Tuesday, 29 December 2009

သတိရစရာတွေထဲက

ဘာလိုလိုနဲ့ စကာင်္ပူမှာ သောင်တင်နေတာ သုံးပတ်ကျော်သွားပြီး… စကာင်္ပူကို ကျနော် ချစ်ပါတယ်… စကာင်္ပူထက် စင်္ကာပူက စုစည်းလှတဲ့ ညီအကိုမောင်နှမတွေကို ကျနော်ပိုချစ်ပါတယ်… ကျနော်ရောက်ဖြစ်နေတာ စစ်တီးဟောဆိုပေမယ့် ကျနော်ကိုယ်တိုင် ဘယ်မှ မသွားချင်ပါဘူး…. ဘယ်မှ သွားချင်စိတ်လဲ လုံးဝ မရှိဘူး… ညနေတိုင်း ဒီမောင်နှမတွေကို စစ်တီးဟောမှာ တွေ့နေရရင်ကိုတောင် ကျေနပ်နေတတ်သူပါ… ရုံးဆင်းလို့ မောမောနဲ့ လာတဲ့ သူတို့တွေရဲ့ အပြုံးတစ်ခုကို မြင်တာနဲ့တင်ပြည့်စုံပါတယ်…

အားလုံး အလုပ်ထဲရောက်နေချိန်မှာလည်း ကျနော်က ဂျီတော့ကနေ တစ်ယောက်တည်း ပျင်းတယ်ဆိုတဲ့ စကားတွေနဲ့ ချွဲရင် အားလုံးက ဖုန်းတွေ လှမ်းဆက်… မက်ဆေ့တွေ ပြန်ပို့နဲ့ ကျနော့် တစ်ယောက်တည်းနဲ့ အလုပ်ကို မအားကြပါဘူး… ညနေစောင်းရင်စစ်တီးဟောမှာ လူစုရတာကလည်း ပျော်စရာပါ… ဘယ်သူလာမယ်… ဘယ်သူမလာဘူး… ဘယ်မှာစောင့် ဆိုတာတွေနဲ့ ညံစည်လို့နေတယ်…

ဒီလိုနဲ့ သုံးပတ်ကျော်လာတော့ စကာင်္ပူက ဖိုးစိန်ကို ချစ်ပါတယ် ဆိုတဲ့သူတွေ ခုချိန်ဖိုးစိန်ကို မြင်ရင် လှမ်းလှမ်းမေးကြတယ်… ”ကိုဖိုးစိန်ဘယ်တော့ပြန်မှာလဲ”တဲ့… ပြန်မဲ့ရက်ကိုပြောရင် သူတို့က တအံ့တသြနဲ့ “ဟယ်… အဲဒီရက်လား မသိပါဘူး… အဲဒီထက် စောပြန်မယ် ထင်ထားလို့”… “ဟင်… အကြာကြီးနော်… အဲလောက်ကြာမယ် မထင်ဘူး” ဆိုတဲ့ လေသံတွေ ကပ်ပါလာပါတယ်…

ခုရက်ပိုင်း ဖိုးစိန်က နောက်တပတ်ထပ်တိုးနေမယ်ဆိုတဲ့ သတင်းလဲ ရရော..

ဘာ……………” ဆိုတဲ့ အသံရှည်ရှည်တွေ

“ဟယ်…. တကယ်လား… တကယ်ဆိုရင် ငါတို့တော့ တေပီ” ဆိုတဲ့ စိတ်အားငယ်သံတွေ..

“ဘုရား… ဘုရား… သူသာဆက်နေရင် အားလုံး အလုပ်ပြုတ်ပြီး မြန်မာပြည် ပြန်ရတော့မယ်” ဆိုတဲ့ အားပေးစကားတွေ ကို တပြိုင်နက်ထဲ ကြားရပါတယ်…

ဘာဖြစ်ဖြစ် သူတို့ ရင်တွေထဲမှာ ဖိုးစိန်အတွက် ဘာရှိနေလဲ ဆိုတာ မပြောပဲနဲ့ ဖိုးစိန်သိနေပါတယ်…။ အဲဒီအတွက် ကျေနပ်ပီတိဖြစ်သလို ဝမ်းနည်းခြင်းကိုလဲ တပြိုင်နက်ခံစားရတယ်။

ကျနော်စဉ်းစားမိတယ်… ခုလို ဒီညီအကိုတွေ ပေါင်းလို့ရတယ်… စုလို့ရတယ်… ဘာကြောင့်လဲ… အဖြေက တစ်ခုတည်းပဲ… တစ်ဦးကို တစ်ဦး အကျိုးအမြတ် မကြည့်ပဲ စာနာ နားလည်ပေးတတ်လို့… အနစ်နာခံတတ်လို့ပါပဲ…

လူဆိုတာ အသိုင်းအဝန်းနဲ့ပါ… ငယ်ငယ်ကျောင်းသားဘဝကတည်းက ခင်ရာမင်ရာစု အကျင့်တူ ဝါသနာတူတဲ့သူတွေ စုရင်း သူငယ်ချင်းအပေါင်းအသင်း တွေဖြစ်လာကြ အချစ်ဆုံး အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်လာကြတယ်လေ… တက္ကသိုလ်တက်တော့လဲ ဒီလိုပါပဲ… အကျင့်တူ ဝါသနာတူတဲ့သူတွေ စုစည်းရင်း မိတ်ဆွေသူငယ်ချင်းကောင်းတွေ ရခဲ့ကြတယ်… ခုလဲ ဒီလိုပါပဲ… ဘဝ အချိုးအကွေ့တစ်ခုမှာ ဘလော့စာမျက်နှာပေါ်ကနေ တဆင့် နားလည်ပေးတတ်တဲ့ ဘဝတူတွေအချင်းချင်း ပေါင်းမိ သူငယ်ချင်းမိတ်ဆွေ ဖြစ်ခဲ့ကြရတာပဲ…

စကာင်္ပူက ဘလော့ဂါတွေက စာမရေးကြဘူး… ဟိုစုဒီစု… အပျော်အပါးလုပ်ဖို့လောက်နဲ့ သွားဖို့ လောက်ပဲ သိတယ်… ဘလော့သိက္ခာကျတယ်လို့ဆိုကြတယ်…

တခြားလူတွေ အမြင်ကတ်မယ်… ပြောမယ်ဆိုရင်လဲ ပြောချင်စရာပါ… တွေ့လိုက်တိုင်း ရထားတန်းကြီးလို ဘယ်သွားသွား တန်းစီပြီး တသီတတန်းကြီး… စနောက် အော်ဟစ်သံတွေနဲ့ လမ်းလုံးပြည့်… “ဟိုလူ့ကိုစောင့်ပါအုံး… ဟိုလူမပါသေးဘူး… ဟိုလူက ရောက်ခါနီးပြီး… ဟိုလူကိုပါအောင်ခေါ်” ဆိုတဲ့ စေတနာတွေနဲ့ တစ်ယောက်ကို တစ်ယောက် ရင်ထဲက ဖေးမ စကားသံတွေကို အမြဲကြားနေရမှာပါ…
ဒီလူတွေ အားလုံးက ရင်ထဲမှာ ခံစားနေရတာကို ဘလော့ပေါ်မှာ ထွက်ပေါက်တစ်ခုအဖြစ် ထားသူများတယ်(ကျနော်အပါအဝင်ပေါ့) လို့ထင်တယ်… သူများနိုင်ငံမှာ နေပြီး အလုပ်ကို မိုးလင်းမိုးချုပ် သွားချင်လဲ သွား မသွားချင်လဲသွား နေရတဲ့ ဘဝမှာ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ဒီလိုတွေ့ဆုံပွဲတွေနဲ့ စိတ်အပန်းဖြေတာ မှားနေသလား… ဘယ်သူ့ကိုထိခိုက်နေလဲ… ဒီလိုစုစုစည်းစည်းဖြစ်နေတာ အားကျစရာ မကောင်းဘူးလား… ဘလော့သိက္ခာနဲ့ ဘာများပတ်သက်နေသလဲ… စဉ်းစားစရာပါ…

တစ်ခုတော့ရှိတယ်… ဒီလိုပြောနေတဲ့သူတွေလဲ ဒီညီအကို မောင်နှမ တွေနဲ့တွေ့ရင် အားလုံးရယ်မော ပျော်ရွင် ခင်မင်သွားမှာ… စာနာနားလည်ပေးသွားနိုင်မယ် ဆိုတာတော့ အာမခံပါတယ်… ဘယ်နေရာမှာ အရောင်တွေ ဘယ်လောက်ဆိုးဆိုး… တဒင်္ဂတွေ့ဆုံချိန်မှာ အားလုံးက အဖြူရောင်တွေပါ… တခြားလူတွေ အတွက်တော့ မသိဘူး… တစ်ယောက်တည်းနေလာတာကြာတဲ့ ကျနော့် အတွက်တော့ သူတို့အားလုံးက ကျနော့်ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မိသားစုလိုပါပဲ… အပြန်အလှန် ညီအကို မောင်နှမတွေလို နွေးထွေးမှုတွေ နားလည်မှုတွေအများကြီးရပါတယ်… အဲဒီအတွက် ခုလာခဲ့ရတဲ့ ခရီးကို ကျေနပ်သလို ကျနော်နဲ့ ရှိနေခဲ့တဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်…

ခုနေတဲ့ သုံးပတ်အတွင်းမှာ ရင်ထဲမှာ ကျန်နေမယ့် အပျော်တွေနဲ့ အတူ သတိရစရာ လွမ်းစရာ အမှတ်တရတွေက အများကြီး… ရေးစရာတွေကမှ အများကြီး…

စရောက်ကတည်းက အစည်းအဝေး အကြောင်းပြ… အလှူ အကြောင်းပြပြီး စုခဲ့ကြတာတွေ… အလှူမှာ ပီတိဖြစ်ခဲ့တာတွေ… EAST COAST မှာ မိုးထဲလေထဲ အမှုမထားပဲ ကျွေးမွေးမယ့် ဒကာတွေကိုစောင့်ပြီး နှစ်ရက်တိတိ ဘုန်းဘုန်းဘဝနဲ့ နေပြီး ဒုက္ခခံ လူစုံတက်စုံ ပျော်ခဲ့ကြတာတွေ… Reply to all မေးလ်ထဲမှာ တစ်ယောက်တစ်ပေါက် စနောက်ရင်း မေးလ် တစ်ထောင်ကျော်လို့ ဆက်ပြောမရခဲ့ကြတာတွေ… ဒီအကြောင်းကို စာပြန်ရေးပါလို့ ပြောကြလို့ စာရေးဖို့ ကွန်ပြူတာဖွင့်ပြီး စဉ်းစားလိုက်ရင် ပထမဆုံး ပျော်ခဲ့တာတွေ စဉ်းစားရင်း ငါပြန်ရင်လွမ်းနေရဦးမယ် ဆိုတာကို စဉ်းစားမိလိုက်တော့ မျက်ရည်က စို့လာတယ်… ဘယ်လိုမှ စာရေးလို့မရတော့ဘူး… ရေးမယ့် စကားလုံးတိုင်းမှာ ဒီညီအကို ဒီညီအမတွေရဲ့အကြောင်းလေ… ဒီညီအကို မောင်နှမတွေကို မခွဲနိုင်ဘူး…

ဘဝဆိုတာ ပျော်ရာမှာ မနေ တော်ရာမှာ နေရမယ်ဆိုတော့လဲ ဘဝအကျိုးပေးမကောင်းခဲ့တဲ့ ကံကြမ္မာကို ရင်နာမိပြန်တယ်… တနေ့တော့ ပြန်ရဦးမှာပါ… ပြီးရင် တနေ့တော့ ပြန်ဆုံဦးမှာပါ… ခုလိုကြိုရေးမထားချင်ဘူး… တကယ်တော့ ရေးဖို့ တာစူလိုက်တာက အလှူပြီးလို့ ပျော်ပွဲစားထွက်ခဲ့ကြတဲ့ ပျော်စရာကောင်းတဲ့ ညအကြောင်း… ခုတော့ ရေးနေရင်းနဲ့ ဝမ်းနည်းလာလို့ စိတ်ထဲရှိတာပဲ ချရေးလိုက်တယ်…

ဘာဖြစ်ဖြစ် အားလုံး လူစုံ တက်စုံနဲ့ အမှတ်တရ ရှိခဲ့တဲ့ ဒီဇင်ဘာ(၂၅) အလှူနဲ့ EAST COAT မှာတဲထိုးပြီး တရားစခန်းဖွင့်ပြီး နှစ်ညတိုင်တိုင် ပျော်ခဲ့ကြတဲ့အကြောင်းကိုတော့ စာရေးမှာပါ… ခုတော့ ဖိုးစိန်ကိုခွင့်လွှတ်ပါ… ကျနော် အားလုံးကို ချစ်ခင်လေးစားပါတယ်…။ ကျနော့်ကိုလဲ ချစ်ကြမယ်လို့ ယုံကြည်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မျောက်မျောက်

ဘုန်းဘုန်း



ပိုစ့်အသစ်

ပိုစ့်အသစ်

တင်ထားပါသည်။




ကျေးဇူးတင်ပါသည်။

လာဖတ်ကြသော စာဖတ်သူများအား ကျေးဇူးတင်ပါသည်။

ဆဲဆို ကြိမ်းမောင်းပြီး မပြန်ကြပါနဲ့။

စိတ်ထားကောင်းမှ ကံကောင်းမည်။

ဒေါသ မောဟ မစ္ဆယစိတ် ကင်းဝေးကြပါစေ။

အလှူအတန်းများများ ပြုနိုင်ကြပါစေ။

ဆုတောင်းမေတ္တာဝေသည်။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

ခုလိုရှည်လျားတဲ့ပိုစ့်ကို ဖတ်ပေးလို့ လဲ ကျေးဇူးတင်ပါတယ်။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Sunday, 27 December 2009

အလှူ

မြန်မာ ဘလောဂါမောင်နှမများ နှင့် စာဖတ်သူများ စုပေါင်းလှူဒါန်းခဲ့သောဘုရားဆင်းတုတော်




(၂၅.၁၂.၂၀၀၉)အလှူ တစ်ခု အောင်မြင်ပျော်ရွှင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။ အားလုံး သာဓု ခေါ်ဆို နိုင်ကြပါစေ။ နောင်နှစ်တွေမှာလဲ ယခုကဲ့သို့ အလှူအတန်းများ စုပေါင်းပြုနိုင်ကြပါစေလို့.... ဆုတောင်းရင်း.....။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်





Wednesday, 23 December 2009

ဒီဇင်ဘာ (၂၅) စုပေါင်း အလှူမင်္ဂလာ အစီအစဉ်


အလှူ

ကျနော်၊ကျမ တို့ စုပေါင်းအလှူမင်္ဂလာ တွင် ကျနော်၊ကျမတို့ ဘလော့ဂါ မောင်နှမများ၊ စာဖတ်သူများ နှင့် အလှူရှင်များ ပါဝင် လှူဒါန်းကြသည်မှာ စကာင်္ပူဒေါ်လာ (၁၇၀၀)နီးပါးခန့် ရရှိထားပြီး ဖြစ်ပါသည်။ ခန့်မှန်းပမာဏထက် အလှူငွေများ ပိုမိုရရှိတဲ့အတွက် ကျနော်တို့အားလုံး ပျော်မဆုံး တပြုံးပြုံးဖြစ်ရပါသည်။ ဆက်လက်လှူဒါန်းလိုသူများ အကြောင်းကြား ဆက်သွယ် လှူဒါန်းနိုင်အောင် ကြာသာပတေးနေ့ ညနေ (၂၄.၁၂.၂၀၀၉)ထိ လက်ခံသွားမှာဖြစ်ပါသည်။


ရရှိလာသော အလှူငွေများထဲမှ ဘုန်းကြီးကျောင်းအတွင်းထားရန် ဘုရားတစ်ဆူ တွင် အလှူငွေ ထည့်ဝင်ထားပါတယ်။ အလှူနေ့တွင် ဘုရား အနေကဇာတင်မှာ ဖြစ်ပြီး ဘုရားရှင်အား ရည်မှန်း၍သင်္ကန်း၊ ထီး၊ဖိနပ် နှင့် အနေကထိုင် တစ်စုံကို ဆက်ကပ်လှူဒါန်းမှာ ဖြစ်တဲ့အတွက် ဘုရား ဒါယိကာ၊ ဒါယိကာမ များအဖြစ် ခံယူနိုင်မှာ ဖြစ်ပါသည်။


ထိုပြင် ကျောင်းနေဘုန်းတော်ကြီးများကို လက်ခံရရှိထားသော ဝတ္ထုငွေသားများ ဆက်ကပ်လှူဒါန်းမှာ ဖြစ်ပါသည်။


အစီအစဉ်


မနက်(၉) နာရီ တိတိ တွင် အလှူငွေများဖြင့် စုပေါင်းလှူဒါန်းမည့် ဘုရားအား အနေကဇာ တင်ပါမည်။


မနက်(၁၀း၃၀) နာရီ တွင် လှူဒါန်းထားသော ဗုဒ္ဒဆင်းထုတော်အားရည်စူးပြီး သင်္ကန်း ၊ ထီး ၊ ဖိနပ် နှင့် အနေကထိုင် ကိုကပ်လှူ ပူဇော်ပြီး ကျောင်းနေ ဘုန်းကြီး (၆)ပါးကို ဝတ္ထုငွေ ဆက်ကပ် လှူဒါန်းမှာ ဖြစ်ပါသည်။


ထိုနောက်ပရိတ်တရားတော် နာယူပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်ချ အမျှဝေ ပါမည်။

တရားနာပြီးလျှင် ဘုန်းကြီး(၆)ပါးကို မောင်နှမများကိုယ်တိုင် ချက်ပြုတ်ထားသော ဆွမ်းထမင်း၊ ဆွမ်းဟင်းများ ဆက်ကပ်လှူဒါန်းမှာ ဖြစ်ပါသည်။


မနက်(၁၁း၀၀)နာရီမှ မွန်းလွဲ (၁း၃၀)နာရထိ တရားနာကြွလာသူများနှင့် ဧည့်သည်တော်များကို ထောပတ်ထမင်းနှင့် ကြက်သားဟင်း ဖြင့် ဧည့်ခံကျွေးမွေးသွားမှာ ဖြစ်ပါသည်။


စကာင်္ပူနိုင်ငံတွင် ရှိကြသော ဘလောဂါများ၊ စာဖတ်သူများ၊ အလှူရှင်များ မည်သူမဆို အလှူသို့ တရားနာကြွရောက်ဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည် ခင်ဗျာ...။



အလှူကျင်းပမည့်နေရာ - NO.2, Jalan Kerayong,Sembawang Straits Estate, Singapore 759300.
Sembawang MRT ရောက်ရင် ဘတ်စ်ကား (882) ကို (၇)မှတ်တိုင် စီးပြီး (၁၀၀)မီတာလောက်လမ်း ပြန်
လျှောက်လျှင် Jalan Kerayong ကိုမြင်ရမှာဖြစ်ပါသည် ခင်ဗျား။


ဖုန်းဖြင့် ဆက်သွယ်မေးမြန်လိုပါက ၈၁၁၈၉၁၆၀ (ကိုမိုးကုတ်သား) ၊၉၀၆၂၃၂၃၉ (ဖိုးစိန်)၉၆၆၉၂၉၄၆ (မက်မက်)



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Tuesday, 22 December 2009

ရာဇဝင်နှင့် တပတ်ရစ်ဆိုင်

ဒိုဗာ မြို့ နယ် တစ်ပိုင်မှာ ဦးမောင်ဟန် ဆိုရင် မသိ သူမရှိသလောက်ရှားတယ်

ဦးမောင်ဟန်က “မိုးကုတ်သား”ဆိုတဲ့နာမည်နဲ့ အဟောင်းဆိုင်ကို ဒိုဗာ မီးပွိုင့် နားမှာဖွင့်ထားတယ်… ဦးမောင်ဟန် ဆိုင် မှာ မီးဖိုဆောင်သုံးပစ္စည်းကအစ ပရိဘောဂ အပါအဝင် တီဗွီ ကက်ဆက် ရေခဲသေတ္တာ စတဲ့ စက်ပစ္စည်းတွေ အဆုံး ရှိတယ်… အသစ်မဝယ်နိုင်သူများ အဟောင်းကြိုက်သူများ အတွက် လိုတရ ဆိုင်လေးပေါ့…. အရင်က ဆိုင်ကြော်ငြာကို ဖရီးဝက်ဆိုဒ် တစ်ခုမှာ ကြော်ငြာပေမယ့် ဒီဇိုင်နာယောင်ယောင် အရက်သမားယောင်ယောင် ပွဲစား မောင်ဆောင်း ဆိုသူ မြှောက်ပေးချက် အရ ကိုယ်ပိုင် ဒေါ့ကွန်း ဝက်ဆိုဒ်တစ်ခု ဝယ်ခဲ့သူ… လူသိများလာတော့ ဦးမောင်ဟန် တစ်ယောက် မာန်တွေ တက်ပြီး နေ့မအား ညမနား ကြိုးစားသူ… အကယ်၍များ ဆိုင် ပေါ်မှာမရှိရင်တောင် မှ လိုချင်တဲ့ တစ်ပတ်ရစ် ပစ္စည်းကို ဦးမောင်ဟန်ဆီမှာသာ မှာထား မရဘူးဆို တာမရှိစေရဘူး…

ဒါကြောင့်ဦးမောင်ဟန်က ဒိုဗာ တစ်ပိုင်မှာ တစ်ပတ်ရစ် မောင်ဟန်ဆို ပြီးနာမည်ကြီးတယ်….ကိုယ်တိုင်ကလည်း တစ်ပတ်ရစ် ပစ္စည်းတွေ စုတာ သုံးတာ ဝါသနာ ကြီးတယ်… အဲဒီအလုပ်နဲ့လဲ အကျိုးပေးတယ်….သူပြောတာက

”အသစ်ဆိုတာ အဟောင်းလောက် မကောင်းဘူး အခုအသစ်ထွက်တာတွေဘဲကြည့် ဘယ်မှာကြာကြာခံလဲ …လက်ဟောင်းကမှ ကြာလေ ကောင်းလေ ”
ဆိုတာမျိုး…..

”အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းကမှရှယ်”ဆိုတာမျိုး အမြဲကြားရတတ်တယ်။

ဦးမောင်ဟန်မှာ မောင်ရာတမေ ဆိုတဲ့သားတစ်ယောက်ရှိတယ်… ရုပ်ရည်ပြေပြေပျစ်ပျစ် အရပ်ထောင်ထောင် မောင်းမောင်း ဗလကောင်းကောင်းနဲ့ ခေတ်ပညာတတ်ပေါ့… မဟုတ်မမှန် ပြဇာတ်တွေ ရေးတယ်… လုပ်ကြံဇာတ်ထုတ်တွေ ရေးတယ်… ဒါကြောင့် စလေ ရေတမာ မောင်မောင်တုတ် ဆိုပြီး နာမည်ကြီးတယ်… သဘောင်္တွေ ပြင်ဆင်တဲ့ရုံး တစ်ရုံးမှာ စာရေး အလုပ်လုပ်နေတယ်… အမှန်တော့ အီယောင်ဝါး... မယ်မယ်ရရ မရှိတဲ့ စာရေးသေးသေးအလုပ်...

မောင်ရာတမေက မေသူ ဆိုတဲ့ကောင်မလေးနဲ့  သမီးရည်းစားဖြစ်နေတယ်..

မေသူတို့ က အမေတစ်ခု သမီးတစ်ခု … အမေ လုပ်သူ ဒေါ်ပြာက city hall မှာ ရွှေဆိုင် သေးသေးလေး ဖွင့်ပြီး ရွှေပေါင်လက်ခံသူ.. အရင်ကတော့ ကွမ်းယာကြိုက်လို့ ကွမ်းယာ ရောင်းစားခဲ့ပေမယ့် ဒေါ်ပြာရဲ့ ချွေတာ စုဆောင်းမှုကြောင့် ရွှေဆိုင်လေး တစ်ခုဖြစ်လာပြီး သားအမိ နှစ်ယောက်အတွက်တော့ဖူလုံခဲ့တယ်..

မေသူမှာ သမိုင်းကြောင်းလေးတော့ရှိတယ်…(၁၀)တန်းပထမနှစ်မှာ စာမေးပွဲကျပြီး အမေကို ကြောက်လို့ ငချမ်းကောင်နဲ့ လိုက်ပြေးဖို့ ကြိုးစားခဲ့သေးတယ်... ပွဲစားမောင်ဆောင်း ရဲ့ ကြိုတင်သတင်း ရောင်းစားမှုကြောင့်နှစ်ဖက် မိဘတွေက ငယ်သေးတယ်ဆိုပြီး အချိန်မှီ ထိန်းသိမ်းခဲ့တယ်…

အခုတော့မေသူက ကျောင်းပြီးလို့ ဓာတု စက်ရုံတစ်ရုံမှာ အကောက် အစစ်စတန့် ဝင်လုပ်တယ်..

မောင်ရာတမေ နဲ့  မေသူက MRT စီးရင်းစတွေ့ တာဘဲ…

မေသူက မောင် ရာတမေရဲ့ အားကိုးချင်လောက်တဲ့ ဗလနဲ့ စတိုင်ကို မြင်ပြီး မြင်မြင်ချင်း ချစ်သွားတယ်… ချစ်တော့ အရင်က ရူးမိုက်ခဲ့ ဖူးတဲ့ အကြောင်းတွေကို ပြောပြတယ်… မောင်ရာတမေက ဗလကောင်းသူ ပီပီး သမာဓိအား ကောင်းတော့ အားလုံးကို ခွင့်လွှတ်ပြီး လက်ခံတယ်… ပြီးတော့ မေသူကို လက်ထပ်ခွင့်တောင်းတယ်…

မေသူက အမေဖြစ်သူ ဒေါ်ပြာကို ပြောပြတယ်… ပြီးတော့ မောင်ရာတမေ အဖေ အကြောင်းစုံသိခဲ့ရင် သဘောမတူမှာကိုစိုးရိမ်တယ်…

မေသူက ”မာမီရယ် ကိုရာတမေ အဖေ က ဒီအပိုင်မှာ နာမည်ကြီး လူကြီးလူကောင်းဆိုတော့ သမီးအကြောင်းကို သိ သွားရင် သူ က ရှက်ပြီးသူ့သားလူပျို ဗလကောင်းကောင်း နဲ့ဘောတူမှာ မဟုတ်ဘူးနော် ..သမီးကြောက်တယ် မာမီ… ဗလမြင်ကတည်းက ချစ်သွားတဲ့ သမီး ကိုရာတမေနဲ့ ခွဲရမှာ ကြောက်တယ် မာမီ”

ဒေါ်ပြာကတော့ ကွမ်းလေးတမြုံမြုံနဲ့ ”မပူနဲ့  သမီး….အဆင်ပြေမှာပါ ..
သြော်…..ဒါနဲ့ သူအဖေ မောင်ဟန် ဖွင့်ထားတဲ့ဆိုင်က”

”မာမီကလည်း သိရဲ့ သားနဲ့  တစ်ပတ်ရစ် အဟောင်းဆိုင်လေ…အဲဒါနဲ့  ဘာဆိုင်လို့ လဲ အမေရယ်”

သမီးမေးတဲ့မေးခွန်းကို အမေလုပ်သူက သမီးကြေနပ်အောင်ဖြေလိုက်တာက

”ဆိုင်တာပေါ့ အေ.. မာမီက မောင်ဟန့် ဇာတ်ကြောင်းကို က ကနေ အ အထိ သိပါ့အေ…. မာမီ မင့်အဖေ မောင်ရဲ နဲ့ ယူလိုက်လို့ သူအသဲကွဲဖူးပါသေးတယ်အေ... အဲဒီ မောင်ဟန် က ပစ္စည်းဆိုရင် တစ်ပတ်ရစ်တို့ အဟောင်းတို့ သိပ်ကြိုက်တာ... သူယူထားတဲ့မိန်းမကိုပဲကြည့် … အဲဒီရာတမေဆိုတဲ့ ဗလတောင့်တောင့် ကောင်က သူ့မိန်းမ ဆီက ပါလာတဲ့ တစ်ပတ်ရစ် ကလေးပါအေ… မာမီ့ သမီးစိတ်မပူပါနဲ့… အဆင်ပြေမှာပါအေ… ထွီး”


ကွမ်းထွေးပြီး ပြောလိုက်တဲ့ ဒေါ်ပြာ့စကားကြောင့် အားတက်သွားတဲ့ သမီးမေသူ လက်လေးနှစ်ဖက်ကို ကိုင်ယမ်းပြီး ဗလတောင့်တောင့် မောင်ရာတမေနဲ့ စိတ်ကူးထဲ တဝဲလည်လည်… ပြုံးလို့… ပျော်လို့….

ချစ်၍ဖဲ့သည်

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Sunday, 20 December 2009

စုပေါင်းအလှူ တစ်ခု


အားလုံးပဲ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြပါစေ ခင်ဗျာ...။

ဒီဘဝမှာ တွေ့ကျ ဆုံကျ ရတာဟာ အရင်ဘဝတုန်းက ရေစက်လို့ ပြောကြတယ်။ အရင်ဘဝတုန်းက ဘယ်လို ရေစက်တွေ ဆုံခဲ့ အလှူတွေလုပ်ခဲ့ကြလည်းတော့ ကျနော် သေချာမသိပေမယ့် ယခုဘဝမှာ အိပ်မက် တစ်ခုလိုတောင် မမက်ခဲ့ဘူးတဲ့ ဒီညီအကို မောင်နှမတွေနဲ့ ခင်မင်ခွင့်ရတာ အရမ်းကို ပျော်ရွင်ကျေနပ်ဖြစ်မိပါတယ်။ စကာင်္ပူ ကိုရောက်နေတဲ့ တစ်ပတ်လုံးလုံး နွေးထွေးမှုတွေနဲ့ ကြင်နာစွာ ဆီးကြို ကြတဲ့ ညီအကို မောင်နှမတွေကို ကျေးဇူးတင်ပါတယ်။ ကျနော် အရမ်းကို ပျော်ရပါတယ်။

အခုလဲ ကျနော်စိတ်ထဲမှာ စကာင်္ပူ ရောက်တုန်း လုပ်ချင်နေခဲ့တဲ့ စုပေါင်းအလှူတစ်ခုကို လုပ်ခွင့်ရပြန်ပြီး။ နောက်ဘဝအတွက် ရေစက် တစ်ခု ထပ်ဆုံခွင့် ရကြဦးမယ်။ ဒီအလှူကို ဖြစ်မြောက်ဖို့ တစ်တပ်တစ်အား အားတက်တရော ရှိကြတဲ့ ဘလော့ ညီအကို မောင်နှမတွေ ကို မြင်တော့ အရမ်းကို ကျေနပ်ရပြန်တယ်။ ပထမ အလှူလုပ်မယ် ဆိုတုန်းက မျှော်မှန်းထားတဲ့ ငွေပမာဏ က သိပ်မများပေမယ့် အခုချိန်မှာ မျှော်မှန်းထားတာထက် အလှူငွေတွေ ကောက်ခံရရှိလို့ ဘလော့ဂါ ညီအကို မောင်နှမတွေ ပျော်ရွင်ကျေနပ် ပီတိဖြစ်ရတယ်။ အလှူတစ်ခု စုပေါင်းလုပ်နိုင်တဲ့ အတွက် ပျော်ရွင်ကြရတာကို တွေ့ရတာ ကျနော့်အတွက်လည်း အတိုင်းမသိတဲ့ ပျော်ရွှင်မှုတစ်ခုပါ။

ခရစ်စမတ်နေ့မှာ ဘလော့ဂါ ညီအကို မောင်နှမများ စာဖတ်သူများ အသိမိတ်ဆွေများ နဲ့ ချွေးနည်းစာများနဲ့ ဆွမ်းဆပ်ကပ် လှူဒါန်းကြမယ့် အလှူကို မည်သူမဆို တရားနာ ရေစက်ချ လာရောက်နိုင်ပြီး ကျနော့်တို့နဲ့ အတူ အလှူပီတိ ကိုယူဖို့ ဖိတ်ခေါ်ပါတယ်။ အလှူကိုလာဖို့ အလှူငွေ ထည့်ဝင်ခြင်း မထည့်ခြင်း နှင့် မဆိုင်ပါ။ အလှူကို လာရောက် ကုသိုလ်ယူ တရားနာ နိုင်ပြီး ကျနော်တို့ နဲ့ အလှူပီတိ ခံစားဖို့ အတွက် အဓိက ကျပါတယ်။ မည်သူမဆို လာရောက် နိုင်ကြောင်း ဖိတ်ကြားလိုက်ပါတယ် ခင်ဗျာ...။
ခရစ္စမတ်ည အထူးအစီအစဉ်



အလှူပွဲ ပြီးသွားလို့ မလာလိုက်ရသူများ စိတ်မပျက်ကြပါနဲ့။ ဒီဘဝမှာ ကျနော့် အဖေအမေမတော်လိုက်တဲ့ ဇာတ်ဆရာကိုမောင်ဟန်နဲ့ မေပြာတို့ ထောင်ထားတဲ့ ဇာတ်မှာ ကျနော် မင်းသားလေး ဖိုးစိန် ကိုယ်တိုင် ရှေ့ဂျွမ်းတွေ ၊နောက်ဂျွမ်းတွေ ၊အပေါ်ဂျွမ်းတွေ ၊အောက်ဂျွမ်းတွေ ထိုးပြီး ခရစ်စမတ် ည တစ်ညလုံး မျက်စိ နောက်လောက်အောင် ကပြ ဖျော်ဖြေ အသုံးတော်ခံ မှာဖြစ်ပါတယ်။ ဖိုးစိန်နဲ့ အတူ ကပြ ဖျော်ဖြေ အသုံးတော်ခံ ကြမယ့် ဘလော့ဂါ မင်းသမီးချောပန်တျာ မြရေလျဉ်နှင့် ပြဇာတ်မင်းသမီးချော ချစ်ချစ်ချစ်တဲ့မောင်၊ မောင်ချစ်တဲ့ချစ်ချစ် မက်မက် တို့က အပြိုင်အဆိုင် သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်၊ ရှေ့ယိမ်း နောက်ယိမ်းများကို ခါးခါး ဦးဆောင်သော အဖွဲ့က တင်ဆင် ကပြမှာ ဖြစ်ပြီး နောက်ပိုင်းမင်းသမီးကြီး မေသူက မဗဒါ မြေလူး ဇာတ်ထုတ်ကို ကပြ အသုံးတော်ခံမှာ ဖြစ်ပါတယ် ခင်ဗျာ။

ပြဇာတ်မင်းသားချောကတော့ ဖြူဖြူဖွေးဖွေး အရပ်အမောင်း သန်မာထွားကျိုင်းပြီး ကိုယ်လုံးကိုယ်ပေါက် ဗလတောင့်တဲ့ ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် ချစ်ကိုကိုဆောင်း က မေတ္တာဖြင့် ပါဝင်ကပြမှာ ဖြစ်ပါတယ်။ ပြဇာတ်နာမည်ကတော့ ဆောင်းရင်ထဲက မြ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင် မောင်သံလွင်ဟီးရိုးနဲ့ နောင့်တို့က အားဖြည့်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

လူကြမ်းများအဖြစ် အကြမ်းအရမ်းပိုင်တဲ့ အီးရှင်ကြူးနဲ့ အားကောင်းမောင်းသန် စလေရေတမာမောင်မောင်တုတ် တို့ အားဖြည့်ပေးထားပါတယ်။

ပြည့်သူအချစ်တော် လူရွှင်တော်များ ဖြစ်ကြတဲ့ ပေါ်ပေါ်၊ သီသီ၊ ရီရီ၊ စည်စည်၊ နွံနွံတို့က ဟာသမျိုးစုံကို ပါးစပ် မပိတ်နိုင်အောင် တင်ဆက်ပါမည့် အကြောင်းလဲ သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။

ပွဲလန့်မှာ မပူပါနဲ့။ ပွဲထိန်းက ရီနိုမာန် ဖြစ်ပါတယ်။ ပွဲမန်နေဂျာက ကိုကိုသစ်ပါ။ ဇာတ်ဆရာနဲ့ ဇာတ်ဆရာကတော် အရင်းပြုတ်အောင် ကပြဖျော်ဖြေပါမည့် အကြောင်း....။

ဒီနေ့ ဘန်ကောက် ကနေပြန်ရောက်ပါတယ်။ ပင်ပန်းပေမယ့် မနေနိုင်ပါဘူး။ ဒီမောင်နှမတွေနဲ့ CITY HALL မှာ ဆုံကြပါတယ်။ အလှူအတွက် တိုင်ပင်ပြီး လမ်းခွဲခဲ့ပါတယ်။ အကုန်လုံးရင်ထဲမှာ အလှူအတွက် အကြိုပီတိတွေ ရှိနေပါတယ်။ ကျနော်တို့ အားလုံးနဲ့ အတူ ပီတိယူနိုင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Sunday, 13 December 2009

(၁၄) ဒီဇင်ဘာဆုတောင်း နှင့် မနော်ဟရီ အတု


၁၄ ဒီဇင်ဘာ ဆုတောင်း

ဘယ်လို အရာတွေက

ငါ့ဘဝမှာ လာရောက်ယိမ်းထိုးကခုန် နေတာလဲ…

အမြဲတမ်း မကောင်းတတ်တဲ့ ကံကြမ္မာက

ငါနဲ့မှ… တိတိပပ.. သက်ဆိုင်သတဲ့လား…

တရားသဖြင့် ကျေအေးလိုက်ရအောင်ကလဲ…

ငါက…

ပစ်ပေါက်ခံထားရတဲ့ ဓားချက်များ

အမြဲလို အသင့်ဖြစ်နေတဲ့ လက်ညှိုးများနဲ့

ဓားစာခံ သက်သက် အကောင်ပါ…။


ကိုယ်ကျင့်တရား အမှားများ

ကျနစွာစုပုံ အေးခဲသွားသောအခါ

အရော်အစားကြီးမားလွန်းသော

ဒီသံသရာ

ဒီဝဋ်ကြွေး

ဒီကံကြမ္မာ

ဒီကမ္ဘာမှာ…

မမြင်နိုင်သော အနာဂတ် နေ့ရက်များကို

ရှူရှိုက်ဖို့ မျှော်လင့်ရင်း…

သက္ကရာဇ်တွေ ဖြိုခဲ့နေတာတော့ သေချာနေခဲ့တယ်…။


ငါ… ကြေကွဲမှုတွေကို မုန်းတတ်ပါတယ်…။


အတိတ်၊ ပစ္စုပန် ၊ အနာဂတ်

ကာလသုံးပါးကို မဖတ်ရှုတတ်တဲ့…

မစ္ဆိယ များရဲ့ ခြုံခိုတိုက်ခိုက်ခြင်း ကင်းဝေးတဲ့

ကောသလမင်းကြီး အိမ်မက် မမက်ခင်ည

လေထဲမှာ မြောက်တက် ကြန့်ကြာနေတဲ့

အံစာတုန်း မြေပေါ်မကျခင်

အရှုံးနဲ့ မပတ်သက်သော အလံဖြူကိုလွှင့်

မစိုက်ထူ ချင်ခဲ့သော မျက်ရည်နှင်းဖြူတွေကြားကနေ

(၁၄) ဒီဇင်ဘာ အတွက် ပြင်ဆင်ချက် တစ်ခုခု တော့ပေးခဲ့ပါ…။



(မကြီးရဲ့ကဗျာနှစ်ပုဒ်ကို ခံစားရေးဖွဲ့သည်။)






“မနော်ဟရီ”…


ဒီနာမည်ကြားတော့ U.F.L ကို ချက်ခြင်းပြေးမြင်ပြီး ဌာနက ကျနော် ချစ်တဲ့ဆရာမ နှစ်ယောက် မျက်နှာကို တန်းခနဲ မြင်မိတယ်… ကျနော် တက်ခဲ့တဲ့ ပြင်သစ်ဘာသာသင် ဆရာမတွေက မနော်ဟရီ နဲ့ ညီအမတော်သူတွေ လို့ ကြားခဲ့ဖူးတာပဲ ရှိတယ်….

တက္ကသိုလ်စတက်ကတည်းက “မနော်ဟရီ” ဆိုတဲ့ နာမည်ကို မစိမ်းခဲ့ပေမယ့် သူမရေးတဲ့ စာတွေနဲ့တော့ စိမ်းနေခဲ့တယ်… စိမ်းတယ်ဆိုရလောက်အောင် မရင်းနှီးတာ မဟုတ်ပြန်ဘူး… ကဗျာပိုး ၊စာပိုးတွေရှိတဲ့ ကျနော်တို့ကို ကဗျာတွေ၊ စာတွေ ချစ်တဲ့ ဆရာမက “မနော်ဟရီ” ရဲ့ကဗျာတွေ ရွတ်ပြတာကို တမေ့တမော နားထောင်ခဲ့ဖူးတယ်… “မနော်ဟရီ” ရဲ့အကြောင်း တစ်စိတ်တစ်ဒေသကို သိခွင့်ရခဲ့တယ်..။ ဒီလောက်ပါပဲ… မပိုခဲ့ပါဘူး။…

တကယ်သိခွင့်ရတဲ့ အချိန်က..

“မနော်ဟရီ ” ဆိုတဲ့ သူမဟာ လူတစ်မျိုးတဲ့။။ကိုယ်ပေါင်းချင်တဲ့သူမှပေါင်းတတ်တာ…ကိုယ်စိတ်
မပါတဲ့နေရာများဆိုခြေဦးတောင်မလှည့်ဘူး…ကိုယ်တိုင်ကစကားသိပ်မပြောပေမယ့် ရင်ဘတ်ချင်း
တူတဲ့သူတွေနဲ့ကျ..ဆူလို့ညံလို့..တမေ့တမော ပြောတတ်တာ…။ကိုယ့်စိတ်နဲ့မတွေ့လို့ကတော့ ဟန်
ဆောင်ပန်ဆောင်ပြုံးပြလိုက်ဖို့တောင် ၀န်လေးတတ်သူလေ..။
လူတွေများတဲ့နေရာတွေကိုရှောင်တတ်ပြီး ..ထိုင်နေတဲ့ဝိုင်းက လူငါးယောက်လောက်ထက်ပိုလာရင်
ထထွက်သွားချင်တတ်သေးတယ်။ သူတင်ကိုယ်တင်ပြောကြကြေးဆို ဝေါဟာရတွေများသလောက်
ပြန်ပြောဖို့ တုံ့ဆိုင်းနေတတ်တဲ့ အတွက်… သေချာပေါက် ခံခဲ့ရပြီးသားဆိုတဲ့ထဲက…။

အဲလိုလူက ခုကျတော့…ခပ်တည်တည်နဲ့ လူတွေကိုအသက်ပါပါမပါပါ ရယ်ပြတတ်နေပြီ..ချွင်းချက်က
တော့ ကိုယ်တော်တော်ကြည့်မရလောက်အောင်ထော်လော်ကန့်လန့်တော့မဖြစ်ဖို့လိုတာပေါ့…။
စိတ်ထဲကပါပါမပါပါ..စကားတွေ ပြောတတ်နေပြီ… ဘယ်လိုလူဆို ဘယ်လိုစကားလောက်ပဲပြော..
ဆိုတာတွေလည်း အတော်နားလည်လာပြီ..အရင်ကဆို ဘာသာဗေဒမတူလို့ကတော့ တာ့တာ ပဲ.။
ခုဆို..ဒီလူကဖြင့် ရာသီဥတုအကြောင်းလောက်ပဲ ပြောလို့ရတဲ့သူ..ဒီလူကဖြင့်စာအကြောင်းပေအ
ကြောင်းဆိုရင်…ဘယ်နားလောက်ထိပဲ ပြောလို့ရတယ်..ဒီလူကဆိုဘယ်ထိပြောလို့ရတယ်..ဆိုတဲ့
ဒေတာတွေလည်း သိုမှီးလေ့လာထားပြီးသား…..။အဲဒီအချိန်မှာ..ကိုယ့်ကိုယ်ကိုပြန်မြင်နေရတာက
ကိုငှက်သီချင်းထဲကလို..ငါဟာငါမဟုတ်ဘူး..ဆိုတာမျိုးပေါ့…။ တဲ့...။


ဒီလိုစကားလုံးတွေ အသံတွေကြားက မနော်ဟရီဆိုသူနဲ့ စတင်သိကျွမ်းခဲ့ရတယ်… ပြီးတော့….. ပြီးတော့…..
“မနော်ဟရီ” အစစ်နဲ့ အတု ဆိုတာ ရှိသေးတယ်တဲ့..။

မနော်ဟရီအတု

ဇာတ်လမ်းကနေ့လည်ကစ တာပါ။

အဲဒါက ထင်တာလည်းဖြစ်နိုင်တာပဲ။ တကယ်တမ်းက ဘယ်တုန်းကတည်းက စနေမှန်းဘယ်သူမှ သေချာသိမှာမဟုတ်ဘူး။ ဒါပေမယ့်….ဘာတတ်နိုင်လို့လဲ…။လောကကြီး ကဒီတိုင်းပဲရှိနေခဲ့တာ ကြာပဲကြာလှပြီ။
ပြဿနာစချိန်မှာ ALLY ကCity FM ရဲ့ creator တစ်ယောက်ဖြစ်တဲ့ စာရေးဆရာ၊
ကဗျာဆရာ၊ သီချင်းရေးဆရာ (လက်တောင်ညောင်းတယ်း( ) ဆရာကလေး ဧထက် က outdoor ထွက်ပြီးပြန်လာတယ်။ ကားက သူ့ကိုလမ်းထိပ်မှာပဲရပ်ပေးခဲ့ပုံပဲ။ ၃၆ လမ်းထဲကို လမ်းလျှောက်ဝင်လာတယ်။ အဲဒီမှာတင်..လမ်းထိပ် လ္ဘက်ရည်ဆိုင်မှာ၊
ဆရာဦးဟိန်းလတ်တို့၊ကိုရန်မျိုးသိန်းတို့နဲ့ထိုင်စကားပြောနေတဲ့ မနော်ဟရီ ကိုတွေ့
တာပဲ..။ ဧထက် နဲ့ မနော်ဟရီက ကျောင်းမှာတည်းက သူငယ်ချင်း။ကဗျာစာအုပ်တွေ
အတူထုတ်ခဲ့ကြဖူးတယ်။ မနော်ဟရီ ရဲ့ “ပန်းလှေလမ်းခွဲ” ကဗျာစာအုပ်ကိုလည်း
ဧထက် ပဲလုပ်ပေးခဲ့တာ..။

“ မနော်..မတွေ့တာကြာပြီ”

“ အေး…ဟုတ်တယ်..မအားတာနဲ့မရောက်ဖြစ်တာ…လာလေ..လ္ဘက်ရည်သောက်ဦး”

“ ဟင့်အင်း..ကျွန်တော် ခုမှ Outdoor ကပြန်လာတာ..နောက်မှတွေ့မယ်..”

“ အေး..အေး..သွား..သွား..”

ဧထက် ဆက်လျှောက်လာတယ်။ ပေါ်ပြူလာရှေ့ကအဖြတ်မှာ..အထဲက ကိုသျှီသူ
အောင် ကလှမ်းခေါ်တယ်။

“ကိုဧထက်..လာပါဦး”

ဧထက် အထဲကိုလှမ်းကြည့်တော့ မျက်လုံးပြူးသွားတယ်။

“ မနော်”

“ အေး..မနော်ရောက်နေတာနဲ့ လ္ဘက်ရည်ဆိုင်သွားမလားလို့လှမ်းခေါ်တာ”

ဧထက် မျက်မှောင်ကြုတ်သွားတယ်။ လမ်းထိပ်ကိုဖျတ်ကနဲ ပြန်ကနဲ ပြန်လှည့်ကြည့်မိ
တော့မလို့။

“ဟို..ခုနက..လမ်းထိပ်မှာတွေ့ခဲ့တာရော..”

“ဆရာ ဟိန်းလတ်လား ”

ကိုသျှီကမေးတယ်။ ဧထက်ခေါင်းကိုလိုတာထက်ပိုခါပြတယ်။

“မဟုတ်ဘူး..မနော် ..”

“ မနော်က..ဒီမှာလေ..”

“ ကျွန်တော့်ကို ကျော်လျှောက်သွားတာလား..ကျွန်တော့်ရှေ့ကသွားတာလား… ဟာ ..ဒါလည်းမဟုတ်သေးပါဘူး..”

ဧထက် စိတ်အတော်ညစ်သွားတာ ကိုကြည့်ပြီး ကိုသျှီက ဘာမှနားမလည်ဘူး။ ရုံးခန်း
ထဲမှာ ကိုသျှီဆီရောက်နေတဲ့ ကိုသျှီ အမျိုးသမီး မနီလာနဲ့ ထိုင်စကားပြောနေတဲ့
မနော်ဟရီ ကတော့ အေးအေး ဆေးဆေးပဲ။သူမဟုတ်သလိုပဲ..။

ပင်ပမ်းရတဲ့အထဲ… ဧထက် ဘာမှမပြောနိုင်တော့ဘူး..။ခေါင်းကို မသိမသာကုတ်ပြီး
ပြန်ထွက်လာခဲ့တယ်။ ALLY ထဲဝင်မလို့လုပ်တော့ ဘေးကကပ်လျက် လ္ဘက်ရည်ဆိုင်
ဖက်က လက်ခုပ်သံကြားလို့လှည့်ကြည့်မိတယ်..။မြတ်စွာဘုရား..။ဒီမှာလည်း မနော်
ဟရီ တစ်ယောက်..။ကိုလွမ်းဝေနိုင်နဲ့စကားတွေပြောနေကြတာ..။ထုံးစံအတိုင်းရန်
တွေဖြစ်လို့..။

“ လာဦးလေ..ဒီမှာ အဖွားကြီးရောက်နေတယ်”

ကိုလွမ်းဝေနိုင်ကိုခေါင်းပဲခါပြခဲ့သလား၊ချာကနဲပဲလှည့်ထွက်ခဲ့သလားတောင်မသိဘူး။
အင်း…ဧထက်လိုပါရမီထူးတဲ့လူမို့ပေါ့..။ မဟုတ်ရင် ကိုယ့်ကိုယ်ကို ရူးသွားပြီလို့တောင်
ထင်မိမှာ။ ကြည့်စမ်း…….မနော်ဟရီတွေနည်းနည်းနောနောလား..။သုံးယောက်တောင်
ဘယ်ဟာအစစ်လဲ….။တွေးရင်းကျောထဲကတောင်စိမ့်ချင်လာတယ်။

စိတ်ရှုပ်ရှုပ်နဲ့ ဖုန်းကိုကောက်ကိုင်ပြီး Idea တိုက်ကို ဖုန်းဆက်လိုက်တယ်။

“ မနော်ရှိလား ”

“ရှိပါတယ်..ဘယ်သူလို့ပြောပေးရမလဲ..”

မြတ်စွာဘုရား…။ရှိတယ်တဲ့…။ စိတ်ထဲကဘုရားတ နေတုန်းဖုန်းလာကိုင်တယ်။

“ ဧထက်ဆို…ပြော..၊ဘာစာအုပ်ရှာပေးရမလဲ၊ဘာလုပ်ပေးရမလဲ..” တဲ့။

လေသံကတော့ မနော်ဟရီ့လေသံပါပဲ။ထုံးစံအတိုင်းငေါ့တော့တော့နဲ့ ။အချိုးမပြေဘူး။
ခက်တာကဘယ်ဟာ မနော်ဟရီ အစစ်မှန်းမသိတဲ့အတွက် ပြောစရာစကားမရှိတော့
တာပါပဲ။ ဖုန်းကို“ဂွပ်”ကနဲနေအောင်ချပစ်လိုက်တယ်။

မကြာပါဘူး ။

တဆင့်စကားတဆင့်နားနဲ့ကြားရတော့တာပါပဲ..။

မနော်ဟရီတွေ…..မနော်ဟရီတွေ..။ပွစာတက်နေတဲ့အကြောင်း….။

Ginzapan မှာလည်းမနော်ဟရီ တစ်ယောက်..။ မေဇော်တို့ စုံတွဲရယ်၊ ဆရာမာဂျေ ရယ်နဲ့
စကားပြောနေတယ်တဲ့…။ ၄၉လမ်းက Lucky Seven မှာလည်း မနော်ဟရီတစ်
ယောက်..။ ခင်လိမ္မာ တို့ သီတာစိုးတို့နဲ့…။(ဘယ်လိုတွဲမိကြမှန်းမသိဘူး၊ဘာမှမဆိုင်တဲ့
သုံးယောက်လို့ လူတွေကပြောကြတယ်တဲ့..)။ ရွှေခရားကြီးမှာလည်းတစ်ယောက်….
ဝေမှူးသွင်၊အကြည်တော်၊လူပန့်ငယ်တို့နဲ့….။

“ဘုရား…ဘုရား ”ဆိုတဲ့အသံတွေပိုဆူလာတယ်။

“ခေတ်နေလေးတော့ဒုက္ခပဲ..”

“ အင်းလေ..သူ့အမေအစစ်ကိုသူခွဲတတ်ပါတော့မလား”

“အေးနော်..”

“ခေတ်နေကတော့..အမေပဲ..ခွဲတတ်မှာပါ..”

“ သူက ကလေးပဲ..”

ဝေဖန်သံတွေကပိုဆူလာတယ်။ ဝေဖန်တာက ပိုက်ဆံပေးပြီး မှတ်ပုံတင်ရတာမှမဟုတ်
တာ..။တချို့ကတော့ဒီလောက်ပွစာတက်နေတဲ့မနော်ဟရီတွေထဲမှာ..တစ်ယောက်က
တော့ အစစ်ဖြစ်မှာပဲလို့ယုံကြည်ကြတယ်။တစ်ယောက်မှ အစစ်မဖြစ်နိုင်ဘူး..အစစ်က
ပျောက်နေလောက်ပြီလို့ ယူဆတဲ့သူကယူဆတယ်။

“မနော်..တော့ဒုက္ခရောက်နေပြီလားမသိဘူး” လို့ ပါးစပ်ဖျားလေးနဲ့ ပူပင်ဟန်ပြပြီးဝမ်း
သာတဲ့သူက ကြိတ်ဝမ်းသာတယ်။သူထွက်ပြေးသွားတာနေမှာပါလို့ မ စ တဲ့သူက မ စ
တယ်။တခြားတစ်ယောက်ယောက်နဲ့ ရှိချင်ရှိနေမှာပေါ့လို့ အမနာပ ပြောတဲ့သူတွေက
ပြောတယ်။ ဇာတ်လမ်းလေးဆင်ပြီး သူများကိုမကောင်း ပြောတတ်တဲ့သူတွေဆို ပိုဆိုး
သေး..။ထွက်လာလိုက်တဲ့ဇာတ်လမ်းမီးကျိုးမောင်းပျက်တွေ..။ သူတို့အရပ်နဲ့သူတို့
ဇာတ်ဟာ ဒီလိုပါလားဆိုတာကို ကျောချမိမှပဲသိရတော့တယ်။

အဲဒီမှာတင်…စာနယ်ဇင်းထဲက တချို့က..ငါတို့စာနယ်ဇင်းတွေ အရေးကြီးရင် ဘယ်
လောက်သွေးနီးတယ်ဆိုတာသိရအောင်တဲ့…။ Manorhary Operation ကိုစတင်ဖို့
လုပ်ကြတော့တယ်။ အဲဒီမှာ ဘလော့ဂါ ဆိုသူတွေလဲ ပါဝင်တော့မှာပေါ့… သူမက ဘလော့ကို ဟိုစမ်းစမ်း ဒီစမ်းစမ်း ရေးနေပြီးလေ….

“ငါတို့စာနယ်ဇင်းတွေချည်းပဲလား…..တခြားရော”

“သူ့မိဘတွေ ဆွေမျိုးတွေလည်းခေါ်မှပေါ့”

“ သူ့မိသားစုက ဒီမှာမှမရှိတာ..”

“ သူ့သူငယ်ချင်းတွေရော..”

“ Idea တိုက်ကလူတွေလည်းခေါ်ရမယ်..”

“ ကိုမျိုးလာမှာပဲ..”

“ သူနဲ့သိသမျှလူတွေခေါ်ရမှာပဲ ”

“ဘလောဂါတွေ ကျန်သေးတယ်… သူနဲ့ နီးစပ်ရာ အပေါင်းအပါတွေ”

“ အင်း…ဟုတ်တယ်..”

Operation အတွက်..Meeting လုပ်ဖို့လူစုတာတင်အတော်ကြာတယ်။

နေရာအကူအညီပေးတဲ့ကိုနေမျိုးဆေးကတော့ “ သိပ်ကြာလို့မဖြစ်ဘူးနော်”လို့သတိ
ပေးတယ်။ဟုတ်တယ်လေ…သူ့ Customer တွေရှိသေးတာကိုး..။

ဒီလိုလူစုနေတုန်းမှာတင်..မနော်ဟရီတွေက ဟိုတစ်ယောက်ဒီတစ်ယောက်…။ အိမ်မှာ
မရှိတတ်တဲ့ သူကအိမ်မှာလည်း Stand By ..။ ရုံးမှာလည်းမမိတတ်တဲ့သူက ရုံးမှာ
Stand By ။ ပွဲတွေတက်လေ့မရှိပဲနဲ့ ခုကျကာမှ ပွဲတိုင်းမှာတွေ့နေရသေးတယ်။ (FB) မှာ လယ်လုပ်နေတဲ့ သူကလဲ လယ်စိုက်ရင်း Stand by…။ အချိန်
တိုက်နေတောင် နှစ်နေရာလုံးမှာ ရှိနေတတ်တယ်တဲ့..။

သူတို့ meeting စကြတယ်။

သဘာပတိကဆရာ ဦးဝင်းငြိမ်း နဲ့ ဦးမြတ်ခိုင်..။ အခမ်းမနားမှူးက ကိုမျိုး(ကြောင်နှစ်
ကောင်)…သူကအခမ်းအနားမှူးလုပ်နေကျဆိုတော့…။

ဆရာဦးဝင်းငြိမ်းကတော့ပြောရှာတယ်။
“ ကျွန်တော်က သူ့ကိုသိပ်မသိဘူး…ဟိုတစ်ခါ..စာနယ်ဇင်းကာရာအိုကေပွဲမှာ ကိစ္စတစ်
ခုလာတိုင်မှ သေချာတွေ့ဖူးတာ….ပြောကြ..ပြောကြ..သိတဲ့သူတွေပြောကြ..”

…..ဆိုပြီးကျန်လူတွေပြောဖို့လမ်းဖွင့်ပေးတယ်။

ပထမဆုံးစပြောတာက ကိုကျော်သီဟ (ဟင်္သာတ)…

“ ကျွန်တော်သိတဲ့မနော်ဟရီက လူမှုဆက်ဆံရေးညံ့တယ်..” တဲ့။

ကိုလွမ်းဝေနိုင်ကခေါင်းခါတယ်။

“ဘယ်ကလာ…စွာတာ..စွာတာ..” ……လို့ဝင်ပြောတယ်။

ကိုသျှီကတော့မှတ်ချက်တစ်ခုကိုအားမနာပါးမနားချလေရဲ့။

“ အူတူတူနဲ့ပါ..” တဲ့။
ဇာတ်ညွှန်းဆရာကတော့ ကိုလွမ်းဝေနိုင်ကိုထောက်ခံတယ်။

“ ဟုတ်တယ်…မနော် အစစ်က စွာတယ်..”

သူတို့ပြောတာတွေက လိုရင်းမရောက်ဘူး။လူတစ်ယောက်ကိုရှာဖွေဖို့ လုံလောက်တဲ့
Character တွေမဟုတ်ဘူး..။ အဲဒါနဲ့ ဆရာဇော်ဇော်အောင် က စုံနံ့သာမြတ်သစ် ကို
ရှာတယ်။ စုံနံ့သာမြတ်သစ် ကဒီဝိုင်းထဲကိုမလာဘူး။ လာခွင့်မရဘူးထင်ပါရဲ့။ အဲဒါနဲ့
သူ့ mobile phone ကိုပဲလှမ်းဆက်ရတယ်။ ဒါပေမယ့် အဆင်မပြေပါဘူး။ သူ…လုံးဝ
(လုံးဝ) မအားလို့ ဒီအမှုကိုလက်မခံနိုင်ပါဘူးလို့ငြင်းတယ်။
ဒါ့အပြင် ….

“ မနော် နဲ့မတွေ့တာကြာလို့ …မြင်ရင်တောင် မှတ်မိပါ့မလားမသိဘူး ” လို့ပြောလို့
ဆရာဇော်တောင် စိတ်တွေတိုလို့…။

တချို့ကတော့ idea မှာလုပ်တာမို့ ကိုမျိုး(ကြောင်နှစ်ကောင်)ကိုအဓိကထားပြီးမေးကြ
တယ်။ ကိုမျိုးကလည်းသိသလောက်ဖြေရှာပါတယ်။ ( မဖြေနိုင်လို့မကောင်းဘူးလေ..
သူက အခမ်းအနားမှူးကိုး…း) )

“ မနော်ဟရီ အစစ်က ခေါင်းမာတယ်..လုပ်ချင်ရာလုပ်တယ်..တဇွတ်ထိုး..ကျေးဇူးမသိ
တတ်ဘူး…သိချင်တဲ့နေရာကျသိပြီး..မသိချင်ရင်လည်းတုံးနေပြန်ရော…” တဲ့။

ဒါလည်း သိပ်ပြီးထိထိရောက်ရောက်မှမရှိတာ…။တချို့ကတော့ ခပ်တည်တည်နဲ့စာ
နယ်ဇင်းတွေထဲရောက်လာပြီးထိုင်နားထောင်နေတဲ့သူငယ်ချင်းတချို့ကိုပြောခိုင်းတယ်.
မသန္တာကလည်းသူ့သူငယ်ချင်းအကြောင်းကိုကောင်းကောင်းသိထားသူပီပီ..ကိုမျိုးလေ
သံအတိုင်း….
“ဟုတ်တယ်..သူက..တဇွတ်ထိုး..တဇောက်ကန်း..ပေတယ်..”….လို့မညှာမတာပြောတယ်။

ဒီလိုနဲ့ ညာဘက် အခြမ်းမှာ ထိုင်နေတဲ့ ကျီးနဲ့ဘုတ် လို့ နာမည်ကြီးတဲ့ လက်တဆုပ်စာ ဘလောဂါအုပ်စု… အဲဒီအထဲမှာမှ စပ်စပ်စုစု နိုင်တဲ့ ဖိုးစိန် ကို အကြည့်တွေ ဆုံလာပြန်ရော…

“မျောက်ငို… မနော်ဟရီက ဘလော့တွေရေးနေ… ကဗျာတွေ ရေးနေတော့ သူနဲ့ သိနေတဲ့ မင်းက ဘာကြားသလဲ”….

မမေးခင်ကတည်းက အတင်းဖြေချင်နေတဲ့သူ ဆိုတော့ မေးခွန်းတောင် မဆုံးနိုင်ဘူး …

… “အင်း… မကြီးနော်လား… သူလား… သူက ခေါင်းမာတယ်လေ… မဟုတ်တာပြောရင် ချက်ခြင်းတုံ့ပြန်တာပဲ… လူမုန်းဆေးကလဲ ကျဲလိုက်တာ လွန်ပါရော… မျက်နှာကလဲ မာသေးတယ်… အနုပညာ ကိုတော့ မထိနဲ့… သူဖန်တီးနေတဲ့ အနုပညာ မာနက တစ်ပြားမှ မချဘူး” လို့ မဆီမဆိုင် မဲ့ကာ ရွဲ့ကာ ပြောတော့ စပ်စုစိန် ကို အကုန်လုံးက ပြုံးစိစိ…

“တကယ့် မနော်ဟရီ အစစ်ဆိုရင် ခုနေများ အေးချမ်းတဲ့ တနေရာမှာ ကဗျာတွေ ထိုင်ရေးနေဦးမှာ… မမကို ကဗျာလေးရေးပြီး ရှာရမယ်”လို့ ကဗျာဆန်ဆန်ပြောလိုက်ပုံက ကဗျာဆရာမအိန္ဒြာ…

“God Son” ဖြစ်တဲ့ သားတောင်မောင် ဇက်ကို မေးတော့ “အမေလား… အမေအစစ် ရေးတဲ့ကဗျာတွေက လူလိုပဲမာတယ်… အသုံးအနှုန်းတွေကသာ နုနေတာ… လူတွေနားမလည်အောင် ရေးတယ်ပေါ့… မနော်ဟရီ တွေကို ကဗျာတစ်ပုဒ်ချရေးခိုင်းရင်ကောင်းမယ်… အစစ်ဆိုရင် ကဗျာက မာမယ်… ထင်တာပဲ… သိချင် သူ့ သွားမေးမှပဲရမယ်”

ပြောသမျှလူတွေကို ပြုံးပြုံးနဲ့ ထောက်ခံနေတာ ကိုရင်နော်…

မိုးကုတ်သား ကိုမေးတော့ ငိုက်နေရာက ဆတ်ကနဲ ခေါင်းထောင်လာပြီး ငိုက်ငိုက်နဲ့ဖြေနေပုံက …

“အဲ… မကြီးနော်လား… အနော်မသိဘူးလေ… အနော်က အိပ်နေတာဆိုတော့ သူကို ညည စောစောအိပ်ဖို့ မှာနေတာပဲ… သူကခေါင်းမာတယ်လေ… လူသာ မကျန်းမာသာ ခေါင်းကတော့ မာသလား မမေးနဲ့… အနော် မေတ္တာပို့များလို့ပဲ… တနေရာရာမှာ အိပ်ပျော်နေလားး…. ဘာလား… ”

ကျန်တဲ့ဘလောဂါတွေ ဖြစ်တဲ့ ပန်ဒိုရာ၊ သစ်ကောင်းအိမ်၊ ညီလင်းဆက် စသဖြင့် ဆက်မေးနေရင် ဘာမှ မဟုတ်ပဲ မာန တခွဲသားနဲ့ လူမုန်းဆေးအကျဲတော်တာ မနော်ဟရီပါလို့ တလေသံထဲ ဖြေကြမှာ ဆိုတော့…နောက်လူတွေ အလှည့်…

သူ့မောင်ရဲကျော်စွာကတော့..သူ့ထုံးစံအတိုင်းမျက်နှာသေလေးနဲ့…

“ သူ့ကို အာဖရိက ကလူရိုင်းမျိုးနွယ်စုတစ်စုက ..လူဝါနတ်ဘုရားမအဖြစ်ကိုးကွယ်ကြ
တယ်။ အဲဒီများ ထွက်သွားသလားမသိပါဘူး..”

လို့ပြောတော့ အားလုံးအုံ့အုံ့ကျက်ကျက် အူကြောင်ကြောင်တွေဖြစ်ကုန်ကြရတယ်။

ပြီးရင် ..ထုံးစံအတိုင်းရဲကျော်စွာတို့က တဖက်လှည့်ပြီးရယ်နေဦးမှာ။ ရဲကျော်စွာနားကို
ကက်ဆက်သေးသေးလေးတွေ အုံကျလာတယ်ဆိုရင်ပဲ အကြောင်းသိနေတဲ့ step ကဒီဇိုင်နာ မျက်မှန်ထူထူနဲ့မောင်မျိုးကျော်က သူ့သူငယ်ချင်း ရဲကျော်စွာကိုဆွဲထုတ်
သွားလေရဲ့။

မန္တလေးဆေးတက္ကသိုလ်က လက်ထောက်ကထိက ဒေါ်ခင်သီတာဝင်း ကတော့ ရှုံ့မဲ့
ပြီးပြောတယ်။

“ ဒီမိန်းမကဒေါသလည်းသိပ်ကြီးတာ၊စိတ်ကလည်းမြန်တယ်…ခုလည်းဘာတွေလုပ်နေ
တယ်မပြောတတ်ဘူး” တဲ့။ အဲဒီစကားကိုခပ်တည်တည်နဲ့ဝင်ထောက်ခံလိုက်တာက…
အကြည်တော် ပါ။

“ ဟုတ်တယ်၊သူကစိတ်သိပ်မြန်တာ..ဒေါသကလည်းကြီးသေး..ရောဂါကလည်းထူ
တယ်…စိတ်တိုရင်အော်ပြီးဖုန်းကိုပစ်ချတတ်တယ်..။နှလုံးရောဂါနဲ့သေပြီထင်တာပဲ..
ဒါတွေကသူ့ဝိညာဉ်ကိုယ်ပွားတွေသရဲခြောက်တယ်ထင်တာပဲ..ခက်တာကတစ်ခုပဲရှိ
တယ်..”

“ ဘာလဲ ”

“ သူသေလို့ကျွန်တော်ကရယ်နေမိရင်ဘယ်ကောင်းမလဲ”

အကြည်တော့်စကားမို့ရယ်ဖို့ပဲပြင်နေကြတဲ့သူတွေကရယ်ကြပါတယ်။

“ ဝေမှူးသွင်” ကတော့မှတ်ချက်တစ်ခုကိုကြွစောင်းစောင်း၊ဆောင့်ကြွားကြွားနဲ့ဝင်
ပေးတယ်။

“ မနော်ကမှတ်ဥာဏ်လည်းမကောင်ဘူး..ကျွန်တော့်ကောင်မလေးတွေကိုမှတ်မထား
ဘူး..မှားနှုတ်ဆက်မိရင်တာဝန်မယူဘူးနော်လို့ပြောတတ်တယ်..” တဲ့။

“ ဘလိုင်းကြီး”

“ အင်းလေ..ငကြွား ”

အဲလိုကြိတ်ပြီး သြဘာပေးသံတွေတောင်ထွက်လာတယ်။

“လူပန့်ငယ်”ကတော့သူ့ဘေးမှာထိုင်နေတဲ့ “လင်းဆက်”ကိုလှည့်ပြောတယ်။

“ မနော်အစစ်က တော့ စကားနည်းတယ်၊အချစ်ဝတ္ထုလည်းကောင်းကောင်းမရေး
တတ်ဘူး…လူမှုရေးလည်းသိပ်မသိဘူး…”

လင်းဆက်က ခေါင်းတဆတ်ဆတ်ညိမ့်ရင်းထောက်ခံတယ်။

ကိုရဲ(သစ္စာနီ)ကတော့..

“ သူကမေ့တတ်တယ်…စာမူပေးမယ်ဆိုတဲ့ရက်မှာတောင်မေ့ပြီးလာမယူတတ်ဘူး ” ..တဲ့။
ကျောင်းဆရာ (ဒီဇိုင်းမျိုးဆွေသန်း)က၀င်ပြောတယ်။

“ လူနဲ့အပူနဲ့မမျှတာပါကိုရဲ ရာ…” တဲ့။

တစ်ယောက်တစ်ပေါက် အသံတွေကလည်းလိုရင်းသာမရောက်တာ..ထွက်နေတုန်းပဲ။

“ မနော်ဟရီ က..ပျော့ညံ့တယ်..စိတ်နုတယ်..”

“ ဘယ်ကလာ..စိတ်မာတာ..ပြတ်သားတာ..”

“ သူ့ကိုအားပေးနှစ်သိမ့်တာမျိုး မကြိုက်တတ်ဘူး”

“ ဝေဖန်တာလည်းမခံချင်တတ်ဘူး”

“ ဒါကလူတိုင်းပါပဲ”

“ ကော်ဖီကြိုက်တယ်”

“ ခေါင်းကိုက်တတ်တဲ့ရောဂါရှိတယ်”

ဒါက တင်မိုးဝေရဲ့ အဆိုတင်သွင်းမှုပါ…။ ဒါပေမယ့်..အထောက်အကူမရတဲ့အတွက်
သဘာပတိတွေကပယ်ချလိုက်ပါတယ်။ ထောင့်တစ်ထောင့်မှာ ငူငူငိုင်ငိုင်နဲ့ထိုင်နေတဲ့
မောင်သစ္စာ (သစ္စာပိုင်စိုး) ကတော့ သူ့ဘေးကမျက်မှောင်ကြီးကြုတ်ပြီး ထိုင်နေတဲ့
မျိုးကိုမျိုး ကိုပြောသလိုလိုနဲ့ခပ်တိုးတိုးရေရွတ်တယ်။
“ ကျွန်တော်နဲ့ကမတွေ့တာကြာလှပြီ”

ပဉ္စမံဒီရိုင်းကတော့လက်မြောက်အရှုံးပေးတဲ့လေသံနဲ့…

“ ကျွန်တော်နဲ့ ကျောင်းတုန်းကတည်းကသိတာ။ ဒါပေမယ့်သူ့ကိုပုံမဖော်တတ်ဘူး”
…တဲ့။ အေးရော..။

ခုမှ Mr Guitarထဲကိုပျာယိပျာယာနဲ့ ၀င်လာတဲ့ကိုကြွက်နီ (သိမ်းတင်သား)ကတော့
အစမရှိအဆုံးမရှိနဲ့ပြောလေရဲ့။

“ သူကကျွန်တော့်ဆရာသမီးပါ..ကျွန်တော့်ဆရာသမီးပါ..”တဲ့။

ဒီ Information ကလည်းဘာမှသုံးလို့မရပြန်ပါဘူး။

နောက်ဆုံးကြံရာမရရင်တစ်နည်းနည်းနဲ့အားကိုးဖို့ခေါ်ထားတဲ့ကိုဇာဏီ(ဆရာစံ
ဇာဏီဘို)ကိုဝိုင်းမေးကြရတော့တယ်။

“ ဒေါ်မနော်က ၁၄ဂဏန်းသမားဆိုတော့ temperance ပဲ..ဘယ်ပုံမဆိုချက်ချင်း
ပြောင်းလဲပစ်နိုင်တာမို့..သူ့မှာပုံသေ characterမရှိဘူး..ရှာရခက်လိမ့်မယ်..”

အဲလိုပြောပြီးတားရော့ကတ်တစ်ကတ်ဆွဲတော့..Magician ကတ်ထွက်လာတယ်။
ဗေဒင်က၀ိကြီးကခေါင်းခါတယ်။ဘာမှမပြောဘူး။ Tarot card မြင်တော့ တချို့က
ဆရာဟိန်းလတ်ဆီချဉ်းကပ်သွားကြပြန်တယ်။

“ ဒီကိစ္စကြီးက..”

“ဘယ်လိုကြီးလဲ…”

ဆရာဟိန်းလတ်ကဒ်တွေလည်းအလုပ်တွေရှုပ်ကုန်တယ်။အသံတွေကလည်းကျွက်စိ
ကျွက်စိနဲ့ပိုထူထပ်လာတယ်။ အဖြေကတော့ဟုတ္တိပတ္တိထွက်မလာဘူး။ကိုနေမျိုးဆေး
ကနာရီတကြည့်ကြည့်လုပ်နေပြီ။ စာနယ်ဇင်းသမားတွေကလည်း သူတို့သိက္ခာကျမခံနိုင်
တဲ့အတွက်..အရှုံးပေးဘို့အစီအစဉ်ရှိပုံမပေါ်ဘူး။တစ်ခုခုတော့ဖြစ်အောင်လုပ်မှလို့တစ်
ယောက်ကိုတစ်ယောက်အကြည့်တွေနဲ့လှမ်းပြောနေတယ်။
မနေ့တနေ့ကမှ ဒီလောကထဲရောက်လာပြီး မေးခွန်းတစ်ခွန်းမေးလို့မှ ကိုယ်မေးတဲ့သူ
ဘယ်သူမှန်းရေရေရာရာမသိ၊သိတဲ့တိုင် ဘာ ၀မ်းစာမှမပိုင်ဆိုင်ထားကြတဲ့ so called သတင်းသမားတွေ၊ အယ်ဒီတာတွေကလည်း ကက်ဆက်တကိုင်ကိုင်နဲ့ လူးလာခေါက်တုံ့
ပြေးလို့ကောင်းတုန်း။ တခုခုဆို ဘလော့ပေါ် တင်ဖဲ့ဖို့ ၊ စီပုံးမှာ မဟုတ်တရုတ် ရေးဖို့ သူတွေက ဟိုလူ့နားကပ်သွားလိုက်၊ ဒီလူ့နားကပ်သွားလိုက် ။ပျောက်နေတဲ့
မနော်ဟရီ တွေဆိုတာ..လူလား ဆန်လား ကိန္နရီလားတောင် ကွဲပုံမပေါ်ဘူး။

“ ကဲ..ကဲ..ကဲ”

အောင်မြင်ခန့်ညားတဲ့အခမ်းအနာမှူးရဲ့အသံကြောင့် အသံတွေငြိမ်ကျသွားတယ်။
အဖြေတစ်ခုရပြီလားဆိုတဲ့အတွေးနဲ့ လှည့်ကြည့်ကြတာလည်းပါမှာပေါ့။ ဒါပေမယ့်
အဲဒီငြိမ်သက်သွားတဲ့အခိုက်အတန့်မှာ စကားဝင်ပြောလိုက်သူက အခမ်းအနားမှူး
မဟုတ်ဘူး။ သူဘယ်သူလဲဆိုတာကိုတစ်ယောက်ယောက်ကတော့သိချင်သိမှာပေါ့။
ဒါပေမယ့် ..လောလောဆယ်အခြေအနေမှာက သူဘယ်သူလဲဆိုတာက အရေးမကြီး
ဘူး..။ သူ..ဘာပြောမလဲဆိုတာကအရေးကြီးတာလေ..။

“ ပြင်ပလက္ခဏာတွေ၊သိပ္ပံနည်းကျအချက်မလက်တွေအရ..ကျွန်တော်တို့ဘာမှမလုပ်
နိုင်ကြတော့ပါဘူး..”

” ဒါများ”

“ သူပြောမှလား”

ထုံးစံအတိုင်းဝေဖန်သံတချို့ကကြိတ်ထွက်လာတယ်။ သဘာပတိကြီးနှစ်ယောက်က
မျက်နှာထားနဲ့လှမ်းကြည့်ပြီး အခမ်းအနားမှူးကခုံကိုခေါက်လိုက်တော့မှ..ပြန်ငြိမ်သွား
တယ်။

“ သူပြောတာကျေးဇူးပြုပြီးနားထောင်လိုက်ပါဦး”

အခမ်းအနားမှူးရဲ့စကားအဆုံးမှာ ..အဲဒီလူကစကားကိုဆက်တယ်။

“ အဲလိုနည်းတွေနဲ့မရတော့ဘူးဆိုရင်..တစ်ခုပဲကျန်ပါတော့တယ်”

“ ကဲ..ပြောပါဦး”

ဆရာဦးဟိန်းလတ်ကစကားကိုဝင်ထောက်ပေးတယ်။

“နှလုံးသားနဲ့ရှာဖို့ပါ”

အုံးကနဲအသံတွေပြန်လျှံထွက်လာတယ်။

“ ငပေါ”

“အေးလေ..ဘာလဲဟ..နှလုံးသားနဲ့တဲ့”

“အရေးထဲမှ..”

“ဘာဝင်ရှုပ်တာလဲမသိဘူး…..”

“ဒါရုပ်ရှင်ရိုက်နေတာမဟုတ်ဘူး”

ဒီတစ်ခါခုံထုရသူက သဘာပတိကြီးတွေပါ။

“ ကဲ..ရှင်းအောင်ပြောပါစေဦး..”

အဲဒီလူကတော့အေးအေးဆေးဆေးပဲ..။သူပြောချင်တာကိုဆက်ပြောတယ်။

“အဲဒီမနော်ဟရီဆိုတာ..ကျွန်တော်မသိပါဘူး…ဒီတော့ကျွန်တော်တော့ရှာလို့မရ
နိုင်ဘူး..နှလုံးသားနဲ့ရှာဖို့ဆိုတာထက်..မနော်ဟရီကို နှလုံးသားနဲ့သိဖို့လိုပါလိမ့်မယ်”

“ မဖြစ်နိုင်တာ”

“ဟုတ်ပ”

အသံတချို့ထွက်လာပေမယ့်..သူကဆက်ပြောပါတယ်။
“ အဲဒီအတွက်..အသိနိုင်ဆုံးလူက..ခုလောလောဆယ်မှာ တစ်ယောက်ရှိပါတယ်..
အဲဒါ..သူ့သား..ခေတ်နေ..ပါပဲ”

ဒီတော့မှ..အသံတိတ်သွားတော့တယ်။

ဆိတ်ဆိတ်နေခြင်းဟာဘာဆိုလား..။

“ ဒီလောက်အများကြီးဖြစ်နေတဲ့ မနော်ဟရီ အတုတွေထဲမှာ..အစစ်ကိုနှလုံးသားနဲ့
ရွေးနိုင်မှာသူပဲရှိနိုင်မယ်လေ..ကျန်တဲ့မိတ်ဆွေတွေတော့နောက်စာရင်းထဲ တို့ထားရ
မှာပေါ့..။ကဲကဲ..ဒီနေ့အစည်းအဝေးကိုဒီလောက်နဲ့ရပ်ပြီး နောက်နေ့မှ ခေတ်နေလေး
ကိုခေါ်ရအောင်..ဟိုမှာ ဆိုင်ရှင်ကနာရီတကြည့်ကြည့်ဖြစ်နေပြီ..”

အခမ်းအနားမှူးကအဲဒီလိုပြောပြီး ဘယ်သူ့ထောက်ခံချက်မှမယူပဲ..ကိုနေမျိုးဆေးမျက်
နှာတစ်ခုတည်းနဲ့ အခမ်းအနားကိုရုပ်သိမ်းပစ်လိုက်တယ်။

နောက်နေ့ကျရင်တော့သူတို့ကလေးကိုခေါ်ပြီး ပွစာတက်နေတဲ့ မနော်ဟရီတွေကို လိုက်
ပြမှာလား၊ အဲဒီ မနော်ဟရီအတုတွေကို စုစည်းခိုင်းထားပြီး ခေတ်နေကိုရွေးခိုင်းမှာလား။
ဘယ်သူမှသေချာမသိသေးဘူး။ သူတို့ခေါ်တိုင်းရော..ခေါင်းကြောမာတဲ့ မနော်ဟရီ
တွေကလာမှာတဲ့လား..။ ဇာတ်ကတော့အတော်ကြည့်လို့ကောင်းဦးမှာပါ။
အကောင်းဆုံးအပိုင်းကတော့..နှလုံးသားနဲ့ရွေးချယ်မယ့်အပိုင်းပေါ့။

အကယ်၍များ..လွဲခဲ့သည်ရှိသော်..။

မလွဲခဲ့သည့်တိုင်…မရွေးနိုင်ခဲ့သည်ရှိသော်…
……………………….
ဇာတ်ကဘယ်လိုသိမ်းမယ်မသိသေးဘူး..။ ကြည့်ကြသေးတာပေါ့…။

အမှန်က..အစစ်ကိုမတွေ့လို့လည်းးဘာမှမဖြစ်ပါဘူး။
သူမရှိလို့စာပေလောကကြီးဘာမှဖြစ်သွားမှာမှမဟုတ်တာ..။
(စာရေးသူ)

(ဒီစာမူက..ပြီးခဲ့တဲ့အောက်တိုဘာ..၂၀၀၈ ရတီ မဂ္ဂဇင်းမှာ အင်တာဗျူးနဲ့အတူ
ပါသွားခဲ့တဲ့စာမူပါ…။ တော်တော်လေးလည်းပြောခံလိုက်ရတဲ့ အင်တာဗျူးဖြစ်
ပါတယ်။ (ပါရမီကထူးတာကိုး ) ဖြေတာတွေကိုကြီးကြီးကျယ်ကျယ်..ဆောင့်
ကြွားကြွားတဲ့လေ…း)

မနော်ဟရီ


ဘာဖြစ်ဖြစ် ကျနော်ကတော့ ခုလက်ရှိ မနော်ဟရီကို ရင်ဘတ်နဲ့ ရွေးချယ်ခဲ့ပါတယ်… ခေါင်းကြောမာတဲ့ မနော်ဟရီကို ခေါင်းကြောတင်းတဲ့ သူတွေက ရင်ဘတ်နဲ့ ရွေးမှာပါ… နှလုံးသားက လက်ခံမှ ဘယ်သူက မနော်ဟရီ အစစ်ဆိုတာ အဖြေထွက်လိမ့်မယ်…

ဒါပေမယ့်… ကိုယ်တိုင်ခင်မင်ခွင့် ရတော့ ခုချစ်ခင် လေးစားရတဲ့ “မနော်ဟရီ” ကို အစစ်အတု ခွဲရတော့ မလိုလို…
အတုလဲ ဖြစ်နိုင်တယ်… အစစ်လဲ ဖြစ်နိုင်တယ်… ဒါပေမယ့် ခုလက်ရှိ ကျနော် မကြီးလို့ တရိုသေ ခေါ်ပြီး လေးစားရတဲ့ မကြီး(မနော်ဟရီ) က အတုဖြစ်စေ အစစ်ဖြစ်နေစေဦးတော့… တစ်ဘဝလုံးစာ ကျေနပ်မိတယ်… အတုဖြစ်နေရင်တောင်မှ မနော်ဟရီ အစစ်ကို မရှာတော့ပါဘူး…း)






မကြီးရေ….

ဒီမနော်ဟရီ အတု ဆိုတဲ့ ပိုစ့်လေးကို သား အရမ်းသဘောကျခဲ့တယ်… ဒါကြောင့် မကြီးရဲ့မွေးနေ့မှာ မကြီးကို အမှတ်တရ ပြန်ပေးခဲ့တယ်နော်… မကြီးပိုစ့် ကို သား ထပ်ပြီးထည့်ထားတယ်… မွေးနေ့ အမှတ်တရပေါ့…
မကြီးရေ… မွေးနေ့မှာ ပျော်ရွင်စေဖို့ ဒီပိုစ့်လေးနဲ့ (၁၄) ဒီဇင်ဘာ ဆုတောင်း ကဗျာလေး ပေးပြီး မွေးနေ့ ဆုမွန်ကောင်းတောင်းပေးပါတယ်..

ချစ်ခင်လေးစား ရသော မကြီး တစ်ယောက် ချစ်သား ကိုကို နဲ့ ပျော်ရွှင်ချမ်းမြေ့သော ဘဝလေးကို ယခုမွေးနေ့မှ စပြီး ထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့။။။


GOD BLESS YOU!


ချစ်ခင်လေးစားခြင်းများစွာဖြင့်

ဖိုးစိန်

Thursday, 10 December 2009

ကြည့်ချင်သူများ အတွက်သာ

နေ့တိုင်း CITY HALL နဲ့ ORCHARD ကို ပဲမျက်စိလည်အောင် မရိုးအောင်ပို့ပေးတဲ့ ဘလော့ဂါ ရုပ်ဆိုးဆိုး ပုံဆိုးဆိုး ကိုကို မမ ညီ ညီမ ပုံတွေကို မတင်ဘူး... ဒင်းတို့ အားလုံးကို စိတ်နာတယ်.... စိတ်နာတယ်... အားလုံးကို...း(




















ကြည့်လို့ ဝသွားပြီးလား..... ဒီကောင်လေး ချောတယ်လို့ ပြောမလား... မဲ့ကာရွဲ့ကာနဲ့ အတင်းပြောမလား... ကြိတ်ပြုံးပြီး ဘာကောင်လဲကွလို့ ပြောမလား... ဘာပြောပြော.... ပေါ့... ပုံတွေ ခိုးပြီး သိမ်းမထားနဲ့နော်းးးးးးးးးးးးးးးးးး သားရှက်တယ်...



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Tuesday, 8 December 2009

စဉ်းစားကြည့်ပါ(ကျနော်မှားလား ဆိုတာ)

ကျနော် စကာင်္ပူ ရောက်တာ ဒီနေ့နဲ့ဆို (၄)ရက် ရှိပါပြီး... စကာင်္ပူရောက်တော့ လူတွေ အကြောင်းပိုသိလာတယ်... အကြောင်းသိအောင် ပေါင်းကြည့်ဆိုတဲ့စကား သိပ်မှန်တာပဲ... ခုပြောချင်တဲ့စကားတွေကို စဉ်းစားပြီး ဆုံးဖြတ်ကြပါ... ကျနော်မှားသလားဆိုတာကိုပါ...

ခုပြောမယ့် ပထမဆုံးသော သူက ကိုမိုးကုတ်သား ခေါ် ကိုမောင်ဟန် နဲ့ ပတ်သက်တဲ့အကြောင်းပါ... ကျနော်စကာင်္ပူ မလာခင်က ကိုမိုးကုတ်သားက စကာင်္ပူလာရင် နေရေးစားရေးက အစ သွားရေးလာရေး အစစအရာရာ တာဝန်ယူမယ်လို့ ကတိပေးထားပါတယ်... ကျနော့် အနေနဲ့ဆို RAFFEL HOTEL မှာ တည်းနိုင်တဲ့ အခြေအနေပါ... ဒါပေမယ့် ကျနော့်လို ကောင်က ညီအကိုစိတ်ဓာတ်ရှိပါတယ်.. ဟိုတယ်မှာ တည်းမဲ့ ကိစ္စကို ဖျက်ပြီး ကိုမိုးကုတ်သားကို ငဲ့ညှာသော အားဖြင့် သူတောင်းတောင်းပန်ပန် တောင်းဆိုချက်ကို မျက်စိမှိတ် လိုက်လျှောလိုက်ပါတယ်... ဒါပေမယ့် ကျနော် သူ့အိမ်ကို ရောက်ပြီးတဲ့ နေ့မှာ အကြီးအကျယ်မှားမှန် သိခဲ့ရပါတယ်ခင်ဗျာ...

ကျနော်ရောက်တော့ ကျနော့်မှာ ယူရိုငွေသားတွေပဲ ပါပါတယ်... စကာင်္ပူငွေ မရှိတဲ့အတွက် ကျနော် ကိုမိုးကုတ်သားပိုက်ဆံကိုယူ သုံးပါတယ်... ကျနော်ပိုက်ဆံကို စကာင်္ပူဒေါ်လာ လဲဖို့ အိမ်ကနေကြိုးစားပါတယ်... ဒါပေမယ့် မလဲဖြစ်ခဲ့ပါဘူး... ဒါကြောင့် လိုတဲ့ပိုက်ဆံကို ကိုမိုးကုတ်သား ပိုက်ဆံအိတ်က လိုသလိုယူသုံးမိပါတယ်... ကျနော် သူများပိုက်ဆံသုံးရတာ စိတ်ထဲမကောင်းပါဘူး... ကျနော် အများကြီးလဲ ယူမသုံးပါဘူး... မနက်မိုးလင်းရင် ကျနော် starbucks မှာ ကော်ဖီသောက်ပါတယ်... ကျနော့်တစ်ယောက်တည်း မဟုတ်ပါဘူး... ခင်ခင်မင်မင် ဘလော့ဂါ ညီအကိုတွေကိုခေါ်ပါတယ်... ဘယ်လောက်ကုန်မလဲ... မဟုတ်ဘူးလားဗျာ.... နေ့လည်ဆိုရင် ကိုမိုးကုတ်သား ချက်ပေးရမှာ စိုးရိမ်တာ တစ်ကြောင်း အလုပ်တစ်ဖက်နဲ့ ပင်ပန်းမှာစိုးရိမ်တာ တစ်ကြောင်း ကျနော် ထမင်းဟင်းကို ဟိုတယ်ကနေ မှာစားပါတယ်... TAKE AWAY ပါ... ဒါကလဲ အားနာလို့ပါ... စေတနာပါ... ညနေဆိုရင် တော့ သူနဲ့ နှစ်ယောက်ပေါင်းစားမယ်ဆိုပြီး CITY HALL ကိုလိုက်သွား စားချင်ရာစားပါတယ်... ဘယ်လောက်များကုန်မှာမို့လဲ... ဒါပေမယ့် ကျနော့်ကို အသုံးအဖြုန်းကြီးသူလို့ စွတ်စွဲပြီး ငါးဒေါ်လာကို အိတ်ထဲထည့်ပေးပါတယ်... ကျနော့်မှာ ယူရိုငွေတွေ အများကြီးမှ အများကြီးပါ... လဲဖို့ အခြေအနေ မပေးလို့ မလဲ နိုင်တာ ကျနော်မှားလားးးးးးးးးးးးးး... စဉ်းစားကြည့်ပါ.... ကျနော်မှားသလားးးးးးးးးးးးးးးးးးးးးးးးးးးးးး

နောက်တစ်ခု.... ကျနော်နေဖို့ သီးသန့် ပြင်ထားပေးတယ်တဲ့... ဘလော့ဂါတွေ ကြားမှာ ကိုမိုးကုတ်သား ဂုဏ်ယူ တတ်ပါတယ်... တကယ်တော့ သူက ဟန်ရှိပြီး အဆန်မရှိတဲ့ သူပါ.... သူ့ရဲ့ လှုပ်လီ လှုပ်လဲ ကလေးကုတင်သေးသေးလေးမှာ အပိုခေါင်းအုံးလေး တစ်လုံးထားပေးယုံနဲ့ သူက ကျနော့်အပြည့်အစုံထားသူ လိုဝင့်ကြွားလွန်းပါတယ်... ခင်းပေးတဲ့ အိပ်ယာခင်းက သူချစ်သူ ပြာပြာကို ချစ်လို့လားတော့မသိဘူး... အပြာကိုသုံးထားတာ... နှစ်ပေါင်းများစွာကြာတဲ့ ဒီအပြာက နက်မှောင်တောက်ပြောင်လို့ နေတယ်... (ကြားရတဲ့သတင်းအရ နှစ်နှစ်တာမှာ ကျနော်မလာခင်လျှော်ဖွတ်ထားတာပါတဲ့)... အဲဒီလို နက်ပြာမှောင်နဲ့ နီရဲတွတ် ခေါင်းအုံးစွပ်ကို တွဲပြီး ခေါင်းအုံးသေးသေးလေး တစ်လုံးနဲ့ ကုတင်သေးသေးလေးပေါ်မှာ ကျနော့်ကို ပေးအိပ်ပါတယ်... စဉ်းစားကြည့်ပါ... ကျနော့်လို ပေါ်ပြူလာ တစ်ယောက်အနေနဲ့ ဘယ်လောက် အနေကျပ်သလဲဆိုတာ... ဒီကြားထဲ ကျနော် ညညအိပ်လို့ ယောင်ရင်း ကန်မိတာကို သူက အပြစ်ပြောပါသေးတယ်... ခုတော့ ကျနော်ယောင်ပြီး ကန်လိုက်တဲ့ အရှိန်နဲ့ သူ့နံရိုးတွေ အောင့်နေပါတယ်တဲ့... ကဲ... ကျနော်လူဆိုးမဖြစ်ပေဘူးလား... စဉ်းစားပေးကြပါ... ကျနော်အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်ကို မကြိုက်လို့ ဒီနေ့ စူပါမားကတ်မှာ သူ့ရဲ့ ခရက်ဒစ်ကတ်ကိုယူပြီး တစ်ပတ် တစ်စုံစာနဲ့ ကျနော် ငါးခု အရောင်စုံရွေးခဲ့ပါတယ်... ကျနော် အဲဒါမှားသလားးးးးးးးးးးးးးးးးးး... သူ့ကို ကျနော်ဘာလုပ်မိသလဲ.... ကျနော်သူ့ကို မထိခိုက်ပါဘူး... ခု သူက အဲဒိစိတ်နဲ့ နှလုံးအောင့်နေပါတယ်တဲ့... လူသနားအောင် ပြောတတ်တဲ့သူ့ကို သနားမလား... ကျနော်ကုတင်သေးသေးလေးမှာ ဟိုကန်ဒီကန်နဲ့ နက်ပြာရောင်အိပ်ယာခင်းပေါ်က နီရဲရဲ ခေါင်းအုံးစွပ်ကို အုံးပြီး ကျပ်ကျပ်တည်းတည်း အိပ်ရတဲ့ ကျနော့်ကို သနားမလား.... စဉ်းစားကြည့်ပါ....

ဒါတွေက သူကျနော့်ကို ထားတဲ့ အခြေအနေမှန်ပါ... ကျနော့်ဘဝက သနားစရာကောင်းလှပါတယ်... သူများအိမ်မှာကပ်နေ ကိုယ့်ပိုက်ဆံမထုတ်ပဲ သူများပိုက်ဆံကို ယူသုံးမိနေတဲ့ ဘဝပါ... အားလုံးသိကြပါတယ်... သူမျက်နှာကြည့်ပြီး နေရတဲ့ဘဝပါ... အားလုံးသိပါတယ်... သွားဖို့ လာဖို့ အိတ်ကပ်ထဲ ငါးကျပ်ထည့်ပေးတာပါ... ကျနော်ချစ်တဲ့ ဘလော့ဂါညီ အကို မောင်နှမတွေကို တွေ့ရင် ကျနော့်ခမျာ ကော်ဖီဆိုင်တွေ အအေးဆိုင်ကြီးတွေမှာ အားရပါးရ တိုက်ချင်ပါတယ်... ဒါပေမယ့် ကျနော့်မှာ ငါးကျပ်ပဲ ရှိတဲ့ဘဝပါ... ကျနော့်တိုက်ချင်ပေမယ့် သူ့ မျက်နှာကြည့်နေရလို့ အားလုံးအတွက် စိတ်မကောင်းပါဘူး.... ကျနော်မှားလားးးးးးးးးးးးးးးး

အဆိုးရွားဆုံးက ကိုမိုးကုတ်သားအိမ်မှာ ရေမသောက်ရပါဘူး... ရေကို ကျိုပြီးတိုက်ပါတယ်... မကြိုက်ပါဘူး... ဒါကြောင့် သူ့ပိုက်ဆံအိတ်က အကြွေစေ့တွေယူပြီး ရေဝယ်သောက်တာ ပွစိပွစိ လုပ်ပါတယ်... ရေ အကျိုးဆယ်ပါးပါ... သူကုသိုလ် မယူတတ်ပါဘူး... ကျနော်စိတ်မကောင်းပါဘူး... နောင်အခါ ကိုမိုးကုတ်သားအိမ် လာရင် ကိုယ့်ရေဗူး ကိုယ်ယူလာကြပါလို့... ကပ်စည်းနဲ ကော်တရာ မိုးကုတ်သားပါ....

ရောက်နေတဲ့ လေးရက်အတွင်း အင်ဂျင်နီယာတစ်ဖြစ်တလဲ ကိုမိုးကုတ်သားရဲ့ အကြောင်းတွေကို ပိုပိုသိလာရပါတယ်... ပြီးခဲ့တဲ့ တနင်္ဂနွေက ချက်ပြုတ်စားသောက်ဖို့ ဈေးသွားပါတယ်... စူပါမားကတ် တစ်ခုပါ... အဲဒီမှာ အသားတွေကိုကြိတ်ထားတာ ဝယ်ပါတယ်... ဝယ်တာ သုံးကီလိုပါ... ဒါပေမယ့် ချိန်လိုက်တော့ ၂ ကီလို ကျော်ကျော်ပါ... ပိုက်ဆံရှင်းတော့ နှစ်ကီလို ကျော်ကျော်က ဒေါ်လာ တစ်ရာကျော် ကျနေပါတယ်... ကျနော် အရမ်းအံ့သြ ရပါတယ်... မယုံနိုင်စရာပါ... သေချာအောင် ကိုမိုးကုတ်သားကို ထပ်ခါထပ်ခါမေးတော့ သူက စိတ်နဲ့ တွက်ချက်ပြီး စဉ်းစဉ်းစားစား ခေါင်းတညိတ်ညိတ်နဲ့ ဒီလောက်တော့ ပေးရမှာပေါ့တဲ့... လွယ်လိုက်ပုံများ... ကျနော်မသေချာလို့ ထပ်ချိန်ခိုင်းတော့ တစ်ရာကျော်ကနေ တစ်ဝက်ဆင်းသွားပါတယ်... ဒါပေမယ့် ရေးထားတာ တစ်ကီလိုကို တစ်ဆယ်ကျော်ပါ... ဒီလိုနဲ့ မန်နေဂျာလုပ်သူ ကိုခေါ်ပြီးမေးတော့မှာ သုံးဆယ်ကျော်နဲ့ ဝယ်ခဲ့ရပါတယ်.. အတွက်အချက်ကောင်းပုံများ ကိုမိုးကုတ်သားကို လက်လန်ပါတယ်... သတိထားပါ... သူဆောက်တဲ့ အိမ်မှာနေလို့ကတော့ (၂၀၁၂)ထိ အသက်ရှည်မယ် မထင်ပါဘူးလို့.... မှန်တာပြောတာပါ... ကျနော်မှားသလားးးးးးးးးးးးးးးးးးးးး

ပြောပြန်ရင်လဲ အတင်းဖြစ်ပါဦးမယ်... ဒါပေမယ့် အမှန်ပါ... ခုတစ်လော နုနုလှလှပိုစ့်လေးတွေ တင်တော့ အားလုံးက ကိုဘိုကြီး စာရေးကောင်းတယ်... ကိုဘိုကြီးတော်လိုက်တာ... စာရေးကောင်းတယ်... ဘာတယ်ပေါ့... (ဘယ်လောက်ပြောပြော ဖိုးစိန်ကို မမှီပါဘူး- ဒါက စကားချပ်)... အဲဒါနဲ့ ကိုမိုးကုတ်သားတို့ စာရေးကောင်းတယ်ဆိုပြီး မာန်တွေတက် ဘလော့စပေါ့ ဒေါ့ကွန်းကနေ ဘလော့ဒေါ့ကွန်းဆီကို ပိုက်ဆံတွေ ပေးပြီးချိန်းလိုက်ပါတယ်... ဟောကြည့်... ခုတော့ ဘလော့စပေါ့ဒေါ့ကွန်းက ပျောက်ပြီး ချိတ်ထားတဲ့ လင့်တွေပါ ပျောက်လို့ ရွာလည်နေပါတယ်... သိပ်ပြီး မြှောက်ပြောလို့က မရ... နဂိုကတည်း မြောက်ချင်ချင်... လူစည်အောင် ဝစ်လစ်စလစ် ပို့စ်တွေ... ပန်းဥယျာဉ်ကလေးလိုပိုစ့်တွေနဲ့ ပညာပေးပိုစ့်တွေက ရေးလိုက်သေးတယ်... ရေးတဲ့ပိုစ့်တိုင်း စိတ်မပါလဲ ဖတ်ပေးရတာအမော... ကောင်းတော့ကောင်းပါတယ်... ကောင်းတယ်ပြောလိုက်လို့လဲ ဒေါ့ကွန်းကို ပိုက်ဆံပေးဝယ်တဲ့ အထိ မာန်တွေ တက်သွားတာနေမှာ... ကျနော် အမှန်ပြောပါတယ်... ကျနော်မှားသလားးးးးးးးးးးးးးးးးးးးးးး

လာနေတဲ့ လေးရက်အတွင်း တော်တော်များများ ပို့ပေးပါတယ်... CITY HALL အပေါ်ထပ် အောက်ထပ် ပြောတာပါ... စီးလိုက်ရတဲ့ MRT ဆိုတာလဲ ခေါင်းကိုမူးလို့... ဒါတွေကို ရှောင်ဖို့ ကျနော်က တက်စီဆိုရင် သူ့ ရင်ဘတ်က အောက်ချင်ပြန်တယ်... ကော်ဖီဆိုင်ဆိုရင် သူ့ခေါင်းက မူးချင်ပြန်တယ်... ရေဝယ်သောက်ရင် သူ့ မျက်လုံးတွေ ပြူးလာပါတယ်... အခုတော့ ရုံးမတက်နိုင်လောက်အောင် သူ့ခမျာ ဖျားနေပါတယ်... မသိရင် ဖိုးစိန် တော်တော်ဆိုးတယ် နေမှာပါ... ဖိုးစိန် ပြုစုရပါတယ်... ဖျားနေတဲ့ သူ ပူနေမှာစိုးလို့ ပန်ကာတညလုံးဖွင့် ပေးပါတယ်... သူအိပ်မရမှာစိုးလို့ ကျနော် ကြမ်းပေါ်မှာ လုံချည်လေးခင်းပြီး အိပ်ရပါတယ်... သူ့အကြွေစေ့တွေ အလာဟသ ဖြစ်မှာစိုးလို့ ဖဲကစားဖို့ ယူသုံးပေးပါတယ်... ကျန်းမာရေးနဲ့ ညီညွတ်အောင် ကျနော် သောက်ရေသန့်တွေ ဘူးကြီးဘူးငယ် ဝယ်ပြီး စုဆောင်းထားပါတယ်... အသီးအနှံတွေကို ဈေးကြီးတာမှ ဝယ်ပြီး ကျွေးပါတယ်... စားစေချင်လို့ပါ... သူ့ပိုက်ဆံပေမယ့် ကျနော့်မှာ စေတနာတွေ... အများကြီးပါ.... ဒီစေတနာတွေကို သူဝယ်လို့ မရနိုင်ပါဘူး.... ကိုမိုးကုတ်သားနားမလည်ပါဘူး...


သြော်..လူတွေ... အကြောင်းသိအောင် ပေါင်းကြည့်ဆိုတာ မှန်နေလေရဲ့ဗျာ... ကျနော် သည်းခံပြီး ဆက်နေ နေမှာပါ... ကျနော့်ကို စိတ်မပူကြပါနဲ့... ကျနော် အရမ်းသည်းခံ စိတ်ရှည်ပါတယ်... စိတ်ထဲရှိတာတော့ ပေါ့အောင် ချရေးလိုက်တာပါဗျာ... သူဘယ်လောက် ဆိုးဆိုး... ကျနော် သည်းခံပြီး နေမှာပါ...

နောက်တစ်ယောက် ရှိပါသေးတယ်... ဘလော့ဂါပါပဲ... သူအကြောင်းလဲ ရေးစရာတွေများပါတယ်... ဒါပေမယ့် လောလောဆယ် သူက ကောင်းနေသလိုလို ဖြစ်နေလို့ပါ... ဒါပေမယ့် ရေးပါမယ်... တောင်ပေါ်သားပါ... လူလိမ်လူညာ ကြီး... နောက်ကွယ်တမျိုး လူကြား တမျိုးဆိုတာ ထည့်မပြောချင်ပါဘူး... သူ့ အကြောင်းလဲ ပေါင်းကြည့်မှ သိလိုက်ရပါတယ်လေ... သြော်... ဖိုးစိန်ထိုက်နဲ့ ဖိုးစိန်ကံပေါ့လေ.... ဒါပေမယ့် ရေးမှာဘာာာာာာာာာာာာာာာာာ....

နောက် တစ်ယောက်က ကျနော့်ကို မသိမသာ ဖဲ့သွားတဲ့ ပွဲမင်းသားနာမည်နဲ့ ဆောင်းချမ်းမိုး ဆိုတဲ့ ဘလော့ဂါပါပဲ... သူက ပေါ်ပြူလာ ဖိုးစိန်ကို မကျေနပ်ပုံပေါ်လွင်ပါတယ်... အချက်အလက်စုဆောင်းနေတုန်းမို့ မဖဲ့သေးတာပါ...


ဒီပိုစ့်ကိုတော့ စိတ်မကောင်းခြင်း ကြီးစွာ မျက်ရည်စက်လက်နဲ့ အနားမှာ အသီးစုံတွေ... အအေးတွေ ကို စားသောက်ရင်း ရေးမိတာပဲ.... မီးဖွင့်ပြီး စာရေးတာကို အိပ်မရလို့ အော်နေတဲ့ ကြားက အားငယ်စွာ စာရေးနေရသူပါ.... စဉ်းစားကြပါ... သနားကြပါ... ဖိုးစိန်မှားသလားဆိုတာ.....


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Sunday, 6 December 2009

ဆန္ဒ နဲ့ အလှူ

အားလုံး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေ...

ဖိုးစိန်ပျော်လားမေးရင်........ အားလုံးက ပြောကြမယ်...။ ဖိုးစိန်ကို အမြင်ကတ်တယ်လို့.......း)


ကျနော် စကာင်္ပူကို ရောက်တဲ့ နှစ်ရက်အတွင်း ဘဝမှာ အရင်က တခါ့ တခါ မှ မမြင်ဖူး မတွေ့ဖူးတဲ့ သူတွေကို နှစ်ပေါင်းများစွာက ပေါင်းသင်းဆက်ဆံလာခဲ့ တဲ့ သူတွေလို တွေ့ဆုံ ကြရတဲ့ ညီအကို မောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံခွင့် ရတဲ့ အတွက် အရမ်းကို ကျေနပ်ပီတိ ဖြစ်ရပါတယ်။ ညီအကိုမောင်နှမတွေရဲ့ ကြင်နာစိတ်၊ သနားဂရုဏာစိတ်တွေနဲ့ အချင်းချင်း နောက်ကြ ပြောင်ကြ အော်ကြနဲ့ အရမ်းကို ကျေနပ်ရပါတယ်။ ဇွတ်မှိတ်လာရတဲ့ စကာင်္ပူ ခရီးစဉ်က ကျနော့်အတွက် ထိုက်တန်ပါတယ်။ မောခဲ့သမျှ ဒီမျက်နှာတွေကို မြင်လိုက်ရတဲ့ အချိန်တွင်းမှာ အရမ်းကိုအားတက်ခဲ့ ပျော်ရွှင်ခဲ့ရပါတယ်။ ဒါကြောင့် ကျနော့်ကို သနား ချစ်ခင်ကြတဲ့ ညီအကို မောင်နှမများ အားလုံးကို ဒီနေရာက ကျေးဇူးတင်ပါတယ်...။ဒါ့အပြင် ဖုန်းဆက် လှမ်းနှုတ်ဆက်၊ မေးလ်ကနေ တဆင့် ဖုန်းကနေတဆင့် နှုတ်ဆက်ကြသူများကိုလဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ...။

ဒီနေ့ ညီအကို မောင်နှမတွေ ဆုံတော့ အတွေးတစ်ခုရတယ်... ကျနော်ကိုယ်တိုင် အရင်ကတည်းက လုပ်ချင်တဲ့ ဆန္ဒတစ်ခုပါ... အဲဒီဆန္ဒကို ထုတ်ပြောပြတော့ အားလုံးက တပြိုင်နက်ထဲ ခေါင်းညိတ်သဘောတူကျတယ်... ဝမ်းသာပီတိဖြစ်ရပါတယ်... အဲဒီ ဆန္ဒက ကျနော် စင်္ကာပူ ရောက်တုန်း ဘလော့ဂါမောင်နှမတွေ ဝိုင်းဝန်းပြီး ကျန်တဲ့သူများပါ အားလုံး ပါဝင်နိုင်မဲ့ အလှူတစ်ခုပါ... ဘုန်းကြီးကျောင်းတစ်ခုမှာ အလှူဆွမ်း၊ နှင့် ကျောင်း အတွက် လိုအပ်သည့် အရာ တစ်ခုခုကို ဆက်ကပ်လှူဒါန်းပြီး အလှူကိုလာတဲ့ ဘလော့ဂါမောင်နှမများ ၊အလှူကိုပါဝင်ကြမယ့် အလှူရှင် များ အပြင် ဘလော့ဂါမဟုတ်သူတွေနဲ့ တခြားဘုန်းကြီးကျောင်းကို လာမည့်သူများ ကို စားဖွယ်သောက်ဖွယ် များဖြင့် ဧည့်ခံ ကျွေးမွေး ဖို့ပဲ ဖြစ်ပါတယ်။ ဒီအလှူကို ရုံးပိတ်ရက် ဒီဇင်ဘာ (၂၅) သောကြာနေ့ (ခရစ္စမတ်နေ့ ) ရုံးပိတ်ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ုဒီအလွဴကို စကာၤပူ မွ ဘေလာ့ဂါမ်ားအၿပင္ စကာၤပူမွ စာဖတ္သူမ်ား၊ စကာၤပူ နိုင်ငံမှ မဟုတ်ပဲ တခြားနိုင်ငံများမှ ဘလော့ဂါများ အလှူရှင်များကို အလှူကုသိုလ် ပါဝင်နိုင်ရအောင် စီစဉ်ထားပါတယ်။ မည်သူမဆို ပါဝင်ဆက်သွယ် လှူဒါန်းနိုင်ပါတယ်...။ စကာင်္ပူမှ ဘလော့ဂါများ နဲ့ အလှူငွေ မထည့်ဝင်ပေမယ့် ဘုန်းကြီးကျောင်းကို လာရောက်နိုင်ပြီး ကျနော်တို့ ညီအကိုမောင်နှမတွေနဲ့ အတူ မည်သူမဆို အလှူကို လာရောက်နိုင်ပျော်ပါး ပါဝင်ဆင်နွှဲ နိုင်ပါတယ်။

အရင်ဘဝက ရေစက်ကြောင့် ဒီဘဝမှာ ကြုံရဆုံရတယ်..။

ဒီလို အခိုက်အတန့်လေးမှာ စုစုစည်းစည်း အလှူတစ်ခုကို ဖြစ်မြောက်အောင် ကုသိုလ်ပြု လှူဒါန်းချင်တဲ့ ဆန္ဒပါ...။ အားလုံးသိကြတဲ့ အတိုင်း အလှူမလုပ်ပေမယ့် ဒီမောင်နှတွေက အချိန်လစ်ရင် လစ်သလို တွေ့နေရပါတယ်။ အလှူ လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကလဲ ကျနော်တို့တွေရဲ့ ချွေးနည်းစာလေးနဲ့ အတူ အမှတ်တရ ကုသိုလ်ပြု လှူဒါန်းချင်တဲ့ ဆန္ဒတွေပါ...။ ဆန္ဒတွေ အားလုံး တထပ်တည်း ကြတဲ့အတွက် ကျေနပ်ပီတိဖြစ်ပါကြောင်းနှင့် နောက်ထပ် ဆန္ဒပြု ကုသိုလ်ပါဝင်ချင်သူများ က ဒီဇင်ဘာလ (၂၀)ရက် နေ့ နောက်ဆုံးထားပြီး BANK ACCOUNT 153726230 POSB သို့ လွှဲပေးနိုင်ပြီး ငွေလွှဲမည့် အကြောင်းနှင့် ငွေလွှဲပြီးကြောင်းကို crazydreamlover@gmail.com သို့ bobohan25@gmail.com သို့ မေးလ်ပို့ နိုင်ပြီး ဖုန်း - ၈၁၁၈၉၁၆၀ (ကိုမိုးကုတ်သား) ၉၀၆၂၃၂၃၉ (ဖိုးစိန်) ၉၆၆၉၂၉၄၆ (မက်မက်) စကာင်္ပူမှာ ရှိတဲ့ နီးစပ်ရာ ဖုန်းနံပါတ်များသို့ အလှူငွေများ ပါဝင်လှူဒါန်းနိုင်ပါသည် ဆိုသည့်အကြောင်း သတင်းကောင်းပါးပါတယ် ခင်ဗျာ။

အားလုံးကိုကျေးဇူးတင်ပါသည်





ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Saturday, 5 December 2009

စကာင်္ပူသို့ရောက်ပီး





စကာင်္ပူသို့ သောကြာနေ့ ညနေ(၉)နာရီခွဲ စကာင်္ပူသို့ရောက်ပါတယ်... ဘယ်လောက်ပင်ပန်းပင်ပန်း အဝမှာ အားရပါးရ ဆီးကြိုနေတဲ့ မောင်နှမတွေကို တွေ့လိုက်ရတော့ အရမ်းကို ပျော်ခဲ့ရပါတယ်...

လေဆိပ်မှာ လာကြိုကြတဲ့ ချစ်ကိုကြီး ကိုမိုးကုတ်သား ချစ်ဆုံး တောင်ပေါ်သား၊ ချစ်သယ်ရင်း ရီနိုမာန်၊ ကိုစည်သူ၊ ဖိုးသင်္ကြန်၊ ညီငယ် ရေတမာနဲ့ ချစ်ပိုင်.... ချစ်ညီမ မိုးခါး၊ ချစ်ချစ်ချစ်တဲ့မောင့်ချစ်ချစ်မက်မက်၊ ချစ်ညီမ မေလေး၊ ဇာတ်ဆရာကတော် ချစ်မ မေပြာ၊ စာမေးပွဲတစ်ဖက်နဲ့ ရောက်လာခဲ့တဲ့ ချစ်ညီမ မေသူ၊ မမ နန်းသန္တာ တို့ ကို အရမ်းကျေးဇူးတင်ကြောင်းနဲ့ အရမ်းအားရကျေနပ်ကြောင်း ပြောချင်ပါတယ်... အထုပ်တွေကို လုသယ်နေလိုက်တာများ... ကြည်နူးစရာကောင်းပါတယ်... မနာလိုဖြစ်အောင်ကိုပြောပါတယ်...

လေဆိပ်မှာ မမျှော်လင့်တဲ့ အဖြစ်အပျက်တွေက စုံလို့.... ဒီကြားထဲ ဓာတ်လှေကားက မှားသေး.... ဖိုးစိန်လဲ မူးလဲသွားပါတယ်... လာကြိုတဲ့ ချစ်ညီမ ချစ်မတွေလဲ အားခနဲ အော်လိုက် ဖိုးစိန်လဲ လောကကြီးနဲ့ ခဏ အဆက်ပြတ်သွားရပါတယ်.. အင်း... ဘာကြောင့်လဲဆိုတာ... လာကြိုတဲ့သူများမှ လွဲပြီး ဘယ်သူမှ သိနိုင်မယ်မထင်ပါဘူးလေ... မပြောပြကြနဲ့နော်...


လာကြိုမယ်ပြောပြီး ပုံပြောကြတဲ့ ဆောင်းချမ်းမိုး၊ ဏီကင်း၊ ကိုကိုသုန်၊ တလနွန်တို့ကိုလဲ စိတ်ကောက်နေပါတယ်လို့ ပြောချင်ပါတယ်။

ဒီနေ့လဲ အမြင်ကတ်လောက်အောင် ရှော့ပင်ထွက်ပြီး တနင်္ဂနွေ နေ့မှာ ချက်ပြုတ်စားသောက်ကြမှာ ဖြစ်တဲ့အတွက် စကာင်္ပူက ဘလော့ဂါများ စာဖတ်သူများ သူငယ်ချင်းများအားလုံး ကျနော့်လက်ရာ စားဖို့ ဖိတ်ခေါ်လိုက်ပါတယ်...


ဘလက်တစ်လုံးကို စုပြုံပြီး သောက်ကြပါမယ်လို့....



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

(အားဖူးကွယ်... နာမည်ကြီးဆိုတော့ ရောက်တဲ့ ညကတည်းက မနက်ထိ ဖုန်းပြောတာလက်ကမလည်.... တွေ့ချင်တဲ့သူက များ... သြော်.. နာမည်ကြီး ဘလော့ဂါ ပေါ်ပြူလာဖိုးစိန် ဘဝ... အင်းး ... ခက်တယ်...)

သုံးမိနစ် အမြန် ဗျူးချင်သူများ ဖုန်းနံပတ် (၉၀၆၂၃၂၃၉) ဇာတ်မင်းသားဖိုးစိန်ဆီ အမြန်ဆက်သွယ်ကြပါလို့

Wednesday, 2 December 2009

ရန်ပွဲသတင်းနှင့် ဖိုးစိန် ခရီးစဉ်

အခုတလော ဘလော့ပေါ်မှာ ကြားရတဲ့ သတင်းတွေက မကောင်း… အဆိုးဆုံးက ပြီးခဲ့တဲ့ တစ်ပတ် စနေ၊ တနင်္ဂနွေက ဖြစ်ပျက်ခဲ့တဲ့ကိစ္စ… ဟိုလေးတကြော်ကြော် ဖြစ်ခဲ့တဲ့ ဒီကိစ္စက အင်တာနက်ခေတ် ဘလော့သမိုင်းမှာ မှတ်တိုင်တစ်ခုအဖြစ် ရာဇဝင်တွင်စေတဲ့ ခဲ့တယ်… ဘလော့ရွာတစ်ရွာလုံး (၂၄)နာရီစာမျှ အသံတွေ ဆိတ်သုန်း ဆွံ့အ ရပ်တန့် သွားခဲ့ရတယ်… အကြောင်းအရင်းကို ပေါင်းသင်းပြီး ပြန်ဆန်းစစ်လိုက်ရင်တော့ ဖိုးစိန် စမွှေခဲ့တဲ့ဇာတ်လမ်း ဖြစ်သွားတယ်… စိတ်မကောင်းပါဘူး… ဘလော့တိုင်းပြည်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲစေခဲ့သလို ဖြစ်သွားခဲ့တယ်… ဖိုးစိန်အားလုံးကို တောင်းပန်ပါတယ်… အားလုံးကို ပြေလည်စေချင်ပါတယ်… ဖိုးစိန်အားလုံးကို ချစ်ပါတယ်ဗျာ…. မရည်ရွယ်ပါဘူး… တမင်တကာ အကွက်ကျကျ စီစဉ်ခဲ့တာပါ…

ဖိုးစိန်ဆိုတာ ပုဂံ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်တုန်းကလိုပဲနာမည်ကြီးသမိုင်းတွင်ခဲ့တဲ့ ဘုရင်မင်းတရားကြီးတွေလိုပဲ… ခုအင်တာနက်ခေတ် မှာ ဘလော့ဂါတိုင်းပြည်ရဲ့ ဘလော့ဂါများ အသေချစ် အရှင်ချစ် ပိုစိုးပက်စက် မြိုးမြိုးမြက်မြက်ချစ်ရတဲ့ သူ ဆိုတာ ဘလော့တိုင်းပြည်တစ်ခုလုံးသိကြတယ်…

အသားအရည်ဖြူဖြူဖွေးဖွေး ချောမော ပြေပြစ် ချစ်စရာ ရုပ်သွင်နဲ့ စိတ်ရင်းကောင်းလှတဲ့ ဖိုးစိန်က နတ်တော်လ မှာ စကာင်္ပူ မြို့တော်ရှိရာ ကိုအလည်သွားဖို့ သတင်းတစ်ခု ထုတ်ပြန်ခဲ့တယ်… အလည်သွားမယ်ဆိုတဲ့အချိန်က စလို့ ဘလော့လောကမှာ တီးတိုးတီးတိုးနဲ့ တွတ်ထိုးဆူညံ နေရာကနေ တဖြည်းဖြည်း အသံတိတ်တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ရတယ်…

မသိမသာ တိုးတိုးတိတ်တိတ် စကားစစ်တွေခင်းနေကြတယ်… အသံတိတ်တိုက်ပွဲတွေ ဆင်နွှဲနေခဲ့ရသလို လက်သီးဗုန်းတွေနဲ့ အချင်းချင်းပြစ်သွင်းပြီး တိုက်ခိုက်နေခဲ့ကြရတယ်… ပြီးခဲ့တဲ့ အပတ် ဖြစ်ရပ်က ဘလော့တိုင်းပြည်တစ်ခုလုံး တုန်လှုပ်ခြောက်ခြားပြီး အဖွဲ့အသီးသီး ကွဲထွက်သွားမတတ်ဖြစ်ခဲ့ရတယ်…

ဇာတ်လမ်းက ဒီလို….

ဖိုးစိန်ကို မြတ်မြတ်နိုးနိုး တန်ဖိုးထား ချစ်တဲ့သူနှစ်ယောက် ရှိတယ်… တမြေထဲနေ တရေထဲ သောက်ပြီး ညီအကိုလို နေလာကြတဲ့ မိုးကုတ်သားနဲ့ တောင်ပေါ်သား… ဖိုးစိန် စကာင်္ပူကို အလည်လာမယ် သတင်းရတော့ ဖိုးစိန်ကို ချစ်ကြတဲ့သူ ပီပီ စကာင်္ပူလာရင် ဖိုးစိန်ကို ခေါ်နေဖို့ ကြိုးစားကြတယ်… ပေါ်ပေါ်ကလဲ ချစ်ကိုဆိုပြီး သူနဲ့ နေစေချင်သလို ကိုမောင်ဟန် ကလဲ ချစ်ညီ ဆိုပြီး အနားမှ တဖဝါးမှ မကွာ ထားချင်နေတယ်… အဲဒီ အချိန်ကစပြီး မိုးကုတ်သားနဲ့ တောင်ပေါ်သားတို့က တစ်ယောက်ယောက်နဲ့ တစ်ယောက် တစောင်းနဲ့ မျက်ချီးလိုတဖြည်းဖြည်းချင်း အမြင်မကြည် ဖြစ်လာကြတယ်…

တိုးတိုးတိတ်တိတ်လုပြီး ဖိုးစိန်ကို သူခေါ်နေမယ် ငါခေါ်နေမယ်ဆိုပြီး စကြရာက အကြီးအကျယ် သဘောထားကွဲလွဲပြီး ဖိုးစိန် ကို ဘယ်သူပိုချစ်ကြောင်း ကြိတ်ပြိုင်ခဲ့ကြတယ်… တဖြည်းဖြည်းနဲ့ ပြိုင်ပွဲကြီးက ဖိုးစိန်မလာခင် မှာ ပြင်းထန်လာတယ်… ဘိုဘို မိုးကုတ်သားရဲ့ သူငယ်ချင်းဖြစ်သူ ရွာသားက ဘိုဘို့ဘက်က အမာခံ လက်တုံ့ပြန်ဖို့ သောက်ဖော်သောက်ဖက်တွေ ဖြစ်တဲ့ ကိုသီဟသစ်၊ ကိုရှင်ကြီး၊ ကိုရင်နော်၊ ဖိုးသင်္ကြန်၊ ရီနိုမာန်၊ ကိုလင်းဒီပ စတဲ့ ဗလတောင့်တဲ့သူတွေ စုဆောင်းတယ်..

တောင်ပေါ်သားကလည်း အင်အားတောင့်ပါတယ်… မကြောက်တမ်း တိုက်ပွဲဝင်မဲ့ စည်သူ၊ တလနွန်၊ ရေတမာ၊ သံလွင်ဟီးရိုး၊ ဗီလိန်၊ ဆောင်းချမ်းမိုး စတဲ့ အတွင်းအားသန်သူတွေ ပါဝင်လာရာကနေ သူ့ ဘက်ကိုယ့်ဘက်နဲ့ တစ်စတစ်စကြီးထွားလဲခဲ့ပါတယ်…။

ဒါတင်ဘယ်ကမလဲ…

မိန်းခလေးများဘက်မှာလဲ ပြသနာအကြီးအကျယ်တက်ခဲ့ပါတယ်… အဓိက က မိုးခါးနဲ့ မေလေးတို့ပဲဖြစ်ပါတယ်… မိုးခါးက ကိုဖိုးစိန်လာရင် ရှိတဲ့ဆိုင်မှာ အစားကောင်းတွေ ကျွေးမယ် ပြုစုမယ် ဆိုတာကို မေလေးက လုံးဝ လက်မခံပဲ သူကိုယ်တိုင် ချက်တဲ့ ထမင်းဟင်းကို ချက်ကြွေးမယ်ဆိုပြီး စကားများကြပါတယ်…

မိုးခါးက စကာင်္ပူတနိုင်ငံလုံး လှည့်လည်ပြီး ဘယ်နေရာ ၊ ဘယ်စားသောက်ဆိုင် ဈေးချောင်သလဲ လိုက်ကြည့်နေသလို မေလေးက စကာင်္ပူကိုဝင်သမျှ ကြက်ဥ ၊ဘဲဥ၊ ငုံးဥမကျန် ဒိုင်ခံသိမ်းနေပါတယ်… ဖိုးစိန်လာရင် ဖိုးစိန်ကြိုက်လွန်းတဲ့ ဥကြော်၊ပြုတ်၊သုတ်၊ မလွတ်စေရ ချက်ကျွေးမယ့် မေလေးရဲ့ စေတနာဖြစ်ပါတယ်… ပြီးတော့ လူသုံးယောက်ကိုင် ဓားမကြီး တစ်လက်ကို ဝယ်ထာပြီး ဖိုးစိန်များ မတော်တရော ရှူး ပန်းခဲ့ရင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရေတမာကို ဓားကိုင် ရာထူးတောင် ပေးထားခဲ့ပါတယ်…

မေလေးဘက်က ကောင်းကင်ပြာ၊နွေးနေခြည်၊မေသူ၊ နောင့် စတဲ့ သူတွေက တစ်ဖက် မိုးခါးဘက်က နွေးနွေးသဲမွန်၊ ကြယ်ဖြူစင်၊ ခရေညိုတို့ က တစ်ဖက် စသဖြင့် အဖွဲ့တွေကွဲပြီး ဖိုးစိန်ကိုဧည့်ခံ ပြုစုကျွေးမွေး ရေးအတွက်အပြင်းအထန်တိုက်ပွဲဝင်လာကြပါတယ်…

ဒီလိုတွေ ဖြစ်နေကျတဲ့ အချိန်မှာ ဖိုးစိန်ရဲ့ ချစ်လှစွာသော ချစ်ချစ်ချစ်တဲ့ မောင် ချစ်တဲ့ချစ်ချစ်ရဲ့ ချစ် ဖြစ်သူ မက်မက်က လေချွန်ပြီး ဒူးလေးနန့်နေပါတယ်… လာရင် ဖိုးစိန်ကို ကတုံးတုံး ဘုန်းကြီးပေးဝတ်ဖို့ ကြံစည်ထားတဲ့မက်မက်ရဲ့ အတိုင်ပင်ခံ ဖြစ်နေသူ က အခါတော်ပေး မြရေယဉ် ပါ… မြက လူ့စိတ်ထွက်ပေါက်ကို သိနိုင်သူ ပီပီ ဒီပွဲမှာ ဘယ်သူနိုင် ဘယ်သူရှူံးဆိုတာကို ကြိုမြင်ထားသူမို့ အကြံအဖန်လုပ်ပြီး နှစ်ဖက်ကို ရန်တိုက်ပေးခဲ့တာ မြနဲ့ မက် ဖြစ်ပါတယ်…

ဖိုးစိန်လာမည်ဆိုတဲ့ သတင်းကြားကတည်းက မှန်တင်ခုံ ရှေ့ကနေ မထွက်ပဲ လှအောင် အမျိုးမျိုး ပြင်ဆင် နေတာက ပိုင်ပိုင်… ဖိုးစိန်ကို မြင်ရင် ပြေးနမ်းဖို့ ကြိုးစားရင်း တစ်ယောက်တည်း မှန်တင်ခုံ ရှေ့ က မထနိုင်တော့ပါဘူး… ဖိုးစိန်ကို ဖြတ်လုဖို့ ကြိုတင်ကြံစည်ထားကြသူပါ… အားလုံးက အတွေးတွေ အကြံတွေနဲ့ ဖြစ်နေခဲ့ပြန်တယ်…။

ဒီပြဿနာကို ဖြေရှင်းဖို့ အတွက် ဘလော့ဂါထဲမှာ အသက်အကြီးဆုံး ဖြစ်တဲ့ အဆိပ်ခွက်က ဦးဆောင်ပြီး စိန်ခေါ်ပွဲကြီးတရပ်ကို စကာင်္ပူနိုင်ငံ ဒိုဗာမှာ ရှိတဲ့ မိုးကုတ်သားအိမ်မှာ (၆.၁၂.၂၀၀၉) တနင်္ဂနွေတွင် ပြုလုပ်ဖို့ တရားဝင်ကြေငြာခဲ့ပြီး အနိုင်ရတဲ့ အဖွဲ့စကားကို ရှုံးတဲ့အဖွဲ့နားထောင်ဖို့ သဘောတူခဲ့ကြပါတယ်… စည်သူက အစီအစဉ်မှုးအဖြစ် ဆောင်ရွက်ပြီး ဘလော့ရွာမှ ခုတစ်လော ပျောက်ဆုံးနေသူ မေတ္တာရောင်ပြန် ကို အဆုံးအဖြတ် မဲပေးဖို့ တောင်းဆိုခဲ့ကြပါတယ်…

ထိုအကြောင်းကို သိရ၍ စိတ်ပူနေသော ဖိုးစိန် ခမျာ စကာင်္ပူ နိုင်ငံသို့ (၃.၁၂.၂၀၀၉) ကြာသာပတေးနေ့ ညနေ(၇)နာရီတွင် လာနာကာ လေဆိပ်မှ ထွက်ခွာလာပြီး (၄.၁၂.၂၀၀၉) သောကြာနေ့ ည (၉)နာရီတွင် စကာင်္ပူနိုင်ငံ ချန်ဂီလေဆိပ် တာမီနယ် (၁)သို့ EK348 လေယာဉ်ဖြင့် ရောက်ရှိလာပြီး ဖြစ်နေတဲ့ ရန်ပွဲကို မီးထိုး (အဲ) ဖြန်ဖြေပေးမှာ ဖြစ်ပါတယ်။ လေဆိပ်တွင် အဖွဲ့နှစ်ဖွဲ့ကွဲပြီး တစောင်းနဲ့ မျက်ချေးလို တစ်ယောက်နဲ့တစ်ယောက် မဖြစ်စေရန် ဦးရှင်ကြီးမှ ပုလင်းကိုင်းပြီး လေဆိပ်တွင် စောင့်ကျပ်တာဝန်ယူပေးမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့တွင် ဖြစ်လာမယ့်ရန်ပွဲအစား ဖိုးစိန်မှ စကာင်္ပူ ဘလော့ဂါများကို မေတ္တာရေအေး တိုက်ကျွေးမှာ ဖြစ်ပါတယ်။ (ခုကတည်းက ရေတွေမှာထားတယ် )။ ညီငယ် ဆောင်းဆောင်းကိုလဲ အမည်ပေး ကင်မွန်းတပ် မွေးနေ့မင်္ဂလာ ဆောင်ပေးမှာ ဖြစ်ပါတယ်။အားလုံးကိုချစ်တဲ့ အတွက် အားလုံးကိုချစ်ပါတယ်။ မရည်ရွယ်ပါဘူး။ အကွက်ကျကျ စီစဉ်ခဲ့တာပါ။ အားလုံးကို တပျော်တပါးကြီး တွေ့ချင်ပါတယ်လို့ ....

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်


ခုဒီစာကို ဖတ်နေကြတဲ့အချိန်မှာ ဖိုးစိန်လဲ အထုပ်တွေ အပိုးတွေနဲ့ ရွာလည်နေမလား... လေယာဉ်ပေါ်အိပ်ပျော်နေမလားပဲ...



အမှန်တော့ ဒီပိုစ့်က အပျော်သက်သက်ပါ.... ရင်ထဲမှာလဲ တကယ့်ကိုပျော် နေပါတယ်... “ကိုဖိုးစိန်ရေ ကျနော်တို့ လာကြိုမယ်.. ညီမတို့ လာကြိုမယ်... ဘာလုပ်စားမယ်... ဘယ်သွားကြမယ်”ဒီလိုအသံတွေ ကြားရတော့ မျက်ရည်ကျမတတ် ပျော်မိတယ်... ဒီလူတွေက ဒီဘလော့ပေါ်မှာ ရင်းနှီးကြတယ်ဆိုပေမယ့် တခါတလေ စိတ်ချင်းတူတော့ ညီအကိုရင်းတမျှ ချစ်ခင်ရပါတယ်... ဒါကတော့ ဒီဘလော့လေးပေါ်က ရတဲ့ နွေးထွေးမှု သံစဉ်တစ်ခုပေါ့...

ဒီခရီးက ငါးနှစ်တာ ကာလမှာ ပထမဆုံးခရီး ဖြစ်တဲ့ အတွက် အပျော်ရွှင်ဆုံးနဲ့ အမှတ်ရဆုံး အဖြစ်ရင်ထဲ ကျန်ရှိချင်ပါတယ်... ဒါကြောင့် ဒီလိုပိုစ့်တွေ ရေးပြီးတင်နေတာကို စာဖတ်သူများ နားလည်ပေးကြပါ... ဘလော့ပေါ်မှာ စာဖတ်သူအတွက် စာကောင်းရေးချင်ပါတယ်... တတ်သလောက် မှတ်သလောက် ကိုလဲ ချရေးမိပါတယ်... ခုထိ ရေးတတ်သလိုရေးနေတဲ့ အချိန်မှာ ခုလို ညီအကို မောင်နှမတွေဆီက မေတ္တာတွေ ရတဲ့အတွက် စာရေးရကျိုးနပ်ပါတယ်... အခုဆို တကယ်ကို ပျော်နေပါတယ်... ဒီလိုအပျော်တွေကို ကျန်တဲ့ မောင်နှမတွေဆီ ကူးစက်သွားစေချင်တဲ့ ဆန္ဒပါပဲ... မျက်စိနောက်မယ် ဆိုရင်တော့ စိတ်မကောင်းပါဘူး... ခုလို ခရီးထွက်ရတာ ငါးနှစ်တာ ကာလာမှာ ပထမဆုံးထွက်လာရတဲ့ ခရီးမို့ အားလုံးပျော်ရွင်စွာနဲ့ စလို့ ပျော်ရွှင်စွာနဲ့တွေ့ဆုံလို့ အပျော်တွေနဲ့ ပဲ အဆုံးသတ်ချင်ပါတယ်..။

စကာင်္ပူမှာ ညီအကို မောင်နှမတွေ အားလုံး ပျော်ပျော်ရွှင်ရွင်တွေ့ဆုံကြပါစို့လို့ ဆုတောင်းရင်း လေယာဉ်ပေါ်မှာ အိပ်ပြီးစိတ်ကူးယဉ်လာပါတော့မယ်....

Friday, 27 November 2009

ကြေငြာချက်အတင်း

ကျန်းမာတော် မူစပါစ ခင်ဗျာ…

ယနေ့ မြန်မာသက္ကရာဇ် (၁၃၇၁)ခု နတ်တော်လဆန်း (၁၂)ရက် ၊ (၂၀၀၉) ခု နိုဝင်ဘာလ (၂၈)ရက် မနက်ခင်း ဘလောဂါ အတင်း များကို စတင် …. ကြေငြာပါတော့မယ်…

အတင်းခေါင်းစဉ်

နာမည်ကျော် ပြည်သူ့အချစ်တော် အော့ကျောလန် ပတ်ချွဲ နှပ်ချွဲ ပေါ်ပြူလာ ဘလော့ဂါ မျက်စိနောက် စိန်မျောက်မျောက် (ခ) ဖိုးစိန် စင်္ကာပူနိုင်ငံသို့ (၅) ပတ်ကြာမျှ သွားရောက်ပွေလီ ဒုက္ခပေး လည်ပတ်မည်ဖြစ်ကြောင်း

နာမည်မကြီး ထမင်းငတ် ပေါ်ပြူလာ စကာင်္ပူ ဘလော့ဂါ အကျော်အမော်များ ပြည်သူ့ အရှုပ်တော် ဖိုးစိန်အား ချန်ဂီလေဆိပ်တွင် မျက်စိနောက်လောက်အောင် လာရောက်ကြိုမည်ဖြစ်ကြောင်း

စကာင်္ပူနိုင်ငံသို ရောက်ရှိတဲ့အပတ်အတွင်း စိတ်ပျက်လက်ပျက် တာဝန်ယူလိုက်ရသည့် အနုအလှ ဂွကျကျ ဂေါ်မစွံ လူပြိုကြီး မိုးကုတ်သားအိမ်တွင် မျက်စိနောက်စရာ ဘလော့ဂါ အကျော်အမော်များကို မျောက် ဖိုးစိန်မှ မတတ်သမျှ လုံးချ ဟင်းချက်နည်းများဖြင့် တခါစားရုံနဲ့ ဆလံ တသွားရလောက်သော ဂရိ ဟင်းလျာများကို ချက်ကြွေးမည်ဖြစ်ကြောင်း၊ ခိုင်လုံသော အတင်းရပ်ကွက်မှ အတင်းများကို လက်ခံရရှိထားပါတယ်…..

ပတ်ချွဲနှပ်ချွဲ အရှုပ်ထုပ် မျောက်ငို ၏ ပြောရေးဆိုခွင့် ရှိသူ ချစ်ချစ်ချစ်သောမောင် ၊မောင်ချစ်သော ချစ်ချစ်ရဲ့ မောင့်ချစ်ချစ် မက်မက် ၏ တရားမဝင် ရောင်းစားမှု အတင်းအရ ဖိုးစိန်မှာ စကာင်္ပူ မလာခင် သုံးလေး လကျော်ကျော်က ပင် စကာင်္ပူ သွားဖို့ ပြင်ဆင်နေခဲ့ကြောင်း သိရပါတယ်…

ဖိုးစိန်ဟာ စကာင်္ပူ မလာခင် သုံးလေးလ အလိုကပင် စကာင်္ပူတွင် ကြွားလုံး ထုတ်ဖို့ရန် (၅)ပတ်စာ နေ့ ည အင်္ကျီ အစုံ (၇၀) ကျော်ကို မီးပူ တိုက်နေခဲ့ပါတယ်… ထိုအဝတ် များကို သုံးလ မတိုင်ခင်က ပင် မျောက် အုန်းသီးရသလို အိတ်ထဲ ထည့်လိုက် ပြန်ထုတ်လိုက်နှင့် ကြွားလုံးထုတ်ချင်သော အင်္ကျီ ဘောင်းဘီများမှာ ကြွေမွ၍ အကြိမ်ကြိမ် ပင်မီးပူတိုက်ခဲ့ ပြန်လျှော်ခဲ့ရ၍ ယခုဆိုရင် ထိုအဝတ်အစားများက ဘေထုပ်သာသာ လက်နှီးစုတ် သာသာ ဖြစ်နေကြောင်း ဖိုးစိန်၏ ချစ်ချစ်ချစ်သော မောင့် ချစ်ချစ် မက်မက် ၏ မဲ့ကာရွဲ့ကာ ပြောကြားချက်များ အရ အတင်းရရှိပါတယ်…

တနေ့ တနေ့ လိုသောပစ္စည်းများကို စာရင်းရေးပြီး ခေါင်းအုံးအောက်တွင်ထည့်အိပ်၊ တရေးနိုးလျှင် လိုအပ်သော ပစ္စည်းများကို သတိရသလို ထထထည့်တတ်သော၊ အလုပ်မရှိ အလုပ်ရှာပြီး ထည့်ထားသော ပစ္စည်းများကို ထိုင်ကြည့်နေတတ်သည့် မျောက်ငို၏ စိတ်ကျမ်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ ထိုစိတ်ခံစားမှုများဖြင့် ချန်င်္ဂီလေဆိပ်သို့ရောက်လျှင် ရောက်ချင်း နာမည်မကျော် ဘလော့ဂါ အကျော်အမော်များကို တွေ့လျှင် အကို မျောက်ငို တစ်ယောက် ရူးသွားနိုင်ဖွယ် ရှိသည်ကိုလည်း ညီမဖြစ်သူ အချောအလှ မိုးခါး ချိုတူးလေးမှ အားမနာ ပါးပနာ ဝေဖန်ပြောသွားကြောင်း အတင်းရရှိပါတယ်…

ဖိုးစိန်၏ အတင်းအဓမ္မ တောင်းဆိုချက်အရ မသက်မသာ လက်ခံလိုက်ရသော လူပြိုကြီး မိုးကုတ်သားမှာ ဖိုးစိန်လာခါနီးလေ ခေါင်းကျိမ်းလေလေဖြစ်၍ ဆံပင်များပင်ကျွတ်လာ၍ ကတုံးဆံပင်သို့ ပြောင်းညှပ်လိုက်ရကြောင်း၊ ဖိုးစိန်၏ အသည်းကျော် ပေါ်ပေါ်(တောင်ပေါ်သား) ခမျာလဲ ဖိုးစိန်လာဖို့အရေး တွေးပူလို့ အဖျားများပင်ဝင်ခဲ့ကြောင်း၊ ဘလော့မှာစာရေးကျဲသွားသော မေလေး ခမျာမှာလဲ ဖိုးစိန်လာရင် ဟင်းကောင်းစားရရေးအတွက် ကြက်ဥ၊ဘဲဥများကို စကာင်္ပူတနိုင်ငံလုံး လိုက်လံဝယ်ယူနေ၍ ဘလော့ပင် မရေးအားကြောင်း၊ ဦးရှင်ကြီးမှာ ခုကတည်းကပင် ဝိုင်းဖြစ်မြောက်ရေးအတွက် အရက်ချက်စက်ရုံတွင် အော်ဒါမှာယူနေကြောင်း အပြင် ဖိုးစိန်ကို ကြောက်သော သက်ပိုင်သူ တို့လို ဘလော့ဂါတစ်ချို့မှာ အထုပ်များပြင်၍ အမိမြေသို့ ပြန်ပြေးမည်ဖြစ်ကြောင်း၊ ဖိုးစိန်၏ ချစ်ချစ်ချစ်သော မောင့်ချစ်ချစ် မက်မက်က ဘုန်းကြီးအတင်းဝတ်ပေးမည့် အကြောင်းများကို ကွမ်းတမြုံမြုံ ဝါးရင်း မကောင်းကင်ပြာက အတင်းချသွားခြင်းဖြစ်ပါတယ်။

ဖိုးစိန်၏ အတင်းများကို တရားဝင်ထုတ်ဖော်ကြေငြာသူ သူငယ်ချင်းရီနိုမာန်၏ ပြောပြချက်အရ ဖိုးစိန်မှာ ဆိုက်ပရပ်စ်နိုင်ငံ မှ (၂၀၀၉) ဒီဇင်ဘာလ (၃)ရက် ကြာသာပတေးနေ့ နိုင်ငံစံတော်ချိန် ည(၇) နာရီခွဲတွင်ဆိုက်ပရပစ်နိုင်ငံ လာနာကာ မြို့မှ ထွက်ခွာလာပြီး ဒူဘိုင်းတွင် တထောက်နားပြီး သကာလ စကာင်္ပူနိုင်ငံ ချန်ဂီ လေဆိပ်သို့ ဒီဇင်ဘာလ (၄)ရက် သောကြာနေ့ စကာင်္ပူနိုင်ငံ စံတော်ချိန် ည(၉)နာရီတွင် ရောက်ရှိမှာ ဖြစ်ကြောင်း အတင်းရရှိပါတယ်။ မိုးကုတ်သား၊ တောင်ပေါ်သားနှင့်တကွ သူငယ်ချင်းရီနိုမာန်က လေဆိပ်တွင် ဖိုးစိန် ကို အသင့်စောင့်ကြိုနေမှာဖြစ်ပြီး ပျော်လွန်း၍ ရူးမသွားစေရန် စောင့်မတ်ကြည့်ရှု့ရမှာ ဖြစ်ကြောင်း လဲ သိရပါတယ်။

ဒီဇင်ဘာလ (၆)ရက် တနင်္ဂနွေနေ့တွင် စကာင်္ပူမှာ ဘလောဂါများ ဘလော့ဂါမဟုတ်သော စာဖတ်သူများ ဖိုးစိန်နှင့်တူတူ ပျော်ရွင်စွာ အရူးထနိုင်ရန်အလို့ငှာ လူပြိုကြီး မိုးကုတ်သားအိမ်တွင် တွေ့ဆုံပွဲ ပြုလုပ်မှာ ဖြစ်ပြီး ဖိုးစိန်မှ ဂရိအစားအစာများဖြင့် တခါတည်းဆလံတအောင် ချက်ကြွေးမည်ဖြစ်ကြောင်း၊ အသားစားသူများ၊ မစားသူများ၊ သက်သက်လွတ်သမားများအတွက်၊ အားလုံးအတွက် အဆင်ပြေအောင်ချက်ကြွေးမည်ဖြစ်ကြောင်း လဲသိရပါတယ်။ ထိုအပြင် ထိုနေ့တွင် အမှတ်တရအနေနဲ့ ညီငယ်ဆောင်းချမ်းမိုးကလဲ မွေးနေ့ ပြုလုပ်မည်ဖြစ်ပါသောကြောင့် အားလုံးအမှတ်တရ ပျော်ပျော်ပါးပါး ချက်ပြုတ်စားသောက်ကြမည့်အကြောင်း စကာင်္ပူနိုင်ငံမှ ဘလော့ဂါများအားလုံးနှင့် စာဖတ်သူများအားလုံးကို ကိုမိုးကုတ်သားအိမ်သို့ လာရောက်ဖို့ ဖိတ်ခေါ်ထားကြောင်း၊ ပျော်စရာကောင်းသော နေ့လေးတစ်နေ့ ဖြစ်ပါ့မည့်အကြောင်း ကိုလဲ ရီနိုမာန် မှ ပြောကြားသွားကြောင်း သတင်းရရှိပါတယ်.. ဆက်သွယ်ရန်ဖုန်းနံပတ်များကတော့ ကိုမိုးကုတ်သားတောင်ပေါ်သားရီနိုမာန်၊ မက်မက် မိုးခါး စသော ဘလော့ဂါများ နှင့် တစ်ယောက်ကို တစ်ယောက် ဆက်သွယ်နိုင်ကြောင်းလဲ သိရပါတယ်။


မျောက်ငိုမှာ စကာင်္ပူတွင် နေစဉ် (၅)ပတ်တာ ကာလအတွင်း စကာင်္ပူမှာ ထမင်းကျွေးသူများကို ဖုန်းကိုင်မျှော်နေမည်ဖြစ်ကြောင်းနှင့် တအိမ်တက်တအိမ်ဆင်း အားမနာတမ်းလိုက်စားမည်ဖြစ်ကြောင်းကိုပါ သိရပါတယ်...

ဤတွင် လတ်တလော အတင်းများကို ကြေငြာလို့ ပြီးပါပြီး။ နောက်ဆက်တွဲ သတင်းများကိုလဲ ရလျှင်ရသလို ကြေငြာသွားမည်ဖြစ်ကြောင်းပြောကြားရင်း အတင်းကဏ္ဍကို ရပ်နားလိုက်ပါတယ်

ကိုယ်စိတ်နှဖြာ ကျန်းမာတော်မူကြပါစေခင်ဗျာ…

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မျောက်ငို

Saturday, 21 November 2009

စာမျက်နှာ (၂၂)

တိမ်တွေ ငိုနေတဲ့ ကောင်းကင်ကြီးကို ပြတင်းပေါက်ကနေ တဆင့် မော့ကြည့်ရင်း ကျနော့် ညာဘက်လက်က ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ စာအုပ်လေးကို ဘယ်ဘက်လက်နဲ့ ညင်သာစွာ ပွတ်သတ်နေမိတယ်… ဒီစာအုပ်နဲ့ အတူ ရင်ထဲမှာ ခံစားချက်တွေ ရှိနေပေမယ့် တိမ်တွေလို မငိုတတ်တဲ့ ကျနော့်စိတ်တွေက ဒီစာအုပ်လေးကို ဖွင့် လိုက်မိတိုင်း လူမသိ သူမသိ ကျခဲ့ရတဲ့ မျက်ရည်စက် တချို့ကိုတော့ ဒီအတွင်းစာမျက်နှာတွေက ကောင်းကောင်း မှတ်မိနေမှာပါ…

သူမ ရေးခဲ့တဲ့ စာအုပ်ကို အမြဲတမ်း မဖတ်မိ ပေမယ့် ကျနော့်အနားမှာ အမြဲတမ်းရှိနေခဲ့တယ်… ဒီလိုပဲ ကျနော့် အနားမှာ အမြဲတမ်း မခေါ်ထားနိုင်တဲ့ သူမကိုလဲ ကျနော့်ရင်ထဲမှာ အမြဲရှိနေခဲ့တယ်… ဒါပေမယ့် ကျနော့်ရင်ထဲ အမြဲရှိနေတာကို သူမကိုယ်တိုင် သေချာ သိထားအောင် မရှင်းပြတတ်တာကိုတော့ ကျနော့် အမှားတစ်ခုလို့ မခံယူမိခဲ့ဘူး… သူမ ကျနော့်ကို မည်မျှချစ်သည် ဆိုတာကို သိထားခဲ့ပေမယ့် ကျနော်ချစ်သည်ကို သူမသေချာနားမလည်နိုင်ခဲ့.... သူမကို တော့ ကျနော် နားလည်စွာနဲ့ နှစ်နှစ်ကာကာ ချစ်မိပါတယ်…

တခြားသူ တစ်ဦးတစ်ယောက်အတွက် အချစ်ဆိုတာကို အဓိပါယ်အမျိုးမျိုး ဖွင့်ဆိုကြပေမယ့် ကျနော့်အတွက်ကတော့ ချစ်သူနှစ်ဦးက နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ကိုယ်ချစ်တဲ့သူ ကျန်းမာပျော်ရွင် နေရင် အဝေးကနေထိုင်ကြည့်နေရတောင် ပျော်နေတတ်တဲ့ သူပါ… မြတ်မြတ်နိုးနိုးနဲ့ အနားက အပျောက်မခံနိုင်အောင် သည်းသည်းလှုပ် ချစ်နေတတ်တဲ့ သူမနဲ့ ကျနော် တခါတလေ စိတ်အခန့်မသင့် နားလည်မှု လွဲတတ်ပေမယ့် အမြဲတမ်း အလျော့ပေးတတ်တဲ့သူမကြောင့်လဲ ကျနော် သူမကို မြတ်နိုးမိပါတယ်..

ဘာဖြစ်ဖြစ် သူမနဲ့ ကျနော်တို့ရဲ့ အချစ်သက်တမ်း ရက်တွေ တိုးလာနေခဲ့ပါတယ်… ဒီလိုရက်တွေ ရောက်တိုင်းလဲ သူမ ကျနော့်ကို ပေးထားခဲ့တဲ့ ဒီစာမျက်နှာလေးကို ဖွင့်ပြီး သူမ မကြားနိုင်တဲ့ ကျနော်ပြောချင်ခဲ့တဲ့ စကားတွေကို နှလုံးသားနဲ့ ပြောတတ်နေခဲ့ပါပြီး… သူမပြောနေကျ စကားများကို ဒီစာအုပ်လေးထဲမှာ မြင်ယောင်တိုင်း ကျနော်နှလုံးသားတွေ နွေးထွေးချိုမြ နေခဲ့သလို သူမအတွက် သနားစိတ်တွေနဲ့ အတူ နှလုံးသားလေး နာကျင်နေခဲ့ရပါတယ်…

ညင်သာစွာ ဖွင့်မိတဲ့ ပထမဆုံးသော စာမျက်နှာက ရင်ကို ကြည်နူးသွားစေမိသလို.....

စာမျက်နှာ (၁)

“ကိုကို…
ညလေး ကိုကို့ ကို အရမ်းချစ်တယ်… ညလေး အသက်ထက် ကိုကို့ကို ချစ်တယ် ညလေး ပြောမပြ တတ်လောက်အောင် ကိုကို့ ကိုချစ်တယ် ”
ညလေး

ကိုကိုလဲ ညလေးကို အရမ်းချစ်ပါတယ်… ကိုကို ပြောဖူးတယ်လေ… ညလေးကိုကို့ကိုချစ်ခဲ့တာဟာ ကိုကို့အတွက် မထင်မှတ်ပဲ မဟာသိန်းထီဆုကြီး ပေါက်ခဲ့သလို ကိုကိုပျော်ခဲ့ရတယ်လေ… ကိုကို ညလေးကို ဘယ်လောက်ချစ်တယ်ဆိုတာ ကိုကိုနှုတ်ကနေ ပြောဆိုနေတာ ထက် နှလုံးသားက အကြိမ်ကြိမ် ပြောနေတယ်ဆိုတာ အမှတ်ရနေပါ ညလေးရယ်…. ကိုကို ညလေးကို အရမ်းချစ်ပါတယ်… (ရင်ထဲမှာ တမ်းတရင်း ကျနော် ပြောမိတဲ့စကားကို သူမကြားနိုင်ပါစေ)….

စာမျက်နှာ(၂)


“ကိုကို……

ကိုကို….. ညလေးကို ချစ်ပါနော်… ညလေးကို ပြစ်မသွားပါနဲ့နော်…. ညလေးကို ထားမသွားပါနဲ့နော်…. ညလေးကိုချစ်ပါနော်… ညလေးကို ခွဲမသွားပါနဲ့နော်.. ကိုကို… ညလေး ကိုကို့ကို အရမ်းချစ်တယ်”

ပြောရက်လိုက်တာ ညလေးရယ်.. ကိုကို ညလေးကို ဘယ်တော့မှ မခွဲပါဘူး… ခွဲလဲ မခွဲနိုင်ပါဘူး… အရင်က ကိုကိုဘယ်လောက်ရှုပ်ခဲ့ ရှုပ်ခဲ့ ညလေးကို ကိုကိုချစ်မိတဲ့ အချိန်ကစလို့ ကိုကို့ ဘဝကို ညလေးကိုပေးပြီးသားပါ… ဒါပေမယ့် နားလည်ပါ ညလေးရယ်… ဝေးနေရပေမယ့် နေတတ်အောင်တော့ ညလေးကို နေစေချင်ပါတယ်… ကိုကိုလဲနေတတ်အောင် ကြိုးစားနေပါတယ်… တစ်ဘဝတာနီးဖို့ အတွက် ခဏတာဝေးနေတဲ့ အချိန်မှာ အားတင်းထားပါ… ကိုကိုနဲ့ ညလေး တစ်နေ့ တူတူနေရမှာပါကွာ…. (သူမစာကို နာကျင်ကြည်နူးမှု နဲ့ဖတ်ရင်းတိုးတိုးညည်းနေတာ သူမကြားနိုင်ပါ့မလား)

စာမျက်နှာ (၃)

“ကိုကို
ကိုကို ရက်စက်တယ်…
ညလေးကို မချစ်ဘူးလို့ ခံစားရတယ်…
ညလေးကတော့ ကိုကို့ ကိုလွမ်းလိုက်တာ… ကိုကို ကတော့ တစက်ကလေးမှတောင် စာမလာ အကြောင်းမကြားနော်… ကိုကို သိပ်နေနိုင်တာပဲ… ညလေးကို တကယ်မချစ်တာလား… ညလေးကို မချစ်တော့တာလား… ညလေး ကိုကို့ကို လွမ်းလို့ သေတော့မယ်ကွယ်…. ညလေးငိုချင်နေတယ်... အချိန်တိုင်းပဲကွယ်...

သတိရတယ်၊ လွမ်းတယ်ဆိုတာ ပြောမှ သိမှာလားညလေးရယ်… တတွတ်တွတ်ပြောနေမှ နေထိုင်ကောင်းမယ် ဆိုရင်တော့ ရင်ဘတ်ထဲက အနှစ်ထက် အပေါ်ယံက အဖြစ်တွေကို သာယာနေတာ ပိုများနေတယ်ဆိုတာ ညလေးသိထားပါ… တစ်ဖက်လူက သတိရနေလွမ်းနေရင် တစ်ဖက်ကလဲ ထပ်တူကျနိုင်တယ်ဆိုတာ ဘာလို့ စိတ်ထဲမှာ မမှတ်ထားတာလဲကွာ…. ဒီလိုဆို ကိုကို့စိတ်ကို ခုထိ အမှန်အတိုင်းမသိ သလို ကိုကိုခံစားရတယ်… (ကျနော့်စိတ်ထဲမှာ သူမကိုသနားပေမယ့် နားမလည်နိုင်တဲ့သူမ အတွက်စိတ်မကောင်းဖြစ်ရပါတယ်)

စာမျက်နှာ (၄)

“ကိုကို…

ညလေး ကိုကို့ကို ချစ်လို့ သဝန်တိုတာ ဆန်းသလား… ညလေးသဝန်တိုပေမယ့် ညလေးကိုကို့ကို အပြစ်ပြောဖူးသလား… ညလေး ချစ်တဲ့ကိုကို့ကို ညလေး မေးပိုင်ခွင့်… စိတ်ဆိုးပိုင်ခွင့်… သဝန်တိုပိုင်ခွင့် မရှိရဘူးတဲ့လား… ညလေး သဝန်တိုတာ ညလေးကိုကို့ကိုချစ်လို့လား မချစ်လို့လားဆိုတာ မခွဲခြားတတ်ဘူးလား ကိုကို… ညလေးစိတ်မကောင်းပါဘူး… ကိုကို ညလေးကို နားမလည်ဘူး…”

ကိုကိုလဲစိတ်မကောင်းပါဘူး ညလေးရယ်… ကိုကို အရင်က ရှုပ်ခဲ့ပွေခဲ့ပေမယ့် ဘယ်သူ့အပေါ်မှ မကောင်းတာ မလုပ်ခဲ့ပါဘူး… ခုညလေးကို ချစ်မိတဲ့အချိန်ကစလို့ ကိုကို မရှုပ်မပွေတော့ပါဘူး… ဒါပေမယ့် ကိုကို ပျော်သလိုနေခဲ့တဲ့ ဘဝလေးထဲမှာ ကိုကို့ သူတပါးအပေါ်ထားတဲ့ စိတ်သန့်တယ်ဆိုတာ ညလေးကို သိစေချင်တာပါ… ညလေး သဝန်တိုတာကို သဘောကျပေမယ့် ညလေး ဒီလို ခံစားဝမ်းနည်းနေရတာ ကို ကိုကို မကြည့်ရက်ပါဘူး… ကိုကိုကလဲ ညလေး သဝန်တိုရလောက်အောင် ညလေးနောက်ကွယ်မှာ ဘာမှ မလုပ်တဲ့ အတွက် ကိုကိုအနေကျပ်မိတာပါကွာ… ညလေးကို နားလည်ပါတယ်.. (ကျနော် သက်ပြင်းကိုသာ အခါခါချမိပါတယ်)

စာမျက်နှာ (၅)

“ကိုကို…..
ကိုကို့ အကြောင်းတွေးတိုင်း ညလေး လွမ်းမိတယ်…
ကိုကို စကားမာမာပြောတိုင်း ညလေး ဝမ်းနည်းမိတယ်..
ကိုကို ညလေးကို စိတ်မကောင်းဖြစ်အောင် လုပ်ရက်တယ်..

တစ်ယောက်နဲ့ တစ်ယောက် ခံစားချစ်တာခြင်း မတူညီပေမယ့် ညလေးကို မချစ်တော့မှာ ညလေး သေအောင်ကြောက်ပါတယ်… တကယ်ချစ်ရင်တော့ ညလေး လိုပဲခံစားရမယ်လို့ တွေးမိပေမယ့် ကိုကို ကနေနိုင်လွန်းပါတယ်…ဒီလိုခံစားချက်က ရှိသင့်လားမရှိသင့်လား ကိုကိုရယ်…

တကယ်တော့ ကိုကို က စိတ်မကောင်းဖြစ်အောင် လုပ်တာမဟုတ်။ ညလေး ဘာသာ တွေးနေ ခံစားနေပြီး ဖြစ်နေတာ… ညလေးကိုလဲ ကိုကို သိပ်ချစ်ပါတယ်။ ညလေးနဲ့ ချစ်တဲ့ ပုံစံနဲ့တော့ တူလိမ့်မယ် မထင်ဘူး…. ကိုယ်က ရင်ဘတ်ထဲမှာ ရှိနေရင် အတော်များများမှာ ကျေနပ်နေတတ်တဲ့သူပါ ညလေးရာ… (သူမနဲ့ ကျနော် နားလည်မှုတွေ ထပ်တူကျနေပေမယ့် လွဲချော်မှုတွေ ရှိနေပါသေးတယ်)

စာမျက်နှာ (၆)


“ကိုကို…
ဘယ်အချိန်ဖြစ်ဖြစ်…. ဘာဖြစ်ဖြစ်…. ဘယ်လိုမျိုးပဲ ဖြစ်ဖြစ်…
ကိုကို့ကို ညလေးအရမ်းချစ်တယ်… ညလေး အရမ်းချစ်တယ်…
ညလေးကိုကို့နဲ့ မခွဲနိုင်ဘူး… ညလေး ကိုကို့ကို အရမ်းချစ်တယ်..
ညလေးတို့ ချစ်ခဲ့တဲ့ နေ့လေးကို ဘယ်တော့မှ မမေ့ပါနဲ့ ကိုကိုရယ်…

ညလေး ကိုကို့ ကို အရမ်းချစ်တယ်…

“ကဲပိုမလေး… ချွဲပိုမလေး… အသဲတုံးလေး … ချစ်တဲ့အကြောင်း ကြော်ငြာ အရမ်းဝင်တာပဲ ”လို့ ပြောရင် ပြုံးစိစိနဲ့ ရှက်နေတတ်တဲ့ ညလေး မျက်နှာကို ကြည့်ရင်း ကိုကို ညလေးကို ပိုချစ်ခဲ့ရပါတယ်… ကိုကို ညလေးကို အရမ်းချစ်ပါတယ်ကွာ… ကိုကို့ရင်ခွင်မှာ တိုးရင်း အကဲပို အချွဲပိုမယ့် ညလေးကို ကိုကို လွမ်းနေတယ်ဆိုတာ ညလေး ယုံထားလိုက်ပါကွာ.

ဒီစကားတွေကို ဒီနောက်ဆုံးစာမျက်နှာမှာ ကျနော့် ရင်ခွင်တစ်ခုလုံး ကြားအောင် ပြောလိုက်ရတဲ့အချိန်က ကျနော့်နှလုံးသားလေး ပေါ့ပါးလို့ သူမကို လွမ်းဆွတ်စွာ တမ်းတ ကြင်နာနေမိတယ်ဆိုတာ ကျနော် ကလွဲပြီး သိနိုင်တာ သူမ တစ်ယောက်ပဲ ဆိုတာ …..ကျနော်ယုံကြည်မိပါတယ်…

စာအုပ်လေးကို ပြန်ပိတ်လိုက်တယ်…

ဒီနေ့ (၂၂)ရက်နေ့ …

သူမနဲ့ ကျနော့် အတွက် အမှတ်တရ ရှိခဲ့တဲ့နေ့…..

ဒီစာမျက်နှာတွေက ကျနော်တို့ နှစ်ယောက်အတွက် မှတ်တိုင်တစ်ခုလို.....



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မျောက်ငို