Tuesday, 26 October 2010

ကဖိုးစိန်အကြောင်းတစေ့တစောင်း

ကဖိုးစိန် ဘယ်ရောက်နေလဲ။ဘာလုပ်နေလဲ။ ဘာတွေ ဖြစ်နေလဲ ဆိုတာ ချစ်လို့ သိချင်တဲ့သူရှိမယ်။ မချစ်လို့ သိချင်နေတာလဲ ရှိမယ်။ မသိလိုက်မသိဖာသာ နေသလိုလိုနဲ့ သိချင်တဲ့သူလဲရှိမယ်။ လုံးဝကို ဂရုမစိုက်တဲ့သူလဲ ရှိမယ်။ ဘာပဲ ဖြစ်ဖြစ် ချစ်ခင် လို့ သိချင်တဲ့သူတွေ အတွက် ရည်ရွယ်ပါတယ်။

ခုတလော ဘလော့ကို လုံးဝမရောက်ဖြစ်ဘူး။ စာရေးရင်လဲ မတင်ဖြစ်ပဲ သိမ်းတဲ့ အထဲရောက်သွားတာပါပဲ။ ကြာတော့လဲ ပိုစ့်တင်ချင်တဲ့ စိတ်ကမရှိတော့ဘူး ဖြစ်သွားတယ်။ အရင် ဆိုရင် ပိုစ့်တင်ရတာပျော်တယ်။ စာရေးရတာလဲ ပျော်တယ်။ ကိုယ့်နဲ့ အတူ ရေးဖော် ရေးဖက်တွေ ရှိတယ်။ သူတို့ ဘလော့တွေလည် ကော့မန့်ရေးလိုက် ၊ စီပုံးမှာအော်လိုက်နဲ့ စိတ်ချမ်းသာရတယ်။ သူတို့ ရေးတဲ့ စာတွေ ထဲမှာ ကောင်းတာတွေ ဗဟုသုတ ရစရာရှိရင် ယူလိုက်တယ်။ ကိုယ့်ထက်ဝါရင့်တယ် ဆိုရင် သူတို့ ဆီက အတုယူတယ်။ သင်လိုက်တယ်။ ဒီလိုနဲ့ စာရေးခဲ့တာပဲ။

အခုတော့ တော်တော်များများ စာရေးကျဲသွားကြတယ်။ အင်းလေ.. တကယ်တော့ ဘလော့ရေးတဲ့သူတွေက စာရေးဆရာတွေ မဟုတ်ကြပါဘူး။ ဘလော့ရေးတဲ့ စာရေးဆရာတွေကို ပြောတာ မဟုတ်ပါဘူး။ သာမန်အားဖြင့် စာတပုစ်ရေးဖို့ တကယ်မလွယ်ဘူးဆိုတာ စာရေးတဲ့သူတွေ မှသိတယ်။ ကိုယ်ရေးတဲ့စာက သူများအတွက် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ကြိုးစားအားထုတ်မှု တခုနဲ့အချိန်ပေးရတာပဲ။ အဲဒီထဲမှာ ခံစားချက်တချို့ပါမယ်။ ရသတခုပါမယ်။ ဘလော့ရေးတဲ့သူ တစ်ယောက် အတွက် ပိုစ့်တိုင်း ကောင်းချင်မှ ကောင်းမှာပဲ။ လူတိုင်းအတွက်တော့ မဟုတ်နိုင်ဘူး။လူတိုင်း အကြိုက်ချင်းတူ မှမတူပဲလေ။ အမြင်မတူတာ မျိုးတွေ ရှိလာတဲ့အခါကျရင် တော့ တိုက်ခိုက်မှုတွေ ဖြစ်လာမယ်။ စိတ်အခန့် မသင့်တဲ့အခါ အလိုမကျတဲ့အချိန်နဲ့ ဆုံရင် တခြားရေးလိုက်တဲ့စာက ကိုယ့်အတွက် အနှောက်အယှက် ဖြစ်လာနိုင်တယ်။ အဲဒီအခါကျရင် အယူအဆတွေကွဲ မူဝါဒတွေကွဲကြတော့မယ်။ ကိုယ်တိုင်လဲ မထင်မှတ်ပဲ စိတ်အခန့်မသင့်တဲ့ အချိန်နဲ့ ဆုံတုန်းက ဘလော့တခုမှာ စိတ်သွားဆိုးဖူးတယ်။ ဒါပေမယ့် နောက်တော့လဲ ဘာမှမဟုတ်မှန်းသိလိုက်တော့ အဲဒီအကြောင်းပြောတိုင်း ရယ်မိတယ်။

တခုရလိုက်တာက ကိုယ့်ကို လူမမြင်ဘူးဘဲ ကိုယ့်အကြောင်းကိုသေချာမသိဘဲ ကိုယ့်ကို ကြည့်မရတဲ့ သူတွေ အမြင်မကြည်တဲ့သူတွေ ရှိတာ သိလိုက်ရတယ်။ ကိုယ့်ဘက်ကတော့ စိတ်ရှင်းပါတယ်။ ကိုယ်ဘက်က စိတ်ထဲ မထားတော့ဘူးဆိုရင် တကယ်ကို ပျောက်ကွယ်သွားအောင် နေတတ်တဲ့ အကျင့်လုပ်ထားတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေကို ဆင်ခြင်ပြီး စာမရေးဖြစ်တော့ဘူး။ရေးရင်လဲ အကြောင်းအရာတခုခုတိုက်ဆိုင်မှ၊တယောက်ယောက် ကပြောမှပဲ ရေးဖြစ်တော့တယ်။ ကိုယ်စာရေးကောင်းတာ မဟုတ်ဘူး ဆိုတာ ကိုယ်တိုင်သိပါတယ်။ ဘာဖြစ်ဖြစ် ကိုယ်ရေးတဲ့စာတွေက သူများအတွက် အဆိပ် အတောက် ဖြစ်ရင် မကောင်းဘူး။ ဒီလိုနဲ့ စာရေးကျဲသွားတာပဲ။ ကိုယ်ရေးလိုက်လို့ အပြုသဘောဆောင်တဲ့ ထင်မြင်ချက်တွေ ချရေးသွားတာထက် ကိုယ့်ကိုနားမလည်ပဲ တခုခုကို အဖြစ် ရေးသွားရင် စာရေးတဲ့သူ ဘက်က အနည်းနဲ့ အများတော့ ထိခိုက်ရတာပါပဲ။ ထင်မြင်ချက်ကောင်းကောင်းပဲ ရချင်တာမဟုတ်ပါဘူး။ နည်းပေးလမ်းညွန်နဲ့ သွန်သင်သွားရင် လက်ခံပါတယ်။ ဒါပေမယ့် လူအမျိုးမျိုး စိတ်အထွေထွေ မဟုတ်လား။ ကိုယ့်ကို လူတိုင်းကတော့ ဘယ်ချစ်ပါ့မလဲ။ ကိုယ့် ကိုယ်အပြစ်မြင်နေရင် ကိုယ်ရေးတဲ့စာလဲ ကောင်းစရာ မရှိတော့ပါဘူး။ ဒါကလဲဖြစ်တတ်ပါတယ်လေ။

တခါတလေ အသိမိတ်ဆွေ တချို့ အိမ်ကို အလှူသွားတာတို့ အလည်သွားတာတို့ နဲ့ ဆုံလို့ တယောက်ယောက် က ဒါဖိုးစိန် လို့ မိတ်မဆက် ပေးပဲနဲ့ ကဖိုးစိန် ဆိုတာကို တန်းသိတဲ့သူတွေ ရှိတယ်။ ပြီးတော့ ကိုယ့်နဲ့ စကားပြောရင် ကိုယ်ရေးခဲ့ဖူးတဲ့ ကိုယ့်အဖေအကြောင်းတွေ ကိုယ့်အမေအကြောင်းတွေ၊ ဆိုက်ပရပ်စ်က ကိုယ့်အကြောင်းတွေကို မေးကြတယ်။ ကိုယ်ငယ်ငယ်က ဆိုးတာတွေ၊ ဒေါသကြီးတာတွေ မကြိုက်တာ ၊ ကြိုက်တာဆိုတာ တွေကို သတိတရ မေးတဲ့ စာဖတ်တဲ့ အမတွေ အကိုတွေ နဲ့ တွေ့တော့ ကိုယ်ရေးခဲ့တဲ့ စာတွေ အတွက် ပီတိ ဖြစ်ရတယ်။ ကိုယ်ရေးတာလဲ ကိုယ့်မိသားစုအကြောင်းနဲ့ ကိုယ့်ပတ်ဝန်းကျင်က အကြောင်းများတာကိုး။ ပိုစ့်မတက်တာကြာရင်၊တခါတလေ စိတ်ကူးပေါက်တဲ့ မဖြစ်စလောက် စာတွေ တင်ရင် ကိုယ့်ကို အရင်လို စာကောင်းကောင်းရေးဖို့၊ပေါက်ကရတွေ မရေးဖို့ ပြောလာတဲ့သူတွေလဲ ရှိတယ်။ အဲဒီအခါကျရင် စာပြန်ရေးဖို့ အားတက်ပြန်တယ်။ ကိုယ့်ဆီကို ပုံမှန်စာလာဖတ်တဲ့ သူတွေကို လေးစားပါတယ်။ ကိုယ့်ဘက်ကလဲ စာဖတ်တဲ့သူတွေ အတွက် ရသတခုခု ရအောင်ကြိုးစားပေးချင်ပါတယ်။
ခုမှ တကယ်ပြောချင်တာကိုပြောတော့မယ်။

ခုလောလောဆယ်တော့ အိမ်မှာ ရှိတဲ့ ညီတွေညီမတွေနဲ့ အော်လိုက်ဟစ်လိုက် ဆူလိုက်နဲ့ နေနေပါတယ်။ မွေးနေ့ ကန်ထရိုက် ယူထားသလားလို့ အောက်မေ့ရအောင် အိမ်မှာ မွေးနေ့များ မပြတ် ကျင်းပနေတယ်။ ကိတ်မုန့်ပေါ် မီးထွန်းပြီး ဟက်ပီးဘတ်ဒေးလို့ တပတ်တခါနီးပါး ခဏခဏ အော်နေကြလို့ ဘေးအိမ်က လူတွေ ကတောင် ကြောင်တောင်တောင် ဖြစ်နေပါတယ်။ ကိုယ့်သူငယ်ချင်းကိုယ်တိုင်က ကိုယ့်ကို မွေးနေ့ ကန်ထရိုက်တာလို့ ခေါ်နေပါပြီး။ ခုနောင်လာမယ့် မွေးနေ့ တွေ တန်းစီနေပါသေးတယ်။ ပြီးတော့ တန်ဆောင်မုန်းလပြည့်မှာ အလှူ တခု လုပ်နိုင်ဖို့ အတွက် စတင်အကောင်အထည်ဖော်နေပါတယ်။

အားတဲ့အချိန် မရှိဘူးလားဆိုတော့ အားပါတယ်။ အားတိုင်းလဲ ဟင်းချက်တမ်းဆော့ပါတယ်။ တကယ်ချက်တာပါပဲ။ ကိုယ်ချက်တာ ကိုယ်မစားနိုင်ဘူး ဖြစ်နေတယ်။ ဆော့သမျှ ဟင်းတွေ အစားအသောက်တွေကို အိမ်မှာ ရှိတဲ့ ညီတွေ အကိုတွေအမတွေရော အိမ်မှာ မနေတဲ့ ညီတွေ ညီမတွေကိုရော အတင်းခေါ်ကျွေးရပါတယ်။ သူတို့က ကြိုက်လို့ စားတာထက် ကိုယ့်ကိုကြောက်လို့ ကိုယ်ဆော့ထားတဲ့ လက်ရာတွေကို ကောင်းကောင်း မကောင်းကောင်း စားကြရပါတယ်။ မကောင်းဘူးလဲမဝေဖန်ရဲ ကြပါဘူး။ ဝေဖန်ရင် ခွက်ပျံ ဇွန်းပျံတွေကို မြင်ရလို့ အတင်းကျိတ်မှိတ် မြိုချရတာကို ကိုယ်ကတော့ အဟုတ်ထင်ပြီး သဘောတကျ ရှိနေတတ်တာပါ။

ပြီးတော့ gym သွားပါတယ်။ ရှေ့ကို ပူထွက်နေတယ်လို့ ဗိုက်ကို ကျချင်လို့ပါ။ ကိုယ်ကဆိုက်ကို ရှိတော့ သူတို့ စချင်ရင် ကိုယ့်ဗိုက်က ပူနေတတ်ပြီး ကိုယ် ဆိုက်ကို ဝင်မှန်းသိရင် သူတို့က တထစ်လျှော့ပြီး ဗိုက်ကမပူဘူးဖြစ်ရပြန်ရော။တကယ်တမ်းကျတော့ မသိမသာ ပူတာပါ။ (ကိုယ့်ဗိုက်ကိုယ် အသက်အောင့် ကြည့်ပြီးပြောတာပါ)။ ခုပုံမှန်ကစားဖြစ်တော့ ကျသွားပါတယ်။ (ဒါလဲ ကိုယ့်စိတ်ကိုယ်အားတင်းပြီး ပြောတာပါပဲ)။ဒီလိုနဲ့ တပတ်သုံးရက် အချိန်ပေးရင်း ကိုယ်လက်တွေ မသယ်နိုင်အောင် ကိုက်ခဲနေတာပဲ။အခုမှ ရည်မှန်းချက်ကြီးလာတယ်။ ၂၀၁၁ ကျ မောင်ဗမာ ပြိုင်ပွဲများဝင်နိုင်မလားလို့။ သူများတွေလို six pack abs မရှိပေမယ့် One pack abs ရှိနေရမယ်ဆိုတာ လုံးဝအာမခံပါတယ်။

အခုတက်နေတဲ့ ကျောင်းလဲ နောက်နှစ်လနေရင် ပြီးတော့မှာပါ။ ဒီရောက်တာလဲ နောင်နှစ်လ ထဲမှာ တစ်နှစ်ပြည့်တော့မယ်။ အခု အလုပ်လဲ ရှာနေပါတယ်။ အချိန်တန်လို့ မှအလုပ်မရရင် ဆိုက်ပရပ်စ်ကို ပြန်ပါတော့မယ်။ ဟိုကသူထေးတွေက ခေါ်နေပါပြီး။ တနှစ်လုံးလုံး ဒီမှာပျော်ပွဲစားထွက်လို့လဲ ဝလောက်ပါပြီး။မွေးနေ့ ကန်ထရိုက်ယူလိုက်တာလဲ အရှူံးပေါ်ပါတယ်။ ( :P မွေးနေ့ ရှင်ဆီက ပီဇာမှာကျွေးဖို့ ပိုက်ဆံရာချီ တောင်းပြီး မွေးနေ့ပွဲလာတဲ့သူကို ဆန်ပြုတ်တိုက်လို့ အရှူံး ပေါ်ရတာပါ)။ဟော်လီးဒေး တနှစ်ဆိုတာလဲ ကိုယ့်အတွက် အများကြီးပဲ။ ဒီတနှစ်အတွင်းမှာ ကိုယ်မေတ္တာတွေ တပုံတပင် မသယ်နိုင်အောင် ရလိုက်တယ်။ သံယောဇဉ်တွေကို ခြင်ထောင်ပေါင်း မြောက်များစွာလှန်ပြီး ထည့်ထားရတယ်။ ပျော်စရာကောင်း၊လွမ်းစရာကောင်း၊စိတ်ညစ်စရာကောင်း ၊ဒေါသဖြစ်စရာကောင်းနဲ့ ရသပေါင်းစုံပါပဲ။

တစ်ယောက်တည်း အထီးကျန်တဲ့ ဘဝထက်စာရင် ခုလို ဘဝက နေပျော် သေပျော်ပါတယ်။ ဒါပေမယ့်လည်း ဘဝပေးတဲ့ နေရာမှာ နေရမှာပဲ။ ခုအလုပ်ကို ကြိုးစားရှာနေပါတယ်။ တကယ်တမ်း ဆိုက်ပရပ်စ်ကို မပြန်ချင်ပေမယ့် အမှန်တိုင်းဝန်ခံရရင် ဆိုက်ပရပ်စ်မှာ နေခဲ့ရတဲ့ အိမ်တွေ၊ ကိုယ်ပိုင်တဲ့ပစ္စည်းတွေနဲ့ ဆိုက်ပရပ်စ်က ဘဝကို အရမ်းလွမ်းတယ်။ လွမ်းတိုင်း ခဏခဏပြောလို့လဲ ကိုယ့်ကို ဒါနဲ့ဆို အကြိမ် ၁၀၀ ၊ဒါနဲ့ ဆို အကြိမ် ၁၆၀နဲ့ စကြနောက်ကြတဲ့ အထိပါပဲ။ ဘာပဲဖြစ်ဖြစ် အချိန်တန်ရင်တော့ တခုခုဖြစ်လာတာပဲ။ ခုလည်းဒီမှာ အလုပ်ကို ကြိုးစားရှာနေပါတယ်။ ပွဲစားများရှိရင်ပြောပါ။ ရှောင်မလို့ပါ။

ဒီလိုနဲ့သံသရာ လည်ရင်း တနှစ်ပင်ပြည့်တော့မည် ဖြစ်ပါကြောင်း.....

ခုဆိုရင် ဖိုးစိန် အကြောင်းတစေ့တစောင်းတော့ ရိပ်မိမယ်ထင်ပါတယ်။

ဖိုးစိန်ကို ချစ်သူများရော.. မုန်းသူများရော…. ကြည့်မရသူများရော…. မချစ်တချစ် များရော… အားလုံးပျော်ရွင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်…။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်







23 comments:

ဖိုးသင်္ကြန် said...

စားပွဲလိုက်ထိုးမယ်လေ
ညနေတိုင်း ဝိုင်လေးတိုက်
စနေ တနင်္ဂနွေ ဆိုင်ကယ်လေးငှားရင်
တော်ပါပြီ

တကယ်ပါ

ကိုဇော် said...

ရေးတဲ့ စာတိုင်းတော့ လူတိုင်းနဲ့ ဘယ်အပ်စပ်မလဲ။
ဒီလိုပဲ ဖြစ်တတ်ပါတယ်လေ။
လူအမျိုးမျိုး စိတ်အထွေထွေ မဟုတ်လား။

Anonymous said...

ရေးတာတော့ အတည်ရေးထားတာပဲ ဖတ်တဲ့သူက အရယ်သန်တော့ တဟီးဟီး တဟားဟား...ဖတ်ရတယ်...

ရေးပါ ရေးပါ စာလဲ ရေးပါ...ဟင်းချက်တိုင်းလဲ ဆော့ပါ...မွေးနေ့လဲ လုပ်ပါ...gym လဲ သွားပါ...အလုပ်လဲ မကြာခင် ရတော့မှာပါ...

း)

Anonymous said...

စာရေးကောင်းလို့ မကြာမကြာလာဖတ်ဖြစ်ပါတယ် ဆက်ရေးပါ အားပေးပါတယ် .. အလုပ်လည်းအမြန်ရပါစေ ဗျာ ...

ma mie nge

Anonymous said...

အင်းလေ ..
အချိန် တစ်နှစ်ကလည်း
မြန်လိုက်တာ ..
တစ်နှစ်ပြည့်
ကလပ် သွားမယ် .. :D

ခင်မင်လျှက်

Anonymous said...

ကြိုးစားသမျှအောင်မြင်လို့ 
အောင်မြင်ပျော်ရွှင်ပြီးကံကောင်းခြင်းတွေနဲ့ဆုံနိုင်ပါစေလို့
့ဆုမွန်ကောင်းတောင်းလျှက်

ဧပရယ်လ်ပူး@ပူးတေ said...

တနှစ်က ဘာမှမဟုတ်လိုက်သလိုပဲနော်.... မြန်လိုက်တာ.... အလုပ်မြန်မြန်ရပြီး ကိုဖိုးစိန် စလုံးမှာပဲ ညီအစ်ကိုမောင်နှမတွေနဲ့ ပျော်ရွှင်တာပဲ မြင်ချင်ပါတယ်... ဆိုက်ပရပ်စ်ကို မပြန်စေချင်ဘူး..

အလုပ်မြန်မြန်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

ခင်မင်စွာဖြင့်
ပူးတေ

Zephyr said...

မနေ့က ဧရာဝတီမှာတွေ့တော့ ဗိုက်က ပုံမှန်ပါပဲ။ သိပ်မသိသာပါဘူး။

အခုအချိန်မှာ အလုပ်ပေါတဲ့အတွက် အဆင်မပြေစရာမရှိပါဘူး ....။

Mon Petit Avatar said...

Please keep writing.

Anonymous said...

ဆိုက်ပရပ်စ်က S'pore ထက် သာမယ်ထင်တယ်။
ကိုယ့်ညီကြည့်ရတာ ''မ''ဘက်လိုက်လို့ ''မိုက်'' ဘက်ပါတာဖြစ်မယ်ထင်တယ်။
စာတော့ရေးဖြစ်အောင်ရေးပါ။
ဒါနဲ့စကားမစပ်
ကလေးမချစ်တတ်ရင် ကလေးထုတ်လုပ်ရေးလဲ မစဉ်းစားနဲ့ဦးနော~~~~~~~~

Anonymous said...

ကိုဖိုးစိန်ဆိုက်ပရပ်မှာနေတုန်းကစာရေးစိပ်သလိုပဲ။
ခုစကာင်္ပူမှာ အပျော်များနေတာလား။
ကော့မန့်မပေးပေမယ့် အသစ်တင်တိုင်းပြေးပြေးဖတ်ပါတယ်။

ဆိုက်ပရပ်တကယ်ပြန်တော့မှာလား။
ဒီမှာအလုပ်ရှာပါဦး။
ကိုဖိုးစိန်နေတဲ့အိမ်က ပျော်စရာတွေ သတင်းတွေကြားရတိုင်း အပျော်ကူးမိပါတယ်။ နေတာလဲ ကိုဖိုးစိန်တို့နဲ့နီးနီးလေးပါ။
ပြန်ရင်စိတ်မကောင်းစရာပဲ။
ကိုဖိုးစိန်အလုပ်အဆင်ပြေပါစေ။
ဟင်းချက်ကောင်းတယ်ပြောတဲ့ကိုဖိုးစိန်လက်ရာကိုလဲ စားချင်ပါသေးတယ်။

စကားမစပ် ဘလော့မှာပျော်စရာရေးပေးမယ့် အပြင်မှာမာနကြီးသလိုပဲနော့ စိတ်ထင်မိတာ။

ငယ်

ဇွန်မိုးစက် said...

ဖိုးစိန်က စာရေးကောင်းတယ်၊ စာဖတ်သူတွေကို ကိုယ့်စာကတဆင့် ရယ်မောပြုံးပျော်အောင်လည်း လုပ်နိုင်တယ်။ အချိန်ရရင်တော့ စာတွေ ဆက်ရေးစေချင်ပါတယ်။
မဇွန်ခံစားရသလောက် အမှန်အတိုင်း ပြောရမယ်ဆိုရင် ဆိုက်ပရပ်စ်မှာနေတုန်းက ရေးတဲ့စာတွေကို ပိုပြီးအားရပါတယ်။
အချိန်တွေကလည်း အကုန်မြန်လိုက်တာနော်။ အလုပ်ရှာကြည့်ပါဦး။ ရသွားတဲ့အခါ ဆိုက်ပရက်စ်ကို အလည်ပြန်ပြီး ကျန်ခဲ့တဲ့ပစ္စည်းတွေသွားယူပေါ့။ မဇွန်တို့လည်း အလည်လိုက်ခဲ့မယ်လေ။း)

မောင်လေးဖိုးစိန် အစစအရာရာ အဆင်ပြေပျော်ရွှင် အောင်မြင်ပါစေ။

ခင်တဲ့
မဇွန်

အတွေးကမ္ဘာ..မှတ်တမ်း said...

ဖိုးသင်္ကြံန်ပြောတာ ထောက်ခံတယ်... သားလည်းလိုက်မယ်.. ချိုက်ပရက် ကို.. လွမ်းလို့..:P

သံလွင် HeRo said...

ကျန်းမာပါစေ....ချမ်းသာပါစေ.....
မွေးနေ့ပွဲများများကန်ထရိုက်ထပ်ယူနိုင်ပါစေး)

Anonymous said...

ဘာလို့စာရေးကျဲသွားတာလည်း အလုပ်ကလည်းရမှာပါ၊ စာလေးတော့ မှန်မှန်ဆက်ရေးပါနော်၊ စောင့်မျှော်ဖတ်ရှုပါကြောင်း အကြောင်းကြားအပ်ပါသည်။
အလုပ်ရရန် ဗေဒင်မေးပြီး ယဓရာချေပါ။ အမြန်ရမည် ထင်ပါတယ်။

aye nandar said...

ကိုဖိုးစိန်
စာတွေဆက်ရေးပါ။
စာတွေမရေးလို့ အားမလိုအားမရဖြစ်ပြီးကြည့်မရတာပါ။
အရင်လို အိမ်ကအကြောင်းတွေရေးပါ။
အမြဲအားပေးနေပါတယ်။ကော့မန့်တော့မရေးဖြစ်ပါဘူး။ပိုစ့်အသစ်တက်တိုင်းဖတ်ပါတယ်။
ဆိုက်ပရပ်ကိုတကယ်ပြန်ဖြစ်ရင်အကြောင်းကြားပါရှင့်။
ကိုဖိုးစိန်ကိုအပြင်မှာမုန့်ကျွေးပါရစေ။
စလုံးမှာလဲအလုပ်ကောင်းကောင်းဝင်ငွေကောင်းကောင်းရပါစေ။ဘာအလုပ်မျိုးကိုရှာနေလဲမသိဘူးနော်။
ဝိုင်းကူရှာပေးမယ်လေ။ပွဲစားခတော့မပေးပါနဲ့။
သုံးလခစာပဲပေးပါ။
ကိုဖိုးစိန်ပရိတ်သတ်

Anonymous said...

တို့က စိန့်ကို မုန်းတဲ့သူပါ။

စလုံးရောက်ကတည်းက စာလဲကောင်းကောင်းမရေး

တို့ကိုလဲ အရေးမလုပ်

သူ့ညီတွေအကိုတွေနဲ့ ပျော်နေတာကို ကြည့်မရလို့ မုန်းတာ။း)

ဆိုက်ပရပ်စ် တကယ်ပြန်တော့မှာလား။

လွမ်းလို့ကျန်ရစ်မှာကို အားနာပါတယ်လေ။

ဘယ်နေရာရောက်ရောက် ခေါင်းကိုက်တာကိုတော့ ဂရုစိုက်ပေါ့။

စိန် ပျော်ရွှင်ပါစေ။


KMM

Anonymous said...

ကောမန့်တွေ ဖတ်ရတာလည်း
ကိုယ့်စာကို တစ်ယောက်တည်း ထိုင်ပြီး
ကောမန့်ပေးနေသလိုပဲ။

ဟိုလူ ရေးသလိုလို ဒီလူ ရေးသလိုလိုဖြစ်အောင်လုပ်ပြီး
ကိုဖိုးစိန် ကပဲ ထိုင်ရေးနေတာလား ဟင်းးးး

ဖိုးစိန် said...

အပေါ်က ပေးခဲ့တဲ့ အနောနီးမတ်စ်တွေကိုတော့အားနာပါတယ်။

တချို့ က စာကြုံလို့ဖတ်ရင်း ကော့မန့်ရေးချင်တဲ့စိတ်ရှိရင် ရေးလို့ရအောင်...

တချို့သူတွေကနာမည်မပါပဲရေးလို့ ရအောင်.

တမင်သက်သက်ထားထားတာပါ။

ခု နောက်ဆုံးက အနောနီးမတ်စ်ကြောင့် စိတ်ရှုပ်ရတယ်။ အဲဒါကြောင့် အနောနီးမတ်စ် နဲ့ ကော့မန့်ပေးတာကို ပိတ်လိုက်ပါတယ်။

ဘာလို့များ အနှောက်ယှက်ပေးချင်တာပါလိမ့်။

ကောင်းကင်ပြာ said...

ပထမ ဆုံး ရေးတဲ့ အနောနီးမတ်စ် က မမ ပါ....ဘယ်မှာမှ ကွန်မန့် မရေးဖြစ်လို့ ကိုယ့် လူတွေ ဘလော့မှာ နောက်နောက် ပြောင်ပြောင် ရေးချင်လို့ အနောနီးမတ်စ်နဲ့ ရေးခဲ့တာပါ....

း)

မောင်မျိုး said...

ကိုစိန်က ဗိုက်ကြီးနဲ့ပေါ့လေ ဖြစ်ရလေ သိတောင်မသိလိုက်ဘူး ကွိကွိ

မိုးခါး said...

စာရေးကျဲတာကတော့ အလွန်အင်မတန်မတရား ပါပဲ .. ဒီလိုပေါ့လေ .. ပလီနေကြတာနဲ့ အားမှ မအားရပဲ .. :P

အလုပ်ရမှာပါ .. ဖိုက်တင်း .. ခုတောင် ခေါ်ချင်ကြ လွန်းလို့း))

ချစ်ညီမ :D

အန်တီချမ်း said...

အော် ဘာများဖြစ်သလဲလို့
အိုကေရင်ပြီးတာပါပဲလေ
အချိန်ကုန်တာကတော့ တကယ်မြန်တယ်