ပြန်လည် ခံစားမိသော နောင်လာမည့် နှစ် (၂၀)
အခုတစ်လော ကျနော်ချစ်ခင်တဲ့ အကိုတွေ အမတွေ ညီတွေ ညီမအိမ်တွေမှာ အသစ်တင်လို့ နက်မကောင်းတဲ့ ကြားက သွားလည်တော့ မကြီးမိုးချိုသင်းရဲ့ နောင်လာမည့် အနှစ်နှစ်ဆယ် တက်ဂ်ပိုစ့် လေးကိုပြန်တင်တာကို ပြန်ဖတ်ရတယ်… ဒီပိုစ့်လေးက မကြီးမိုးချိုသင်း ရေးကတည်းက သွားဖတ်ပြီးပြီး…
ပထမတစ်ခေါက် ဖတ်ပြီးကတည်း စဉ်းစားမိသွားတာ တစ်ခုရှိတယ်… ကိုယ်တိုင်က မိသားစု အဆင်ပြေဖို့ မိဘတွေ အဆင်ပြေဖို့ ကြိုးစားရုန်းကန် နေရတယ်ဆိုတော့ မိဘနဲ့ ပိုက်ဆံက လွဲပြီး ဘာကိုမှအာရုံ မထားမိဘူးလေ… ခုမကြီးချိုသင်းရဲ့ ပိုစ့်လေးကို ဖတ်လိုက်တော့ တုန်လှုပ်သွားတာလား.. ကြောက်သွားတာလားတော့ မပြောတတ်… ရေးထားတဲ့ စာပိုစ်နှစ်ခုထဲက တစ်ခု ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးနဲ့အတူ အကိုကြီးတစ်ယောက် ကိုသတိရသွားတယ်…
၂၀၀၄- ခုနှစ် လောက်တုန်းက ပါ… ကျနော် အင်္ဂလန်ဗီဇာ ဖြေတာကျပြီး စိတ်ဓာတ်ကျနေတဲ့ အချိန်လောက်ကပေါ့… သူငယ်ချင်း တစ်ယောက်က မင်းဒီလို ဖြစ်နေမယ့် အတူတူ သံတမန်ရေးရာ သင်တန်း တက်ပါ… လျှောက်လွှာတင်ထားပါ… လျှောက်လွှာ အလှည့်ကျ ခေါ်တဲ့အထဲပါရင် တက်ပေါ့တဲ့… ဘာပဲဖြစ်ဖြစ် ဗဟုသုတ ရတယ်ပေါ့လေ… ကျနော်လဲ လျှောက်လွှာ သွားတင်တာပေါ့… အဲဒီမှာ အကိုကြီးတစ်ယောက်နဲ့ ဆုံတယ်… သူနဲ့ကျနော်က လျှောက်လွှာ တင်တုန်းက တူတူ… ကျနော်က နှုတ်ချိုသူဆိုတော့ ခဏလေးမှာပဲ သူငယ်ချင်း အကိုဖြစ်သွားတယ်…
တနေ့ အပြင်မှာ ဆုံကျတော့ သူက ကျနော့်ကိုမေးတယ်… “ညီ... မင်း နိုင်ငံရေး ကိုဘယ်လိုမြင်လဲ”တဲ့… ကျနော်လဲ အရိုးရှင်းဆုံး ဖြေလိုက်တယ်… “အကို ကျနော် နိုင်ငံရေး စိတ်မဝင်စားဘူး”လို့… အဲလိုဖြေတော့ အဲဒီအကိုက ရယ်တယ်လေ… “မင်းဘာ ရည်ရွယ်ချက်နဲ့ ဒီသင်တန်း ကိုတက်ချင်တာလဲ”တဲ့လေ…
ကျနော်ကလဲ “မသိဘူး… အလုပ်လေး ဘာလေးများရရင် အထောက်အကူပြုမလား ထင်တာပဲ”လို့ ဖြေလိုက်တယ်… ဒါက အမှန်ပါပဲ… သူကရယ်ပြီး “ဒီမှာညီ… နိုင်ငံရေး စိတ်ဝင်စားလား ဆိုတာနိုင်ငံရေးလုပ်ဖို့ မင်းကိုမြူဆွယ် နေတာမဟုတ်ဘူး… အကိုလဲ နိုင်ငံရေး သမားမဟုတ်ဘူး.. ဒါပေမယ့် နိုင်ငံနဲ့ လူမျိုးကိုချစ်တယ် လို့ ပြောလို့ရတယ်.. ကိုယ်နိုင်ငံမှာ ဘာတွေဖြစ်နေလဲ ဘာတွေလုပ်နေလဲဆိုတာ နိုင်ငံသားတိုင်း သိထားသင့်တယ်… နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး အနေအထား အတွေးအခေါ် အပေါ်မူတည်ပြီး ဒီနိုင်ငံရဲ့ လူနေမှု အဆင့်အတန်းတွေ စီးပွားရေး လူမှုရေး ပညာရေးနဲ့ ယဉ်ကျေးမှုတွေ ပြောင်းလဲနေတယ် ဆက်စပ်နေတယ် ဆိုတာသိထားရမယ်… မင်းတို့လို ငယ်ရွယ်တဲ့ သူတွေက နိုင်ငံရေး စိတ်မဝင်စားဘူးလို့ ပြောရင် အတင်းငြင်းနေရင် နောင်လာမယ့် အနာဂတ်မှာ ငါတို့ မြန်မာနိုင်ငံ ဘယ်လိုရပ်တည်မလဲ”တဲ့… “မင်းဒီလို စိတ်မျိုးနဲ့ဆိုရင် မင်းလိုလူငယ်မျိုး အယောက်ပေါင်း မနည်း ရှိနေမယ်ဆိုရင် နောင်လာမယ့် အနာဂတ်အတွက် ရင်လေးမိတယ် ”ပြောတော့ ကျနော်တော်တော်လေး ရှက်ခဲ့မိပါတယ်…
ခုလဲကြည့် ကျနော့်ဒီပိုစ့်လေးကို ဖတ်ပြီး နောင်လာမယ့် အနာဂတ် ဆိုတာကြီးကို တွေးမိသွားတယ်… ကိုယ်တိုင်က နှစ်နှစ်ဆယ်ဆိုတဲ့ အနာဂတ်မှာ သေချင်သေနေမှာ… ခုချိန်ထိ ကိုယ့်မိသားစု အတွက် ရုန်းကန်နေရတော့ ဘာတွေ ဘယ်လိုဖြစ်နေလဲ ဆိုတာ မသိတဲ့ဘဝ (သိနေလဲ အခွင့်မသာတဲ့ဘဝ)… တစ်ခါတစ်လေတော့ မသိပဲရုန်းကန်နေရတဲ့ ဘဝနဲ့ စာရင် အတွေးအသစ် အမြင်သစ်တွေ နဲ့ ရုန်းကန်ကြည့်ချင်တယ်.. ဘယ်သူဘက်မှ မလိုက်ပဲ နိုင်ငံတော်ကြီးအတွက် ရိုးရိုးလေးပဲ စဉ်းစားကြည့်ကြမယ်…
လူတိုင်းက ကိုယ်မွေးတဲ့ ကိုယ့်တိုင်းပြည်ကို ချစ်ကြပါတယ်… ကိုယ်ကြီးပြင်းခဲ့ရတဲ့ နိုင်ငံတော်ကို ကိုယ်တိုင်ဘယ်လောက်ထိ ချစ်သလဲ… ဘာတွေ ဖြစ်စေချင်လဲ… ဘာလုပ်သင့်သလဲ ဆိုတာ ရိုးရိုးပဲတွေး “ရိုးရိုးကျင့် မြင့်မြင့်ကြံမယ်”… ဒါက ကိုယ်ကျိုးမဖက်တဲ့ နိုင်ငံတော် အနာဂတ်ကြီးအတွက်... တစ်ခုတော့ရှိတယ်… မကြီးချိုသင်း(မိုးချိုသင်း) ရေးခဲ့တဲ့ပိုစ့်လေးကို မဖတ်ခင် (ကမ္ဘာမကြေ) ဆိုတဲ့ နိုင်ငံတော်သီချင်းကိုအသံထွက်ရုံ ဆိုကြည့်ပါ…
“တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ
တို့ပြည် တို့မြေ။
………………………
………………………
……………………
တို့ပြည်၊ တို့မြေ အကျိုးကို
ညီညာစွာ တို့တစ်တွေ
ထမ်းဆောင်ပါစို့လေ
တို့ တာဝန်ပေ
အဖိုးတန် မြေ…………။”
အသံထွက်ဆိုကြည့် ပြီးရင် နိုင်ငံတော် ကိုချစ်တဲ့သူ တစ်ယောက်နေနဲ့ ဘယ်လိုခံစားမိသလဲ ဆိုတာ ကိုယ်တိုင်ခံစားကြည့်ဖို့ မကြီးချိုသင်းရေးခဲ့တဲ့ ပထမအပိုစ်ကို ဖတ်ကြမယ် (ဒါတောင်စိတ်ကူးထဲက အနှစ်နှစ်ပါ)...
နောင်လာမဲ့ အနှစ် နှစ်ဆယ် (၁)
မနက်စောစောစီးစီး လမ်းလျှောက်က ပြန်လာတော့ သတင်းစာတစောင် တကျပ်နဲ့ ၀ယ်ခဲ့တယ်။ အိမ်ရှေ့မှာ ကော်ဖီလေးတခွက် သောက်ရင်း သတင်းစာဖတ်နေမိတာ။ ရှေ့ဆုံး စာမျက်နှာကို စိတ်အ၀င်စားဆုံးမို့ ခေါင်းကြီးတွေ အရင် လိုက်ဖတ်နေမိတယ်။
လေးနှစ်တကြိမ် လုပ်တဲ့ ရွေးကောက်ပွဲမှာ ဒေါ်စု ပါတီ အနိုင်ရတာ ၅ ကြိမ် ဆက်တိုက် ရှိခဲ့ပြီ။ ပြီးခဲ့တဲ့ အပတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလောကက အနားယူတဲ့အကြောင်း သတင်းထုတ်ပြန်လိုက်ခဲ့တယ်။ တပြည်လုံး ပွက်ပွက်ညံသွားတာပေါ့။ သတင်းစာလွတ်လပ်ခွင့်ကို အပြည့်အ၀ အသုံးချလိုက်ကြတာ အခုထိ ဒီအကြောင်းကို ဝေဖန်သုံးသပ်လို့ မပြီးသေးဘူး။
ဒါပေမဲ့ နေ့မအား ညမအား သူတိုင်းပြည်အတွက် လွန်ခဲ့တဲ့ အနှစ်လေးဆယ်လုံးလုံး ပင်ပန်းခဲ့ ကြိုးစားလုပ်ခဲ့တာတွေကို ကျေးဇူးတင် ကျေနပ်ပြီး သူ့ကိုယ်ပိုင်အချိန်လေး မပေးသင့်ဘူးလား။ သူချစ်တဲ့ မြန်မာပြည်ကြီးအတွက် သူ ၀ါသနာပါတဲ့ စာရေးစာဖတ်နဲ့သာ အေးအေးချမ်းချမ်း နေတော့မယ် တဲ့။ လူငယ်တွေနဲ့ စာအုပ်စာပေအကြောင်း ဆွေးနွေးပွဲလေးတွေ ရံဖန်ရံခါ လုပ်ပြီး ဘ၀ကို ရိုးရိုးသာ ဖြတ်သန်းတော့မယ် တဲ့။
ပြန်လည်ထူထောင်ရေးကာလတွေမှာ တို့ပြည်သူပြည်သားတွေ စိတ်ရော လူပါ တက်ညီ လက်ညီ ပြုပြင် ကြိုးစားကြလို့ အခုအချိန်မှာ အတော်အတန် တည်ငြိမ်လာခဲ့ရတာပါ။ ကြည့်ပါလား။ သတင်းစာထဲက လူတွေရဲ့ မျက်နှာမှာ ယောက်ယက်ခတ် ပူလောင်တာမျိုး မရှိ၊ အေးအေးချမ်းချမ်း ပြုံးပြုံးရွှင်ရွှင်နဲ့။ ကိုယ်တကယ် စိတ်ပါလို့ ပြုံးတဲ့ အပြုံးချိုချိုတွေနဲ့။
တိုင်းပြည်ထူထောင်ရေးမှာ ပညာရေးက နံပါတ် ၁ ဆိုတဲ့အတိုင်း တက္ကသိုလ်ကျောင်းကြီးတွေ လဲ အဆင့်တန်းမီမီ ဖွင့်နိုင်ပြီ။ ပညာသင်စားရိတ်ကို အခမဲ့ နီးပါး ဈေးချိုချို နဲ့ သင်ကြားနိုင်ပြီ။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကမ္ဘာ့တက္ကသိုလ်အသီးသီးမှာ ပညာသင်ခဲ့ကြတဲ့ မြန်မာ ပညာရှင်တွေ အကုန်လုံး ကိုယ့်ပြည်ကို ပြန်လာပြီး စေတနာအပြည့်နဲ့ စာသင်ကြတာလေ။
ဧရာဝတီတိုင်း မုန်တိုင်းသင့်ဒေသတွေကိုလည်း ပြည်တွင်း ပြည်ပ အကူအညီနဲ့ ကျောင်းတွေဆောက်၊ လမ်းတွေပြင်ကြ။ မြန်မာပြည်ရဲ့ ထမင်းအိုးကြီး ထမင်း ပြန်ချက်နေပြီ။ နာဂစ်က မိဘမဲ့ကလေးတွေတောင် အခမဲ့ တက္ကသိုလ်ကြီး မှာ ဘွဲ့လွန် တက်နေကြပြီဲ။
အခုဆို ဆေးရုံတွေမှာ ဆေးတွေ လုံလုံလောက်လောက်၊ ကုတင်နေရာ လုံလုံလောက်လောက် အသုံးပြုနိုင်ပြီတဲ့။ လူတိုင်းလူတိုင်း ကျန်းမာရေးနဲ့ ပတ်သတ်ရင် အာမခံ ရှိတဲ့ ယူကေက ကျန်းမာရေးစနစ်ကို အတုယူပြီး တဆင့်ပြီး တဆင့် ပုံဖော် လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာထားသေးတယ်။
ကိုယ်အရင်က သွားသွားနေခဲ့ရတဲ့ စာပေစိစစ်ရေးရုံးကြီးကို စာပေကင်ပေတိုင်ရုံးဆိုပြီး ပြတိုက် လုပ်လိုက်သတဲ့။ စာပေမလွတ်လပ်ခဲ့ရတဲ့ ကန္တာရနှစ်တွေကို အမှတ်ရပြီး ကိုယ်ရနေတဲ့ စာပေလွတ်လပ်ခွင့်ကို တန်ဖိုးထား လေးစားအောင်လို့ တဲ့။ အခုတော့ စာပေစိစစ်ရေး မရှိတော့လို့ လူတိုင်း လွတ်လွတ်လပ်လပ် ကိုယ့်အယူအဆကို ရေးသားဖော်ထုတ် နိုင်ကြတယ်လေ။ ပန်းတိုင်းပွင့်ကြပြီပေါ့။
လမ်းထောင့်တိုင်းမှာလဲ စာအုပ်ဆိုင်လေးတွေနဲ့လေ။ အင်တာနက် ကဖေးလေးတွေ ရှိပေမဲ့ လူတိုင်းအိမ်တိုင်းစေ့ အင်တာနက် ရှိနေပြီဆိုတော့ အပန်းဖြေချင်သူ၊ စကားပြောချင်သူ၊ ကော်ဖီသပ်သပ် သောက်ချင်သူများသာ ရှိနေတယ်။ မြို့နယ်တိုင်းမှာလဲ စာကြည့်တိုက်လေးတွေ ရှိသေးတယ်။ စာအုပ်အဟောင်းလေးတွေကို သပ်သပ်ရပ်ရပ် စနစ်တကျ ငှားဖတ်နိုင်ပါတယ်။ သမိုင်းအချက်အလက်ကို စာအနေနဲ့ရော၊ ရုပ်သံအနေနဲ့ရော ရှာလို့ရသေးတာ။
ဖတ်ကြည့်ပြီးတော့ ပြုံးနေမလား… သဘောကျလို့ ပျော်နေမလား…
ဒုတိယ အပိုစ်ကို ဆက်ဖတ်ကြည့်....
နောင်လာမဲ့ အနှစ် နှစ်ဆယ် (၂)
ရန်ကုန်တမြို့လုံး ဖုံလုံးကြီး ထ နေသလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထောက်လှမ်းရေးတွေ စွမ်းအားရှင်တွေရဲ့ ဆိုင်ကယ်တွေကထွက်တဲ့ ညစ်ညမ်းလေထု ကြောင့်ပါ။ ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ် လူပင်လယ်ကြီးရဲ့ မျက်နှာအားလုံးက တကယ်တော့ အတူတူပဲ။ အားလုံး တမျက်နှာတည်း။
မျှော်လင့်ချက်မဲ့ စိတ်ပျက် ၀မ်းဟာ ဒေါသထွက်။ လူတွေရဲ့ မျက်လုံးတွေက မွဲ၊ ပါးစပ်တွေ ပိတ်၊ ဆံပင် နီကြောင်လန် နဲ့။ ဒီနေ့ ရုံးမှာ မလောက်ငတဲ့ မိသားစု ၀မ်းရေးအတွက် အေးဓမြ တိုက်ခဲ့တဲ့ ငွေလေးကို ခါးပိုက်နှိုက်မှာစိုးလို့ တစမ်းတည်း စမ်းနေရတယ်။ ဘေးကကောင်ကိုလဲ မယုံရ၊ အားလုံးမှာ သံသယ အကြည့်တွေနဲ့။
တိုင်းပြည်မှာ လူငယ်ဆိုတာလဲ ကုန်ပြီ။ တနေ့တနေ့ ပတ်စ်ပို့ရုံးမှာ အလှူပေးနေသလား အောက်မေ့ရအောင် ပြည်ပထွက်ဖို့ တိုးဝှေ့နေကြတယ်။ ဘယ်လိုနည်းနဲ့ ထွက်ရ ထွက်ရ၊ တောင်းသမျှကို ခြစ်ခြစ်ချုပ်ချုပ်ပေမဲ့ မျက်စိမှိတ် ပေးပစ်လိုက်ကြတယ်။ ကျောင်းတွေကလဲ ပိတ်ထားတော့ ပညာရေး မလောက်မငနဲ့မို့ ပြည်ပမှာလဲ ရရာအလုပ် လုပ်ရအုံးမယ်။ ကူလီမျိုးဟေ့ တို့ဗမာ ဆိုသလိုပေါ့။
လမ်းထောင့်တိုင်းမှာလဲ အနှိပ်ခန်းတွေ မှိုလိုပေါက်နေတယ်။ ဟိုး ဆိုင်းဘုတ်ဒ် အကြီးကြီးပေါ်က မြှူဆွယ်နေတဲ့ အနှိပ်ခန်းကြော်ငြာတဲ့ ကလေးမဟာ အ၀တ် ဆင်းရဲလွန်းတယ်။ တမြို့လုံး အဲဒီလို ဆိုင်းဘုတ်ဒ်တွေနဲ့ ပြည့်နေတယ်။
လက်ဖက်ရည်ဆိုင်တွေအစား ဘီယာဆိုင်တွေ ညော်နံ့တလူလူနဲ့။ လောင်းကစား ဒိုင်ကြီးတွေဆိုတာ ခမ်းနားပါပေ့။ သူ့ဒိုင်မှာ လာလောင်းရင် စကဒ်တိုတိုနဲ့ ကောင်မလေးက ဘီယာတလုံး အလကား တိုက်သေးတယ်။
ချဲ၊ နှစ်လုံး၊ သုံးလုံး၊ ဘော်လုံးပွဲ ကြိုက်တာလောင်းလို့ရတယ်။ မနက်ဖန် မိုးရွာမလား မရွာဘူးလားဆိုတာတောင် လောင်းလို့ရသေး။ ဒိုင်တွေက အကောင်ကြီးကြီးတွေရဲ့ သားတွေ ဖွင့်ထားတာမို့ ဖမ်းမှာ မပူရဘူး။ တရားဝင် လိုင်စင်ချထားတာလေ။
မနက်က ဈေးသွားတော့ ကန်စွန်းရွက်တစည်း တသောင်းဆိုလို့ မဆိုးဘူးဆိုပြီး ကိုင်ကြည့်တာ နွမ်းဖတ်နေပါရောလား။ ပိုက်ဆံကလဲ ထောင်တန်က အနိမ့်ဆုံး အရွက်ပဲ။ ငါးထောင်တန် တသောင်းတန် ကိုင်သုံးနေရပြီ။ သိန်းချီကိုင်မှ တနေ့ဈေးဖိုး ရမယ်။ တက်စီတခါ စီးလိုက်တာ ဟိုနား ဒီနား ၃သိန်း ဆိုပဲ။ ဘတ်စ်ကားခက ငါးသောင်းဆိုတော့ လူတွေ လှိမ့်တိုးနေတာပေါ့။
ဈေးတွေက ရော့ကက်လို တက်သလို ထောင်ဒဏ်တွေလဲ သူနဲ့အတူ လိုက်တက်တယ်။ ဒီမနက် သတင်းစာထဲမှာ နိုင်ငံတော်ကို အကြည်အညိုပျက်အောင် လုပ်မှုဆိုပြီး နဂါးနီ သီချင်းဖွင့်တဲ့လူကို ထောင်ချလိုက်တာ ၁၀၅ နှစ်တဲ့။ ဒါ ဘာဟုတ်သေးလို့လဲ။
၈လေးလုံး အနှစ် ၄၀ ပြည့် အထိမ်းအမှတ်နေ့တုန်းက အကျီ င်္အနက် ၀တ်လာမိတဲ့ အဒေါ်ကြီး တယောက်ကို စွမ်းအားရှင်တွေ ၀ိုင်းရိုက်လိုက်တာ မျော့မျော့ပဲ ကျန်သတဲ့။ သူ့မိသားစုပါ အကုန် ထောင်ချလိုက်တာ နှစ် ၁၃၀ စီတဲ့။ ထောင်တွေလဲ တိုးချဲ့ဆောက်လိုက်ကြတာ ရန်ကုန်တက္ကသိုလ်ရဲ့ တကသ အဆောက်အဦတောင် ထောင်လုပ်ထားရတယ်လေ။
လက်နက်တွေ ဗြောင် ရောင်းဝယ်လုပ်နေတဲ့ လူကြီးလဲ အခု ဘိန်းစက်ရုံပါ ရွှေပြည်သာ မှာ ထောင်လိုက်ပြီ။ မိန်းကလေးချည်းသာ အလုပ်ခန့်မည်လို့ ကြော်ငြာတာလဲ တွေ့လိုက်တယ်။ မန္တလေးနဲ့ တောင်ကြီးတွေမှာပါ စက်ရုံခွဲထောင်မယ် ဆိုပဲ။ စက်ရုံထောင်ခါစက ယူအန် နဲ့ ပြည်ပနိုင်ငံတွေက ကန့်ကွက်ကြောင်း ကြေငြာချက်တွေ ရေဒီယိုမှာ ကြားလိုက်သေးတယ်။
ဟိုတလောကတော့ အနှစ် လေးဆယ်ကျော် အုပ်ချုပ်လာတဲ့ အဖိုးကြီးလဲ အစားများလို့ ဗိုက်ပေါက်ထွက် သေသွားပြီ။ အစိုးရရုံးတိုင်း အလံ တိုင်တ၀က်မဟုတ်ဘဲ အောက်ထိ ချရမယ် ဆိုလို့ မြန်မာပြည်အလံတွေ မြေပေါ်ပုံနေတာ တွေ့ခဲ့ရသေးတယ်။
ဒါပေမဲ့ ဘာမှတော့ ထူးမသွားပါဘူးလေ။ လှုပ်ရှားတက်ကြွသူတွေကို ထောင်တွေချဲ့ပြီး ထည့်ထားတာ အပြင်မှာ လူမှ မကျန်ဘဲ။ တိုင်းပြည် အုပ်ချုပ်ဖို့ အဖိုးကြီး မြေးက ချက်ချင်းပဲ အာဏာလွှဲယူလိုက်တယ်။ ဆွေစဉ်မျိုးဆက် ဘုရင်တွေလို့ ဆိုတာကိုး။ သူတက်ပြီး နောက်တနေ့မှာပဲ သတင်းစာမှာ အမိန့်ကြေငြာချက် ပါလာတယ်။ သူတို့နဲ့စကားပြောရင် ဘုရား ထူးရမယ် ဆိုပဲလေ။
မျက်ရည်ဝဲသွားသလား… အံကြိတ်မိလား… တောက်ခေါက်မိလားပေါ့…. ဒါမှမဟုတ် ဘယ်လိုမှ မခံစားရဖူးလား… သေချာတာကတော့ အပြင်ရောက်နေတဲ့ ကျနော်တို့ မြန်မာတွေအဖို့ အမိနိုင်ငံတော်ကို ကြိုလွမ်းသွားမှာ အမှန်ပဲ…
ကိုယ်တိုင် တိုးတက်ချင်တဲ့စိတ် ရှိတဲ့သူတွေဟာ သူ့ပတ်ဝန်းကျင်ကို လဲတိုးတက်စေချင်ကြတယ်… ကျနော်တို့လို ဖွံ့ဖြိုးတိုးတက်တဲ့ သူများနိုင်ငံ ရောက်နေတဲ့ အချိန်မှာ မခံချင်စိတ်ဝင်ပြီး ကိုယ့်နိုင်ငံကို တိုးတက်စေချင်တယ် ဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့ နိုင်ငံသားတိုင်းရဲ့ ဖြစ်တည်မှု…
“တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်”တဲ့…
ဘာရယ်မဟုတ်ဘူး… နိုင်ငံရေးကို စိတ်ဝင်စားတယ် ဆိုတာထက် စိတ်ထဲထင်တာကို ရေးချမိတာပါ… နိုင်ငံရေး သမား မဟုတ်တဲ့ အတွက် အရေးအသားမှာ အမှားပါရင် ခွင့်လွှတ်ပါ… သေချာတာက အမကြီး မိုးချိုသင်း ရဲ့ ပိုစ့်လေးကိုဖတ်ပြီး ခံစားမိတာကို ချရေးကြည့်တာပါ… ပိုစ့်လေးကိုဖော်ပြခွင့် ပေးတဲ့ မကြီးမိုးချိုသင်းကိုလဲ ကျေးဇူးတင်ပါတယ်…

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
Comments
နိုင်ငံရေး မသိတဲ့သူတွေထဲ ကိုယ်လဲ ပါတယ်။
(နောက်ထပ် ပြန်မန့်အုံးမယ် မျောက်မျောက်စိန်၊ ကောက်ကောက်စိန်ရေ... ရေးသူမှ အားမနာလို့ စိတ်မကောင်းအောင် မပြောနဲ့တော့)
နောင်လာမည့် အနှစ် (၂၀) ကို ပြန်လည်ခံစားသွားပါတယ်.. ကိုဖိုးစိန်ရေ...။
နေဒေးသစ်။
ဘယ်သူပဲမေးမေး
ကိုယ့်နိုင်ငံတော်ကြီးတိုးတက်စေချင်တာ
မြန်မာပြည်သားတိုင်း ရဲ့ 
ရင်တွင်းမှာ ကိန်းအောင်းနေတဲ့
အမြုတေ တစ် ခုပါ
ဗားရှင်း ၂ ကို တော့ ဘယ်သူ မှ
ကြုံချင်ကြမှာမဟုတ်ပါဘူး
ခေတ်မီ ဖွံ့ ဖြိုးတိုးတက်သော
နိုင်ငံတော် ကြီးကို နောင်လာမည့် 
နှစ်၂၀ အတွင်းမှာ
မြင်တွေ့ ရပါစေလို့ 
ဆုတောင်း လျက်သာ..............
ခင်မင်စွာဖြင့်
ဝသန်
နိုင်ငံတော်ရဲ့ အရေးဆိုရင်တော့ ... နောင်အနှစ်နှစ်ဆယ် ဆိုတာ ဝေးပါသေးတယ်..။
တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမှာပေါ့ ... တကယ်လုပ်ရင် အနှစ်နှစ်ဆယ်မပြောနဲ့ နှစ်နှစ်၊ နှစ်လနဲ့တင် ဖြစ်အောင်ကြိုးစားနိုင်ရမယ်.. တစ်ယောက်အားနဲ့တော့ မဖြစ်ဘူးပေါ့လေ...။
ခင်တဲ့
မကြီး
သိတ်ကောင်းတဲ့ ပို့ စ်လေးပဲ။
ဖိုးစိန်ပြောသလိုပါပဲလေ ကိုယ့်တိုင်းပြည်အကြောင်း ခုနေ စိတ်မ၀င်းစားဘူး ဆိုရင် နောင်အနှစ် နှစ်ဆယ်မှာ ရင်လေးစရာပေါ့။
ပြိုင်တူတွန်းရင် ရွေ့ နိုင်ပါတယ်။
မအယ်
ထိုင်နေလို့တော့ဘာမှဖြစ်မလာဘူးနော်
မမအယ်ပြောသလိုပဲလေ..ပြိုင်တူတွန်း
လျှင်ရွေ့ နိုင်ပါတယ်...ပို့စ်လေးတွက်ကျေးဇူးပါ
နိုင်ငံ့အရေးမှို့တဦးချင်တယောက်ချင်းဆီမှာ
တာဝန်ရှိတယ်လို့ယူဆမိပါတယ်
အခုဖြစ်နေတဲ့ အခြေအနေကိုကတော့ အများစုက အားရမှာ မဟုတ်တာ အမှန်ပါပဲ၊ ကျမလဲ တော်ရုံတန်ရုံ နိုင်ငံရေးကို စိတ်မဝင်စားတဲ့ အထဲမှာ ပါပါတယ်၊ ဒါပေမယ့် ကိုယ့်နိုင်ငံက အဖြစ်အပျက်တွေကိုတော့ ဂရုတစိုက်ကြည့်မိပြီးတော့ နောင်ကျရင် ဒီထက်ပိုကောင်းတဲ့ အခြေအနေဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ အဲ့ဒီလို ဖြစ်လာဖို့လဲ တတ်နိုင်သလောက် ပံ့ပိုးနေဖို့ ရည်ရွယ်ပါတယ်၊ ဒါလဲ နိုင်ငံရေးအပိုင်းဆိုတာထက် ပုဂ္ဂိုလ်ရေးအပိုင်းကို တွေးတာပါ၊ ကိုယ့်နိုင်ငံမှာပဲ ကိုယ်နေရင်လဲ လူတိုင်း ချောင်ချောင်လည်လည် လူတန်းစေ့ နေနိုင်မယ် ပညာသင်နိုင်မယ် ဆိုတာကို လိုလားပါတယ်၊ နိုင်ငံခြားသွားတယ်ဆိုတာကိုလဲ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ သွားရတာထက် ပညာဆည်းပူးဖို့ အတွေ့အကြုံတိုးဖို့ ဆိုတာမျိုးဆို ပိုကောင်းမှာပါ၊
ရှည်သွားတယ် ထင်တယ်၊ စိတ်ထဲရှိတာ ရေးတာပါ၊
ဒါကတော့ တွေးလေမောလေပဲ
ကိုယ့်နိုင်ငံကို သူများတန်းတူ တိုးတက်စေချင်တာပဲ
ခုလိုသူများနိုင်ငံမှာ ပျော်လို့အလုပ်လာလုပ်သူ ဘယ်နှစ်ယောက်ရှိမလဲ
မိုးခါး
တခုချင်းပြောသွားမယ်ဗျာနော... ဟုတ်တယ် ကိုဖိုးစိန် ဖနေ့ခေတ်လူငယ်တွေနိုင်ငံရေးစိတ် မဝင်စားကြတာတော့ အမှန်ပဲ။ ဒါကလဲ ရှင်းရှင်းပြောရရင် အဲဒီလို နိုင်ငံရေး စိတ်မဝင်စားနိုင်အောင်လို့လဲ လုပ်ထားကြတာကိုးဗျ သူတို့ အပြစ်လဲ အမဟုတ်ပါဘူး။ဘယ်လောက်ထိ ဆိုးဝါးသွားသလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်း ပုံကို ပြပြီး ဒါဘယ်သူလဲ မေးတာတောင် ဦးသန်ရွှေ တပည့်လားလို့ပြန်မမေးရင်ပဲ ကံကောင်း၊ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည့်က မိုက်ကိုင်ပြီး တရားဟောနေတဲ့ပုံပြတာကို အဆိုတော် အသစ်လားလို့ ပြန်မေးတာ တကယ့်အဖြစ်အပျက်ပါပဲ ဘယ်လောက်ထိရုပ်ဆိုးလဲဆိုရင် အဲဒီအဖြစ်အပျက်က ထိုင်းနိုင်ငံမှာ တတိယနိုင်ငံသွားဖို့ မေးတော့ လူတယောက် အဲဒီလိုဖြေတာလို့ ဖတ်ဖူးလို့ပါ.. ကဲ မခက်ပေးဘူးလားဗျာ.....။
ထားပါတော့ ၁ အတိုင်းဖြစ်လာမယ်လို့ အာလုံး ယုံကြည်ထားကြတယ်ဗျ ဒါပေမဲ့ ထင်သာထင် မမြင်ရဘူးကျောင်းအမရေ ဆိုသလိုပါပဲဗျာ......................။
၂ကတော့ ယနေ့ခေတ်လူတွေရဲ့ ဘဝအမှန်ကို မီးမောင်းထိုးပြထားသလိုပါပဲဗျာ
ကျနော်တို့ ဘဝတွေက ရေစုန်မှီာမျောနေကြပြိဗျာ....။
သို့သော်
တစ်ဦးချင်း နီးပါး
ရေစိုခံရပါမည် ...
ရွှံ့ ပေခံရပါမည် ...
သို့သော်
ထိုင်နေပြီး ပြိုင်တူပြောနေလို့တော့ ....
ကျနော်လည်း ဘာရယ် ညာရယ် မဟုတ်ဘူး ၀င်ရေးကြည့်တာပါ ...
ဘ၀မှာ ကိုယ်တန်ဖိုးထားရာ အရေးကြီးဆုံးဖြစ်နေတာ သဘာဝ ပါပဲလေ ...
အခုလောလောဆယ်တော့ ကျနော့်မှာ ကိုယ်တစ်ယောက်တည်းရဲ့ အရေးကိုတောင် မနိုင်သေးလို့ ဒုက္ခတွေ ရောက်နေတာ ...
ကိုကြီးစိန် ငြိမ်းချမ်းပါစေဗျ ...
လေးစားလျက်
တောင်ပေါ်သား
မနက်မိုးလင်းချင်း ကော်ဖီသောက်ချင်ပေမယ့် ဈေးအရမ်းကြီးတယ်လို့ တွေးမိရင် ဒါလည်း နိုင်ငံရေးပဲ။
အဝေးရောက် ချစ်သူခင်သူဆီ ဖုန်းဆက်ချင်ပေမယ့် ဖုန်းခ ဈေးကြီးလွန်းတယ်လို့ တွေးမိရင် ဒါလည်း နိုင်ငံရေးပဲ။
အရင်းစစ်တော့ အမြစ်မြေမှလေ...
ဒါပေမယ့် ဘယ်သူတက်တက် တက်တဲ့သူတွေစားမှာပဲ
ဖြစ်လို့ ဘယ်သူတက်တက် စိတ်မ၀င်စားတော့ပါ။
ကိုယ်ရမယ့်နေရာရောက်ပြီး ငါမစားပါဘူးကွာ ဆိုတဲ့သူ
ရှိမယ် မထင်ပါဘူး။ အနည်းနဲ့ အများတော့ အခွင့်အရေး
ယူကြမယ့်သူတွေပါပဲလေ...
နိုင်ငံရေးဆိုပြီး ထိုင်အော်နေတာလောက်နဲ့တော့ မြန်မာ
ပြည်ကြီးတိုးတက်မလာနိုင်ပါဘူးလေ...
နိုင်ငံရေး.နိုင်ငံရေးဆိုပြီး မအေ ညီမ မကြားသာအောင် ဆဲနေကြတဲ့ နိုင်ငံရေးသမားတွေကို ၁၀၀၁ ဘလော့မှာ
တွေ့ရလေတော့ အလွန်အံ့သြ ရွံရှာသွားရပါတယ်..
အဲလို နိုင်ငံရေးသမားတွေ နိုင်ငံခေါင်းဆောင်တွေများ
ဖြစ်လာခဲ့ကြရင်.. မြန်မာပြည်ကြီးကတော့.......
မြန်မာပြည်ကြီးကောင်းစားပါစေ.
ကျနော်လည်း အလကားအော်သွားပါတယ်.
မြန်မာပြည်သား
တကယ်လို့ သာ ကိုယ့်နိုင်ငံကောင်းရင် နိုင်ငံခြားဆိုတာ အလည်သဘော အလုပ်ရုံဆွေးနွေးပွဲ အတွေ့ အကြုံလိုချင်လို့ ဘာသာစကားသင်ချင်လို့ ပဲ သွားကြမှာပေါ့။
ခုလို ဘယ်သူက မိဝေးဖဝေး နေမလဲ။
ဘယ်သူက ကျွန်ခံချင်မလဲ။
ပညာနဲ့ ကျနော် လုပ်စားတာပါပဲ။ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာ နေလို့ ဖြစ်ရင် ကိုယ့်နိုင်ငံမှာနေပြီး လုပ်မှာပေါ့ဗျာ။ ဒါပေမဲ့ သူများတိုင်းပြည်နဲ့ မကိုက်ညီတဲ့ ပညာသင်ခဲ့မိသူတွေ ပညာသင်ဖို့ ကို အခွင့်အရေး မရခဲ့သူတွေကတော့ ပင်ပင်ပန်းပန်းကို လုပ်စားနေရတာပါ။
လူတိုင်း သိက္ခာရှိတဲ့ စနစ်တခုရဖို့ ဝိုင်းလုပ်ရမှာပဲ။
သားသမီးကို ခိုးပြီး ကျွေးနေရတဲ့ မိဘနဲ့ 
သားသမီး ခိုးကျွေးတာ စားနေရတဲ့ မိဘ တွေလည်း မနည်းပါဘူးဗျာ။
တူးတူး
လာပြောတာတွေမှန်လွန်းလို့ သက်ပြင်းတာ ချသွားမိပါတယ်...ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ခင်တဲ့
မေလေး
တို့ပြည် တို့မြေ။
………………………
………………………
……………………
တို့ပြည်၊ တို့မြေ အကျိုးကို
ညီညာစွာ တို့တစ်တွေ
ထမ်းဆောင်ပါစို့လေ
တို့ တာဝန်ပေ
အဖိုးတန် မြေ…………။”
ကိုယ့်မောင်နှမတွေနဲ့ အတူဆိုသွားပါတယ်။
ဒီပို့စ်က ဖိုးစိန်ရေးထားတာလေးတွေ ဖတ်ပြီး ကြည်နူးသွားတယ်။ ကိုယ်နိုင်တဲ့ဖက်က လုပ်တဲ့အတွက် ကျေးဇူးတင်မိတယ် မောင်လေးရေ..
အကိုလဲ မင်းတို့နဲ့အတူ ကမ္ဘာမကြေသီချင်း လိုက်ဆိုသကွ...
ဖိုးစိန်က လိမ္မာတယ်
ဖိုးစိန်အရေးက ပါးနပ်တယ်
ဖိုးစိန်အပြောက ဒီပလိုမက်တစ်ကျတယ်...
မျှတတယ်...
လူသားတိုင်းမှာ တန်းတူအခွင့်အရေးရှိတယ် ညီရေ...
လွတ်လပ်စွာ ရေးသားခွင့် ပြောဆိုခွင့်လဲရှိတယ်...
လူသားတိုင်းလွတ်လပ် ငြိမ်းချမ်းပါစေလို့ အကို မင်းတို့နဲကအတူ ဆုတောင်းပေးပါတယ်ကွာ...
ဖိုးစိန် အရှင်ချစ်တဲ့
ကိုလူထွေး...းဝ)
ကိုယ်တိုင်က ကြုံတွေ့ နေရတာဆိုတော့
လက်ခံသင့်တာလက်ခံရမယ်ထင်တယ်ဗျ
ဘာပဲပြောပြောပါလေ
ကျွန်တော်တို့ ချစ်တဲရွှေရောင်လွှမ်းတဲမြန်မာပြည်ကြီး အမြန်တိုးတက်စေချင်တာပဲ
ညီတို့ ဖက်ကလည်း မသိနားမလည်သေးတဲ့လူတွေကို ပိုသိအောင် လုပ်ပေးရင်ပိုကောင်းမလားလို့ တွေးမိပါတယ်
တစ်ဖက်စွန်းရောက်လူတွေ ၊ ခေါင်းထဲရိုက်ထည့်ထားရတဲ့လူတွေ ၊ မသိနားမလည်တဲ့ရွာသူရွာသားတွေ
ဆိုလိုတာက သူပုန်နဲ့ စစ်သားကြားမှာမြေဇာပင်ဖြစ်နေတဲ့လူတွေ
ညီက အဲ့ကြားထဲမှာကြီးလာတော့ ဘယ်သူ့ ကကောင်းတယ် ဆိုးတယ်ဆိုတာ ပိုသိတယ်ဗျ
ခုလိုအေးချမ်းနေတယ်ဆိုပေမယ့်လည်း သူ့ တို့ ရွာပြောင်းရတော့ အဆင်မပြေမူတွေ ဘာသာစကားမတတ်ကျွမ်းမူတွေ က သူ့ တို့ ကိုဒုက္ခရောက်စေတယ်
ဟူးးးးးးးးးးးးးးးးးးး
ပြောရရင် မကုန်ဖူးအစ်ကိုေ၇
ကြီးနိုင်ငယ်ညှင်းတွေ
သွေးချင်း ညီအကိုများ စည်းလုံးခြင်းသည် အင်အား ဆိုတဲ့ သီချင်းလေးကိုပါ ထပ်လောင်း ညည်းမိတယ်။
အတွေး၊ အရေး ကောင်းတဲ့ ညီ့ကို ချီးကျူးပါတယ်ဗျာ။
ကော်မန့်မှာ ဆွေးနွေးကြတာတွေကလဲ အားရစရာ။
နိုင်ငံရေး.နိုင်ငံရေးဆိုပြီး မအေ ညီမ မကြားသာအောင် ဆဲနေကြတဲ့ နိုင်ငံရေးသမားတွေကို ၁၀၀၁ ဘလော့မှာ
တွေ့ရလေတော့ အလွန်အံ့သြ ရွံရှာသွားရပါတယ်..
အဲလို နိုင်ငံရေးသမားတွေ နိုင်ငံခေါင်းဆောင်တွေများ
ဖြစ်လာခဲ့ကြရင်.. မြန်မာပြည်ကြီးကတော့.......
နိုင်ငံ့ခေါင်းဆောင်ဆိုတဲ့သူကို ပြည်သူက ရွေးမှာပါ ကိုယ့်ညီ...
အဲလို ဆဲဆိုနေတဲ့သူက နိုင်ငံခေါင်းဆောင်ဖြစ်ထိုက် မဖြစ်ထိုက်ကို ကိုယ့်ညီလို တာဝန်သိပြည်သူက စိတ်ဝင်တစားနဲ့ စဉ်းစားဆုံးဖြတ်ပေးပါမှ မှန်ကန်သင့်မြတ်တဲ့ ခေါင်းဆောင်ကောင်း တယောက် ပေါ်တော့မှာပေါ့...
အဲလိုဆဲနေတဲ့သူဟာလဲ အမှန်တရားနဲ့ လူ့အခွင့်ရေးကို တကယ်ချစ်မြတ်နိုးတဲ့ (ညီငယ်ရဲ့ အခေါ်အရ) နိုင်ငံရေးသမားစစ်စစ် ဟုတ်ပါရဲ့လားဆိုတာလဲ စဉ်းစားစရာပါ...
ပြည်သူပြည်သားတွေအပေါ်မှာ တကယ် စေတနာထား အနစ်နာခံနေကြတဲ့သူတွေကို ငဲ့ပြီး မစော်ကားထိုက်သူကို ကိုယ့်ညီက စော်ကားမိမှာစိုးလို့ အကိုက ပြောရတာပါ...
အမှားပါရင် ခွင့်လွှတ်ပါ
ကိုလူထွေး
"အချိုဟာဘယ်တော့မှမခါး
အမှန်ဟာ ဘယ်တော့မှ မမှားဘူး" တဲ့ညီရေ...
မြန်မာပြည်သားတွေနဲ့ နိုင်ငံတော်အပေါ်မှာ ထားတဲ့ တို့စေတနာက တနေ့ ပြန်အကျိုးပေးမှာပါကွာ....
ဘယ်သူကိုမှ နစ်နာစေချင်တဲ့ စိတ်ဓာတ်မျိုး တို့မှာမှ မရှိဘဲလေကွ နော်...
းဝ)
အမှန်တရားကို အမြင်မတူလို့ လက်မခံနိုင်ရင် လက်မခံနိုင်တဲ့ အကြောင်းရင်းကို ချပြနိုင်ရမယ်.
လာလည်တဲ့ လူတွေ ငြိုငြင်မှာစိုးလို့ ပို့စ်ကို ဖြုတ်တယ်ဆိုရင်တော့ ဖိုးစိန်ကို စိတ်ဆိုးတယ်..
အဲဒါပဲလေ. မြန်မာပြည်မှာ လူကိုခင်လို့ မူကိုမကြိုက်ပဲ မျက်စိမှိတ်ထားတာတို့.. အကြောက်တရားနဲ့ မျက်စိမပွင့်တာတို့ကြောင့်.. အချိန်ကြာလာတာနဲ့ အမျှ တိုင်းပြည်နစ်မွန်းဖို့ပဲ ရှိတယ်..
အမှန်တရားကို မကွယ်မဝှက်ထောက်ပြနိုင်မှ အမှားတွေ ကြာရှည်မတည်မြဲနိုင်မှာပေါ့..
အဲဒီလိုမှ မဟုတ်ရင် အမှားကြာ အမှန်ဖြစ်ပြီး ..လူဆိုးတွေ လူကောင်းယောင်ဆောင်လို့.. လောကကြီးပျက်စီးတော့မှာပေါ့...
မသိသေးတဲ့ သူတွေ သိအောင် .. သိပြီးသားလူတွေကို မမေ့အောင် ပြောပြနိုင်မှ လောကတာဝန်ကျေပြွန်လိမ့်မပေါ့...
ဘာပဲဖြစ်ဖြစ် ခုလို ပို့စ်ကို ပြန်တင်လို့ ပိုချစ် ပိုလေးစားသွားပြီ.. အဟိ အဟိ..နောက်ကို အဲဒီလို မလုပ်ရဘူးနော်..