Wednesday, 23 September 2009

ကျနော်မကြွားချင်ပါ

အခုတစ်လော ကျနော် ကျမ်းမာရေးက မကောင်းတော့ အွန်လိုင်းကို နေ့တိုင်းမတက်ဖြစ်ဘူး… ဖုန်းလဲပိတ်ထားရတယ်… ဘလော့လဲ မလည်ဖြစ်… စာလဲမရေးဖြစ်ဘူးလေ… အကြောင်းတွေက စုံတာကို… ခုချိန်မှာ စာရေးဖို့က မနည်းစဉ်းစားနေရတယ်… ကိုယ်ရေးလိုက်တဲ့စာ တစ်ကြောင်း ခေါင်းစဉ်တစ်ခုလေးကိုတင် ကြိုက်နှစ်သက်လို့ ဆိုပြီး ထုတ်ဝေသူတွေက ဖုန်းတွေဆက် မေးလ်တွေပို့ဆိုတော့ စိတ်ညစ်ရတယ်… ကျနော်က ဒါတွေ မက်လို့ရေးတာမဟုတ်ဘူးလေ… စာရေးချင်တာ သက်သက်ပါ… ဒါပေမယ့် ကံကိုက ဆိုးပါတယ်… ကျနော်ရေးတဲ့စာလုံးတစ်လုံး ကိုတင် အဝယ်လိုက်နေတာ ဆိုတော့ သတိထားရတယ်… သူတို့ဘယ်လောက်ကြိုက်ကြိုက် စာဖတ်သူကို ကျနော် က လေးစားရမယ်မဟုတ်လား…

ကျနော့်နာမည် အသုံးချချင်တာကြောင့် ထုတ်ဝေသူတွေက ကျနော့်နောက်လိုက်နေတာ.. ကျနော်ရေးတဲ့စာတစ်ကြောင်းကိုပဲ သောင်းချီပေးနေကြတာ အဲဒါကြောင့် ခုနောက်ပိုင်း ပိုစ့်တင်ရင် တော်တော်လေး စဉ်းစားယူရတယ်သလို စဉ်းစားချင့်ချိန်ပြီးရေးရတယ်လေ... မကောင်းဘူးလေ.. ထုတ်ဝေသူပေးတဲ့ ပိုက်ဆံက ဘယ်လောက်မှမဟုတ်ပါဘူး... ကျနော်ရေးတဲ့ စာတစ်ကြောင်းက စာဖတ်သူအတုယူ မမှာစေချင်ဘူးလေ... ဒါကစေတနာပါ… ဒါကြောင့် ဖုန်းပိတ် မေးလ်ပိတ်ပြီး စိတ်မကောင်းစွာ ငြင်းလွှတ်နေရတယ်…

ဘလော့ပေါ်မှာလဲ ဒီလိုပါပဲလေ… ဒီလောက်ကောင်းတဲ့ ကဗျာ ဆရာ ဆရာမကြီးတွေရဲ့ ကဗျာတွေရှိနေတာတောင် ကျနော်ကဗျာလေးက ရင်ထဲထိတယ်ဆိုတဲ့ ကောင်မလေးတွေ… ကျနော်ရေးတာကိုမှ သဘောကျတယ်ဆိုတဲ့ အကိုတွေ အမတွေ… ဥပမာပေါ့… ဘလော့သက်ရင့်နေတဲ့ ကိုအိမ်တို့ ကိုမြစ်ကျိုးအင်းတို့လို စာရေးကောင်းသူတွေ ရေးတဲ့ အငြိမ့်ကို ဖတ်ရတာ အားမရလို့ ဖိုးစိန်ရေးတဲ့ အငြိမ့်ကို ဖတ်ချင်ပါတယ်လို့ နေတိုင်းတောင်းဆိုနေတဲ့ ညီငယ်ဝသန်မိုးတို့လို အငယ်လေးတွေကလဲ ရှိတယ်မဟုတ်လား… အမှန်တော့ ကျနော် အောင်မြင်ကျော်ကြားနေမှုကို ကိုယ်တိုင်သိနေတဲ့အတွက် ပြောချင်တာမဟုတ်ပါဘူး… စာဖတ်သူတွေကို စေတနာထားတတ်တဲ့အကြောင်းကို ပြောချင်တာပါ…

မနေ့ညက ကိုအိမ်က အကြိမ်ပေါင်းမနည်း သူ့ဘလော့ကိုလာပြီး အကြွားပြိုင်ပွဲ ဝင်ဖို့ အနူးအညွတ် ပြောဆိုလာတယ်လေ… အကြွားပြိုင်ပွဲ ဝင်ဖို့ ခဏခဏ ဖိတ်ခေါ်လာတော့ ဘလော့ဂါညီအကို ချင်း အားနာတယ်ဗျာ... ကျနော် က မနက်ည အလုပ်လုပ်နေရတယ်လေ... ကိုယ်တိုင်က ခုနေတဲ့ နိုင်ငံမှာ လုပ်နေတဲ့ စားသောက်ဆိုင်မှာ ရှယ်ယာဝင်ပြီး ကိုယ်တိုင် လုပ်ကိုင်နေရသလို လုပ်ငန်းကြီးတစ်ခုကို ထူထောင်ထားသေးတယ်ဆိုတော့ကာ အကိုအိမ်လို အားအားယားယား အကြံအဖန် ပိုစ့်တင်ဖို့ အချိန်မရှိတာ အမှန်ဗျ... မိုးလင်းရင် ကော်ဖီသောက်ချိန်တောင်ရတာ မဟုတ်ဘူး ... ကျနော့်လက်မှတ်ယူဖို့ စောင့်နေကြတာဗျာ... ကျနော်လက်မှတ်ရမှ ဘဏ်ပြေးသူက ပြေး.. ငွေထုတ်သူက ထုတ်လေ.. အဲလေ.. ဒါတွေ ထားပါ… ပြောရင်ရှည်လွန်းလို့ ပြောဖို့အချိန်မရှိပါဘူးဗျာ..

အခု အကိုအိမ် တောင်းဆိုလာတာကို အားနာလို့ ပို့စ်လေးဖတ်လိုက်တော့ အကြွားပြိုင်ပွဲကို တက်ကြွစွာ ပါဝင်ဆင်နွဲဖို့ ဖိတ်ခေါ်ထားတဲ့ ပိုစ့်လေးဖြစ်နေပြန်တယ်.. ဖတ်ပြီးတော့ဗျာ... ရင်ထဲအောက်သွားတယ်… အကိုအိမ်ကိုလဲ အရမ်းသနားတယ်.. ဒီပိုစ့်လေးဖြစ်မြောက်လာဖို့ အနှစ်နှစ် အလလ အချိန်ယူပြီး ယူရို တစ်ရာကို နေ့စု ညစုနဲ့ ကိုအိမ့်ဘဝလေးကို တော်တော်လေး သနားမိတယ်ဗျာ.. ဘလော့ ညီအကိုအချင်းချင်းပဲ.. ကိုဖိုးစိန် ကျနော့်ကို ငွေလေးမစပါ ဆိုရင် ကျနော် က အချိန်မရွေးပါဗျာ.. ဟုတ်ဖူးလား.. ကဲပါလေ... ထားပါ... ဒါကလဲ အဓိက အကြောင်းအရင်းမဟုတ်သေးပါဘူးလေ…

ကျနော်ကိုကြွားခိုင်းတယ်ဆိုတော့ စဉ်းစားကြည့်ဗျာ… ကျနော် နိုင်ရင် ရမယ့်ပိုက်ဆံနဲ့ ကျနော့် ရှိတဲ့စည်းစိမ်တွေကို ကြွားရတာ မတန်ဘူးဗျာ.. ရမှာက ယူရိုတစ်ရာဗျာ.. ကျနော့် ဘိုးဘွားမိဘ လက်ထက်က အိမ်ကြီးတွေ လယ်ကြီးတွေ အောက်မြန်မာပြည် အနှံ့ ရှိတာ... မိဘ လက်ထက်ပွားမှာ မောင်နှမသုံးယောက်ရှိတော့ တစ်ယောက်တစ်လုံးကျစီ မိဘက စီမံထားပေးတာ… အလုပ်အကိုင်က အိမ်မှာဗျာ ဆယ်ဘီးကား ၉ စီးက အထက်အောက် ကုန်ကူးရင်းစီးပွားရှာနေတာ... မော်လမြိုင်က စီးပွားရေးတော်တော်များများကို ထိန်းချုပ်ထားတဲ့ ကျနော့်အဖေကဘယ်သူ ကျနော်ဘယ်သူဆိုတာ မော်လမြိုင်တခွင် .. ရန်ကုန်တခွင်..အကုန်သိနေတော့ ဒီကိုပဲ ကြွားလုံးထုတ်ရင် ကျနော်သိက္ခာ ကျရာရောက်မှာပေါ့ဗျာ.. ရမှာက ယူရိုတစ်ရာလေ..

နောက်ပြီး ရှိတဲ့ ဘဏ်တွေ သာမက နိုင်ငံခြားက ဘဏ်တော်တော်များများမှာ ပိုက်ဆံတွေ ကိုသိန်းချီပြီး အပ်ထားတာ လဲ လူသိခံလို့ မရပြန်ဘူးလေး… ဒါတွေကို ထုတ်ပြီးကြွားနေရင် ဘယ်ဖြစ်မလဲ… ကျနော်ပိုင်ဆိုင်သမျှ ငွေကြေးနဲ့နှိုင်းယှဉ်ရင် ဒီပိုက်ဆံလေးက မနက်လက်ဘက်ရည်ဖိုးတောင်မရှိဘူးဖြစ်နေတော့ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့ဆိုတာ ကျနော့်သိက္ခာ တရားအရ စဉ်းစားရမယ်...

ဒါကြောင့် အစစအရာရာ ပြည့်စုံတဲ့ လူတစ်ယောက်အနေနဲ့ ကိုအိမ့် ပြိုင်ပွဲဝင်ဖို့ စဉ်းစားရတယ်လေ… ဒါကြောင့် ကျနော်မကြွားတတ်သလို ကြွားချင်တဲ့ စိတ်မရှိကြောင်း ကိုအိမ့်ကိုဝန်ခံရင် ဒီပိုစ့်လေးကို ညီအကိုလို ခင်မင်မှုအရ ခင်ဗျားရဲ့ တောင်းဆိုမှုတွေကို လိုက်လျှော လိုက်ပါတယ်… နောက်ပြီး စာဖတ်သူတွေကိုလဲ သိစေချင်တယ်… ကျနော် မကြွားတတ်တဲ့အကြောင်းတွေ မကြွားချင်တဲ့အကြောင်းတွေ ကျနော်ဘာကြောင့် အွန်လိုင်းနဲ့ ဘလော့မှာ ပျောက်နေရတဲ့ အကြောင်းတွေကို စာဖတ်သူတွေ သိစေအောင် ရေးလိုက်တာပါပဲ…

ဒါကြောင့် ဒီပိုစ့်လေးကို ဖတ်ပြီး အကိုအိမ် နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်… နောက်ဆိုလိုတာရှိ ဖုန်းခေါ်လိုက်လေ... အကူအညီဆိုတာ ကျနော်အဖို့ အချိန်မရွေးပေးနိုင်ပါတယ်... ဒီလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်…
ကိုအိမ်ကျေနပ်အောင် တစ်ခုတော့ လုပ်ပေးနိုင်ပါတယ်… ကျနော် အရင်တုန်းက ပိုစ့်တစ်ခုကို ရေးဖူးတယ် အရမ်းပေါက်တယ်ဗျာ... အဲဒါအကိုအိမ် သိအောင်ဖတ်လိုက်ပါအုံးလေ... ကြွားတတ်တာမဟုတ်ပေမယ့် ကြွားခဲ့ဖူးတာလေးပါဗျာ... အကိုအိမ်ဖတ်ပြီး ကျေနပ်လိမ့် မယ်လို့ မျှော်လင့်မိပါတယ်… ဒီပိုစ့်လေးရေးဖူးပါတယ်..

ဒီပိုစ့်တုန်းကလဲ ထုတ်ဝေသူတွေ အငမ်းမရ လိုက်ပေမယ့် မရောင်းခဲ့ပါဘူး.. ဘလော့စာဖတ်သူတွေကို အမှတ်တရ အဖြစ် စေတနာထားလိုက်တာပါ...

အကြွားပြိုင်ပွဲ ဝင်ဖို့ဆိုတာက ကျနော်မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းလေး ကြွားသွားပါတယ်။

အခုတစ်လော ဖိုးစိန်တစ်ယောက် အလွမ်းဇာတ်တွေ ခင်းနေတယ်လို့ ပြောနေကြလို့ အကြွားဇာတ်ခင်း (အဲလေ) မှားလို့ မကြွားတတ်တဲ့အကြောင်းကို မအားလပ်တဲ့ ကြားက ရှင်းပြလိုက်ပါတယ်။

ကိုအိမ်နဲ့အတူ ကျနော်ချစ်တဲ့ ဘလော့ညီအကိုမောင်နှမတွေ တစ်ချက်ပြုံးရင် ကျေနပ်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Thursday, 17 September 2009

နှောင်ဖွဲ့မိုးတို့ ရင်ခတ်ချိန်


ကြည်လင်နေသော ကောင်းကင်တွင် ငွေ့ရည်များ ဖွဲ့တည် ပျံသန်းနေ၏။ မကြာခင် တိမ်ဆိုင်တိမ်ခဲများ ညိုမည်းလာမည်ထင်ရ၏။ ထို့ကြောင့် စိတ်များသည် ထွေပြားနေ၏ ဟု မဆီမဆိုင် ကြံဖန်တွေးမိ၏။ သို့သော် အရင်းစစ်လျှင် နှလုံးသားတည့်တည့်တွင် တစ်ခုတည်းသော စိတ်သည် တည်ငြိမ်စွာ မားမားမတ်မတ် ရပ်နေ၏။ စိတ်ကြောင့် ခံစား၍ ငိုနေရသော အချိန်များသည် ပူလောင်သလောက် အေးချမ်းမှုတစ်ခုကို ထွက်ပေါက်တစ်ခုအဖြစ် ရ၏။ ချစ်ခင်ကြင်နာမှုများ ပူလောင်နေသော်လည်း နွေးထွေးစွာ အသက်ဝင်နေ၏။ စိုးရိမ်ပူပန်မှုများနှင့်အတူ ပျော်ရွှင်မှုများက ထပ်တူကျနေ၏။ ရူးသွပ်နေသော စိတ်များသည် တစ်ဦးတစ်ယောက်အား ကြင်နာမှုများ အဖြစ် ဖန်တီးမိနေ၏။ ပတ်ဝန်းကျင်မှ ထိတွေ့မိသမျှသည် လွမ်းဆွေးကြေကွဲစရာ ကောင်းနေသော်လည်း ထိုလွမ်းဆွေးမှုများသည် အဖော်တစ်ခုအဖြစ် အနားမှာ ရှိနေပြန်၏။ အရာအားလုံးသည် ပြီးပြည့်စုံ သည်မဟုတ်သော်လည်း တစ်ခု မဟုတ် တစ်ခု လိုအပ်နေ၏။ထိုထိုသော အရာအားလုံးဖြင့် တစ်စုံတစ်ယောက်ကို ကြင်နာစွာ ချစ်မိ၏။ အပြစ်ရှိသည် မထင် သော်လည်း မှားလျှင်ခံနိုင်၏။ သို့သော် တခြားသူများမှလွဲ၍ ထိုသူ၏ ဥပေက္ခာပြုထားသွားခြင်း တစိုးတစိမျှ အလိုမရှိပြီး..။ နှောင်ဖွဲ့ခြင်းခံထားရသော မိုးတိမ်မှ မိုးရွာစ ပြုနေပြီး…….။နှောင်ဖွဲ့ထားခြင်း ခံရသော နှလုံးသားတွင်လည်း မျက်ရည်မိုးရွာနေခဲ့သည်။ ချစ်တယ်ဆိုသော တီးတိုးစကားသည် ရွာချလာသော မိုးရေစက် ပမာဏနှင့် ညီမျှ၏။ ပူလောင်ခြင်းမပါ နွေးထွေးသက်ဝင်နေဆဲ အရာအားလုံးသည် အေးချမ်းနေ၏။

သက်ဝင်နေသော စကားလုံးတိုင်းအတွက် ချစ်သောသူ ဖတ်၍ နားလည်နိုင်ပါစေ။

ခံစားချက်တူသူများ ခံစားတတ်ပါစေ။

အထူးသဖြင့်…. သိပါစေ။


အချစ်ကို အငိုနဲ့ အဆုံးသတ်ခွင့်ရချင်သော်လည်း အမုန်းများနဲ့ မဲ့ပြုံးပြုံးပြီး မပြီးဆုံးချင်ပါ။



ဖြေစရာအဖြေကား ထိုထက်ပို၍ မရှိတော့ပြီး….။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်


ခေါင်းစဉ်နှင့် ဓာတ်ပုံလှလှလေးကို စိတ်ကူးကောင်းကောင်းဖြင့်ရှာပေးသော ကိုကိုမောင်ဟန်(ကိုမိုးကုတ်သား)ကို ကျေးဇူးတင်ပါ၏။

Photo Credit to PHOTOGRAPHER Tennerka from Flickr

Thursday, 10 September 2009

မိပေါက်

ဘဝမှာ ဖြစ်ချင်တာ မဖြစ်ရ… လုပ်ချင်တာ မလုပ်ရတာ ရှေးဘဝ ကုသိုလ် ကံ အကျိုးပေးကြောင့် လို့ပြောကြတယ်… ဘဝ မကောင်းရတဲ့အထဲ မသိနားမလည်ခင် ကတည်းက စွန့်လွှတ် အနစ်နာခံတတ်တဲ့ သူတွေလဲ အများကြီး… အဲဒီအထဲမှာ ကျနော် သိတဲ့ ကောင်မလေး တစ်ယောက် ပါလိမ့်မယ်… ကလေးဆို မချစ်တတ်တဲ့ ကျနော် အဖို့ ဒီကောင်မလေးကိုတော့ သနားကြင်နာစွာ ဂရုဏာ သက်မိခဲ့တယ်.… သနားခဲ့တယ်… သံယောဇဉ်တွယ်ခဲ့တယ်…

ကောင်မလေး နာမည်က မိပေါက်… အသက်က ငါးနှစ်ဝန်းကျင်… အသားညိုညို ရုပ်ရည်အားဖြင့် ချစ်စရာကောင်းတဲ့ ကောင်မလေး မဟုတ်… သနားစရာကောင်းတဲ့ အူတူတူ ရုပ်ကလေး… အဲဒီကောင်မလေးကို စသိတာ ကျနော် တက္ကသိုလ်တက်နေတဲ့ အချိန်… အဲဒီအချိန်တုန်းက ကျနော့် ညီမလေးက ဆယ်တန်း… ကျနော့် ညီမလေးကို အနီးကပ်စာသင်ပေးတာက ကျနော့်နဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ် တူတူတက်နေတဲ့ အခန်းဖော် သူငယ်ချင်း… သူငယ်ချင်းတွေက စည်းလုံးကြတယ်ဆိုတော့ သောကြာလို ညနေကနေ တနလာင်္မနက်ထိ မြောက်ဒဂုံ (၄၂) ရက်ကွက်က သူငယ်ချင်းအိမ်မှာ ကျနော်နဲ့ ကျနော့်ညီမလေး သွားနေတယ်… ညဘက် ကျနော့်ညီမကို သူငယ်ချင်းမကြီးနဲ့ သူငယ်ချင်းက တလှည့်စာသင်နေရင်း ကျနော်တို့က ကျောင်းစာလုပ်တယ်ပေါ့ (တကယ်တော့ စကားများတာ)… ကျနော်တစ်ယောက်တည်းလဲ မဟုတ်ပြန်ဘူး… ကျနော်တို့ အတန်းထဲက သူငယ်ချင်း တစ်သိုက် ညအိပ်ညနေ သွားနေကြတယ်… ဘာမှသိပ်ပြီး မပြည့်စုံတဲ့ သူတို့အိမ်လေးမှာ ကျနော်တို့ ပျော်ကြတယ်…

ကျနော့်သူငယ်ချင်းအိမ်နဲ့ ညာဘက် မျက်စောင်းထိုး လယ်ကွက်ထဲမှာ ကျုးကျော်တဲလေးတစ်လုံးရှိတယ်… အဲဒီတဲလေးထဲမှာ မိုးတွင်းက လာပြီး အလုပ်လုပ်တဲ့ အညာက လင်မယား နေတယ်… သူတို့လင်မယားမှာ ငါးနှစ်အရွယ် သမီးလေးတစ်ယောက်နဲ့ လမ်းလျှောက်တတ်ခါစ ရှိသေးတဲ့ သားတစ်ယောက်... လယ်ထဲက မြေကွက်လပ်လေးမှာ တဲသေးသေးလေး တစ်လုံးထိုးပြီး ဖြစ်သလိုနေကြတယ်… မိုးတွင်းပြောင်းလာကြတော့ ရေမြှုပ်နေတဲ့မြေကွက်လပ်မှာ တဲကိုမြင့်မြင့်ဆောက်တယ်… ခေါင်းမိုးနဲ့ ကြမ်းပြင်နဲ့က ကောင်မလေးနဲ့ဆို တရပ်ကျော်ကျော်ပဲ ရှိပြီး လင်မယား နှစ်ယောက်က ကုန်းကုန်း ကွကွ သူတို့ အိမ်ထဲကိုဝင်ရတယ်… တံခါးမရှိ… မီးမရှိ… မိုးတွင်းမှာ လယ်ကွက်က ရေတွေနဲ့ ပြည့်နေတတ်ပြီင်္း… နွေကျတော့ ပူလောင်ခြောက်သွေ့ပြီး ပက်ကြားအက်နေတတ်တဲ့ အရိပ်မရှိတဲ့ နေရာ… ယောကျာင်္းကတနေကုန် အလုပ်လုပ်ပြီး ညနေမှ ပြန်လာသလို မိန်းမ က အိမ်တကာလှည့် အဝတ်လျှော်… မီးပူတိုက်… ညနေယောကျာ်း ပြန်မလာခင်မှ ပြန်လာ ချက်ပြုတ်စားသောက်ကြပေါ့…

ငါးနှစ်မပြည့်သေးတဲ့ မိပေါက်ကတော့ ကလေးထိန်း… အိမ်စောင့်နေရတယ်… မနက်စာ အတွက် ညကျန်တဲ့ ထမင်းကြမ်းကို စားပြီး ညနေ အမေပြန်လာတဲ့အထိ နေ့လည်စာကို ညနေစာနဲ့ ပေါင်းစားရတယ်…
ကျနော့်ညီမက ကလေးချစ်တတ်တယ်… သနားတတ်တယ်… အဲဒီကောင်မလေး မိပေါက်ကို မြင်တော့ သနားပြီးကောင်မလေးကို မုန့်ဖိုးပေးခေါ်ခေါ်ခိုင်းတယ်… သနားတယ်ဆိုပြီး တနေ့လုံး အကြောင်းမရှိ အကြောင်းရှာ ကော်ဖီမစ်ဝယ်ခိုင်းလိုက်… သကြားလုံးဝယ်ခိုင်းလိုက်နဲ့ မုန့်ဖိုးပေးတတ်တယ်… ကြာလာတော့ မိပေါက်လဲ ကျနော့်ညီမကို ခင်တွယ်ရှာတယ်… ကျနော်တို့ သူငယ်ချင်းတွေကလဲ မိပေါက်ဆိုရင် သနားကြတယ်… သောကြာနေ့ လို ညနေ ကျနော်တို့ သူငယ်ချင်းတွေ ကားနဲ့ ဝင်လာပြီးဆိုရင် သူ့မောင်လေးကို လက်တွဲပြီး လမ်းမပေါ်ကုန်းရုန်း တက်လက်ပြလိုက်… ဝေးဝေးအော်လိုက်နဲ့ ပျော်နေရှာတာ… … တနလာင်္ ကနေ သောကြာနေထိဆိုရင် သူငယ်ချင်းအမေက ပြောပြတယ်… ကားလမ်းမကို တက်တက်မျှော်တယ်တဲ့… ကားလေးတစ်စင်းဝင်လာရင် ပျော်နေတာ… ကျနော်တို့ကား မဟုတ်ရင် သူငိုင်သွားပြန်ရောတဲ့… မိပေါက် သံယောဇဉ်က မသေးဘူး..

တစ်ပတ်တစ်ခါဆို ကျနော်တို့လာတိုင်း သူ့အတွက် အဝတ်အစားနဲ့ မုန့် အမြဲပါတယ်…
စနေ တနင်္ဂနွေဆိုရင် အိမ်ရှေ့မှာ အမြဲ ရစ်သီရစ်သီနဲ့… ကျနော်တို့ အခေါ်ကိုစောင့်တယ်… ခေါ်မှသာလာတယ်… မခေါ်ရင် အဝေးကနေပဲ… တခါတလေ ညီမလေးက စာလုပ်လို့ သူ့ကို မခေါ်ရင် မမရေ… မမကော်မီမစ်သောက် မလား…. သွားဝယ်ပေးရလား… စသဖြင့် အဝေးကနေ အော်နေတတ်တယ်… ကျနော်တို့ကလဲ ထမင်းစားချိန်တိုင်း သူတို့ မောင်နှမ နှစ်ယောက်ကို ထမင်းခေါ်ကျွေးတယ်… ထမင်းစားပြီးရင် သူ့ကို မေးချင်ရာမေး တစ်ခါတစ်လေ သူငယ်ချင်းတွေက မိပေါက်ကို သီချင်းဆိုခိုင်း ကခိုင်းနဲ့ မိပေါက်လုပ်သမျှ ရယ်နေရတယ်...

ကျောင်းတွေ ဖွင့်ခါနီး အိမ်မှာ သူငယ်ချင်း အမက ကလေးတွေကို စာပြတော့ မိပေါက် တစ်ယောက် စာသင်တဲ့ အနားမှာ ထိုင်ပြီးငေးတတ်သေးတယ်… မိပေါက် အမေလုပ်သူက ကျောင်းထားပေးချင်ပေမယ့် ကျောင်းစရိတ်မတတ်နိုင်ဘူး… အဲဒါနဲ့ ကျနော့် သူငယ်ချင်းအမကို စာသင်ပေးဖို့ ပြောပေးရတယ်… ကျနော်တို့ သူငယ်ချင်းတွေကလဲ ဝိုင်းသင်ပေးကြတယ်… ဒါပေမယ့် မိပေါက် မှတ်ဥာဏ်က အဲဒီနေရာမှာ မကောင်းဘူးလားမသိဘူး… စာသင်တဲ့ သူတိုင်း သူ့ကိုလက်လန်တယ်… ကကြီးက နေ ငရောက်ရင် ကကြီးကို မရေးတတ်တော့ဘူး… တခြားနေရာမှာတော့ တော်တော်ထက်တယ်… မိပေါက်ကိုကျနော်တို့ သူငယ်ချင်းတွေက စာသင်မရတော့ အသည်းယားပြီး မိပေါက် နင်ကြီးလာရင် ဘာလုပ်မလဲမေးရင် ရိုက်ချင်စရာ…“ထမင်းချက်မယ်… အဝတ်လျှော်မယ်တဲ့” … ဘယ်အချိန်မေးမေး ဒါပဲဖြေတယ်… အမေလုပ်သူက ဒီအလုပ်တွေကို ပဲလုပ်တာကိုး… မိပေါက်ကို ညီမလေးက ထမင်းချက် အဝတ်လျှော်လုပ်ရင် ငါတို့ ဆီမလာနဲ့တော့ ပြောရင် သူက ဒါဆိုလဲ ထက်ထက်မိုးဦးလုပ်မယ်တဲ့… အဲဒီတော့ ကျနော်တို့က သူ့ကို နာမည်ပေးလိုက်တယ် ထက်ထက်ပေါက်တူးလို့… ထက်ထက်မိုးဦးကြော်ငြာမှန်သမျှ သူက ဒိုင်ခံ မမောတမ်းလုပ်ပြတာ… သူ့ကိုကြည့်တာနဲ့တင် ပျော်နေရတာ…

ပြီးတော့ ကျနော်တို့ သူငယ်ချင်းက ယောက်ျားလေးက ၅ယောက်… အဲဒီ၅ယောက်မှာ ဘယ်သူ့ကို ချစ်လဲမေးရင် ကလေးမချစ်တတ်ဘူး ပြောတဲ့ ကျနော့်ကို ရွေးချစ်တယ်… ဘာလို့လဲမေးရင် “အဲဒီဦးဦးက ဘောင်းဘီတိုတိုလေးဝတ်လို့ ချောလို့… ဟိဟိ”တဲ့ဗျာ… သူငယ်ချင်းတွေကနောက်ရော… “ဘုရားဘုရား ဗိုလ်စိန်တစ်ယောက် ကလေးအရှေ့တောင် ဘာလုပ်ပြလဲမသိဘူး… ကလေးက မျက်စိထဲကနေတောင် မထွက်ဘူး” ဆိုပြီး ခဏခဏ အစခံရတယ်… ကျနော့်တို့တွေကိုကြည့်ပြီး သူက အိမ်လာရင် ရေချိုးပြီးမှလာတယ်.. သူ့အမေကိုလဲ ပြောထားတယ်တဲ့ အဲဒီဒေါ်ဒေါ်တွေ ဦးဦးတွေက ချောကြတယ်… သမီးကိုလဲ လှတယ်ပြောတယ်… သမီးလှအောင်နေရမယ်”တဲ့…

သူ့အမေအလုပ်သွားလို့ သူတစ်ယောက်တည်း ရေချိုးပြီး သနပ်ခါးလူးခဲ့တဲ့နေ့ဆို တကယ်ကို့ မရယ်ပဲနဲ့ မနေနိုင်ဘူး… မိပေါက်မှာ မှန်မရှိတော့ သနပ်ခါးလူးပြီးလှနေတယ် ထင်ပေမယ့် မိပေါက်မျက်နှာ တစ်ခုလုံး သနပ်ခါးတွေက ထူလပိန်းနဲ့ တော်တော ကြည့်ရရုတ်ဆိုးနေတယ်… ဆံပင်တွေရော နားတွေရော… လည်ပင်းတွေ လက်တွေရော သနပ်ခါးလူးထားလိုက်တာ… သူ့ကိုမြင်ပြီး အူကိုနှိပ်ရယ်ရတဲ့ အထိ… ဘာဖြစ်ဖြစ် မိပေါက်လေးက ချစ်စရာကောင်းသလို သနားဖို့ လဲကောင်းတယ်… လူပါးနပ်တယ်… လူမှုရေးသိတယ်… အကျင့်လဲကောင်းတယ်… မလိမ်တတ် မခိုးတတ်ဘူး… ငယ်ပေမယ့်စတေကောင်းတယ်… ကလေးမချစ်တတ်တဲ့ ကျနော်အရှေ့မှာတောင် မိပေါက်က သနားအောင်နေတတ်တယ်...

တစ်ညနေ မိပေါက်အမေ ထမင်းအိုးတန်းလန်းနဲ့ ဈေးထွက်ဝယ်တယ်… ဈေးထဲရောက်တော့ ထမင်းအိုးမေ့သွားတယ်ထင်တယ်… အိမ်မှာ ကျန်ခဲ့တဲ့ မိပေါက် က ထမင်းအိုးဆူလာတော့ ထမင်းရေတွေ ဖိတ်ကျတာကို မလုပ်တတ် လုပ်တတ်နဲ့ ထင်းချောင်းတွေ သွားဆွဲထုတ်တော့ နဂိုက ဆွေးနေတဲ့ မီးဖို နံရံတွေက မီးပွားတွေကျပြီး မိပေါက်တို့ တဲလေး မီးလောင်ပါလေရော… မိပေါက်လဲ အလန့်တကြား မီးလောင်တယ်ဆိုပြီး နောက်ဖေးကနေ အိမ်အောက် ခုန်ဆင်းတယ်… ပြီးမှ မောင်လေးကျန်နေတယ်ဆိုပြီး အလောတကြီး တဲလေးထဲ ပြန်ပြေးဝင်ပြီး မောင်လေးကို မီးထဲမှာ သွားခေါ်တာ… အပြင်က လူကြီးတွေက ပွက်ပွက်ညံနေတယ်… ဘာလုပ်ရမှန်းမသိဘူး.. သူပြန်ထွက်လာတော့ သူ့မောင်လေးကို မနိုင်တနိုင် သူ့မောင်လေးခေါင်းကို ရင်ဘတ်ကိုကပ် လက်လေးကာပြီး မနိုင်တနိုင် ဆွဲထုတ်လာတယ်… အပြင်ရောက်တော့ မိပေါက် ညာဘက်တခြမ်း က မီးလောင်နေပြီး… အမှန်မိပေါက်သာ သူ့မောင်လေးကို ရင်ထဲမအပ်ရင် သူ့ မောင်မျက်နှာနဲ့ အသက်တစ်ချောင်းက မတွေးရဲစရာ…
အပြင်လဲရောက်ရော… မိပေါက်မေ့သွားပြီး… မီးလောင်လောင်ချင်း ကြောက်ပြီးခုန်ချလို့ ခြေထောက်ကျိုးသွားခဲ့ပေမယ့် မောင်နှမဇောနဲ့ မောင်လေးကို ရအောင်ဝင်ကယ်ခဲ့တဲ့ မိပေါက်…

ညာဘက်မျက်နှာနည်းနည်းနဲ့ နားရွက်မီးဟပ်ချင်ခံရပြီး ညာဘက်လက်တစ်ဖက်က အရေပြားတွေ မီးလောင်သွာတယ်… ဗယ်ဘက်ခြေထောက်ကျိုးသွားခဲ့တယ်… မီးလောင်တဲ့ မြင်ကွင်းကို ကိုယ်တိုင် မမြင်လိုက်ရပေမယ့် မိပေါက်ကို ကြည့်ပြီး သားသမီးတွေကို ဂရုမစိုက်တဲ့ မိပေါက်မိဘတွေကိုဒေါသ ဖြစ်ရသလို ကံမကောင်း ရှာတဲ့ မိပေါက်အတွက် စိတ်မကောင်းဖြစ်ရတယ်… မိပေါက်အနေနဲ့ ရုပ်ရည်အားဖြစ် မချောပေမယ့် ချစ်စရာကောင်းတဲ့ ကောင်မလေးက တစ်ယောက်ပါ… ပညာသင်ဖို့ ဥာဏ်မမှီသေးပေမယ့် သွက်သွက်လက်လက် ရှိတဲ့ ကောင်မလေးတစ်ယောက်… ခုဆို ထက်ထက်မိုးဦး မဖြစ်နိုင်တော့ဘူး… ခြေထောက်က မသန်တော့ဘူး… ညာဘက်တစ်ခြမ်းလုံး မီးလောင်လို့ ရတဲ့ဒဏ်ရာနဲ့ပေါ့… မိပေါက်အတွက် ကျနော်တို့ သူငယ်ချင်းတွေအားလုံး စိတ်မကောင်းဖြစ်ကြရတယ်… သနားကြတယ်.. သူ့ကိုကြည့်ပြီး ရင်ထဲမချိဘူး…. ငယ်ပေမယ့် မောင်နှမ စိတ်ဓာတ်နဲ့ သူ့မောင်ကို ကယ်တင်သွားတာ… သူ့မှာ ပညာသင်ဖို့ ဥာဏ်ရည်မမှီင်္ပေမယ့် သူ့မောင်ကိုကယ်တင်ဖို့အတွက် ဦးနှောက်က အလုပ်လုပ်သေးတယ်… ကလေးဆိုပေမယ့် လူပီသ စာနာတတ်တဲ့မေတ္တာစိတ် ရှိနေတယ်…

ခုဆိုရင် မိပေါက်တစ်ယောက် (၇)တန်း ကျောင်းသူဖြစ်ရမယ့် အရွယ် မနက်ဈေးမှာ လွယ်အိတ်တစ်လုံး လွယ်ပြီး စံပယ်ပန်းကုံး၊ ရွှေပန်း ငွေပန်းကုံး၊ ခရေပန်ကုံး ကို လှည့်ရောင်းနေတယ်… မောင်လေးဖြစ်သူကို ကျောင်းထားပေးချင်လို့တဲ့… … အရင်လို သနပ်ခါးတွေ မဖုံတော့ ပေမယ့် သူ့မျက်နှာလေးက ပိုပြီး သနားစရာကောင်းနေတယ်… ဘယ်အချိန်ဖြစ်ဖြစ် မိပေါက်တစ်ယောက် သောကြာလို ညနေမျိုးမှာ ကားဖြူဖြူတစင်း (၄၂)ထဲ ဖြတ်မောင်းလာရင် မောကြီး ပန်းကြီးပြေးကြည့်နေတုန်း… … ထော့ကျိုးလေးနဲ့ ကျနော်တို့ နေခဲ့တဲ့ သူငယ်ချင်းအိမ်မှာ လူစည်သံကြားရင် ကျနော်တို့များလားလို့  မယောင်မလည် လာချောင်းတုန်း… ကျနော့်ညီမလေး ကျနော့် သူငယ်ချင်းအိမ် သွားလည်ရင် မိပေါက်တစ်ယောက်အရင်လို ပျာယာခတ် လုပ်ပေးချင်နေတုန်း… ဘောင်းဘီတိုတိုဝတ်တဲ့ ဦးဦးဘိုစိန် ကိုအမြဲသတိတရ မေးနေတုန်း…

မိပေါက်လို ကလေးမျိုး ဘယ်နှစ်ယောက်တောင် ရှိနေဦးမလဲ မသိဘူး... ဘာဖြစ်ဖြစ် မိသားစု အတွက် မောင်လေးအတွက် ဘဝကိုရင်းပြီး စွန်လွှတ် အနစ်နာခံ ခဲ့တဲ့ မိပေါက်စိတ်ဓာတ်က လေးစား သနားဖို့ကောင်းတယ်… မိပေါက်မောင်လေး အရွယ်ရောက်လာရင် အမလုပ်သူရဲ့ စွန့်လွှတ်အနစ်နာခံမှုကို မြင်ပြီး အမအပေါ် ကြင်နာသနားတတ်ပါစေလို့ ဆုတောင်းပေးပါတယ်…

မိပေါက်ဘဝမှာ ကျန်းမာပျော်ရွှင်ပါစေ


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မိပေါက် အကြောင်းကို သူငယ်ချင်းတွေ ပြန်ပြောတိုင်း မျက်ရည်ဝဲရပါတယ်... မိပေါက် ဘဝက တကယ့်ကိုသနားစရာပါ...

Tuesday, 8 September 2009

ဖန်ဆင်းခဲ့သော ကံ့ကော် အလွမ်း ချစ်သူ့ပေးစာ

အိပ်ရေးမဝစွာ နိုးထလာတဲ့ မနက်ခင်းလေး က ခါတိုင်းနဲ့မတူ သာယာငြိမ်းချမ်းလို့နေတယ်… ဘာကြောင့်မှန်းမသိ ရင်ထဲမှာ လွမ်းဆွေးသလို ကြည်နူးသလို ခံစားမိတယ်… မျက်နှာသစ် ကော်ဖီဖျော်ပြီးတော့ ခြံအဝကိုသွားပြီး စာတိုက်ပုံးကို မွှေနှောက်မိတယ်… “စာပို့လိုက်တယ်နော်” ဆိုတဲ့ စကားကြရပြီးကတည်းက စာတိုက်ပုံးကို မနက်တိုင်း တဝဲလည်လည် လုပ်နေတာ နှစ်ပတ်တိတိ… ခုဖွင့်ကြည့်တော့ စာတစ်စောင်… လက်ရေးကို မြင်လိုက်တာနဲ့ ပြုံးလိုက်မိတယ်… စာလေးကို ဖွင့်လိုက်တော့ ထွက်ကြလာတဲ့ ဇွန်ပန်းခြောက်လေးတွေကို ပြန်ကောက်ရင်း ဒီစာကို ဇိမ်ယူဖတ်ဖို့ ကော်ဖီရှိရာဆီသို့… စာခေါက်လေးကို ညင်သာစွာ ဖွင့်ဖောက်လိုက်တော့…..

“ကို”


“ကို” နေကောင်းရဲ့လား…


“ကို့” ကို နေကောင်းလားလို့မေးတိုင်း ဘုကြည့် ကြည့်ပြီး လူနာတစ်ယောက်မေးတဲ့ မျက်နှာနဲ့ မမေးပါနဲ့လို့ ခတ်ဆတ်ဆတ်ပြောတတ်တဲ့ “ကို့” မျက်နှာလေးကို လွမ်းမိသွားတယ် ကို ရယ်… ကို မကြိုက်ပေမယ့် ခိုင့် ကို မကျေမနပ် စူပုတ်ပုတ်ပွစိ ပွစိလုပ်မယ့် ကို့ မျက်နှာလေးကို မြင်ချင်လို့ လွမ်းလွန်းလို့ မေးလိုက်ပါတယ်… ကို နေကောင်းပါစေ နော်….

“ကို”


ဒီနေ့မနက်(UFL) ကျောင်းဝင်းထဲကို လှမ်းဝင်တော့ ကျောင်းထိပ်က ကံ့ကော်ပင်ကြီးက ကံ့ကော်တွေ ပွင့်ပြီး မွှေးနေတာ မနာလိုစရာကောင်းလိုက်တာ ကို ရယ်… သူတို့ကို တမေ့တမော လှမ်းကြည့်မိတော့ သူတို့က ခိုင့် ကိုစတယ်… “ကောင်မလေး ငါတို့ကို မပန်တာ ငါးနှစ်ရှိနေ ပြီးနော်… ဘယ်လိုလဲ”


တဲ့… ခိုင်လဲ “ပန်းပေးမယ့်သူကို မျှော်နေရတုန်းပါရှင့်… နောက်နှစ်ကို ပန်ရတော့မှာပါ… တစ်နှစ်တော့ ထပ်စောင့်နေပေးပါ” လို့ ပြုံးပြီးပြန်ဖြေလိုက်ရပေမယ့် ခိုင့်ရင်ထဲ ငိုချင်သွားတယ် ကို ရယ်… နောက်နှစ်မှာ ခိုင် ဒီလိုစကားမျိုး ထပ်ပြောရအုံးမှာလား မသိဘူး ဆိုတဲ့ အတွေးနဲ့ပါ… ပန်းလေးတွေကလဲ ငါးနှစ်လုံးလုံး ဒီစကားပဲ ကြားရတော့ သနားသွားကြတယ်ထင်ရဲ့… ဘာဖြစ်ဖြစ် တဒင်္ဂတော့ သူတို့တွေရဲ့အနံ့တွေ ကြားမှာ မိန်းမောရင်း ကို ပေးခဲ့ဘူးတဲ့ ကံကော်ပွင့်တွေကို အိမ်ပြန်ကြည့်ချင်သွားတယ်ကိုရယ်… ကို ပေးခဲ့တဲ့ ကံ့ကော်ပွင့်တွေက ကိုးနှစ်နီးပါးရှိ ပေမယ့် ခုပွင့်နေတဲ့ ကံ့ကော်ပန်းတွေထက် မွှေးနေဆဲပါ ကို….

ဒီလိုဝမ်းနည်း သတိရစွာနဲ့ ဌာနထဲကို လှမ်းဝင်တော့ ခိုင့် နှာခေါင်းထဲကို အနံ့တစ်ခု တိုးဝင်လာတယ်လေ… ကို အရမ်းကြိုက်တဲ့ ကော်ဖီကြမ်း အနံ့... ဌာနကို လာတိုင်း ဒီကော်ဖီနံ့ရရင် မနေနိုင်လောက်အောင် ဟန်မဆောင်နိုင်လောက်အောင် တောင်းသောက်တတ်တဲ့ ကို့ ကို အရမ်းလွမ်းသွားမိတယ်… ကို့ ကိုချစ်တဲ့ ဆရာမကတောင် ကို့ ကို ကော်ဖီဖျော်တိုင်း သတိရလိုက်တာတဲ့… သူတောင် သတိရရင် ခိုင့် ရင်ထဲမှာ ကို့ ကိုလွမ်းတဲ့စိတ်တွေ ရင်ထဲ ဘယ်လောက် မွန်းကျပ်ပြည့်သိပ်နေမလဲ ဆိုတာ ကို သိနေမှာပါ… ချစ်ခြင်းဆိုတာ နီးချင်းဝေးချင်းနဲ့ မဆိုင်ပေမယ့် လွမ်းတယ်ဆိုတော့ ဝေးနေရတဲ့ ခိုင့် အတွက် အမည်မသိတဲ့ ဝေဒနာ တစ်ခုပါ ကို…

ခိုင်လဲ အတန်းချိန်နီးလို့ ဆရာမတွေကို နှုတ်ဆက်ပြီး စာသင်ဖို့ (NB) ကို လာတော့ ပန်းခြံထဲကနေ (OB) ရှေ့ကို ဖြတ်လျှောက်တယ်… ခိုင်တို့ စကားထိုင်ပြော ထမင်းစားခဲ့တဲ့ (OB) က အခုမရှိတော့ဘူးလေ… အဆောက်အဦး အသစ်ကို ထပ်ဆောက်ထားတယ်… ခိုင် တို့ရဲ့ အချစ်သင်္ကေတ (OB) လေး အရင်လို မရှိတော့ဘုးကိုရယ်… ခိုင် အရမ်းလွမ်းသွားမိတယ်… အတန်းထဲရောက်လို့ စာသင်တော့ ခိုင့် မျက်လုံးတွေက ကျောင်းသား စုံတွဲ တစ်တွဲကို အမှတ်မထင်ရောက် သွားတယ်… ခိုင် ပြုံးမိတယ်… သူတို့ ဘာလုပ်လဲ သိလား ကို… ကောင်လေးက ကောင်မလေးရဲ့ ဆံပင်လေးတွေကို သွားသွား ဆော့… ပြီးတော့ လူလစ်တယ်ထင်လို့ ခိုးနမ်း တယ်လေ… ကောင်မလေးက ကောင်လေးကို ငြိမ်ငြိမ်နေ ဆိုတဲ့ အကြည့်နဲ့ မျက်စောင်းထိုပြီး ကောင်မလေး လက်မှာ ကိုင်ထားတဲ့ ဘောပင်နဲ့ ကောင်လေး လက်ကို လှမ်းလှမ်းခြစ် နေတယ်… ခိုင်မြင်လိုက်ပေမယ့် မသိချင်ယောင် ဆောင်နေလိုက်တယ်… ကောင်မလေး ဘာတွေ ခြစ်လိုက်လဲ ဆိုတာ ခိုင် မမြင်ပေမယ့် ခိုင်ရော ကိုရော ဘာတွေခြစ်လိုက်လဲ ဆိုတာ သိနေတယ်နော်… “ကို” ကိုပြုံးနေပြီးလား… တိုက်ဆိုင်တယ်နော်… ခိုင် သူတို့ နှစ်ယောက်ကို ကြည့်ပြီး ပီတိ ဖြစ်သလို ကို့ကိုလဲ အရမ်းသတိရသွားတယ်… ကို နဲ့ခိုင် ညနေ ကျောင်းက ပြန်တိုင်း ခိုင် ခြစ်ခဲ့တဲ့ ဘောပင်ရာတွေ ရေချိုးလဲ မပျောက်ဘူးလို့ ညည်းတတ်တဲ့ ကိုမျက်နှာလေးကို လွမ်းသွားမိတယ် ကို ရယ်...

နေ့လည်ထမင်းစားဆင်းချိန် ရောက်တော့ နောက်တစ်ချိန် အတန်းမရှိတဲ့အတွက် မြင့်မြတ်နဲ့ ခိုင် မိန်းထဲက ပဒေသာမှာ ခေါက်ဆွဲကြော် သွားစားဖို့ တိုင်ပင်ဖြစ်ခဲ့တယ်… လမ်းမှာ မြင့်မြတ်ကလဲ ကို အဆင်ပြေလား… နေကောင်းလားလို့ မေးနေတယ်လေ… သတိရနေပါတယ်ဆိုမှ မြင့်မြတ်က ဇွတ်မေးနေတော့တာပဲ ကို ရယ်… ဒီလိုနဲ့ ပုဂံလမ်းကို ဖြတ်တော့ ခိုင် စိတ်တွေ မောသွားတယ်… မြင့်မြတ်က “ဟဲ့… ငါဒီလမ်း ရောက်တိုင်း နင်နဲ့ ငစိန်နဲ့ စကားများလို့ ဟိုဆွဲ ဒီဆွဲ လုပ်တာကို မှတ်မိနေတယ်… ရယ်ရတယ်နော်… နင်တို့ နှစ်ယောက်က မတွေ့ရလဲ ချစ်နေလိုက်တာ… တွေ့တော့လဲ ရန်ဖြစ်မယ် ဆိုတာချည်းပဲ… ပြီးတော့ ငါးမိနစ်တောင် မပြည့် မနေနိုင်ကြပဲနဲ့… အံ့ပါရဲ့” လို့ မြင့်မြတ်ပြောတော့ ခိုင် အားရပါးရ ပေါ့ပေါ့လေး ရယ်မိသွားတယ်… ဟုတ်တယ်နော် ကို… တွေ့လိုက်ရင် အကြောင်းရှာ စိတ်ကောက်တတ်တဲ့ခိုင် နဲ့ အစအနောက်သန်တဲ့ ကို က တကျက်ကျက်… ခုတော့ ခိုင်လဲ စိတ်ကောက်ရမယ့် သူမရှိတော့ စိတ်တောင် မကောက်တတ်တော့ဘူး ထင်ပါရဲ့နော်… ပဒေသာ ရောက်တော့ ကို ကြိုက်တဲ့ မလေးရှား ခေါက်ဆွဲကြော်နဲ့ ထောပတ်သီး ဖျော်ရည် တစ်ခွက် ပဲ မှာမိတယ်… ခိုင်က ရိုးရိုးမှာပေမယ့် ဆိုင်ကသိနေတယ်လေ… ဂျီးများလွန်းတဲ့ ကို စားနေကျ ပုံစံအတိုင်း ခိုင့်ကို ကြော်ပေးတော့ သူတို့လဲ ကို့ ကို အမှတ်တရ ရှိနေတဲ့ အတွက်ခိုင် ပီတိဖြစ်ရတယ်…

ပဒေသာ ကနေ ပြန်လာပြီးတော့ တနေကုန် ကို့ ကိုလွမ်းဆွတ်ခြင်း များစွာနဲ့ စိတ်ကို အတင်းထိန်းချုပ်ပြီး စာသင်နေခဲ့ရတယ် ကို… ဒီညနေတော့ ဘာဖြစ်ဖြစ် ကိုနဲ့ တူတူ စီးပြီးပြန်နေကျ ပါရမီကား စီးပြန်မယ်လို့ ဆုံးဖြတ်ထားမိတယ် ကိုရယ်… မြင့်မြတ်က အင်းယားမှာ ရခိုင်မုန့်တီသွားသောက်ရအောင်ပြောတော့ ခိုင် ငြင်းမိတယ်… အင်းယားရေပြင်ကို မြင်ရင် ကို က ကို နဲ့ခိုင့် နာမည်တွေလှေလေးပေါ်မှာ ရေးပြီး အင်းယားကမ်းစပ်အပြည့် လွှတ်ကစား တတ်တဲ့ ကို့ကို ခိုင် ပိုလွမ်းနေလိမ့်မယ်… ဒါကြောင့် ခိုင်တို့ ပုဂံလမ်းက နေဖြတ်ပြီး ဦးချစ်ဆိုင်ကို သွားဖို့ ဆုံးဖြတ်ကြတယ်လေ… အဲဒီကို သွားမှ ပင်းယဆောင် နောက်က ကို မေးနေကြ ကြွေဗေဒင်ကို မေးလို့ရမှာလေ… ဦးချစ်ဆိုင် ရောက်တော့ ခိုင် အသက်ရှူမေ့ မတတ် ဖြစ်သွားရတယ်.. ဖောက်ထားတဲ့ ကော်ဖီမစ်ထုပ် နှစ်ထုပ်နဲ့ အတူ ကျောပေးထိုင်နေတဲ့ အင်္ကျီ အပြာနဲ့ သူကို ကို လို့ တစ်ထစ်ချထင်သွားလို့ပဲလေ… အနောက်ကနေကြည့် တာ ကို နဲ့ တူလိုက်တာ… မြင့်မြတ်ကတောင့် တူလွန်းလို့ အံ့သြနေတာ… ခိုင် က ကို ခိုင့် ကို အသိမပေးပဲ ပြန်လာတာလို့ စိတ်ထဲက ထင်သွားရတဲ့အထိလေ… မဖြစ်နိုင်မှန်းလဲသိတော့ ခိုင်တို့ သူနဲ့ မျက်နှာချင်းဆိုင် ထိုင်လို့ရတဲ့ ခုံကို ရွေးထိုင်တယ်… ရုပ်ရေ သန့်သန့် ပြန့်ပြန့်ရှိတဲ့ ခိုင်နဲ့ မြင့်မြတ်လဲ ကို့ အမှတ်နဲ့ အလွမ်းပြေ ခိုးကြည့်ခဲ့တယ်လို့ ဝန်ခံမယ်ဆိုရင် ကို ခုလောက်ဆို မနာလိုဘူးဆိုပြီး ပွစိပွစိ အော်နေတော့မှာကို မြင်ယောင်မိပါရဲ့…

ဦးချစ်ဆိုင်ကနေထွက်ပြီး ကြွေဗေဒင်ဆီရောက်တော့ ကို့ကို ခင်တဲ့ ဗေဒင်အဒေါ်ကြီးက ကို ဘယ်တော့ပြန်လာမလဲတဲ့… ခိုင်လဲ ကို့ အတွက် ကျန်းမာရေးနဲ့ ခိုင်တို့ အချစ်ရေးကို ကြွေ ပစ်တော့ နှစ်ခါလုံး (၅)ကျတယ်… ခိုင်မာတဲ့ အချစ်ရေးမှာ ဝေးနေရအုံးမယ် ဆိုတဲ့ စာတန်းလေးနဲ့ ကျန်းမာရေး ချုချာမယ် ဆိုတဲ့ စာတန်းလေးနှစ်ခုကို ရတယ် ကို… ကို ဘာဖြစ်ဖြစ် ကြွေ ဗေဒင်ကို နိုင်ငံခြားမသွားခင် ယုံယုံ ကြည်ကြည် မေးခဲ့ဖူးတယ်မလား…. ခု ယုံကြည်တယ်ဆိုရင် ကျန်းမာရေး ဂရုစိုက်ပါနော် ကို…

ကြွေဗေဒင်မေးပြီး ကားဂိတ်ကို ထွက်အလာ ထိပ်မှာ မှာ ဦးတင်အောင် ကိုလှမ်းမြင်တော့ “ဆရာမလေး… ဆရာမလေးကြိုက်တဲ့ အသည်းနဲ့ ကောင်လေး ကြိုက်တဲ့ ကြာကြာဝါး ရှိတယ်လေ… တုတ်ထိုးကို ချိုးပြီး နောက်ပြောင်လိမ်စားတဲ့ ကောင်လေးကော နေကောင်းလား”တဲ့ … ခိုင်လဲ ပြုံးပြ ခေါင်းညိတ်ပြီး နောက်နေ့မှာ လာစားမယ်လို့ ပြောလိုက်ရတယ်လေ… ဘယ်နေရာရောက်ရောက်… ကိုချခဲ့တဲ့ ခြေရာတွေက ခိုင် အနောက်တကောက်ကောက်ပါတယ် ကို ရဲ့… ခိုင် ဘယ်ပြေး ပုန်းပုန်း ဒီပတ်ဝန်းကျင် ကနေ မလွတ်ဘူးနော် ကို… ဒါကလဲ ကို့ ကို ပိုလွမ်းစေတယ်ထင်ပါတယ်…

ညနေ(၅) နာရီင်္ခွဲ ပါရမီ ကားဝင်လာတော့ ဒီကားပေါ် ပြေးတက်မိတယ်… အရင်လို လက်ကာပြီး နေရာလုယူပေးမယ့် ကို့ကို လွမ်းသွားပြန်တယ်… ကားပေါ်ရောက်လို့ ကြောင်တောင်တောင် ရပ်နေရတဲ့ ခိုင့် ကို စပယ်ယာက “မွန်ထမီနဲ့ ဆရာမ အနောက်မှာ ထိုင်ခုံလွတ်တယ်” တဲ့… ဟုတ်ပါရဲ့ … ကို့ ကိုပြောဖို့ မေ့နေတယ်… ဒီနေ့ ကို ပေးထားတဲ့ ခရမ်းပြာရောင် မွန်ထမီ ကို “ကို” နဲ့ ရန်ဖြစ်စိတ်ကောက်လို့ ကို ပြန်ချော့တဲ့ နေ့က လှည်းတန်းဈေးက နေဝယ်ပေးတဲ့ ခရမ်းရောင် နုနုလေး ချည်သား အင်္ကျီကို ဝတ်ထားတာ ကို ရဲ့… ခိုင့် ကိုလွမ်းသွားပြီး မဟုတ်လား…. ခိုင်လဲ ဒီအကျီလေးကို ဝတ်တိုင်း ကို ပြန်ချော့တဲ့ နေ့လေးကို သတိရမိတယ်ကိုရယ်…

အိမ်ပြန်ရောက်တော့ မှောင်နေပြီး ကို… အိမ်ရှေ့မှာ ကို အရမ်းသဘောကျတဲ့ ဇွန်ပန်း ရုံ ကြီး က ဖွေးဖွေးဖြူပြီး တအိမ်လုံး မွှေးနေတယ်… ကို့ ကို သတိရမိလို့ အပွင့်လေးတွေကို ခူးလိုက်မိတယ်… အိမ်ရောက်တော့ အမေတို့က ထမင်းစားဖို့စောင့်နေတယ်… ဘာဟင်းလဲ လို့မေးလိုက်တော့ ကို မကြိုက်တဲ့ ဘဲဥဟင်းတဲ့လေ… ခိုင် ရယ်ချင်သွားတယ်… ရေချိုးပြီး အမေတို့နဲ့ ထမင်းစားရင်း ကို့ မေမေ ပြောပြဖူးတဲ့ ကိုမကြိုက်တဲ့ ဘဲဥ ရာဇဝင်ကို သတိရမိလို့ ပြုံးမိသေးတယ်… ခိုင်လဲ စားထားတာ များတော့ သိပ်မစားနိုင်ဘူးလေ… ကို့ ကို ဒီည စာရေးမယ်ဆိုတဲ့ စိတ်က ရောက်နေတော့ စောစောစီးစီး အခန်းထဲ ဝင်လာတာ….
ခု ဒီစာကိုရေးပြီးတဲ့ အချိန်က ည (၁၂)ကျော်နေပြီးကို… ခုချိန် ကို အလုပ်လုပ်နေရတယ်လို့ တွေးပြီး ကို့ ကို သနားသွားမိတယ်… ခိုင် ရေးစရာတွေ အများကြီး ရှိသေးတယ် ကို… ဒါပေမယ့် မနက်ဖြန် ခိုင် ဂျုတီ အစောကြီးဝင်ရမယ်လေ… ကံ့ကော်ပန်းတွေကို အကြာကြီး ငေးကြည့်ရင် ကို့ ကို လွမ်းနေရအုံးမှာပေါ့… ခုဒီစာနဲ့အတူ ခိုင်ခူးထားခဲ့တဲ့ ဇွန်ပွင့်လေးတွေ ပါထည့်ပေးလိုက်တယ်…

“ကို”

ကျန်းမာရေးကိုဂရုစိုက်ပါ…


အလုပ်ကို ဂရုတစိုက်လုပ်ပါ…

ခိုင်တို့ ဝေးနေပေမယ့် ကို့ကို နေတိုင်းသတိတရ လွမ်းနေပါတယ်…

မဝေးတော့ဘူးဆိုတာသိပေမယ့် မနီးသေးဘူးဆိုတာလဲ အလိုလိုသိနေပါတယ်…

ကို ပျော်ရွှင် ကျမ်းမာအောင်နေပါနော်…

ခိုင် “ကို့” ကို ချစ်တယ်နော်….

ဒီစာလေးကို ဖတ်ပြီး ကို ပြုံးမိရင် ဖြစ်ဖြစ် ကို ရယ်မိရင် ဖြစ်ဖြစ် အနည်းဆုံးတော့ ခိုင့် ကို သတိရသွားမယ် ဆိုတာ ခိုင် သိနေတဲ့ အတွက် ခိုင် ကျေနပ်နေမိတယ်…

အလွမ်းများစွာဖြင့်


ကို့ ရဲ့ခိုင်

ဒီစာလေးကို အခေါက်ခေါက် အခါခါ ဖတ်ရင်း ကြည်နူးလွတ်ဆွတ်မှု တွေနဲ့ အတူ ခိုင့်ကို သတိရနေပါတယ် ခိုင်ရယ်… ကံ့ကော်ပန်းဆိုတာ မပြောင်းလဲတဲ့ ထာဝရ အချစ်တဲ့... ကို နဲ့ခိုင် တို့ ရဲ့ ကံ့ကော် ရနံ့တွေ ထုံမွှန်းနေတဲ့ အချစ်တွေကလဲ မပြောင်းလဲပဲ ထပ်တူကျနေမယ်ဆိုတာ ….



ချစ်ခင်လေးစားရတဲ့ ချစ်မကြီးဝါ(ဝါဝါခိုင်မင်း) ရေ..... ကျေနပ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျာ....


ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Wednesday, 2 September 2009

ဒိုင်ယာရီထဲကအုတ်ဂူ



ချမ်းစိမ့်စိမ့် ရှိလှတဲ့ ဆောင်းအဝင် နှင်းအငွေ့အသက်တို့နဲ့အတူ တိတ်ဆိတ်ငြိမ်သက် နေတဲ့ဒီနေရာလေးက ငြိမ်းချမ်းလှပါသည်... ဒီနေရာကို မရောက်ဖြစ်တာ တစ်နှစ်ကျော် နီးပါးကြာသွားခဲ့ပေမယ့် အရာရာတိုင်းက မပြောင်းလဲ သေးပါ... မြင်နေရတဲ့ အရာ တစ်ခုက နေပူဒဏ်ကြောင့် ဆေးသားတွေ အရောင်မှေးမှိန်သွားတာရယ် နွမ်းချောက် ပျက်ကြွေနေတဲ့ ပန်းလေးတွေ ပန်းအိုးကနေ ဟိုတစ်စ ဒီတစ ပြန်ကျဲနေတာရယ် လွင့်ကြွေကျနေတဲ့ သစ်ရွက်ချောက်တစ်ချို့ ကနှင်းငွေ့ ရိုက်ပြီး လေနဲ့အတူ ခြောက်ကပ်ကပ် စွတ်စိုလွင့်ပျံ့ နေတာရယ်ကလွဲ လို့ ဘာမှထူးခြားမှုမရှိပါ… သေချာတာကတော့ တစ်နှစ်လုံးလုံး ဒီနေရာကို ဘယ်သူမှ မရောက်လာခဲ့ဘူးဆိုတာ သက်သေ အပြဆုံးကတော့ သံချေးစွဲ မွဲချောက်နေတဲ့ ဆီမီးခွက်လေးပါပဲ...

ဖုန်သားကိုနှင်းငွေ့ ထုနက်မှုကြောင့် ဝိုးတဝါးဖြစ်နေတဲ့ အုတ်နံရံပေါ်က ပုံလေးကို ကျွန်တော့်လက်နဲ့ ပွတ်သတ်လိုက်တော့ ကျွန်တော့်ကိုပြုံးပြနေတဲ့ အမေကြီးပုံကို ရေးရေးလေမြင်ရတယ်… နှစ်ခေါက်သုံးခေါက် လောက်ပြောင်အောင်သုတ်လိုက်တော့ အေးချမ်းမှုရှိလှတဲ့ အမေကြီးမျက်နှာ ကိုရှင်းရှင်းမြင်လိုက်ရတယ်... အမေကြီးကိုပြုံးပြရင်း ပထမဆုံးအကြိမ်အနေနဲ့ ဂရိလို “ကောင်းသော နံနက်ခင်းပါအမေကြီး” လို့နှုတ်ဆက်မိတယ်… အမေကြီးက ဂရိလို နှုတ်ဆက်သံ ကြားရင်ဝမ်းသာမှာပါ…

“ကျွန်တော်အလုပ်တွေများပြီးမလာအားတာကိုခွင့်လွှတ်ပေးပါ… မနေ့ က အမေကြီးသမီး အင်္ဂလန်ကနေ ဖုန်းဆက်မှ ဒီနေ့ အမေကြီး ဆုံးတာ (၄)နှစ်ပြည့်တယ်ဆိုတာသိရတယ်.. အမေကြီးသမီးလာလိမ့်မယ်… ဘယ်အချိန်လဲဆိုတာ ကျွန်တော်လဲမသိဘူး အမေကြီး..အခု တော့ တစ်နှစ်စာပျက်ကွက်ခဲ့တာကို အကြွေးဆပ်ပါရစေအမေကြီး”...

ကျွန်တော်စကားဝအောင်ပြောပြီးတော့ အသင့်ယူလာတဲ့ အဝတ်စုတ် နဲ့ အုတ်ဂူပေါ်မှဖုန်တွေကို သုတ်နေမိတယ်... နှင်းငွေ့ ကြောင့်ဖုန်တွေဗွက်လိုထနေ လို့ သုတ်ရတာမလွယ်လှပါဘူး..ရှင်းသွားတဲ့အုတ်ဂူပေါ်က ပန်းအိုးချောက်ရယ် ဆီမီးခွက်ရယ်ကို အမှိုက်တောင်းထဲ ထည့်လိုက်ပြီးတော့ အသင့်ယုလာသော ဆေးနဲ့ အုတ်ဂူကို ပြာလွင်လွင်အရောင်လေး သုတ်လိုက်ဖို့ ဆေးဖျော်တယ်… ဆေးသုတ်နေချိန်မှာ အတွေးတွေက ဟိုးအရင် (၄)နှစ်ကျော်ကာလဆီကို........


ဆိုက်ပရပ်စ်ကို ရောက်တာ တစ်လ နီးပါးရှိသွားပေမယ့် အခုထိ အလုပ်ဆိုတာမယ်မယ်ရရမရှိဘူး... ကျောင်းကလည်း အလုပ်ရှာပေးမယ်ပြောပေမယ့် အလုပ်လို ချင်တဲ့သူတွေက အများကြီးဆိုတော့ ကိုယ်အလှည့်က ဘယ်တော့လဲဆိုတာ မသေချာဘူး... ဒီကိုရောက်သာရောက်လာတယ် ... ပိုက်ဆံက အပိုဆို လို့ ဒေါ်လာ(၅၀)တောင် မကျန်တော့ဘူး.. ရောက်တာနဲ့ နောက်နေ့ကျ အလုပ်ရ အောင်ကျောင်းက တာဝန်ယူတယ်ဆိုတဲ့ အေးဂျင့် စကားကို အပြည့်အဝယုံမိတာရယ်… မိဘ ကို ထပ်မတောင်း အပူမကပ်ချင်တော့ တာရယ်ပေါင်းပြီး ရောက်ရင်ပြီးရော ထွက်လာလိုက်တာ အခုတော့ အခက်တွေ့ နေပြီး… တစ်ရက်နှစ်ရက်ဆို ပိုက်ဆံက လုံးဝကို သုံးစရာ မရှိတော့ မယ့်အခြေအနေ... ရှိတဲ့မြန်မာတွေကလည်းသူ့ အပူနဲ့ သူဆိုတော့ မချေးချင်.. ကြိတ်မှိတ်ပြီး အလုပ်ကိုသာ အပူတပြင်းထွက်ရှာမိတယ်... ရှိတဲ့အလုပ် ရရာအလုပ် လုပ်တော့မယ်လို့ ဆုံးဖြတ်ထားတောင်မှ.. ကျောင်းသားဆိုရင်အလုပ်လုပ်ခွင့်မရှိလို့ ခေါ်မခိုင်းရဲဘူး... ဂရိစကားမတတ်ရင် အလုပ်ရဖို့ မလွယ်ဘူးဆိုတဲ့ စကားတွေရယ်… မြို့ အနေအထားနဲ့ လူ တွေအထာကိုမနပ်သေးတာရယ်ကြောင့် ခြေတိုအောင် လမ်းလျှောက်လို့ တနေကုန် အလုပ်လိုက်မေးပေမယ့် အိမ်ကို စိတ်ပျက်လက်ပျက် မောပြီးပြန်လာတာပဲ အဖတ်တင်တယ်… စိတ်ဓာတ်တွေ အဝေစိရောက်လို့ မျက်ရေတွေကျခဲ့ရတယ်... ဒါပေမယ်နောက်နေ့ ဆိုတဲ့ စိတ်နဲ့ အတင်းအိပ်ပြီး နောက်နေ့ ခရီးတွေကို ဆက်ခဲ့တယ်..

တစ်ရက်တော့ အလုပ်လိုက်ရှာရင်းနဲ့ မျက်စိလည်ပြီး သင်းချိုင်း တစ်ခုနားကိုရောက်လာခဲ့တယ်... ကိုယ်နိုင်ငံ ကိုယ်မြို့ကလို သင်းချိုင်းမျိုးမဟုတ်ဘဲ သန့်ရှင်းသပ်ရပ်နေတော့ စိတ်ဝင်စားပြီး စပ်စုချင်တာနဲ့ သင်းချိုင်းထဲကိုဝင်မိတယ်... စီစီရီရီရှိလှတဲ့အုတ်ဂူတွေမှာ အမည်နဲ့အသက်တွေ ဓာတ်ပုံ တွေကို လျှောက်ကြည့်နေမိတယ်.. တစ်ချို့ အုတ်ဂူ က ပန်းတွေဝေနေပေမယ့် တစ်ချို့ တစ်လေကျတော့ ရှင်းလင်းပုံ ပင်မရ… ဒါပေမယ် သပ်သပ်ရပ်ရပ် တော့ရှိသေးတယ်.. ဟိုဟိုဒီဒီ လိုက်ကြည့်ရင်း တံမျက်စည်းလှည်းနေတဲ့ဂရိ အဖိုးကြီးတစ်ယောက်ကိုတွေ့ တော့ စိတ်ကူးတစ်ခုရပြီး
အရဲ စွန့် ကာ အင်္ဂလိပ်လို

“ဟဲလို ဦးလေး.. ဒီမှာ အလုပ်လေး ဘာလေးရနိုင်မလား..ကျွန်တော်အလုပ် တစ်ခုလောက်လို ချင်လို့”

ထိုဦးလေးက ကျွန်တော့်မျက်နှာကို ပြုံးပြုံးကြီးမော့ကြည့်ပြီး

“မင်းကဘာလုပ်တတ်လို့လဲ ” လို့ အင်္ဂလိပ်လို ပြန်မေးတယ်..

ကျွန်တော်လည်းသူ အင်္ဂလိပ်လို ပြောတယ်ဆိုတော့အားတက်ပြီး
ကျွန်တော်အလုပ်ရှာနေတာ ဦးလေးလို တံမျက်စည်းလှည်းတဲ့ အလုပ်ရနိုင်မလား” လို့ မေးတော့

အဘိုးကြီးက “ကောင်လေး… မင်းအလုပ်ရှာရမှာဒီနေရာမဟုတ်ဘူး..မင်းနဲ့လဲမဆိုင်ဘူး ..ဒီမှာက ဝန်ထမ်းတွေအလှည့်ကျလုပ်တာ..”

“ဖြစ်နိုင်ရင်လုပ်ပါဦးလေးရယ် တစ်ရက်ရရ တစ်နာရီရရ ကျွန်တော်လုပ်ချင်လို့ပါ”

“အေး..မင်းတကယ်လုပ်ချင်တယ်ဆိုရင် ဟိုမှာတွေ့လား အုတ်ဂူအသစ် ..ဆေးအပြာလေးသုတ်ထားတယ်... ဆုံးတာ မနေ့ တစ်နေ့က ..သူတို့က အင်္ဂလန်က... ဟိုနေ့ကတော့သမီးလုပ်သူ ကငါ့ကိုမေးဖူးတယ်… တစ်ပတ်တစ်ခါဖြစ်ဖြစ် တစ်လတစ်ခါဖြစ်ဖြစ် လာရှင်းနိုင်တဲ့သူ... မင်းကို သနားလို့ငါသူ့ ဖုန်းနံပတ်ပေးလိုက်မယ် သူ သဘောကျတော့လုပ်ပေါ့… နင့်သဘောဘဲဆိုပြီး” ဖုန်းနံပတ်ပေးပြီးထွက်သွားတယ်..

(နောက်ရက်တွေမှာအဘိုးအို ကိုလိုက်ရှာမိပေမယ့်လုံးဝကို မတွေ့ တော့ဘူး.....)

ကျွန်တော်လဲဝမ်းသာအားရနဲ့ အုတ်ဂူလေးဆီကို အပြေးသွားလို့ ကြည့်မိတယ်..
ပထမဆုံးအကြိမ် အမေကြီးမျက်နှာကို မြင်ဖူးတာ … အမေကြီး ဆုံးတော့ အသက်က (၆၃)နှစ် .. အမေကြီးရေ..အမေကြီးသမီး ကျွန်တော့်ကို ဒီအလုပ်ပေးအောင်ဆုတောင်းပေးပါ..ကျွန်တော့် သေချာရှင်းပေးပါမယ်ဗျာ..လုပ်ပါဗျာလို့ စိတ်ထဲကဆိုရင် ဖုန်းခေါ်မိတယ်..ဖုန်းစကားပြောတော့ အမေကြီးသမီး က အနည်းဆုံးနှစ်ပတ်တစ်ခါလာရှင်းပေးနိုင်ရင် လုပ်လို့ ပြောတယ်... ကျွန်တော်ဖြစ်ပျော်လိုက်တာ ..

လုပ်ရမှာကအုတ်ဂူဝန်းကျင်ကို တံမျက်စည်းလှည်းပေးရမယ်… ပန်းလဲပေးရမယ်… ဆီမီးအမွှေးထွန်းပေးရမယ်ဆိုတာပါ… လာတဲ့ရက်ကို (၂၀) ပေါင်ပေးပြီး ပန်းဖိုးနဲ့ ဆီမီးဖိုး က (၁၀)ပေါင်.. အားလုံး ပေါင်(၃၀)..ပိုပိုလိုလို ပြန်ပေးစရာမလိုတဲ့ ... (အဲဒီတုန်းက ပေါင်(၂၀) က တစ်လ စာလုံလောက်တယ် ချွေတာစားရင်... အဲဒီလိုလဲ ချွေတာခဲ့ပါတယ်)
အလုပ်ရမယ်ဆိုလို့ ဝမ်းသာပေမယ့် အိမ်ပြန်ရောက်တော့

“အင်... မိဘက ပညာသင်ဖို့ရှိသမျှ ငွေတွေ အကုန်ခံပြီးလာစေခဲ့တာ အခုတော့ သင်းချိုင်းမှာ အလုပ်လုပ်ရမယ်..သုဘရာဇာ များဖြစ်နေပြီးလားမသိဘူး အမေသိရင် ရင်ကျိုးမှာဘဲ..ငါ..မိဘသိက္ခာချသလိုများဖြစ်နေပီလား...”

“ဟေ.. နင်မလုပ်လို့ရှိရင် ဘယ်က ပိုက်ဆံရမလဲ နင်ပြန်မှာလား..ဆက်နေပြီးဘဝကိုစမှာလား...နင်ရွေးခဲ့တဲ့လမ်း နင်လျှောက်ရမယ် ..ဘာမှ လာပြီး မိဘကို ဆွဲမထည့်နေနဲ့ .. နင်အလုပ်မရှိလို့ ပြန်ရင် နင်ရလာဒ်ကဘာလဲ ... အလုပ်ဟူသမျှဂုဏ်ရှိစွကွ”

“မဟုတ်သေးပါဘူး... ရှက်စရာကြီးနော်..သင်ချိုင်းမှာလုပ်တာ..ပညာတွေသင်ထားပြီးတော့ ..တခြားလူတွေသိရင်နင့်ကို ပြောကြတော့မှာ..နင်လုပ်စရာမလိုဘူး...နင့်မှာမိဘရှိသေးတယ်”

”ဟေ့ကောင်..ရှည်ရှည်ဝေးဝေးမစဉ်းစားနဲ့ မနက်ဖြန်သွား...ခိုးစားတာမဟုတ်ဘူး..
အလုပ်လို့ သဘောထား..နင့်ဆွေမျိုးလို့ သဘောထားလုပ်..ဒါဘဲ ..နင်ဘာကောင်လဲဆိုတာ နင်ဆုံးဖြတ်ဖို့ မလိုဘူး...ဆုံးဖြတ်ရမှာက မနက်ဖြန်သွားဖို့” ဆိုတဲ့အကောင်းအဆိုးအတွေးတွေက မိုးလင်းထိပါပဲ......

နောက်ဆုံးတော့လဲ အမေကြီးဆီကိုရောက်ခဲ့ရတယ်... ဒီလိုနဲ့ လတိုင်းနှစ်တိုင်းမှာ အမေကြီးဆီကို လာဖြစ်တယ်..
မေတ္တာပို့တယ်… အမျှဝေတယ်… ကျွန်တော်ပြောချင်တဲ့ စကားတွေ လိုချင်တာတွေ တောင်းတာကိုလဲ အမေကြီးက နားထောင်ပေးတယ်နော်... လွန်ခဲ့တဲ့နှစ်ကလွဲလို့ ပေါ့..အကြောင်းက သမီးလုပ်သူက အင်္ဂလန်ကို အလုပ်နဲ့ ပြောင်းသွားတဲ့အချိန်ကစလို့ မလာဖြစ်တော့တာပါ...

စဉ်းစားနေလိုက်တာ အချိန်ဘယ်လောက်ပင် ကြာသွားသလဲ မသိ… ဆေးတွေတောင်ချောက်နေပြီး... အခုမှ အုတ်ဂူလေးက ပြာလွင်လွင်နဲ့ နေရောင်ရကာစ မနက်ခင်းအောက်မှာလှပလို့နေတယ်... အသစ်ဝယ်လာတဲ့ ဂန္ဒမာပန်းဖြူဖြူတွေကို အမေကြီး ဓာတ်ပုံနားမှာထားပြီး ပန်းနံ့ပါတဲ့ ရေမွှေးလေးကိုဖျန်းလိုက်တယ်... ကြာကြာခံတဲ့ ဂန္ဒာမာပလတ်စတစ်ပန်းဖြူဖြူတွေကိုလည်း
အုတ်ဂူရဲ့ခေါင်းရင်းမှာထားလိုက်တယ်.. ဆီမီးခွက်အသစ်လေးကိုလည်း ထွန်းလိုက်တော့ အုတ်ဂူလေးက အေးချမ်းမှုအပေါင်းနဲ့ ပြည့်စုံသွားတယ်...

အမေကြီးဆီရောက်ရင် လုပ်နေကျထုံးစံအတိုင်း မေတ္တာသုတ်ကိုရွတ်ပြီး အမေကြီးနဲ့ တကွ ရှိရှိသမျှကိုမေတ္တာပို့ အမျှဝေလိုက်တယ် ဦးသုံးကြိမ်ချပြီးထိုင်နေချိန်မှာတော့ ကျွန်တော့်နာမည်ကို အက်ကွဲကွဲ နဲ့ ငိုသံရောခေါ်လိုက်တာက အမေကြီးရဲ့ သမီး… လှည့်ကြည့်ပြုံးပြပြီးတော့ ကျွန်တော့်ကို အနမ်းနဲ့ နှုတ်ဆက်ပြီး..

“အို...ဆွိတီ... ငါလုံးဝမထင်ထားဘူး... ငါအခု လေယာဉ်ဆိုက်ဆိုက်ချင်း ဒီကိုတန်းလာတာ… လူရှာပြီးဒီနေရာလေးကို ရှင်းခိုင်းမလို့ … အခုငါ့အမေရဲ့ အုတ်ဂူကို ဒီလိုမြင်လိုက်ရတော့ ဝမ်းသာလိုက်တာ.. ဝမ်းနည်းပြီးလဲငိုချင်တယ်... ငိုလဲငိုမိတယ်...ကျေးဇူးအရမ်းတင်တယ်...”

”မဟုတ်တာ..ကျေးဇူးတင်ရမှာက ငါ..ကျေးဇူးရှင်က နင့်အမေအုတ်ဂူ… နင့်အမေအုတ်ဂူလေးက ငါ့ကိုဒီနိုင်ငံမှာ ပထမဆုံး ပိုက်ဆံပေး...အလုပ်ပေးတဲ့အုတ်ဂူလေ... နင့်အမေအုတ်ဂူကြောင့်နင်နဲ့သိပြီး နင်ပေးတဲ့အလုပ်တွေရခဲ့တယ်… ဘဝလမ်းဆိုတာကို ဟန်ချက်နဲ့ မာန်မပျက်လျှောက်နိုင်လို့ ငါဒီလိုဖြစ်လာတယ်လေ....ပြီးတော့ ငါ့ကိုနင့်ဖုန်းနံပတ် ပေးခဲ့တဲ့ဦးလေး ဒါတွေဟာ ငါ့ဘဝရဲ့ ဘယ်တော့မှမေ့လို့ မရမဲ့သူ နဲ့ နေ့ရက်တွေ”လို့ ပြန်ပြောခဲ့တယ်..

ကျွန်တော့်ရဲ့အိမ်အပြန်လမ်းမှာတော့ ဝမ်းနည်းမှုတွေ နဲ့ အတူ ကြည်နူးမှုတွေ ရောလို့ ပြုံးနေရင်းနဲ့ မျက်ရည်တွေက တသွင်သွင်... လေနုအေးလေး မျက်နှာပေါ်ဖြတ်တိုက်သွားတော့ စီးကျနေတဲ့ မျက်ရည်များက အေးမြလို့ နေလေရဲ့…..

ကျွန်တော့်ရင်ထဲ ဒိုင်ယာရီထဲ ကအုတ်ဂူလေးပါ...... မမေ့ပါဘူး.....

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်