Sunday, 17 May 2009

ရှိုက်သံ

တစ်ခါတစ်လေ ကျနော် စဉ်းစားမိတယ်.. ကိုယ်တိုင်ကပဲ ခက်နေအောင် လုပ်နေတာလား.. ဒါမှမဟုတ် ကိုယ်ကဘဲ ဒီအခက်အခဲတွေနဲ့ ကြုံနေရတာလားလို့.. တွေးမိတိုင်းလဲ အဖြေမထွက်ဘူး တစ်ခါတစ်လေ မျက်ရည်ကျမိတယ် တစ်ခါတစ်လေ ဝမ်းနည်းမိတယ် တစ်ခါတစ်လေ အားငယ်မိတယ်.. ဒါပေမယ့် အားတင်းပြီးတော့ လျှောက်နေဆဲပေါ့..


ကျနော် ပြန်စဉ်းစားမိတယ်.. ဆိုက်ပရပ်စ်ကို ရောက်ခါစတုန်းက အခက်အခဲတွေက မှအများကြီး.. ကျောင်းသားဆိုရင် အလုပ်လုပ်ခွင့်မရှိဘူးတဲ့.. ရောက်ပြီးမှသိရတာ (အေဂျင့်ပြောတုန်းကတော့ တစ်နာရီ(၅)ပေါင် ပြေးမလွတ်ဘူးတဲ့လေ)အလုပ်လုပ်ရင်း ပညာလဲသင် ပိုက်ဆံလဲစုမယ်ပေါ့.. ခဲလေသမျှ စဉ်းစားထားသမျှက ပြောင်းပြန်လေ.. အလုပ်ကလဲရှားတယ် သူတို့ပြောနေတဲ့ ဂရိစကားကလည်းမတတ် အင်္ဂလိပ်လိုကလည်း မလည်မဝယ်ဆိုတော့ ရုံးတွေကုမ္မဏီကြီးတွေ မပြောနဲ့ စူပါမားကက်လို နေရာမျိုးမှာတောင် ကျနော်တို့အတွက် အလုပ်မရှိ.. ရှိလဲသူတို့ကအလုပ်မပေး ဘာကြောင့်လဲဆိုတော့ အလုပ်ခန့်ရင် ရဲလာဖမ်းမယ် သူထေးရောကျနော်တို့ပါ ဖမ်းခံထိမယ်ဆိုတော့ ဘယ်သူမှအလုပ်မပေးချင်ဘူး.. ဒါကြောင့်ရောက်ခါစက အလုပ်အတွက် အရမ်းကိုခက်ခဲတယ် စိတ်ဓာတ်တွေလဲ အဖျန်းဖျန်း ဖြတ်ရိုက်ခံရသလိုကျရတယ်လေ.. နောက်ဆုံးမရတော့လဲ မရှိကြံ ကြံရတော့တာပဲ.. စာရွက်အဖြူလေးပေါ်မှာ နာမည်နဲ့ ဖုန်းနံပတ်နဲ့ရေး ခြံရှင်း အိမ်ရှင်း ဘာရရ အလုပ်လိုချင်ပါတယ် ဖုန်းခေါ်ပါဆိုပြီးတော့ရေး.. ပြီးရင်ရွာရိုးကိုးပေါက် နေပူကြဲကြဲ ထဲမှာ ခြေတိုအောင်လျှောက်ပြီး အိမ်စေ့စာလိုက်ထည့်ရတယ် ဒီနေ့ဒီရပ်ကွက်ဆိုရင် နောက်နေ့ တခြားရပ်ကွက် မြို့ပြင်ကလွဲလို့ ကျနော်နေတဲ့ တမြို့လုံး ကျနော်စာမထည့်ဖူးတဲ့ အိမ်မရှိဘူး.. ညနေပြန်လာရင် လူကဖတ်ဖတ်ကိုမောလို့..ဆုတောင်းလိုက်ရတာလဲ အမော ပြန်စဉ်းစားလိုက် ဘွဲ့ရတစ်ယောက် ရှာနေတဲ့အလုပ်နဲ့ တောင်းနေတဲ့ဆုက “မနက်ဖြန် တစ်ယောက်ယောက်ကများ ခြံရှင်းဖို့ အိမ်ရှင်းဖို့ခေါ်ပါစေ”တဲ့ သေချင်လောက်အောင် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိပေမယ့် ငါသာတစ်ခုခုမှားလို့ကတော့ ယူကြုံးမရ ဖြစ်မယ့် မိဘနှစ်ပါးမျက်နှာလေးကို မြင်ပြီးကျခဲ့ရတဲ့ လူမသိ သူမသိမျက်ရည်တွေ..


ဒီလိုနဲ့ အချိန်တော်တော်ကြာမှ ဖုန်းခေါ်ပြီးအိမ်ရှင်းဖို့ ခြံရှင်းဖို့ စိတ်ဝင်စားလို့ ဖုန်းခေါ်တဲ့သူတွေနဲ့ တွေ့ရတော့ ကျနော့်မှာအားတက်လို့မဆုံး ပျော်လို့မဆုံး ကိုယ်မမြင်ဖူးသေးပဲ အသံလေးကြားပြီး အလုပ်ပေးတဲ့သူကို ဖင်ထောင်အောင် ကန်တော့လိုက်ရတာ.. ဒီလိုခြံရှင်း မြက်နှုတ်မှန်သုတ် အလုပ်ပေးတဲ့သူ တချို့ကလည်း ကျောင်းသားအလုပ်လုပ်ခွင့် မရှိတာကို သိထားတဲ့အတွက် အလုပ်တော့ပေးပါရဲ့ ပေါချောင်ကောင်းလေးလိုချင်တယ် ခိုင်းချင်တာခိုင်းမယ် အပိုခိုင်းမယ် ပေးတော့လဲ လုပ်ခနဲ့ တန်ရာတန်ကြေး မပေးချင်ပြန်ဖူး.. ပေးရင်တောင် ပြောတဲ့စကားက “မင်းဘဝမှာ ဒီလောက်လေးလုပ်လို့ ဒီလောက်ပိုက်ဆံများများ ရဖူးလား”တဲ့.. ရင်ထဲကို အောက်သွားတာပဲ ဒါပေမယ့် မျက်ရည်လေးဝဲပြီးတော့ ပြုံးပြခဲ့ပါတယ်.. တစ်ချို့ကြတော့လဲ ခိုင်းချင်တာခိုင်း ခိုင်းပြီးသွားရင် စသလိုနောက်သလို “ငါရဲခေါ်လိုက်ရင် နင်ဘာဖြစ်သွားမလဲတဲ့လေ” သနားလို့ခိုင်းတာ ပေးသလောက်ယူ ဆိုတဲ့မျက်နှာပေးနဲ့.. လုပ်ရတဲ့သူက နေပူထဲမှာ ပေါက်တူးပေါက်လိုက် အပင်ခုတ်လိုက် အမြင့်ကြီးတွေ လှေခါးထောင်တက် မှန်သုတ်လိုက် (မတော်တဆများ ပြုတ်ကျရင် ရင်ကျိုးမှာက မိဘတွေ) သူတို့ကတော့ စိတ်ပူပေးပါတယ်.. ကြည့်တက်ပါ ဂရုစိုက်ပါ နောက်ကပြဿနာတွေက မရှင်းနိုင်ဘူးတဲ့လေ.. စဉ်းစားမိရင် ရင်ထဲမှာဆစ်ခနဲ နာကျင်မိတယ်.. ထားလိုက်ပါ.. တစ်ခါတစ်လေ ဘဝဆိုတာကြီးက ကိုယ့်ကို ခံနိုင်ရည်ရှိ မရှိစမ်းတယ်လို့ပဲ သတ်မှတ်ထားလိုက်ပါတယ်.. အလုပ်လုပ်ခါစက ဒီကောင်ဘာကောင်လဲ ဆိုပြီး မသင်္ကာတဲ့မျက်လုံးတွေနဲ့ ကြည့်တာခံရသလို ကိုယ့်ထက်အငယ်လို့ ထင်ရတဲ့သူတွေက ခြေထောက်နဲ့ထောက်ပြ ခိုင်းတာကိုလဲ ရင်နစ်အောင်ခံရပါတယ်.. တစ်ခါတစ်လေ ကိုယ့်နဲ့ရွယ်တူတွေ ရှိတဲ့အိမ်မျိုးမှာ အလုပ်လုပ်မိတဲ့အခါမျိုး သူတို့မိသားစုတွေ အအေးခန်းထဲမှာ ထမင်းစုစားနေတဲ့ အခါမျိုး နဲ့များဆုံရင် ကျနော်မှာ အပြင်ဖက်လှေခါး ပေါ်ကနေ မှန်သုတ်ရင်း သူတို့ရဲ့ထမင်းပွဲလေးကိုကြည့်ပြီး မငိုပဲ တတောက်တောက်ကျတဲ့မျက်ရည်.. အဲလိုအခါမျိုးမှာ ဝမ်းနည်းစိတ် အားငယ်စိတ် သိမ်ငယ်စိတ်တွေနဲ့ အိမ်ပြန် အခန်းအောင်းပြီး တစ်ယောက်တည်း တွေးလိုက်မျက်ရည်ကျလိုက် ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက် မိုးလင်းခဲ့တဲ့နေရက်တွေက နှစ်ချီခဲ့တယ် ဒါပေမယ့် မညံ့မခံ အရှုံးမပေးချင်တဲ့စိတ်နဲ့ ကြံ့ကြံ့ခံနေရတာလေ.. ကိုယ်တစ်ခုခုဖြစ်မယ် ကြံတိုင်းမိဘမျက်နှာ ကိုမြင်နေတော့လဲ ခက်တယ်လေ..


အခုတော့လဲ နေသားကျနေပါပြီး.. ဒီအလုပ်တွေ ဆက်လုပ်နေပေမယ့် တစ်ခါတစ်လေ ဝမ်းနည်းမိတာက လွဲလို့ပေါ့.. သူငယ်ချင်းတစ်ယောက် ကပြောဖူးတယ် “မင်းဒီအလုပ်တွေမှာ ပျော်နေပြီးလား.. ငါတို့လို တိုးတက်ဖို့ မကြိုးစားဖူးလားတဲ့”.. ကဲ ဘယ်သူကများ ဒီလိုအလုပ်ကို လုပ်ချင်မှာလဲ မတိုးတက်ဘဲ နေချင်မလဲ မကြိုးစားပဲ အိပ်နေတာမှ မဟုတ်တာ.. သူ့စကားက စေတနာ စကားပါ ကျနော်အပြည့်အဝ နားလည်ပါတယ်.. ဒါပေမယ့် တစ်ခါတစ်လေ ဘဝဆိုတာ လက်သိပ်ထိုးပေးသမျှ ကိုတော့ယူတတ် ရမယ်ထင်တာပဲ.. လုပ်နေတာပဲလေ.. သူမေးတဲ့ မေးခွန်အတွက် ကျနော့်အဖြေက ပြုံးမိတာတစ်ခုပဲရှိတယ် အဲဒီအပြုံးရဲ့နောက်ကွယ်က သက်ပျင်းရှည်ရှည်တစ်ချက် ကိုတော့ သူတွေ့မယ် ကြားမယ်မထင်ဘူး..

ဘာရယ်မဟုတ်ဘူး မွန်းကြပ်နေလို့ ချရေးမိတယ်ထင်တာပဲ
အကြောင်းတိုက်ဆိုင်တဲ့ ညီအကိုတွေ ညီမ အမတွေရှိရင်လဲ စိတ်မပျက်ကြနဲ့ပေါ့ ဘဝကိုပေးသမျှကိုသာ လက်ခံလိုက်ပါ သူဘယ်လောက် ကျီစားနိုင်မလဲလေ.. အရှုံးတော့ ရှိမယ်မထင်ဘူး မမြတ်ရင်တောင် အရင်းတော့ ပြန်ရမှာပါ
ဒီလိုစိတ်ညစ်တဲ့ အခါမျိုးမှာ လေးဖြူရဲ့ “ခရီးများဆုံးထိလျှောက်”
ဝိုင်းဝိုင်းရဲ့ “ဖြေသိမ့်လိုက်” ဆိုတဲ့သီချင်းတွေကို နားထောင်မိရင် အားတက်ပါရဲ့..
ဒါပေမယ့် ထူးအိမ်သင်ရဲ့ “မေမေချစ်တဲ့ သားကြီး”နဲ့ လွှမ်းမိုးဆိုတဲ့ “ပျောက်ဆုံးသွားသော နိဗာန်ဘုံ” ကိုနားထောင်မိရင်တော့
ဝန်ခံပါတယ် အခုထိ မျက်ရည်ကတောက်တောက်ကျဆဲပဲ... ရင်ထဲနာကျင်အောင် ရှိုက်မိနေဆဲပဲ..


ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

46 comments:

khin oo may said...

အားမငယ်နဲ့ဖိုးစိန်. ကြိုးစားနေသူအတွက်လမ်းမပျောက်ဘူး. မိဘကိုလုပ်ကျွေးတဲ့သား ပိုကြီးပွားဦးမယ်။

မြစ်ကျိုးအင်း said...

အားတင်းထားသူငယ်ချင်း...
ရှေ့မှာအောင်မြင်မှုတွေ စောင့်ကြိုနေပါတယ်
ဘ၀က နာနာပုတ်လိုက်တဲ့ အိုးကလေးလို...
ဖိုးစိန်အကောင်းစားလေး ဖြစ်လာတော့မယ်..။

မြူးသျှရီ said...

ကိုဖိုးစိန်ကလဲ
ဘာအားငယ်စရာလဲလို့ ဟီးးးးးးးးးးးလူကြီးလေသံနဲ့ နော်အကို......ရှိုက်သံဆိုတော့...ဟီးးးးးးးးးးမြူးမနေနိုင်ပြန်ဖူး...ကိုဖိုးစိန်ကြီးကိုမပုတုများ
ဘာလုပ်လိုက်လဲလို့ .စာဖတ်တာဘေးချပြီးလာကြည့်တာ

မြူးသျှရီ said...

ဖိုးစိန်အကောင်းစားလေးဖြစ်ရင်မမေ့နဲ့ နော်

ကိုရင်နော်ခင်လေးငယ် said...

မုန်တိုင်းကြားက လှေငယ်ရှင်လေး အားတင်ထားလိုက်စမ်းကွယ်..

မုန်တိုင်းလွန်ရင် ရှေ့မှာ အရာရာ လှပ လာတော့မယ်..

sin dan lar said...

အားမလျှော့နဲ့.. ရှေ့ဆက်လျှောက်...။
အချိန်တစ်ခု မရောက်ခင် ဒီလိုခံစားရတယ်ဆိုတာ သတိရပါလေ..။

ဂျူနို said...

အမလေး ဖိုးစိန်ရယ်။ ၀မ်းနည်းစရာလား။
တချို့ များဆို ဒီလို အလုပ်တောင် လုပ်ဖို့ ညဏ်မမှီလို့ 
မယုံကြည်ရလို့ ခိုးစားနေရတယ်။ ဟေဟေဟေ။
သူတို့ ကမှ ပြဲနေအောင်ငိုရမှာ။
ဟေဟေဟေ။
ဆက်ရေးရင် ခဲစာထိမှာစိုးလို့ ။

နောက်အဲ့လို ပျော့စိပျော့စိ လုပ်မနေနဲ့ ။
ယောကျာ်းပဲ။ ကိုယ့်ထမင်းကိုရှာစားတာ ရှိုက်စရာလား။

ဝသန်မိုး said...

ကျွန်တော်တို့လည်းဒီလိုပဲဗျ။
ရောက်ခါစက ဘယ်သူမှအလုပ်မပေးချင်ကြဘူး
စကားကလည်းမတောက်တခေါက်ပဲတတ်တာဆိုတော့
အဲဒီတုန်းကဆိုရင်
လူမသိသူမသိ ကျခဲ့တဲ့ မျက်ရည်တွေ နဲ့ 
ရတဲ့အလုပ်လေးကိုပဲ
ကြိတ်မှိတ်လုပ်ခဲ့ရတာပေါ့...
ဘ၀တူတွေ လာတွေ့ နေတယ် ဗျာ
လောကဓံ ဆိုတဲ့ အရာကြီးကဘယ်လောက်ကျီစယ်နိုင်မှာလဲဗျာ။
ရဲရဲ ကြီးရင်ဆိုင်
တစ်ရက်ရက်မှာတော့လို ချင်တဲ့ ပန်းတိုင်က
ရောက်ရမှာပါ ဗျာ။
ခင်မင်မှု များနဲ့ 
ဝသန်မိုး

တောင်ပေါ်သား said...

အကိုရေ ဖတ်ပြီးတော့ ရင်ထဲ တမျိုးကြီးဗျာ.. အားမငယ်နဲ့ ကျနော်တို့လဲ ဒီလိုလူသားတွေပါပဲဗျာ.. တတ်တဲ့ ပညာနဲ့ လုပ်နေရတာတွေက တခြားစီပါ... ဒါ ဘယ်သူ့အပြစ်တုန်း မပြောချင်တော့ပါဘူးဗျာ... အားတင်းထား တချိန်ကြရင်တော့ ကျနော်တို့ လိုချင်တာတွေ ရမှာပါ။ မိသားစုကို ချစ်တဲ့ အကို့ဘ၀ကို လေးစားပါတယ်။


လေးစားလျက်
တောင်ပေါ်သား

kiki said...

အလုပ်ဟူသမျှ ဂုဏ်ရှိစွ တဲ့  မောင်ဖိုးစိန်ရေ ။
မဂျူနိုကြီးပြောသလိုဘဲဟ
နာတို့ တတွေ သူများတိုင်းပြည်လာပြီး ကျွန်ဘဝရောက်နေရတာ ။ ဒါပေမဲ့ စိတ်သန့် တယ်ဟေ့။ ခိုးစား လုစား တိုက်စားနေကြတာမဟုတ်ဘူး ။
ဒီတော့ ဘာမှရှိုက်မနေနဲ့ ကွ .

WWKM said...

ကြိုးစားပါ ဖိုးစိန်ရေ...
အားတင်းထား ယောကျာင်္းလေးပဲ...
ရှေ့မှာအောင်မြင်မှုတွေစောင့်နေပါတယ်...

နေညိုရင့် said...

ကိုဖိုးစိန်ရေ.. နားလည် ခံစားပေးနိုင်ပါတယ်ဗျာ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါပဲဗျာ။ ဘယ်အလုပ်မဆို ခက်ခဲကြမ်းတမ်း ပြီးသားပါ။ အဓိက ကြံ့ကြံ့ခိုင်ဖို့ နဲ့  အောင်မြင်အောင် လုပ်ဖို့ ပဲ လိုပါတယ်ဗျာ။ ကိုဖိုးစိန်က အရည်အချင်း ရှိပြီးသားပါ။ တနေ့  အောင်မြင်မယ်လို့ ယုံကြည်ပါတယ်ဗျာ။

မဆုမွန် said...

မောင်ငယ်ဖိုးစိန်..
မင်းပို့စ်ကို ဖတ်ပြီးတဲ့အချိန်မှာ စိတ်ထဲ တော်တော်မကောင်းဖြစ်မိတယ်။ဟိုတစ်ခါပို့စ်တုန်းကလဲ အတူနေမြန်မာတွေရဲ့ စွတ်စွဲပြောတာကို ရေးထားတာ ဖတ်ပြီးလဲ တော်တော်စိတ်မကောင်းဖြစ်မိတယ်.

အစ်မပြောချင်တာကတော့ အပြင်ရောက်တဲ့အခါ ဘယ်နေရာမျိုးမှာပဲဖြစ်ဖြစ် ဘယ်အလုပ်မျိုးမှာပဲဖြစ်ဖြစ် ဒီလိုမလွဲမသေကြုံရတတ်တယ် ငါ့မောင်လေး တစ်ယောက်တည်း ကြုံရတာမဟုတ်ဘူး သိလား ဘာမှ အားမငယ်နဲ့ ဘာကိုမှ ၀မ်းမနည်းနဲ့ သူများဆီက အလကား တောင်းစားတာ မဟုတ်သလို ကိုယ့်ကိုယ်ပိုင်လုပ်အားနဲ့ ကိုယ့်ပိုက်ဆံကိုယ် ရှာစားတာဖြစ်တယ်ဆိုတာ မမေ့နဲ့

အစ်မတုန်းကဆို အပြင်ရောက်ရောက်ချင်း သတင်းဌာနကြီးတစ်ခုမှာ လုပ်ခဲ့တုန်းကတောင် အသက်က ငယ်တယ် အလုပ်အကိုင် အတွေ့အကြုံမရှိဘူးလို(သူတို့ယူဆတာပေါ့လေ) ထုတ်လုပ်ရေးတာဝန်ခံလို တာဝန်ကြီးကြီး ယူရတော့ ၀ိုင်းပြီး ကျဉ်ကြတယ် အစ်မကို လူလို မဆက်ဆံဘူး အုပ်စုလိုက်ကြီး ကိုယ့်တစ်ယောက်တည်းကို ခွေးလို သဘောထား ဆက်ဆံတာ ကြုံဖူးတယ် နောက် ထမင်းစားတဲ့အခါ ၀ိုင်းပြီး တစ်ခုခုလုပ်ကြတဲ့အခါ ကိုယ့်ကို ရွေးပြီး ကျဉ်တာတွေ ကြုံဖူးတယ် အစ်မလဲ မျက်ရည်ကျဖူးတယ် နောက်ကိုယ့်ကို ကူညီတဲ့ သူတွေအပေါ်မှာလည်း အောက်ခြေသိမ်းကအစပြန်ပြီး ကူညီလုပ်ကိုင်ပေးတော့ အိမ်အလုပ်သမားလိုမျိုး ဆက်ဆံတာမျိုးတောင် ကြုံဖူးတယ် နောက်ပြီး လူဆုံပြီးဆို ငါကူညီပေးထားတဲ့ လူပါဆိုတာ အမြဲ ပါးစပ်အရသာခံတာ ကြုံဖူးတယ် အစ်မကတော့ ဘာပဲဖြစ်ဖြစ် အမြဲ စိတ်ကို အားတင်း ထားတယ်..မှတ်လဲ မှတ်ထားတယ် သူတို့နဲ့ ကင်းကင်းနေနိုင်အောင် ကိုယ့်ဘာသာ ကိုယ့်ဘ၀ကို ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားတယ် မိဘတွေက အဝေးကနေ မေတ္တာနဲ့စောင့်ရှောက်နေမယ်ဆိုတာ ယုံတယ်.
မောင်ဖိုးစိန်ရဲ့ မိဘတွေလဲ မေတ္တာပို့ပေးနေကြမှာပါ မိဘကိုသိတတ်တဲ့ သားသမီးက အမြဲတမ်း ဒုက္ခမရောက်ပါဘူး ငါ့မောင် ကြိုးစားပါ...အားပေးတယ် သိလား ဘယ်တော့မှ အားမလျော့လိုက်နဲ့နော်..

ေ said...

ကိုယ်က သမာအာဇီဝနဲ့ လုပ်စားနေတာ ဘာမှအားမငယ်ပါနဲ့
သာယာဖွယ်နေ့တနေ့ ရှေ့မှာစောင့်နေမှာပါ

နွေးနေခြည် said...

ကိုယ်က သမာအာဇီဝနဲ့ လုပ်စားနေတာ ဘာမှအားမငယ်ပါနဲ့
သာယာဖွယ်နေ့တနေ့ ရှေ့မှာစောင့်နေမှာပါ

Anonymous said...

dude! i feel alot of love between son and his parents, every time i read your post. I believe it's what make you keep going.

http://myanmarblogreader.blogspot.com/

Anonymous said...

စိတ်မပူနဲ့ စိတ်မပူနဲ့ တစ်ချိန်ကျရင် ဒါတွေက ပြုံးချင်စရာ အတွေ့အကြုံတွေတောင် ဖြစ်လာဦးမှာ.. ဟုတ်တယ်မဟုတ်လား... ကိုဖိုးစိန်တစ်ယောက် အစစ အရာရာ အဆင်ပြေပြီး ဖြစ်ချင်တဲ့ ဆန္ဒတွေမြန်မြန်ဖြစ်ပါစေနော်.... တကယ်စိတ်ပါလက်ပါ ဆုတောင်းပေးတာပါ... မန့်မရလို့ အမည်မသိနဲ့ပဲ မန့်သွားရတယ်... ရှောတီးနော်...

နေ့အိပ်မက်

သက်ပိုင်သူ said...

ကိုကိုစိန်
ကြိုးစားနော်
တစ်နေ့ ကိုယ်မျှော်မှန်းတာတွေ ဖြစ်လာမှာပါ.
ကွှန်တော်လည်း အတော့်လေး ရုံးကန်ခဲ့ရတယ်..

JuneOne said...

အားမငယ်ပါနဲ့။တို့လဲဒီရောက်ရောက်ချင်းတုန်းက ကျောင်းတက်ရင်းစာပွဲထိုးလုပ်တာ။တစ်နေ့ကို ၁၀နာရီနီးပါးမတ်တပ်ရပ်၊အလေးကြီးတွေသယ်၊သူများစားပြီးသားတွေသိမ်း။
မြန်မာပြည်မှတြုန်းက ဒီအလုပ်မျိုးအိမ်မက်တောင်မမက်ခဲ့။အခုကျောင်းပြီးလို့ အလုပ်ကြီးဝင်ရတော့ အဲဒိအလုပ်ကိုမုန်းလွန်းလို့လှည့်တောင်မကြည့်ချင်ဘူး။အဲဒီမှာ ကျောင်းပြီးရင်အလုပ်လွယ်လားဟင်။

reenoemann said...

ကောင်းပါတယ် ခံစားချက်တစ်ခုကို ရင်ဖွင့်ပြတာ
လိုအပ်ချက်တစ်ခုပါ။
အမှားလုပ်တဲ့ လူဟာ ကိုယ့်အမှားကိုယ်သိရင်
ပြင်ဖို့ လွယ်သလိုပဲ အခုလို ကိုယ့် ဘဝ အခြေ
အနေကို ကိုယ်ကိုတိုင် ခံစားသိရှိတော့
အနာဂတ် မျိုးဆက်သစ်တွေကို ဘဝရဲ့ တကယ်အဖြစ်တွေကို ပေးနိုင်တာပေါ့။
မျက်ရည် မကျနဲ့ လို့တော့ ကျနော် မအားပေးချင်ဘူးဗျ။
တစ်ခါတစ်ခါ မျက်ရည်ဟာ ကျနော်တို့ အတွက် အား ဖြစ်တယ်။
လူတွေက ပြောတယ် ဝမ်းနည်းလို့ ကျတာတဲ့၊
ဝမ်းသာရင်ကော မကျဘူးလား။ ဘယ်လိုနည်းကျကျ ကျတဲ့မျက်ရည်ထဲက အားကို
ယူတက်ရင် ရှေ့လျှောက်ရမဲ့ လမ်းမှာ ခံနိုင်ရည်ရှိမယ်။ ဝမ်းနည်းလို့ ငိုကြွေးနေရပင်မဲ့လည်း ကိုယ်ဘာလုပ်သင့်တယ် ဆိုတာကို ဝေဖန်သုံးသပ်နိုင်လိမ့်မယ်ဗျာ။

ဘာဖြစ်ဖြစ် အားမငယ် နဲ့ သယ်ရင်း ဖိုးချစ် (ဖိုးစိန်)

ခင်မင်လျှက်
ရီနို

ကိုလူထွေး said...

စိုင်းထီးစိုင်ရဲ့ မန္တလေးရောက်ရှမ်းတစ်ယောက် ပါနားထောင်လိုက်ရင် ပိုပြီး ပြည့်စုံသွားမယ်...

ကိုယ်ချင်းစာပါတယ် ကိုယ့်လူရာ...
ကိုယ်တို့ တုန်းကလဲ ဒီလိုပါပဲ... အားပေးမယ့်သူထက် နှိမ်ချင်တဲ့သူက အများသားလား...

ဒါအခိုက်အတန့် ပါလို့ စိတ်ထဲမှာ သိထားရင်တော့ လုပ်ပျော်ပါတယ် ငါ့လူရာ...

ဒါ ဝမ်းနည်းစရာမဟုတ်ပါဘူး...

ကိုလူထွေး ငှက်ပျောသီးကျွေးမယ်.. အင့်.. အင့်... တိတ်တော့.. တိတ်တော့...

ကောင်းကင်ပြာ said...

အားမငယ်ပါနဲ့ မောင်လေးရေ၊ နေရိပ်လိုချင်ရင် နေပူက စောင့်ရတယ် ဆိုတဲ့ စကားရှိပါတယ်၊ သူများနိုင်ငံ ရောက်နေသူ အများစုမှာ ဒီလို အနှိမ်ခံရတဲ့ ဇာတ်လမ်လေးတွေ ရှိမှာပါ၊ အားတင်းထားပါ မောင်လေးရေ

မီးမီးချစ် said...

စိတ်မညစ်ပါနဲ့ နိုင်ငံခြားရောက်တဲ့လူတိုင်း အနဲ နဲ့ အများတော့ အနှိမ်ခံရ တာပါပဲ..ပန်းတိုင်ရောက်အောင်ကြိုးစားနော်။

thondrae said...

ချစ်သောညီလေး ရှေ့ ကညီကိုမောင်နှမတွေပြောသွား တာတွေတော်တော်ပြည့် စုံသွားပြီ မင်းလေးကိုပြောရမဲ့ အားပေးစကားလုံးတွေတောင် ရှာ၇တာခက်သွားတယ် မင်းပေါ်မှာရှိထားတဲ့ မေတ္တာစိတ်ကြောင့်  နဲနဲဖြည့် စွက်ပြောချင်သေးတယ် မင်းလေးရဲ့ခံစားချက်တွေလုပ်ရပ်တွေ အားလုံးမှန်တယ် ညီကိုမောင်နှမတွေကလည်း သူတို့ ဘ၀နဲ့ ရင်းနှီးပြီးရခဲ့ တဲ့ အတွေကြုံတွေမျှဝေခံစား အားပေးနေကြတယ် ဒီတော့  ရိုး၂သား၂ကြိုး၂စား၂နဲ့  ဘ၀ကိုရင်ဆိုင်နေတဲ့ မင်းလေးကိုအကိုဂုဏ်ယူမဆုံးဖြစ် တယ်[စိန်ဆိုတာသွေးနိုင်လွန်းမှအရောင်ထွက်တာ]သိတယ်မဟုတ်လားဒို့တွေအားလုံးဟာခိုးစားတွဲသူတွေ မဟုတ်ဘူးဘာမှအားငယ်စရာမရှိဒါတွေကဘ ၀မှာသင်ယူ စရာတွေပေါ့  သင်ယူခွင့် ရတာကိုကျေကျေနပ်နပ်ခံယူ လိုက်ပါ ဘာမှအားမငယ်နဲ့  ချစ်ခင်မှုများစွာနဲံ့ thondraeံ

Mogok Thar said...

ညီလေးရေ...ဘ၀မှာ မုန်တိုင်းထန်ချိန်ကို ကြုံနေရတဲ့ ဘ၀တူတွေချင်းမို့ ကိုယ်ချင်းစာပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်ကျ တွေဝေ မနေဘူးဆိုတာတော့ ကိုယ်ယုံတယ်။ ဆက်ပြီး ကြိုးစားနေပါကွာ။ ကိုယ်လဲ အကြော်ရောင်း ပိုက်ဆံစုပြီး ကျောင်းတက်လာရတာပါ။ သမာအာဇီဝအလုပ်ဆိုတာ ဘာမှ အားငယ်၊ သိမ်ငယ်စရာမလိုပါဘူးဗျာ။

Anonymous said...

၂၆ လောက်က လိုက်ရတော့မှာပဲ
ဒါပေမယ့် ရှိုက်သံကိုတော့ ရင်ဘတ်နဲ့နားထောင်သွားတယ်
မနော်

M said...

ယောင်္ကျားလေး မျက်ရည်ကျတာ ရှက်စရာ မဟုတ်ပါဘူး၊ အစတော့ အားလုံးရုန်းကန်ရတာပါပဲ၊ နောက်တော့လဲ ကိုယ်က ငုံ့ကြည့်နိုင်တဲ့ အချိန်ရောက်မှာပေါ့၊ အဲ့ဒီကျရင်သာ စိတ်တွေ မပြောင်းသွားဖို့ လိုတာပါ၊ အခုလိုပဲ အမြဲ စာနာတတ်သူ ဖြစ်ပါစေ

Dream said...

:'(
:( ဟင့်

အလှတရား said...

မင်းခိုက်စိုးစန်ဝတ္ထုထဲကလားမသိဘူး
စာသားလေးတစ်ခုရယ်ပါ

"..တကယ်တော့အရာအားလုံးသည်ဘာမှမဟုတ်ကြပါ."

မငုံ said...

ကိုဖိုးစိန်..FIGHTING !
အားမလျော့နဲ့။

အိုက်ခီလောက် said...

အယ်ဒို့ ယောက်ဖနှစ်ယောက်ကဘဝတူနေပါလား
ချဗျာ အကို လက်အကောင်းကြီး ခြေအကောင်းကြီးပဲ
ထိုင်ခုံမှာ ထိုင်ပြီး မလိမ့်တစ်ပတ်ထက်စာရင် ညီတို့ စားရတဲ့ ထမင်းက သူ့ တို့ စားရတာထက်ပိုမြိန်ပါတယ်
ဘာလို့ လည်းဆိုတော့ ညီတို့ က မောမောပန်းပန်းနဲ့ စားရတာလေ ဒီတော့ ထမင်းဘာနဲ့ စားစား မြိန်ပြီးသား
သူ့ တို့ ခမျာ ထိုင်ခုံမှာအခန့် သားထိုင်ပြီးဂျေးများနေတာမပြီးတော့ဘူး
နေပျော်ပါတယ်ဗျာ ညီလည်းအကိုနဲ့ တွေ့ ပြီး အားတက်လာတယ် ဘဝကို ပျော်ပျော်နေတတ်လာတယ်
ကဲ ဒို့ ယောက်ဖ နှစ်ယောက် အတူတူထမင်းစားမယ်
ပြီးရင်လုပ်စရာရှိတာလုပ်ကျမယ် သောက်စရာရှိ၇င်တော့ ဖွက်မထားရဘူးနော် ကြိုပြောတာ ဒါဆိုညီလည်းအမြည်းလေးတွေ ချပေးမယ် ဂီတာလေးတီးပြီး ခံစားချက်တွေကိုဖွင့်ထုတ်မလား အားရပါးရ အော်ဆိုမလား ကြိုက်တာလုပ်ဗျာ အနားမှာ ညီတစ်ယောက်လုံးရှိတယ် အုတ်ခဲကိုင်ပြီးလေ ဆူရဲတဲ့လူဆူပါစေ ဖင်ခုထိုင်ဖို့ ပါ အုတ်ခဲက

စိတ်စမ်းရေ said...

ခံစားချက်ခြင်း ကော ဘဝချင်းပါ အတော်ကို
တိုက်တိုက်ဆိုင်ဆိုင်ပါ...။ အားမငယ်တမ်းဆက်လျောက်ကြတာပေါ့...

မေတ္တာရောင်ပြန် said...

မောင်လေးရေ ဘ၀ကို အရှုံးမပေး ရုန်းကန်နေရတာကိုက ဂုဏ်ယူစရာပါ။ မောင်လေး မျှော်မှန်းတဲ့ ဘ၀ကို အမြန်ဆုံးရောက်ပါစေနော်။

ချစ်ခင်စွာဖြင့်
မကြီး

တလနွန် said...

ကိုဖိုးစိန်
အားမငယ်ပါနဲ့ ဗျာ...ကျွန်တော်တို့ 
ပန်းတိုင်ကိုရောက်ဖို့  လျှောက်နေတဲ့လမ်းမှာ တစ်ခါတစ်လေ လေပြင်းပြင်းတွေတိုက်ချင်တိုက်မယ်
နေပူပူမှာလည်း ချွေးစက်တွေကျချင် ကျမယ်
ဒီလိုအတားအဆီးတွေ ဖြတ်လို့ ပြီးရင် ကျွန်တော်တို့ ရဲ့
မနက်ဖြန်ဟာ လုံးဝအကျည်းတန်မသွားဘူးဆိုတာ စိတ်ချ.. မိဘရဲ့ အရိပ်လိုတော့ ဘယ်အရပ်မှာမှ မချိုမြိန်လေတော့ ခါးသီးမှုတွေ ကြုံတွေ့ မိမှာပဲ...
ခံစားချက်တစ်ချို့ ထပ်တူကျမိပါတယ် ကိုဖိုးစိန်
အိုက်ခီလောက်ပြောသလိုပဲ ဂစ်တာတီးပြီး ဝိုင်းဝိုင်းသီချင်း “ဖြေသိမ့်လိုက်” ဆိုလိုက်ကြရအောင်....

ခင်မင်ခြင်းနှင့်
တလနွန်

avocado said...

Bro ဖိုးစိန် ဘယ်လိုအားပေးရမှန်းကိုမသိတော့ဘူး .. အပေါ်က အကိုအမတွေအားလုံး အားပေးပြီးသားဆိုတော့.. avocado ပြောစရာရှိတော့ဘူး ... အားတင်းထား.. ဆက်လက်ကြိုးစားပါ

မိုးခါး said...

အားမငယ်ပါနဲ့ကိုဖိုးစိန်ရယ်
အကို့ရှိုက်သံတွေက အကုန်လုံးကိုကူးစက်စေပါတယ် ..
အဆင်ပြေပျော်ရွှင်ဖို့ ဆုတောင်းပေးပါတယ် ..
တချိန်ကျတော့လည်း ဟာသတွေဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ..
အားတင်းထားဗျို့ :D

Craton said...

ခရီးများဆုံးထိလျှောက်...း)

နေဒေးသစ် said...

" မင်းဒီအလုပ်တွေမှာ ပျော်နေပြီးလား.. ငါတို့လို တိုးတက်ဖို့ မကြိုးစားဖူးလားတဲ့ " .... ဆိုတဲ့ စကားကိုတွေ့တော့ ကျွန်တော်လည်း ကိုဖိုးစိန်ကို တစ်ခုခုလောက်တော့ အကြံပြုခဲ့ချင်တယ် ... ကိုဖိုးစိန် လုပ်နေတဲ့ အလုပ်တွေကို ကျွန်တော် မလေးစားလို့ ဒီစကားပြောတာ မဟုတ်ဘူးနော် .. တကယ်ကို ညီအစ်ကို တစ်ယောက်လို ခင်မင်လို့ပါ ... ကိုဖိုးစိန် အခု ငယ်တုန်းရွယ်တုန်း မို့လို့သာ ဒီလို အမြင့်တက်၊ မြက်ရှင်း ဆိုတဲ့ အလုပ်မျိုးကို လုပ်နိုင်တာ .. တဖြည်းဖြည်းအသက် အရွယ်ရလာတဲ့ အချိန်အခါကျရင် ကိုဖိုးစိန် ဒီလိုအလုပ်မျိုး လုပ်နိုင်တော့မှာ မဟုတ်ဘူးလေ ... အဲ့ဒီ့ အချိန်ကျရင် ကိုဖိုးစိန် ဘာလုပ်မလဲ ... နောက်ပြီး မိသားစုဘဝဆိုတာမျိုးတွေ ကိုဖိုးစိန်ရလာဦးမယ် ... သူတို့တွေအတွက် ကိုဖိုးစိန်ကြိုးစားပေးရဦးမယ် .. အဲ့အချိန်ကျရင် ကိုဖိုးစိန်ရဲ့ မိဘတွေလည်း ခုထက်ပိုပြီး အိုမင်းမစွမ်းဖြစ်ပြီ .. သူတို့ကိုလည်း ကိုဖိုးစိန် ကြည့်ရမယ် .. အနာဂတ်မှာ ကိုဖိုးစိန်ကို လူမပင်ပန်းစေပဲ စီမံခန့်ခွဲနေနိုင်တဲ့ နေရာတစ်ခုမှာ မိဘကို ပြုစုလုပ်ကျွေးနေနိုင်တဲ့ မိသားစုဘဝတစ်ခုနဲ့ မြင်ချင်တယ်ဗျာ ... လတ်တလော ပင်ပန်းခံနိုင်တဲ့ အချိန်မှာ လတ်တလောကာလပြည့်စုံဖို့အတွက်ရော၊ အနာဂတ်ကာလ တောင့်တင်းဖို့အတွက်ရော ( ၂ ) ဆပေါင်းပြီး ကြိုးစားစေချင်ပါတယ် .. အခုလုပ်နေတဲ့ အလုပ်တွေအပြင် ဘဝတစ်ခုလုံးအတွက် အမြဲရပ်တည်မှုပေးနိုင်မယ့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု တစ်ခုကိုလည်း ရစေချင်တယ် ... စွမ်းဆောင်နိုင်တဲ့ အခြေအနေအနေရှိနေတုန်းမှာ ရှိုက်သံတွေအစား အားမာန်တွေနဲ့ အစားထိုးလိုက်ပါ ... ယောကျာင်္းတစ်ယောက်ဆိုပေမယ့် တိုက်ခိုက်မှုတွေကြားမှာ အားတစ်ခါမငယ်ဖူးတဲ့ ယောကျာင်္းဆိုတာ မရှိပါဘူး ... အဲလိုအချိန်တွေကျရင် ကျွန်တော်တို့တွေကို သတိရပါ .. အားပေးမယ့်သူတွေ ၊ ကိုဖိုးစိန်ကို ယုံကြည်နေကြမယ့် သူငယ်ချင်းတွေ ၊ ကူညီချင်ကြတဲ့ မိတ်ဆွေတွေ ... ကိုဖိုးစိန်ရဲ့ အနီးအနားမှာ ၊ ပတ်ဝန်းကျင်မှာ ၊ အွန်လိုင်းပေါ်မှာ ကိုဖိုးစိန်ကို နားလည်ကြတဲ့ သူငယ်ချင်းတွေ မရေမတွက်နိုင်အောင် ရှိနေပါတယ် ... ကိုယ့်အားလျော့ရင် သူအားကိုယူပါ ၊ သူအားလျော့ရင် ကိုယ့်ဆီက အားကို ခွဲပေးလှည့်ပါ .. အခက်အခဲတိုင်းကို ဖြတ်ကျော်နိုင်ပြီး အောင်မြင်မှုတိုင်းကို ဆုပ်ကိုင်နိုင်တဲ့ ဘဝမျိုးနဲ့ ကိုဖိုးစိန် ဆထက်တစ်ပိုး အောင်မြင်ပြည့်စုံနိုင်ပါစေ ...

အိမ် said...

ဒီလိုပေါ့ဗျာ.. ဒါဟာ ကျနော်တို့ မြန်မာတွေရဲ့
ဘ၀အမှန်လို့တောင် ပြောရမလိုပဲ ဗျို့...။
ဒါနဲ့ အဲဒီမှာ အဲလောက်တောင် ဆိုးလား... ဒီမှာ
တော့ အဲလောက်မဆိုးဘူးထင်တာပဲ...။
ကျနော်မသိတာလဲဟုတ်ချင်ဟုတ်မှာပေါ့..။
စာရွက်စာတမ်းမရှိတဲ့သူတောင် ဒီမှာအေးဆေး
ပဲဗျ...။ ရဲတော့ကြည့်ရှောင်ရတာပေါ့နော..။
စိတ်ဓာတ်မကျပါနဲ့လေ... ဒါတွေဟာ ဘ၀အတွက် အားတွေပဲလို့ မှတ်ယူလိုက်ပါ...
ဘ၀နာမှ အောင်မြင်မှုပန်းတိုင်ကို ရောက်မှာဗျ။
ကျနော်ဆိုလဲ ကိုစိန်ကြီးလိုပဲ ဖြတ်သန်းခဲ့ရတာပါပဲ.. ဒါပေမဲ့ ဘယ်တော့မှ
စိတ်ဓာတ်မကျဘူးဗျ..။ ကြိုးစားပါလေ...

သမီးပျို said...

ရှိုက်သံ...ရှိုက်သံလေးရဲ့အစွမ်းကြောင့် အားတွေတက်ခဲ့ရပါတယ် ဒီလိုအခက်အခဲမျိုးတွေကြုံနေရကြတယ်နော်. အဲလောက်ဆိုးမှန်းမသိခဲ့ရပါဘူး အားတင်းထားပါ အကိုရယ် အဆင်ပြေသွားမှာပါ တစ်နေ့ပေါ့ ..အဲဒီတစ်နေ့ရောက်လာတော့မယ် ဟိုး...ရှေ့မှာမြင်နေရပြီ တွေ့လား မရောက်သေးလို့ ရောက်အောင်သွားနော် အကို့ကိုစောင့်နေတယ် ရောက်အောင်သွားလိုက်နော် အကိုပြုံးနိုင်ပါလိမ့်မယ် နော်

သဇင်ဏီ said...

အင်း..ဒီလိုဆိုတော့လဲ တယ်ဟုတ်ပါလားပေါ့.. =)
ဘ၀ဆိုတာ ဘ၀ပါပဲကိုဖိုးစိန်ရယ်..
အဲဒီဘ၀ချင်းအတူတူတွေထဲမှာပဲ အဓိပါယ်ရှိတဲ့ဘ၀ကို ဖန်တီးနိုင်တဲ့သူဟာ လူတော်တစ်ယောက်ပါ...
အားလုံးအဆင်ပြေပါစေ...

ပြာသို said...

ဒီလိုပါပဲ အစ်ကိုရေ့ တခါတလေ ဘေးကြပ်နံကြပ်နဲ့ ဘ၀က နေပျော်စရာဘာလဲလို့တောင်ထင်မိတယ် ဒါပေမယ့် ညီတို့အသက်ဆက်နေသရွေ့တော့ လုပ်နေရအုံးမယ် ကမ္ဘာမြေကကိုယ့်ကိုထမ်းထားတဲ့ တန်ဖိုးကို ကြေအောင်ဆပ်နေတယ်ပဲသဘောထားလိုက်တော့တယ်ဒါပေမယ့်
တစ်ခါခါတော့ ၀မ်းနည်းတယ်ဗျား(

အားတင်းထားအုံး ဘ၀တူတွေ အစ်ကို့ထက် ဆိုးတဲ့သူတွေရှိသေးတယ် ဥပမာ ကျနော်ပေါ့ ။

puluque said...

အစစ အရာရာ အဆင်ပြေပါစေ ဖိုးစိန်ရေ....
တစ်နေ့တော့ အောင်မြင်မှာပါလေ

ရွှေပြည်သူ said...

မောင်လေး ဖိုးစိန်ရေ... အစကနေအဆုံးဖတ်ရင်း ကိုယ့်မောင်ငယ် တစ်ယောက်လို ကိုယ်ချင်းစာမိတော့ ရင်နင့်မိပါတယ်။ တချိန်ထဲမှာပဲ သတ္တိရှိတာတွေ၊ မိဘအပေါ်သိတတ်တာတွေ၊ အလွယ်တကူ လက်မလျော့တတ်တဲ့ စိတ်တွေကို အရမ်းကို လေးစား ချီးကျူးမိပါတယ်။ မိဘအပေါ်မှာ သိတတ် လိမ္မာတဲ့သူတိုင်း အောင်မြင်မှုတွေ ပြည့်စုံမှုတွေ တချိန်မှာ ရစမြဲပါ။ လေးစားပါတယ် မောင်လေးရေ။

Moe Cho Thinn said...

ဖတ်သာ ဖတ်ရတယ်၊ ဘာများ ချွဲပြီး ငိုအုံးမလဲ လို့ တထိတ်ထိတ်ပဲ။ မင်းသားက လုပ်တတ်လွန်းလို့။ သူများက သနားနေ၊ ပြီးရင် သူက ဟီးဟီးဟားဟား၊ မျက်နှာက များချင်သေး။ :)
အားမပေးတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖိုးစိန်က အားပေးစရာ မလိုဘူး။ သည်းခံတတ်တယ်၊ ကြိုးစားတယ်၊ ရိုးရိုးသားသား အလုပ်လုပ်တယ်၊ အလုပ်ဟူသမျှ ဂုဏ်ရှိစွလို့ သဘောထားပြီး နေတတ်တယ်။ မိဘကို လုပ်ကျွေးနေတယ်ဆိုပြန်တော့ စိတ်ပူစရာ မလိုဘူး ထင်လို့ပါပဲ။

mgnge said...

AzaAza Fighting; bro