Friday, 26 June 2009

သူနဲ့ ဖိုးစိန်ရေစက်

သူ ဘယ်သူဘယ်ဝါ ဆိုတာ ကျွန်တော်မသိပါ.. ကျွန်တော့်ရဲ့ အနီးအနား ဝန်းကျင်မှာတော့ သူဟာ အရိပ်တစ်ခုအနေနဲ့ ရှိနေတယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိနေပါတယ်… တစ်ခါတစ်လေ အသံပေး အရိပ်ပြတတ်တဲ့ သူ့ကို ကျွန်တော် ရုတ်တရက် တွေ့လိုက် ကြားလိုက်ရရင် ကြောက်စိတ်ဝင်မိပေမယ့် ဒီထက်ပိုပြီး ထူးခြားမှု မပြတဲ့သူ့ကို တစ်ခါတစ်ရံ သတိရနေမိသလိုလို… ဒီလိုအတွေး စိတ်ထဲဝင်လာရင် သူ့အတွက် ဆုတောင်းပေးမိ ပါတယ်…

ဒါပေမယ် သူဒီနေရာဝန်းကျင်ကနေ စွန့်ခွာသွားမှာကိုတော့ကျွန်တော် တစ်ကယ်မလိုလားပါဘူး.. နှစ်ပေါင်းများစွာ နေခဲ့တဲ့ဒီနေရာလေးကို စွန့်ခွာသွားဖို့ အတွက်သူလဲဝန်လေးမှာပေါ့.. ဒီနေရာကိုသူပိုင်ပါတယ်… သူကကျွန်တော့်ရဲ့ အမည်လဲမသိ လူကောင်မပေါ်တဲ့ ခုလက်ရှိ ကျနော်နေနေတဲ့ အခန်းရဲ့ အိမ်ရှင်လေးလို့ ထင်ပါတယ်…

ဘာကြောင့်လဲ မေးရင် ကျွန်တော် အခုလက်ရှိနေတဲ့ အခန်းလေးက အရင်က လူသူ မနေတဲ့ ဂိုဒေါင် အဟောင်းလေး တစ်ခုပါ.. ဂိုဒေါင်သက်တမ်းကလည်း ကျွန်တော့် အသက်ထက် ထက်ဝက် မက ကြီးတယ်လို့ အိမ်ရှင်အဖွားကြီး ကပြောပါတယ်.. ကျွန်တော်နဲ့ ရေစက်ပါတဲ့ဒီဂိုဒေါင်လေးက လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ကျနော် စရောက် ကတည်းက အလုပ်ရှာရင်း လစဉ် ပုံမှန် လာရှင်းဖြစ်ခဲ့တယ်… ဟောင်းအို နေတဲ့ဂိုဒေါင်ဘေးမှာလဲ လေးထပ်တိုက် အမြင့်သာသာ ရှိတဲ့ယူကလစ်ပင် တစ်ပင် ရှိတယ်လေ… မနှစ်က အိမ်ရှင်အဖွားက အပင်ကြီး မြင့်လာလို့ ခုတ်ပေးပါဆိုလာတယ်..

ဒါနဲ့ ကျွန်တော်လဲ အပင်ကို ဂိုဒေါင် အပေါ်ကနေ တက်ပြီး စခုတ်ပါတယ်.. စိတ်ထဲမှာ ထစ်နေလို့ အပင်ကို မတက်ခင် တောင်းပန်ရှိခိုးပြီး ခုတ်ပေမယ့် ကျွန်တော် ခုတ်နေတုန်းမှာ ရုတ်တရက် တစ်ယောက်ယောက်က တွန်းချသလို ခံစားရပြီး မထင်မှတ် ပဲ အပင်ပေါ်ကနေ ပြုတ်ကျတယ်… လေးထပ်အမြင့်ဆိုတော့ အောက်မှာ သွေးမထွက် မလှုပ်နိုင်တဲ့ ကျနော့်ကို အားလုံးကသေပြီးလို့ကို ထင်ခဲ့တယ်… ဒါပေမယ့် အမြင့်ပေါ်ကနေ အတားအဆီး မရှိ ကျလာတဲ့ကျနော် သွေးတစ်စက်မှ မထွက်ပဲ ခြေထောက် သာကျိုးသွားတယ်… အကုန်လုံးက အံ့သြကြတယ်...

ကျွန်တော်ကိုယ်တိုင်အံ့သြတယ်.. အပင်ပေါ်ကနေ တစ်ယောက်ယောက်က တွန်းချသလိုခံစားရတယ်.. အောက်ရောက်တော့လဲ အင်းဂတေကိုင်ထားတဲ့ ကြမ်းပြင် နေရာက ကျွန်တော့်အတွက် တစ်ယောက်ယောက်က တစ်ခုခုခံပေးထားသလို ခံစားရတာကိုပါ… မှောက်လဲ ကျတာ ခြေကားလက်ကားနဲ့ ကျပြီးတော့ ညာဘက်ခြေထောက်က ကျိုးသွားခဲ့တယ်.. တစ်ခုသိလိုက်တာက ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေတယ် ဒီအပင်ကို ခုတ်တာ မကြိုက်ဖူး ဆိုတာကို သိလိုက်ရတယ်… ဒါကြောင့် သုံးလလောက် နားပြီး ခြေထောက် ပြန်ကောင်းလာတော့လဲ ဒီအပင်ကို ထပ်ခုတ်ဖို့ စိတ်မကူးတော့ပဲ လာရှင်းပေးနေကြ အလုပ်ကိုတောင် နားလိုက်မိတယ်…

ရေစက်ကမကုန်ဘူးထင်ပါတယ်… ကျွန်တော်လည်း နောက်ပိုင်းကျတော့ တစ်ယောက်တည်း နေချင်စိတ်ကပေါ်တယ်… (အရင်ကတော့ စုပြီးနေတာ ပြဿနာ အမျိုးမျိုးကြောင့်ပါ)… ဒါကြောင့် တစ်ယောက်တည်း နေလို့ရနိုင်မယ့် တိုက်ခန်းကျဉ်းကျဉ်းလေး ကိုလိုက်ရှာတယ်လေ.. ဈေးသက်သက်သာသာနဲ့ တစ်ယောက်တည်း တစ်ခန်းနေရမယ့် နေရာမျိုး.. ဒီလို နိုင်ငံမှာ တစ်ယောက်တည်း နေဖို့က မဖြစ်နိုင်ပေမယ့် ရလိုရညားတော့ အားလုံးကိုမေးထား ပြောထားတယ်… တစ်နေ့တော့ အဖွားက စကားမစပ်ပဲ ဖုန်းဆက်ပြီး ခုဘာတွေလုပ်နေလဲ သူဆီလာတွေပါဦးဆိုတော့ ကျနော် သွားတွေ့ခဲ့ပြီး ကျနော် အခန်းရှာနေကြောင်းပါ ပြောဖြစ်လိုက်တယ်… အဲဒီမှာ အိမ်ရှင်အဖွားက ကျွန်တော်နေချင်တယ် ဆိုရင် ဒီဂိုဒေါင်လေးကို ပြင်ပြီးလာနေလို့ ရကြောင်း.. ပြင်စရိတ်ကို ကျွန်တော်ပေးရမှာ ဖြစ်ကြောင်း.. အခန်းခကိုတော့ သူယူမှာမဟုတ်ကြောင်း… တစ်ခုရှိတာက ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေကြောင်း..မကြောက်တတ်ရင်နေလို့ ရကြောင်း ပြောလာတယ်လေ..
နဂိုကလည်း တစ်ယောက်ထည်း နေချင်သူ ဆိုတော့ အချိန်မဆိုင်းချင်ပဲ အဖွားကို နေမယ်ပြောပြီး တစ်လအတွင်း အခန်းဖြစ်အောင် ပြင်လိုက်တယ်လေ.. မကြောက်ဖူးဆိုပေမယ့် အိမ်ရှင်အဖွားကိုယ်တိုင် ပြောထားဖူးတဲ့အခံလဲရှိ ကိုယ်တိုင်လဲ တွေ့ကြုံခံစားဖူးထားတော့ နည်းနည်းလန့် တာပေါ့လေ… ဒါပေမယ့် နောက်ဆုံးတော့ အခန်းလေးကို စိတ်ကြိုက်ပြင်ပြီး အိမ်ပြောင်းလာခဲ့တော့တယ်…

ကျနော် အခန်းပြောင်းတဲ့ ညမှာပဲ သူ့ကို စတွေ့ တယ်… ကြိုတင် ဆုံးဖြတ်ပြီးသားဆိုတော့ ကြိုဆိုတဲ့သဘောလို့ စိတ်ထဲမှတ်ထားလိုက်မိတယ်… သူ ကလူလိုပါပဲ… အရိပ်လိုလို ဘာလိုလို စိတ်ထဲက သိတာပဲရှိတယ်… ကိုယ်လုံးကိုယ်ထည်မမြင်ရတဲ့ မဲမဲကြီးပါ..အထီးအမ မသဲကွဲပေမယ့် ဟန်ပန်က အသက်(၅၀) သာသာ လူကြီးတစ်ယောက် ပုံစံမျိုးပါ… ညဘက်အလုပ်က ပြန်လာတာမို့ မှောင်မှောင်မဲမဲ မှာ ဆိုင်ကယ်မီးထိုးပြီး ဝင်လာတဲ့အချိန်မှာ မည်းမည်းအရိပ်ကြီးကိုတွေ့ လိုက်ရတဲ့ကျနော့်ရဲ့ ပထမဆုံးညက တော်တော်ကို တုန်လှုပ်မိတယ်… အဲဒီ ပထမဆုံးညက ဆိုအိပ်လို့ လဲမရဘူး.. အခန်းထဲ ကြောက်ကြောက်နဲ့ ဝင်ပြီးတော့ အပြင်လည်းမထွက်ရဲဖူး.. ဒါပေမယ့် သူရှိနေလား တကယ်များလား ဆိုတဲ့ အတွေးနဲ့လဲ ထွက်ကြည့်ချင် နေတယ်လေ.. ဘာမှမလှုပ်ရှားပေမဲ့ သူဒီအနီး အနားမှာရှိနေမှာ သေချာတာကိုတော့ ခံစားမိတယ်..

ဒီလိုနဲ့ နောက်နေ့ တွေမှာ ကျနော် အခန်းမှာ ပရိတ်ကြီး(၁၁)သုတ် တရားခွေကိုဖွင့်ပြီး မေတ္တာပို့ အမျှဝေပါတယ်… သူကြားအောင်လည်း အင်္ဂလိပ်လို တစ်မျိုး မြန်မာလို တစ်ဖုံ ဂရိလို တတ်သလောက် မှတ်သလောက်လေးနဲ့... “ဒါကနင့်နေ ရာပါ.. ငါ့ကိုပေးနေတဲ့ အတွက် ကျေးဇူးတင်ပါတယ်.. နင့်ကိုလဲ ငါမမောင်းထုတ်ပါဘူး.. ငါကို လဲကြောက်အောင်လန့် အောင်မလုပ်ပါနဲ့ နင်နေသာသလိုနေပါ” ဆိုပြီးအမြဲပြောတယ်လေ… သူကြားအောင်လဲ မေတ္တာပို့ အမျှဝေတဲ့ အလုပ်ကို ပိုလုပ်ဖြစ်ပါတယ်…

နောက်ပိုင်းတွေမှာ ကျနော် အိမ်အပြန် နောက်ကျတဲ့ နေတွေမှာဆို သူ့ကို ကျွန်တော့် တံခါးဝမှာရပ်စောင့်နေတာမျိုးကို ကျွန်တော့်ဆိုင်ကယ်မီးရောင်နဲ့ လှမ်းမြင်ရလေ့ရှိတယ်.. ကျနော်က ခပ်တည်တည်နဲ့ (စိတ်ထဲကတော့ ကြောက်မိတာပေါ့) “စောင့်နေတာလား… ကျေးဇူးတင်ပါတယ်” လို့ ဆိုလိုက်ရင် အရိပ်ကပြောက်သွားတယ်..

တစ်ခါတုန်းကဆို ညဘက် ကျနော် အလုပ်လုပ်တာကို သိတဲ့သူခိုးက ကျနော့် အခန်းကို ဝင်မယ်ကြံတော့ ငယ်သံပါအောင် အော်ပြေးတာ အိမ်ရှင်အဖွားက ပြန်ပြောပြလို့ သိရတယ်… ဘာကြောင့် အော်ပြေးသွားမှန်း မသိပေမယ့် ကျနော်ကတော့ သူကြောင့်လို့ ထင်မိပါတယ်…

ညနက်မှ အိပ်တတ်တဲ့ ကျွန်တော်က သူ့ ရဲ့ အရိပ်လိုလို စိတ်ထဲက တွေ့ရင် ကြောက်ကြောက်နဲ့ စကား လှမ်းပြောတတ်လာတယ်.. တစ်ခါတစ်လေ အခန်းဝမှာ ရစ်သီရစ်သီ လုပ်နေတတ်တယ် လို့ထင်မိပြန်တယ်… ဒါပေမယ့် စည်းကျော်ပြီးတော့ အိမ်ထဲထိ ဝင်လာနှောက်ယှက် တာမျိုးတော့မကြုံဖူးဘူး…

တစ်ခါတစ်ရံ သူပျင်းလို့ရှိရင် ကျနော်ရဲ့ စာကြည့်မီးချောင်း ကိုစသလိုလို နဲ့ မှိတ်တာမျိုး လုပ်တတ်တယ်လေ.. ပထမတော့ မီးချောင်းကဖြစ်တာပါလို့ ထင်ပေမယ့် နောက်ကျတော့ မရည်ရွယ်ပဲနဲ့ “မလုပ်ပါနဲ့ ကွာ..စာလုပ်နေလို့ ပါ..ပြန်ဖွင့်ပေးပါ” လို့ ညင်ညင်သာသာ ပြောလိုက်ရင်တော့မီးက အလိုလို ပြန်ပွင့်လာတယ်… အမြဲမဟုတ်ပေမယ့် လာလာစတတ်တယ်လို့ ထင်မိတယ်…
တစ်ခုရှိတာက ကျွန်တော်ညနက် အိပ်တာကိုတော့သဘောကျပုံမပေါ်ဘူး.. မီးရောင်ကြောင့် လို့ထင်ပါတယ်… မီးလင်းတာမျိုးတွေ့ ရင်အပြင်ကနေ အသံတစ်မျိုးမဟုတ် တစ်မျိုးကြားရတတ်တယ်.. မီးပိတ်ပြီးသာ ငြိမ်နေလိုက်ရင်တော့ အသံလဲအလိုလို ပျောက်သွားတတ်တယ်… နောက်ပိုင်း ကျနော်လဲ နေသားကျသွားတယ် ထင်ပါတယ်… သူရှိနေတယ်ဆိုတဲ့အသိလေးနဲ့ ကျွန်တော်လဲလုံခြုံနေသလို ခံစားမိတယ်… (ကျနော်ညဘက် အလုပ်သွားတုန်း ကျနော်ဆီမှာ လာအိပ်လာစားကြတဲ့ ဧည့်သည် သဘောင်္သားနှစ်ယောက်က တော့ တစ်ညမှာ ကောင်းကောင်း ပညာပြခံလိုက်ရပါတယ်… နောက်နေ့ကစလို့ ကျနော့်အခန်းကို ကျနော်မရှိပဲ အလည်မလာကျသလို ညဘက်ကို လုံးဝ အိပ်ဖို့ ငြင်းဆန်သွားပါတယ်)


ဘာကြောင့်ပဲ ဖြစ်ဖြစ် သူ့ကိုလဲ မမောင်းထုတ်ရက်ဖူး… ကျနော့်ကြောင့် သူထွက်သွားမှာ ကိုလည်းမလိုလားဖူး… နှစ်နှစ်နီးပါးနေလာတဲ့ ဒီနေလေးကို ကျွန်တော်ချစ်တယ်ဆိုရင် နှစ်ပေါင်းများစွာနေလာတဲ့သူ့ အတွက်ကိုယ်ချင်းစာမိပါတယ်… ဒါပေမယ့် သူ့ကို ကျွတ်လွတ်တဲ့ ဘဝကိုလဲရစေချင်ပါတယ်… သူကြားနိုင်အောင်လို့ မေတ္တာပို့ အမျှဝေဆဲပါ… စိတ်အနှောက်အယှက် တစ်စုံတစ်ရာမှမပေးပဲ ကျွန်တော့်ကို နေခွင့်ပေးထားတဲ့အတွက် ကိုလည်းကျေးဇူးတင်မိတယ်..

အခုတော့သူဟာ ကျွန်တော့်အတွက်အဖော်ကောင်းလေးပါ… သူ ရှိနေတဲ့အတွက်လည်း ကျွန်တော်ဘယ်လို မှမခံစားရပါဘူး.. အရင်ဘဝက ပါလာတဲ့ရေစက်လို့ ပဲသတ်မှတ်လိုက်ပါတယ်… သူ့ကို ကျွတ်ရာ လွတ်ရာကိုလဲ ရောက်စေချင်ပါတယ်… အခုတစ်လော အလုပ်နဲ့ နေ့နေ့ ညည နပန်းလုံးနေတဲ့ကျွန်တော်ဟာ ဒီည အလုပ်နောက်ကျလို့ ညဥ့်နက်မှပြန်ရောက်လာတော့ သူကြိုနေတာကို တွေလိုက်ရတယ်…

အိမ်ရှင် အဖွားပြောပုံ အရဆိုရင် ဒီတစ်ယောက်က အိမ်ရှင်အဖွားရဲ့ အဖေဖြစ်နိုင်တယ်… ကျနော်နေတဲ့ ဂိုဒေါင်မှာပဲ သူအမြဲနေတယ်… ထမင်းစားချိန်နဲ့ အိပ်ချိန်ပဲ ပြန်တက်လာပြီး ဒီဂိုဒေါင်မှာ ရေဒီယိုတစ်လုံး နဲ့ အလုပ်ရှုတ်နေတတ်သလို နွေမှာ အရိပ်ရအောင် ဂိုဒေါင်ဘေးမှာ အပင်စိုက်ခဲ့တယ် ဆိုပါတယ်… ဘာကိုစွဲလမ်းပြီး ဘယ်လိုဆုံးတယ်ဆိုတာတော့ မသိပါဘူး… ဘဝမှာ သူ့ နဲ့ ကျနော်အတွက် အမှတ်တရဖြစ်သလို ဒီဂိုဒေါင် အခန်းလေးထဲမှာ လွတ်လွတ်လပ်လပ် တစ်ယောက်တည်း နေရတဲ့ အတွက်လဲ ကျေနပ်ပီတိဖြစ်ပါတယ်…

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

မနေ့က သူငယ်ချင်းရီနိုမာန် က သယ်ရင်းရေ သရဲအကြောင်းရေးပါလား ဖတ်ချင်တယ်ဆိုတော့ ကျနော်အရင်ရေးခဲ့ဖူးတဲ့ ဒီဖြစ်ရပ်မှန် ပိုစ့်လေးကို သယ်ရင်းနဲ့ အရင်မဖတ်မိခဲ့တဲ့ ညီအကို မောင်နှမများ ဖတ်ဖို့ပြန်တင်ပေးလိုက်ပါတယ်... (ခုတစ်လောလဲ ဟိုတာဒီတာ ရေးပါလို့ ပြောတဲ့သူတွေ အတွက် ရေးဖြစ်နေပါတယ်... ဒီပိုစ့်မြင်ရင် ဘယ်တုန်းကမှ ကျနော့်ကို မြန်မာလို ကော့မန့် မပေးတဲ့ ကျနော့်ရဲ့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ရေးဆရာ အကိုတစ်ဖြစ် အချစ်ဆုံးသူငယ်ချင်းကို မျက်စိထဲ မြင်မိပါတယ်… သူပြောနေကျ စကားလေးရှိတယ်… “မင်းက စာဖတ်သူတွေဗဟုသုတ ဖြစ်စေမယ့် ပိုစ့်ကိုမရေးဘူး ပေါက်ကရနဲ့ ဘလော့ကို ဂျင်းသုတ် အသုတ်စုံလုပ်နေပါလားတဲ့ စာဖတ်သူတွေကို လဲအားနာပါဦးး) နည်းနည်းပါးပါး လေ့လာပြီးရေးဦးတဲ့” … ဟုတ်တော့ဟုတ်ပါတယ်… ကျနော်က တတ်သလောက် မှတ်သလောက်နဲ့ ကြုံတွေ့ဖူးတာကိုပဲ ရေးမိတာပါ… ဥာဏ်ရည်မမှီဘူး လို့ပဲ သဘောထားပါတယ်… တစ်ခါလောက်တော့ သူ့အတွက် ပိုစ့်တစ်ပုစ်ရေးမယ်လို့ စိတ်ကူးထားတယ်… ဗဟုသုတ ဆိုတဲ့ စာတွေအပြည့်ပေါ့… သူမြန်မာလို ကော့မန့်ပေးတဲ့နေ့ ဖြစ်နိုင်တယ်…း) ဒီစာကြောင်းကို ဖတ်မိတယ် ဆိုရင် သူ့ကို စောင်းရေးတယ်ဆိုတာသိပြီး မြန်မာလို မန့်သွားမလာပဲ…း)

43 comments:

နေဒေးသစ် said...

၁ လာယူကြည့်တာ ကိုချိန် ရေ
ပြီးမှ စာဖတ်မယ်

မငုံ said...

တစ်..ဖတ်ဦးမယ်

မငုံ said...

အား..ကိုနေဒေး
မရဘူး.ဒီလောက် လုနေတာတောငိ သူက အရင်ရောက်တယ်။

မငုံ said...

:( သတ္တိခဲပါလား။ ဒါပေမဲ့ သူတို့ဘ၀က သနားစရာနော်။ ဘာပြောပြော အခုလို အတူတူနေနေတာ ရေစက်ပေါ့။ ကောင်းပါတယ် မေတ္တာပို့ အမျှဝေတော့။

ဒါပေမဲ့ ချီးကျူးတယ်။။ သယ်ရင်းရေ..ငါတော့ နေရဲဘူး။

said...

ရေးပြီးသားကြီး ပြန်တင်ပြီး ဆားချက်ပါတယ်ဗျို့.......

စိန်ရေ.. ဗဟုသုတဆိုတာ အမျိုးစုံရှိပါတယ်.. စိန့်ကိုယ်ပိုင် အတွေ့အကြုံတွေထဲမှာလဲ ဗဟုသုတက ယူတတ်ရင်ရပါတယ်.. ဥပမာ မိသားစုအကြောင်းရေးတဲ့အခါ စာဖတ်သူက ဒီလိုမိသားစုပုံစံလေး နွေးထွေးတာလေး နမူနာယူတယ်ဆိုရင် သူ့အတွက်အကျိုးရှိတာပါပဲ.. ရယ်စရာတွေရေးတဲ့အခါလဲ စိတ်ညစ်နေတဲ့လူတစ်ယောက်က လာဖတ်လို့ စိတ်ပေါ့သွားရင် သူ့အတွက်တော့ အကျိုးအမြတ်ပေါ့..

ရေးချင်တာသာရေးပါ.. စိန့် ဘလော့က လူတွေကို ရသပေးနိုင်လို့ လာဖတ်ကြတာပါ

ကျဲးကျဲး said...

ဟီးးးးးးးးးးးးးးးးးးး
ကျဲးကျဲး
၂၃ မိနစ်တဲ့
၅တဲ့ မကျေနပ်ဘူးနော်ကျဲကျဲး
စာပို့မယ်တဲ့
တင်ခါနီးတဲ့

ချစ်ခင်တဲ့
ကျဲးကျဲး

နေဒေးသစ် said...

ကိုဖိုးစိန် တကယ်လား .... ??
ကျွန်တော်ဆိုရင်တော့ တကယ် မနေရဲဘူး ..
ကျွန်တော် တကယ် သရဲကြောက်တာဗျ ...
ကျွန်တော် ကြောက်တာတော့ မဟုတ်ပါဘူးလေ ...
အဖေသွေးပါလို့ ကျွန်တော်လည်း သရဲကြောက်တတ်သွားတာပါ ... တကယ်တော့ ဒီလူ ဒီလောက် သတ္တိမခေပါဘူး .. သတ္တိခဲပါ .. သိတယ်မလား ... :D အဟေးဟေး .. :D ဤကား စကားချပ်။

ကိုချိန့်ကိုတော့ ချီးကျူးသဗျို့ ... နေရဲတဲ့ အပြင် သူက သရဲနဲ့တောင်ဘော်ဘော် ဖြစ်နေပြီ ... အံ့ရော အံ့ရော :D
နေဒေးသစ်။

WWKM said...

ဖတ်ပြီးတာကြာပေါ့..

reenoemann said...

ကျေးဇူးသယ်ရင်းရေ မျက်နှာတောင် မသစ်ရသေးဘူး။
လာဖတ်သွားတယ်နော်။

ချစ်တဲ့
သယ်ရင်း ငနို

MANORHARY said...

အဟား အဲလိုလှမ်းလှမ်းစကားပြောတတ်တဲ့ထဲ
ကိုယ်လည်းပါတယ် ..:) shake !!

နှင်းနဲ့မာယာ said...

အီး ဖတ်ရင်းနဲ့ ကျောချမ်းလာတယ်...
ရေးတဲ့သူတော့ ဘယ်လိုနေမလဲမသိဘူး..
စာဖတ်ပီးတော့ အခန်းမီးကို မပိတ်ရဲတော့ဘူး...
အိပ်မရတော့ဘူး....
ကြောက်ပါတယ်ဆိုမှပဲ...

မေလေး said...

ကိုကြီးရ
ညကမှလတ်လတ်ဆတ်ဆတ် တရဲနဲ့တွေ့ခဲ့လို့ ညကကိုကြီးပို့စ်ကိုလာမဖတ်ရဲသေးဘူး။ခုမှလာဖတ်ရတယ်။တော်လိုက်တဲ့ နာ့အစ်ကို တရဲနဲ့ ဘော်ဘော်တောင်တော်လိုက်သေး။ခုရော အတူတူနေသေးလား။တူတူနေသေးရင်း တိုတိုဂဏန်းလေးတောင်းခိုင်းမလို့ပါ။ ပေါက်ရင်တစ်ဝက်ပေးမယ်နော်။

ဂျပန်ကောင်လေး said...

ကိုဖိုးစိန်ရေ.. ဖတ်ရင်းနဲ့ အသည်းလန့်သဗျ...း)

kiki said...

အေးကွာ ..
ငါကလည်း ဥ ဟင်းကြိုက် ..မင်းကဥ မကြိုက် ။
ငါစားမဲ့ အိုးထဲ ရှုး လာ မပန်းတာဘဲ မင်းကို ကျေးဇူးတင်သကွာ ။
ည ည ကျ စောစောအိပ် ။မီးကြီးဖွင့်ပြီး ဘလောဂ်ဂါ မမတွေ ညီမလေးတွေ ကျူကျူနေတော့ ငါလည်း အိပ်ရေးပျက်တယ်ကွာ ။
ဒါကြောင့်  တည အတွင်း ငါလည်း မြန်မာလို ရေးတတ်အောင် ကြိုးစားပြီး မန့် ပေးလိုက်တာ မောင်ဖိုးစိန်ရေ ။။
မင်းကို ငါဟို တခါက အပင်ပေါ်က တွန်းချမိခဲ့တာ
တောင်းပန် ပါတယ် ကွာ။
စိတ်ချ .. မင်းနဲ့ ငါတို့  တူနှစ်ကိုယ် တိုင်းပြည်လေး
ဘယ်သူမှ မဖျက်ဆီးစေရ ပါဘူးကွာ..

ပုံ/မင်းရဲ့  အဖေါ် . ဆိုက်ပရပ် ၂ ရဲ
ငှဲ ငှဲ ငှဲ ။။
( နောင် မင်းခေါင်းကိုက်နေချိန်မှာ
မင်းရဲ့ ကိုယ်စား ငါ ဘလောဂ် တကာ လည်ပြီး မမတွေ ညီမလေးတွေ ကို ပတ်ချွဲ ပေးပါ့ မယ် ကွာ )..

ဗြဲ ဗြဲ ဗြဲ

Nge Naing said...

ဖတ်လို့ ကောင်းတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ပို့စ်လေးပါပဲ။

Nge Naing said...

ဖတ်လို့ ကောင်းတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ပို့စ်လေးပါပဲ။

နွေးနွေးသဲမွန် said...

အီးးး.... မီးမီးကြောက်ကြောက်...ဟားဟား.. :-P

Mogok Thar said...

စောင်းပြီး ရေးထားလို့ မြန်မာလို လာမန့်သွားဘီ။
ကောင်ကလေး အခန်းထဲမှာ ကောင်းကောင်းနေ။ ကတ်ကြေးတွေနဲ့ ရှိတာ လိုက် မဖြတ်နဲ့။
ညညတွေ မူးမူးပြီး အိမ်ပြန်မလာနဲ့။
အခန်းထဲ ဟိုဟို ဒီဒီ ဂဏာမငြိမ် မျက်စိမူးအောင် လျှောက်လျှောက် မသွားနဲ့။ ငြိမ်ငြိမ်နေ။

တလနွန် said...

သရဲ နှင့်တောင် ဘော်ဘော် ဖြစ်အောင် စည်းရုံးနိုင်တာ
အံ့ရောပဲ။

ခင်မင်ခြင်းနှင့်
တလနွန်

ကိုကိုသုန် said...

ကိုစိန်ရေ ရေစက်ရှိလို့ဆုံတာပါ။ သူနဲ့ မိတ်ဆွေတွေ ဖြစ်အောင်သာနေပါ သူငယ်ချင်းတွေ အိမ်တွေကိုလည်း သွားလည်ခိုင်းလိုက်ပေါ့။ ၁ လာယူသွားတဲ့ ကိုနေဒေးသစ် အိမ်ကိုသာ အရင်သွားခိုင်းလိုက်နော်။

လေးစားစွာဖြင့်
ကိုကိုသုန်

ခြေလှမ်းသစ် said...

ကိုဖိုးစိန်ရေ သရဲဆိုကြောက်ဖူးဗျ ကိုဖိုးစိန် နဲ့အတူ လာနေပေးမယ်နော်.... အဟိ....လာရင်တော့ ပုဆိုးတောင် ကျန်မှာ မဟုတ်ဘူး...ကြွးတာကြွးတာ

နွေးနေခြည် said...

ကိုယ်တိုင်လည်း အဲဒီဂိုထောင်ကို မစွဲလမ်းနဲ့ဦးနော်

Pyae Wut Hmone said...

ကျွန်မလည်း သရဲဆို ကြောက်ဘူး... မကြုံသေးလို့လဲ ဖြစ်မှာပေါ့... တွေးပြီးတော့ မကြောက်တတ်တာ... ကြောက်တတ်တဲ့သူတွေကိုတော့ လိုက်လိုက်စတယ်... ငိုအောင်ကိုစတာ... စလွန်းလို့ အမြဲအဆူခံရတယ်... ကြောက်တာတော့ ရှိတယ်... သရဲ မဟုတ်ဘူး... သူခိုး... ဟီးဟီး... သူခိုးကိုတွေ့ရင် ကြောက်ပြီးငြိမ်နေတာနဲ့ ရှိတာ အကုန်ပါသွားမှာ...

Mydiary said...

ရေစက် ရေစက်
တော်သေးတယ်နော်
မီးစက်မဟုတ်လို့

ကိုရင်နော်ခင်လေးငယ် said...

တူမောင်ရေ..
ဦးနော် လာဖတ်တယ်..
အဖော်ရတာပေါ့ကွာ..း)

mgnge said...

မည့်သည်စာမျိုးဖြစ်ဖြစ်...ဖတ်သူ ရဲ့.. ယူ တတ်မှု ခံယူ တတ်မှုပေါ်မှာမူတည်ပါတယ်...။

ဘယ်လောက်ပဲ ဗဟုသု တတွေရေးရေး... ဝေးနေသူ အတွက်တော့... မရောက်နိုင်သေးပါဘူး...။

Julian said...

အမအခန်းမှာလဲရှိတယ်
သူကတော့သဘောကောင်းသလိုဘဲ
အမလဲအဲလိုဘဲပြောထားတာ
ငါကကြောက်တတ်တယ် မစနဲ့ ကောင်းကောင်းနေ နေ့တိုင်းမေတ္တာပို့တာမရဘူးလားလို့မေးရတယ်
သူကအမတစ်ခုခုဖြစ်ခါနီး (အဆိုးပေါ့လေ) ဆို မီးတွေကိုမှိတ်ပစ်တတ်တယ် အဲဒါဆိုသတိထားနေတော့
ဘုရားသာများများရှိခိုးပေရော့ အဆိုးတွေလာပြီလို့
၃ ခေါက်တိတိကြုံပြီးချိန်မှာသိသာလို့သတိထားမိသွားတာ
သူမီးတွေမှိတ်ပစ် breaker တွေကိုတချောက်ချောက်နဲ့ဒေါင်းပြီဆို ကဲကဲ ငါသိပြီ ဘုရားရှိခိုးမယ် အဆိုးလာမယ်ဆိုရင်တောင်ငါဖြေရှင်းလို့မှာပါလို့ပြောရတယ်။

ဟဲဟဲ
ကြောက်တော့ကြောက်တယ် ဒါကြောင့်မေ့ထားတယ် မောင်ဖိုးစိန်ပြန်တင်တဲ့ပို့စ်ကိုဖတ်ပြီးရေးချင်လာလို့။

ဂျူ

မေဇင် said...

အာ...တကယ်ကြီးလား ဟင်..မကြောက်ပဲ နေရဲ တာကိုတော့ တကယ်ချီးကျုးပါတယ် ရှင်..။ နောင့် ဆိုရင် တော့ ရှိတယ်ပြောတာနဲ့ တင် တန်းနေအောင် ပြေးမှာပဲ... တစ်ခါ မှ မကြုံဖူးပဲ နဲ အသေကြောက်တယ် ..သရဲ ဆိုတာကို..။

ဂျစ်တူးလေး said...

ကိုကြီး...
ဒီပို့စ်လေးကို ပြန်တင်ပေးလို့ ကျေးဇူးပါ ...။
ညီမလေး ကတော့ ကိုကြီးစာတွေကို အမြဲအားပေး
နေတဲ့ ပရိတ်သတ်ပေါ့...ဗျာ ..။

သရဲတော့ မီးမီးကြောက်ကြောက်...

လေးစားချစ်ခင်စွာဖြင့်
ညီမငယ်ဂျစ်

ကြယ်ဖြူစင် said...

အောင်မယ်လေး.င့ါအကိုရယ်။အပေါင်းအသင်းက
တော့တော်ပါ့..သရဲကိုတောင်သူငယ်ချင်းဖြစ်အောင်
ပေါင်းနိုင်တယ်..ဒါပေမဲ့..မနေရဲဘူး..ကြောက်တယ်
ခင်တဲ့
ညီမလေး ကြယ်ဖြူစင်

မီးမီးချစ် said...

သရဲ ကဖိုးစိန် ကို ပြန်ကြောက်သွားလို့  ဖြစ်မယ်..
်သရဲ ကပြုံး ပြတော့ အစွယ် ကြီး ထွက် မလာ ဘူးလား..

Dream said...

တစ်တို့ပဲ တို့သွားတယ်..ငန်လို့....အဟီးးးး
ခမ်းကုန်ပြီး ခန်းကုန်ပြီ.... :P

တောင်ပေါ်သား said...

အင်း သူဘ၀က သနားစရာပါ တကယ်တော့ ကျနော်ဆိုလဲ နေဖြစ်မယ်ထင်တာပဲ တကယ်တမ်း ကျနော်တို့က သရဲကိုကြောက်နေတာ သရဲထက်ဆိုးတဲ့ လူတွေ တပုံကြီးမလား အမျှပေးနေမြဲ ပေးနေပါ အကိုရာ တနေ့နေ့ လွတ်ကျွတ်မှာပါ...

သုဒြေ္န said...

ဒီတခါ...သူ့ ကို..ဖရောင်းတိုင်လေး...ထွန်းပြီး...တိုးတိုးလေး.....ပြောလိုက်....ကျနော့ ကိုခင်၇င်..........တခုခုထင်ရှားအောင်ပြပါလို့ .....ပုံဆိုးဆိုးကြီတော့ ......မလုပ်ပါနဲ့ ဗျာပေါ့ ......တွေ့ ပြီဆိုရင်...အကူညီတခု......တောင်းချင်တယ်လို့ ပြော.......ကျနော်ခေါင်းကိုက်တာ..ပျောက်အောင်နှိပ်ပေးပါလို့ လေ....ညီလေးကို....ချစ်တဲ့ကိုကြီး.....သုဒြေ္န

ဝသန်မိုး said...

သရဲ နဲ့ တွေ့ တာ များ
အပေါ် နေ ရင် နိုင်မလား
အောက်က နေရင် ပိုင်မလား
ဘော်ဒီ ရိုက်ရင် ခိုင်မလား
ဖိုးကပ်စ် ဆွဲရင် လှိုင်မလား
မေးလိုက်ပီးရော
(ဘောလုံး ၀ါသနာ အိုးများသိမည်ထင်ပါသည်)

kaungkinpyar said...

တို့ အသက်ကြီးပေမဲ့ အသည်းငယ်တယ် စိန်:)

ကိုလူထွေး said...

ဂိုထောင်သရဲ
အဆောင်သရဲ
လမ်းသရဲ
ဘလော့သရဲ...


ဘယ်ဟာမှ မကောင်းဘူး

းဝ)

ခေးကို said...

သနားစရာပဲနော်

chitpalone said...

ဘယ်အိမ်သွားသွား ကိုနေဒေးက တစ်မယ်ဆိုတာကြီးပဲ။ သမီးတော့ ဘိတ်နေရာယူပီးပဲ ပြန်မယ်ဗျာ။ တော်တော်ကို အံ့သြစရာနော် ကိုဖိုးစိန် သမီးတော့ အံ့သြတယ်။ ကိုဖိုးစိန်ရေးထားတာကလေ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်းကို မြင်မိတယ်။သိလား။ တကယ့်ရုပ်ရှင်ကျနေတာပဲ။ အခုရောသူရှိသေးလားဟင်။ ကိုဖိုးစိန်နဲ့တော်တော်ခင်နေပီပေါ့နော်။ တခါလောက်ကြုံဖူးချင်လိုက်တာ။ အဟိ။ ပျော်ရွှင်ပါစေ။.
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

မိုးခါး said...

သတ္တိကောင်းတယ်း))

အိမ် said...

အင်... ငင် ... အဖြစ်ချင်းလာတူနေပြီဆရာ ကျနော်လဲ ဓာတ်ပုံရိုက်တာ အရိပ်ပေါ်လာလို့ဗျာ
ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ အလုပ်ကလဲ ကောင်းတော့ မပြောင်းချင်ဘူးဗျ။ ဟီး အကြံဥဏ်တွေ ယူသွားတယ်။

hninzaw said...

မဖတ်ရသေးတာတွေ များနေလို့ အကုန်လာဖတ်သွားပါတယ် ... ဒီတစ်ပုဒ်ကိုတော့ တမူထူးခြားခံစားရလို့ ..... ခင်မင်စရာကောင်းတဲ့ တကယ့်မိတ်ဆွေကောင်းနဲ့ အတူနေနေရတာ ပျော်ရွှင်စရာပဲနော် ..... ကြုံဖူးချင်တယ်ဗျာ :)

JulyDream said...

ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်ခဲ့တာပေါ့။

သားသားဖိုးစိန် တွေ့တာက အထီးကြီး...
ကျနော် တွေ့တာက ဆံပင်ရှည်ရှည်ကြီးနဲ့ တောင့်တောင့်ဖြောင်ဖြောင့်... မမလေး

ကြောက်စိတ်ဆိုတာ ဘယ်နားမှာ ရှာရမှန်းတောင် မသိလိုက်ဘူး။ လှတာမြင်ပြီး ကြောက်ရမှာ မေ့သွားလို့ဗျ။