RULA - လူလား

 






၂၀၁၅ မှာ ပထမဆုံး အနေနဲ့ ဇာတ်လမ်းတို တကား နဲ့ မှတ်တမ်း တကားရိုက်တယ်။ ဇာတ်လမ်းတို ကားနာမည် ကို လူလား "RULA" ဆိုပြီး ပေးတယ်။


မြန်မာပြည်ပြန်ရောက်ခါစ ရန်ကင်း ဝန်းကျင်မှာနေတယ်။ နေတဲ့အိမ်ရှေ့တည့်တည့်မှာ မူလတန်းကျောင်း ရှိတယ်။ နေ့တိုင်းကလေးတွေ စာအံသံ၊ ကစားသံ အကျယ်ကြီး ကြားရတယ်။ မြန်မာစာလည်း အော်ဆိုတာပဲ။ သချာ်လည်း အော်ဆိုတာပဲ။ အင်ဂလိပ်စာ ဆိုတဲ့အခါတိုင်း သဘောတကျ နားထောင်ဖြစ်တယ်။ စာလုံးတွေမပီကလာ ပီကလာ ပေါင်း ပြီး ထောက် ထောက် အော်ဆိုတာမျိုး။ အမြဲကြားနေရတာက RULER. လူလား.  ပေတံ.. RABIT. ရပ်ပစ်...ယုန် စသဖြင့်ပေါ့။ 

တရက် ကျောင်းရှေ့ကနေ ဖွဲပြာရောင်း၊အမှိုက်ကောက်တဲ့ ကလေးမ လေးတစ်ယောက် ကျောင်းရှေ့ရောက်တော့ ကျောင်းကိုကြည့်ပီး အားရပါးရ ထအော်တယ်။


R..U..L..A.. လူလား... ပေတံ 

ငါလည်း နင်တို့လို စာမသင်ရပေမယ့် နင်တို့ ဆိုသမျှ ငါရနေတယ်ဆိုတဲ့လေသံမျိုးပေါ့။ ဒါလေးက ချစ်စရာကောင်းသလို ရင်ထဲစိတ်မကောင်းဖြစ်မိတာ။ စိတ်ကူးရပြီး RULA (လူလား) ကို ဇာတ်လမ်းတိုရိုက်မယ်ဆုံးဖြတ်တာ။ 

ဒီစိတ်နဲ့ရိုက်မှာ ဖြစ်တဲ့အတွက် သိပ်ပြီး မမျှော်လင့်ထားဘူး။ အဲ့ချိန်တုန်းက ရုပ်ရှင်ပွဲတော်တွေပို့မယ့်၊ဘယ်လိုရုပ်ရှင်ပွဲတော် ရှိသလဲတောင်မသိပါဘူး။ Story Develop လုပ်ဖို့ ၊ ဇာတ်ညွှန်းအနေနဲ့ ချရေးဖို့ မ​ပြောနဲ့ ဘယ်လိုရိုက်ရမလဲကို ချရေးတာတောင် လည်ထွက်နေတဲ့အချိန်ပါ။ 

တခုက ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်မယ့် ကောင်မလေးကို ရွေးတာ တအားအချိန်ယူတာ။ အဲ့တုန်းက ကလေးသရုပ်ဆောင်တွေအများကြီး နဲ့ တွေ့တယ်။ ဒါပေမယ့် စိတ်ထဲမှာ အလိုမကျ ဖြစ်တယ်။ နောက်ဆုံး လူလား နဲ့ ကိုက်မယ့် သမီးလေး ကိုရတယ်။ ရက်များစွာ လေ့ကျင့်ပေးတယ်။ ကိုယ်တတ်သလို ကိုယ်ဖြစ်စေချင်သလို လေ့ကျင့်ပေးတာပါပဲ။ 

အဲ့တုန်းက ကင်မရာက ပထမ တခေါက်ရိုက်တော့ ဘိုသက်ထွန်းက DP၊ ရိုက်ကူးရေး အဖွဲ့ကလည်းသိပ်မကြီးပါဘူး။ ကိုယ့်မှာရှိတဲ့ ပိုက်ဆံနဲ့ ရိုက်ချင်လို့ ရိုက်တာဆိုတော့ သိပ်အကျယ်မချဲ့ နိုင်ဘူး။ တရက်နဲ့ ပြီးအောင် ရိုက်ကြတယ်။ 

ဒါနဲ့ ရုပ်တွေပြန်စစ်တော့ တချို့ရုပ်တွေမှာ Built in အသံမပါလို့ ဒုတိယအကြိမ် လိုတဲ့နေရာကို ဖြည့်ဖို့ ပြန်ရိုက်ရတယ်။ ၂ ရက်ပေါ့လေ။ 

Edit ကိုလည်း စမ်းတဝါးဝါးနဲ့ Youtube ကနေ ကြည့်ပြီးဆက်။ အသံနဲ့ရုပ်နဲ့က မကပ်။ စိတ်တွေညစ်။ ည ဆို အိပ်မပျော်။ ဒါပေမယ့် အတွေ့အကြုံ ကို သဘောကျတယ်။ စိတ်ထဲပျော်တယ်။ ပထမဆုံး ဇာတ်လမ်းတို ဖြစ်ပေမယ့် လုပ်ခဲ့သမျှ အတွက် နောင်တ မရပဲ သင်ယူစရာ တွေလို့ပဲ မြင်တယ်။ 

ကိုယ်တိုင်ရိုက်မှ အရုပ်တွေရဲ့ Visual တွေကို သိသလိုလို ရှိပေမယ့် အဓိပ္ပါယ် မသတ်မှတ်တတ်ဘူး။ နောက်ပိုင်း Lab တွေသွား၊ ရုပ်ရှင်ဒါရိုက်တာ အချင်းချင်း စကားတွေ ပြောရင်းနဲ့မှ သင်ယူလာခဲ့ရတယ်။ 

လူလား ကားလေးကို မြန်မာပြည် လူ့အခွင့်ရေး ရုပ်ရှင်ပွဲတော်မှာပြတယ်။ ဘာဆုမှတော့ မရဘူး။ အဲ့တုန်းက ကိုသူရ (ဇာဂနာ) ပေးတဲ့ မှတ်ချက်တွေက တော့ စိတ်ထဲစွဲလာတာရှိတယ်။ ကောင်းသောအကြံဥာဏ်တွေပါ။ 

ဒါပေမယ့် အင်တာနေရှင်နယ် ရုပ်ရှင်အကဲဖြတ်က စိန့်ကားလေးက ရည်ရွယ်ချက်မဆိုးဘူး။ ဒါပေမယ့် အင်တာနေရှင်နယ် တန်းဝင်နေတဲ့ ကားတော့ မဟုတ်ပြန်ဘူး။ ရုပ်ရှင်ပွဲတော်ကြီးတွေသွားချင်ရင် ဒီထက် အဆတရာမက ကြိုးစားရမယ်။ ကိုယ်ဖြစ်ချင်တဲ့ ရုပ်ရှင်အမျိုးအစားကဘာလဲ သေချာသိရမယ် ပြောတယ်။ 

အဲ့တုန်းက သူပြောတာတွေသေချာမှတ်တယ်။ ငါကြိုးစားရဦးမှာပါလားပေါ့။ ဒါပေမယ့် လူလား နဲ့ စခဲ့တဲခရီးကိုတော့ စိတ်မပျက်ဘူး။ ငါ ဒီကားမှာ ညံ့လိုက်တာလို့လည်းမဖြစ်မိဘူး။ ငါတော်တော်ဒုက္ခ ခံရမယ်ဆိုတာတော့ တွေးဖြစ်တယ်။ 

အဲ့ဒီအကဲဖြတ်ကပဲ စိန်.. ဒီ Lab ကို try ကြည့်၊ ဒီရုပ်ရှင်ပွဲတော်လောက်တင်ကြည့်ဆိုပြီးပြောတယ်။ တဆက်တည်း ဒီရုပ်ရှင်ပွဲတော် တွေက အဆင့်မြင့် မဟုတ်ဘူး။ ဒါပေမယ့် အတွေ့ကြုံရတယ်။ ရွေးခံရလို့ပျော်မနေနဲ့ ပါပြောတယ်။ 

သူ Try ခိုင်းတဲ့ Lab က Talents Tokyo ပါ။ နောက်မှ ဒီ Lab က ဘဝ တဆစ်ချိုးပြောင်းလဲတာကို ရေးတော့မယ်။ နောက်ဆုံး ကံကောင်းပြီး Lab ကို အရွေးခံရတာက လူလား နဲ့ မီးကျွမ်းအုတ် ရိုက်ခဲ့တဲ့ ကျေးဇူးကြောင့်ပဲ။ 

ပထမဆုံး လက်ရာတွေက လိုအပ်ချက် ၁၀၀ ရာနှုန်းရှိပေမယ့် နောင်တမရခဲ့ဘူး။ ငါလုပ်ခဲ့နိုင်ပါလား။ ငါ့စိတ်ကူးနဲ့လက်တွေ့ ကိုပြောင်းလဲလာစေပါလားလို့ တွေးတယ် ဒါပေမယ့် လူလား ကားလေးက မထင်မှတ်ပဲ ရုပ်ရှင်ပွဲ​ေတာ် (အကြီးစာမဟုတ်) တွေရောက်၊ဆုရတယ်။ လူလား ကြောင့် ရုပ်ရှင်ပွဲတော်ကို ပထမဆုံးစတက်ဖူးတယ်။ လူလား ကြောင့်လည်း Talent Tokyo အရွေးခံရတယ်ဆိုတာသိခဲ့ရတယ်။ 

လူလား..  မဟုတ်ဘူး ပေတံ 

ရုပ်ရှင်ကြည့်ချင်ရင် ဒီမှာ

https://youtu.be/k2MGBi6KOP4




Comments

Popular Posts