Tuesday, 27 April 2010

မရှိသုံး

ကျနော်တို့ ငယ်ငယ်က သင်ရတဲ့ စီးပွားရေး ပညာရပ် တစ်ခုမှာပေါ့… ပစ္စည်း ဈေးနှုန်း ကအရမ်း ချိုသာ တယ်၊ သုံးစွဲ သူများ ကလည်း မူးစု ပဲစု ဆိုတဲ့ အချိန်မှာ ဒီပစ္စည်း မျိုး အလွန် ရောင်း ကောင်းတတ် တယ်။ ဒါပေမယ့် လူတွေ ရဲ့  ဘ၀ တွေ အဆင်ပြေ၊ လူနေ မှုတွေ အဆင့်မြင့် ၊၀င်ငွေ တွေတိုး လာတာ နဲ့ အမျှ ၀ယ် လိုအား ကဖုတ်ကနဲ ပြုတ်ကျ တတ်တဲ့ ပစ္စည်းမျိုး ကို မရှိသုံး ကုန်ပစ္စည်း (Inferior goods) လို့ ခေါ်တယ်တဲ့။ ဥပမာ အားဖြင့် အသင့်စား ခေါက်ဆွဲ ထုတ်တို့၊ ကော်ဖီမစ် တို့လို ကုန်အမျိုးအစားပေါ့။

တဖက်မှာ ၀ယ်သူ တွေက ၀င်ငွေ အလွန် ကောင်းချိန် မှာ ၀ယ်လိုအား အတန် အသင့် ရှိမယ်၊ ပစ္စည်း ဈေးနှုန်း ကတော့ ထိလု မိုးဆီ တိမ်သို့မှီ။ ၀င်ငွေ နည်းနည်း လျှော့သွား တာနဲ့ လုံးဝ ကိုမရောင်း ရတော့တဲ့ ပစ္စည်း မျိုးတွေ ကိုဇိမ်ခံ ကုန်ပစ္စည်း (Luxury goods) တွေလို့ သတ်မှတ်တယ်။ ဥပမာ- ရွှေ၊ ကျောက်မျက် ရတနာ၊ ဇိမ်ခံကား များ စသည်ဖြင့်ပေါ့။ ဒါတွေက ဘဝမှာ မရှိမဖြစ် မဟုတ်ပေမယ့် ရှိသင့်တာတွေပါ။


တကယ်တမ်းကျ သိန်းငါးရာ ထီပေါက် ရင် ခေါက်ဆွဲ ခြောက် ကို ဂိုဒေါင် အပြည့် သိုလှောင်ထားမယ်။ ကော်ဖီမစ်ကို တစ်နှစ်စာ လှောင်ထားမယ်လို့ စိတ်ကူး ယဉ်တဲ့ လူမျိုးတွေ မရှိပါဘူး။ ခြံဝယ်မယ်၊ ကားဝယ်မယ် ဆိုပြီး တာစူ နေကြတဲ့သူတွေ။ မရှိသုံးတွေက တကယ်တမ်းကျ အမြဲ မလို အပ်ပါဘူး လို့ထင်နေကြတယ်။ ဒါပေမယ့် ဘဝနဲ့ ယှဉ်ရင် အချိန် အတိုင်း အတာ တစ်ခုမှာ မရှိမဖြစ် လိုအပ်နေပါတယ်။

အိမ်မှာ ဘာမှ စားစရာ မရှိရင် ဒီခေါက်ဆွဲ ခြောက်လေးက ဗိုက်ပြည့် ဝမ်းဝစေပါတယ်။ အဲလို ဝမ်းဝသွားတဲ့ အခါကျတော့ ဒီခေါက်ဆွဲလေးက ကောင်းတယ်၊ အဆာပြေတယ်၊ အမြဲတမ်းဆောင်ထားသင့်တယ် ဆိုပြိး စိတ်ကူးတော့ ဖြစ်တတ်ကြပါတယ်။ နောက်နေ့ကျတော့ ဒီခေါက်ဆွဲခြောက်က မလိုအပ်ပြန်ဘူး။ ခဏတာ မေ့ထားလိုက်ကြပြန်တယ်။ ဘာမှ စားစရာ မရှိမှသာ ခေါက်ဆွဲခြောက်ကို ပြန်တမ်းတ တတ်ကြပြန်တယ်။

လူတွေရဲ့ အကျင့်အတိုင်း မရတာကို လိုချင်တတ်ကြ၊ တောင့်တတတ်ကြတယ်။ မရသေးတာ တစ်ခု ကို တန်ဖိုးထားတတ်ပြီး ရနေတာ၊ ရှိနေတာကို တန်ဖိုးထားဖို့ မေ့နေတတ်ကြပြန်တယ်။ ဒါပေမယ့် ဒီလို ရှိသင့်တာကို ရှိလာဖို့ အတွက် ဇိမ်ခံကားတွေ၊ ရွှေတွေ ဝယ်နိုင်ဖို့ အတွက် မရှိသုံး ပစ္စည်းတွေ ဖြစ်တဲ့ ခေါက်ဆွဲခြောက်လို ဈေးပေါ လွယ်ကူ သက်သာတာကို စားပြီး လိုချင်တာကို ရယူပိုင်ဆိုင်ဖို့ ကြိုးစားခဲ့ကြ ပြန်တယ် မဟုတ်လား။( သဘောဖြစ်သာ ပြောပါတယ်။ လူတိုင်းက ခေါက်ဆွဲခြောက်စားရတယ် မဆိုလိုပါဘူး။) အနီးစပ်ဆုံး ဥပမာ ပါ။

လိုချင်တာ ရသွားရင်တော့ မရှိသုံးလေးတွေကို မေ့တတ်ကြ၊ ဥပေက္ခာပြုတတ်ကြပါတယ်။
နေ့တိုင်းစားနေရလို့ ကြိုက်လှ ပါတယ်၊ စားတာ နေသားကျနေပါပြီးဆိုတဲ့ ခေါက်ဆွဲခြောက်တွေဘဝက လိုချင်တာရပြီးရင် ခေါက်ဆွဲခြောက်ညတွေက ဟိုတယ်စာ ညတွေအောက်မှာ ကြက်ပျောက်၊ငှက်ပျောက် ပျောက်သွားကြပြန်တယ်။ ဟိုတယ်စာတွေ ညည်းငွေ့လာတဲ့အခါကျ မရှိသုံး ခေါက်ဆွဲတွေကို သတိရတတ်ကြပြန်တယ်။ ခေါက်ဆွဲခြောက်တွေ အသစ်တဖန် အသက်ဝင်လာတတ်ကြပြန်တယ်။ ဒါကလဲ လူ့စိတ်၊ လူသဘော သဘာဝ ဆိုတော့ ဒီလိုပဲ လည်ပတ်နေရတာပဲလေ။

ကျနော်ကိုယ်တိုင်ကတော့ မရှိသုံး ကုန်ပစ္စည်းနဲ့ ဇိမ်ခံပစ္စည်းတွေကို ယှဉ်ရင် မရှိသုံး ဖြစ်ရတာကို သဘောကျတယ်။ ဇိမ်ခံပစ္စည်းဆိုတာ လူတိုင်းအတွက် ဆိုင်သာဆိုင် မပိုင်ရတာမျိုး ကြီးပါ။ မရှိသုံးကျတော့ ပိုင်ချင် ဆိုင်ချင်ရင် လက်တွေ့ကျကျ ဝယ်ယူ လွယ်ကူတတ်ပါတယ်။ တစ်စုံ တစ်ယောက် လိုအပ်နေချိန်မှာ လျှပ်တပျက်အတွင်း ဖြည့်ဆည်းပေးနိုင်တယ်။ အဓိက ကတော့ ကိုယ်က တခြားလူ အတွက် မရှိသုံး အဖြစ် အဆင့်သင့် ရှိနေဖို့ပါ။ လိုအပ်ရင် သုံးမယ်။ မလိုအပ်တော့ရင် မေ့သွားမယ်ပေါ့။ ဒါပေမယ့် လိုအပ်နေတဲ့ အချိန် အတိုင်းအတာ တစ်ခုမှ အတတ်နိုင်ဆုံး ဖြည့်စွမ်း ပေးနိုင်ရင်သာ အဲဒီခဏတာ အတွက် သူတို့ဆီက မရှိသုံး အပေါ် အသိအမှတ် ပြုသွားရင် ၊ လိုအပ်တတ်မှန်းသိသွားရင် ကျေနပ်နိုင်ပါတယ်။

လူတိုင်း အတွက် မရှိမဖြစ်ဆိုပေမယ့် ရှိသင့်တယ်၊ မရှိရင်လည်း ဖြစ်တဲ့ ဇိမ်ခံ ပစ္စည်းတွေလိုတော့ မိုးထိလုဆီ မာန်တက်ပြီး မနေချင်ဘူး။ အပေါ်စီးကနေ ခေါင်းငုံ့ ပြီး မပြုံးပြချင်ပါဘူး။ ဇိမ်ခံပစ္စည်းတွေကို ရောင်းချတဲ့သူတွေက သူတို့ ပစ္စည်းကို ဝယ်နိုင်ဖို့အတွက် လူတွေအမြဲတမ်း ဇောတိက လို ချမ်းသာဖို့ ဆုတောင်းနေကြရမှာ၊ စိုးရိမ်ပူပန်နေကြရမှာလေ။

မရှိသုံးကျတော့ မပူရဘူး။ ပစ္စည်းကိုသာ ဖြည့်ထားလိုက်။ သူတို့လိုအပ်တဲ့အချိန်အတိုင်းအတာ တစ်ခုထိ စောင့်။ သူတို့ အရမ်းတောင်းတတာကို ခဏလေးအတွင်းမှာ ဖြည့်စွမ်းပေးနိုင်ခဲ့ရင်၊ ခဏတာ စိတ်ချမ်းသာသွားရင် ကျေနပ်နိုင်နေပါပြီ။
ကျနော်ကိုယ်တိုင် ဘဝမှာ မရှိသုံး ဖြစ်ခွင့်ရခဲ့တာ များနေပါပြီ။ နေသားလဲ ကျနေပါပြီ။မရှိသုံး ဖြစ်ခွင့်ရတာကိုလဲ ကျေနပ်ပါတယ်။ အမြဲတမ်းလဲ သူတပါးအတွက် မရှိမဖြစ် ထက် မရှိသုံးပဲ ဖြစ်ချင်ပါတယ်။

လူတိုင်းလဲ မရှိသုံး ဘဝလေးတွေကို တန်ဖိုးထားတတ်ပြီး မရှိသုံး ဖြစ်ခွင့်တွေ ရနိုင်ကြပါစေ။ တကယ်တမ်းတော့ မရှိသုံး ဆိုတာ အချိန်အတိုင်းအတာ တစ်ခုမှာ မရှိ မဖြစ်လိုအပ်နေတာ တစ်ခုပါ။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Saturday, 24 April 2010

ဖျားနာတဲ့စိတ်





ငါ့စိတ်တွေက လကြတ်ခြင်းခံရနေတယ်။

ငါ့ဝိညာဉ်တွေ နေကြတ်ခြင်းခံနေရတယ်။

ငါ့သွေးတွေ ရေနစ်ချိန်မှာ

ငါကသောကမျော ဆယ်ယူ

ငါပြန်ရလိုက်တဲ့ ငါ့ အရိုးတွေဟာ

ဆွေး................................................. လို့။

ဒီလိုပါပဲ…

သွေးပျက်တဲ့စိတ်နဲ့

ငါ့အရိုးတွေကို ငါပြန်ဆက်

ညနက်နက်တွေမှာ

ငါဟန်မပျက် ကခဲ့တယ်။

(သန်းခေါင်ထက် ညဥ့်မနက်ဘူး ဆိုပဲ.....။)


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

အခုတလော ဒေါသထွက်နေတာလား၊ စိတ်ညစ်နေတာလား ဆိုတာ ကိုယ်တိုင် မသဲကွဲတဲ့ ခံစားမှုမျိုး ခံစားနေရတယ်။ အနားနေ ညီအကို မောင်နှမတွေကိုတော့ အားနာပါရဲ့။ ဒါပေမယ့် တားဆီးမရတဲ့စိတ်ကို ဘယ်တုန်းကမှ ထိန်းချုပ်ဖို့ မကြိုးစား ချင်ဘူး။ ဖြစ်ပြီး ပျက်မယ်။ ဖြစ်ပေါင်းလဲ များပြီ။ ပျက်ပေါင်းလဲ များပြီ။ ဒါပေမယ့် မထိန်းချုပ် ချင်ဘူး။ ဒီလိုနဲ့ပဲ စိတ်က နာဖျားနေတာ နာတာရှည်ပေါ့။

Friday, 23 April 2010

တရေးနိုး

ငယ်ငယ်က ကျနော် ညည တရေးနိုးတော့ အိမ်ရှေ့မှာ မျက်မှန်တစ်လက်နဲ့ စက်တလုံးကို တကုတ်ကုတ် ပြင်နေတဲ့ ဖေဖေ့ကိုတွေ့တယ်။ အဲလိုတွေ့ရင် ကျနော် ဖေဖေ အိပ်ချိန်မှာ မအိပ်တဲ့အတွက် ပွစိပွစိ လုပ်တယ်။ အဖေက “ ပြီးတော့မှာပါ သားစိန်ရယ် “လို့ ပြောပြီး မိုးလင်းသွားတဲ့ နေ့တွေရှိတယ်။အဲလိုနေ့တွေ မှာ အဖေ့ အတွက်စိတ်မကောင်းဖြစ်ရတယ်။ အဖေ့ကို အိပ်ရေးဝဝ အိပ်စေချင်တယ်။ နားစေချင်တယ်။ အဲလိုပြောရင် ဖေဖေက ပြုံးပြီး သားမှာ ကိုယ်ပိုင် မိသားစု ရှိတယ်လို့ ကိုယ်တိုင်မှတ်ယူလာတဲ့ တနေ့ သားဖေဖေ့ကို နားလည်လာမှာပါတဲ့။

ဖေဖေက ပြောပါတယ်။ ညည အိပ်ဖို့ ကြိုးစားပေမယ့် စိတ်က အလုပ်ကို စွဲပြီး အိပ်မက်ထဲမှာတောင် အလုပ်တွေ လုပ်နေရတော့ မိုးလင်းသွားရင် ပိုပင်ပန်းတယ်တဲ့။ ဒါကြောင့် တရေးနိုးရင် အလုပ်ကို ထလုပ်မိတာပဲ လို့ ပြောတယ်။ ငယ်ငယ်တုန်းကတော့ အဖေပြောတာတွေကို လက်မခံချင်ဘူး။ အဖေ့ကိုလောဘင်္ကြီးတဲ့သူလို့ ထင်ခဲ့တယ်။ ကိုယ်ကြီးလာရင်တော့ အဖေ့လို မဖြစ်ဘူးလို့ တွက်ခဲ့တယ်။ အဖေ့ကိုလဲ ပြောခဲ့တယ်။

ဆိုက်ပရပ်စ် ရောက်တော့ အဖေ့ပြောခဲ့တဲ့စကားတွေ နားလည်ဖို့ အစပျိုးလာသလိုပါပဲ။ အလုပ်တွေနဲ့ ငွေ ဆိုတာနဲ့ လည်ပတ်ခဲ့ရတယ်။ညတိုင်းလိုလို အိပ်မက်မက်တယ်။ အိပ်မက်မက်တိုင်းမှာ အလုပ်မပြီးတာတွေ၊ အလုပ်လုပ်နေရတာတွေနဲ့ အိပ်မက်က နိုးလာရင်မောလို့။ တရေးနိုးပြီးဆိုတော့ ဇောချွေတွေ ပြန်ပြီး ဆက်အိပ်မရတော့။ အိပ်မရတော့ ဟိုတွေး၊ဒီတွေး ဒီလိုနဲ့ အတွေးပေါင်းစုံကြားမှာ မိုးလင်းသွားပြန်တယ်။ ကောင်းကောင်း အိပ်ရတယ် ဆိုတာ မရှိတော့ဘူး။ ဒါကြောင့် ညတွေမှာ ကျနော်ဟာ နေ့လို နေသားကျနေခဲ့တယ်။

အခုတော့ ကျနော်တရေးနိုးရင် စိတ်ချမ်းသာတယ်။ အနားမှာ ဖေးမမယ့်သူတွေ ရှိတယ်လို့ ခံစားရတယ်။ ဒါပေမယ့် နိုးပြီးဆက်တွေးနေမိတာက ကိုယ်ပိုင် မိသားစု ရှိလာတဲ့ တနေ့ ဆိုတဲ့ ဖေ့ဖေ့စကားရဲ့ကောက်ကြောင်းကိုပါ။ ခု အနားက ညီအကို မောင်နှမတွေနဲ့ နေရတာ ကိုယ်ပိုင်မိသားစုလို့ ခံစားနေရတဲ့အတွက် သူတို့ အတွက် ဖြစ်စေချင်တာ၊ ဖြစ်သင့်တာတွေ၊ ဖြစ်ချင်တာတွေ စဉ်းစားရင်း၊ အားမလို အားမရ ဖြစ်ရင်း… တရေးနိုးပြီး မိုးလင်းခဲ့ရတဲ့ ရက်တွေ များနေပြန်ပေါ့…။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်


Sunday, 18 April 2010

နှစ်သစ်အလှူ




နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတော့ ကျနော်တို့ မောင်နှမတွေ အလှူတစ်ခု လုပ်ဖြစ်တယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ သွေးသွားလှူကြတယ်။ သွေးသွားလှူဖို့ အဖော်လိုက်ပေးတဲ့ မောင်နှမတွေ ရှိတယ်။ အိမ်မှာ သွေးလှူပြီး ပြန်လာရင် အဆင်သင့် အားဖြည့် စားသောက်ဖို့ မမောနိုင် မပန်းနိုင် ချွေးတလုံးလုံးနဲ့ ချက်ပြုတ်ပြီး နွားနို့ ခွက်တွေနဲ့ စောင့်နေတာက ဝေးဝေးကနေ ချစ်တော့မယ် ဆိုတဲ့ ချစ်ညီမ ပါ။ နှစ်သစ်အကြိုညမှာ မုန့်ဟင်းခါး ချက်ကျွေးပြီး နှစ်သစ်မှာ အိမ်ချက် ထမင်းဟင်း အပြင် ကိုယ်တိုင်လုပ်တဲ့ ဖာလူဒါကို အားရပါးရ စားသောက်ခဲ့ရပါတယ်။ ဟင်းချက်ကောင်းတဲ့ ပဲခူးသူ မို့ စားပြီး သောက်ပြီး မထနိုင်တဲ့ထိပါပဲ။ ချစ်အမကြီးကတော့ ကွမ်းတမြုံမြုံ နဲ့ ချစ်ညီမ ဘေးနား ဟင်းမြည်းကျန်နေခဲ့သေးတယ်။ ပြောတော့ ကူမယ်ပေါ့။ စားကူတယ်၊ မြည်း ကူတယ်လို့ ပြောပါတယ်။

ထမင်းစားပြီး အော်ကြ၊ ဟစ်ကြနဲ့ စကားသံတွေက နှစ်သစ်ကို အားရပါးရ ကြိုဆိုခဲ့ကြတယ်။ သွေးလှူတဲ့ ကျနော်တို့ လေးယောက်ကို ဆေးရုံက ပြောလိုက်ပါတယ်။ သိပ်မလှူပ်ရှားနဲ့တဲ့လေ။ ခုပဲကြည့်၊ သွေးလှူခဲ့တာကို ပြချင်လို့ အပေါ်ထောင် ၊ အောက်ချနဲ့ ဓာတ်ပုံတွေ ရိုက်တာ တညနေကို ကုန်လို့။း) ပြန်လာတော့လဲ ဂိမ်းကို ညလုံးပေါက်က နှိပ်သေးတယ်။

တနင်္ဂနွေကြတော့ မှော်ဘီသူ လေး မြရဲ့ ရခိုင်မုန့်တီ ကိုအားရပါးရ ပူလန်ထွက်နေအောင် စားရပါတယ်။ အိမ်မှာ စည်ကားပါတယ်။ အထူးသဖြင့် အိမ်သာ အဝင်အထွက်ပါ။ သုံးရက်ဆက်တိုက် အရည်နဲ့ မလွတ်တာတွေကို စားပြီး အိမ်သာတက်ရပုံများကို ညနေထမင်းဝိုင်းမှာ ပြောကြ၊ ဆိုကြတာ သူထက်ငါပါပဲ။ ဒီအကြောင်းကို ပြောရင်း ဆိုရင်း ထမင်းစားကြတော့ ညနေထမင်းပိုစားကောင်းကြပါတယ်။း)

ဘာဖြစ်ဖြစ် နှစ်သစ်မှာ ချစ်သူခင်သူတွေနဲ့ တူတူ ထမင်းလက်ဆုံစားပြီး အော်ဟစ် ပျော်ရွင်ခဲ့တာ၊ ညီအကို မောင်နှမတွေ အမှတ်တရ သွေးလှူ ဖြစ်ခဲ့တာကိုတော့ ကျေနပ် ပီတိ ဖြစ်ခဲ့ပါတယ်။ ကျနော်တို့အတွက် မမောနိုင်၊ မပန်းနိုင် စေတနာအပြည့်နဲ့ ထမင်း၊ ဟင်း လာချက်ကြွေးတဲ့ ညီမလေးကိုလဲ ကျေးဇူးတင်ပါတယ်။ (ပလီတယ်ပဲ ပြောပြောပေါ့လေ)း)။ ရခိုင်မုန့်တီနဲ့ အိမ်သာစည်စေတဲ့ ညီမလေးကိုပါပေါ့။

စကားမစပ် အပေါ်ပုံက ကျနော်တို့ သွေးလှူခဲ့တဲ့ မောင်နှမလေးယောက်ရဲ့ပုံပါ။ ဘယ်လက်ပတ်အရောင်နဲ့က ဘယ်သူ့လက်ကလေးလဲ ဆိုတာ စာဖတ်သူတို့ ခန့်မှန်းနိုင်ပါ့မလား။ မှန်ရင် အိမ်မှာ ထမင်းအလကား ခေါ်ကျွေးမယ်။ စည်းကမ်းတော့လိုက်နာရမယ်ပေါ့။း)


နှစ်သစ်မှာလိုအပ်တာတွေ ပြည့်ဝ ကြပါစေခင်ဗျာ။

ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်


Thursday, 15 April 2010

SILENT........!!!!

SILENT..........
.............................................

..............................................................

.......................................

...................

....

Wednesday, 14 April 2010

ရင်ထဲက သူမ

သူမ……………….

သူမ အကြောင်း စဉ်းစားရင် ကျနော် သက်ပျင်းတွေ အခါခါ ချမိတယ်။ ကျနော်ချစ်ပါတယ် မြတ်နိုးပါတယ်ဆိုတဲ့ သူမနဲ့ ဝေးနေခဲ့ရတဲ့ အချိန်တွေ မနည်းတော့ပါဘူး။

ကျနော့်ရင်ထဲမှာ နှစ်ရှည်လများ စွဲလမ်းနေတဲ့သူ တစ်ယောက်။ အချိန်တိုင်း မဟုတ်ပေမယ့် တိုက်ဆိုင်မှု ရှိတိုင်း ဆွေးသွား ငေးသွားရလောက်အောင် ဆွဲဆောင်နိုင်တာ သူမ ဆိုတာ ကျနော် ငြင်းမရပါဘူး။

စွဲလမ်း တမ်းတ တတ်တဲ့သူတိုင်း မေ့မေ့လျှော့လျှော့ ရှိတတ်တယ်လို့ ပြောရင်တောင် အချိန် အတိုင်းအတာ တစ်ခုရောက်လာရင် သူမကို မလွမ်းဘဲ၊ မတမ်းတပဲ ကျနော် မနေနိုင်ခဲ့ပါဘူး။ အစိမ်းရင့်ရောင် ဖိနပ်ပါးပါးကို အမြဲ စီးတတ်တဲ့ သူမမှာ နူးညံ့သိမ်မွေ့လွန်းတဲ့ ဝါရောင်သန်း အပြုံးတွေကို အမြဲ ဆင်မြန်းထားတယ်လေ။ အဝေးကနေ ငေးမောကြည့်နေရတဲ့ ပီတိနဲ့တင် သူမကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့သူပါ။ သူမဆီက အနမ်းတစ်ချက် ရဖို့ နာရီပေါင်းများစွာ နေ့ပေါင်းများစွာ စောင့်နေခဲ့ရပေမယ့် ကျနော် တခါမှ စိတ်မပျက်ခဲ့ဖူးပါဘူးလေ။

ဧပြီ လမှာ မွေးတဲ့ သူမက ထူးထူးခြားခြား မိုးကို ကြိုက်တယ်။ ဒါပေမယ့် မိုးတွေ ရွာတိုင်း သူမ မပျော်ပေမယ့် မိုးပြေးတွေ လာရင် သူမ ပျော်မြူးနေတတ်တယ်။ အဲဒီအချိန် သူမ မျက်နှာမှာ အပြုံးပန်းတွေ ဝေနေလိုက်ပုံများ ကြည်နူးစရာ..။

ကျနော် သူမ အကြောင်းတွေးရင် ဝမ်းနည်းလာခဲ့ပြန်ပြီးလေ။ ခုနေများ သူမကို ကျနော် တမေ့တမော ငေးမော ကြည့်နေချင်တယ်။ သူမကို အားရ ပါးရ နမ်းရှိုက်ခွင့်တွေ ထပ်ရချင်တယ်။ မိုးတွေ ဖွဲဖွဲ ရွာတိုင်း ကျနော် သူမ ရှိနိုင်တဲ့ အရပ်ဆီကို ငေးမော တမ်းတ ရှာဖွေမိတယ်။ သူမရဲ့ ကိုယ်သင်းနံ့ကို အားရ ပါးရ ရှု ရှိုက်ခွင့် ရချင်မိတယ်။

အခုချိန် ကျနော် သူမနဲ့ ဝေးနေပေမယ့် သူမပြုံးနေမှာကို တွေးပြီးတော့ ပီတိဖြစ်မိပါတယ်။ သူမဟာ ကျနော့်အတွက် ဝေးနေပေမယ့် တချို့သော သူတွေနဲ့ နီးနေမှာပါ။ ကျနော့်လို့ သူမကို တမ်းတနေတဲ့သူတွေ ရှိနေသလို သူမနဲ့ နီးစပ်ခွင့် ရတဲ့သူတွေလဲ ရှိနေမှာပါ။
သူမ အကြောင်းစဉ်းစားရင်း အပြင်ကို ထွက်ကြည့်လိုက်တော့ အပြင်မှာ မိုးသားတွေ အုံ့မှိုင်း နေသယောင်။ ရေဒီယိုကနေ တူးပို့ တူးပို့ သီချင်းသံတွေ နံနက်ခင်းနဲ့အတူ လွင့်ပျံ့ လာတယ်။ အပြင်မှာ ကလေး တသိုက် ဗိုက်ကြီးသည်နဲ့ အတာပန်း ရောင်းသူတွေကို ရေပက်ခွင့် ရနေတယ်။ သရက်ပင် နောက်ကွယ်က လူပြို အရက်သမားတွေ ကလေးတွေကို အိုးမဲသုတ်ဖို့ ချောင်းနေတာ မြင်နေရတယ်။ တစ်ချက် တစ်ချက် ရလိုက်တဲ့ ဖယောင်းနံ့ သင်းတဲ့ ထမင်းနံ့။ စာကလေး သိုက်လို စုစုရုံးရုံးနဲ့ ညံစည်နေတဲ့ ရပ်ကွက် ဆွမ်းလောင်ရုံက အပျိုတသိုက် မုန့်လုံးရေပေါ် လုံးနေလေရဲ့။ အနားမှာ ရစ်သီ ရစ်သီနဲ့ လူပျို လှည့်ချင်သူများက အုန်းသီးကို ခွှာလို့ အနားကမခွာ။ ရုတ်တရက် အပျို တသိုက်ကြားမှာ ကျနော် သူမကို လှမ်းမြင်လိုက်ရတယ်။ ကျနော် အရမ်းပျော်သွားတယ်။ အဝေးကနေ ငေးရင်း သူမကို စိတ်နဲ့ တဝကြီး နမ်းရှိုက်မိတယ်။

စိတ်ထဲမှာ နမ်းလို့ မဝသေး။ အသံတစ်ခု ရုတ်တရက် ကြားလိုက်ရလို့ ကျနော် လန့်သွားရင်း အိပ်ယာက နိုးလာတယ်။ အော်…. ကျနော် အိပ်မက် မက်နေပါလား။

ကျနော် ကျောင်းနောက်ကျနေပြီး။ တာ့တာ။ ကျန်တဲ့သူတွေ သူမ အကြောင်း ဆက်တွေးလိုက်တော့နော်။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်



Thursday, 8 April 2010

အမှတ်တရ မှတ်တိုင်(၂၀၁၀)

ပိတောက်တွေ ရွှေရည်လူးလို့ နှစ်သစ်ကို ကူးပြန်ပြီးပေါ့။ အတာကူးတဲ့ တန်ခူးလ အချိန်တိုင်းမှာ ကျနော့် အတွက်ကတော့ အမှတ်တရတွေ ကြီးပါပဲ။ ငယ်ငယ်က အိမ်မှာ သင်္ကြန်ကျရင် မဏ္ဍပ်တွေထိုး၊ အလှူတွေလုပ် ကကြ ခုန်ကြနဲ့ ပျော်စရာတွေ ချည်းပါပဲ။ တစ်နှစ် တမျိုးနဲ့ မရိုးနိုင်အောင် အမှတ်တရတွေ ဖြစ်ခဲ့တာပဲ။

ဆိုက်ပရပ်စ်ကို ရောက်တော့ နှစ်စဉ် သင်္ကြန်ရက်တွေတိုင်းမှာ ပင်းယမှာရှိတဲ့ မိဘမဲ့ ကလေးများကျောင်းမှာ ဘုန်းကြီးဆွမ်းကပ်ရင်း ကလေးတွေကို ထမင်းကျွေးဖြစ်ခဲ့တယ်။ အဝေးကနေပြီး သူငယ်ချင်းတွေက ကျနော် လှူချင်တာကို မဖြစ်ဖြစ်အောင် သူတို့ ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးကြတယ်။ ကျနော်ကတော့ သူတို့ ပို့ပေးတဲ့ အလှူ ဓာတ်ပုံတွေကြည့်ပြီး ပီတိ ဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ အမှတ်တရ မျက်ရည်တွေ ကျခဲ့ရတယ်။

မနှစ်ကတော့ ကျနော် ဆိုက်ပရပ်စ်မှာ ပထမဆုံးအကြိမ် သင်္ကြန်ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့တယ်။ မြန်မာပြည်နဲ့ ဝေး၊ နှစ်ကူးသင်္ကြန်နဲ့ ဝေးကွာလွန်းတဲ့ ဆိုက်ပရပ်စ်က မြန်မာတွေ အားလုံး ကကြ ၊ခုန်ကြနဲ့ ကျနော်တို့ တတွေ ပျော်ခဲ့ကြရတယ်။ အမှတ်တရပါပဲ။

ဒီနှစ်တော့ တမျိုးတဖုံ အမှတ်တရဖြစ်ရပြန်ပြီး။ မထင်မှတ်ပဲ ရေစက်ဆုံရတဲ့ ဘဝတူ ညီအကို မောင်နှမတွေနဲ့ တူတူနေခွင့်ရတယ်။ ကိုယ်တွေ့ချင်၊ မြင်ချင်တဲ့ မောင်နှမတွေကို တွေ့ရတယ်။ အနိုင်ကျင့်ခွင့်ရတယ်။ အလျှော့ပေးခွင့်ရတယ်။ ကဖိုးစိန်ကို မြင်တာနဲ့ တင်၊ ကိုဖိုးစိန် အသံကိုကြားတာနဲ့တင် ညီအကို၊ မောင်နှမတွေ ကျနော့်ဘက်က အမြဲ ရှိနေကြတယ်။ ကျနော့်ကို လေးစားကြတယ်။ ချစ်ကြတယ်။ ဦးစားပေး နံပတ်(၁) အဆင့်မှာ နေခွင့်ရတယ်။ ကိုဖိုးစိန် ဘာဖြစ်ချင်လဲ ဆိုတာတစ်ခွန်းတည်းပဲ။ နောက်ကနေ တိုးတိုးတိတ်တိတ် ဖြည့်ဆည်းပေးသူနဲ့ ပေါ်ပေါ်ထင်ထင် ဖြည့်ဆည်းပေးသူသာ ကွာတယ်။ အမြဲတမ်း မျက်နှာသာရခဲ့တယ်။ ဒါတွေက ဘဝမှာ အိပ်မက်မပြောနဲ့၊ လက်တွေ့အကောင်အထည်ဖော်လို့ ရတဲ့ ဘဝမှာတောင် ဒီလို ဆုံတွေ့ခွင့်ရမယ် နေခွင့်ရမယ်ဆိုတာ စိတ်ကူးမယဉ်မိခဲ့ပါဘူး။

ညီအကို မောင်နှမတွေ ကျနော့်ကို ဒီလို လေးစားချစ်ခင်တာ မြင်တိုင်း၊ တွေ့ထိ ခံစားရတိုင်း ကျနော့်ဘက်ကလည်း သူတို့ အတွက် အဆင့်သင့် ရှိနေချင်ခဲ့တယ်။ ရှိလဲ ရှိနေခဲ့တယ်။ သူတို့ လိုအပ်တာကို ဖြည့်ဆည်းပေးဖို့လဲ အချိန်မရွေး ဆိုတဲ့စကားထက် ရော့၊ ယူ ၊ အင့် ဆိုတာမျိုး ဖြစ်နေချင်ခဲ့တာ။

ဒီလိုတွေ့ဆုံခွင့်ရတယ်၊ ရေစက်ရှိတယ်ဆိုတာ အမြဲတမ်းတော့ မဟုတ်နိုင်ပါဘူး။ တစ်နှစ်၊ နှစ်နှစ် ၊ နောင်ထပ် ဘယ်လောက်ကြာကြာ ရှိနေနိုင်မှာလဲ။ ခွဲခွာရအုံးမှာပဲလေ။ ကျနော်ဒီလိုပြောရင် ကျနော့်ကို ဝိုင်းကြည့်ကြမယ့် မျက်နှာတွေကို မြင်ယောင်ပါတယ်။ ဒီလို ချစ်စရာကောင်းတဲ့ သူတွေနဲ့ နေရမယ့် အချိန်မှာ စိတ်ညစ်စရာမပြောချင်ပါဘူး။ ပျော်စရာပဲပြောချင်တယ်။

တစ်ဦးတစ်ယောက်တည်း မဟုတ်ပါဘူး။ အားလုံးကို ပျော်စေချင်တာပါ။ ဒါကြောင့် တူတူရှိနေတဲ့ အချိန်မှာ တစ်ယောက်ကို တစ်ယောက် နားလည်မှုနဲ့ အတတ်နိုင်ဆုံး စိတ်ရှင်းရှင်း သည်းခံ ဖေးမ နေကြမယ်လို့ ပြောပြီးသားပါ။ တူတူရှိနေခွင့် ရတဲ့ အချိန်မှာ ပျော်ပျော်ရွင်ရွင်နဲ့ အမြဲ နေမှာပါ။ ဒါဟာ ဘဝမှာ ရခဲတဲ့ အခွင့်အရေးမို့ ရတုန်းလေး ယူထားကြရတာ။ နောက်ဆို ကိုယ့်အိုး၊ ကိုယ့်အိမ်နဲ့ ဖြစ်တော့မှာဆိုတော့ကာ…။

ဘာပဲဖြစ်ဖြစ် ဒီနှစ်အတွင်းမှာ တိုးတက်လာတာက ကိုယ်ပိုင်မိသားစုနဲ့ နည်းနည်းပိုနီးလာတယ်။ လိုအပ်ရင် ပြန်ဖို့က နာရီပေါင်းများစွာမကြာတော့ဘူး။ ပြီးတော့ နွေးထွေးပျော်ရွင်တဲ့ ညီအကို မောင်နှမတွေနဲ့ မိသားစုလို နေရတယ်။ စိတ်တွေက အရင်လို မှိုင်းမနေတော့ဘူး။ အမြဲတမ်းတက်ကြွနေတယ်။ တစ်ခုခုဆို အဆင်သင့်ဖြစ်နေခဲ့တယ်။ ပြီးတော့ ဝလာတယ်။ လူရော စိတ်ရော....။ လူပါးရောပေါ့( ဦးစားပေးထားကြတယ်ဆိုတော့)။ ဒါကလဲ ဒီနှစ်ရဲ့ အမှတ်တရ ဖြစ်ခွင့်ရတာပဲလေ။

နောက်ထပ် အမှတ်တရ တစ်ခုက သင်္ကြန် ညီအကို နှစ်ယောက်ရဲ့မွေးနေ့မှာ ရှိခွင့်ရတာကိုပဲ။ သင်္ကြန် (၁၂) နဲ့ (၁၃)ရက်မှာ မွေးတဲ့ အမေမတူ၊ အဖေကွဲ တစ်ရက်ကြီး၊ တစ်ရက်ငယ် ဘလော့ဂါ ညီအကို နှစ်ယောက်ပေါ့။ နှစ်ယောက်လုံးက ဖြူဖြူ ချောချောနဲ့ ချစ်ဖို့ကောင်းပါတယ်။ အခုခေတ် ကိုးရီးယားမင်းသား စပိုင်ဆိုလား ဘလိုင်ဆိုလား လက်မှိုင်ချလောက်အောင် ညီနှစ်ယောက်က ချောပါတယ်။ အရပ်မြင့်တယ်။

သင်္ကြန်ညီအကို နှစ်ယောက်မှာ တူညီတဲ့ အချက်တွေ ရှိပါတယ်။ နှစ်ယောက်လုံး စကားနည်းတယ်။ သူတို့ စကားပြောရင် ပြုံးပြုံးလေးနဲ့။ စကားကိုလဲ ဖြည်းဖြည်းနဲ့ မှန်မှန် ပြောတတ်သူ။ သူတပါး အတွက် ဦးစားပေးတတ်သူ။ လုပ်ချင်တာကို စိတ်ဝင်တစား မထတမ်း လုပ်တတ်သူ။ မိသားစု ကို ချစ်သူ။ ပြီးတော့ ဒီမှာရှိတဲ့ မောင်နှမတွေကို သူတို့ ချစ်တာ၊ သံယောဇဉ်ရှိတာကို မထုတ်ပြပဲ ချစ်တတ်သူတွေဆိုတာ ကျနော်မြင်သလောက် သိရပါတယ်။ သင်္ကြန်(၁၂)ရက်နေ့မှာ မွေးတဲ့ အကြီးက ပိုပြီး ပလီတတ်လို့ သူ့ကို ပိုချစ်ရတယ် ဆိုပေမယ့် (၁၃)ရက်နေ့မှာ မွေးတဲ့ အငယ်က ဘာပြောပြော ချစ်ဖို့ကောင်းနေပြန်ရော။ (ဒီလိုပြောရင် နှုတ်သီးနဲ့ထိုး၊ ဖမ်းကိုက်မယ့် သူတွေက ဘေးမှာအဆင်သင့် ဆိုတော့ ကြောက်ကြောက်နဲ့ ဘလော့ပေါ်တင် ပလီပြီး ရေးတယ်ပဲထားပေါ့)။

အမှန်တော့ ပြောချင်တဲ့ စကားလမ်းကြောင်းက နှစ်ယောက်လုံးက ရည်းစားမရှိသေးတဲ့ စိတ်စေတနာကောင်း၊ အလုပ်ကြိုးစားပြီး ရည်းစားမရှိသေးတဲ့ လူပျိုလေးတွေပါလို့။ စိတ်ဝင်စားတယ် ဆိုရင် ဆက်သွယ်မေးမြန်းပေါ့။ မွေးနေ့ အမှီ ကံစမ်းမဲ ဖောက်ပေးမယ်။ အကြောင်းသိတွေ မပါကြေးပေါ့)း)

ဘာပဲ ဖြစ်ဖြစ် သူတို့ မွေးနေ့ အတွက် လာမည့် တနင်္ဂနွေကို ကျနော်ကိုယ်တိုင် အုန်းနို့ ခေါက်ဆွဲ ချက်ကျွေးမှာပါ။ အုန်းနို့ခေါက်ဆွဲ မစားသူတွေ အတွက် ထမင်းဟင်းကလဲ အဆင်သင့်ပါ။ လာနိုင်မယ်လို့ မျှော်လင့်ထားတဲ့ စကာင်္ပူက ဘလော့ဂါ အားလုံးကို ဒီကနေဖိတ်ပါတယ်။ ဒီနှစ်တော့ သင်္ကြန်မှာမွေးတဲ့ ညီအကို နှစ်ယောက်နဲ့ ဘလော့ဂါတွေ တွေ့ဆုံကြမယ့် ဆိုလို့ ဘဝရဲ့ အစိတ်အပိုင်းမှာ အမှတ်တရ ဖြစ်ကျန်နေမှာပါ။

သင်္ကြန်(၁၂)မှာ မွေးတဲ့ မျိုးထက်ကတော့ တနင်္ဂနွေ ညနေကို မွေးနေ့ အမှတ်တရ ရုပ်ရှင်ပြပြီး၊ သင်္ကြန်(၁၃) မှာ မွေးတဲ့ သင်္ကြန်ကတော့ RAFFLES PALACE HOTEL မှာ ဘလော့ဂါတွေ အားလုံးကို dinner ကျွေးချင်တယ်လို့ အိပ်မက်မက်ဖူးတယ် ပြောပါတယ်။ ဘာဖြစ်ဖြစ် အမှတ်တရဖြစ်မှာပါ။ တနင်္ဂနွေကို BRADELL က အိမ်ကို လာဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။


ချစ်ညီ မျိုးထက် ရေ မွေးနေ့မှာ ပျော်ပါစေ။ ဧပြိ (၁၂)

ချစ်ညီ သင်္ကြန်လေး မွေးနေ့မှာ ပျော်ပါစေ။ ဧပြီ (၁၃)




အမှတ်တရပေါ့…။


နှစ်သစ်မှာ ရွင်လန်းချမ်းမြေ့ပါစေဗျာ။

ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်


ကျနော်(www.phoesein.com) ကို ဝယ်ထားတာကြာပါပြီး။ ချစ်ညီ မျိုးထက်က သူ့ မွေးနေ့ အမှတ်တရဝယ်ပေးတာပါ။ ဘလော့ဒီဇိုင်းကို ဒီဇိုင်နာ ဘလော့ဂါ ဆောင်းချမ်းမိုး ဆီအပ်ထားပါတယ်။ တအိမ်ထည်းတူတူနေတဲ့ ဒီဇိုင်နာကြီးကို ထမင်းကောင်း၊ ဟင်းကောင်းကျွေးပြီး ကပ်ထားရတာ ခုတော့ မျောက်ပျော်အောင် အုန်းသီးပေးထားသလို ဘလော့စပေါ့ ပေါ်မှာ ဘန်နာအသစ်၊ တန်းပလိတ် အသစ်ကို ညတွင်းချင်း နားပူခံပြီး လုပ်ပေးထားပါတယ်။ နှစ်ကူး အမှတ်တရပေါ့တဲ့။ ဂျေးများတဲ့ ကျနော်နဲ့ မအားချင်ယောင်ဆောင်တဲ့ ဒီဇိုင်နာကြောင့် ဒေါ့ကွန်းကြီးက ဘယ်တော့မှ ပြီးမယ်မထင်ပါ။ ဒေါ့ကွန်းမှာလဲ လုပ်စရာတွေ အများကြီး ရှိနေလို့လဲ ပါပါတယ်လေ။ ဘာဖြစ်ဖြစ် အခုချိန်မှာ ဒီဇိုင်နာပေးတဲ့ နှစ်ကူးလက်ဆောင်ကိုတော့ မငြင်းပဲ ဝမ်းသာအားရယူပါတယ်။

ဖိုးစိန်ရဲ့ ဘဝထဲက အပိုင်းအစလေးများ ဆိုတဲ့အတိုင်း မျောက်အနေနဲ့ သိတဲ့ကျနော့်ကို မျောက်ပုံ ကိုယ်စားပြု ပြီးတင်ပေးပါတယ်။ ပြီးတော့ မျောက်ပုံကိုကြည့်ပေါ့။ အမြဲတမ်း ဒေါသထွက်နေတဲ့ ကျနော့်ကို ကိုယ်စားပြုထားလေရဲ့ဗျာ။ ကျနော့်မိသားစုပုံ၊ ကျနော်တက္ကသိုလ် ကျောင်းသားဘဝနဲ့သူငယ်ချင်းများပုံ၊ ဆိုက်ပရပ်စ်ရောက်ဘဝပုံတွေနဲ့ အသည်းပုံထဲမှာတော့ ကျနော့်ကို ချစ်ကြသော ၊ ကျနော်က ချစ်ရသော ကျနော့် ပူတူတူးလေးတွေကို ထည့်ထားပါတယ်။ သေချာ ပြူးပြဲ ကြည့်ကြပါကုန်။ ကျနော်ထည့်ချင်တဲ့ ညီမတစ်ယောက်ပုံ ရှိပါတယ်။ သူက ဝေးဝေးကနေပဲ ချစ်ချင်တဲ့ အတွက် သူ့ ပုံကိုထည့်ခွင့်မရပါဘူး။ ဒါကြောင့် ကျနော်မထည့်ရတာပါ။ ပုံထဲက သူတွေက ကျနော့်ရဲ့ အနားမှာ အချိန်တိုင်း၊ ကျနော့်ရဲ့စိတ်ထဲမှာ အချိန်တိုင်း ရှိနေတဲ့သူတွေပါ။ ဒီဇိုင်နာကို ကျေးဇူးတင်ပါတယ်။


Monday, 5 April 2010

အဖေ့ပုံပြင်ထဲက ကျွန်တော်


ကျွန်တော်တို့ ငယ်ငယ်ကတည်းက အဖေက ညအိပ်ယာဝင်တိုင်း ပုံတိုပတ်စ တွေ၊ သမိုင်းကြောင်းတွေ၊ ရှေးရှေးက ပုံပြင်တွေ ကို ပြောလေ့ရှိတယ်။ ကျွန်တော်တို့ မောင်နှမတွေက ဖေဖေ ဘာပြောပြာ သူပြောတဲ့ ပုံပြင်တွေကို စိတ်ဝင်တစားနားထောင်လေ့ရှိတယ်။ ဖေဖေ ပုံပြောပြရင် အရမ်းသဘောကြတယ်။

ဖေဖေက သူဆုံးမချင်တာပဲ ဖြစ်ဖြစ်... တစ်ခုခုကို သိစေချင်တာပဲ ဖြစ်ဖြစ် ... သူပြောချင်လို့ ပြောတာပဲ ဖြစ်ဖြစ် အကျိုးအကြောင်းလျှော်ညီစွာ ပုံပြင်အနေနဲ့ ပြောတတ်ပြန်တယ်။

အိမ်မှာဆို ကျွန်တော်က ပြန်ပြောနားမထောင်၊ ညီလုပ်သူက ပြန်မပြောနားမထောင် ဆိုတော့..

တနေ့ အဖေက သားတို့ ကိုအဖေပုံပြင်တစ်ပုံပြောပြမယ် အဖေပုံပြောပြီရင် သားတို့က ပုံပြင်ထဲက တစ်ယောက်ယောက်ကိုရွေး အဖေရွေးစေချင်တာနဲ့ သား တို့ ရွေးတာတူလား ဆိုတာအဖေကြည့်မယ်ပေါ့...။ အဲဒီကနေ သားတို့ရဲ့ စိတ်ထားကို ဖေဖေ အဆုံးအဖြတ်ပေးမယ် ဆိုပြီး ပုံပြောပြတယ်။..

ပုံပြင်က….(အတိုချုံးပဲ ပြောပြမယ်နော်).

ရွာတရွာမှာ အလုပ်မရှိတဲ့ လုလင် တစ်ယောက်က မိန်းမယူတော့ မိန်းမက တစ်ခုခုကို လုပ်ကိုင်စားသောက်ဖို့ပြောတယ်။ မယ်မယ်ရရ အလုပ်အကိုင်မရှိတဲ့ လုလင်က မိန်းမတို့ အတွက် ယောကျားဝတ်တရား ကျေပွန်ချင်တော့ တောထဲသွားပြီး မျောက်နှစ်ကောင်ကိုဖမ်းလာတယ်။ တစ်ကောင်ကမျောက်လွှဲကျော်... နောက်တစ်ကောင်ကမျောက်ဖင်နီဖြစ်နေတယ်။ လုလင်က ဒီမျောက်နှစ်ကောင်ကို ပြစားဖို့ အတွက် အိမ်မှာနေပြိး စနစ်တကျနဲ့ စကားနားထောင်တတ်အောင် ကတတ်အောင်သင်ပေးတယ်။


ဒီလိုနဲ့ သင်ပေးနေတာ လချီသွားတယ်။ မျောက်ဖင်နီက လွယ်လွယ်နဲ့ တတ်ပေမယ့် မျောက်လွှဲကျော်ကို သင်ရတာ ကြာနေတယ်။ ထုံထုံထိုင်းထိုင်း ပေမယ့် လုလင်ကို ကြောက်တဲ့အတွက် မျောက်လွှဲကျော်က ကြိုးစားသင်နေတဲ့ အချိန်မှာ မျောက်ဖင်နီက ငုတ်တုတ်ထိုင် ကြည့်နေတယ်ပေါ့။

မျောက်ဆရာဖြစ်လာသူက မျောက်ပွဲစဖို့ အဆင်သင့်ဖြစ်ပေမယ့် ထုံထုံအအနဲ့ အရိပ်အကဲနားမလည်တဲ့ မျောက်လွှဲကျော်ကြောင့် ပွဲပျက်မှာကိုစိုးရိမ်နေပြီး မျောက်ဖင်နီကို အားကိုးထားရတယ်။ မျောက်က နှစ်ကောင်ရှိတာဆိုတော့ မျောက်လွှဲကျော်မပါလို့လဲ ပွဲမစည်နိုင်ဘူး။နောက်ဆုံးတော့ သင်ထားပေးတဲ့ မျောက်နှစ်ကောင်လုံးကို သုံးရတာပေါ့။

ပွဲစဉ်တစ်ခုလုံး မျောက်နှစ်ကောင်လုံးက သူတို့ဆရာခိုင်းတာလုပ်တယ်။ ပွဲက အရမ်းစည်တယ်။ မျောက်ဆရာက ဝမ်းသာအားရစွာနဲ့ ဂုဏ်ယူနေတယ်။

ပွဲလဲပြီးချိန် ပိုက်ဆံတောင်းချိန်လဲ ရောက်ရော...

မျောက်ဖင်နီက ပွဲကြည့်ပရိတ်သတ်ကို ဖင်ထောင် ပြ ဖင်လှန်ပြ ပါလေရောတဲ့…. ကဲ…..

အဖေက ကျွန်တော် နဲ့  ညီလေး ကို ဘယ်မျောက်ကို လိုချင်လဲလို့ မေးတော့..ကျွန်တော်က……

ဘယ်မျောက်ကိုရွေးခဲ့လဲ…လို့ သိကြလားဗျာ….. :D


ဖေဖေ့ကို သတိရလို့ အခုချိန်မှာ တစုံတခုနဲ့ တိုက်ဆိုင်နေလို့.... ခုချိန်ထိ ကျွန်တော်ရွေးခဲ့တဲ့ မျောက် အကြောင်းကို ဖေဖေက ပြောနေတုန်း။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်