Friday, 19 November 2010

မနက်ဖန်အတွက် အဆုံးဖြတ်

အခန်း(၁)

လူလ တရှုတ်ရှုတ် နဲ့ ငိုသံလိုလို ကြားလာတော့ တရေးနိုးလာခဲ့သည်။ မိုးသံတွေ ကြားမှ မသဲ မကွဲ အမေ့အသံ ခပ်အက်အက်က ကတဖက်ခန်းက နေ ကျုထရံကြားမှ လူလ အခန်းဘက်ဆီ အုပ်အုပ်ကလေး ထွက်ပေါ်နေသည်။ ခြင်ထောင်ကို အသာမပြီး နိုးစက်နာရီကို လှမ်းကြည့်လိုက်တော့ မနက် (၂)ကျော် ရှိနေပြီး။ အမေဘာလို့ငိုနေတာလဲ… အမေဘာကြောင့် ငိုနေတာလဲ။ လူလစိတ်ပူပြီး အမေအသံလာရာ ကျူထရံနားသို့ အတင်း တိုးကပ်ပြီး အသံကို နားစွင့်နေမိပြန်သည်။ မိုးက သဲကြီးမဲကြီးရွာနေသောကြောင့် မျက်နှာကျက်မပါတဲ့ သွပ် ခေါင်းမိုးဆီ အတင်း ကျဆင်းလာတဲ့ မိုးသံက လူလ အမေအသံကို တချက်ချက် ဖုံးအုပ်သွားသည်။


ဆယ်မိနစ်ခန့် ကြာတဲ့အချိန်ထိ အမေ့တို့ အခန်းဘက်မှ အမေ့ငိုသံသဲ့သဲ မှာ တပါး ဘာသံမှ မကြားရပေ။ လူလစိတ်မရှည်တော့။ အိပ်ယာမှ အပြေးထသွားပြီး အမေဘာဖြစ်တာလဲ ဟု မေးလိုက်ချင်သည်။ သိုသော် ထိုသို့မေးလျှင် အမေဘာမှမပြောပဲ လူလကိုသာ ဖက်ငိုနေမည်ကို လူလသိသောကြောင့် မရှည်သော စိတ်ကို အသာ ဆွဲဆန့်ပြီး စောင့်ဆိုင်းနေမိပြန်သည်။

လူလ ရင်ထဲမှာ အတော်ပင် ပူပန်နေပြီး။ အမေအတွက် လူလ စိတ်ပူမိသည်။ အမေဒီလောက်ငိုနေတာတောင် အဖေ အသံ တစိုးတစိမျှ မကြားရသည့် အတွက် လူလ အဖေ့ကို အပြစ်တင်မိသည်။ အမှန်တိုင်းဝန်ခံရလျှင် လူလသည် အဖေထက် အမေ့ကို ပိုချစ်သည်။ အဖေသည် လူလ လိုချင်တာများကို အမြဲတမ်းငြင်းပယ်တတ်ပြီး အမေသည်သာ လူလ လိုချင်တာများကို ဖြည့်ဆည်းပေးတတ်သည်။
ဒီနှစ်လူလ ဆယ်တန်းတက်ရမည်။ ရပ်ကွက်ထဲက တခြားအရွယ်တူတွေလို လူလ စက်ဘီးစီး ကျောင်းတက်ချင်သည်။ ကိုးတန်းမအောင်ခင် ကတည်းကပင် လူလ အဖေ့ကို နားဂျီတိုက်သော်လည်း အဖေက မတတ်နိုင်ဘူး။ မ၀ယ်ပေးနိုင်ဘူး ဆိုသည့် စကားသာ တွင်တွင်ပြောသည်။

အမေကသာ သားကိုးတန်အောင်အောင်ကြိုးစား မင့်အဖေ့ကို အမေပြောပေးပါ့မယ် ဆိုသည့် အားပေးစကားပြောရှာသည်။

လူလစိတ်ထဲတွင်လည်း အဖေသည် အဝေးရောက်နေသည့် အကိုကြီးနှင့် သူ့မြေးသားကိုသာ ချစ်သည်ဟု စိတ်ထဲတွင် ထင်မိသည်။ အကိုကြီး တလတခါလောက် မလာလျှင် အကိုကြီးအိမ်သို့ အဖေလိုက်သွားတတ်ပြီး အကိုကြီးက သူ့ကလေးနှင့် အိမ်ကိုရောက်လာလျှင် အဖေ့မျက်နှာ လမင်း အစင်းတရာ သာနေသည်ဟု လူလထင်မိသည်။ ထိုအချိန်တွင်လည်း လူလသည် အဖေ့မျက်စိတွင် လူလ ဆိုသည့် သားအထွေးဆုံး မရှိဘူးဟု လူလခံစားရသည်။ ထို့သို့သော် အကြောင်းများကြောင့် လူလသည် အဖေ့ကို မချစ်ပေ။


ယခုလဲ လူလစိတ်ထဲတွင် မကျေမနပ်ဖြစ်မိသည်။ အမေ တရှုတ်ရှုတ်ငိုနေတာတောင် အဖေ အမေ့ကို အားပေးစကားတခွန်း မပြောပေ။ အမေဘာကြောင့် ငိုသလဲ ၊ ဘာအတွက်ငိုနေလဲဟု အဖေ့ဆီမှ အသံထွက် လာတာမကြားရပေ။ နေနိုင်လွန်းသော အဖေကို အပြစ်တင်ရင် လူလ အိပ်ပျော်သွားပြန်သည်။


အခန်း(၂)

အိမ်ရှေ့မှ အ၀တ်ဖွတ်သံ တဖုန်းဖုန်းကြောင့် လူလရုတ်တရက်နိုးလာသည်။ ခြင်ထောင်လှန် နာရီကြည့်လိုက်တော့ မနက် ၇ နာရီထိုးနေပြီး။ အိပ်ချင်မူးတူးဖြင့်ထပြီး အ၀တ်လျှော်သံကြားရာ အိမ်ရှေ့သို့ လူလလှမ်းကြည့်လိုက်တော့ အမေအ၀တ်လျှော်နေသည်။ အမေ့စည်းပိုင်းထဲမှရေကို ကုန်းကုန်းပြီး လှမ်းခတ်နေတာ မြင်တော့ လူလ မနေနိုင်ပဲ ရေတွင်းနားက စည်းပိုင်းကို ရေဖြည့်ပေးလိုက်သည်။ လူလ အမေ လူလကို စကားတခွန်းမှ မပြောပဲ အ၀တ်ကိုသာ ဆက်လျှော်နေသည်။ လူလ လဲ ညက အမေဘာကြောင့်ငိုသည်ကို မေးသင့် မမေးသင့် စဉ်းစားနေရင်း…

"သား…လူ… မင့်ဖို့ အမေထမင်းကြော်ထားတယ်။ မျက်နှာသစ်ပြီး သွားစားချေ…။ နေ့လည်စာ ငါးခြောက်ကြော်ထားတယ်နော်.။ "

"ဖေဖေရော…"

"မင့်အဖေ အိပ်ယာထဲ မှိန်းနေတယ်ထင်တယ်။ အမေတို့ မင့်အကိုကြီးဆီသွားပြီး မြို့မှာဈေးဝယ်လိုက်ဦးမယ်။ အိမ်စောင့်နေခဲ့"

အမေဆီမှ ဘာသံမှမကြားရပဲ အ၀တ်ကိုသာဖိလျှော်နေသော အမေ့ကို အားနာပြီး အမေ မြို့ကနေပြန်လာမှ မေးမယ် ဟု လူလဆုံးဖြတ်ပြီး မနက်စာကို သွားစာလိုက်သည်။ ထမင်းစားပြီး ဆယ်တန်း ကျောင်းတက်ဖို့ အကိုကြီးပေးသော ပုံနှိပ်စာအုပ်အဟောင်းများကို အဖုံးတတ်နေတုန်း အမေဆီမှ လူလ… အမေတို့သွားတော့မယ် ဆိုသော အသံကြားမှ အမေ့ကို သတိထားမိသည်။ အဖေ့ကို လှမ်းကြည့်လိုက်တော့ အဖေက ခြံဝပင် ရောက်နေပြီး လက်တဖက်က ခြံစည်းရိုးကိုကိုင်ကာ တဖက်က ခါးကိုထောက်ပြီး အမေ့ကို စိတ်မရှည်သည့် ပုံစံဖြင့် ကြည့်နေသည်။
ဒီနေ့ အမေ့အသံရော မျက်နှာပါ ခါတိုင်းနေထက် ပိုမို အိုစာနေသည်ဟု ထင်မိသည်။ အဖေ့ကိုလှမ်းကြည့်ပြီး အမေ့ကိုကြည့်လိုက်တော့ အမေ့ကို တော်တော်သနားသွားသည်။ အမေဒီလောက် နေမကောင်း အားနည်းတဲ့ပုံပေါက်နေတာတောင် အဖေက အပြင်သွားဖို့ ခေါ်နေသည်။ လူလစိတ်ထဲတွင် အဖေ့ကို အပြစ်တင် မိသည်။ အမေ့ကိုသနားသည်။

အခန်း(၃)

ညနေစောင်းတဲ့ထိ အမေတို့ကို မျှော်သော်လည်း အမေတို့ ပြန်မရောက်လာသေးချေ။ လူလ အမေ့ကိုစိတ်ပူမိသည်။ ဒီည အကိုကြီးအိမ်မှာပဲ အိပ် မှာလား ဟု လူလထင်မိသည်။ အဖေသည် အကိုကြီးအိမ်ရောက်လျှင် သူ့မြေးများကို တွေ့ပြီး မပြန်ချင်ကြောင်းခဏခဏ ပြောသည်။ ဘာပဲ ဖြစ်ဖြစ် ဒီည တယောက်တည်း နေရတော့မည်ဟု လူလတွေးရင် ဆယ်တန်းစာအုပ်များကို လှန်လှောနေတုန်း အဖေတို့ ပြန်ရောက်လာသည်။ အဖေသည် အိမ်ပေါ်ရောက်သောလည်းလူလကို မနှုတ်ဆက်ပဲ အခန်းထဲကိုသာ တန်းဝင်သွားသည်။ အဖေ နောက်မှ အမေက လူလကို ခပ်ယဲ့ယဲ့ပြုံးပြပြီး သား ထမင်းစားပြီးပြီးလာဟု မေးသည်။ လူလ ခေါင်းညိတ်ပြတာကို မြင်ပြီးတာနှင့် အဖေရှိရာ အခန်းထဲသို့ ၀င်သွားသည်။

ထိုညမှစ၍ အမေ့ငိုသံသဲ့သဲ့ကို ညတိုင်းလိုလို ကြားရသည်။ အမေ ၀မ်းနည်းနေသည်ကို ကြည့်ပြီး လူလစိတ်မကောင်းဖြစ်သည်။ အမေ့ရုပ်သည်လဲ ခါတိုင်းထက် အိုစာသွားသည်။ စကားလဲ နည်းသွားသည်။ လူလအိပ်ယာနိုးလျှင် အဖေ့ကို မတွေ့တော့ပဲ အဖေ အလုပ်အစောကြီးထသွားသည်။ ညဆိုလျှင်လဲ မိုးချုပ်မှောင်မှ ပြန်လာသည်။ ညပြန်လျှင် အမေသွားသွားကြိုတာသိရသည်။

လူလအဖေသည် သဘောင်္ကျင်းငှာနတွင် ရုံးစာရေးဖြစ်သည်။ သဘောင်္များ ဆီဝင်ဆီထွက် စာရင်းများကို လုပ်ရသည်။ ထို့ကြောင့် ကိုးနာရီ ရုံးတက်ရပြီး ၅နာရီ ပုံမှန်ရုံးဆင်းသော်လည်း အခုရက်ပိုင်းတွင် အဖေအစောကြီးထပြီး ရုံးသွားကာ နောက်ကျမှ ရုံးပြန်လာတတ်သည်။ လူလကိုလဲ သိပ်စကားမပြောပေ။

အခန်း(၄)

လူလစိတ်ထဲတွင် အစိုင်အခဲ တခုဖြစ်လာသည်။ မကျေမနပ်ဖြစ်လာသည်။ အကိုကြီးအိမ်သွားပြီး အမေနဲ့ အဖေဘာဖြစ်တာလဲ မေးတော့ အကိုကြီးက မင်းသိဖို့မလိုဘူးလို့ အဖေက ပြောထားတယ်ကွ ဟုသာ တွင်တွင်ပြောသည်။ အဖေက အကိုကြီးကိုတော့ ပေးသိပြီး လူလကို ပေးမသိတဲ့အတွက် လူလ အဖေ့ကိုပိုပြီး စိတ်နာမိသည်။ ထိုကြောင့် အမေ့ကိုလဲ လူလမမေးတော့ပဲ လျှစ်လျှူရှုမိသည်။ အဖေကိုလဲ အတွေ့မခံတော့ပဲ လူလ ရှောင်မိသည်။ နောက်ပိုင်းဘာအကြောင်းမှ မရှိပဲ အဖေ့ကို မတွေ့ချင်တော့၍ တဖက်လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ကျူရှင်စရိတ်ကာမိအောင် စားပွဲထိုးလုပ်ရင်း အလုပ်မှာပဲ တောင်းအိပ်မိသည်။ အိမ်ကို အဖေမရှိတဲ့အချိန်မှ ပြန်သည်။ လူလ အဖေကို့ မျက်နှာခြင်း မဆိုင်တော့ပေ။


အခန်း(၅)

အထက်တန်းကျောင်းတွေ ဖွင့်၍ အိမ်ပြန်တော့ အိမ်ရှေ့မှာ ဖီးဆန့် စက်ဘီး အသစ်စက်စက် တစီး လူလကို စီးကြိုနေသည်။ လူလ အရမ်းပျော်သွားသည်။ လူလ လိုချင်နေသော စက်ဘီးပင်။ လူလ စက်ဘီးကို မြင်မြင်ချင်း ချက်ချင်းဆွဲထုတ်စီးမိသည်။ အိမ်ရှေ့တွင် ပတ်စီးနေမိသည်။ အရင်က သူများစက်ဘီးငှားစီနေရတာ အခုတော့ ကိုယ်ပိုင်စက်ဘီးရပြီးဟု လူလ စိတ်ကြီးဝင် ဘ၀င်ခိုက်မိသည်။ လူလအမေ့ကို အိမ်ရှေ့မှာ လှမ်းတွေ့တော့ လူလ အမေဟုအော်ပြီး ပြေးဖက်မိသည်။ အဖေ့က ပြတင်းပေါက်ကနေ ကြည့်နေသော်လည်း အဖေ့ကို မနှုတ်ဆက်ခဲ့။
အမေက ဆယ်တန်းကျောင်းတက်ရင်ဝယ်ပေးမယ်လို့ ပြောထားတာ အမေ၀ယ်ပေးတာပဲ ဖြစ်ရမယ်။ အဖေက ဒါမျိုးဝယ်ပေးမှာမဟုတ်ဘူးဟု စိတ်ထဲမှာ လူလ အဖေ့ကိုအပြစ်တင်မိသည်။

အခန်း(၆)

"လူလ… အဖေ့ကို လမ်းထိပ်က ဆေးဆိုင်မှာ ဆေးသွားဝယ်ပေးပါလား"

"မအားဘူး..အဖေ… စာလုပ်နေတယ်…"

"သား… အဖေ့ကို စက်ဘီးနင်းပြီး ဟိုဘက်လမ်းက ဆေးခန်းကိုပို့ပေးပါလား.."

"ကျနော်ကျူရှင်ချိန်နီးနေပြီး အဖေ…"

အဖေ ခဏခဏ တောင်းဆိုမှုကို လူလ အကြောင်းအမျိုးမျိုးပြ ငြင်းမိသည်။

စက်ဘီးဝယ်ခိုင်းတုန်းက အဖေက ၀ယ်ပေးဖို့ ငြင်းတယ်။ အခု စက်ဘီးရှိတော့ ဟိုခိုင်းချင် ဒီခိုင်းချင်နဲ့။ အဖေ့အတွက်ဆို လုံးဝ မလုပ်ပေးဟု လူလစိတ်ထဲက ဆုံးဖြတ်မိသည်။

နောက်ပိုင်း အဖေမခိုင်းတော့။ လူလ၀မ်းသာသည်။ အဖေ လမ်းလျှောက်သွားတာကို တွေ့တိုင်း လူလ ရင်ထဲ တမျိုးခံစားရသော်လည်း အဖေ့ လျှစ်လျှူရှုမှု့အတွက် လူလ ကျေနပ်သည်။ အမေက သား အဖေ့ကို ဒီလိုမလုပ်ရဘူး။ ဒီစက်ဘီးက မင့်အဖေ၀ယ်ပေးထားတာပြောသော်လည်း လူလလက်မခံတော့။ လူလတခုသတိထားမိတာက အဖေ အခုတလော ပိန်သွားသည်။

အခန်း(၇)

လူလကျောင်းက ပြန်ရောက်တော့ အိမ်တံခါး သော့ခတ်ထားတာကို တွေ့မိသည်။ စိတ်ထဲထင့်သွားပြီး အိမ်ဘေးနားကို မေးကြည့်သည်။ အိမ်နီးနားချင်း မည်သူမျှ သေချာမသိ။ ခါတိုင်းအမေတို့ အပြင်သွားရင်တော့ ဘေးအိမ်ကိုမှာသွားသည်။ ယခုမှာမူ တံခါးကို သော့ခတ်သွားသွားသည်။ အမေတို့ဘယ်သွားတာလဲ။ အဖေရောဘယ်မှာလဲဟု တွေးမိသည်။ အိမ်ရှေ့ကွမ်းပျစ်တွင် ခေတ္တမျှ ထိုင်နေပြီး နောက် စိတ်ကူးပေါက်ကာ အကိုကြီးရှိရာသို့ သွားဖို့ လူလစိတ်ကူးရမိသည်။ အကိုကြီးနေတဲ့ အိမ်နဲ့ ကျနော်တို့ အိမ် အလှမ်းဝေးသော်လည်း ကျနော်တို့ အတွက် ဖြတ်လမ်းရှိသည်။ ဒီဖြတ်လမ်းကို အဖေက ရှာဖွေတွေ့ရှိထားပြီး အကိုကြီးအိမ်ကို အမြဲတမ်း လမ်းလျှော်သွားနေကျဖြစ်သည်။

ဟိုစဉ်းစားဒီစဉ်းစားရင် ကားလမ်းမကြီးပေါ်ရောက်တော့ စက်ဘီးကို ခဏရပ်သည်။ ကားရှင်းမှ ဟိုဘက်လမ်းကို ကူးရမည်။ ဘေးဘီကို ၀ဲကြည့်လိုက်တော့ မလှမ်းမကမ်းက အကြော်တဲပျက်မှာ လူနှစ်ယောက်ကို သတိထားမိသည်။ စိတ်ထဲက ထစ်ကနဲ ဖြစ်ပြီး ထိုနှစ်ယောက်က တယောက်မှာ အမေနှင့်တော်တော်တူသည်ဟု လူလစိတ်ထဲတွင်ထင်မိသည်။ အမေနှင့်တူသူမှာ တခြားတယောက် ရင်ဘတ်ကို ဖိထားပေးနေသည့်ပုံစံကို တွေ့ရသည်။ လူလ သဲကွဲရအောင် ကားလမ်းမကို မဖြတ်ပဲ အကြော်တဲ ရှိရာသို့ စက်ဘီးနီးလာခဲ့သည်။
နီးလာမှ အမေနှင့်တော်တော်တူတာ တွေ့မိသည်။ လူလရင်တွေ ခုန်လာသည်။ နားထင်ကြောတွေ တင်းပြီး ခေါင်းပူလာသည်။ တွေ့လိုက်ရသည်။ အဖေ…။ အဖေဘာဖြစ်တာပါလိမ့်။ သေချာသည်။ အမေ အဖေ့ရင်ဘတ်ကို ဖိရင် ငိုနေသည်။ စကားတွေ တိုးတိုးပြောနေသည်။

"အမေ… ဘာဖြစ်တာလဲ…. အဖေဘာဖြစ်တာလဲ…."

"မင့်အဖေ အမောဖောက်တာ….ဒီလိုဖြစ်တာခဏခဏပဲ.. အခုလဲ ဆေးခန်းသွားမလို့ "ဟု ပြောရင်း ငိုရှာသည်။

ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ… ရင်ထဲတွင် ပြည့်ကျပ်ပြီး ငိုချင်လာသည်။

အဖေ့လက်ကို ယောင်းယမ်းကိုင်ထားမိပြီး ဘာမှပြောမထွက်။

တော်ကြာ အဖေ သက်သာလာပုံရသည်။

မျက်လုံးပွင့်လာသည်။ ကျနော်တို့သတိထားမိသည့် သူများ အနားသို့ရောက်လာပြီး သုံးဘီး ကားတစင်းပေါ် အဖေ့ကို တင်ပေးသည်။ အဖေဆေးရုံသို့အမေနှင့်သွားသည်။ လူလ အိမ်သို့ပြန်လာသည်။

လူလအိမ်သို့ရောက်သော်လည်း စိတ်က အဖေ့ဆီမှာ ရောက်နေပြန်သည်။ အဖေဘယ်တုန်းက နေမကောင်းဖြစ်တာလဲ။ ဘာရောဂါလဲ။ ငါဘာလို့ မသိရတာလဲဟု လူလ စိတ်ထဲတွင် ဒွိဟဖြစ်ကာ တွေးနေမိသည်။ မိုးမှောင်တော့ အမေပြန်ရောက်လာသည်။

"မင့်အဖေ သက်သာပါတယ်" ဟူသော အသံအမေ့ဆီမှ ကြားရ၍ လူလစိတ်တ၀က်ချမ်းသာသည်။ သိချင်စိတ်တားဆီးမရစွာ လူလ အမေကို မေးသည်။


မင့်အဖေ… ရင်ကျပ်ဖြစ်ပြီး အဆုပ်မကောင်းတာ ကြာပြီး…။ အဆုပ်ကင်ဆာလို့ ဆရာဝန်က ပြောတယ်။ ဆေးရုံတက်ရမယ် ပြောပေမယ့် သူဆေးရုံတက်ရင် ပိုက်ဆံတွေ ကုန်မယ်။ သားကျောင်းစရိတ်တွေ လျှော့သွားမယ် ဆိုပြီး ဆေးရုံတက်ဖို့ ငြင်းခဲ့တာ။ ဆေးမြီးတိုတွေ သောက်ပြီး သက်သာရာ သက်သာကြောင်းနေခဲ့တာ။ အခု သားဆယ်တန်းကျောင်းဖွင့်ခါနီးတော့ သူ အချိန်ပို အလုပ်တွေပိုလုပ်တယ်သား ဟု အမေငိုသံနဲ့ပြောတာကို မကြားတချက် ကြားတချက်… ရင်ထဲ ဆို့နစ်ပြီး လူလ မျက်ရည်တွေ မထွက်လာခဲ့။

"အဖေက ဘာကြောင့် လူလကို မပြောတာလဲ အမေ"

"မင့်အဖေက မင့်စိတ်ဆင်းရဲပြီး ဆယ်တန်းကျောင်းစာမလုပ်နိုင်မှာ စိုးရိမ်တာရယ်… သူဆေးရုံမတက်လဲ ဖြစ်သေးတယ်ဆိုတာရယ် ဆေးရုံတက်မယ့်ပိုက်ဆံကို လူလ ကျောင်းတက်ဖို့ စက်ဘီးဝယ်ပေးတာ… မင့်အကိုကြီးလဲ မပြေလည်ဘူး... ဒါတွေကို အမေတို့ကို မပြောဖို့ မှာထားတယ်လူလေး…"

အခုမှ အဖေ့မျက်နှာ… အမေ့မျက်နှာ ကိုလူလ မြင်ယောင်လာသည်။ အဖေ့ကိုပြေးတွေ့ချင်သည်။ အဖေ ဆေးရုံတက်မယ့် ပိုက်ဆံကို နှမြောပြီး လူလအတွက်စက်ဘီးအသစ်ကိုဝယ်ပေးသည့် အဖေ့စိတ်ကို လေးစားမိသည်။ လူလ… အဖေ့ကို သတ်နေသည့် သားနှင့်တူနေလေသည်။

"အဖေ သေမှာလား အမေ" ဟု ရင်ထဲကဖျစ်ညှစ်ပြီး အမေ့ကို မေးမိသည်။

"အမေ လူလကို အတင်းဖက်ပြီး အမေလဲ မသိဘူးသား… မင့်အဖေကံပေါ့… "ဟုသာပြောပြီး တရှုတ်ရှုတ်ငို ရှာသည်။

လူလ အဖေခိုင်းစေခဲ့တာကို ငြင်းသမျှ နောင်တရမိသည်။ ခုတော့ ဘာမှ မတတ်နိုင်တော့။ လူလ တယောက် တညလုံး ဟိုလှိမ့် ဒီလှိမ့်နှင့် မနက်မိုးလင်းဖို့သာ ဆုတောင်းမိသည်။ အဖေ့ကိုတွေ့ချင်သည်။ အဖေ့ကို စကားတွေပြောချင်သည်။ လူလအခုမှ စိတ်ပူမိသည်။ အဖေကို လူလပြောချင်တာတွေ ပြောခွင့် ရမည်လား။ လူလပြောမည့်စကားများကို လူလ အဖေ နားထောင် နိုင်မည်လားဟု စိုးရိမ်ပူပန်စိတ်များ ရုတ်ချည်း ဖြစ်ပေါ်လာသည်။


အဖေ…. လူလတို့ကို မထားခဲ့ပါနဲ့….။


အဖေ…ကို သားစကားတွေ အများကြီးပြောချင်ပါတယ်…။

အဖေ့ကို ချစ်ပါတယ်…။ ဒီစက်ဘီးကို ရောင်းပြီး အဖေ့ကို ဆေးကုမယ်။ သားအလုပ်လုပ်မယ်။ အဖေကျမ်းမာရေးကောင်းမှ သား ဆယ်တန်းစာမေးပွဲ ဖြေတော့မယ် ဖေဖေ။

အဖေသားတို့ကို မထားသွားပါနဲ့။ အဖေ့ကို ပြုစုပါရစေ။ လူလ လူးလူးလှိမ့်လှိမ့်စဉ်းစားရင် အိပ်ပျော်သွားလေသည်။


မနက်ဖန် တွင် လူလ ပြောချင်တဲ့စကားတွေကို လူလ အဖေကို ပြောနိုင်မည်လား…။

လူလ အဖေ လူလပြောချင်တဲ့စကားတွေကို နားထောင်ပေးနိုင်မှာလား။

လူလအဖေ လူလကို ခွင့်လွှတ်နိုင်မှာလား။

လူလ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မှာလားး ဆိုတာ…

မနက်ဖန် မှာ ကံကြမ္မာက အဆုံးအဖြတ်ပေးလိမ့်မယ်။။

ဟုတ်တယ်…

မနက်ဖန် တွေ အတွက်

ကံကြမ္မာက စောင့်ကြိုနေတယ်…။



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

10 comments:

မိုးခါး said...

ဟင်းးး အဲလို နားလည်မှုလွဲတာတွေက တော်တော်ဆိုးတဲ့ အနာဂတ်ထင်တယ် ..း(

lwin said...

ကိုဖိုးစိန် စာပြန်ရေးတာ ဝမ်းသာတယ် စောင့်ဖတ်လျှက်ပါ

khin oo may said...

စိတ်ဆင်းရဲ စရာတွေ မရေးပါနဲ့။

မောင်လေး said...

ဟင်း....၊အဖေကို သတိရမိတယ်...။ငယ်ငယ်က အဖေ့အပေါ် အကောင်းမမြင်ဘူး။ခုဒီရောက်မှ အဖေ့ကို
သနားမိတယ်...။နောင်တလည်းရတယ်။ဖတ်ရတာ ခံစား
ရတယ်ဗျာ..။

ဇွန်မိုးစက် said...

ုဖိုးစိန် အဲလို မိဘမေတ္တာနဲ့ပတ်သတ်ပြီးရေးတဲ့ပို့စ်တိုင်း ခံစားရတယ်။

ဒီပို့စ်နဲ့ ဖဘက စာအုပ်အဖုံးက ဆက်စပ်နေလားဟင်? တကယ်မသိလို့ မေးတာနော်။

christ said...

ဒါမျိုးလေးဖတ်ရတာ သိပ်ကောင်းဗျာ။
စင်ကာပူရောက်ပြီးမှ ဒီတစ်ခေါက်ပဲ
ဒါမျိုးဖတ်ရသေးတယ်။

ဆက်ရေးပါ ကိုဖိုးစိန်။ အားပေးနေပါတယ်။

အတွေးကမ္ဘာ..မှတ်တမ်း said...

သံယောဇဉ်နည်းသော တနည်းအားဖြင့် သံယောဇဉ်မဲ့သော မေတ္တာသည်.. ချစ်သူအားလည်းကောင်း၊ ချစ်ခြင်းခံရသူအားလည်းကောင်း အေးမြခြင်းကိုသာဖြစ်စေ၏။ အလားတူ ချစ်ခြင်း မုန်းခြင်းတို့မှကင်းသော ဆုံးဖြတ်ချက်တို့သည်လည်း နောင်တမှ လွတ်ငြိမ်းချမ်းသာစေ၏။ ထိုထိုသော အကြောင်းအရာတို့၏ အတိုင်းအရှည် ကိုသိနိုင်စွမ်းသော ဥာဏ်ပညာသာလျှင် မှန်ကန်အေးမြသောဘဝ၊ နောင်တကင်းသော ဆုံးဖြတ်ချက်တို့၏ လမ်းပြကြယ်သာ ဖြစ်ပေတော့၏။

အတွေးကမ္ဘာ..မှတ်တမ်း said...

ဦးဦးဖွတ်ချိန်..ရေးတာကောင်းမှကောင်း.. စာအုပ်ကဘယ်မှာဖြန့်တာလဲ.. အဖေဇုန် ဝက်မှာသွားရှာလိုက်ဦးမယ်...:DDDD တကယ်ပဲစာရေးဖို့ ဆန္ဒရှိရင်.. ရှိတဲ့ ဆန္ဒအတိုင်းအောင်မြင်ပါစေကွာ...

sweetpeony said...

ဖတ်ပြီး မျက်ရည်တောင် ၀ဲတယ်..း((((

ချမ်းလင်းနေ said...

ကိုဖိုးစိန်ရေ
မင်္ဂလာပါ။ စာတွေလာဖတ်သွားပါတယ်။ ပျော်ရွှင်ပါစေခင်ဗျာ။