(၁၄) ဒီဇင်ဘာဆုတောင်း နှင့် မနော်ဟရီ အတု


၁၄ ဒီဇင်ဘာ ဆုတောင်း

ဘယ်လို အရာတွေက

ငါ့ဘဝမှာ လာရောက်ယိမ်းထိုးကခုန် နေတာလဲ…

အမြဲတမ်း မကောင်းတတ်တဲ့ ကံကြမ္မာက

ငါနဲ့မှ… တိတိပပ.. သက်ဆိုင်သတဲ့လား…

တရားသဖြင့် ကျေအေးလိုက်ရအောင်ကလဲ…

ငါက…

ပစ်ပေါက်ခံထားရတဲ့ ဓားချက်များ

အမြဲလို အသင့်ဖြစ်နေတဲ့ လက်ညှိုးများနဲ့

ဓားစာခံ သက်သက် အကောင်ပါ…။


ကိုယ်ကျင့်တရား အမှားများ

ကျနစွာစုပုံ အေးခဲသွားသောအခါ

အရော်အစားကြီးမားလွန်းသော

ဒီသံသရာ

ဒီဝဋ်ကြွေး

ဒီကံကြမ္မာ

ဒီကမ္ဘာမှာ…

မမြင်နိုင်သော အနာဂတ် နေ့ရက်များကို

ရှူရှိုက်ဖို့ မျှော်လင့်ရင်း…

သက္ကရာဇ်တွေ ဖြိုခဲ့နေတာတော့ သေချာနေခဲ့တယ်…။


ငါ… ကြေကွဲမှုတွေကို မုန်းတတ်ပါတယ်…။


အတိတ်၊ ပစ္စုပန် ၊ အနာဂတ်

ကာလသုံးပါးကို မဖတ်ရှုတတ်တဲ့…

မစ္ဆိယ များရဲ့ ခြုံခိုတိုက်ခိုက်ခြင်း ကင်းဝေးတဲ့

ကောသလမင်းကြီး အိမ်မက် မမက်ခင်ည

လေထဲမှာ မြောက်တက် ကြန့်ကြာနေတဲ့

အံစာတုန်း မြေပေါ်မကျခင်

အရှုံးနဲ့ မပတ်သက်သော အလံဖြူကိုလွှင့်

မစိုက်ထူ ချင်ခဲ့သော မျက်ရည်နှင်းဖြူတွေကြားကနေ

(၁၄) ဒီဇင်ဘာ အတွက် ပြင်ဆင်ချက် တစ်ခုခု တော့ပေးခဲ့ပါ…။



(မကြီးရဲ့ကဗျာနှစ်ပုဒ်ကို ခံစားရေးဖွဲ့သည်။)






“မနော်ဟရီ”…


ဒီနာမည်ကြားတော့ U.F.L ကို ချက်ခြင်းပြေးမြင်ပြီး ဌာနက ကျနော် ချစ်တဲ့ဆရာမ နှစ်ယောက် မျက်နှာကို တန်းခနဲ မြင်မိတယ်… ကျနော် တက်ခဲ့တဲ့ ပြင်သစ်ဘာသာသင် ဆရာမတွေက မနော်ဟရီ နဲ့ ညီအမတော်သူတွေ လို့ ကြားခဲ့ဖူးတာပဲ ရှိတယ်….

တက္ကသိုလ်စတက်ကတည်းက “မနော်ဟရီ” ဆိုတဲ့ နာမည်ကို မစိမ်းခဲ့ပေမယ့် သူမရေးတဲ့ စာတွေနဲ့တော့ စိမ်းနေခဲ့တယ်… စိမ်းတယ်ဆိုရလောက်အောင် မရင်းနှီးတာ မဟုတ်ပြန်ဘူး… ကဗျာပိုး ၊စာပိုးတွေရှိတဲ့ ကျနော်တို့ကို ကဗျာတွေ၊ စာတွေ ချစ်တဲ့ ဆရာမက “မနော်ဟရီ” ရဲ့ကဗျာတွေ ရွတ်ပြတာကို တမေ့တမော နားထောင်ခဲ့ဖူးတယ်… “မနော်ဟရီ” ရဲ့အကြောင်း တစ်စိတ်တစ်ဒေသကို သိခွင့်ရခဲ့တယ်..။ ဒီလောက်ပါပဲ… မပိုခဲ့ပါဘူး။…

တကယ်သိခွင့်ရတဲ့ အချိန်က..

“မနော်ဟရီ ” ဆိုတဲ့ သူမဟာ လူတစ်မျိုးတဲ့။။ကိုယ်ပေါင်းချင်တဲ့သူမှပေါင်းတတ်တာ…ကိုယ်စိတ်
မပါတဲ့နေရာများဆိုခြေဦးတောင်မလှည့်ဘူး…ကိုယ်တိုင်ကစကားသိပ်မပြောပေမယ့် ရင်ဘတ်ချင်း
တူတဲ့သူတွေနဲ့ကျ..ဆူလို့ညံလို့..တမေ့တမော ပြောတတ်တာ…။ကိုယ့်စိတ်နဲ့မတွေ့လို့ကတော့ ဟန်
ဆောင်ပန်ဆောင်ပြုံးပြလိုက်ဖို့တောင် ၀န်လေးတတ်သူလေ..။
လူတွေများတဲ့နေရာတွေကိုရှောင်တတ်ပြီး ..ထိုင်နေတဲ့ဝိုင်းက လူငါးယောက်လောက်ထက်ပိုလာရင်
ထထွက်သွားချင်တတ်သေးတယ်။ သူတင်ကိုယ်တင်ပြောကြကြေးဆို ဝေါဟာရတွေများသလောက်
ပြန်ပြောဖို့ တုံ့ဆိုင်းနေတတ်တဲ့ အတွက်… သေချာပေါက် ခံခဲ့ရပြီးသားဆိုတဲ့ထဲက…။

အဲလိုလူက ခုကျတော့…ခပ်တည်တည်နဲ့ လူတွေကိုအသက်ပါပါမပါပါ ရယ်ပြတတ်နေပြီ..ချွင်းချက်က
တော့ ကိုယ်တော်တော်ကြည့်မရလောက်အောင်ထော်လော်ကန့်လန့်တော့မဖြစ်ဖို့လိုတာပေါ့…။
စိတ်ထဲကပါပါမပါပါ..စကားတွေ ပြောတတ်နေပြီ… ဘယ်လိုလူဆို ဘယ်လိုစကားလောက်ပဲပြော..
ဆိုတာတွေလည်း အတော်နားလည်လာပြီ..အရင်ကဆို ဘာသာဗေဒမတူလို့ကတော့ တာ့တာ ပဲ.။
ခုဆို..ဒီလူကဖြင့် ရာသီဥတုအကြောင်းလောက်ပဲ ပြောလို့ရတဲ့သူ..ဒီလူကဖြင့်စာအကြောင်းပေအ
ကြောင်းဆိုရင်…ဘယ်နားလောက်ထိပဲ ပြောလို့ရတယ်..ဒီလူကဆိုဘယ်ထိပြောလို့ရတယ်..ဆိုတဲ့
ဒေတာတွေလည်း သိုမှီးလေ့လာထားပြီးသား…..။အဲဒီအချိန်မှာ..ကိုယ့်ကိုယ်ကိုပြန်မြင်နေရတာက
ကိုငှက်သီချင်းထဲကလို..ငါဟာငါမဟုတ်ဘူး..ဆိုတာမျိုးပေါ့…။ တဲ့...။


ဒီလိုစကားလုံးတွေ အသံတွေကြားက မနော်ဟရီဆိုသူနဲ့ စတင်သိကျွမ်းခဲ့ရတယ်… ပြီးတော့….. ပြီးတော့…..
“မနော်ဟရီ” အစစ်နဲ့ အတု ဆိုတာ ရှိသေးတယ်တဲ့..။

မနော်ဟရီအတု

ဇာတ်လမ်းကနေ့လည်ကစ တာပါ။

အဲဒါက ထင်တာလည်းဖြစ်နိုင်တာပဲ။ တကယ်တမ်းက ဘယ်တုန်းကတည်းက စနေမှန်းဘယ်သူမှ သေချာသိမှာမဟုတ်ဘူး။ ဒါပေမယ့်….ဘာတတ်နိုင်လို့လဲ…။လောကကြီး ကဒီတိုင်းပဲရှိနေခဲ့တာ ကြာပဲကြာလှပြီ။
ပြဿနာစချိန်မှာ ALLY ကCity FM ရဲ့ creator တစ်ယောက်ဖြစ်တဲ့ စာရေးဆရာ၊
ကဗျာဆရာ၊ သီချင်းရေးဆရာ (လက်တောင်ညောင်းတယ်း( ) ဆရာကလေး ဧထက် က outdoor ထွက်ပြီးပြန်လာတယ်။ ကားက သူ့ကိုလမ်းထိပ်မှာပဲရပ်ပေးခဲ့ပုံပဲ။ ၃၆ လမ်းထဲကို လမ်းလျှောက်ဝင်လာတယ်။ အဲဒီမှာတင်..လမ်းထိပ် လ္ဘက်ရည်ဆိုင်မှာ၊
ဆရာဦးဟိန်းလတ်တို့၊ကိုရန်မျိုးသိန်းတို့နဲ့ထိုင်စကားပြောနေတဲ့ မနော်ဟရီ ကိုတွေ့
တာပဲ..။ ဧထက် နဲ့ မနော်ဟရီက ကျောင်းမှာတည်းက သူငယ်ချင်း။ကဗျာစာအုပ်တွေ
အတူထုတ်ခဲ့ကြဖူးတယ်။ မနော်ဟရီ ရဲ့ “ပန်းလှေလမ်းခွဲ” ကဗျာစာအုပ်ကိုလည်း
ဧထက် ပဲလုပ်ပေးခဲ့တာ..။

“ မနော်..မတွေ့တာကြာပြီ”

“ အေး…ဟုတ်တယ်..မအားတာနဲ့မရောက်ဖြစ်တာ…လာလေ..လ္ဘက်ရည်သောက်ဦး”

“ ဟင့်အင်း..ကျွန်တော် ခုမှ Outdoor ကပြန်လာတာ..နောက်မှတွေ့မယ်..”

“ အေး..အေး..သွား..သွား..”

ဧထက် ဆက်လျှောက်လာတယ်။ ပေါ်ပြူလာရှေ့ကအဖြတ်မှာ..အထဲက ကိုသျှီသူ
အောင် ကလှမ်းခေါ်တယ်။

“ကိုဧထက်..လာပါဦး”

ဧထက် အထဲကိုလှမ်းကြည့်တော့ မျက်လုံးပြူးသွားတယ်။

“ မနော်”

“ အေး..မနော်ရောက်နေတာနဲ့ လ္ဘက်ရည်ဆိုင်သွားမလားလို့လှမ်းခေါ်တာ”

ဧထက် မျက်မှောင်ကြုတ်သွားတယ်။ လမ်းထိပ်ကိုဖျတ်ကနဲ ပြန်ကနဲ ပြန်လှည့်ကြည့်မိ
တော့မလို့။

“ဟို..ခုနက..လမ်းထိပ်မှာတွေ့ခဲ့တာရော..”

“ဆရာ ဟိန်းလတ်လား ”

ကိုသျှီကမေးတယ်။ ဧထက်ခေါင်းကိုလိုတာထက်ပိုခါပြတယ်။

“မဟုတ်ဘူး..မနော် ..”

“ မနော်က..ဒီမှာလေ..”

“ ကျွန်တော့်ကို ကျော်လျှောက်သွားတာလား..ကျွန်တော့်ရှေ့ကသွားတာလား… ဟာ ..ဒါလည်းမဟုတ်သေးပါဘူး..”

ဧထက် စိတ်အတော်ညစ်သွားတာ ကိုကြည့်ပြီး ကိုသျှီက ဘာမှနားမလည်ဘူး။ ရုံးခန်း
ထဲမှာ ကိုသျှီဆီရောက်နေတဲ့ ကိုသျှီ အမျိုးသမီး မနီလာနဲ့ ထိုင်စကားပြောနေတဲ့
မနော်ဟရီ ကတော့ အေးအေး ဆေးဆေးပဲ။သူမဟုတ်သလိုပဲ..။

ပင်ပမ်းရတဲ့အထဲ… ဧထက် ဘာမှမပြောနိုင်တော့ဘူး..။ခေါင်းကို မသိမသာကုတ်ပြီး
ပြန်ထွက်လာခဲ့တယ်။ ALLY ထဲဝင်မလို့လုပ်တော့ ဘေးကကပ်လျက် လ္ဘက်ရည်ဆိုင်
ဖက်က လက်ခုပ်သံကြားလို့လှည့်ကြည့်မိတယ်..။မြတ်စွာဘုရား..။ဒီမှာလည်း မနော်
ဟရီ တစ်ယောက်..။ကိုလွမ်းဝေနိုင်နဲ့စကားတွေပြောနေကြတာ..။ထုံးစံအတိုင်းရန်
တွေဖြစ်လို့..။

“ လာဦးလေ..ဒီမှာ အဖွားကြီးရောက်နေတယ်”

ကိုလွမ်းဝေနိုင်ကိုခေါင်းပဲခါပြခဲ့သလား၊ချာကနဲပဲလှည့်ထွက်ခဲ့သလားတောင်မသိဘူး။
အင်း…ဧထက်လိုပါရမီထူးတဲ့လူမို့ပေါ့..။ မဟုတ်ရင် ကိုယ့်ကိုယ်ကို ရူးသွားပြီလို့တောင်
ထင်မိမှာ။ ကြည့်စမ်း…….မနော်ဟရီတွေနည်းနည်းနောနောလား..။သုံးယောက်တောင်
ဘယ်ဟာအစစ်လဲ….။တွေးရင်းကျောထဲကတောင်စိမ့်ချင်လာတယ်။

စိတ်ရှုပ်ရှုပ်နဲ့ ဖုန်းကိုကောက်ကိုင်ပြီး Idea တိုက်ကို ဖုန်းဆက်လိုက်တယ်။

“ မနော်ရှိလား ”

“ရှိပါတယ်..ဘယ်သူလို့ပြောပေးရမလဲ..”

မြတ်စွာဘုရား…။ရှိတယ်တဲ့…။ စိတ်ထဲကဘုရားတ နေတုန်းဖုန်းလာကိုင်တယ်။

“ ဧထက်ဆို…ပြော..၊ဘာစာအုပ်ရှာပေးရမလဲ၊ဘာလုပ်ပေးရမလဲ..” တဲ့။

လေသံကတော့ မနော်ဟရီ့လေသံပါပဲ။ထုံးစံအတိုင်းငေါ့တော့တော့နဲ့ ။အချိုးမပြေဘူး။
ခက်တာကဘယ်ဟာ မနော်ဟရီ အစစ်မှန်းမသိတဲ့အတွက် ပြောစရာစကားမရှိတော့
တာပါပဲ။ ဖုန်းကို“ဂွပ်”ကနဲနေအောင်ချပစ်လိုက်တယ်။

မကြာပါဘူး ။

တဆင့်စကားတဆင့်နားနဲ့ကြားရတော့တာပါပဲ..။

မနော်ဟရီတွေ…..မနော်ဟရီတွေ..။ပွစာတက်နေတဲ့အကြောင်း….။

Ginzapan မှာလည်းမနော်ဟရီ တစ်ယောက်..။ မေဇော်တို့ စုံတွဲရယ်၊ ဆရာမာဂျေ ရယ်နဲ့
စကားပြောနေတယ်တဲ့…။ ၄၉လမ်းက Lucky Seven မှာလည်း မနော်ဟရီတစ်
ယောက်..။ ခင်လိမ္မာ တို့ သီတာစိုးတို့နဲ့…။(ဘယ်လိုတွဲမိကြမှန်းမသိဘူး၊ဘာမှမဆိုင်တဲ့
သုံးယောက်လို့ လူတွေကပြောကြတယ်တဲ့..)။ ရွှေခရားကြီးမှာလည်းတစ်ယောက်….
ဝေမှူးသွင်၊အကြည်တော်၊လူပန့်ငယ်တို့နဲ့….။

“ဘုရား…ဘုရား ”ဆိုတဲ့အသံတွေပိုဆူလာတယ်။

“ခေတ်နေလေးတော့ဒုက္ခပဲ..”

“ အင်းလေ..သူ့အမေအစစ်ကိုသူခွဲတတ်ပါတော့မလား”

“အေးနော်..”

“ခေတ်နေကတော့..အမေပဲ..ခွဲတတ်မှာပါ..”

“ သူက ကလေးပဲ..”

ဝေဖန်သံတွေကပိုဆူလာတယ်။ ဝေဖန်တာက ပိုက်ဆံပေးပြီး မှတ်ပုံတင်ရတာမှမဟုတ်
တာ..။တချို့ကတော့ဒီလောက်ပွစာတက်နေတဲ့မနော်ဟရီတွေထဲမှာ..တစ်ယောက်က
တော့ အစစ်ဖြစ်မှာပဲလို့ယုံကြည်ကြတယ်။တစ်ယောက်မှ အစစ်မဖြစ်နိုင်ဘူး..အစစ်က
ပျောက်နေလောက်ပြီလို့ ယူဆတဲ့သူကယူဆတယ်။

“မနော်..တော့ဒုက္ခရောက်နေပြီလားမသိဘူး” လို့ ပါးစပ်ဖျားလေးနဲ့ ပူပင်ဟန်ပြပြီးဝမ်း
သာတဲ့သူက ကြိတ်ဝမ်းသာတယ်။သူထွက်ပြေးသွားတာနေမှာပါလို့ မ စ တဲ့သူက မ စ
တယ်။တခြားတစ်ယောက်ယောက်နဲ့ ရှိချင်ရှိနေမှာပေါ့လို့ အမနာပ ပြောတဲ့သူတွေက
ပြောတယ်။ ဇာတ်လမ်းလေးဆင်ပြီး သူများကိုမကောင်း ပြောတတ်တဲ့သူတွေဆို ပိုဆိုး
သေး..။ထွက်လာလိုက်တဲ့ဇာတ်လမ်းမီးကျိုးမောင်းပျက်တွေ..။ သူတို့အရပ်နဲ့သူတို့
ဇာတ်ဟာ ဒီလိုပါလားဆိုတာကို ကျောချမိမှပဲသိရတော့တယ်။

အဲဒီမှာတင်…စာနယ်ဇင်းထဲက တချို့က..ငါတို့စာနယ်ဇင်းတွေ အရေးကြီးရင် ဘယ်
လောက်သွေးနီးတယ်ဆိုတာသိရအောင်တဲ့…။ Manorhary Operation ကိုစတင်ဖို့
လုပ်ကြတော့တယ်။ အဲဒီမှာ ဘလော့ဂါ ဆိုသူတွေလဲ ပါဝင်တော့မှာပေါ့… သူမက ဘလော့ကို ဟိုစမ်းစမ်း ဒီစမ်းစမ်း ရေးနေပြီးလေ….

“ငါတို့စာနယ်ဇင်းတွေချည်းပဲလား…..တခြားရော”

“သူ့မိဘတွေ ဆွေမျိုးတွေလည်းခေါ်မှပေါ့”

“ သူ့မိသားစုက ဒီမှာမှမရှိတာ..”

“ သူ့သူငယ်ချင်းတွေရော..”

“ Idea တိုက်ကလူတွေလည်းခေါ်ရမယ်..”

“ ကိုမျိုးလာမှာပဲ..”

“ သူနဲ့သိသမျှလူတွေခေါ်ရမှာပဲ ”

“ဘလောဂါတွေ ကျန်သေးတယ်… သူနဲ့ နီးစပ်ရာ အပေါင်းအပါတွေ”

“ အင်း…ဟုတ်တယ်..”

Operation အတွက်..Meeting လုပ်ဖို့လူစုတာတင်အတော်ကြာတယ်။

နေရာအကူအညီပေးတဲ့ကိုနေမျိုးဆေးကတော့ “ သိပ်ကြာလို့မဖြစ်ဘူးနော်”လို့သတိ
ပေးတယ်။ဟုတ်တယ်လေ…သူ့ Customer တွေရှိသေးတာကိုး..။

ဒီလိုလူစုနေတုန်းမှာတင်..မနော်ဟရီတွေက ဟိုတစ်ယောက်ဒီတစ်ယောက်…။ အိမ်မှာ
မရှိတတ်တဲ့ သူကအိမ်မှာလည်း Stand By ..။ ရုံးမှာလည်းမမိတတ်တဲ့သူက ရုံးမှာ
Stand By ။ ပွဲတွေတက်လေ့မရှိပဲနဲ့ ခုကျကာမှ ပွဲတိုင်းမှာတွေ့နေရသေးတယ်။ (FB) မှာ လယ်လုပ်နေတဲ့ သူကလဲ လယ်စိုက်ရင်း Stand by…။ အချိန်
တိုက်နေတောင် နှစ်နေရာလုံးမှာ ရှိနေတတ်တယ်တဲ့..။

သူတို့ meeting စကြတယ်။

သဘာပတိကဆရာ ဦးဝင်းငြိမ်း နဲ့ ဦးမြတ်ခိုင်..။ အခမ်းမနားမှူးက ကိုမျိုး(ကြောင်နှစ်
ကောင်)…သူကအခမ်းအနားမှူးလုပ်နေကျဆိုတော့…။

ဆရာဦးဝင်းငြိမ်းကတော့ပြောရှာတယ်။
“ ကျွန်တော်က သူ့ကိုသိပ်မသိဘူး…ဟိုတစ်ခါ..စာနယ်ဇင်းကာရာအိုကေပွဲမှာ ကိစ္စတစ်
ခုလာတိုင်မှ သေချာတွေ့ဖူးတာ….ပြောကြ..ပြောကြ..သိတဲ့သူတွေပြောကြ..”

…..ဆိုပြီးကျန်လူတွေပြောဖို့လမ်းဖွင့်ပေးတယ်။

ပထမဆုံးစပြောတာက ကိုကျော်သီဟ (ဟင်္သာတ)…

“ ကျွန်တော်သိတဲ့မနော်ဟရီက လူမှုဆက်ဆံရေးညံ့တယ်..” တဲ့။

ကိုလွမ်းဝေနိုင်ကခေါင်းခါတယ်။

“ဘယ်ကလာ…စွာတာ..စွာတာ..” ……လို့ဝင်ပြောတယ်။

ကိုသျှီကတော့မှတ်ချက်တစ်ခုကိုအားမနာပါးမနားချလေရဲ့။

“ အူတူတူနဲ့ပါ..” တဲ့။
ဇာတ်ညွှန်းဆရာကတော့ ကိုလွမ်းဝေနိုင်ကိုထောက်ခံတယ်။

“ ဟုတ်တယ်…မနော် အစစ်က စွာတယ်..”

သူတို့ပြောတာတွေက လိုရင်းမရောက်ဘူး။လူတစ်ယောက်ကိုရှာဖွေဖို့ လုံလောက်တဲ့
Character တွေမဟုတ်ဘူး..။ အဲဒါနဲ့ ဆရာဇော်ဇော်အောင် က စုံနံ့သာမြတ်သစ် ကို
ရှာတယ်။ စုံနံ့သာမြတ်သစ် ကဒီဝိုင်းထဲကိုမလာဘူး။ လာခွင့်မရဘူးထင်ပါရဲ့။ အဲဒါနဲ့
သူ့ mobile phone ကိုပဲလှမ်းဆက်ရတယ်။ ဒါပေမယ့် အဆင်မပြေပါဘူး။ သူ…လုံးဝ
(လုံးဝ) မအားလို့ ဒီအမှုကိုလက်မခံနိုင်ပါဘူးလို့ငြင်းတယ်။
ဒါ့အပြင် ….

“ မနော် နဲ့မတွေ့တာကြာလို့ …မြင်ရင်တောင် မှတ်မိပါ့မလားမသိဘူး ” လို့ပြောလို့
ဆရာဇော်တောင် စိတ်တွေတိုလို့…။

တချို့ကတော့ idea မှာလုပ်တာမို့ ကိုမျိုး(ကြောင်နှစ်ကောင်)ကိုအဓိကထားပြီးမေးကြ
တယ်။ ကိုမျိုးကလည်းသိသလောက်ဖြေရှာပါတယ်။ ( မဖြေနိုင်လို့မကောင်းဘူးလေ..
သူက အခမ်းအနားမှူးကိုး…း) )

“ မနော်ဟရီ အစစ်က ခေါင်းမာတယ်..လုပ်ချင်ရာလုပ်တယ်..တဇွတ်ထိုး..ကျေးဇူးမသိ
တတ်ဘူး…သိချင်တဲ့နေရာကျသိပြီး..မသိချင်ရင်လည်းတုံးနေပြန်ရော…” တဲ့။

ဒါလည်း သိပ်ပြီးထိထိရောက်ရောက်မှမရှိတာ…။တချို့ကတော့ ခပ်တည်တည်နဲ့စာ
နယ်ဇင်းတွေထဲရောက်လာပြီးထိုင်နားထောင်နေတဲ့သူငယ်ချင်းတချို့ကိုပြောခိုင်းတယ်.
မသန္တာကလည်းသူ့သူငယ်ချင်းအကြောင်းကိုကောင်းကောင်းသိထားသူပီပီ..ကိုမျိုးလေ
သံအတိုင်း….
“ဟုတ်တယ်..သူက..တဇွတ်ထိုး..တဇောက်ကန်း..ပေတယ်..”….လို့မညှာမတာပြောတယ်။

ဒီလိုနဲ့ ညာဘက် အခြမ်းမှာ ထိုင်နေတဲ့ ကျီးနဲ့ဘုတ် လို့ နာမည်ကြီးတဲ့ လက်တဆုပ်စာ ဘလောဂါအုပ်စု… အဲဒီအထဲမှာမှ စပ်စပ်စုစု နိုင်တဲ့ ဖိုးစိန် ကို အကြည့်တွေ ဆုံလာပြန်ရော…

“မျောက်ငို… မနော်ဟရီက ဘလော့တွေရေးနေ… ကဗျာတွေ ရေးနေတော့ သူနဲ့ သိနေတဲ့ မင်းက ဘာကြားသလဲ”….

မမေးခင်ကတည်းက အတင်းဖြေချင်နေတဲ့သူ ဆိုတော့ မေးခွန်းတောင် မဆုံးနိုင်ဘူး …

… “အင်း… မကြီးနော်လား… သူလား… သူက ခေါင်းမာတယ်လေ… မဟုတ်တာပြောရင် ချက်ခြင်းတုံ့ပြန်တာပဲ… လူမုန်းဆေးကလဲ ကျဲလိုက်တာ လွန်ပါရော… မျက်နှာကလဲ မာသေးတယ်… အနုပညာ ကိုတော့ မထိနဲ့… သူဖန်တီးနေတဲ့ အနုပညာ မာနက တစ်ပြားမှ မချဘူး” လို့ မဆီမဆိုင် မဲ့ကာ ရွဲ့ကာ ပြောတော့ စပ်စုစိန် ကို အကုန်လုံးက ပြုံးစိစိ…

“တကယ့် မနော်ဟရီ အစစ်ဆိုရင် ခုနေများ အေးချမ်းတဲ့ တနေရာမှာ ကဗျာတွေ ထိုင်ရေးနေဦးမှာ… မမကို ကဗျာလေးရေးပြီး ရှာရမယ်”လို့ ကဗျာဆန်ဆန်ပြောလိုက်ပုံက ကဗျာဆရာမအိန္ဒြာ…

“God Son” ဖြစ်တဲ့ သားတောင်မောင် ဇက်ကို မေးတော့ “အမေလား… အမေအစစ် ရေးတဲ့ကဗျာတွေက လူလိုပဲမာတယ်… အသုံးအနှုန်းတွေကသာ နုနေတာ… လူတွေနားမလည်အောင် ရေးတယ်ပေါ့… မနော်ဟရီ တွေကို ကဗျာတစ်ပုဒ်ချရေးခိုင်းရင်ကောင်းမယ်… အစစ်ဆိုရင် ကဗျာက မာမယ်… ထင်တာပဲ… သိချင် သူ့ သွားမေးမှပဲရမယ်”

ပြောသမျှလူတွေကို ပြုံးပြုံးနဲ့ ထောက်ခံနေတာ ကိုရင်နော်…

မိုးကုတ်သား ကိုမေးတော့ ငိုက်နေရာက ဆတ်ကနဲ ခေါင်းထောင်လာပြီး ငိုက်ငိုက်နဲ့ဖြေနေပုံက …

“အဲ… မကြီးနော်လား… အနော်မသိဘူးလေ… အနော်က အိပ်နေတာဆိုတော့ သူကို ညည စောစောအိပ်ဖို့ မှာနေတာပဲ… သူကခေါင်းမာတယ်လေ… လူသာ မကျန်းမာသာ ခေါင်းကတော့ မာသလား မမေးနဲ့… အနော် မေတ္တာပို့များလို့ပဲ… တနေရာရာမှာ အိပ်ပျော်နေလားး…. ဘာလား… ”

ကျန်တဲ့ဘလောဂါတွေ ဖြစ်တဲ့ ပန်ဒိုရာ၊ သစ်ကောင်းအိမ်၊ ညီလင်းဆက် စသဖြင့် ဆက်မေးနေရင် ဘာမှ မဟုတ်ပဲ မာန တခွဲသားနဲ့ လူမုန်းဆေးအကျဲတော်တာ မနော်ဟရီပါလို့ တလေသံထဲ ဖြေကြမှာ ဆိုတော့…နောက်လူတွေ အလှည့်…

သူ့မောင်ရဲကျော်စွာကတော့..သူ့ထုံးစံအတိုင်းမျက်နှာသေလေးနဲ့…

“ သူ့ကို အာဖရိက ကလူရိုင်းမျိုးနွယ်စုတစ်စုက ..လူဝါနတ်ဘုရားမအဖြစ်ကိုးကွယ်ကြ
တယ်။ အဲဒီများ ထွက်သွားသလားမသိပါဘူး..”

လို့ပြောတော့ အားလုံးအုံ့အုံ့ကျက်ကျက် အူကြောင်ကြောင်တွေဖြစ်ကုန်ကြရတယ်။

ပြီးရင် ..ထုံးစံအတိုင်းရဲကျော်စွာတို့က တဖက်လှည့်ပြီးရယ်နေဦးမှာ။ ရဲကျော်စွာနားကို
ကက်ဆက်သေးသေးလေးတွေ အုံကျလာတယ်ဆိုရင်ပဲ အကြောင်းသိနေတဲ့ step ကဒီဇိုင်နာ မျက်မှန်ထူထူနဲ့မောင်မျိုးကျော်က သူ့သူငယ်ချင်း ရဲကျော်စွာကိုဆွဲထုတ်
သွားလေရဲ့။

မန္တလေးဆေးတက္ကသိုလ်က လက်ထောက်ကထိက ဒေါ်ခင်သီတာဝင်း ကတော့ ရှုံ့မဲ့
ပြီးပြောတယ်။

“ ဒီမိန်းမကဒေါသလည်းသိပ်ကြီးတာ၊စိတ်ကလည်းမြန်တယ်…ခုလည်းဘာတွေလုပ်နေ
တယ်မပြောတတ်ဘူး” တဲ့။ အဲဒီစကားကိုခပ်တည်တည်နဲ့ဝင်ထောက်ခံလိုက်တာက…
အကြည်တော် ပါ။

“ ဟုတ်တယ်၊သူကစိတ်သိပ်မြန်တာ..ဒေါသကလည်းကြီးသေး..ရောဂါကလည်းထူ
တယ်…စိတ်တိုရင်အော်ပြီးဖုန်းကိုပစ်ချတတ်တယ်..။နှလုံးရောဂါနဲ့သေပြီထင်တာပဲ..
ဒါတွေကသူ့ဝိညာဉ်ကိုယ်ပွားတွေသရဲခြောက်တယ်ထင်တာပဲ..ခက်တာကတစ်ခုပဲရှိ
တယ်..”

“ ဘာလဲ ”

“ သူသေလို့ကျွန်တော်ကရယ်နေမိရင်ဘယ်ကောင်းမလဲ”

အကြည်တော့်စကားမို့ရယ်ဖို့ပဲပြင်နေကြတဲ့သူတွေကရယ်ကြပါတယ်။

“ ဝေမှူးသွင်” ကတော့မှတ်ချက်တစ်ခုကိုကြွစောင်းစောင်း၊ဆောင့်ကြွားကြွားနဲ့ဝင်
ပေးတယ်။

“ မနော်ကမှတ်ဥာဏ်လည်းမကောင်ဘူး..ကျွန်တော့်ကောင်မလေးတွေကိုမှတ်မထား
ဘူး..မှားနှုတ်ဆက်မိရင်တာဝန်မယူဘူးနော်လို့ပြောတတ်တယ်..” တဲ့။

“ ဘလိုင်းကြီး”

“ အင်းလေ..ငကြွား ”

အဲလိုကြိတ်ပြီး သြဘာပေးသံတွေတောင်ထွက်လာတယ်။

“လူပန့်ငယ်”ကတော့သူ့ဘေးမှာထိုင်နေတဲ့ “လင်းဆက်”ကိုလှည့်ပြောတယ်။

“ မနော်အစစ်က တော့ စကားနည်းတယ်၊အချစ်ဝတ္ထုလည်းကောင်းကောင်းမရေး
တတ်ဘူး…လူမှုရေးလည်းသိပ်မသိဘူး…”

လင်းဆက်က ခေါင်းတဆတ်ဆတ်ညိမ့်ရင်းထောက်ခံတယ်။

ကိုရဲ(သစ္စာနီ)ကတော့..

“ သူကမေ့တတ်တယ်…စာမူပေးမယ်ဆိုတဲ့ရက်မှာတောင်မေ့ပြီးလာမယူတတ်ဘူး ” ..တဲ့။
ကျောင်းဆရာ (ဒီဇိုင်းမျိုးဆွေသန်း)က၀င်ပြောတယ်။

“ လူနဲ့အပူနဲ့မမျှတာပါကိုရဲ ရာ…” တဲ့။

တစ်ယောက်တစ်ပေါက် အသံတွေကလည်းလိုရင်းသာမရောက်တာ..ထွက်နေတုန်းပဲ။

“ မနော်ဟရီ က..ပျော့ညံ့တယ်..စိတ်နုတယ်..”

“ ဘယ်ကလာ..စိတ်မာတာ..ပြတ်သားတာ..”

“ သူ့ကိုအားပေးနှစ်သိမ့်တာမျိုး မကြိုက်တတ်ဘူး”

“ ဝေဖန်တာလည်းမခံချင်တတ်ဘူး”

“ ဒါကလူတိုင်းပါပဲ”

“ ကော်ဖီကြိုက်တယ်”

“ ခေါင်းကိုက်တတ်တဲ့ရောဂါရှိတယ်”

ဒါက တင်မိုးဝေရဲ့ အဆိုတင်သွင်းမှုပါ…။ ဒါပေမယ့်..အထောက်အကူမရတဲ့အတွက်
သဘာပတိတွေကပယ်ချလိုက်ပါတယ်။ ထောင့်တစ်ထောင့်မှာ ငူငူငိုင်ငိုင်နဲ့ထိုင်နေတဲ့
မောင်သစ္စာ (သစ္စာပိုင်စိုး) ကတော့ သူ့ဘေးကမျက်မှောင်ကြီးကြုတ်ပြီး ထိုင်နေတဲ့
မျိုးကိုမျိုး ကိုပြောသလိုလိုနဲ့ခပ်တိုးတိုးရေရွတ်တယ်။
“ ကျွန်တော်နဲ့ကမတွေ့တာကြာလှပြီ”

ပဉ္စမံဒီရိုင်းကတော့လက်မြောက်အရှုံးပေးတဲ့လေသံနဲ့…

“ ကျွန်တော်နဲ့ ကျောင်းတုန်းကတည်းကသိတာ။ ဒါပေမယ့်သူ့ကိုပုံမဖော်တတ်ဘူး”
…တဲ့။ အေးရော..။

ခုမှ Mr Guitarထဲကိုပျာယိပျာယာနဲ့ ၀င်လာတဲ့ကိုကြွက်နီ (သိမ်းတင်သား)ကတော့
အစမရှိအဆုံးမရှိနဲ့ပြောလေရဲ့။

“ သူကကျွန်တော့်ဆရာသမီးပါ..ကျွန်တော့်ဆရာသမီးပါ..”တဲ့။

ဒီ Information ကလည်းဘာမှသုံးလို့မရပြန်ပါဘူး။

နောက်ဆုံးကြံရာမရရင်တစ်နည်းနည်းနဲ့အားကိုးဖို့ခေါ်ထားတဲ့ကိုဇာဏီ(ဆရာစံ
ဇာဏီဘို)ကိုဝိုင်းမေးကြရတော့တယ်။

“ ဒေါ်မနော်က ၁၄ဂဏန်းသမားဆိုတော့ temperance ပဲ..ဘယ်ပုံမဆိုချက်ချင်း
ပြောင်းလဲပစ်နိုင်တာမို့..သူ့မှာပုံသေ characterမရှိဘူး..ရှာရခက်လိမ့်မယ်..”

အဲလိုပြောပြီးတားရော့ကတ်တစ်ကတ်ဆွဲတော့..Magician ကတ်ထွက်လာတယ်။
ဗေဒင်က၀ိကြီးကခေါင်းခါတယ်။ဘာမှမပြောဘူး။ Tarot card မြင်တော့ တချို့က
ဆရာဟိန်းလတ်ဆီချဉ်းကပ်သွားကြပြန်တယ်။

“ ဒီကိစ္စကြီးက..”

“ဘယ်လိုကြီးလဲ…”

ဆရာဟိန်းလတ်ကဒ်တွေလည်းအလုပ်တွေရှုပ်ကုန်တယ်။အသံတွေကလည်းကျွက်စိ
ကျွက်စိနဲ့ပိုထူထပ်လာတယ်။ အဖြေကတော့ဟုတ္တိပတ္တိထွက်မလာဘူး။ကိုနေမျိုးဆေး
ကနာရီတကြည့်ကြည့်လုပ်နေပြီ။ စာနယ်ဇင်းသမားတွေကလည်း သူတို့သိက္ခာကျမခံနိုင်
တဲ့အတွက်..အရှုံးပေးဘို့အစီအစဉ်ရှိပုံမပေါ်ဘူး။တစ်ခုခုတော့ဖြစ်အောင်လုပ်မှလို့တစ်
ယောက်ကိုတစ်ယောက်အကြည့်တွေနဲ့လှမ်းပြောနေတယ်။
မနေ့တနေ့ကမှ ဒီလောကထဲရောက်လာပြီး မေးခွန်းတစ်ခွန်းမေးလို့မှ ကိုယ်မေးတဲ့သူ
ဘယ်သူမှန်းရေရေရာရာမသိ၊သိတဲ့တိုင် ဘာ ၀မ်းစာမှမပိုင်ဆိုင်ထားကြတဲ့ so called သတင်းသမားတွေ၊ အယ်ဒီတာတွေကလည်း ကက်ဆက်တကိုင်ကိုင်နဲ့ လူးလာခေါက်တုံ့
ပြေးလို့ကောင်းတုန်း။ တခုခုဆို ဘလော့ပေါ် တင်ဖဲ့ဖို့ ၊ စီပုံးမှာ မဟုတ်တရုတ် ရေးဖို့ သူတွေက ဟိုလူ့နားကပ်သွားလိုက်၊ ဒီလူ့နားကပ်သွားလိုက် ။ပျောက်နေတဲ့
မနော်ဟရီ တွေဆိုတာ..လူလား ဆန်လား ကိန္နရီလားတောင် ကွဲပုံမပေါ်ဘူး။

“ ကဲ..ကဲ..ကဲ”

အောင်မြင်ခန့်ညားတဲ့အခမ်းအနာမှူးရဲ့အသံကြောင့် အသံတွေငြိမ်ကျသွားတယ်။
အဖြေတစ်ခုရပြီလားဆိုတဲ့အတွေးနဲ့ လှည့်ကြည့်ကြတာလည်းပါမှာပေါ့။ ဒါပေမယ့်
အဲဒီငြိမ်သက်သွားတဲ့အခိုက်အတန့်မှာ စကားဝင်ပြောလိုက်သူက အခမ်းအနားမှူး
မဟုတ်ဘူး။ သူဘယ်သူလဲဆိုတာကိုတစ်ယောက်ယောက်ကတော့သိချင်သိမှာပေါ့။
ဒါပေမယ့် ..လောလောဆယ်အခြေအနေမှာက သူဘယ်သူလဲဆိုတာက အရေးမကြီး
ဘူး..။ သူ..ဘာပြောမလဲဆိုတာကအရေးကြီးတာလေ..။

“ ပြင်ပလက္ခဏာတွေ၊သိပ္ပံနည်းကျအချက်မလက်တွေအရ..ကျွန်တော်တို့ဘာမှမလုပ်
နိုင်ကြတော့ပါဘူး..”

” ဒါများ”

“ သူပြောမှလား”

ထုံးစံအတိုင်းဝေဖန်သံတချို့ကကြိတ်ထွက်လာတယ်။ သဘာပတိကြီးနှစ်ယောက်က
မျက်နှာထားနဲ့လှမ်းကြည့်ပြီး အခမ်းအနားမှူးကခုံကိုခေါက်လိုက်တော့မှ..ပြန်ငြိမ်သွား
တယ်။

“ သူပြောတာကျေးဇူးပြုပြီးနားထောင်လိုက်ပါဦး”

အခမ်းအနားမှူးရဲ့စကားအဆုံးမှာ ..အဲဒီလူကစကားကိုဆက်တယ်။

“ အဲလိုနည်းတွေနဲ့မရတော့ဘူးဆိုရင်..တစ်ခုပဲကျန်ပါတော့တယ်”

“ ကဲ..ပြောပါဦး”

ဆရာဦးဟိန်းလတ်ကစကားကိုဝင်ထောက်ပေးတယ်။

“နှလုံးသားနဲ့ရှာဖို့ပါ”

အုံးကနဲအသံတွေပြန်လျှံထွက်လာတယ်။

“ ငပေါ”

“အေးလေ..ဘာလဲဟ..နှလုံးသားနဲ့တဲ့”

“အရေးထဲမှ..”

“ဘာဝင်ရှုပ်တာလဲမသိဘူး…..”

“ဒါရုပ်ရှင်ရိုက်နေတာမဟုတ်ဘူး”

ဒီတစ်ခါခုံထုရသူက သဘာပတိကြီးတွေပါ။

“ ကဲ..ရှင်းအောင်ပြောပါစေဦး..”

အဲဒီလူကတော့အေးအေးဆေးဆေးပဲ..။သူပြောချင်တာကိုဆက်ပြောတယ်။

“အဲဒီမနော်ဟရီဆိုတာ..ကျွန်တော်မသိပါဘူး…ဒီတော့ကျွန်တော်တော့ရှာလို့မရ
နိုင်ဘူး..နှလုံးသားနဲ့ရှာဖို့ဆိုတာထက်..မနော်ဟရီကို နှလုံးသားနဲ့သိဖို့လိုပါလိမ့်မယ်”

“ မဖြစ်နိုင်တာ”

“ဟုတ်ပ”

အသံတချို့ထွက်လာပေမယ့်..သူကဆက်ပြောပါတယ်။
“ အဲဒီအတွက်..အသိနိုင်ဆုံးလူက..ခုလောလောဆယ်မှာ တစ်ယောက်ရှိပါတယ်..
အဲဒါ..သူ့သား..ခေတ်နေ..ပါပဲ”

ဒီတော့မှ..အသံတိတ်သွားတော့တယ်။

ဆိတ်ဆိတ်နေခြင်းဟာဘာဆိုလား..။

“ ဒီလောက်အများကြီးဖြစ်နေတဲ့ မနော်ဟရီ အတုတွေထဲမှာ..အစစ်ကိုနှလုံးသားနဲ့
ရွေးနိုင်မှာသူပဲရှိနိုင်မယ်လေ..ကျန်တဲ့မိတ်ဆွေတွေတော့နောက်စာရင်းထဲ တို့ထားရ
မှာပေါ့..။ကဲကဲ..ဒီနေ့အစည်းအဝေးကိုဒီလောက်နဲ့ရပ်ပြီး နောက်နေ့မှ ခေတ်နေလေး
ကိုခေါ်ရအောင်..ဟိုမှာ ဆိုင်ရှင်ကနာရီတကြည့်ကြည့်ဖြစ်နေပြီ..”

အခမ်းအနားမှူးကအဲဒီလိုပြောပြီး ဘယ်သူ့ထောက်ခံချက်မှမယူပဲ..ကိုနေမျိုးဆေးမျက်
နှာတစ်ခုတည်းနဲ့ အခမ်းအနားကိုရုပ်သိမ်းပစ်လိုက်တယ်။

နောက်နေ့ကျရင်တော့သူတို့ကလေးကိုခေါ်ပြီး ပွစာတက်နေတဲ့ မနော်ဟရီတွေကို လိုက်
ပြမှာလား၊ အဲဒီ မနော်ဟရီအတုတွေကို စုစည်းခိုင်းထားပြီး ခေတ်နေကိုရွေးခိုင်းမှာလား။
ဘယ်သူမှသေချာမသိသေးဘူး။ သူတို့ခေါ်တိုင်းရော..ခေါင်းကြောမာတဲ့ မနော်ဟရီ
တွေကလာမှာတဲ့လား..။ ဇာတ်ကတော့အတော်ကြည့်လို့ကောင်းဦးမှာပါ။
အကောင်းဆုံးအပိုင်းကတော့..နှလုံးသားနဲ့ရွေးချယ်မယ့်အပိုင်းပေါ့။

အကယ်၍များ..လွဲခဲ့သည်ရှိသော်..။

မလွဲခဲ့သည့်တိုင်…မရွေးနိုင်ခဲ့သည်ရှိသော်…
……………………….
ဇာတ်ကဘယ်လိုသိမ်းမယ်မသိသေးဘူး..။ ကြည့်ကြသေးတာပေါ့…။

အမှန်က..အစစ်ကိုမတွေ့လို့လည်းးဘာမှမဖြစ်ပါဘူး။
သူမရှိလို့စာပေလောကကြီးဘာမှဖြစ်သွားမှာမှမဟုတ်တာ..။
(စာရေးသူ)

(ဒီစာမူက..ပြီးခဲ့တဲ့အောက်တိုဘာ..၂၀၀၈ ရတီ မဂ္ဂဇင်းမှာ အင်တာဗျူးနဲ့အတူ
ပါသွားခဲ့တဲ့စာမူပါ…။ တော်တော်လေးလည်းပြောခံလိုက်ရတဲ့ အင်တာဗျူးဖြစ်
ပါတယ်။ (ပါရမီကထူးတာကိုး ) ဖြေတာတွေကိုကြီးကြီးကျယ်ကျယ်..ဆောင့်
ကြွားကြွားတဲ့လေ…း)

မနော်ဟရီ


ဘာဖြစ်ဖြစ် ကျနော်ကတော့ ခုလက်ရှိ မနော်ဟရီကို ရင်ဘတ်နဲ့ ရွေးချယ်ခဲ့ပါတယ်… ခေါင်းကြောမာတဲ့ မနော်ဟရီကို ခေါင်းကြောတင်းတဲ့ သူတွေက ရင်ဘတ်နဲ့ ရွေးမှာပါ… နှလုံးသားက လက်ခံမှ ဘယ်သူက မနော်ဟရီ အစစ်ဆိုတာ အဖြေထွက်လိမ့်မယ်…

ဒါပေမယ့်… ကိုယ်တိုင်ခင်မင်ခွင့် ရတော့ ခုချစ်ခင် လေးစားရတဲ့ “မနော်ဟရီ” ကို အစစ်အတု ခွဲရတော့ မလိုလို…
အတုလဲ ဖြစ်နိုင်တယ်… အစစ်လဲ ဖြစ်နိုင်တယ်… ဒါပေမယ့် ခုလက်ရှိ ကျနော် မကြီးလို့ တရိုသေ ခေါ်ပြီး လေးစားရတဲ့ မကြီး(မနော်ဟရီ) က အတုဖြစ်စေ အစစ်ဖြစ်နေစေဦးတော့… တစ်ဘဝလုံးစာ ကျေနပ်မိတယ်… အတုဖြစ်နေရင်တောင်မှ မနော်ဟရီ အစစ်ကို မရှာတော့ပါဘူး…း)






မကြီးရေ….

ဒီမနော်ဟရီ အတု ဆိုတဲ့ ပိုစ့်လေးကို သား အရမ်းသဘောကျခဲ့တယ်… ဒါကြောင့် မကြီးရဲ့မွေးနေ့မှာ မကြီးကို အမှတ်တရ ပြန်ပေးခဲ့တယ်နော်… မကြီးပိုစ့် ကို သား ထပ်ပြီးထည့်ထားတယ်… မွေးနေ့ အမှတ်တရပေါ့…
မကြီးရေ… မွေးနေ့မှာ ပျော်ရွင်စေဖို့ ဒီပိုစ့်လေးနဲ့ (၁၄) ဒီဇင်ဘာ ဆုတောင်း ကဗျာလေး ပေးပြီး မွေးနေ့ ဆုမွန်ကောင်းတောင်းပေးပါတယ်..

ချစ်ခင်လေးစား ရသော မကြီး တစ်ယောက် ချစ်သား ကိုကို နဲ့ ပျော်ရွှင်ချမ်းမြေ့သော ဘဝလေးကို ယခုမွေးနေ့မှ စပြီး ထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့။။။


GOD BLESS YOU!


ချစ်ခင်လေးစားခြင်းများစွာဖြင့်

ဖိုးစိန်

Comments

MANORHARY said…
သေဖို့ တစ်နှစ်ထပ်နီးလာသိလိုပါပဲ
လူတွေနဲ့သဟဇာတဖြစ်အောင် မနေတတ်ဘူးညည်းရင်း
လူတွေနဲ့သဟဇာတဖြစ်အောင်နေထိုင်လိုက်ရင်းနဲ့
ကိုယ့်ကိုယ်ကိုလည်း ပြန်လည်ရှာဖွေတွေ့ရှိဖို့
ပိုခဲယဉ်းလာတယ် ...........
စစ်မှန်သောနေရာတွေမှာတော့ စစ်မှန်သော သူတစ်ယောက်ကို တွေ့တန်ကောင်းပါရဲ့ ...
ထိုက်တန်တာပဲပြန်ပေးသင့်တဲ့ လောကအလယ်မှာ
အားလုံးကို မထိုက်တန်သည့်တိုင် ထိုက်တန်စွာ ပြန်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်
အိန္ဒြာ said…
မမ..........

..........................

............................
မခ said…
မွေးနေ့

ဟောဒီလိုနေ့မှာပဲ
ကမ္ဘာမြေကို လက်ဆွဲနှုတ်ဆက်
ပြီး……ပြက္ခဒိန်တစ်ခုကို
ကိုယ်တိုင်ရေးခဲ့တယ်။

ငိုခဲ့ ။ ရယ်ခဲ့ ။ လွမ်းမောခဲ့ ။

ဘ၀သံသရာ သီချင်းကို
ထပ်ပြန်တလဲလဲဆိုရင်း
နေ့စွဲတွေ သူလိုကိုယ်လိုဖြတ်သန်း
ဒီတစ်ခါ သရုပ်ဆောင်ရတာက
အခန်းနံပါတ် .....။

ဘယ်လိုနက္ခတ်နဲ့ပဲယှဉ်ပြီးဖွားခဲ့
လူတစ်ယောက်အတွက်
ဒီလိုနေ့တွေ အရေးတကြီး လိုအပ်တယ်။ ။

လွန်းဝေး
WWKM said…
ဘယ်သူတွေဘာပြောပြော မနော်က တို့နဲ့စကားပြောကြ
ရင် ကလေးတစ်ယောက်လိုပဲ... ပွင့်ပွင့်လင်းလင်း ချစ်စရာကောင်းတယ်..
မကြီးတို့ ၂ယောက်တွေ့ကြရင် ကလေးတွေပြန်ဖြစ်သွား
ကြတယ်လေ..
ရယ်တာကိုက ခစ် တဲ့. ဟဟ

တနေ့က မွေးနေ့အကြိုဆုတောင်းပေးထားပြီနော်.. အဲ့အတိုင်းပါပဲ။း))

မနော်ကို ချစ်တဲ့

ဝါ
မနက်ဖြန်မှာကျရောက်မဲ့ မနော် ရဲ့မွေးနေ့မှသည်
အသက်ထက်ဆုံးသည့်တိုင် အောင်မြင်ပျော်ရွှင်
မှုများနဲ့ အနုပညာများကိုဖန်တီးနိုင်ပါစေ။
khin oo may said…
ချမ်းမြေ့ပါစေ မနော်
Ree Noe Mann said…
အတုပဲ ဖြစ်ဖြစ် အစစ်ပဲ ဖြစ်ဖြစ်

မနော်ဟရီက မနော်ဟရီ ပါပဲမကြီးရေ။

မကြီးနော် ရေ

လူဆိုတာ ကိုယ်လုပ်တာ ကိုယ်မှန်တယ်လို့ ထင်ရင်း

ဆက်သာလုပ် ရီနိုကတော့ အားပေးတယ်.....

ခုကျနော်တို့ သိနေတဲ့ မကြီးနော် အတုဆိုရင်လည်း

မကြီးနော်ပါပဲ အစစ်ဆိုရင်လည်း မကြီးနော်ပါပဲ။

မနက်ဖြန်မှာ ကျရောက်မဲ့ မွေးနေ့မှသည် နောက်လာမဲ့လာမဲ့ နှစ်တွေ နှစ်တွေတိုင်းလည်း
သူတိုတွေ ထင်နေကျတဲ့ စတိုင်လေး (လူမှုဆက်ဆံရေးညံ့တယ်၊ဘယ်ကလာ…စွာတာ..စွာတာ...အူတူတူနဲ့ပါ..ခေါင်းမာတယ်..လုပ်ချင်ရာလုပ်တယ်..တဇွတ်ထိုး..ကျေးဇူးမသိ
တတ်ဘူး…သိချင်တဲ့နေရာကျသိပြီး..မသိချင်ရင်လည်းတုံးနေပြန်ရော…ဟုတ်တယ်..သူက..တဇွတ်ထိုး..တဇောက်ကန်း..ပေတယ်..အင်း… မကြီးနော်လား… သူလား… သူက ခေါင်းမာတယ်လေ… မဟုတ်တာပြောရင် ချက်ခြင်းတုံ့ပြန်တာပဲ… လူမုန်းဆေးကလဲ ကျဲလိုက်တာ လွန်ပါရော… မျက်နှာကလဲ မာသေးတယ်… အနုပညာ ကိုတော့ မထိနဲ့… သူဖန်တီးနေတဲ့ အနုပညာ မာနက တစ်ပြားမှ မချဘူး...အမေလား… အမေအစစ် ရေးတဲ့ကဗျာတွေက လူလိုပဲမာတယ်… အသုံးအနှုန်းတွေကသာ နုနေတာ… လူတွေနားမလည်အောင် ရေးတယ်ပေါ့… မနော်ဟရီ တွေကို ကဗျာတစ်ပုဒ်ချရေးခိုင်းရင်ကောင်းမယ်… အစစ်ဆိုရင် ကဗျာက မာမယ်… ထင်တာပဲ… သိချင် သူ့ သွားမေးမှပဲရမယ်..သူ့ကို အာဖရိက ကလူရိုင်းမျိုးနွယ်စုတစ်စုက ..လူဝါနတ်ဘုရားမအဖြစ်ကိုးကွယ်ကြ
တယ်။) အတိုင်းနေရင်းပဲ နောက်နှစ်တွေမှာလဲမပြောင်းလဲသော သဘောတရားအတိုင်းထိုက်တန်တာပဲပြန်ပေးသင့်တဲ့ လောကအလယ်မှာ
အားလုံးကို မထိုက်တန်သည့်တိုင် ထိုက်တန်စွာ ပြန်ပေးနိုင်ပါစေ ...မကြီးရေ

ခင်တဲ့ ရီနို
Moe Cho Thinn said…
တို့လဲ အဲဒီဝတ္ထုကို ကြိုက်တယ်။ ဖိုးစိန်ပြောတာ ဟုတ်ပါ့။ အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် အခု လက်ရှိ ခင်မိတဲ့ မနော်ကိုပဲ တသက်လုံး ခင်သွားမှာ..။

တနလာင်္နေ့မှာ ကျရောက်မဲ့ မနော်မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀ကို သား ကိုကို နဲ့အတူ လျှောက်လှမ်းနိုင်ပါစေ။
ဘ၀နဲ့ ဆန္ဒလဲ တထပ်တည်းကျပါစေ မနော်ရေ..
Anonymous said…
း)
သေဖို့နီးကပ်လာပြီဆိုတာ ထောက်ခံတယ်။
သားတော့သေမှာကြောက်နေသေးတယ်။
မကြီးနော် မွေးနေ့မှာ ပျော်ရွှင် ချမ်းမြေ့ပါစေး))
...
မေ က သံယောဇဉ်ကြီးတတ်တာကိုး ...
မေ က ဆူးတွေရှိချင်ယောင်ဆောင်ထားတဲ့ ... ရေခဲနှင်းစက်လေးပဲဖြစ်တယ် ..
မေ က ဘုရားသခင်ရဲ့ လက်ဝဲလက်က ၀ှက်ဖဲလေးလည်းဖြစ်တယ် ...
မေ က သူ့ခေါ်သံသူမကြားတဲ့ ... ဗန်ဂိုးရဲ့ နားရွက်တစ်ဖက်ဖြစ်တယ် ...
ကောင်းကင်ဘုံရဲ့ အပဲ့စလေးလို .. လူတွေကြားမှာ
အံမ၀င်လှတဲ့ .. ထောင့်ချုပ်ကျောက်လေးလဲဖြစ်သေးတယ်...
သိပ်ချစ်တာတွေကို သိမ်းဆည်းထားဖို့ မအောင်မမြင် ကြိုးစားနေတဲ့ ဇွဲကောင်းတဲ့ အရှုံးသမားလေးလဲဖြစ်တယ် ..
ပဲ့ကျနေတဲ့ နှလုံးသားတွေကို ခဲရာခဲဆစ်တပ်ဆင်နေတဲ့ ... ကလေးဆန်တဲ့ပန်းပွင့်ဖူးလေးဖြစ်တယ်
မာရ်နတ်ရဲ့ဝတ်ရုံတွေကြားမှာမှ ရှင်ပြန်တမြောက်ခြင်းကို ပျိုးကြဲကြည့်နေတဲ့ ခပ်ညံ့ညံ့ ဥယျာဉ်မှုးလည်းဖြစ်သေးတယ် ..

မေ က
တောင်းဆိုးပုလုံးဆိုးလို ကံတရားကို .. ပစ်ကြည့်ဖို့ ကိုယ်ထူကိုယ်ထကြိုးစားနေသူကြီးပေါ့ ..
သူကိုယ်သူပြန်ရယ်ပြဖို့ မတတ်မြောက်ခဲ့တဲ့ လူရွှင်တော်လိုပဲ သူမဟာ
ရာသီဥတုသာယာတဲ့နေ့မှာမှ ဖျားနာခဲ့လေရဲ့ ..

ပုံပြင်တွေမှာ ဇာတ်ပေါင်းခန်းရှိရဲ့လား ..
တစ်ခါတစ်လေလည်း မေတွေးတယ်
နသယ်နီယယ်ဟောသွန်းကိုမေမုန်းတယ်
ကံတရားဟာ နသယ်နီယယ်ရဲ့ ဆရာပဲလားလို့ တွေးမိတယ် ...

ပန်းပွင့်နေတာတောင်ခါးတယ် ..
မြင်နေသမျှဟာ မှားနေတယ် ...
ရင်ဘတ်ထဲမှာ ... ရီနေးဆန်းတွေ အပွင့်များစွာပွင့်လန်းနေတယ် ...
ရင့်ကျက်မှုဆိုတဲ့ မေမလိုချင်တဲ့ တန်ရာတန်ကြေးမှာ ..
မေ ဒူးထောက်ကျသွားတယ် ...
ရိုးရိုးလေး ပျော်ရွှင်ပြုံးမြခဲ့တဲ့ နေ့လှလှတွေကို လွမ်းတယ် ..
သံသရာဟာ ပွိုင့်လေးဆိုသိပ်ကောင်းမှာပဲလို့တွေးမိတယ်
ချစ်တဲ့ခင်တဲ့သူတိုင်း . ဆုံနေအောင် .. သံသရာကို ... အ၀ိုင်းလုပ်ထားဖို့လည်းတွေးနေမိတယ် ..
တနင်္ဂနွေမှာ နားနေတော်မူတဲ့ ဘုရားသခင်ရဲ့ အပြုံးကို မေ လူတွေဆီမှာ တပ်ဆင်ကြည့်တယ် ..

အင်း ..တစ်ခုမှ အဆင်မပြေပါလားလို့ စိတ်ရှုပ်သွားတဲ့ ကလေးလေးလို သူ့ခြေထောက်ကို သူရပ်ငေးနေတယ်
ပုံပြင်တွေဟာ သံသရာလိုပါပဲလားလို့ ...
မေ က အဆုံးသတ်လိုက်တယ် .... ။ ။

Zephyr

ကိုဇက်ရဲ့ အမေ( မမ မနော်ဟရီ) ဖွဲ့လေးဟာ လှပထိရှလွန်းလို့ ကူးယူဖော်ပြမိပါတယ်။

မယ့်အတွက် မနော်ဟရီအစစ်က ပြည့်ဝလွန်းတဲ့ စပါးနှံ။ ကြင်နာတတ်တဲ့ ကမ်းလင့်လက်။ နားလည်တတ်တဲ့ စာနာမျက်ဝန်း။

လေးစားရတဲ့ ကြယ်စင်။
ပျော်ရွှင်ပါစေ..မကြီးရေ..
Zun Moe Sett said…
A very happy birthday to Ma Gyi Naw!

Wish you all the best & every success.

With regards,
Zun Moe Sett
ကျွန်တော်နဲ့မွေးနေတူတဲ့အမအကြောင်းသေချာဖတ် လိုက်ရတယ်..

Popular Posts