Thursday, 22 March 2012

အိပ်မပျော်သောစိတ်

ကိုယ် ငယ်ငယ်က တရေးနိုးတိုင်း အိမ်ရှေ့မှာ စက်တလုံး ဂွ တစုံ နဲ့ တကုတ်ကုတ် အလုပ်လုပ်နေတတ်တဲ့ အဖေကို အမြဲတွေ့တယ်။ ကိုယ်နာရီ လှမ်းကြည့်လိုက်ရင် အချိန်က မနက် (၃) နာရီ (၄) နာရီကြား။ ကိုယ်ပြန်အိပ်ပေမယ့် ကိုယ့်အဖေ အိပ်ယာပြန်ဝင်တယ် ဆိုတာ တခါမှ မရှိဘူး။ နေ့လည်ထမင်းစားချိန်မှာ ကိုယ်က အဖေ့ကို ဘာလို့ အစောကြီး အလုပ်ထလုပ်နေလဲ မေးရင် ကိုယ့်အဖေက အစောကြီးထမှတော့ အိပ်မရလို့ပေါ့တဲ့။ ကိုယ်ကတော့ အိပ်ချိန်ကို မအိပ်ပဲ ဘာမှမဟုတ်တဲ့ စက်တလုံးကို ထထ ကလိနေတဲ့ အဖေ့ကို သဘောမကျခဲ့ဘူး။ မေးလိုက်ရင်လဲ အဖြေကို တိတိကျကျ အဖေ့ဆီက မရခဲ့ဘူး။ မင်းတနေ့နားလည်လာမှာတဲ့။

အခုတလော ကိုယ် အိပ်မရဘူး။ အိပ်မရဆိုပေမယ့် ကြိုးစားကြိတ်မှိတ်ပြီး စိတ်ကို အနားပေးပါတယ်။ ဒါပေမယ့် မနက် ၃ နာရီကျော်ရင် အလိုလို နိုးနေပြီး။ အဲလီုနေ့က အစောကြီး အိပ်ဖို့ ကြိုးစားဖြစ်တဲ့အတွက် အစောကြီး နိုးထ ဖြစ်တာ။ အစောကြီး နိုးမှာ စိုးရိမ်လို့ ၂ နာရီ ၃ နာရီလောက် အိပ်ပြန်တော့လဲ အစောကြီး နိုးနေတာပဲ။ အိပ်မက်တွေ မက်နေတာပဲ။ အိပ်ယာထတဲ့ အချိန်ကျတော့ လူက လန်းလန်းဆန်းဆန်း မရှိတော့ဘူး။ အဲဒီနိုးနေတဲ့ အချိန်ကို အစားထို ကုဖို့က တခုခုကို အစားထိုးလုပ်ဖို့ပဲ။ အခုအဖေ့ကို နာလည်းသွားတယ်။ အဖေ့မှာ အစားထိုးလုပ်စရာ စက်တလုံး ဂွတစုံ ရှိနေခဲ့ပေမယ့် ကိုယ့်မှာ ကွန်ပြူတာတလုံးပဲ ရှိတယ်။ ကွန်ပြူတာ ဖွင့်ပြန်တော့လဲ အနည်းဆုံး အလုပ်မေးလ်ထဲ ရောက်သွားပြန်ရော။ ကွန်ပြူတာပိတ် ကြိတ်မှိတ် အိပ်ပြန်တော့လဲ အလုပ်တွေ ခေါင်းထဲမှာ တန်းစီလာပြန်ရော။ သက်ပျင်းလေးချ၊ ဟိုဘက်လှည့်လိုက်

ဒီဘက်လှည့်လိုက်နဲ့ မိုးလင်းပြန်ရော။

ကိုယ် တညတည ဘာတွေ စဉ်းစားနေလဲ ဆိုရင်တော့ အလုပ်အကြောင်းပါပဲ။ အလုပ်မှာ စိတ်ဖိစီးမှု ရှိသလား၊ အထက်လူကြီးက ကိုယ့်ကို ဖိနှိပ်နေသလား၊ လက်အောက်ငယ်သားတွေက ကိုယ့်ကို မလေးမခန့်လုပ်သလား၊ ကိုယ်မလုပ်နိုင်တဲ့ အလုပ်တွေ ကို အလုပ်က ခိုင်းထားလို့ လား မေးရင် တခုမှ မဟုတ်ပါဘူး။ ကိုယ့် အလုပ်မှာ အထက်က သူထေးရော၊ ရုံးက လုပ်ဖော်ကိုင်ဖက်တွေရော ကိုယ့်ကို ချစ်ကြတယ်။ ကိုယ့်မှာ မလုပ်နိုင်တဲ့ အလုပ်တွေ မရှိပဲ ကိုယ့်စိတ်က အလုပ်တွေကို ပိုပို လိုချင် လုပ်ချင်နေတဲ့ စိတ်ကို တားမရဖြစ်နေတာပါ။

ကိုယ်ရုံးရောက်ရင် တခုခုကို ဆုံးဖြတ်ဖို့ အတွက် ကိုယ့် ဆီက အဖြေကို စောင့်နေတတ်တဲ့ သူထေး နဲ့ စကားပြောရ တာ ၊ ကိုယ်ကို တန်းစီပြီး စောင့်နေကြတဲ့ ရုံးသူတွေ ဆီက ပြသနာတွေကို တခုခုပြီးတခု ဖြေရှင်းပေးရတာ၊ ကိုယ်နဲ့ တွေ့ရမယ့် ကျောင်းသား တွေရဲ့  ပြသနာ တခုခု ကို ကိုယ် ဖြေရှင်းပေးရတာကို နေသားတကျ သဘောတကျ တာဝန်ယူတတ်နေခဲ့တာ။ အဲလိုတွေ ဖြေရှင်းနိုင်ဖို့ အတွက် ကိုယ့်မှာ အလုပ်အကြောင်းကို မစဉ်းစားဖူးလို့ ဆုံးဖြတ်ထားတာကို က ညည အဲလိုစဉ်းစားဖို့ တွန်းအားပေးတာ၊ အိပ်မက်ထဲထိ ဒီအကြောင်းအရာတွေက စိုးမိုးနေခဲ့တာကိုက ကိုယ့်ကို အိပ်မပျော်ပဲ အတွေးများစေခဲ့တဲ့ အကြောင်းအရာတွေပါပဲ။

“စိတ်ဖိစီးမှုတွေ တအားများနေရင် အလုပ်တွေအားလုံးကို လုပ်နိုင်တယ် လုပ်ရမယ် ဆိုပြီး သိမ်းကြုံးမလုပ်နဲ့၊ ကိုယ်လုပ်ချင်တဲ့ အရာကနေစလုပ်ပါ၊ အလုပ်တွေကို ဝေမျှ လုပ်ပါ” ဆိုတဲ့ လော့ဂျစ်တွေ တကယ်လက်တွေ့ကျတော့ ကိုယ့်အတွက် ဘာမှ အသုံးမ၀င်ဘူး။ ကိုယ့်မှာ အလုပ်အတွက် စိတ်ဖိစီးမှု များနေတာ မဟုတ်ပဲ ဒါက “ ငါလုပ်နိုင်နေတာပဲ၊ ဘာကြောင့် မလုပ်နိုင်ဘူး “လို့ ပြောရမလဲ ဆိုတဲ့စိတ်တွေ၊ “ငါဒါလေးတောင် အားစိုက်ထုတ်ပြီး မလုပ်နိုင်ဘူးလား၊ ဒါငါ့ကိုယ်ပိုင်စီးပွားရေးသာ ဆိုရင် ငါဒီလို ပဲ စဉ်းစားလုပ်မှာပဲ၊ ဒါလေးတောင် တာဝန် မယူနိုင်ရင် ငါ့ကိုယ်ပိုင်စီးပွားရေးကို ဘယ်လို ကျကျနန တည်ဆောက်နိုင်မှာလဲ" ဆိုတဲ့ အတွေးတွေက ကိုယ့်ကို စိတ်ဖိစီးမှု တခုအနေနဲ့ ၀င်ရောက်လာခဲ့တာ။ လောဂျစ်ကို ကြိုးစားပြီးမှီငြမ်းတဲ့ အတွက် အလုပ်တွေကို ခွဲဝေပေးမှု ကိုယ်ကြိုက်တဲ့ အလုပ်တွေကို ရွေးလုပ်မှုအတွက် ကိုယ်စဉ်းစားရပြန်တာပဲ မဟုတ်လား။ အဲဒီတော့ ဒီအိပ်မပျော် သက်ပြင်းချ သံသရာ ကြီးက တဟင်းဟင်းနဲ့ လည်နေတော့တာပဲ။

ကိုယ်တိုင်ကတော့ အချိန်ရတိုင်း “ မင်း စိတ်ကို အလုပ်ထဲ နှစ်မထားနဲ့၊ မင်းလုပ်တိုင်း ကောင်းတာ ရှိမယ်၊ ဆိုးတာရှိမယ်။ မင်း လုပ်လို့ အကောင်း မဖြစ်လာရင်လဲ မင်း စိတ်မညစ်နဲ့၊ စိတ်ဓာတ်မကျနဲ့။ မင်းလုပ်လို့ ကောင်းသွားရင်လဲ သိပ်ဝမ်းမသာနဲ့။ ဒါပေမယ့် နောက် အလုပ်အတွက် စိတ်အားဖြစ်စေဖို့ မင်းကိုယ်မင်း ဂုဏ်ယူတတ်ပါ။ မင်းကိုယ်မင်း အကောင်းဆုံးကို လုပ်နေတယ် အကောင်းဆုံးကို လုပ်နိုင်တယ်ဆိုပြီး အမြဲတွေး၊ မင်းကို ချစ်တဲ့ သူတွေ ရှိမယ်၊ မုန်းတဲ့သူတွေရှိမယ်။ အဲဒီလူတွေကို ကိုပြန်ချစ် ပြန်မုန်းဖို့ထက် မင်း သူတို့ အတွက် အကောင်းဆုံး လုပ်ပေးနိုင်ဖို့ ကြိုးစားပါ “ဆိုတဲ့ ကိုယ်ကိုယ်ကိုယ် အသိပေးမှုကို စိတ်ထဲမှာ အချိန်ရတိုင်း ဘုရားစာ ရွတ်သလို ရေရွတ်နေမိတာပဲ။ ကိုယ့်ကိုယ်ကိုယ် တော့ ဒီနည်းနဲ့ စိတ်ဖြေတတ်အောင် ကြိုးစားတယ်။

နောက်တခုက စိတ်ဖိစီးမှု များလာရင် ဘာလုပ်ရမယ် ဆိုတဲ့ လော့ဂျစ်တွေကို သွေဖယ်ပြီး လက်ရှိ အလုပ်တွေထဲကို တန်းစီပြီး တခုပြီးတခု ဖြေရှင်းရင်းနဲ့ ကိုယ့်စိတ်ဖိစီးမှု့ ကို လျော့သွားအောင် လုပ်နေတာ နေသားကျနေပြန်ရော။

စိတ်ဖိစီးမှု့ရဲ့ လက္ခဏာတွေ ဖြစ်တဲ့ (၁) အိပ်မပျော်ခြင်း (၂) စားမ၀င်ခြင်း (၃) အာရုံစူးစိုက်မှု အားနည်းလာခြင်း (၄) အလုပ်အရည်အသွေး ကျဆင်းလာခြင်း (၅) အမှားတွေ လုပ်တတ်လာခြင်း (၆) ဒေါသကြီးလာခြင်း (၇)ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းလာခြင်း (ဂ) ခံစားထိရှ ကြေကွဲလွယ်လာခြင်း (၉) အရက် ဆေးလိပ်စွဲလာခြင်း (၁၀) အာရုံကြော အားနည်းလာခြင်း၊ ဆိုတဲ့ အချက် တွေထဲက အချက် ၇ ချက်ထက် ပိုလာရင် လူတယောက် အတွက် စိုးရိမ်ရတယ်။ ကိုယ်ကတော့ ပင်ကိုယ် ဒေါသကြီးတာနဲ့ အိပ်မပျော်တာက လွဲရင် ကျန်တဲ့ အရည်အသွေးတခုမှ မကျဆင်းသေးဘူး။ အဲလို မကျဆင်းအောင်လဲ ကိုယ့်ကိုယ်ကိုယ် အပေါ်က ပြောခဲ့တဲ့စာသားတွေနဲ့ အမြဲ အားပေးတယ်။ ကိုယ် အိမ်ပြန်ရောက်လာရင်လဲ ကိုယ့်အနားမှာ ရှိတဲ့ ညီအကို မောင်နှမတွေကို အမြဲ အကဲခတ်ပြီး သူတို့ စိတ်ဖိစီးမှုတွေ ရှိသလား မရှိသလား စူးစမ်းရသေးတယ်။

ဒီတော့ အိပ်မပျော်ရင် အိပ်ယာထဲမှာ အတင်းကြိုးစား အိပ်လိုက်ဖို့ထက့် အိပ်မပျော်တဲ့ အချိန်မှာ ကိုယ် စိတ်ထဲမှာ ဖိစီးနေတဲ့ အရာတခုကို လုပ်နေလိုက်တာ က စိတ်ဖြေသာမှု တခုရသွားသလို ကိုယ့်အတွက်စိတ်ဖိစီးမှု လျော့သွားလိမ့်မယ် လို့ ကိုယ့်ကိုယ်ကိုယ် ခံယူမိနေလို့ပဲ်။ ကိုယ်က ကိုယ့်အဖေ လော့ဂျစ်ကို ယူပြီး ကြိုးစားကြည့်တာ အဆင်ပြေတယ်။ တခါတလေ လူတွေက ဖြစ်တတ်တယ်။ ဘာမှ စိတ်ညစ်စရာ မရှိပဲ စိတ်ဖိစီးလို့ ဆိုပြီး အိပ်မပျော် စားမ၀င်တဲ့ရောဂါ။ အဲလို ရောဂါဖြစ်လာရင် အိပ်မနေနဲ့ ၊ အလုပ်သာ ထလုပ်လိုက်။ အိပ်ယာထဲ အချိန်ကုန်ခံ အပင်ပန်းခံ စဉ်းစားမဲ့ အစား ထကြွ နိုးကြားပြီး အလုပ်ကိုသာ ပြေးလုပ်လိုက်။ အလုပ်က ပင်ပန်းသွားတဲ့ အခါ သူ့ အလိုတကျ ခန္ဒာကိုယ်က စိတ်က အနားယူသွားလိမ့်မယ်။ အလုပ်က ပြီးသွားတဲ့အခါ စိတ်ချမ်းသာမှုတခုကို ရလာလိမ့်မယ်။

အခုတလော ကိုယ် အိပ်မပျော်တဲ့ ညတွေ များနေတယ်။ ဘာလို့ အိပ်မပျော်လဲမေးရင် သူထေးက လက်ရှိသူ့နေရာကို ကိုယ့်ကိုယ်ပေးပြီး ချာရတီ အလုပ်မဟုတ်တဲ့ တခြားအလုပ်တခုကို တခြားတနိုင်ငံမှာ အခြေချတော့ မလို့။ ရာထူးကြီးလေလေ တာဝန်ယူရမှုများလာလေလေ စိတ်ဖိစီးမှု များလာလေလေဆိုတော့ နောက်တချိန် စိတ်ဖိစီးမှု မရှိရလေအောင် ခုကတည်းက အိပ်ချိန်တွေကို နည်းနည်းခြင်း ဖဲ့ခြွေပြီး ကြိုတင်ပြင်ဆင်နေပါတယ်လိုပဲ ကိုယ့်စိတ်ဖိစီးမှုကို ကိုယ်ပြန်ဖြေလိုက်ပါတယ်။

ကိုယ့်လိုပဲ အလုပ်ကြောင့် မိသားစုကြောင့် စိတ်ဖိစီးတာမျိုးမဟုတ်ပဲ စဉ်းစားလွန်ပြီး အိပ်မပျော်တဲ့ ညီအကို မောင်နှမများ စိတ်ကို စိတ်နှင့် ဖြေရှင်းနိုင်ကြပါစေ။

အားလုံးပဲ စိတ်မဖိစီးသင့်တဲ့ စိတ်ဖိစီးမှုများကနေကင်းပြီး အိပ်ပျော်စားဝင် ဘလော့ဂင် ဖေ့ဘွတ်ဝင်နိုင် ကြပါစေ။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

5 comments:

mstint said...

တစ်ချိန်ကတီတင့်လည်းစက်ရုံတွေမှာ စီမံခန့်ခွဲရေး တာဝန်ယူခဲ့တော့ နေ့တဓူအလုပ်သမားတွေရဲ့
ပြဿနာပေါင်းစုံကို ဖြေရှင်းရ၊ စက်ရုံကိစ္စ အကြောင်းကြီးငယ် ဖြေရှင်းရနဲ့
စိတ်ဖိစီးမှုကို နားလည် ကိုယ်ချင်းစာတယ် ဖိုးစိန်ရေ။
အသက်ကြီးလာရင် ညဘယ်အချိန်အိပ်အိပ် မနက်ကို
အစောကြီးနိုးထလေ့ရှိတာ သဘာဝတရားထင်ပါရဲ့။
ဖိုးစိန်အိပ်မရတာကတော့အသက်နဲ့မဆိုင်ပဲ အလုပ်တွေလောဘကြီးနေတာကြောင့်ဖြစ်မှာပါး)
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

စိန်စိန်
ပျော်အောင်အိပ်
ဝင်အောင်စား


ဆင်စင်

Anonymous said...

MEDITATION IS THE BEST MEDICINE.

mae said...

တူတူပဲ.. အဲ့လိုတွေ ဆက်တိုက်လုပ်ပီး ခုကျ အိပ်ရေးမဝဘူး..

richelle co said...

Hi, Inspiring and Interesting blog you have here... It would be my pleasure if you visit my website too. Here's the link http://motors.com.mm/?utm_campaign=mot_mm_lb_blog_riche&utm_source=mot_lb_blog&utm_medium=lb_blog