အိပ်ခန်း







အသိုက်ဟူသည် မိသားစု ညီအကို မောင်နှမများ ပေါင်းစည်းနေထိုင်ခြင်းဖြစ်သည် ဟုဆိုသည်။ လူတိုင်းလူတိုင်းသည် မိမိ အသိုက် ကို ခင်တွယ်တတ်ကြသည်။ မိမိအသိုက်ကို တကမ္ဘာ ဟု ထင်တတ်ကြသည်။ မိမိအသိုက်မှာပင် လုံခြုံ မှု ရှိသည်ဟု ခံစားတတ်ကြသည်။

 အသိုက်ဟူသည် ကျနော့်အတွက်တော့ ကျနော် ပိုင်ဆိုင်သည်ဟု ထင်သော အိပ်ခန်းလေးပင်ဖြစ်သည်။ ကိုယ်ပိုင်ဆိုင်သော ကိုယ့် အခန်းလေးတွင် စာဖတ်နေရခြင်း သို့မဟုတ် တွေးတောကြံစည်နေရခြင်း သို့မဟုတ် လဲလျောင်း အိပ်စက် နားနေ ရခြင်းသည် ကျနော့်အတွက်တော့ မည်သည့်အရာနှင့်မျှ အစားထိုးမရသော ဘ၀၏ အရသာ အရှိဆုံး ခံစားမှု ဖြစ်လေသည်။

မှတ်မှတ် ရရ ကျနော် ၇တန်းအောင် ရှစ်တန်းနှစ် အရောက် “အမေရေ… သား ကိုယ့်အခန်းနဲ့ကိုယ်အိပ်ယာနဲ့ အိပ်ချင်တယ်” လို့ပြောခဲ့ဖူးသည်။ ထိုအချိန် ကျနော် လူပျိုပေါက် ဖြစ်နေပြီ ဟု ကိုယ့်ကိုယ်ကိုယ် ထင်မိချိန်ဖြစ်သည်။ သို့သော် အမေ့ဆီက “အခန်းအပို မဖွဲ့နိုင်သေးဘူး။ ကိုယ့််အိမ်နဲ့ကိုယ်နေနိုင်မှ ကိုယ့်အခန်းနဲ့ ကိုယ်နေ” လို့ စသလို နောက်သလို အတည်ပြောတော့ ကျနော် စိတ်ထဲ မကောင်းဖြစ်မိသည်။

အိပ်ခန်းသုံးခန်းသာ ရှိသော ကျနော်တို့အိမ်တွင် အဖေတို့အမေတို့ အိပ်ခန်းတခန်း၊ ကျနော့် အဖွားနဲ့ အငယ်ဆုံး ညီမက တူတူတခန်းနေတော့ တနှစ်ကျော်ကျော်သာ ကွာသော ကျနော့်ညီနှင့် ကျနော် တခန်း နေရခြင်းဖြစ်သည်။ နှစ်ယောက်အိပ် ကုတင် တလုံးတွင် ညီအကို နှစ်ယောက် တူတူ အိပ်ရသည်။ ကျနော့်ညီမှာ ညတိုင်း လိုလို အိပ်ယာထဲတွင် သေးပေါက်တတ်သည့် အကျင့်ရှိလေသည်။ သူ့ အိပ်ယာထဲ သေးပေါက်ပြီးလျှင် စောင်များ၊ ခေါင်းအုံးများကို ကို ခုတင်အောက်ထဲ ဖွက်ထည့်ပြီး ကျနော့် ဆီမှ စောင်များကို အတင်းလု ခြုံ တတ်သည်။ တခါတရံ မိုးတွင်းလို အချိန်မျိုးတွင် သေးစို စောင်များကို နေ့တိုင်း မလျှော်နိုင်သော အခါ အပြင်မှ လေသလပ် ထားပြီး ညည ပြန်ခြုံ ရသောကြောင့် ခြင်ထောင်ထဲတွင် သေးစော်နံ့ အမြဲ မွှန်ထူနေတတ်သည်။ ကျနော် အသက်ရှူ မရ၊ အိပ်မပျော် ဖြစ်သည့်အကြောင်းကို အမေတို့အား အမြဲပြောသော်လည်း အမေတို့မှာ စရင်း နောက်ရင်း ကျနော်ပြောသမျှ စကားများကို ပျက်ရယ်ပြု မေ့ပျောက်သွားတတ်ကြသည်။ တခါတရံ သိတတ်သော ကျနော့်ညီမှာ အားနာပြီး ကုတင်အောက် ဆင်းအိပ်သော်လည်း ညသန်းခေါင်းကျော်လျှင် ကုတင်ပေါ်ပြန်ရောက်ကာ သေးပေါက်တတ်ပါသည်။ ညစဉ်နှင့်အမျှ ထူးမခြားနားပင်။ ထိုအခါမျိုးတွင် ကျနော် ဘုရားခန်းထဲ ခေါင်းအုံးပိုက်ပြီး ဖျာခင်း အိပ်ခဲ့ရသည်။
ဒီအကြောင်းများကို ကျနော့်အမေ့ရဲ့ အငယ်ဆုံးမောင် ကျနော့်ဦးလေး အိမ်ကို အလည်လာတဲ့ အချိန်ရင်ဖွင့်မိသည်။ ဦးလေးမပြန်ခင် ကျနော့်ကို တယောက်အိပ်ခုတင်တစ် လုံး ၀ယ်ပေးခဲ့သည်။ သို့သော် နှစ်ယောက်အိပ်ကုတင် တလုံးတည်းနှင့်ပင် ကျနော်တို့ အခန်းပြည့်သောကြောင့် တယောက်အိပ်ကုတင်မှာ ကျနော့်အတွက် အသုံးမ၀င်ဘဲ ဒီတိုင်း ပစ်ထားခဲ့ရ ပြန်သည်။ ကျနော် ကိုးတန်းအောင်သော နှစ်တွင် အဖွား သူ့အိမ်ပြန်ပြီး ညီမကိုပါ အဆစ်ခေါ်သွားခဲ့သည်။ ဆယ်တန်းတနှစ်လုံး အဖွားအခန်းတွင် နေရသည့် အချိန်တွင် ကျနော် ကျေနပ်ခဲ့မိသည်။ ကိုယ့်အိပ်ယာ ကိုယ့်နေရာ ဖြစ်ခဲ့ရသည့်အတွက် သိပ်ပျော်ရသည်။ သိပ်မကြာလိုက်ဘဲ အဖွားပြန်ရောက်လာတော့ ကျနော် အခန်းဖယ်ပေးရသည်။ ခေါင်းအုံးကို ပိုက် ခြုံစောင်ကို ဆွဲပြီး ညည ဘယ်နားအိပ်ရမည်မှန်း မသိ ယောင်လည်လည် ညတွေကို ဖြတ်သန်းရင်း ဘုရားခန်းမှာပင် အိပ်ဖြစ်တော့သည်။

ကျနော်ဆယ်တန်းအောင်တော့ တက္ကသိုလ်တက်ရန် စောင့်ရင်း သင်တန်းတခုခု တက်မည်ဟု အိမ်မှ ခွင့်တောင်းပြီး ရန်ကုန်ကို သွားသည်။ ရန်ကုန်သို့ သင်တန်းတက်ချင်သည့် အကြောင်း အရင်းတွင် တယောက်တည်း တစ်ကုတင် တစ်အိပ်ယာ နေချင်သောကြောင့် လည်းပါသည်။ ရန်ကုန်တွင် အိမ်မရှိသောကြောင့် အဆောင်နေရမည်ဆိုတာကို သိနေတော့ ကျနော့်မှာ တွေးရင် သိပ်ပျော်သည်။ တခန်းနှစ်ယောက် နေရနိုင်သော်လည်း “ငါ့ ကုတင် ငါ့ အိပ်ယာ၊ ငါခြင်ထောင် နဲ့ ငါ” ဆိုပြီး တွေးပျော်သည်။ ထိုအတွေးနှင့်လည်း ကြာကြာ မပျော်လိုက်ရဘဲ အဆောင်နေမည့် အစီအစဉ်သည် ရန်ကုန်ရောက်သောအခါ အမေနှင့် သူ၏ ဆွေမျိုးများ ကြားတွင် ပျက်သုဉ်းခဲ့ရသည်။ ဆွေမျိုးများ၏ မဟာ အကြံ ပေးမှုများဖြင့် ဘုန်းကြီးမျိုးဖြစ်သည့် ကျနော့်မှာ ဦးလေးဘုန်းကြီး သီတင်းသုံးသည့် ကျောင်းတွင်နေရန် အမေစီစဉ်ခဲ့သည်။
ဦးလေးဘုန်းကြီးသည် မျက်စိမကောင်း။ မျက်မှန်မတပ်လျှင် ဘာမှ မမြင်၊ မျက်မှန်တပ်လျှင် စမ်းတဝါးဝါးနှင့် တုတ်ထောက်လမ်းလျှောက် သွား၍ ရသေးသည်။ အမေက နေစရာလည်း အဆင်ပြေ ဦးလေးကိုလည်း ကြည့်ရအောင် ဆိုပြီး ထားသွားသည်။ ဦးလေး ဘုန်းကြီးနေသည့် အဆောင်တွင် အခန်းခွဲမရှိ။ ဟောခန်း တခုလုံးသာဖြစ်သည်။ ဗီဒိုနှစ်လုံး၊ ခုတင်နှစ်လုံးသာရှိသည်။ ကျနော့်ကို ဦးလေးဘုန်းကြီးက ကုတင်တလုံးပေးသည်။ ဗီဒိုမှာ ဘုန်းကြီးကျောင်း ဖြစ်သောကြောင့် အ၀တ်အစားထည့်မရပဲ သေတ္တာတလုံး၀ယ်ပြီး ကုတင်အောက်ထားရသည်။ ဘုန်းကြီးကျောင်း ဖြစ်သည့် အတွက် ရွာမှ ဆေးလာကုသော သူများ နေ့စဉ်နှင့်မပြတ်ရှိတတ်သည်။ သင်တန်းမှ ပြန်လာသော အချိန် ကျနော့်ကုတင်ပေါ် အမျိုးလူနာများ အိပ်နေသောအခါ ကျနော် စိတ်ပျက်ရသည်။ ပိုဆိုးသည်မှာ လူများလျှင် ကျနော့်မှာ ခုတင်က ဖယ်ပေးရပြီး ညအချိန် အိပ်စရာ ဘုံပျောက်တတ်ခြင်းပင်ဖြစ်သည်။ ကျနော်မှာ ကျနော့်ခေါင်းအုံး၊ ကျနော့် စောင်၊ ကျနော် ဖက်လုံးကို ကျနော့်တဦးတည်းသာ သီးသန့် သုံးလိုတတ်သော အကျင့်ရှိသည်။ ကျနော့် ခေါင်းအုံး မဟုတ်လျှင် ကျနော် အိပ်မပျော်တတ်။ ကျနော့်စောင် မဟုတ်ခဲ့လျှင် ပုဆိုးကိုသာ ခြုံအိပ်ချင်သည်။ ကျနော့် ပစ္စည်း မဟုတ်လျှင် လုံး၀ ထိတွေ့ကိုင်တွယ် အသုံးမပြုတတ်သလို ကျနော့်ပစ္စည်းအား သူတပါး ယူသုံးနေလျှင် ကျနော့်မှာ နေမထိ ထိုင်မသာနှင့် စိတ်ထဲ တကျီကျီ ဖြစ်ခဲ့ရသည်။ ကျနော်နေထိုင် ကြီးပြင်းခဲ့ရသော ပတ်၀န်းကျင်က ကျနော့် လိုချင်ခဲ့သော အခြေအနေ မပေးသည့်အတွက် ကျနော် စိတ္တဇ ၀င်ခဲ့ရသည်။ ထိုစိတ္တဇကြောင့်ပင် ကျနော်တဦးတည်း “ငါ့ပစ္စည်း၊ ငါ့အခန်း၊ငါ့အိပ်ယာ၊ငါ့ကုတင်၊ငါ့ခေါင်းအုံး၊ငါ့စောင်” စသဖြင့် သီးသန့် နေလိုမှုများ ကိန်းအောင်းခဲ့ရသည်။

ဒီလိုနှင့် တက္ကသိုလ်စတက်သော အခါ ကျနော် ဘုန်းကြီးကျောင်းတွင် မနေနိုင်ဘဲ အဆောင်ပြောင်းမည့် အကြောင်း အမေ့ကိုပြောသည်။ သို့သော် အမေ့ ညီမ အစီအမံဖြင့် ရန်ကုန်တွင် အိမ်ငှား ဖြစ်ပြီး အဒေါ်အပျိုကြီးနှင့် အတူ အမ၀မ်းကွဲများဖြင့်နေရပြန်သည်။ အခန်း နှစ်ခန်းထဲ ပါသော ကြောင့် အဒေါ်အပျိုကြီးက တခန်း၊ အမက တခန်းယူလိုက်ပြီးယောက်ျားလေး တယောက်တည်း ဖြစ်သော ကျနော့်မှာ အိမ်ရှေ့ဘုရားခန်းတွင် ခြင်ထောင်ထောင် အိပ်ရသည့် ဘ၀ ရောက်ရပြန်သည်။ ဒီလိုနှင့် တက္ကသိုလ် သုံးနှစ်ကို အိမ်ရှေ့ဘုရားခန်းတွင် ဖြတ်သန်းပြီး နိုင်ငံခြား ထွက်ဖို့ ကျနော်လုပ်သည်။ နိုင်ငံခြားရောက်လျှင် ကျနော် ကိုယ့်ကုတင် ကိုယ့်အိပ်ယာ ဖြင့် နေရမည့်အရေး တခုတည်းနှင့်ပင် တွေးပျော်မိသည်။

နိုင်ငံခြားရောက်တော့ ကျနော် တွေးထားသည့် အတိုင်းပင် ကျနော့်အခန်းနှင့် ကျနော်နေရသည်။ ကျနော့်တွင် ကျနော်ပိုင်သော ကျနော့်အိပ်ယာ၊ ကျနော့်ခေါင်းအုံး၊ ကျနော့် စောင်များရှိသည်။ ကျနော်ဖတ်ချင်သော စာအုပ်များရှိသည်။ ကျနော့်နှင့် သူငယ်ချင်းများကို ဆက်သွယ်နိုင်သော ကွန်ပြူတာ ရှိသည်။ ကျနော်ပိုင်ဆိုင်သမျှ ပစ္စည်းများ ကျနော့် အနားတွင် ရှိသည်။ ဘာဖြစ်ဖြစ် ကျနော် ကျေနပ်ခဲ့ရသည်။

ကျနော်နိုင်ငံခြားရောက်တဲ့ အချိန်အတွင်း ကျနော့် မိဘများ အိမ်နှစ်ခါပြောင်းသည်။ အိမ်အသစ်ဆောက်သော အခါ နိုင်ငံခြားတွင် အနေကြာသော ကျနော်အတွက့်အဖေက အိပ်ခန်းတခန်း အပို မထားဖြစ်ခဲ့။ ပထမတခေါက် အလည်ပြန်သော အခါ ကျနော့် ညီနှင့် ခယ်မက ကျနော်နားနေအိပ်စက်ရန်အတွက် သူတို့ အခန်းကို ဖယ်ပေးသည်။ သူတို့ လင်မယားနှစ်ယောက် ဘုရားခန်း တွင် အိပ်မည်ဆိုသည်။ သို့သော် ကျနော် အားနာ၍ မအိပ်ဖြစ်ခဲ့။ ထုံးစံ အတိုင်း ကျနော်သာ ဘုရားခန်းတွင် အိပ်ဖြစ်ခဲ့သည်။ ညအိပ်ချိန်ရောက်ပြီးဆိုလျှင် ခုနှစ်ကျော် ရှစ်နှစ်ကြာနေခဲ့ပြီး ခဏတာ ထားရစ်ခဲ့ရသော ကျနော့် အခန်းနှင့် ကျနော့် အိပ်ယာကို သဲသဲမဲမဲ လွမ်း မိသည်။ ထိုသို့ နိုင်ငံခြားတွင် ကိုယ်ပိုင်အခန်းဖြင့် တယောက်တည်း တကုတင် နေခဲ့ရသော အချိန်ကို တမ်းတမ်းတတ လွမ်းမိကြောင်း အဖေ့ကို ပြောပြသောအခါ အဖေက “မင်း ငယ်ငယ်ကတည်းက အမေကျော် ဒွေးတော်လွမ်းတဲ့ကောင်”၊ “ဘဝမေ့တဲ့ကောင်” လို့ ရယ်ပြီးပြောသောအခါ “အဖေ မသိပါဘူးဗျာ” လို့သာ ပြောဖြစ်ခဲ့ သည်။ အဖေပြောသလို မိဘအိမ်ရောက်နေချိန်တွင် နှလုံးသားတွေ နွေးထွေးနေရင် ဒါဟာလဲ အိမ် ဖြစ်ရမည်။ ကျနော့်နှလုံးသားတွေ မိသားစု အတွက် နွေးထွေးပါသည်။ သို့သော် ကျနော် တမ်းတမိသော ကျနော့်အခန်း ကျနော့် အိပ်ယာနှင့် ဆိုင်မည် မထင်။

ပြီးခဲ့သည့် နှစ်က အဖေနဲ့ အမေကို ကျနော်နေသည်ဲ့ နိုင်ငံကို အလည်ခေါ်သည်။ အစကတည်းက အဖေနဲ့ အမေ ကို အလည်ခေါ်မည်ဟု ဆုံးဖြတ်ထားသောကြောင့် အိမ်ကို ကိုယ်တိုင်ငှားဖြစ်သည်။ သူတို့ရောက်သောအခါ အိမ်သာ အသွားအလာ အအိပ်အစား နေရထိုင်ရ ကျဉ်းကျပ်မည်စိုးသောကြောင့် အိမ်သာ တွဲပါသော မာစတာ ခန်းမှာ ထားသည်။ အဖေက မြန်မာပြည်ပြန်ရောက်လျှင် အိမ်အသစ်ကို ထပ်ပြောင်းမည် ပြောသည်။ အဖေ့ကို အိပ်ခန်း ဘယ်နှစ်ခန်းလဲ ဟု မေးသောအခါ အဖေက အရင်အတိုင်း သုံးခန်းပဲ ပါသည်ဟု အမှုမဲ့ အမှတ်မဲ့ ပြောသည်။ အခန်းသုံးခန်း ဆိုတော့ အဖေတို့အခန်း၊ ညီနဲ့ သူ့မိန်းမ ပြီးတော့ ညီမအငယ်ဆုံး အခန်းပေါ့။ အိမ်မှာ ကျနော့်အတွက် ကိုယ်ပိုင် အခန်း မရှိပြန်ဘူး ဟု သိလိုက်ပေမယ့် အဖေ့ကို ဘာမှ ထပ်မပြောဖြစ်။ အဖေကိုယ်တိုင် ကျနော့်ကို နိုင်ငံခြားမှာပဲ အခြေချမည်ဟု ထင်နေမည်ကိုသာ ဖြည့်တွေးလိုက်သည်။

ဘာဖြစ်ဖြစ် ကျနော့်ဆီ ရောက်တဲ့ အချိန် မိဘ ပျော် တာမြင်ရတော့ ကျနော်စိတ်ချမ်းသာသည်။ နှစ်ရက်သုံးရက် ကြာသော အခါ အဖေက ညညတွေမှာ ကျနော်တို့နေသော တိုက်အောက်ဆင်းထိုင်တာကို သတိထားမိသည်။ တည အဖေ တိုက်အောက်ဆင်းတော့ အဖေနဲ့တူတူ လိုက်ဆင်းပြီး အဖေ့ကို စိတ်ပူစွာမေးမိသည်။ “အဖေ ဒီမှာ နေရတာ မပျော်လို့လား။ ကျန်ခဲ့တဲ့ အလုပ်တွေအတွက် စိတ်ပူနေသလား”မေးတော့ အဖေက အကြာကြီးခွဲနေခဲ့ရတဲ့ သားနဲ့တူတူ နေရတာ ပျော်သည်။ မိဘကို သိတတ်တဲ့ သားကို ရတဲ့အတွက်လဲ ဂုဏ်ယူကျေနပ်သည်။ သို့သော် အဖေသည် တခါမှ အကြာကြီး အဝေးကြီး မခွဲမခွာခဲ့ဘူးသော အဖေ့အခန်းနှင့် အဖေ့အိပ်ယာကို လွမ်းသည် ဟု ရိုးသားစွာ ၀န်ခံလေသည်။

ကျနော်ပြုံးမိသည်။ သို့သော် အဖေ့အား “အဖေလည်း အမေကျော် ဒွေးတော် လွမ်းနေပါလား” လို့ မစဖြစ်တော့။ အဖေ ကျနော့်ကို ခုချိန် ကိုယ်ချင်းစာနိုင်ပြီ ဖြစ်တဲ့ အတွက်သာ ကျနော် အကျေနပ်ကြီးကျေနပ်မိသည်။

လူတိုင်း လူတိုင်းဟာ ဘယ်လောက်ကောင်းတဲ့ ဟော်တယ်မှာပဲ အိပ်အိပ်၊ ဘယ်လောက်ကောင်းတဲ့ နေရာမှာပဲ ရှိနေနေ ကိုယ့်အိပ်နေကျ နေသားတကျ ကိုယ့်အခန်း ၊ကိုယ့်အိပ်ယာလေးကို လွမ်းတတ်ကြသည်။ ဘယ်လောက်ပင် ပင်ပန်းနေပါစေ။ ကိုယ့်အခန်း ကိုယ့်အိပ်ယာမြင်လျှင် အလိုလိုနေရင်း ပင်ပန်းမှုတွေ ပြေပျောက်ပြီးသားဖြစ်သည်။ အဝေးတနေရာမှ ခရီးထွက်ပြီး ပြန်လာသည်ဖြစ်စေ၊ အနားယူပြီး ပြန်လာသည် ဖြစ်စေ ကိုယ့် အခန်းပြန်ရောက်လျှင် ကိုယ့် အိပ်ယာပေါ် ပြေးခုန် အိပ်တတ်ကြသည်ပင်။ ကိုယ်ပိုင်သော ကိုယ့်အခန်း ကိုယ့်အသိုက် ကိုယ့် နေရာလေးမှာ နေထိုင်ရခြင်းသည် ဘ၀၏ အရသာအရှိဆုံး စိတ်အချမ်းသာဆုံး ခံစားမှု တစ်ခုပင်ဖြစ်သည် မဟုတ်ပါလော။

ဒီလိုနဲ့ အဖေတို့ မြန်မာပြည်ပြန်ပြီး တလအကြာ အဖေဖုန်းဆက်သည်။ အဖေတို့ အိမ်အသစ်ပြောင်းတော့မည်ဟုပြောသည်။ အဖေတို့ပြန်ပြီးကတည်းက တလလောက် ဖုန်းမဆက်ဘဲ နေတဲ့အချိန်မှာ အဖေတို့ အိမ်အသစ်ပြောင်းသွား ပြီး ဟု ကျနော်ထင်မိသည်။ ကျနော်မေးကြည့်တော့မှ“ အဖေ သားအတွက် သားကိုယ်ပိုင် သီးသန့်အခန်းလေးကို ထပ်ဆောက် ဖြစ်တယ်။ အဲဒီအတွက် ပြောင်းဖို့ ကြာသွားတာ။ သားအမေက သားအတွက် ကုတင်တွေ အိပ်ယာခင်းတွေ ၀ယ်ထားတယ်။ သားပြန်လာရင် ကိုယ့်ဘာသာကိုယ် စိတ်ကြိုက်ဆင်ပေတော့” လို့ပြောတော့ ကျနော်ပြုံးမိသည်။ အဖေနားလည်သွားပြီ။ အဖေ့ကို အဖေ့အိမ်နဲ့ အကြာကြီးခွဲထားပြီး အလည်ခေါ်မိသည့် အတွက် ကျနော့် ကိုယ် ကျနော် ကျေနပ်မိသည်။

ဒီတခေါက် ကျနော် ပြန်လျှင် ကျနော့် မိဘပေးသော ကိုယ်ပိုင် အသိုက်လေး တခု ရတော့မည်ဖြစ်သည်။ ကျနော်ငယ်ငယ်လေးကတည်းက လိုချင်တောင့်တခဲ့ရသော ကျနော်ပိုင်ဆိုင်ချင်ခဲ့သော ကိုယ်ပိုင် အိပ်ခန်းလေးတခု ၊ ကျနော့်ကို နွေးထွေးစွာ စောင့်ကြိုနေလိမ့်မည်ကိုတွေးရင်း ကျနော် ပျော်နေမိသည်။

စိန်လျှံထွန်း
မတ်လ ၂၀၁၃
စတိုင်သစ် မဂ္ဂဇင်း 

Comments

Popular Posts