Wednesday, 12 January 2011

စိတ်ကူးနဲ့ရူး

တနှစ်ဆိုတဲ့အချိန်က နာရီလက်တံ (၁၂)ကနေ တပတ်ရွေ့ပြီး ပြန်ရောက်လာသလိုပဲ။ ခဏလေး။ အချိန်ကုန်မြန်လိုက်တာ။ ဘာလိုလိုနဲ့ ဆိုက်ပရပ်စ် ကနေ စကာင်္ပူရောက်ပြီး ကျောင်းတတ်တမ်း ကစားလိုက်တာ တနှစ်ပြည့်ပေါ့။ အလုပ်ရှာတမ်းလဲ ကစားပါတယ်။ အင်တာဗြူးတွေရပါတယ်။ မရတာက အလုပ်လို့ ပြောရမလိုပဲ။ ကိုယ့်နဲ့ ကစားချင်တဲ့ သထေးမရှိသလို ကိုယ်ကစားချင်လောက်အောင် စိတ်တိုင်းကျတဲ့သထေးကိုလဲ မတွေ့သေးဘူး ဖြစ်နေတယ်။ တနေ့တော့ ဖြစ်လာမှာပါဆိုပြီး ကိုယ့်နဲ့ ကစားမယ့်သထေးကို စောင့်ရဦးမယ်။ ကိုယ်ကပဲ ဂျေးများနေတာလား ၊ သူတို့ကပဲ ကိုယ့်ကိုမျက်စိနောက်နေသလား မသိဘူး။ ခုထိ ကိုယ့်နဲ့ အဆင်ပြေမယ့်သူ မတွေ့သေးဘူး။ နောက်ဆုံးတော့ ဘာပဲ ဖြစ်ဖြစ် ထမင်းဟင်းချက်တမ်းကစားလို့ ရအောင် ထမင်းဆိုင်ပဲ ဖွင့်ရင်ကောင်းမလားဆိုတာ စဉ်းစားမိပြန်တယ်။ အကြံကုန် မျောက်ထမင်းချက်ပေါ့။

ကိုယ်ကျောင်းတက်တုန်းက မြောက်ဒဂုံက သူငယ်ချင်းအိမ်ဘေးမှာ ကောင်မလေးတယောက်ရှိတယ်။ အဲဒီကလေးမလေးက ကိုယ် အဲသူငယ်ချင်းအိမ်ရောက်ရင် ယောင်လည်လည်နဲ့ အိမ်ကိုလာတတ်တယ်။ သနားပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးမို့ ကျောင်းစရိတ်ထောက်ပံ့ပေးတယ်။ အိမ်ခေါ်စာသင်ပေးတယ်။ ကိုယ်ကျောင်းထားပေးတဲ့ ကလေးမကို အားရပါးရ သမီးကြီးလာရင် ဘာလုပ်မလဲမေးတော့ သေချာ ကျကျ နန စဉ်းစားပြီး တမင်းဂျက်မယ် ဆိုပြီး စကားမပီတဲ့ လေသံနဲ့ ပြောတယ်။ ကိုယ်တွေက ရိုက်ရခက် ရယ်ရခက်။ ကိုယ်ကျောင်းထားပေးတဲ့ ကောင်မလေးက ရည်ရွယ်ချက်ကြီးစွာနဲ့ ကြီးလာရင် ထမင်းချက်မယ် ဖြေတာကိုး။ အင်းလေး အမေလုပ်သူက အိမ်တကာလည် အ၀တ်လျှော်၊မီးပူတိုက် အလှူတကာ ထမင်းချက်ဆိုတော့ သူလဲ ကြီးလာရင် ဒါလုပ်မယ် ဆိုပြီးဖြေတာပေါ့။ တခြားအလုပ်လုပ် မလုပ်ရင် ရိုက်မယ် ဘာမယ် ချိန်းခြောက်တော့မှ ပြန်စဉ်းစားပြီး ဒက်ဒက်မိုးဥ လုပ်မယ် ဖြစ်သွားတာ။ ကိုယ်လဲ ဒီလိုပဲ။ ပညာသင်တမ်းကစားပြီးတော့ ခုချိန်သေချာစဉ်းစားပြီး မေးလို့ ဖြေရရင် တမင်းဂျက်မယ် ပြောရမလို ဖြစ်နေတယ်။

ငယ်ငယ်ကဆို ကြီးလာရင် ရှပ်အကျီ လက်ရှည်ဝတ်၊ စတိုင်ပင်နဲ့ ရှူးဖိနပ် နက်နက် ပြောင်ပြောင်ကို စီးပြီး လက်ကိုင်အိတ်ကိုဆွဲ အလုပ်သွားချင်ခဲ့တာ။ ရုံးရောက်ရင် ကိုယ့်လက်မှတ်ကို လိုချင်လို့စောင့်နေတဲ့သူ တွေကို ကိုယ့်စားပွဲ နားမှာ စာရွက်တွေ တပွေ့တပိုက်နဲ့ မြင်ချင်တာ။ ကိုယ့်မှာ အဲဒီကံ မပါဘူး။ ခုချိန်ထိ ကိုယ်လုပ်ခဲ့ရတဲ့အလုပ်က အကင်စော်နံတဲ့အကျီနဲ့ ဘောင်းဘီကိုဝတ်ပြီး ရေစိုခံတဲ့ ဖိနပ်အစုတ်ကိုစီးနေရတာ။ ကိုင်ရတာက ဓားနဲ့ မီးညှပ်။ ကိုယ့်ကို စောင့်နေတဲ့သူတွေကတော့ ငါးနဲ့ ပုစွန်တွေ။ ရှင်းဖို့၊ခုတ်ဖို့။ (အဲလို ရည်ရွယ်ချက်တွေကို အကောင်ထည်ဖော်နိုင်တာ)။ ခု ဆိုက်ပရပ်စ်ကို ပြန်လဲ ဒါတွေက မကင်းပါဘူး။ ဒါတွေကိုပဲ ပြန်လုပ်ရမှာပဲ။ ကိုယ့်ငယ်ငယ်က စိတ်ကူးယဉ် ၀တ်စုံလေးနဲ့ ရုံးတက်ရတာ မျှော်တိုင်းဝေးပေါ့။ ကြည့်ဖူးတဲ့ ရုပ်ရှင်ကားတခုလို ပေါ့။ ကြာလာရင် ယဉ်ယဉ်လေးရူးသွားမလားပဲ။ စားသောက်ဆိုင်မှာ အလုပ်လုပ်ပြီးပြန်လာရင် ရေမိုးချိုးပြီး ရှပ်အကျီတွေ စတိုင်ပင်တွေ ရှူးဖိနပ်တွေဝတ် ပြီးရင် တညလုံးထိုင်ပြီး စားပွဲပေါ်ကစာရွက်တွေကို လက်မှတ်များထိုးပေးနေမလား ဆိုပြီး ကိုယ်ကိုကိုယ် စိတ်ကူးနဲ့ရူးကြည့်လိုက်သေးတယ်။ ကိုယ့်စိတ်နဲ့ ဖြစ်နိုင်ပါသေးတယ်။ ရူးဖို့ ပြောတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်မှာပဲ အခြေချချ ဒီနှစ်တော့ အိမ်ကိုခဏပြန်ဦးမယ်။ ခြောက်နှစ်လုံးလုံး မတွေ့ရတဲ့ မိဘနှစ်ပါးနဲ့ ညီနဲ့ ညီမနဲ့ကိုသွားတွေ့ပါဦးမယ်။ အိမ်ပြန်ရင် မိဘနဲ့ သားသမီး ပြန်ဆုံတဲ့ ထုံးစံအတိုင်း အလွမ်းဇာတ်ခင်းဖို့ စဉ်းစားထားတယ်။ အိမ်ပေါ် ရောက်ရောက်ချင်း ဘယ်သီချင်းဆိုရမလဲ မသိသေးဘူး။ အိမ်ပေါ်တက်တက်ချင်း အိမ်ပြန်ချင်တဲ့ဟူး…. အနွေးထွေးဆုံး အမေ့အိမ် သီချင်းကို ဆိုရင် အဖေက ကန်ချမှာ သေချာတယ်။ မေးမှာပေါ့ ခြောက်နှစ်လုံးလုံး ဘယ်မှာအေးခဲသေနေလဲ ဆိုတာ။ ဒါမှမဟုတ် အသဲကွဲခဲ့တဲ့ အမေ့ရဲ့သား ပြန်လာပြီး .. ၆နှစ်လောက် အမေ့ဆီ မပြန်တဲ့ အမေ့ရဲ့သားလူမိုက်ဟာ … သီချင်းဆိုရင် ကောင်းမလား။ အဲဒါဆိုရင် အမေက မငိုပဲ ရယ်မှာ။ သားမှာ ကွဲစရာ အသဲမပြောနဲ့ ထားစရာ ရီးစားတောင် မရှိဘူး ဆိုပြီး ကိုယ်ခင်းချင်တဲ့ အလွမ်းဇာတ်ကနေ ဟာသ ဇာတ်ဖြစ်သွားပါဦးမယ်။

နောက်ဆုံးတော့ ဘာမှဖြစ်မလာသေးတဲ့ ကိုယ်က လောကကြီးကို ပုံချပြီး ထူးအိမ်သင်ရဲ့ လူရယ်ခေါ်စဉ် အဆုံးအစ မရှိတဲ့ လမ်းကို ခြေချရင်း မရည်ရွယ်တာတွေ ဖြစ်တတ်မှန်းလဲ မသိနိုင်ခဲ့ဘူးအမေ… အဝေးရောက်သူ သားဘ၀ ကြုံတွေ့ရ အဖြစ်အပျက်များ ..ခါးသီးစွာ ရင်ဆိုင်လို့ ဖြတ်ကျော်ရင်းသာ…. ဒီသီချင်းလေး မဆိုးဘူး လွမ်းလို့ကောင်းတယ်။ အဲဒီသီချင်းနဲ့သာ အင်ထရိုဝင်ရင် အိမ်က မိဘတွေ မျက်ရည်လည်လောက်တယ်။ ကိုယ်လဲ ခေါင်းလေးတိုးပြီး ပိုက်ဆံတောင်း လို့ကောင်းမယ်ထင်တာပဲ။ မိဘပေးတဲ့မုန့်ဖိုးကို ပြန်ယူရမယ်။

ပြောသာပြောရတယ်။ ကိုယ်အိမ်ပြန်မယ်လို့ ဆုံးဖြတ်လိုက်တာ ကိုယ့်အိမ်က ဘယ်မှာမှန်းမသိဘူး။ အိမ်အသစ်ကိုပြောင်းထားကြတော့ အိမ်လိပ်စာကိုယ့်မှာမရှိဘူး။ ပြီးတော့ အိမ်ရောက်ရင် ဘယ်မှာနေရမလဲ မသိဘူး။ ကိုယ်မရှိတာ ကြာလဲကြာတော့ ကိုယ့်အတွက်အခန်းများ ရှိပါ့မလားဆိုတာ စိတ်ပူရသေးတယ်။ တော်ကြာ အထုတ်ပိုက်ပြီး တည်းခိုခန်းများလိုက်ရှာရမလား၊ဆွေမျိုးအိမ်များသွားအိပ်ရမလား စိတ်ပူရသေးတယ်။ အိမ်ကို မပြောပဲ ပြန်မှာဆိုတော့ ကိုယ့်အတွက် ပြင်ဆင်မှုတွေ သူတို့မှာ ရှိမှာမဟုတ်ဘူး။ အဓိကက ကိုယ်က အိမ်ရှေ့ ရောက်ပြီးမှ အဖေ အမေ.. ကျနော် အဖေတို့သားလေ… စိန်လေ…လို့ပြောရင် တောင်မှ မှတ်မိရင်ကံကောင်း။ မပြောပဲနဲ့ ပြန်တာ ၀မ်းသာချင်လို့ ဆိုပေမယ့် စိတ်ပူရသေးတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်မှာ စိုးတာ။

ဘာပဲဖြစ်ဖြစ် ခြောက်နှစ်လုံးလုံး မပြန်ခဲ့ပဲ အခုချိန်ပြန်မယ်လို့ ဆုံးဖြတ်လိုက်တော့ ရင်တော့ခုန်တယ်။ ပြန်ရင် လုပ်စရာတွေကို စဉ်းစားမိတယ်။ ကိုယ်ဆိုက်ပရပ်စ်ကို ပြန်သွားပြီးရင် နောက်ထပ် ပြန်လာဖို့ ဆိုတာ နောက်ထပ် နှစ်ချီမလားပဲ။ ကိုယ်သေချာမသိဘူး။ ကိုယ့်မိသားစုနဲ့ ဘုရားဖူးထွက်မယ်။ ဘုရားဖူးထွက်မယ်။ ကိုယ်အိမ်ပြန်တဲ့ အချိန်က တပို့တွဲ လပြည့် မှီတယ်။ လပြည့်မှာ ထမင်းနဲ ထိုးပြီး ဝေမယ်။ မနက်ကို ဆွမ်းကပ်မယ်။ ကိုယ်နှစ်တိုင်း လုပ်ဖြစ်တဲ့ ပင်းယက မိဘမဲ့ကလေးတွေကို ထမင်းသွားကျွေးမယ်။ မြောက်ဒဂုံက ၄၁ ရပ်ကွက် (တမင်းဂျက်မယ်ပြောတဲ့ကောင်မလေး နေတဲ့နေရာ) မှာ စတုဒီသာ ကျွေးမယ်။ ကိုယ်နေတဲ့ မော်လမြိုင်အိမ်မှာစတုဒီသာကျွေးမယ်။ အင်း ကိုယ်လုပ်ချင်တာက များများရယ်။ လုပ်နိုင်သလောက် လုပ်ခဲ့မှာပါ။ လောလောဆယ် ကိုယ် ကိုယ်တိုင်က မန်းနီးကင်ဆာ ကို နံပတ်၃ အဆင့်လောက်ခံစားနေရတာဆိုတော့ နည်းနည်းတော့ချင့်ချိန်ရမယ်ပေါ့။ ဒါပေမယ့် စိတ်ကူးနဲ့ ကုသိုလ်ယူတာပါပဲ။ လုပ်ချင်တဲ့စိတ်ကကုသိုလ်ရမှာပါ။ ဒီလိုပဲ ဖြေပါတယ်။

ဘယ်နေရာပဲ ရောက်ရောက် ကျနော်က ရွက်ကျပင်ပေါက်ဆိုတော့ကာ…. အင်္ဂလန်ဆိုပြီး ခြောက်လ ဆိုက်ပရပ်စ်ကို ထရန်စစ် သဘောဝင်လိုက်တာ ဆိုက်ပရပ်စ်မှာ ငါးနှစ်ကြာသွားတယ်။ တခါ ဆိုက်ပရပ်စ်ကနေ စကာင်္ပူကို ၃ ပတ်ဆိုပြီး လာလိုက်တာ တနှစ်ပြည့်သွားတယ်။ ခုတခါ မြန်မာပြည် ခဏ ပြန်လည်မယ်ဆိုတော့ မပြောကောင်း မဆိုကောင်း ဖူးစာရှင် သုံးလေးယောက်နဲ့ တွေ့ပြီး ကိုကိုရယ်… မောင်ရယ်…. ဟန်နီရယ် နဲ့ သာယာပြီး အိမ် ထောင်တွေ… ဘာတွေများ ကျမလားးးး လို့…. စိတ်ကူးယဉ်ကြည့်ရင်း…..


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်


(ပြည်တော်ပြန်ရင်တော့ ခြောက်နှစ်တာ ခွဲခွာခဲ့ရတဲ့ ခံစားချက်တွေကို ရေးဖြစ်သွားမယ် ထင်ပါတယ်။)