Sunday, 27 March 2011

ဓာတ်တိုင်အစ

ကိုယ်မြန်မာပြည်ပြန်သွားတဲ့ အချိန်မှာ ကိုယ့်မိသားစု အားလုံးကို ကျမ်းကျမ်းမာမာ ချမ်းချမ်းသာသာနဲ့ မြင်ရတဲ့အတွက် ကိုယ် အရမ်းကျေနပ်တယ်။ ကြည်နူးရတယ်။ ကိုယ် သူတို့နဲ့ဝေးတဲ့ (၇)နှစ်ကျော် ကာလအတွင်းမှာ ကိုယ်အလိုချင်ဆုံးနဲ့ ဆန္ဒနဲ့ ကိုယ့် အမြင်ချင်ဆုံး မြင်ကွင်းတခုပေါ့။ အဲဒီအတွက် သူတို့ကို ကျေးဇူးတင်တယ်။

ပထမဦးဆုံးကတော့ မန်နီး ကင်ဆာရှိတတ်တဲ့ ကိုယ့်အမေကို ဖျတ်ဖျတ်လတ်လတ် ကျော့ကျော့ မော့မော့ မိတ်ကပ်အဖွေးသား၊ နှုတ်ခမ်းနီ ရဲရဲနဲ့ မြင်ရတာ အရမ်းစိတ်ချမ်းသာတယ်။ ကိုယ့်မျက်နှာကို မြင်တော့ အရင်ကထက် ငါးဆလောက်ပိုပြီး လန်းဆန်းလာတယ်လို့ အဖေက ပြောပါတယ်။ ကိုယ်ပြန်ရောက်တဲ့နေ့ကတည်းက ကိုယ့် အနားကမခွာဘူး။ ကိုယ်နောက်ဖေးသွားလဲ လိုက်။ အိမ်ရှေ့ထွက်လဲ လိုက်ပေါ့။

ဒါပေမယ့် ကိုယ်ရောက်တဲ့ မနက်ကတော့ ကိုယ့်အနားမကပ်ပါဘူး။ ကိုယ်ပြန်ရောက်ရောက်ခြင်း ကိုယ်စားချင်တဲ့ ပုစွန်ထုတ် သွားဝယ်မယ်ဆိုပြီး ဈေးသွားလိုက်တာ ကိုယ်အဲဒီနေ့က ငါးခြောက်ဖုတ်နဲ့ ထမင်းရေဆမ်း စားလိုက်ရတယ်။ ကိုယ့်အမေပြန်ရောက်တဲ့ အချိန်က နေ့လည် (၁)နာရီကျော်မှပါ။ ကိုယ့်အမေပြန်ရောက်လာတော့ ကိုယ့်ကိုယ် အကြောင်းပြတာက သားကို ပုစွန်လတ်လတ်ဆတ်ဆတ် စားစေချင်လို့ ပုစွန်ဒိုင်မှာ ပုစွန်လှေဝင်လာတာကို စောင့်နေတာတဲ့လေ။ ကိုယ့်အမေနဲ့ တူတူပါသွားတဲ့ ကိုယ့်ညီမိန်းမ တိုးတိုးလေ ပြောတာတော့ ဈေးထဲက သိတဲ့သူမှန်သမျှကို အကိုပြန်ရောက်ကြောင်း လိုက်ကြွားနေတာတဲ့။ ပုစွန်က အစောကတည်းက ၀ယ်ပြီးသားတဲ့လေ။ ၀ယ်လာတဲ့ပုစွန်က ကိုယ့်တယောက်စာထဲ။ တကောင်တဲ့….။ ကိုယ်လေယာဉ်ပေါ်က အဒေါ်ကြီး သူ့သမီးအကြောင်းကြွားတာကို ပြန်ပြောင်ခဲ့သမျှ ကိုယ်ဝဋ်လည်တယ်ထင်တာပဲ။ ကိုယ့်အမေဆိုတော့ သူဘာပြောပြောပေါ့။ ကိုယ့်အမေပြောတာ လေယာဉ်ပေါ်က အဒေါ်ကြီးလောက် ဆိုးမယ် မထင်ပါဘူးလို့ စိတ်ထဲကထင်ပေမယ့် ကိုယ့်ခယ်မက “ အာလားလား… ကိုကြီးရယ်… မေမေပြောချက်ကတော့ လန်ထွက်နေတာပဲတဲ့…မသိရင် ကိုကြီးက နတ်ပြည်ကပဲ ကျလာသလိုလို… ဗြဟ္မာ ပြည်ကပဲ လာသလိုလို” လို့ ဆက်မပြောခင် ကိုယ်တားလိုက်ရတယ်။ ကိုယ့်အမေအကြောင်းကိုယ်သိသွားပြီးလေ..။ ကိုယ်ကိုယ်တိုင်ကလဲ အကြွားကြီးတယ်ဆိုတော့… ကိုယ့်အမေလဲ……..

နောက်ထပ် စိတ်ချမ်းသာစရာမြင်ကွင်းတခုက ကိုယ့်အမေ မိုးမလင်းခင် အိမ်ရှေ့က သရက်ပင်တွေ အောက်မှာ အားကစား လုပ်တာပဲ။ ညအိပ်ဝတ်ဘောင်းဘီကို အပေါ်ကဂါဝန်တထပ် အနွေးထည် ထူထူ တစ်ထည်ကို ၀တ်ပြီး မနက်မနက် ၀ါးလုံးတချောင်းနဲ့ အားကစားလုပ်ပါတယ်။ အဲဒါကို ကားလမ်းပေါ်က ဖြတ်သွား ဖြတ်လာ ဆိုင်ကယ် တက္ကစီ သမားတွေက ကိုယ့် ညီကိုမေးကြပါတယ်။ မင်းအမေ၀ှူရှူးဝါးသိုင်း ကျင့်နေတာ မအောင်သေးဘူးလားတဲ့။ ကိုယ့်ညီက အမေ့ကို ပြန်ပြောပြတော့ နောက်နေ့ မနက်တွေမှာ ကိုယ့်မေမေက ကားလမ်းမပေါ်မှာ ၀ါးလုံးကို ထောင့်ထောက်ပြီး ဆိုင်ကယ်တက္ကစီသမားတွေကို သိုင်းကျမ်း အောင်ကြောင်းပြောဖို့ စောင့်နေတော့ တက္ကစီသမားတွေက မေမေ့သိုင်းစွမ်းကို ကြောက်ပြီး အိမ်ရှေ့လမ်းမ ကနေခပ်ခွာခွာ မောင်းပြေးကြပါတယ်။ ကိုယ်အိမ်ပြန်တဲ့ထိ တက္ကစီသမားတွေက အိမ်ရှေ့မှာ ရပ်ဖို့ တော်တော်လေး ကြောက်ကြပါတယ်။ ကိုယ့်အမေသိုင်းစွမ်းက သိပ်ထက်တာကိုး။

မနက်သိုင်းကျင့်(အဲလေ) အားကစားလုပ်ပြီးတဲ့ အမေဟာ အိမ်ထဲရောက်ရင် အားကစားစက်ဘီးကို နာရီဝက် နင်းပါတယ်။ ချွေးထွက်တော့ ရေချိုးပြီး အလှပြင်ပါတော့တယ်။ အချိန်တစ်နာရီကြာပြီးတဲ့ နောက်မှာ မိတ်ကပ် အဖွေးသား၊ နှုတ်ခမ်းနီ အရဲသား ဈေးသွားဖို့အဆင်သင့် ဖြစ်နေပါပြီး။ ကိုယ်ရောက်တဲ့ နေ့ကနေစပြီး ကိုယ့်မေမေဈေးသွားချိန် တနာရီခွဲပိုကြာပါတယ်။ဈေးထဲမှာ ကိုယ်ဘယ်နိုင်ငံကပြန်လာကြောင်း၊ ကိုယ်ဘယ်လို ချောလာကြောင်း(ဒါကတော့ ကိုယ်လိုရာဆွဲတွေးပေးလိုက်တာ)ကို နားထောင်မထောင် ပြောနေမယ့်ကိုယ့်မေမေကို မျက်လုံးထဲ မြင်ပြီးသားပါ။ တကယ်တမ်းကျကိုယ့်အမေ ဘာပြောပြော ကိုယ်ကျေနပ်လို့။အဲဒီအခါကျမှ လေယာဉ်ပေါ်က အဒေါ်ကြီးကို ကိုယ်ချင်းစားမိသွားသလိုလို ဖြစ်သွားပါတယ်။

အဓိက ကိုယ့်မေမေရဲ့ ကျန်းမာရေးကို ပြောင်းလဲပေးလိုက်တာက ခု ကိုယ့်မေမေကစားနေတဲ့ သူ့အခေါ် အေရိုးဗစ် သင်တန်းဆိုတဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုသင်တန်းပဲ ဖြစ်ပါတယ်။ မေမေ အဲဒီသင်တန်း စတက်တဲ့ နေကနေစပြီး ကျန်းမာလာလိုက်တာ ဒီနေ့ထိပါပဲ။ သူငယ်ချင်းတွေလဲ များလာတယ်။ အစားအသောက်ကို ဆင်ခြင်စားတတ်လာပြီး အားကစားနေ့တိုင်းလုပ်ဖြစ်တဲ့ အကျင့်ပါဖြစ်လာပါတယ်။ ကိုယ်အရမ်းကျေနပ်မိပါတယ်။ သင်တန်းတခုလုံးကမေမေ့ကို (၁၆)နှစ်မ လို့ခေါ်ပါတယ်။ သင်တန်းမှာမေမေအသက်အကြီးဆုံးပါ။ သင်တန်းမှာမေမေ့နာမည်မေးရင် သိချင်မှသိမယ်။ (၁၆)နှစ်မ ဆိုရင် မသိသူမရှိပါဘူး။ ကိုယ်မေမေ့ကို သင်တန်းမှာ သွားရှာတဲ့ရက်က ကိုယ့်မေမေတို့က Justin Biber ရဲ့ Baby..baby ဆိုတဲ့ သီချင်းနဲ့ကနေတာပါ။ ကိုယ်က ကိုယ့်အမေကို လိုက်ရှာတာတွေတဲ့သူက သားက (၁၆)နှစ်မရဲ့သားလာတဲ့။ သားလာတာသိလို့ ပြေးထွက်လာတဲ့ကိုယ့်အမေကို ကြည့်လိုက်တော့ ဘောင်းဘီတို အကျပ်နဲ့ပြေးထွက်လာတဲ့ကိုယ့်မေမေ… တကယ့်ကို(၁၆)နှစ်မပါပဲဗျာ။ ကိုယ့်မေမေကျန်းမာတာကို မြင်တော့ အရမ်းကိုပီတိဖြစ်ရပါတယ်။

ကိုယ်အိမ်မှာရှိတဲ့ ညတိုင်းမှာ ကိုယ့်မေမေက ကိုယ့်အနားမှာ ရှိနေတတ်ပြီး ကိုယ့်အဖေ ညည အပြင်ထွက်ပြီး မှောင်မှပြန်လာတဲ့အကြောင်း၊ကိုယ့်ညီမ ဆိုးကြောင်း၊ကိုယ့်ညီက မုန့်ဖိုးပိုတောင်းကြောင်း၊ကိုယ့်ညီမိန်းမကဈေးဖိုးတွေ ဘတ်ကြောင်း တအိမ်လုံးမှာ သူကသာအားလုံးကို စိတ်ပူရကြောင်း စသည်ဖြင့်ဓာတ်တိုင်ကိုယ့်ကို တိုင်တောပါတော့တယ်။
ကိုယ့်အမေဘက်ကကြည့်တော့ ကိုယ့်အမေပြောစကားတွေက အကုန်မှန်ကြောင်း ကိုယ်ခေါင်းညိတ် ထောက်ခံလိုက်ပါတယ်။

ကိုယ့်အမေအတွက် ကိုယ်ကကိုယ့်အမေရဲ့ ညညဓာတ်တိုင်ပါပဲ….။

ကိုယ့်အဖေအတွက်ကိုယ်က ကိုယ့်အဖေရဲ့ လမ်းဘေးဓာတ်တိုင်ဆိုတာ…


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်


Sunday, 20 March 2011

ဝဲကင်းရှင်းသွားကြောင်း

ကျနော် အချိန်တော်တော်ကြာကြာ ဘလော့ဘက်ကို မလှည့်နိုင်ဘူး ဖြစ်နေခဲ့တယ်။ ရေးစရာ အစရှာမရတာရယ်၊ အလုပ်မရှိပဲ အလုပ်များနေတာရယ်၊ ဘလော့လေး ၀ဲစွဲသွားတာရယ် ၊ ဖေ့ဘွတ်မှာပဲ စာတွေတင်ဖြစ်မိတယ်။ ဒီနှစ်ထဲမှာ (၇)နှစ်လုံးလုံး မပြန်ဖြစ်တဲ့ အမိမြေကိုပြန် အလွမ်းပြီး ပြန်လာတော့လည်း မပြီးဆုံးတဲ့ မရှိအလုပ်တွေနဲ့ ရှုပ်နေပြန်တယ်။ အခုတော့ စာပြန်ရေးဖို့ စိတ်ကူးမိပါတယ်။ အခုလဲ ၀ဲကင်းမကင်း ဒီစာလေးနဲ့ ပိုစ့်လုပ်လိုက်ပါတယ်။


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်