Wednesday, 2 September 2009

ဒိုင်ယာရီထဲကအုတ်ဂူ



ချမ်းစိမ့်စိမ့် ရှိလှတဲ့ ဆောင်းအဝင် နှင်းအငွေ့အသက်တို့နဲ့အတူ တိတ်ဆိတ်ငြိမ်သက် နေတဲ့ဒီနေရာလေးက ငြိမ်းချမ်းလှပါသည်... ဒီနေရာကို မရောက်ဖြစ်တာ တစ်နှစ်ကျော် နီးပါးကြာသွားခဲ့ပေမယ့် အရာရာတိုင်းက မပြောင်းလဲ သေးပါ... မြင်နေရတဲ့ အရာ တစ်ခုက နေပူဒဏ်ကြောင့် ဆေးသားတွေ အရောင်မှေးမှိန်သွားတာရယ် နွမ်းချောက် ပျက်ကြွေနေတဲ့ ပန်းလေးတွေ ပန်းအိုးကနေ ဟိုတစ်စ ဒီတစ ပြန်ကျဲနေတာရယ် လွင့်ကြွေကျနေတဲ့ သစ်ရွက်ချောက်တစ်ချို့ ကနှင်းငွေ့ ရိုက်ပြီး လေနဲ့အတူ ခြောက်ကပ်ကပ် စွတ်စိုလွင့်ပျံ့ နေတာရယ်ကလွဲ လို့ ဘာမှထူးခြားမှုမရှိပါ… သေချာတာကတော့ တစ်နှစ်လုံးလုံး ဒီနေရာကို ဘယ်သူမှ မရောက်လာခဲ့ဘူးဆိုတာ သက်သေ အပြဆုံးကတော့ သံချေးစွဲ မွဲချောက်နေတဲ့ ဆီမီးခွက်လေးပါပဲ...

ဖုန်သားကိုနှင်းငွေ့ ထုနက်မှုကြောင့် ဝိုးတဝါးဖြစ်နေတဲ့ အုတ်နံရံပေါ်က ပုံလေးကို ကျွန်တော့်လက်နဲ့ ပွတ်သတ်လိုက်တော့ ကျွန်တော့်ကိုပြုံးပြနေတဲ့ အမေကြီးပုံကို ရေးရေးလေမြင်ရတယ်… နှစ်ခေါက်သုံးခေါက် လောက်ပြောင်အောင်သုတ်လိုက်တော့ အေးချမ်းမှုရှိလှတဲ့ အမေကြီးမျက်နှာ ကိုရှင်းရှင်းမြင်လိုက်ရတယ်... အမေကြီးကိုပြုံးပြရင်း ပထမဆုံးအကြိမ်အနေနဲ့ ဂရိလို “ကောင်းသော နံနက်ခင်းပါအမေကြီး” လို့နှုတ်ဆက်မိတယ်… အမေကြီးက ဂရိလို နှုတ်ဆက်သံ ကြားရင်ဝမ်းသာမှာပါ…

“ကျွန်တော်အလုပ်တွေများပြီးမလာအားတာကိုခွင့်လွှတ်ပေးပါ… မနေ့ က အမေကြီးသမီး အင်္ဂလန်ကနေ ဖုန်းဆက်မှ ဒီနေ့ အမေကြီး ဆုံးတာ (၄)နှစ်ပြည့်တယ်ဆိုတာသိရတယ်.. အမေကြီးသမီးလာလိမ့်မယ်… ဘယ်အချိန်လဲဆိုတာ ကျွန်တော်လဲမသိဘူး အမေကြီး..အခု တော့ တစ်နှစ်စာပျက်ကွက်ခဲ့တာကို အကြွေးဆပ်ပါရစေအမေကြီး”...

ကျွန်တော်စကားဝအောင်ပြောပြီးတော့ အသင့်ယူလာတဲ့ အဝတ်စုတ် နဲ့ အုတ်ဂူပေါ်မှဖုန်တွေကို သုတ်နေမိတယ်... နှင်းငွေ့ ကြောင့်ဖုန်တွေဗွက်လိုထနေ လို့ သုတ်ရတာမလွယ်လှပါဘူး..ရှင်းသွားတဲ့အုတ်ဂူပေါ်က ပန်းအိုးချောက်ရယ် ဆီမီးခွက်ရယ်ကို အမှိုက်တောင်းထဲ ထည့်လိုက်ပြီးတော့ အသင့်ယုလာသော ဆေးနဲ့ အုတ်ဂူကို ပြာလွင်လွင်အရောင်လေး သုတ်လိုက်ဖို့ ဆေးဖျော်တယ်… ဆေးသုတ်နေချိန်မှာ အတွေးတွေက ဟိုးအရင် (၄)နှစ်ကျော်ကာလဆီကို........


ဆိုက်ပရပ်စ်ကို ရောက်တာ တစ်လ နီးပါးရှိသွားပေမယ့် အခုထိ အလုပ်ဆိုတာမယ်မယ်ရရမရှိဘူး... ကျောင်းကလည်း အလုပ်ရှာပေးမယ်ပြောပေမယ့် အလုပ်လို ချင်တဲ့သူတွေက အများကြီးဆိုတော့ ကိုယ်အလှည့်က ဘယ်တော့လဲဆိုတာ မသေချာဘူး... ဒီကိုရောက်သာရောက်လာတယ် ... ပိုက်ဆံက အပိုဆို လို့ ဒေါ်လာ(၅၀)တောင် မကျန်တော့ဘူး.. ရောက်တာနဲ့ နောက်နေ့ကျ အလုပ်ရ အောင်ကျောင်းက တာဝန်ယူတယ်ဆိုတဲ့ အေးဂျင့် စကားကို အပြည့်အဝယုံမိတာရယ်… မိဘ ကို ထပ်မတောင်း အပူမကပ်ချင်တော့ တာရယ်ပေါင်းပြီး ရောက်ရင်ပြီးရော ထွက်လာလိုက်တာ အခုတော့ အခက်တွေ့ နေပြီး… တစ်ရက်နှစ်ရက်ဆို ပိုက်ဆံက လုံးဝကို သုံးစရာ မရှိတော့ မယ့်အခြေအနေ... ရှိတဲ့မြန်မာတွေကလည်းသူ့ အပူနဲ့ သူဆိုတော့ မချေးချင်.. ကြိတ်မှိတ်ပြီး အလုပ်ကိုသာ အပူတပြင်းထွက်ရှာမိတယ်... ရှိတဲ့အလုပ် ရရာအလုပ် လုပ်တော့မယ်လို့ ဆုံးဖြတ်ထားတောင်မှ.. ကျောင်းသားဆိုရင်အလုပ်လုပ်ခွင့်မရှိလို့ ခေါ်မခိုင်းရဲဘူး... ဂရိစကားမတတ်ရင် အလုပ်ရဖို့ မလွယ်ဘူးဆိုတဲ့ စကားတွေရယ်… မြို့ အနေအထားနဲ့ လူ တွေအထာကိုမနပ်သေးတာရယ်ကြောင့် ခြေတိုအောင် လမ်းလျှောက်လို့ တနေကုန် အလုပ်လိုက်မေးပေမယ့် အိမ်ကို စိတ်ပျက်လက်ပျက် မောပြီးပြန်လာတာပဲ အဖတ်တင်တယ်… စိတ်ဓာတ်တွေ အဝေစိရောက်လို့ မျက်ရေတွေကျခဲ့ရတယ်... ဒါပေမယ်နောက်နေ့ ဆိုတဲ့ စိတ်နဲ့ အတင်းအိပ်ပြီး နောက်နေ့ ခရီးတွေကို ဆက်ခဲ့တယ်..

တစ်ရက်တော့ အလုပ်လိုက်ရှာရင်းနဲ့ မျက်စိလည်ပြီး သင်းချိုင်း တစ်ခုနားကိုရောက်လာခဲ့တယ်... ကိုယ်နိုင်ငံ ကိုယ်မြို့ကလို သင်းချိုင်းမျိုးမဟုတ်ဘဲ သန့်ရှင်းသပ်ရပ်နေတော့ စိတ်ဝင်စားပြီး စပ်စုချင်တာနဲ့ သင်းချိုင်းထဲကိုဝင်မိတယ်... စီစီရီရီရှိလှတဲ့အုတ်ဂူတွေမှာ အမည်နဲ့အသက်တွေ ဓာတ်ပုံ တွေကို လျှောက်ကြည့်နေမိတယ်.. တစ်ချို့ အုတ်ဂူ က ပန်းတွေဝေနေပေမယ့် တစ်ချို့ တစ်လေကျတော့ ရှင်းလင်းပုံ ပင်မရ… ဒါပေမယ် သပ်သပ်ရပ်ရပ် တော့ရှိသေးတယ်.. ဟိုဟိုဒီဒီ လိုက်ကြည့်ရင်း တံမျက်စည်းလှည်းနေတဲ့ဂရိ အဖိုးကြီးတစ်ယောက်ကိုတွေ့ တော့ စိတ်ကူးတစ်ခုရပြီး
အရဲ စွန့် ကာ အင်္ဂလိပ်လို

“ဟဲလို ဦးလေး.. ဒီမှာ အလုပ်လေး ဘာလေးရနိုင်မလား..ကျွန်တော်အလုပ် တစ်ခုလောက်လို ချင်လို့”

ထိုဦးလေးက ကျွန်တော့်မျက်နှာကို ပြုံးပြုံးကြီးမော့ကြည့်ပြီး

“မင်းကဘာလုပ်တတ်လို့လဲ ” လို့ အင်္ဂလိပ်လို ပြန်မေးတယ်..

ကျွန်တော်လည်းသူ အင်္ဂလိပ်လို ပြောတယ်ဆိုတော့အားတက်ပြီး
ကျွန်တော်အလုပ်ရှာနေတာ ဦးလေးလို တံမျက်စည်းလှည်းတဲ့ အလုပ်ရနိုင်မလား” လို့ မေးတော့

အဘိုးကြီးက “ကောင်လေး… မင်းအလုပ်ရှာရမှာဒီနေရာမဟုတ်ဘူး..မင်းနဲ့လဲမဆိုင်ဘူး ..ဒီမှာက ဝန်ထမ်းတွေအလှည့်ကျလုပ်တာ..”

“ဖြစ်နိုင်ရင်လုပ်ပါဦးလေးရယ် တစ်ရက်ရရ တစ်နာရီရရ ကျွန်တော်လုပ်ချင်လို့ပါ”

“အေး..မင်းတကယ်လုပ်ချင်တယ်ဆိုရင် ဟိုမှာတွေ့လား အုတ်ဂူအသစ် ..ဆေးအပြာလေးသုတ်ထားတယ်... ဆုံးတာ မနေ့ တစ်နေ့က ..သူတို့က အင်္ဂလန်က... ဟိုနေ့ကတော့သမီးလုပ်သူ ကငါ့ကိုမေးဖူးတယ်… တစ်ပတ်တစ်ခါဖြစ်ဖြစ် တစ်လတစ်ခါဖြစ်ဖြစ် လာရှင်းနိုင်တဲ့သူ... မင်းကို သနားလို့ငါသူ့ ဖုန်းနံပတ်ပေးလိုက်မယ် သူ သဘောကျတော့လုပ်ပေါ့… နင့်သဘောဘဲဆိုပြီး” ဖုန်းနံပတ်ပေးပြီးထွက်သွားတယ်..

(နောက်ရက်တွေမှာအဘိုးအို ကိုလိုက်ရှာမိပေမယ့်လုံးဝကို မတွေ့ တော့ဘူး.....)

ကျွန်တော်လဲဝမ်းသာအားရနဲ့ အုတ်ဂူလေးဆီကို အပြေးသွားလို့ ကြည့်မိတယ်..
ပထမဆုံးအကြိမ် အမေကြီးမျက်နှာကို မြင်ဖူးတာ … အမေကြီး ဆုံးတော့ အသက်က (၆၃)နှစ် .. အမေကြီးရေ..အမေကြီးသမီး ကျွန်တော့်ကို ဒီအလုပ်ပေးအောင်ဆုတောင်းပေးပါ..ကျွန်တော့် သေချာရှင်းပေးပါမယ်ဗျာ..လုပ်ပါဗျာလို့ စိတ်ထဲကဆိုရင် ဖုန်းခေါ်မိတယ်..ဖုန်းစကားပြောတော့ အမေကြီးသမီး က အနည်းဆုံးနှစ်ပတ်တစ်ခါလာရှင်းပေးနိုင်ရင် လုပ်လို့ ပြောတယ်... ကျွန်တော်ဖြစ်ပျော်လိုက်တာ ..

လုပ်ရမှာကအုတ်ဂူဝန်းကျင်ကို တံမျက်စည်းလှည်းပေးရမယ်… ပန်းလဲပေးရမယ်… ဆီမီးအမွှေးထွန်းပေးရမယ်ဆိုတာပါ… လာတဲ့ရက်ကို (၂၀) ပေါင်ပေးပြီး ပန်းဖိုးနဲ့ ဆီမီးဖိုး က (၁၀)ပေါင်.. အားလုံး ပေါင်(၃၀)..ပိုပိုလိုလို ပြန်ပေးစရာမလိုတဲ့ ... (အဲဒီတုန်းက ပေါင်(၂၀) က တစ်လ စာလုံလောက်တယ် ချွေတာစားရင်... အဲဒီလိုလဲ ချွေတာခဲ့ပါတယ်)
အလုပ်ရမယ်ဆိုလို့ ဝမ်းသာပေမယ့် အိမ်ပြန်ရောက်တော့

“အင်... မိဘက ပညာသင်ဖို့ရှိသမျှ ငွေတွေ အကုန်ခံပြီးလာစေခဲ့တာ အခုတော့ သင်းချိုင်းမှာ အလုပ်လုပ်ရမယ်..သုဘရာဇာ များဖြစ်နေပြီးလားမသိဘူး အမေသိရင် ရင်ကျိုးမှာဘဲ..ငါ..မိဘသိက္ခာချသလိုများဖြစ်နေပီလား...”

“ဟေ.. နင်မလုပ်လို့ရှိရင် ဘယ်က ပိုက်ဆံရမလဲ နင်ပြန်မှာလား..ဆက်နေပြီးဘဝကိုစမှာလား...နင်ရွေးခဲ့တဲ့လမ်း နင်လျှောက်ရမယ် ..ဘာမှ လာပြီး မိဘကို ဆွဲမထည့်နေနဲ့ .. နင်အလုပ်မရှိလို့ ပြန်ရင် နင်ရလာဒ်ကဘာလဲ ... အလုပ်ဟူသမျှဂုဏ်ရှိစွကွ”

“မဟုတ်သေးပါဘူး... ရှက်စရာကြီးနော်..သင်ချိုင်းမှာလုပ်တာ..ပညာတွေသင်ထားပြီးတော့ ..တခြားလူတွေသိရင်နင့်ကို ပြောကြတော့မှာ..နင်လုပ်စရာမလိုဘူး...နင့်မှာမိဘရှိသေးတယ်”

”ဟေ့ကောင်..ရှည်ရှည်ဝေးဝေးမစဉ်းစားနဲ့ မနက်ဖြန်သွား...ခိုးစားတာမဟုတ်ဘူး..
အလုပ်လို့ သဘောထား..နင့်ဆွေမျိုးလို့ သဘောထားလုပ်..ဒါဘဲ ..နင်ဘာကောင်လဲဆိုတာ နင်ဆုံးဖြတ်ဖို့ မလိုဘူး...ဆုံးဖြတ်ရမှာက မနက်ဖြန်သွားဖို့” ဆိုတဲ့အကောင်းအဆိုးအတွေးတွေက မိုးလင်းထိပါပဲ......

နောက်ဆုံးတော့လဲ အမေကြီးဆီကိုရောက်ခဲ့ရတယ်... ဒီလိုနဲ့ လတိုင်းနှစ်တိုင်းမှာ အမေကြီးဆီကို လာဖြစ်တယ်..
မေတ္တာပို့တယ်… အမျှဝေတယ်… ကျွန်တော်ပြောချင်တဲ့ စကားတွေ လိုချင်တာတွေ တောင်းတာကိုလဲ အမေကြီးက နားထောင်ပေးတယ်နော်... လွန်ခဲ့တဲ့နှစ်ကလွဲလို့ ပေါ့..အကြောင်းက သမီးလုပ်သူက အင်္ဂလန်ကို အလုပ်နဲ့ ပြောင်းသွားတဲ့အချိန်ကစလို့ မလာဖြစ်တော့တာပါ...

စဉ်းစားနေလိုက်တာ အချိန်ဘယ်လောက်ပင် ကြာသွားသလဲ မသိ… ဆေးတွေတောင်ချောက်နေပြီး... အခုမှ အုတ်ဂူလေးက ပြာလွင်လွင်နဲ့ နေရောင်ရကာစ မနက်ခင်းအောက်မှာလှပလို့နေတယ်... အသစ်ဝယ်လာတဲ့ ဂန္ဒမာပန်းဖြူဖြူတွေကို အမေကြီး ဓာတ်ပုံနားမှာထားပြီး ပန်းနံ့ပါတဲ့ ရေမွှေးလေးကိုဖျန်းလိုက်တယ်... ကြာကြာခံတဲ့ ဂန္ဒာမာပလတ်စတစ်ပန်းဖြူဖြူတွေကိုလည်း
အုတ်ဂူရဲ့ခေါင်းရင်းမှာထားလိုက်တယ်.. ဆီမီးခွက်အသစ်လေးကိုလည်း ထွန်းလိုက်တော့ အုတ်ဂူလေးက အေးချမ်းမှုအပေါင်းနဲ့ ပြည့်စုံသွားတယ်...

အမေကြီးဆီရောက်ရင် လုပ်နေကျထုံးစံအတိုင်း မေတ္တာသုတ်ကိုရွတ်ပြီး အမေကြီးနဲ့ တကွ ရှိရှိသမျှကိုမေတ္တာပို့ အမျှဝေလိုက်တယ် ဦးသုံးကြိမ်ချပြီးထိုင်နေချိန်မှာတော့ ကျွန်တော့်နာမည်ကို အက်ကွဲကွဲ နဲ့ ငိုသံရောခေါ်လိုက်တာက အမေကြီးရဲ့ သမီး… လှည့်ကြည့်ပြုံးပြပြီးတော့ ကျွန်တော့်ကို အနမ်းနဲ့ နှုတ်ဆက်ပြီး..

“အို...ဆွိတီ... ငါလုံးဝမထင်ထားဘူး... ငါအခု လေယာဉ်ဆိုက်ဆိုက်ချင်း ဒီကိုတန်းလာတာ… လူရှာပြီးဒီနေရာလေးကို ရှင်းခိုင်းမလို့ … အခုငါ့အမေရဲ့ အုတ်ဂူကို ဒီလိုမြင်လိုက်ရတော့ ဝမ်းသာလိုက်တာ.. ဝမ်းနည်းပြီးလဲငိုချင်တယ်... ငိုလဲငိုမိတယ်...ကျေးဇူးအရမ်းတင်တယ်...”

”မဟုတ်တာ..ကျေးဇူးတင်ရမှာက ငါ..ကျေးဇူးရှင်က နင့်အမေအုတ်ဂူ… နင့်အမေအုတ်ဂူလေးက ငါ့ကိုဒီနိုင်ငံမှာ ပထမဆုံး ပိုက်ဆံပေး...အလုပ်ပေးတဲ့အုတ်ဂူလေ... နင့်အမေအုတ်ဂူကြောင့်နင်နဲ့သိပြီး နင်ပေးတဲ့အလုပ်တွေရခဲ့တယ်… ဘဝလမ်းဆိုတာကို ဟန်ချက်နဲ့ မာန်မပျက်လျှောက်နိုင်လို့ ငါဒီလိုဖြစ်လာတယ်လေ....ပြီးတော့ ငါ့ကိုနင့်ဖုန်းနံပတ် ပေးခဲ့တဲ့ဦးလေး ဒါတွေဟာ ငါ့ဘဝရဲ့ ဘယ်တော့မှမေ့လို့ မရမဲ့သူ နဲ့ နေ့ရက်တွေ”လို့ ပြန်ပြောခဲ့တယ်..

ကျွန်တော့်ရဲ့အိမ်အပြန်လမ်းမှာတော့ ဝမ်းနည်းမှုတွေ နဲ့ အတူ ကြည်နူးမှုတွေ ရောလို့ ပြုံးနေရင်းနဲ့ မျက်ရည်တွေက တသွင်သွင်... လေနုအေးလေး မျက်နှာပေါ်ဖြတ်တိုက်သွားတော့ စီးကျနေတဲ့ မျက်ရည်များက အေးမြလို့ နေလေရဲ့…..

ကျွန်တော့်ရင်ထဲ ဒိုင်ယာရီထဲ ကအုတ်ဂူလေးပါ...... မမေ့ပါဘူး.....

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

27 comments:

မနော်ဟရီ said...

သမာအာဇီဝနဲ့ ဘယ်သူ့ကိုမှလည်းမထိခိုက်တဲ့ အလုပ်တွေအားလုံး
သိက္ခာရှိပါတယ်။ သူတစ်ပါးကိုလှည့်ဖျား တာမှမဟုတ်တာ ခုမှဖတ်ရ
ပေမယ့် တကယ့်ကိုကောင်းတဲ့ပို့စ်လေးပါ ကျေးဇူးဆိုတာ မမေ့တတ်
သူတွေတွက်သာဖြစ်ပါတယ်။

yangonthar said...

အရမ်းကောင်းတဲ့ ပိုစ့်လေးပါ အစ်ကိုရေ
ပီတိတွေလည်းဖြစ်ရပါတယ် ဇွဲတွေကိုလည်း
တွေ့ ရပါတယ် ကျေးဇူးတရားတွေကိုလည်း
လေးစားရပါတယ် ဖြောင့်မှန်တဲ့ အသက်မွေး
မှုကို လုပ်ဖို့ ဘယ်တော့မှ မရှက်ဘူးလို့ လည်း
မှတ်သွားပါတယ်
ကျေးဇူးတင်ပါတယ်အစ်ကို အရေးအသားက
ကောင်းလွန်းလို့ အဲဒီ အပြာရောင် အုတ်ဂူလေးနားကို ရောက်
သွားသလို အထင်းသားအလင်းသားမြင်နေရ
ပါတယ်
ခင်တဲ့ 
ရန်ကုန် :D
အဆင်ပြေပါစေ

မြစ်ကျိုးအင်း said...

တော်လိုက်တာ သူငယ်ချင်းရာ တကယ်ကို လေးစားမိပါတယ်။
အလုပ်ကိုစေတနာပါပါလုပ်ခဲ့သလို
ကျေးဇူးတရားကိုလည်း မမေ့တဲ့ သူငယ်ချင်း အမြဲတမ်း အဆင်ပြေမှာပါ။

သုဒြေ္န said...

ညီလေး နေကောင်းအောင်ကြိုးစားနေနော် အားငယ် တဲ့ စိတ်တွေအဝေးကိုလွှင့် ပစ်လိုက်ပါ ဒီပို့ လေးက တကယ်တော့  အဟောင်းလေးပါ..ကောင်းနေဆဲပေါ့  ၇င်ထဲကိုတိုးဝင်စေတဲ့ အရေးသားတွေနဲ့  ညီလေးကို ရင်းနှီးခဲ့ စေတာလဲဒီပို့ စ်လေးပါဘဲညီလေး၇ယ့် များစွာသောချစ်ချင်းမေတ္တာများဖြင့် ကိုကြီး သုဒြေ္န

တောင်ပေါ်သား said...

အကိုရေ ဒီပိုစ့်လေးကို ဖတ်ပြီး ကိုယ့်ဟာကိုယ် ပြန်ကြည့်နေမိတယ်။ ကျနော် ဘာမှ အရာမရောက်သေးပါ့လားဆိုတဲ့ အသိပဲ ရတယ်ဗျာ.. တကယ့်ကို လေးစား အားကျပါတယ်။ ဘ၀မှာ ဘာလောက်ပဲ အောက်ကျသိမ်ငယ်တဲ့ အလုပ်ကိုမဆို သမ္မာအာဇီဝနဲ့ ရှာဖွေရတာသည် အမြတ်ဆုံးပါ။ တကယ့်ကို ဘာပြောရမှန်းတောင် မသိအောင် စိတ်ထဲက ချီးကျူးမိပါတယ်။ ကျနော်လဲ တတ်နိုင်သလောက် ဒီလိုစိတ်လေး မွေးမြူဖို့ လုပ်ရဦးမယ်ဆိုတာ သိလိုက်ရတယ်

လေးစားလျက်
တောင်ပေါ်သား

မငုံ said...

သိပ်ကောင်းတဲ့ပိုစ့်လေးပါ။ ကျေးဇူးရှင်ကို ခုထိသတိတရရှိနေတာ တော်တယ်။ ပထမဆုံးအလုပ်က ဒီလိုရှာဖွေပြီး ရခဲ့တယ်ဆိုတာ သိရတော့ စိတ်မကောင်းပါဘူး။ ဘာပြောပြော အခုအဆင်ပြေနေပြီမလား။ ဆက်လက်ပြီး ပိုအဆင်ပြေပျော်ရွှင်ပါစေလို့ လာဆုတောင်းပေးတယ်နော့။

အိန္ဒြာ said...

တကယ့်ကို လှိုက်လှိုက်လှလှချီူးကျူးမိပါတယ်..ဖိုးစိတ်ရေ..။

ဒီအကြောင်းအရာလေးကို..သေသေသပ်သပ်တိတိကျကျလှလှပပရေးရးပြသွားတာရော..

ဒီအကြောင်းအရာလေးကိုရောပေါ့..

အားတင်းထား..
အရှေ့မှာ..ရောင်ခြည်..လက်တကမ်းထဲ..

မဝေးတော့ဘူးလေ...

kiki said...

ကျေးဇူးသိတတ်တဲ့ ဖိုးစိန်လေး ။
သမ္မာအာဇီဝ အလုပ်တွေ နဲ့ ဘဝကို ရင်ဆိုင်ရဲတဲ့  ဖိုးစိန်လေး ။

ကျန်းမာပါစေ ။ အရာရာ အဆင်ပြေပါစေ ။

(ကျန်းမာရေးက အရေးကြီးတယ် နော် ။ကိုယ့်ဟာကိုယ်ဂရုစိုက် နေပါ )

ခင်တဲ့
မကိ...

kaungkinpyar said...

စိန်ရေ မျက်ရည်လည်မိပါတယ်၊ ဘယ်သမာအာဇီဝ အလုပ်ဖြစ်ဖြစ် ဂုဏ်ရှိပါတယ် မောင်လေးရယ်၊ နေကောင်းအောင် နေနော်၊တယောက်ထဲ နေရတဲ့ အချိန်မှာ ကိုယ်ဘာသာ ဂရုစိုက်မှ ဖြစ်မှာကွ၊မိဘတွေ ကို လုပ်ကျွေးချင်တဲ့ သားလိမ္မာလေး အစစ အဆင်ပြေ ပါစေ

အိုက်ခီလောက် said...

ချစ်ကိုယောက်ဖေ၇ အားကျတယ်ဗျာ အလုပ်ကို အလုပ်နဲ့ တူအောင်လုပ်တာ
ယောက်ဖခြေရာမှီအောင် အတော်လှမ်းရအုန်းမယ်ထင်တယ်ဗျ
ဘာအလုပ်ဖြစ်ဖြစ် အားတင်းပြီးအားမွေးပြီးလုပ်တတ်တဲ့ချစ်ကိုယောက်ဖကိုလည်း အားကိုးတယ် အားကျတယ်
ပြီးတော့စေတနာ ပေးပြီးအကောင်းဆုံးဖြစ်အောင်လုပ်ပေးတယ်နော်
စေတနာအကျိုးပေးတာ ဒီထက်မက ပိုရပါစေလို့ ဆုတောင်းပေးတယ်ချစ်ကိုကြီးယောက်ဖရေ

သမီးပျို said...

ကောင်းလွန်းလို့ဘာပြောရမှန်းတောင်မသိတော့ဘူး သမီးပျိုသာ သူ့သမီးဖြစ်ရင်တော့ ကိုယ့်မေမေကို ဂရုစိုက်တဲ့ ထောင်ထောင့်ကို အင်္ဂလန်ခေါ်သွားပြီး အလုပ်ပေးမိမယ် တကယ်ပြောတာ

seng said...

ဖိုးစိန်ရဲ့ ပို့တွေဖတ်တိုင်း
ရင်ထဲမှာအမြဲခံစားရတယ်...
တိမ်ငယ်စရာ..အားငယ်စရာဘာမှမရှိပါဘူး...
ကိုယ်တော့ ဖိုးစိန်ရဲ့စာတွေဖတ်ပြီးအမြဲခွန်အားယူတယ်..
ဇွဲရှိပြီး တကယ်ကြိုးစားနိုင်တဲ့သူမို့ပေါ့....
ပျော်ရွှင်ပါစေ....

ချစ်ခင်စွာဖြင့်

ပြည့်စုံ said...

ကိုဖိုးစိန်ရေ...

အရမ်းကောင်းတဲ့ပို့စ်လေးပါ...

စေတနာကောင်းရင် ကံကောင်း၏တဲ့
ဒါကြောင့် မေတ္တာတွေ ရောင်ပြန်ဟတ်စေတာပေါ့ဗျာ...

လေးစားချီးကျူးမိပါတယ်...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

ကိုလူထွေး said...

ဒီအလုပ်နဲ့ မိဘကို လုပ်ကျွေးနေတဲ့သားသူတော်ကောင်းမို့...

နတ်ကောင်းမမှာပါ ဖိုးစိန်ရာ...

နောက်ပြီး ဒီအလုပ်မျိုးဆိုတာ မွန်မြတ်ပြီး ကုသိုလ်ရပါတယ်...

အိမ် said...

အဟေဟေ.. ကိုယ့်ဆရာပြောပုံက.. ကိုယ့်ဆရာ ပိုက်ဆံရဖို့ပဲ သူ့အမေက သေပေးသလိုလို.... ကြည့်လုပ်နော်... တော်ကြာ ကျနော်လို စကားကပ်တဲ့သူနဲ့တွေ့လို့ ဟုတ်ပေ့ဖြစ်နေမယ်.. ဟီး...။
လေးစားပါတယ်.. ယောကျာင်္းဆိုတာ အဲဒါပဲဗျ ဘဝကို ဒေါင်ကျကျ၊ ပြားကျကျရင်ဆိုင်ရဲတာ အဲဒါမျိုးကို ကြိုက်တာ.. တောက်... နှမမရှိလို့ ရှိရင် ပေးစားပြီး ဂုဏ်ပြုလိုက်ချင်သေးတယ်ဗျာ...။.. ဒါမှမဟုတ် အကို့မှာ ရှိလားဟင်.... ဂုဏ်ပြုချင်လို့ပါနော်... ဟီးဟီး

နွေးနေခြည် said...

သူတပါးစိတ်ဆင်းရဲမှရတဲ့ ငွေမျိုးမဟုတ်ရင် သန့်စင်ပါတယ် ကိုဖိုးစိန်ရေ...
ဒါလည်း မွန်မြတ်တဲ့အလုပ်တခုပါ။ လူတိုင်းကိုဖိုးစိန်လို စိတ်မျိုးနဲ့မလုပ်နိုင်ကြပါဘူး။ ဒီလိုစိတ်ထားလေးနဲ့ လုပ်နိုင်တာ ဂုဏ်ယူပါတယ်။

ကိုယ့်ကျန်းမာရေးလည်းဂရုစိုက်ပါနော်

Mogok Thar said...

ဖတ်ဖူးပြီးသားလေးပါ။ မဖတ်ရသေးသူတွေအတွက်တော့ အသစ်ပေါ့။ ပို့စ်ကောင်းလေးကို ခုလို ပြန်တင်ပေးတော့ ပြန်ဖတ်ရတာပေါ့ဗျာ။

အလုပ်ဟူသမျှ ဂုဏ်ရှိစွ တဲ့။ (မကြီး ပြောသလို သမာအာဇီဝ အလုပ်အားလုံးကို ဆိုလိုပါတယ်)

နောက်ပီး သူတထူးရဲ့ ကျေးဇူးကို သိတတ်သူရဲ့ စိတ်ဓာတ်ဟာ ဘယ်တော့မှ မတိမ်ကောဘူး တဲ့။ (ကျေးဇူးသိတတ်သလို ကျေးဇူးပြုတတ်၊ တုံ့ပြန်တတ်တဲ့ စိတ်ဓာတ်ကို တကယ်ပဲ ချီးကျူး လေးစားပါတယ်)

မျက်ရည်ကလဲ ထစ်ခနဲဆို ကျ ကျနိုင်လွန်းတယ်။ ကျတဲ့ မျက်ရည်တိုင်း ၀မ်းမြောက်ပီတိတွေ အတွက်သာ ဖြစ်စေဖို့ ဆုတောင်းပေးပါတယ်။

မျောက်မျောက်ကို
ချစ်ခင်လေသော

ကိုမောင်ဟန်

Julian said...

ကိုယ့်ပီတိနဲ့ကိုယ်ကျေနပ်နေရတဲ့အခိုက်အတန့်
ဘ၀ဟာကျေနပ်စရာ
ရုန်းကန်လှုပ်ရှားနေရတဲ့ဘ၀ထဲမှာ
အခိုက်အတန့်ကျေနပ်ဝမ်းမြောက်မှုဟာ
ပြန်သတိရတိုင်း အမောပြေစေပါတယ်

ဂျူ

Angel Shaper said...

ကိုကြီးစိန်...
ပထမဆုံး အလုပ်ကို ဖတ်ရတော့ စိတ်မကောင်းဘူး မျက်ရည်တောင် ၀ဲမိတယ်။ ဒါပေမယ့် အကို့ စေတနာစိတ်ကို လေးစား အတုယူသွားပါ့မယ်။
စေတနာရဲ့ အသီးအပွင့်တွေ မြင်ရမှာပါ။
စိတ်ဓာတ်ကို လေးစားချီးကျူးပါတယ် အကို။
အောင်မြင်ပျော်ရွှင်ပါစေနော်။

မယ်ကိုး said...

လူငယ်တွေအတွက် တကယ့်ကိုလေးစားအတုယူစရာ စာကောင်းလေးပါ။
လေးစားခင်မင်စွာဖြင့်..

တာရာ said...

ကိုကြီးစိန်ရေ နေကောင်းသွားပြီလား... အခုမှဒီပို့စ်လေးကို ဖတ်မိတယ်... ကိုယ့်စေတနာကိုအကျိုးပေးမှာပါနော့... အလုပ်ဟူသမျှဂုဏ်ရှိစွလေ.. ဘာမှအားမငယ်နဲ့ .. တာရာတော့ အလုပ်တွေများတာမှ ဘလော့လောကနဲ့ အဆက်အသွယ်ကိုပြတ်နေတယ်... နောက်မှတွေ.မယ်နော်..

မိုးခါး said...

အင်း
ဟုတ်ပ
ဘာလို့ မျက်ရစ်က ထစ်ခနဲဆို တောက်ခနဲ ကျရတာလဲလို့ :P
ဖတ်ရတာ တကယ်ကောင်းတယ်
ပျော်ရွှင် ကျန်းမာ ပါစေ
ကျန်းမာရေး ဂရုစိုက်ပါး))

ကိုရင်နော်ခင်လေးငယ် said...

ညီရေ..
လေးစားစရာပါပဲ..

အလုပ်ဆိုတာ ဘယ်လို အလုပ်မျိုးပဲ ဖြစ်ဖြစ် ရိုးသားခြင်း ကြိုးစားခြင်းတွေနဲ့ သမာအာဇီဝကျဖို့ အရေးကြီးတာပါပဲ..

အလုပ်ပေါ်မှာ ထားတဲ့ စေတနာလေးကလည်း အတုယူစရာပါ..

ဒီပိုစ့်လေး အရမ်းကို ကောင်းပါတယ်..
မိဘနဲ့ ဝေးနေရတဲ့ သားတစ်ယောက်၊ ဘဝကို ရိုးသားကြိုးစားနေသူတစ်ယောက်၊ အလုပ်ပေါ်မှာ စေတနာထား ဖြူစင်သူ တစ်ယောက် ဆိုတာ ပေါ်လွင်ပါတယ်...

အဲ့ဒီ စေတနာတွေက တစ်နေ့တော့ အကျိုးပေးလိမ့်မယ်..

စိတ်ဓါတ်မကျနဲ့ အားမာန်အပြည့်နဲ့ ဆက်လျှောက်..

ချစ်ခင်စွာဖြင့်..

ဦးနော်၊ တီငယ်

daydream said...

လေးစားပါတယ်.. ဒါမျိုးရေးပေးလို့ ကျေးဇူးလည်းတင်ပါတယ်

ဝသန်မိုး said...

သမ္မာအာဇီဝနဲ့ ရိုးရိုးသားသား
လုပ်စားတာပဲ အကိုရာ
စကားတောင်ရှိသေး
အလုပ်ဟူသမျှဂုဏ်ရှိစွတဲ့
ဘာပဲ ဖြစ်ဖြစ် ရောက်ရာအရပ်မှာ
အရှုံးမပေးပဲ နေတတ်တဲ့ ကိုကိုစိန်ကိုတော့
လေးစားဂုဏ်ယူပါတယ် ဗျာ
(နောက်ကျမှရောက်လာလို့ ချိတ်ချိုးနဲ့ ဟီး)

ခင်တဲ့
ညီဝသန်

ကိုချစ်ဖေ said...

ကဲညီလေးရေ.
စိတ်မကောင်းလိုက်တာ.
နောက်.လှပပြီးသန်မာတဲ့ စာလေးတွေ ဖတ်ရတာ
ကျေးဇူးလည်းတင်ပါတယ်..

pandora said...

ဖိုးစိန်ရေ
ဒီစာလေးကို အခုမှ ဖတ်ဖြစ်တယ်။
ရင်ထဲကို ရောက်သွားစေတဲ့ အရေးအသားလေးနဲ့ ထိခိုက်ခံစားစေတဲ့ အကြောင်းအရာလေး...။