ပီတိဒံပေါက်




"တောက်… တောက်… တောက်…..တောက်….တောက်..."

မြို့ဦးစေတီ ဘုန်းကြီးကျောင်းမှ အဆက်မပြတ် အုန်းမောင်းခေါက်သံကြားလိုက်ရသည်။ မိုးက လင်းအာရုဏ်ပင် မဆောင်ကျင်းနိုင်လောက်အောင် တစိမ့်စိမ်ရွာနိုင်လှသည်။ တဝေါဝေါမြည်သွားသည့် ရေး-မော်လမြိုင် ရထား၏ တုန်ခါမှု အသံကြောင့် ခြေတံရှည် ကျောင်းလေးပင် လှုပ်ခါသွားသည်ဟု ကိုရင်လေး ထင်မိသည်။ ခြုံထားသော သင်္ကန်းကို ခေါင်းတခုလုံး လုံသွားအောင် ပတ်ခြုံပြီး ရထား စက်ခုတ်သံ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမှာကို စိုးရိမ်ရင်း ကိုရင်လေး ဆက်ကွေးနေမိသည်။ မကြာခင် ကြားရမည့် နိုးစက်အသံကို ကိုရင်လေး မနှစ်မြို့ချေ။ နှိုးစက်သံကိုရော နှိုးစက် အသံပိုင်ရှငိကိုရော ကိုရင် မုန်းသည်။ သို့သော် ကိုရင်လေးမှာ ငြင်းဆန်ပိုင်ခွင့်မရှိ။ ဒီနှိုးစက်သံကို မနက်တိုင်း ကြားနေရသည်မှာ ၈ နှစ်ကျော် ကြာပြီး ဖြစ်သော်လည်း ကိုရင်လေး မရိုးနိုင်။ ဒီလို မိုးအေးအေး တွင် ကိုရင်လေး ဆက်အိပ်ချင်သေးသည်။ 

 “ကိုရင်… ထတော့.မျက်နှာသစ်. ငါတို့ ဆွမ်းခံ ကြွရမယ့် အချိန်ရောက်ပြီး. ပျင်းမနေနဲ့” 

ကိုရင့် အတွေး မဆုံးခင် ဆရာတော် ရဲ့ နှိုးသံကို ကြားလိုက်ရသည်။ ဒါမနက်တိုင်း ကိုရင်ကြားနေရတဲ့ နှိုးစက်ပင်ဖြစ်သည်။ 

“ အရှင်ဘုရား. အပြင်မှာ မိုးတွေ တော်တော်ရွာပြီး မှောင်နေပါသေးတယ် ဘုရာ့…”

ကိုရင်လေး အိပ်ယာထဲမှ မထဖြစ်ပဲ ဆရာတော် အား အတွန့်တက် လျှောက်တော့.

“မိုးတွင်းဆိုတော့ မိုးကရွာမှာပဲ ကိုရင်.. စောစောဆွမ်းခံကြွမှ ဖြစ်မယ်. တော်ကြာ 
ဒကာတွေ စောင့်နေရရင် မကောင်းဘူး… ကဲ.. သပိတ်ပြင်.. ငါ့နဲ့လိုက်ခဲ့”

ကိုရင် မငြင်းနိုင်ရှာပဲ စိတ်ပျက်လက်ပျက် ဖြင့်အိပ်ယာမှ လူးလဲထ နှုတ်မှလဲ တဖွဖွရွတ်ရင်း မျက်နှာသစ်ရသည်။ ရာသီဥတုက အေးသမို့ သွားကိုဆားဖြင့် မတိုက်ပဲ သင်္ကန်းရုံ ပြီး သပိတ်ပြင်ရသည်။ 

ကိုရင် ဆရာတော် နှင့်နေသည်မှာ ၇နှစ်ကျော် ၈ နှစ်ရှိပြီ ဖြစ်သည်။ ကိုရင် ၅ နှစ်သား ဘ၀ထဲက ဒီသစ္စာတောရ ကျောင်းကို ရောက်ခဲ့သည်။ ရွာမှာ ကိုရင့် မိဘများ လယ်လုပ်ရင်း ပိုးထိပြီး ဆုံးသွားသောကြောင့် အမျိုးနီးစပ်သူ ဆရာတော်ထံ ရွာမှ ဆွေမျိုးများက ပို့ထားပေးခြင်းဖြစ်သည်။ ဆရာတော်ထံ ရောက်သည်နှင့် ဆရာတော် က ကိုရင့်ကို သင်္ကန်စည်းပေးခဲ့သည်။

ဆရာတော် ဦးပညာစာရ နှင့် ကိုရင် တို့အမျိုးစပ်လျှင် ဆရာတော်က ကိုရင့်ဦးလေး နှစ်၀မ်းကွဲတော်သည်။ ဆရာတော် မှာ ငယ်ဖြူ ဖြစ်ပြီး အရင် သစ္စာတောရ ဆရာတော်ထံမှာ ပညာဆည်းပူးခဲ့သူဖြစ်သည်။ မူလဆရာတော် ပြန်လွန်တော် မူသောအခါ ဦးပညာစာရ မှ တောရ ကျောင်းတွင် ကျောင်းထိုင် အဖြစ် ဆက်လက် တာ၀န်ယူခဲ့သည်။ ဒီကျောင်းသို့ ရောက်လာသော ကိုရင်မှာ သင်္ကန်း မစည်းချင်သော်လည်း ဆရာတော် ကို ကြောက်ပြီး ဆရာတော့် အနားမှာပင် သင်္ကန်း၀တ်ဖြင့် ဝေယာ၀စ္စ လုပ်ပေးဖြစ်ခဲ့သည်။ 

……………………………………………………..

“အရှင့်ဘုရား.. အရှင်ဘုရား.. တပည့်တော် သမီးလေးကို ကူပါဦးဘုရာ့…”

ဆွမ်းခံကြွရန် အဆင်သင့် ဖြစ်ပြီးခါမှ ဘုန်းကြီးကျောင်း ခြံစည်းရိုးအ၀မှ အော်သံကြောင့် ဒီနေ့ နံနက် ဆွမ်းခံကြွ နောက်ကျတော့မည်ဟု တွေးရင်း ကိုရင်ကျိတ်ပျော်မိသည်။ 

“ဟဲ့.. ဘယ်သူတုန်း ကျောင်းပေါ်တက်ခဲ့စမ်း”

ကျောင်းပေါ်ကို ပြေးတက်လာတဲ့ လင်မယားနှစ်ယောက် ပွေ့ချီထားသော ၄နှစ်အရွယ် မိန်းခလေးကို ဆရာတော်အရှေ့ချပြီး
 “အရှင်ဘုရား. တပည့်တော်တို့ကို ကယ်ပါဦးဘုရား. တပည့်တော် သမီးလေး အဖျားမကျသေးလို့ပါဘုရား”

“အိမ်းကွယ်… နေမကောင်းရင် ဆေးခန်းသွားရတယ်လေ ဒကာတို့ရယ်. ဘုန်းကြီးက ဆရာ၀န်မှ မဟုတ်တာပဲကွဲ့… အိန်း.. ကလေးကလဲ ကိုယ်တွေ ချစ်ချစ်တောက်ပူနေပါ့လား.. ဟဲ့..ကိုရင် ငါ့ကို စာအုပ်စင်ပေါ်က ဆေးထုတ်တွေယူခဲ့ပေးစမ်း။ ပြီးတော့ ရေနွေးလေး လုပ်.. သွားသွား.. သပိတ်ကို ချ.. ဒီနေ့ ဆွမ်းခံ မထွက်တော့ဘူး” 

စိုးရိမ်စိတ်ဖြင့် အဆက်မပြတ်ပြောနေသော ဆရာတော့်ကို စကားကြောင့် ကိုရင်သပိတ်ကို လွှတ်ခနဲ ပစ်ချ မတတ်ပျော်သွားသည်။ကိုရင်တို့ ဆွမ်းခံ ဒီ ကျူးကျော် ရပ်ကွက် ကို သာ တပတ်ပတ်ပြီး ဆွမ်းခံကြွလေ့ရှိသည်။ ဆွမ်းခံလျှင် လမ်းထိပ် က ဒေါ်ကုလားမ အကြော်ဆိုင်က ကြက်သွန်ကြော်နှစ်ခုနှင့် အမှည့်လွန် ဌက်ပျောသီး တလုံးရမည်။ ဟိုဘက် လမ်းထိပ်ရောက်လျှင် ဒေါ်ညွန့်က ငစိန်ဆန်နှင့် ချက်ထားသည့် ဆွမ်းထမင်းနှင့် သကြားကပ်မည်။ ထိုရပ်ကွက်ထဲက ဥပါသကာ ကိုလူအေး မိန်းမကတော့ မျှစ်နဲ့ပဲပြုတ်ကြော် သို့မဟုတ် ကြက်ဥကြော်ဆွမ်းလောင်းမည်။ ကံကောင်းသော နေ့များတွင် ငါးဟင်းစားရတတ်သည်။ ထိုဆွမ်းများမှာ ပုံမှန် ဆွမ်းခံကြွတိုင်း ရသော ဆွမ်းများပင်ဖြစ်သည်။ တကယ်လို့များ မြို့ဦးစေတီကျောင်းမှာ ကိုရင် ဖြစ်ခွင့်ရလျှင် ဒီလို ဆွမ်းခံထွက်ရမှာ သည့်အပြင် ဆွမ်းဟင်းကောင်းများ ဘုန်းရမည်ု တွေးရင်း ဆရာတော့်ကိုကိုရင်အားမလို အားမရ ဖြစ်မိသည်။ မြို့ဦးစေတီကျောင်းတွင်း နေ့တိုင်းနီးပါး အလှူ အတန်းရှိသည်ဟုသိထားသည်။ ကျောင်းကိုလာသော ဒကာဒကာမ များက ချမ်းသာသောကြောင့် ကျောင်းကြီးမှာ နန်းတော်သမျှ ခမ်းနားလွန်းလှသည်။ မနှစ်က စုပေါင်း ပဌာန်းပွဲ တွင် ဆရာတော် ပဌာန်းသွားရွတ်ချိန် ကိုရင်လိုက်သွားသည်။ ကျောင်းဆောင်တော်တွင် ရေခဲသေတ္တာ၊ တီဗွီ အပြည့်အစုံရှိသည်။ ကိုရင် နေ့တိုင်းဆွမ်းကောင်းကောင်း ဘုန်းခဲ့ရသည်။ ထိုကြောင့် ကိုရင်က ဆရာတော်ကို မြို့ဦးစေတီ ကျောင်းပြောင်းစေချင်သည်။

ကိုရင်တို့ သစ္စာတောရ ကျောင်းသည် ကျူးကျော်ရပ်ကွက်ထဲမှာ ရှိသည်။ ပျဉ်ထောင် ဖက်မိုး ကျောင်းကလေးဖြစ်သည်။ ရေခဲသေတ္တာ တီဗွီ မပြောနှင့် လျှပ်စစ်မီးဆိုလို့ မီးချောင်း သုံးချောင်းပင်မပြည့်။ ဆရာတော် နှင့် ကိုရင် အပြင် ဘုန်းအိုကြီးတပါးသာ ရှိသည်။ လောလောဆယ် ဝါတွင်း သုံးလ အတွင်း အာဂနု ဘုန်းကြီး နှစ်ပါး သာ နေနိုင်သော ကျောင်းဖြစ်သည်။ ကိုရင်တို့ ဆရာတော် အား မြို့ဦးစေတီ ကျောင်းမှ ဆရာတော်များက သီတင်းပြောင်းသုံးရန် လျှောက်ထားသော်လည်း ဆရာတော်မှာ ငြင်းဆန်ခဲ့သည်။ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သော ရပ်ကွက်သူ ရပ်ကွက်သားများက သစ္စာတောရကျောင်းမှ ကိုရင်တို့ ဆရာတော်ကို ကိုးကွယ် အားထားကြသောကြောင့် ဆရာတော်က မပြောင်းပဲ ဒီကျောင်းမှာပင် သတင်းသုံးတော်မူသည်။

ထိုအပြင် ကိုရင်တို့ ဆရာတော်သည် ငယ်စဉ်က သင်ယူလေ့လာခဲ့သော ဗေဒင်ပညာဖြင့် ရပ်ကွက်သူ ရပ်ကွက်သားများ ယတြာချေပေးခြင်း၊ ဗေဒင်တွက်ပေးခြင်များ လုပ်ပေးသောကြောင့် သစ္စာတောရ ကျောင်းသည် လူစည်ကားသည်။ ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူများမှာ လက်လုပ်လက်စားများ ပေါသောကြောင့် စျေးရောင်းသူများ စျေးရောင်းကောင်းအောင် ပွဲစားများ ပွဲခများများရအောင်၊ ဆိုက်ကား ပုံမှန်ထွက်ရအောင် စသဖြင့် အကြောင်းအမျိုးမျိုးဖြင့် ဆရာတော်ထံ ရောက်လာကြရာ ယတြာတောင်းကြသည်။ ဆရာတော်မှ ဝိနည်းနှင့် ညီအောင် နေချင်သော်လည်း လောကီကိစ္စများကို လတ်တလော ပြေလည်စေဖို့ အတွက် ဆရာတော် တတ်တဲ့ပညာစွမ်းဖြင့် ကူညီပေးသည်။ ဆရာတော့် စေတနာမှာ ကြီးမားလှသည်။ ယတြာတွက် လိုအပ်သော ပစ္စည်းများ အလကားပေးသည့်အပြင် ဘုန်းကြီးကျောင်း ပတ်ပတ်လည်တွင် ယတြာချေရန်လိုအပ်သော အပင်များကိုပင် စိုက်ပျိုးထားသည်။ ဆရာတော်မှာ ဥာဏ်ပူဇော်ခအတွက် ၀တ္တုငွေ လက်မခံသောကြောင့် တဆင့်စကား တဆင့်နားဖြင့် ဆရာတော် ထံ ရောက်လာသော ဒကာ ဒကာမ များ များလာသည်။ သို့သော် ရောက်လာသော ဒကာ ဒကာမ များလည်း ဆရာတော် ၀တ္တုငွေ လက်မခံတာကို ပင် မသိတတ်ဟု ကိုရင်ထင်သည်။ ယတြာ အတွက် လိုအပ်သော ပစ္စည်းများတောင်းကာ ဘုန်းကြီးကျောင်း၀င်း စိုက်ထားသော ပန်းပင် သစ်ပင်များကိုပင် ယတြာ ခြေရန် ခွင့်မတောင်း ပဲ အခိုင်လိုင်. အပင်လိုက် ခူးခတ် ခုတ်ယူ သွားတတ်ကြသေးသည်။ ထိုအချိန်မျိုးတွင် ကိုရင်မှာ ဒေါသတွေ ထွက်ပြီး ဆရာတော် ထံ တိုင်သော်လည်း ဆရာတော်မှာ ပြုံးပြုံး ဖြင့် “ကိုရင်တာ၀န်က ဒီသစ်ပင်ပန်းပင်တွေကို ရေလောင်းပေါင်းသင်ရမယ် တာ၀န်” လို့သာ မိန့်တော်မူလေသည်။ 
…………………………………………….

“ဟဲ့..ကိုရင်.. ကိုရင်”

ဆရာတော် သုံးလေး ငါးခါ ခေါ်မှ ကိုရင် လှုပ်ကနဲ ပြန်ဖြစ်သွားသည်။ 

 “ငိုက်နေတာလား…. အာရုံဆွမ်းဘုန်းဖို့ ဘာရှိလဲ”

“ဘာမှ မရှိပါဘူး ဘုရာ့”

“အိမ်းကွယ်… ဒါဆိုရင် ရေနွေးကို လက်ဖက်ခြောက်ခတ်ပြီး ရွာကပို့ထားတဲ့ ထန်းညှက်ခဲယူခဲ့ ငါ မနက်စာဆွမ်းဘုန်းးမယ်. ကိုရင်ကတော့ ဟိုနေ့က လှူထားတဲ့ ဘီစကွတ် စားလိုက်”

ကိုရင်ပျော်သွားသည်။ ကိုရင် ဘီစကွတ်မုန့််ကြိုက်သည်။ ဟိုနေ့ကတည်းက ဒကာမ တယောက်လာလှူလို့ ဆွမ်းတော် ကပ်ကတည်းကပင် ကိုရင်မျက်စောင်းထိုးနေသည်။ သို့သော် တကယ်တမ်းစားရမည်ဆိုတော့ ကိုရင်မျိုမကျ။ ဆရာတော်မှာ ထန်းညှက်စားပြီး ကိုရင်မှာ ဘီစကွတ်စားရသည်။ ဆရာတော်ကို ရေနွေးချမ်း ထန်းညှက်နှင့် ဘီစကွတ်မုန့်ပါ ကပ်သော်လည်း ဆရာတော်မှာ မစားပဲ ကိုရင့် အတွက်ချန်ထားလေသည်။

မိုးလဲစဲ နံနက်လဲလင်းချိန်တွင် စောစောက ရောက်လာသော ဒကာမရဲ့ကလေး အဖျားကျသွားသည်။ ဆရာတော်အား ကျေးဇူးတင်ကြောင်း ဦးအကြိမ်ကြိမ် ချပြီး ငိုယိုပြန်သွားကြသည်။ မပြန်ခင် ဆရာတော်က ဆရာတော်အား ကန်တော့ထားသော ငွေဖလားထဲမှ ငွေအချို့့ကို နှိုက်ပေးပြီး ကလေးမလေးအား ဆေးခန်းပြရန် မိန့်မှာလေသည်။ ထိုအချိန်တွင်တော့ ကိုရင်မှာ ဆရာတော့် ကို လေးစားမိသည်။ 
……………………………………………………………………………………………………

ဒီနေ့ကိုရင်တို့ကျောင်းတွင် ထူးထူးခြားခြား စည်ကားသည်။ ပို၍ထူးခြားသည်မှာ မြို့ပေါ်မှ နာမည်ကြီးသော “ဒေါ်စိန်ခင် စိန်ရွှေရတနာ” ဆိုင်မှ ဒေါ်စိန်ခင် ကိုယ်တိုင် ဗေဒင် လာတွက်သောကြောင့်ပင်ဖြစ်သည်။ ကျောင်း၀င်ထဲသို့ ကား ၀င် မရသောကြောင့် လမ်းတ၀က်မှာ ပင် ရပ်ထားပြီး လမ်းလျှောက်၀င်လာသော ဒေါ်စိန်ခင်ကို တရပ်ကွက်လုံးက မင်းသမီး အမှတ်ဖြင့် ပုရွက်ဆိတ် ထန်းညက်အုံ အုံသလို အုံခဲပြီးကြည့်ကြသည်။ ထိုအထဲတွင် စိတ်အလှုပ်ရှားဆုံးက ကိုရင်ပင်ဖြစ်သည်။ ဒေါ်စိန်ခင် ကဲ့သို့သော လူကုန်ထံ အသိုင်းအဝိုင်းမှ ချမ်းသာသော ဒကာ ဒကာမများ ကိုရင်သို့ ကျောင်းသို့ မရောက်ဖူးချေ။ ဒေါ်စိန်ခင် လာသည့် အတွက် ကိုရင်၀မ်းသာသည်။ ရင်ခုန်သည်။ ကျောင်းရဲ့အခြေအနေကိုကြည့်ပြီ ဒေါ်စိန်ခင် လှူဒါန်းမည်ဆိုလျှင် မြို့ဦးစေတီကျောင်းကဲ့သို့ပင် ရေခဲသေတ္တာ. တီဗွီ တို့ ရှိလာနိုင်မည်ဟု ကြိုတွေးရင် ကိုရင်၀မ်းသာမိသည်။ ကိုရင်ကြိုက်တော့ ချန်ပီယမ်လိ ဘောပွဲများ ကြည့်ရတော့မည့် အရေးတွေးရင်းကြိတ်ပျော်နေမိသည်။

ဆရာတော် ဒေါ်စိန်ခင်ဇာတာကို တွက်ချက်ပြီး ပြောသံကို ထရံ နောက်ကွယ်မှ နေ၍ ကိုရင် ခိုးနားထောင်မိသည်။ ဆရာတော် ဇာတာတွက်ချက်ချိန်တွင် အနားမလာရဟု ကိုရင်ကို မှားထားသောကြောင့် ဒကာ ဒကာမများ ဇာတာကြည့်ချိန်တွင် ကိုရင် ခပ်ဝေးဝေးရှောင်နေရသည်။ 

“စျေးရောင်းကောင်းအောင် မနက် မနက်ကို မေတ္တာသုတ်လေး ကိုးခေါက်ရွတ်ပေးပါ ဒကာမကြီး။ အောင်သပြေကိုးခက်ကို ဘုရား ကို ပုံမှန်ကပ်ပါ။ မနွမ်းစေနဲ့။ ဒကာမကြီးဇာတာ အရ ထီပေါက်ကိန်းရှိနေတယ်။ ဒကာမကြီးထီ ထိုးပါ။ ထီနံပတ်ရွေးရင် ဒကာမကြီးရဲ့ မွေးနေ့ မွေးလကို ပါအောင်ထိုးပါ ဒကာမကြီး။ ကျမ်းမာရေး ဂရုစိုက်ပါ။ လေနဲ့ပတ်သက်တာတွေ သတိထားပါ။ ထူးထူးခြားခြား နေမကောင်းဖြစ်တာမျိုးတော့မရှိပါဘူး..။”

ဆရာတော်မှ ဒေါ်စိန်ခင် ထီပေါက်ကိန်းရှိသည်ဟု ပြောသံကြားသောကြောင့် ကိုရင် ၀မ်းသာမိသည်။ အကယ်၍ ဒေါ်စိန်ခင် ထီပေါက်လျှင် ကိုရင်တို့ ကျောင်းကြီးလဲ မြို့ဦးစေတီ ကျောင်းကဲ့သို့ပင် ချမ်းသာလာမည်ဖြစ်သည်။ ထိုအခါ ချမ်းသာသော သူများ ဆရာတော် ကို လာရောက် ကိုးကွယ်ကြတော့မည်။ ဆရာတော် နာမည်ကြီးလာတာနှင့်အမျှ ကိုရင်တို့ကျောင်းလဲ ချမ်းသာလာမည် ဖြစ်သည်။ မနက်စောစော ဆွမ်းခံမထွက်ရတော့ပဲ ဆွမ်းချိုင့်ပို့မည့် ဒကာများ ထံမှ ဆွမ်းထမင်းဟင်း ကောင်းကောင်းကို ဘုန်း ရတော့မည်။ အတွေးနှင့်ပင် ကိုရင် စိတ်ချမ်းသာနေသည်။ ကိုရင် ဒေါ်စိန်ခင် သိန်းထီပေါက်ပါစေဟု အကြိမ်ကြိမ်ဆုတောင်းမိသည်။ 

………………………………………………………………………………………………

တနေ့ကိုရင် ရပ်ကွက်ထဲမှာ ဆရာတော်အတွက် သွေးလေမှန်ဆေး သွား၀ယ်တော့ သတင်းကောင်း တခုကြားခဲ့သည်။ ထိုသတင်းမှာ ဒေါ်စိန်ခင် ထီ သိန်း၃၀၀ ဆုပေါက်သည် ဆိုသည့် သတင်းပင်ဖြစ်သည်။ ထိုထက် ပိုထူးသည်မှာ ဒေါ်စိန်ခင် အလှူကြီး ပေးမည်ဆိုသည့် သတင်းပင်ဖြစ်သည်။ ကိုရင်မှာ ထိုသတင်းကြားသောကြောင့် ဆေးပင်မ၀ယ်နိုင်ပဲ ခုန်ပေါ်ပြေးလွှားပြီး ဆရာတော် ထံ လျှောက်ဖို့ ပြန်လာလေသည်။ 

“ဆရာတော် ဘုရား… ဆရာတော်ဘုရား……”

“ ဟဲ့ကိုရင်.. အလန့်တကြား..အိနြေ္ဒ လဲ မရနဲ့ ဘာဖြစ်လာတာတုန်း”
“ကိုရင် ၀မ်းသာလွန်းလို့ပါဘုရား… ဟိုတလောက ဆရာတော်ဆီမှာ ဇာတာလာတွက်တဲ့ရွှေဆိုင်ပိုင်ရှင်ဒေါ်စိန်ခင် သိန်းထီ ကြီး ပေါက်တယ် ဘုရာ့.. အဲဒါ ဒေါ်စိန်ခင် အလှူ ကြီး လုပ်မယ် ပြောသံကြားတယ် ဘုရာ့. အဲဒီ အလှူလုပ်ရင် ဒံပေါက်ကျွေးပါလို့ ဆရာတော် မိန့်တော်မူပါဘုရာ့.. ကိုရင် ဒံပေါက် စားချင်လို့ပါဘုရား… ဆရာတော် ဒံပေါက်ဘုန်းချင်တယ်လို့ ပြောဖြစ်အောင် ပြောပါဘုရာ့”

တရစပ် မရပ်မနား အမောတကောပြောသော ကိုရင်ကို ကြည့်ပြီး ဆရာတော် အသံထွက် ရယ်မိသည်။

 “အိမ်းကွယ်… သူလာလျှောက်ရင် ဆရာတော် ပြောလိုက်ပါ့မယ်.. သွားသွား.. သင်္ကန်းတွေ သွားလှမ်းလိုက်ဦး”

ကိုရင်တယောက် ခုန်ပေါက်ပြေးလွှားပြီး အလုပ်တွေ လုပ်နေမိသည်။ ကိုရင် ဘုရားကျောင်းဆောင် ကို ဖုန်သုတ်သည်။ ဘုန်းကြီးကျောင်း၀င်း မှ အမှိုက်များကို မသိမ်းစဖူး ကောက်သိမ်း လှည်းကျင်းပြီး မီးရှို့သည်။ အရင်က ဒကာမများ ယတြာအတွက် ခူးလို့ စိတ်ဆိုးပြီး ရေဆက်မလောင်းသော ပန်းပင်များကို ရေလောင်း ပေါင်းသင်သည်။ ဆရာတော် တရားပေးသည့် အခန်း ကြမ်းပြင်ကို ပြောင်လက်နေအောင် အုန်းခွံ ဖယောင်း ဖြင့်ပွတ်တိုက်သည်။ 

ဆရာတော်က ထူးထူးခြားခြား ကိုရင် အလုပ်တွေ လုပ်နေပုံကို မျက်ခုံးပင့်ကြည့်တဲ့အခါ ကိုရင်က 
“နောက်ဆို ကျောင်းကို သဌေး ဒကာတွေ လာတော့မှာလေ။ ဒါကြောင့် ကျောင်းက သပ်သပ်ရပ်ရပ်လေး ရှိမှ ကြမ်းတွေဆိုလဲ ပြောင်လက်နေမှ.. အဟီး” ဆိုပြီး ဆရာတော် အမေးကို မစောင့်ပဲ မလုံမလဲ ပြန်ဖြေသည်။ ဘာဖြစ်ဖြစ် ကိုရင်တယောက် အတွေးဖြင့် ပျော်ရင်း အလုပ်တွေကို မရပ်မနား လုပ်နေမိသည်။ 

………………………………………………………………………………………………

ဒီနေ့ မနက် ကျောင်းကို ကားတစီး ၀င်လာတော့ ကိုရင် ရင်တွေခုန် ၀မ်းသာမိသည်။ သေချာသည်။ ဟိုတခေါက်လာတုန်းက ကားပုံစံဆိုတော့ ဒါဒေါ်စိန်ခင် ပဲ ဟု တွေးရင် ပျော်နေမိသည်။ ကားပေါ်မှ လူနှစ်ယောက်ဆင်းလာသည်။ ဒေါ်စိန်ခင် မပါပါ။ ထိုလူနှစ်ယောက် က ကိုရင့်ကို ဆရာတော် ရှိလားမေးတော့ ကိုရင် ခေါင်းညှိတ်ရင်း ဆရာတော် ကို လှမ်းခေါ်ပေးလိုက်သည်။ ထိုလူနှစ်ယောက် ဆရာတော် ကို ဦးချ ချိန်မှာ ကိုရင် အခန်းထဲသို့ ၀င်သွားပြီး တံခါးနောက်ကွယ်ကနေ ချောင်းနားထောင်မိသည်။

“အရှင်ဘုရားး. တပည့်တော်ကို အမေစိန်ခင် လွှတ်လိုက်တာပါဘုရား.. အမေ မအားလို့ မလာနိုင်တာ ခွင့်လွှတ်ပါလို့ မှာလိုက်ပါတယ် ဘုရား. ဆရာတော်ကို ၀တ္တုငွေ တစ်သောင်း ကပ်ခိုင်းလို့ လာကပ်တာပါဘုရား” 
ဟု လျှောက်ပြီး ဆရာတော့်ကို ငွေ ဆက်ကပ်သည်။ 

ဆရာတော် ၀တ္တုငွေကို ပြုံးပြုံးဖြင့် လက်ခံ ပြီး ဒေါ်စိန်ခင် သာကြောင်း မာကြောင်းပင်မေးနေသေးသည်။ ထို လူနှစ်ယောက်လဲ ၀တ္တုငွေ ကပ်ပြီးသည်နှင့် ဦးသုံးကြိမ်ချပြီး ပြန်နှင့်လေသည်။ ကိုရင် ရင်ထဲ စိတ်မကောင်း ဖြစ်မိသည်။ ကိုရင် စိတ်ကူးထားတာနှင့် တလွဲစီ ဖြစ်နေသည်။ ကိုရင် ဆရာတော့်ကို စိတ်မကောင်းဖြစ်ကြောင်း ပြောချင်၍ အခန်းထဲမှာ ထွက်လာသော အခါ ဆရာတော် ဘုရား၀တ်ပြု နေသည်နှင့် ကိုရင် စိတ်ပျက်လက်ပျက်ဖြင့် ရပ်ကွက်ထဲသို့ လမ်းလျှောက်ထွက်လာခဲ့သည်။ 

လမ်းထိပ်က ဦးချက် ကွမ်းယာဆိုင်ထဲသို့ ဆရာတော်အတွက် လေဆေး၀ယ်ရန် လှမ်း၀င်လိုက်ချိန်တွင် ကွမ်း၀ယ်တဲ့ ဒေါ်တုတ်ကြီး နဲ့ ဦးချက်ပြောနေတဲ့ စကားထဲမှ ဒေါ်စိန်ခင် နာမည် ကြားလိုက်ရတော့ ကိုရင် နားရွက်တွေ ထောင်သွားခဲ့သည်။ ကိုရင် သိချင်စိတ်ကို မအောက်အီးနိုင်ပဲ 

“ဒေါ်စိန်ခင် ဘာဖြစ်လဲ ဒေါ်တုတ်”

“ ကိုရင် မသိဘူးလား.. မနက်ဖန် မြို့ဦးစေတီ ကျောင်းမှာ ဒေါ်စိန်ခင် အလှူလုပ်မယ်တဲ့။ ထီပေါက်လို့ ဒံပေါက်ဆွမ်းကျွေးမယ်တဲ့.. ချမ်းသာတဲ့သူတွေများ ထီက ထပ်ပေါက်လိုက်သေး…………. ”
ကိုရင် ဒေါ်တုတ်စကားပြီးအောင် မစောင့်နိုင်ပဲ ကျောင်းသို့ လှည့်ပြန်လာသည်။ စိတ်ထဲတွင် တွေးတွေးပြီး ၀မ်းနည်းလွန်း၍ မထင်မှတ်ပဲ ကျဆင်းလာသော မျက်ရည်များကို သင်္ကန်းနှင့် လူမမြင်အောင်သုတ်ရင် ကျောင်းသို့ အပြေးပြန်လာသည်။ 

ထီပေါက်လို့ ဒံပေါက်ဆွမ်းတဲ့… ။ အမြဲတမ်း ဒံပေါက်ဆွမ်း ဘုန်းနေရသော ဘုန်းဘုန်းများ ဒံပေါက်ဆွမ်း ထပ်ဘုန်း ရဦးမည်။ အခုကျတော့ ကိုရင့်ကျောင်းအတွက် လိုချင်သော ရေခဲသေတ္တာ၊ တီဗွီ မဆိုထားနှင့် ကိုရင် စားချင်သော ဒံပေါက်နှင့်ပင်ဝေးရပြီး။ ကိုရင် ခဲလေသမျှ တွက်ထားသမျှ ဘာမှ ဖြစ်မလာခဲ့။ ချမ်းသာသော သူများက ချမ်းသာသော ဘုန်းကြီးကျောင်းများသို့သာ သွားပြီး အလှူ အကြီးအကျယ် လုပ်ကြသည်။ ကံမကောင်းသော ကျောင်းမှာ ကိုရင် ဖြစ်ရသည့် အတွက် ၀မ်းနည်းမိသလို ဆင်းရဲသော ကျောင်းမှာ ကိုရင်ဖြစ်ရသည့် ကိုရင်များကိုလည်း ကိုယ်ချင်းစားမိသည်။ ချမ်းသာသော ဘုန်းကြီးကျောင်းတွင် နေချင်သော်လည်း ကျေးဇူးကြီးမားလှသော ကိုရင့်ဆရာတော် ကို ပြစ်ပြီး ကိုရင်ဘယ်ကျောင်းမှမသွားနိုင်။ မနက်ဖန် ဆွမ်းခံထွက်ရမှာပဲ လို့ တွေးပြီး ကျောင်းပေါ် ပြန်တက်လာသည်။

ကိုရင်ကျောင်းပေါ် ရောက်တော့ လူတယောက် ဆရာတော်ကို တရားနာ ဆွမ်းစားပင့်သည်။ ရက်လည်ဆွမ်းတဲ့။ ကျူးကျော်ရပ်ကွက်ထဲကပင်ဖြစ်သည်။ ဆရာတော်က တရားပေး ဆွမ်းစား ကြွမယ် ဆိုတဲ့အကြောင်းမိန့်ပြီး 
“ဒကာကြီးရေ.. ဖြစ်နိုင်ရင် ကြက်သားဟင်းလေး တခွက်လောက်ချက်ကွယ်။ ကျန်တာ ဘာမှ မပါရင် နေပါစေ” လို့ မိန့်တော့ ကိုရင် ဆရာတော် မျက်နှာကို ကြည့် ပြီး မျက်ရည် များ လှိမ့်ကနဲ့ ထပ်ကျလာသည်။ ကြက်သားဟင်းကို ကိုရင်ကြိုက်သောကြောင့် ဆရာတော်က မိန့်ခြင်းဖြစ်ကြောင်း ကိုရင် ကောင်းကောင်းသိသည်။ ကိုရင် ကျောင်းနောက်ဖက်က ရေတွင်းသို့ သွားပြီး ဆရာတော် မနက်ဖန် တရားပေး ကြွဖို့ သင်္ကန်းကို သွားလျှော်နေလိုက်သည်။ ကိုရင့်စိတ်ထဲမှာ မြို့ဦးကျောင်းက ဒံပေါက်ဆွမ်းကို တွေးရင်း ၀မ်းနည်းမှုက မပြေပျောက်..

……………………………………………………………..

တောက်..တောက်..တောက်..တောက်…

မြို့ဦးစေတီကျောင်းမှ အုန်းမောင်ခေါက်သံ မကြားခင်ကတည်းက ကိုရင် သင်္ကန်းရုံပြီး နှင့်နေပြီးဖြစ်သည်။ မြို့ဦးကျောင်းမှ အလှူ သီချင်းသံ သဲ့သဲ့က ကြားနေရသေးသည်။ မြို့ဦးကျောင်မှာ ဒီနေ့ ဒေါ်စိန်ခင် ဒံပေါက်ဆွမ်းကပ် မည် ဆိုတာကို ကိုရင်သတိရမိသေးသည်။ ဆရာတော် ဘုရား၀တ်ပြု အပြီး ဆွမ်းစားပင့်သူ ရောက်လာတော့ အာဂန်နု ဘုန်းကြီးတပါး နှင့်အတူ ကိုရင်တို့ ဘုန်းကြီးကျောင်းမှ ထွက်လာခဲ့ကြသည်။ 

ကျူးကျော်ရပ်ကွက်ဆိုသည့် အတိုင်း အိပ်ခြေစိပ်သည်။ ကိုယ့်အိမ်ခေါင်းရင်းသည် သူများအိမ်ခြေရင်းဖြစ်သည်။ အိမ်အားလုံးက သစ်ဆွေးတိုင်၊ ကျူထရံကာ ဖက်မိုး အိမ်များသာဖြစ်သည်။ ကိုရင်တို့ အိမ်ထဲ လှမ်း၀င်တော့ တရားနာသူ သုံးယောက်၊ ကိုရင်တို့ နှစ်ပါး နှင့်ပင် အိမ်က လူပြည့်နေသည်။ ခေါင်းမိုးနှင့် ခေါင်း မတိုက်မိအောင် ခါးကိုင်း၍ လျှောက်ရသေးသည်။ ခင်းထားသော နေရာတွင် ထိုင်လိုက်ရုံနှင့် လှုပ်၍ပင်မရတော့။ ဒီကြားထဲ သုံးပါးစာ ဆွမ်းဝိုင်းက ပြင်ထားတော့ ဟိုဘက်ဒီဘက် လှည့်၍ပင်မရ။ ထုံးစံ အရ ဆွမ်းဘုန်းပြီး မှ တရားနာမည်ဖြစ်သည်။ 

ဆွမ်းစစားတော့ ဆရာတော်က ကိုရင် အား ကြက်ပေါင် တချောင်း ထည့်ပေးသည်။ ပြီးတော့ အာဂန်နု ဘုန်းကြီးအား ကြက်သားတတုံးထပ်ထည့်ပေးပြီး ဆရာတော် မှ ကော်ဖီထုတ်ကြော်သာ ထည့်စားလေသည်။

ဒံပေါက် မစားရပေမယ့် ကြက်သားဟင်း စားရတဲ့ အတွက် ကိုရင် ကျေနပ်မိသည်။ ကြက်ပေါင်ကို အားရပါးရ လက်နဲ့ ကိုက်ဆွဲ လိုက်စဉ်မှာ ထင်မှတ်မထားတဲ့ အသံကြောင့် ကိုရင် ကြက်ပေါင် ကိုက်ရင်တန်းလန်း ကြက်သေသေ မိသည်။

“အင့်… အင့်…”

“ပလုံ…” “ပလတ်..”

“ဟဲ့.. သာအေးရယ်.. ဒီမှာ ဆရာတော်ဆွမ်းဘုန်းနေတာ သိရက်နဲ့ ပြီးမှ နောက်ဖေးသွားပါလား.ဟယ်” 

အိမ်ရှင် မိန်းမကြီးမှ မျက်စိပျက် မျက်နှာပျက်ဖြင့် တဖက်အိမ်ကို လှမ်းအော်သည်။ 

“မအောက်နိုင်တော့လို့ပါ ဂျီးဒေါ်ရယ်…အင့်” ဟု တဖက်မှ ပြန်ဖြေရင်း ကိစ္စဆက်ရှင်းနေလေသည်။

ကိုရင် ဆရာတော် ကို လှမ်းကြည့်တော့ ဆရာတော် လက်ဆေးပြီးနှင့်နေပြီး။ ကိုရင်လဲ စားလက်စ ကြက်ပေါင် တကိုက်ကိုဆွဲ ထမင်းကို အတင်းမျိုချလိုက်သည်။ ပြီးတော့ လက်ကို ရေဆေးပြီး…

“ကဲ..ကဲ… ဒကာမတို့.. ဆရာတော် တရားပေးတော့မယ်.. ဆွမ်းဝိုင်းသိမ်း” လို့ ပြောရလေသည်။
…………………………………………………………………………

“သြကာသ.. သြကာသ.. သြကာသ…”

ဆရာတော် တရားပေးချိန်တွင် ကိုရင် မြို့ဦးကျောင်းမှ ဒံပေါက်ဆွမ်းကို စိတ်ဖြင့် လှမ်းမျှော်မိသည်။ ဘာပဲ ဖြစ်ဖြစ် ကိုရင် ဆရာတော့်ကို ကျေးဇူတင်မိသည်။ ကိုရင် ဒံပေါက် မစားရပေမယ့် ကြက်ပေါင်တကိုက် ကိုက်ခဲ့ရသည်။ ကိုရင် ဆရာတော့်ကို စိတ်ဖြင့် အကြိမ်ကြိမ် ဦးချမိသည်။
………………………………………………………………………………………

ကျောင်းပေါ် ပြန်ရောက်တော့ ကိုရင် စိတ်ပျက်ပျက်နှင့် ပြန်အိပ်သည်။ တရားပေးခန်းမှ ဆရာတော့် အသံကြောင့် ကိုရင် ရုတ်တရက်နိုးလာပြီး တံခါးကြားနေချောင်းကြည့်မိသည်။ ဆရာတော်မှ ရပ်ကွက်ထဲက ထမင်းချက် ဦးလှကို မနေ့က ဒေါ်စိန်ခင် လှူဒါန်းထာသော ၀တ္တုငွေ တချို့ လှမ်းပေးနေတာတွေ့ရသည်။

“ဒကာကြီး. ဆရာတော်ကို ကူညီစမ်းကွယ်။ နေ့လည် ဆွမ်းစားအမှီ ဆရာတော်ကို မြို့ထဲက ကြက်ပေါင်နဲ့ ဒံပေါက်တပွဲ ၀ယ်ပေးစမ်းပါ။ ပြီးရင် ကိုရင်လေးကို ကပ်လိုက်ကွဲ့…ကျန်တာ ငွေက ဒကာကြီး ခရီးစရိတ်မှတ်ကွဲ့….” 

ဆရာတော်က ဦးလှ အား မိန့်သော စကားကြောင့် ကိုရင် ရင်ထဲနစ်ကနဲ ဖြစ်ပြီး မျက်ရည်များ စို့တက်လာသည်။ ကိုရင်စားရမည့် ဒံပေါက်ဆွမ်းသည် ဒေါ်စိန်ခင် အလှူဒံပေါက်ထက် သာ၍ကောင်းမည်ဟုတွေးရင် ပီတိမျက်ရည်များ တသွင်သွင် ကျဆင်းလျှက်….

စိန်လျှံထွန်း
Feeling 92
ဘလော့ဂါ ၉၂ ယောက်ရဲ့ စာစုများစာအုပ်

Comments

Popular Posts