Sunday, 9 December 2012

ကျနော်တို့မြန်မာပြည် ၀န်ဆောင်မှုလုပ်ငန်းများ (၁)

 အရောင်းစင်တာ နှင့် သူ၏မာယာများ

 
နိုင်ငံတနိုင်ငံရဲ့ အရောင်းပြခန်းတွေ၊ စတိုးဆိုင်တွေ၊ စူပါမားကတ်တွေမှာ ဈေးဝယ်ထွက်ရင် ကိုယ်ဖြုန်းချင်တဲ့ ငွေကြေးပမာဏကို တိုင်းတာပြီး ၀ယ်ယူသုံးစွဲလို့ရတယ်။ မော်တော်ကား က အစ ပင်အပ်အဆုံး ရောင်းသူရမဲ့ အမြတ်တန်ဖိုးကို တွက်ဆက်ချက်ပြီး ဈေးနှုန်းတွေကို ကပ်ထားတတ်ကြတယ်။ ဈေးနှုန်းမကပ်တာဆိုလို့ နိုင်ငံခြားသားတွေ ကို ဆွဲဆောင်ရောင်းရတဲ့ လမ်းဘေးရောင်း အမှတ်တရ ပစ္စည်းတွေက လွဲလို့ ကျန်တဲ့ အရောင်းပစ္စည်းတွေမှာ ဈေးနှုန်းကပ်ထားလေ့ရှိပါတယ်။ မြန်မာပြည်မှာတော့ ဈေးနှုန်းကပ်ဈေးမဟုတ်ပါဘူး။ ပါးစပ်ဈေးနဲ့ လူကြည့်ပြီး တည့်သလို ရောင်းနေကြတာပါ။


မြန်မာပြည် ပြန်ရောက်တော့ ဖလက်တီဗွီ တလုံးဝယ်ချင်လို့ ရန်ကုန်က အရောင်းစင်တာတွေ ဆီသွားပါတယ်။ ဒီလို လျှပ်စစ်ပစ္စည်းတွေနဲ့ မရင်းနှီးတဲ့ ကျနော်က အရောင်းပြခန်းရောက်တော့ အမျိုးအစားနဲ့ အပ်တူဒိတ်တွေရဲ့ ဈေးနှုန်းကွာဟမှု တွေကို မေးပါတယ်။ ရောင်းတဲ့ သူတွေက ပါးစပ်လေးနဲ့ အလျင်အမြန်ရှင်းပြ ပေးမယ့် ကျနော် နားမလည်ပါဘူး။ ကျနော် မေးတဲ့ မေးခွန်းတွေကိုလဲ စိတ်ရှည်လက်ရှည်နဲ့ မဖြေချင်သလို ကျနော် မေးတာတွေကိုလဲ သူတို့ မသိကြပါဘူး။ ဒါတောင် အရောင်းမန်နေဂျာ နဲ့တွေ့တာပါ။ ဒါနဲ့ သူငယ်ချင်းတယောက်ကို ခေါ်ပြီးဘယ်အမျိုးအစားက ကောင်းတယ် ဆိုတာ လှမ်းမေးရပါတယ်။ သူငယ်ချင်းပြောတော့မှ အဲဆိုင်မှာ ပစ္စည်းအမျိုးအစားနဲ့ မော်ဒယ်နံပတ်ပြ ပြီးတော့ ဈေးမေးပါတယ်။ မန်နေဂျာကိုယ်တိုင် ကျနော့်ကို ကြည့်ပြီး ဈေးကို တင်လိုက်ပါတယ်။ ကျနော် ပထမဆိုင်ကနေလှည့်ထွက်ခဲ့တယ်။

ဒုတိယဆိုင်ရောက်တော့ ကျနော် ပစ္စည်းအမျိုးအစားတွေကို ထပ်မေး မနေတော့ပဲ ဆိုင်တပတ် လှည့်ကြည့်ပြီး ဈေးနှုန်းများ ကပ်ထားမလားလို့ရှာမိပါတယ်။မတွေ့ပါဘူး။ ဒါနဲ့ အကို ဘာကူညီရမလဲလို့ မေးလာတဲ့ ရောင်းသူကို ကျနော်ဒီပစ္စည်းလိုချင်ပါတယ်လို့ မော်ဒယ်နံပတ် ပြလိုက်တော့ မန်နေဂျာ ထိုင်တဲ့ ကောင်တာဆီခေါ်သွားပါတယ်။ မန်နေဂျာက ကျနော့်ကို “အကိုဘယ်လောက် ပေးချင်လဲ”မေးတော့ ကျနော်က “တစ်ကျပ်” လို့ ဖြေတာကို မန်နေဂျာက “ ခင်ဗျားနောက်မနေနဲ့.. ခင်ဗျားမှာ ရှိတဲ့ပိုက်ဆံနဲ့ ညှိပြီး စေတနာနဲ့ ရောင်းပေးမလို့” လို့ ပြောပါတယ်။ ၀ါးလုံးကွဲ ရယ်ချင်တဲ့စိတ်ကို မျိုသိပ်ပြီး ခပ်တည်တည်နဲ့ “ခင်ဗျားတို့ရောင်းနိုင်တဲ့ ဈေးပြောပါ” လို့ပြောတော့ ပထမဆိုင်ထက် သောင်းဂဏန်း ကွာပြီး ဈေး ပြောပါတယ်။ ဈေးစကားမဆုံးဘူး ကျနော်လှည့်ထွက်တော့ အနောက်ကနေ မန်နေဂျာက သူ့အရောင်းသမားတွေကို ပြောတာက အစကတည်းက “ရုပ်ကြည့်ပြီး မ၀ယ်နိုင်ဘူး ဆိုတာ သိပြီးသားမို့ တမင်ဈေးပြော လိုက်တာ” ဆိုတဲ့ အသံကို ကြားဖြစ်အောင် ကြားလိုက်တော့ ကျနော် ပြန်လည့်ပြီး အိတ်ထဲက ပိုက်ဆံထုတ်တွေကို ထုတ်ပြပြီး ကြွားဖြစ်အောင် ကြွားလိုက်မိသေးတယ်။

မထူးပါဘူး ဆိုပြီး ပန်းဆိုးတန်းထဲက ဆိုနီ အရောင်းပြခန်းကို သွားတော့ “အကို ဘာယူမလဲ..၀င်ကြည့်သွားလို့ရတယ်နော်. ပစ္စည်းမှန် ဈေးမှန်တယ်” ဆိုတဲ့ ခေါ်သံတွေက ထိုင်ရာ က မထပဲ အိပ်ငိုက်သံတွေနဲ့ ခေါ်နေတာပါပဲ။ ဆိုင်ထဲ ၀င်သွားရင်တော့ ယင်တွေလို အုံလာပြီး ၀ယ်တဲ့သူ အေးဆေး လှည့်ပတ်ကြည့်လို့ မရအောင် အနောက်ကနေ တကောက်ကောက်လိုက်တဲ့အတွက် စိတ်ကျဉ်းကျပ်မိပါတယ်။ ကျနော်တို့ ၀ယ်ချင်အောင် ပစ္စည်းတွေကို လိုက်ရှင်းပြတာမျိုးမဟုတ်ပါဘူး။ ကျနော်အနောက်ကနေ လိုက်ပြီး သူတို့ပြောနေတဲ့စကားလက်စတွေကို ဆက်ပြောနေကြတာပါ။  ဈေးမေးရင်လဲ အရောင်းပြခန်းက သတ်မှတ်ထားပြီးသား ဈေးမဟုတ်ပဲ ပါးစပ်တဲ့ ရှိတဲ့ ဈေးတွေနဲ့ တယောက်တပေါက် ဆိုသလိုဖြစ်နေပါတယ်။ အရောင်းပြခန်း ဆိုပေမယ့် ဈေးနှုန်းမပါပါဘူး။ ဒါတောင် တရုတ်ကလာတဲ့ ပစ္စည်းနဲ့ ယိုးဒယားက လာတဲ့ ပစ္စည်းဆိုပြီး ရောရောင်းတာ ခံရသေးတယ် ဆိုတာ လဲရှိသေးတယ်။
 ကျနော်လိုချင်တဲ့ပစ္စည်းနဲ့ မော်ဒယ်နံပတ်ပေး မေးတော့လဲ ပထမဆိုင်နှစ်ဆိုင်ထက် များနေပြန်တော့ ဘာမှ မ၀ယ်တော့ဖို့ ဆုံးဖြတ်ပြီး တိတ်တိတ်လေးပဲ လှည့်ပြန်ခဲ့တော့တယ်။ နောက်က ကျနော့်ကျောပြင်ကို ကြည့်ပြီး ၀ယ်မှာ မဟုတ်ဘူးဆိုတာ သိပြီးသားပါဆိုတဲ့ မျက်လုံးတွေကို ကျောခိုင်းရင်းနဲ့ပေါ့..


Tuesday, 2 October 2012

ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ( သို့ )အိမ်အပြန်လမ်း



ကျနော် မွေးရပ်ဇာတိ မြေကို မပြန်ဖြစ်တာ နှစ်နှစ် နီးပါး ရှိခဲ့ပြီ။ အခု အကြောင်း အမျိုးမျိုးကြောင့် အိမ်ခဏပြန်ဖို့ အခွင့် ကြုံခဲ့ရတယ်။ ကျနော့် အကျင့်အတိုင်း အိမ်ပြန်ရင် မပြောပဲ အိမ်က လူတွေ အံ့သြ၀မ်းသာအောင် ပြန်ချင်ပေမယ့် ကျနော့်အိမ် ဘယ်မှာလဲ ဆိုတာ ကျနော် မသိဘူး ဖြစ်နေတယ်။ ရန်ကုန်ရောက်ရောက်ခြင်း ကျနော်ပြန်ရောက်နေတယ်လို့ ဖုန်းမဆက်ပဲ ဒီတိုင်း နေခဲ့တ
ယ်။ ဖုန်းဆက်ခဲ့ရင် မေတို့ဖေတို့က မျှော်နေကြမှာ။ စိတ်မော စိတ်ပူနေကြရမှာ ကို စိုးတာနဲ့ နေပြည်တော်ကနေ မော်လမြိုင် ကားလက်မှတ်ဝယ်ပြီးမှ အဖေရေ… သားကို မနက်ဖန် ကားဂိတ်မှာ လာကြိုပါလို့ ဖုန်းဆက်ရတယ်။ အဲဒီအခါမှ အိမ်က ကျနော်ပြန်လာမှန်းသိကြတယ်။

တကယ်ဆို ကျနော် တိတ်တိတ်ကလေး ခိုးပြန်ချင်တာ။ ဖြစ်ချင်တော့ အခု ပြောင်းထားတဲ့အိမ်က ကျနော် အရင်တခါရောက်တဲ့ အိမ်မဟုတ်သလို အဲ့ဒီအိမ်အသစ်က ဘယ်နေရာမှန်းကို မသိဘူး။ ဒါကြောင့် ကျနော် အဖေ့ကို ဖုန်းဆက်ပြီးလာကြိုခိုင်းရတယ်။

နေပြည်တော် မော်လမြိုင် ခရီးက ရှည်ကြာပါတယ်။ ခရီးထွက်ရတဲ့ထဲမှာ လမ်းမှာ အပေါ့အပါးသွားတာလောက် စိတ်ပျက်စရာ ကောင်းတာမရှိဘူး။ ကားကောင်းပါတယ်ဆိုတဲ့ မန္တလာမင်း ကားကြီးကို စီးပြီးပြန်လာရတယ်။ ဒါပေမယ့် ကားက ထင်သလောက် မကောင်းပါဘူး။ ကျနော့်ဘေးနားတဲ့သူက ဒူးထောင်ပေါင်ကားပြီး အိပ်တဲ့အတွက် ကားသမားကို ပြောပြတော့ ဘေးကလူကစိတ်တွေဆိုးပြီး ခုံအလွှတ်ရှိတဲ့ နေရာ သွားအိပ်တော့မှ ကျနော် သက်သာရာ ရတော့တယ်။
ည၈နာရီခွဲကနေ နေပြည်တော်က ထွက်တဲ့ကားက မနက် ၄ခွဲ ကို မော်လမြိုင်ရောက်ပါတယ်။ လမ်းမှာ နှစ်နေရာ ရပ်နားပါတယ်။ တခါရပ်ရင်နာရီဝက်ကြာပါတယ်။ ကားဂိတ်ထဲ ကားဝင်လာတာနဲ့ အဖေနဲ့ ညီနဲ့ ခေါင်းလေးထောင်ပြီး လိုက်ရှာနေတာကို တွေ့လိုက်တယ်။ မနက် စောစော ကိုယ့်မိသားစု မျက်နှာကို မြင်လိုက်ရတာ ကျက်သရေ အရှိဆုံးပေါ့လေ။

ဒီလိုနဲ့ ကျနော် တခါမှ မရောက်ဘူးတဲ့ အိမ်အသစ်ဆီကို ခေါ်လာပါတယ်။ လမ်းမှာလဲ အဖေနဲ့ ညီနဲ့ လုမေးတဲ့ မေးခွန်းတွေကို အင် . ဟင်အင့်နဲ့ ဖြေလာတာ မောရပါတယ်။ မေးခွန်းတွေက တရစပ်ပေါ့..။

ရောက်ပါပြီး။ ကျနော် တို့အိမ်အသစ်ကို ရောက်ပါပြီး။ ဒီအိမ်အသစ်ကို အဖေနဲ့ အမေစကာင်္ပူကနေပြန်လာပြီးတဲ့ အချိန်က စဆောက်တာပါ။ အိမ်ကိုတောင် စကာင်္ပူစတိုင် ဆောက်ထားပါတယ်လို့ အဖေက၀မ်းသာ အားရပြောပါတယ်။ ကျနော်လဲ အံ့အားသင့်စွာနဲ့ အိမ်ကို ကြည့်တော့ ဘယ်နေရာ စကာင်္ပူစတိုင် ဖြစ်နေလဲ ဆိုတာ ပြောလို့မရဘူး ဖြစ်နေတယ်။ ဒီဇိုင်နာလဲ အဖေ. ပန်းရံ ဆရာလဲ အဖေ. လက်သမားလဲ အဖေဆိုတော့ အိမ်တခုလုံးက စိတ်တိုင်းကျ အဖေ ရောသမ မွှေထားတဲ့ စကာင်္ပူ စတိုင် ဖြစ်နေတယ်။ ကျနော်တောင် မနည်း ပြန်စဉ်းစားရတယ်။ စကာင်္ပူစတိုင် ဆိုတော့ အဖေဘယ်နားက အိမ်ကို မြင်သွားပြီး စကာင်္ပူစတိုင် ပြောတာပါလိမ့်လို့.. ။ မျက်စိထဲမှာတော့ ခေါက်ရိုးကျိုးနေတဲ့ အဖေ့စတိုင်အိမ်ပုံစံပဲ မြင်ပါတယ်။

ဒီလိုနဲ့ အိမ်ထဲလှမ်းဝင်လိုက်တော့ ဘုရားတရပါတယ်။ အိမ်အတွင်းကို လဲစကာင်္ပူစတိုင်တဲ့.။ သုတ်ထားတဲ့ ဆေးက အနီရဲရဲ.. ဒီအရောက်ကို အဖေက ရွေးတာပါတဲ့လေ။ အဲ့အနီရောင်ကို အမေက မကြိုက်လို့ အ၀ါရဲရဲ ထပ်သုတ် လိုက်ပါတယ်။ ကဲ..။ အနီပေါ် အ၀ါ ဖုန်းနေတဲ့ ရဲ ရဲ တောက် အရောင်ကြီးကို မျက်စိထဲပဲ မြင်ကြည့်ပါ။ ဒါတင် မပြီးသေးဘူး။ ညီနဲ့ ညီမက သူတို့ ကိုယ်ပိုင်အရောင်တွေကို သူ့တို့ပိုင်တဲ့ အခန်းအတွင်း အပြင်ထပ်သုတ်လိုက်တော့ အိမ်က လေးယောက်လေးရောင်နဲ့ စကာင်္ပူ စတိုင်နဲ့ မတူပဲ အိန္ဒိယ အိမ်နဲ့တူနေလို့ ဆေး အရောင်ရွေးခဲ့ပေးရတယ်။

အိမ်ပြန်ရောက်တော့ အမေက ထွက်ပြီး ကြိုနေပါတယ်။ နည်းနည်းပိန်သွားတာက လွဲလို့ ကျမ်းကျမ်းမာမာနဲ့ ပြန်တွေရတော့ အရမ်းကို ပီတိဖြစ်ပါတယ်။ အိမ်ရောက်တာနဲ့ သူ့အခန်းထဲက သူ့ကတင်ပေါ်ကို ခေါ်ပြီး အတင်းအိပ်ခိုင်းပါတယ်။ ခရီးပန်းလို့ ခဏအိပ်လိုက်ဆိုပါတယ်။ အမေစိတ်ချမ်းသာအောင် အမေ့ကုတင်ပေါ်သွားတော့ အိမ်က ညီမရော ညီရော. အဖေရော အမေ့ ကုတင်ပေါ်တက်လာပြီး သိချင်တဲ့မေးခွန်းတွေကို မေးတော့တာပဲ။ ကျနော့် အိမ်အတွက် ဘာပစ္စည်းမှ မ၀ယ်သွားပါဘူး။ ဒါပေမယ့် ကျနော့် အိတ်ကို မွှေပြီး ညီနဲ့ ညီမက အိုင်ပက်ကို အမွေခွဲပါတယ်။ အဖေကလဲ နင်တို့တွေ ဒါမျိုးကိုင်တတ်တာ မဟုတ်ဘူး။ အဖေစကာင်္ပူသွားတုန်းက ဒါတွေ နှိပ်တတ်အောင် သင်ခဲ့တာပါဆိုပြီး အတင်းလုပါတယ်။ အဖေစကာင်္ပူ သွားခဲ့တာဟာ အဖေ့အတွက် တပန်းသာပါတယ်။ နည်းနည်းဖြင့် စကာင်္ပူ မှာတုန်းက နဲ့ ကိုင်ပေါက်လို့ ညီ့ခမျာ လူးလူးလှိမ့်လှိမ့် ခံရပါတယ်။

အဲလို လုနေတုန်း အမေ ပျောက်သွားပါတယ်။ အဲဒါနဲ့ အမေအိမ်သာများတက်နေလား ဆိုပြီး သတိရလို့ မေးတော့ အမေက မှန်တင်ခုံမှာ အလှပြင်နေပါတယ်။ ထူးထူးဆန်းဆန်း လိုင်ဒါတွေ ဆိုး နှုတ်ခမ်းနီတွေ ဆိုးပြီး သိပ်လှနေပါတယ်။ ဆေးရုံ ၂ လ တက်ပြီး ၁ လ အကြာမှာ အမေအလှပြင်တာ ဒီနေ့ ပထမဆုံး ဆိုတော့ အဖေက သိပ်ပျော်နေပါတယ်။ ငါ့မိန်းမ ဒီနေ့ အရမ်းကို လန်းနေတော့တာပဲ ဆိုပြီး အမေ့ဝတ်ဖို့ အကျီတွေ သွားရွေးပေးပါတယ်။

ဒီလိုနဲ့ မိသားစုတွေ အမေ့စိတ်တိုင်းကျ အပြင်ထွက်ပြီး မနက်စာ စားပြီးတော့ အမအိမ်ခဏသွားခဲ့ကြပါတယ်။

အိမ်က ဆောက်လက်စ တန်းလန်းကြီးဆိုတော့ နေ့ဘက် အလုပ်သမားတွေနဲ့ ရှုတ်နေပါတယ်။ အဖေကိုယ်တိုင် ညီနဲ့ မျက်နှာကျက်ရိုက်ပါတယ်။ ခြံစည်းရိုးကို တော့ အလုပ်သမားတွေငှားပြီးခတ်ပါတယ်။ တအိမ်လုံး သူ့နေရာ သူမကျသေးဘူးဆိုတော့ ကျနော် နေရခက်ပါတယ်။ ဟိုအခန်းဝင် အနီ ဒီအခန်းထွက် အ၀ါနဲ့ မျက်စိလဲ နောက်ရပါတယ်။ အမတွေ ညီမတွေကတော့ ကျနော်ပြန်လာတော့ ကျနော်ကြိုက်တဲ့ဟင်းတွေ ရွေးချက်ပေးပါတယ်။

ညဘက်ရောက်တော့ အဖေက ညီနဲ့ကျနော့်ကို သူ့နဲ့ ဘီယာသောက်ဖို့ ခေါ်ပါတယ်။ အဲဒါနဲ့ ဘီယာဆိုင်သွားပြီး ဘီယာနဲ့ အကင်နဲ့စားကြ သောက်ကြ စကားပြောကြပါတယ်။ အဲဒါနဲ့ စကားစပ်ပြီး အရင် နေခဲ့တဲ့ အိမ်အကြောင်းမေးမိပါတယ်။ အဲဒီမှာ ပြသနာစတာပဲ။ အဖေက အဲဒီအိမ်ကို ရောင်းမယ်။ သိန်းဘယ်လောက်ရရင်ပြန်ရောင်းမယ်ဆိုတော့ ညီက ကိုကြီးအဲ့ဒီအိမ်ကို ၀ယ်လိုက်ပါလား ဆိုပြီး ကြားကနေပွဲစားလုပ်ပါတယ်။ အိမ်ကဘယ်လို ကောင်းကြောင်း. နောက်ဆိုရင်အဲ့ဒီစက်မှုံဇုန်က ဘယ်လို စည်ကားသွားမယ်ဆိုတဲ့အကြောင်း. ဒီမှာမနေရတာက အမေဆေးခန်းသွားနေရလို့ ဆိုတဲ့အကြောင်း. ဒီအိမ် အဖေနဲ့ အလုပ်ဖြစ်ရင် သူ့ကို ဆယ်သိန်း ပေးပါဆိုပြီး တခါတည်း ဈေးဖြတ်ပါတယ်။

ရောင်းရမယ့်သူ ရှားလို့ ညီက အကို့ကို ပြန်ရောင်းတယ်။ အဖေကလဲ သားဝယ်မယ်ဆိုရင် ဈေးချပေးမယ် ဆိုတဲ့အကြောင်း. သူများဝယ်တဲ့ဈေးထက် ပိုချပေးမှာ ဆိုတဲ့ အကြောင်း ၀ယ်ပြီးသွားရင် ရောင်းဈေးထက် လျှော့ပြီး မိန်းမကို ပြန်အပ် ပိုက်ဆံနည်းနည်းကို သူယူထားမယ် ဆိုတဲ့အကြောင်း ပြောပြန်တယ်။ အင်း.. အဖေနဲ့ ညီနဲ့က ကတုံးပေါ် ထိပ်ကွက် အကွက်တွေ နင်းပြီး သားဖြစ်သူကို အချဉ်ထည့်နေတာနဲ့ တူပါတယ်။ စိတ်ချမ်းသာအောင် စဉ်းစားမယ်လို့ ပြောလိုက်တော့ ညီ ရမယ့် ပွဲခထဲက အဖေက နှစ်သိန်း ပြန် ခေါင်းပုံ ဖြတ်နေသေးတာ တွေ့ရတယ်။ ဒါတွေက ခေါက်ရိုးကျိုးနေတဲ့ အဖေတို့အတွက် ဈေးကွက်စီးပွားရေး စနစ်ပေါ့လေ.။ ဘာပြောပြော အဖေနဲ့ ညီနဲ့ ကျနော့်ကို အိမ်လုရောင်းပြီး ပွဲစားခ တောင်းတာကို သဘောကျပါတယ်။

နောက်နေ့ ရောက်တော့ သတင်းကဘယ်လို ပေါက်ကြားသလဲ မသိဘူး။ အမေ့နားထဲ ပြန်ရောက်ပါတယ်။ အမေကလဲ ဒီအိမ်ကို သားဝယ်ရင် ပွဲခရတာ အမေပဲ ဖြစ်သင့်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ အဲဒီအိမ်မှာ သားကြိုက်တဲ့ အိမ်သာခွက်ကို အမေပိုက်ဆံအကုန်ခံပြီးဝယ်ထားရလို့ပါတဲ့။ ဘယ်ဆီနေမှန်းမသိတဲ့ အရောင်းအ၀ယ်နဲ့ သားအမိတွေ ဝေစုခွဲနေတာ။

ညီမကတော့ ရှင်းပါတယ်။ ဒီလို မဖြစ်နိုင်တဲ့ နည်းနဲ့ သူပိုက်ဆံ မယူချင်ပါဘူးတဲ့။ ကျနော့်ကို သူအခန်းထဲ ခေါ်ထည့်ပြီး ပုံးထဲက စာရွက်တွေ စာအုပ်တွေကို သွန်ချလိုက်ပါတယ်။ ဒီထဲက ကိုကြီးကြိုက်တဲ့ သီချင်းနဲ့ စာမူတွေ ယူသွားပါတဲ့။ ပြီးတော့ ကိုကြီးနာမည်နဲ့ ရေးချင် ရောင်းချင်လဲ ရတယ်တဲ့။ အခု သူအနှစ်နှစ် အလလက စုထား ရေးထားတဲ့ သီချင်းတွေပါတဲ့..။ ကြိုက်တာယူ။ ညီမအနေနဲ့ အလုပ်မဖြစ်မယ့်တူတူ အကိုကြီးကို ပုတ်ပြတ် ရောင်းချင်လို့ပါတဲ့။ ညီမ စာတွေ သီချင်းတွေနဲ့ ကိုကြီးဘ၀ တခုလုံး သာယာလှပသွားမှာပါ ဆိုပြီး နှစ်ဆွေး ကဗျာတွေ စာတွေ သီချင်းတွေကို ရောင်းပါတော့တယ်။ အဲဒါကို ဈေးဖြတ်လိုက်တာ ငါးသိန်းတဲ့.။အဆစ်အနေနဲ့ လက်တန်းသီချင်းနှစ်ပုစ်ကို တောင် လက်ဆောင်ရေးပေးဦးမှာ ဆိုပြီး ငါးသိန်းနဲ့ ဈေးဖြတ်ပါတယ်။ ကျနော်လဲ ညီမစိတ်ချမ်းသာအောင်ဝယ်လိုက်ပါတယ်။

အဲလို ၀ယ်လိုက်တာကို ညီက သိတော့ သူ့အရင်ကရီးစားဓာတ်ပုံတွေ ရီးစားစာတွေ ကျောင်းစာအုပ်အဟောင်းတွေကို ရှာထုတ်လာပြီး ကျနော့်ကို တသိန်းခွဲနဲ့ ဈေးလာဖြတ်ပြန်ပါတယ်။ အဲဒါနဲ့ စိတ်ချမ်းသာအောင် ၀ယ်ရပြန်တယ်။ ဒါတင်မပြီးသေးဘူး။ အမေရော.အဖေရော သူတို့ မှာ ရှိတဲ့ စာတွေ လာရောင်းပြန်တယ်။ တနေကုန် အရောင်းအ၀ယ် ကိစ္စနဲ့ တအိမ်လုံး ဆူညံနေတယ်။ သူကပိုရသင့်တယ်။ ငါကပိုရသင့်တယ်နဲ့ပေါ့။

ဒါနဲ့ သူတို့ကိုဈေးဖြတ်ပြီးတော့ ပိုက်ဆံလာတောင်းပါတယ်။ ဒါနဲ့ကျနော်က စကာင်္ပူပြန်ရောက်ရင် လွှဲပေးလိုက်မယ် အခုတော့မပါဘူးဆိုတော့ သူတို့က “ကိုကြီး ပြန်လိုက်တော့ သွားလိုက်တော့ “ လို့ စိတ်တွေ ဆိုးပြီး သူတို့လေလံပစ္စည်းတွေ စိတ်ပျက်လက်ပျက်နဲ့ ပြန်သိမ်းပြီး ပါးစပ်က ပွစိပွစိပြောပါတော့တယ်။

ကျနော်ကတော့ သူတို့ကို ကြည့်ပြီး သဘောတွေကျနေပါတော့တယ်။ ဒီတခေါက်ပြန်တော့ အဖေက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့ အဓိပါယ်လေးကို ပြန်ပြောပြတယ်။ အဖေပြောတဲ့ မိသားစု ဆိုတာ ရှိအတူ မရှိအတူ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတာ မှန်ပါတယ်။ အခုချိန်ထိ အဖေပြောသလို မိစုံ ဖစုံနဲ့ မောင်နှမတွေ စုစုရုံးရုံး ချစ်ချစ်ခင်ခင် နေရတာကို က အဖေတို့အမေတို့အတွက် မင်္ဂလာ တပါး ဆိုသလိုပဲ ကျနော်တို့အတွက်လဲ မိဘတွေ သက်ရှိထင်ရှားရှိနေသေးတဲ့အတွက် ဂုဏ်ယူစရာပါပဲလေ။

မော်လမြိုင်ကို တညအိပ်နှစ်ရက်ခရီးနဲ့ မိသားစုတွေကို ပြန်တွေ့ရတာ ကျနော့်အတွက်တော့ အတိုင်းမသိတဲ့ကြည်နူးဝမ်းသာ ကျေနပ်မှု တခုပါပဲ။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Saturday, 28 July 2012

မျှော်လင့်မထားပေမယ့် မျှော်လင့်ချက်လေးတော့ထားပါ..။

သား …. အမေတို့ အဖေတို့ရာ.. သားစိတ်မကောင်းပါဘူး. ခုချိန်ထိ သားဘာမှ မလုပ်ပေးနိုင်သေးဘူး..သားကိုသားလဲ တော်တော့ကို စိတ်ပျက်တယ်.

မိဘ… ဘာစိတ်ပျက်စရာရှိလို့လဲ သားရယ်..

သား…. ဟုတ်တယ်လေ.။ အားလုံးပေါ့..။ ဟိုမေမေ့သူငယ်ချင်း သား ဆရာဝန်လိုင်းရတာ.။ ဖေဖေ သူငယ်ချင်းသမီး အမှတ်များများနဲ့ အောင်တာ တွေ..။သားကျတော့ အမေတို့ အဖေတို့ ထင်သလို မဖြစ်လာဘူးလေ.။ အဲဒါကြောင့် သားကိုယ်သား စိတ်ပျက်တယ်လို့ ပြောတာပါ။

မိဘ.. မဟုတ်သေးဘူးသားရဲ့..။ ဒါဒီလို ထင်ရင် သားပင်ပန်းမှာပေါ့။ လူဆိုတာ. အထူးသဖြင့် မိဘဆိုတာ သားသမီးကို ဖြစ်စေချင်တာ တတ်စေချင်တာ သိစေချင်တာ..။ ဒါက မိဘတိုင်း က သားသမီးကို မျှော်လင့်တာ..။ ဒါပေမယ့် ဖြစ်လာမယ် မဖြစ်လာဘူးဆိုတာက ကံတရားပေါ် မူတည်တယ်လေ။ မိဘအနေနဲ့ ကိုယ့်သားသမီးအပေါ်တော့ မျှော်လင့်ချက်တခု တော့ထားရမှာပဲ..။

သား.. မဟုတ်သေးဘူး မေမေ..။ သားခံစားရတယ်။ သားခံရခက်တယ်။

အချိန်တိုင်းမှာ မေမေတို့ ဖေဖေတို့က မျှော်လင့်ချက်ကြီးတခုထားပြီး မျှော်လင့်နေတော့ ဒါတွေက ဖြစ်မလာတဲ့အခါ သားတယောက်အနေနဲ့ ခံစားရတာပါပဲ။ နာကျင်ရတာပါပဲ။ ဘာတွေပဲ မေမေတို့က မျှော်လင့်ချက်ထားထား မထားထား. သားအနေနဲ့က သားလုပ်နိုင်တာထက်ပိုပြီး ဘမှ မလုပ်နိုင်ပါဘူး။ တခါတလေသာ မေမေတို့ကို သားက ဘယ်သူပါ ဘာပဲလုပ်နိုင်ပါတယ်ဆိုတဲ့ ကိုယ့်သားတယောက်ရဲ့ အရည်အချင်းစစ်စစ်ကိုပဲ သိမြင်စေချင်ပါတယ်။ ဘာမျှော်လင့်ချက်မှ မထားရင်ပေါ့….

ဒီလိုမိဘနဲ့သားသမီး အပြန်အလှန်စကားတွေက ငယ်ငယ်က ကြည့်ဖူးတဲ့ရုပ်ရှင်ကား တကားကို မှတ်မိနေတာပါ။ အဲတုန်းက ကိုယ်လဲ မင်းသားနေရာက၀င်ပြီး ငါလဲ သူလို့ပဲ ဘယ်တုန်းကမှ ကောင်းတာတွေ မဖြစ်ခဲ့ဘူး.။ ငါ့မိဘတွေမျှော်လင့်ထားသလိုပဲ ဖြစ်မလာဘူး။ ငါ့ကိုယ်ငါလဲ တော်တော်စိတ်ပျက်ပါတယ် ဆိုတဲ့ အတွေးနဲ့ အတူ ရုပ်ရှင်မှာ နစ်မျော ခံစားခဲ့ဖူးတယ်။

တခါတလေကျတော့ စဉ်းစားမိတယ်။ ဒီလောကကြီးမှာ ဘယ်နှယောက်လောက်များ ကိုယ့်ကိုယ်ကိုယ် ဘ၀င်မကျ. စိတ်တိုင်းမကျတဲ့ စိတ်ဖိစီးမှု မျိုး ခံစားနေရသလဲ။ ဒီစိတ်ဖိစီး ဘ၀င်မကျမှုက တခြားတယောက်ရဲ့ မျှော်လင့်ချက်တခုကြောင့်လား အဲဒီမျှော်လင့်ချက်တွေခြား နစ်မွန်းပြီး ကိုယ့်မျှော်လင့်ချက်တွေ မဖြစ်လာသလားဆိုတာမျိုးပေါ့။ ဒါတွေကလဲ လူတွေမှာ ငါမပြည့်စုံဘူးဆိုတဲ့စိတ်ကို စွဲစွဲ မြဲမြဲ ကိုင်စွဲပြီး မသိစိတ်တွေက တနေတခြားနဲ့ ကြီးထွားရင့်ကျက်လာရင်းနဲ့ လောကကြီးကို

ကြောက်ရွံနေတတ်လာတာပဲ ဖြစ်မယ် ။

တကယ်တော့ လူဆိုတာ ကိုယ့်ဘ၀ကိုယ် ဖန်တီးနေကြတယ်ဆိုပေမယ့် တခြားသူတယောက်ရဲ့  အသိအမှတ်ပြု ခံရခြင်းကို ရှာဖွေမိနေကြတယ်။ အများစုက ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သူတွေရဲ့  အလေးပေးမှု အသိအမှတ်ပြုမှုကို မသိစိတ်က လိုလိုလားလား တောင့်တ တတ်ကြတယ်။ လူတွေကြောက်ရွံ့မိတာက ငါတို့က သူတို့ စိတ်နဲ့ မတိုက်ဆိုင်ရင် သူတို့ထင်သလို ဖြစ်မလာရင် သူတို့ငါကို မချစ်တော့ဘူး. မခင်တော့ဘူး. စွန့်ခွာသွားမှာ ။ အဲဒီအခါ ငါသူတို့ဆီက ငါလိုချင်တဲ့ ပျော်ရွင်မှုတွေ.ကြင်နာမှုတွေ မရတော့ဘူး ဆိုပြီး

ဒါကြောင့် လူအများစုက့ မျှော်လင့်ချက်တခု ကို ဖြည့်ဆည်းပေးဖို့ ကြိုးစားရင်း ကိုယ်ကိုယ်ကိုယ် မျှော်လင့်ချက်ကြီးထားရင်း ဖြစ်မလာတော့တဲ့အခါ စိတ်ဓာတ်အကြီးအကျယ် ကျဆင်း ကိုယ့်တိုင်က မပြည့်စုံတဲ့ဘ၀ကျိန်စာ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ခေါင်းစဉ်တပ်လိုက်ကြတာပါပဲ။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ ယူဆတဲ့အခါ.. ကိုယ်တိုင်က ဘ၀မှာ ဘာမှမပြည့်စုံဘူးလို့ ယူဆတဲ့အခါ..ဘာတွေ တွေးပြီး ဘာလုပ်မိသလဲ။ စိတ်ဓာတ်တွေ အကြီးအကျယ် ကျမိသလား။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမိမလား။ တကယ်တော့ ဒါကလူ့အဖွဲ့အစည်းပဲ။ ဒီလို ဖြစ်လာအောင် လူ့အဖွဲ့အစည်းက တွန်းအားတွေပေးနေတာပါ။ ဒါကို ကိုယ်တိုင်က နေတတ်အောင် မကြိုးစာရင်း ကိုယ့်အတွက် ဒီလူ့အဖွဲ့အစည်းမှာ နေစရာရှိမှာမဟုတ်ပါဘူး.လို့ပဲ ဖြည့်တွေးရမယ်။

တကယ်တမ်းပြန်တွေးရမှာက ကိုယ်တန်ဖိုးမရှိဘူးလို့ ယူဆတာဟာ ကိုယ်က တခြားတယောက် မျှော်လင့်ထားတဲ့ထိ ဖြစ်မလာသေးလို့။ ဘ၀မှာ မပြည့်စုံဘူးလို့ တွေးထင်လိုက်တိုင်းမှာ ကိုယ်ထက်ပြည့်စုံနေတဲ့သူတွေ ကို မသိစိတ်က ပြိုင်ဆိုင်မျှော်လင့်မိနေလို့ ဆိုတာ သတိထားမိရမယ်။ အဓိက က တော့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူက ကိုယ့်အတွက် ဘယ်လို မျှော်လင့်ချက်ထားလဲ. ကိုယ်က သူတို့မျှော်လင့်ချက်ထားတာကို ဘာလို့ စိုးရိမ်တကြီး လိုက်ဖြည့်ချင်နေတာလဲ ထက် ကိုယ်ကိုယ်ကိုယ်ဘာလဲ ဆိုတာ ကိုယ်တိုင် သိထားနိုင်ဖို့ ပါပဲ။

ဒီအချိန်ဟာ ကိုယ်ဘယ်သူဆိုတာ သူများလက်ခံဖို့ ကြိုးစားနေတယ်ဆိုရင် သူများ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းနေဦးမှာပဲ။

ဒီအချိန်ဟာ ကိုယ်ဘယ်သူဆိုတာ ကိုယ်လက်ခံနိုင်ဖို့ ကြိုးစားနေရင် ကိုယ့် မျှော်လင့်ချက်တွေ နဲ့ ကိုယ်ဆက်ရှင်သန်နေဦးမှာပဲ။

ဒီအချိန်မှာ သူများမျှော်လင့်ချက်တွေနဲ့ ကိုယ့်မျှော်လင့်ချက်တွေကို အလွန်အကျွံ စားသုံးထားပြီးပြီး ဆိုရင်တော့… ကိုယ်ဟာ ဘ၀ရဲ့ မပြည်စုံမှု ကျိန်စာ ကို ကောင်းကောင်းကြီးမိနေလောက်ပြီး။

ဇာတ်လမ်းထဲမှာ နောက်ဆုံးအမေလုပ်သူပြောလိုက်တာက.

အမေ.. ဒါက သားကိုယ်သား ပြန်နှိပ်စက်တာပဲ။ လူတိုင်းက အကောင်းဆုံးကို မျှော်လင့်တယ်လေ သားရဲ့ ။ သားကိုယ်တိုင်တောင် မိဘကို အကောင်းဆုံးပေးဆပ်နိုင်ဖို့ မျှော်လင့်ရင်းနဲ့ မဖြစ်လာတဲ့အခါ သားက စိတ်ပျက်ပြီး သားဘယ်သူဆိုတာ လက်ခံပေးဖို့ ပြောနေသေးတာပဲ။ ဒီလိုတော့ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် စိတ်ပျက်မှုနောက်လိုက်ပြီး ဘ၀မှာ မပြည့်စုံဘူးဆိုတဲ့ အတွေးလေး မ၀င်သွားဖို့ပဲ သားရယ်။

မျှော်လင့်မထားပေမယ့် မျှော်လင့်ချက်လေးတော့ထားပါ..။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Thursday, 12 July 2012

Filial Piety

နှလုံးသားချင်းကို နှလုံးသားနဲ့ ရင်းမယ်။ အရေးကြီးရင် သွေးနီးမယ်။ ဘယ်လောက်ဝေးဝေး နှလုံးသား ချင်းနားလည်မယ် ဆိုတာ က မိဘနဲ့ သားသမီးပါပဲ။

အဲဒီနှလုံးသားချင်း နီးဖို့ မိဘနဲ့ သားသမီးကြားမှာ ဘာလိုလဲ အခြေခံကျကျ ရှာရင် သားသမီးက မိဘအပေါ် ရိုသေကိုင်းရှိုင်းမှုပဲ..။

ရိုသေကိုင်းရှိုင်းမှု ဆိုတာ တကယ်တော့ မိဘနဲ့ သားသမီးကြားမှာ အရေးကြီးတဲ့ ဆက်သွယ်မှု တခဲု။ သားသမီးက မိဘအပေါ် ရိုသေမှုရှိမှ မိသားစု ပြသနာ လျှော့နည်းမှာ အမှန်ပဲ။ ရိုသေကိုင်းရှိုင်းမှုက ဘာတွေကို ယူဆောင်ပေးသလဲဆိုရင် စိတ်ခံစားမှုတွေ၊ အိမ်တွင်းရေး ပြသနာတွေ၊ စီးပွားရေး ပြသနာတွေ ကို မိဘနဲ့ သားသမီး တူတူ ဖြေရှင်း လို့ရမယ်။ မိဘအပေါ် ယုံကြည်မှုတွေ ရှိမယ်။ မိဘကလဲ သားသမီးကို တဖက်တလမ်းက အားကိုးလို့ရမယ်ပေါ့။

ဒီလို မိသားစု အဆင်ပြေမှ သားမီးတွေက သူတို့ရဲ့ ပညာရေးနဲ့ စိတ်ဓာတ်ရေးရာတွေ မြင့်လာမှာ အမှန်ပဲ။

ခုနောက်ပိုင်း ဘာတွေ တွေ့လာလဲ ဆိုရင် ဆယ်ကျော်သက်တွေက သူတို့ မိဘတွေ သူတို့ အတွက် ဘာလုပ်ပေးတယ်။ ဘယ်လို လုပ်ပေးတယ်ဆိုတာကို သူတို့ အသိအမှတ်မပြုတော့ဘူး။ သူတို့က မိဘပဲ. မိဘတာဝန် ယူတတ်ရမှာပေါ့။ ကျောင်းထားပေးရမှာပေါ့။ လိုချင်တာ ၀ယ်ပေးရမှာပေါ့.. စသဖြင့် မိဘတွေကို ခုခေတ် ဆယ်ကျော်သက်တွေ မြင်လာတယ်။ အထူးသဖြင့် အိမ်မှာ မိမစုံ ဖမစုံနဲ့ နေရတဲ့သူတွေ အဖေတခြား အမေတခြားနေရတဲ့သူတွေနဲ့ မိဆိုးဖဆိုးနဲ့ နေရတဲ့သူတွေ ကြား ပိုများတယ်။

အထူးသဖြင့် ကိုယ်နဲ့ပတ်သက်တဲ့ Clients တွေက အမေနဲ့ အဖေနဲ့ ကွဲနေတာမျိုး၊ အိမ်မှာ အဖေနဲ့ အမေနဲ့ အဆင်မပြေတာမျိုးတွေများပြီး အဆင်ပြေပြန်တော့ မိဘက သားသမီးကို Take Care မလုပ်နိုင်တာတွေ တွေ့တယ်။ ငယ်ငယ်တုန်းက အရမ်းလိမ်မာတယ် ဒီနှစ်အတွင်းမှာမှ ပြောင်းလဲသွားတယ်ဆိုပြီး Clients မိဘတွေ ပြောပြောနေတာကြားနေရတယ်။ အဲဒါဘာလိုအပ်လဲဆိုရင် မိဘတွေရဲ့ နွေးထွေးမှု အနေအထား၊ သားသမီး ကြီးလာတာနဲ့ အမျှ ပြောင်းလဲ လာတဲ့ မိဘတွေရဲ့ ဆက်ဆံမှုကြောင့် သားသမီးတွေရဲ့ ရိုသေမှုတွေ လျှော့နည်းလာပြီး မိဘတွေ နဲ့ အတိုက်အခံ ဖြစ်လာတော့တာပဲ။

သားသမီးတွေ အနေနဲ့ မိဘကို ရိုသေကိုင်းရှိုင်းမှု မြဲနေဖို့အတွက် မိဘတွေ အနေနဲ့ သားသမီးတွေကို ဆက်ဆံ ဆုံးမတဲ့အခါမှာ သားသမီးရဲ့ အပြုအမူအပေါ် မူတည်ပြီး စဉ်းစားချင့်ချိန် ဆုံးမတတ်ရမယ်။ အရွယ်ရောက်လာတာနဲ့ အမျှ ပုံစံအမျိုးမျိုးနဲ့ သားသမီးတွေ ပြောင်းလဲလာတာကို လက်မခံနိုင်ရင်တောင်မှ အသိအမှတ်ပြုမှု တခုပေးထားရမယ်။ ဒါမှ သားသမီးတွေက သူတို့ကို လက်ခံနားလည်ပေးနိုင်တဲ့ မိဘအပေါ် ယုံကြည်ကိုးစားပြီး ရိုသေကိုင်းရှိုင်းလာလိမ့်မယ်။

တခါတလေ မိဘတွေက သားမီးတွေဆီက ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကို ကြားချင်သလို သားသမီးတွေကလဲ မိဘတွေဆီက သူတို့လုပ်ချင်တဲ့ ဖြစ်ချင်တဲ့ တခုခုကို အသိအမှတ်ပြု လက်ခံတာကို ပေါ်ပေါ်ထင်ထင် တောင်းသလို ပါးစပ်က ထုတ်မပြောပဲ စိတ်ကနေ တိတ်တခိုးကြိတ်မှိတ် မျှော်လင့်တတ်တာမျိုးတွေ ရှိတတ်တယ် ဆိုတာ မိဘတွေ အနေနဲ့ မမေ့သင့်ဘူး။ အဲလို တခုခုမှ လွှဲချော်သွားရင် ဆယ်ကျော်သက်တွေ အနေနဲ့ မိဘတွေ အပေါ် အတွေးအမြင် ပြောင်းလဲပြီး ရိုသေမှု လျှော့နည်းလာတာကို တွေ့ရတာပဲ..။

ဒီလိုအချိန်မှာ မိဘတွေက ငါ့ သားသမီးတွေက ငယ်ငယ်ကလိမ်မာပါတယ်. ဒီနှစ်ထဲမှာမှ ပြောင်းလဲသွားတာဆိုတာ ခဏခဏ ပြောတယ်။ မိဘတွေက သားသမီးတွေ နေ့စဉ်နဲ့ အမျှ ကြီးလာတဲ့အပေါ် လက်မခံပဲ အရင်လို ကလေးလို့ မြင်နေတာရာကနေ သူတို့ လက်ခံထားတဲ့ ပြောသမျှ နားထောင်တဲ့ အရွယ်ကို ပဲ ပြန်လိုချင်နေကြပြီး ပြောင်းလဲ လာတာကို လက်မခံ။ သားသမီးတွေကလဲ မိဘတွေအပေါ် အမြင်ပြောင်းပြီး ရိုသေကိုင်းရှိုင်းမှုတွေ ကုန်လွန်သွားတာပါပဲ။ အဲဒီမှာ နားလည်မှုတွေလွဲ. အနေဝေး သွေးအေး သွားကြတာ. နှစ်ဆယ်ကျော် သုံးဆယ်ရောက်.မိဘလဲ နေရာပျောက် ဖြစ်သွားကြတာပါပဲ။

ဒါကြောင့် သားသမီးတွေ မိဘကို ရိုသေကိုင်းရှိုင်းတတ်အောင် ခေတ်နဲ့ အညီ လမ်းညွှန် ပြုပြင် ဆုံးမတတ်ပါစေ။ မိဘတွေ အနေနဲ့ ဆယ်ကျော်သက် သားသမီးတွေကို မဆုံးမ တတ်ရင် ကြားခံ တယောက်ကို အလည်ထားပြီး သားသမီးတွေ ဆီက ရိုသေမှုကို လိမ်မာပါးနပ်စွာ ယူပါလို့…။

ဒီနေ့ CASE GROUP WORK တခု လုပ်ဖြစ်တယ်။ ကိုယ့် Clients တွေပါပဲ။ သူတို့ကို ပစ္စည်း သုံးခု ပြတယ်။ ငယ်ငယ်တုန်းက အမေနဲ့ သမီး ချစ်ကြတဲ့ပုံ၊ ပြီးတော့ အမေက သမီးအတွက် ဆုတောင်းစာရေးထားတဲ့ မွေးနေ့ကဒ်၊ သမီးက အမေ့ကို ချစ်တယ်ဆိုတဲ့ အကြောင်း ရေးထားတဲ့ စာရွက်တရွက်.။ ဒါတွေကို Clients တွေ ကို ချပြတယ် ပြီးတော့ သူတို့ကို(Role) ရာထူးပေးလိုက်တယ်။ ဥပမာ တယောက်ကို Youth Counselor နောက်တယောက်ကို Family Therapist ပြီးတော့ psychiatrist ဆိုပြီး Role ပေးတယ်။ အဲပစ္စည်းသုံးခုလုံးက အမေနဲ့ သမီး မေတ္တာကို ပြတယ် ဆိုတော့ အခုချိန်မှာ ကိုယ်တွေက အဲဒီအမေနဲ့ သမီးနေရာမှာ သရုပ်ဆောင်ပြီး အဆင်မပြေတဲ့ ပြသနာတွေ နဲ့ စကားများ ရန်ဖြစ် စေတယ်။ အဲဒီပြသနာတွေကို Clients တွေက သူတို့ အနေနဲ့ အမေနဲ့ သမီး နေရာ သရုပ်ဆောင်တဲ့ သူတွေကို အင်တာဗြူး လုပ်ပြီး ပြေလည်အောင် ဖြေရှင်းခိုင်းတာ.။

အဓိကက သူတို့ လို ဆယ်ကျော်သက်အနေနဲ့ မိဘနေရာ ကနေ မိဘကို သူတို့ ဘယ်လို မြင်သလဲ ဆိုတာ သိချင်လို့ သူတို့လို ဆယ်ကျော်သက်တွေ အနေနဲ့ ဒီလို ပြသနာတွေ ကြုံလာတဲ့ အခါ သူတို့က မိဘတွေကို ဘယ်လို တောင်းဆိုသလဲ ဆိုတာ သိချင်လို့ Drama Therapy ကို သုံးပြီး Filial Piety Workshop တခု လုပ်ဖြစ်တယ်။ သူတို့ ဆီက မိဘအနေနဲ့ ခံစားပေးတတ်တဲ့သူတွေ သားသမီးဘက်က ခံစားပေးတတ်တဲ့သူတွေ ထွက်လာတယ်။ ပြီးတော့ သူတို့တွေရဲ့  self awareness တွေကို လက်တွေ့ သိလိုက်ရတာပါပဲ။ အဲဒါကို အခြေခံပြီး ဒီပိုစ့်လေးကို ရေးမိတာပါ.။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Tuesday, 10 July 2012

အမေ နဲ့ သူ၏ စိတ္တဇ

ကျနော်ငယ်ငယ် သိတတ်စ ကတည်းက အမေက ကျမ်းမာရေးမကောင်းဘူး။ အထူးသဖြင့် ညီမအငယ်ဆုံးကို မွေးပြီးတော့ ဖြစ်လိုက်တဲ့ ရောဂါတွေက ဆက်တိုက်.. ဆက်တိုက်။ ကျနော့်နဲ့ အငယ်ကောင်ကို မွေးပြီးတဲ့ ချိန်ထိ အမေက မြ၀တီ.. ကော့ကရိတ်.. မော်လမြိုင်..မဲဆောက်တက်ပြီး ဈေးရောင်းဈေးဝယ်(ဟိုတုန်းကအခေါ် မှောင်ခို) လုပ်နေတုန်း။ သွားတယ်။ လာတယ်။ စားတယ်။ သန်မာတယ်။ ကျမ်းမာရေးကောင်းတယ်။ ညီမအငယ်ဆုံးကိုလဲ မွေးပြီးရော အမေ ဖြစ်လိုက်တဲ့ ရောဂါတွေက ၉၆ပါး တရာ့နှစ်ပါး မျိုးစုံပါပဲ။

ညီမကိုဗိုက်ခွဲမွေးတယ်။ ပြီးတော သိပ်မကြာဘူး..့ သားအိမ်ကင်ဆာဖြစ်ပြီး ရန်ကုန်မှာ နှစ်ရှည်လများ ဆေးထိုး ဆေးစား ဓာတ်ကင်နဲ့ ဝေဒနာခံစားရတယ်။ ကင်ဆာ လုံးလုံးရှင်းရှင်းပျောက်လို့ မော်လမြိုင်ပြန်လာတော နောက်ရောဂါ့ စဖြစ်တယ်။ အသည်းရောင် အသားဝါတဲ့…။ အဲဒီကတည်းက အိပ်ယာထဲကနေမထတော့ဘူး။ တနေ့ တနေ့ အမေဘယ်နေ့ ဆုံးမလဲဆိုတာ ကျောင်းကနေပြန်လာတိုင်း ရင်တမမနဲ့ပေါ့။

ငါကျောင်းကနေ ပြန်ရင် ငါ့အိမ်ရှေ့မှာ အိုးသုံးလုံးများ စီရီထားမလဲ။ အိမ်ပေါ် မတက်ခင် အမေ့ကို လာကြည့်တဲ့သူများနေရင် ဒုန်းကနဲ ဆို နှလုံးခုန်ပြီး ငါ့အမေ ဆုံးလို့ လူများတာလားဆိုပြီး အိမ်ကို မပြန်ချင်လောက်အောင် စိတ်မကောင်းဖြစ်ရတယ်။ မှတ်မိသလောက်တော့ ကျနော် ငါးတန်းတက်လို့ ခြောက်တန်း နှစ်ရောက်ပြီးပေါ့။ အဖေက အဲဒီတုန်းက အစိုးရ ၀န်ထမ်း ဆိုတော့ အမေ့ကို တနေကုန် မကြည့်နိုင်ဘူး။ အမေ့ရဲ့ အမေအဖွားကပဲ အမေ့ကို ပြုစုပေါ့။ အမေက အပေါ့အလေးသွား အိပ်ယာထဲမှာပဲ။ အဲဒါကို အိမ်ရောက်ရင် အဖွားနဲ့ အတူ အမေ့ကို အ၀တ်အစား လဲပေးရတယ်။

အဖွားတယောက်တည်းကလဲ အမေ့ကို မ မနိုင်။ အမေ့အသားကို မထိရဘူး။ ထိလိုက် ကိုင်လိုက်ရင် လက်ရာကြီး အတိုင်း နာရီ အတော်ကြာအောင် ကျန်ရစ်နေတာ။ လက်လေးနဲ့ အသားကို ဖိလိုက်ရင် ပြန်မတက်လာတော့ဘူး။ ကျောင်းကပြန်ရောက်ရင် ရေချိုးခန်းထဲ က အမေ့ထမိန် တပုံကိုလျှော်ရင်း အမေနေကောင်းပါစေလို့ မျက်ရည်စမ်းစမ်းနဲ့ ဆုတောင်းရတာအမော။ အဲဒီတုန်းက ကျောင်းတောင် မနေချင်တဲ့ဘ၀။ အမေက တချိန်လုံး ဆေးရုံနဲ့ အိမ်နဲ့..။ ဆေးရုံမှာ နေရတဲ့ရက်က ပိုများသလိုပဲ။ အမေ့မျက်နှာကလဲ မမှတ်မိလောက်အောင် ပြောင်းလဲသွားတယ်။ မျက်နှာ တခုလုံးဝါထိန်ပြီး မျက်တွင်းကဟောက်ပက်။ မျက်လုံးက ပြူးပြီးဝါနေသယောင်။ ဗိုက်ကလဲပူ.ဘာမှာလဲမစားနိုင်။ တမှိုင်မှိုင်နဲ့ အမေ့ကို အစာကျွေးတိုင်း ပါးစပ်ကနေ ပြန်အမ်တာကို ကြည့်ပြီး အစားအသောက်ပျက်ရတယ်။

အဲဒီလို ရှိသမျှစည်းစိမ်တွေပုံအောပြီး သကာလ အမေ့ကုသိုလ်ကံက ကောင်းတော့ အမေ အသည်းရောင် အသားဝါ ပျောက်သွားတယ်။ နဂိုမူလအတိုင်း ကျမ်းမာလာတယ်။ အဲဒီမှာ စရတဲ့ ရောဂါက မန်းနီးကင်ဆာပဲ။ ပိုက်ဆံရှိမှ ဆေးကုလို့ရတယ်။ ပိုက်ဆံမရှိရင် ဘာမှလုပ်လို့ မရဘူး ဆိုပြီး အမေ့ခမျာ စိတ္တဇ ၀င်သွားတယ်။ လက်ထဲမှာ ငွေအလုံအလောက်မရှိတော့ရင် ငါရောဂါမကုနိုင်တော့ဘူး။ ငါသေရတော့မယ်ဆိုပြီး အမြဲညည်းလေ့ရှိတယ်။ အမေညည်းတော့ အဖေရော သားသမီးတွေရော မနေနိုင်ဘူး။ အမေကံကောင်းချက်က တကယ့်ကို ကြင်နာ သနားတတ်တဲ့ ယောကျားကောင်း ရထားလို့ပဲ။

ဆိုက်ပရပ်စ်မှာ နေတုန်းက အမေ့သားအိမ် ကင်ဆာထပ်ဖြစ်တယ် လို့ လက္ခဏာ ပြတော့ အမေစိတ်ဓာတ်တွေ အကြီးအကျယ် ကျတယ်။ အဲအချိန်တုန်းက ဆရာဝန်ကလဲ ဒီမှာ ကုလို့ မပျောက်ဘူး. နိုင်ငံခြားမှာကုမှ ရမယ်လို့ပြောတဲ့ နေ့ကစပြီး အိပ်မပျော် စားမ၀င်. တသသ နဲ့ နိုင်ငံခြားမှာ ကုဖို့ စွဲလန်းနေတာ။ ပြီးတော့ မြန်မာပြည်က ဆရာဝန်ကို ပျောက်အောင် မကုနိုင်ဘူး ဆိုပြီး သွားမပြတော့ပဲ သူ့မှာ ကုဖို့ ပိုက်ဆံအလုံအလောက်မရှိမှာကိုလဲ စိတ်ပူပြီးတော့ အိပ်ယာထဲက နေမထနိုင်တော့ဘူး။ အဲဒါနဲ့ ကိုယ်က မပူနဲ့ အကုန်တာဝန်ယူတယ်. ပျောက်သွားအောင်သာကု လို့ ပြောရတယ်။ အဲဒီအခါမှ သားက ကုပေးမယ်ဆိုတဲ့ အားတွေ ပြန်တက်ပြီး နောက်ဆရာဝန်ဆီပြန်သွား ဆေးပြန်စစ်တော့ အခြေအနေကောင်းတယ်။ဒီမှာကုလို့ရတယ်လို့ပြောလိုက်တော့ အမေခမျာ နေပြန်ကောင်းသွားတယ်။ မြန်မာပြည်မှာကုလဲ တော်တော်ကုန်တာပဲ။ တကယ်လို့များ အမေသာ နိုင်ငံခြားမှာ ကုခဲ့ရရင် ကျနော်လဲ ခုလောက်ဆို အကြွေးပတ်လည်ဝိုင်းနေမှာပဲ။ အမေသိပ်ကံကောင်းတယ်။

နောက်ပိုင်း အမေက ခေါင်းမူးပြီးဆိုရင်လဲ ဆိုက်ကို ၀င်ပြီး ဆေးခန်းပြရမှာ နေသာထိုင်သာ ရှိတဲ့ သူ ဖြစ်သွားတယ်။ ဘာဖြစ်ဖြစ် ဆေးခန်းသွားရမှ. ဆေးသောက်ရမှ။ တခါတလေ ကိုယ်က သူဆေးတွေကို သကြားလုံး ပဲလှော်စားသလိုမျိုး ထမင်းစားပြီးတိုင်း စားစားနေတာ မြင်တော့ အမေရယ် မလိုအပ်ရင် ဆေးခန်းမသွားပါနဲ့ လို့ တားလိုက်ရင် ကိုယ်က ကပ်စည်းနည်းပြီး ပေးမသွားချင် ဖြစ်မှာ စိုးပြီး မတားရဲဘူး။ သူက ကိုယ်က မသွားနဲ့လို့ပြောရင် မသွားပဲနေပေမယ့် သူစိတ်မကောင်း ဖြစ်ဖြစ်နေတာ. ဆေးခန်းမသွားလိုက်ရလို့ စိတ္တဇ တွေ ဖြစ်ပြီး နေမကောင်းပိုဖြစ်တာကို တွေ့ဖူးတယ်။ ဒါနဲ့ နောက်ပိုင်း ဘာမှ မပြောတော့ဘူး။ သူစိတ်ချမ်းသာအောင် ဆေးခန်းပြစေတယ်။ သူလိုအပ်တဲ့ ဆေးဖိုးဝါးခ မပူပါနဲ့ အမေ့သားက ထောက်ပံ့ပါတယ်လို့ ပြောရတယ်။ ခုဆိုရင် အမေက တခုခုဆို ကိုယ့်ကိုပဲ ပြောတော့ အဖေသက်သာသွားတယ်။ အခုဆိုရင် အဖေက အမေ့အတွက် ပင်တိုင် ဆရာဝန် ထားထားရတယ်။ အမေတခုခုဆို ချက်ခြင်း ပို့ရတယ်။ နောက်ကျရင် အမေဖြစ်နေတာထက် ဆေးခန်းမသွားရလို့ ပိုဖြစ်တတ်တယ်။

ပြီးခဲ့တဲ့ နှစ်လတုန်းက အမေဒီကိုလာဖို့ ပြင်ဆင်နေတုန်း မော်လမြိုင်မှာ ဆိုင်ကယ်ပေါ်ကပြုတ်ကျတယ်။ ညီမနောက်ကနေလိုက်စီးပြီး ခေါင်းတွေမူးလို့ လဲကျသွားတာ။ အရှိန်မရှိပေမယ့် အသက်ကြီးတော့ ခေါင်းကွဲသွားတယ်။ အုပ်ဆက် ပွင့်သွားတယ် ဟသွားတယ် ဆိုလားပဲ။ သေချာမသိဘူး။ ဆရာဝန်တွေ စိတ်ပူတာက အမေ ဦးနှောက်က မသိမသာ သွေးယိုမယ်ဆိုတာကိုပဲ။ ဒီလိုနဲ့ ဆေးရုံမှာ တလခွဲလောက် နေလိုက်ရတယ်။ အဲဒီမှာ အမေက စိတ္တဇ ၀င်ပြန်တယ်။ သူ့ကွဲနေတဲ့ ခေါင်းက ဘယ်တော့မှ ပြန်မဆက်ရင် ဟဟ နဲ့ အမြဲနေရမှာပေါ့ဆိုပြီးတော့ စိတ်မကောင်းဖြစ်တယ်။ ဖုန်းခေါ်ရင်ငိုတယ်။ အဲဒါနဲ့ အမေပျောက်အောင်ကု ဟနေတာကို ဆက်အောင်ကု သားတာဝန်ယူတယ် ပြောမှ သူစိတ်ချမ်းသာတယ်။ ဒါပေမယ့် အဲဒီစိတ္တဇက မပျောက်ဘူး အဖေက သူကားနဲ့မပို့ပေးရလို့ သူ့ကိုယ်သူ အပြစ်တင်လို့ မဆုံး။

ပြီးခဲ့တဲ့ အပတ်က စကာင်္ပူက ဆရာဝန်ကြီးတွေ မြန်မာပြည်(ရန်ကုန်)မှာ လူနာအခမဲ့ ကြည့်ပေးတယ် လို့သတင်းကြားတော့ အမေကသွားချင်တယ်တဲ့။ ဒါပေမယ့် ဆရာဝန်တွေက ရောဂါအခြေအနေရ စကာင်္ပူထိ တက်ကု ရမယ်ဆိုရင် ပိုက်ဆံကုန်မှာ သွားကု ရမလား သွားမကု ရဘူးလား ဆိုပြီးဖုန်းဆက်လာတော့ အမေရေ.. သွားပြ.. ပျောက်အောင်ကု.. ဟနေတယ်ထင်တဲ့ ခေါင်းကိုလဲ ဆရာဝန်တွေ အကြံပေးချက်အတိုင်း ကုလို့ ပြောလိုက်တော့ အမေခမျာ ၀မ်းတွေသာပြီး ရန်ကုန်ကို ဆင်းလာပြတယ်။ ကံကောင်းချင်တော့ ဆရာဝန်က စိတ်ပူစရာ မလိုတဲ့ အကြောင်း၊ ခေါင်းကလဲ တဖြည်းဖြည်းနဲ့ ဆက်နေပြီး ဆိုတဲ့အကြောင်း.ဆေးတွေ ဆက်သောက်ဖို့ ၊ အစားအသောက်ဆင်ခြင်ဖို့ ပြောပြီးပြန်လွှတ်လိုက်တယ်။ အမေတယောက် မော်လမြိုင်ကို ပျော်ပြီး ပြန်သွားတယ်။ မပြန်ခင် ဖုန်းဆက်တယ်။ သူ့ခေါင်းက စကာင်္ပူက ဆရာဝန်ကြီးနဲ့ ပြလိုက်မှ ကောင်းသွားပြီးတဲ့.။ ကိုယ်စိတ်ချမ်းသားပါတယ်။

အမေ့ကို အမြဲကျမ်းမာပျော်ရွှင်တာ မြင်ချင်ပါတယ်။ (အိုင်ပက်နဲ့ ဝေးချင်ဝေးပေါ့))))))))

အမေ့ကိုသတိရစွာဖြင့်

ဖိုးစိန်