Sunday, 9 December 2012

ကျနော်တို့မြန်မာပြည် ၀န်ဆောင်မှုလုပ်ငန်းများ (၁)

 အရောင်းစင်တာ နှင့် သူ၏မာယာများ

 
နိုင်ငံတနိုင်ငံရဲ့ အရောင်းပြခန်းတွေ၊ စတိုးဆိုင်တွေ၊ စူပါမားကတ်တွေမှာ ဈေးဝယ်ထွက်ရင် ကိုယ်ဖြုန်းချင်တဲ့ ငွေကြေးပမာဏကို တိုင်းတာပြီး ၀ယ်ယူသုံးစွဲလို့ရတယ်။ မော်တော်ကား က အစ ပင်အပ်အဆုံး ရောင်းသူရမဲ့ အမြတ်တန်ဖိုးကို တွက်ဆက်ချက်ပြီး ဈေးနှုန်းတွေကို ကပ်ထားတတ်ကြတယ်။ ဈေးနှုန်းမကပ်တာဆိုလို့ နိုင်ငံခြားသားတွေ ကို ဆွဲဆောင်ရောင်းရတဲ့ လမ်းဘေးရောင်း အမှတ်တရ ပစ္စည်းတွေက လွဲလို့ ကျန်တဲ့ အရောင်းပစ္စည်းတွေမှာ ဈေးနှုန်းကပ်ထားလေ့ရှိပါတယ်။ မြန်မာပြည်မှာတော့ ဈေးနှုန်းကပ်ဈေးမဟုတ်ပါဘူး။ ပါးစပ်ဈေးနဲ့ လူကြည့်ပြီး တည့်သလို ရောင်းနေကြတာပါ။


မြန်မာပြည် ပြန်ရောက်တော့ ဖလက်တီဗွီ တလုံးဝယ်ချင်လို့ ရန်ကုန်က အရောင်းစင်တာတွေ ဆီသွားပါတယ်။ ဒီလို လျှပ်စစ်ပစ္စည်းတွေနဲ့ မရင်းနှီးတဲ့ ကျနော်က အရောင်းပြခန်းရောက်တော့ အမျိုးအစားနဲ့ အပ်တူဒိတ်တွေရဲ့ ဈေးနှုန်းကွာဟမှု တွေကို မေးပါတယ်။ ရောင်းတဲ့ သူတွေက ပါးစပ်လေးနဲ့ အလျင်အမြန်ရှင်းပြ ပေးမယ့် ကျနော် နားမလည်ပါဘူး။ ကျနော် မေးတဲ့ မေးခွန်းတွေကိုလဲ စိတ်ရှည်လက်ရှည်နဲ့ မဖြေချင်သလို ကျနော် မေးတာတွေကိုလဲ သူတို့ မသိကြပါဘူး။ ဒါတောင် အရောင်းမန်နေဂျာ နဲ့တွေ့တာပါ။ ဒါနဲ့ သူငယ်ချင်းတယောက်ကို ခေါ်ပြီးဘယ်အမျိုးအစားက ကောင်းတယ် ဆိုတာ လှမ်းမေးရပါတယ်။ သူငယ်ချင်းပြောတော့မှ အဲဆိုင်မှာ ပစ္စည်းအမျိုးအစားနဲ့ မော်ဒယ်နံပတ်ပြ ပြီးတော့ ဈေးမေးပါတယ်။ မန်နေဂျာကိုယ်တိုင် ကျနော့်ကို ကြည့်ပြီး ဈေးကို တင်လိုက်ပါတယ်။ ကျနော် ပထမဆိုင်ကနေလှည့်ထွက်ခဲ့တယ်။

ဒုတိယဆိုင်ရောက်တော့ ကျနော် ပစ္စည်းအမျိုးအစားတွေကို ထပ်မေး မနေတော့ပဲ ဆိုင်တပတ် လှည့်ကြည့်ပြီး ဈေးနှုန်းများ ကပ်ထားမလားလို့ရှာမိပါတယ်။မတွေ့ပါဘူး။ ဒါနဲ့ အကို ဘာကူညီရမလဲလို့ မေးလာတဲ့ ရောင်းသူကို ကျနော်ဒီပစ္စည်းလိုချင်ပါတယ်လို့ မော်ဒယ်နံပတ် ပြလိုက်တော့ မန်နေဂျာ ထိုင်တဲ့ ကောင်တာဆီခေါ်သွားပါတယ်။ မန်နေဂျာက ကျနော့်ကို “အကိုဘယ်လောက် ပေးချင်လဲ”မေးတော့ ကျနော်က “တစ်ကျပ်” လို့ ဖြေတာကို မန်နေဂျာက “ ခင်ဗျားနောက်မနေနဲ့.. ခင်ဗျားမှာ ရှိတဲ့ပိုက်ဆံနဲ့ ညှိပြီး စေတနာနဲ့ ရောင်းပေးမလို့” လို့ ပြောပါတယ်။ ၀ါးလုံးကွဲ ရယ်ချင်တဲ့စိတ်ကို မျိုသိပ်ပြီး ခပ်တည်တည်နဲ့ “ခင်ဗျားတို့ရောင်းနိုင်တဲ့ ဈေးပြောပါ” လို့ပြောတော့ ပထမဆိုင်ထက် သောင်းဂဏန်း ကွာပြီး ဈေး ပြောပါတယ်။ ဈေးစကားမဆုံးဘူး ကျနော်လှည့်ထွက်တော့ အနောက်ကနေ မန်နေဂျာက သူ့အရောင်းသမားတွေကို ပြောတာက အစကတည်းက “ရုပ်ကြည့်ပြီး မ၀ယ်နိုင်ဘူး ဆိုတာ သိပြီးသားမို့ တမင်ဈေးပြော လိုက်တာ” ဆိုတဲ့ အသံကို ကြားဖြစ်အောင် ကြားလိုက်တော့ ကျနော် ပြန်လည့်ပြီး အိတ်ထဲက ပိုက်ဆံထုတ်တွေကို ထုတ်ပြပြီး ကြွားဖြစ်အောင် ကြွားလိုက်မိသေးတယ်။

မထူးပါဘူး ဆိုပြီး ပန်းဆိုးတန်းထဲက ဆိုနီ အရောင်းပြခန်းကို သွားတော့ “အကို ဘာယူမလဲ..၀င်ကြည့်သွားလို့ရတယ်နော်. ပစ္စည်းမှန် ဈေးမှန်တယ်” ဆိုတဲ့ ခေါ်သံတွေက ထိုင်ရာ က မထပဲ အိပ်ငိုက်သံတွေနဲ့ ခေါ်နေတာပါပဲ။ ဆိုင်ထဲ ၀င်သွားရင်တော့ ယင်တွေလို အုံလာပြီး ၀ယ်တဲ့သူ အေးဆေး လှည့်ပတ်ကြည့်လို့ မရအောင် အနောက်ကနေ တကောက်ကောက်လိုက်တဲ့အတွက် စိတ်ကျဉ်းကျပ်မိပါတယ်။ ကျနော်တို့ ၀ယ်ချင်အောင် ပစ္စည်းတွေကို လိုက်ရှင်းပြတာမျိုးမဟုတ်ပါဘူး။ ကျနော်အနောက်ကနေ လိုက်ပြီး သူတို့ပြောနေတဲ့စကားလက်စတွေကို ဆက်ပြောနေကြတာပါ။  ဈေးမေးရင်လဲ အရောင်းပြခန်းက သတ်မှတ်ထားပြီးသား ဈေးမဟုတ်ပဲ ပါးစပ်တဲ့ ရှိတဲ့ ဈေးတွေနဲ့ တယောက်တပေါက် ဆိုသလိုဖြစ်နေပါတယ်။ အရောင်းပြခန်း ဆိုပေမယ့် ဈေးနှုန်းမပါပါဘူး။ ဒါတောင် တရုတ်ကလာတဲ့ ပစ္စည်းနဲ့ ယိုးဒယားက လာတဲ့ ပစ္စည်းဆိုပြီး ရောရောင်းတာ ခံရသေးတယ် ဆိုတာ လဲရှိသေးတယ်။
 ကျနော်လိုချင်တဲ့ပစ္စည်းနဲ့ မော်ဒယ်နံပတ်ပေး မေးတော့လဲ ပထမဆိုင်နှစ်ဆိုင်ထက် များနေပြန်တော့ ဘာမှ မ၀ယ်တော့ဖို့ ဆုံးဖြတ်ပြီး တိတ်တိတ်လေးပဲ လှည့်ပြန်ခဲ့တော့တယ်။ နောက်က ကျနော့်ကျောပြင်ကို ကြည့်ပြီး ၀ယ်မှာ မဟုတ်ဘူးဆိုတာ သိပြီးသားပါဆိုတဲ့ မျက်လုံးတွေကို ကျောခိုင်းရင်းနဲ့ပေါ့..


Tuesday, 2 October 2012

ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ( သို့ )အိမ်အပြန်လမ်း



ကျနော် မွေးရပ်ဇာတိ မြေကို မပြန်ဖြစ်တာ နှစ်နှစ် နီးပါး ရှိခဲ့ပြီ။ အခု အကြောင်း အမျိုးမျိုးကြောင့် အိမ်ခဏပြန်ဖို့ အခွင့် ကြုံခဲ့ရတယ်။ ကျနော့် အကျင့်အတိုင်း အိမ်ပြန်ရင် မပြောပဲ အိမ်က လူတွေ အံ့သြ၀မ်းသာအောင် ပြန်ချင်ပေမယ့် ကျနော့်အိမ် ဘယ်မှာလဲ ဆိုတာ ကျနော် မသိဘူး ဖြစ်နေတယ်။ ရန်ကုန်ရောက်ရောက်ခြင်း ကျနော်ပြန်ရောက်နေတယ်လို့ ဖုန်းမဆက်ပဲ ဒီတိုင်း နေခဲ့တ
ယ်။ ဖုန်းဆက်ခဲ့ရင် မေတို့ဖေတို့က မျှော်နေကြမှာ။ စိတ်မော စိတ်ပူနေကြရမှာ ကို စိုးတာနဲ့ နေပြည်တော်ကနေ မော်လမြိုင် ကားလက်မှတ်ဝယ်ပြီးမှ အဖေရေ… သားကို မနက်ဖန် ကားဂိတ်မှာ လာကြိုပါလို့ ဖုန်းဆက်ရတယ်။ အဲဒီအခါမှ အိမ်က ကျနော်ပြန်လာမှန်းသိကြတယ်။

တကယ်ဆို ကျနော် တိတ်တိတ်ကလေး ခိုးပြန်ချင်တာ။ ဖြစ်ချင်တော့ အခု ပြောင်းထားတဲ့အိမ်က ကျနော် အရင်တခါရောက်တဲ့ အိမ်မဟုတ်သလို အဲ့ဒီအိမ်အသစ်က ဘယ်နေရာမှန်းကို မသိဘူး။ ဒါကြောင့် ကျနော် အဖေ့ကို ဖုန်းဆက်ပြီးလာကြိုခိုင်းရတယ်။

နေပြည်တော် မော်လမြိုင် ခရီးက ရှည်ကြာပါတယ်။ ခရီးထွက်ရတဲ့ထဲမှာ လမ်းမှာ အပေါ့အပါးသွားတာလောက် စိတ်ပျက်စရာ ကောင်းတာမရှိဘူး။ ကားကောင်းပါတယ်ဆိုတဲ့ မန္တလာမင်း ကားကြီးကို စီးပြီးပြန်လာရတယ်။ ဒါပေမယ့် ကားက ထင်သလောက် မကောင်းပါဘူး။ ကျနော့်ဘေးနားတဲ့သူက ဒူးထောင်ပေါင်ကားပြီး အိပ်တဲ့အတွက် ကားသမားကို ပြောပြတော့ ဘေးကလူကစိတ်တွေဆိုးပြီး ခုံအလွှတ်ရှိတဲ့ နေရာ သွားအိပ်တော့မှ ကျနော် သက်သာရာ ရတော့တယ်။
ည၈နာရီခွဲကနေ နေပြည်တော်က ထွက်တဲ့ကားက မနက် ၄ခွဲ ကို မော်လမြိုင်ရောက်ပါတယ်။ လမ်းမှာ နှစ်နေရာ ရပ်နားပါတယ်။ တခါရပ်ရင်နာရီဝက်ကြာပါတယ်။ ကားဂိတ်ထဲ ကားဝင်လာတာနဲ့ အဖေနဲ့ ညီနဲ့ ခေါင်းလေးထောင်ပြီး လိုက်ရှာနေတာကို တွေ့လိုက်တယ်။ မနက် စောစော ကိုယ့်မိသားစု မျက်နှာကို မြင်လိုက်ရတာ ကျက်သရေ အရှိဆုံးပေါ့လေ။

ဒီလိုနဲ့ ကျနော် တခါမှ မရောက်ဘူးတဲ့ အိမ်အသစ်ဆီကို ခေါ်လာပါတယ်။ လမ်းမှာလဲ အဖေနဲ့ ညီနဲ့ လုမေးတဲ့ မေးခွန်းတွေကို အင် . ဟင်အင့်နဲ့ ဖြေလာတာ မောရပါတယ်။ မေးခွန်းတွေက တရစပ်ပေါ့..။

ရောက်ပါပြီး။ ကျနော် တို့အိမ်အသစ်ကို ရောက်ပါပြီး။ ဒီအိမ်အသစ်ကို အဖေနဲ့ အမေစကာင်္ပူကနေပြန်လာပြီးတဲ့ အချိန်က စဆောက်တာပါ။ အိမ်ကိုတောင် စကာင်္ပူစတိုင် ဆောက်ထားပါတယ်လို့ အဖေက၀မ်းသာ အားရပြောပါတယ်။ ကျနော်လဲ အံ့အားသင့်စွာနဲ့ အိမ်ကို ကြည့်တော့ ဘယ်နေရာ စကာင်္ပူစတိုင် ဖြစ်နေလဲ ဆိုတာ ပြောလို့မရဘူး ဖြစ်နေတယ်။ ဒီဇိုင်နာလဲ အဖေ. ပန်းရံ ဆရာလဲ အဖေ. လက်သမားလဲ အဖေဆိုတော့ အိမ်တခုလုံးက စိတ်တိုင်းကျ အဖေ ရောသမ မွှေထားတဲ့ စကာင်္ပူ စတိုင် ဖြစ်နေတယ်။ ကျနော်တောင် မနည်း ပြန်စဉ်းစားရတယ်။ စကာင်္ပူစတိုင် ဆိုတော့ အဖေဘယ်နားက အိမ်ကို မြင်သွားပြီး စကာင်္ပူစတိုင် ပြောတာပါလိမ့်လို့.. ။ မျက်စိထဲမှာတော့ ခေါက်ရိုးကျိုးနေတဲ့ အဖေ့စတိုင်အိမ်ပုံစံပဲ မြင်ပါတယ်။

ဒီလိုနဲ့ အိမ်ထဲလှမ်းဝင်လိုက်တော့ ဘုရားတရပါတယ်။ အိမ်အတွင်းကို လဲစကာင်္ပူစတိုင်တဲ့.။ သုတ်ထားတဲ့ ဆေးက အနီရဲရဲ.. ဒီအရောက်ကို အဖေက ရွေးတာပါတဲ့လေ။ အဲ့အနီရောင်ကို အမေက မကြိုက်လို့ အ၀ါရဲရဲ ထပ်သုတ် လိုက်ပါတယ်။ ကဲ..။ အနီပေါ် အ၀ါ ဖုန်းနေတဲ့ ရဲ ရဲ တောက် အရောင်ကြီးကို မျက်စိထဲပဲ မြင်ကြည့်ပါ။ ဒါတင် မပြီးသေးဘူး။ ညီနဲ့ ညီမက သူတို့ ကိုယ်ပိုင်အရောင်တွေကို သူ့တို့ပိုင်တဲ့ အခန်းအတွင်း အပြင်ထပ်သုတ်လိုက်တော့ အိမ်က လေးယောက်လေးရောင်နဲ့ စကာင်္ပူ စတိုင်နဲ့ မတူပဲ အိန္ဒိယ အိမ်နဲ့တူနေလို့ ဆေး အရောင်ရွေးခဲ့ပေးရတယ်။

အိမ်ပြန်ရောက်တော့ အမေက ထွက်ပြီး ကြိုနေပါတယ်။ နည်းနည်းပိန်သွားတာက လွဲလို့ ကျမ်းကျမ်းမာမာနဲ့ ပြန်တွေရတော့ အရမ်းကို ပီတိဖြစ်ပါတယ်။ အိမ်ရောက်တာနဲ့ သူ့အခန်းထဲက သူ့ကတင်ပေါ်ကို ခေါ်ပြီး အတင်းအိပ်ခိုင်းပါတယ်။ ခရီးပန်းလို့ ခဏအိပ်လိုက်ဆိုပါတယ်။ အမေစိတ်ချမ်းသာအောင် အမေ့ကုတင်ပေါ်သွားတော့ အိမ်က ညီမရော ညီရော. အဖေရော အမေ့ ကုတင်ပေါ်တက်လာပြီး သိချင်တဲ့မေးခွန်းတွေကို မေးတော့တာပဲ။ ကျနော့် အိမ်အတွက် ဘာပစ္စည်းမှ မ၀ယ်သွားပါဘူး။ ဒါပေမယ့် ကျနော့် အိတ်ကို မွှေပြီး ညီနဲ့ ညီမက အိုင်ပက်ကို အမွေခွဲပါတယ်။ အဖေကလဲ နင်တို့တွေ ဒါမျိုးကိုင်တတ်တာ မဟုတ်ဘူး။ အဖေစကာင်္ပူသွားတုန်းက ဒါတွေ နှိပ်တတ်အောင် သင်ခဲ့တာပါဆိုပြီး အတင်းလုပါတယ်။ အဖေစကာင်္ပူ သွားခဲ့တာဟာ အဖေ့အတွက် တပန်းသာပါတယ်။ နည်းနည်းဖြင့် စကာင်္ပူ မှာတုန်းက နဲ့ ကိုင်ပေါက်လို့ ညီ့ခမျာ လူးလူးလှိမ့်လှိမ့် ခံရပါတယ်။

အဲလို လုနေတုန်း အမေ ပျောက်သွားပါတယ်။ အဲဒါနဲ့ အမေအိမ်သာများတက်နေလား ဆိုပြီး သတိရလို့ မေးတော့ အမေက မှန်တင်ခုံမှာ အလှပြင်နေပါတယ်။ ထူးထူးဆန်းဆန်း လိုင်ဒါတွေ ဆိုး နှုတ်ခမ်းနီတွေ ဆိုးပြီး သိပ်လှနေပါတယ်။ ဆေးရုံ ၂ လ တက်ပြီး ၁ လ အကြာမှာ အမေအလှပြင်တာ ဒီနေ့ ပထမဆုံး ဆိုတော့ အဖေက သိပ်ပျော်နေပါတယ်။ ငါ့မိန်းမ ဒီနေ့ အရမ်းကို လန်းနေတော့တာပဲ ဆိုပြီး အမေ့ဝတ်ဖို့ အကျီတွေ သွားရွေးပေးပါတယ်။

ဒီလိုနဲ့ မိသားစုတွေ အမေ့စိတ်တိုင်းကျ အပြင်ထွက်ပြီး မနက်စာ စားပြီးတော့ အမအိမ်ခဏသွားခဲ့ကြပါတယ်။

အိမ်က ဆောက်လက်စ တန်းလန်းကြီးဆိုတော့ နေ့ဘက် အလုပ်သမားတွေနဲ့ ရှုတ်နေပါတယ်။ အဖေကိုယ်တိုင် ညီနဲ့ မျက်နှာကျက်ရိုက်ပါတယ်။ ခြံစည်းရိုးကို တော့ အလုပ်သမားတွေငှားပြီးခတ်ပါတယ်။ တအိမ်လုံး သူ့နေရာ သူမကျသေးဘူးဆိုတော့ ကျနော် နေရခက်ပါတယ်။ ဟိုအခန်းဝင် အနီ ဒီအခန်းထွက် အ၀ါနဲ့ မျက်စိလဲ နောက်ရပါတယ်။ အမတွေ ညီမတွေကတော့ ကျနော်ပြန်လာတော့ ကျနော်ကြိုက်တဲ့ဟင်းတွေ ရွေးချက်ပေးပါတယ်။

ညဘက်ရောက်တော့ အဖေက ညီနဲ့ကျနော့်ကို သူ့နဲ့ ဘီယာသောက်ဖို့ ခေါ်ပါတယ်။ အဲဒါနဲ့ ဘီယာဆိုင်သွားပြီး ဘီယာနဲ့ အကင်နဲ့စားကြ သောက်ကြ စကားပြောကြပါတယ်။ အဲဒါနဲ့ စကားစပ်ပြီး အရင် နေခဲ့တဲ့ အိမ်အကြောင်းမေးမိပါတယ်။ အဲဒီမှာ ပြသနာစတာပဲ။ အဖေက အဲဒီအိမ်ကို ရောင်းမယ်။ သိန်းဘယ်လောက်ရရင်ပြန်ရောင်းမယ်ဆိုတော့ ညီက ကိုကြီးအဲ့ဒီအိမ်ကို ၀ယ်လိုက်ပါလား ဆိုပြီး ကြားကနေပွဲစားလုပ်ပါတယ်။ အိမ်ကဘယ်လို ကောင်းကြောင်း. နောက်ဆိုရင်အဲ့ဒီစက်မှုံဇုန်က ဘယ်လို စည်ကားသွားမယ်ဆိုတဲ့အကြောင်း. ဒီမှာမနေရတာက အမေဆေးခန်းသွားနေရလို့ ဆိုတဲ့အကြောင်း. ဒီအိမ် အဖေနဲ့ အလုပ်ဖြစ်ရင် သူ့ကို ဆယ်သိန်း ပေးပါဆိုပြီး တခါတည်း ဈေးဖြတ်ပါတယ်။

ရောင်းရမယ့်သူ ရှားလို့ ညီက အကို့ကို ပြန်ရောင်းတယ်။ အဖေကလဲ သားဝယ်မယ်ဆိုရင် ဈေးချပေးမယ် ဆိုတဲ့အကြောင်း. သူများဝယ်တဲ့ဈေးထက် ပိုချပေးမှာ ဆိုတဲ့ အကြောင်း ၀ယ်ပြီးသွားရင် ရောင်းဈေးထက် လျှော့ပြီး မိန်းမကို ပြန်အပ် ပိုက်ဆံနည်းနည်းကို သူယူထားမယ် ဆိုတဲ့အကြောင်း ပြောပြန်တယ်။ အင်း.. အဖေနဲ့ ညီနဲ့က ကတုံးပေါ် ထိပ်ကွက် အကွက်တွေ နင်းပြီး သားဖြစ်သူကို အချဉ်ထည့်နေတာနဲ့ တူပါတယ်။ စိတ်ချမ်းသာအောင် စဉ်းစားမယ်လို့ ပြောလိုက်တော့ ညီ ရမယ့် ပွဲခထဲက အဖေက နှစ်သိန်း ပြန် ခေါင်းပုံ ဖြတ်နေသေးတာ တွေ့ရတယ်။ ဒါတွေက ခေါက်ရိုးကျိုးနေတဲ့ အဖေတို့အတွက် ဈေးကွက်စီးပွားရေး စနစ်ပေါ့လေ.။ ဘာပြောပြော အဖေနဲ့ ညီနဲ့ ကျနော့်ကို အိမ်လုရောင်းပြီး ပွဲစားခ တောင်းတာကို သဘောကျပါတယ်။

နောက်နေ့ ရောက်တော့ သတင်းကဘယ်လို ပေါက်ကြားသလဲ မသိဘူး။ အမေ့နားထဲ ပြန်ရောက်ပါတယ်။ အမေကလဲ ဒီအိမ်ကို သားဝယ်ရင် ပွဲခရတာ အမေပဲ ဖြစ်သင့်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ အဲဒီအိမ်မှာ သားကြိုက်တဲ့ အိမ်သာခွက်ကို အမေပိုက်ဆံအကုန်ခံပြီးဝယ်ထားရလို့ပါတဲ့။ ဘယ်ဆီနေမှန်းမသိတဲ့ အရောင်းအ၀ယ်နဲ့ သားအမိတွေ ဝေစုခွဲနေတာ။

ညီမကတော့ ရှင်းပါတယ်။ ဒီလို မဖြစ်နိုင်တဲ့ နည်းနဲ့ သူပိုက်ဆံ မယူချင်ပါဘူးတဲ့။ ကျနော့်ကို သူအခန်းထဲ ခေါ်ထည့်ပြီး ပုံးထဲက စာရွက်တွေ စာအုပ်တွေကို သွန်ချလိုက်ပါတယ်။ ဒီထဲက ကိုကြီးကြိုက်တဲ့ သီချင်းနဲ့ စာမူတွေ ယူသွားပါတဲ့။ ပြီးတော့ ကိုကြီးနာမည်နဲ့ ရေးချင် ရောင်းချင်လဲ ရတယ်တဲ့။ အခု သူအနှစ်နှစ် အလလက စုထား ရေးထားတဲ့ သီချင်းတွေပါတဲ့..။ ကြိုက်တာယူ။ ညီမအနေနဲ့ အလုပ်မဖြစ်မယ့်တူတူ အကိုကြီးကို ပုတ်ပြတ် ရောင်းချင်လို့ပါတဲ့။ ညီမ စာတွေ သီချင်းတွေနဲ့ ကိုကြီးဘ၀ တခုလုံး သာယာလှပသွားမှာပါ ဆိုပြီး နှစ်ဆွေး ကဗျာတွေ စာတွေ သီချင်းတွေကို ရောင်းပါတော့တယ်။ အဲဒါကို ဈေးဖြတ်လိုက်တာ ငါးသိန်းတဲ့.။အဆစ်အနေနဲ့ လက်တန်းသီချင်းနှစ်ပုစ်ကို တောင် လက်ဆောင်ရေးပေးဦးမှာ ဆိုပြီး ငါးသိန်းနဲ့ ဈေးဖြတ်ပါတယ်။ ကျနော်လဲ ညီမစိတ်ချမ်းသာအောင်ဝယ်လိုက်ပါတယ်။

အဲလို ၀ယ်လိုက်တာကို ညီက သိတော့ သူ့အရင်ကရီးစားဓာတ်ပုံတွေ ရီးစားစာတွေ ကျောင်းစာအုပ်အဟောင်းတွေကို ရှာထုတ်လာပြီး ကျနော့်ကို တသိန်းခွဲနဲ့ ဈေးလာဖြတ်ပြန်ပါတယ်။ အဲဒါနဲ့ စိတ်ချမ်းသာအောင် ၀ယ်ရပြန်တယ်။ ဒါတင်မပြီးသေးဘူး။ အမေရော.အဖေရော သူတို့ မှာ ရှိတဲ့ စာတွေ လာရောင်းပြန်တယ်။ တနေကုန် အရောင်းအ၀ယ် ကိစ္စနဲ့ တအိမ်လုံး ဆူညံနေတယ်။ သူကပိုရသင့်တယ်။ ငါကပိုရသင့်တယ်နဲ့ပေါ့။

ဒါနဲ့ သူတို့ကိုဈေးဖြတ်ပြီးတော့ ပိုက်ဆံလာတောင်းပါတယ်။ ဒါနဲ့ကျနော်က စကာင်္ပူပြန်ရောက်ရင် လွှဲပေးလိုက်မယ် အခုတော့မပါဘူးဆိုတော့ သူတို့က “ကိုကြီး ပြန်လိုက်တော့ သွားလိုက်တော့ “ လို့ စိတ်တွေ ဆိုးပြီး သူတို့လေလံပစ္စည်းတွေ စိတ်ပျက်လက်ပျက်နဲ့ ပြန်သိမ်းပြီး ပါးစပ်က ပွစိပွစိပြောပါတော့တယ်။

ကျနော်ကတော့ သူတို့ကို ကြည့်ပြီး သဘောတွေကျနေပါတော့တယ်။ ဒီတခေါက်ပြန်တော့ အဖေက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့ အဓိပါယ်လေးကို ပြန်ပြောပြတယ်။ အဖေပြောတဲ့ မိသားစု ဆိုတာ ရှိအတူ မရှိအတူ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတာ မှန်ပါတယ်။ အခုချိန်ထိ အဖေပြောသလို မိစုံ ဖစုံနဲ့ မောင်နှမတွေ စုစုရုံးရုံး ချစ်ချစ်ခင်ခင် နေရတာကို က အဖေတို့အမေတို့အတွက် မင်္ဂလာ တပါး ဆိုသလိုပဲ ကျနော်တို့အတွက်လဲ မိဘတွေ သက်ရှိထင်ရှားရှိနေသေးတဲ့အတွက် ဂုဏ်ယူစရာပါပဲလေ။

မော်လမြိုင်ကို တညအိပ်နှစ်ရက်ခရီးနဲ့ မိသားစုတွေကို ပြန်တွေ့ရတာ ကျနော့်အတွက်တော့ အတိုင်းမသိတဲ့ကြည်နူးဝမ်းသာ ကျေနပ်မှု တခုပါပဲ။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Saturday, 28 July 2012

မျှော်လင့်မထားပေမယ့် မျှော်လင့်ချက်လေးတော့ထားပါ..။

သား …. အမေတို့ အဖေတို့ရာ.. သားစိတ်မကောင်းပါဘူး. ခုချိန်ထိ သားဘာမှ မလုပ်ပေးနိုင်သေးဘူး..သားကိုသားလဲ တော်တော့ကို စိတ်ပျက်တယ်.

မိဘ… ဘာစိတ်ပျက်စရာရှိလို့လဲ သားရယ်..

သား…. ဟုတ်တယ်လေ.။ အားလုံးပေါ့..။ ဟိုမေမေ့သူငယ်ချင်း သား ဆရာဝန်လိုင်းရတာ.။ ဖေဖေ သူငယ်ချင်းသမီး အမှတ်များများနဲ့ အောင်တာ တွေ..။သားကျတော့ အမေတို့ အဖေတို့ ထင်သလို မဖြစ်လာဘူးလေ.။ အဲဒါကြောင့် သားကိုယ်သား စိတ်ပျက်တယ်လို့ ပြောတာပါ။

မိဘ.. မဟုတ်သေးဘူးသားရဲ့..။ ဒါဒီလို ထင်ရင် သားပင်ပန်းမှာပေါ့။ လူဆိုတာ. အထူးသဖြင့် မိဘဆိုတာ သားသမီးကို ဖြစ်စေချင်တာ တတ်စေချင်တာ သိစေချင်တာ..။ ဒါက မိဘတိုင်း က သားသမီးကို မျှော်လင့်တာ..။ ဒါပေမယ့် ဖြစ်လာမယ် မဖြစ်လာဘူးဆိုတာက ကံတရားပေါ် မူတည်တယ်လေ။ မိဘအနေနဲ့ ကိုယ့်သားသမီးအပေါ်တော့ မျှော်လင့်ချက်တခု တော့ထားရမှာပဲ..။

သား.. မဟုတ်သေးဘူး မေမေ..။ သားခံစားရတယ်။ သားခံရခက်တယ်။

အချိန်တိုင်းမှာ မေမေတို့ ဖေဖေတို့က မျှော်လင့်ချက်ကြီးတခုထားပြီး မျှော်လင့်နေတော့ ဒါတွေက ဖြစ်မလာတဲ့အခါ သားတယောက်အနေနဲ့ ခံစားရတာပါပဲ။ နာကျင်ရတာပါပဲ။ ဘာတွေပဲ မေမေတို့က မျှော်လင့်ချက်ထားထား မထားထား. သားအနေနဲ့က သားလုပ်နိုင်တာထက်ပိုပြီး ဘမှ မလုပ်နိုင်ပါဘူး။ တခါတလေသာ မေမေတို့ကို သားက ဘယ်သူပါ ဘာပဲလုပ်နိုင်ပါတယ်ဆိုတဲ့ ကိုယ့်သားတယောက်ရဲ့ အရည်အချင်းစစ်စစ်ကိုပဲ သိမြင်စေချင်ပါတယ်။ ဘာမျှော်လင့်ချက်မှ မထားရင်ပေါ့….

ဒီလိုမိဘနဲ့သားသမီး အပြန်အလှန်စကားတွေက ငယ်ငယ်က ကြည့်ဖူးတဲ့ရုပ်ရှင်ကား တကားကို မှတ်မိနေတာပါ။ အဲတုန်းက ကိုယ်လဲ မင်းသားနေရာက၀င်ပြီး ငါလဲ သူလို့ပဲ ဘယ်တုန်းကမှ ကောင်းတာတွေ မဖြစ်ခဲ့ဘူး.။ ငါ့မိဘတွေမျှော်လင့်ထားသလိုပဲ ဖြစ်မလာဘူး။ ငါ့ကိုယ်ငါလဲ တော်တော်စိတ်ပျက်ပါတယ် ဆိုတဲ့ အတွေးနဲ့ အတူ ရုပ်ရှင်မှာ နစ်မျော ခံစားခဲ့ဖူးတယ်။

တခါတလေကျတော့ စဉ်းစားမိတယ်။ ဒီလောကကြီးမှာ ဘယ်နှယောက်လောက်များ ကိုယ့်ကိုယ်ကိုယ် ဘ၀င်မကျ. စိတ်တိုင်းမကျတဲ့ စိတ်ဖိစီးမှု မျိုး ခံစားနေရသလဲ။ ဒီစိတ်ဖိစီး ဘ၀င်မကျမှုက တခြားတယောက်ရဲ့ မျှော်လင့်ချက်တခုကြောင့်လား အဲဒီမျှော်လင့်ချက်တွေခြား နစ်မွန်းပြီး ကိုယ့်မျှော်လင့်ချက်တွေ မဖြစ်လာသလားဆိုတာမျိုးပေါ့။ ဒါတွေကလဲ လူတွေမှာ ငါမပြည့်စုံဘူးဆိုတဲ့စိတ်ကို စွဲစွဲ မြဲမြဲ ကိုင်စွဲပြီး မသိစိတ်တွေက တနေတခြားနဲ့ ကြီးထွားရင့်ကျက်လာရင်းနဲ့ လောကကြီးကို

ကြောက်ရွံနေတတ်လာတာပဲ ဖြစ်မယ် ။

တကယ်တော့ လူဆိုတာ ကိုယ့်ဘ၀ကိုယ် ဖန်တီးနေကြတယ်ဆိုပေမယ့် တခြားသူတယောက်ရဲ့  အသိအမှတ်ပြု ခံရခြင်းကို ရှာဖွေမိနေကြတယ်။ အများစုက ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သူတွေရဲ့  အလေးပေးမှု အသိအမှတ်ပြုမှုကို မသိစိတ်က လိုလိုလားလား တောင့်တ တတ်ကြတယ်။ လူတွေကြောက်ရွံ့မိတာက ငါတို့က သူတို့ စိတ်နဲ့ မတိုက်ဆိုင်ရင် သူတို့ထင်သလို ဖြစ်မလာရင် သူတို့ငါကို မချစ်တော့ဘူး. မခင်တော့ဘူး. စွန့်ခွာသွားမှာ ။ အဲဒီအခါ ငါသူတို့ဆီက ငါလိုချင်တဲ့ ပျော်ရွင်မှုတွေ.ကြင်နာမှုတွေ မရတော့ဘူး ဆိုပြီး

ဒါကြောင့် လူအများစုက့ မျှော်လင့်ချက်တခု ကို ဖြည့်ဆည်းပေးဖို့ ကြိုးစားရင်း ကိုယ်ကိုယ်ကိုယ် မျှော်လင့်ချက်ကြီးထားရင်း ဖြစ်မလာတော့တဲ့အခါ စိတ်ဓာတ်အကြီးအကျယ် ကျဆင်း ကိုယ့်တိုင်က မပြည့်စုံတဲ့ဘ၀ကျိန်စာ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ခေါင်းစဉ်တပ်လိုက်ကြတာပါပဲ။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ ယူဆတဲ့အခါ.. ကိုယ်တိုင်က ဘ၀မှာ ဘာမှမပြည့်စုံဘူးလို့ ယူဆတဲ့အခါ..ဘာတွေ တွေးပြီး ဘာလုပ်မိသလဲ။ စိတ်ဓာတ်တွေ အကြီးအကျယ် ကျမိသလား။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမိမလား။ တကယ်တော့ ဒါကလူ့အဖွဲ့အစည်းပဲ။ ဒီလို ဖြစ်လာအောင် လူ့အဖွဲ့အစည်းက တွန်းအားတွေပေးနေတာပါ။ ဒါကို ကိုယ်တိုင်က နေတတ်အောင် မကြိုးစာရင်း ကိုယ့်အတွက် ဒီလူ့အဖွဲ့အစည်းမှာ နေစရာရှိမှာမဟုတ်ပါဘူး.လို့ပဲ ဖြည့်တွေးရမယ်။

တကယ်တမ်းပြန်တွေးရမှာက ကိုယ်တန်ဖိုးမရှိဘူးလို့ ယူဆတာဟာ ကိုယ်က တခြားတယောက် မျှော်လင့်ထားတဲ့ထိ ဖြစ်မလာသေးလို့။ ဘ၀မှာ မပြည့်စုံဘူးလို့ တွေးထင်လိုက်တိုင်းမှာ ကိုယ်ထက်ပြည့်စုံနေတဲ့သူတွေ ကို မသိစိတ်က ပြိုင်ဆိုင်မျှော်လင့်မိနေလို့ ဆိုတာ သတိထားမိရမယ်။ အဓိက က တော့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူက ကိုယ့်အတွက် ဘယ်လို မျှော်လင့်ချက်ထားလဲ. ကိုယ်က သူတို့မျှော်လင့်ချက်ထားတာကို ဘာလို့ စိုးရိမ်တကြီး လိုက်ဖြည့်ချင်နေတာလဲ ထက် ကိုယ်ကိုယ်ကိုယ်ဘာလဲ ဆိုတာ ကိုယ်တိုင် သိထားနိုင်ဖို့ ပါပဲ။

ဒီအချိန်ဟာ ကိုယ်ဘယ်သူဆိုတာ သူများလက်ခံဖို့ ကြိုးစားနေတယ်ဆိုရင် သူများ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းနေဦးမှာပဲ။

ဒီအချိန်ဟာ ကိုယ်ဘယ်သူဆိုတာ ကိုယ်လက်ခံနိုင်ဖို့ ကြိုးစားနေရင် ကိုယ့် မျှော်လင့်ချက်တွေ နဲ့ ကိုယ်ဆက်ရှင်သန်နေဦးမှာပဲ။

ဒီအချိန်မှာ သူများမျှော်လင့်ချက်တွေနဲ့ ကိုယ့်မျှော်လင့်ချက်တွေကို အလွန်အကျွံ စားသုံးထားပြီးပြီး ဆိုရင်တော့… ကိုယ်ဟာ ဘ၀ရဲ့ မပြည်စုံမှု ကျိန်စာ ကို ကောင်းကောင်းကြီးမိနေလောက်ပြီး။

ဇာတ်လမ်းထဲမှာ နောက်ဆုံးအမေလုပ်သူပြောလိုက်တာက.

အမေ.. ဒါက သားကိုယ်သား ပြန်နှိပ်စက်တာပဲ။ လူတိုင်းက အကောင်းဆုံးကို မျှော်လင့်တယ်လေ သားရဲ့ ။ သားကိုယ်တိုင်တောင် မိဘကို အကောင်းဆုံးပေးဆပ်နိုင်ဖို့ မျှော်လင့်ရင်းနဲ့ မဖြစ်လာတဲ့အခါ သားက စိတ်ပျက်ပြီး သားဘယ်သူဆိုတာ လက်ခံပေးဖို့ ပြောနေသေးတာပဲ။ ဒီလိုတော့ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် စိတ်ပျက်မှုနောက်လိုက်ပြီး ဘ၀မှာ မပြည့်စုံဘူးဆိုတဲ့ အတွေးလေး မ၀င်သွားဖို့ပဲ သားရယ်။

မျှော်လင့်မထားပေမယ့် မျှော်လင့်ချက်လေးတော့ထားပါ..။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Thursday, 12 July 2012

Filial Piety

နှလုံးသားချင်းကို နှလုံးသားနဲ့ ရင်းမယ်။ အရေးကြီးရင် သွေးနီးမယ်။ ဘယ်လောက်ဝေးဝေး နှလုံးသား ချင်းနားလည်မယ် ဆိုတာ က မိဘနဲ့ သားသမီးပါပဲ။

အဲဒီနှလုံးသားချင်း နီးဖို့ မိဘနဲ့ သားသမီးကြားမှာ ဘာလိုလဲ အခြေခံကျကျ ရှာရင် သားသမီးက မိဘအပေါ် ရိုသေကိုင်းရှိုင်းမှုပဲ..။

ရိုသေကိုင်းရှိုင်းမှု ဆိုတာ တကယ်တော့ မိဘနဲ့ သားသမီးကြားမှာ အရေးကြီးတဲ့ ဆက်သွယ်မှု တခဲု။ သားသမီးက မိဘအပေါ် ရိုသေမှုရှိမှ မိသားစု ပြသနာ လျှော့နည်းမှာ အမှန်ပဲ။ ရိုသေကိုင်းရှိုင်းမှုက ဘာတွေကို ယူဆောင်ပေးသလဲဆိုရင် စိတ်ခံစားမှုတွေ၊ အိမ်တွင်းရေး ပြသနာတွေ၊ စီးပွားရေး ပြသနာတွေ ကို မိဘနဲ့ သားသမီး တူတူ ဖြေရှင်း လို့ရမယ်။ မိဘအပေါ် ယုံကြည်မှုတွေ ရှိမယ်။ မိဘကလဲ သားသမီးကို တဖက်တလမ်းက အားကိုးလို့ရမယ်ပေါ့။

ဒီလို မိသားစု အဆင်ပြေမှ သားမီးတွေက သူတို့ရဲ့ ပညာရေးနဲ့ စိတ်ဓာတ်ရေးရာတွေ မြင့်လာမှာ အမှန်ပဲ။

ခုနောက်ပိုင်း ဘာတွေ တွေ့လာလဲ ဆိုရင် ဆယ်ကျော်သက်တွေက သူတို့ မိဘတွေ သူတို့ အတွက် ဘာလုပ်ပေးတယ်။ ဘယ်လို လုပ်ပေးတယ်ဆိုတာကို သူတို့ အသိအမှတ်မပြုတော့ဘူး။ သူတို့က မိဘပဲ. မိဘတာဝန် ယူတတ်ရမှာပေါ့။ ကျောင်းထားပေးရမှာပေါ့။ လိုချင်တာ ၀ယ်ပေးရမှာပေါ့.. စသဖြင့် မိဘတွေကို ခုခေတ် ဆယ်ကျော်သက်တွေ မြင်လာတယ်။ အထူးသဖြင့် အိမ်မှာ မိမစုံ ဖမစုံနဲ့ နေရတဲ့သူတွေ အဖေတခြား အမေတခြားနေရတဲ့သူတွေနဲ့ မိဆိုးဖဆိုးနဲ့ နေရတဲ့သူတွေ ကြား ပိုများတယ်။

အထူးသဖြင့် ကိုယ်နဲ့ပတ်သက်တဲ့ Clients တွေက အမေနဲ့ အဖေနဲ့ ကွဲနေတာမျိုး၊ အိမ်မှာ အဖေနဲ့ အမေနဲ့ အဆင်မပြေတာမျိုးတွေများပြီး အဆင်ပြေပြန်တော့ မိဘက သားသမီးကို Take Care မလုပ်နိုင်တာတွေ တွေ့တယ်။ ငယ်ငယ်တုန်းက အရမ်းလိမ်မာတယ် ဒီနှစ်အတွင်းမှာမှ ပြောင်းလဲသွားတယ်ဆိုပြီး Clients မိဘတွေ ပြောပြောနေတာကြားနေရတယ်။ အဲဒါဘာလိုအပ်လဲဆိုရင် မိဘတွေရဲ့ နွေးထွေးမှု အနေအထား၊ သားသမီး ကြီးလာတာနဲ့ အမျှ ပြောင်းလဲ လာတဲ့ မိဘတွေရဲ့ ဆက်ဆံမှုကြောင့် သားသမီးတွေရဲ့ ရိုသေမှုတွေ လျှော့နည်းလာပြီး မိဘတွေ နဲ့ အတိုက်အခံ ဖြစ်လာတော့တာပဲ။

သားသမီးတွေ အနေနဲ့ မိဘကို ရိုသေကိုင်းရှိုင်းမှု မြဲနေဖို့အတွက် မိဘတွေ အနေနဲ့ သားသမီးတွေကို ဆက်ဆံ ဆုံးမတဲ့အခါမှာ သားသမီးရဲ့ အပြုအမူအပေါ် မူတည်ပြီး စဉ်းစားချင့်ချိန် ဆုံးမတတ်ရမယ်။ အရွယ်ရောက်လာတာနဲ့ အမျှ ပုံစံအမျိုးမျိုးနဲ့ သားသမီးတွေ ပြောင်းလဲလာတာကို လက်မခံနိုင်ရင်တောင်မှ အသိအမှတ်ပြုမှု တခုပေးထားရမယ်။ ဒါမှ သားသမီးတွေက သူတို့ကို လက်ခံနားလည်ပေးနိုင်တဲ့ မိဘအပေါ် ယုံကြည်ကိုးစားပြီး ရိုသေကိုင်းရှိုင်းလာလိမ့်မယ်။

တခါတလေ မိဘတွေက သားမီးတွေဆီက ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကို ကြားချင်သလို သားသမီးတွေကလဲ မိဘတွေဆီက သူတို့လုပ်ချင်တဲ့ ဖြစ်ချင်တဲ့ တခုခုကို အသိအမှတ်ပြု လက်ခံတာကို ပေါ်ပေါ်ထင်ထင် တောင်းသလို ပါးစပ်က ထုတ်မပြောပဲ စိတ်ကနေ တိတ်တခိုးကြိတ်မှိတ် မျှော်လင့်တတ်တာမျိုးတွေ ရှိတတ်တယ် ဆိုတာ မိဘတွေ အနေနဲ့ မမေ့သင့်ဘူး။ အဲလို တခုခုမှ လွှဲချော်သွားရင် ဆယ်ကျော်သက်တွေ အနေနဲ့ မိဘတွေ အပေါ် အတွေးအမြင် ပြောင်းလဲပြီး ရိုသေမှု လျှော့နည်းလာတာကို တွေ့ရတာပဲ..။

ဒီလိုအချိန်မှာ မိဘတွေက ငါ့ သားသမီးတွေက ငယ်ငယ်ကလိမ်မာပါတယ်. ဒီနှစ်ထဲမှာမှ ပြောင်းလဲသွားတာဆိုတာ ခဏခဏ ပြောတယ်။ မိဘတွေက သားသမီးတွေ နေ့စဉ်နဲ့ အမျှ ကြီးလာတဲ့အပေါ် လက်မခံပဲ အရင်လို ကလေးလို့ မြင်နေတာရာကနေ သူတို့ လက်ခံထားတဲ့ ပြောသမျှ နားထောင်တဲ့ အရွယ်ကို ပဲ ပြန်လိုချင်နေကြပြီး ပြောင်းလဲ လာတာကို လက်မခံ။ သားသမီးတွေကလဲ မိဘတွေအပေါ် အမြင်ပြောင်းပြီး ရိုသေကိုင်းရှိုင်းမှုတွေ ကုန်လွန်သွားတာပါပဲ။ အဲဒီမှာ နားလည်မှုတွေလွဲ. အနေဝေး သွေးအေး သွားကြတာ. နှစ်ဆယ်ကျော် သုံးဆယ်ရောက်.မိဘလဲ နေရာပျောက် ဖြစ်သွားကြတာပါပဲ။

ဒါကြောင့် သားသမီးတွေ မိဘကို ရိုသေကိုင်းရှိုင်းတတ်အောင် ခေတ်နဲ့ အညီ လမ်းညွှန် ပြုပြင် ဆုံးမတတ်ပါစေ။ မိဘတွေ အနေနဲ့ ဆယ်ကျော်သက် သားသမီးတွေကို မဆုံးမ တတ်ရင် ကြားခံ တယောက်ကို အလည်ထားပြီး သားသမီးတွေ ဆီက ရိုသေမှုကို လိမ်မာပါးနပ်စွာ ယူပါလို့…။

ဒီနေ့ CASE GROUP WORK တခု လုပ်ဖြစ်တယ်။ ကိုယ့် Clients တွေပါပဲ။ သူတို့ကို ပစ္စည်း သုံးခု ပြတယ်။ ငယ်ငယ်တုန်းက အမေနဲ့ သမီး ချစ်ကြတဲ့ပုံ၊ ပြီးတော့ အမေက သမီးအတွက် ဆုတောင်းစာရေးထားတဲ့ မွေးနေ့ကဒ်၊ သမီးက အမေ့ကို ချစ်တယ်ဆိုတဲ့ အကြောင်း ရေးထားတဲ့ စာရွက်တရွက်.။ ဒါတွေကို Clients တွေ ကို ချပြတယ် ပြီးတော့ သူတို့ကို(Role) ရာထူးပေးလိုက်တယ်။ ဥပမာ တယောက်ကို Youth Counselor နောက်တယောက်ကို Family Therapist ပြီးတော့ psychiatrist ဆိုပြီး Role ပေးတယ်။ အဲပစ္စည်းသုံးခုလုံးက အမေနဲ့ သမီး မေတ္တာကို ပြတယ် ဆိုတော့ အခုချိန်မှာ ကိုယ်တွေက အဲဒီအမေနဲ့ သမီးနေရာမှာ သရုပ်ဆောင်ပြီး အဆင်မပြေတဲ့ ပြသနာတွေ နဲ့ စကားများ ရန်ဖြစ် စေတယ်။ အဲဒီပြသနာတွေကို Clients တွေက သူတို့ အနေနဲ့ အမေနဲ့ သမီး နေရာ သရုပ်ဆောင်တဲ့ သူတွေကို အင်တာဗြူး လုပ်ပြီး ပြေလည်အောင် ဖြေရှင်းခိုင်းတာ.။

အဓိကက သူတို့ လို ဆယ်ကျော်သက်အနေနဲ့ မိဘနေရာ ကနေ မိဘကို သူတို့ ဘယ်လို မြင်သလဲ ဆိုတာ သိချင်လို့ သူတို့လို ဆယ်ကျော်သက်တွေ အနေနဲ့ ဒီလို ပြသနာတွေ ကြုံလာတဲ့ အခါ သူတို့က မိဘတွေကို ဘယ်လို တောင်းဆိုသလဲ ဆိုတာ သိချင်လို့ Drama Therapy ကို သုံးပြီး Filial Piety Workshop တခု လုပ်ဖြစ်တယ်။ သူတို့ ဆီက မိဘအနေနဲ့ ခံစားပေးတတ်တဲ့သူတွေ သားသမီးဘက်က ခံစားပေးတတ်တဲ့သူတွေ ထွက်လာတယ်။ ပြီးတော့ သူတို့တွေရဲ့  self awareness တွေကို လက်တွေ့ သိလိုက်ရတာပါပဲ။ အဲဒါကို အခြေခံပြီး ဒီပိုစ့်လေးကို ရေးမိတာပါ.။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Tuesday, 10 July 2012

အမေ နဲ့ သူ၏ စိတ္တဇ

ကျနော်ငယ်ငယ် သိတတ်စ ကတည်းက အမေက ကျမ်းမာရေးမကောင်းဘူး။ အထူးသဖြင့် ညီမအငယ်ဆုံးကို မွေးပြီးတော့ ဖြစ်လိုက်တဲ့ ရောဂါတွေက ဆက်တိုက်.. ဆက်တိုက်။ ကျနော့်နဲ့ အငယ်ကောင်ကို မွေးပြီးတဲ့ ချိန်ထိ အမေက မြ၀တီ.. ကော့ကရိတ်.. မော်လမြိုင်..မဲဆောက်တက်ပြီး ဈေးရောင်းဈေးဝယ်(ဟိုတုန်းကအခေါ် မှောင်ခို) လုပ်နေတုန်း။ သွားတယ်။ လာတယ်။ စားတယ်။ သန်မာတယ်။ ကျမ်းမာရေးကောင်းတယ်။ ညီမအငယ်ဆုံးကိုလဲ မွေးပြီးရော အမေ ဖြစ်လိုက်တဲ့ ရောဂါတွေက ၉၆ပါး တရာ့နှစ်ပါး မျိုးစုံပါပဲ။

ညီမကိုဗိုက်ခွဲမွေးတယ်။ ပြီးတော သိပ်မကြာဘူး..့ သားအိမ်ကင်ဆာဖြစ်ပြီး ရန်ကုန်မှာ နှစ်ရှည်လများ ဆေးထိုး ဆေးစား ဓာတ်ကင်နဲ့ ဝေဒနာခံစားရတယ်။ ကင်ဆာ လုံးလုံးရှင်းရှင်းပျောက်လို့ မော်လမြိုင်ပြန်လာတော နောက်ရောဂါ့ စဖြစ်တယ်။ အသည်းရောင် အသားဝါတဲ့…။ အဲဒီကတည်းက အိပ်ယာထဲကနေမထတော့ဘူး။ တနေ့ တနေ့ အမေဘယ်နေ့ ဆုံးမလဲဆိုတာ ကျောင်းကနေပြန်လာတိုင်း ရင်တမမနဲ့ပေါ့။

ငါကျောင်းကနေ ပြန်ရင် ငါ့အိမ်ရှေ့မှာ အိုးသုံးလုံးများ စီရီထားမလဲ။ အိမ်ပေါ် မတက်ခင် အမေ့ကို လာကြည့်တဲ့သူများနေရင် ဒုန်းကနဲ ဆို နှလုံးခုန်ပြီး ငါ့အမေ ဆုံးလို့ လူများတာလားဆိုပြီး အိမ်ကို မပြန်ချင်လောက်အောင် စိတ်မကောင်းဖြစ်ရတယ်။ မှတ်မိသလောက်တော့ ကျနော် ငါးတန်းတက်လို့ ခြောက်တန်း နှစ်ရောက်ပြီးပေါ့။ အဖေက အဲဒီတုန်းက အစိုးရ ၀န်ထမ်း ဆိုတော့ အမေ့ကို တနေကုန် မကြည့်နိုင်ဘူး။ အမေ့ရဲ့ အမေအဖွားကပဲ အမေ့ကို ပြုစုပေါ့။ အမေက အပေါ့အလေးသွား အိပ်ယာထဲမှာပဲ။ အဲဒါကို အိမ်ရောက်ရင် အဖွားနဲ့ အတူ အမေ့ကို အ၀တ်အစား လဲပေးရတယ်။

အဖွားတယောက်တည်းကလဲ အမေ့ကို မ မနိုင်။ အမေ့အသားကို မထိရဘူး။ ထိလိုက် ကိုင်လိုက်ရင် လက်ရာကြီး အတိုင်း နာရီ အတော်ကြာအောင် ကျန်ရစ်နေတာ။ လက်လေးနဲ့ အသားကို ဖိလိုက်ရင် ပြန်မတက်လာတော့ဘူး။ ကျောင်းကပြန်ရောက်ရင် ရေချိုးခန်းထဲ က အမေ့ထမိန် တပုံကိုလျှော်ရင်း အမေနေကောင်းပါစေလို့ မျက်ရည်စမ်းစမ်းနဲ့ ဆုတောင်းရတာအမော။ အဲဒီတုန်းက ကျောင်းတောင် မနေချင်တဲ့ဘ၀။ အမေက တချိန်လုံး ဆေးရုံနဲ့ အိမ်နဲ့..။ ဆေးရုံမှာ နေရတဲ့ရက်က ပိုများသလိုပဲ။ အမေ့မျက်နှာကလဲ မမှတ်မိလောက်အောင် ပြောင်းလဲသွားတယ်။ မျက်နှာ တခုလုံးဝါထိန်ပြီး မျက်တွင်းကဟောက်ပက်။ မျက်လုံးက ပြူးပြီးဝါနေသယောင်။ ဗိုက်ကလဲပူ.ဘာမှာလဲမစားနိုင်။ တမှိုင်မှိုင်နဲ့ အမေ့ကို အစာကျွေးတိုင်း ပါးစပ်ကနေ ပြန်အမ်တာကို ကြည့်ပြီး အစားအသောက်ပျက်ရတယ်။

အဲဒီလို ရှိသမျှစည်းစိမ်တွေပုံအောပြီး သကာလ အမေ့ကုသိုလ်ကံက ကောင်းတော့ အမေ အသည်းရောင် အသားဝါ ပျောက်သွားတယ်။ နဂိုမူလအတိုင်း ကျမ်းမာလာတယ်။ အဲဒီမှာ စရတဲ့ ရောဂါက မန်းနီးကင်ဆာပဲ။ ပိုက်ဆံရှိမှ ဆေးကုလို့ရတယ်။ ပိုက်ဆံမရှိရင် ဘာမှလုပ်လို့ မရဘူး ဆိုပြီး အမေ့ခမျာ စိတ္တဇ ၀င်သွားတယ်။ လက်ထဲမှာ ငွေအလုံအလောက်မရှိတော့ရင် ငါရောဂါမကုနိုင်တော့ဘူး။ ငါသေရတော့မယ်ဆိုပြီး အမြဲညည်းလေ့ရှိတယ်။ အမေညည်းတော့ အဖေရော သားသမီးတွေရော မနေနိုင်ဘူး။ အမေကံကောင်းချက်က တကယ့်ကို ကြင်နာ သနားတတ်တဲ့ ယောကျားကောင်း ရထားလို့ပဲ။

ဆိုက်ပရပ်စ်မှာ နေတုန်းက အမေ့သားအိမ် ကင်ဆာထပ်ဖြစ်တယ် လို့ လက္ခဏာ ပြတော့ အမေစိတ်ဓာတ်တွေ အကြီးအကျယ် ကျတယ်။ အဲအချိန်တုန်းက ဆရာဝန်ကလဲ ဒီမှာ ကုလို့ မပျောက်ဘူး. နိုင်ငံခြားမှာကုမှ ရမယ်လို့ပြောတဲ့ နေ့ကစပြီး အိပ်မပျော် စားမ၀င်. တသသ နဲ့ နိုင်ငံခြားမှာ ကုဖို့ စွဲလန်းနေတာ။ ပြီးတော့ မြန်မာပြည်က ဆရာဝန်ကို ပျောက်အောင် မကုနိုင်ဘူး ဆိုပြီး သွားမပြတော့ပဲ သူ့မှာ ကုဖို့ ပိုက်ဆံအလုံအလောက်မရှိမှာကိုလဲ စိတ်ပူပြီးတော့ အိပ်ယာထဲက နေမထနိုင်တော့ဘူး။ အဲဒါနဲ့ ကိုယ်က မပူနဲ့ အကုန်တာဝန်ယူတယ်. ပျောက်သွားအောင်သာကု လို့ ပြောရတယ်။ အဲဒီအခါမှ သားက ကုပေးမယ်ဆိုတဲ့ အားတွေ ပြန်တက်ပြီး နောက်ဆရာဝန်ဆီပြန်သွား ဆေးပြန်စစ်တော့ အခြေအနေကောင်းတယ်။ဒီမှာကုလို့ရတယ်လို့ပြောလိုက်တော့ အမေခမျာ နေပြန်ကောင်းသွားတယ်။ မြန်မာပြည်မှာကုလဲ တော်တော်ကုန်တာပဲ။ တကယ်လို့များ အမေသာ နိုင်ငံခြားမှာ ကုခဲ့ရရင် ကျနော်လဲ ခုလောက်ဆို အကြွေးပတ်လည်ဝိုင်းနေမှာပဲ။ အမေသိပ်ကံကောင်းတယ်။

နောက်ပိုင်း အမေက ခေါင်းမူးပြီးဆိုရင်လဲ ဆိုက်ကို ၀င်ပြီး ဆေးခန်းပြရမှာ နေသာထိုင်သာ ရှိတဲ့ သူ ဖြစ်သွားတယ်။ ဘာဖြစ်ဖြစ် ဆေးခန်းသွားရမှ. ဆေးသောက်ရမှ။ တခါတလေ ကိုယ်က သူဆေးတွေကို သကြားလုံး ပဲလှော်စားသလိုမျိုး ထမင်းစားပြီးတိုင်း စားစားနေတာ မြင်တော့ အမေရယ် မလိုအပ်ရင် ဆေးခန်းမသွားပါနဲ့ လို့ တားလိုက်ရင် ကိုယ်က ကပ်စည်းနည်းပြီး ပေးမသွားချင် ဖြစ်မှာ စိုးပြီး မတားရဲဘူး။ သူက ကိုယ်က မသွားနဲ့လို့ပြောရင် မသွားပဲနေပေမယ့် သူစိတ်မကောင်း ဖြစ်ဖြစ်နေတာ. ဆေးခန်းမသွားလိုက်ရလို့ စိတ္တဇ တွေ ဖြစ်ပြီး နေမကောင်းပိုဖြစ်တာကို တွေ့ဖူးတယ်။ ဒါနဲ့ နောက်ပိုင်း ဘာမှ မပြောတော့ဘူး။ သူစိတ်ချမ်းသာအောင် ဆေးခန်းပြစေတယ်။ သူလိုအပ်တဲ့ ဆေးဖိုးဝါးခ မပူပါနဲ့ အမေ့သားက ထောက်ပံ့ပါတယ်လို့ ပြောရတယ်။ ခုဆိုရင် အမေက တခုခုဆို ကိုယ့်ကိုပဲ ပြောတော့ အဖေသက်သာသွားတယ်။ အခုဆိုရင် အဖေက အမေ့အတွက် ပင်တိုင် ဆရာဝန် ထားထားရတယ်။ အမေတခုခုဆို ချက်ခြင်း ပို့ရတယ်။ နောက်ကျရင် အမေဖြစ်နေတာထက် ဆေးခန်းမသွားရလို့ ပိုဖြစ်တတ်တယ်။

ပြီးခဲ့တဲ့ နှစ်လတုန်းက အမေဒီကိုလာဖို့ ပြင်ဆင်နေတုန်း မော်လမြိုင်မှာ ဆိုင်ကယ်ပေါ်ကပြုတ်ကျတယ်။ ညီမနောက်ကနေလိုက်စီးပြီး ခေါင်းတွေမူးလို့ လဲကျသွားတာ။ အရှိန်မရှိပေမယ့် အသက်ကြီးတော့ ခေါင်းကွဲသွားတယ်။ အုပ်ဆက် ပွင့်သွားတယ် ဟသွားတယ် ဆိုလားပဲ။ သေချာမသိဘူး။ ဆရာဝန်တွေ စိတ်ပူတာက အမေ ဦးနှောက်က မသိမသာ သွေးယိုမယ်ဆိုတာကိုပဲ။ ဒီလိုနဲ့ ဆေးရုံမှာ တလခွဲလောက် နေလိုက်ရတယ်။ အဲဒီမှာ အမေက စိတ္တဇ ၀င်ပြန်တယ်။ သူ့ကွဲနေတဲ့ ခေါင်းက ဘယ်တော့မှ ပြန်မဆက်ရင် ဟဟ နဲ့ အမြဲနေရမှာပေါ့ဆိုပြီးတော့ စိတ်မကောင်းဖြစ်တယ်။ ဖုန်းခေါ်ရင်ငိုတယ်။ အဲဒါနဲ့ အမေပျောက်အောင်ကု ဟနေတာကို ဆက်အောင်ကု သားတာဝန်ယူတယ် ပြောမှ သူစိတ်ချမ်းသာတယ်။ ဒါပေမယ့် အဲဒီစိတ္တဇက မပျောက်ဘူး အဖေက သူကားနဲ့မပို့ပေးရလို့ သူ့ကိုယ်သူ အပြစ်တင်လို့ မဆုံး။

ပြီးခဲ့တဲ့ အပတ်က စကာင်္ပူက ဆရာဝန်ကြီးတွေ မြန်မာပြည်(ရန်ကုန်)မှာ လူနာအခမဲ့ ကြည့်ပေးတယ် လို့သတင်းကြားတော့ အမေကသွားချင်တယ်တဲ့။ ဒါပေမယ့် ဆရာဝန်တွေက ရောဂါအခြေအနေရ စကာင်္ပူထိ တက်ကု ရမယ်ဆိုရင် ပိုက်ဆံကုန်မှာ သွားကု ရမလား သွားမကု ရဘူးလား ဆိုပြီးဖုန်းဆက်လာတော့ အမေရေ.. သွားပြ.. ပျောက်အောင်ကု.. ဟနေတယ်ထင်တဲ့ ခေါင်းကိုလဲ ဆရာဝန်တွေ အကြံပေးချက်အတိုင်း ကုလို့ ပြောလိုက်တော့ အမေခမျာ ၀မ်းတွေသာပြီး ရန်ကုန်ကို ဆင်းလာပြတယ်။ ကံကောင်းချင်တော့ ဆရာဝန်က စိတ်ပူစရာ မလိုတဲ့ အကြောင်း၊ ခေါင်းကလဲ တဖြည်းဖြည်းနဲ့ ဆက်နေပြီး ဆိုတဲ့အကြောင်း.ဆေးတွေ ဆက်သောက်ဖို့ ၊ အစားအသောက်ဆင်ခြင်ဖို့ ပြောပြီးပြန်လွှတ်လိုက်တယ်။ အမေတယောက် မော်လမြိုင်ကို ပျော်ပြီး ပြန်သွားတယ်။ မပြန်ခင် ဖုန်းဆက်တယ်။ သူ့ခေါင်းက စကာင်္ပူက ဆရာဝန်ကြီးနဲ့ ပြလိုက်မှ ကောင်းသွားပြီးတဲ့.။ ကိုယ်စိတ်ချမ်းသားပါတယ်။

အမေ့ကို အမြဲကျမ်းမာပျော်ရွှင်တာ မြင်ချင်ပါတယ်။ (အိုင်ပက်နဲ့ ဝေးချင်ဝေးပေါ့))))))))

အမေ့ကိုသတိရစွာဖြင့်

ဖိုးစိန်

Monday, 4 June 2012

ကင်းမြီးကောက်ပုံပြင်

လူတယောက်က ရေထဲမှာ အကူအညီမဲ့ပြီး ရေနစ်တော့မယ့် ကင်းမြီးကောက်ကို တွေတော့ ကယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အနီးအနားမှာ ရေထဲ ထိုးပြီးအကူအညီရနိုင်မယ့် တုတ်ချောင်းလေး တချောင်းမှ မတွေ့တော့ လက်လေးထိုးပေးပြီး လှမ်းတက်လာလို့ ကင်းမြီးကောက် လှမ်းတက်လာလို့ ရအောင် လမ်းခင်းပေးတော့ ကင်းမြှီးကောက်က ကိုက်ပါလေရောတဲ့.။ ဒါပေမယ့် အဲဒီလူက ကင်းမြီးကောက် ရေထဲကနေ လွှတ်မြောက်ဖို့ ဆက်ကယ်ပေမယ့် ကင်းမြီးကောက်က လက်ထိုးပေးတိုင်း လှမ်း ကိုက်တယ်။

ဘေးကက ဖြတ်သွား ဖြတ်လာ သူတွေက ဒီလောက်တောင် ပြန်ကိုက်နေတာ မကယ်ပဲ ထားလိုက်ဖို့ ပြောကြတယ်။ အဲ့အခါမှာ အဲလူကြီးက ကင်းမြီးကောက် ရဲ့  သဘာဝက ကိုက်တတ်တဲ့ သဘောရှိတယ်။ လူဆိုတာက သနားကြင်နာတတ်တဲ့ စိတ်နဲ့ ကယ်တင်ချင်တဲ့စိတ်ရှိတယ်။ ဘာကြောင့် ငါတို့ ဆီမှာ ရှိတဲ့ စိတ်ဓာတ်ကို ဒီလို ကိုက်တတ်တဲ့သဘာဝ ရှိတဲ့ ကင်းမြီးကောက်ကြောင့် ကယ်တင်ချင်တဲ့စိတ်ကို ရပ်လိုက်ရမှာလဲ တဲ့..။

တခါတရံမှာ လူတွေက တခြားသူ တယောက်ကြောင့် စိတ်နာကျင်တာ ခံစားရတယ်။ ဒါလို နာကျင်ခဲ့ရလို့လဲ ပြန်ပြီးကိုယ့်လို ပြန်ခံစားစေချင်တဲ့ စိတ် ရှိတတ်ကြတယ်။ ဘာလို့လဲ ဆိုတော့ တခြားသူကြောင့် ငါတို့ ဘယ်လို ခံစားခဲ့ရလဲ ဆိုတာ ပြန်ပြီးကိုယ်ချင်းစာတတ်စေချင်တဲ့စိတ် ကိန်းအောင်နေလို့။ ဒီလိုနဲ့ ဟိုလူက ဒီလူ့ကို ပြန်ခံစားစေချင်လိုက်၊ ဒီလူက ကလဲ့စားချေလိုက်နဲ့ သံသရာကို လည်ပြီး ဒေါသ၊ မောဟ၊ မာန်မာနတွေနဲ့ အရှိန်တွေ တဖြေးဖြေး မြှင့်လာ ပေါက်ကွဲရတော့တာပဲ။

ဘ၀ မှာ တယောက်နဲ့ တယောက် ကောင်းမွန်တဲ့ ခင်မင်မှု ရချင်တယ်ဆိုရင် ကိုယ့်ပင်ကိုယ် ချစ်တတ်တဲ့ သဘောဝအတိုင်း မှန်ကန်စွာ ချစ်တတ်ဖို့နဲ့ ကိုယ့်ချစ်နေတာကို ဘာအကြောင်းနဲ့မှ အရှုံးမပေးလိုက်ဖို့ပဲ။

ဒါပေမယ့် ရလာဒ်ကတော့ နှစ်မျိုးတော့။ ကိုယ့်က ချစ်ခင်မှုတွေ ကြင်နာမှုတွေ ပဲ စေတနာသန့် သန့်ထားတော့ တဖက်လူက ကိုယ့်ကို တဖြည်းဖြည်းချင်း ပိုနားလည်လာသလိုပဲ နောက်ရလာဒ်ကတော့ ကင်းမြှီးကောက် လို ကိုယ့်စိတ်ဘယ်လို ထားထား ကိုက်တတ်တဲ့သဘာဝအတိုင်း ကိုယ့်ကို ပြန်ကိုက်နေမှာပဲ။ ကင်းမြီးကောက် ကိုက်လို့ ပြန်ရိုက်သတ်ဖို့ ကြိုးစားနေသ၍တော့ ကိုယ့်မှာ ချစ်တတ်တဲ့စိတ်မရှိနေသေးလို့ပဲမှတ်လိုက်ပါ့.။

ကိုယ်ကတော့ ကင်းမြီးကောက်....

ချစ်ခင်လေးစားစွာ

ဖိုးစိန်

Saturday, 28 April 2012

ဖြစ်ရပ်မှန် ကို လုပ်ကြံ ဇာတ်လမ်း တပုဒ်လို….

ခုတလော….. ခုတလောလို့ ဆိုတာထက် ဒီနှစ်ထဲမှာ ကိုယ့် အသိ ဘလော့ဂါတွေ သူငယ်ချင်းတွေ မင်္ဂလာယူကြတယ်။ တော်တော်များတယ်။ အလုပ်ကောင်းလို့ပဲလား။ ၀င်ငွေတွေ သိပ်ကောင်းနေလို့ပဲလား။ ဒါမှ မဟုတ် နှစ်ယောက်တအိမ်မက်. နင်လုပ်တာ ငါစား ငါလုပ်တာ နင်စု ဆိုတာမျိုးလာတော့မသိ။ ကဲပြီးရင် မင်္ဂလာဝတ်စုံတွေ ငှား တဖျတ်ဖျတ်နဲ့ စကာင်္ပူတခွင် ပြဲပြဲစင်အောင် သွား ရိုက်လိုက်တဲ့ မင်္ဂလာပုံတွေ။ ဒီထက် အားမရလို့ သိုးခြံ မြင်းခြံမကျန် အပင်ပန်းခံ သွားရောက်ရိုက်နေကြတဲ့သူတွေလဲ ပါသေး။ (ကို မောင်သန့်  မပါ) (ဟမ်.. သူ့အရှေ့တုန်းကတော့ လှဒယ် ပြောခဲ့တာ) ဒါတောင် အားမရသေးဘူး ကိုယ့်အလှည့်ကျ စနစ်ကျရအောင် သူတို့က ကိုယ်တိုင် ပါဝင်သရုပ်ဆောင် ပြမယ် ဆိုတဲ့သူတွေက ရှိသေးတယ်။ ဘာပဲ ဖြစ်ဖြစ် ခုချိန်မှာ ယူနိုင်တဲ့သူတွေကို အားကျတယ်။(ဒါကလဲ သူတို့ ကြားကောင်းအောင် ပြောတာ) ကိုယ်တွေလဲ အဲလို အလှမင်္ဂလာ ဓာတ်ပုံ လိုက်ရိုက်ခံမယ့် သတို့သမီးကို ငှားလို့ ရငှားချင်သေး။ တကယ်တော့ ဒါတွေဟာ ဘလော့ဂါ လူပျိုကြီးတွေကို ဖေဘွတ်ပေါ် ခေါ်ပြီး သက်သက် အနိုင်နဲ့ပိုင်း စော်တကော် မော်တကားလုပ်တဲ့ ဖြစ်ရပ်တွေ။ ရှုတ်ချသင့်တယ်။ ဒီလိုရှုတ်ချဖို့ ကိုပေါ အကူအညီတွေ ယူရလိမ့်မယ်။

ဒါတင်မကသေးဘူး။ပြီးတော့ မွေးကြတယ်။ မွေးပြီးတော့လဲ မွေးတဲ့ရက်က စလို့ မဲ့၊ ပြုံး၊ ရယ်၊ ငို က အစ သေးပေါက် အီးပါ အဆုံး အိုင်ဖုန်းနဲ့ ရိုက်လိုက်၊ အိုင်ပက်နဲ့ ရိုက်လိုက် ယူကျုပေါ်တင်လိုက်နဲ့ လူပြိုတွေ ကလေးမရှိတဲ့သူတွေ မနာလို နေမထိ ထိုင်မသာ ဖြစ်အောင် စက္ကန့် မိနစ် မခြားတင်တဲ့ ပုံတွေ။ ( ဥဥကလူသစ်. အမစင်. အမသံ. ကိုသီဟသစ် မပါ) တချို့တချို့တွေ သမီးလေး အတွက် ဖေဘွတ်တွေဖွင့်လို့ သူငယ်ချင်း အဖြစ်တောင် စတင်လက်ခံဖို့ အချိန်နဲ့ အမျှ စောင့်ခဲ့ရသေး။ (အမစင် မပါ)

ကဲ … ထားပါတော့။ ဒါမျိုးတွေ တွေ့တော့လဲ ဖိုးစိန်က အတိတ်ဟောင်းကို ပြန်တူးဆွ သတိရရတယ်။ ခုလို ခေတ်ကောင်းတဲ့ဘ၀လို မင်္ဂဆောင်ဝတ်စုံတွေ ထည်လဲဝတ် ဓာတ်ပုံ အရိုက်မခံရပေမယ့် သူများ ညီမ ကိုယ်ချစ်သူ ကို ဘုရားဖူး တညအိပ်ဆိုပြီး အလည်ခေါ်သွားလိုက်တာ သုံးညနဲ့ ခိုးပြေးသလို ဖြစ်လို့ သူ့ အကိုတွေ ဖုန်း ဖန်း ဖျန်း တဆိုပြီး တဖျတ်ဖျတ် ရိုက်တာကိုတော့ အားရပါးရခံခဲ့ရတယ်။ ဂုဏ်ယူပါတယ်.. အရိုက်ခံရတာနဲ့ တန်တဲ့ အပြင် မတူမတန်ဘူးဆိုပြီး သူ့ကို အိမ်ပြန်ခေါ်သွားတော့ ပိုလို့တောင် တန်သေး။

ကဲ.. ထားပါတော့။ သုံးလေးလ လောက်နေတော့ သူ့ ဗိုက် ကလေး ပူလာတယ်။ သူ ဗိုက်ပူလာလို့ ဖိုးစိန် ကို မိဘတွေက အိမ်ပေါ်က နှင်ချလိုက်တယ်။ သွားလေရော့ ရန်ကုန်ဆိုပြီး။ ရန်ကုန်ရောက်ပေမယ့် ဖိုးစိန်လဲ အဲ့ဗိုက်ပူလေးကို တလ တခါ တော့ မဖြစ်ဖြစ်အောင် သွားခိုးကြည့်တာပဲ။ အဲ့ဗိုက်ပူလေး ပြန်ပိန်သွားတော့ ကောင်မလေး သေးသေးလေး တယောက် ထွက်လာတယ်။ အဲအချိန်က စလို့ တသွေး တသံ တမိန့် နဲ့ ဖိုးစိန် မော်လမြိုင် ကို ခြေဦးမလှည့်ရ။ ဒုတ်ယူမလား ဓားယူမလား။ ကိုယ်တွေက ဒါမျိုးတွေ ကြိုက်တတ်တာ မဟုတ်တော့ အေးအေးဆေးဆေး ရန်ကုန်မှာ တရွာပြောင်း သူကောင်းလုပ်ပလိုက်တယ်။ အေးရော။

ကိုယ်လဲ အသဲနှလုံးနဲ့ပဲ။ ကောင်မလေး သေးသေးလေးကို ချစ်တတ်တာပေါ့။ ဒါပေမယ့် ဖိုးစိန် စိတ်အလို အရ ဇာတ်နာနာနဲ့ အလွမ်းဇာတ်ခင်းလိုက်တယ်။ လုံးဝကို မတွေ့ဘူးပေါ့။

ခုဆိုရင် ဖေကြီးစိန် ကို သမီးလေးက စာချွန်တွေပါးနေပြီး။

ကဲ.. ထားပါတော့။ ကိုယ့် အပေါင်းအသင်းဘလော့ဂါတွေက သမီးတွေ သားတွေ ရှိတော့ ကိုယ်လဲ မနာလိုစိတ်တွေ တဖွားဖွား ကိုယ့် သမီးလေးကို ဘယ်တုန်းကမှ သတိမရဖူးတဲ့ စိတ်တွေ ဘယ်တုန်းကမှ မရှိဘူးတဲ့ စိတ်တွေနဲ့ သမီးလေးကို လွမ်းလိုက်ရတာ.. ခုတလော မစားနိုင် မသောက်နိုင် မသွားနိုင်။ ဘာတွေ့တွေ့ တမှိုင်မှိုင်..။ အပျော်အပါးဆိုတာ မရှိ။ အချစ်ဆိုတာ မရှိ။ အပေါင်းအသင်းဆိုတာ မရှိ။ ဘာလုပ်လုပ် စိတ်ကို ကမရှိ။

ဒါတွေကို ထွက်ပေါက်ရအောင် ကိုယ့်မှာ သမီးလေး ရှိကြောင်း ဖွင့်ပြောမိတော့ ကိုယ့်ကို ၀ိုင်းကြည့်နေတဲ့ မျက်လုံးတွေက ငါးခူးပြုံး ငါးသလောက်ပြုံး ပြုံးသလို လှောင်ပြုံး သရော်ပြုံး….။ ကိုယ်ကြားဖူးတာက လူကြားထဲမှာ လူပျို ကို အိမ်ထောင်ရှိပါတယ်လို့ ထင်တဲ့သူတွေကို လူပျို လုပ်တဲ့သူက ရှင်းပြရတာ အခက်ဆုံး။ ကိုယ့်အလှည့်ကျမှ သမီးလေး ရှိပါတယ် လို့ ခံစားပြောပြတာကို ကိုယ့်ကို အားလုံးက လူပျိုလို့ မျက်စိမှိတ် ဇွတ်ငြင်းနေလို့ ရှင်းပြရတာ အခက်ဆုံး။ ကိုယ်ပြောနေတဲ့စကားတွေက ဖြစ်ရပ်မှန် ကို လုပ်ကြံဇာတ်လမ်းတပုဒ်လို…။ လူတွေ သိပ်ခက်တယ်။ အထူးသဖြင့် အားပေါက်အောင်ရှင်းပြလဲ ဒီဘူတာ ပြန်ပြန်ဆိုက်တဲ့ AaB က စာမရေး လေပေး ဘလော့ဂါတွေ. :P

ကဲ... ထားပါတော့... လက်ဆင့်ကမ်းပေးကြပါ... ဖိုးစိန်မှာ သမီးလေး တယောက်ရှိပါတယ်ဆိုတဲ့ ဖြစ်ရပ်မှန် လုပ်ကြံဇာတ်လမ်းတပုဒ်ကို...

ချစ်ခင်လေးစားစွာ

ဖိုးစိန်

Thursday, 22 March 2012

အိပ်မပျော်သောစိတ်

ကိုယ် ငယ်ငယ်က တရေးနိုးတိုင်း အိမ်ရှေ့မှာ စက်တလုံး ဂွ တစုံ နဲ့ တကုတ်ကုတ် အလုပ်လုပ်နေတတ်တဲ့ အဖေကို အမြဲတွေ့တယ်။ ကိုယ်နာရီ လှမ်းကြည့်လိုက်ရင် အချိန်က မနက် (၃) နာရီ (၄) နာရီကြား။ ကိုယ်ပြန်အိပ်ပေမယ့် ကိုယ့်အဖေ အိပ်ယာပြန်ဝင်တယ် ဆိုတာ တခါမှ မရှိဘူး။ နေ့လည်ထမင်းစားချိန်မှာ ကိုယ်က အဖေ့ကို ဘာလို့ အစောကြီး အလုပ်ထလုပ်နေလဲ မေးရင် ကိုယ့်အဖေက အစောကြီးထမှတော့ အိပ်မရလို့ပေါ့တဲ့။ ကိုယ်ကတော့ အိပ်ချိန်ကို မအိပ်ပဲ ဘာမှမဟုတ်တဲ့ စက်တလုံးကို ထထ ကလိနေတဲ့ အဖေ့ကို သဘောမကျခဲ့ဘူး။ မေးလိုက်ရင်လဲ အဖြေကို တိတိကျကျ အဖေ့ဆီက မရခဲ့ဘူး။ မင်းတနေ့နားလည်လာမှာတဲ့။

အခုတလော ကိုယ် အိပ်မရဘူး။ အိပ်မရဆိုပေမယ့် ကြိုးစားကြိတ်မှိတ်ပြီး စိတ်ကို အနားပေးပါတယ်။ ဒါပေမယ့် မနက် ၃ နာရီကျော်ရင် အလိုလို နိုးနေပြီး။ အဲလီုနေ့က အစောကြီး အိပ်ဖို့ ကြိုးစားဖြစ်တဲ့အတွက် အစောကြီး နိုးထ ဖြစ်တာ။ အစောကြီး နိုးမှာ စိုးရိမ်လို့ ၂ နာရီ ၃ နာရီလောက် အိပ်ပြန်တော့လဲ အစောကြီး နိုးနေတာပဲ။ အိပ်မက်တွေ မက်နေတာပဲ။ အိပ်ယာထတဲ့ အချိန်ကျတော့ လူက လန်းလန်းဆန်းဆန်း မရှိတော့ဘူး။ အဲဒီနိုးနေတဲ့ အချိန်ကို အစားထို ကုဖို့က တခုခုကို အစားထိုးလုပ်ဖို့ပဲ။ အခုအဖေ့ကို နာလည်းသွားတယ်။ အဖေ့မှာ အစားထိုးလုပ်စရာ စက်တလုံး ဂွတစုံ ရှိနေခဲ့ပေမယ့် ကိုယ့်မှာ ကွန်ပြူတာတလုံးပဲ ရှိတယ်။ ကွန်ပြူတာ ဖွင့်ပြန်တော့လဲ အနည်းဆုံး အလုပ်မေးလ်ထဲ ရောက်သွားပြန်ရော။ ကွန်ပြူတာပိတ် ကြိတ်မှိတ် အိပ်ပြန်တော့လဲ အလုပ်တွေ ခေါင်းထဲမှာ တန်းစီလာပြန်ရော။ သက်ပျင်းလေးချ၊ ဟိုဘက်လှည့်လိုက်

ဒီဘက်လှည့်လိုက်နဲ့ မိုးလင်းပြန်ရော။

ကိုယ် တညတည ဘာတွေ စဉ်းစားနေလဲ ဆိုရင်တော့ အလုပ်အကြောင်းပါပဲ။ အလုပ်မှာ စိတ်ဖိစီးမှု ရှိသလား၊ အထက်လူကြီးက ကိုယ့်ကို ဖိနှိပ်နေသလား၊ လက်အောက်ငယ်သားတွေက ကိုယ့်ကို မလေးမခန့်လုပ်သလား၊ ကိုယ်မလုပ်နိုင်တဲ့ အလုပ်တွေ ကို အလုပ်က ခိုင်းထားလို့ လား မေးရင် တခုမှ မဟုတ်ပါဘူး။ ကိုယ့် အလုပ်မှာ အထက်က သူထေးရော၊ ရုံးက လုပ်ဖော်ကိုင်ဖက်တွေရော ကိုယ့်ကို ချစ်ကြတယ်။ ကိုယ့်မှာ မလုပ်နိုင်တဲ့ အလုပ်တွေ မရှိပဲ ကိုယ့်စိတ်က အလုပ်တွေကို ပိုပို လိုချင် လုပ်ချင်နေတဲ့ စိတ်ကို တားမရဖြစ်နေတာပါ။

ကိုယ်ရုံးရောက်ရင် တခုခုကို ဆုံးဖြတ်ဖို့ အတွက် ကိုယ့် ဆီက အဖြေကို စောင့်နေတတ်တဲ့ သူထေး နဲ့ စကားပြောရ တာ ၊ ကိုယ်ကို တန်းစီပြီး စောင့်နေကြတဲ့ ရုံးသူတွေ ဆီက ပြသနာတွေကို တခုခုပြီးတခု ဖြေရှင်းပေးရတာ၊ ကိုယ်နဲ့ တွေ့ရမယ့် ကျောင်းသား တွေရဲ့  ပြသနာ တခုခု ကို ကိုယ် ဖြေရှင်းပေးရတာကို နေသားတကျ သဘောတကျ တာဝန်ယူတတ်နေခဲ့တာ။ အဲလိုတွေ ဖြေရှင်းနိုင်ဖို့ အတွက် ကိုယ့်မှာ အလုပ်အကြောင်းကို မစဉ်းစားဖူးလို့ ဆုံးဖြတ်ထားတာကို က ညည အဲလိုစဉ်းစားဖို့ တွန်းအားပေးတာ၊ အိပ်မက်ထဲထိ ဒီအကြောင်းအရာတွေက စိုးမိုးနေခဲ့တာကိုက ကိုယ့်ကို အိပ်မပျော်ပဲ အတွေးများစေခဲ့တဲ့ အကြောင်းအရာတွေပါပဲ။

“စိတ်ဖိစီးမှုတွေ တအားများနေရင် အလုပ်တွေအားလုံးကို လုပ်နိုင်တယ် လုပ်ရမယ် ဆိုပြီး သိမ်းကြုံးမလုပ်နဲ့၊ ကိုယ်လုပ်ချင်တဲ့ အရာကနေစလုပ်ပါ၊ အလုပ်တွေကို ဝေမျှ လုပ်ပါ” ဆိုတဲ့ လော့ဂျစ်တွေ တကယ်လက်တွေ့ကျတော့ ကိုယ့်အတွက် ဘာမှ အသုံးမ၀င်ဘူး။ ကိုယ့်မှာ အလုပ်အတွက် စိတ်ဖိစီးမှု များနေတာ မဟုတ်ပဲ ဒါက “ ငါလုပ်နိုင်နေတာပဲ၊ ဘာကြောင့် မလုပ်နိုင်ဘူး “လို့ ပြောရမလဲ ဆိုတဲ့စိတ်တွေ၊ “ငါဒါလေးတောင် အားစိုက်ထုတ်ပြီး မလုပ်နိုင်ဘူးလား၊ ဒါငါ့ကိုယ်ပိုင်စီးပွားရေးသာ ဆိုရင် ငါဒီလို ပဲ စဉ်းစားလုပ်မှာပဲ၊ ဒါလေးတောင် တာဝန် မယူနိုင်ရင် ငါ့ကိုယ်ပိုင်စီးပွားရေးကို ဘယ်လို ကျကျနန တည်ဆောက်နိုင်မှာလဲ" ဆိုတဲ့ အတွေးတွေက ကိုယ့်ကို စိတ်ဖိစီးမှု တခုအနေနဲ့ ၀င်ရောက်လာခဲ့တာ။ လောဂျစ်ကို ကြိုးစားပြီးမှီငြမ်းတဲ့ အတွက် အလုပ်တွေကို ခွဲဝေပေးမှု ကိုယ်ကြိုက်တဲ့ အလုပ်တွေကို ရွေးလုပ်မှုအတွက် ကိုယ်စဉ်းစားရပြန်တာပဲ မဟုတ်လား။ အဲဒီတော့ ဒီအိပ်မပျော် သက်ပြင်းချ သံသရာ ကြီးက တဟင်းဟင်းနဲ့ လည်နေတော့တာပဲ။

ကိုယ်တိုင်ကတော့ အချိန်ရတိုင်း “ မင်း စိတ်ကို အလုပ်ထဲ နှစ်မထားနဲ့၊ မင်းလုပ်တိုင်း ကောင်းတာ ရှိမယ်၊ ဆိုးတာရှိမယ်။ မင်း လုပ်လို့ အကောင်း မဖြစ်လာရင်လဲ မင်း စိတ်မညစ်နဲ့၊ စိတ်ဓာတ်မကျနဲ့။ မင်းလုပ်လို့ ကောင်းသွားရင်လဲ သိပ်ဝမ်းမသာနဲ့။ ဒါပေမယ့် နောက် အလုပ်အတွက် စိတ်အားဖြစ်စေဖို့ မင်းကိုယ်မင်း ဂုဏ်ယူတတ်ပါ။ မင်းကိုယ်မင်း အကောင်းဆုံးကို လုပ်နေတယ် အကောင်းဆုံးကို လုပ်နိုင်တယ်ဆိုပြီး အမြဲတွေး၊ မင်းကို ချစ်တဲ့ သူတွေ ရှိမယ်၊ မုန်းတဲ့သူတွေရှိမယ်။ အဲဒီလူတွေကို ကိုပြန်ချစ် ပြန်မုန်းဖို့ထက် မင်း သူတို့ အတွက် အကောင်းဆုံး လုပ်ပေးနိုင်ဖို့ ကြိုးစားပါ “ဆိုတဲ့ ကိုယ်ကိုယ်ကိုယ် အသိပေးမှုကို စိတ်ထဲမှာ အချိန်ရတိုင်း ဘုရားစာ ရွတ်သလို ရေရွတ်နေမိတာပဲ။ ကိုယ့်ကိုယ်ကိုယ် တော့ ဒီနည်းနဲ့ စိတ်ဖြေတတ်အောင် ကြိုးစားတယ်။

နောက်တခုက စိတ်ဖိစီးမှု များလာရင် ဘာလုပ်ရမယ် ဆိုတဲ့ လော့ဂျစ်တွေကို သွေဖယ်ပြီး လက်ရှိ အလုပ်တွေထဲကို တန်းစီပြီး တခုပြီးတခု ဖြေရှင်းရင်းနဲ့ ကိုယ့်စိတ်ဖိစီးမှု့ ကို လျော့သွားအောင် လုပ်နေတာ နေသားကျနေပြန်ရော။

စိတ်ဖိစီးမှု့ရဲ့ လက္ခဏာတွေ ဖြစ်တဲ့ (၁) အိပ်မပျော်ခြင်း (၂) စားမ၀င်ခြင်း (၃) အာရုံစူးစိုက်မှု အားနည်းလာခြင်း (၄) အလုပ်အရည်အသွေး ကျဆင်းလာခြင်း (၅) အမှားတွေ လုပ်တတ်လာခြင်း (၆) ဒေါသကြီးလာခြင်း (၇)ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းလာခြင်း (ဂ) ခံစားထိရှ ကြေကွဲလွယ်လာခြင်း (၉) အရက် ဆေးလိပ်စွဲလာခြင်း (၁၀) အာရုံကြော အားနည်းလာခြင်း၊ ဆိုတဲ့ အချက် တွေထဲက အချက် ၇ ချက်ထက် ပိုလာရင် လူတယောက် အတွက် စိုးရိမ်ရတယ်။ ကိုယ်ကတော့ ပင်ကိုယ် ဒေါသကြီးတာနဲ့ အိပ်မပျော်တာက လွဲရင် ကျန်တဲ့ အရည်အသွေးတခုမှ မကျဆင်းသေးဘူး။ အဲလို မကျဆင်းအောင်လဲ ကိုယ့်ကိုယ်ကိုယ် အပေါ်က ပြောခဲ့တဲ့စာသားတွေနဲ့ အမြဲ အားပေးတယ်။ ကိုယ် အိမ်ပြန်ရောက်လာရင်လဲ ကိုယ့်အနားမှာ ရှိတဲ့ ညီအကို မောင်နှမတွေကို အမြဲ အကဲခတ်ပြီး သူတို့ စိတ်ဖိစီးမှုတွေ ရှိသလား မရှိသလား စူးစမ်းရသေးတယ်။

ဒီတော့ အိပ်မပျော်ရင် အိပ်ယာထဲမှာ အတင်းကြိုးစား အိပ်လိုက်ဖို့ထက့် အိပ်မပျော်တဲ့ အချိန်မှာ ကိုယ် စိတ်ထဲမှာ ဖိစီးနေတဲ့ အရာတခုကို လုပ်နေလိုက်တာ က စိတ်ဖြေသာမှု တခုရသွားသလို ကိုယ့်အတွက်စိတ်ဖိစီးမှု လျော့သွားလိမ့်မယ် လို့ ကိုယ့်ကိုယ်ကိုယ် ခံယူမိနေလို့ပဲ်။ ကိုယ်က ကိုယ့်အဖေ လော့ဂျစ်ကို ယူပြီး ကြိုးစားကြည့်တာ အဆင်ပြေတယ်။ တခါတလေ လူတွေက ဖြစ်တတ်တယ်။ ဘာမှ စိတ်ညစ်စရာ မရှိပဲ စိတ်ဖိစီးလို့ ဆိုပြီး အိပ်မပျော် စားမ၀င်တဲ့ရောဂါ။ အဲလို ရောဂါဖြစ်လာရင် အိပ်မနေနဲ့ ၊ အလုပ်သာ ထလုပ်လိုက်။ အိပ်ယာထဲ အချိန်ကုန်ခံ အပင်ပန်းခံ စဉ်းစားမဲ့ အစား ထကြွ နိုးကြားပြီး အလုပ်ကိုသာ ပြေးလုပ်လိုက်။ အလုပ်က ပင်ပန်းသွားတဲ့ အခါ သူ့ အလိုတကျ ခန္ဒာကိုယ်က စိတ်က အနားယူသွားလိမ့်မယ်။ အလုပ်က ပြီးသွားတဲ့အခါ စိတ်ချမ်းသာမှုတခုကို ရလာလိမ့်မယ်။

အခုတလော ကိုယ် အိပ်မပျော်တဲ့ ညတွေ များနေတယ်။ ဘာလို့ အိပ်မပျော်လဲမေးရင် သူထေးက လက်ရှိသူ့နေရာကို ကိုယ့်ကိုယ်ပေးပြီး ချာရတီ အလုပ်မဟုတ်တဲ့ တခြားအလုပ်တခုကို တခြားတနိုင်ငံမှာ အခြေချတော့ မလို့။ ရာထူးကြီးလေလေ တာဝန်ယူရမှုများလာလေလေ စိတ်ဖိစီးမှု များလာလေလေဆိုတော့ နောက်တချိန် စိတ်ဖိစီးမှု မရှိရလေအောင် ခုကတည်းက အိပ်ချိန်တွေကို နည်းနည်းခြင်း ဖဲ့ခြွေပြီး ကြိုတင်ပြင်ဆင်နေပါတယ်လိုပဲ ကိုယ့်စိတ်ဖိစီးမှုကို ကိုယ်ပြန်ဖြေလိုက်ပါတယ်။

ကိုယ့်လိုပဲ အလုပ်ကြောင့် မိသားစုကြောင့် စိတ်ဖိစီးတာမျိုးမဟုတ်ပဲ စဉ်းစားလွန်ပြီး အိပ်မပျော်တဲ့ ညီအကို မောင်နှမများ စိတ်ကို စိတ်နှင့် ဖြေရှင်းနိုင်ကြပါစေ။

အားလုံးပဲ စိတ်မဖိစီးသင့်တဲ့ စိတ်ဖိစီးမှုများကနေကင်းပြီး အိပ်ပျော်စားဝင် ဘလော့ဂင် ဖေ့ဘွတ်ဝင်နိုင် ကြပါစေ။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Saturday, 28 January 2012

သေမင်းကိုရင်ဆိုင်ခြင်း (CASE 1)

နိဒါန်း

ကျနော် COUNSELING ကို စသင်ကတည်းက ဒီပညာနဲ့ ကလေးတွေစိတ်ကို ကျနော့် ကူညီနိုင်သလောက် ဥာဏ်စွမ်းရှိသလောက်နဲ့ ကူညီမယ် လို့စိတ်ကူးထားပါတယ်။ ကျနော် စိတ်အထူးကု ဆရာဝန် တယောက်မဟုတ်တဲ့ အတွက် ဆရာဝန် တယောက်ရှု့ထောင့်ကနေ မရေးပါဘူး။

ကျနော်ကိုယ်တိုင် ကြုံတွေ့ရတဲ့ ကလေးတွေရဲ့  အဖြစ်အပျက်တွေကို သူတို့ရဲ့ စိတ်ခံစားမှုပေါ်မှာ မူတည်ပြီး စိတ်ကို စိတ်နဲ့ ပြန်ပြီးချေပ ပေးခဲ့ပါတယ်။ တချို့ ကလေးတွေ အတွက် အသုံးဝင်သလို ကျနော်လုံးဝ ကိုင်တွယ်လို့ မရတဲ့ အခြေအနေမျိုးရှိတဲ့ကလေးတွေလဲ ရှိပါတယ်။ အမှန်တော့ ဒီကေစ့်တွေဟာ ကလေးတွေရဲ့ စိတ်လုံခြုံ မှုအတွက် လျှို့ဝှက်ထားရမယ့် ကိစ္စတွေပါ။ ကလေးတွေဟာ သူတို့ ယုံကြည်တဲ့ သူမှသာ အမှန်တရားကို ပြောပြလေ့ရှိပြီး သူတို့ယုံကြည်မှု ရဖို့ တော်တော် တည်ဆောက်ယူရပါသေးတယ်။ ဒါပေမယ့် အတွေ့အကြုံတွေ အများကြီးပေးတဲ့ သူတို့နဲ့ ကျနော် စကားပြောရတဲ့နေရာမှာ အများကြီး အဆင်ပြေကြောင်း သတိထားမိတယ်။ အဲဒါက သူတို့နဲ့ စကားပြောတဲ့ အခါ သူတို့ စိတ်အတိုင်း သူတို့နဲ့လိုက်သွားနိုင်ဖို့. သူတို့ မထင်မှတ်တဲ့ နေရာမှာ ကိုယ်က ရပ်တန့်ပေးနိုင်ဖို့ပေါ့..။

သေမင်းကိုရင်ဆိုင်ခြင်း (CASE 1)

မှတ်မှတ်ရရ ကျနော် (counseling ) ကိုစတော့ ပထမဆုံး စကိုင်ရတဲ့ ကေစ့်လေးပါ။ ၁၃.၁၄ နှစ်အရွယ် အလယ်တန်းအဆင့် ကျောင်းသူ တဦးပါ။ သူ့နာမည် မာရီယားလို့ခေါ်တယ်။ သူက အဖေက ဒတ်ခ်ျ လူမျိုးနဲ့ အမေက ဖိလစ်ပိုင်နဲ့ စကာင်္ပူ တရုတ်ရောထားတဲ့ တရုတ်မူ. လင်မယားနှစ်ယောက်လုံးက စကာင်္ပူ နိုင်ငံသူ နိုင်ငံသား ခံယူထားတာ။ မာရီယာက သူတို့ နှစ်ယောက်ရဲ့  သမီးအကြီးဆုံး ပေါ့။ မနှစ်က မာရီယာ အဖေနဲ့ အမေ ကွဲပြီး သူမ အဖေက သူနိုင်ငံသူ ပြန်သွားတယ်။ မာရီယာက သူမ အဖေနဲ့ ကွဲပြီး သိပ်မကြာဘူး။ နေမကောင်းခဏခဏ ဖြစ်တယ်။ ကျောင်းလဲ ခဏခဏ ပျက်ရတယ်။ ပထမဆုံး ဆေးရုံတက်တဲ့ အခါမှ ဆရာဝန်က မာရီယာရဲ့  ခန္ဒာကိုယ်ထဲက (Spleen) က လိုအပ်တာထက် ပိုကြီးနေတယ်လို့ ပြောတယ်။

ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ ဆေးစစ်ချက်ယူတော့ (၃)လ အကြာမှာ မာရီယားမှာ သွေးကင်ဆာ ရှိနေပြီးဆိုတာ သိလိုက်ရတယ်။ ဆရာဝန်က မာရီယားကို ပွင့်ပွင့်လင်းလင်းရှင်းပြပြီး ဆေးကုရင် ပျောက်တယ်လို့ အားပေးခဲ့တယ်။ မာရီယားစိတ်ဓာတ်မကျအောင် ကျောင်းကိုလဲ ပုံမှန်တက်စေခဲ့တယ်။

ကျနော် မာရီယာကို စတွေ့တာ သူမ သွေးကင်ဆာ ဖြစ်နေပြီး(၆) လအကြာမှာပါ။ သူဆီမှာ ဖျော့တော့ အားငယ်တဲ့ မျက်ဝန်းတစုံကလွဲလို့ သူမဟာ အရာရာကို သိနေတဲ့ လူတယောက်လို့ ခံစားရတယ်။ ဒါပေမယ့် သူမကို မြင်တာနဲ့ သူမ ရောဂါသည်မှန်း သိသာနေတယ်။

မာရီယာကို ပထမဆုံးတွေ့တဲ့ နေ့က မာရီယာ အတန်းပိုင် ဆရာမက ကျနော့်ကို မိတ်ဆက်ပေးတယ်။ သူက ဖျော့တော့တော့ သာပြုံးသာပြုံးပြပေမယ့် ကျနော်သူ့နဲ့ စကားပြောလို့ ရမယ်လို့ စိတ်ထဲက ထင်နေခဲ့တယ်။

မာရီယာနဲ့ ကျနော် ပထမဆုံး နှစ်ယောက်ချင်းတွေတဲ့ အချိန်မှာ မာရီယာ မေးတာက “ ငါတကယ် သေမှာလား” တဲ့.။ သူမ မျက်ဝန်းမှာ ကြောက်ရွံ့မှုတွေ ရှိနေပေမယ့် သူမ စိတ်ကို သူမ တော်တော်ထိန်းချုပ်ထားပုံရတယ်။

ကျနော် ရိုးရိုးပဲ ဖြေခဲ့တယ်။”ငါမသိဘူး.. ဒါပေမယ့် ဖြစ်နိုင်ခြေ ရှိတဲ့ အခြေအနေမှာ ငါတို့ ရပ်တည် နေနိုင်အောင် ကြိုးစားကြမယ်” လို့ ပြောခဲ့တယ်။ ပထမဆုံးတွေ့တဲ့ အချိန်မှာ သူမ မိနစ် (၃၀) စာလောက်ငိုနေခဲ့တယ်။ ကျနော် ပထမပိုင်း Session ကို အဲလောက်နဲ့ပဲ နားလိုက်ခဲ့တယ်။

နောက်ရက်တွေမှာ ကျနော် သူမနဲ့ စကားပြောဖို့ ချိန်းပေမယ့် သူမရှောင်နေခဲ့တယ်။ သုံးခါလောက် ချိန်းပြီး ကျနော် လက်လျှော့ထားချိန်မှာ သူမ ကျနော့်ကို ဖုန်းခေါ်ပြီး တွေ့ချင်တယ်လို့ ပြောတယ်။ သူက အိမ်ကိုလာခဲ့ပြောလို့ ကျနော် သူမအိမ်ကို လိုက်သွားခဲ့တယ်။ သူမ အခန်းတခုလုံးမှာ ရှိတဲ့ မီးလုံးတွေ၊ တီဗွီတွေ ကို ခွဲပြီး ကျောင်းစာအုပ်တွေကို ဆွဲဖြဲထားတာ အခန်းတခုလုံး ပွနေတဲ့ အပြင် အခန်းအပြင်ထိတောင်ရောက်တယ်။ သူအမေကတော့ ဆိုဖာပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီးငိုနေတယ်။ ထူးခြားတာက သူမပိုင်ဆိုင်တဲ့ပစ္စည်းတွေက လွဲလို သူမ အိမ်က တခြားပစ္စည်းတွေကို ရန်မရှာဘူး။ မခွဲဘူး။

ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ သေရမယ်လို့ ကြိုသိနေတဲ့ ကလေးတွေရဲ့ စိတ်မှာ ဘယ်လောက်များလိုက်မယ့် ပူပင်သောကလဲ။ အရွယ်တူတွေ လှုပ်ရှားသွားလာ ပျော်ပါးနေရတဲ့ အချိန်မှာ နေ့တိုင်းသူ့အတွက် သေရမယ့် ရက်ကို စောင့်နေရသလိုပဲ။ ငါသေတော့ ဆိုတဲ့ စိတ်နဲ့ တချိန်လုံးညည်းတွားရင် နေ့တွေကို ဖြတ်သန်းသွားရမယ်ဆိုတာ စဉ်းစားတိုင်း သနားမိတယ်။

ဒီလို အရွယ်တွေမှာ တချို့က သေရမှာကို သိရက်နဲ့ မသေနိုင်ပါဘူး ဆိုပြီး ငြင်းဆန်မယ်။ (DENIAL)

တချို့က ငါ့အလှည့်မှ ဘာကြောင့် ဖြစ်ရတာလဲ၊ ငါ့ကိုမှ ဘာလို့ ဘုရားသခင်က အပြစ်ပေးတာလဲ စသဖြင့် စဉ်းစားမိတိုင်း ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်မယ်။ (ANGER)

နောက် တချို့ကျတော့ ဘယ်သူ့ကိုမှ ဘာမှမပြောပဲ တယောက်တည်း နှုတ်ဆိတ်ပြီး အခန်းအောင်းနေတတ်မယ်, ဘုရားသခင်ကို ကြိတ်ပြီး တနေတတ်တဲ့သူမျိုးပေါ့။ (BARGAINING)

တချို့က စိတ်ဖိစီးမှုတွေ ဖြစ်လာပြီး ဖျားခြင်းနားခြင်းနဲ့ စိတ်ကို အရှုံးပေးမယ်။ (DEPRESSION)

နောက်ဆုံး လူမျိုးက ဘယ်အချိန်သေသေ . ငါအဆင်သင့် ဆိုတဲ့ တဲ့ လူစားမျိုးတွေ ဖြစ်တယ်။ (ACCEPTANCE)

မာရီယာကတော့ သေခြင်းတရားကို ဒေါသနဲ့ ဖြေရှင်းတာ ဖြစ်တယ်။ ဒီတော့ သူမနဲ့ ရင်ဆိုင် ရတဲ့အခါ သူမရဲ့  စိတ်ခံစားမှု ကို နားလည်ရတယ်။ သူမရဲ့ ခံစားချက်တွေကို ဆန့်ကျင်ဘက် ဖြစ်အောင် အကောင်းဖက်ကနေ ဆွဲတွေးပေးရတယ်။ သူမ မယုံကြည်တော့တဲ့ ဘုရားသခင် ဆိုတာကို သူမစိတ်က ဖယ်ရှားပေးပြီး သူမကိုယ် သူမ ယုံကြည်လာအောင် ပြုပြင်ပေးရတာပဲ။ သူမ စိတ်ခံစားရတိုင်း ဒေါသထွက်တဲ့ အချိန်မှာ သူမကို ကျနော်လေ့ကျင့်ပေးထားတာက သတင်းစာ စက္ကူတွေပါပဲ။ သူမ အိပ်ခန်းကို စားပွဲတလုံးနဲ့ ကုတင် တလုံးက လွဲလို့ သတင်းစာ စက္ကူတွေ အထပ်လိုက်ပုံထားပေးခဲ့တယ်။ သူမ ဒေါသဖြစ်တဲ့ အခါမှာ အဲဒီသတင်းစာတွေကို ဆွဲဖြဲဖို့ သူမကို ပေးထားခဲ့တယ်။

သူမကို ကျနော် ဘုရားသခင်ကိုလဲ မတခိုင်းဘူး။ ဘုရားလဲ ၀တ်မပြုခိုင်းဘူး။ သူမကိုယ် သူမ ယုံကြည်လာအောင်သာပြောခဲ့တယ်။ ဒီလို ရောဂါခံစားနေရတဲ့ အချိန်မှာ သူမ စာတွေမကျက်ချင်ဘူး။ စာတွေ မလုပ်ချင်ဘူး။ ဒါပေမယ့် စာတွေ ဖတ်ဖို့ တိုက်တွန်းတယ်။ သူမ ဖတ်ချင်တဲ့ သိချင်တဲ့ စာအုပ်တွေကို ငှားပေးတယ်။ ၀ယ်ပေးခိုင်းတယ်။ သူမကို တခုပဲ ပြောခဲ့တယ်။ စာဖတ်တာ အကျိုးရှိပါတယ်။ အကယ်လို့ သေသွားခဲ့ရင်တောင် အခုဖတ်ထားတဲ့စာတွေက နောင်ဘ၀ မင်း လူပြန်ဖြစ်တဲ့အခါ ပါသွားလိမ့်မယ်။ အဲဒီဘ၀ကျရင် မင်းကအကုန်လုံးကို မှတ်မိနေပြီး ဥာဏ်ကောင်းလိမ့်မယ်။ လူချွန်လူကောင်း တယောက် ဖြစ်လိမ့်မယ်။ အခုချိန်မှာ နိုင်ငံခေါင်းဆောင်တွေ၊ ဆရာဝန်ကြီးတွေ၊ ဖြစ်နေကြတာဟာ အရင်ဘ၀က သူတို့ သူများထက် စာပိုဖတ်ခဲ့လို့ ဒီဘ၀မှာ သူများထက်ပိုပြီး ဥာဏ်ကောင်း နေရာကောင်းတွေ ရနေတယ်လို့ ပြောခဲ့တယ်။

အဲဒီအချိန်ကစပြီး မာရီယာက ဒီဘ၀ထက် နောက်ဘ၀ကို မျှော်လင့်ချက်တခုနဲ့ စာတွေဖတ်တယ်။ စာတွေပိုဖတ်တယ်။ သူသိချင်တဲ့ ပထ၀ီဝင်တွေ၊ သမိုင်းကြောင်းတွေ တရိစ္တာန် တွေ အကြောင်း ကို စိတ်ဝင်တစားဖတ်လားတယ်။ ဒါကို ကြည့်ချင်းအားဖြင့် သူမ အဖေရှိတဲ့ နေရာကို စိတ်ရောက်နေမှန်းသိသာပေမယ့် ဘယ်စာဖတ်ဖတ် သူမအတွက် အကျိုးရှိသွားမှာပါ။

အခုနောက်ပိုင်း သူမနဲ့ တွေ့တဲ့ရက်တွေမှာ သူမစာဖတ်ထားလို့ ပြောပြတဲ့ ကမ္ဘာပြတ်ရွေ့တွေ အကြောင်း၊ ဥရောပနိုင်ငံက စိတ်ဝင်စားဖွယ် သမိုင်းများ အကြောင်းကို ကျနော် နားထောင်ရတယ်။

မာရီယာ တယောက် သေခြင်းတရားကို စာဖတ်ခြင်းနှင့် ရင်ဆိုင်နေပါတယ်။ သူမ နေပြန်ကောင်းလာအောင် ကျနော် မလုပ်ပေးနိုင်ပေမယ့် သူမ တိုးတက်မှုတခုခု အတွက် ကျနော် အကောင်းဆုံးလုပ်ပေးချင်ပါတယ်။ ဒီအတွက် မာရီယာ တယောက် ကျနော့်နဲ့ ဆုံတွေ့ခြင်းကို ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော် သူမနဲ့ ဘယ်အချိန်ထိ တွေ့ရဦးမလဲ မသိသေးပါဘူး။ သူမ အသက်ရှင်နေသ၍ သူမ လိုအပ်နေသ၍ ကျနော် သူမကို အားပေးနေဦးမှာပါ။

သူမ စာဖတ်နေပါတယ်။ သူမ ဘ၀ကို စာဖတ်ခြင်းဖြင့် သေခြင်းတရားကို ရင်ဆိုင်နေပါတယ်။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Saturday, 14 January 2012

ရသအလင်းရယ်. ကတုံးရယ်.. အင်းသီးရယ်... ပြီးတော့ ကဖစရယ်... အင် ဒါ ဗြူး


မြန်မာနိုင်ငံမှာ ၁၃ ရက်နေ့က တနိုင်ငံလုံး အုံ့အုံးကြွက်ကြွက် ဆူညံပွက်လော ရိုက်ပျော်နေခဲ့သလို စကာင်္ပူနိုင်ငံမှာလဲ အုံ့ ကြွက် ဆူညံ ပွက်လော ရိုက်နေခဲ့ပါတယ်။ အကြောင်းက ရသအလင်း က ဦးဆောင်ပြီး စီစဉ်တဲ့ ပွဲကြောင့်ပါပဲ။ နတ်ကနားပွဲမဟုတ်ပါဘူး။ ကတုံးပွဲပါ။ ကတုံးဆိုတာနဲ့ တန်းမြင်တာက ဇာဂနာမဟုတ်လား။ ကို ကတုံး(အဲလေ) ဇာဂနာကြီး စကာင်္ပူလာမယ် ဟောပြောပွဲ လုပ်မယ်။ နာမည်ကျော် ဒါရိုက်တာကြီး မင်းထင်ကိုကိုကြီးလဲ ပါမယ် ဆိုတော့ လူတွေက ပြူးပြူးပြဲပြဲ ကတုံး ပြောင် ( အပြောင်အပျက်ပြောခြင်း) တာ ကြည့်မလို့ စိတ်လှုပ်ရှားစွာနဲ့ ဆူညံပွက်လော ရိုက်ခဲ့တာပါပဲ။

ပြီးတော့ ဦးဆောင်ပြီး ကျင်းပပေးတာက မြန်မာ ကဗျာနဲ့ စာပေကို မြတ်နိုးတဲ့ အနုပညာ ညီအကို မောင်နှမများရဲ့  အားကြိုးမာန်တက် ရသမျှရှိစု မဲ့စုလေးနဲ့ ဖွဲ့စည်းထားပြီး မြန်မာပြည်က ငွေကြေးချို့တဲ့ပြီး မကျမ်းမာတဲ့ အနုပညာရှင်တွေကို ထောက်ပံ့တဲ့ ရသအလင်းပါပဲ။ ဒီလို မြင့်မြတ်တဲ့ အလှူထဲမှာ ပါဝင်ချင်တဲ့ သူတွေက လက်မှတ်ဝယ်ပြီး အားပေးချင်တာ ကြောင့် စကာင်္ပူက ဆီးသီးတော မှာ နာမည်ကြီးတဲ့ ရနံ့ သစ် ဆိုင်နဲ့ မြနန်းနွယ် ဆိုင်တွေမှာ တိုးမပေါက်အောင် ( တိုးစရာလဲ အပေါက်မရှိပါဘူး) စည်ကားနေခဲ့ပါတယ်။

အဲဒီလို တိုးမပေါက်အောင် လက်မှတ်တွေ ရောင်းကောင်းနေခဲ့တာလဲ လက်မှတ်ကောင်တာမှာ မျက်နှာချိုချိုနဲ့ ချစ်စရာကောင်းအောင် ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်တဲ့ နာမည်ကျော် လူချော ဘလော့ဂါ ဖိုးစိန်ကြောင့်ပါပဲ။. ( အဟွတ်)

အဲဒါကြောင့်လဲ ကြီးကြီးငယ်ငယ်ရွယ်ရွယ် လတ်လတ် ကောင်မလေးတွေက ကြော်ငြာက ဇာဂနာကို ကြည့်လိုက်၊ ဖိုးစိန်ကို ငေးလိုက်၊ လက်မှတ်လေးဝယ်လိုက်နဲ့ လက်မှတ်တွေ ကုန်သွားလိုက်တာများလေ.. (၂၅) ကျပ်တန်း ဆို ၆စောင်ပဲ ကျန်တော့တယ်။ အဲဒီထဲမှာမှ တချို့ကောင်မလေးများဆို ဖိုးစိန် လက်မှတ်ရောင်းနေတာ သတင်းရရချင်း အပြေးအလွှား လာဝယ်တာတောင် အလယ်တန်းမရလို့ စိတ်ကောက် ခြေဆောက်ပြီး မျက်စောင်းလေးထိုး သွားလူဆိုး ဆိုပြီး ရတဲ့ လက်မှတ်ကို ယူသွားကြရတာ။ စာဖတ်သူများ ဒီစာဖတ်ရင်း ဟယ် မကျန်တော့ဘူးလား ဆိုပြီး စိတ်မပူပါနဲ့။ ဖိုးစိန် လက်မှတ်တွေ ရသအလင်းအဖွဲ့သားတွေ မသိအောင် (၁၅) ကျပ်တန်းက နေရာကောင်းတွေ (၂၀) တန်းက နေရာကောင်းတွေ ချန်ထားပေးပါတယ်။ အပြေးလာဝယ်ကြပါဦး။ :P

ဒီလို လက်မလည်အောင် လက်မှတ်တွေရောင်းနေတဲ့ ကြား ကောင်မလေးတယောက် က ကိုဖိုးစိန်ရယ် ဒီပွဲလေးနဲ့ ပတ်သက်ပြီး ဗြူးပါရစေလို့ ခခယယ တောင်းပန်တာကြောင့် ဖိုးစိန်လဲအားနာပါနာ (တကယ်တော့ အဗြူးခံချင်နေတာ ကြာပေါ့) အဗြူးခံခဲ့ပါတယ်။

"ကိုဖိုးစိန်ရေ ဒီပွဲလေးက ကိုဇာဂနာ နဲ့ မင်းထင်ကိုကို ကြီးတို့ ပွဲလေးနော်။"

"ဟုတ်ပါတယ် ခင်ဗျ..."

"ရသအလင်းက ဒီပွဲလေးကို လုပ်ပေးတာဆို "

"ဟုတ်ပါတယ်ခင်ဗျ...."

"ဘယ်နေ့လဲ ကိုဖိုးစိန်. အချိန်ကရော"

"လာမယ် (၂၁.၁.၂၀၁၂)၊ စနေနေ့ပါ။ အချိန်ကတော့ နေ့လည် နှစ်နာရီကနေ ညနေခြောက်နာရီပါ။ ပွားရင်ပွားသလို အချိန်နည်းနည်းကြာပါမယ်။"

"သြော်..ဟုတ်.. ကိုဇာဂနာတို့က ဘာပြမှာလဲဟင်။"

"ဟမ်... သူတို့ပြတာ ကြည့်မှာလား။"

"အဲ.. ကြည့်တော့ကြည့်ချင်တယ်. အဲလေ.. သူတို့ ပြမှာ ရုပ်ရှင်ဆိုလိုပါ။"

"ရုပ်ရှင် မပြပါဘူး။ ဇာတ်လမ်းတိုတွေပါ။ လွတ်လပ်ရုပ်ရှင်ပွဲတော်တုန်းက ရိုက်ထားတဲ့ ဆုရ ဇာတ်လမ်းတွေရယ်။ မင်းထင်ကိုကိုကြီးရဲ့ အင်းသီးဒေါ့ကူမန်ထရီ ရယ်.."

"ပြီးတော့ သူတို့ဘာလုပ်ပြမှာလဲ။"

"ဇာဂနာကတော့သူ့ကတုံးကိုပွတ်ပြ (အဲလေ) ဘာမှ မလုပ်ပြပါဘူး။ ဇာဂနာက သူအတွေ့အကြုံတွေ. သူ့ အတွေးအခေါ်တွေ.. သူ့အနုပညာတွေကို ရှယ်မှာပါ။ မင်းထင်ကိုကိုကြီးကတော့ သူ့အကြောင်းရယ် သူ့အနုပညာရယ် သူ့ဘ၀ရယ်ကို ပြောမှာပေါ့.။ သိချင်ရင် လက်မှတ်ဝယ်ပြီး အားပေးလိုက်ပါ."

"ဟုတ်..ကျမ၀ယ်လိုက်ပါ့မယ်..။"

"ကောင်းတာပေါ့ ညီမရယ်."

"ဒါနဲ့ ဒီပွဲက ရတဲ့ ငွေတွေကို လှူမှာဆို.."

"ဟုတ်တယ် ဒီပွဲကရတဲ့ ငွေတွေကို သင့်တော်ပြီးလိုအပ်တဲ့ နေရာတွေမှာ ရသအလင်း က လှူသွားမှာပါ။ ရသမျှအားလုံးကိုလဲ အလှူအတွက်ပဲ ရည်ရွယ်ပါတယ်။"

"ဒါနဲ့ ကိုဖိုးစိန်က ထူးထူးခြားခြား ဒီပွဲ အတွက် တက်တက်ကြွကြွ ပါဝင်တယ်နော်။ ကျမဆိုလိုတာကလေ အခုဆိုရင် လက်မှတ်တွေ ရောင်းပေးတယ်ပေါ့ နေ့တိုင်းလိုလိုပေါ့။ အဲဒါ ကိုဖိုးစိန်က ဇာဂနာ တို့ မင်းထင်ကိုကိုကြီးတို့ရဲ့  FAN လား ဒါမှမဟုတ် ရသအလင်းကြောင့်လား။"

"အမှန်ပြောရရင်ပေါ့နော်။ ဒီလိုပေါ့နော်။ ဇာဂနာကြောင့် မင်းထင်ကိုကို ကြီးကြောင့် မဟုတ်ပါဘူး။ ဖိုးစိန်လုပ်ပေးရတယ် ဆိုတဲ့ နာမည်တလုံးကြီးကြီးကျယ်ကျယ် ပြောမကုန်အောင် ကျန်ခဲ့ချင်လို့ပေါ့နော်.။"

"အဲ..ဒီလိုဆို ရသအလင်းက ကိုဖိုးစိန် ခုလို ကူညီတာကို အသိအမှတ်အပြုတဲ့ အနေနဲ့ပေါ့နော်။ သူတို့ဘာများ အသိအမှတ်ပြုပေးလဲ သိပါရစေ။"

"ပြောရရင်ပေါ့နော်။ ရသအလင်းက အသိအမှတ်ပြုတယ်ပေါ့နော်။ ကိုယ့်အမတွေ အကိုတွေဆီက ကျေးဇူးတင်ပါတယ်ဆိုတာ အကြိမ်ကြိမ် ကြားရတယ်ပေါ့နော်။ မပြောရင်လဲ ကျနော့် မလုပ်ပေးမှာ ကြောက်တော့ မပြောချင်လဲ ပြောရတယ်ပေါ့နော်။ အဲဒီအတွက် ရလာဒ်က VIP ခုံတခုံ ရတယ်ပေါ့နော်။ အဲဒီခုံကလဲ ဒီပွဲရဲ့  ကြော်ငြာ ဒီဇိုင်နာ တယောက်နဲ့ တနာရီခြား တလှည့်ထိုင်ရမယ်ပေါ့နော်။ အဲလိုမထိုင်ချင်ရင်လဲ တယောက်ပေါ် တယောက်ထပ်ထိုင်ရမယ်ပေါ့နော်။ အဲလို အသိအမှတ်ပြုပါတယ်။"

"ကျမလဲ မေးတာတော်တော်ရှည်နေပြီးလေ။ နောက်ဆုံးအနေနဲ့ ရသအလင်းကိုယ်စား ဒီပွဲလေး အတွက် ကိုဇာဂနာတို့ အတွက် ဘာများပြောချင်ပါလဲ။"

"ကတုံးကို ကြည့်ချင်လက်မှတ်ဝယ်ပေါ့။ လက်မှတ်တွေ မြနန်းနွယ်နဲ့ ရနံ့ သစ်မှာ ရောင်းတယ်ပေါ့။ ပြီးမှ ကျနော်ကျမတို့ မသိလိုက်ရလို့ လက်မှတ်မ၀ယ်လိုက်ရပါဘူး။ ကတုံးမျက်နှာ ကြည့်ခွင့် မရလိုက်ပါဘူးဆိုပြီး ဗူးသီးလုံးလောက် မျက်ရည် ကျ နောင်တမရဖို့ ခုကတည်းက လက်မှတ်တွေ ၀ယ်ပြီး အားပေးကြဖို့ပါပဲ။ ကောင်မလေး ချောချောလေးတွေ အတွက် (၁၅)ကျပ်တန်း (၂၀)တန်း က လက်မှတ်တွေ ဖွက်ထားတယ် . ကောင်လေးချောချောတွေအတွက် အနောက်ဆုံးတန်းတွေ ချန်ထားတယ်။ သိလား.. သိလား..."

"ဟုတ်ကဲ့ အခုလို ဖြေကြားပေးတဲ့ကိုဖိုးစိန်ကို ကျေးဇူးတင်ပါတယ်။ နောက်ဆုံးတခုက ကိုဖိုးစိန် ဒီတသက် မိန်းမမယူတာလား.. မိန်းမ မရတာ..."

"နင်သွားလိုက်တော့.. နင်ထွက်သွားလိုက်တော့.."

%$#@%^&**

ခွပ်.. ဖျန်း.. ဂွမ်း..

တီတော်... တီတော်....

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

လက်မှတ်များကို အားပေးရင်း ကိုဇာဂနာတို့ ကိုမင်းထင်ကိုကိုကြီးတို့ကို ဂုဏ်ပြုကြပါလို့....