Monday, 8 June 2009

အဖိုးရယ် အဖွားရယ်

“ဖိုးးးးးးးးးးးးးးးးးးးးး စိန်………….

ထွက်လာစမ်း…”


အဲဒီလို အသံကျယ်ကျယ် စူးရှအက်ကွဲ တဲ့အသံအိမ်ရှေ့မှာ ကြားပြီးဆိုရင် သိလိုက်တော့… ဖိုးစိန်လဲ ကုတင်အောက်တွေ တံခါးကြားတွေ ရောက်နေပြီး… အဖေလဲ ပြုံးနေပြီး… အမေလဲ အဆင်ပြေမယ့် စကားလုံး တွေရွေး နေရပြီး… အဲဒီ အသံပိုင်ရှင်က ငယ်ငယ်လေးကတည်းက ကျနော်တို့ မောင်နှမတွေ ဝမ်းကွဲ အကိုတွေ အမတွေ ဖင်တုန်အောင် ကြောက်ရတဲ့ အဖေ့ရဲ့ အဖေ… အဖိုး နာမည်က ဦးချစ်အောင်… ဒါပေမယ့် ကျနော်တော့ နာမည်ပေးထားတယ်… ဖိုးမုန်းရအောင်…တဲ့


များတော့အားဖြင့် ကျနော်က “ငါးပိအဖိုး”လို့ ခေါ်တယ် (အဖိုးတို့က ငါးပိလုပ် ရောင်းတယ်လေ) ငယ်ငယ်ကဆို အဖိုးရှိရင် အဲဒီအိမ်ကိုကျနော်တို့ မသွားဖူး… အိမ်လာလည်ရင်လည်း ငါးပိနံ့နံလို့ဆိုပြီး နှာခေါင်းပိတ် ထားလေ့ ရှိတယ်… ပြီးတော့ အိမ်မှာ အဖေတို့ အလိုလိုက်လို့ အစွမ်းကုန်ဆိုးတဲ့ ကျနော့်ကို အဖိုးက သူ့လက်ထဲ ဝကွက်အပ် ပြီးဆုံးမစေချင်တယ်… အဖေက လုံးဝ အထိမခံ အရိုက်မခံတော့ အဖိုးက မကျေနပ်ဘူး… ခုလဲ လမ်းမှာ အကိုတွေ စက်ဘီးစီး သင်ပေးနေတာကို အဖိုးလုပ်သူက အော်လို့ အဖိုးအိမ်ကို ခဲနဲ့ပေါက်ပြီး ထွက်ပြေးလာတာ…

တစ်ခါကလဲ အဖိုးလုပ်သူကို လမ်းမှာ “ငါးပိအဖိုး” လို့ခေါ်ပြီး ထွက်ပြေးတော့… အဖိုးက နောက်ကနေ ပြေးလိုက်တယ်… ကျနော့်ကို မိတော့ ရိုက်မယ်အလုပ် အဖိုးလုံချည် ဆွဲချွတ်ပြီး ထွက်ပြေးတာ… အဖိုးကရှက်ရှက်နဲ့ လိုက်ဖမ်းသေးတယ်… မမိဘူး… စိတ်ဆိုး ပြေတဲ့အထိ ရှောင်နေရတယ်… အဖိုးကို မကျေနပ်တိုင်းလဲ သူ့အိမ်ကို မယောင်မလည်သွားပြီး သူကိုယ်တိုင် အခြောက်လှန်းထားတဲ့ ငါးခြောက်တွေကိုခိုး ခွေးကျွေး ပြစ်လေ့ရှိတယ်လေ… အဖေက အမြဲပြောတယ် ငါ့ အဖေနဲ့ ငါ့သားက အရင်ဘဝက ရန်သူတွေ လားမသိဘူးတဲ့…

ကျနော့်အထင် အဖေက ကိုယ်လုံး ကြီးသလောက် စိတ်ထားနူးညံ့တယ်… အဖိုးနဲ့ တခြားစီပဲ ကျနော် အဖိုးကို လုံးဝ မချစ်ဘူး… ချစ်လို့လဲ မရဘူး… အဖွားလုပ်သူ အပေါ်တောင် မညှာတာ… အဖေငယ်ငယ်က အကြောင်းတွေ ပြန်ပြောပြလို့ နားထောင်ရင်း အဖိုးကို လုံးဝ မချစ်တော့တာ… ကျနော်(၉)တန်းတက်တဲ့ နှစ်မှာ အဖိုးဆုံးတယ်… ဒါပေမယ့် အဖိုးဆေးရုံတက်တဲ့ အချိန်မှာ အဖိုးကို ပြုစုပေးခဲ့တယ်… မသေခင် အဖိုးက ဖိုးစိန် မင်းကငါ့ကို ကြည့်မရဘူး ထင်နေတာ ခုတော့ငါ့အနားမှာ… သေပျော်ပါတယ်တဲ့… ဆုံးတော့ အသက်က (၆၇)

အဖိုးရဲ့ မိန်းမ ကျနော့်အဖွား အဖေ့ အချစ်ဆုံးအမေ… နာမည်က ဒေါ်စန်းငွေ… အနေအေးတယ်… စကားနည်းတယ်… အဖေ့ကို အရမ်းချစ်တယ်… ယောက်ျားလုပ်သူ အဖိုးကို ကြောက်ရတယ်… အဖွားမသေခင်ထိ အဖိုးရိုက်တာ ခံရတုန်း… စိတ်မထင်ရင် အဖွားကို အိမ်ပေါ်က မောင်းချတယ်… တွေ့သမျှ ပစ္စည်းနဲ့ ကောက်ပေါက်တယ်… အဖေပြောပြဖူးတယ်… သူတို့တစ်ခါကွဲတော့ သူတို့အိပ်တဲ့ မွေ့ယာကို အဖိုးက တပိုင်းပိုင်းပြီး ယူတယ်... အဖွားအိပ်တဲ့ အပိုင်းကိုတော့ သယ်သွားခိုင်းတယ်ဆိုပဲ… အဲဒီလောက်ထိ အဖိုးလုပ်သူကဆိုးတာ…

အဲဒီအခါကျရင် အဖွားလုပ်သူက မျက်ရည်စမ်းစမ်းနဲ့ အဖေ့ဆီရောက်ရောက် လာတတ်တယ်… သမီးအိမ် တွေတော့ မသွားဖူး… အဖိုးလုပ်သူကို အဖေက ပြန်မပြောပေမယ့် အဖွားအတွက် အဖေစိတ်မကောင်းဘူး… ထမင်းတောင် မစားနိုင်ဘူး… အငယ်ဆုံးသား ဖြစ်တဲ့ အဖေ့ကို အဖွားကတော်တော်ချစ်သလို အဖေ့ရဲ့သားဦး ဖြစ်တဲ့ကျနော့် ကိုလဲချစ်တယ်… အဖွားအမြဲဖျော်တိုက်တဲ့ နွားနို့နဲ့ ဖျော်တဲ့ လက်ဖက်ရည်က အရမ်းကောင်းတယ်… ခုချိန်ထိ သောက်ချင်တုန်း… ဒါပေမယ့် အဖွားကသံယောဇဉ် ကြီးရှာတယ်…

အဖိုးကို မပစ်နိုင်ဘူး… နှစ်ရက်မကြာဘူး အိမ်ပြန်တယ်… ငယ်ငယ်က အလုပ်ကြမ်း လုပ်ရတဲ့ဒဏ်… ယောကျာ်းလုပ်သူ အဖိုးရဲ့ဒဏ်တွေကြောင့်ထင်တယ် အဖွားက အသက်ကြီးတော့ ခါးကုန်းသွားတယ်… ဒါပေမယ့် အမြဲတမ်း အေးချမ်းနေတယ် အဖိုးဘာပြောပြော တစ်ခွန်းမှ ပြန်မပြောဘူး… အဖွားက အဖိုးမဆုံးခင် (၃)လမှာ ဆုံးတယ်… အဖွားဆုံးတော့ အဖေပြောတယ် “(၃)လ လောက် ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်သွားတယ် ဘာလုပ်လုပ် ဘာကိုင်ကိုင် အမေကို သတိရနေတာ… ပြုစုခွင့် ရခဲ့ပေမယ့် အမေမရှိတော့ဘူး ဆိုတဲ့အသိက အရာအားလုံးကို သိမ်းကျုံးယူဆောင်သွား သလိုခံစားရတယ်… ကျနော်တို့ အလှည့်ကျရင် အဲလို ခံစားမှုမျိုးလျှော့အောင် အမေ့ကိုပိုပြီးဂရုစိုက်ပါ”တဲ့လေ…

ကျောင်းဆရာ ဦးမောင်အေး ဆိုရင် ကျုံဒိုးရွာ တစ်ရွာလုံး လူတိုင်းသိတယ် (သူ့ခေတ် သူအခါကပေါ့)… ကျနော်တို့ အဘလို့ ခေါ်တဲ့ အမေ့ရဲ့အဖေ… အဖိုးရဲ့ မိဘတွေက တရုတ်ပြည်က တရုတ်စစ်စစ်တွေ… မြန်မာစကား မတတ်ဘူးတဲ့… အဖိုးကတော့ မြန်မာလိုမွတ်နေတာပဲ… အနေအေးတယ်… အမြဲပြုံးတယ်… အဖိုးဆီက စကားတစ်လုံး ထွက်ဖို့ တော်တော်စောင့်ရတယ်… ဗေဒင်ဝါသနာပါတယ်… သူဟောတိုင်းလဲ မှန်တယ်… ဒုတိယသမီး ဖြစ်တဲ့ အမေနဲ့ အမေ့မောင် အငယ်ဆုံးကို တော်တော်ချစ်တယ်… အဖိုးအချစ်ဆုံးက ကျနော့်ညီမအငယ်ဆုံး… သူ့သမီးအဖြစ် မွေးစားခဲ့တာ… အမေလုပ်သူ ကင်ဆာရောဂါကုဖို့ ရန်ကုန်မှာ ဆေးသွားကုတော့ အိမ်မှာ အဖိုးနဲ့ အဖွားရယ် ကျနော်တို့မောင်နှမရယ်… တခါတလေပြန်လာတဲ့ အဖေရယ်… ဆိုတော့ အနေနီးတယ်… အချို အရမ်းကြိုက်တဲ့ အဖိုးကြောင့် ကျနော် ထမင်းကို သကြားနဲ့ ဒူးရင်းသီး သရက်သီး ငှက်ပျောသီး တို့နဲ့ စားတတ်တဲ့ အကျင့်ရလာတယ်… အဖိုးဆုံးတော့ အသက်က(၈၂)…

နောက်ဆုံးပြောစရာ မကုန်လောက်အောင် အကြောင်းတွေများ တာက ကျနော့်အချစ်ဆုံးအဖွား… အမေ့ရဲ့ အမေ… နာမည်က ဒေါ်စိုးတင်… ကျနော်တို့ မောင်နှမတွေက အမေလို့ပဲခေါ်တယ်… အဖွားက မိသားစုကို ဦးဆောင်တယ် သတ္တိရှိတယ်… ပြောရဲဆိုရဲ ရှိတယ်… စီးပွားရှာတော်တယ်… အသက်ငယ်တုန်းက မိသားစု မှာသြဇာညောင်းတယ်… ရှိတဲ့သားသမီး တွေကို လိုလေးသေး မရှိအမြဲ ဖြည့်ဆည်းပေးတယ်… ဒါပေမယ့် များသောအားဖြင့် ရောဂါသည် အမေ့နားမှာ နေတော့ ကျန်တဲ့သားသမီးတွေက မကျေနပ်ဖူး… အမေ့ကို အဖွားကပြုစုတယ်… ကျနော်တို့ မောင်နှမကို ထိန်းတယ်… အထူးသဖြင့် နို့စို့အရွယ် ကျနော့်ညီမလေးကို ပြုစုရတာဆိုတော့ တခြားသားသမီး တွေဘက်ကို မလှည့်နိုင်ဖြစ်တာပေါ့…

အဖိုးဆုံးတဲ့ အခါကျတော့ အဖွားက အမွေတွေ အကုန်လုံးကို အမေကလွဲလို့  ကျန်တဲ့သားသမီးတွေကို လွှဲပေးတယ်.. အိမ်တစ်လုံးပဲ ကျန်တယ်… အဲဒီအိမ်က ကျနော့်အမေ ဝယ်ထားပေးတဲ့ အိမ်… သားအငယ်ဆုံးနဲ့ နေတာ... ဒီလိုနဲ့ အဖွားက အသက်ကြီးမှ သားအိမ်ကင်ဆာ ဖြစ်တယ်… ကျနော်နဲ့ အမေက ရန်ကုန်ခေါ်လာပြီး အဖွားကို ဆေးကုပေးတယ်… ပြန်လာတော့ အိမ်မှာပဲနေတယ်… သားသမီး လုပ်သူတွေ တစ်ယောက်မှ မလာကြဘူး… အကြောင်းအမျိုးမျိုးပေါ့…

အဖွားလုပ်သူက အမေ့ကို အားနာလို့ တခြားသားသမီး အိမ်လှည့်နေတယ်… သားသမီးတွေက ကျွေးနိုင်ကြပါတယ်… ဒါပေမယ့် အသက်ကြီးလာပြီး ဖြစ်တဲ့ အဖွားက ဂျီးများတယ်.. စကားများတယ်… တချိန်လုံး ညည်းနေတာပဲ… စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ အမေ့ဆီ ပြန်ရောက်လာတယ်… အဖွားလဲ ဘယ်မှ မသွားတော့ဘူး… စိတ်နာသွားပုံလဲ ရတယ်… အဖွားလောက် သားသမီးတွေကို ထောက်ပံ့တာ အဖွားပဲ ရှိတယ်လေ… အခုတော့ သားသမီးတွေက မကြည်ဖြူ ငြိုငြင်ချင်ကြတယ်
ဒီနေရာမှာ အဖေ့ကို ချီးကျူးမိတယ်… အဖွားဆေးကုလို့ ကုန်ကျတာကို တချက်ကလေးမှ မညည်းဘူး… တစ်ခါတစ်လေ အမေလုပ်သူက အဖွားကို စိတ်တိုင်းမကျလို့  ပြောမိရင်တောင် အဖေက မကြိုက်ဘူး… “မသေခင်ပဲကျွေးရ ပြုစုရမှာ… သေမှ နောင်တရနေမယ်… ခုချိန်မှာ မင်းလို ငါ့မိဘကို ငါကျွေးမွေးခွင့် ရချင်တောင် မကျွေးနိုင်တော့ဘူး”တဲ့…

အဖွားဆုံးတဲ့ အချိန်ထိ သူစားချင်တာ သူဖြစ်ချင်တာကို ကျနော်တို့ လုပ်ပေးခဲ့ ရပါသေးတယ်… အဖွားဆုံးတော့ သားသမီးလုပ်သူ တွေက အဖွားရုပ် အလောင်းနားမှာ လာပြီး အမွှေးတိုင်ထွန်းငို… တနေ့ကို အခါတစ်ရာလောက် ကန်တော့ကြတယ်… သေပြီးမှ အမေလုပ်သူကို ကန်တော့တာ… သားသမီးသာ များတယ်… မသိရင် မသေခင်ကတော့ မွေးထားတာ အမေနဲ့ အမေ့မောင် ဦးငယ်နဲ့ပဲ ရှိတယ်လို့ ထင်ရတယ်… သေမှာ သားသမီးတွေက အမေ… အမေ…အမေ ခွဲမသွားပါနဲ့တဲ့… သံဝေဂရစရာပါ…

တကယ်တော့ အသက်ကြီးလာရင် များသောအားဖြင့် အသက်ငယ်သူတွေက အားမရဘူး အလိုမကျတော့ဘူး… စိတ်မရှည်တတ်ကြတော့ဘူးလေ…. သူတို့တွေရဲ့ ဘဝက မီးစာကုန် ဆီခမ်း နေတာကိုလဲသိတော့ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်ကြရတယ်… အဲဒီအခါ သားသမီးတွေကို မှီတွယ်လာ တတ်ကြတယ်လေ… ဒါပေမယ့် သားသမီးတွေ စိတ်မရှည်တာမျိုး ဂရုမစိုက်တာ မျိုးနဲ့တွေ့ရင် ဘဝနိဂုံးကို ဝမ်းနည်းစွာနဲ့ ချုပ်ရတဲ့ အဖိုးအဖွားတွေကို တော်တော်များများ တွေ့ဖူးတယ်လေ…

ကျနော့်မိဘတွေ အလှည့်ကျလဲ ကိုယ်တိုင်က မငြိုငြင်အောင်… မွေးလာမယ့် သားသမီးတွေ မငြိုငြင်အောင် ကြိုးစား ပြုပြင်ထိန်းသိမ်း တတ်ချင်တယ်… ကျနော်လဲ အသက်ကြီးရင် ဒီအဖိုးအဖွားတွေ ထဲက ဘယ်လိုပုံစံ ဖြစ်မလဲလို့ တွေးမိတယ်… အသုံးမဝင်တော့တဲ့ အသက်အရွယ်ထိလဲ အသက်မရှည်ချင်ဘူး... ဖြစ်လာမှာတော့ ကံတရားအတိုင်းပေါ့…(အသက်ရှည်မယ်ဆိုရင်ပေါ့)

တူရီးတော် ကိုကိုနွန်(တလနွန်)ရေ…. ကျေနပ်လိမ့်မယ် လို့မျှော်လင့်ပါတယ်…

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

31 comments:

မ said...

ကံတရားအတိုင်းဆိုပေမယ့် ရှေ့မှာ အတုယူစရာတွေ သင်ခန်းစာရစရာတွေကိုလဲ အသုံးချတတ်ပါစေလို့..

မြူး said...

ကျဲကျဲရေ............
လာဖတ်တယ်နော်
အသုံးချတတ်နော်
သိတယ်မဟုတ်လား
ဒု...ပဲလေဒီတခါရော
အဆင်ပြေပါစေ

ခင်တဲ့ညီမလေး
မြူး

တောင်ပေါ်သား said...

အင်း ဖတ်သွားတယ် အကိုရေ ဆွေမျိုးတွေကို ခံစားသွားတယ် ကျနော်လဲ အဖိုးကို သတိရသွားတယ် အဖိုးက ကျနော်တို့ကို ချစ်တာပါပဲ။ ဒါပေမဲ့ သူရဲ့ အချစ်က ရင်ထဲမှာပဲ ရှိတာ အပြင်ကို ထုတ်ပြလေ့မရှိသလောက်ပဲ ဒါပေမဲ့ ကျနော်ကတော့ ကျနော့်အဖိုးကို အရမ်းချစ်တာ.. သူဆုံးသွားတာလဲ ကြာနေပါပြီ သတိရသွားတယ် ခုတော့ အဖိုးကော၊ အဖွားကော မရှိတဲ့ မြေးလေးပေါ့း)


လေးစားလျက်
တောင်ပေါ်သား

Mogok Thar said...

အဖိုး၊ အဖွား....ဖိုးစိန် = ချစ်စမ်းစိန်

:-)

သက်ပိုင်သူ said...

သူတို့မှာ ရေးစရာ အဖိုးအဖွားတွေက စုံလိုက်တာ.. အနော်ကတော့ အဖိုးအဖွားတွေ သိပ်မမီဘူး.. မေမေ့ အဖေပဲ မှီတယ်... ဒါတောင် သူက ၁၀၂နှစ်ထိ နေသွားလို့...
အဖိုးအဖွားနာမည် ဘယ်သူမှန်းတောင် မမှတ်မိတော့ဘူး

MANORHARY said...

နောက်တစ်ချိန်ဆိုရင်
ဖိုးစိန်လည်း အဲလိုမြေးတွေနဲ့
(အင်း ..တူတွေတူမတွေကမွေးတာပဲနေမှာပါး)း) )
ဒေါင်ချာစိုင်းနေလောက်မယ်နော်း)
အမ တွေက စေတနာနဲ့ အပူမရှာခိုင်းတာ
မတတ်နိုင်ဘူး နားမထောင်ရင်တော့ ရှာပေးစားတော့မယ် ... ရှာကျွေးဖို့ပြင်ထား ..

မေတ္တာရောင်ပြန် said...

ဖိုးးးးးးးးးးးးးးး စိန်............

ဒါကတော့ မကြီးအော်တဲ့ အသံပေါ့နော်။ ဘာလို့ အော်လည်းသိတယ်နော်။ :)

ခင်မင်လျှက်
မကြီး

juneone said...

အင်းးးမကြာခင် ကိုယ့်အလှည့်ရောက်တော့မယ်။တို့ကအဘိုးအဘွားတွေနဲ့ သိပ်မနေရဘူး။
အဘိုးတွေဆိုမှီကိုမမှီလိုက်တာ။တို့မမွေးခင်ဆုံးကြတာ။
တို့လဲ
အိုဇာတာကောင်းချင်ပါတယ်။

တလနွန် said...

့အဖိုးအဖွားတွေနှင့် ကိုဖိုးစိန်
ကိုဖိုးစိန် နှင့် အဖိုးအဖွားတွေ
သဘောတကျဖတ်သွားသလို
“သေမှာ သားသမီးတွေက အမေ… အမေ…အမေ ခွဲမသွားပါနဲ့တဲ့… သံဝေဂရစရာပါ…”
“သားသမီးတွေ စိတ်မရှည်တာမျိုး ဂရုမစိုက်တာ မျိုးနဲ့တွေ့ရင် ဘဝနိဂုံးကို ဝမ်းနည်းစွာနဲ့ ချုပ်ရတဲ့ အဖိုးအဖွားတွေကို တော်တော်များမျာတွေ့ဖူးတယ်လေ…”
ဒီစကားတွေကိုလည်း မှတ်သွားပါတယ်။

ရေးပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ဘကြီးတော် အိုဇာတာမကောင်းမှာမပူနဲ့ ။ တူရီးတော်
တစ်ယောက်လုံးရှိတယ် (ဟဲ ဟဲ)

ခင်မင်ခြင်းများစွာနှင့်
တူရီးတော်

နေဒေးသစ် said...

ဟုတ်တယ် .. ဘာမှမလုပ်နိုင် မကိုင်နိုင် သူများကိုချည်းပဲ အားကိုးနေရမယ့် အသက်အရွယ်အထိတော့ ဘဝမှာ မနေချင်ဘူး ... ကိုယ်တွေ အဖိုးအဘွားတွေလည်း ကိုဖိုးစိန် အဖိုးအဘွားတွေလိုပဲ .. အသက်လည်း ကြီးလာရော သားသမီးတွေသာများတာ တစ်ယောက်ကမှ မပြုစုချင်ကြတော့ဘူး .... ကိုယ်တွေအလှည့်ကျရင်ရော ?? မြန်မာမှု အသိုင်းအဝိုင်းမှာ သားသမီးတိုင်းက မိဘတိုင်းကို ပြုစုလုပ်ကျွေးချင်ကြသူချည်းပါပဲ .. ဒါပေမယ့် အိမ်ထောင်ရက်သား ကျသွားတဲ့နောက်မှာ အိမ်ထောင်ရေး အခက်အခဲ၊ စီးပွားရေး အကျပ်အတည်းတွေကြောင့် မိဘကို ဂရုစိုက်ချင်ကြပေမယ့် အနဲနဲ့ အများ လှစ်လျူရှုသလို ဖြစ်သွားကြရတာပါ ... ငြိုငြင်တယ်ရယ်လို့လည်း မဟုတ်လောက်ပါဘူး ... ကိုယ့်ဘဝရပ်တည်မှုကို ကိုယ့်ဘာသာ ကျိုးစားရုန်းကန်နေရတဲ့ ကာလမှာ သက်ကြီးရွယ်အိုတစ်ယောက်ကို တာဝန်ယူထားရတာဆိုတော့ အဲဒီလူရဲ့ မြည်တွန်တောက်တီးမှုက သားသမီးတွေအတွက် စိတ်ညစ်ညူးစရာ ပိုဖြစ်နိုင်တယ်လေ .. အဲအချိန်ကျရင် မိဘမှန်းသိပေမယ့် အနဲနဲ့အများ ငြိုငြင်ကြတော့တာပေါ့ ... ကိုယ်တွေရဲ့ မိဘတွေ အိုမင်းမစွမ်းဖြစ်ပြီဆိုရင်တော့ သူတို့ကို ကိုယ်က ငြိုငြင်တဲ့ စကားမျိုး မထွက်ဖြစ်အောင် ကိုယ်တွေ စီးပွားရေးကောင်းအောင် လုပ်ရမယ် ... ကိုယ်တွေမိဘနေရာ ရောက်ရင်တော့ ကိုယ့်သားသမီးတွေ မငြိုငြင်ရအောင် မြည်တွန်တောက်တီးတတ်မယ့် အကျင့်စရိုက်မျိုးကို ရှောင်ရမယ် .. ပို့စ်ကို ဖတ်ရင်း စဉ်းစာမိတာလေးတွေပါ ...
နေဒေးသစ်။

kiki said...

ဖိုးးးးးးးးးးးးးးးး စိန်.....
ပြန် လာ စမ်းးးးး
ဘယ်မလဲ .....
လုပ်ခိုင်းထားတာ မလုပ်ဘူး
ရွာရိုးကိုးပေါက် လျှောက်လည်နေတယ် ။။

ဇော် said...

ကိုဂျီးစိန်တော့ ကြွေးတစ်ခု ကျေသွားပြန်ပြီပေါ့နော်။
ကျနော်တော့ ကျေသေးဘူး။ ဒါပေမယ့် တူများကိုတော့ အချွန်နဲ့ မတက်တယ်။ အဟီးဟီး။
ကိုဂျီးကို တက်ဂ်ထားတယ်။ ဂျစ်လွန်းလို့ ခွိခွိ။
ကောင်းတယ်လို့ မပြောတော့ဘူးနော်။ ရေးထားတာ ကောင်းလွန်းလို့ အဖိုးအဖွားကို သတိရပြီး မျက်ရည်ဝိုင်းသွားတာ ကိုဂျီးကြောင့်။ အဲ့ဒါကြောင့် ပြောတော့ဖူး။ သက်ချင်သက်။ ငွင်းငွင်း။ ခွိ ။

ဂျပန်ကောင်လေး said...

ကောင်းလိုက်တာ ကိုဖိုးစိန်..အစ်ကို့အကြောင်းလေးတွေကို မပျင်းမရိပဲနဲ့ တခါတည်း ဆွဲခေါ်သွားနိုင်အောင် အရေးအသားအရမ်းကောင်းတာပဲ.. ချီးကျူးတယ်အစ်ကိုရာ .. တခုပဲ.. ပေါတာလည်း မနိုင်ဘူးနော်.. ဟားဟား....

နွေးနွေးသဲမွန် said...

အဖိုးရယ် အဖွားရယ် Future အဖိုးလေးရယ်... အကြောင်း လာဖတ်သွားပါတယ်... :-)

WWKM said...

တက်ဂ်ပို့စ်လို့ မထင်ဘူး ဖတ်လို့ကောင်းနေတာ.
အင်းးး ဘာလိုလိုနဲ့ နောင်လာမယ့်အနှစ် ၂၀ဆိုရင် တို့
လည်းအသက်ရှင်သေးရင် ဖွားဖွားဝါဖြစ်တော့မှာပဲ..း(

အစ်မငယ်ငယ်ကတော့ မေမေဘက်က ဖိုးဖိုးနဲ့ဖွားဖွား
ကိုအရမ်းချစ်ခဲ့တယ်.. အသက် ၈၂ နှစ်မှာဆုံးကြတယ်.အခုအထိအိပ်မက် မက်နေဆဲပဲ... ဘိုးဘိုးက အရပ်အ
ရှည်ကြီးနဲ့ ရူပါဖြောင့်ဖြောင့်..အသက် ၈၂ နှစ်အထိ စ
တိုင်အပြည့်ပဲနေခဲ့တာလေ... ဖွားဖွားကို အရမ်းချစ်ခဲ့
တယ်..သေတဲ့အထိပဲ.. အစ်မက အဲဒီဖိုးဖိုး နဲ့ဖွားဖွား ၂
ယောက်ကို အရမ်းချစ်ခဲ့တယ်..

ဖေဖေဘက်က ဖွားဖွားပဲသိလိုက်တယ်.. အသက် ၈၁နှစ်မှာ ဆုံးသွားတယ်.. အဲ့ဖွားဖွားကို မချစ်ဖူး။
မချစ်ဖူးဆိုတာကလည်း မြေးတွေချစ်အောင်မနေတတ်
တာလဲ ပါတာပေါ့လေ... ကိုယ်အသက်ကြီးရင် မြေးတွေ
ချစ်အောင်နေတတ်အောင် ကြိုးစားဦးမှ.း)

မီးမီးချစ် said...

ကြီးလာရင် ဘယ်သူ့ မှ အားမကိုးချင်ဘူး ...ခုထဲက အိုစာမင်းစာ ပါရှာထားမှ..တော်ကာကျမယ်နော်။

ကဗျာမလေး said...

အများနဲ့မတူ တမူထူးခြားတဲ့ တင်ဆက်မှုလေးကို အားပေးသွားပါတယ်...။
ဆက်လက်အားပေးပါဦးမည်။

Dream said...

မက်မက်မှာတာ့ အဖိုးလဲ မရှိဘူး အဖွားလဲ မရှိဘူး...
မြင်တောင်မမြင်ဘူးလိုက်ဘူး။ တစ်ခါတစ်ခါ မှာတော့
သူများတွေလို အဖိုးရေ အဖွားရေ လို့ခေါ်ချင်လိုက်တာ.... :(

သုဒြေ္န said...

နောက်ကျသွားပြန်ပြီ အကိုတို့ များတော့  အသက်၁၀၃နှစ်အဘိုးနဲ့ ၉၈နှစ်အဖွားရှိခဲ့ ဘူးတယ်

ဂျူနို said...

လူမူ့ ဘ၀ လုံခြုံတဲ့ လူနေမှု စနစ်ရှိနေမယ်ဆိုရင်



မအယ်

ဆုံနိုင်ခွင့်......နေ့ရက်လေး said...

ကိုဖိုးစိန်
မနက်က အလုပ်ရှုပ်နေတာ နဲ့ သေချာ မဖတ် လိုက်ရဘူး ....ကိုဖိုးစိန် အဖိုးအကြောင်း ဖတ်ပြီးတော့ မေလေးကို သိပ်ချစ်ရှာတဲ့ မေလေးအန်းကုန်းကို သတိရမိတယ်..ခုတော့ မရှိရှာတော့ဘူး ....မေလေးကျေးဇူးတောင် မဆပ်လိုက်ရပါဘူး...
ကိုဖိုးစိန်ရေ
မေလေးစရေးထဲက လာအားပေးတဲ့ အတွက် ကျေးဇူး ပါနော်...ကိုဖိုးစိန်တို့လိုသူငယ်ချင်းတွေရဲ့ အားပေးမှုနဲ့ မေလေးဆက်လျှောက်နေတာပါ
ခင်တဲ့
မေလေး

ဝသန်မိုး said...

အဖိုးစိန်
ဖိုးဖိုးစိန်
ဖိုးဖိုးဖိုးစိန်
နောက်ြ့ပီးဘယ်လိုထပ်ခေါ်ရင်ကောင်းမလည်း
း)
ပန်ပန် ပြောသလို ပဲ
အစအဆုံး ပါအောင် ဆွဲခေါ်နိုင်တယ်
ချီးကျွေးတယ်ဗျာ အဲလေ ချီးကျူးတယ်ဗျာ
ခင်မင်စွာဖြင့်
ဝသန်

ဖိုးသင်္ကြန် said...

ကျွန်တော်လည်း အဖိုးအဖွားတွေကို မမီလိုက်ပါဘူး။ ဒါပေမယ့် မိဘတွေပြန်ပြောပြတဲ့ သူတို့အကြောင်းတွေကတော့ ငယ်ငယ်ကအိပ်ရာဝင်ပုံပြင်တွေ ဖြစ်ခဲ့တာပေါ့လေ။
ကျွန်တော်အသက်ကြီးရင်တော့ဒုက္ခ၊ မိန်းမမရဖို့ ၁၀၀%သေချာနေပြီဆိုတော့ သားတွေမြေးတွေနဲ့ သိုက်သိုက်ဝန်းဝန်း နေရဖို့ ဝေလာဝေးပေါ့ဗျာ။
အင်း...ညီမတွေပဲ ယောကျာ်းမြန်မြန်ပေးစားမှပါပါပဲလေ။

မြစ်ကျိုးအင်း said...

ကျွန်တော်တော့ အသက်ကြီးလာရင် အထုပ်ကြီးကြီး
တထုပ် လုပ်ထားရမယ် ဘယ်သွားသွား အဲဒီအထုပ် သိမ်းထားတဲ့ သေတ္တာသော့ကို တကိုင် ကိုင် လုပ်ပြီး ပြနေရမယ်...။သားသမီးတွေ မြေးတွေက ဘာအထုပ်လဲကြည့်ချင်ပါတယ် ဆိုတောင် မပြဘဲထားမယ်...။ဒါမှ အထုပ်မျက်နာနဲ့ ပြုစုကြမှာလေ
ကျွန်တော်သေမှ အထုပ်ဖြေကြည့်လို့ သတင်းစာ စက္ကူ တွေ ဖြစ်နေရင် လည်း သူတို့ ဆဲချင်ဆဲ ပလေ့စေပေါ့
....ခင်မင်သောအားဖြင့်.....

မငုံ said...

ဒါကြောင့် ပြောတာပေါ့။ အဘိုးအဘွားကို ပိုဂရုစိုက်ကြပါလို့:)) အင်းနော်..ငါတော့ အသက်ကြီးလာတဲ့တနေ့ မြေးတွေ မငြိုငြင်တဲ့ အဘွားဖြစ်ရရင် ကောင်းမှာပဲလို့ တွေးမိတယ်ဟ။

နေညိုရင့် said...

အမှန်ပဲ ကိုဖိုးစိန်ရေ..။ မိဘတွေ အသက်ရှင်တုန်းမှာ ကျွန်တော်တို့ သားသမီးတွေ ဂရုစိုက်ရမယ့် တာဝန် အရမ်းအရေးကြီးပါတယ်။ ဗဟုသုတပါ ရတယ်ဗျာ..။ ဆုံးသွားတဲ့ အဖိုးနဲ့  အသက် ၉၄ နှစ်ရှိနေပြီ ဖြစ်တဲ့ ကျွန်တော့် အဘွားကို သတိရသွားတယ်ဗျာ..။ ဒီတခါပြန်ရင် သေချာပြုစုဦးမယ်ဗျာ...။

အိုက်ခီလောက် said...

အီး အကိုေ၇ ညီလေးတော့ အဘိုးတွေ မသိဖူးဗျ
အဘွားနဲ့ပဲနေ၇တော့အစ်ကိုတို့ လို ဘဝလေးနေချင်တယ်
အဘွားဆိုလို့ အမေ့ဖက်က တစ်ဦးတည်းသောအဖွားပဲရှိတယ်
ညီကအငယ်ဆုံးဆိုတော့ ညီကိုမစောင့်ပဲထွက်သွားကြတယ်ထင်တယ်နော်
အကြီးဖြစ်ချင်တယ် ဗျာ ဒါမှ အစ်ကိုတို့ လို အဖိုးတွေ အဖွားတွေ ချစ်တာခံချင်တာ

ကိုလူထွေး said...

ထိပ်ဆုံးကရမလားဆိုပြီး ပြေးလာတာ အရှေ့မှာ ၂၆ ယောက်တောင်ရှိသွားပြီ...

ဟူးးးးးးးးးးး
မောတာပဲ အဖတ်တင်တယ်...

ဖိုးစိန်...နောက်ဆိုရင် ကိုလူထွေးအတွက် နေရာဦးပေးထားဘာ... ဒါပဲ...

မဟုတ်ရင်တော့ ဖိုးဖိုးချစ်ရအောင်ကြီးကို ဆုံးမခိုင်းလိုက်မယ်...

ဘာမှတ်သလဲ

းဝ)

အိမ် said...

ကိုဖိုးစိန်ရေ ဖတ်ပြိး ခံစားရပါတယ်ဗျာ...။
ကြားဖူးတဲ့ စကားတခုလိုပေါ့ စုန်ရေသာရှိတယ် ဆန်ရေ မရှိဘူးတဲ့...။ ဘာပဲဖြစ်ဖြစ်ပါလေ ဖြစ်ပြီင်္းသမျှကို သင်ခန်းစာယူပြီး ကိုယ့်အလှည့်နဲ့ ကိုယ့်သားသမီးတွေ အလှည့်မှာ ဒါမျိုးတွေ မဖြစ်ရအောင် ကြိုးစားကြစို့ဗျာ...။

Phyo Evergreen said...

ဦးဦးဖွတ်ချိန်..အဲဒီအချိန် အသက်တော်တော်ကြီးနေပြီဘဲ..။

Bino said...

အသုံးမဝင်တော့တဲ့ အသက်အရွယ်ထိလဲ အသက်မရှည်ချင်ဘူး...

No... NoHooooo..
Most of beings love their life until die.

Only Very few peoples like to die by abnormal way.
Bino