ဖေဖေနဲ့ မေမေ
သားဒီစာနဲ့ ရိုသေစွာ ကန်တော့လိုက်ပါတယ်။ ဖေဖေနဲ့ မေမေ အမြဲတမ်း ကျမ်းမာ ပျော်ရွင်စေဖို့ ဆုတောင်းပါတယ်။
မေမေ
မေမေ့ကို နေကောင်းလားလို့ မမေးတော့ဘူးဗျာ။ အသက်ကြီးလာတာနဲ့ အမျှ ကိုယ့်ကျမ်းမာရေးကို ဂရုစိုက်ဖို့ပဲ ပြောချင်ပါတယ်။ ခုကုနေတဲ့ အစာအိမ်ရောဂါကို ပျောက်ကင်းဖို့ ပိုပြီးဂရုစိုက်ပေါ့။ သားက ဆေးကုပေးနိုင်တာကလွဲပြီး ဘာမှမလုပ်ပေးနိုင်ဘူးမေမေ။ သားပြောလိုက်တဲ့ စကားတိုင်းက မေမေ့အတွက် အားဆေးဖြစ်ဖို့တော့ အမြဲရည်ရွယ်ပါတယ်။ တခါတလေ သားစဉ်းစားတယ်မေမေ။ ဒီရောဂါတွေက မေမေ့ဆီမှာပဲ လာလာဖြစ်ရလား။ ဒီလောက် လူတွေပေါများနေတာဆိုပြီးတော့ပေါ့။ ဒါပေမယ့် မေမေ့ကုသိုလ်ပေါ့ဗျာ။ ရောဂါတွေစုံအောင် ရနေပေမယ့် ခုချိန်ထိ လှလှပပ နဲ့ အသက်ရှည်ရှည်နေနိုင်တာလဲ မေမေ့ကုသိုလ်ပေါ့။ ဘာဖြစ်ဖြစ် ကျမ်းမာရေးတော့ဂရုစိုက်ပါဗျာ။ မေမေဘာဖြစ်ဖြစ် မေမေ့ကို ကောင်းအောင်ကုပေးနိုင် မယ့် ဆရာဝန်ရှိပါစေလို့ အမြဲ ဆုတောင်းပါတယ်။ ပြီးတော့ မေမေကုသမျှ ကုန်သမျှကို ပေးနိုင်တဲ့သားရှိတယ် ဆိုတာ မေမေ အမြဲ သတိသွင်းထားရင် မေမေအားရှိမှာပါ။
ဖေဖေ
အဖေက သန်ပါတယ်ဆိုပေမယ့် ညနေညနေ ဘီယာသောက်ပြီးလို့ ညအိပ်ရင် အကျီတော့ဝတ်အိပ်ပေါ့။ ဘယ်လောက်သန်မာတဲ့သူပဲ ဖြစ်ဖြစ် အခန့်မသင့်ရင် မသင့်သလို ဖြစ်တတ်တာပဲ။ သားသမီးတွေက ပိုက်ဆံ ရှာလို့တတ်နေပြီး ပူပင်စရာမလိုတော့ဘူး ဆိုပြီး နေချင်သလိုနေပေမယ့် သားသမီးတွေ အတွက် အဖေဆိုတာ အမြဲတမ်း ရွှေတောင်ကြီးပါဖေဖေ။ သားတို့မှာ မိဘ ရှိနေသေးတယ် ဆိုတာနဲ့တင် အလိုလို အားဖြစ်ရပါတယ်။ ဒီတော့ အလုပ်လျှော့လုပ်ပြီး ကျမ်းမာရေးဂရုစိုက်ပါဖေဖေ။ မေမေကိုလဲ ဂရုစိုက်ပေါ့။
သားကတော့ ခေါင်းအသဲသန်ကိုက်တာက လွဲရင် ဘာရောဂါမှ ထွေထွေထူးထူး မရှိပါဘူး။ ခုလောလောဆယ်တော့ စကာင်္ပူမှာကျောင်းတက်နေတယ်။ ကျောင်းက ပြီးသလောက် ရှိနေပြီးဆိုတော့ အလုပ်ရှာနေတဲ့အချိန်ပေါ့။ အဆင်ပြေလားမေးရင် နေရထိုင်ရ အဆင်ပြေပေမယ့် အလုပ်မရသေးတဲ့ အချိန်ဆိုတော့ စိတ်အနှောက်အယှက်တော့ ရှိတာပေါ့။ အချိန်တစ်နှစ်ရင်းခဲ့တယ်။ ဒီက ကျောင်းပြီးရင် အလုပ်ရနိုင်တယ် လို့ မျှော်လင့်ပြီး ကျောင်းတက်ခဲ့တာပဲ။ အခုအလုပ်စလျှောက်တော့ ထင်သလောက် မျှော်မှန်းထားသလောက် အဆင်မပြေဘူးလို့ပဲ ပြောရမှာပဲလေ။ အခုတော့ ဖေဖော်ဝါရီလ ထိ အချိန်နှစ်လ လောက် အလုပ်ရှာလို့ ရပါသေးတယ်။ အဲဒီအတွင်း အလုပ်ရရင် အဆင်ပြေသွားပေမယ့် အလုပ်မရခဲ့ရင်တော့ ဆိုက်ပရပ်စ်ကို ပြန်ရမှာပေါ့။ ခေါင်းကိုက်ရောဂါလေးရှိတော့ ဒီမှာ ရုံးအလုပ်လေး ရရင် အရင်လောက်ပိုက်ဆံ မရပေမယ့် အေးဆေးနေနိုင်မယ်လို့ မျှော်လင့်ပြီး ဒီမှာတနှစ် အချိန်ပေးခဲ့ပါတယ် ဖေဖေ။
သားကိုယ်တိုင်က ကံမဆိုးမပေမယ့် ကံမကောင်းတဲ့ထဲမှာပါတယ်။ သူများတွေ ရုံးတက်တဲ့အခါ ယူနီဖောင်းနဲ့ သန့်သန့်ပြန့်ပြန့်နဲ့ စားပွဲပေါ်မှာ ကွန်ပြူတာရှေ့မှာ ထိုင်ပြီး အလုပ်လုပ်ရကို အားကျခဲ့ပေမယ့် အခုချိန်ထိတော့ ဒီအလုပ်မျိုး လုပ်ဖို့ အခွင့်မရသေးဘူးပေါ့။ ရနိုင်ဖို့ရှိသေးလား လို့တောင် စိတ်မကောင်းဖြစ်မိတယ်။ ကံ ကိုယ်က ဒီအလုပ်နဲ့ အကျိုးမပေးပဲ စားသောက်ဆိုင်တို့လို၊ ဆေးသုတ်၊ ခြံရှင်းတာတွေက ပိုအကျိုးပေးသလားလို့တောင် အောက်မေ့ရပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီမှာ အလုပ်မရလို့ ဆိုက်ပရပ်စ်ကို ပြန်သွားပြီး ဒီအလုပ်တွေ ပြန်လုပ်ရလဲ စိတ်အားတော့မငယ်ပါဘူး။ သားအခြေအနေ တခုထိ ရောက်အောင် ကြိုးစားခဲ့တာပါလေ။ ကံပေါ့။ ဟိုပြန်ရောက်လို့ အလုပ်လုပ်ရရင်လဲ ပိုက်ဆံပို ရတယ်လို့ပဲ မှတ်ပါတယ်။ စကာင်္ပူမှာတော့ တနှစ် အချိန်ပေးပြီးပြီးပေါ့။ အချိန်က စကားပြောသွားပါလိမ့်မယ်။ တနည်းပြောရရင်တော့ စိတ်ထဲမှာ အစိုင်အခဲ တခုခု ဖြစ်နေတယ် ဖေဖေ။
ဒီအကြောင်းတွေကို ပြောဖို့ တသက်လုံး စိတ်မကူးပေမယ့် ဖေဖေတို့က ခဏခဏ မေးမေးနေတော့ ပြောလိုက်ရတာပဲ။ သားစိတ်ထဲမှာလဲ ရှင်းတယ်ဖေဖေ။ ဖေဖေတို့ သိထားဖို့က ဖေဖေတို့ လိုအပ်တာကို ပြော။ သားဘက်က အတတ်နိုင်ဆုံး ဖြေ့ဆည်းပေးမယ် ဆိုတာကိုပါ။ တခါတလေ ဖေဖေတို့ အားကျတတ်တဲ့ ဘယ်သူ့သားကတော့ တလကို သိန်းနှစ်ဆယ်ပို့တယ်၊ ဘယ်သူ့သမီးကတော့ ဘာဝယ်ပို့တယ် ဆိုတဲ့ သားသမီး အမျိုး အဖြစ် ဖေဖေတို့ကို ဂုဏ်ယူစေချင်ပါတယ်။ ဒါပေမယ့် ဖေဖေ..။ ကံချင်းမတူဘူး၊ဥာဏ်ချင်းမတူဘူး ဖေဖေ။ သားဘက်ကတော့ တတ်နိုင်သလောက်ဖြည့်ဆည်းပေးမယ် ဆိုတာကိုတော့ သိနေစေချင်တယ် ဖေဖေ။ အဲလိုပို့ နိုင်တဲ့သားသမီးတွေရှိသလို သားလို ခံစားနေရတဲ့သားတွေ သမီးတွေလဲ ရှိနေမှာပဲ ဆိုတာ ကိုယ်ချင်းစာမိပါတယ် ဖေဖေ။
ဘာဖြစ်ဖြစ် သားအလုပ်အတွက် စိတ်မကောင်းလဲ မဖြစ်နဲ့။ မျက်ရည်လဲမကျနဲ့။ စိတ်လဲမပူနဲ့။ သားစိတ်ထဲမှာ မွန်းကျပ်တိုင်း ငါမိဘတွေကို ငါလုပ်ကျွေးနေတာပဲ ဆိုတဲ့ စိတ်နဲ့ အားပြန်ဖြစ်ပါတယ်။ သားကိုယ်တိုင်အတွက် ထမင်းတနပ် နေဖို့စားဖို့ မပူရပါဘူး။ နေတတ်ထိုင်တတ်ပါတယ်။ အခုလုပ်နေတာလဲ ဖေဖေနဲ့ မေမေ ရှိနေသေးလို့ ဆိုတာ အမှတ်ရပေးပါ။
ညီ..
ခုချိန်ခြေထောက်က သန်မာလာပြီး ဆိုပေမယ့် မပေါ့နဲ့ပေါ့။ ညီလဲ ကုသိုလ်ကံကောင်းတာပဲ။ သေကံမရောက်ဘူး ဒုက္ခိတ မဖြစ်ခဲ့ဘူးမဟုတ်လား။ ဒါက သတိတချက်လွတ်သွားတာရယ်၊ ကံမကောင်းတဲ့ အချိန်နဲ့ ဆုံလို့ မိုးရွာနေတဲ့အချိန်ဓာတ်ကြိုးပြတ်ပြီး ခြေထောက်ကို လာမှန်တားကို။ ဘာဖြစ်ဖြစ် အခုမကောင်းတာတွေ ကျော်သွားပြီး ကောင်းတာပဲ ဖြစ်လာတော့မယ်လို့ စိတ်ထဲမှာ မှတ်ပေါ့။ ကိုကြီးထက်စာရင် ညီက ကုသိုလ်ပိုရမှာပါ။ မိဘကို ခုထိ အနားမှာပြုစုစောက်ရှောက်ခွင့် ရနေတာပဲလေ။ ညီမိန်းမကိုလဲ ချစ်ခင်ကြင်နာပါ။ တခုခုကို စိတ်ဆိုးမယ်လုပ်တိုင်း ညီနေမကောင်းတုန်း မထနိုင်တုန်းက ပြုစုခဲ့တာလေးကို သတိရပြီး ချစ်ခင်လိုက်ပါ။ ညီက လူဆိုးပေမယ့် လိမ်မာပြီးသားပါ။ တခုခုဆို အကိုကြီး ကအနောက်မှာ ရှိနေတယ်ဆိုတာ သိထားပါ။
ညီမလေးရေ… မလျှံရေ…
ကိုယ့်ကျမ်းမာရေးကိုလဲ ဂရုစိုက်ပေါ့။ ညီမလေးက မလိမ္မာပေမယ့် မဆိုးပါဘူး။ ဖေဖေနဲ့ မေမေကို လဲ စောင့်ရှောက်ပါ။ လုပ်ချင်တာကိုလဲ ဖြစ်အောင်လုပ်ပေါ့။ ကိုကြီးတို့က ဖြစ်ဖြစ် မဖြစ်ဖြစ် ပံ့ပိုးပေးနိုင်တာပဲ ရှိမယ်။ ဒါကလဲ မိသားစု တခုအတွက် အတိုင်းအတာ တခုထိ ပံ့ပိုးပေးနိုင်တာမျိုး ဖြစ်ပါစေပေါ့။ လုပ်ချင်တာကိုလုပ်ပါ။ ဖြစ်ချင်တာကိုတော့ ရအောင်ယူပါ။ ညီမလေးက ကိုကြီးစကားဆို နားထောင်တယ် ဆိုတာ ယုံပြီးသားပေါ့။
ဘာပဲ ဖြစ်ဖြစ် မိသားစုတွေ တနေ့ ပြန်ဆုံမယ်ပေါ့။ ပြန်ဆုံတဲ့အခါ happy ending လေးပဲ ဖြစ်ချင်တာပါ။ Drama တွေ၊ Fiction တွေ မလိုပါဘူး။ အခုတော့ အိမ်မပြန်တာ ခြောက်နှစ်တိတိရှိပြီး ဖြစ်တဲ့ အဝေးရောက်သားက ဒီစာနဲ့ ဖေဖေနဲ့ မေမေကို စိတ်ထဲကနေ ရိုသေစွာ ကန်တော့လိုက်ပါတယ်။
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်