တွက်ကိန်းများ နဲ့ စက္ကူလှေ
“ငါတို့ လက်ထပ်ကြရအောင်” လို့ ကျွန်တော်ပြောလိုက်တော့ သူမက တွေးတွေးဆဆ မရှိဘဲ “အင်” တစ်လုံးတည်း ပြန်ပြောတယ်။ မိုးဖွဲဖွဲ ရွာနေတာရယ်၊ တခါတခါ ဖြတ်တိုက်သွားတဲ့ လေအတွေ့ကြောင့် အင်းယား ရေပြင်မှာ လှိုင်းထသွားတယ်လို့ ကျွန်တော်ထင်မိတယ်။ ကျွန်တော် သူမကို မသိမသာ ခိုးကြည့်လိုက်တယ်။ သူမကတော့ သောက်လက်စ ကော်ဖီခွက်ကို နှုတ်ခမ်းနဲ့ ထိရုံ။ သောက်တော့မှာလား၊ သောက်ပြီးသွားပြီးလား မကွဲပြား၊ အင်းယားရေပြင်ကိုသာ ငေးကြည့်နေတော့တယ်။ ကျွန်တော် စကားပြန်စဖို့ ဟန်ပြင်လိုက်တယ်။ တကယ်ဆို ချစ်သူ နှစ်ဦး လက်ထပ်ဖို့ ပြောတယ် ဆိုတာ ကြည်နူးစရာ အတိ ဖြစ်နေရမယ် မဟုတ်လား။ ကျွန်တော်ကရော သူမ ဆီက အဖြေရတာကို ပျော်နေရမယ် မဟုတ်လား။
“ငါတို့ အိမ်ကို ငါ့အမေဘက်က မောင်နှမတွေက အမွေခွဲကြတော့မယ်။ ဒီတော့ ငါတို့က အိမ်ပြောင်းရင်ပြောင်း၊ မပြောင်းရင် ကျန်တဲ့ ငါ့အဒေါ်တွေ ကို ငွေပြန်အမ်းပေးရမယ်”။ သူမ ကျွန်တော့်ကို လှည့်မကြည့်။ ကျွန်တော် သူမဆက်ပြောလာမယ့် စကားတွေကိုတော့ နားစွင့်နေမိတယ်။ အမှန်က သူမ ဘာမှ ဆက်မပြောလည်း ကျွန်တော် စိတ်ထဲက အလိုလို သိနှင့် နေပြီးသား မဟုတ်လား။ လေတွေ မတိုက်ဘဲ အင်းယားရေပြင်တခုလုံး မိုးဖွဲဖွဲကြားမှာ လှိုင်းကြက်ခွပ်တွေ ထနေတယ်လို့ ကျွန်တော် ထင်မိတယ်။ သူမ ဘာမှ ဆက်မပြော။
နိုင်ငံခြားဘာသာ တက္ကသိုလ် ပြင်သစ်ဌာနမှာ ကထိက ဆရာမ အဖြစ် တာ၀န်ထမ်းဆောင်နေတဲ့ တစ်ဦးတည်းသော သမီးဖြစ်သူ သူမ လစာဟာ သူမ လက်ရှိနေတဲ့ အိမ်အတွက် ငွေပြန်အမ်းဖို့ မဖြစ်နိုင်ဘူး။ ၀န်ထမ်းမိသားစု အနေနဲ့ ရရှိထားဖူးတဲ့ မြေကွက် ကို ရောင်းထွက်ခဲ့ရင်တောင် ဒီငွေပမာဏ ကို ပြန်မအမ်းနိုင်ဘူး ဆိုတာ ရည်းစား သက်တမ်း ဆယ်နှစ် ရှိပြီးဖြစ်တဲ့ သူမ အတွက် နှစ်သိမ့် အားပေး စရာ၊ ကူညီမယ် စကားတွေ ကျွန်တော့မှာ မရှိတာ အမှန်ပဲ။ ကျွန်တော်ဟာ သူမ အတွက် ကယ်တင်ရှင်ကြီး မဖြစ်နိုင်တာလည်း သေချာသိနှင့်နေတယ်။ ကျွန်တော့် အတွက် အချစ်သည် ကူညီရန် မဟုတ်၊ အားပေးနှစ်သိမ့် ပေးခြင်းမဟုတ်၊ မျှဝေခံစားရန်သာ ဖြစ်တယ်။ ထို့အတူ လက်ထပ်ခြင်းသည် မနိုင်၀န် ထမ်းရန် အဆင်သင့် ဖြစ်နေခြင်းမဟုတ်၊ မောင်တစ်ထမ်း၊မယ်တစ်ရွက် ဟူသော စကားအတိုင်း ဘ၀ကို တူတူရုန်းကန်ရန်သာ ဖြစ်တယ်။
“ဒါနဲ့ နင်ဂျပန်သွားတာ တလလား” .. တိတ်ဆိတ်ခြင်းကို ကျွန်တော် ဖြိုခွင်းလိုက်သည်။ “မဟုတ်ဘူး.. တစ်ပတ်တည်းရယ်.. ပြန်ရောက်ပြီးကတည်းက အိမ်မှာ ပြဿနာ ဖြစ်နေတာရယ်၊ ကျောင်းက အဆိုင်းမန့် ပြန်တင်ဖို့ အသည်းအသန် လုပ်နေရတာနဲ့ နင့်ကို ခုမှ တွေ့ဖို့ ပြောရတာ.. လောလောဆယ် အပြင်ထွက်ဖို့ ပိုက်ဆံ မရှိဘူး ဖြစ်နေတာလည်းပါတယ်ဟ”..
“ငါလည်းခုတလော ညဘက် ထိ အိုဗာတိုင်း ဆင်းပေးနေရတယ်။ စကာင်္ပူထက် စာရင်တော့ ဒီမှာ သက်သာပါသေးတယ်” ကျွန်တော် သက်ပြင်းရှည်ရှည် ချမိသလား မသိ။ သူမဆီမှ ဒီနေ့အတွက် ပထမဆုံး အပြုံးတစ်ခုရလိုက်တယ်။
“ ခု ငါတို့ လက်ထပ်ပြီးရင် နင်တို့အိမ်မှာ နေမယ် စဉ်းစားထားတာ… ခုတော့…..” ကျွန်တော် သူမအပြုံး မဆုံးခင် သူမကို စိုက်ကြည့်ပြီး ပြောလိုက်မိတယ်။
“ အေးလေ.. ငါလဲ ဒီလိုပဲ တွက်ထားတာပဲ။ ငါတို့ ယူပြီးရင် ငါ့လခက စျေးဖိုးတော့ လောက်နိုင်ပါတယ်။ တစ်ရက် စျေးဖိုး ၁၅၀၀ လောက် ငါ့အမေကို ပေးပြီး ချက်ခိုင်းလို့ရတာပဲ။ ဒီကြားထဲ ငါ့ ကျောင်းသွား၊ ကျောင်းပြန် ကားခနဲ့ တခါတလေ သူငယ်ချင်းတွေနဲ့ မုန့်စားတဲ့ အချိန်လောက်ပဲ ပိုက်ဆံကုန်မယ်။ နင်ကတော့ ရုံးမှာ ထမင်းစား၊ ညနေ အိမ်မှာစားလို့ ရတာပဲ။ တကယ်တမ်းကြတော့ ငါတို့ ဒုသမ္မတကြီး ပြောတဲ့ တစ်ယောက် တနေ့တာ ၂၀၀၀ ထက်တောင် လျှော့သုံးလို့ ရနိုင်ပါသေးတယ်”.. သူမ အရွှန်းဖောက်ပြီး ရယ်ကျဲကျဲ ပြောပေမယ့် ကျနော် သက်ပြင်းသာ အကြိမ်ကြိမ် ချမိတယ်။
ကျွန်တော်တို့ နှစ်ယောက် နိုင်ငံခြားဘာသာတက်ခဲ့တဲ့ ကျောင်းသားဘ၀ကို သတိရတယ်။ သူငယ်ချင်း ဘ၀ကတည်းက ရည်းစား ဖြစ်တဲ့ထိ နယ်က နေကျောင်းတက်တဲ့ ကျနော် မုန့်ဖိုးတွေကို သူမ သိမ်းယူထားလေ့ရှိတယ်။ မနက် ကျောင်းတက်ရင် ကော်ဖီတစ်ခွက်၊ ထမင်းကျော် တစ်ပွဲ ပုံမှန်စားရတယ်။ နေ့လည် ထမင်းစားချိန် သူမ ထည့်လာတဲ့ ထမင်းချိုင့်ကို စားတယ်။ နေ့လည် ကော်ဖီတခွက် ၊ ကျောင်းအပြန် ကားတူတူစီးရင် သူမက ကားခပေးတယ်။ သူမ ကားပေါ်က ဆင်းခါနီးကျရင် ပိုက်ဆံ (၂၀၀) အိတ်ထဲ ထည့်ပေးတယ်။ ဒီပိုက်ဆံဟာ ညနေ ထမင်းဖိုး နဲ့ နောက်နေ့ ကျောင်းလာမယ့် ကားခပေါ့။ တခါတလေ ညပိုင်း ပိုက်ဆံမသုံးမိလို့ သူမကို နောက်နေ့ မနက် ဂုဏ်ယူစွာ ပြန်ပေးရင် သူမ ပီတိ ဖြစ်တဲ့ မျက်နှာကို မြင်ရတတ်တယ်။ တခါတလေ သူငယ်ချင်း အပေါင်းအသင်းနဲ့ အပြင်သွားချင်လို့ သူမ လွယ်အိတ် စာအုပ်ကြားထဲက ပိုက်ဆံ ခိုးလို့ သူမပြန်သိရင် တစ်ပတ်လောက် အစားအသောက်ငတ်ရဖူးတယ်။
“အဲ့တုန်းက နှစ်ရာ တော်တော် အသုံးခံတယ်နော်” သူမ ကျွန်တော့်ကို စိုက်ကြည့်ပြီးပြောတယ်။ ကျွန်တော် ဘာကိုတွေးနေသလဲဆိုတာ သူမ သိနှင့်နေတယ်။ ဟုတ်တယ်လေ။ ကျွန်တော့်တို့ သူငယ်ချင်း သမီးရည်စားက ဆယ်နှစ်သက်တမ်းကိုး။ အင်းယား ကန်ကို ချစ်တဲ့သူတွေဟာ အင်းယားရေပြင်ကို ဘယ်လောက် အချိန် ကြာအောင် စိုက်ကြည့်ဖူးလဲ ကျွန်တော် မသိ။ ကျွန်တော့်အတွက်တော့ အင်းယားကန်ကို အကြောင်းမဲ့ ငေးကြည့်ခြင်းဟာ စိတ်ထွက်ပေါက်တခုပါပဲ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီနေရာမှာ ဒီလို စကားမျိုး ကျွန်တော် သူမကို ပြောခဲ့ဖူးတာပဲ။ အဲ့အချိန်တုန်းကလည်း ခုလိုပဲ မိုးတွေ တဖွဲဖွဲ ရွာနေတုန်းပေါ့။ သူမက စဉ်းစားဦးမယ် လို့ ပြောပြီး လမ်းခွဲချိန်က စလို့ ကျွန်တော့်တို့ အချစ်ကို နာဂစ်က ခွဲသွားတယ်။ နာဂစ်ကြောင့် သူမ နေထိုင်တဲ့ အ်ိမ်ပေါ် အပင်ကြီးပိလို့၊ ကျွန်တော် အလုပ်၀င်တဲ့ ကုမ္မဏီကလည်း နာဂစ်ကြောင့် ပျက်စီးမှုတွေ များလို့ ရပ်သွားခဲ့ပြီး လက်ထပ်ကြရအောင် ဆိုတဲ့ စကားဟာ နာဂစ်နဲ့ အတူ ပါသွားခဲ့ဘူးတယ်။
“ဟဲ့.. နင် စက္ကူလှေ မလွှတ်ချင်ဘူးလား”
“မိုးတွေ ရွာနေတယ်လေ. လှေတွေ ရေစိုပြီး မြုပ်သွားမှာပေါ့”
“စာရွက်ဖြဲပေးဟာ.. ဘာဖြစ်ဖြစ် ဒီနေ့ငါတို့ လှေလွှတ်ကြမယ်”
ကျွန်တော် ဘာတခုမှ မငြင်းဆန်ပဲ စာရွက်ဖြဲပေးလိုက်တယ်။ သူမကို လိုက်လျောနိုင်တာ ဒါပဲ ရှိတယ်။ အရင်တုန်းက အင်းယားကန်ရောက်တိုင်း သူငယ်ချင်းတွေ စက္ကူလှေတွေ လွှတ်ပြီး ဆုတောင်ခဲ့ကြဖူးတယ်။ ဆုတောင်းပြည့်မယ်ဆိုရင် ကမ်းနဲ့ဝေးရာကိုသွားပါ ဆိုပြီး ရေကို လက်နဲ့ပုတ် ပြီး လှေကို အဝေးသွားစေခဲ့တာလေ။ ရယ်တော့ ရယ်ရသားဗျာ။ ကျောင်းသားဘ၀တုန်းက ပျော်စရာတွေပေါ့။
“နင်အခု လခဘယ်လောက်ရလဲ.. အလုပ်ရော အဆင်ပြေလား” သူမ စက္ကူလှေ ခေါက်ရင်းလှမ်းမေးတယ်။ ကျွန်တော်သူမကို တချက်ပြုံးကြည့်လိုက်တယ်။ “စားပြီးသောက်ပြီး သုံးသိန်းလောက်တော့ ကျန်တယ်ဟ။ နင့်နဲ့ယူပြီး နင့်အိမ်ပေါ်မှာ တက်နေရင် ဒီငွေက စုဖြစ်မယ်လို့ ထင်တယ်။ ခုတော့ လုပ်ငန်း လည်း ကြီးကြီးမားမား မလုပ်တတ်တာနဲ့ သူငယ်ချင်းကို ငွေတိုးပေးထားတယ်”.. ယုံရပါ့မလား ဆိုတဲ့ အကြည့် သူမဆီကရတော့ ကျွန်တော် ပခုံးလေးတွန့် ပြီး “မတတ်နိုင်ဘူး.. လက်ထဲထားရင် ငွေသေမယ့် တူတူ ရင်းနှီးကြည့်ရတာပဲ။ ကံပဲလေ။ ကိုယ်တွေကမှ သူများလို့ ကားတွေ၊ခြံတွေ၀ယ်ထားဖို့ ပိုက်ဆံ မတတ်နိုင်တာ” ကျွန်တော် သက်ပြင်း ရှည်ရှည် ဆွဲရင်း “နင့်ကိုယူပြီးရင်တော့ တက္ကစီလေး၀ယ် ညဘက်ဆွဲမလားလို့တော့ စိတ်ကူးမိတာပဲ” ကျွန်တော့ လှေကလေးကို အပြီးသတ်ခေါက်လိုက်တယ်။ “ဟဲ့..နင်. လှေမှာဘာရေးမှာလဲ..”
“ငါ တို့ လက်ထပ်ကြရအောင်လို့ ရေးလိုက်မယ်” .. “အေး. ငါကတော့ အင် လို့ပဲ ရေးလိုက်မယ်” ကျွန်တော်တို့ နှစ်ယောက်လုံး အားရပါးရ ရယ်လိုက်ကြတယ်။
နာဂစ်ပြီးလို့ မိဘရှိက ရှိစု မဲ့စု ကိုဖဲ့ယူပြီး ကျွန်တော် စကာင်္ပူသွား အလုပ်လုပ်ဖို့ ဆုံးဖြတ်တယ်။ သုံးနှစ် သုံးမိုး သင်ယူခဲ့တဲ့ ဘာသာစကားတစ်ခုဟာ စကာင်္ပူမှာ အသုံးမ၀င်မှန်း၊ အသုံးမချတတ်မှန်း လက်တွေ့သိလိုက်ရတယ်။ ကံကောင်းထောက်မစွာ စားသောက်ဆိုင်မှာ ဝိတ်တာ အလုပ်ရပြီး Tip Money နဲ့ပေါင်းမှ တလ စကာင်္ပူဒေါ်လာ ၁၂၀၀ ကို ရတယ်။ အလုပ်လုပ်လိုက်၊ အကြွေးဆပ်လိုက်နဲ့ အလုပ်လုပ်တဲ့ နှစ်နှစ်လုံးလုံး ပိုက်ဆံ အပို စုဆောင်းမိတယ်ရယ်လို့ မရှိ။ ကျွန်တော် စကာင်္ပူရောက်တဲ့ အချိန်မှာ သူမဟာ နိုင်ငံခြားသာသာ တက္ကသိုလ်မှာ ဆရာမ ဖြစ်နေပြီ။ နှစ်နှစ်အကြာမှာ သူမ ပြင်သစ်နိုင်ငံကို ပညာတော်သင်သွားရတယ်။ အဲ့ဒီအတွက် သူမမှာ သူမနဲ့ ပတ်သက်တဲ့ ပညာရေးကြိုးတွေ ချည်နှောင်ခြင်း ခံခဲ့ရတယ်။ စကာင်္ပူမှာ ရရစားစား ဝိတ်တာ အလုပ်နဲ့ အခြေကျပြီးလို့ ထင်မိတဲ့ ကျွန်တော်က သူမကို အလုပ်ထွက် စကာင်္ပူလာပြီး ဒိုးတူ ပေါင်ဖက် အလုပ်လုပ်ဖို့ စိတ်ကူးယဉ်ခဲ့ကြတယ်။ ဒါပေမယ့် သူမဟာ ပညာတော်သင် သွားဖို့ ရွေးချယ်ခဲ့တယ်။ တကိုယ်ကောင်းဆန်တယ်လို့ ထင်တဲ့သူမကို ကျွန်တော် စိတ်ဆိုးပြီး တစ်နှစ်နီးပါး အဆက်အသွယ်ဖြတ်ခဲ့တယ်။
“နင်ရတဲ့ လခ သုံးသိန်းကို အသားတင်စုရင်တောင် ငါတို့ အိုးပိုင် အိမ်ပိုင်နေရဖို့ မရှိသေးဘူးဟ၊ ဒီကြားထဲ မိဘတွေ ကျန်းမာရေးမကောင်းတာတို့၊ ငါတို့ကျန်းမာရေးမကောင်းတာတို့၊ ငါ့လည်း ကျောင်းတက်ကတည်းက ချမ်းသာတဲ့ လူကြီးသား တစ်ယောက်ယောက် နဲ့ ကြိုက်ခဲ့ရင်ကောင်းသား …” သူမလက်ကို ကျွန်တော် ဆွဲရင်း ကန်ရေပြင်အစပ်ကို ရောက်လာတယ်။ သူမဆက်ပြောမယ့် စကားတွေကိုလည်း နားစွင့်နေမိပြန်တယ်။
“အင်း.. ငါလည်း ဒီထက်ပိုရတဲ့ အလုပ်မျိုးကို ပြောင်းရှာ ဦးမှာပါလေ..။ ခုကလည်း အလုပ်လုပ်တာတင် မကဘူး၊ ကိုယ်တိုင်လည်း Upgrade လုပ်နိုင်မှ အလုပ်က အဆင်ပြေတာ”
ကျွန်တော် ပြောနေတာကို သူမ နားထောင် မထောင် မသိ။ စက္ကူလှေကို ရင်ဘတ်နား လက်ကလေးနဲ့ဖိပြီး ဂါထာလား၊ ဆုတောင်းလား တဖွဖွရွတ်နေတာကို ကြည့်ပြီး ကျွန်တော် ပြုံးမိတယ်။
“ဒါတောင် ကလေးယူဖို့လည်း မစဉ်းစားရဲသေးပါဘူး။ ခုတောင် ဘာမှန်းမသိ။ အိမ်ကလည်းမေးနေတယ်၊နင်တို့က ဘယ်လိုလည်း၊ယူရော ယူဖြစ်ကြမှာလားတဲ့” သူမပြောရင်း လက်တစ်ဖက်က ထမိန်အနားစပ်ကို ဆွဲပြီး ရေထဲကို ဆင်းသွားတယ်။ ကျွန်တော်ကတော့ ရေမစိုအောင် ဘောင်းဘီကို ခေါက်နေတုန်း။ မိုးကတော့ ပုံမှန် ဖွဲဖွဲလေး ရွာဆဲ။ နှစ်ယောက်လုံး ထီးမဆောင်း။
“တကယ်လို့ ငါတို့ နှစ်ယောက် တိုက်ခန်းဌားနေရင် အနည်းဆုံး တစ်လ တသိန်းခွဲတန်လောက်ရှာလို့ရတယ်။ ဒါတောင် နင်ရောငါရော ရုံးတက်ကျောင်းသွား အဆင်ပြေမယ့် နေရာ၊ မြို့ပြင်မကျ တကျ နေရာမှာ နေမှ အဆင်ပြေမှာ၊ အိမ်ငှားရင် ပိုက်ဆံ စုဖြစ်မှာ မဟုတ်ဘူး၊ ငါ့မိဘတွေကလည်း နယ်မှာဆုတော့ အားကိုးပြီး နေစရာ နင့်အိမ်ပဲ တက်နေရမှ ရမယ်”…။ စကားတွေ ဆက်တိုက်ပြောနေတဲ့ကျွန်တော့်ကို သူမက လှည့်ကြည့်ပြီး နင့်လှေ အရင် ချ ဆိုတဲ့ အချက်ပြတယ်။ ကျွန်တော် လှေကလေးကို ရေချပြီးချိန်မှာ သူမက အနားကနေ ကပ်ပြီးချတယ်။ ကျွန်တော်တို့ လှေနှစ်စင်းကို ကမ်းနဲ့ဝေးရာသွားစေဖို့ ရေနဲ့ လှမ်းပက်လိုက်တယ်။ မိုးဖွဲဖွဲနဲ့ လှေအတိုက်မှာတော့ လှေနှစ်စီးဟာ အရွေ့ တစ်ခုစီသို့…။
“ငါ့အမေ ခေါင်းမီးတောက်နေတယ်။ ငါလဲ မကူနိုင်ဘူး။ ငါကျောင်းထွက်ပြီး အလုပ်တခု လုပ်ဖို့ ဆိုတော့ ဒီဘ၀မှာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒီတော့ နင် ဒီထက် ကောင်းတဲ့ အလုပ်ကို ရှာမှ ဖြစ်မယ်” သူမစကားဆုံးတော့ သူမ လက်ကို လှမ်းချိတ်လိုက်တယ်။ ကျွန်တော်တို့ဟာ အချစ်အတွက် ကံ၊ ကံ၏ အကျိုးကို ဆိုပြီး ကံကို အပြစ်ပုံချလို့ မရဘူး။ ကိုယ့်ဘာသာပဲ အပြစ်တင်ဖို့ ရှိတယ်။ အချစ်စစ်တို့ သည် မည်သည့်အခါမှ ဖြောင့်ဖြူးမည် မဟုတ် ဆိုသော စကားကို မကန့်ကွက်ရင်တောင်မှ ကျွန်တော် လက်မခံချင်ပေ။ ဖြစ်ချိန်တန်လျှင် ဖြစ်လာမည် ဆိုတော့ စကားသည်လည်း ကျွန်တော်တို့ အတွက် မဟုတ်ချေ။
မိုးသည် တဖွဲဖွဲ နှင့် ရွာနေတုန်းပင်ဖြစ်သည်။ အင်းယားကန်ရေပြင်သည် ကျွန်တော် ထင်သလောက် လှိုင်းကြက်ခွပ်များ ထမနေခဲ့ပေ။ လေသည်လည်း ထင်သလောက် အေးမြမနေခဲ့ပေ။ ကျွန်တော်တို့ နှစ်ယောက် လက်ကိုတွဲပြီး အင်းယားကန်ကို ကျောခိုင်း လမ်းလျှောက်လိုက်တယ်။ နှစ်ဦးသား တိတ်ဆိတ် ငြိမ်သက်ပြီး ကားလမ်းကို မျက်နှာ မူလျှက်။ ကျွန်တော် ရော သူမ မှာ ပါ ပြောစရာ စကား စိုးစဉ်းမျှ မရှိဟု ကျွန်တော် ထင်မိတယ်။
မထင်မှတ်ပဲ သမင်လှည်ပြန်လှည့်ကြည့်မိတဲ့ အင်းယားရေပြင် နဲ့ လွှတ်ခဲ့တဲ့ လှေနှစ်စီး။ မိုးဖွဲဖွဲကြားမှာ အကွာအဝေး မတူ၊ ဦးတည်ရာ ခြင်းမတူ၊ လေတိုက်တိုင်း ပါးပါးလေး ရွေ့နေခြင်းတော့ တူမယ် ထင်ပါရဲ့။
စိန်လျှံထွန်း
နှင်းဆီဖြူ မဂ္ဂဇင်း
Comments