Thursday, 30 September 2010

လောကနီတိ ကျမ်းသစ်


ရိုးသားတဲ့သူတွေ ကျဆုံးမယ်

သည်းခံတတ်တဲ့သူတွေ နောက်ကျကျန်မယ်

ဦးနှောက်ရှိတဲ့သူတွေ မြေမြှုပ်ခံရမယ်။

ဗီလိန်တွေ ကောင်းစားမယ်။

ပေါက်ပန်းပွင့်လို အမြင်လှကြပါ။

ထမိန်ဈေးမကောင်းခင်

နှုတ်ခမ်းမွေးတွေ ရိတ်ကြပါ။

စိတ်ခံစားမှုနဲ့ ယှဉ်ရင်တော့

ငါဟာ မမှန်တရားတွေကို ရင်ဆိုင်ရတာ နေသားကျနေခဲ့ပြီး။

အမှန်တရားကို တောင် မေ့နေတာကြာပေါ့။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Sunday, 26 September 2010

ချစ်ညီပေါက်ပေါက်မွေးနေ့ အမှတ်တရပါ




ပေါက်ပေါက်ရဲ့မွေးနေ့ အချိန် မိနစ်ပိုင်းလေး အလိုမှာ ချစ်သူလေးက ဆုတောင်းဖို့ စောင့်နေတယ် ဆိုတော့ ပေါက်ပေါက်ခမျာ ဒိုတာ ခုတ်တာတောင် စိတ်မဖြောင့်..။ (၁၂)နာရီထိုးတာကို ဖဘ နဲ့ ဂတ ဖွင့်ပြီး ရင်ခုန်စွာစောင့်ဆိုင်းနေတာ။ (၁၂) မထိုးခင်မှာ ပေါက်ပေါက် အမ ကိတ်မုန့် အကြီးကြီး နဲ့ မနိုင်မနင်း သယ်ပြီး အိမ်ပြန်လာတယ်။ (၁၂)ထိုးတာနဲ့ ဘတ်ဒေးသီချင်းဖွင့်၊ မီးမှုတ်ပြီး အိမ်ကညီအကို မောင်နှမတွေ ဆုတောင်းကြတယ်။ ကိတ်မုန့်ခွံ့ကျွေးပြီး ဖဘ နဲ့ ဂတ မှာ ဝိုင်းဆုတောင်းကြတယ်။ မိုးမလင်း၊ တလင်းထိ ဒိုတာခုတ်ကြတယ်။ ပြီးတော့ စားဖိုမူး အိပ်နေတာကို လုပ်ကြံကြတယ်လေ။


အဲဒီနေ့က မနက်ပိုင်း မိုးတွေ အုံ့ဆိုင်းမှိုင်းညို နေပြီး နေ့လည်လောက်ကျ မိုးတွေ သည်းနေလိုက်တာများ...။ စိုးရိမ်လွန်တာက စားဖိုမူး... ။ စားဖိုမူးကြီး စိုးရိမ်နေလို့ မိုးရွာရင် အိမ်အောက်မှာပဲ လုပ်တော့မယ်ဆိုပြီး ဝိုင်းကမထတမ်းကစားတဲ့ ညီတွေ စနေတာကို လှိမ့်ပိတ်ခံနေရတာပါပဲ။ မိုးလေးတိတ်လို့ အလင်းရောင်လေး ရရော ထခုန်ပေါက်မတတ်ပျော်လိုက်တာ။ သွားချင်နေတဲ့ အီးကုတ်လေးကို သွားရဖို့။ လက်စွမ်းပြရဖို့။ ;P

ရောက်တော့ ရာသီဥတုက သာယာလိုက်တာ။ ကြိုရောက်နေတဲ့ မမြူးတို့နဲ့ မက်ဒေါနယ် ဆိုင်မှာ ဆုံပြီး နေရာလိုက်ရှာတာ။ ကိုယ်တွေက နေရာကို မဘွတ်ထားတော့ လွတ်နေတဲ့ နေရာမှာ ခပ်တည်တည်နဲ့ ပစ္စည်းတွေထား၊မီးတွေမွှေး... ဗြုန်းဆို ဘွတ်ထားတဲ့သူတွေ ရောက်လာရော... ခပ်တည်တည်နဲ့ နောက်တနေရာရွှေ့.... နောက်တနေရာ နေသားလဲ ကျရော... နောက်ထပ် ဘွတ်ထားတဲ့ သူတွေ ရောက်လာပြန်ရော...။ ခပ်တည်တည်နဲ့ ခြေတလုံး အိမ်တိုင် ပမာ ပစ္စည်းတွေကို သယ်ရင်း မနှစ်ဒီဇင်ဘာ (၂၅)က သုံးည နဲ့ လေးရက် တရားစခန်းဝင်ခဲ့ကြတဲ့ နေရာပဲ ထပ်ရောက်လာတယ်။

တဖွဲဖွဲနဲ့ လူတွေစုံလာတယ်။ အသားကင်တွေစတယ်။တောင်းဆိုမှုတွေများတယ်။ ဟောတခု၊ဟောတခု နဲ့ ပျောက်ပျောက်ကုန်တယ်။ မေးလိုက်ရင် မစားရသေးဘူးချည်းပဲ။ ချစ်ညီတစ်ယောက်က ကောက်ပြီးပြန်လာတယ်။ သောက်ပေါက် ဖျော်ရည်ကို လက်တွေ ပြတ်မတတ် သယ်ခဲ့ရလို့တဲ့။ လူလဲစုံရော၊ အသားကင်တွေလဲ ကုန်ရော။ :P

လုစားကြတယ်။ မကြားရတာကြာတဲ့ ချီးပေါက်သံတွေ၊အော်သံတွေ၊ ဝိုင်းကောင်းသံတွေ၊ အကြွေပျောက်သံတွေ ကို လမှိန်မှိန် ဓာတ်မီးသေးသေးလေး အောက်မှာ မိုးလင်းတဲ့ထိ ပျော်ခဲ့ကြတယ်။ သီချင်းတွေကို စောင်းဆိုကြတယ်။ ဖဲလိမ်ရိုက်ကြတယ်။ မလာတဲ့ လူတွေကို သတိရတယ်။ တမ်းတတယ်။ ဓာတ်ပုံတွေရိုက်ကြတယ်။ ဓာတ်ပုံဆရာကောင်းပေမယ့် ဓာတ်ပုံတွေ ကောင်း မကောင်း ကတော့ အောက်ကပုံတွေ ကိုကြည့်ကြပါ။


အရမ်းပင်ပန်းပါတယ်။ ဒါပေမယ့် ပင်ပန်းတာနဲ့ တန်အောင် စိတ်ချမ်းသာတယ်။ သူတို့တွေ လုစားနေတာ၊ ရန်ဖြစ်နေတာ၊ တစ်ယောက်နဲ့ တစ်ယောက် ချီးပေါက်နေတာ၊ ကစားအော်ဟစ်နေတာကို ကြားနေရရင် စိတ်ချမ်းသာတယ်။ သံယောဇဉ်ဆိုတာ ဒါကိုခေါ်တာပါပဲ။

ချစ်ညီ ပေါက်ပေါက် နှစ်တိုင်း ဒီလိုအမြဲ စိတ်ချမ်းသာပြီး ပျော်ပါစေ။

မမြူးဟုမ်းမိတ် (အရမ်းကောင်းတယ်)









ားဖိုမူး လက်... :P





အနံ့လေးတသင်းသင်းနဲ့ အားလုံးအကြိုက်တွေ့သွားတဲ့ ဘာဆိုလဲ မသိတဲ့ ငါးထုပ်







အားနာတာရယ်.. ကြောက်တာရယ်ပေါင်းပြီး ကောင်းတယ်လို့ မပြောမဖြစ်ပြောကြတဲ့ စားဖိုမူး လက်ရာ ကြာဇံကြော်




တညလုံး နယ်ထား သိပ်ထားတဲ့ အသားတွေ...









အာလူးတွေ... ဥတွေ....







မော်လမြိုင်စတိုင် ငရုတ်မန်းကျည်းချဉ်




တရားဝင် ရောင်စုံအအေး.... တရားမဝင် သောက်ပေါက်တွေကိုတော့ မတင်တော့ပါဘူး..။ :P




အငွေ့တထောင်းထောင်းနဲ့ ရောင်းမလောက် အသားကင်














ဓာတ်ပုံဆရာကတော့ ဦး လို့ ခေါ်တဲ့ ကိုဘို မိုးကုတ်သားပါခင်ဗျား....။


ကျေးဇူးတင်ပါတယ်။ :P





ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Thursday, 23 September 2010

လော်ရန်းလောင်းကျော်

ကျနော်တို့ လော်ရန်းရွာမှာဗျာ…

ဘရက်ဒရယ် ဆိုတဲ့ ကျူးကျော်ရက်ကွက်ရှိတယ်။ ရပ်ကွက်ရဲ့ ဆိုက်ကားဂိတ်နားတဝိုက်မှာ အပေအတေတွေ လောင်းကျော်တွေ နေတယ် ဆိုပြီး နာမည်ကြီးတယ်။ (၇)လမ်းထိပ်က ကျူးကျော်တဲမှာ တော့ အုပ်ထိန်းသူ မရှိဘူး။ မိဘ မရှိဘူး။ ဖြစ်သလို ပွတ်သိပ် ကျပ်ညှပ်နေကျတဲ့ မောင်နှမ တစ်စုရှိတယ်။ အဲဒီတဲက မောင်နှမတွေ၊ ညီအကိုတွေက ရပ်ကွက်အောကြောလန်တွေ။ ရပ်ကွက်ထဲက ကြည့်ရတဲ့သူတွေက ခပ်ရှားရှား။ ဆိုးတယ်။ပေတယ်။ ပလီတယ်။ ဒါပေမယ့် ညီအကို မောင်နှမ အချင်းချင်းကြတော့ သိတတ်ကြတယ်။ အချင်းချင်း ရန်မဖြစ်ကြဘူး။ နှုတ်ခမ်းနဲ့ ထိုးရုံ၊ ဆံပင်ဆွဲ ပါးရိုက်ရုံ၊ ဖမ်းကိုက်ရုံ၊ အနာတရ ဖြစ်ရုံ(အဲလိုတွေ မလုပ်ဘူး လို့ပြောတာပါ)က လွဲပြီး တစ်ယောက်ကို တစ်ယောက် အသေ မသတ်ကြဘူး။ ပလီကြတယ်။ သိပ်ချစ်ကြတယ်။( လူရှေ့သူရှေ့ ချစ်ပြတာပါ)


အဲဒီတဲမှာ အကြီးဆုံးက အကိုကြီး။ လူပျိုကြီး။ အေးတယ်။ အတယ်။မောင်နှမတွေ အားလုံးကို အုပ်ထိန်းတယ်။ ရှိသမျှ ညီ၊ညီမတွေကို ကြောက်ရတယ်။ ထုံတဲ့နေရာမှာ နှစ်ယောက်မရှိဘူး။တကယ်တော့ ခေတ် မကောင်းသေးလို့ အေးချင်ယောင် အချင်ယောင် ဆောင်ထားတာပါတဲ့။ တစ်ခုထည်းပါ။ သူကတော့ ဘယ်တုန်းကမှ ပြသနာ မရှာတတ်ဘူး။မီးထွန်း၊ မီးညှိရုံလေး လုပ်ပေးပါတယ်။ ခေတ်ကောင်းရင်လဲ ဒီလိုပဲ နေမှာပါပဲ။ သူကအိမ်ကို ကြည့်တယ်။အလုပ်ထဲမှာ ကြိုးစားတယ်(သက်သာတဲ့ နေရာမှာ လုပ်ရဖို့) အိမ်ကလူတွေကတော့ သူ့ကို ပြန်ကြည့်ကြရပါတယ်။ လမ်းသိပ်ကြိုက်တယ်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ။ (ပျိုတိုင်းကို သူကကြိုက်တာပါ)ညီအကိုတွေကို ကျောသား၊ ရင်သားမခွဲခြားပါဘူး။မျက်နှာလိုက်တတ်တာ တခုတည်းပါ။ ဒီလိုနဲ့ ညီတွေကို အုပ်ထိန်းရင်း လူပျိုဘဝက ကျွတ်အောင် ကြိုးစားရုန်းကန်နေရသူပါ။

အကြီးဆုံးအမက ကွမ်းစားတယ်။ ကွမ်းစားနေရရင် ဘာမှ မလိုဘူး။ သူ့မောင်တွေကို ချစ်တတ်တယ်။ မိန်းခလေးပီပီ အသောက်အစား နည်းတယ်။ ညနေဆို ဘီယာတို့ အရက်တို့သောက်မှ နေသာ ထိုင်သာ ရှိတတ်တယ်။ စကားများတယ်။ သူ့မောင်တွေကိုဘယ်လိုချစ်ကြောင်း၊ ဘယ်လောက်ချစ်ကြောင်း အာပေါင်အာရင်းသန်သန်ပြောပြီး ချစ်ပြလို့ မောင်တွေ အချင်းချင်း သတ်ပေါင်းလဲ မနည်းတော့ပါဘူး။ ဒူးကွဲ ပေါင်ပြဲပေါင်းလည်း မနည်းတော့ဘူး။ ဒါလဲ သူကချစ်နေတုန်းပဲ။ ရပ်ကွက်သတင်း ၊ အတင်း သူမသိတာ မရှိဘူး။ သူကဘယ်သူ့ကိုမှ သတင်းမဖြန့်ဘူး။ လူစုံတုန်း အိမ်က မောင်နှမတွေကိုပဲ မမေးပဲ လက်တို့ ပြောတတ်တာပါ။ အစားအသောက် ကလဲ ဂျေးများတယ်။ အိုင်က ဟိုဟာမစားဘူး။ ဒီဟာမစားဘူးနဲ့။ သူမစားတာ အသားဆိုရင် သစ်သား။ အရွက်ဆိုရင် ညောင်ရွက်။ အသီးဆိုရင် မီးသီးတဲ့။အဲလိုတွေ ဂျေးများတာ။ အားနေတဲ့ အချိန်လေးများဆိုရင် သူ့ ဦးဘန်တူးလေးကို ရင်ဘတ်မှာအပ်ပြီး ကွမ်းတမြုံမြုံနဲ့ နှပ်နေတာ လောကကြီးကိုမေ့လို့။ အမ ပီသတယ်။ မောင်တွေ အနောက်ကို တကောက်ကောက်လိုက်တယ်။ ရန်ဖြစ်ရင် သူက ရှေ့ဆုံးက။(ထွက်ပြေးတဲ့နေရာမှာ ပြောပါတယ်)။အဲလို ပေတယ်။ တေတယ်။

သူတို့ နှစ်ယောက်အောက်က အကိုလတ်တဲ့။ ဒေါသအိုး။ အမြဲရန်လိုနေတယ်။ ထစ်ကနဲ ဆို ဘယ်သူမှားတာ မှန်တာ မသိဘူး။ လက်ကပါပြီးသွားပြီး။ အပြောကြမ်းတယ်။ ဒေါသကြီးတယ်။ ဖန်ထည်၊ကြွေထည်တွေ မိဘ ဘိုးဘွားလက်ထက်က အမွေ ပိုင်ပစ္စည်းတွေ ဒေါသအိုး လက်ချက်နဲ့ ပြောင်သွားပြီး။ ညီတွေ၊ ညီမတွေအတွက် သူက အိုးသကြီး။ ဖြစ်သလို ဟင်းတခွက် ရအောင်ချက်တယ်။ ကောင်းတယ်၊မကောင်းဘူး ဘယ်သူမှ ဝေဖန်လို့မရ။ ဝေဖန်ရင် ဟင်းခွက်က အမှိုက်တောင်းထဲပဲ။ လူနေခြုံကြား၊ စိတ်နေဘုံဖျား၊အကြွားကြီးတဲ့ဒေါသအိုးကြီးပါ(အများပြောတာပါ… သူ့ကိုယ်သူတော့ အဲလို ထင်ပုံတောင်မရပါဘူး)။တော်ရုံတန်ရုံလူကို အဖက်မလုပ်တတ်ဘူး။(အေးလေးသွားဖက်ရင်လည်း ပါးချခံ ထိုးခံထိမှာကိုး)။ ဘာဖြစ်ဖြစ် ဒေါသအိုး၊လူဆိုးအရိုင်းကောင်က သူ့ညီအပေအတေတွေကို ချစ်တာတော့ သေချာပါတယ်။

သူအောက်က တော့ တအိမ်လုံးမှာ ဗလအတောင့်ဆုံး အကိုလေးပါပဲ။ စာကြီး၊ပေကြီးသမား။ တခုခုဆို စာအုပ်နဲ့ ကိုင်ပေါက်တယ်။ (ပြောနေရင်ကြာလိုတဲ့)။ စာသမား၊ ပေသမား ကလဲ ဖြစ်ပြန် ဗလကလဲတောင့်ပြန် ဆိုတော့ ကိုဗလ အပြောရေကျောမှာ မျောသွားတဲ့ ကောင်မလေးတွေ ဒုနဲ့ဒေး။ ကဗျာရေး၊ ဆရာလုပ်နေရရင် ကျေနပ်နေပြီး၊ ဆရာမလုပ်ရ စိတ်တိုင်းမကျရင် ခွက်ပုန်းဆွဲပြီး ခွေခေါက်ပေတေ နေတဲ့ သူပါပဲ။
သူအောက်က တစ်နှစ်ကြီး၊တစ်နှစ်ငယ် ညီနှစ်ယောက်။ ညီအကိုတွေထဲမှာ ရုပ်ရည်ဗန်းဗြပြီး လုပ်စားတာ ဒင်းတို့နှစ်ယောက်ပဲရှိတယ်။ရုပ်ရည်က ကိုးရီးယားမင်းသားတွေရှူံးလောက်ပါတယ်။(သူတို့ကိုယ် သူတို့ တင်စားတာပါ) တစ်ယောက်က အစားနှေး၊ အသောက်နှေးပါ။ လက်တော့နှေးပုံ မရပါဘူး။ တစ်ယောက်က မစားမသောက် ခွေခေါက် အိပ်နေရရင် ကျေနပ်နေသူပါ။ အမကြီးနဲ့တူတူ ကွမ်းစား တယ်။ ပေတယ်။တေတယ်။ လုပ်ချင်လုပ်တယ်။ မလုပ်ချင် ရတဲ့နေရာခွေခေါက်အိပ်နေတာပါ။ မိန်းကလေးတွေကို ချစ်တတ်ပေမယ့် အချစ်တခုကို ငှက်ပျောသီးအခွံနွာစားရသလိုတောင် ပျင်းနေတတ်တဲ့သူတွေပါ။ အခုလောလောဆယ် ပိန္နဲသီး အခွံခွာစားနေရသလို အစေးကပ်နေပြီး အချစ် ဘယ်မှာဆိုတာ အမျှင်တွေကြား မနည်း ခွာဖြဲစားဖို့ ကြိုးပမ်းနေကြပါပြီး။

နောက်ထပ်အငယ်တစ်ယောက်က ဆရာကြီးပါ။ နေရာတကာ ချီးဝင်ဝင်ပေါက်တတ်လို့ လူချစ်လူခင်များပါတယ်။ ရွာထဲမှာ သူ့အကြောင်း ရေပန်းစားခဲ့ဖူးပါတယ်။ အတို့ထောင်လုပ်တတ်သလို မြှောက်ထိုးပင့်ကော်လုပ်ပါတယ်။ ပြီးရင် မသိသလို ငြိမ်နေပြီး ရယ်နေတတ်သူပါ။သူအလုပ်ဆုံးကတော့ အိမ်က အကိုနဲ့ ညီကို ပင့်ပေး မြှောက်ပေး ရန်တိုက်ပေးတတ်တာပါပဲ။ အဲလိုနဲ့ သတ်ကြ၊ အော်ကြ၊ ဟစ်ကြတာကို ကြည့်ပြီး ပျော်နေတတ်တဲ့သူပါ။ သူရင်နှင့် အမျှ ကြိမ်းဝါးပြီး အဖြစ်ချင်ဆုံးဆန္ဒက အသားဖြူချင်တာပါတဲ့။ ဘာကြောင့်လဲဆိုတာ ခုထိ အဖြေမရှိသေးပါ။
အော့ကျောလန် ညီတွေ အကိုတွေကြားမှာ နေရတဲ့ ညီမ။ ဟုတ် ဆိုတဲ့ စကားတခွန်းကို သွင်သွင်သုံးပြီး လူလုံး ပျောက်ပျောက်သွားလောက်အောင် အကိုတွေ စကားနားထောင်တဲ့ ညီမပါ။ အကိုတွေ လုပ်တာဘာမှမပြောသလို၊ သူကလဲ လုပ်တာပါပဲ။ အကိုတွေကိုတော့ ဆုံးမတတ်ပါသေးတယ်။ အငယ်ဆုံး ဆိုပေမယ့် အကိုတွေကို သည်းခံ အနစ်နာခံတတ်သူဆိုတော့ အကိုတွေက ဒီညီမကို ချစ်တာပါပဲ။ သူအားလပ်ချိန်ကို စားချင်းဖြင့် အသုံးချပြီး၊ နားချိန်ကို အိပ်ခြင့်ဖြင့် အကျိုးပြုပါတယ်။

အငယ်ဆုံးညီကတော့ ရည်မှန်းချက်ကြီးမားပါတယ်။ သူကြိုက်တဲ့ မော်ဒယ် မေဘဲမှ မရရင် ဒီတသက်လူပျိုကြီးလုပ်မယ် လို့ ကြုံးဝါးတတ်သူပါ။(ဖြစ်မှာပါ) ဆံပင်လေးထောင်ထောင် နဲ့ ရွာထဲ လှည့် ပဲများတတ်ပါတယ်။ အကိုတွေထဲမှာ ဒေါသအိုး နားကပ်လို့ အကြီးဆုံးအကိုရဲ့ အရိပ်တကြည့်ကြည့်ကို မကြာခဏ ခံရသူပါ။ အကိုတွေနဲ့ ကစားလို့ ရှူံးတိုင်း အိပ်ယာထဲ ထိုးဝင်စိတ်ကောက်တတ်တဲ့ သူပါ။ အဲလိုပြောရင်တော့ မခံချိ မခံသာ ဖြစ်တတ်သူပါပဲ။ အစအနောက်သန်လို့လဲ ရပ်ကွက်ထဲကလူတွေက အော့ကျောလန် ဖြစ်ရပါတယ်။ ခုတော့ ဒီဗုဒဟူးသား ထူးတော့မယ့်နှစ်လို့တော့ထင်ပါတယ်။

ကျူးကျော်တဲမှာနေတယ်။ ရပ်ကျော် ရွာကျော် အပေအတေတွေ ဆိုပေမယ့်လည်း …တခါတလေတော့….



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်


Monday, 13 September 2010

ထပ်မရှိတော့လို့

မနိုးမဖြစ်လို့ ထလိုက်ရတဲ့ မနက်ခင်းများစွာ

တစ်စက္ကန့်….နှစ်စက္ကန့်….သုံးစက္ကန့်….

ဒီလိုနဲ့ပဲ

စက္ကန့်တွေကိုပဲ ရင်ခုန်သံနဲ့ အမျှ ရေတွက်နေရတယ်။

ဇန်န၀ါရီ….ဖေဖော်ဝါရီ…….နိုဝင်ဘာများ

ဖြတ်သန်းခဲ့တာ အကြိမ်ပေါင်း မနည်းတော့...။

ဘ၀ဆိုတာ နှစ်လမ်းမောင်း မှ မဟုတ်ပဲ။

တလမ်းမောင်းမှာမှ လမ်းခွဲများစွာ....။

အူထူနေတဲ့ မီးခိုးတွေကြား

ဒီလိုပါပဲ...

မနက်နိုးတိုင်းအသက်ရှုလို့ရနေသေးတယ် ။

အဖေနဲ့အမေကို ကျေးဇူးတင် ရမှာပဲ။

မနက်ဖြန်အတွက် ဘာကိုမှန်းမသိပူပန်နေရင်း

တစ်ရက်ပြီးတစ်ရက်သာမိုးချုပ်သွားနေလေတော့

တခါတရံ

ဆေးလိပ်မီးခိုးကြားက မျက်ဝန်းတွေကို သတိရမိတယ်။

တနေ့ထက်တနေ့တော့

မနာလိုမှုတွေ တဖွားဖွားကျ

အတ္တပြေးလမ်းပေါ်မှာ တကိုယ်တည်းပြေး

တယောက်တည်း ပထမဆု ယူနေသူ ကို သနားမိတယ်။

အုန်းမှုတ်ခွက် နှုတ်ခမ်းပေါ် ထိုင်ပြီး

ခွက်ထဲမဝင်ချင် ရေထဲလဲ မကျချင်တဲ့ သူလို

အားနည်းချက် စိုးရိမ်မှုတွေနဲ့

တပါးသူအပေါ် သကာင်္မကင်း စိုးရိမ်နေသူတွေကို

ဂရုဏာ သက်မိတယ်။

ဘာဖြစ်ဖြစ်....


ယှဉ်ပြိုင်မှုတွေကတော့ ပြင်းထန်တယ်

အတိတ်ကပစ္စုပ္ပန်ကိုယှဉ်ပြိုင်တယ်

ပစ္စုပ္ပန်ကအတိတ်ကိုယှဉ်ပြိုင်တယ်

ဘာတစ်ခုမှချိန်ခွင်ညီမမျှသေးဘူး။

အဖြေထွက်ဖို့မသေချာတဲ့ ပုစ္ဆာ တပုဒ်ကို

ထိုင်တွက်ရင်း

ကျနော်တို့ အားလုံးက..

တိမ်တွေ ခရီးထွက်နေတာ လိုက်မကြည့်နိုင်သေးတဲ့

ရုပ်သေးတွေ ဆိုတာကို ကျေညက်နားလည်သင့်တယ်။

တခုတော့ ရှိတယ်

ကွဲအက်နေတဲ့ အရိုးခေါင်းကို

ဦးနှောက်လာ မစားနဲ့။

သေချာချင်ရင်

ငါ့နာမည်ထိုးပြီးသား

မှတ်တိုင်နဲ့သာ

ခပ်နက်နက် ထိုးစိုက်လိုက်ပါ။

ငါ...... လဲ ခြေကုန် လက် ပန်း ကျ နေ ရော ပေါ့....။













ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Tuesday, 7 September 2010

ပွဲကြိုက်မောင်


ကျနော် ငယ်ငယ်ကဆို သီတင်းကျွတ်တော့ မယ်ဆိုရင် ပျော်တယ်။ ရပ်ကွက်ထဲမှာ ဇာတ်စင်တွေ မြင်ရတော့မယ်။ ဇာတ်ပွဲတွေ တပွဲပြီးတပွဲ ရုံသွင်းပြတာနဲ့ ဘုရားပွဲအတွက် ဗလာပွဲ ပြတာနဲ့ တပေါင်းလ ကျော်သွားတဲ့ အထိ ပွဲစဉ်တွေက မပြတ်ဘူး။ ကျနော့်တို့ အပိုင် ဒိုင်းဝန်ကွင်းမှာ အပြိုင်အဆိုင် ဇာတ်ပွဲတွေကို ငှားကြပြီး ဆီမီးထွန်းပွဲတွေ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတွေ လုပ်ကျတော့ လတိုင်းလိုလို ဇာတ်သံ၊ ဗုံသံတွေက ကြားနေရတယ်။

ကျနော်က ဇာတ်သံ၊ ဗုံသံ မပြောနဲ့ ဇာတ်စင်မြင်နေရင်တောင် ပျော်နေတာ။ ထမင်းစားမဝင်တော့ဘူး။ အားအားရှိ ဇာတ်စင်ကို ပြေးပြေးကြည့် ပြီး ဒီနှစ်ကမယ့် ဇာတ်အဖွဲ့ပိုစတာကို အလွတ်ရမတတ် သွားဖတ်ရတာ အမော။ ပြန်လာရင် အငယ်နှစ်ယောက်ကို ဇာတ်စင်ဆောက်တာ ဘယ်လောက်ထိ ပြီးသွားပြီ ၊ ဒီနှစ် ဘယ်လူရွှင်တော်က ဘယ်သူ ၊ပြဇာတ်မင်းသားက ဘယ်သူ ဆိုပြီး ပြန်ပြောရတာ နဲ့ကျနော့် တစ်ယောက်တည်း အလုပ်ကို ရှုပ်လို့။ အချိန်တန်လို့ ဇာတ်ကတဲ့ အဖွဲ့ပါတဲ့ ကားကြီး ဝင်လာပြီးဆိုရင် သူတို့ ပစ္စည်းတင်ချ တာကို တမော့ တမော သွားငေးတတ်တာပဲ။ ပြီးရင် ပိုစတာမှာ မြင်ထားတဲ့ ဓာတ်ပုံထဲကလူတွေနဲ့ အပြင်မှာ ရှိတဲ့လူတွေကို ဘယ်သူက မင်းသား၊ ဘယ်သူက မင်းသမီး ဆိုပြီး လိုက်ရှာ ရတာအမော။

ဖေဖေကဆို မေမေ့ကို ပြောလေ့ရှိတယ်။”ညီမသားကို ဒီလိုပဲ လွှတ်ထား။တော်ကြာ ဇာတ်နောက်ပါသွားမယ်တဲ့” ။ ဖေဖေပြောလဲ ပြောစရာပါ။ ဖိုးစိန်တို့ မဟုတ်တဲ့နေရာမှာ ဆို မှတ်ဥာဏ်က ဘာကောင်းသလဲ မမေးနဲ့။ ပွဲတည ကြည့်ပြီးရင် နောက်နေ့ လူပျက်တွေ ပေါက်ကရပြောတာ၊ မင်းသား ဘယ်လိုပြောပြီး မူးတာ၊ မင်းသမီးဘယ်လို ပါးရိုက်လိုက်တာက အစ တလုံးမကျန်ပြန်ပြောနိုင်တာ။ (စာကိုသာ အဲလို မှတ်မိနေရင် ခုလောက်ဆို ဆရာဝန်ချီးတို့ အင်ချင်နီယာချီးတို့ ဖြစ်နေလောက်ပါတယ်)။ ဇာတ်ပွဲကြည့်ရင်လဲ ညလုံးပေါက် မိုးစင်စင်လင်းတဲ့အထိ ကြည့်တာပဲ။တခါတလေ ကိုယ့်ဘေးနားမှာ အဖွားကြီးတွေ တစ်ယောက်စ နှစ်ယောက်စ ပဲ ကျန်တာလဲ ကျနော်ကတော့ အပြုံးမပျက် ဆက်ကြည့်တာပဲ။ အဲလို ဆိုရင် နောက်နေ့တွေမှာ လူပျက်တွေက ကျနော့်ကို အပျော်သဘောနဲ့ ပျက်လေ့ရှိတယ်။” တို့ပွဲကို ငှားတဲ့ ရပ်ကွက်လူကြီးက သူငှားထားတာ တန်အောင်လို့ သူ့သားကိုတောင် မိုးလင်းထိ အစောင့်ချ ကြည့်ခိုင်းတယ်။” လို့ ပျက်ရင် တဝါးဝါးနဲ့ ပွဲကျ။ အဲဒီတုန်းက ရှက်ရကောင်းမှန်းလဲ မသိဘူး။ သူတို့ ပျက်တာကို တဟားဟားနဲ့ ရယ်လို့ မောလို့။ ရက်ဆက်လို့ အိပ်ငိုက်တယ်မထင်နဲ့။ တခါတခါ ကြည့်ပြီးသား ဇာတ်ကိုတောင် အားပါးတရ ကြည့်တာပဲ။ ငယ်ငယ်တုန်းက ရုပ်ရှင်ထက် မျက်မြင်ကိုယ်တွေ့ မြင်ရ၊တွေ့ရတဲ့ ဇာတ်ပွဲကို ပိုသဘောကျတယ်။

ဇာတ်ပွဲစရင် အပျိုတော်နတ်ယိမ်းနဲ့စထွက်ပြီး ရှေးဟောင်သံစဉ် သီချင်း၊ ပြီးရင် ခေတ်ပေါ်တေးဂီတတွေကို မင်းသား၊ မင်းသမီးတွေက အလှည့်ကျဆိုတယ်။ ပြီးရင် ကျနော်ကြိုက်တဲ့ အငြိမ့်ကဏ္ဍ လာပြီ။ အငြိမ့်ပြီးရင် အော်ပရာဆိုတဲ့ ရှေးဇာတ်ထုပ်အတိုလေးတွေ။(ပုံဂံခေတ် အခြေခံ) ဇာတ်လမ်းတိုတွေပါ။ ပြီးရင် ပြဇာတ်ရှည်။ နောက်နှစ်ပါးသွား။ နောက်ဆုံးက နောက်ပိုင်းလို့ ခေါ်တဲ့ ငိုချင်း၊ ညည်းချင်း(၃၇) မင်းနတ် ဇာတ်ထုပ်တွေ ကတယ်။ ကျနော်က အငြိမ့်ရယ်၊ အော်ပရာရယ်၊ နောက်ပိုင်းရယ်ကိုကြိုက်တယ်။ အငြိမ့်က ရယ်ရတယ်။ အော်ပရာနဲ့ နောက်ပိုင်းက ကိုယ်မသိတဲ့ နတ်ဇာတ်ထုပ်တွေ ရာဇဝင်တွေကို သိရလို့ သဘောကျတယ်။ ပြဇာတ်မကြိုက်ဘူးလား ဆိုတော့ အလွတ်မပေးပါဘူး။ ကြည့်ပါတယ်။

အခုတော့ မသိဘူး။ ငယ်ငယ်တုန်းကဆို ဇာတ်ပွဲမှာ နာမည်ကြီးတဲ့ နှစ်ပါးသွား မင်းသားတွေက အုန်းညွန်စိန်၊ အုန်းလက်စိန်၊ ပုဂံပြားစိန် တို့ပေါ့။ ကျနော့်နာမည် စိန်ပါတာကိုတောင် ကျနော်က ဂုဏ်ယူနေတာ။ သူတို့လိုတော့ မင်းသားဖြစ်မလာပါဘူး။ မျောက်ရှုံးအောင် သောင်းကျန်းတဲ့ မျောက်မူးလဲစိန်ပဲ ဖြစ်လာတာပါ။ ပြဇာတ်မင်းသားဆိုရင် ဒို့တင်ငှေး ကို တော်တော်ကြိုက်တယ်။ ကောလိပ်ဂျင်နေဝင်းနဲ့တူတယ်။ ကောင်မလေးနဲ့ အသည်းကွဲလို့ အရက်မူးပြီး လွမ်းတဲ့အခန်းဆို ခုထိ မှတ်မိနေတုန်း။ “နှလုံးသား အိမ်မှာ ပူတယ်…… အခါးဆုံးအရက်ကို မိတ်ဆွေ လုပ်မယ် … ချိုပါတယ်..ဒါဟာ ကိုယ့်အတွက် သိပ်ချိုတယ်” ဆိုတဲ့ သီချင်းကို သူဆိုပြီးမူးတာ… “အရည်တွေ ပျော်ကုန်ပြီး.. ဦးနှောက်အပိုင်းအစတွေ…(မှတ်မိတော့ဘူး)” အဲဒီသီချင်းဆိုပြီး အသည်းကွဲတာတွေကို ခုထိ မြင်ယောင်နေတုန်း။( ဖိုးစိန် လုပ်ပြဆိုရင် ဘီယာလေး အရက်လေးဝယ်ခဲ့မှ ကောင်းမယ်။ အဲဒါမှ ဒို့တင်ဌေးလို မူးပြီးလွမ်းပြလို့ ကောင်းမှာ။ ) ဒို့တင်ဌေးကတော့ အရက်သမားဘဝနဲ့ အသည်းကျွမ်းပြီး သေသွားတာပဲ။ သူသေပြီးနောက်ပိုင်းလဲ ဇာတ်မကြည့်ဖြစ်တော့ဘူး။ မင်းသမီးထဲမှာတော့ နှင်းဆီလို့ ခေါ်တဲ့ ဆံပင်ရှည်ရှည် အသားညိုညိုနဲ့ မင်းသမီး၊ ပြီးတော့ မင်းသားလုပ်တဲ့ ချစ်ဖွယ်ရဲ့မိန်းမ အေးအေးမူကို ကြိုက်တယ်။ သရုပ်ဆောင် အရမ်းကောင်းတယ်။ ငိုတာ၊ ရယ်တာ၊ အရမ်းတော်တယ်။ သူတို့ကတဲ့ ဇာတ်တွေကလဲ ငှားရတာပဲ။ ဒီဘက်လမ်းမှာ ကပြီးလို့ ဟိုဘက် လမ်းမှာသွား ကလဲ လူက စည်တာပဲ။(ကျနော်က အထက်မြန်မာပြည်က ရွှေမန်းတင်မောင်တို့၊ မိုးဝင်း၊ချမ်းသာတို့ လိုဇာတ်ပွဲတွေကို ကြည့်ခွင့်မကြုံခဲ့ပါဘူး) အောက်ပြည်မှာ နာမည်ကြီးတဲ့ ဇာတ်တွေကိုတော့ အကုန်သိတယ်။

ဇာတ်ထဲမှာ ကျနော့်ရဲ့ အသည်းကျော်တွေက လူရွင်တော်တွေပါပဲ။ ရပ်ကွက်ထဲမှာ ဇာတ်တဖွဲ့ကို ကြိုက်လို့ နောက်ရက်တွေ ဆက်ငှားမယ် ဆိုရင် အဲဒီရပ်ကွက်က အိမ်ရှင်တွေက ဇာတ်အဖွဲ့ကို ထမင်းဖိတ်ကျွေးတယ်။ ဖေဖေက ရပ်ကွက်လူကြီးဆိုတော့ သူ့အစား ကျနော့်တို့ ကြီးငယ်ကို ကျွေးခိုင်းတယ်။ ကျနော်က မင်းသားလဲ မခေါ်ဘူး။ မင်းသမီးလဲ မခေါ်ဘူး။ လူရွှင်တော်တွေကိုပဲ ခေါ်တယ်။ သူတို့က ထမင်းလာစားရင်လဲ အပြောင်အပျက်ပြောတာပဲ။ အဲဒါကို ကျနော်က သဘောကျနေတာ။ အခု ရုပ်ရှင်တွေ ဝင်ရိုက်နေတဲ့ ဝက်မ ဆိုတာ ကျနော်ငယ်ငယ်တုန်းက အသည်းကျော်တွေပါပဲ။ ဝက်မ၊ ခွေးမ၊ စံပု၊ ချစ်လုံး စတဲ့ လူရွှင်တော် တွေရဲ့ ပျက်လုံးတွေကို အလွတ်ရနေတတ်တယ်။ သူတို့ ပျက်တာတွေက တကယ်ရယ်ရတယ်။ တခါတလေ အောက်ပိုင်းစကားလုံးတွေ ပါပေမယ့် ကြိုက်ပါတယ်။ တကယ်လက်တွေ့ သူတို့ရဲ့ အပြင်ဘဝက မရယ်ရပါဘူး။ ပိုက်ဆံမလောက်လို့ ညဘက်ပွဲက နေ့ဘက်ကူလီထမ်းတဲ့ လူရွှင်တော်တွေ အများကြီးပါ။ သူတို့ကို သနားတာရော ၊ သူတို့ ပျက်လုံးတွေ ရယ်ရတာရော ကြောင့် သူတို့ကိုကြိုက်ပါတယ်။

အခုခေတ် မှိုလိုပေါတဲ့ မြန်မာရုပ်ရှင်ဇာတ်လမ်းတွေကို ကြည့်ပါ။ အော်နေ၊ ဟစ်နေပြီး ကလိထိုးရယ်နေရတာများပါတယ်။ အနှစ်သာရ မရှိဘူး။ ဇာတ်လမ်း၊ဇာတ်ကွက်တွေ မရှိဘူး။ အရင့်အရင် မဖွံ့ဖြိုးသေးတဲ့ခေတ်က ရုပ်ရှင်ပိတ်ကားတွေပေါ်မှာ သရုပ်ဆောင်တဲ့ မင်းသားကြီး၊ မင်းသမီးကြီးတွေနဲ့ မယှဉ်နဲ့ဦး။ မြေဝိုင်းပေါ်မှာ စင်ထိုးပြီး ဗလာကျင်း ကပြခဲ့တဲ့ ပြဇာတ်ကနေတဲ့ ပြဇာတ်မင်းသား မင်းသမီးတွေ၊ လူပျက်တွေလောက်တောင် မကောင်းတော့တာ အမှန်ပဲ။ ခုခတ် မြန်မာဗီဒီယို ကိုကြည့်လိုက်ရင် အော်ဟစ်နေပြီး ကလိထိုးရယ်နေရတာများပါတယ်။

အဲလိုဆိုရင် စိတ်ပျက်ပြီး ကိုယ့်အရပ်၊ ကိုယ့်ဒေသက မြေဝိုင်းထဲမှာ ဗလာကပြတဲ့ ပြဇာတ်တို့ အော်ပရာ၊နှစ်ပါးသွားတွေ နတ်ဇာတ်ထုပ်တွေကိုသာ ပြေးကြည့်ချင်စိတ်တွေ များလာပါတယ်။ အဲဒီအချိန်တုန်းက ပွဲကြည့်ရတာကို ပျော်သလို အဲဒီလို ကြည့်ရတဲ့ အရသာကိုလဲ ကြိုက်ပါတယ်။

ဇာတ်ပွဲပြီးလို့ သူတို့တွေ ပစ္စည်းသိမ်းပြီး ပြန်သွားတဲ့ အခါကျရင် သူတို့ကခဲ့တဲ့ ဇာတ်စင်ကို ကြည့်ပြီး ရင်ထဲမှာ ဟာတာတာနဲ့ နောင်နှစ်သီတင်းကျွတ်ဖို့ကိုသာ ဆုတောင်းနေမိတာ အမှန်ပါပဲ။

အခုချိန်မှာ အဲလို ဇာတ်စင်ရှေ့ထိုင်ပြီး စိတ်လွတ်ကိုယ်လွတ် အားရပါးရ ရယ်ချင်နေတာ….။


အပေါ်က ပိုစတာက ကျနော် စကာင်္ပူ မလာခင် မင်းသားချောလေး ကိုကိုဆောင်းက ဒီဇိုင်းလုပ် ပိုစတာထုတ်ပြီး ကျနော့်ကို ကြိုဆိုထားတာပါ။ ပိုစ့်နဲ့ကိုက်လို့ အမှတ်တရ ပြန်တင်ပါတယ်။
ပွဲကြိုက်သူ



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်