လက်တစ်ဖက်




ရွေ့လျားနေသောနာရီလက်သံများကိုငေးမိနေရင်း တချက်ချက်နဲ့ စည်းချက်တကျ မြည်နေသောစက္ကန့်နဲ့  အတူ အမေရဲ့ မတိုးမကျယ် ညင်သာစွာ တီးတိုးရွတ်ဖတ်နေ သော ပရိတ်ရွတ်သံ သဲ့သဲ့ ကို ကျွန်တော်ကြားနေရသည်။ နွေးတစ်ဝက် အေးစက်နေသော အဖေ့ လက်ဆုပ်ကိုင်ချင်းကို ခံထားရသောကျွန်တော်အဖို့ အဖေခုတင်ဘေးမှာထိုင်နေသည်မှာ နေ့တစ်ဝက်ကျော်လောက်ရှိမည်ထင်သည်။
အညောင်းကျလာသော်လည်း အဖေကိုသနားမိ၍ အဖေဆုပ်ကိုင်ထားသော လက်များကိုမလွှတ်ချင်ခဲ့။
အမေကသွားနားချေ လို့ ပြောပေမယ့်  ပြုံးပြ ရုံမှလွဲ၍ဒီအတိုင်းဘဲ အေဖနားမှာ ရှိနေပေးခဲ့သည်။

အဖေ့ဆန္ဒ အတိုင်း အဖေ့ကို အသက်ကယ်ဆေးထိုးပြီး အသက်မဆက်စေချင်တာတော့အမှန်ပင်။ အဖေပင်ပန်းလှပြီလေ။
လွန်ခဲ့တဲ့တစ်လကျော်က ကျွန်တော်ဆီကို အမေဖုန်းဆက်သည်။
မင်းအဖေ တော်တော်နာမကျန်းဖြစ်နေသည်တဲ့။

အဖေ့အိမ်သွားေတာ့ အဖေကျွန်တော်ကိုမြင်ပြီး တော်တော်ပျော်ပုံရသည်။ အခန်း၀က အဖေ့ကို ေငးကြည့်နေမိသည်။ သာမာန်ခက်ထန်မှုတွေ၊ စိတ်အားပြင်းပြတဲ့အပြုံးတွေအဖေ့ဆီမှာ တခုမှမတွေ့ရေတာ့ပါ။ 
တော်သေးတာပေါ့ ငါ့အလောင်းမြေကျမှ မင်း အဖေ ဆိုပြီး ပြန် ေခါ်မယ်ထင် နေတာ လို့ အဖေက စသလိုလို နဲ့စကားစသည်။ အဖေကို စကားမပြောတဲ့နှစ်ဘယ်လောက် ကြာပီလဲ ကျွန်တော်မသိေတာ့။ 

နှစ်ရက်မြောက်နေ့ မှာ အေဖက ကျွန်တော် ကို မင်းပြန်တော့လို့ ပြောသည်။ 
ကျွန်တော်က အဖေနေကောင်းတဲ့အချိန်ထိနေမှာဖြစ်ကြောင်းပြောတော့ အေဖက ငါနားမှာ နေရတာ နဲ့ အဝေးမှာနေရတာစိတ်ချမ်းသာရင် တော့ ဝေးဝေးပဲနေပါသားရယ်လို့ အဖေပြောသည်၊

ကျွန်တော်မျက်ရည်ကျပြီးအဖေ့ကိုမော့မကြည့်။ အဖေ့လက်ကိုဖွဖွကိုင်မိသည်။ အရင်က အကြောပြိုင်းပြိုင်းနဲ့ ကျွန်တော့ပါးကို ရိုက်ခဲ့ဖူးတဲ့ အဖေ့လက်တွေ ခုတော့ တုန်ရီချိနဲ့နေခဲ့ပြီ၊ 

"သား အမေပြောတာကြားလား"
ကျွန်တော် အမေအသံကြောင့်အသိပြန်ဝင်လာသည်။ 
 
"သူညင်ညင်သာသာပဲ၊ သားကြောင့်ထင်တယ်"
ဟုတ်ပါသည်.။ဆုပ်ကိုင်ထားသော အဖေလက်များ အေးနေတာကို သတိပြုမိသည်။ အဖေမျက်နှာကိုလှမ်းကြည့်တော့ အေးအေးဆေးဆေးအိပ်ပျော်သွားသလိုလို။ 
ကျွန်တော် ဝမ်းနည်းစွာမျက်ရည်များအလိုလို လိမ့်ဆင်းလာသည်။ ကျွန်တော့်ပါးပြင် နွေးထွေးသွားသည်။ အဖေရဲ့ အေးစက်စ ပြုနေတဲ့ လက်ကို ကျွန်တော့်ပါးတွင်ကပ်လိုက်သည်။

အခုတခါ အဖေရိုက်ရင် သားစိတ်မနာလောက်တော့ဘူးထင်တယ်အဖေရယ်...

အပြင်မှာလေတိုးသံ သဲ့သဲ့ ကြားနေရသည်။

စိန်လျှံထွန်း 



Comments

ဖိုးပြည့်လုံး said…
ကိုစိန် စာရေးကောင်းလိုက်တာဗျာ။ အဖေ နှင့် အမေအကြောင်းရေးထားတာဖတ်လို့ကောင်း
တယ်ဗျာ။ ဖတ်လို့ကောင်းတယ်ဆိုတာထက်
ရင်ထဲမှာလှိုက်လှိုက်လှဲလှဲ ခံစားသွားရတယ်။
မျက်ရည်တောင်ဝဲတယ်ဗျာ။ ဘာဖြစ်လို့လဲဆို
တော့ ကျွန်တော်လည်းငယ်ငယ်တည်းကမိဘ
အနီးနားမှာမနေခဲ့ရဘူးလေ။ အခုလည်း အဝေးမှာပေါ့။အရင်တုန်းက လုံးဝ ကို မိဘနဲ့နေရတဲ့အရသာကို မသိခဲ့ဘူးဗျာ။
အခုဝေးနေမှမိဘတွေအသက်ရှိတုန်းလေး တူတူနေချင်လိုက်တာ။ပြန်ပြီးတူတူနေနိုင်အောင်
ကြိုးစားနေပါတယ်။ကွန့်မန့် ရှည်သွားတယ်ဗျာ
ဒါပေမယ့် ဒီပို့လေးကို ယောက်ကျားတန်မဲ့ မျက်ရည် ကြပြီးဖတ်သွားတယ် ဆိုလွန်မလား
ကိုဖိုးစိန်......
Mogok Thar said…
ဖတ်ဖူးတာ ကြာပါပြီ။
အခုမှ မန့် ဖြစ်ပါတယ်။
ရေးသားတဲ့ ရည်ရွယ်ချက်လေး ကောင်းသလို၊ တင်ပြပုံကလဲ ရိုးရိုးရှင်းရှင်းနဲ့ လှပတယ်။
မိဝေး ဖဝေး မှာ မိဘမေတ္တာကို အောက်မေ့ အမှတ်ရတတ်တာ... ချီးကျူးစရာပါ။
ချစ်ညီ ဖိုးစိန်
မိဘဘေးမှာ လုပ်ကျွေးပြုစုနိုင်သူ သားကောင်းလိမ္မာလေး ဖြစ်ပါစေဗျာ။

Popular Posts