Sunday, 9 December 2012

ကျနော်တို့မြန်မာပြည် ၀န်ဆောင်မှုလုပ်ငန်းများ (၁)

 အရောင်းစင်တာ နှင့် သူ၏မာယာများ

 
နိုင်ငံတနိုင်ငံရဲ့ အရောင်းပြခန်းတွေ၊ စတိုးဆိုင်တွေ၊ စူပါမားကတ်တွေမှာ ဈေးဝယ်ထွက်ရင် ကိုယ်ဖြုန်းချင်တဲ့ ငွေကြေးပမာဏကို တိုင်းတာပြီး ၀ယ်ယူသုံးစွဲလို့ရတယ်။ မော်တော်ကား က အစ ပင်အပ်အဆုံး ရောင်းသူရမဲ့ အမြတ်တန်ဖိုးကို တွက်ဆက်ချက်ပြီး ဈေးနှုန်းတွေကို ကပ်ထားတတ်ကြတယ်။ ဈေးနှုန်းမကပ်တာဆိုလို့ နိုင်ငံခြားသားတွေ ကို ဆွဲဆောင်ရောင်းရတဲ့ လမ်းဘေးရောင်း အမှတ်တရ ပစ္စည်းတွေက လွဲလို့ ကျန်တဲ့ အရောင်းပစ္စည်းတွေမှာ ဈေးနှုန်းကပ်ထားလေ့ရှိပါတယ်။ မြန်မာပြည်မှာတော့ ဈေးနှုန်းကပ်ဈေးမဟုတ်ပါဘူး။ ပါးစပ်ဈေးနဲ့ လူကြည့်ပြီး တည့်သလို ရောင်းနေကြတာပါ။


မြန်မာပြည် ပြန်ရောက်တော့ ဖလက်တီဗွီ တလုံးဝယ်ချင်လို့ ရန်ကုန်က အရောင်းစင်တာတွေ ဆီသွားပါတယ်။ ဒီလို လျှပ်စစ်ပစ္စည်းတွေနဲ့ မရင်းနှီးတဲ့ ကျနော်က အရောင်းပြခန်းရောက်တော့ အမျိုးအစားနဲ့ အပ်တူဒိတ်တွေရဲ့ ဈေးနှုန်းကွာဟမှု တွေကို မေးပါတယ်။ ရောင်းတဲ့ သူတွေက ပါးစပ်လေးနဲ့ အလျင်အမြန်ရှင်းပြ ပေးမယ့် ကျနော် နားမလည်ပါဘူး။ ကျနော် မေးတဲ့ မေးခွန်းတွေကိုလဲ စိတ်ရှည်လက်ရှည်နဲ့ မဖြေချင်သလို ကျနော် မေးတာတွေကိုလဲ သူတို့ မသိကြပါဘူး။ ဒါတောင် အရောင်းမန်နေဂျာ နဲ့တွေ့တာပါ။ ဒါနဲ့ သူငယ်ချင်းတယောက်ကို ခေါ်ပြီးဘယ်အမျိုးအစားက ကောင်းတယ် ဆိုတာ လှမ်းမေးရပါတယ်။ သူငယ်ချင်းပြောတော့မှ အဲဆိုင်မှာ ပစ္စည်းအမျိုးအစားနဲ့ မော်ဒယ်နံပတ်ပြ ပြီးတော့ ဈေးမေးပါတယ်။ မန်နေဂျာကိုယ်တိုင် ကျနော့်ကို ကြည့်ပြီး ဈေးကို တင်လိုက်ပါတယ်။ ကျနော် ပထမဆိုင်ကနေလှည့်ထွက်ခဲ့တယ်။

ဒုတိယဆိုင်ရောက်တော့ ကျနော် ပစ္စည်းအမျိုးအစားတွေကို ထပ်မေး မနေတော့ပဲ ဆိုင်တပတ် လှည့်ကြည့်ပြီး ဈေးနှုန်းများ ကပ်ထားမလားလို့ရှာမိပါတယ်။မတွေ့ပါဘူး။ ဒါနဲ့ အကို ဘာကူညီရမလဲလို့ မေးလာတဲ့ ရောင်းသူကို ကျနော်ဒီပစ္စည်းလိုချင်ပါတယ်လို့ မော်ဒယ်နံပတ် ပြလိုက်တော့ မန်နေဂျာ ထိုင်တဲ့ ကောင်တာဆီခေါ်သွားပါတယ်။ မန်နေဂျာက ကျနော့်ကို “အကိုဘယ်လောက် ပေးချင်လဲ”မေးတော့ ကျနော်က “တစ်ကျပ်” လို့ ဖြေတာကို မန်နေဂျာက “ ခင်ဗျားနောက်မနေနဲ့.. ခင်ဗျားမှာ ရှိတဲ့ပိုက်ဆံနဲ့ ညှိပြီး စေတနာနဲ့ ရောင်းပေးမလို့” လို့ ပြောပါတယ်။ ၀ါးလုံးကွဲ ရယ်ချင်တဲ့စိတ်ကို မျိုသိပ်ပြီး ခပ်တည်တည်နဲ့ “ခင်ဗျားတို့ရောင်းနိုင်တဲ့ ဈေးပြောပါ” လို့ပြောတော့ ပထမဆိုင်ထက် သောင်းဂဏန်း ကွာပြီး ဈေး ပြောပါတယ်။ ဈေးစကားမဆုံးဘူး ကျနော်လှည့်ထွက်တော့ အနောက်ကနေ မန်နေဂျာက သူ့အရောင်းသမားတွေကို ပြောတာက အစကတည်းက “ရုပ်ကြည့်ပြီး မ၀ယ်နိုင်ဘူး ဆိုတာ သိပြီးသားမို့ တမင်ဈေးပြော လိုက်တာ” ဆိုတဲ့ အသံကို ကြားဖြစ်အောင် ကြားလိုက်တော့ ကျနော် ပြန်လည့်ပြီး အိတ်ထဲက ပိုက်ဆံထုတ်တွေကို ထုတ်ပြပြီး ကြွားဖြစ်အောင် ကြွားလိုက်မိသေးတယ်။

မထူးပါဘူး ဆိုပြီး ပန်းဆိုးတန်းထဲက ဆိုနီ အရောင်းပြခန်းကို သွားတော့ “အကို ဘာယူမလဲ..၀င်ကြည့်သွားလို့ရတယ်နော်. ပစ္စည်းမှန် ဈေးမှန်တယ်” ဆိုတဲ့ ခေါ်သံတွေက ထိုင်ရာ က မထပဲ အိပ်ငိုက်သံတွေနဲ့ ခေါ်နေတာပါပဲ။ ဆိုင်ထဲ ၀င်သွားရင်တော့ ယင်တွေလို အုံလာပြီး ၀ယ်တဲ့သူ အေးဆေး လှည့်ပတ်ကြည့်လို့ မရအောင် အနောက်ကနေ တကောက်ကောက်လိုက်တဲ့အတွက် စိတ်ကျဉ်းကျပ်မိပါတယ်။ ကျနော်တို့ ၀ယ်ချင်အောင် ပစ္စည်းတွေကို လိုက်ရှင်းပြတာမျိုးမဟုတ်ပါဘူး။ ကျနော်အနောက်ကနေ လိုက်ပြီး သူတို့ပြောနေတဲ့စကားလက်စတွေကို ဆက်ပြောနေကြတာပါ။  ဈေးမေးရင်လဲ အရောင်းပြခန်းက သတ်မှတ်ထားပြီးသား ဈေးမဟုတ်ပဲ ပါးစပ်တဲ့ ရှိတဲ့ ဈေးတွေနဲ့ တယောက်တပေါက် ဆိုသလိုဖြစ်နေပါတယ်။ အရောင်းပြခန်း ဆိုပေမယ့် ဈေးနှုန်းမပါပါဘူး။ ဒါတောင် တရုတ်ကလာတဲ့ ပစ္စည်းနဲ့ ယိုးဒယားက လာတဲ့ ပစ္စည်းဆိုပြီး ရောရောင်းတာ ခံရသေးတယ် ဆိုတာ လဲရှိသေးတယ်။
 ကျနော်လိုချင်တဲ့ပစ္စည်းနဲ့ မော်ဒယ်နံပတ်ပေး မေးတော့လဲ ပထမဆိုင်နှစ်ဆိုင်ထက် များနေပြန်တော့ ဘာမှ မ၀ယ်တော့ဖို့ ဆုံးဖြတ်ပြီး တိတ်တိတ်လေးပဲ လှည့်ပြန်ခဲ့တော့တယ်။ နောက်က ကျနော့်ကျောပြင်ကို ကြည့်ပြီး ၀ယ်မှာ မဟုတ်ဘူးဆိုတာ သိပြီးသားပါဆိုတဲ့ မျက်လုံးတွေကို ကျောခိုင်းရင်းနဲ့ပေါ့..