Thursday, 16 December 2010

ဖေဖေနဲ့မေမေသို့ (အိတ်ဖွင့်ပေးစာ)

ဖေဖေနဲ့ မေမေ

သားဒီစာနဲ့ ရိုသေစွာ ကန်တော့လိုက်ပါတယ်။ ဖေဖေနဲ့ မေမေ အမြဲတမ်း ကျမ်းမာ ပျော်ရွင်စေဖို့ ဆုတောင်းပါတယ်။

မေမေ

မေမေ့ကို နေကောင်းလားလို့ မမေးတော့ဘူးဗျာ။ အသက်ကြီးလာတာနဲ့ အမျှ ကိုယ့်ကျမ်းမာရေးကို ဂရုစိုက်ဖို့ပဲ ပြောချင်ပါတယ်။ ခုကုနေတဲ့ အစာအိမ်ရောဂါကို ပျောက်ကင်းဖို့ ပိုပြီးဂရုစိုက်ပေါ့။ သားက ဆေးကုပေးနိုင်တာကလွဲပြီး ဘာမှမလုပ်ပေးနိုင်ဘူးမေမေ။ သားပြောလိုက်တဲ့ စကားတိုင်းက မေမေ့အတွက် အားဆေးဖြစ်ဖို့တော့ အမြဲရည်ရွယ်ပါတယ်။ တခါတလေ သားစဉ်းစားတယ်မေမေ။ ဒီရောဂါတွေက မေမေ့ဆီမှာပဲ လာလာဖြစ်ရလား။ ဒီလောက် လူတွေပေါများနေတာဆိုပြီးတော့ပေါ့။ ဒါပေမယ့် မေမေ့ကုသိုလ်ပေါ့ဗျာ။ ရောဂါတွေစုံအောင် ရနေပေမယ့် ခုချိန်ထိ လှလှပပ နဲ့ အသက်ရှည်ရှည်နေနိုင်တာလဲ မေမေ့ကုသိုလ်ပေါ့။ ဘာဖြစ်ဖြစ် ကျမ်းမာရေးတော့ဂရုစိုက်ပါဗျာ။ မေမေဘာဖြစ်ဖြစ် မေမေ့ကို ကောင်းအောင်ကုပေးနိုင် မယ့် ဆရာဝန်ရှိပါစေလို့ အမြဲ ဆုတောင်းပါတယ်။ ပြီးတော့ မေမေကုသမျှ ကုန်သမျှကို ပေးနိုင်တဲ့သားရှိတယ် ဆိုတာ မေမေ အမြဲ သတိသွင်းထားရင် မေမေအားရှိမှာပါ။

ဖေဖေ

အဖေက သန်ပါတယ်ဆိုပေမယ့် ညနေညနေ ဘီယာသောက်ပြီးလို့ ညအိပ်ရင် အကျီတော့ဝတ်အိပ်ပေါ့။ ဘယ်လောက်သန်မာတဲ့သူပဲ ဖြစ်ဖြစ် အခန့်မသင့်ရင် မသင့်သလို ဖြစ်တတ်တာပဲ။ သားသမီးတွေက ပိုက်ဆံ ရှာလို့တတ်နေပြီး ပူပင်စရာမလိုတော့ဘူး ဆိုပြီး နေချင်သလိုနေပေမယ့် သားသမီးတွေ အတွက် အဖေဆိုတာ အမြဲတမ်း ရွှေတောင်ကြီးပါဖေဖေ။ သားတို့မှာ မိဘ ရှိနေသေးတယ် ဆိုတာနဲ့တင် အလိုလို အားဖြစ်ရပါတယ်။ ဒီတော့ အလုပ်လျှော့လုပ်ပြီး ကျမ်းမာရေးဂရုစိုက်ပါဖေဖေ။ မေမေကိုလဲ ဂရုစိုက်ပေါ့။

သားကတော့ ခေါင်းအသဲသန်ကိုက်တာက လွဲရင် ဘာရောဂါမှ ထွေထွေထူးထူး မရှိပါဘူး။ ခုလောလောဆယ်တော့ စကာင်္ပူမှာကျောင်းတက်နေတယ်။ ကျောင်းက ပြီးသလောက် ရှိနေပြီးဆိုတော့ အလုပ်ရှာနေတဲ့အချိန်ပေါ့။ အဆင်ပြေလားမေးရင် နေရထိုင်ရ အဆင်ပြေပေမယ့် အလုပ်မရသေးတဲ့ အချိန်ဆိုတော့ စိတ်အနှောက်အယှက်တော့ ရှိတာပေါ့။ အချိန်တစ်နှစ်ရင်းခဲ့တယ်။ ဒီက ကျောင်းပြီးရင် အလုပ်ရနိုင်တယ် လို့ မျှော်လင့်ပြီး ကျောင်းတက်ခဲ့တာပဲ။ အခုအလုပ်စလျှောက်တော့ ထင်သလောက် မျှော်မှန်းထားသလောက် အဆင်မပြေဘူးလို့ပဲ ပြောရမှာပဲလေ။ အခုတော့ ဖေဖော်ဝါရီလ ထိ အချိန်နှစ်လ လောက် အလုပ်ရှာလို့ ရပါသေးတယ်။ အဲဒီအတွင်း အလုပ်ရရင် အဆင်ပြေသွားပေမယ့် အလုပ်မရခဲ့ရင်တော့ ဆိုက်ပရပ်စ်ကို ပြန်ရမှာပေါ့။ ခေါင်းကိုက်ရောဂါလေးရှိတော့ ဒီမှာ ရုံးအလုပ်လေး ရရင် အရင်လောက်ပိုက်ဆံ မရပေမယ့် အေးဆေးနေနိုင်မယ်လို့ မျှော်လင့်ပြီး ဒီမှာတနှစ် အချိန်ပေးခဲ့ပါတယ် ဖေဖေ။

သားကိုယ်တိုင်က ကံမဆိုးမပေမယ့် ကံမကောင်းတဲ့ထဲမှာပါတယ်။ သူများတွေ ရုံးတက်တဲ့အခါ ယူနီဖောင်းနဲ့ သန့်သန့်ပြန့်ပြန့်နဲ့ စားပွဲပေါ်မှာ ကွန်ပြူတာရှေ့မှာ ထိုင်ပြီး အလုပ်လုပ်ရကို အားကျခဲ့ပေမယ့် အခုချိန်ထိတော့ ဒီအလုပ်မျိုး လုပ်ဖို့ အခွင့်မရသေးဘူးပေါ့။ ရနိုင်ဖို့ရှိသေးလား လို့တောင် စိတ်မကောင်းဖြစ်မိတယ်။ ကံ ကိုယ်က ဒီအလုပ်နဲ့ အကျိုးမပေးပဲ စားသောက်ဆိုင်တို့လို၊ ဆေးသုတ်၊ ခြံရှင်းတာတွေက ပိုအကျိုးပေးသလားလို့တောင် အောက်မေ့ရပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီမှာ အလုပ်မရလို့ ဆိုက်ပရပ်စ်ကို ပြန်သွားပြီး ဒီအလုပ်တွေ ပြန်လုပ်ရလဲ စိတ်အားတော့မငယ်ပါဘူး။ သားအခြေအနေ တခုထိ ရောက်အောင် ကြိုးစားခဲ့တာပါလေ။ ကံပေါ့။ ဟိုပြန်ရောက်လို့ အလုပ်လုပ်ရရင်လဲ ပိုက်ဆံပို ရတယ်လို့ပဲ မှတ်ပါတယ်။ စကာင်္ပူမှာတော့ တနှစ် အချိန်ပေးပြီးပြီးပေါ့။ အချိန်က စကားပြောသွားပါလိမ့်မယ်။ တနည်းပြောရရင်တော့ စိတ်ထဲမှာ အစိုင်အခဲ တခုခု ဖြစ်နေတယ် ဖေဖေ။

ဒီအကြောင်းတွေကို ပြောဖို့ တသက်လုံး စိတ်မကူးပေမယ့် ဖေဖေတို့က ခဏခဏ မေးမေးနေတော့ ပြောလိုက်ရတာပဲ။ သားစိတ်ထဲမှာလဲ ရှင်းတယ်ဖေဖေ။ ဖေဖေတို့ သိထားဖို့က ဖေဖေတို့ လိုအပ်တာကို ပြော။ သားဘက်က အတတ်နိုင်ဆုံး ဖြေ့ဆည်းပေးမယ် ဆိုတာကိုပါ။ တခါတလေ ဖေဖေတို့ အားကျတတ်တဲ့ ဘယ်သူ့သားကတော့ တလကို သိန်းနှစ်ဆယ်ပို့တယ်၊ ဘယ်သူ့သမီးကတော့ ဘာဝယ်ပို့တယ် ဆိုတဲ့ သားသမီး အမျိုး အဖြစ် ဖေဖေတို့ကို ဂုဏ်ယူစေချင်ပါတယ်။ ဒါပေမယ့် ဖေဖေ..။ ကံချင်းမတူဘူး၊ဥာဏ်ချင်းမတူဘူး ဖေဖေ။ သားဘက်ကတော့ တတ်နိုင်သလောက်ဖြည့်ဆည်းပေးမယ် ဆိုတာကိုတော့ သိနေစေချင်တယ် ဖေဖေ။ အဲလိုပို့ နိုင်တဲ့သားသမီးတွေရှိသလို သားလို ခံစားနေရတဲ့သားတွေ သမီးတွေလဲ ရှိနေမှာပဲ ဆိုတာ ကိုယ်ချင်းစာမိပါတယ် ဖေဖေ။

ဘာဖြစ်ဖြစ် သားအလုပ်အတွက် စိတ်မကောင်းလဲ မဖြစ်နဲ့။ မျက်ရည်လဲမကျနဲ့။ စိတ်လဲမပူနဲ့။ သားစိတ်ထဲမှာ မွန်းကျပ်တိုင်း ငါမိဘတွေကို ငါလုပ်ကျွေးနေတာပဲ ဆိုတဲ့ စိတ်နဲ့ အားပြန်ဖြစ်ပါတယ်။ သားကိုယ်တိုင်အတွက် ထမင်းတနပ် နေဖို့စားဖို့ မပူရပါဘူး။ နေတတ်ထိုင်တတ်ပါတယ်။ အခုလုပ်နေတာလဲ ဖေဖေနဲ့ မေမေ ရှိနေသေးလို့ ဆိုတာ အမှတ်ရပေးပါ။

ညီ..

ခုချိန်ခြေထောက်က သန်မာလာပြီး ဆိုပေမယ့် မပေါ့နဲ့ပေါ့။ ညီလဲ ကုသိုလ်ကံကောင်းတာပဲ။ သေကံမရောက်ဘူး ဒုက္ခိတ မဖြစ်ခဲ့ဘူးမဟုတ်လား။ ဒါက သတိတချက်လွတ်သွားတာရယ်၊ ကံမကောင်းတဲ့ အချိန်နဲ့ ဆုံလို့ မိုးရွာနေတဲ့အချိန်ဓာတ်ကြိုးပြတ်ပြီး ခြေထောက်ကို လာမှန်တားကို။ ဘာဖြစ်ဖြစ် အခုမကောင်းတာတွေ ကျော်သွားပြီး ကောင်းတာပဲ ဖြစ်လာတော့မယ်လို့ စိတ်ထဲမှာ မှတ်ပေါ့။ ကိုကြီးထက်စာရင် ညီက ကုသိုလ်ပိုရမှာပါ။ မိဘကို ခုထိ အနားမှာပြုစုစောက်ရှောက်ခွင့် ရနေတာပဲလေ။ ညီမိန်းမကိုလဲ ချစ်ခင်ကြင်နာပါ။ တခုခုကို စိတ်ဆိုးမယ်လုပ်တိုင်း ညီနေမကောင်းတုန်း မထနိုင်တုန်းက ပြုစုခဲ့တာလေးကို သတိရပြီး ချစ်ခင်လိုက်ပါ။ ညီက လူဆိုးပေမယ့် လိမ်မာပြီးသားပါ။ တခုခုဆို အကိုကြီး ကအနောက်မှာ ရှိနေတယ်ဆိုတာ သိထားပါ။

ညီမလေးရေ… မလျှံရေ…

ကိုယ့်ကျမ်းမာရေးကိုလဲ ဂရုစိုက်ပေါ့။ ညီမလေးက မလိမ္မာပေမယ့် မဆိုးပါဘူး။ ဖေဖေနဲ့ မေမေကို လဲ စောင့်ရှောက်ပါ။ လုပ်ချင်တာကိုလဲ ဖြစ်အောင်လုပ်ပေါ့။ ကိုကြီးတို့က ဖြစ်ဖြစ် မဖြစ်ဖြစ် ပံ့ပိုးပေးနိုင်တာပဲ ရှိမယ်။ ဒါကလဲ မိသားစု တခုအတွက် အတိုင်းအတာ တခုထိ ပံ့ပိုးပေးနိုင်တာမျိုး ဖြစ်ပါစေပေါ့။ လုပ်ချင်တာကိုလုပ်ပါ။ ဖြစ်ချင်တာကိုတော့ ရအောင်ယူပါ။ ညီမလေးက ကိုကြီးစကားဆို နားထောင်တယ် ဆိုတာ ယုံပြီးသားပေါ့။

ဘာပဲ ဖြစ်ဖြစ် မိသားစုတွေ တနေ့ ပြန်ဆုံမယ်ပေါ့။ ပြန်ဆုံတဲ့အခါ happy ending လေးပဲ ဖြစ်ချင်တာပါ။ Drama တွေ၊ Fiction တွေ မလိုပါဘူး။ အခုတော့ အိမ်မပြန်တာ ခြောက်နှစ်တိတိရှိပြီး ဖြစ်တဲ့ အဝေးရောက်သားက ဒီစာနဲ့ ဖေဖေနဲ့ မေမေကို စိတ်ထဲကနေ ရိုသေစွာ ကန်တော့လိုက်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်



Tuesday, 14 December 2010

(၁၄) ဒီဇင်ဘာဆုတောင်း

၁၄ ဒီဇင်ဘာ ဆုတောင်း

ဘယ်လို အရာတွေက

ငါ့ဘဝမှာ လာရောက်ယိမ်းထိုးကခုန် နေတာလဲ…

အမြဲတမ်း မကောင်းတတ်တဲ့ ကံကြမ္မာက

ငါနဲ့မှ… တိတိပပ.. သက်ဆိုင်သတဲ့လား…

တရားသဖြင့် ကျေအေးလိုက်ရအောင်ကလဲ…

ငါက…

ပစ်ပေါက်ခံထားရတဲ့ ဓားချက်များ

အမြဲလို အသင့်ဖြစ်နေတဲ့ လက်ညှိုးများနဲ့

ဓားစာခံ သက်သက် အကောင်ပါ…။


ကိုယ်ကျင့်တရား အမှားများ

ကျနစွာစုပုံ အေးခဲသွားသောအခါ

အရော်အစားကြီးမားလွန်းသော

ဒီသံသရာ

ဒီဝဋ်ကြွေး

ဒီကံကြမ္မာ

ဒီကမ္ဘာမှာ…

မမြင်နိုင်သော အနာဂတ် နေ့ရက်များကို

ရှူရှိုက်ဖို့ မျှော်လင့်ရင်း…

သက္ကရာဇ်တွေ ဖြိုခဲ့နေတာတော့ သေချာနေခဲ့တယ်…။


ငါ… ကြေကွဲမှုတွေကို မုန်းတတ်ပါတယ်…။


အတိတ်၊ ပစ္စုပန် ၊ အနာဂတ်

ကာလသုံးပါးကို မဖတ်ရှုတတ်တဲ့…

မစ္ဆိယ များရဲ့ ခြုံခိုတိုက်ခိုက်ခြင်း ကင်းဝေးတဲ့

ကောသလမင်းကြီး အိမ်မက် မမက်ခင်ည

လေထဲမှာ မြောက်တက် ကြန့်ကြာနေတဲ့

အံစာတုန်း မြေပေါ်မကျခင်

အရှုံးနဲ့ မပတ်သက်သော အလံဖြူကိုလွှင့်

မစိုက်ထူ ချင်ခဲ့သော မျက်ရည်နှင်းဖြူတွေကြားကနေ

(၁၄) ဒီဇင်ဘာ အတွက် ပြင်ဆင်ချက် တစ်ခုခု တော့ပေးခဲ့ပါ…။

မနော်ဟရီ(မကြီး)

ဒီကဗျာက မကြီး မနော်ဟရီ ရဲ့ကဗျာနှစ်ပုဒ်ကို ပြန်ရေးထားတာပါ။


မနှစ်က အမတစ်ယောက်ရတယ်။ ဒါပေမယ့် အဲဒီအမက လူတစ်မျိုး .......
ကိုယ်ပေါင်းချင်တဲ့သူ မှပေါင်းတတ်တာ… ကိုယ်စိတ်မပါတဲ့နေရာများဆို ခြေဦးတောင်မလှည့်ဘူး… ကိုယ်တိုင်က စကားသိပ်မပြောပေမယ့် ရင်ဘတ်ချင်း တူတဲ့သူတွေနဲ့ကျ.. ဆူလို့ညံလို့.. တမေ့တမော ပြောတတ်တာ…။ ကိုယ့်စိတ်နဲ့မတွေ့လို့ကတော့ ဟန်ဆောင်ပန်ဆောင် ပြုံးပြလိုက်ဖို့တောင် ၀န်လေးတတ်သူလေ..။လူတွေများတဲ့ နေရာတွေကိုရှောင်တတ်ပြီး ..ထိုင်နေတဲ့ဝိုင်းက လူငါးယောက်လောက် ထက်ပိုလာရင် ထထွက်သွားချင်တတ်သေးတယ်။ သူတင်ကိုယ်တင် ပြောကြကြေးဆို ဝေါဟာရတွေများသလောက် ပြန်ပြောဖို့ တုံ့ဆိုင်းနေတတ်တဲ့ အတွက်… သေချာပေါက် ခံခဲ့ရပြီးသားဆိုတဲ့ထဲက…။ ဒီလိုစိတ်ဓာတ်တွေ ပိုင်ဆိုင်တဲ့အမ...

အဲလိုလူက ခုကျတော့…ခပ်တည်တည်နဲ့ လူတွေကိုအသက်ပါပါမပါပါ ရယ်ပြတတ်နေပြီ..ချွင်းချက်ကတော့ ကိုယ်တော်တော်ကြည့်မရလောက်အောင် ထော်လော်ကန့်လန့်တော့မဖြစ်ဖို့လိုတာပေါ့…။ စိတ်ထဲကပါပါမပါပါ..စကားတွေ ပြောတတ်နေပြီ… ဘယ်လိုလူဆို ဘယ်လိုစကားလောက်ပဲပြော.. ဆိုတာတွေလည်း အတော်နားလည်လာပြီ..အရင်ကဆို ဘာသာဗေဒမတူလို့ကတော့ တာ့တာ ပဲ.။

ခုဆို..ဒီလူကဖြင့် ရာသီဥတုအကြောင်းလောက်ပဲ ပြောလို့ရတဲ့သူ..ဒီလူကဖြင့်စာအကြောင်းပေအကြောင်းဆိုရင် …ဘယ်နားလောက်ထိပဲ ပြောလို့ရတယ်.. ဒီလူကဆိုဘယ်ထိပြောလို့ရတယ်..ဆိုတဲ့ဒေတာတွေလည်း သိုမှီးလေ့လာထားပြီးသား…..။ အဲဒီအချိန်မှာ..ကိုယ့်ကိုယ်ကိုပြန်မြင်နေရတာက ကိုငှက်သီချင်းထဲကလို.. ငါဟာငါမဟုတ်ဘူး..ဆိုတာမျိုးပေါ့…။ တဲ့...။


ဒီနေ့ဟာ ကိုယ်ချစ်ခင်လေးစားရတဲ့ အမတစ်ယောက်အတွက် အမြဲတမ်း အမှတ်တရ ဖြစ်နေမယ့် နေ့တနေ့ ဖြစ်တယ်။ ဒီအမဟာ ကိုယ်တွေအတွက် အမကြီး အမိရာပဲ။ အနေဝေးနေပေမယ့် စိတ်ထဲမှာ အမြဲတမ်း ရှိနေခဲ့တယ်။ ၀မ်းသာတိုင်းသတိရသလို ၀မ်းနည်းမှုရှိတိုင်းလဲ အမကို တောင့်တမိတယ်။ မျှဝေပေးချင်တယ်။ ဒီအမကို လေးစားတယ်။ ချစ်တယ်။ အမပျော်နေတာကို မြင်နေချင်တယ်။ သူ စိတ်မကောင်း၊ နေမကောင်းရင် ကိုယ်တွေကိုယ်တိုင် ရင်ဘတ်ကြီးက လေးလာသလို ခံစားရတယ်။ ဒီနေ့ က အမကြီးအတွက် အမြဲ အမှတ်တရဖြစ်နေမယ့်နေ့လေး။ ဒီနေ့လေးမှာ အမကြီး တစ်သက်လုံး စိတ်ချမ်းသာ ကိုယ်ကျမ်းမာနဲ့ သားတွေ မောင်တွေနဲ့ တူတူ တသက်လုံးပျော်ပျော်ရွင်ရွင်နေနိုင်ပါစေလို့ စိတ်ထဲ ရင်ထဲကနေဆုတောင်းပေးရင်း အဝေးကနေ ကန်တော့လိုက်ပါတယ်။


မကြီးမွေးနေ့မှာ နေကောင်းကျမ်းမာပျော်ရွင်ပါစေဗျာ။

ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Friday, 19 November 2010

မနက်ဖန်အတွက် အဆုံးဖြတ်

အခန်း(၁)

လူလ တရှုတ်ရှုတ် နဲ့ ငိုသံလိုလို ကြားလာတော့ တရေးနိုးလာခဲ့သည်။ မိုးသံတွေ ကြားမှ မသဲ မကွဲ အမေ့အသံ ခပ်အက်အက်က ကတဖက်ခန်းက နေ ကျုထရံကြားမှ လူလ အခန်းဘက်ဆီ အုပ်အုပ်ကလေး ထွက်ပေါ်နေသည်။ ခြင်ထောင်ကို အသာမပြီး နိုးစက်နာရီကို လှမ်းကြည့်လိုက်တော့ မနက် (၂)ကျော် ရှိနေပြီး။ အမေဘာလို့ငိုနေတာလဲ… အမေဘာကြောင့် ငိုနေတာလဲ။ လူလစိတ်ပူပြီး အမေအသံလာရာ ကျူထရံနားသို့ အတင်း တိုးကပ်ပြီး အသံကို နားစွင့်နေမိပြန်သည်။ မိုးက သဲကြီးမဲကြီးရွာနေသောကြောင့် မျက်နှာကျက်မပါတဲ့ သွပ် ခေါင်းမိုးဆီ အတင်း ကျဆင်းလာတဲ့ မိုးသံက လူလ အမေအသံကို တချက်ချက် ဖုံးအုပ်သွားသည်။


ဆယ်မိနစ်ခန့် ကြာတဲ့အချိန်ထိ အမေ့တို့ အခန်းဘက်မှ အမေ့ငိုသံသဲ့သဲ မှာ တပါး ဘာသံမှ မကြားရပေ။ လူလစိတ်မရှည်တော့။ အိပ်ယာမှ အပြေးထသွားပြီး အမေဘာဖြစ်တာလဲ ဟု မေးလိုက်ချင်သည်။ သိုသော် ထိုသို့မေးလျှင် အမေဘာမှမပြောပဲ လူလကိုသာ ဖက်ငိုနေမည်ကို လူလသိသောကြောင့် မရှည်သော စိတ်ကို အသာ ဆွဲဆန့်ပြီး စောင့်ဆိုင်းနေမိပြန်သည်။

လူလ ရင်ထဲမှာ အတော်ပင် ပူပန်နေပြီး။ အမေအတွက် လူလ စိတ်ပူမိသည်။ အမေဒီလောက်ငိုနေတာတောင် အဖေ အသံ တစိုးတစိမျှ မကြားရသည့် အတွက် လူလ အဖေ့ကို အပြစ်တင်မိသည်။ အမှန်တိုင်းဝန်ခံရလျှင် လူလသည် အဖေထက် အမေ့ကို ပိုချစ်သည်။ အဖေသည် လူလ လိုချင်တာများကို အမြဲတမ်းငြင်းပယ်တတ်ပြီး အမေသည်သာ လူလ လိုချင်တာများကို ဖြည့်ဆည်းပေးတတ်သည်။
ဒီနှစ်လူလ ဆယ်တန်းတက်ရမည်။ ရပ်ကွက်ထဲက တခြားအရွယ်တူတွေလို လူလ စက်ဘီးစီး ကျောင်းတက်ချင်သည်။ ကိုးတန်းမအောင်ခင် ကတည်းကပင် လူလ အဖေ့ကို နားဂျီတိုက်သော်လည်း အဖေက မတတ်နိုင်ဘူး။ မ၀ယ်ပေးနိုင်ဘူး ဆိုသည့် စကားသာ တွင်တွင်ပြောသည်။

အမေကသာ သားကိုးတန်အောင်အောင်ကြိုးစား မင့်အဖေ့ကို အမေပြောပေးပါ့မယ် ဆိုသည့် အားပေးစကားပြောရှာသည်။

လူလစိတ်ထဲတွင်လည်း အဖေသည် အဝေးရောက်နေသည့် အကိုကြီးနှင့် သူ့မြေးသားကိုသာ ချစ်သည်ဟု စိတ်ထဲတွင် ထင်မိသည်။ အကိုကြီး တလတခါလောက် မလာလျှင် အကိုကြီးအိမ်သို့ အဖေလိုက်သွားတတ်ပြီး အကိုကြီးက သူ့ကလေးနှင့် အိမ်ကိုရောက်လာလျှင် အဖေ့မျက်နှာ လမင်း အစင်းတရာ သာနေသည်ဟု လူလထင်မိသည်။ ထိုအချိန်တွင်လည်း လူလသည် အဖေ့မျက်စိတွင် လူလ ဆိုသည့် သားအထွေးဆုံး မရှိဘူးဟု လူလခံစားရသည်။ ထို့သို့သော် အကြောင်းများကြောင့် လူလသည် အဖေ့ကို မချစ်ပေ။


ယခုလဲ လူလစိတ်ထဲတွင် မကျေမနပ်ဖြစ်မိသည်။ အမေ တရှုတ်ရှုတ်ငိုနေတာတောင် အဖေ အမေ့ကို အားပေးစကားတခွန်း မပြောပေ။ အမေဘာကြောင့် ငိုသလဲ ၊ ဘာအတွက်ငိုနေလဲဟု အဖေ့ဆီမှ အသံထွက် လာတာမကြားရပေ။ နေနိုင်လွန်းသော အဖေကို အပြစ်တင်ရင် လူလ အိပ်ပျော်သွားပြန်သည်။


အခန်း(၂)

အိမ်ရှေ့မှ အ၀တ်ဖွတ်သံ တဖုန်းဖုန်းကြောင့် လူလရုတ်တရက်နိုးလာသည်။ ခြင်ထောင်လှန် နာရီကြည့်လိုက်တော့ မနက် ၇ နာရီထိုးနေပြီး။ အိပ်ချင်မူးတူးဖြင့်ထပြီး အ၀တ်လျှော်သံကြားရာ အိမ်ရှေ့သို့ လူလလှမ်းကြည့်လိုက်တော့ အမေအ၀တ်လျှော်နေသည်။ အမေ့စည်းပိုင်းထဲမှရေကို ကုန်းကုန်းပြီး လှမ်းခတ်နေတာ မြင်တော့ လူလ မနေနိုင်ပဲ ရေတွင်းနားက စည်းပိုင်းကို ရေဖြည့်ပေးလိုက်သည်။ လူလ အမေ လူလကို စကားတခွန်းမှ မပြောပဲ အ၀တ်ကိုသာ ဆက်လျှော်နေသည်။ လူလ လဲ ညက အမေဘာကြောင့်ငိုသည်ကို မေးသင့် မမေးသင့် စဉ်းစားနေရင်း…

"သား…လူ… မင့်ဖို့ အမေထမင်းကြော်ထားတယ်။ မျက်နှာသစ်ပြီး သွားစားချေ…။ နေ့လည်စာ ငါးခြောက်ကြော်ထားတယ်နော်.။ "

"ဖေဖေရော…"

"မင့်အဖေ အိပ်ယာထဲ မှိန်းနေတယ်ထင်တယ်။ အမေတို့ မင့်အကိုကြီးဆီသွားပြီး မြို့မှာဈေးဝယ်လိုက်ဦးမယ်။ အိမ်စောင့်နေခဲ့"

အမေဆီမှ ဘာသံမှမကြားရပဲ အ၀တ်ကိုသာဖိလျှော်နေသော အမေ့ကို အားနာပြီး အမေ မြို့ကနေပြန်လာမှ မေးမယ် ဟု လူလဆုံးဖြတ်ပြီး မနက်စာကို သွားစာလိုက်သည်။ ထမင်းစားပြီး ဆယ်တန်း ကျောင်းတက်ဖို့ အကိုကြီးပေးသော ပုံနှိပ်စာအုပ်အဟောင်းများကို အဖုံးတတ်နေတုန်း အမေဆီမှ လူလ… အမေတို့သွားတော့မယ် ဆိုသော အသံကြားမှ အမေ့ကို သတိထားမိသည်။ အဖေ့ကို လှမ်းကြည့်လိုက်တော့ အဖေက ခြံဝပင် ရောက်နေပြီး လက်တဖက်က ခြံစည်းရိုးကိုကိုင်ကာ တဖက်က ခါးကိုထောက်ပြီး အမေ့ကို စိတ်မရှည်သည့် ပုံစံဖြင့် ကြည့်နေသည်။
ဒီနေ့ အမေ့အသံရော မျက်နှာပါ ခါတိုင်းနေထက် ပိုမို အိုစာနေသည်ဟု ထင်မိသည်။ အဖေ့ကိုလှမ်းကြည့်ပြီး အမေ့ကိုကြည့်လိုက်တော့ အမေ့ကို တော်တော်သနားသွားသည်။ အမေဒီလောက် နေမကောင်း အားနည်းတဲ့ပုံပေါက်နေတာတောင် အဖေက အပြင်သွားဖို့ ခေါ်နေသည်။ လူလစိတ်ထဲတွင် အဖေ့ကို အပြစ်တင် မိသည်။ အမေ့ကိုသနားသည်။

အခန်း(၃)

ညနေစောင်းတဲ့ထိ အမေတို့ကို မျှော်သော်လည်း အမေတို့ ပြန်မရောက်လာသေးချေ။ လူလ အမေ့ကိုစိတ်ပူမိသည်။ ဒီည အကိုကြီးအိမ်မှာပဲ အိပ် မှာလား ဟု လူလထင်မိသည်။ အဖေသည် အကိုကြီးအိမ်ရောက်လျှင် သူ့မြေးများကို တွေ့ပြီး မပြန်ချင်ကြောင်းခဏခဏ ပြောသည်။ ဘာပဲ ဖြစ်ဖြစ် ဒီည တယောက်တည်း နေရတော့မည်ဟု လူလတွေးရင် ဆယ်တန်းစာအုပ်များကို လှန်လှောနေတုန်း အဖေတို့ ပြန်ရောက်လာသည်။ အဖေသည် အိမ်ပေါ်ရောက်သောလည်းလူလကို မနှုတ်ဆက်ပဲ အခန်းထဲကိုသာ တန်းဝင်သွားသည်။ အဖေ နောက်မှ အမေက လူလကို ခပ်ယဲ့ယဲ့ပြုံးပြပြီး သား ထမင်းစားပြီးပြီးလာဟု မေးသည်။ လူလ ခေါင်းညိတ်ပြတာကို မြင်ပြီးတာနှင့် အဖေရှိရာ အခန်းထဲသို့ ၀င်သွားသည်။

ထိုညမှစ၍ အမေ့ငိုသံသဲ့သဲ့ကို ညတိုင်းလိုလို ကြားရသည်။ အမေ ၀မ်းနည်းနေသည်ကို ကြည့်ပြီး လူလစိတ်မကောင်းဖြစ်သည်။ အမေ့ရုပ်သည်လဲ ခါတိုင်းထက် အိုစာသွားသည်။ စကားလဲ နည်းသွားသည်။ လူလအိပ်ယာနိုးလျှင် အဖေ့ကို မတွေ့တော့ပဲ အဖေ အလုပ်အစောကြီးထသွားသည်။ ညဆိုလျှင်လဲ မိုးချုပ်မှောင်မှ ပြန်လာသည်။ ညပြန်လျှင် အမေသွားသွားကြိုတာသိရသည်။

လူလအဖေသည် သဘောင်္ကျင်းငှာနတွင် ရုံးစာရေးဖြစ်သည်။ သဘောင်္များ ဆီဝင်ဆီထွက် စာရင်းများကို လုပ်ရသည်။ ထို့ကြောင့် ကိုးနာရီ ရုံးတက်ရပြီး ၅နာရီ ပုံမှန်ရုံးဆင်းသော်လည်း အခုရက်ပိုင်းတွင် အဖေအစောကြီးထပြီး ရုံးသွားကာ နောက်ကျမှ ရုံးပြန်လာတတ်သည်။ လူလကိုလဲ သိပ်စကားမပြောပေ။

အခန်း(၄)

လူလစိတ်ထဲတွင် အစိုင်အခဲ တခုဖြစ်လာသည်။ မကျေမနပ်ဖြစ်လာသည်။ အကိုကြီးအိမ်သွားပြီး အမေနဲ့ အဖေဘာဖြစ်တာလဲ မေးတော့ အကိုကြီးက မင်းသိဖို့မလိုဘူးလို့ အဖေက ပြောထားတယ်ကွ ဟုသာ တွင်တွင်ပြောသည်။ အဖေက အကိုကြီးကိုတော့ ပေးသိပြီး လူလကို ပေးမသိတဲ့အတွက် လူလ အဖေ့ကိုပိုပြီး စိတ်နာမိသည်။ ထိုကြောင့် အမေ့ကိုလဲ လူလမမေးတော့ပဲ လျှစ်လျှူရှုမိသည်။ အဖေကိုလဲ အတွေ့မခံတော့ပဲ လူလ ရှောင်မိသည်။ နောက်ပိုင်းဘာအကြောင်းမှ မရှိပဲ အဖေ့ကို မတွေ့ချင်တော့၍ တဖက်လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ကျူရှင်စရိတ်ကာမိအောင် စားပွဲထိုးလုပ်ရင်း အလုပ်မှာပဲ တောင်းအိပ်မိသည်။ အိမ်ကို အဖေမရှိတဲ့အချိန်မှ ပြန်သည်။ လူလ အဖေကို့ မျက်နှာခြင်း မဆိုင်တော့ပေ။


အခန်း(၅)

အထက်တန်းကျောင်းတွေ ဖွင့်၍ အိမ်ပြန်တော့ အိမ်ရှေ့မှာ ဖီးဆန့် စက်ဘီး အသစ်စက်စက် တစီး လူလကို စီးကြိုနေသည်။ လူလ အရမ်းပျော်သွားသည်။ လူလ လိုချင်နေသော စက်ဘီးပင်။ လူလ စက်ဘီးကို မြင်မြင်ချင်း ချက်ချင်းဆွဲထုတ်စီးမိသည်။ အိမ်ရှေ့တွင် ပတ်စီးနေမိသည်။ အရင်က သူများစက်ဘီးငှားစီနေရတာ အခုတော့ ကိုယ်ပိုင်စက်ဘီးရပြီးဟု လူလ စိတ်ကြီးဝင် ဘ၀င်ခိုက်မိသည်။ လူလအမေ့ကို အိမ်ရှေ့မှာ လှမ်းတွေ့တော့ လူလ အမေဟုအော်ပြီး ပြေးဖက်မိသည်။ အဖေ့က ပြတင်းပေါက်ကနေ ကြည့်နေသော်လည်း အဖေ့ကို မနှုတ်ဆက်ခဲ့။
အမေက ဆယ်တန်းကျောင်းတက်ရင်ဝယ်ပေးမယ်လို့ ပြောထားတာ အမေ၀ယ်ပေးတာပဲ ဖြစ်ရမယ်။ အဖေက ဒါမျိုးဝယ်ပေးမှာမဟုတ်ဘူးဟု စိတ်ထဲမှာ လူလ အဖေ့ကိုအပြစ်တင်မိသည်။

အခန်း(၆)

"လူလ… အဖေ့ကို လမ်းထိပ်က ဆေးဆိုင်မှာ ဆေးသွားဝယ်ပေးပါလား"

"မအားဘူး..အဖေ… စာလုပ်နေတယ်…"

"သား… အဖေ့ကို စက်ဘီးနင်းပြီး ဟိုဘက်လမ်းက ဆေးခန်းကိုပို့ပေးပါလား.."

"ကျနော်ကျူရှင်ချိန်နီးနေပြီး အဖေ…"

အဖေ ခဏခဏ တောင်းဆိုမှုကို လူလ အကြောင်းအမျိုးမျိုးပြ ငြင်းမိသည်။

စက်ဘီးဝယ်ခိုင်းတုန်းက အဖေက ၀ယ်ပေးဖို့ ငြင်းတယ်။ အခု စက်ဘီးရှိတော့ ဟိုခိုင်းချင် ဒီခိုင်းချင်နဲ့။ အဖေ့အတွက်ဆို လုံးဝ မလုပ်ပေးဟု လူလစိတ်ထဲက ဆုံးဖြတ်မိသည်။

နောက်ပိုင်း အဖေမခိုင်းတော့။ လူလ၀မ်းသာသည်။ အဖေ လမ်းလျှောက်သွားတာကို တွေ့တိုင်း လူလ ရင်ထဲ တမျိုးခံစားရသော်လည်း အဖေ့ လျှစ်လျှူရှုမှု့အတွက် လူလ ကျေနပ်သည်။ အမေက သား အဖေ့ကို ဒီလိုမလုပ်ရဘူး။ ဒီစက်ဘီးက မင့်အဖေ၀ယ်ပေးထားတာပြောသော်လည်း လူလလက်မခံတော့။ လူလတခုသတိထားမိတာက အဖေ အခုတလော ပိန်သွားသည်။

အခန်း(၇)

လူလကျောင်းက ပြန်ရောက်တော့ အိမ်တံခါး သော့ခတ်ထားတာကို တွေ့မိသည်။ စိတ်ထဲထင့်သွားပြီး အိမ်ဘေးနားကို မေးကြည့်သည်။ အိမ်နီးနားချင်း မည်သူမျှ သေချာမသိ။ ခါတိုင်းအမေတို့ အပြင်သွားရင်တော့ ဘေးအိမ်ကိုမှာသွားသည်။ ယခုမှာမူ တံခါးကို သော့ခတ်သွားသွားသည်။ အမေတို့ဘယ်သွားတာလဲ။ အဖေရောဘယ်မှာလဲဟု တွေးမိသည်။ အိမ်ရှေ့ကွမ်းပျစ်တွင် ခေတ္တမျှ ထိုင်နေပြီး နောက် စိတ်ကူးပေါက်ကာ အကိုကြီးရှိရာသို့ သွားဖို့ လူလစိတ်ကူးရမိသည်။ အကိုကြီးနေတဲ့ အိမ်နဲ့ ကျနော်တို့ အိမ် အလှမ်းဝေးသော်လည်း ကျနော်တို့ အတွက် ဖြတ်လမ်းရှိသည်။ ဒီဖြတ်လမ်းကို အဖေက ရှာဖွေတွေ့ရှိထားပြီး အကိုကြီးအိမ်ကို အမြဲတမ်း လမ်းလျှော်သွားနေကျဖြစ်သည်။

ဟိုစဉ်းစားဒီစဉ်းစားရင် ကားလမ်းမကြီးပေါ်ရောက်တော့ စက်ဘီးကို ခဏရပ်သည်။ ကားရှင်းမှ ဟိုဘက်လမ်းကို ကူးရမည်။ ဘေးဘီကို ၀ဲကြည့်လိုက်တော့ မလှမ်းမကမ်းက အကြော်တဲပျက်မှာ လူနှစ်ယောက်ကို သတိထားမိသည်။ စိတ်ထဲက ထစ်ကနဲ ဖြစ်ပြီး ထိုနှစ်ယောက်က တယောက်မှာ အမေနှင့်တော်တော်တူသည်ဟု လူလစိတ်ထဲတွင်ထင်မိသည်။ အမေနှင့်တူသူမှာ တခြားတယောက် ရင်ဘတ်ကို ဖိထားပေးနေသည့်ပုံစံကို တွေ့ရသည်။ လူလ သဲကွဲရအောင် ကားလမ်းမကို မဖြတ်ပဲ အကြော်တဲ ရှိရာသို့ စက်ဘီးနီးလာခဲ့သည်။
နီးလာမှ အမေနှင့်တော်တော်တူတာ တွေ့မိသည်။ လူလရင်တွေ ခုန်လာသည်။ နားထင်ကြောတွေ တင်းပြီး ခေါင်းပူလာသည်။ တွေ့လိုက်ရသည်။ အဖေ…။ အဖေဘာဖြစ်တာပါလိမ့်။ သေချာသည်။ အမေ အဖေ့ရင်ဘတ်ကို ဖိရင် ငိုနေသည်။ စကားတွေ တိုးတိုးပြောနေသည်။

"အမေ… ဘာဖြစ်တာလဲ…. အဖေဘာဖြစ်တာလဲ…."

"မင့်အဖေ အမောဖောက်တာ….ဒီလိုဖြစ်တာခဏခဏပဲ.. အခုလဲ ဆေးခန်းသွားမလို့ "ဟု ပြောရင်း ငိုရှာသည်။

ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ… ရင်ထဲတွင် ပြည့်ကျပ်ပြီး ငိုချင်လာသည်။

အဖေ့လက်ကို ယောင်းယမ်းကိုင်ထားမိပြီး ဘာမှပြောမထွက်။

တော်ကြာ အဖေ သက်သာလာပုံရသည်။

မျက်လုံးပွင့်လာသည်။ ကျနော်တို့သတိထားမိသည့် သူများ အနားသို့ရောက်လာပြီး သုံးဘီး ကားတစင်းပေါ် အဖေ့ကို တင်ပေးသည်။ အဖေဆေးရုံသို့အမေနှင့်သွားသည်။ လူလ အိမ်သို့ပြန်လာသည်။

လူလအိမ်သို့ရောက်သော်လည်း စိတ်က အဖေ့ဆီမှာ ရောက်နေပြန်သည်။ အဖေဘယ်တုန်းက နေမကောင်းဖြစ်တာလဲ။ ဘာရောဂါလဲ။ ငါဘာလို့ မသိရတာလဲဟု လူလ စိတ်ထဲတွင် ဒွိဟဖြစ်ကာ တွေးနေမိသည်။ မိုးမှောင်တော့ အမေပြန်ရောက်လာသည်။

"မင့်အဖေ သက်သာပါတယ်" ဟူသော အသံအမေ့ဆီမှ ကြားရ၍ လူလစိတ်တ၀က်ချမ်းသာသည်။ သိချင်စိတ်တားဆီးမရစွာ လူလ အမေကို မေးသည်။


မင့်အဖေ… ရင်ကျပ်ဖြစ်ပြီး အဆုပ်မကောင်းတာ ကြာပြီး…။ အဆုပ်ကင်ဆာလို့ ဆရာဝန်က ပြောတယ်။ ဆေးရုံတက်ရမယ် ပြောပေမယ့် သူဆေးရုံတက်ရင် ပိုက်ဆံတွေ ကုန်မယ်။ သားကျောင်းစရိတ်တွေ လျှော့သွားမယ် ဆိုပြီး ဆေးရုံတက်ဖို့ ငြင်းခဲ့တာ။ ဆေးမြီးတိုတွေ သောက်ပြီး သက်သာရာ သက်သာကြောင်းနေခဲ့တာ။ အခု သားဆယ်တန်းကျောင်းဖွင့်ခါနီးတော့ သူ အချိန်ပို အလုပ်တွေပိုလုပ်တယ်သား ဟု အမေငိုသံနဲ့ပြောတာကို မကြားတချက် ကြားတချက်… ရင်ထဲ ဆို့နစ်ပြီး လူလ မျက်ရည်တွေ မထွက်လာခဲ့။

"အဖေက ဘာကြောင့် လူလကို မပြောတာလဲ အမေ"

"မင့်အဖေက မင့်စိတ်ဆင်းရဲပြီး ဆယ်တန်းကျောင်းစာမလုပ်နိုင်မှာ စိုးရိမ်တာရယ်… သူဆေးရုံမတက်လဲ ဖြစ်သေးတယ်ဆိုတာရယ် ဆေးရုံတက်မယ့်ပိုက်ဆံကို လူလ ကျောင်းတက်ဖို့ စက်ဘီးဝယ်ပေးတာ… မင့်အကိုကြီးလဲ မပြေလည်ဘူး... ဒါတွေကို အမေတို့ကို မပြောဖို့ မှာထားတယ်လူလေး…"

အခုမှ အဖေ့မျက်နှာ… အမေ့မျက်နှာ ကိုလူလ မြင်ယောင်လာသည်။ အဖေ့ကိုပြေးတွေ့ချင်သည်။ အဖေ ဆေးရုံတက်မယ့် ပိုက်ဆံကို နှမြောပြီး လူလအတွက်စက်ဘီးအသစ်ကိုဝယ်ပေးသည့် အဖေ့စိတ်ကို လေးစားမိသည်။ လူလ… အဖေ့ကို သတ်နေသည့် သားနှင့်တူနေလေသည်။

"အဖေ သေမှာလား အမေ" ဟု ရင်ထဲကဖျစ်ညှစ်ပြီး အမေ့ကို မေးမိသည်။

"အမေ လူလကို အတင်းဖက်ပြီး အမေလဲ မသိဘူးသား… မင့်အဖေကံပေါ့… "ဟုသာပြောပြီး တရှုတ်ရှုတ်ငို ရှာသည်။

လူလ အဖေခိုင်းစေခဲ့တာကို ငြင်းသမျှ နောင်တရမိသည်။ ခုတော့ ဘာမှ မတတ်နိုင်တော့။ လူလ တယောက် တညလုံး ဟိုလှိမ့် ဒီလှိမ့်နှင့် မနက်မိုးလင်းဖို့သာ ဆုတောင်းမိသည်။ အဖေ့ကိုတွေ့ချင်သည်။ အဖေ့ကို စကားတွေပြောချင်သည်။ လူလအခုမှ စိတ်ပူမိသည်။ အဖေကို လူလပြောချင်တာတွေ ပြောခွင့် ရမည်လား။ လူလပြောမည့်စကားများကို လူလ အဖေ နားထောင် နိုင်မည်လားဟု စိုးရိမ်ပူပန်စိတ်များ ရုတ်ချည်း ဖြစ်ပေါ်လာသည်။


အဖေ…. လူလတို့ကို မထားခဲ့ပါနဲ့….။


အဖေ…ကို သားစကားတွေ အများကြီးပြောချင်ပါတယ်…။

အဖေ့ကို ချစ်ပါတယ်…။ ဒီစက်ဘီးကို ရောင်းပြီး အဖေ့ကို ဆေးကုမယ်။ သားအလုပ်လုပ်မယ်။ အဖေကျမ်းမာရေးကောင်းမှ သား ဆယ်တန်းစာမေးပွဲ ဖြေတော့မယ် ဖေဖေ။

အဖေသားတို့ကို မထားသွားပါနဲ့။ အဖေ့ကို ပြုစုပါရစေ။ လူလ လူးလူးလှိမ့်လှိမ့်စဉ်းစားရင် အိပ်ပျော်သွားလေသည်။


မနက်ဖန် တွင် လူလ ပြောချင်တဲ့စကားတွေကို လူလ အဖေကို ပြောနိုင်မည်လား…။

လူလ အဖေ လူလပြောချင်တဲ့စကားတွေကို နားထောင်ပေးနိုင်မှာလား။

လူလအဖေ လူလကို ခွင့်လွှတ်နိုင်မှာလား။

လူလ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မှာလားး ဆိုတာ…

မနက်ဖန် မှာ ကံကြမ္မာက အဆုံးအဖြတ်ပေးလိမ့်မယ်။။

ဟုတ်တယ်…

မနက်ဖန် တွေ အတွက်

ကံကြမ္မာက စောင့်ကြိုနေတယ်…။



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Monday, 1 November 2010

ကွဲကျသွားသော ထမင်းစားပွဲမှန်သည် ပို၍ ချွန်မြသည်.... (သို့) ခံစားချက်စစ်စစ်များ

ကွဲကျသွားသော ထမင်းစားပွဲမှန်သည် ပို၍ ချွန်မြသည်.... တဲ့..

ဒီခေါင်းစဉ်လေးကို ညီပေါက်ပေါက်(ရေတမာ)က ပေးပြီး သူကိုယ်တိုင် အစပြုခဲ့တဲ့ ခံစားချက် တခုပါ။ ခေါင်းစဉ်ကတော့ ကျနော့်ကို အများကြီး ရည်ရွယ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကျနော့်ရဲ့ မကြာခဏ ထွက်တတ်တဲ့ ဒေါသစိတ် တချို့ကြောင့် အဲဒီ ထမင်းစား စားပွဲ မှန် ကွဲကျ သွားခဲ့ရပါတယ်။ အဲဒီနေ့ကလဲ မှတ်မှတ်ရရ နေ့ပေါ့ဗျာ။ ခုထိ အမှတ်တရအနေနဲ့ ထမင်းစား စားပွဲကို မှန် ပြန်မထည့်ပဲ နောက်ထပ် စားပွဲ တလုံးကို အပေါ်ကနေ ထပ်ထည့်ပြီး မောင်နှမတွေ ထမင်းစားနေကြတုန်းပါ။

ဒီပိုစ့်လေးကို တင်ပေးတဲ့ ရည်ရွယ်ချက် ရှိပါတယ်။ အသက် (၂၀)ကျော်တဲ့ထိ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖူး မမြင်ဖူးပဲနဲ့ ဘလော့ပေါ်မှာ စာရေးရင်း ခင်မင်ရင်းနှီးရာကနေ ညီအကို မောင်နှမတွေ စိတ်ဓာတ်နဲ့ ချစ်ခင်သွားခဲ့တာကို မျှဝေပေးချင်ပါတယ်။ တခါတလေ လူတယောက်က အပြင်ပန်းခဏ ကြည့်ရုံနဲ့ ကောင်းမကောင်း တခါတည်း ဆုံးဖြတ်လို့ ရပေမယ့် တခါတလေ ကြတော့ တကယ်လက်တွေ့ ကျကျ ပေါင်းကြည့်မှ ခရီးလမ်းတခုကို တူတူလျှောက်ဖြစ် မလျှောက်ဖြစ် သိနိုင်ပါတယ်။ ခုလက်ရှိ ကျနော်တို့ ညီအကိုမောင်နှမတွေက ကိုယ့် လမ်း ကိုယ်လျှောက် နေကြတဲ့ ရည်ရွယ်ချက်ချင်း တူ တဲ့တူတွေ ဖြစ်လို့ အကောင်းအဆိုး ကိုဝေမျှပြီး နေနိုင်တယ်လို့ ထင်ပါတယ်။ ကျနော့်တို့ ညီအကိုမောင်နှမတွေ ရေးတဲ့စာကို ဖတ်ပြီးရင်တော့ စိတ်ထဲမှာ တခုခု ခံစားရမယ်လို့ ထင်ပါတယ်။

ဒုတိယ အကြောင်းအရာကတော့ ဘလော့ပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် စာမရေးဖြစ်သေးပေမယ့် ကျနော်တို့တွေ မေးလ်နဲ့ အပြန်အလှန် ပိုစ့်တွေ ရေး၊ဟာသတွေ ပြောပြီး နစ်နစ်နာနာ ကော့မန့်တွေ ပေးပြီး တနေ့တာ အပန်းဖြေကြပါတယ်။ ဒီလူတွေ အိမ်မှာ မတွေ့ရဘူးလားဆိုတော့ ညနေထမင်းစားရင် စုံနေတာပဲ။ ခု ဘလော့ပေါ်မှာ ပျောက်နေတာ ကြာတဲ့သူတွေရဲ့ အရေးအသားတွေ ကို တခါတည်း မြည်းလို့ ရအောင် တင်ပေးလိုက်ပါတယ်။




ကွဲကျသွားသော ထမင်းစားပွဲမှန်သည် ပို၍ ချွန်မြသည်....



ရေတမာ


ဒီနေ့ဆို အလုပ်ချိန် သိပ်ကြာသည်။

ကား အရမ်းရှုပ်သည်။ ရထား သိပ်နှေးသည်။

လမ်းများ ရှည်လျားသည်။ ဓါတ်လှေခါးများ နှေးလွန်းသည်။

ဖိနပ်သံ ၉ ချက်ပြည့်သည့်အချိန် အိမ်တံခါးပိတ်မည်။

“နင်မပြန်သေးဘူးလား”

“မနက်ကတည်းက ထမင်းကို မစားရသေးဘူး”

“ငါ့ကျ ဖုန်းဆက်မခေါ်ကြဘူး”

“အားဘွား” “အကိုရေ”တို့ တိတ်တိတ်လေး ဝင်ဝင်ပုန်းတတ်ကြသေးသည်။

“ကလေး ဒါလေး ဘယ်လိုလုပ်ရလဲ ပြပေးပါ့ဦး”

“တောက် ကွန်ပြူတာကလည်း”

“ယပ်တောင် ယပ်တောင်!!!!!!!!!!!!”

“မလာခဲ့ကြနဲ့၊ ဒါပဲ ချက်မှာနော်”

ချိုချိုလွင်လွင် ဂစ်တာသံတွေ ညည်းတဲ့အခါ ပင်ပန်းခြင်းများ ကွာကြတတ်သည်။

“အကြီးကောင် ရေချိုးတော့လေ”

“အကို့ ဘောင်းဘီပေးပါ့ဦး”

“လီဗျောင်ဟွန်း နဲ့တူတယ်နော် ဟိဟိ”



“ဝတ်ပြန်ပြီ ဒါကြီးကို” တို့စူစူပုပ်ပုပ်ဖြစ်ဖြစ်တဲ့အခါ အိမ်ရှေ့ရောက်၏။

“ဗိုက်ဆာနေပြီ၊ ထမင်းခူးကြတော့လေ”

“ပုဂံတွေ ရေဆေးဦး”

“သိပ်ဇီဇာကြောင်တာပဲ။ ဟင်းထည့်လေ”

“အကို့ ညီဇလုံနဲ့စားမှာနော်”

“ငါ့ဖို့ ထမင်းနည်းနည်းများများထည့်”

“ရော့”

“တခါလာလည်း ဒီဟင်းပဲ”

“သိပ်ချီးမပေါက်နဲ့ ရော့ ဟင်းထည့်၊ ဒါ စပန်းနှစ်ဟင်းချို သံဓါတ်ကောင်းတယ် ရော့ မမစား”

“ဒါက ဒါနဲ့ တွဲစားရတယ်”

“ညီ့အတွက် ကြော်ထားတာ”တို့ မနာလိုဖြစ်လျှင် မသိချင်ဟန်ဆောင်နေပါ။

“ဟန်းးးးး တံတွေးတွေ ပန်းကန်ထဲဝင်ကုန်ပြီ”

“ရေနွေးပေးပါ့ဦး၊ ထမင်းထပ်ထည့်လေ”

“မမဖို့ ဒိုးလောက် ဟမ်!!”

“ပြီးပြီလား ထားခဲ့လေ ဆေးပြီးရင် ပန်းကန်စင်ပေါ်”

“လီဗျောင်ဟွန်း မြန်မြန်စား မြေပြိုနေပြီ” အစပျိုးလျှင် တခြားကမ္ဘာ့ခြမ်း၌ နေထွက်ပါသည်။

တံတားအောက်က အိပ်ယာလူစုံလျှင် ကိုကိုအလုပ်စပြီ။ ဘုတ်အီးစူပုပ်လျှင် ကစားပွဲ စပြီ။ မြည်တွန်တောက်တီးသံကြားလျှင် အကြီးကောင် ကွန်ပြုတာပြင်ပြီ။ တောက်ခေါက်သံကြားလျှင် ဘောပွဲစပြီ။ အကိုကြီး ဟန်ရေးပြလျှင် ရုပ်ရှင်စပြီ။ ဆူဆန်စကားပြောလျှင် ကိုကိုအိပ်ပြီ။ ဂစ်တာသံကြားလျှင် နားပိတ်ထားကြပါကုန်။

“အိုက်လိုက်တာ၊ ကွမ်းတယာလောက်”

“ဟိတ်ကောင်တွေ အလယ်လမ်းမှာလာကူဦး၊ အားးးးး သေပါပြီ”

“ဟား ဟား ဟား ဟား”ဟု ရီရန် မီတာခအလုံအလောက်ရှိပါစ။

ထိုသို့ အပြောင်အပျက်ပြောလျှင် “သွားလိုက်တော့ နင်သွားလိုက်တော့”ဟု ပြန်အပြောခံရပါမည်။ သူတို့ထံတွင် မေတ္တာအလုံအလောက်ရှိကြောင်း ကွမ်းတရာညှက်ခန့် ကြာသည်အထိ နားသောတဆင်ကြကြရပေမည်။ ပြောရတာမောလျှင် ဘီယာသောက်ချင်သောက်မည်။ ဝိုင်ဖောက်လျှင် ဖောက်မည်။ ဒီအတွက် သောကမရောက်ပါနှင့်။

ညတကာတို့ ခုန်ပေါက်ပြေးလွှားပြီးလျှင် မနက်ရောက်လာပါလိမ့်မည်။ အလင်းရောင်ဖျော့ဖျော့သည် အိပ်တန်းတက်ရန် ရောက်လာသလို၊ နေမွန်းတည့်သည်လည်း ဆူဆူညံညံ တွန်တတ်သေးသည်။

“မထကြသေးဘူးလား၊ လုပ်စားမှာ ကိုင်စားမှာလား”

“ဘယ်အချိန်ရှိပြီလဲ၊ ၁၁ နာရီ အစောကြီး ရှိသေးတယ်”

“ထမင်းကြော်ထားတယ်၊ ကော်ပြန့်ရှိတယ်၊ အေး မကျန်ရင် စိတ်မကောက်နဲ့နော်၊ မြန်မြန်လာစား”

“မုန့်ဟင်းခါးလေးစားချင်လိုက်တာ”

“နောက်နေ့လုပ်ပေးမယ်၊ ထမင်းကြော်ကလည်း”

“ချီးပေါက်ပြန်ပြီ” “ဘုရားအရင်မကပ်ဘူး ကိုယ့်ဗိုက်ထဲပဲ ထည့်နေ”

သြကာသ....သြကာသ......သြကာသ...................


ဤအရာ၌ နာမဝိသေသနအများအပြားရှိသည်။ ပျော်ရွင်ခြင်း၊ ကြည်နှုးခြင်း၊ အံသြခြင်း၊ ဝမ်းသာခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်လေခြင်းများ ပါဝင်သည်။ ထို့အတူ မျက်ရည်၊ မေတ္တာ၊ လူသားဆန်မှု၊ အလုပ်၊ တာဝန် တကျောင်းတဂါထာ ဖွဲ့တည်သည်။ ဘဏ်စာရွက်သည် မျက်ရည်တို့ကို ဖြစ်ပေါ်စေသလို၊ မီးတပွင့်သည်လည်း မျက်ရည်တို့ကို ဖြစ်ပေါ်စေသည်။ မေတ္တာနှင့်ယှဉ်သော မစ္ဆရိယစိတ်ရှိသလို ဂရုဏာနှင့် ယှဉ်သော ဒေါသရှိတတ်ပြန်သည်။ ဒုတိယဘုရားသခင် ဝင်မရှုပ်လျှင် ကောင်းသော်လည်း၊ ခဏခဏ ဝင်ဝင်ရှုပ်လျှင် မကောင်း။ ကြာလေရိုးလေ ဖြစ်လျှင် ကြာရိုးစွပ်ပြုတ်သောက်သည်က ကောင်းမည်ထင်သည်။ လိုအင်မပြည့်ဝခြင်းအတွက် မလိုအပ်ခြင်းများ ပြည့်ဝလာမလား။

ဖိုးစိန်

ဒီနေ့ဆို ကျောင်းက ပြန်လာတာ နောက်ကျသည်။ ခေါင်းက ကိုက်သည်။ ကျောင်းတွင် အဆင်မပြေ ဖြစ်သည်။ အဆင်မပြေသည်မှာ ကိုယ်ဘာသာ ကိုယ် အဆင်မပြေချင်းသာ ဖြစ်သည်။ ကျောင်းခန်းတွင်းရသော အနံ့အသက်များသည် ကိုယ့်ကို ဒေါသဖြစ်စေသည်။ အာရုံထဲကို တန်းကနဲ တန်းဝင်လာသည်။ ကိုယ် မခံစားနိုင်သော အနံ့အသက်များကြောင့် ကိုယ် မြင်သမျှ အရာအားလုံးသည် ဒေါသကို ဖြစ်စေသည်။

ဒေါသသည် အတန်းတွင်းသို့ ကူးစက်သည်။ အတန်းတွင် အမှိုက်များ ပွနေသည်။ နေ့တိုင်း သန့်ရှင်းရေး မလုပ်သည့် စာသင်ခန်းကို ကြည့်ရသည်မှာ အကြော်သည် မီးဖိုနှင့် တူနေလေသည်။ မှန်များသည် သည်လဲ ပြောင်လက်တောက်ပမှု မရှိသလို ကိုယ့်အမြင်များလည်း မကြည်တော့။

ကွန်ပြူတာရှေ့ထိုင်ပြီး အခန်းသန့်ရှင်းရေးလုပ်ဖို့ စာရွက်တွေ အများကြီး ထုတ်မိသည်။ အခန်းပြင်မှာကပ်သည်။ အခန်းတွင်းမှာ ကပ်သည်။ ရီစက်ရှင်တွင်ပေးသည်။ ဘာမှန်းမသိဒေါသထွက်သည်။ စိတ်သည် အိမ်ပြန်ချင်သည်ကိုသာ သိနေသည်။ ဆရာမဝင်လာပြီး ဖြေရှင်းပေးသည်။ ချိုချိုသာသာနှင့် ကြောက်လန့်တကြား ပြောနေရှာသော ဆရာမကိုပင် ရန်လုပ်သေးသည်။ ကိုယ့်အပြစ်မဟုတ်။ ကိုယ်မှန်တာလုပ်သည်ဟု ခံစားရသည်။ သို့သော် ကိုယ့် ဒေါသ ပိုလျှင် အပြစ်ဖြစ်စေသည်။

အချိန်ကို ကြည့်သည်။ အချိန်တန်လျှင် ကားပေါ်မှာ ငိုက်ရဖို့အတွက်ပျော်သည်။ အိမ်ပြန်ရမည်ကို ပျော်သည်။ အိမ်ရောက်လျှင် အိပ်မည်ဟု အားတင်ထားသည်။ ခေါင်းကို ခဏ အနားပေးမည်ဟု စိတ်ကူးနှင့်ရူးလာသည်။ အိမ်ရောက်တော့ နေစောင်းနေပြီး။

အဝတ်အစားလဲပြီး အခန်းတံခါးကိုပိတ် ကျိတ်မှိတ်အိပ်ဖို့ကြံစည်သည်။ ၁၅ မိနစ် ၊ မိနစ်(၂၀)........ လူးလဲထသည်။ ကျောင်းစာတွေ ခေါင်းထဲရောက်သည်။ အလုပ်အကြောင်းခေါင်းထဲ ရောက်သည်။ စိုးရိမ်မှုတွေ ခေါင်းထဲရောက်သည်။ အိမ်အကြောင်းခေါင်းထဲရောက်သည်။ ကွန်ပြူတာဖွင့် စာလုပ်မိသည်။ နာရီကိုကြည့်သည်။ သည်အချိန် ဘယ်သူအလုပ်ဆင်းလောက်ပြီး။ သည်နေ့ ဘယ်သူလာလောက်သည်။

စာဆက်လုပ်သည်။ စိတ်ကဟင်းချက်နေပြီး။ ဒွိဟက ဖြစ်သေးသည်။ ဒီနေ့ ဘယ်သူမှ မလာလောက်ဘူး။ မချက်တော့ဘူး။ နားလိုက်တော့မယ်။ ဟင်.... ငါမချက်ထားရင် သူတို့လာရင် မစားရတော့ပဲနေမှာ...။ ငါဖုန်းဆက်မေးရင်လဲ သူတို့ငါ့ကိုအားနာကျတော့မယ်။ မဖြစ်ပါဘူး။ ကုန်းရုန်းထ။ အာရုံထဲပေါ်တဲ့ဟင်းကို ချက်သည်။ သူတို့ ကို စားစေချင်သည်။ သူတို့ကိုလာစေချင်သည်။

ကိုယ့်ကို ဂရုစိုက် ကြင်နာလွန်းတဲ့ အကိုကြီးကိုမျှော်သည်။ အချိန်တန် အိမ်ပြန်မရောက်သေးလျင် အလိုလိုနေရင်းဒေါသထွက်နေပြီး။ သူ့ကို ထမင်းစားစောင့်နေရတာ။ ဗိုက်ကဆာနေပြီး။

အဝေးကနေ လာပြီး ကိုယ်အော်ငေါက်တာကိုလာ ခံတဲ့ ညီကို မျှော်သည်။ နေကောင်းသလား။ ခေါင်းကိုက်သလား။ ဖုန်းမခေါ်ချင်။ လူကိုသာမြင်ချင်သည်။

ကိုယ့် ကို သတိတရ မုန့်ဝယ်ဝယ်လာတဲ့ ညီမကို မျှော်သည်။ သူဘယ်များသဝေထိုးနေသလဲ။ ထမင်းရောမှန်မှန်စားသလား။ gym ပဲသွားနေသလား။ ပိုက်ဆံတွေ ပိုကုန်နေပြီးလား။

ကိုယ့်အိမ်မှာ တတွတ်တွတ်နဲ့ တအိမ်လုံးညံအောင် ချီးပေါက်တတ်သော ညီကို မျှော်သည်။ တပတ်တခါ ပုံမှန်ရောက်ပေမယ့် နေ့တိုင်းမျှော်မိသည်။ သူရှိလျှင် အိမ်စည်သည်။ ပျော်ကြသည်။

အချစ်တွက် တယောက်တည်း ကျိတ်ခံစားနေတဲ့ အကိုကြီးကိုလဲ အမြဲမျှော်သည်။

တနလာင်္နေ့မှသောကြာနေထိ မန်နေဂျာ အုပ်ချုပ်မှု အောက်ရောက်ပြီး စနေတနင်္ဂနွေတွင် မိန်းမ အုပ်ချုပ်မှုအောက် ရောက်နေတတ်သော ကလေးအဖေကို မျှော်သည်။ သူလာရင် ထိန်းချုပ်ထားသမျှ အိမ်မှာ ပွင့်အံ ထွက်သဖြင့် ပြောသမျှ ရယ်ရသည်။ သူလဲ မိန်းမနှင့် စိတ်ကောက်လျှင် အိမ်ရောက်လာတတ်သည်။ ကျနော်တို့ အဖို့ နေတိုင်း စိတ်ကောက်ဖို့ အတွက် ဆုတောင်းရမလိုပင်။

ကိုယ့်နဲ့ အနီးကပ်ဆုံး တူတူနေနေတဲ့ ထမင်း အမြဲမစားရဘူး ညည်းတဲ့ ညီကိုမျှော်သည်။ ဘယ်မှာ ဘာစားပြီး ဘယ်လိုအိပ်နေမလဲ အမြဲ ပူနေမိသည်။

ကိုယ့် ဆီကို တိတ်တိတ် ဆိတ်ဆိတ် ရောက်လာတတ်သည့် ညီကိုလဲ မျှော်မိသည်။ စကားနည်းပေမယ့် ကိုးရီးယားမင်းသားနဲ့ တူတာကို ထပ်တလဲလဲ ပြောသည့် ပျင်းလျှင်အိမ်ရောက်လာသည့် ညီကို မျှော်သည်။ ခုတော့ အိမ်ပေါ် အပြီးရောက်နေပြီး။

ကိုယ့် အချစ်ဆုံးတဲ့( အားလုံးက မသိမသာ သိသိသာသာဝိုင်းပြောကြတာ.. ကျေနပ်၍မဟုတ်)။ အပလီဆုံး ညီ ကိုထပ်မျှော်သည်။ လာရင် အကိုဘာဟင်း ချက်ချက် ကောင်းတယ်ပြောပြီး ထမင်းစားမည်။ ပလီမည်။ သူအိမ်ရောက်လာလျှင် ဝိုင်းစမည်။ ဝိုင်းကောင်းမည်။ အလှူပေး၍ သထေးဖြစ်မည့်သူထဲတွင် သူပါသည်။

သာလိကာ ညီမတစ်ယောက်ရှိသည်။ မမျှော်လျှင်ပေါ်ပေါ်လာတတ်သည်။ မထတမ်း ပြောပြီး မနားတမ်းစားသည်။ သာလိကာနှင့် ချီးပေါက်ကောင်တို့ တွေလျှင် အိမ်စည်ပြီး။

ရီးစားနဲ့ အလုပ်များနေတဲ့ ဗလတောင့်တောင့် ညီ အိမ်အပြန်နောက်ကျတာကို မျှော်သည်။ ဘာများစား၊ ဘယ်ကိုသွားပြီး ဘာကြောင့်နောက်ကျသလဲစိတ်ပူသည်။ သေအောင်သတ်. ဘယ်တော့မှာ သူ့ကို မမေးပါ။ စိတ်က မျှော်သည်။

ကိုယ့်နဲ့အတူ လူမျှော်တတ်တဲ့ အမတစ်ယောက်ရှိသည်။ လူစုံလျှင် ပျော်နေတတ်ပြီး အကြောင်းရှာ ရယ်ရသည်။ အသံကျယ်လာသည်။ ကွမ်းထုတ်တွေပျောက်သည်။ အလုပ်မှ ရသမျှ လစာကို တခါတည်းလှူသည်။ မူးလာလျှင် တစ်ယောက်တည်း အချစ်ပြိုင်နေပြန်သည်။

တနေ့တာ ကုန်ဆုံးလို့ ညနေရောက်ရာလျှင် ကိုယ့်စိတ်အစဉ်သည် ပုံမှန်ဖြစ်သည်။

နေ့တိုင်း ဒီအတိုင်း ပင်.။

ကိုယ်က ခံစားတတ်သည်။ဒေါသကြီးသည်။

ကိုယ်က အကြီးဖြစ်နေခဲ့လို့လားတော့မသိ။ ကိုယ့်အိမ်မှာ ရှိတဲ့ သူအားလုံးကို ကလေးလို့ပင်မြင်သည်။

ကိုယ်က ဘာဖြစ်မှန်းကိုမသိတော့ပါဘူး။ ပျော်သလားမေးပါ။ ကိုယ်ပျော်တဲ့ အချိန်ကို မေးရင်း သောကြာ စနေ ပါ။ တနင်္ဂနွေညနေနှင့် ကျန်နေ့များကိုမုန်းပါသည်။

ကွဲကျသွာသော ထမင်းစားစာပွဲမှန်သည် ပို၍ချွန်မြသည်။

ထိုမှန်ထက် ကိုယ်သည် ပို၍ စူးရှနေသည် ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်သည်။




မိုးခါး

ဒီကနေ့မှ မဟုတ် ..

ရုံးတက်ရသော အချိန်တိုင်း နာရီတွေ အကုန်နှေးသည် ..



ရုံးရောက်သည်နှင့် ကွန်ပျူတာဖွင့်မည် .. လူမရှိလျှင် မရှိသလို လစ်လျှင်လစ်သလို မလစ်လျှင်လည်း မလစ်သလို အွန်လိုင်းတက်သည် .. ဖေ့ဘွတ်ဝင်သည် .. ချက်သည် .. (မှတ်ချက် - အလုပ်တော့ အကြွေးမရှိပါ .. အကုန်ပြီး၏)

မနက် အလန်းမည်လျှင် ပြန်ပိတ်သည် .. ပြန်အိပ်သည် .. ၁၅ မိနစ် ရသေးသည် .. ၁၅မိနစ်ပြည့်လျှင် အလန်းထပ်မြည်သည် .. ထပ်ပိတ်သည် .. ထပ်အိပ်သည်က များသည် .. နောက်ဆုံးအချိန်တွင် လူးလဲထသည် .. မျက်စိနှစ်လုံး မပွင့်ပဲ ရေချိုးခန်းဝင်သည် ..

သို့သော် မျက်နှာသစ် သွားတိုက်မှ စ၍ မနက်မိုးလင်း လုပ်စရာရှိသည်များကို တခါမှ မမေ့လျော့ .. (အကိုအကြီးဆုံးကို စောင်းပြောမှန်းသိအောင် ဒဲ့ပြောသည် .. :P)
တော်ရုံတန်ရုံ ဒေါသထွက်လေ့မရှိ (အကိုလေးကို စောင်းပြောသလိုနဲ့ ဒဲ့ပြောသည် .. :P) တခါတရံတော့ စိတ်အခန့်မသင့်ဖြစ်တတ်သည် ..

ဘယ်အချိန်တွေ စိတ်အခန့်မသင့်ဘူးလဲ .. ရုံးတွင် ပြန်မည်အားခဲထားကာမှ အလုပ်ပေါ်သည် .. ဟိုလူရစ် ဒီလူရစ် ခံရသည် .. ကိုယ့်ကိစ္စကိုယ်မရှင်းပဲ သူများပါ လာရှုပ်သည် .. ဒီလိုအချိန်ဆိုလည်း ဘုတ်အီးတို့ မျက်နှာဆူသည် .. ပုတ်သည် .. အလုပ်ကို ဆောင့်အောင့်လုပ်သည် .. :P


ခုတ်သည် .. မူးသည် .. ချုပ်သည် .. အသံမျိုးစုံကြားရမည် .. မာနာမူ ကို တသည် .. သူတို့ ဒိုတာ ခုတ်နေပြီ .. မိုးလင်းလည်း ခုတ်သည် .. မိုးချုပ်လည်းခုတ်သည် .. ဒိုတာကိုက်လို့ ပိန်သည် .. ဒိုတာသည်လည်း ခုခံအားကျသော ရောဂါတခုပေပင် .. (မှတ်ချက် .. တဖြည်းဖြည်းပိန်လာသူတဦးအား ရည်ညွှန်းသည် .. :D မမချိုနွယ်သည် ပိန်လျှင် မကြိုက် .. အားကိုးရမည့်သူမျိုးသာ လိုလားသည် .. :P)

အလုပ်ဆင်းလျှင် သဝေထိုးသည် .. တနေရာမဟုတ် တနေရာ .. ခေါင်းစဉ်အမျိုးမျိုးနှင့် မိုးစုန်းစုန်းမချုပ်မချင်း မပြန် .. အိမ်စောင့်နတ် လက်မခံသောကြောင့် ..

ညနေဘက်ထမင်းစားလျော့သည် .. (မှတ်ချက် - ထမင်းတမျိုးတည်းသာ :P) ချီးပေါက်သူ ညီတယောက်နဲ့ ထမင်းစားသည် .. အပြန်လမ်းတွင် စိတ်ကောက်တိုင်းဆော့သည် .. အသားအမြန်ဖြူလာစေဖို့ ဆုတောင်းပါသည် .. :P ကိုရီးယားမင်းသားနှင့် မျက်မှန်တပ်ထားတာချင်းတူသည့် ညီတဦးရှိသေးသည် .. သူကတော့ ဘော်ဒီကို ညဘက်အိပ်ချိန်လျော့ခြင်းဖြင့်ထိန်းသည် .. (မှတ်ချက် - ညဘက်ဟုသာမှတ်ထားပါရန် .. နေ့ဘက် အိမ်သာထဲ ၀င်အိပ်သည်များမပါ ..)

အလွန်အေးသလိုထင်ရသည့် သူတဦးရှိသေးသည် .. ပြုံးပြုံး ပြုံးပြုံးနှင့် သဘောကောင်းလောက်သည်ဟုလည်း ထင်ရသေးသည် .. (မှတ်ချက် - ထင်ရခြင်းသာ .. မသေချာ :P) .. လာတာလည်း မသိလိုက်သလို ပျံတာလည်း မသိလိုက် ..

အကိုလတ်ဆိုသည်မှာ သူများဖုန်းပြောလျှင် နားတွေကွဲထွက်မည်ဟု အော်ငေါက်လေ့ရှိသည် .. ဒါကလည်း အရှက်ပြေမျှသာ .. သူလောက်တော့ မပြောနိုင်ဆိုတာကို အားလုံးသိပြီးဖြစ်သည် .. ယခုအချိန်တွင် ထို အကိုလတ်ဆိုသူသည် .. ဗလတောင့်လာရေး ၀လာရေးအတွက် ကြိုးပန်းနေလေသည် ..

တခုအကြံပေးလိုသည်မှာ အမှန်တကယ်ဝလိုလျှင် လေကိုခြွေတာ သုံးစွဲပါရန် .. :P

တဦးတည်းသော အစ်မတယောက်ရှိသည် .. အသံတိုးသည် .. ကွမ်းစားလေ့မရှိ .. (၀ါးပဲဝါးသည် .. :P) ခုတော့ သူပျော်လေပြီ .. (အိပ်လို့ :P) တနေ့တာကုန်ဆုံးလို့ ညရောက်လာလျှင် မအိပ်ချင် .. မနက်ဆို မထချင် .. ဒါသည်လည်း ဂျာအေးကို သူ့အမေရိုက်နေခြင်းပင် .. မနက်ဖြန် ရုံးတက်ရမည် .. တော်သေးပြီ .. :D



မမပြာ(ကောင်းကင်ပြာ)

ဒီနေ့ အလုပ်စဝင်တာ ၃ ရက်ရှိပီ၊

အလုပ် အရူပ်ဆုံးနြေ့ဖစ်ဟန် တူသည်၊ ရောက်တာ နဲ့ ဘော့စ်( ကုလားကြီး) က ခေါ်ပီး ၁ ၂ ၃ ၄ ၅ အမှတ်စင်( စာလုံးပေါင်း သီးခံပါ) နဲ့ ဘာလုပ် ဘာလုပ် လုပ်ခိုင်းသည်၊

ပထမ ဆုံးအလုပ် က စာသွားထည့်ရမည်၊ ဒီရောက်တာ ၃နှစ် ပြည့်တော့မည်၊ တခါမှ စာမထည့်ဖူး၊ အချစ်ကို အလွမ်းပြေ ဖုန်းဆက်ပြီး ( အိမ်တွင် ဖုန်းဆက်ရင် မောင်တွေ ရဲ့ ကလိတာ ကို မခံနိုင် သောကြောင့်) ပို့စ်ဘောက်စ် ရှာ မတွေ့သောကြောင့် ရောက်နေတဲ့ လမ်းကို ပြောပြပြီး ချွဲနွဲ့စွာ ရှာခိုင်းမိသည်၊ သူ ရှာလို့ မတွေ့ခင်ပင် ကိုယ်ဘာသာ ရှာတွေ့သွားသည်၊ စာတိုက်ပုံးထဲ အားပါးတရ စာ ၂စောင် ထိုးထည့်လိုက်သည်၊ အပြန် တလမ်းလုံးဖုန်းပြော လာသည် :P

အလုပ်ပြန်ရောက်တော့ သထေးက ဘာပြီးပလဲ မေးသည်၊ ဘာမှ မပြီးသေး အခုမှ စာထည့် ပြန်လာသည် ပြောသည်၊ အရပ်က ပုပါတယ် ဆို ခုံပေါ် တတ်ပီး တိုင်းကဒ် တွေ တက်ယူခိုင်းသည်၊ ၆ နာရီ ပြန်ရမည့် ကုလားမ ဒီနေ့ ပရင့်ထုတ်သော စာရွက်တပုံတခေါင်းကြီးနဲ့ မပြန်နိုင်ဖြစ်လို့ သနားပီး ကူလုပ်ပေးလိုက်သည်၊ ကုလားမ ၈ နာရီထိုးမှ ပြန်ရသည်၊ ဆူပုတ် ပွစိပြီးပြန်သွားသည်၊ ကိုယ် လဲ သူကို ကူနေသောကြောင့် ကိုယ့် အလုပ်တွေလဲ မပြီးပေ၊ ဘော့စ် က ထပ်မေးပြန်သည်၊ ဘာတွေ ပြီးပလဲလို့၊ ဘာမှ မပြီးသေး :P၊

မပြီးတာကို အကြောင်းပြလိုက်သည် ဘော့စ် ရေးထားသော အင်ဂလိ စာကို မဖတ်တတ်ပါလို့၊ သူ့မုတ်ဆိတ်မွေးများနှင့် တူအောင် တွန့်လိန် ကောက်ကွေးနေသော လက်ရေးကို ကြည့်ပြီး လက်ရေးအလွန်လှသော မျက်မှန် နဲ့ ညီရယ် အငယ်မ ရယ် သတိရသွားသည်၊
ရန်ဖြစ်စရာ ၊ စကားပြောစရာ လူ မရှိလို့ ပရင်တာ နဲ့ စကားပြောသည်၊ ရန်ဖြစ်သည်၊ ဆင်ကာပူ တွင် ကိုယ့်ထက် အင်တာနက် သုံးတာ ညံ့သော သူတွေ တွေ့သည်၊ ကိုယ် သိပ်ပျော်သည်၊

ကိုယ် အလုပ်လုပ်သော အင်တာနက် ဆိုင်တွင် ubuntu ရှိသည်၊ အဲ့သည် အတွက်လဲ ပျော်သည်၊ ကိုယ့် အရင် အလုပ်လုပ်သော ကလားမသည် ubuntu ကို မသိပေ၊ သူဖွင့်လိုက်တဲ့ စက်တိုင်း Window XP တက်မလာပဲ ubuntu ကြီးတတ်လာရင် စက်ပျက်သည်ဟု ပြောကာ နောက်စက် ပြောင်းခိုင်းသည်၊ ကိုယ် လုပ်ပေးလို့ ရသွားသော အခါ ကိုယ့် ကို ubuntu ကို မိတ်ဆက် ပေးသော ညီ တယောက်ကို သတိရသည်၊ ကျေးဇူးလဲ တင်သည်၊ ကိုယ် သူ့ထက် ကျွမ်းကျင်အောင် လုပ်မည်၊ သူချီးပေါက်တာ ပြန်ပေါက် နိုင်အောင်ကြိုးစားမည်၊


ကိုယ့်ဆိုင်တွင် အအေးအမျိုးအစား ၅၀ ၆၀ လောက် ရှိမည်၊ အအေးကြိုက်တတ်သော မောင် ကို သတိရရင်း ကိုယ်ပြန်ရင် သူ့အတွက် တဗူး ယူသွားဖို့ သတိရသည်၊သတိရတိုင်း တဗူး ယူ ယူ သောက်တာ ခနခန ရူရူ ပေါက်ချင်သည်၊ ရူရူ ပေါက်ချင်ရင် အပေါ်ထပ်ကို တက်ရသောကြောင့် လူစောင့်မရှိလို့ မသွားရပေ၊ ထို့ကြောင့် မလေးရှားမှ လာသော ရေသန့်ဘူးနဲ့ ကိုယ်လက်ဆေးသည်( ဟမ် ဘာမှ လဲ မဆိုင်ဘူး) :P


snack ထုတ်တွေ အများကြီး ရှိသောကြောင့် ခနခန သရေစာ အထုတ်လေးတွေ ဝယ် စားတတ်တဲ့ အကိုကြီးကိုသတိ ရမိသော်လည်း ကိုယ်မကြိုက်သော အရာတွေ ဖြစ်နေသောကြောင့် တခုမှ ယူ မစားမိပေ၊ ကိုယ်ကြိုက်သော အရည်တော့ ကိုယ့် ဆိုင်မှာ မရှိ၊ ဘေးဆိုင်က စားသောက်ဆိုင်မှာ ရှိနေတာတော့ တွေ့မိသည်၊

ပရိုးမိုးရှင်းလို့ ရေးထားတာ သေချာ ဖတ်ပီး ကိုယ်နဲ့ အကြိုက်တူတဲ့ တနေ့တနေ့ ဘာမှ မစားရသေးတဲ့ ညီ ကို သတိရသည်၊
ထမင်းစားသော အချိန် ကိုယ့် အိမ်ကို သတိရမိသည်၊

အလုပ်က မောပန်းပြန်လာတဲ့ အကိုကြီးက စာဖိုမူး ကြီးနဲ့ ရန်များဖြစ်နေမလား၊

ကိုယ့် ကို ဆရာလုပ် အော်ငေါက်တတ်သော အဝေးမှ ညီငယ်လေး ဒီနေ့ ရောက်နေလေ မလား၊

စားဖိုမူး ကြီးရော ဒီနေ့ ဘာဟင်းတွေ ချက်ပါလိမ့်၊

အငယ်မရော အားကစားပဲ သွားသလား လစ်တဲအင်ဒီယ ရောက်နေသလား၊

ညီညီ ဗလ ရော အခန်းထဲ ပြန်ရောက်ရင် ပြတင်းပေါက်တွေမှ ဖွင့်ထားပါ့မလား၊

တနေ့တနေ့ ဘာမှ မစားပဲ အိမ်သာထဲ အိပ်အိပ် နေတဲ့ ညီရော ရောက်နေလောက်ပလား၊ အိမ်မှာနေရတာ ပျင်းတယ် ဆိုတဲ့ ကိုရီးယား မင်းသားရော လာမှာလား၊

အိမ်ကို လွမ်းရင်း စင်းစားရင်း ထမင်းဘူးကို ဖွင့်လိုက်တာ နှမြောပြီးထည့်သွားတဲ့ ကြက်O ကြော် တွေ သိုးနေပါပေါ့လား........


၁၁ နာရီ ထိုးရင် ကိုယ်နဲ့ ဂျုတီ ချိန်းသော ကလားလေး ရောက်လာမည်၊ သူ့ကို ဘော့စ် ခိုင်းထားသော အလုပ်မျာကို ပြပီး နက်ဖြန် အတွက် ဒီ ညထဲက လုပ်ထားစရာတွေ ပြမည်၊ ကိုယ့် နဲ့ ရန်ဖြစ်ရသော ပရင်တာကြီး ကို ပြပြီး မသိတာတွေ မေးမည်၊ ကိုယ် အိမ်ပြန်ချင်နေပြီ စာရင်းတွေ အမြန်အပ် မပီးခဲ့တာတွေ ကို လမ်းမှာ ဖုန်းနဲ့ ပြောလာရင်း mrt ကို သူများတွေ လို ကယ်လီဖိုးနီးယား သွားစရာ မလိုအောင် အပြေး ကလေးသွားလိုက်မည်၊ ဘုရား....ဘုရား နောက်ဆုံးရထားမှီပါစေ၊ ရထားပေါ် ရောက်ရင် အိမ်ရောက်တော့မည်၊ အိမ် ရောက်ရင် လူ အစုံ တွေ့ချင်လိုက်တာ.........:)



တောင်ပေါ်သား
ချုပ်လှချည့်လား ကွယ်ရို့ အဟေးဟေးးးးးး ငါ လဲ ချုပ်ဦးမှး)

ကျနော်.... ကျနော်သည် လောဘကြီးတတ်သူ တယောက် မဟုတ်။ ခြံနဲ့ ကားနဲ့ နေချင်လှသူလဲ မဟုတ် သူဌေးတယောက်လို မော်ကြွားချင်သူလဲ မဟုတ်.... ကျနော်သည် အပေါင်းအသင်း ခင်မင်တတ်သည်...

စင်ကာပူကိုရောက်တုန်းက သူငယ်ချင်းဆိုတာ ဝေးလို့ တူတူလာတဲ့ လူအချင်းချင်းတောင် စကားတွေ သိပ်ပြောဖြစ်ကြခဲ့သည် မဟုတ် ( အလုပ်ရဖို့သာ အာရုံထားခဲ့ကြသည်) ခု လွန်ခဲ့တဲ့ အချိန် ၂ နှစ်ကျော်ကို ပြန်လှည့်ကြည့်မိတော့ အရာတော်တော်များများ ကျနော့် blog ထဲမှာ ပြောခဲ့သလို ပြောင်းလဲခဲ့ပြီ။ အတိတ်သည် လက်ရှိ ပစ္စပ္ပုန် (မမပြာ ပြောသလို) နဲ့ မတူတော့..

ကျနော်မှာ အရင်က ခင်တွယ်စရာ အမေ၊အမ မိသာစုလေး ရှိခဲ့သည်။ အဝေးတနေရာ ရောက်နေတော့ ကျနော် ခင်တွယ် မြတ်နိုးသော မိသားစုရဲ့ အရသာကို တမ်းတတတ်ခဲ့သည်။
အခုဆို ကျနော် ချစ်သော မိသားစုနဲ့ ခပ်ဆင်ဆင် (မတူပါ) တူသော မိသားစု မောင်နှမ အသိုင်းအ၀န်းထဲ ကျနော် မထင်မှတ်ပဲ ရောက်လာခဲ့ရပြန်တယ်။ ကျနော်တို့ ညီအကို မောင်နှမတွေ စိတ်ချင်းပေါင်းလို့ တယောက်နဲ့ တယောက် ဖေးမကူညီခဲ့သည်။ လိုတာဖြည့်၍ ပိုတာတော့ မလျှော့ခဲ့ပေ(အပြော၊ ချုပ်ခြင်းများကို ဆိုလိုသည်) ယခု ကျနော်တွင် ရောဂါတခု ရနေပြီဖြစ်သည်။ ထိုရောဂါက ကျနော်သည် သောကြာညတွင် ထို မောင်နှမများရှိရာသို့ မသွားပဲ မနေနိုင်အောင် ဖြစ်တတ်သော ရောဂါသာဖြစ်သည်။ တကယ်တမ်း ကျနော်သည် ဂိမ်းကို ၀ါသနာပါလှသည် မဟုတ်ပေ( အဟီး) ကျနော် ရောက်သွားလျှင် ကျနော်ပျော်သည် အရင်တုန်းက မိသားစုနဲ့ စကားပြောရသလို စိတ်ထဲမှာ ရှိသမျှ ကျနော်တို့ ပြောကြသည်။ ငယ်စဉ်တုန်းက ကလေးဘ၀ကနေ လက်ရှိအခြေအနေသာမက နောင်ဖြစ်လာမဲ့ ဖြစ်ချင်တဲ့ အရာအားလုံးကို ကျနော်တို့ ပြောကြသည်။ မိသားစုနဲ့ ထမင်းလက်စုံ မစားရတာ ကြာပြီဖြစ်သော ကျနော့်အဖို့ မောင်နှမများနဲ့ ထမင်းဟင်း တူတူစားရသည်ကိုက တန်ဖိုးမဖြတ်နိုင်သော အရသာ.....

ထိုငြိမ်းချမ်းသောဂေဟာလေးထဲမှာ လူမျိုးစုံ စရိုက်စုံနဲ့ ချစ်ကြည်စွာ နေထိုင်ခဲ့ကြသည်။ ထိုအိမ်လေးထဲတွင် အနေအေးသော အကိုကြီးဆုံး ရှိသည်။ အနေအေးသလောက် ဂရုစိုက်လဲ အခံချင်ဆုံး၊ တီတီတာတာနဲ့ သူ့ကို လုပ်နေလျှင် သူ့ဘ၀မှာ ကျန်တာဘာမှ မလိုတော့သည် ပုံစံနဲ့ စကားလေးများ ဆူလာလို့ ကြားထဲက တခုခုနောက်လိုက်လျှင် အမှန်ထင်၍ ပါးစပ်လေး ဟနေတတ်သည့် အကိုကြီး... သူချစ်သော ညီငယ်မျောက်က တခုခုဆို သူ့ကို အမြဲ အနိုင်ယူနေသည်ကိုက အမြဲ ကျေနပ်အားကျပီး ပြုံးနေတတ်သူသာ.......

သူသည် မူးနေလျှင် တကိုယ်လုံး နီမြန်းကာ အိပ်ပျော်တတ်သည်။

အဟေးးးးး
ထိုလှပတဲ့ ဂေဟာလေးထဲတွင် ယောကျာ်းများနဲ့ တန်းတူ ယှဉ်ပေါင်တန်းနိုင်သော အာဂမိန်းကလေးတယောက်လဲ ရှိနေပေသေးသည်။ မေးလိုက်လျှင် မသိတာများပေသည်။ အားနေလျှင် ကွန်ပြူတာတလုံးနဲ့ အိပ်ယာပေါ်ကနေ မထသော တဦးတည်းသော အာဂ အမျိုးသမီးဖြစ်ပေသည်။ သူသည် ဗိုက်ဆာခြင်းအလျင်မရှိ သူ့အတွက် လိုအပ်သည်က ကျနော်တို့ ရှေးဘုရင်များလက်ထက်ကတည်းက သုံးစွဲလာသော ကွမ်းသာ ဖြစ်ပေသည်။ စား၏ ၀ါး၏ ထွေး၏ ပြန်စား၏ ရေသောက်၏ စား၏ ၀ါး၏ ထွေး၏ နဲ့ သူ့ဘ၀လေးကို သူ ကျေနပ်စွာ ဖြတ်သန်းနေပါသည်။ ခုတော့ သူ အူဘွန်းတူ ဆိုတာကြီးကို သဘောကျနေပေသည်။ ရွာပြန်လျှင် ကျနော့် အဖိုး ဦးဘွန်းတူးကြီးနဲ့ လပ်ထပ်ပေးယုံသာ ရှိတော့သည်။ သူသည် မူးနေလျှင် သူ၏အချစ်ဆုံးများကို မှားပြောတတ်သည်။


ထိုသာယာတဲ့ ဂေဟာလေးထဲမှာ စိတ်ကြီးတတ်တဲ့ အကိုတယောက် ရှိနေသေးသည်။ သူသည် မိမိစိတ်ကို မိမိ ဘယ်တော့မှ ထိန်းချုပ်ဖို့ မစဉ်းစား ပေါက်ကွဲထွက်တတ်ဖို့သာ စဉ်းစားနေတတ်သည်။ သူ ပေါက်ကွဲနေလျှင် အလကားနေရင်း တရားခံ ဖြစ်သူမှာ အပေါ်ဆုံးက အကိုကြီးသာ ဖြစ်ပေသည်။ တခါတလေ သူတို့ စကားသံ မကြားရလျှင် မနေတတ်သော ကျနော့်အဖို့ ချွန်တိုးလေး လုပ်ပေးတတ်သည်။ ထိုအခါ သူတို့၏ ချီးပေါက်သံများကို ကျနော် ကြားရပါသည်။ ကျနော် ပျော်ပါသည်။ သူသည် ကျောင်းတွင်လဲ အငြိမ်မနေ ကော်ပလိန်းတွေ တက်နေကျဖြစ်ပါသည်။ ယခုသူ့၏ အမွေကို ဆက်ခံရန် ကျနော့်ချစ်သူက ကြံစည်နေပါသည်။ အဟေးး ခုတလော သူငြိမ်နေသည် အဘယ်ကြောင့်ဆိုသော ကောင်မလေးတယောက်နဲ့ အီကီစလီ လုပ်ချင်နေသောကြောင့် ဖြစ်ပေသည်။ သူသည် မူးနေလျှင် သူများစကားပြောတာ နားထောင်ပြီး ဖော်လိုး လိုက်တတ်သည်။

ထိုပျော်ရွှင်ဖွယ်ကောင်းတဲ့ ဂေဟာလေးထဲတွင် လူပိန်သလောက် အကြံကြီးသော လူတယောက် ရှိနေပေသေးသည်။ သူသည် တော်ကီက ဂေါ်လီဆိုသလို သူ့ရဲ့ အပြောတွေနဲ့ ကောင်မလေးများကို ငြို့ယူဖမ်းစားတတ်သည်။ သူသည် အပြင်မှာ ပြန်လာလျှင် အလကားနေ ရှက်ကိုးရှက်ကန်းနဲ့ ၀ူးးး ၀ူးး ၀ါးး ၀ါးး လုပ်ပြီး အခန်းထဲ တန်းဝင်တတ်သည်။ ညမိုးချုပ်လို့ ဂိမ်းဆော့လျှင် သူအမြဲ ရှုံးသည်က များသည် မရှုံးပဲ နေမလား ဂိမ်းဆော့ရင်း ဖုန်းပြော၍ ချုပ်နေသောကြောင့်ဖြစ်သည်။ သူသည် ဒီဇိုင်းပညာတွင် ကျွမ်းကျင်သလို နေရာချတတ်သည့်အရာတွင်လဲ ကျွမ်းကျင်လှပေသည်။ သူသည် မူးလာလျှင် သူများနဲ့ မတူပေ... ဘောလုံးသမားကောင်းတယောက်လို လျှောက်ပတ် ပြေးနေတတ်သည်။ သူ့ကို ဖမ်းမိဖို့ ဆိုသည်မှာ မလွယ်လှပေ......

ထိုခင်မင်မှုများနဲ့ တည်ဆောက်ထားတဲ့ ဂေဟာလေးထဲမှာ မျက်မှန်နဲ့ လူပြိုကြီး တယောက် ရှိသေးသည်။ သူသည် လူသာပြိုသာ စိတ်ကတော့ ဘယ်တော့မှ မပြိုသေးပေ... ထွက်ကျလာသော စကားလုံးများသည် သာမန် သမီးရည်းစားများ ကြားမိလို့ကတော့ ကြွေသွားလောက်ပေသည်။ သူ့ဆီက သင်ယူစရာများကို သင်ယူရတတ်ပေသည်။ ရည်းစားမရှိ လူပြိုကြီး ဖြစ်ရသည့်အကြောင်းများစွာထဲတွင် တခုက သူသည် အအိပ်မမှန်ခြင်းပင်... ညဆိုမအိပ်တတ်သလောက် နေ့လည်လောက်ထိ မထတတ်သော လူကြီးများ ခိုင်းနှိုင်းသည့် ကာလနဂါးတမျိုးသာ ဖြစ်ပေသည်။ နဂါးကို ဘယ်ကောင်မလေး ယူဝံ့သလဲ.... သူသည် ဂိမ်းမာစတာ တယောက်လဲ ဖြစ်ပေသည်။ သူမပါသော အဖွဲ့သည် ရှုံးသည်က များပေသည်။ သူမဆော့ဘူးတဲ့ ဂိမ်းမရှိသလောက်ပင် များလှပေသည်... သူသည် ဂိမ်းထဲတွင် အသတ်ခံရသည် များပါကလဲ ဒေါသထွက်တတ်ကြောင်း ကျနော် အရင်တပတ်လောက်ကမှ သိခွင့်ရခဲ့ပါသည်။ အဟေးးး သူသည် မူးနေလျှင် စကားမပြော ပြုံးပြုံးပြုံးနဲ့ နေတတ်ပါသည်။

ထိုဂေဟာလေးထဲတွင် မိသားစုကို ခင်တွယ်တတ်သော ညီငယ်တယောက် ရှိနေပါသေးသည်။ သူသည် အဝေးကနေ လာသည် မလာသည်ကများ၏ သူ့အကြောင်းကတော့ သူလဲ လီချိန်လွဲသာ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော သူသည် စင်ကာပူတွင် နာမည်ကြီးနေသော မြန်မာမော်ဒယ်မလေးကို ချစ်နေပါသည်။ ဒါပေမဲ့ ပြောခွင့်ရယ်မကြုံ လင်ယူလို့ ကလေးသာ မွေးတော့မည် ခုထိ သူ့အပြောက မချသေးပါ... သူသည် မိသားစုကို ဖုန်းခေါ်သလိုနဲ့ သူ့အမကြီး သူ့ကောင်လေးဆီ ခေါ်ရန် သိမ်းထားသော နိုင်ငံခြားခေါ်များကို သူ့မန်းတလေးက ကောင်မလေးလိုလို ဘာလိုလို ညာလိုလိုကို ဖုန်းခေါ်ပြီး ဖြုန်းတီးတတ်ပါသည်။ သူသည် အိမ်ရောက်လာလျှင် ပလီတတ်ပါသည်။ ကျနော် ချစ်သူ့ကိုလဲ စတတ်ပါသည်။ သူကြောင့် ကျနော့်ချစ်ရသူမှာ လူစင်စစ်မှ ကြောင်မလေးဘ၀သို့ ခဏတာ ရောက်ခဲ့ဖူးပါသည်။

သောကြာနေ့ဆို ကျနော်နဲ့ သိပ်မခြား နောက်ရောက်လာတော့ ညီတယောက် ရှိနေပါသေးသည်။ သူသည် စကားသိပ်မပြော ပြုံးပြုံးသာ နေတတ်ပေသည်။ သူသည်လဲ ကျနော်ထင်သည် ဂိမ်းဆော့သည် ဆိုသည်ထက် ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုလေးနဲ့ နေရသည် ပလီပလာ လုပ်ချင်သည်က ပိုများနေပေမည်။ သူသည် တခါတလေ အပျင်းကြီးတတ်ပါသည်။ တနင်္ဂနွေတောင် အိမ်မပြန် အလုပ်သွားလျှင်တောင်မှ အ၀တ်မလဲပဲ သွားတတ်ပါသည်။ သူသည် အပေါ်က အကိုတွေ မြှောက်ပေးလို့ LAN ဂိမ်းဆော့ရာမှ အားမရသဖြင့် အင်တာနက်ပေါ်တွင် တက်၍ တပည့်ခံကာ ဆော့နေကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ သတင်းရရှိထားပါသည်။ သို့ပေသိ သူသည် ကျနော်တို့ အဖွဲ့ဝင်တွေကိုတော့ အနိုင်ယူနိုင်စွမ်းရှိပါသည်။ သူသည် အရက်သေစာ မသောက်သော ဘုရားဒကာ တယောက် ဖြစ်ပေသည်။

ထိုအိမ်ထဲသို့ ရောက်လာရာ အကြောင်းများစွာထဲတွင် တအိမ်လုံး ဝိုင်းချစ်ကြသော ညီမတစ်ယောက် ရှိသေးသည်။ စိတ်သဘောထား ဖြူစင်သလောက် ဒေါသလဲ ကြီးတတ်ပါသည်။ ဒေါသလဲ ပျောက်တာ မြန်လှပါသည် (ပြန်ချုပ်မှ မဟုတ်ရင်) သူသည် ယခုတလော အလုပ်များနေတတ်ပေသည်။ ပတ်တိုင်း အလုပ်သွားလိုက် လေ့ကျင့်ခန်းလုပ်လိုက်နဲ့ အလုပ်များစွာကို တယောက်ထဲ လုပ်နေတတ်ပေသည်။ သူ့ဆီက ပင်ပန်းတယ်ဆိုတဲ့ အသံ တခါမှ ကျနော် မကြားဖူးပေ ဂုဏ်ယူလှပေသည်။ သူသည် အားလုံးကြိုက်တတ်သော အရာများကို နားလည်ပေသည်။ အားလုံးအပေါ်တွင်လဲ အလွန်မှ သံယောဇဉ် ကြီးပါသည်။ ကျနော် တခါတလေ ဒေါသထွက်လို့ ပြောမိရင်လဲ စိတ်မဆိုးတတ်ပါ။ ဆွဲတော့ ဆိတ်တတ်ပါသည်။ ကျနော် ယခု အသားဖြူအောင် လုပ်နေပါသည်။ ဒါမှ သူ့ဆွဲဆိတ်သော အရာများကို မြင်ရပေမည်။ ထိုခါမှ သူ့၏ မောင်နှမများက ကျနော့် အပြော ယုံပေလိမ့်မည်။း)

ပြန်စဉ်းစားလိုက်တော့ ကျနော်တို့သည် အရင်ဘ၀က ပြုခဲ့သော ရေစက်ကြောင့် ယခုလို ပျော်ရွှင်စွာ နေထိုင်နေကြရခြင်းသာ ဖြစ်ပေမည်။ ကျနော်တို့ အရင်က ပျော်ရွှင်ခဲ့ဖူးသည် ယခုဆို ကျနော်တို့ အရင်ကလောက် သာယာမှုတွေ မရှိတော့သာ အမှန်ပင်။ ဒါပေမဲ့ ကျနော်တို့ တယောက်နဲ့ တယောက် ဖေးမကူညီစွာနဲ့ ပျော်ရွှင်စွာ ဆက်လက် သွားနေဦးမည်သာ ဖြစ်ပေသည်။ ကျနော်တို့ ညီအကို မောင်နှမစိတ်ဓါတ်နဲ့ တသက်လုံး ပျော်ရွှင်စွာ ဖြတ်သန်းသွားကြဦးမည်သာ ဖြစ်ပေသည်။ ကျနော်သည် ဂိမ်းမက်သူမဟုတ် မိသားစုအရသာကို ငတ်နေသော အဝေးရောက် သားတယောက် သာ ဖြစ်ပေသည်.. ထိုကြောင့် ကျနော်သည် မိသားစုနဲ့ တူသော ထိုအိမ်လေးကို ရောက်နေဦးမည်သာ ဖြစ်ပေသည်.......

လေးစားလျက်
တောင်ပေါ်သား

ကိုဘို(မိုးကုတ်သား)

ဒီကနေ့ ဆေးခွင့်ယူသည်။

နေမကောင်းလို့ ဆေးခွင့်ယူခြင်း မဟုတ်ပါ။

တစ်ရက်ကို ကိုးနာရီ အနည်းဆုံး (မနားတမ်း) အလုပ် လုပ်ရသော ရုံးကို တစ်ရက်တာမျှ ပစ်ကာ အိပ်ရေး၀၀ အိပ်ပလိုက်ချင်သောကြောင့်ဖြစ်သည်။

အပါတ်တိုင်း ဆေးခွင့်ယူလေ့ရှိသော ညီမ ရုံးမသွားခင် အမှီထပြီး ဆေးခွင့်ယူမည့်အကြောင်း ကြွားလိုက်သေးသည်။ ဘုတ်အီးကပါ `ညီမလည်း MC´ ဟု မပြောတာ တော်သေး၏။ သူက ဒီတနင်္လာမှာ ဆေးခွင့်ယူထားပြီးဘီ...။ `ခောတ်မီစွာ အိမ်စီ ယူထားသည်။ ကော်ဖီလေးသောက်၊ သီချင်းလေး နားထောင်ရင်း ဒီလို နံနက်ခင်းမှာ အိပ်ယာထဲ ဇိမ်ကလေးနှင့် နားနားနေနေ နှပ်နေရသည်မှာ အရသာရှိလေစွ။

´
အိမ်မှာ အေးအေးလူလူ၊ ငြိမ်းငြိမ်းချမ်းချမ်း နားနေခိုက် ကျန်သည့်သူများ ကျောင်းမှာ စာသွားသင်ရ၊ အလုပ်မှာ ပင်ပန်းနေရတာ တွေးပြီး စိတ်မကောင်းလေသောကြောင့် ဂျီတော့မှာ ထိုစာလေးကို တင်ထားလိုက်သည်။

`မနာလိုဘူး´

`အမြင်ကတ်တယ်´

`အားကျလိုက်တာ´

`ဟွန့်၊ ကြည့်လို့ကိုမရဘူး´ ရုံးရောက်လို့မှ အလုပ်မလုပ်ရသေး၊ ကျွန်တော်တင်ထားသောစာကြောင့် ထွက်လာသော ချီးပေါက်သံတွေ နောက်မှာ.. တကယ် မနာမလိုကြမှန်း၊ အမြင်မကတ်ကြမှန်း ကျွန်တော် သိနေခဲ့ပြီ..။

ရုံးတက်နေရသော ကျန်မောင်နှမတွေ တစ်နေကုန် ကလိကလိဖြစ်အောင် ဂျီတော့ကနေ တစ်ခုပြီးတစ်ခု ဘာတွေကြွားရင် ကောင်းမလဲ စဉ်းစားနေတုန်း

`အပြင်ထွက်မှာလား ဘယ်သူနဲ့ချိန်းထားလဲ´
စားဖိုမှူးက ရုံးမသွားတာ သိသိချင်း ချီးစပေါက်လေပြီ။

`အိမ်မှာ အလကား နေမနေနဲ့၊ အိပ်ယာခင်းတွေလျှော်ထား၊ အိပ်ယာခင်း အသစ်လဲပြီး အခန်းရှင်းထား´

`တိန်´ (စိတ်ထဲမှာ စားဖိုမှူး ခေါင်းကို တူနှင့် ထုပလိုက်သည်)

စားဖိုမှူးက ရေချိုးကာ ကျောင်းသွားဖို့ အလှပြင်နေသည်မှာ ဆယ့်ငါးမိနစ်မက ရှိပြီ။ ဘုတ်အီးကတော့ ဒီအချိန်ဆို ရုံးရောက်နေလောက်ရောပေါ့။ ညီလေးဗလ နိုးပြီ။ ရေချိုး၊ အ၀တ်လဲ တာ ငါးမိနစ်အမြန်ဖြစ်အောင် ဘယ်သို့လေ့ကျင့်ထားလေသည်မသိ။

စားဖိုမှူးတောင် ကျောင်းမသွားရသေးခင် သူက အလုပ်သွားဖို့ အဆင်သင့် ဖြစ်လို့နေပြီ။

မနက် ဂစ်တာ ထ မတီးပုံထောက်လျှင်တော့ သူ စိတ်ကြည်ပုံရလေသည်။

ခုတလော သူက ဗလအားကိုးနှင့် သူ့ ရုံးက သူဋ္ဌေး ကိုရော၊ မန်နေဂျာကိုရော အဖွဲ့ခေါင်းဆောင်ပါမကျန် ပတ်ပြီး ရန်ဖြစ်နေ၏။ ဒီရက်ပိုင်းတွေမှာ လေ့ကျင့်ခန်းတွေ ဖိလုပ်ပြီး ဗလ ပိုကြီးလာအောင် ကြိုးစားနေတာ ဒါကြောင့်ကိုးဟု သဘောပေါက်သွားပြီ။

`ဒီတစ်နေ့လုံး ထမင်း မစားရသေးဘူး´ အမြဲပြောသော ညီ အတာ တစ်ယောက်ကတော့ နှိုးစက်သာ အသံပြာချင် ပြာလာမည်။ အိပ်ယာကနေ မထသေး။ သွားနှိုးပြန်တော့ `ဇိမ်ပျက်တယ်၊ ခဏလောက် နှပ်ပါရစေ´ ဟု နှုတ်ခမ်းကို တတောင်လောက် ချွန်ကာ စိတ်မရှည်စွာ ပြော၏။

သို့သော် အိပ်ယာကမထ။ ဒီလိုနဲ့ ရုံးနောက်ကျလို့ ကားငှားစီးရပေါင်း များသော်လည်း သူက မနက်တိုင်း နှပ်မြဲ။ ဘုတ်အီးက အလာမ်းပိတ်ပြန်အိပ်သော်လည်း နောက်ဆုံးချိန်မှာ လူးလဲထနိုင်သေးသည်။ ဒီညီကတော့ အလာမ်းသာ ဆယ့်ငါးမိနစ်ခြား တခါ တစ်အိမ်လုံး ဆူညံချင်ညံမည်။ အိပ်ယာက မထတမ်း ရုံးနောက်ကျခံကာ နှပ်သည်။

`လူဆိုးမဂျီးရော သွားဘီလား´

`မသွားသေးဘူး၊ အိပ်နေတုန်း´

မနေ့ညက လူဇိုးမဂျီး သန်းခေါင်ကျော်မှ အလုပ်က ပြန်လာရလို့ ပင်ပန်းနေပြီလား။ ဒီနေ့ သူ ကျောင်းရှိလျှင်တော့ အတန်းချိန် အမှီ နှိုးရအုံးမည်။

စာဖိုမှူး ကျောင်းသွားပြီ။ အိမ်ကမထွက်မချင်း မှာစရာတွေ အထပ်ထပ်ကို ပြောလို့မပြီး..။ သူကျောင်းသွားပြီးသိပ်မကြာ။

အိပ်ယာထဲမှာ နှပ်နေသော အတာ ဖုန်းလာလို့ ဖုန်းဖြေသည်။

ကောင်မလေးများ ဖုန်းဆက်လာသလား ပျော်ကာ မျက်လုံးပြူးသွားဟန် ရှိ၏။ အမှန်တော့ ရုံးက ဖုန်းဆက်ခေါ်ခြင်း ဖြစ်သည်။

`ရုံး မသွားသေးဘူးလား´ အတာ ရေသွားချိုးနေတုန်း ခေါင်းစုတ်ဖွား၊ အိပ်မှုန်စုံမွှားနှင့် တံခါးဝမှာ လာမေးသူက လူဇိုးမဂျီး။ သူ့ခမျာ ကျောင်းတဖက်၊ အလုပ်တဖက်နှင့် ပင်ပန်းကာ အနည်းငယ်ပင် ပိန်သွားသည်ပင် ထင်ရ၏။

`ဒီနေ့ ကျောင်း မသွားရဘူးလား´

`အိုင်က နေ့လည်မှ သွားရမှာ´ ဟု ပြန်ဖြေကာ သူ့အခန်းထဲ ပြန်ဝင်သွားသည်။

မနက် စောစောထကာ အလုပ်လျှောက်ဖို့ ကြိုးစားရအုံးမည်လေ..။

တစ်နေကွယ်လို့ တစ်မိုးသောက်ခဲ့ပြီ လွမ်းရက်ရှည်မှာ လွမ်းမျက်ရည် တစ်စို့စို့နဲ့ ထားခဲ့တာလည်းမဟုတ် သွားပါလို့လည်းမပြော အိပ်မက်ရှည်ကြားထဲ အိပ်ပျက်ဖန်မျက်လုံးတွေက ဆွေးလို့ပဲ ငိုငို ငိုလို့ပဲ လွမ်းလွမ်း ငဲ့သနားသောအားနဲ့ လှမ်းလှည့်က ပြန်လာခဲ့ပါလို့ နွမ်းငယ်တဲ့ ဘ၀င်နှလုံးရယ်က သဲငယ်ရယ် ပြန်လာမယ့်လမ်းဆီသို့ တစ်နေလည်း ကွယ်ပြန်ပြီ တစ်မိုးလည်း သောက်ခဲ့ပြန်ပြီကော.......


အသည်းကွဲ စိုင်းစိုင်းက အလုပ်မသွားခင် သူ့ကဗျာလေး ဂျီတော့ကနေ ပို့ကာ ဘာမှ ပြန်မပြောရသေးခင် ပျောက်သွား၏။



သူလည်း ဒီနေ့တော့ နေ့ဆိုင်း ဆင်းရမည်ထင်သည်။ `ချစ်သူနှင့် ခဏ ခွဲနေရတာ အသည်းကွဲကဗျာတွေ အမြတ်ထွက်လာတယ်´

ဟု ပြောဆို ရယ်မောနိုင်သည့် နေ့တနေ့ကို ရောက်စေချင်လှပြီ။

မဟုတ်ပါက `ဘယ်နေရာကြည့်ကြည့် ချစ်သူ့မျက်နှာလေးပဲ မြင်ယောင်နေ၊ သတိရနေတယ်´ ပြောပြောနေတော့.. သူမောင်းသည့်ကားမှာ သိပ်စိတ်ချရမည့်ပုံ မပေါ်။
`သေချာရတယ်နော်´ စိုင်းစိုင်း


ကားမောင်းသည့် အကြောင်း တွေးနေတုန်းမှာ ညီတော်မောင် တီတီက ဆိုင်းမဆင့် ဗုံမဆင့် မေးတော့ ဘာ သေချာရမှန်း ချက်ချင်း သဘောမပေါက်။ ပြီးတော့မှ မနေ့က ဖုန်းဆက်ပြောထားသော အကြောင်းကို သတိရပြီး ရတယ် ပြန်ဖြေရသည်။ ဒီလိုဆိုလျှင်တော့ တီတီ ဘယ်နေ့လာမှာလဲ မေးဖို့၊ မျှော်ဖို့ မလိုတော့ချေ။

တီတီ ဆိုမှ ငယ်စဉ်ကလေးဘ၀တုန်းက ကားမောင်းတမ်းဆော့တိုင်း ဟစ်ခဲ့ဖူးသော... တီတီ ပေါ်ပေါ်... ကို အောက်မေ့ကာ ပေါ်ပေါ့်ကို အမှတ်ရသည်။

ဥပုဒ်လထဲမှာ ဒီညီတော်မောင်လဲ ပင်ပန်းနေလောက်ပြီ။ စားချိန်တန်မစားရသည့်အထဲမှာ အိပ်ချိန်တန် မအိပ်နိုင်တာကြောင့်လားမသိ..။ လူက ပါးချောင်နဲနဲ ကျချင်နေပြီ။ အလုပ်သစ်မှာရော အဆင်ပြေ ပျော်ရွှင်ပါလေစ။ အလုပ်မှာ ဗျာများနေသော သူ့ကို ဒိုတာခုတ်တုန်းကလိုမျိုး အလုပ်တွေ လမ်းကြောင်းရှင်းပေး၊ ခွန်အားဖြည့်ပေးလို့ ရလျှင် ကောင်းပါလိမ့်မည်။

တဆက်တည်းနှင့် အလုပ်မှာ တစ်ရက်တစ်ကျပ် လစာတိုးလေသော၊ တီတီတာတာစကားဆိုတတ်သော ကျေးတမာကို သတိရသည်။ ထို ငှက် ကျေးတမာသည် အတောင်လဲ မပါသလို ပျံတတ်ပုံလဲ မရပါ။

အထွေးဆုံးသော ညီ အငယ်ဆုံးမို့ အလိုလိုက်တာ၊ ဦးစားပေတာ ခံရလျှင် အင်မတန် ကျေနပ်တတ်သည်။ သို့သော် ဒိုတာများ ခုတ်နေရလျှင် အကိုတွေကို ချွဲဖို့ သူ သတိမရတတ်သလို သူ၏ မန်ဒါလီတွေ ဘာတွေကိုလဲ သူ..မေ့လေပြီ။
နီမနေ၊ စိမ်းမနေသော သူ့ ဂျီတော့ကို လှမ်းခေါ်တော့ ဘာမှ ပြန်မလာ။ အလုပ်ထဲ မရောက်သေးဘူးလား..။

ညက အအိပ်နောက်ကျပြီး မနက်မထနိုင်လို့ အလုပ် မသွားနိုင်ပြန်ပေဘူးလား..။
တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို သွားခဲ့ကြတော့ အိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့မှာ ဘာကြောင့်မှန်းမသိ၊ ပျင်းလာပြန်သည်။ ဒီတော့ ဘာလုပ်ရရင် ကောင်းမလဲ အကြံထုတ်ရပြီ။ ကြက်သားနဲ့ အာလူးပူရီ လုပ်စားရရင် ကောင်းလေမလား။ ဒီိမောင်နှမတွေ စားတတ်ကြရဲ့လား။ ကြိုက်ကြရဲ့လား..။

မုန့်လုပ်စားမည် တွေးမိပြန်တော့ အစားမက်သော ညီမ မူသေကို လွမ်းရပြန်၏။ အိမ်ဘက် ရောက်မလာပဲ ပျောက်နေသည်မှာ တစ်လပင် မကတော့ဘူးလား မသိ။

ညီမျိုးနှင့် လျှောက်လည်နေသည်လား။ အားကစားတွေလုပ်ပြီး ပင်ပန်းနေလေပြီလား..။ စကားသိပ်မပြောသလောက် တစ်ခွန်းပြောလိုက်လျှင် ထိုတစ်ခွန်းတည်းနှင့်ပင် လုံလောက်စွာ ချုပ်တတ်လေသော ညီမျိုးနှင့် မဲတူ အဲလေ မူသေတို့ကိုလည်း မုန့်လုပ်စားလေတိုင်း၊ တခါတလေ.. ဘာအကြောင်းပြချက်မှ မရှိပါပဲ သတိရလို့ နေမိတတ်ပြန်သည်။


အရပ်ရှည်ရှည်နှင့်ညီမ၊ ၀ိုင်းဝိုင်းလုံးလုံးနှင့် ညီမကိုလဲ မကြာခဏ ကျွန်တော် သတိရတတ်သော်လည်း ဆုံဖြစ်ကြဖို့ မကြိုးစားမိတတ်ပါ။
အလုပ်များလေသော၊ အလုပ်ဝန်ဖိစီးမှုတွေ များလေသော ခောတ်ကာလကြီးထဲမှာ လူတစ်ယောက်က တစ်ယောက်ကို အချိန်ပေးနိုင်ဖို့ ဆိုသည်မှာ အဖိုးတို့ ခောတ်၊ အဖေတို့ခောတ်ကလောက် မလွယ်ကူတော့။

တစ်အိမ်တည်းမှာ အတူနေပြီး အခန်းမတူရုံမျှနှင့်ပင် တစ်ယောက်မျက်နှာ တစ်ယောက် မတွေ့ဖြစ်ကြသော နေ့ရက်တွေ ရှိနေကြသည်ပဲ။ ကံကြမ္မာ ရေစက် ဆုံလေချိန်မှာ တစ်မိုးတည်းအောက် အတူရှိနေကြချိန်လေးတွေကို ကျွန်တော် အင်မတန် တန်ဖိုးထားသည်။ အတိတ်သည် စိတ်ကူးနှင့်သာ ပြန်လျှောက်လို့ ရသောလမ်း ဖြစ်ပြီး ပြန်လိုချင်တိုင်း ရနိုင်သည် မဟုတ်။ အနာဂါတ်သည် မျှော်မှန်းဆနိုင်ခွင့်နှင့် ကြိုတင်စီစဉ်နိုင်ခွင့်သာ ရှိ၏။ ကိုယ် သေသေချာချာ မပိုင်။ လက်ရှိ ပစ္စုပန်သည်သာ ကိုယ် သေချာစွာ ဆုပ်ကိုင်နိုင်သော အရာမဟုတ်လား။

ဒီတော့ ခုလို နေ့ရက်၊ အချိန်လေးများကို ကျွန်တော် တန်ဖိုး အထားနိုင်ဆုံး ထားသည်။
အိမ်ရှေ့ ထမင်းစားပွဲက မှန် ကွဲကြေသွားခဲ့ဖူးပြီးပြီ။ တစ်စစီ မွကြွေသွားသော မှန်ချပ် အပိုင်းအစများသည် ကောင်းမွန်သော မှန်တစ်ချပ် ပြန်ဖြစ်မလာနိုင်တော့သောအခါ အမှိုက်ပုံးထဲ ရောက်သွား၏။ မှန်အသစ်တစ်ချပ် ထပ်ဝယ်ဖြစ်ဖို့ အကျိုးအကြောင်းကလည်း ခုချိန်ထိ မတိုက်ဆိုင်နိုင်သေးပါ။ ထမင်းစားပွဲ မှန်သည် အသစ်ပြန်လဲလျှင်ရနိုင်သည်။ သံယောဇဉ်နှင့် မေတ္တာတရားသည် ကျိုးပဲ့သွားပါက... မွကြေသွားပါက... အသစ်ပြန် တပ်ဆင်နိုင်သည်လား မတပ်ဆင်နိုင်ဘူးလား ကျွန်တော် သေချာမသိပါ။ ညီထွေးလေးက အဆို တင်သွင်းလာ၏။
ကွဲကျသွားသော ထမင်းစားပွဲမှန်သည် ပို၍ ချွန်မြသည်....


တဲ့...။ မှန် ချင်း တူကြသော်လည်း မှန်လို ကွဲကြေတတ်သော သံယောဇဉ်နှင့် မေတ္တာတရားကို ထားမိပါက အခန့်မသင့်လျှင် ကွဲကြေနိုင်သည်။ ဒီ့ထက်ပိုပြီး အခန့်မသင့်လျှင် ထိရှ ဒဏ်ရာရနိုင်သည်။ မှန်ကန်သော သံယောဇဉ်နှင့် မေတ္တာတရားကိုသာ ထားနိုင်လျှင်တော့ အေးလျှင်လည်း အတူ၊ ပူလျှင်လည်းအမျှ.ငြိမ်းချမ်းနိုင်ကြမည်။


ကျွန်တော့် မောင်နှမတွေ အားလုံးကို ငြိမ်းချမ်းသော ရိပ်မြုံလေး တစ်ခုသာ ဖန်တီး တည်ဆောက်ပေးလိုသည်။ ကိုယ်တိုင်က ချမ်းသာသူ၊ အောင်မြင်ကျော်ကြားသူ မဖြစ်လိုလှပဲ အေးအေးဆေးဆေး၊ ငြိမ်းငြိမ်းချမ်းချမ်းလေး နေ နေ ရလျှင် ကျေနပ်နေသော်လည်း သူတို့လေးတွေကိုတော့ ဘ၀မှာ အောင်မြင် ထင်ရှား ကျော်ကြားသူတွေ အဖြစ် မြင်ချင်သည်။ တစ်မိုးတည်းအောက် အတူ ဆုံဖြစ်၊ နေဖြစ်ကြချိန်မှာ နွေးထွေးသော မိသားစုရိပ်မြုံလေး ထဲ လုံခြုံ ပျော်ရွှင်စေချင်လွန်းလှသည်။ ထိုအခါ အကြီးဆုံးသော အကိုကြီး ကျွန်တော်သည် အကိုကြီးတစ်ယောက် ပီသစွာ သူတို့လေးတွေကို စောင့်ရှောက်နိုင်ပါရဲ့လား အတွေးတချို့ မကြာမဏ ၀င်တတ်သည်။ သူတို့လေးတွေ မပျော်ရွှင်မှာ၊ အဆင်မပြေမှာ စိုးရိမ်ကြောင့်ကျသည်။


ကျွန်တော့်ဘ၀မှာ မှတ်တိုင်လေးတွေ စိုက်ထူခဲ့သည် ဆိုပါစို့။ သူတို့တစ်ယောက်ချင်းစီသည် ကျွန်တော့်ဘ၀ထဲမှ အစိတ်အပိုင်းလေးများ ဖြစ်ကြသည်။ ထို အစိတ်အပိုင်းလေးများသည် ဘ၀၏ နာမ်ခန္ဒာကို ပြည့်စုံ ကြွယ်ဝစေ၏။ သူတို့လေးတွေသည် အေးအတူ၊ ပူအမျှ ဆိုသော ဘ၀အစိတ်အပိုင်းတစ်ခုကို ခုချိန်မှာ အတူ ရင်ဆိုင်နေကြသော ဘ၀ခရီးသွား မိတ်ဆွေကောင်းများလည်း ဖြစ်ကြ၏။





ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်





Tuesday, 26 October 2010

ကဖိုးစိန်အကြောင်းတစေ့တစောင်း

ကဖိုးစိန် ဘယ်ရောက်နေလဲ။ဘာလုပ်နေလဲ။ ဘာတွေ ဖြစ်နေလဲ ဆိုတာ ချစ်လို့ သိချင်တဲ့သူရှိမယ်။ မချစ်လို့ သိချင်နေတာလဲ ရှိမယ်။ မသိလိုက်မသိဖာသာ နေသလိုလိုနဲ့ သိချင်တဲ့သူလဲရှိမယ်။ လုံးဝကို ဂရုမစိုက်တဲ့သူလဲ ရှိမယ်။ ဘာပဲ ဖြစ်ဖြစ် ချစ်ခင် လို့ သိချင်တဲ့သူတွေ အတွက် ရည်ရွယ်ပါတယ်။

ခုတလော ဘလော့ကို လုံးဝမရောက်ဖြစ်ဘူး။ စာရေးရင်လဲ မတင်ဖြစ်ပဲ သိမ်းတဲ့ အထဲရောက်သွားတာပါပဲ။ ကြာတော့လဲ ပိုစ့်တင်ချင်တဲ့ စိတ်ကမရှိတော့ဘူး ဖြစ်သွားတယ်။ အရင် ဆိုရင် ပိုစ့်တင်ရတာပျော်တယ်။ စာရေးရတာလဲ ပျော်တယ်။ ကိုယ့်နဲ့ အတူ ရေးဖော် ရေးဖက်တွေ ရှိတယ်။ သူတို့ ဘလော့တွေလည် ကော့မန့်ရေးလိုက် ၊ စီပုံးမှာအော်လိုက်နဲ့ စိတ်ချမ်းသာရတယ်။ သူတို့ ရေးတဲ့ စာတွေ ထဲမှာ ကောင်းတာတွေ ဗဟုသုတ ရစရာရှိရင် ယူလိုက်တယ်။ ကိုယ့်ထက်ဝါရင့်တယ် ဆိုရင် သူတို့ ဆီက အတုယူတယ်။ သင်လိုက်တယ်။ ဒီလိုနဲ့ စာရေးခဲ့တာပဲ။

အခုတော့ တော်တော်များများ စာရေးကျဲသွားကြတယ်။ အင်းလေ.. တကယ်တော့ ဘလော့ရေးတဲ့သူတွေက စာရေးဆရာတွေ မဟုတ်ကြပါဘူး။ ဘလော့ရေးတဲ့ စာရေးဆရာတွေကို ပြောတာ မဟုတ်ပါဘူး။ သာမန်အားဖြင့် စာတပုစ်ရေးဖို့ တကယ်မလွယ်ဘူးဆိုတာ စာရေးတဲ့သူတွေ မှသိတယ်။ ကိုယ်ရေးတဲ့စာက သူများအတွက် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ကြိုးစားအားထုတ်မှု တခုနဲ့အချိန်ပေးရတာပဲ။ အဲဒီထဲမှာ ခံစားချက်တချို့ပါမယ်။ ရသတခုပါမယ်။ ဘလော့ရေးတဲ့သူ တစ်ယောက် အတွက် ပိုစ့်တိုင်း ကောင်းချင်မှ ကောင်းမှာပဲ။ လူတိုင်းအတွက်တော့ မဟုတ်နိုင်ဘူး။လူတိုင်း အကြိုက်ချင်းတူ မှမတူပဲလေ။ အမြင်မတူတာ မျိုးတွေ ရှိလာတဲ့အခါကျရင် တော့ တိုက်ခိုက်မှုတွေ ဖြစ်လာမယ်။ စိတ်အခန့် မသင့်တဲ့အခါ အလိုမကျတဲ့အချိန်နဲ့ ဆုံရင် တခြားရေးလိုက်တဲ့စာက ကိုယ့်အတွက် အနှောက်အယှက် ဖြစ်လာနိုင်တယ်။ အဲဒီအခါကျရင် အယူအဆတွေကွဲ မူဝါဒတွေကွဲကြတော့မယ်။ ကိုယ်တိုင်လဲ မထင်မှတ်ပဲ စိတ်အခန့်မသင့်တဲ့ အချိန်နဲ့ ဆုံတုန်းက ဘလော့တခုမှာ စိတ်သွားဆိုးဖူးတယ်။ ဒါပေမယ့် နောက်တော့လဲ ဘာမှမဟုတ်မှန်းသိလိုက်တော့ အဲဒီအကြောင်းပြောတိုင်း ရယ်မိတယ်။

တခုရလိုက်တာက ကိုယ့်ကို လူမမြင်ဘူးဘဲ ကိုယ့်အကြောင်းကိုသေချာမသိဘဲ ကိုယ့်ကို ကြည့်မရတဲ့ သူတွေ အမြင်မကြည်တဲ့သူတွေ ရှိတာ သိလိုက်ရတယ်။ ကိုယ့်ဘက်ကတော့ စိတ်ရှင်းပါတယ်။ ကိုယ်ဘက်က စိတ်ထဲ မထားတော့ဘူးဆိုရင် တကယ်ကို ပျောက်ကွယ်သွားအောင် နေတတ်တဲ့ အကျင့်လုပ်ထားတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေကို ဆင်ခြင်ပြီး စာမရေးဖြစ်တော့ဘူး။ရေးရင်လဲ အကြောင်းအရာတခုခုတိုက်ဆိုင်မှ၊တယောက်ယောက် ကပြောမှပဲ ရေးဖြစ်တော့တယ်။ ကိုယ်စာရေးကောင်းတာ မဟုတ်ဘူး ဆိုတာ ကိုယ်တိုင်သိပါတယ်။ ဘာဖြစ်ဖြစ် ကိုယ်ရေးတဲ့စာတွေက သူများအတွက် အဆိပ် အတောက် ဖြစ်ရင် မကောင်းဘူး။ ဒီလိုနဲ့ စာရေးကျဲသွားတာပဲ။ ကိုယ်ရေးလိုက်လို့ အပြုသဘောဆောင်တဲ့ ထင်မြင်ချက်တွေ ချရေးသွားတာထက် ကိုယ့်ကိုနားမလည်ပဲ တခုခုကို အဖြစ် ရေးသွားရင် စာရေးတဲ့သူ ဘက်က အနည်းနဲ့ အများတော့ ထိခိုက်ရတာပါပဲ။ ထင်မြင်ချက်ကောင်းကောင်းပဲ ရချင်တာမဟုတ်ပါဘူး။ နည်းပေးလမ်းညွန်နဲ့ သွန်သင်သွားရင် လက်ခံပါတယ်။ ဒါပေမယ့် လူအမျိုးမျိုး စိတ်အထွေထွေ မဟုတ်လား။ ကိုယ့်ကို လူတိုင်းကတော့ ဘယ်ချစ်ပါ့မလဲ။ ကိုယ့် ကိုယ်အပြစ်မြင်နေရင် ကိုယ်ရေးတဲ့စာလဲ ကောင်းစရာ မရှိတော့ပါဘူး။ ဒါကလဲဖြစ်တတ်ပါတယ်လေ။

တခါတလေ အသိမိတ်ဆွေ တချို့ အိမ်ကို အလှူသွားတာတို့ အလည်သွားတာတို့ နဲ့ ဆုံလို့ တယောက်ယောက် က ဒါဖိုးစိန် လို့ မိတ်မဆက် ပေးပဲနဲ့ ကဖိုးစိန် ဆိုတာကို တန်းသိတဲ့သူတွေ ရှိတယ်။ ပြီးတော့ ကိုယ့်နဲ့ စကားပြောရင် ကိုယ်ရေးခဲ့ဖူးတဲ့ ကိုယ့်အဖေအကြောင်းတွေ ကိုယ့်အမေအကြောင်းတွေ၊ ဆိုက်ပရပ်စ်က ကိုယ့်အကြောင်းတွေကို မေးကြတယ်။ ကိုယ်ငယ်ငယ်က ဆိုးတာတွေ၊ ဒေါသကြီးတာတွေ မကြိုက်တာ ၊ ကြိုက်တာဆိုတာ တွေကို သတိတရ မေးတဲ့ စာဖတ်တဲ့ အမတွေ အကိုတွေ နဲ့ တွေ့တော့ ကိုယ်ရေးခဲ့တဲ့ စာတွေ အတွက် ပီတိ ဖြစ်ရတယ်။ ကိုယ်ရေးတာလဲ ကိုယ့်မိသားစုအကြောင်းနဲ့ ကိုယ့်ပတ်ဝန်းကျင်က အကြောင်းများတာကိုး။ ပိုစ့်မတက်တာကြာရင်၊တခါတလေ စိတ်ကူးပေါက်တဲ့ မဖြစ်စလောက် စာတွေ တင်ရင် ကိုယ့်ကို အရင်လို စာကောင်းကောင်းရေးဖို့၊ပေါက်ကရတွေ မရေးဖို့ ပြောလာတဲ့သူတွေလဲ ရှိတယ်။ အဲဒီအခါကျရင် စာပြန်ရေးဖို့ အားတက်ပြန်တယ်။ ကိုယ့်ဆီကို ပုံမှန်စာလာဖတ်တဲ့ သူတွေကို လေးစားပါတယ်။ ကိုယ့်ဘက်ကလဲ စာဖတ်တဲ့သူတွေ အတွက် ရသတခုခု ရအောင်ကြိုးစားပေးချင်ပါတယ်။
ခုမှ တကယ်ပြောချင်တာကိုပြောတော့မယ်။

ခုလောလောဆယ်တော့ အိမ်မှာ ရှိတဲ့ ညီတွေညီမတွေနဲ့ အော်လိုက်ဟစ်လိုက် ဆူလိုက်နဲ့ နေနေပါတယ်။ မွေးနေ့ ကန်ထရိုက် ယူထားသလားလို့ အောက်မေ့ရအောင် အိမ်မှာ မွေးနေ့များ မပြတ် ကျင်းပနေတယ်။ ကိတ်မုန့်ပေါ် မီးထွန်းပြီး ဟက်ပီးဘတ်ဒေးလို့ တပတ်တခါနီးပါး ခဏခဏ အော်နေကြလို့ ဘေးအိမ်က လူတွေ ကတောင် ကြောင်တောင်တောင် ဖြစ်နေပါတယ်။ ကိုယ့်သူငယ်ချင်းကိုယ်တိုင်က ကိုယ့်ကို မွေးနေ့ ကန်ထရိုက်တာလို့ ခေါ်နေပါပြီး။ ခုနောင်လာမယ့် မွေးနေ့ တွေ တန်းစီနေပါသေးတယ်။ ပြီးတော့ တန်ဆောင်မုန်းလပြည့်မှာ အလှူ တခု လုပ်နိုင်ဖို့ အတွက် စတင်အကောင်အထည်ဖော်နေပါတယ်။

အားတဲ့အချိန် မရှိဘူးလားဆိုတော့ အားပါတယ်။ အားတိုင်းလဲ ဟင်းချက်တမ်းဆော့ပါတယ်။ တကယ်ချက်တာပါပဲ။ ကိုယ်ချက်တာ ကိုယ်မစားနိုင်ဘူး ဖြစ်နေတယ်။ ဆော့သမျှ ဟင်းတွေ အစားအသောက်တွေကို အိမ်မှာ ရှိတဲ့ ညီတွေ အကိုတွေအမတွေရော အိမ်မှာ မနေတဲ့ ညီတွေ ညီမတွေကိုရော အတင်းခေါ်ကျွေးရပါတယ်။ သူတို့က ကြိုက်လို့ စားတာထက် ကိုယ့်ကိုကြောက်လို့ ကိုယ်ဆော့ထားတဲ့ လက်ရာတွေကို ကောင်းကောင်း မကောင်းကောင်း စားကြရပါတယ်။ မကောင်းဘူးလဲမဝေဖန်ရဲ ကြပါဘူး။ ဝေဖန်ရင် ခွက်ပျံ ဇွန်းပျံတွေကို မြင်ရလို့ အတင်းကျိတ်မှိတ် မြိုချရတာကို ကိုယ်ကတော့ အဟုတ်ထင်ပြီး သဘောတကျ ရှိနေတတ်တာပါ။

ပြီးတော့ gym သွားပါတယ်။ ရှေ့ကို ပူထွက်နေတယ်လို့ ဗိုက်ကို ကျချင်လို့ပါ။ ကိုယ်ကဆိုက်ကို ရှိတော့ သူတို့ စချင်ရင် ကိုယ့်ဗိုက်က ပူနေတတ်ပြီး ကိုယ် ဆိုက်ကို ဝင်မှန်းသိရင် သူတို့က တထစ်လျှော့ပြီး ဗိုက်ကမပူဘူးဖြစ်ရပြန်ရော။တကယ်တမ်းကျတော့ မသိမသာ ပူတာပါ။ (ကိုယ့်ဗိုက်ကိုယ် အသက်အောင့် ကြည့်ပြီးပြောတာပါ)။ ခုပုံမှန်ကစားဖြစ်တော့ ကျသွားပါတယ်။ (ဒါလဲ ကိုယ့်စိတ်ကိုယ်အားတင်းပြီး ပြောတာပါပဲ)။ဒီလိုနဲ့ တပတ်သုံးရက် အချိန်ပေးရင်း ကိုယ်လက်တွေ မသယ်နိုင်အောင် ကိုက်ခဲနေတာပဲ။အခုမှ ရည်မှန်းချက်ကြီးလာတယ်။ ၂၀၁၁ ကျ မောင်ဗမာ ပြိုင်ပွဲများဝင်နိုင်မလားလို့။ သူများတွေလို six pack abs မရှိပေမယ့် One pack abs ရှိနေရမယ်ဆိုတာ လုံးဝအာမခံပါတယ်။

အခုတက်နေတဲ့ ကျောင်းလဲ နောက်နှစ်လနေရင် ပြီးတော့မှာပါ။ ဒီရောက်တာလဲ နောင်နှစ်လ ထဲမှာ တစ်နှစ်ပြည့်တော့မယ်။ အခု အလုပ်လဲ ရှာနေပါတယ်။ အချိန်တန်လို့ မှအလုပ်မရရင် ဆိုက်ပရပ်စ်ကို ပြန်ပါတော့မယ်။ ဟိုကသူထေးတွေက ခေါ်နေပါပြီး။ တနှစ်လုံးလုံး ဒီမှာပျော်ပွဲစားထွက်လို့လဲ ဝလောက်ပါပြီး။မွေးနေ့ ကန်ထရိုက်ယူလိုက်တာလဲ အရှူံးပေါ်ပါတယ်။ ( :P မွေးနေ့ ရှင်ဆီက ပီဇာမှာကျွေးဖို့ ပိုက်ဆံရာချီ တောင်းပြီး မွေးနေ့ပွဲလာတဲ့သူကို ဆန်ပြုတ်တိုက်လို့ အရှူံး ပေါ်ရတာပါ)။ဟော်လီးဒေး တနှစ်ဆိုတာလဲ ကိုယ့်အတွက် အများကြီးပဲ။ ဒီတနှစ်အတွင်းမှာ ကိုယ်မေတ္တာတွေ တပုံတပင် မသယ်နိုင်အောင် ရလိုက်တယ်။ သံယောဇဉ်တွေကို ခြင်ထောင်ပေါင်း မြောက်များစွာလှန်ပြီး ထည့်ထားရတယ်။ ပျော်စရာကောင်း၊လွမ်းစရာကောင်း၊စိတ်ညစ်စရာကောင်း ၊ဒေါသဖြစ်စရာကောင်းနဲ့ ရသပေါင်းစုံပါပဲ။

တစ်ယောက်တည်း အထီးကျန်တဲ့ ဘဝထက်စာရင် ခုလို ဘဝက နေပျော် သေပျော်ပါတယ်။ ဒါပေမယ့်လည်း ဘဝပေးတဲ့ နေရာမှာ နေရမှာပဲ။ ခုအလုပ်ကို ကြိုးစားရှာနေပါတယ်။ တကယ်တမ်း ဆိုက်ပရပ်စ်ကို မပြန်ချင်ပေမယ့် အမှန်တိုင်းဝန်ခံရရင် ဆိုက်ပရပ်စ်မှာ နေခဲ့ရတဲ့ အိမ်တွေ၊ ကိုယ်ပိုင်တဲ့ပစ္စည်းတွေနဲ့ ဆိုက်ပရပ်စ်က ဘဝကို အရမ်းလွမ်းတယ်။ လွမ်းတိုင်း ခဏခဏပြောလို့လဲ ကိုယ့်ကို ဒါနဲ့ဆို အကြိမ် ၁၀၀ ၊ဒါနဲ့ ဆို အကြိမ် ၁၆၀နဲ့ စကြနောက်ကြတဲ့ အထိပါပဲ။ ဘာပဲဖြစ်ဖြစ် အချိန်တန်ရင်တော့ တခုခုဖြစ်လာတာပဲ။ ခုလည်းဒီမှာ အလုပ်ကို ကြိုးစားရှာနေပါတယ်။ ပွဲစားများရှိရင်ပြောပါ။ ရှောင်မလို့ပါ။

ဒီလိုနဲ့သံသရာ လည်ရင်း တနှစ်ပင်ပြည့်တော့မည် ဖြစ်ပါကြောင်း.....

ခုဆိုရင် ဖိုးစိန် အကြောင်းတစေ့တစောင်းတော့ ရိပ်မိမယ်ထင်ပါတယ်။

ဖိုးစိန်ကို ချစ်သူများရော.. မုန်းသူများရော…. ကြည့်မရသူများရော…. မချစ်တချစ် များရော… အားလုံးပျော်ရွင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်…။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်







Thursday, 7 October 2010

ကလေးမချစ်တတ်ပါ.. သို့သော်..

ဒီနေ့ ကျနော့်အချစ်ဆုံး သူငယ်ချင်းက မက်ဆေ့ပို့ပြီးပြောတယ်။သူ့အမ ကလေးမွေးပြီးတဲ့။ကျနော်လဲ ကွန်ကရက်ကျူလေးရှင်း…ဘာရှင်း… ညာရှင်းပေါ့။

တကယ်တော့ ရှင်းရှင်းပြောရရင်ကျနော် ကလေးမချစ်တတ်ဘူး။ ကလေးငိုသံကြားရင် နေမထိ ထိုင်မထိနဲ့ အလိုလို နေရင်းဒေါသထွက်နေတာ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ကလေးငယ်ငယ်လေးတွေ တွေ့ရင်ကိုယ့် မျက်လုံးပြူးပြူးနဲ့ မကြောက်ကြောက် အောင်ဖြဲခြောက်တတ်တာ အကျင့်လို ဖြစ်နေပြီး။ လမ်းမှာ ဂျီကျပြီး ငိုနေတဲ့ ကလေးဆိုရင် စိတ်ထဲက ဆွဲဆောင့်ကိုင်ပေါက်တာလဲ အကြိမ်ပေါင်းမနည်းဘူး။ ဂျစ်ကျတတ်တဲ့ ကလေးကိုဆို အရမ်းဆုံးမချင်တာ။အရမ်းအသည်းယား တာပဲ။ လိမ္မာတဲ့ ကလေးဆိုလဲ ငိုအောင်အရမ်းစချင်တယ်။ ဘယ်လို စိတ်မှန်းကို မသိတာ။

အိမ်မှာဆို ကျနော့် အမျိုး ဝမ်းကွဲ ကလေးတွေ ကျနော် ရှိရင် အိမ်နားမလာကြဘူး။ ကြောက်ကြတယ်။ အိမ်လာရင် ဟိုမလာရ၊ဒီမလာရ အမိန့်ထုတ်တာနဲ့ မကစားရဘူး၊ ငြိမ်ငြိမ်ထိုင်ရမယ်ဘာမယ်နဲ့ အိမ်လာရင် ဘာမှ တောင်းဆိုခွင့် မပေးဘူး။ ဒါကြောင့် ကလေးတွေက ကျနော်ရှိရင် အိမ်ကိုလုံးဝ မလာဘူး။ တအိမ်လုံးက ကျနော့်နဲ့ ဆန့်ကျင်ဘက်။ တအိမ်လုံး ကလေးချစ်ကြတယ်။ ကျနော် ရှိနေတော့ ကလေးကို မခေါ်ရဲဘဲ အိမ်အပြင် မှာချစ်ကြရတယ်။ ဖေဖေကတော့ ပြောပါတယ်။ သားစိန်တို့ သားသမီးရရင် ဘယ်လိုနေမလဲ မသိဘူး ဆိုပဲ။ ကျနော်ကလဲ ပြောပါတယ်။” ကိုယ့်သားသမီးဆိုရင်တော့ တမျိုးပေါ့။ခုဟာက ကိုယ့်သားသမီးမှ မဟုတ်တာလို့”။

ကလေးမချစ်တတ်ဘူး ဆိုပေမယ့် ငယ်ငယ်ကတော့ ကလေးထိန်းဖူးပါတယ်။ကျနော့်ညီမ အရင်းကိုပေါ့။ မွေးခါစ ကတည်းက ဝဝကစ်ကစ် ဖြူဖြူ လုံးလုံး မို့ အသည်းယားစရာကောင်းပါတယ်။ အိမ်မှာ မေမေတို့က snow white ခေါ်လိုက် မနှင်းဖြူ ခေါ်လိုက်နဲ့ အငယ်မလေးက နာမည်စုံရပါတယ်။ ကျနော်နဲ့ တနှစ်ကျော်သာကွာတဲ့ ကျနော့်ညီ က ညီမလေး ကိုခဏခဏတောင်းချီပါတယ်။ညီမလေး ကိုယ်လုံးက လေးတာမို့ မေမေတို့က ခွင့်မပြုဘူး။ လွတ်လွတ်လပ်လပ် မချီပိုးရဘူးလေ။ ချီချင်ရင်တောင် မေမေတို့က ကိုင်ထားသေးတယ်။ အဲဒါကို ပဲညီအကိုနှစ်ယောက် အတင်းလုချီရင်း ရန်ဖြစ်ကျတော့ အလယ်က ညီမလေးကို ဟိုထိ ဒီထိ နဲ့ ညီမလေးက ထငိုပါရော။ အဲဒါနဲ့ တခါမှ ကောင်းကောင်း မချီဖြစ်ခဲ့ဘူး။

တခါတလေ ညီမလေး အိပ်နေရင် ကျနော်တို့ အနားသွားပြီး ပါးလေးကိုင်လိုက်၊ လက်လေးကို တို့လိုက် လုပ်တတ်ပါတယ်။ တခါတခါ ပါးဖောင်းဖောင်းနဲ့ ညီမလေး ကို အသဲယားလို့ ပါးကို ငုံပြီး ဖွဖွလေး ကိုက်မိပါတယ်။ ကျနော်ကတော့ ဖွဖွလေးလို့ ထင်တာပဲ။ အငယ်မတော့ ပါးမှာ သွားရာနဲ့ အသံပျောက်အောင်ငိုလို့ ကျနော် ညီမလေး နားကို တလလောက် ကပ်ခွင့် မရခဲ့ပါဘူး။ ညီမလေးကို အဲလိုချစ်ခဲ့တာပါ။
ငယ်ငယ်က လူကြီးတွေ ပြောတယ်။ ကိုယ့်အောက် ကမွေးတဲ့ ညီညီမတွေရဲ့ ချက်ကို နမ်းရင် အဲဒီညီညီမတွေ ကြီးလာရင် ကိုယ့်ကို ချစ်တယ်တဲ့။ အဲဒါနဲ့ ကျနော်တို့လဲ ညီမလေးရဲ့ စူနေတဲ့ ချက်ကို နမ်းတာပေါ့။ ချက်ကောင်းထိသွားလို့ ဖြစ်မယ်။ ကျနော် နမ်းတဲ့ အလှည့်ကျ အငယ်မက သေးနဲ့ ပန်းပါလေရောဗျာ…။ ညီမလေး ကတော့ ယားလို့ တခစ်ခစ်နဲ့ ရယ်မောလို့ပေါ့။ ကျနော်ကသာ ပါးစပ်ထဲမဝင်အောင် အတင်း ရှောင်လိုက်ရတယ်။ မိန်းခလေးမို့သာပဲ။ :P

ညီမလေး လေးဘက်သွားပြီး ထိုင်ထလုပ်တဲ့ အခါကျ တော်တော်ချစ်ဖို့ ကောင်းနေပါပြီး။ အငယ်မကိုကြည့်လိုက်ရင် လက်လေးနှစ်ဖက် ဖြန့်ပြီး တခုခုကို အမြဲတောင်းစားနေတဲ့ ပုံပေါက်တယ်။ အဲဒါကြောင့် ကျနော်တို့ လဲ ကျနော်တို့ပဲ စားနေတာ မကြည့်ရက်လို့ ညီမလေး ကို သွားသွားခွံတာ။ သကြားလုံးကို ဝါးပြီးခွံ့တာမျိုး။ မန်ကျည်းတော်ဖီ ကို သွားခွံ့တာမျိုးပေါ့။ သကြားလုံးကြတော့လဲ အမေက လန့်ပြီးခဏခဏ သွားပြန်နှိုက်တာ။ မန်ကျည်းတော်ဖီ စားရင် ညီမလေးမျက်နှာက ချဉ်ပြုံးပြုံးနဲ့ အရမ်းချစ်ဖို့ ကောင်းလို့ ခဏခဏ ခိုးကျွေးတာ ညီမလေးလဲ ခဏခဏဝမ်းတွေသွားပေါ့။
မတောက်တခေါက်လမ်းလေး လျှောက်တတ်တဲ့ အရွယ်ရောက်တော့ ညီအကို နှစ်ယောက် ကလက်လေးတွဲပြီး ညီမလေးနဲ့ လမ်းလျှောက်ချင်တာပေါ့။ အိမ်ထဲမှာ လမ်းလျှောက်တာကိုပဲ အငယ်ကောင်က ဟိုဘက်ကိုသွားမယ်၊ ကျနော်က ဒီဘက်ကို သွားမယ်နဲ့ အလယ်က ညီမလေးက လက်ကြီးကားကား ခြေလေးခွင်ခွင်နဲ့ ဘယ်ကိုသွားရမှန်းမသိ ကျနော်တို့ကို သနားစရာမျက်နှာလေးနဲ့လှည့်လှည့်ကြည့်တတ်တာ။ ညီအကို နှစ်ယောက်ကြားမှာ နေတော့ အဲလောက်ထိ အကြမ်းခံမှကို ဖြစ်မှာလေ။

လမ်းကောင်းကောင်း လျှောက်တတ်တဲ့ အရွယ်ရောက်တော့ ကျနော်တို့ မောင်နှမတွေ ကစားခွင့်ရတာပေါ့။ အိမ်မှာ စီးလို့ရတဲ့ နောက်သုံးဘီးပါ စက်ဘီးနဲ့ ညီမလေးကို တင်ပြီး တယောက်တလှည့် တွန်းပေးတာ မထင်မှတ်ပဲ အရှိန်လွန်ပြီး မှောက်တာ ညီမလေးလက်ကို စက်ဘီးဘီး ကျိတ်သွားတယ်။ ဘယ်နေရာ နာလို့ နာမှန်းမသိပဲ အော်ငိုနေတာက တကြောင်း အိမ်မှာ မေမေတို့ အပြင်သွားနေတဲ့ အချိန် ဆုံတာကြောင့် ကျနော်ရောအငယ်ကောင်ပါ ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ။ ခဏနေတော့ အငယ်ကောင်က အိမ်နောက်ဖေးက ဓားမယူလာရင် ညီမလေးနာနေတဲ့ နေရာကို အနာသက်သာအောင် ခုတ်လိုက်မယ်တဲ့။ ကျနော့်ကိုလာညှိတယ်လေ။ အဖွား အိမ်အရောက်မြန်လို့။ နောက်မဟုတ်ရင် ဘာဖြစ်မလဲ ညီမကို အနာပျောက်အောင်ပဲ ခုတ်ဖြတ်မိကြမလား ဆိုတာ ကျနော်တို့လဲ ကတယ် မစဉ်းစားတတ်တော့ မသိဘူး။:P
မှတ်မှတ်ရရ ညီမလေးကို ကျနော်တို့ နှစ်ယောက် ဖေဖေ အလုပ်ရုံထဲက အင်ဂျင်ဝိုင်ကိုညီမလေးကို ရေနွေးကြမ်းဆိုပြီး လိမ်တိုက်တာ။ ကျနော်တို့စိတ်ထဲမှာ ညီမလေးက သောက်ပြီး အင်ဂျင်ဝိုင်မှန်း သိရင် ပြန်ထွေးထုတ်မယ်ပေါ့။ ဒါပေမယ့် ညီမလေးက နည်းနည်းလေး မျိုချမိရော တခါတည်း ဆေးရုံ တန်းရောက်တော့တာပဲ။ ညီမလေးကိုအဲလိုချစ်တာ။

ညီမလေး စကားပြောတတ်၊ နားလည်တတ်လာတော့ အကို နှစ်ယောက်လုပ်တာမှန် သမျှ လိုက်လုပ်တော့တာပဲ။ သေးပေါက်ရင်လဲ အကိုတွေလို လိုက်ပေါက်တယ်။အကိုတွေ ဘာလုပ်လဲ လိုက်ကြည့်တယ်။ နောက်ပြီး အတုခိုးတော့တာပဲ။ အကိုနှစ်ယောက် ကြားမှာမွေးတဲ့ အငယ်ဆုံးမို့ မေမေဆိုပြောတယ်။ မျောက်သုံးကောင်မဟုတ်ဘူးမျောက်အကောင်သုံးဆယ်စာ ထိန်းရသလိုပဲတဲ့လေ။
ဘာဘဲဖြစ်ဖြစ် ညီမလေးက ကျနော်တို့လက်မှာ ငယ်ငယ်ကတည်းက ကြီးပြင်းလာရတာဆိုတော့ ညီမလေးလည်း အကို နှစ်ယောက်ကြားမှာ ဒုပေးဒဏ်ပေးခံရင် ကြီးပျင်းလာတာ။ ကလေးဆိုလို့ ကျနော်တိတိကျကျ ရေရေရာရာ နက်နက်နဲနဲ ချစ်ခဲ့တာ ကျနော့် ညီမတယောက်ပဲ ရှိမယ်ထင်ပါတယ်။

အမှန်တိုင်းဝန်ခံရရင် ဘယ်ကလေး ကိုမှ ချစ်လို့မရလို၊ ချစ်ချင်စိတ်လဲ မရှိပါဘူး။ချစ်စရာကောင်းတဲ့ ကလေးတွေ့ရင် အသဲယားကြည့် လိုက်မိတာပဲ ရှိတယ်။ တရေးတယူ ပွေ့ထူ နမ်းရှုံ့ဖို့ တခါမှ မစဉ်းစားဖူးဘူး။
တခါတလေ စဉ်းစားမိတယ်။ ကိုယ့်ရင်သွေးကျရင်…

ကိုယ့်ရင်သွေးကျရင်တော့ ကိုယ့်ညီမကို ချစ်သလို ချစ်မှာပေါ့။ ကိုယ့်ညီမကို ချစ်ခဲ့သလိုတော့ မဟုတ်လောက်ပါဘူး။(ဥပမာ- အင်ဂျင်ဝိုင်တိုက်တာမျိုး၊ ကလေးငိုလို့ ဘာမီတွန်တိုက်ပြီး အိပ်ခိုင်းတာမျိုးး)
ကိုယ့်ရင်သွေး လေးလို့ စဉ်းစားရင် အမွှာကို အရမ်းလိုချင်တာ။ ငယ်ငယ်ကတော့ အမွှာ ကိုယ်ဝန်သည် ဗိုက်ကို မြင်ရင် ပြေးပြေးနမ်းတယ်။ ကိုယ့်အလှည့်ကျ အမွှာမွေးရအောင်လို့။:P ဒါပေမယ့် ကျနော်ငယ်ငယ်တုန်းက လို မျောက်ရှုံးအောင်ဆော့တဲ့ ကလေးမျိုးတော့ မရချင်ဘူး။:P (ဝဋ်မလည်ချင်တာပါ)

ကလေးတွေကို စနစ်တကျ ပျိုးထောင်ဖို့ စဉ်းစားထားပါတယ်။ ဥပမာ ကလေးတွေ ကို ကစားစရာတွေ ဝယ်ပြီး အခန်းကျယ်ကြီး တခုထဲမှာ ပုံးထဲထည့်ထားပေးမယ်။ ဒီနေ့ အတွက် ကြိုက်တဲ့ အရုပ်တခုရွေး၊ ဝအောင်ကစား ပြီးရင် ပုံးထဲ ပြန်ထည့်။ ကစားလို့ ဝရင် အဲဒီအခန်းထဲက ပြန်ထွက်ပေါ့။

မုန့်စားရင်လဲ (ဥပမာ- ဘီစကွတ်လိုမုန့်မျိုး) ပန်းကန်ဆေးတဲ့ နေရာသွား။ ဝအောင်စား။ ကျလာတဲ့ ဘီစကွတ် အမှုန်တွေက ပန်းကန်ဆေးတဲ့ နေရာမှာပဲ ကျမယ်။ အိမ်မရှုပ်တော့ဘူး။ စားလို့ဝ နေရာလာပြန်ထိုင်။ အဲလိုမျိုးတွေ ပုံစံသွင်းပြီး ချစ်မယ်လို့ စိတ်ကူးထားတယ်။:P

ခုလောလောဆယ်တော့ ကျနော့်မျက်စိအောက်မှာ ကြီးလာတဲ့ တဦးတည်းသော ညီမလေးကိုပဲ ချစ်နေပါသေးတယ်။ နောင်တချိန် ကလေးချစ်တတ်လာရင်ဆိုတာကလဲ ကျနော်ကိုယ်တိုင် ရလာမည့် ရင်သွေးလေးများ(အဲလေ…. ရင်သွေးလို့ပဲ ရေးမယ်။ များများလိုချင်တာမဟုတ်ဘူး)ကိုချစ်မိမယ်ထင်တာပဲ။
ကလေးငယ်ငယ်လေးတွေ ရှိတဲ့ အမေတွေ ခုလောက်ဆို မျက်ခုံးလှုပ်နေလောက်ပြီး။ဖိုးစိန်ကို ငါတို့ သားသမီးတွေနဲ့ တွေ့ပေးလို့ မဖြစ်ဆိုပြီးတော့။ :P

မချစ်တတ်ပေမယ့် ကြင်နာတတ်တဲ့ အသည်းလေးတော့ရှိသေးကြောင်း..။


(ဒီပိုစ့်လေးကို တူမလေး ရတဲ့ ချစ်သူငယ်ချင်းအတွက် မကြာခင် သားရတော့မယ့် ချစ်သူငယ်ချင်းအတွက် ကျနော့် နည်းလမ်းကောင်းလေးများသုံးစွဲဖို့ ရေးလိုက်ပါတယ်။)


ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်



Thursday, 30 September 2010

လောကနီတိ ကျမ်းသစ်


ရိုးသားတဲ့သူတွေ ကျဆုံးမယ်

သည်းခံတတ်တဲ့သူတွေ နောက်ကျကျန်မယ်

ဦးနှောက်ရှိတဲ့သူတွေ မြေမြှုပ်ခံရမယ်။

ဗီလိန်တွေ ကောင်းစားမယ်။

ပေါက်ပန်းပွင့်လို အမြင်လှကြပါ။

ထမိန်ဈေးမကောင်းခင်

နှုတ်ခမ်းမွေးတွေ ရိတ်ကြပါ။

စိတ်ခံစားမှုနဲ့ ယှဉ်ရင်တော့

ငါဟာ မမှန်တရားတွေကို ရင်ဆိုင်ရတာ နေသားကျနေခဲ့ပြီး။

အမှန်တရားကို တောင် မေ့နေတာကြာပေါ့။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Sunday, 26 September 2010

ချစ်ညီပေါက်ပေါက်မွေးနေ့ အမှတ်တရပါ




ပေါက်ပေါက်ရဲ့မွေးနေ့ အချိန် မိနစ်ပိုင်းလေး အလိုမှာ ချစ်သူလေးက ဆုတောင်းဖို့ စောင့်နေတယ် ဆိုတော့ ပေါက်ပေါက်ခမျာ ဒိုတာ ခုတ်တာတောင် စိတ်မဖြောင့်..။ (၁၂)နာရီထိုးတာကို ဖဘ နဲ့ ဂတ ဖွင့်ပြီး ရင်ခုန်စွာစောင့်ဆိုင်းနေတာ။ (၁၂) မထိုးခင်မှာ ပေါက်ပေါက် အမ ကိတ်မုန့် အကြီးကြီး နဲ့ မနိုင်မနင်း သယ်ပြီး အိမ်ပြန်လာတယ်။ (၁၂)ထိုးတာနဲ့ ဘတ်ဒေးသီချင်းဖွင့်၊ မီးမှုတ်ပြီး အိမ်ကညီအကို မောင်နှမတွေ ဆုတောင်းကြတယ်။ ကိတ်မုန့်ခွံ့ကျွေးပြီး ဖဘ နဲ့ ဂတ မှာ ဝိုင်းဆုတောင်းကြတယ်။ မိုးမလင်း၊ တလင်းထိ ဒိုတာခုတ်ကြတယ်။ ပြီးတော့ စားဖိုမူး အိပ်နေတာကို လုပ်ကြံကြတယ်လေ။


အဲဒီနေ့က မနက်ပိုင်း မိုးတွေ အုံ့ဆိုင်းမှိုင်းညို နေပြီး နေ့လည်လောက်ကျ မိုးတွေ သည်းနေလိုက်တာများ...။ စိုးရိမ်လွန်တာက စားဖိုမူး... ။ စားဖိုမူးကြီး စိုးရိမ်နေလို့ မိုးရွာရင် အိမ်အောက်မှာပဲ လုပ်တော့မယ်ဆိုပြီး ဝိုင်းကမထတမ်းကစားတဲ့ ညီတွေ စနေတာကို လှိမ့်ပိတ်ခံနေရတာပါပဲ။ မိုးလေးတိတ်လို့ အလင်းရောင်လေး ရရော ထခုန်ပေါက်မတတ်ပျော်လိုက်တာ။ သွားချင်နေတဲ့ အီးကုတ်လေးကို သွားရဖို့။ လက်စွမ်းပြရဖို့။ ;P

ရောက်တော့ ရာသီဥတုက သာယာလိုက်တာ။ ကြိုရောက်နေတဲ့ မမြူးတို့နဲ့ မက်ဒေါနယ် ဆိုင်မှာ ဆုံပြီး နေရာလိုက်ရှာတာ။ ကိုယ်တွေက နေရာကို မဘွတ်ထားတော့ လွတ်နေတဲ့ နေရာမှာ ခပ်တည်တည်နဲ့ ပစ္စည်းတွေထား၊မီးတွေမွှေး... ဗြုန်းဆို ဘွတ်ထားတဲ့သူတွေ ရောက်လာရော... ခပ်တည်တည်နဲ့ နောက်တနေရာရွှေ့.... နောက်တနေရာ နေသားလဲ ကျရော... နောက်ထပ် ဘွတ်ထားတဲ့ သူတွေ ရောက်လာပြန်ရော...။ ခပ်တည်တည်နဲ့ ခြေတလုံး အိမ်တိုင် ပမာ ပစ္စည်းတွေကို သယ်ရင်း မနှစ်ဒီဇင်ဘာ (၂၅)က သုံးည နဲ့ လေးရက် တရားစခန်းဝင်ခဲ့ကြတဲ့ နေရာပဲ ထပ်ရောက်လာတယ်။

တဖွဲဖွဲနဲ့ လူတွေစုံလာတယ်။ အသားကင်တွေစတယ်။တောင်းဆိုမှုတွေများတယ်။ ဟောတခု၊ဟောတခု နဲ့ ပျောက်ပျောက်ကုန်တယ်။ မေးလိုက်ရင် မစားရသေးဘူးချည်းပဲ။ ချစ်ညီတစ်ယောက်က ကောက်ပြီးပြန်လာတယ်။ သောက်ပေါက် ဖျော်ရည်ကို လက်တွေ ပြတ်မတတ် သယ်ခဲ့ရလို့တဲ့။ လူလဲစုံရော၊ အသားကင်တွေလဲ ကုန်ရော။ :P

လုစားကြတယ်။ မကြားရတာကြာတဲ့ ချီးပေါက်သံတွေ၊အော်သံတွေ၊ ဝိုင်းကောင်းသံတွေ၊ အကြွေပျောက်သံတွေ ကို လမှိန်မှိန် ဓာတ်မီးသေးသေးလေး အောက်မှာ မိုးလင်းတဲ့ထိ ပျော်ခဲ့ကြတယ်။ သီချင်းတွေကို စောင်းဆိုကြတယ်။ ဖဲလိမ်ရိုက်ကြတယ်။ မလာတဲ့ လူတွေကို သတိရတယ်။ တမ်းတတယ်။ ဓာတ်ပုံတွေရိုက်ကြတယ်။ ဓာတ်ပုံဆရာကောင်းပေမယ့် ဓာတ်ပုံတွေ ကောင်း မကောင်း ကတော့ အောက်ကပုံတွေ ကိုကြည့်ကြပါ။


အရမ်းပင်ပန်းပါတယ်။ ဒါပေမယ့် ပင်ပန်းတာနဲ့ တန်အောင် စိတ်ချမ်းသာတယ်။ သူတို့တွေ လုစားနေတာ၊ ရန်ဖြစ်နေတာ၊ တစ်ယောက်နဲ့ တစ်ယောက် ချီးပေါက်နေတာ၊ ကစားအော်ဟစ်နေတာကို ကြားနေရရင် စိတ်ချမ်းသာတယ်။ သံယောဇဉ်ဆိုတာ ဒါကိုခေါ်တာပါပဲ။

ချစ်ညီ ပေါက်ပေါက် နှစ်တိုင်း ဒီလိုအမြဲ စိတ်ချမ်းသာပြီး ပျော်ပါစေ။

မမြူးဟုမ်းမိတ် (အရမ်းကောင်းတယ်)









ားဖိုမူး လက်... :P





အနံ့လေးတသင်းသင်းနဲ့ အားလုံးအကြိုက်တွေ့သွားတဲ့ ဘာဆိုလဲ မသိတဲ့ ငါးထုပ်







အားနာတာရယ်.. ကြောက်တာရယ်ပေါင်းပြီး ကောင်းတယ်လို့ မပြောမဖြစ်ပြောကြတဲ့ စားဖိုမူး လက်ရာ ကြာဇံကြော်




တညလုံး နယ်ထား သိပ်ထားတဲ့ အသားတွေ...









အာလူးတွေ... ဥတွေ....







မော်လမြိုင်စတိုင် ငရုတ်မန်းကျည်းချဉ်




တရားဝင် ရောင်စုံအအေး.... တရားမဝင် သောက်ပေါက်တွေကိုတော့ မတင်တော့ပါဘူး..။ :P




အငွေ့တထောင်းထောင်းနဲ့ ရောင်းမလောက် အသားကင်














ဓာတ်ပုံဆရာကတော့ ဦး လို့ ခေါ်တဲ့ ကိုဘို မိုးကုတ်သားပါခင်ဗျား....။


ကျေးဇူးတင်ပါတယ်။ :P





ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Thursday, 23 September 2010

လော်ရန်းလောင်းကျော်

ကျနော်တို့ လော်ရန်းရွာမှာဗျာ…

ဘရက်ဒရယ် ဆိုတဲ့ ကျူးကျော်ရက်ကွက်ရှိတယ်။ ရပ်ကွက်ရဲ့ ဆိုက်ကားဂိတ်နားတဝိုက်မှာ အပေအတေတွေ လောင်းကျော်တွေ နေတယ် ဆိုပြီး နာမည်ကြီးတယ်။ (၇)လမ်းထိပ်က ကျူးကျော်တဲမှာ တော့ အုပ်ထိန်းသူ မရှိဘူး။ မိဘ မရှိဘူး။ ဖြစ်သလို ပွတ်သိပ် ကျပ်ညှပ်နေကျတဲ့ မောင်နှမ တစ်စုရှိတယ်။ အဲဒီတဲက မောင်နှမတွေ၊ ညီအကိုတွေက ရပ်ကွက်အောကြောလန်တွေ။ ရပ်ကွက်ထဲက ကြည့်ရတဲ့သူတွေက ခပ်ရှားရှား။ ဆိုးတယ်။ပေတယ်။ ပလီတယ်။ ဒါပေမယ့် ညီအကို မောင်နှမ အချင်းချင်းကြတော့ သိတတ်ကြတယ်။ အချင်းချင်း ရန်မဖြစ်ကြဘူး။ နှုတ်ခမ်းနဲ့ ထိုးရုံ၊ ဆံပင်ဆွဲ ပါးရိုက်ရုံ၊ ဖမ်းကိုက်ရုံ၊ အနာတရ ဖြစ်ရုံ(အဲလိုတွေ မလုပ်ဘူး လို့ပြောတာပါ)က လွဲပြီး တစ်ယောက်ကို တစ်ယောက် အသေ မသတ်ကြဘူး။ ပလီကြတယ်။ သိပ်ချစ်ကြတယ်။( လူရှေ့သူရှေ့ ချစ်ပြတာပါ)


အဲဒီတဲမှာ အကြီးဆုံးက အကိုကြီး။ လူပျိုကြီး။ အေးတယ်။ အတယ်။မောင်နှမတွေ အားလုံးကို အုပ်ထိန်းတယ်။ ရှိသမျှ ညီ၊ညီမတွေကို ကြောက်ရတယ်။ ထုံတဲ့နေရာမှာ နှစ်ယောက်မရှိဘူး။တကယ်တော့ ခေတ် မကောင်းသေးလို့ အေးချင်ယောင် အချင်ယောင် ဆောင်ထားတာပါတဲ့။ တစ်ခုထည်းပါ။ သူကတော့ ဘယ်တုန်းကမှ ပြသနာ မရှာတတ်ဘူး။မီးထွန်း၊ မီးညှိရုံလေး လုပ်ပေးပါတယ်။ ခေတ်ကောင်းရင်လဲ ဒီလိုပဲ နေမှာပါပဲ။ သူကအိမ်ကို ကြည့်တယ်။အလုပ်ထဲမှာ ကြိုးစားတယ်(သက်သာတဲ့ နေရာမှာ လုပ်ရဖို့) အိမ်ကလူတွေကတော့ သူ့ကို ပြန်ကြည့်ကြရပါတယ်။ လမ်းသိပ်ကြိုက်တယ်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ။ (ပျိုတိုင်းကို သူကကြိုက်တာပါ)ညီအကိုတွေကို ကျောသား၊ ရင်သားမခွဲခြားပါဘူး။မျက်နှာလိုက်တတ်တာ တခုတည်းပါ။ ဒီလိုနဲ့ ညီတွေကို အုပ်ထိန်းရင်း လူပျိုဘဝက ကျွတ်အောင် ကြိုးစားရုန်းကန်နေရသူပါ။

အကြီးဆုံးအမက ကွမ်းစားတယ်။ ကွမ်းစားနေရရင် ဘာမှ မလိုဘူး။ သူ့မောင်တွေကို ချစ်တတ်တယ်။ မိန်းခလေးပီပီ အသောက်အစား နည်းတယ်။ ညနေဆို ဘီယာတို့ အရက်တို့သောက်မှ နေသာ ထိုင်သာ ရှိတတ်တယ်။ စကားများတယ်။ သူ့မောင်တွေကိုဘယ်လိုချစ်ကြောင်း၊ ဘယ်လောက်ချစ်ကြောင်း အာပေါင်အာရင်းသန်သန်ပြောပြီး ချစ်ပြလို့ မောင်တွေ အချင်းချင်း သတ်ပေါင်းလဲ မနည်းတော့ပါဘူး။ ဒူးကွဲ ပေါင်ပြဲပေါင်းလည်း မနည်းတော့ဘူး။ ဒါလဲ သူကချစ်နေတုန်းပဲ။ ရပ်ကွက်သတင်း ၊ အတင်း သူမသိတာ မရှိဘူး။ သူကဘယ်သူ့ကိုမှ သတင်းမဖြန့်ဘူး။ လူစုံတုန်း အိမ်က မောင်နှမတွေကိုပဲ မမေးပဲ လက်တို့ ပြောတတ်တာပါ။ အစားအသောက် ကလဲ ဂျေးများတယ်။ အိုင်က ဟိုဟာမစားဘူး။ ဒီဟာမစားဘူးနဲ့။ သူမစားတာ အသားဆိုရင် သစ်သား။ အရွက်ဆိုရင် ညောင်ရွက်။ အသီးဆိုရင် မီးသီးတဲ့။အဲလိုတွေ ဂျေးများတာ။ အားနေတဲ့ အချိန်လေးများဆိုရင် သူ့ ဦးဘန်တူးလေးကို ရင်ဘတ်မှာအပ်ပြီး ကွမ်းတမြုံမြုံနဲ့ နှပ်နေတာ လောကကြီးကိုမေ့လို့။ အမ ပီသတယ်။ မောင်တွေ အနောက်ကို တကောက်ကောက်လိုက်တယ်။ ရန်ဖြစ်ရင် သူက ရှေ့ဆုံးက။(ထွက်ပြေးတဲ့နေရာမှာ ပြောပါတယ်)။အဲလို ပေတယ်။ တေတယ်။

သူတို့ နှစ်ယောက်အောက်က အကိုလတ်တဲ့။ ဒေါသအိုး။ အမြဲရန်လိုနေတယ်။ ထစ်ကနဲ ဆို ဘယ်သူမှားတာ မှန်တာ မသိဘူး။ လက်ကပါပြီးသွားပြီး။ အပြောကြမ်းတယ်။ ဒေါသကြီးတယ်။ ဖန်ထည်၊ကြွေထည်တွေ မိဘ ဘိုးဘွားလက်ထက်က အမွေ ပိုင်ပစ္စည်းတွေ ဒေါသအိုး လက်ချက်နဲ့ ပြောင်သွားပြီး။ ညီတွေ၊ ညီမတွေအတွက် သူက အိုးသကြီး။ ဖြစ်သလို ဟင်းတခွက် ရအောင်ချက်တယ်။ ကောင်းတယ်၊မကောင်းဘူး ဘယ်သူမှ ဝေဖန်လို့မရ။ ဝေဖန်ရင် ဟင်းခွက်က အမှိုက်တောင်းထဲပဲ။ လူနေခြုံကြား၊ စိတ်နေဘုံဖျား၊အကြွားကြီးတဲ့ဒေါသအိုးကြီးပါ(အများပြောတာပါ… သူ့ကိုယ်သူတော့ အဲလို ထင်ပုံတောင်မရပါဘူး)။တော်ရုံတန်ရုံလူကို အဖက်မလုပ်တတ်ဘူး။(အေးလေးသွားဖက်ရင်လည်း ပါးချခံ ထိုးခံထိမှာကိုး)။ ဘာဖြစ်ဖြစ် ဒေါသအိုး၊လူဆိုးအရိုင်းကောင်က သူ့ညီအပေအတေတွေကို ချစ်တာတော့ သေချာပါတယ်။

သူအောက်က တော့ တအိမ်လုံးမှာ ဗလအတောင့်ဆုံး အကိုလေးပါပဲ။ စာကြီး၊ပေကြီးသမား။ တခုခုဆို စာအုပ်နဲ့ ကိုင်ပေါက်တယ်။ (ပြောနေရင်ကြာလိုတဲ့)။ စာသမား၊ ပေသမား ကလဲ ဖြစ်ပြန် ဗလကလဲတောင့်ပြန် ဆိုတော့ ကိုဗလ အပြောရေကျောမှာ မျောသွားတဲ့ ကောင်မလေးတွေ ဒုနဲ့ဒေး။ ကဗျာရေး၊ ဆရာလုပ်နေရရင် ကျေနပ်နေပြီး၊ ဆရာမလုပ်ရ စိတ်တိုင်းမကျရင် ခွက်ပုန်းဆွဲပြီး ခွေခေါက်ပေတေ နေတဲ့ သူပါပဲ။
သူအောက်က တစ်နှစ်ကြီး၊တစ်နှစ်ငယ် ညီနှစ်ယောက်။ ညီအကိုတွေထဲမှာ ရုပ်ရည်ဗန်းဗြပြီး လုပ်စားတာ ဒင်းတို့နှစ်ယောက်ပဲရှိတယ်။ရုပ်ရည်က ကိုးရီးယားမင်းသားတွေရှူံးလောက်ပါတယ်။(သူတို့ကိုယ် သူတို့ တင်စားတာပါ) တစ်ယောက်က အစားနှေး၊ အသောက်နှေးပါ။ လက်တော့နှေးပုံ မရပါဘူး။ တစ်ယောက်က မစားမသောက် ခွေခေါက် အိပ်နေရရင် ကျေနပ်နေသူပါ။ အမကြီးနဲ့တူတူ ကွမ်းစား တယ်။ ပေတယ်။တေတယ်။ လုပ်ချင်လုပ်တယ်။ မလုပ်ချင် ရတဲ့နေရာခွေခေါက်အိပ်နေတာပါ။ မိန်းကလေးတွေကို ချစ်တတ်ပေမယ့် အချစ်တခုကို ငှက်ပျောသီးအခွံနွာစားရသလိုတောင် ပျင်းနေတတ်တဲ့သူတွေပါ။ အခုလောလောဆယ် ပိန္နဲသီး အခွံခွာစားနေရသလို အစေးကပ်နေပြီး အချစ် ဘယ်မှာဆိုတာ အမျှင်တွေကြား မနည်း ခွာဖြဲစားဖို့ ကြိုးပမ်းနေကြပါပြီး။

နောက်ထပ်အငယ်တစ်ယောက်က ဆရာကြီးပါ။ နေရာတကာ ချီးဝင်ဝင်ပေါက်တတ်လို့ လူချစ်လူခင်များပါတယ်။ ရွာထဲမှာ သူ့အကြောင်း ရေပန်းစားခဲ့ဖူးပါတယ်။ အတို့ထောင်လုပ်တတ်သလို မြှောက်ထိုးပင့်ကော်လုပ်ပါတယ်။ ပြီးရင် မသိသလို ငြိမ်နေပြီး ရယ်နေတတ်သူပါ။သူအလုပ်ဆုံးကတော့ အိမ်က အကိုနဲ့ ညီကို ပင့်ပေး မြှောက်ပေး ရန်တိုက်ပေးတတ်တာပါပဲ။ အဲလိုနဲ့ သတ်ကြ၊ အော်ကြ၊ ဟစ်ကြတာကို ကြည့်ပြီး ပျော်နေတတ်တဲ့သူပါ။ သူရင်နှင့် အမျှ ကြိမ်းဝါးပြီး အဖြစ်ချင်ဆုံးဆန္ဒက အသားဖြူချင်တာပါတဲ့။ ဘာကြောင့်လဲဆိုတာ ခုထိ အဖြေမရှိသေးပါ။
အော့ကျောလန် ညီတွေ အကိုတွေကြားမှာ နေရတဲ့ ညီမ။ ဟုတ် ဆိုတဲ့ စကားတခွန်းကို သွင်သွင်သုံးပြီး လူလုံး ပျောက်ပျောက်သွားလောက်အောင် အကိုတွေ စကားနားထောင်တဲ့ ညီမပါ။ အကိုတွေ လုပ်တာဘာမှမပြောသလို၊ သူကလဲ လုပ်တာပါပဲ။ အကိုတွေကိုတော့ ဆုံးမတတ်ပါသေးတယ်။ အငယ်ဆုံး ဆိုပေမယ့် အကိုတွေကို သည်းခံ အနစ်နာခံတတ်သူဆိုတော့ အကိုတွေက ဒီညီမကို ချစ်တာပါပဲ။ သူအားလပ်ချိန်ကို စားချင်းဖြင့် အသုံးချပြီး၊ နားချိန်ကို အိပ်ခြင့်ဖြင့် အကျိုးပြုပါတယ်။

အငယ်ဆုံးညီကတော့ ရည်မှန်းချက်ကြီးမားပါတယ်။ သူကြိုက်တဲ့ မော်ဒယ် မေဘဲမှ မရရင် ဒီတသက်လူပျိုကြီးလုပ်မယ် လို့ ကြုံးဝါးတတ်သူပါ။(ဖြစ်မှာပါ) ဆံပင်လေးထောင်ထောင် နဲ့ ရွာထဲ လှည့် ပဲများတတ်ပါတယ်။ အကိုတွေထဲမှာ ဒေါသအိုး နားကပ်လို့ အကြီးဆုံးအကိုရဲ့ အရိပ်တကြည့်ကြည့်ကို မကြာခဏ ခံရသူပါ။ အကိုတွေနဲ့ ကစားလို့ ရှူံးတိုင်း အိပ်ယာထဲ ထိုးဝင်စိတ်ကောက်တတ်တဲ့ သူပါ။ အဲလိုပြောရင်တော့ မခံချိ မခံသာ ဖြစ်တတ်သူပါပဲ။ အစအနောက်သန်လို့လဲ ရပ်ကွက်ထဲကလူတွေက အော့ကျောလန် ဖြစ်ရပါတယ်။ ခုတော့ ဒီဗုဒဟူးသား ထူးတော့မယ့်နှစ်လို့တော့ထင်ပါတယ်။

ကျူးကျော်တဲမှာနေတယ်။ ရပ်ကျော် ရွာကျော် အပေအတေတွေ ဆိုပေမယ့်လည်း …တခါတလေတော့….



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်


Monday, 13 September 2010

ထပ်မရှိတော့လို့

မနိုးမဖြစ်လို့ ထလိုက်ရတဲ့ မနက်ခင်းများစွာ

တစ်စက္ကန့်….နှစ်စက္ကန့်….သုံးစက္ကန့်….

ဒီလိုနဲ့ပဲ

စက္ကန့်တွေကိုပဲ ရင်ခုန်သံနဲ့ အမျှ ရေတွက်နေရတယ်။

ဇန်န၀ါရီ….ဖေဖော်ဝါရီ…….နိုဝင်ဘာများ

ဖြတ်သန်းခဲ့တာ အကြိမ်ပေါင်း မနည်းတော့...။

ဘ၀ဆိုတာ နှစ်လမ်းမောင်း မှ မဟုတ်ပဲ။

တလမ်းမောင်းမှာမှ လမ်းခွဲများစွာ....။

အူထူနေတဲ့ မီးခိုးတွေကြား

ဒီလိုပါပဲ...

မနက်နိုးတိုင်းအသက်ရှုလို့ရနေသေးတယ် ။

အဖေနဲ့အမေကို ကျေးဇူးတင် ရမှာပဲ။

မနက်ဖြန်အတွက် ဘာကိုမှန်းမသိပူပန်နေရင်း

တစ်ရက်ပြီးတစ်ရက်သာမိုးချုပ်သွားနေလေတော့

တခါတရံ

ဆေးလိပ်မီးခိုးကြားက မျက်ဝန်းတွေကို သတိရမိတယ်။

တနေ့ထက်တနေ့တော့

မနာလိုမှုတွေ တဖွားဖွားကျ

အတ္တပြေးလမ်းပေါ်မှာ တကိုယ်တည်းပြေး

တယောက်တည်း ပထမဆု ယူနေသူ ကို သနားမိတယ်။

အုန်းမှုတ်ခွက် နှုတ်ခမ်းပေါ် ထိုင်ပြီး

ခွက်ထဲမဝင်ချင် ရေထဲလဲ မကျချင်တဲ့ သူလို

အားနည်းချက် စိုးရိမ်မှုတွေနဲ့

တပါးသူအပေါ် သကာင်္မကင်း စိုးရိမ်နေသူတွေကို

ဂရုဏာ သက်မိတယ်။

ဘာဖြစ်ဖြစ်....


ယှဉ်ပြိုင်မှုတွေကတော့ ပြင်းထန်တယ်

အတိတ်ကပစ္စုပ္ပန်ကိုယှဉ်ပြိုင်တယ်

ပစ္စုပ္ပန်ကအတိတ်ကိုယှဉ်ပြိုင်တယ်

ဘာတစ်ခုမှချိန်ခွင်ညီမမျှသေးဘူး။

အဖြေထွက်ဖို့မသေချာတဲ့ ပုစ္ဆာ တပုဒ်ကို

ထိုင်တွက်ရင်း

ကျနော်တို့ အားလုံးက..

တိမ်တွေ ခရီးထွက်နေတာ လိုက်မကြည့်နိုင်သေးတဲ့

ရုပ်သေးတွေ ဆိုတာကို ကျေညက်နားလည်သင့်တယ်။

တခုတော့ ရှိတယ်

ကွဲအက်နေတဲ့ အရိုးခေါင်းကို

ဦးနှောက်လာ မစားနဲ့။

သေချာချင်ရင်

ငါ့နာမည်ထိုးပြီးသား

မှတ်တိုင်နဲ့သာ

ခပ်နက်နက် ထိုးစိုက်လိုက်ပါ။

ငါ...... လဲ ခြေကုန် လက် ပန်း ကျ နေ ရော ပေါ့....။













ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Tuesday, 7 September 2010

ပွဲကြိုက်မောင်


ကျနော် ငယ်ငယ်ကဆို သီတင်းကျွတ်တော့ မယ်ဆိုရင် ပျော်တယ်။ ရပ်ကွက်ထဲမှာ ဇာတ်စင်တွေ မြင်ရတော့မယ်။ ဇာတ်ပွဲတွေ တပွဲပြီးတပွဲ ရုံသွင်းပြတာနဲ့ ဘုရားပွဲအတွက် ဗလာပွဲ ပြတာနဲ့ တပေါင်းလ ကျော်သွားတဲ့ အထိ ပွဲစဉ်တွေက မပြတ်ဘူး။ ကျနော့်တို့ အပိုင် ဒိုင်းဝန်ကွင်းမှာ အပြိုင်အဆိုင် ဇာတ်ပွဲတွေကို ငှားကြပြီး ဆီမီးထွန်းပွဲတွေ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတွေ လုပ်ကျတော့ လတိုင်းလိုလို ဇာတ်သံ၊ ဗုံသံတွေက ကြားနေရတယ်။

ကျနော်က ဇာတ်သံ၊ ဗုံသံ မပြောနဲ့ ဇာတ်စင်မြင်နေရင်တောင် ပျော်နေတာ။ ထမင်းစားမဝင်တော့ဘူး။ အားအားရှိ ဇာတ်စင်ကို ပြေးပြေးကြည့် ပြီး ဒီနှစ်ကမယ့် ဇာတ်အဖွဲ့ပိုစတာကို အလွတ်ရမတတ် သွားဖတ်ရတာ အမော။ ပြန်လာရင် အငယ်နှစ်ယောက်ကို ဇာတ်စင်ဆောက်တာ ဘယ်လောက်ထိ ပြီးသွားပြီ ၊ ဒီနှစ် ဘယ်လူရွှင်တော်က ဘယ်သူ ၊ပြဇာတ်မင်းသားက ဘယ်သူ ဆိုပြီး ပြန်ပြောရတာ နဲ့ကျနော့် တစ်ယောက်တည်း အလုပ်ကို ရှုပ်လို့။ အချိန်တန်လို့ ဇာတ်ကတဲ့ အဖွဲ့ပါတဲ့ ကားကြီး ဝင်လာပြီးဆိုရင် သူတို့ ပစ္စည်းတင်ချ တာကို တမော့ တမော သွားငေးတတ်တာပဲ။ ပြီးရင် ပိုစတာမှာ မြင်ထားတဲ့ ဓာတ်ပုံထဲကလူတွေနဲ့ အပြင်မှာ ရှိတဲ့လူတွေကို ဘယ်သူက မင်းသား၊ ဘယ်သူက မင်းသမီး ဆိုပြီး လိုက်ရှာ ရတာအမော။

ဖေဖေကဆို မေမေ့ကို ပြောလေ့ရှိတယ်။”ညီမသားကို ဒီလိုပဲ လွှတ်ထား။တော်ကြာ ဇာတ်နောက်ပါသွားမယ်တဲ့” ။ ဖေဖေပြောလဲ ပြောစရာပါ။ ဖိုးစိန်တို့ မဟုတ်တဲ့နေရာမှာ ဆို မှတ်ဥာဏ်က ဘာကောင်းသလဲ မမေးနဲ့။ ပွဲတည ကြည့်ပြီးရင် နောက်နေ့ လူပျက်တွေ ပေါက်ကရပြောတာ၊ မင်းသား ဘယ်လိုပြောပြီး မူးတာ၊ မင်းသမီးဘယ်လို ပါးရိုက်လိုက်တာက အစ တလုံးမကျန်ပြန်ပြောနိုင်တာ။ (စာကိုသာ အဲလို မှတ်မိနေရင် ခုလောက်ဆို ဆရာဝန်ချီးတို့ အင်ချင်နီယာချီးတို့ ဖြစ်နေလောက်ပါတယ်)။ ဇာတ်ပွဲကြည့်ရင်လဲ ညလုံးပေါက် မိုးစင်စင်လင်းတဲ့အထိ ကြည့်တာပဲ။တခါတလေ ကိုယ့်ဘေးနားမှာ အဖွားကြီးတွေ တစ်ယောက်စ နှစ်ယောက်စ ပဲ ကျန်တာလဲ ကျနော်ကတော့ အပြုံးမပျက် ဆက်ကြည့်တာပဲ။ အဲလို ဆိုရင် နောက်နေ့တွေမှာ လူပျက်တွေက ကျနော့်ကို အပျော်သဘောနဲ့ ပျက်လေ့ရှိတယ်။” တို့ပွဲကို ငှားတဲ့ ရပ်ကွက်လူကြီးက သူငှားထားတာ တန်အောင်လို့ သူ့သားကိုတောင် မိုးလင်းထိ အစောင့်ချ ကြည့်ခိုင်းတယ်။” လို့ ပျက်ရင် တဝါးဝါးနဲ့ ပွဲကျ။ အဲဒီတုန်းက ရှက်ရကောင်းမှန်းလဲ မသိဘူး။ သူတို့ ပျက်တာကို တဟားဟားနဲ့ ရယ်လို့ မောလို့။ ရက်ဆက်လို့ အိပ်ငိုက်တယ်မထင်နဲ့။ တခါတခါ ကြည့်ပြီးသား ဇာတ်ကိုတောင် အားပါးတရ ကြည့်တာပဲ။ ငယ်ငယ်တုန်းက ရုပ်ရှင်ထက် မျက်မြင်ကိုယ်တွေ့ မြင်ရ၊တွေ့ရတဲ့ ဇာတ်ပွဲကို ပိုသဘောကျတယ်။

ဇာတ်ပွဲစရင် အပျိုတော်နတ်ယိမ်းနဲ့စထွက်ပြီး ရှေးဟောင်သံစဉ် သီချင်း၊ ပြီးရင် ခေတ်ပေါ်တေးဂီတတွေကို မင်းသား၊ မင်းသမီးတွေက အလှည့်ကျဆိုတယ်။ ပြီးရင် ကျနော်ကြိုက်တဲ့ အငြိမ့်ကဏ္ဍ လာပြီ။ အငြိမ့်ပြီးရင် အော်ပရာဆိုတဲ့ ရှေးဇာတ်ထုပ်အတိုလေးတွေ။(ပုံဂံခေတ် အခြေခံ) ဇာတ်လမ်းတိုတွေပါ။ ပြီးရင် ပြဇာတ်ရှည်။ နောက်နှစ်ပါးသွား။ နောက်ဆုံးက နောက်ပိုင်းလို့ ခေါ်တဲ့ ငိုချင်း၊ ညည်းချင်း(၃၇) မင်းနတ် ဇာတ်ထုပ်တွေ ကတယ်။ ကျနော်က အငြိမ့်ရယ်၊ အော်ပရာရယ်၊ နောက်ပိုင်းရယ်ကိုကြိုက်တယ်။ အငြိမ့်က ရယ်ရတယ်။ အော်ပရာနဲ့ နောက်ပိုင်းက ကိုယ်မသိတဲ့ နတ်ဇာတ်ထုပ်တွေ ရာဇဝင်တွေကို သိရလို့ သဘောကျတယ်။ ပြဇာတ်မကြိုက်ဘူးလား ဆိုတော့ အလွတ်မပေးပါဘူး။ ကြည့်ပါတယ်။

အခုတော့ မသိဘူး။ ငယ်ငယ်တုန်းကဆို ဇာတ်ပွဲမှာ နာမည်ကြီးတဲ့ နှစ်ပါးသွား မင်းသားတွေက အုန်းညွန်စိန်၊ အုန်းလက်စိန်၊ ပုဂံပြားစိန် တို့ပေါ့။ ကျနော့်နာမည် စိန်ပါတာကိုတောင် ကျနော်က ဂုဏ်ယူနေတာ။ သူတို့လိုတော့ မင်းသားဖြစ်မလာပါဘူး။ မျောက်ရှုံးအောင် သောင်းကျန်းတဲ့ မျောက်မူးလဲစိန်ပဲ ဖြစ်လာတာပါ။ ပြဇာတ်မင်းသားဆိုရင် ဒို့တင်ငှေး ကို တော်တော်ကြိုက်တယ်။ ကောလိပ်ဂျင်နေဝင်းနဲ့တူတယ်။ ကောင်မလေးနဲ့ အသည်းကွဲလို့ အရက်မူးပြီး လွမ်းတဲ့အခန်းဆို ခုထိ မှတ်မိနေတုန်း။ “နှလုံးသား အိမ်မှာ ပူတယ်…… အခါးဆုံးအရက်ကို မိတ်ဆွေ လုပ်မယ် … ချိုပါတယ်..ဒါဟာ ကိုယ့်အတွက် သိပ်ချိုတယ်” ဆိုတဲ့ သီချင်းကို သူဆိုပြီးမူးတာ… “အရည်တွေ ပျော်ကုန်ပြီး.. ဦးနှောက်အပိုင်းအစတွေ…(မှတ်မိတော့ဘူး)” အဲဒီသီချင်းဆိုပြီး အသည်းကွဲတာတွေကို ခုထိ မြင်ယောင်နေတုန်း။( ဖိုးစိန် လုပ်ပြဆိုရင် ဘီယာလေး အရက်လေးဝယ်ခဲ့မှ ကောင်းမယ်။ အဲဒါမှ ဒို့တင်ဌေးလို မူးပြီးလွမ်းပြလို့ ကောင်းမှာ။ ) ဒို့တင်ဌေးကတော့ အရက်သမားဘဝနဲ့ အသည်းကျွမ်းပြီး သေသွားတာပဲ။ သူသေပြီးနောက်ပိုင်းလဲ ဇာတ်မကြည့်ဖြစ်တော့ဘူး။ မင်းသမီးထဲမှာတော့ နှင်းဆီလို့ ခေါ်တဲ့ ဆံပင်ရှည်ရှည် အသားညိုညိုနဲ့ မင်းသမီး၊ ပြီးတော့ မင်းသားလုပ်တဲ့ ချစ်ဖွယ်ရဲ့မိန်းမ အေးအေးမူကို ကြိုက်တယ်။ သရုပ်ဆောင် အရမ်းကောင်းတယ်။ ငိုတာ၊ ရယ်တာ၊ အရမ်းတော်တယ်။ သူတို့ကတဲ့ ဇာတ်တွေကလဲ ငှားရတာပဲ။ ဒီဘက်လမ်းမှာ ကပြီးလို့ ဟိုဘက် လမ်းမှာသွား ကလဲ လူက စည်တာပဲ။(ကျနော်က အထက်မြန်မာပြည်က ရွှေမန်းတင်မောင်တို့၊ မိုးဝင်း၊ချမ်းသာတို့ လိုဇာတ်ပွဲတွေကို ကြည့်ခွင့်မကြုံခဲ့ပါဘူး) အောက်ပြည်မှာ နာမည်ကြီးတဲ့ ဇာတ်တွေကိုတော့ အကုန်သိတယ်။

ဇာတ်ထဲမှာ ကျနော့်ရဲ့ အသည်းကျော်တွေက လူရွင်တော်တွေပါပဲ။ ရပ်ကွက်ထဲမှာ ဇာတ်တဖွဲ့ကို ကြိုက်လို့ နောက်ရက်တွေ ဆက်ငှားမယ် ဆိုရင် အဲဒီရပ်ကွက်က အိမ်ရှင်တွေက ဇာတ်အဖွဲ့ကို ထမင်းဖိတ်ကျွေးတယ်။ ဖေဖေက ရပ်ကွက်လူကြီးဆိုတော့ သူ့အစား ကျနော့်တို့ ကြီးငယ်ကို ကျွေးခိုင်းတယ်။ ကျနော်က မင်းသားလဲ မခေါ်ဘူး။ မင်းသမီးလဲ မခေါ်ဘူး။ လူရွှင်တော်တွေကိုပဲ ခေါ်တယ်။ သူတို့က ထမင်းလာစားရင်လဲ အပြောင်အပျက်ပြောတာပဲ။ အဲဒါကို ကျနော်က သဘောကျနေတာ။ အခု ရုပ်ရှင်တွေ ဝင်ရိုက်နေတဲ့ ဝက်မ ဆိုတာ ကျနော်ငယ်ငယ်တုန်းက အသည်းကျော်တွေပါပဲ။ ဝက်မ၊ ခွေးမ၊ စံပု၊ ချစ်လုံး စတဲ့ လူရွှင်တော် တွေရဲ့ ပျက်လုံးတွေကို အလွတ်ရနေတတ်တယ်။ သူတို့ ပျက်တာတွေက တကယ်ရယ်ရတယ်။ တခါတလေ အောက်ပိုင်းစကားလုံးတွေ ပါပေမယ့် ကြိုက်ပါတယ်။ တကယ်လက်တွေ့ သူတို့ရဲ့ အပြင်ဘဝက မရယ်ရပါဘူး။ ပိုက်ဆံမလောက်လို့ ညဘက်ပွဲက နေ့ဘက်ကူလီထမ်းတဲ့ လူရွှင်တော်တွေ အများကြီးပါ။ သူတို့ကို သနားတာရော ၊ သူတို့ ပျက်လုံးတွေ ရယ်ရတာရော ကြောင့် သူတို့ကိုကြိုက်ပါတယ်။

အခုခေတ် မှိုလိုပေါတဲ့ မြန်မာရုပ်ရှင်ဇာတ်လမ်းတွေကို ကြည့်ပါ။ အော်နေ၊ ဟစ်နေပြီး ကလိထိုးရယ်နေရတာများပါတယ်။ အနှစ်သာရ မရှိဘူး။ ဇာတ်လမ်း၊ဇာတ်ကွက်တွေ မရှိဘူး။ အရင့်အရင် မဖွံ့ဖြိုးသေးတဲ့ခေတ်က ရုပ်ရှင်ပိတ်ကားတွေပေါ်မှာ သရုပ်ဆောင်တဲ့ မင်းသားကြီး၊ မင်းသမီးကြီးတွေနဲ့ မယှဉ်နဲ့ဦး။ မြေဝိုင်းပေါ်မှာ စင်ထိုးပြီး ဗလာကျင်း ကပြခဲ့တဲ့ ပြဇာတ်ကနေတဲ့ ပြဇာတ်မင်းသား မင်းသမီးတွေ၊ လူပျက်တွေလောက်တောင် မကောင်းတော့တာ အမှန်ပဲ။ ခုခတ် မြန်မာဗီဒီယို ကိုကြည့်လိုက်ရင် အော်ဟစ်နေပြီး ကလိထိုးရယ်နေရတာများပါတယ်။

အဲလိုဆိုရင် စိတ်ပျက်ပြီး ကိုယ့်အရပ်၊ ကိုယ့်ဒေသက မြေဝိုင်းထဲမှာ ဗလာကပြတဲ့ ပြဇာတ်တို့ အော်ပရာ၊နှစ်ပါးသွားတွေ နတ်ဇာတ်ထုပ်တွေကိုသာ ပြေးကြည့်ချင်စိတ်တွေ များလာပါတယ်။ အဲဒီအချိန်တုန်းက ပွဲကြည့်ရတာကို ပျော်သလို အဲဒီလို ကြည့်ရတဲ့ အရသာကိုလဲ ကြိုက်ပါတယ်။

ဇာတ်ပွဲပြီးလို့ သူတို့တွေ ပစ္စည်းသိမ်းပြီး ပြန်သွားတဲ့ အခါကျရင် သူတို့ကခဲ့တဲ့ ဇာတ်စင်ကို ကြည့်ပြီး ရင်ထဲမှာ ဟာတာတာနဲ့ နောင်နှစ်သီတင်းကျွတ်ဖို့ကိုသာ ဆုတောင်းနေမိတာ အမှန်ပါပဲ။

အခုချိန်မှာ အဲလို ဇာတ်စင်ရှေ့ထိုင်ပြီး စိတ်လွတ်ကိုယ်လွတ် အားရပါးရ ရယ်ချင်နေတာ….။


အပေါ်က ပိုစတာက ကျနော် စကာင်္ပူ မလာခင် မင်းသားချောလေး ကိုကိုဆောင်းက ဒီဇိုင်းလုပ် ပိုစတာထုတ်ပြီး ကျနော့်ကို ကြိုဆိုထားတာပါ။ ပိုစ့်နဲ့ကိုက်လို့ အမှတ်တရ ပြန်တင်ပါတယ်။
ပွဲကြိုက်သူ



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်