖွားကြီးကို ဖေဖေက ယူလိုက်ရတာ။ ခုလို ပွစိပွစိ လုပ်တတ်မှန်းသိရင် အဲဒီကတည်းက မခေါ်ခဲ့ပါဘူးတဲ့။ မေမေကတော့ သီချင်းကို နားထောင်ရင်း သနားသွားတာလို့ ပြောတာပဲ။ ဘာဖြစ်ဖြစ် ဒီသီချင်းကို ဖေဖေဆိုရင် ဖြစ်ဖြစ် ၊ ဖေဖေတို့လင်မယားနှစ်ယောက် နားထောင်ရင် ဖြစ်ဖြစ် သူတို့မျက်နှာမှာ ပီတိအပြုံးတွေကို ခံစားရသလို သူတို့တွေ မျက်ရည်ဝဲစွာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတုန်းပါ။ ခုထိ ဖေဖေက ဒီသီချင်းကို မေမေ့ကို ဆိုပြနေတုန်း။ ခုထိ မေမေက ဖေဖေ့အတွက် ဂုဏ်မြင့်သူ ပါတဲ့။ မေမေ ဂုဏ်မြင့်သူ ကိုချစ်တဲ့ ဖေဖေ့ အချစ်က ဘယ်အရာနဲ့မှ နှိုင်းလို့ မရနိုင်တာ ကျနော်တို့ မောင်နှမတွေ သိပါတယ်။ ဒီသီချင်းကြားတိုင်း၊ နားထောင်တိုင်း မေမေနဲ့ဖေဖေ့ကိုလွမ်းသလို မျက်ရည်လဲ ဝဲရပါတယ်။ အိမ်ကိုလဲ လွမ်းသွားသလိုပဲ။

ချစ်ချစ်ချစ်တဲ့ မောင့်ချစ်ချစ် မက်မက် က မြန်မာသံစဉ် ရှေးသီချင်းတွေကို ပြန်လည် အမှတ်တရ တင်ဖို့ တက်ဂ်ပါတယ်။ ဒါကြောင့် ဒီသီချင်းလေးကို အမှတ်တရ အဖြစ် တင်လိုက်ပါတယ်။


ဂုဏ်မြင့်သူ - တေးရေး သဟာယ ဆရာတင်


တေးဆို - မောင်နေဝါ




တေးဆို - ရာဇာဝင်းတင့်





တကယ့် မေတ္တာစစ်နဲ့ ချစ်ရဲ့ သားနဲ့
ပစ်ပယ်တော်မူအားတယ်။
အဟုတ်မေတ္တာသက်နဲ့ ချစ်ရဲ့ သားနဲ့
ငြင်းပယ်တော်မူအားတယ်။

အထင်တော်လွဲလို့ရယ်။
ချစ်တဲ့သူရယ် ခွဲနိုင်ရှာရက်တယ်။

(မောင့်အပေါ်ဝယ် ဂုဏ်ရည်မတူလို့ လား။

ရွှေစံပယ်ဖြူ ပန်ချင်သူက များ… ) တယ်။

မသနားပဲ….ရက်စက်တယ်။
ဂုဏ်ရှိန်မြင့်တဲ့သူရယ်
ချစ်စေကြောင်းနဲ့ တောင်းပန်ချင်ပါတယ်။
တကယ်ပင် မုန်းတော့ရင်ကွယ်
ဘဝတုံးအောင် အဆုံးစီရင်နိုင်တယ်
ဖြေသော်မဖြေတယ် အစွဲကြီးစွဲခဲ့တယ်......

မောင့်အပေါ်ဝယ်ဘယ်လိုသဘောနဲ့ကွယ်
ချစ်မိသူမှာခင်ရယ်
လွမ်းပိုအောင်…စီမံလေတော့တယ်
အသက်မက တစ်ဖက်သတ်နဲ့ ချစ်မိခဲ့တယ်
ဘယ်သောအခါမှ နီးရပါ့မယ်
ဂုဏ်မြင့်သူရယ်
အလို မျှော်မှန်း လွမ်းပါပေါ့ကွယ်
(မောင့်အပေါ်ဝယ် ဂုဏ်ရည်မတူလို့ လား။

ရွှေစံပယ်ဖြူ ပန်ချင်သူက များ… )တယ်…။

မသနားပဲ ရက်စက်တယ်…။

အို……… ချစ်ပါရစေ အသနားခံသော်လည်း
ငြင်းပယ်တယ် ဂုဏ်မြင့်သူက ကွယ်..
ဂရုဏာ တရားရယ် မောင့်အပေါ်ကင်းတယ်
သင်းပျံ့တဲ့ စံပယ်အလှ
ဆင်းရနံ့ ကြွယ်သမျှ ဂုဏ်ငယ်သူကို မုန်းတော်မူအားတယ်။
(မောင့်အပေါ်ဝယ် ဂုဏ်ရည်မတူလို့ လား။

ရွှေစံပယ်ဖြူ ပန်ချင်သူက များ… )တယ်..

မသနားပဲ ရက်စက်တယ်။





သီချင်းလေးက ခံစားရတယ်။ အဓိပ္ပါယ်လဲ ရှိပါတယ်။ သီချင်းလေးကို ပြန်ခံစားရင်း ပျော်ရွင်ချမ်းမြေ့ကြပါစေ။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်