Tuesday, 2 October 2012

ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ( သို့ )အိမ်အပြန်လမ်း



ကျနော် မွေးရပ်ဇာတိ မြေကို မပြန်ဖြစ်တာ နှစ်နှစ် နီးပါး ရှိခဲ့ပြီ။ အခု အကြောင်း အမျိုးမျိုးကြောင့် အိမ်ခဏပြန်ဖို့ အခွင့် ကြုံခဲ့ရတယ်။ ကျနော့် အကျင့်အတိုင်း အိမ်ပြန်ရင် မပြောပဲ အိမ်က လူတွေ အံ့သြ၀မ်းသာအောင် ပြန်ချင်ပေမယ့် ကျနော့်အိမ် ဘယ်မှာလဲ ဆိုတာ ကျနော် မသိဘူး ဖြစ်နေတယ်။ ရန်ကုန်ရောက်ရောက်ခြင်း ကျနော်ပြန်ရောက်နေတယ်လို့ ဖုန်းမဆက်ပဲ ဒီတိုင်း နေခဲ့တ
ယ်။ ဖုန်းဆက်ခဲ့ရင် မေတို့ဖေတို့က မျှော်နေကြမှာ။ စိတ်မော စိတ်ပူနေကြရမှာ ကို စိုးတာနဲ့ နေပြည်တော်ကနေ မော်လမြိုင် ကားလက်မှတ်ဝယ်ပြီးမှ အဖေရေ… သားကို မနက်ဖန် ကားဂိတ်မှာ လာကြိုပါလို့ ဖုန်းဆက်ရတယ်။ အဲဒီအခါမှ အိမ်က ကျနော်ပြန်လာမှန်းသိကြတယ်။

တကယ်ဆို ကျနော် တိတ်တိတ်ကလေး ခိုးပြန်ချင်တာ။ ဖြစ်ချင်တော့ အခု ပြောင်းထားတဲ့အိမ်က ကျနော် အရင်တခါရောက်တဲ့ အိမ်မဟုတ်သလို အဲ့ဒီအိမ်အသစ်က ဘယ်နေရာမှန်းကို မသိဘူး။ ဒါကြောင့် ကျနော် အဖေ့ကို ဖုန်းဆက်ပြီးလာကြိုခိုင်းရတယ်။

နေပြည်တော် မော်လမြိုင် ခရီးက ရှည်ကြာပါတယ်။ ခရီးထွက်ရတဲ့ထဲမှာ လမ်းမှာ အပေါ့အပါးသွားတာလောက် စိတ်ပျက်စရာ ကောင်းတာမရှိဘူး။ ကားကောင်းပါတယ်ဆိုတဲ့ မန္တလာမင်း ကားကြီးကို စီးပြီးပြန်လာရတယ်။ ဒါပေမယ့် ကားက ထင်သလောက် မကောင်းပါဘူး။ ကျနော့်ဘေးနားတဲ့သူက ဒူးထောင်ပေါင်ကားပြီး အိပ်တဲ့အတွက် ကားသမားကို ပြောပြတော့ ဘေးကလူကစိတ်တွေဆိုးပြီး ခုံအလွှတ်ရှိတဲ့ နေရာ သွားအိပ်တော့မှ ကျနော် သက်သာရာ ရတော့တယ်။
ည၈နာရီခွဲကနေ နေပြည်တော်က ထွက်တဲ့ကားက မနက် ၄ခွဲ ကို မော်လမြိုင်ရောက်ပါတယ်။ လမ်းမှာ နှစ်နေရာ ရပ်နားပါတယ်။ တခါရပ်ရင်နာရီဝက်ကြာပါတယ်။ ကားဂိတ်ထဲ ကားဝင်လာတာနဲ့ အဖေနဲ့ ညီနဲ့ ခေါင်းလေးထောင်ပြီး လိုက်ရှာနေတာကို တွေ့လိုက်တယ်။ မနက် စောစော ကိုယ့်မိသားစု မျက်နှာကို မြင်လိုက်ရတာ ကျက်သရေ အရှိဆုံးပေါ့လေ။

ဒီလိုနဲ့ ကျနော် တခါမှ မရောက်ဘူးတဲ့ အိမ်အသစ်ဆီကို ခေါ်လာပါတယ်။ လမ်းမှာလဲ အဖေနဲ့ ညီနဲ့ လုမေးတဲ့ မေးခွန်းတွေကို အင် . ဟင်အင့်နဲ့ ဖြေလာတာ မောရပါတယ်။ မေးခွန်းတွေက တရစပ်ပေါ့..။

ရောက်ပါပြီး။ ကျနော် တို့အိမ်အသစ်ကို ရောက်ပါပြီး။ ဒီအိမ်အသစ်ကို အဖေနဲ့ အမေစကာင်္ပူကနေပြန်လာပြီးတဲ့ အချိန်က စဆောက်တာပါ။ အိမ်ကိုတောင် စကာင်္ပူစတိုင် ဆောက်ထားပါတယ်လို့ အဖေက၀မ်းသာ အားရပြောပါတယ်။ ကျနော်လဲ အံ့အားသင့်စွာနဲ့ အိမ်ကို ကြည့်တော့ ဘယ်နေရာ စကာင်္ပူစတိုင် ဖြစ်နေလဲ ဆိုတာ ပြောလို့မရဘူး ဖြစ်နေတယ်။ ဒီဇိုင်နာလဲ အဖေ. ပန်းရံ ဆရာလဲ အဖေ. လက်သမားလဲ အဖေဆိုတော့ အိမ်တခုလုံးက စိတ်တိုင်းကျ အဖေ ရောသမ မွှေထားတဲ့ စကာင်္ပူ စတိုင် ဖြစ်နေတယ်။ ကျနော်တောင် မနည်း ပြန်စဉ်းစားရတယ်။ စကာင်္ပူစတိုင် ဆိုတော့ အဖေဘယ်နားက အိမ်ကို မြင်သွားပြီး စကာင်္ပူစတိုင် ပြောတာပါလိမ့်လို့.. ။ မျက်စိထဲမှာတော့ ခေါက်ရိုးကျိုးနေတဲ့ အဖေ့စတိုင်အိမ်ပုံစံပဲ မြင်ပါတယ်။

ဒီလိုနဲ့ အိမ်ထဲလှမ်းဝင်လိုက်တော့ ဘုရားတရပါတယ်။ အိမ်အတွင်းကို လဲစကာင်္ပူစတိုင်တဲ့.။ သုတ်ထားတဲ့ ဆေးက အနီရဲရဲ.. ဒီအရောက်ကို အဖေက ရွေးတာပါတဲ့လေ။ အဲ့အနီရောင်ကို အမေက မကြိုက်လို့ အ၀ါရဲရဲ ထပ်သုတ် လိုက်ပါတယ်။ ကဲ..။ အနီပေါ် အ၀ါ ဖုန်းနေတဲ့ ရဲ ရဲ တောက် အရောင်ကြီးကို မျက်စိထဲပဲ မြင်ကြည့်ပါ။ ဒါတင် မပြီးသေးဘူး။ ညီနဲ့ ညီမက သူတို့ ကိုယ်ပိုင်အရောင်တွေကို သူ့တို့ပိုင်တဲ့ အခန်းအတွင်း အပြင်ထပ်သုတ်လိုက်တော့ အိမ်က လေးယောက်လေးရောင်နဲ့ စကာင်္ပူ စတိုင်နဲ့ မတူပဲ အိန္ဒိယ အိမ်နဲ့တူနေလို့ ဆေး အရောင်ရွေးခဲ့ပေးရတယ်။

အိမ်ပြန်ရောက်တော့ အမေက ထွက်ပြီး ကြိုနေပါတယ်။ နည်းနည်းပိန်သွားတာက လွဲလို့ ကျမ်းကျမ်းမာမာနဲ့ ပြန်တွေရတော့ အရမ်းကို ပီတိဖြစ်ပါတယ်။ အိမ်ရောက်တာနဲ့ သူ့အခန်းထဲက သူ့ကတင်ပေါ်ကို ခေါ်ပြီး အတင်းအိပ်ခိုင်းပါတယ်။ ခရီးပန်းလို့ ခဏအိပ်လိုက်ဆိုပါတယ်။ အမေစိတ်ချမ်းသာအောင် အမေ့ကုတင်ပေါ်သွားတော့ အိမ်က ညီမရော ညီရော. အဖေရော အမေ့ ကုတင်ပေါ်တက်လာပြီး သိချင်တဲ့မေးခွန်းတွေကို မေးတော့တာပဲ။ ကျနော့် အိမ်အတွက် ဘာပစ္စည်းမှ မ၀ယ်သွားပါဘူး။ ဒါပေမယ့် ကျနော့် အိတ်ကို မွှေပြီး ညီနဲ့ ညီမက အိုင်ပက်ကို အမွေခွဲပါတယ်။ အဖေကလဲ နင်တို့တွေ ဒါမျိုးကိုင်တတ်တာ မဟုတ်ဘူး။ အဖေစကာင်္ပူသွားတုန်းက ဒါတွေ နှိပ်တတ်အောင် သင်ခဲ့တာပါဆိုပြီး အတင်းလုပါတယ်။ အဖေစကာင်္ပူ သွားခဲ့တာဟာ အဖေ့အတွက် တပန်းသာပါတယ်။ နည်းနည်းဖြင့် စကာင်္ပူ မှာတုန်းက နဲ့ ကိုင်ပေါက်လို့ ညီ့ခမျာ လူးလူးလှိမ့်လှိမ့် ခံရပါတယ်။

အဲလို လုနေတုန်း အမေ ပျောက်သွားပါတယ်။ အဲဒါနဲ့ အမေအိမ်သာများတက်နေလား ဆိုပြီး သတိရလို့ မေးတော့ အမေက မှန်တင်ခုံမှာ အလှပြင်နေပါတယ်။ ထူးထူးဆန်းဆန်း လိုင်ဒါတွေ ဆိုး နှုတ်ခမ်းနီတွေ ဆိုးပြီး သိပ်လှနေပါတယ်။ ဆေးရုံ ၂ လ တက်ပြီး ၁ လ အကြာမှာ အမေအလှပြင်တာ ဒီနေ့ ပထမဆုံး ဆိုတော့ အဖေက သိပ်ပျော်နေပါတယ်။ ငါ့မိန်းမ ဒီနေ့ အရမ်းကို လန်းနေတော့တာပဲ ဆိုပြီး အမေ့ဝတ်ဖို့ အကျီတွေ သွားရွေးပေးပါတယ်။

ဒီလိုနဲ့ မိသားစုတွေ အမေ့စိတ်တိုင်းကျ အပြင်ထွက်ပြီး မနက်စာ စားပြီးတော့ အမအိမ်ခဏသွားခဲ့ကြပါတယ်။

အိမ်က ဆောက်လက်စ တန်းလန်းကြီးဆိုတော့ နေ့ဘက် အလုပ်သမားတွေနဲ့ ရှုတ်နေပါတယ်။ အဖေကိုယ်တိုင် ညီနဲ့ မျက်နှာကျက်ရိုက်ပါတယ်။ ခြံစည်းရိုးကို တော့ အလုပ်သမားတွေငှားပြီးခတ်ပါတယ်။ တအိမ်လုံး သူ့နေရာ သူမကျသေးဘူးဆိုတော့ ကျနော် နေရခက်ပါတယ်။ ဟိုအခန်းဝင် အနီ ဒီအခန်းထွက် အ၀ါနဲ့ မျက်စိလဲ နောက်ရပါတယ်။ အမတွေ ညီမတွေကတော့ ကျနော်ပြန်လာတော့ ကျနော်ကြိုက်တဲ့ဟင်းတွေ ရွေးချက်ပေးပါတယ်။

ညဘက်ရောက်တော့ အဖေက ညီနဲ့ကျနော့်ကို သူ့နဲ့ ဘီယာသောက်ဖို့ ခေါ်ပါတယ်။ အဲဒါနဲ့ ဘီယာဆိုင်သွားပြီး ဘီယာနဲ့ အကင်နဲ့စားကြ သောက်ကြ စကားပြောကြပါတယ်။ အဲဒါနဲ့ စကားစပ်ပြီး အရင် နေခဲ့တဲ့ အိမ်အကြောင်းမေးမိပါတယ်။ အဲဒီမှာ ပြသနာစတာပဲ။ အဖေက အဲဒီအိမ်ကို ရောင်းမယ်။ သိန်းဘယ်လောက်ရရင်ပြန်ရောင်းမယ်ဆိုတော့ ညီက ကိုကြီးအဲ့ဒီအိမ်ကို ၀ယ်လိုက်ပါလား ဆိုပြီး ကြားကနေပွဲစားလုပ်ပါတယ်။ အိမ်ကဘယ်လို ကောင်းကြောင်း. နောက်ဆိုရင်အဲ့ဒီစက်မှုံဇုန်က ဘယ်လို စည်ကားသွားမယ်ဆိုတဲ့အကြောင်း. ဒီမှာမနေရတာက အမေဆေးခန်းသွားနေရလို့ ဆိုတဲ့အကြောင်း. ဒီအိမ် အဖေနဲ့ အလုပ်ဖြစ်ရင် သူ့ကို ဆယ်သိန်း ပေးပါဆိုပြီး တခါတည်း ဈေးဖြတ်ပါတယ်။

ရောင်းရမယ့်သူ ရှားလို့ ညီက အကို့ကို ပြန်ရောင်းတယ်။ အဖေကလဲ သားဝယ်မယ်ဆိုရင် ဈေးချပေးမယ် ဆိုတဲ့အကြောင်း. သူများဝယ်တဲ့ဈေးထက် ပိုချပေးမှာ ဆိုတဲ့ အကြောင်း ၀ယ်ပြီးသွားရင် ရောင်းဈေးထက် လျှော့ပြီး မိန်းမကို ပြန်အပ် ပိုက်ဆံနည်းနည်းကို သူယူထားမယ် ဆိုတဲ့အကြောင်း ပြောပြန်တယ်။ အင်း.. အဖေနဲ့ ညီနဲ့က ကတုံးပေါ် ထိပ်ကွက် အကွက်တွေ နင်းပြီး သားဖြစ်သူကို အချဉ်ထည့်နေတာနဲ့ တူပါတယ်။ စိတ်ချမ်းသာအောင် စဉ်းစားမယ်လို့ ပြောလိုက်တော့ ညီ ရမယ့် ပွဲခထဲက အဖေက နှစ်သိန်း ပြန် ခေါင်းပုံ ဖြတ်နေသေးတာ တွေ့ရတယ်။ ဒါတွေက ခေါက်ရိုးကျိုးနေတဲ့ အဖေတို့အတွက် ဈေးကွက်စီးပွားရေး စနစ်ပေါ့လေ.။ ဘာပြောပြော အဖေနဲ့ ညီနဲ့ ကျနော့်ကို အိမ်လုရောင်းပြီး ပွဲစားခ တောင်းတာကို သဘောကျပါတယ်။

နောက်နေ့ ရောက်တော့ သတင်းကဘယ်လို ပေါက်ကြားသလဲ မသိဘူး။ အမေ့နားထဲ ပြန်ရောက်ပါတယ်။ အမေကလဲ ဒီအိမ်ကို သားဝယ်ရင် ပွဲခရတာ အမေပဲ ဖြစ်သင့်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ အဲဒီအိမ်မှာ သားကြိုက်တဲ့ အိမ်သာခွက်ကို အမေပိုက်ဆံအကုန်ခံပြီးဝယ်ထားရလို့ပါတဲ့။ ဘယ်ဆီနေမှန်းမသိတဲ့ အရောင်းအ၀ယ်နဲ့ သားအမိတွေ ဝေစုခွဲနေတာ။

ညီမကတော့ ရှင်းပါတယ်။ ဒီလို မဖြစ်နိုင်တဲ့ နည်းနဲ့ သူပိုက်ဆံ မယူချင်ပါဘူးတဲ့။ ကျနော့်ကို သူအခန်းထဲ ခေါ်ထည့်ပြီး ပုံးထဲက စာရွက်တွေ စာအုပ်တွေကို သွန်ချလိုက်ပါတယ်။ ဒီထဲက ကိုကြီးကြိုက်တဲ့ သီချင်းနဲ့ စာမူတွေ ယူသွားပါတဲ့။ ပြီးတော့ ကိုကြီးနာမည်နဲ့ ရေးချင် ရောင်းချင်လဲ ရတယ်တဲ့။ အခု သူအနှစ်နှစ် အလလက စုထား ရေးထားတဲ့ သီချင်းတွေပါတဲ့..။ ကြိုက်တာယူ။ ညီမအနေနဲ့ အလုပ်မဖြစ်မယ့်တူတူ အကိုကြီးကို ပုတ်ပြတ် ရောင်းချင်လို့ပါတဲ့။ ညီမ စာတွေ သီချင်းတွေနဲ့ ကိုကြီးဘ၀ တခုလုံး သာယာလှပသွားမှာပါ ဆိုပြီး နှစ်ဆွေး ကဗျာတွေ စာတွေ သီချင်းတွေကို ရောင်းပါတော့တယ်။ အဲဒါကို ဈေးဖြတ်လိုက်တာ ငါးသိန်းတဲ့.။အဆစ်အနေနဲ့ လက်တန်းသီချင်းနှစ်ပုစ်ကို တောင် လက်ဆောင်ရေးပေးဦးမှာ ဆိုပြီး ငါးသိန်းနဲ့ ဈေးဖြတ်ပါတယ်။ ကျနော်လဲ ညီမစိတ်ချမ်းသာအောင်ဝယ်လိုက်ပါတယ်။

အဲလို ၀ယ်လိုက်တာကို ညီက သိတော့ သူ့အရင်ကရီးစားဓာတ်ပုံတွေ ရီးစားစာတွေ ကျောင်းစာအုပ်အဟောင်းတွေကို ရှာထုတ်လာပြီး ကျနော့်ကို တသိန်းခွဲနဲ့ ဈေးလာဖြတ်ပြန်ပါတယ်။ အဲဒါနဲ့ စိတ်ချမ်းသာအောင် ၀ယ်ရပြန်တယ်။ ဒါတင်မပြီးသေးဘူး။ အမေရော.အဖေရော သူတို့ မှာ ရှိတဲ့ စာတွေ လာရောင်းပြန်တယ်။ တနေကုန် အရောင်းအ၀ယ် ကိစ္စနဲ့ တအိမ်လုံး ဆူညံနေတယ်။ သူကပိုရသင့်တယ်။ ငါကပိုရသင့်တယ်နဲ့ပေါ့။

ဒါနဲ့ သူတို့ကိုဈေးဖြတ်ပြီးတော့ ပိုက်ဆံလာတောင်းပါတယ်။ ဒါနဲ့ကျနော်က စကာင်္ပူပြန်ရောက်ရင် လွှဲပေးလိုက်မယ် အခုတော့မပါဘူးဆိုတော့ သူတို့က “ကိုကြီး ပြန်လိုက်တော့ သွားလိုက်တော့ “ လို့ စိတ်တွေ ဆိုးပြီး သူတို့လေလံပစ္စည်းတွေ စိတ်ပျက်လက်ပျက်နဲ့ ပြန်သိမ်းပြီး ပါးစပ်က ပွစိပွစိပြောပါတော့တယ်။

ကျနော်ကတော့ သူတို့ကို ကြည့်ပြီး သဘောတွေကျနေပါတော့တယ်။ ဒီတခေါက်ပြန်တော့ အဖေက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့ အဓိပါယ်လေးကို ပြန်ပြောပြတယ်။ အဖေပြောတဲ့ မိသားစု ဆိုတာ ရှိအတူ မရှိအတူ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတာ မှန်ပါတယ်။ အခုချိန်ထိ အဖေပြောသလို မိစုံ ဖစုံနဲ့ မောင်နှမတွေ စုစုရုံးရုံး ချစ်ချစ်ခင်ခင် နေရတာကို က အဖေတို့အမေတို့အတွက် မင်္ဂလာ တပါး ဆိုသလိုပဲ ကျနော်တို့အတွက်လဲ မိဘတွေ သက်ရှိထင်ရှားရှိနေသေးတဲ့အတွက် ဂုဏ်ယူစရာပါပဲလေ။

မော်လမြိုင်ကို တညအိပ်နှစ်ရက်ခရီးနဲ့ မိသားစုတွေကို ပြန်တွေ့ရတာ ကျနော့်အတွက်တော့ အတိုင်းမသိတဲ့ကြည်နူးဝမ်းသာ ကျေနပ်မှု တခုပါပဲ။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်