Sunday, 27 June 2010

တလအတွင်း ဘလော့ဂါ သတင်းစဉ်

ကျမ်းမာတော် မူစပါစခင်ဗျာ..

ယနေ့ မြန်မာသက္ကရာဇ် (၁၃၇၂)ခု ပထမဝါဆိုလဆုတ် (၂)ရက် ၊ (၂၀၁၀) ခု ဇွန် (၂၈)ရက်၊တနလာင်္နေ့ မနက်ခင်း ဘလောဂါ အတင်း (သည်းခံပါခင်ဗျာ) များကို စတင် …. ကြေငြာပါတော့မည်ခင်ဗျာ..။

သတင်းခေါင်းစဉ်

  • တနင်္ဂနွေနံနှင့်စသော နာမည်ကြီး ဘလောဂါ ကဗျာဆရာမ အိမ်အပြောင်းအရွေ့ပြုခြင်း..
  • ဗုဒ္ဒဟူး နံနှင့်စသော နာမည်ကြီးဘလောဂါ အကို စကာင်္ပူသို့ ပြန်လည်ရောက်ရှိလာမည့် သတင်း..
  • ဘရက်ဒယ် မိသားစုဝင်များ တပတ်အတွင်း အိမ်သော့ခတ်ထားခဲ့ရခြင်း …


သတင်းစုံလင်မှာ..


ပြီးခဲ့သော စနေနေ့တွင် တနင်္ဂနွေ နံနှင့်စသော နာမည်ကြီး ကဗျာဆရာမက ဗေဒင်၊နက္ခတ်များအရ အပြောင်းအရွေ့ ပြုလျှင်ကြီးပွားတိုးတက်ပြီး နာမည်ကျော်ကြားမည်ဟု ဗေဒင်ဆရာဟောကြားကြောင့် နေ့သင့်၊ နံသင့် အချိန်သင့်သော ညနေနေမဝင်မှီ အချိန်တွင် အိမ်အပြောင်းအရွေ့များပြုလုပ်ခဲ့ပါသည်။ တိကျသေချာသော ဗေဒင်အလိုအရ မိန်းခလေး တစ်ဦးနှင့် ယောကျားလေး နှစ်ဦး(အပျို၊လူပျိုများသာ ဖြစ်ရမည်) ဆိုသဖြင့် နာမည်ကြီး ဘလော့ဂါ သုံးဦး အိမ်ဝိုင်းပြောင်းပေးခဲ့ကြပါသည်။ ထို့အတွက် ကဗျာဆရာမမှ စတင်းပုတ်ဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်ကြောင်းကို အိမ်ရှင်များကို အားမနာတမ်း အကြိမ်တစ်ထောင်မက ကိုယ်တိုင်ကြွားဝါ ပြောခဲ့ပါသည်။ နာမည်ကြီးသည်နှင့် အညီ အိမ်ပြောင်းမည် ဆိုသည့်အကြောင်းကို မည်သူ မည်ဝါမှ မသိလိုသဖြင့် တိုးတိုး တိတ်တိတ် ပြုလုပ်ခဲ့သော်လည်း ည (၁၁)နာရီ နောက်ပိုင်းတွင် ကဗျာ ဆရာမ အိမ်ပြောင်းရာ အခန်းသို့ ပရိတ်သတ်များ အုံ့အုံ့ကြွက်ကြွက် ပျားပန်းခတ်မျှ ရောက်လာခဲ့ပါသည်။ ရောက်လာသော ပရိတ်သတ်များမှာ ကြပိုးများဖြစ်ပြီး ကဗျာဆရာမမှ မေတ္တာပို့ .. သတ် (သည်းခံပါခင်ဗျာ) မေတ္တာပို့သ နေရကြောင်းကို သတင်းရရှိပါသည်ခင်ဗျာ…။

ဘလော့လောကတွင် မအိမ်ကံကို ကန်ထရိုက်ယူပြီး ဘလောဂါများကို အင်တာဗြူးခြင်းဖြင့် ပိုစ့်များစွာ ဖန်တီးနေသော ဗုဒ္ဒဟူးနံနှင့်စသော နံမည်သုံးလုံး နာမည်ကြီးဘလော့ဂါ သည် အင်ဒိုနီးရှားနိုင်ငံတွင်း နှစ်လအတွင်း သတင်းများကို ရယူပြီး သကာလ ဇွန်လ နောက်ဆုံးပတ်အတွင်း စကာင်္ပူနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း၊ ပြန်ရောက်ပြီးသည်နှင့် ကန်ထရိုက်ယူထားသော မအိမ်ကံကို ပြန်လည် တင်ဆက်မည့်အကြောင်း၊ ဘလော့ဂါများနှင့် အင်တာဗြူးခြင်းကိုလည်းအကြံအဖန် ပြန်လုပ်မည်ဖြစ်ကြောင်း၊ အင်ဒိုင်္နီးရှားရောက် လူပျိုတစ်ယောက်၏ အတွေ့အကြုံများကိုလည်း ကြုံသလို ရေးသားသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်၊ အတင်းချခွင့် မူပိုင်ရထားသူ တစ်ဦးမှ ဘရယ်ဒယ် သတင်းငှာနသို့ ပြောကြားသွားကြောင်း သတင်းရရှိပါသည်ခင်ဗျာ…။


ဘလော့လောကတွင် ရက်အတန်ကြာ ဘလော့ပိတ်ပြီး ကိုယ်ယောင်ဖျောက်သွားသော ဗုဒ္ဒဟူးနံနှင့်စပြီး အင်္ဂလိပ်အက္ခရာ များဖြင့် ဆုံးသော မိန်းခလေးပရိတ်သတ်များသည့် ဘလော့ဂါ အကိုကြီးတစ်ယောက် ရုတ်တရက် စာပြန်ရေး၊ ဘလော့ပြန်ဖွင့်ခြင်းအပေါ် ဘလော့ဝေဖန်ရေးသုသေတီများက စိတ်ဝင်တစား ရှိနေကြောင်း သတင်းရရှိပါသည်။ ရုတ်တရက် ပြန်ပေါ်လာပြီး စာများရေးသားနေခြင်းအပေါ် သဘောကျလှသော်လည်း ပိုစ့်များ နေ့စဉ်လိုလို တက်နေခြင်းအပေါ် သကာင်္မကင်း ဖြစ်နေပါသည်။ အကြောင်းမှာ ရေးသားထားသော ပိုစ့်များ ကုန်ပြီးသကာလ ဘယ်နေ့ ဘယ်အချိန်အတွင်း ဘလော့ပြန်ပိတ်ပြီး ပိုစ့်များ ဖျက်ပစ်မည်ကို စိုးရိမ်နေသော ဘလော့စာဖတ်သူအများအပြား ရှိနေသည့်အတွက် ထိုသံသယကိုရှင်းရန် ဘလော့ဂါအကိုကြီးနှင့် တွေ့ဆုံဆွေးနွေးပြီး ဘလော့ မပိတ်တော့ပါဘူး ကတိကဝတ် တောင်းလိုသူများ ရှိကြောင်းကို ဘလော့ဝေဖန်ရေး သုသေတီများမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ အကြံပေး ပြောကြားသွားကြောင်း သတင်းရရှိပါသည်ခင်ဗျာ…။


မိန်းမကြောက်ရသဖြင့် (သည်းခံပါခင်ဗျာ) မိန်းမရောက်ရှိနေပါသဖြင့် ဘလော့လောကမှ ခေတ္တ ခဏ အနားယူထားသော သောကြာနံနှင့်စသည့် င်္ခြသေ့နာမည်ခံ ဘလော့ဂါအကိုကြီးမှ မိသားစု ကျန်းကျန်းမာမာရှိကြောင်း၊ မိန်းမပြန်လျှင် စာပြန်ရေးမည်ဖြစ်ကြောင်း နှင့် မိန်းမပြန်ရန် ကြိုးစား အားထုတ်နေကြောင်း (သည်းခံပါခင်ဗျာ) မိန်းမပြန်လျှင် ပိုက်ဆံများများထည့်ပေးနိုင်ရန် ကြိုးစားအားထုတ်နေကြောင်း ဘရက်ဒယ် သတင်းငှာနသို့ ရယ်ရယ်မောမော ပါးရိုက်ပြောသွားကြောင်း သတင်းရရှိပါသည်ခင်ဗျာ...။


အေ တူ ဇက် ပိုစ့်ကို အများနှင့် မတူ တမူ ထူးခြားအောင် ခွင့်တလယူပြီး အပတ်တကုတ် ကြိုးစားအားထုတ်ရေးနေသည့် ကြာသာပတေးနာမ်နှင့်စသော နာမည်ကြီးလူပျိုကြီး ဘလော့ဂါမှ လာမည့်လအတွင်း ခွင့်ရက်စေ့သဖြင့် အလုပ်ပြန်ဝင်ရတော့မည်ဟု သတင်းရရှိပါသည်။ အေ တူဇက်ကို တမူထူးခြားအောင် ရှု့ထောင့်တခုမှ တင်ဆက်မည့် လူပျိုကြီးသည် ခွင့်ရက်စေ့သော်လည်း အေ တူ အီး အထိသာ ပြီးသေးသည့် အကြောင်းကို ဘရက်ဒယ်အတင်းငှာနသို့ မဲ့ကာ ရွဲ့ကာ ရှက်ဖွယ်စွာ ပြောကြားသွားပါသည်။ သို့သော်လည်း ကျေးဇူးတရားကို တန်ဖိုးထားသည် နှင့် အညီ အေတူအီး အထိ ရေးသားနိုင်ခဲ့ခြင်းအပေါ် အင်္ဂလိပ်- မြန်မာ dictionary များ၊ အင်္ဂလိပ် ဝေါဟာရ အထောက်အကူပြု ဝက်ဆိုဒ်များ နှင့်အတူ တိုပါးရိုး ဘုန်ကြီးကျောင်းမှ အေတူဇက်ပိုစ့်အတွက် အကောက်အကူပြု စာအုပ်ငှားပေးသည့် ကပ္ပိယ ကိုတီကိုလဲ ကျေးဇူးအမွှန်းတင် ကြောင်း ကျေးဇူးစကားများ မိုးမွှန်အောင် ပြောကြားသွားခဲ့ကြောင်းကို သတင်းရရှိပါသည်ခင်ဗျား။


ယခုအပတ်အတွင်း စနေတနင်္ဂနွေ လူအမြဲစည်ကားသော ဘရက်ဒယ် အိမ်ကြီး သော့ခတ်ထားခြင်းခံရပါသည်။ အကြောင်းမှာ အားလပ်ရက်တွင်း အချိန်အလဟသ မဖြစ်စေခြင်းအလို့ငှာ စနေသမီး စီးပွားရေးသုတေသီ၊ ရှာဖွေချွေတာစုဆောင်းရေး ပညာရှင် ဘလောဂါ ညီမမှ ဘရက်ဒယ် မိသားစုဝင်အားလုံးအား အပိုဝင်ငွေရရန် ရုံးချိန်လွတ် အလုပ်ကိုယ်စီ ရှာပေးလိုက်ကြောင်း သတင်းရရှိပါသည်။ ဘရယ်ဒယ် မိသားစုဝင် များမှာ နှစ်ယောက်တဖွဲ့ဖြင့် BOONLAY (MRT) နှင့် SENGKANG (MRT) အဝင်အထွက်များတွင် SINGTEL မှ ပေးသော အကျီအနီများကိုဝတ်ပြီး လက်ကမ်းစာစောင်များကို အလှည့်ကျ ကမ်းပြီး စီးပွားရေး သောင်းကျန်နေကြောင်း ၊နောင်အပတ်များတွင်လည်း အလှည့်ကျရာ MRT များတွင် လက်ကမ်းစာစောင်များ ဝေငှသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ထိုကြောင့် MRT အနီးတဝိုက်အတွင်း SINGTEL အကျီအနီကို ဝတ်ပြီး လက်ကမ်းစာစောင်များဝေငှ နေလျှင် ဘရက်ဒယ်မိသားစုဝင်များ ဖြစ်ပြီး ထိုစာစောင်များကို အားမနာတမ်း လိုသလောက်လာရောက်တောင်းယူ နိုင်ကြောင်း၊ ဘရက်ဒယ်မိသားစု နှင့်အတူ လာရောက် အလုပ်လုပ်နိုင်ကြောင်း သတင်းတရပ် ရရှိပါသည်ခင်ဗျာ။ ယနေ့တွင်မူ ဘရယ်ဒယ်မိသားစု များအား နာမည်ကြီးဘလော့ဂါများ၊ ဓာတ်ပုံဆရာများမှ လာရောက် အားပေးကြည့်ရှု့ပြီး ဓာတ်ပုံများ ရိုက်ယူသွားကြောင်း၊ အတင်း (သည်းခံပါခင်ဗျာ) သတင်းများကိုပြန်လည်ဝေငှမည်မှာ ယုံကြည်ကြောင်းကိုလည်း ဘရက်ဒယ် မိသားစုတစ်ဦးမှ ပြော ကြားလိုက်ပါသည်။ စက်ရပ်သတင်း အနေနှင့် ဘရက်ဒယ်မိသားစုဝင်များ အလုပ်အကြောင်းပြ ရရှိလာမည့်ငွေကို မျှော်မှန်းပြီး နားဖောက်ခြင်း၊ အိတ်ဝယ်ခြင်း၊ အဝတ်အစားဝယ်ခြင်းများ၊ အသုံးအဆောင် အလှပြင်ပစ္စည်းများဝယ်ယူခြင်း ပြုလုပ်ကြောင်း၊ ပင်ပန်းသည်ဟု အကြောင်းပြပြီး စားသောက်ဆိုင်တွင် အတွေ့အကြုံများကို ဖလှယ်ရင်း တနင့်တပိုး စားသောက်ကြနေသောကြောင့် ချွေတာစုဆောင်းရေး ပညာရှင် ညီမ ဘလောဂါမှ ပရိတ်ရွတ်နေကြောင်းကိုလဲ သတင်းရရှိပါသည်ခင်ဗျား။


ဤတွင် ဘလော့ဂါ အတင်း (သည်းခံပါခင်ဗျာ) သတင်းများကို ကြေငြာလို့ ပြီးပါပြီ။ ကိုယ်စိတ်နှဖြာ ကျမ်းမာ ချမ်းသာတော်မူစပါစေခင်ဗျာ။


မှတ်ချက်

သတင်းကြေငြာချက်ထုတ်ပြန်သူမှာ ကြေငြာသူ အသစ်ဖြစ်သောကြောင့် လုပ်သက် မရင့်ကျက်သေးခြင်းအပေါ် သည်းခံပေးပါရန်နှင့် သည်းခံပါခင်ဗျာဟု တောင်းပန်ခြင်းကို အသာတကြည်လက်ခံပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပုံ

သတင်းကြေငြာသူနှင့် ကြောငြာချက်ရေးသူ


ချစ်၍ဖဲ့သည်။

ဘလော့ဂါသတင်းများကို ရယူလိုခြင်း၊ ဖြန့်ဝေ အသိပေးလိုခြင်း၊ ဝေမျှခြင်းများရှိပါက ဘရက်ဒယ် သတင်းငှာနသို့ လူကိုယ်တိုင် အစားအသောက်များဝယ်ပြီး အိမ်လာလျှင်ဖြစ်စေ၊ စားသောက်ဆိုင်တစ်ဆိုင်ဆိုင်တွင် ချိန်းပြီး သတင်းပေးလျှင်ဖြစ်စေ သတင်းများကို ဝမ်းမြောက်ဝမ်းသာ လက်ခံပါကြောင်း အသိပေးအပ်ပါသည်။

ဆက်သွယ်ရန် လိပ်စာ

BLD GOSSIP & NEWS DEPAREMENT

01 @2345, BLK 005, SINGAPORE

pH. 789-456-123-00

MAIL- bldgossip@gmail.com

www.bldgossip.com



ချစ်ခင်လေးစားစွာဖြင့်



ဖိုးစိန်










Sunday, 20 June 2010

စကားမစပ်

စကားမစပ်...

ခုတလော တော်တော်လေးကို ဝလာတယ်။ ဗိုက်က အစပေါ့။ တွေ့တဲ့သူတိုင်းက ဝလာလိုက်တာ ဖြူလာ ချောလာ လိုက်တာ မပြောကြဘူး။ ဗိုက်လေးက ပူလာတယ်ပဲ ပြောနေကြတယ်။ အဲဒီအတွက် ဆိုက်ကို ဝင်နေတယ်ပြောရမလား။ သတိရတိုင်း ဗိုက်လှန်ကြည့်နေမိတယ်။ မနက်စာ လုံးဝမစားပါဘူး။ ညနေ (၆) နာရီ နောက်ပိုင်းကနေ မနက် (၆) နာရီထိပဲ စားတာပါ။ သေချာတာက ဝလာတယ်။ တကယ်ကို ဝလာပါတယ်။ အသည်းယားလို့ ဆိုပြီး ဗိုက်ကိုလာကိုင်တဲ့သူနဲ့ လက်မောင်းလာကိုင်တဲ့သူနဲ့.. တော်သေးတာက သူတို့ မြင်တာပဲ သူတို့ ကိုင်ကြတာကိုး... တော်ကြာ အသည်းယားစရာတွေ မြင်ပြီး ကိုင်ချင်တယ်ဆိုရင် ကိုယ်တော့ သွားပြီး...။


စကားမစပ်...

ညည ဆိုမအိပ်ပါဘူး။ ရုပ်ရှင်ကြည့်ပါတယ်။ သရဲကား၊ စုံထောက်ကား၊ လူသတ်ကား၊ ဟာသကား၊ တခါတလေ အာဟာရ ကား။ စုံလို့ပါပဲ။ မိုးမလင်းမချင်းကြည့်ပါတယ်။ တကယ်တော့ ရုပ်ရှင်ကြည့်တာ ရည်ရွယ်ချက် ရှိပါတယ်။ အခု လုပ်ရမယ့် ပရောဂျက် အတွက် အာရုံယူတယ်လို့ မှတ်ပါတယ်။ မယုံချင်နေပါ။

စကားမစပ်...

ခုတလော တကယ်ကို မအားလပ်တဲ့ ပရောဂျက်တွေနဲ့ ပိနေပါတယ်။ ပရောဂျက်အတွက် research လုပ်ရင်း Youtube ကိုသွား သီချင်းနားထောင် ဖြစ်သွားတာက များနေပါတယ်။ အဲဒီအတွက် တကယ်ကို မအားဘူး ဖြစ်နေပါတယ်။ အဲဒါကြောင့် စာမရေးနိုင်တာပါ။ ခုချိန်စာရေးရင်လည်း ကိုယ်ဆီက ကောင်းကောင်းခန်းခန်းထွက်လာမှာ မဟုတ်ပါဘူး။ အရင်ကလည်း ကောင်းတယ် မဆိုလိုပါဘူး။ စာမရေးတော့ဘူးလား လို့ မေးတဲ့ စာဖတ်သူ တချို့အတွက်ပါ။

စကားမစပ်...

City Hall မှာ ဆိုင်ခန်းဖွင့် ဈေးရောင်းတဲ့သူတွေကို မုန်းပါတယ်။ (အကုန်လုံးကို မဆိုလိုပါ ကိုယ်ဆက်ဆံခဲ့ရတဲ့သူတချို့) ဆက်ဆံရေးမပြေပြစ်ပါဘူး။ ကိုယ်ဆီ ဈေးလာဝယ်တဲ့သူတွေကို ချိုချိုသာသာ မဆက်ဆံသလိုပါပဲ။ ကိုယ်ကပဲ ပိုနေတာလား သူတို့ကပဲ လိုနေတာလား မသိဘူး။ သူငယ်ချင်းအတွက် လေယာဉ်လက်မှတ် စုံစမ်းတော့ နှစ်ခွန်းလောက်ပဲ မေးရသေးတယ် စိတ်မရှည်ချင်တော့ပါဘူး။ မျက်နှာပျက်လာတယ်။ စိတ်တွေဆိုးလာတယ်။ ဘာသဘောမှန်းမသိပါဘူး။ ဈေးဝယ်တယ်။ ငှက်ပျောပင်။ မုန့်ဟင်းခါးချက်ဖို့ပါ။ ငှက်ပျောပင်တွေ မကောင်းလို့ ပတ်ရှာဝယ်ပါတယ်။ နောက်ဆုံးမရတဲ့ အဆုံး နည်းနည်းလတ်တဲ့ဆိုင်မှာ ဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘယ်လောက်လဲ ဈေးမေးတော့ ၁ ကျပ်တန်ရှိတယ် ၁ ကျပ်ခွဲတန်ရှိတယ် မောင်လေးယူရင် လျှော့ပေးမယ်ဆိုတော့ လတ်တဲ့ နှစ်ခုကိုရွေးယူပါတယ်။ ယူပြီး ဘယ်လောက်လဲမေးတော့ မောင်လေးရယ် (၃) ကျပ်ပဲပေးသွားတဲ့။ အဲဒါလျှော့တယ်တဲ့လား။ (၁၀)တန်ပေးတော့ အကြွေးနှစ်ကျပ် အမ်းစရာ မရှိလို့ နောက်ထပ် နှစ်ကျပ်ဖိုး ထပ်ယူပါတဲ့။ လူတွေကို ရောင်းမကုန်တဲ့ ငှက်ပျောအူအပုတ်တွေ ထိုးပေးနေတယ်။ လူကိုဝက်ထင်နေသလားပဲ။ အဲဒီအချိန် ဆိုင်ရှင်က ကျနော်မျက်နှာ မြင်ပြီး နှစ်ကျပ်ကို မရမက ရှာအမ်းပေးပါတယ်။ အားနာပြီးတော့ နှစ်ကျပ်ဖိုး ထပ်ယူမယ့် သူမဟုတ်ပါဘူး။ အပေါ်ထပ်မှာ ကြာဆံချက်ဝယ်စားပါတယ်။ ဝင်းမြန်မာမှာပါ။ စာကပ်ထားပါတယ်။ အဆင်မပြေမှု မကျေနပ်မှု ရှိရင်ပြောပါ ဘာညာ နဲ့ပေါ့။ ကျနော်စားချင်တာ ကြာဆံချက်ပါ။ ကြွက်နားရွက်မှို ချက် မဟုတ်ပါဘူး။ အဲဒီအတွက် ကြွက်နားရွက်မှိုတွေနဲ့ ပြွတ်သိပ်နေတဲ့ ကြာဆံချက်ကို သွားပြန်လဲတဲ့အခါ လဲပေးတဲ့ မျက်နှာနဲ့ ပွစိပွစိ ပါးစပ်တွေကြား အဲဒီကြာဇံချက်ကို ဒီအတိုင်းထားခဲ့ပါတယ်။ ဧရာဝတီမှာ ထမင်းစားတော့ အော်ဒါမှာပြီး တနာရီ နီးပါးမျှ စောင့်နေရပါတယ်။ စိတ်မရှည်လို့ လှမ်းခေါ်တော့ အပြေးလေး လာပြီး ငွေရှင်းစာရွက်လာပေးပါတယ်။ မှာထားတာမလာသေးဘူး ဆိုမှ ဆောရီးပါတဲ့။ ကဲ.... ကျနော်ပဲ ဒေါသကြီးလွန်းနေတာလား။ သူတို့ကပဲ မှားနေတာလား ကျနော်ကတယ်မသိတော့ပါဘူး။


စကားမစပ်....

ခုတလော အိမ်မှာပဲ နေဖြစ်ပါတယ်။ အပြင်လဲ မထွက်ပါဘူး။ အပြင်ထွက်ရင် ဒေါသပါပါလာလွန်းလို့ပါ။ အိမ်မှာရှိတဲ့ ညီအကို မောင်နှမတွေရဲ့ အစအနောက်ကို ခံရင်း ကျနော်က ပြန်အော်ရင်း ပျော်နေပါတယ်။ လူဆိုတာကလဲ ခက်သား။ ကိုယ်ချစ်တဲ့သူကျ ဘာပြောပြော အကုန်သဘောခွေ့နေတယ်။ ကိုယ် မချစ် မနှစ်သက်တဲ့သူကျ ကိုယ့်ကို ပြုံးပြရင်တောင် ကိုယ့်က လှောင်ပြုံးလို့ ထင်လိုထင်။ နေကောင်းလားလို့ မေးရင်တောင် ငါ့ကို သေစေချင်နေတာလားလို့ မြင်လိုမြင်နဲ့။ ချစ်တဲ့သူကျ ခြေဖဝါးလေးနမ်းရ နမ်းရ... ခြေမှုန့်လေးပဲ ရှူရ ရှူရ...


စကားမစပ်...

ဘရက်ဒယ် အိမ်က မောင်နှမတွေ အွန်လိုင်းမှာ ပျောက်နေကြတယ်။ စာမရေးကြဘူး။ ဟုတ်တယ်။ ရှိသမျှ ကျားတွေက အခန်းထဲမှ စုစုပြီး နေမအား ညမနား ဒိုတာ ဆိုတာ ခုတ်ကြတယ်။ ခုဘောလုံးရာသီ စတော့ ပိုဆိုးတယ်။ သောကြာ စနေ ညတွေမှာ ညလုံးပေါက် ကစားလိုက် ဘောလုံးပွဲ ကြည့်လိုက်။ နေ့ဘက် တနေကုန်အိပ်လိုက် နိုးလာရင်စားလိုက်နဲ့။ မိန်းခလေးတွေကတော့ မေးမနေနဲ့။ ကိုးရီးယား ရာသီထနေကြတယ်ပေါ့။ သူတို့တွေ ကိုးရီးယား ကြည့်ပြီးရင် ဘယ်သူက ဘယ်မင်းသားနဲ့ တူတယ်။ ဘယ်သူကတော့ ပိုချောတယ်ပေါ့။ ကျနော်မသိတဲ့ နာမည်တွေ ရိမ်းနဲ့ တူတဲ့သူနဲ့ လက်ဝှေ့မင်းသားနဲ့ တူတဲ့သူနဲ့ ထယ်ဆောက်တို့ လီဗျောင်ဟွန်းတို့နဲ့ တူတဲ့သူနဲ့။ ကျနော်လဲ အားကျမခံ ကျနော်ရော ဘာသူနဲ့ တူသလဲမေးတော့ အားလုံးက အားရပါးရ ဝိုင်းပြပါတယ်။ ကားတိုင်းမှာ ဗီလိန်လုပ်နေတဲ့ လူကြမ်းနဲ့ တူပါတယ် ဆိုပြီးတော့ပေါ့လေ။ အော် ကျနော်လဲ တခါတလေတော့ တူကြည့်ချင်ပါတယ်။ ဝူခုံးနဲ့ မဟုတ်ပါဘူး။ ယောကျားလေး ဖြစ်နေတော့လဲ ရူပါလန်း ချင်တာပေါ့။ ဒါမှ စော်ကြည်မှာ ဆိုတော့ကာ....။


စကားမစပ်...

တနင်္ဂနွေ ညနဲ့ တနလာင်္နေ့ကို မုန်းပြီး သောကြာ စနေ တနင်္ဂနွေကို ချစ်နေပါတယ်။ တက်နေတဲ့ ကျောင်းကို မုန်းပြီး လုပ်နေရတဲ့ ပရောဂျက်တွေကို ချစ်နေပါတယ်။ အနားက မောင်နှမတွေကို ဘာလုပ်လုပ် အကောင်းမြင်နေပြီး..... ပြီး... ဆက်ပြောရင် ရိုက်ပေါက်မို့.... ပြောတော့ဘူး။


စကားမစပ်...

ခုဒီပိုစ့်ရေးတာက တအိမ်ထဲနေပြီး ပိုစ့်တပုဒ်နဲ့ ကျော်တက်သွားတဲ့ ပြောရဦးမယ်... သိလား... ကို မခံချင်တာနဲ့ ချရေးမိတာပါလေ။ သူက ကိုးရီးယားကားတွေကြည့်ပြီး အနု အရွ စကားလုံးတွေကို ဖန်တီးနိုင်သေးတာပဲ။ ကျနော်က ဘာလို့ မလိုက်နိုင်ရမှာလဲ မဟုတ်ဘူးလား။ ဟို အလုပ်မရှိ အကိုင်မရှိ ပျင်းလွန်းလို့ လူပျင်းပိုစ့် ရေးတဲ့သူထက်တော့ သာပါသေးတယ်။ အလုပ်တစ်လနားပြီး အေ တူ ဇက် ကို Dictionary အုပ်ပေါင်းများစွာကို လှန်လှော ရေးနေတဲ့ မိုးကုတ်သားထက်လဲ သာအောင် ရေးနိုင်ပါတယ်။ ပိုစ့်ရေးစရာမရှိလို့ ကြားဖူးသမျှ မြို့တွေကို မတောက်တခေါက်လေး ရေးတာထက်လဲ သာတယ်။ မီးအနံ့ ရမှ စာရေးတဲ့သူထက်လဲ သာတယ်။ သီချင်းတွေကြီးလွှတ်တင်ပြီး တလမှတခေါက် မတောက်တခေါက်ရေးတဲ့ လူအအိမ်မက်ထက်လဲ သာပါတယ်။ ကဗျာရေးပြီး ကောမန့် မဖွင့်ရဲတဲ့ ကိုဗလပိန်ထက်လဲ သာတယ်။ ကျနော် သာပါတယ်ဆိုတဲ့ အကြောင်းလေးကို ပြောချင်တာပါပဲ။

စကားမစပ်...


စကားမစပ်...



စကားမစပ်...






ချစ်ခင်လေးစားစွာဖြင့်



ဖိုးစိန်




Thursday, 17 June 2010

ပုံပြင်တို

တခါတုန်းက မိန်းခလေးတယောက်က တောထဲမှာ ထင်းကောက်သွားရင်း အနာတရ ဗလပွနဲ့ အေးခဲပြီး သေခါနီး မြွေတစ်ကောင်ကို တွေ့တယ်။ အဲဒီမြွေဟာ မြွေတွေထဲမှာ အဆိပ်အပြင်းဆုံး မြွေမျိုး ဖြစ်တယ်။ မိန်းမ ဖြစ်တဲ့အလျှောက် သနားစိတ် ပိုပြီး မြွေကို ဆေးကုသဖို့ အိမ်ကို ခေါ်ယူခဲ့တယ်။ တနေ့ပြီး တနေ့ မြွေက နေပြန်ကောင်းလာတယ်။ ဒါပေမယ့် မိန်ခလေးဟာ သူ ကုသခဲ့လို့ ပြန်ကောင်းလာတဲ့ သံယောဇဉ် စိတ်နဲ့ မြွေကို ပြန်မလွှတ်ပဲ အိမ်မှာ ထားထားခဲ့တယ်။

တနေ့တော့ မြွေက မိန်းခလေးရဲ့ ချက်ကို ကိုက်လိုက်တယ်။ မြွေကိုက် ဒဏ်ရာကြောင့် မိန်းမောစွာ ခံစားနေရတဲ့ မိန်းခလေးက မြွေကို " နင့်အသက်ကို ကယ်ခဲ့တဲ့ ငါ့ကို ဘာကြောင့် ပြန်ကိုက်ရသလဲ” လို့မေးတော့ မြွေက “ဟဲ့ စုန်းမ… ငါက မြွေတကောင်ဆိုတာ နင်သိရက်သားနဲ့” လို့ ပြုံးပြုံးကြီး ပြန်ဖြေတယ်တဲ့။ ပုံပြင်လေးကတော့ တိုတိုလေးပါ။


"လောကမှာ ကူညီသင့်တဲ့သူရှိတယ်။ မကူညီသင့်တဲ့သူ ရှိတယ်။ ကူညီတိုင်း မကောင်းတဲ့သူရှိတယ်။ ကူညီလို့ ကောင်းသွားတဲ့သူရှိတယ်။ အကူအညီကို လိုလိုလားလား လက်ခံတဲ့သူရှိတယ်။ အကူအညီကို မလိုအပ်တဲ့သူရှိတယ်။ ကူညီလိုက်လို့ အကျိုးသက်ရောက်မှု ရှိတဲ့သူနဲ့ ကူညီပေးလိုက်ကာမှ ပိုဆိုးသွားတဲ့ အနေအထားရှိပြန်တယ်။

စိတ်မပါပဲ ကူညီလိုက်ရတာရှိသလို ကူညီဖို့ စိတ်ပါပေမယ့် မကူညီလိုက်ရတာမျိုး ရှိမယ်။

ဘာဖြစ်ဖြစ် ကူညီပြီးတဲ့နောက် စိတ်ထားတတ်ဖို့ နဲ့ နေတတ်ဖို့ပဲ လိုတယ်။

အရာရာတိုင်း တန်ပြန်သက်ရောက်မှု ရှိချင်မှ ရှိမယ်။ သက်ရောက်မှုတိုင်းက ပစ်မှတ်တခုဆီက နေပဲ လာရမယ်ဆိုတာ မရှိဘူး။ ဘယ်နေရာကပဲလာလာ သက်ရောက်မှုကို လက်ခံနိုင်ရမယ်။ လက်ခံတတ်အောင်ကြိုးစားကြပါလို့" ဖေဖေက ပုံပြင်ကို ပြောပြပြီး ဒီစကားနဲ့အဆုံးသတ်သွားတယ်။

ငယ်ငယ်တုန်းက ဖေဖေဘာကို အဓိက ထားပြီး ဆိုလိုချင်တာလည်း ဆိုတာ နားမလည်ခဲ့ဘူး။ အခုတော့…..








ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်


















Monday, 14 June 2010

လိုအပ်ချက်



























































































ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Wednesday, 9 June 2010

သံယောဇဉ်အနမ်းများနှင့် အတူ

ဒီဝတ္ထု တိုလေး ရေးထားတာ တစ်နှစ်ပြည့်သွားပြီး။ ဒီထဲမှာ ကျနော့်ဆီမှာ ပူးကပ်နေတဲ့ ဝိညာဉ်တချို့ပါတယ်။ ရူးသွပ်မှု တစ်ခုပါတယ်။ ဒီထဲမှာ သုံးထားတဲ့ သီချင်းတွေမှာ အမှတ်တရတွေပါတယ်။ ဒီသီချင်းနားထောင်ပြီး ဒီဝတ္ထုကို ဖတ်ရတိုင်း စိတ်ထဲ မှာ ခံစားမှု တစ်မျိုးရမိတယ်။ (ကိုယ်ပိုင်ခံစားချက်ပါ)။ ခုလဲတစ်နှစ်ပြည့် အမှတ်တရ ပြန်တင်ထားတယ်။ တစ်ယောက်သောသူကို ရည်ညွန်းပါတယ်။












London Bridge City Pier


5.4.2007

ဖျော့တော့စွာ တိုးဝင်ပျောက်ကွယ်တော့မယ့် လန်ဒန်မြို့ရဲ့ ဆည်းဆာ နေရောင်ခြည် အောက်မှာ အေးမြစွာ တိုက်ခတ်နေတဲ့ နွေဦးလေကြောင့် လှိုင်းကြက်ခွပ် ကလေးများ တဖျတ်ဖျတ် လူးလှိမ့်လို့… သက်ဝင်လှုပ်ရှားနေတဲ့ သိမ်းမြစ်ကြီးရဲ့ မျက်နှာပေါ်ကို ဖြတ်ဆောက်ထားသော လန်ဒန်တံတားပေါ်က ပြေးသွားနေတဲ့ နှစ်ထပ်ကားကြီးတွေကို ငေးကြည့်ရတာ ကျနော်အရမ်းသဘောကျမိတယ်…

စိတ်ညစ်တိုင်း လန်ဒန် တံတားကြီး နားက ဆိတ်ငြိမ်လွန်းတဲ့ ဒီနေရာလေးကို အဖော်ပြုလို့ စီးကရက်ပေါင်းများစွာ ခဲရင်း အထီးကျန်နေတဲ့ ကျနော့်ရဲ့ ဘဝတစ်စိတ်တပိုင်းကို စိုပြည်စေခဲ့တယ်… ကျနော် ချစ်တဲ့ ကိုဆုံဆည်းခွင့် ရခဲ့တာ ဒီနေရာ မှာပဲပေါ့…

ကိုပထမဆုံးစတွေ့တဲ့နေက စီးကရက်ဝယ်ပြီးလို့  ပိုက်ဆံနှိုက်နေချိန်မှာ ပိုက်ဆံက ထွက်မလာတဲ့အတွက် ပျာသွားတဲ့ ကျနော်… နောက်ကမိန်းကလေးက “ဆေးလိပ်ဖိုးပါ ယူလိုက်ပါလို့” ဆိုင်ရှင်ကိုပြော သံကြားလို့ ရှက်စိတ်နဲ့ အတူတူ လှည့်ကြည့်လိုက်တော့ ကွေးညွတ်အောင် ပြုံးနေတဲ့ နှုတ်ခမ်းတစ်စုံနဲ့ အတူ ပုခုံးကျော်ကျော် ပျော့စင်းတွဲကျနေတဲ့ ဆံပင်လေးတွေနဲ့ ရိုးရိုးလေးလှနေတဲ့ မကိုကျနော် စတွေ့မိတယ်… မ က မထင်မှတ်ပဲ “မင်းလဲ မြန်မာမဟုတ်လား ”လို့ ပြုံးပြီးမေးတော့ အံ့အားသင့်ရပြန်တယ်… ဒီလောက်လူပေါင်းစုံတဲ့ လန်ဒန်မြို့တော်ကြီးမှာ ကျနော် မြန်မာမှန်း ဘယ်လိုသိလဲ မေးတော့… မ က မင်းရဲ့ မြန်မာပြည် မြေပုံပါတဲ့ တီရှပ်ကြောင့်တဲ့… ကျနော်ကိုယ်တိုင်တောင် ဝတ်ထားပြီး သတိမထားမိတဲ့ အတွက် ဥာဏ်ပြေးတဲ့ မ ကို သဘောကျစွာ ပြုံးမိတယ်… အဲဒီနေ့က စီးကရက်ဖိုး ပြန်ပေးတော့ မယူတဲ့ အပြင် ချောကလက်တစ်ခုကိုတောင် ကျွေးခဲ့သေးတယ်… ဒီလိုနဲ့ နောက်ရက်တွေမှာ ကျနော့်ရဲ့ ခြောက်သွေ့ အထီးကျန်နေတဲ့ ဘဝလေးကို မ ဝင်လာခဲ့တယ်… ခုတော့ ဒီနေရာမှာပဲ ကိုထားသွားရတော့ မယ်ဆိုတဲ့ အတွေးက ကျနော့်ရင်ကို နာကျင်ပူလောင်စေတယ်...

သက်ပြင်းလေးချ နာရီလေးကိုငုံ့ကြည့်စဉ် နောက်ဖက် ခြေသံတွေကြားထဲက ထူးခြားစွာ သိသာတဲ့ ခြေသံတစ်စုံ နဲ့အတူ(GIVENCY) ရေမွှေးနံ့လေး ကိုပါညင်သာစွာ ရလိုက်တဲ့အတွက် ကျနော်လှည့်မကြည်ပဲ လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်မိတယ်… ခြေသံတိတ်လို့ ရပ်သွားပေမယ့် ရင်ထဲမှာထာဝရ စွဲကျန်နေမယ့် ဒီရေမွှေးနံ့ကြောင့် အလိုလိုနေရင်း ဝမ်းနည်းလို့ ကျနော် မျက်ရည်ကျချင် နေမိတယ်….

“ဟိတ်” “ကောင်လေး”…..
……….
ကျမနှစ်သက်စွာ ပြုံးမိတယ်… ဒီလို ခေါ်လို့ကတော့ ကျမကို မောင် တစ်သက်လှည့် ကြည့်မှာ မဟုတ်မှန်း သိရက်နဲ့ မောင် စိတ်ဆိုး စိတ်ကောက်တာ ကိုမြင်ချင်လို့ တမင်တကာခေါ်လိုက်တာ
မောင် ကိုပြန်မထူးဘူးလား စိတ်ကောက်နေတာလား” လို့ လှမ်းမေးမှ ကျမဘက်ကို လှည့်ပြီး ပြုံးပြတဲ့ မောင့်ရဲ့ဖျော့တော့တဲ့ အပြုံးလေးကို မြင်တော့လဲ ကျမငိုချင်ရက် လက်တို့  ဖြစ်သွားတယ်…

ညှိုးငယ်စွာ ပိန်သွယ်ကျဆင်း နေတဲ့ ဖြူရော်ရော် မောင့်ရဲ့မျက်နှာပေါ်က ခပ်တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတစ်စုံ… ထူထည်နက်မှောင်နေတဲ့ မျက်ခုံးတစ်စုံရဲ့အောက်က စူးရှတဲ့ မျက်ဝန်းတစ်စုံ…. ဒါတွေမှလွဲလို့ ကျမတောင်မှတ်မိနိုင်မှာ မဟုတ်အောင် နှစ်လကျော် သုံးလ အတွင်း ပြောင်းလဲနေတဲ့ မောင့်မျက်နှာလေးကို ငေးရင်း ရင်ထဲဆို့နစ်သွားမိတယ်…

မောင်” “ဒီနေ့ရော နေရတာ သက်သာလား… ခေါင်းရောကိုက်သေးလား”

ပြုံးစိစိနဲ့ ခေါင်းညိတ် ခေါင်းခါလုပ်တဲ့ မောင့်ကိုအားမရစွာ ခပ်တည်တည် စူးစိုက်ကြည့်ရင်း

“ဆေးရော သောက်ပီးပီးလား”
…………….
မောင်ထိုင်နေတဲ့ ခုံတန်းဘေးမှာ အတင်းတိုးကပ်ထိုင်ရင်း ဆက်မေးတော့..မညိတ်ချင် ညိတ်ချင် နဲ့မောင့်ပုံစံလေး ... ကြည့်… မောင် ကျမ အသည်းယားအောင် လုပ်နေတယ်….
………..
ကျမ မျက်စောင်းလေး ထိုးပြီး “ဒီနေ့ရော ဘာစားပြီးပြီးလဲ” မေးတော့ မောင့်ရဲ့ ဖျော့တော့တော့ မိုးပြာရောင် ဂျာကင်အိတ်ထဲက ကြေမွ တွန့်လိန်နေတဲ့ ချောကလက် အခွံလေးကို ထုတ်ပြတော့ ကျမမရယ်ဘဲနဲ့ မနေနိုင်… မေးတိုင်း ဒီဂျာကင်အိတ်ထဲက ဒီချောကလက် အခွံလေးကို ထုတ်ပြနေကျ (ကျမ မောင့်ကို စတွေ့တုန်းက အမှတ်မထင် ကျွေးမိတဲ့ ချောကလက်ခွံလေးကို မောင်က သူအမြဲဝတ်တဲ့ ဂျာကင် အိတ်လေးထဲကို ထည့်ထားတာ အမှတ်တရတဲ့… )

မောင် ကျမကိုကြည့်ပြီး “မေးခွန်းတွေက များလိုက်တာ ရယ်… မပါဘဲ မောင်ဘာမှ စားချင်စိတ် မရှိဘူး ဆိုတာ သိရက်သားနဲ့” ဆိုပြီး မျက်နှာလေးကို လွှဲလိုက်တော့ ကျမ မောင့် နောက်ကနေ မောင့်ရဲ့ခါးကိုတင်းကျပ်စွာ တိုးဖက်လို့ မောင့်ပုခုံးပေါ် ခေါင်းအပ်ပြီး ခေါင်းလျှော်ရည်နံ့ သင်းနေတဲ့ မောင့်ဆံပင်တွေကို နှစ်ခြိုက်စွာ ခိုးနမ်းလို့ ကျမငိုချင်နေမိတယ်…..

ရယ် ကျနော့်ကို ဖက်ထားစမ်းပါ အားနဲ့ဖက်ထားစမ်းပါဗျာ… ကျနော် မနဲ့ တစက္ကန့် လေးတောင် မဝေးချင်ဘူး ရယ်… ကိုကျနော်အရမ်းချစ်တယ် မ ကိုအရမ်းမြတ်နိုးတယ် မရယ်… နဲ့ ကျနော်မခွဲနိုင်ဘူးဗျာ.. စိတ်ထဲက ရေရွတ်ရင်း ကျနော်လိမ့်ကျလာတဲ့ မျက်ရည်များကို အံကြိတ်လို့ (Escape Club)ရဲ့  Just think of me(I’ll be there) သီချင်းလေးကို ညည်းမိတယ်…….

သီချင်းလေးကိုစညည်းတော့ ကျနော့်ရဲ့ ညာဘက်နောက်နားလေးမှာ နွေးထွေးတဲ့ နှုတ်ခမ်းတစ်စုံထိကပ်တာကို ခံလိုက်ရတယ်… ကျနော့် ပခုံးပေါ်ကို ကျဆင်းလာတဲ့ ပူနွေးတဲ့ မျက်ရည်တစ်ပေါက်ကြောင့်လဲ ကျနော် လှည့်မကြည့်ပဲ “ ငိုနေလား မောင့် ကိုချစ်ရင်မငိုနဲ့နော်… မောင် မရှိတော့တဲ့ တနေ့မှာလဲ မငိုရဘူး… တကယ်လို့ ငိုရင် မျက်ရည်နဲ့အတူ မောင် လွင့်ပျောက်သွားလိမ့်မယ်… ပြုံးနေလိုက်စမ်းပါ ရယ် နူးညံ့လွန်းတဲ့ အပြုံးတွေမှာ မောင်ထာဝရ တွဲလွဲလေး ခိုပါရစေ… မောင့်ကို ချစ်တယ်ဆိုရင် မငိုပါနဲ့…”

အရင်က (Escape Club) ရဲ့ ဒီသီချင်းကို နားထောင်ဖူးပေမယ့် အကြိုက်ကြီးမဟုတ်ခဲ့တဲ့ကျမ… မောင်နဲ့တွေ့တိုင်း မောင်ညည်းညည်းပြနေတဲ့ လွမ်းစရာကောင်းတဲ့ ဒီသီချင်းကို ကျမ နှစ်သက်လာတယ် မောင့်ကိုပြောပြတော့ “မောင်ဆိုလို့ ကြိုက်တာမဟုတ်လား မငြင်းနဲ့ ကြီးဒေါ်”လို့ ခပ်ရွှတ်ရွှတ်လေးပြောတတ်တဲ့ မောင့်ကို မျက်စောင်းထိုး အရှုံးပေးရတယ်… မောင်က ကျမကို ချစ်မြတ်နိုးစွာ ကျမနာမည်တစ်လုံးမှ မပါတဲ့ “”လို့ခေါ်သလို အသက်(၃)နှစ်ကျော်ကျော်သာကြီးတဲ့ ကျမကို “အဖွားကြီး” “ကြီးဒေါ်” ဆိုပြီး နာမည်အမျိုးမျိုးနဲ့ သဘောကျစွာ ခေါ်တတ်ပေမယ့် မောင့်ကို “သူငယ်နှပ်စားလေး”လို့ ခေါ်တော့ မောင်က စိတ်ကောက်တတ် သေးတယ်… ကျမကိုလဲပွစိပွစိ နဲ့ တကယ့်အဖွားကြီးအတိုင်းပဲတဲ့… ကျမ မောင့်ကို ဆေးသောက်ဖို့ ညဘက် စောစောအိပ်ဖို့ ဆေးလိပ်မသောက်ဖို့ မှာတာတွေ… ပြန်မပြော နားမထောင်လုပ်တာတွေအတွက် ပွစိပွစိလုပ်တတ်လွန်းတဲ့ ကျမကို မောင်စိတ်မရှည်တဲ့ အခါ ကျမဘက်လှည့်ကြည့်ပြီး ကျမ နှုတ်ခမ်းတွေကို ဖိကိုက် နမ်းတတ်တဲ့ မောင့်အနမ်းတွေမှာ ကျမ မိန်းမောခဲ့ရပါတယ်… ဒီအနမ်းတွေကို မောင့်အနား ထိုင်ရင်း ကျမ လွမ်းနေမိတယ်လို့ ပြောရင် လွန်မလားမောင်…

နေလုံးကြီးဝင်သွားလို့ မီးရောင်များနဲ့ မှောင်အတိ ကျလာတာမို့ အေးလာတဲ့ ကျမ လက်ကလေးတွေကို မောင်က နွေးထွေးစွာ ဆုပ်ကိုင်ထားပြီး မောင့်ပါးကိုအပ်ကာ
မောင့်ကို ချစ်လားဟင်”….

မောင့်ကိုလွမ်းနေမှာလား” ….

မောင် ကိုအရမ်းချစ်တယ် မောင့်ဘဝမှာ ကလွဲပြီး ဘယ်သူ့ကိုမှ မစွဲလမ်းခဲ့ဖူးဘူး… မောင်နေကောင်းသွားမှာပါဗျာ… မောင့်မွေးနေ့မတိုင်ခင် မောင်ပြန်လာမှာပါ… ဒီနေရာလေးမှာ ခုလိုထိုင်ပြီး မောင့်ကိုမွေးနေ့လက်ဆောင်အဖြစ် နမ်းရမယ်နော်… မောင့်မွေးနေ့ကိုဆက်ဆက်ပြန်လာခဲ့မယ် သာ သစ္စာရှိရှိစောင့်နေပါနော်”….

ကျမ ခေါင်းညိတ်ရုံမှ တပါး ငိုနေမိတယ်… “မောင်” ကျမကို တတွတ်တွတ် ပြောနေတာကို ကြားနေရတာ ကျမခံနိုင်ရည် မရှိတော့ဘူး မောင်ရယ်… မနက်ဖြန် မောင်ရန်ကုန် ကိုပြန်ရတော့မယ် ဆိုတဲ့အသိတစ်ခုနဲ့ အတူ လွန်ခဲ့တဲ့ လက ဆရာဝန်က“လူနာက ဦးနှောက် အမြှေးပါးရောင်နေတယ် စိတ်ချမ်းသာအောင်ထားပါ ဒါမှမဟုတ် သူ့မိသားစု နဲ့ အနီးဆုံးနေရာကို ပြန်ပို့ပါ လူနာစိတ်ချမ်းသာပါစေ” ဆိုတဲ့စကားတွေ … မောင့်ကို သေသည်အထိ ကျမအနားမှာ ခေါ်ထားချင်ပေမယ့် တကိုယ်ကောင်းဆန်လွန်းတဲ့ အတွေးတွေကို ဖြတ် မောင့်မိဘကို ဖုန်းခေါ်ပြီး မောင့်ကို မြန်မာပြည် ပြန်ပို့ဖို့ ရင်နာနာနဲ့ ဆုံးဖြတ်ခဲ့ရတယ်…

မောင် ကိုယ်တိုင်ကလဲ ကျမကို မခွဲချင်ပေးမယ့် “မောင် မကိုချစ်တယ် ဆိုတာ သက်သေပြချင်ရင် မောင် ပြန်သွားလိုက်ပါ… မောင့်ကို စောင့်နေမှာပါ အသက်ဝိညာဉ် ချုပ်ငြိမ်းသွားချိန်ထိ မောင် တစ်ယောက်ပဲ မကို ပိုင်ဆိုင်စေရမှာပါ”ဆိုတဲ့စကားတစ်ခွန်းတည်းနဲ့ မောင် ပြန်ဖို့သဘောတူခဲ့ ပေမယ့် ကျမရင်ထဲ ဘယ်လောက်နာကျင် ခံစားနေရမလဲ ဆိုတာမောင်သိပါတယ်… ကျမအပေါ် အခွင့်အရေး မယူပဲ မြတ်နိုးစွာ ချစ်တတ်တဲ့ မောင့်ကို ကျမ အရမ်းချစ်တယ် ကျမအရမ်းလေးစားမြတ်နိုးပါတယ် မောင်ရယ်… ဒီတစ်ညတာ ဆုံဆည်းပြီး မောင့်နဲ့ ထာဝရ ခွဲရတော့မယ်ဆိုတဲ့ အသိကြောင့်လားမသိ ကျမတတွတ်တွတ် ပြောနေတာကို မောင် ဘာတစ်ခွန်းမှ ပြန်မပြောပဲ ခေါင်းသာတွင်တွင် ညိတ်နေတော့လည်း မောင့်ကို အားမလို အားမရ ဖြစ်ရပြန်တယ်…

ဒီလိုနဲ့ မိုးချုပ်မှောင်လို့ ရထားစီး ပြန်တော့လဲ မောင်က ကျမအိမ်ရောက်တဲ့ အထိ စကားတစ်လုံးမျှမပြော ကျမကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်လို့…

“မောင် ကျမ်းမာရေးဂရုစိုက်ပါ မောင့်ကို ထာဝရချစ်နေမှာပါ”လို့ပြောရင်း ငိုတော့ မောင် ကျမ မေးစေ့လေးကို အသာကိုင်ပြီး ကျမနှုတ်ခမ်းအစုံကို မလွတ်တမ်း ငုံနမ်းတယ်… ပြီးတော့ နှုတ်မဆက်ပဲ ကျမရှေ့က ထွက်သွားတယ် … ဒါနောက်ဆုံးအနမ်း များလား မောင်ရယ်… နောင်လာမယ့် ရက်တွေကို မောင်မရှိဘဲ ကျမဘယ်လို ရင်ဆိုင်ရမလဲမောင်…

ကျနော် တစ်သက်လုံး ပြန်မရနိုင်တော့မယ့် ဆီက ဒီအနမ်းကို ယူပြီးတဲ့နောက် ကျနော် ထာဝရ ကျေနပ်နေမှာပါ… ကျနော် မကိုချစ်တယ်… ငိုနေတာမကြည့်ရက်ဘူး… မကိုထာဝရ နှုတ်ဆက်ခဲ့ပါတယ်… ဆီကကျဆင်းလာမဲ့ မျက်ရည်တွေကို ကျနော် မကြည့်ရက်သလို ကျနော့်မျက်ရည်တွေကို လဲ မမြင်စေရပါဘူး… ထာဝရ အတွက် နာကျင်စွာနဲ့ နှုတ်ဆက်ခဲ့ပါတယ်… ဒါပေမယ့် အနား မောင် ဆိုတဲ့ကျနော် ထာဝရ ရှင်သန်နေမှာပါ….

22.7.2007

ဒီမနက် ကျမ အစောကြီး ထတယ်… မောင့်မွေးနေ့ ဆိုတဲ့ အသိနဲ့ ဆွမ်းကပ်ဆီးမီးကပ်ဖို့ အတွက်ပေါ့… မောင်ပြန်သွားပြီး ကတည်းက မောင့် မိသားစု ဆီက မောင် တစ်ယောက် ကောင်းတစ်နေ့ ဆိုးတစ်နေ့ သတင်းတွေကို ကြားနေရပေမယ့် မောင်ပြောခဲ့တဲ့ စကားအတိုင်း မောင့်မွေးနေ့မှာ မောင့်ကိုတွေ့ချင်နေမိတယ်… မောင် လူ့လောကကြီးမှာ သက်ရှိထင်ရှား ရှိနေတယ် ဆိုတဲ့အသိက ကျမအတွက် အားဖြစ်စေခဲ့သလို မောင် ခံစားနေရမယ့် ဝေဒနာကိုတွေးကြည့်ရင်း စိတ်မကောင်းဖြစ်ရပါတယ်… ဒီနေ့တော့ အလုပ်နေ့တစ်ဝက် ခွင့်ယူပြီး မောင်နဲ့တူတူ ထိုင်ခဲ့ဖူးတဲ့ လန်ဒန်တံတားနားက ခုံတန်းလေးမှာ ရူးသွပ်စွာ မောင့်ကိုစောင့်နေခဲ့မိတယ်…

မောင့်ကို နေ့တိုင်းလွမ်းတယ် မောင့်ရဲ့အပြုံးလေးတွေ မောင့်ရဲ့ အနမ်းလေးတွေ မောင်စိတ်ကောက် တာလေးတွေ ကို အရမ်းလွမ်းတယ်… မောင်ပေးထားခဲ့တဲ့ ဓာတ်ပုံကိုကြည့်ပြီး မောင်ခုနေ ဘယ်လိုရုပ်မျိုး ဖြစ်နေမလဲလို့တွေးရင် ရင်မောစွာ လွမ်းရပါတယ်မောင်….

ကျမဘယ်လောက် ကြာကြာ ထိုင်မိတယ်တော့ မသိ… အေးစက်လာတဲ့ လက်ဖျားတွေကြောင့် ပတ်ဝန်းကျင်ကို သတိပြုလိုက်မိတော့ အမှောင်ရိပ်တွေကြောင့် ကျမအိမ်ပြန်ချိန်ရောက်ပြီး ဆိုတာ သိရက်နဲ့ မောင့်ကို ဆက်ပြီး စောင့်နေမိချင်တယ်… မောင်လိုချင်ခဲ့တဲ့ မွေးနေ့လက်ဆောင် အနမ်းလေးကို ကျမပေးချင်ခဲ့တယ်…

ခုတော့ ..ခုတော့.. ကျမ မျက်ဝန်းမှာ မျက်ရည်များ ကျဆင်းလာခါနီးမှ

“မငိုပါနဲ့... ရယ်… ငိုလိုက်တဲ့အခါ မ မျက်ရည်နဲ့အတူ မောင်လွင့်ပျောက်သွားလိမ့်မယ်… ပြုံးနေလိုက်စမ်းပါ ရယ် နူးညံ့နွေးထွေးလှပလွန်းတဲ့ အပြုံးတွေမှာ မောင်ထာဝရ တွဲလွဲလေး ခိုပါရစေ မောင့်ကို ချစ်တယ်ဆိုရင် မငိုပါနဲ့…”
ကြားယောင်လာတဲ့ မောင်စကားကြောင့် ကျမကျဆင်းလာမယ့် မျက်ရည်တွေကို ပြန်သိမ်းလို့  အိမ်ပြန်ဖို့အထ ကျမ နှာခေါင်းထဲ တိုးဝင်လာတဲ့ ကျမရင်ခုန်ရတဲ့ မောင့်ရဲ့ ခေါင်းလျှော်ရည်အနံ့နဲ့ အတူ…

”....

လေးတွဲစွာခေါ်လိုက်တဲ့ မောင့်ရဲ့ အသံ… ကျမ မယုံသကာင်္ မျက်လုံးများနဲ့လှည့်ကြည့်လိုက်တော့…
ဘုရားရေ… မောင်မှ မောင်အစစ်… ကျမ ဟန်မဆောင် နိုင်ပဲ မောင့်ဆီကို အပြေးသွားပြီး ဖက်ထားလိုက်တော့ မောင်ကထုံးစံအတိုင်း ပြုံးပြုံးလေး လက်ကမ်းဆီးကြိုလို့ ကျမမေးစေ့လေးကိုကိုင် ပြီး ကျမရဲ့ နှုတ်ခမ်းကို မလွှတ်တမ်း ဖိကပ်လို့….

ကို မောင် အရမ်းချစ်တယ်… နဲ့ ဝေးနေရတဲ့ အချိန်တိုင်း ကိုအရမ်းလွမ်းမိတယ်… ဒါကြောင့် မောင့်မွေးနေ့မှာ ကိုပေးထားတဲ့ ကတိအတိုင်း မောင်အရောက် ပြန်လာတာ… မောင်သေမယ် ဆိုရင်တောင် ရဲ့ ထာဝရ ရင်ခွင်မှာပဲ ခေါင်းချပါရစေ ရယ်… မောင် ကတိတည်တယ်နော်.. မွေးနေ့ကို အရောက်ပြန်လာတယ်”

ဘာပဲပြောပြော လောကကြီးက ကျမကို ကျေနပ်မှု တစ်ခု ပေးခဲ့ပါတယ်… ခုချိန်မှာ မောင့်ရင်ခွင်ထဲ ခေါင်းလေးတိုး မောင့်ခါးကိုဖက်… မောင်ကကျမ ပုခုံးလေးကို ကျစ်ကျစ်ပါအောင် ကိုင်ဆုပ်ပြီး လမ်းလျှောက်ရင်း မောင်ကဆိုနေကျ သီချင်းလေးကိုတိုးတိုးညည်းလို့…

....Don't be afraid,
oh my love
I'll be watching you from above
And I'd give all the world tonight, To be with you
Because I'm on your side,
And I still care I may have died,

But I've gone nowhere
Just think of me, And I'll be there
In the breath of a wind that sighs Oh, there's no need to cry
Just think of me, And I'll be there.......


ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

(၂၀၀၄) လောက်တုန်းကပေါ့.... အင်္ဂလန် ရောက်ရင် အဲဒီနေရာလေးမှာထိုင်ပြီး စာရေးမယ်လို့စိတ်ကူးခဲ့ဖူးပါတယ်.. ခုတော့ မရောက်သေးတဲ့ အတွက် ဒီလန်ဒန်တံတားနားက နေရာလေးကို ဓာတ်ပုံကြည့် ခံစားရေးမိတာပါ... ကျနော့် ခံစားမှုနဲ့ တထပ်တည်းကျအောင် ပုံ ပို့ပေးတဲ့ Mae ကို ဒီနေရာကနေကျေးဇူးတင်ပါတယ်။