Tuesday, 26 October 2010

ကဖိုးစိန်အကြောင်းတစေ့တစောင်း

ကဖိုးစိန် ဘယ်ရောက်နေလဲ။ဘာလုပ်နေလဲ။ ဘာတွေ ဖြစ်နေလဲ ဆိုတာ ချစ်လို့ သိချင်တဲ့သူရှိမယ်။ မချစ်လို့ သိချင်နေတာလဲ ရှိမယ်။ မသိလိုက်မသိဖာသာ နေသလိုလိုနဲ့ သိချင်တဲ့သူလဲရှိမယ်။ လုံးဝကို ဂရုမစိုက်တဲ့သူလဲ ရှိမယ်။ ဘာပဲ ဖြစ်ဖြစ် ချစ်ခင် လို့ သိချင်တဲ့သူတွေ အတွက် ရည်ရွယ်ပါတယ်။

ခုတလော ဘလော့ကို လုံးဝမရောက်ဖြစ်ဘူး။ စာရေးရင်လဲ မတင်ဖြစ်ပဲ သိမ်းတဲ့ အထဲရောက်သွားတာပါပဲ။ ကြာတော့လဲ ပိုစ့်တင်ချင်တဲ့ စိတ်ကမရှိတော့ဘူး ဖြစ်သွားတယ်။ အရင် ဆိုရင် ပိုစ့်တင်ရတာပျော်တယ်။ စာရေးရတာလဲ ပျော်တယ်။ ကိုယ့်နဲ့ အတူ ရေးဖော် ရေးဖက်တွေ ရှိတယ်။ သူတို့ ဘလော့တွေလည် ကော့မန့်ရေးလိုက် ၊ စီပုံးမှာအော်လိုက်နဲ့ စိတ်ချမ်းသာရတယ်။ သူတို့ ရေးတဲ့ စာတွေ ထဲမှာ ကောင်းတာတွေ ဗဟုသုတ ရစရာရှိရင် ယူလိုက်တယ်။ ကိုယ့်ထက်ဝါရင့်တယ် ဆိုရင် သူတို့ ဆီက အတုယူတယ်။ သင်လိုက်တယ်။ ဒီလိုနဲ့ စာရေးခဲ့တာပဲ။

အခုတော့ တော်တော်များများ စာရေးကျဲသွားကြတယ်။ အင်းလေ.. တကယ်တော့ ဘလော့ရေးတဲ့သူတွေက စာရေးဆရာတွေ မဟုတ်ကြပါဘူး။ ဘလော့ရေးတဲ့ စာရေးဆရာတွေကို ပြောတာ မဟုတ်ပါဘူး။ သာမန်အားဖြင့် စာတပုစ်ရေးဖို့ တကယ်မလွယ်ဘူးဆိုတာ စာရေးတဲ့သူတွေ မှသိတယ်။ ကိုယ်ရေးတဲ့စာက သူများအတွက် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ကြိုးစားအားထုတ်မှု တခုနဲ့အချိန်ပေးရတာပဲ။ အဲဒီထဲမှာ ခံစားချက်တချို့ပါမယ်။ ရသတခုပါမယ်။ ဘလော့ရေးတဲ့သူ တစ်ယောက် အတွက် ပိုစ့်တိုင်း ကောင်းချင်မှ ကောင်းမှာပဲ။ လူတိုင်းအတွက်တော့ မဟုတ်နိုင်ဘူး။လူတိုင်း အကြိုက်ချင်းတူ မှမတူပဲလေ။ အမြင်မတူတာ မျိုးတွေ ရှိလာတဲ့အခါကျရင် တော့ တိုက်ခိုက်မှုတွေ ဖြစ်လာမယ်။ စိတ်အခန့် မသင့်တဲ့အခါ အလိုမကျတဲ့အချိန်နဲ့ ဆုံရင် တခြားရေးလိုက်တဲ့စာက ကိုယ့်အတွက် အနှောက်အယှက် ဖြစ်လာနိုင်တယ်။ အဲဒီအခါကျရင် အယူအဆတွေကွဲ မူဝါဒတွေကွဲကြတော့မယ်။ ကိုယ်တိုင်လဲ မထင်မှတ်ပဲ စိတ်အခန့်မသင့်တဲ့ အချိန်နဲ့ ဆုံတုန်းက ဘလော့တခုမှာ စိတ်သွားဆိုးဖူးတယ်။ ဒါပေမယ့် နောက်တော့လဲ ဘာမှမဟုတ်မှန်းသိလိုက်တော့ အဲဒီအကြောင်းပြောတိုင်း ရယ်မိတယ်။

တခုရလိုက်တာက ကိုယ့်ကို လူမမြင်ဘူးဘဲ ကိုယ့်အကြောင်းကိုသေချာမသိဘဲ ကိုယ့်ကို ကြည့်မရတဲ့ သူတွေ အမြင်မကြည်တဲ့သူတွေ ရှိတာ သိလိုက်ရတယ်။ ကိုယ့်ဘက်ကတော့ စိတ်ရှင်းပါတယ်။ ကိုယ်ဘက်က စိတ်ထဲ မထားတော့ဘူးဆိုရင် တကယ်ကို ပျောက်ကွယ်သွားအောင် နေတတ်တဲ့ အကျင့်လုပ်ထားတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေကို ဆင်ခြင်ပြီး စာမရေးဖြစ်တော့ဘူး။ရေးရင်လဲ အကြောင်းအရာတခုခုတိုက်ဆိုင်မှ၊တယောက်ယောက် ကပြောမှပဲ ရေးဖြစ်တော့တယ်။ ကိုယ်စာရေးကောင်းတာ မဟုတ်ဘူး ဆိုတာ ကိုယ်တိုင်သိပါတယ်။ ဘာဖြစ်ဖြစ် ကိုယ်ရေးတဲ့စာတွေက သူများအတွက် အဆိပ် အတောက် ဖြစ်ရင် မကောင်းဘူး။ ဒီလိုနဲ့ စာရေးကျဲသွားတာပဲ။ ကိုယ်ရေးလိုက်လို့ အပြုသဘောဆောင်တဲ့ ထင်မြင်ချက်တွေ ချရေးသွားတာထက် ကိုယ့်ကိုနားမလည်ပဲ တခုခုကို အဖြစ် ရေးသွားရင် စာရေးတဲ့သူ ဘက်က အနည်းနဲ့ အများတော့ ထိခိုက်ရတာပါပဲ။ ထင်မြင်ချက်ကောင်းကောင်းပဲ ရချင်တာမဟုတ်ပါဘူး။ နည်းပေးလမ်းညွန်နဲ့ သွန်သင်သွားရင် လက်ခံပါတယ်။ ဒါပေမယ့် လူအမျိုးမျိုး စိတ်အထွေထွေ မဟုတ်လား။ ကိုယ့်ကို လူတိုင်းကတော့ ဘယ်ချစ်ပါ့မလဲ။ ကိုယ့် ကိုယ်အပြစ်မြင်နေရင် ကိုယ်ရေးတဲ့စာလဲ ကောင်းစရာ မရှိတော့ပါဘူး။ ဒါကလဲဖြစ်တတ်ပါတယ်လေ။

တခါတလေ အသိမိတ်ဆွေ တချို့ အိမ်ကို အလှူသွားတာတို့ အလည်သွားတာတို့ နဲ့ ဆုံလို့ တယောက်ယောက် က ဒါဖိုးစိန် လို့ မိတ်မဆက် ပေးပဲနဲ့ ကဖိုးစိန် ဆိုတာကို တန်းသိတဲ့သူတွေ ရှိတယ်။ ပြီးတော့ ကိုယ့်နဲ့ စကားပြောရင် ကိုယ်ရေးခဲ့ဖူးတဲ့ ကိုယ့်အဖေအကြောင်းတွေ ကိုယ့်အမေအကြောင်းတွေ၊ ဆိုက်ပရပ်စ်က ကိုယ့်အကြောင်းတွေကို မေးကြတယ်။ ကိုယ်ငယ်ငယ်က ဆိုးတာတွေ၊ ဒေါသကြီးတာတွေ မကြိုက်တာ ၊ ကြိုက်တာဆိုတာ တွေကို သတိတရ မေးတဲ့ စာဖတ်တဲ့ အမတွေ အကိုတွေ နဲ့ တွေ့တော့ ကိုယ်ရေးခဲ့တဲ့ စာတွေ အတွက် ပီတိ ဖြစ်ရတယ်။ ကိုယ်ရေးတာလဲ ကိုယ့်မိသားစုအကြောင်းနဲ့ ကိုယ့်ပတ်ဝန်းကျင်က အကြောင်းများတာကိုး။ ပိုစ့်မတက်တာကြာရင်၊တခါတလေ စိတ်ကူးပေါက်တဲ့ မဖြစ်စလောက် စာတွေ တင်ရင် ကိုယ့်ကို အရင်လို စာကောင်းကောင်းရေးဖို့၊ပေါက်ကရတွေ မရေးဖို့ ပြောလာတဲ့သူတွေလဲ ရှိတယ်။ အဲဒီအခါကျရင် စာပြန်ရေးဖို့ အားတက်ပြန်တယ်။ ကိုယ့်ဆီကို ပုံမှန်စာလာဖတ်တဲ့ သူတွေကို လေးစားပါတယ်။ ကိုယ့်ဘက်ကလဲ စာဖတ်တဲ့သူတွေ အတွက် ရသတခုခု ရအောင်ကြိုးစားပေးချင်ပါတယ်။
ခုမှ တကယ်ပြောချင်တာကိုပြောတော့မယ်။

ခုလောလောဆယ်တော့ အိမ်မှာ ရှိတဲ့ ညီတွေညီမတွေနဲ့ အော်လိုက်ဟစ်လိုက် ဆူလိုက်နဲ့ နေနေပါတယ်။ မွေးနေ့ ကန်ထရိုက် ယူထားသလားလို့ အောက်မေ့ရအောင် အိမ်မှာ မွေးနေ့များ မပြတ် ကျင်းပနေတယ်။ ကိတ်မုန့်ပေါ် မီးထွန်းပြီး ဟက်ပီးဘတ်ဒေးလို့ တပတ်တခါနီးပါး ခဏခဏ အော်နေကြလို့ ဘေးအိမ်က လူတွေ ကတောင် ကြောင်တောင်တောင် ဖြစ်နေပါတယ်။ ကိုယ့်သူငယ်ချင်းကိုယ်တိုင်က ကိုယ့်ကို မွေးနေ့ ကန်ထရိုက်တာလို့ ခေါ်နေပါပြီး။ ခုနောင်လာမယ့် မွေးနေ့ တွေ တန်းစီနေပါသေးတယ်။ ပြီးတော့ တန်ဆောင်မုန်းလပြည့်မှာ အလှူ တခု လုပ်နိုင်ဖို့ အတွက် စတင်အကောင်အထည်ဖော်နေပါတယ်။

အားတဲ့အချိန် မရှိဘူးလားဆိုတော့ အားပါတယ်။ အားတိုင်းလဲ ဟင်းချက်တမ်းဆော့ပါတယ်။ တကယ်ချက်တာပါပဲ။ ကိုယ်ချက်တာ ကိုယ်မစားနိုင်ဘူး ဖြစ်နေတယ်။ ဆော့သမျှ ဟင်းတွေ အစားအသောက်တွေကို အိမ်မှာ ရှိတဲ့ ညီတွေ အကိုတွေအမတွေရော အိမ်မှာ မနေတဲ့ ညီတွေ ညီမတွေကိုရော အတင်းခေါ်ကျွေးရပါတယ်။ သူတို့က ကြိုက်လို့ စားတာထက် ကိုယ့်ကိုကြောက်လို့ ကိုယ်ဆော့ထားတဲ့ လက်ရာတွေကို ကောင်းကောင်း မကောင်းကောင်း စားကြရပါတယ်။ မကောင်းဘူးလဲမဝေဖန်ရဲ ကြပါဘူး။ ဝေဖန်ရင် ခွက်ပျံ ဇွန်းပျံတွေကို မြင်ရလို့ အတင်းကျိတ်မှိတ် မြိုချရတာကို ကိုယ်ကတော့ အဟုတ်ထင်ပြီး သဘောတကျ ရှိနေတတ်တာပါ။

ပြီးတော့ gym သွားပါတယ်။ ရှေ့ကို ပူထွက်နေတယ်လို့ ဗိုက်ကို ကျချင်လို့ပါ။ ကိုယ်ကဆိုက်ကို ရှိတော့ သူတို့ စချင်ရင် ကိုယ့်ဗိုက်က ပူနေတတ်ပြီး ကိုယ် ဆိုက်ကို ဝင်မှန်းသိရင် သူတို့က တထစ်လျှော့ပြီး ဗိုက်ကမပူဘူးဖြစ်ရပြန်ရော။တကယ်တမ်းကျတော့ မသိမသာ ပူတာပါ။ (ကိုယ့်ဗိုက်ကိုယ် အသက်အောင့် ကြည့်ပြီးပြောတာပါ)။ ခုပုံမှန်ကစားဖြစ်တော့ ကျသွားပါတယ်။ (ဒါလဲ ကိုယ့်စိတ်ကိုယ်အားတင်းပြီး ပြောတာပါပဲ)။ဒီလိုနဲ့ တပတ်သုံးရက် အချိန်ပေးရင်း ကိုယ်လက်တွေ မသယ်နိုင်အောင် ကိုက်ခဲနေတာပဲ။အခုမှ ရည်မှန်းချက်ကြီးလာတယ်။ ၂၀၁၁ ကျ မောင်ဗမာ ပြိုင်ပွဲများဝင်နိုင်မလားလို့။ သူများတွေလို six pack abs မရှိပေမယ့် One pack abs ရှိနေရမယ်ဆိုတာ လုံးဝအာမခံပါတယ်။

အခုတက်နေတဲ့ ကျောင်းလဲ နောက်နှစ်လနေရင် ပြီးတော့မှာပါ။ ဒီရောက်တာလဲ နောင်နှစ်လ ထဲမှာ တစ်နှစ်ပြည့်တော့မယ်။ အခု အလုပ်လဲ ရှာနေပါတယ်။ အချိန်တန်လို့ မှအလုပ်မရရင် ဆိုက်ပရပ်စ်ကို ပြန်ပါတော့မယ်။ ဟိုကသူထေးတွေက ခေါ်နေပါပြီး။ တနှစ်လုံးလုံး ဒီမှာပျော်ပွဲစားထွက်လို့လဲ ဝလောက်ပါပြီး။မွေးနေ့ ကန်ထရိုက်ယူလိုက်တာလဲ အရှူံးပေါ်ပါတယ်။ ( :P မွေးနေ့ ရှင်ဆီက ပီဇာမှာကျွေးဖို့ ပိုက်ဆံရာချီ တောင်းပြီး မွေးနေ့ပွဲလာတဲ့သူကို ဆန်ပြုတ်တိုက်လို့ အရှူံး ပေါ်ရတာပါ)။ဟော်လီးဒေး တနှစ်ဆိုတာလဲ ကိုယ့်အတွက် အများကြီးပဲ။ ဒီတနှစ်အတွင်းမှာ ကိုယ်မေတ္တာတွေ တပုံတပင် မသယ်နိုင်အောင် ရလိုက်တယ်။ သံယောဇဉ်တွေကို ခြင်ထောင်ပေါင်း မြောက်များစွာလှန်ပြီး ထည့်ထားရတယ်။ ပျော်စရာကောင်း၊လွမ်းစရာကောင်း၊စိတ်ညစ်စရာကောင်း ၊ဒေါသဖြစ်စရာကောင်းနဲ့ ရသပေါင်းစုံပါပဲ။

တစ်ယောက်တည်း အထီးကျန်တဲ့ ဘဝထက်စာရင် ခုလို ဘဝက နေပျော် သေပျော်ပါတယ်။ ဒါပေမယ့်လည်း ဘဝပေးတဲ့ နေရာမှာ နေရမှာပဲ။ ခုအလုပ်ကို ကြိုးစားရှာနေပါတယ်။ တကယ်တမ်း ဆိုက်ပရပ်စ်ကို မပြန်ချင်ပေမယ့် အမှန်တိုင်းဝန်ခံရရင် ဆိုက်ပရပ်စ်မှာ နေခဲ့ရတဲ့ အိမ်တွေ၊ ကိုယ်ပိုင်တဲ့ပစ္စည်းတွေနဲ့ ဆိုက်ပရပ်စ်က ဘဝကို အရမ်းလွမ်းတယ်။ လွမ်းတိုင်း ခဏခဏပြောလို့လဲ ကိုယ့်ကို ဒါနဲ့ဆို အကြိမ် ၁၀၀ ၊ဒါနဲ့ ဆို အကြိမ် ၁၆၀နဲ့ စကြနောက်ကြတဲ့ အထိပါပဲ။ ဘာပဲဖြစ်ဖြစ် အချိန်တန်ရင်တော့ တခုခုဖြစ်လာတာပဲ။ ခုလည်းဒီမှာ အလုပ်ကို ကြိုးစားရှာနေပါတယ်။ ပွဲစားများရှိရင်ပြောပါ။ ရှောင်မလို့ပါ။

ဒီလိုနဲ့သံသရာ လည်ရင်း တနှစ်ပင်ပြည့်တော့မည် ဖြစ်ပါကြောင်း.....

ခုဆိုရင် ဖိုးစိန် အကြောင်းတစေ့တစောင်းတော့ ရိပ်မိမယ်ထင်ပါတယ်။

ဖိုးစိန်ကို ချစ်သူများရော.. မုန်းသူများရော…. ကြည့်မရသူများရော…. မချစ်တချစ် များရော… အားလုံးပျော်ရွင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်…။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်







Thursday, 7 October 2010

ကလေးမချစ်တတ်ပါ.. သို့သော်..

ဒီနေ့ ကျနော့်အချစ်ဆုံး သူငယ်ချင်းက မက်ဆေ့ပို့ပြီးပြောတယ်။သူ့အမ ကလေးမွေးပြီးတဲ့။ကျနော်လဲ ကွန်ကရက်ကျူလေးရှင်း…ဘာရှင်း… ညာရှင်းပေါ့။

တကယ်တော့ ရှင်းရှင်းပြောရရင်ကျနော် ကလေးမချစ်တတ်ဘူး။ ကလေးငိုသံကြားရင် နေမထိ ထိုင်မထိနဲ့ အလိုလို နေရင်းဒေါသထွက်နေတာ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ကလေးငယ်ငယ်လေးတွေ တွေ့ရင်ကိုယ့် မျက်လုံးပြူးပြူးနဲ့ မကြောက်ကြောက် အောင်ဖြဲခြောက်တတ်တာ အကျင့်လို ဖြစ်နေပြီး။ လမ်းမှာ ဂျီကျပြီး ငိုနေတဲ့ ကလေးဆိုရင် စိတ်ထဲက ဆွဲဆောင့်ကိုင်ပေါက်တာလဲ အကြိမ်ပေါင်းမနည်းဘူး။ ဂျစ်ကျတတ်တဲ့ ကလေးကိုဆို အရမ်းဆုံးမချင်တာ။အရမ်းအသည်းယား တာပဲ။ လိမ္မာတဲ့ ကလေးဆိုလဲ ငိုအောင်အရမ်းစချင်တယ်။ ဘယ်လို စိတ်မှန်းကို မသိတာ။

အိမ်မှာဆို ကျနော့် အမျိုး ဝမ်းကွဲ ကလေးတွေ ကျနော် ရှိရင် အိမ်နားမလာကြဘူး။ ကြောက်ကြတယ်။ အိမ်လာရင် ဟိုမလာရ၊ဒီမလာရ အမိန့်ထုတ်တာနဲ့ မကစားရဘူး၊ ငြိမ်ငြိမ်ထိုင်ရမယ်ဘာမယ်နဲ့ အိမ်လာရင် ဘာမှ တောင်းဆိုခွင့် မပေးဘူး။ ဒါကြောင့် ကလေးတွေက ကျနော်ရှိရင် အိမ်ကိုလုံးဝ မလာဘူး။ တအိမ်လုံးက ကျနော့်နဲ့ ဆန့်ကျင်ဘက်။ တအိမ်လုံး ကလေးချစ်ကြတယ်။ ကျနော် ရှိနေတော့ ကလေးကို မခေါ်ရဲဘဲ အိမ်အပြင် မှာချစ်ကြရတယ်။ ဖေဖေကတော့ ပြောပါတယ်။ သားစိန်တို့ သားသမီးရရင် ဘယ်လိုနေမလဲ မသိဘူး ဆိုပဲ။ ကျနော်ကလဲ ပြောပါတယ်။” ကိုယ့်သားသမီးဆိုရင်တော့ တမျိုးပေါ့။ခုဟာက ကိုယ့်သားသမီးမှ မဟုတ်တာလို့”။

ကလေးမချစ်တတ်ဘူး ဆိုပေမယ့် ငယ်ငယ်ကတော့ ကလေးထိန်းဖူးပါတယ်။ကျနော့်ညီမ အရင်းကိုပေါ့။ မွေးခါစ ကတည်းက ဝဝကစ်ကစ် ဖြူဖြူ လုံးလုံး မို့ အသည်းယားစရာကောင်းပါတယ်။ အိမ်မှာ မေမေတို့က snow white ခေါ်လိုက် မနှင်းဖြူ ခေါ်လိုက်နဲ့ အငယ်မလေးက နာမည်စုံရပါတယ်။ ကျနော်နဲ့ တနှစ်ကျော်သာကွာတဲ့ ကျနော့်ညီ က ညီမလေး ကိုခဏခဏတောင်းချီပါတယ်။ညီမလေး ကိုယ်လုံးက လေးတာမို့ မေမေတို့က ခွင့်မပြုဘူး။ လွတ်လွတ်လပ်လပ် မချီပိုးရဘူးလေ။ ချီချင်ရင်တောင် မေမေတို့က ကိုင်ထားသေးတယ်။ အဲဒါကို ပဲညီအကိုနှစ်ယောက် အတင်းလုချီရင်း ရန်ဖြစ်ကျတော့ အလယ်က ညီမလေးကို ဟိုထိ ဒီထိ နဲ့ ညီမလေးက ထငိုပါရော။ အဲဒါနဲ့ တခါမှ ကောင်းကောင်း မချီဖြစ်ခဲ့ဘူး။

တခါတလေ ညီမလေး အိပ်နေရင် ကျနော်တို့ အနားသွားပြီး ပါးလေးကိုင်လိုက်၊ လက်လေးကို တို့လိုက် လုပ်တတ်ပါတယ်။ တခါတခါ ပါးဖောင်းဖောင်းနဲ့ ညီမလေး ကို အသဲယားလို့ ပါးကို ငုံပြီး ဖွဖွလေး ကိုက်မိပါတယ်။ ကျနော်ကတော့ ဖွဖွလေးလို့ ထင်တာပဲ။ အငယ်မတော့ ပါးမှာ သွားရာနဲ့ အသံပျောက်အောင်ငိုလို့ ကျနော် ညီမလေး နားကို တလလောက် ကပ်ခွင့် မရခဲ့ပါဘူး။ ညီမလေးကို အဲလိုချစ်ခဲ့တာပါ။
ငယ်ငယ်က လူကြီးတွေ ပြောတယ်။ ကိုယ့်အောက် ကမွေးတဲ့ ညီညီမတွေရဲ့ ချက်ကို နမ်းရင် အဲဒီညီညီမတွေ ကြီးလာရင် ကိုယ့်ကို ချစ်တယ်တဲ့။ အဲဒါနဲ့ ကျနော်တို့လဲ ညီမလေးရဲ့ စူနေတဲ့ ချက်ကို နမ်းတာပေါ့။ ချက်ကောင်းထိသွားလို့ ဖြစ်မယ်။ ကျနော် နမ်းတဲ့ အလှည့်ကျ အငယ်မက သေးနဲ့ ပန်းပါလေရောဗျာ…။ ညီမလေး ကတော့ ယားလို့ တခစ်ခစ်နဲ့ ရယ်မောလို့ပေါ့။ ကျနော်ကသာ ပါးစပ်ထဲမဝင်အောင် အတင်း ရှောင်လိုက်ရတယ်။ မိန်းခလေးမို့သာပဲ။ :P

ညီမလေး လေးဘက်သွားပြီး ထိုင်ထလုပ်တဲ့ အခါကျ တော်တော်ချစ်ဖို့ ကောင်းနေပါပြီး။ အငယ်မကိုကြည့်လိုက်ရင် လက်လေးနှစ်ဖက် ဖြန့်ပြီး တခုခုကို အမြဲတောင်းစားနေတဲ့ ပုံပေါက်တယ်။ အဲဒါကြောင့် ကျနော်တို့ လဲ ကျနော်တို့ပဲ စားနေတာ မကြည့်ရက်လို့ ညီမလေး ကို သွားသွားခွံတာ။ သကြားလုံးကို ဝါးပြီးခွံ့တာမျိုး။ မန်ကျည်းတော်ဖီ ကို သွားခွံ့တာမျိုးပေါ့။ သကြားလုံးကြတော့လဲ အမေက လန့်ပြီးခဏခဏ သွားပြန်နှိုက်တာ။ မန်ကျည်းတော်ဖီ စားရင် ညီမလေးမျက်နှာက ချဉ်ပြုံးပြုံးနဲ့ အရမ်းချစ်ဖို့ ကောင်းလို့ ခဏခဏ ခိုးကျွေးတာ ညီမလေးလဲ ခဏခဏဝမ်းတွေသွားပေါ့။
မတောက်တခေါက်လမ်းလေး လျှောက်တတ်တဲ့ အရွယ်ရောက်တော့ ညီအကို နှစ်ယောက် ကလက်လေးတွဲပြီး ညီမလေးနဲ့ လမ်းလျှောက်ချင်တာပေါ့။ အိမ်ထဲမှာ လမ်းလျှောက်တာကိုပဲ အငယ်ကောင်က ဟိုဘက်ကိုသွားမယ်၊ ကျနော်က ဒီဘက်ကို သွားမယ်နဲ့ အလယ်က ညီမလေးက လက်ကြီးကားကား ခြေလေးခွင်ခွင်နဲ့ ဘယ်ကိုသွားရမှန်းမသိ ကျနော်တို့ကို သနားစရာမျက်နှာလေးနဲ့လှည့်လှည့်ကြည့်တတ်တာ။ ညီအကို နှစ်ယောက်ကြားမှာ နေတော့ အဲလောက်ထိ အကြမ်းခံမှကို ဖြစ်မှာလေ။

လမ်းကောင်းကောင်း လျှောက်တတ်တဲ့ အရွယ်ရောက်တော့ ကျနော်တို့ မောင်နှမတွေ ကစားခွင့်ရတာပေါ့။ အိမ်မှာ စီးလို့ရတဲ့ နောက်သုံးဘီးပါ စက်ဘီးနဲ့ ညီမလေးကို တင်ပြီး တယောက်တလှည့် တွန်းပေးတာ မထင်မှတ်ပဲ အရှိန်လွန်ပြီး မှောက်တာ ညီမလေးလက်ကို စက်ဘီးဘီး ကျိတ်သွားတယ်။ ဘယ်နေရာ နာလို့ နာမှန်းမသိပဲ အော်ငိုနေတာက တကြောင်း အိမ်မှာ မေမေတို့ အပြင်သွားနေတဲ့ အချိန် ဆုံတာကြောင့် ကျနော်ရောအငယ်ကောင်ပါ ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ။ ခဏနေတော့ အငယ်ကောင်က အိမ်နောက်ဖေးက ဓားမယူလာရင် ညီမလေးနာနေတဲ့ နေရာကို အနာသက်သာအောင် ခုတ်လိုက်မယ်တဲ့။ ကျနော့်ကိုလာညှိတယ်လေ။ အဖွား အိမ်အရောက်မြန်လို့။ နောက်မဟုတ်ရင် ဘာဖြစ်မလဲ ညီမကို အနာပျောက်အောင်ပဲ ခုတ်ဖြတ်မိကြမလား ဆိုတာ ကျနော်တို့လဲ ကတယ် မစဉ်းစားတတ်တော့ မသိဘူး။:P
မှတ်မှတ်ရရ ညီမလေးကို ကျနော်တို့ နှစ်ယောက် ဖေဖေ အလုပ်ရုံထဲက အင်ဂျင်ဝိုင်ကိုညီမလေးကို ရေနွေးကြမ်းဆိုပြီး လိမ်တိုက်တာ။ ကျနော်တို့စိတ်ထဲမှာ ညီမလေးက သောက်ပြီး အင်ဂျင်ဝိုင်မှန်း သိရင် ပြန်ထွေးထုတ်မယ်ပေါ့။ ဒါပေမယ့် ညီမလေးက နည်းနည်းလေး မျိုချမိရော တခါတည်း ဆေးရုံ တန်းရောက်တော့တာပဲ။ ညီမလေးကိုအဲလိုချစ်တာ။

ညီမလေး စကားပြောတတ်၊ နားလည်တတ်လာတော့ အကို နှစ်ယောက်လုပ်တာမှန် သမျှ လိုက်လုပ်တော့တာပဲ။ သေးပေါက်ရင်လဲ အကိုတွေလို လိုက်ပေါက်တယ်။အကိုတွေ ဘာလုပ်လဲ လိုက်ကြည့်တယ်။ နောက်ပြီး အတုခိုးတော့တာပဲ။ အကိုနှစ်ယောက် ကြားမှာမွေးတဲ့ အငယ်ဆုံးမို့ မေမေဆိုပြောတယ်။ မျောက်သုံးကောင်မဟုတ်ဘူးမျောက်အကောင်သုံးဆယ်စာ ထိန်းရသလိုပဲတဲ့လေ။
ဘာဘဲဖြစ်ဖြစ် ညီမလေးက ကျနော်တို့လက်မှာ ငယ်ငယ်ကတည်းက ကြီးပြင်းလာရတာဆိုတော့ ညီမလေးလည်း အကို နှစ်ယောက်ကြားမှာ ဒုပေးဒဏ်ပေးခံရင် ကြီးပျင်းလာတာ။ ကလေးဆိုလို့ ကျနော်တိတိကျကျ ရေရေရာရာ နက်နက်နဲနဲ ချစ်ခဲ့တာ ကျနော့် ညီမတယောက်ပဲ ရှိမယ်ထင်ပါတယ်။

အမှန်တိုင်းဝန်ခံရရင် ဘယ်ကလေး ကိုမှ ချစ်လို့မရလို၊ ချစ်ချင်စိတ်လဲ မရှိပါဘူး။ချစ်စရာကောင်းတဲ့ ကလေးတွေ့ရင် အသဲယားကြည့် လိုက်မိတာပဲ ရှိတယ်။ တရေးတယူ ပွေ့ထူ နမ်းရှုံ့ဖို့ တခါမှ မစဉ်းစားဖူးဘူး။
တခါတလေ စဉ်းစားမိတယ်။ ကိုယ့်ရင်သွေးကျရင်…

ကိုယ့်ရင်သွေးကျရင်တော့ ကိုယ့်ညီမကို ချစ်သလို ချစ်မှာပေါ့။ ကိုယ့်ညီမကို ချစ်ခဲ့သလိုတော့ မဟုတ်လောက်ပါဘူး။(ဥပမာ- အင်ဂျင်ဝိုင်တိုက်တာမျိုး၊ ကလေးငိုလို့ ဘာမီတွန်တိုက်ပြီး အိပ်ခိုင်းတာမျိုးး)
ကိုယ့်ရင်သွေး လေးလို့ စဉ်းစားရင် အမွှာကို အရမ်းလိုချင်တာ။ ငယ်ငယ်ကတော့ အမွှာ ကိုယ်ဝန်သည် ဗိုက်ကို မြင်ရင် ပြေးပြေးနမ်းတယ်။ ကိုယ့်အလှည့်ကျ အမွှာမွေးရအောင်လို့။:P ဒါပေမယ့် ကျနော်ငယ်ငယ်တုန်းက လို မျောက်ရှုံးအောင်ဆော့တဲ့ ကလေးမျိုးတော့ မရချင်ဘူး။:P (ဝဋ်မလည်ချင်တာပါ)

ကလေးတွေကို စနစ်တကျ ပျိုးထောင်ဖို့ စဉ်းစားထားပါတယ်။ ဥပမာ ကလေးတွေ ကို ကစားစရာတွေ ဝယ်ပြီး အခန်းကျယ်ကြီး တခုထဲမှာ ပုံးထဲထည့်ထားပေးမယ်။ ဒီနေ့ အတွက် ကြိုက်တဲ့ အရုပ်တခုရွေး၊ ဝအောင်ကစား ပြီးရင် ပုံးထဲ ပြန်ထည့်။ ကစားလို့ ဝရင် အဲဒီအခန်းထဲက ပြန်ထွက်ပေါ့။

မုန့်စားရင်လဲ (ဥပမာ- ဘီစကွတ်လိုမုန့်မျိုး) ပန်းကန်ဆေးတဲ့ နေရာသွား။ ဝအောင်စား။ ကျလာတဲ့ ဘီစကွတ် အမှုန်တွေက ပန်းကန်ဆေးတဲ့ နေရာမှာပဲ ကျမယ်။ အိမ်မရှုပ်တော့ဘူး။ စားလို့ဝ နေရာလာပြန်ထိုင်။ အဲလိုမျိုးတွေ ပုံစံသွင်းပြီး ချစ်မယ်လို့ စိတ်ကူးထားတယ်။:P

ခုလောလောဆယ်တော့ ကျနော့်မျက်စိအောက်မှာ ကြီးလာတဲ့ တဦးတည်းသော ညီမလေးကိုပဲ ချစ်နေပါသေးတယ်။ နောင်တချိန် ကလေးချစ်တတ်လာရင်ဆိုတာကလဲ ကျနော်ကိုယ်တိုင် ရလာမည့် ရင်သွေးလေးများ(အဲလေ…. ရင်သွေးလို့ပဲ ရေးမယ်။ များများလိုချင်တာမဟုတ်ဘူး)ကိုချစ်မိမယ်ထင်တာပဲ။
ကလေးငယ်ငယ်လေးတွေ ရှိတဲ့ အမေတွေ ခုလောက်ဆို မျက်ခုံးလှုပ်နေလောက်ပြီး။ဖိုးစိန်ကို ငါတို့ သားသမီးတွေနဲ့ တွေ့ပေးလို့ မဖြစ်ဆိုပြီးတော့။ :P

မချစ်တတ်ပေမယ့် ကြင်နာတတ်တဲ့ အသည်းလေးတော့ရှိသေးကြောင်း..။


(ဒီပိုစ့်လေးကို တူမလေး ရတဲ့ ချစ်သူငယ်ချင်းအတွက် မကြာခင် သားရတော့မယ့် ချစ်သူငယ်ချင်းအတွက် ကျနော့် နည်းလမ်းကောင်းလေးများသုံးစွဲဖို့ ရေးလိုက်ပါတယ်။)


ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်