Thursday, 29 October 2009

အတင်းပြောရရင်ဖြင့်

ကျနော့် ဖေဖေနဲ့ မေမေက အရမ်းလိုက်ဖက်တဲ့ စုံတွဲပါ… ဖေဖေက လူမုန်း… မေမေက နှင်းဆီ ဆိုပြီး ကျနော်တို့မောင်နှမသုံးယောက်က မြှောက်ပြောရင် နှစ်ယောက်လုံးက တပြုံးပြုံးနဲ့… ကျနော်တို့ မောင်နှမ သုံးယောက်က စိတ်ကောင်းရင် ဒီလိုပဲ ညာစားနေကျ… စိတ်ဆိုးပြီးလာဆိုရင် ဖေဖေက အံ့ကျော် မေမေက မတူးပဲ… (နောက်ကွယ်မှာ သူတို့ မသိအောင် အတင်းအုပ်ရတာပေါ့)… တကယ်လဲ ကျနော့် ဖေဖေနဲ့ မေမေ့ကို သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံ လို့ပြောရင်လွန်မယ် မထင်ဘူး… တကယ်ကို ကြင်ကြင်နာနာရှိကြတယ်… သားသမီးတွေကို ချစ်တာထက်ပိုပါတယ်… (“ချစ်လို့ ယူထားတာကွ… မင်းတို့က အပိုဆုတွေ… ဘေးထွက်ပစ္စည်းတွေ” လို့ ဖေဖေက အမြဲပြောတတ်တယ်)

ဖေဖေက မေမေ့ထက် အသက်(၁၅) နှစ်ငယ်တယ်… ဖေဖေက အလုပ်ကြမ်းတွေကိုသာ လုပ်ခဲ့ရတော့ မေ့မေ့ထက် အသက်ငယ်ပေမယ့် အများအမြင်မှာ မေမေ့ထက် အသက်ကြီးတဲ့ပုံပေါက်တယ်… ဖေ့ဖေ့ကိုယ်လုံး ကိုယ်ပေါက်က မောင်ဗမာ တွေလို အားအင်ဗလ ပြည့်ဖြိုးတောင့်တင်းပြီး (သားဖြစ်သူ ဖိုးစိန်နဲ့ ယှဉ်ရင် ဝါးချမ်းပြားနဲ့ ကျွန်းပင်) ၊အသားကလဲ အလုပ်ဒဏ်ကြောင့် မဲပြာရောင်ထနေတော့ အဖေ့က အသက်ကြီးပုံပေါက်တယ်… ဒါကြောင့် ဘယ်လိုမှ ယှဉ်လို့ မရအောင် မေမေက အရမ်းကိုနုတယ်… မေမေက အိမ်ထဲမှာပဲနေရင်း အလှတွေပဲ ပြင်နေတော့ နုဖတ်ချောမောနေတာ မဆန်းပါဘူး… (ပြောရင် ခေါင်းခေါက်ခံနေရအုံးမယ်)

ဖေဖေ့ကို အသက်ကြီးတယ်လို့ ထင်ရလောက်အောင်လဲ သူတို့ နှစ်ယောက် အခေါ်အဝေါ်ကိုကြည့်… ဖေဖေက မေမေ့ကိုခေါ်တယ် “ညီမ”တဲ့…. (ဟိဟိ)… မေမေကပြန်ခေါ်တယ် “အကို”တဲ့… ကဲ…ကြားတဲ့သူတွေကတော့ မေမေ့ကို ငယ်တယ်ထင်တာ မဆန်းဘူးပေါ့…

ဒီလို ဒီလိုတွေကြောင့် ဖေဖေနဲ့ မေမေ့ကို မသိတဲ့သူတွေက ဖေဖေအသက်ကြီးတယ်လို့ ပဲထင်ကြတယ်… မေမေကို နုတယ် ငယ်တယ် ပြောသံကြားရင် ပီတိဖြစ်လို့ တပြုံးပြုံး…. ဖေဖေကလဲ မိန်းမဖြစ်သူ နုတယ် လှတယ်လို့ ပြောရင် စကားဆက်မပြောနိုင်ပဲ ပီတိတွေ ဂွမ်နေတာ…. ဒါပေမယ့် ဖေဖေက မေမေအသက်ပိုကြီးကြောင်းကို ပြောချင်တယ်… ဆိုလိုချင်တာက မိန်းမကို ခြေမွေးမီးမလောင် လက်မွေးမီးမလောင်ထားလို့ မိန်းမက နုပျိုနေတာကို ကြွားချင်တာ… မေမေကတော့ မိန်းမပီပီ အသက်ကြီးတယ်ပြောတာကို နည်းနည်းမှ မကြိုက်ဘူး…

မှတ်မှတ်ရရ ဖေဖေ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို အလုပ်စကားပြောဖို့ ခေါ်ရင်း ဖေဖေနဲ့ တူတူ အိမ်မှာအရက်သောက်ကြတယ်… အရှိန်ရလာတော့ စီးပွားရေး အကြောင်းတွေ၊ သားသမီးအကြောင်းတွေ ပါလာရင်းနဲ့ မိန်းမအကြောင်းပါလာတယ်… ဖေဖေက မေမေ နုကြောင်းကို ကြွားချင်တော့ “ကျွန်တော့် မိန်းမ အသက်ဘယ်လောက်ရှိပြီးလဲ သိလားလို့” ဧည့်သည်ကို မေးတယ်… ဖေဖေ့အသက်ကို သိထားတဲ့ ဧည့်သည်က ဖေဖေ့အသက်ထက်လျော့ပြီး “အနည်းဆုံးရှိ လေးဆယ်ငါး” (အဲဒီအချိန် မေမေက ငါးဆယ်ကျော်နေပြီး) လို့ ဖြေတာကို ဖေဖေက မဟုတ်ဘူးဆိုပြီးမေမေ့ အသက်အမှန်ကိုပြောလိုက်တယ်… ဖေဖေက မေမေ လှကြောင်း နုကြောင်းကို ဂုဏ်ယူတာပါ… ဧည့်သည်လဲ ပြန်သွားရော အိမ်မှာ အသံတိတ် စစ်ပွဲ ဆင်နွှဲကြတယ်… တီးတိုး တွတ်ထိုးနေတာ မမြင်ချင်ယောင် ဆောင်လို့ရတယ်… မကြားချင်ယောင် ဆောင်လို့ မရဘူးလေ… မေမေစိတ်ကောက်တယ်… ဖေဖေ့က သူ့ကို အသက်ကြီးတယ်ပြောပြီး ဧည့်သည်ရှေ့မှာ အရှက်ခွဲရမလားဆိုပြီး ဖေဖေ့ကို တခန်းထဲ အိပ်ခွင့် ပါမစ်ပိတ်လိုက်တယ်… (ဖိုးစိန်လဲ ဖေဖေ့ကို အရမ်း သနားသွားပြီး တစ်ည တစ်ဆယ်နဲ့ ဖိုးစိန် အခန်းထဲမှာ အိပ်ခွင့်ပေးခဲ့ပါတယ်…မကြာပါဘူး… မေမေနဲ့ ပြန်ခေါ်သွားတော့ စိတ်တောင်မကောင်းဘူး… စီးပွားပျက်လို့)

ဖေဖေက မေမေ့ကို သည်းခံပြီးတော့ကို ချစ်တာ… ဘယ် အချိန် အိမ်ကို ပြန်ရောက်ရောက် မေမေ့ ကို အရင်မေးတယ်… မတွေ့ရင် လိုက်ရှာတယ်… ကျနော်တို့ကိုမေးတယ်… မသိဘူးပြောရင် “မင်းတို့ အမေ ဘယ်သွားလဲ မသိရအောင် မင်းတို့က ဘာလုပ်နေကြလဲ” ဆိုပြီး ကြိမ်းတတ်တယ်… အဲဒီအခါက ညီမလေး ပြောတဲ့စကားကို သတိရတယ်… “မေမေက ကလေးမှ မဟုတ်တာ… အနောက်က တကောက်ကောက်လိုက်ပြီး ထိန်းစေချင်ရင် ပိုက်ဆံပေးထားပေါ့” ပြောမှ ဖေဖေက ပြုံးစိစိနဲ့…

အိမ်ပြန်ရောက်လာလို့ မေမေ့ မျက်နှာ မကောင်းရင် အဖေ့ခမျာ ပြာယာခတ်နေပြီး… မေမေ့မျက်နှာ ညှိုးနေတာ လုံးဝမကြိုက်ဘူး… မေမေ တစ်ခုခု ဖြစ်နေရင် သားသမီးတွေ ဖြစ်တဲ့ ကျနော်တို့ကို ဖေဖေက အော်ငေါက်ချင်သေးတယ်… မေမေက ဒီအထာတွေ ကောင်းကောင်းနပ်နေတော့ ကျနော်တို့ကို ဆုံးမလို့ မရတဲ့အခါ ဖေဖေပြန်လာခါနီး မျက်နှာလေးညှိုးလို့ နေမကောင်းချက်ချင်းဖြစ်တတ်တယ်… မူယာမာယာ များတဲ့ မေမေပေါ့…

ဖေဖေက ဂရုစိုက်မှန်းသိတော့ “မင်းတို့အဖေ ပြန်လာရင်တိုင်ရမလား” ဆိုပြီး အမြဲ ကြိမ်းမောင်းတယ်… “တိုင်လိုက်”လို့ ကျနော်တို့ပြောတဲ့နေ့ဆို မေမေက ပညာ ပြပြီးလေ… တနေကုန် မေမေက အကောင်းသားဆိုတာ ကျနော်တို့ သိနေတာပဲ… ဖေဖေ့ရှေ့ရောက်ရင်သာ ပလီပလာနဲ့ ပရုတ်ဆီလေးလူးပြီး အိပ်ယာထဲ လှဲနေတာ… (ဟိဟိ… မေမေ့အကြောင့် အတင်းပြောတာသိရင် ခေါင်းခေါက်ခံထိတော့မှာပဲ) ပြီးရင် “အကို့သားသမီးတွေက ဆုံးမလို့ မရဘူး သူတို့ကြောင့်ဒုက္ခရောက်ရတယ် ငိုရတယ်… ခုတော့ နေမကောင်းဖြစ်ပြီး” ဆိုပြီး ငိုမဲ့မဲ့ မျက်နှာနဲ့ ဖေဖေ့ကို တိုင်တယ်… ဖေဖေက ကျနော်တို့ သုံးယောက်ကို ပတ်ပြီး ဆူရင် မေမေက “ကဲ.. မှတ်ပြီးလား” ဆိုတဲ့ မျက်နှာပေးနဲ့ ခိုးခိုးရယ်တာ… ဖေဖေလဲ သိပါတယ်… ရိပ်မိပါတယ်… ဒါပေမယ့် မေမေ ပျော်သွားတာမြင်ရင် ဖေဖေပျော်ပုံရပါတယ်… မေမေစိတ်ကျေ နပ်အောင် ကျနော်တို့ကို ဟန်ဆောင်ဆူငေါက်ပါတယ်… (နောက်ကွယ်မှာတော့ မင်းတို့ အမေအသက်ကြီးပြီး… သူပျော်အောင်ထားပါ… သူမရှိမှ မင်းတို့ မျက်ရည်မကျနဲ့ ခုလိုပဲ ပျော်နေပါစေလို့ ခဏခဏပြောတတ်ပါတယ်)… ကျနော်တို့လဲ ပျော်ရပါတယ်… အော်ခံထိရင်တော့ မေမေ့ကို ရန်လုပ်ချင်ကြတာပေါ့…

တကယ်တော့ မေမေကလဲ ရောဂါသည်ပါ… မေမေခမျာ ဘဝမှာ မဖြစ်ဖူးတဲ့ရောဂါတွေ အကုန်ဖြစ်တာပဲ… ဒါကြောင့်လဲ ဖေဖေက မေမေ့ကို သနားပြီး ပိုချစ်တာပေါ့… ဒါကို သိတဲ့ မေမေကလဲ တခါတလေ ကျနော်တို့ကို ပြောမရ ဆိုမရရင် အဲဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချတတ်တယ်… အဲဒီတော့ ကျနော်တို့ မောင်နှမ သုံးယောက် တိုင်ပင်ပြီး မေမေ့ကို ပြန်ပြီး ကြတ်တယ်… အကြံကြီးကြီးတွေ ကြံပြီး မေမေ့ဆီက မုန့်ဖိုးတွေ လိမ်ညာယူကြတယ်..

မှတ်မိသေးတယ်… အကြံက အငယ်ဆုံး ညီမ ပညာရှင်မပါ… ညီမလေးနဲ့ ညီက တကြိတ်ထဲ တဥာဏ်ထဲ… ကျနော်က ထောက်ခံရေးသမား… ညီက မေမေကို “ဖေဖေ့ကမိန်းမကြီးတစ်ယောက်နဲ့ စကားပြောနေတာ တွေ့တယ်… မရိုးသားဘူး” ဆိုပြီး ပြောလိုက်တော့မေမေက စိတ်တွေပူပြီး ဖေဖေ့နောက်ကို မသိမသာလိုက်ခိုင်းတတ်တယ်… ဖေဖေ အလုပ်သွားရင် ညီက ဖေဖေ့အနောက်စိတ် မချလို့ လိုက်တယ်ဆိုပြီး ဆိုင်ကယ်ဆီဖိုး… မုန့်ဖိုး ပိုရတယ်… ညီက အပြင်ရောက်ရင် အိမ်ကို ဖုန်းခေါ်တယ်… ကျနော်နဲ့ ညီမလေးက က “ဦးထွန်းမြင့် မရှိဘူး ဘာပြောရမလဲ” လို့ မေမေကြားအောင်ပြောတယ်… မေမေက မေးရင် ဘယ်က “မိန်းမအသံလဲမသိဘူး အီညှောင်အိညှောင်သံနဲ့ ဖေဖေ့ကို မေးတယ်”ဆိုရင် မေမေက စိတ်တွေတိုနေပြီး… ရယ်ရတယ်… ညီမလေးက မေမေ့ကို ကိုငယ်ပြောတာတွေ ဟုတ်မယ်ဆိုပြီး ထောက်ခံပေးတယ်… ကျနော်ကတော့ အိမ်မှာ သောင်းကျန်းချင်ယောင်ဆောင်တယ်… “ဒီလိုဖြစ်လာလို့ကတော့ လုံးဝ လက်မခံနိုင်ဘူး… ဘာဘူး… ညာဘူးပေါ့”… အဲဒီအချိန်မှာ မေမေက သူ့ဘက်တော်သားတွေ အဖြစ် ကျနော်တို့ မောင်နှမ စိတ်တိုင်းကျထားတယ်… မေမေ အလှတွေ ပိုပြင်တယ်… ဆံပင်တွေ ကောက်တယ်… ညီမလေးကို မေမေ့ကို မြှောက်ပင့်ပေးတာကို… ဖေဖေကို လဲ တခါတလေ မကျေနပ်တဲ့စကားတွေ ပြောတယ်… ဖေဖေက ဘာမှန်းကိုနားမလည်ဘူး… မသိဘူး… “ငါ့မိန်းမ ခုတစ်လောအလှတွေ ပြင်နေပါလာဆိုပြီး သဘောကျ နေတာ”… မေမေစိတ်တိုနေတာကို လုံးဝမသိဘူး… ကျနော်တို့ကသာ လုပ်ကြံ ဇာတ်လမ်းပေါ်မှာကြောက်လို့ မေမေတင်းလာရင် ပြန်လျှော့ပေးလိုက်… ဖေဖေ့ကို မသိမသာချော့လိုက်နဲ့ နှစ်ဖက်ကမုန့်ဖိုးတွေ ညာစားနေတာ…

တစ်ရက် မုန်တိုင်းက ပြင်းထန်လာတယ်… တိုင်ပင်မထားပဲ ကျနော်တို့ မောင်နှမ သုံးယောက်က ညီလေးတွေ ညီမလေးတွေ ထပ်လိုချင်မလိုချင် ငြင်းနေတာကို မေမေကြားတော့ ညီက ဒါအကွက်ကောင်းပဲ ဆိုပြီး “သားတို့မှာ နောက်ထပ် အပိုညီလေး ညီမလေးတွေရှိရင်ဘယ်လိုလုပ်မလဲ”ဆိုပြီး မေမေ့ကိုပြောလိုက်တယ်… ဘာမဆိုင် ညာမဆိုင်တွေးပြီး မေမေပေါက်ကွဲပါလေရော…

ညနေဖေဖေပြန်ရောက်တော့ အိမ်ပေါ်မတက်ရသေးတဲ့ ဖေဖေ့ကို “အဲဒီမိန်းမနဲ့ ကလေးကို ဖြတ်ရင်ဖြတ် မဖြတ်ရင် ငါ့ကိုကွာ”ဆိုပြီး ချက်ခြင်းကြီးပြောလိုက်တော့ ကျနော်တို့လဲ ဘာမှ လုပ်လို့မရတော့ဘူး… ပြသနာကြီးသွားတယ်… ဖေဖေက ဘာမှန်းကို မသိပဲ မေမေပြောတာကြောင်ပြီး ရယ်နေတော့ မေမေက ဒေါသတွေထွက်ပြီး ဖေဖေ့ကို အိမ်ပေါ်က ဆင်းခိုင်းတယ်… ဖေဖေက ဘုမသိ ဘမသိ အပြောခံရတော့ မေမေ့ကို ပြန်ဟောက်ရော… အဲဒီအခါကျမှာ ကျနော့်တို့က ကျနော်တို့ ရှုတ်ထားတဲ့အမှုကို ပြန်ရှင်းပြီးတောင်းပန်ရတယ်… မေမေက သူ့ကို လိမ်ညာပြောရမလားဆိုပြီး ဒေါသတွေထွက် ဖေဖေကတော့ တဟားဟားနဲ့ သားသမီး လှိမ့်တာ ခံရတဲ့ မေမေ့ကို စနေတာ…

နောက်ဆုံးရလာဒ်က ဖေဖေအိမ်ပေါ်က မဆင်းရဘူး… ကျနော့်တို့မောင်နှမ သုံးယောက် မေမေ မောင်းချလို့ အဖွားအိမ်ကို အထုတ်ပိုက်ပြီး အိမ်ပေါ်က တစ်ပတ်ဆင်းသွားရတယ်… အရင်က ပိုရထားတဲ့ မုန့်ဖိုးတွေကို အတိုးနဲ့ ပိုဖြတ်ခံ ထိသေးတယ်… ဖေဖေကတော့ ပျော်နေတာပေါ့… “ကောင်းတယ် မိဘကို နှစ်ဖက်ချွန်တဲ့ကလေးတွေ… ခုတော့ အိမ်ပေါ်က မောင်းချခံထိတယ်” ဆိုပြီးပြောလိုက် အရက်သောက်လိုက်နဲ့ ပျော်နေတာ… သြော်… ကိုယ်အမှုကိုယ် ပြန်ပတ်တယ်ဆိုတာ ဒါမျိုးပေါ့….

အဖေတို့နှစ်ယောက်ကတော့ “အကိုရေ”… “ညီမရေ”… နဲ့ နှစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့ကြတာ… သားသမီးတွေ မရှိတော့ အဖေတို့စုံတွဲ ထွက်ချင်တိုင်းထွက် စားချင်တိုင်းစားနေကြတာ ကျနော်တို့ မောင်နှမ သုံးယောက်ကိုမေ့လို့… ခုထိ အသက်တွေကြီးလဲ အဖေနဲ့ အမေနဲ့ ကချစ်တုန်း ကြင်နာတုန်း… အကို နဲ့ ညီမ လို့ အပြန်အလှန် ခေါ်နေတုန်း…

ဖေဖေ့ မေ့မေ့ကို ချစ်တဲ့ အချစ်က တကယ့်ကို ကြည်နူးအားကျစရာ… ပီတိဖြစ်စရာပါ… တခါတလေ ကျနော့်တို့ကိုတောင် ချစ်ရဲ့လားလို့ သံသယ ဝင်ရမလိုလို…

ဘာပြောပြော ဖိုးစိန်လဲ အဖေတူသားပါ… (ဟိဟိ) ကြော်ငြာဝင်သွားပါတယ်…

ဖေဖေနဲ့ မေမေတို့ရဲ့ နှစ် (၃၂) နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည်လေးကို အကြောင်းပြပြီး ဖေဖေ မေမေ အကြောင်းကို အတင်းပြော ဦးညွတ်ကန်တော့လိုက်ပါတယ်..

အကိုနဲ့ ညီမ ဖြစ်တဲ့ ဖေဖေ၊ မေမေနဲ့ အတူ ဖေဖေ့သားငယ် မောင်ချွန်တွန်း… ဖေဖေ့သမီးငယ် မသံယောင် ကို ဖေ့ဖေ့သားကြီး မောင် ထောက်ခံက သတိရ လွမ်းဆွတ်နေပါတယ်ခင်ဗျားး

ငပြည့်နဲ့ မကလျာထွဋ်ထွဋ်လူးရေ... ငါနေမကောင်းပေမယ့် နင်တို့ဖတ်ချင်တယ် ဆိုလို့နော်...း)... ဖေနဲ့မေ အတွက်လဲ အမှတ်တရဖြစ်အောင်ပါ... သူတို့တွေ ပြုံးနေမှာ မြင်ယောင်ပါတယ်..

ဖတ်ချင်တယ်ဆိုတဲ့ အိမ်ရဲ့အကြောင်းကို ရေးပေးလိုက်တယ်... ကျေနပ်ပါ...

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Saturday, 24 October 2009

ကမ္ဘာကြီး ပျက်တော့မယ်ဆိုတဲ့အတွေးစများ


ကမ္ဘာကြီး ပျက်စီးတော့မယ်လား…

တခြားသူတွေတော့ မသိဘူး… ကျနော်က ကမ္ဘာပျက်တော့မယ်ဆိုတဲ့ သတင်းတွေကို မဖတ်မိဘူး… နားလဲမထောင်ချင်ဘူး… တွေးလဲ မပူဘူး.. ဖတ်ချင်စိတ်လဲမရှိဘူး… စိတ်မဝင်စားဖူးလေ… ဖြစ်လာမှ ဖြစ်ရောပေါ့…ဒီဘဝမှာ ကြုံလာသမျှကို ကျင်လည်သလို ဖြေရှင်းလာခဲ့တော့ နောက်ကြုံလာမယ့်အရာလဲ ဒီလိုပဲ ပြီးသွားမှာပဲလို့ စိတ်ထဲတွေးမိတယ်… ဘာမှ ထူးခြားလာမှာ မဟုတ်သလိုပဲ… ဒီအတွက် ဘာမှ တကူးတက ခံစားချက်မရှိသလို ပူပန်မှုလဲ မရှိဘူး… သေချာတာတစ်ခုကတော့ လုပ်မြဲတိုင်းလုပ်မယ်… ရှိရင်းစွဲစိတ်ရှိတဲ့အတိုင်းနေမယ်… ဒီလောက်ပါပဲ…

ဒါပေမယ့် မမအိန္ဒြာ က ကမ္ဘာမပျက်စီးခင် တစ်လလောက်အလိုဆိုရင် စိတ်ထဲမှာ ဘာတွေ ဖြစ်မှာလဲတဲ့… တွေးကြည့်မိတော့ ဒီအတိုင်းပဲထွက်လာပါတယ်…


(၁) ဘယ်သူတွေနဲ့ ရှိချင်သလဲ


ခုလောလောဆယ် စိတ်နဲ့ ဖြေရမယ်ဆိုရင်ပေါ့…
တစ်ယောက်တည်းပါပဲ… စိတ်ကူးမိတာက ဖြစ်ပျက်သမျှ ကိုယ့်အပေါ်ကျ ကောင်းသမျှ ကျန်ရစ်နေသူတွေအတွက် ဖြစ်စေခဲ့ချင်တယ်.. ပျက်စီးတဲ့အထဲမှာ ကိုယ်ပဲပါချင်ဖြစ်ချင်တယ်။

(၂) ဘာတွေခံစားနေရမလဲ


ဘဝမှာ နစ်နစ်နဲနဲ ခံစားချက်တွေများခဲ့တော့ ဒီဘဝက လွတ်တော့မယ် ဆိုတဲ့အတွေးနဲ့ ကြိတ်ပြီးဝမ်းသာမိမယ်… ဒါပေမယ့် ကျန်ရစ်သူတွေ အနေနဲ့ ကိုယ်ချစ်တဲ့သူတွေ ကျန်နေစေချင်တဲ့ စိတ်ကရှိနေမှာပေါ့…။ ဖြစ်ချင်ဖြစ် ငါ့ ဖြစ်လိုက်စမ်းပါ လို့ ခံစားမိမယ်။

(၃) ဘာတွေ ပြင်ဆင်ထားမလဲ

နေတတ်အောင်နေခဲ့တော့ သေတတ်အောင် ကျင့်ထားရုံပေါ့။

(၄) ဝမ်းနည်းမိမှာက

မဖြစ်သင့်တာတွေ ဖြစ်လာလို့ပေါ့။ (ဖြစ်သင့်တာ ကိုယ့်တစ်ယောက်တည်းလေ)



(၅) ကြောက်လန့်မိတာက


ကိုယ့်မိဘတွေ ကိုယ်မောင်နှမတွေ ကိုယ်ချစ်တဲ့သူတွေ ကြောက်လန့်စိုးရိမ်စိတ်များ ဝင်နေမလားလို့။

(၆) ဆောင်ထားချင်တာ


သေခြင်းတရား

(၇) ဘာတွေရေးမိမလဲ


ဘုရားသခင် နားလည်နိုင်မယ့်စာမျိုးပေါ့…
ဘုရားသခင် တကယ်ရှိတယ်ဆိုရင် ကိုယ်မိဘ ကိုယ်မောင်နှမ ကိုယ်ချစ်တဲ့သူတွေ မကြောက်လန့်အောင် မေတ္တာတရားနဲ့ ထိန်းချုပ်ပေးပါလို့ ရေးခဲ့ချင်တယ်..။

(၈)တွေးမိတွေးရာ အတွေး


နောက်ထပ် ကမ္ဘာတွေ ထပ်ရှိမယ်ဆိုရင် လူဖြစ်ရမှာကို ကြောက်တယ်…။
ဖြစ်ပျက် သံသရာမှာ တဝဲလည်လည် ထပ်လည်နေရမှာကို ကြောက်တယ်…။ ခုကတည်းက မရှိမသိတဲ့နေရာကို ရောက်ချင်တဲ့အတွေးတစ်ခု။

(၉) ဂုဏ်ယူချင်တာက


ဒီဘဝမှာ တော်ခဲ့ရတဲ့ မိဘနှစ်ပါးကို တတ်နိုင်သလောက်လုပ်ကျွေး ပြုစုနိုင်ခဲ့လို့။ ပြီးပြည့်စုံတယ်မဟုတ်ပေမယ့် တတ်နိုင်တဲ့အင်အားတွေနဲ့ ဖြည့်ဆည်းပေးနိုင်ခဲ့လို့။


(၁၀) ရှာကြံဖြေသိမ့်တတ်တာက


သြော်… ငါ ဒီဘဝကို ဒီနည်းနဲ့ ကျွတ်ရတာ တန်ပါတယ်… အဖန်(၅၀၀)နဲ့ (၅)ကမ္ဘာ ဝဋ်လည်ရတဲ့ဒုက္ခက ကင်းသွားလို့ပေါ့… (သေကြောင်းကြံမိရင်ခဲ့ပေါ့)

(၁၁)ကျူးရင့်ချင်တဲ့ဥဒါန်း

ငါအဆင်သင့် ဖြစ်နေပြီး…….


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မျောက်မျောက်

ချစ်ခင်လေးစားရသော မမ ရေ... မမ ကျေနပ်တယ်ဟုတ်...း))

Friday, 23 October 2009

မင်္ဂလာဆုတောင်း








တောင်ကြီးမြို့၊ ကန်အောက်ရပ်၊ ဇီဇဝါလမ်း၊ အမှတ် (၁၁၆)နေ

ကိုဇော်မင်း(ခ) ကိုကျော်စိုးဝင်း + မနန်းရှဲန်ဟုန်

“ကျော်စိုးဝင်း” (ရေအားလျှပ်စစ် တည်ဆောက်ရေးလုပ်ငန်း)တို့၏ညီမောင်

ဦးအင်းဖုန်း+ ဒေါ်နန်းငိုခမ်း တို့၏ သားထွေး

စိုင်းနော်မိန်း (ခ) အိုင်ခီလောက်

ယာမကာလုလင် ဘလော့ပိုင်ရှင်

နှင့်
တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊

အနောက်မြို့ပတ်လမ်း၊ အမှတ်(၇ /၁၇၁)နေ

ဦးစိန်ဖေ+ ဒေါ်သန်းကြည် တို့၏ တူမ

ဦးထွန်းကြိုင်+ ဒေါ်ယဉ်ယဥနု တို့၏ သမီးကြီး

မငုဝါလှိုင် B.Econ(Economics)

Public Internet A ccess Center (U.S.D.A) တို့၏

“မင်္ဂလာ ဧည့်ခံပွဲ”


၁၃၇၁ခု ၊ တန်ဆောင်မုန်းလဆန်း (၈)ရက်
(၂၅.၁၀.၂၀၀၉)
တနင်္ဂနွေ

နောက်ကားကြီး ကျော်တက်သွားပါပြီး ခင်ဗျာ....

နောက်ကားကြီး အားလုံးကို ကျော်တက်သွားပါပြီး...

မင်္ဂလာဆုတောင်းနဲ့ ဓာတ်ပုံ မြင်တော့ ဖိုးစိန်များ မင်္ဂလာချက်ခြင်းဆောင်ပြီးလားလို့ စပ်စပ်စုစုလာဖတ်ကြတော့မယ်... မဟုတ်ရပါဘုး... ဖိုးစိန် အဲလောက်ထိ အစွမ်းအစမရှိပါဘူး... အဲလိုပြောရင်လဲ စာဖတ်သူတွေက မဲ့ကာရွဲ့ကာနဲ့.. “သိပါတယ်.. ဖိုးစိန်အဲလောက်ထိ မစွမ်းပါဘူး”လို့ စိတ်ထဲကနေ ပြောကြအုံးမယ်... ခက်တယ်.. ဖိုးစိန်က ရေရှည်ကြည့်နေတာပါ.. ဟဲဟဲ...

ခုက မတော်လိုက်ရတဲ့ ညီလေးယောက်ဖ အိုင်ခီအတွက် ဘလောပေါ်မှာ အိုင်ခီကို ချစ်တဲ့ မောင်နှမတွေ ဆုတောင်းပေးတာကို အမှတ်တရ သိမ်းထားလို့ရအောင်လို့ တင်ပေးလိုက်တာပါ... ခုဆိုရင် ညီယောက်ဖ အိုင်ခီတစ်ယောက် အလုပ်တွေရှုပ် အားတွေမွေးနေရတော့မယ်... အင်း စဉ်းစားကြည့်တာပါ... (၂၅)ရက်နေ့ ညဆို ယောက်ဖ လုပ်သူတစ်ယောက် ဘယ်လိုများနေမလဲလို့... ဟိဟိ... သြော် ... ဖိုးစိန်က ခလေး.. နားမလည်ဘူးလေ.. စိတ်ကူးယဉ်ကြည့်တာပါနော်...း)

ညီလေးအိုင်ခီဆိုတာ ဘလော့ပေးပေါ်မှာ အရက်မူးပြီး အိမ်တကာလှည့် အရက်ဖိုးတောင်းတတ်တဲ့ ညီလေးပါ... အပြောအဆိုယဉ်ကျေးတယ်... ဘဝကို နားလည်ပြီး ရုန်းကန်လှုပ်ရှားနေတဲ့ လူငယ်တစ်ယောက်ပါ... ချစ်ခင်နှစ်သက်ဖို့ ကောင်းတဲ့ညီပါ... အကိုအရာ အမအရာ ထားပြီးဆက်ဆံတတ်ပါတယ်... မူးတယ်ဆိုတာကတော့ လဲ ချစ်ခင်နှစ်သက်သူတွေ အတွက် အပြစ်မဟုတ်ပါဘူး... ချစ်စရာကောင်းနေတာပါ... ဒါကြောင့်လဲ ယောက်ဖဖမ်းတော်လိုက်တာ...

ဖိုးစိန်ကံမကောင်းပါဘူး... မနေ့က ယောက်ဖက မင်္ဂလာ ဖိတ်စာပေးရင်း အွန်လိုင်းခဏတက်လာပြီး “အကိုယောက်ဖရေ... ချစ်ညီယောက်ဖ တောင်းပန်ပါတယ်... ဒီဘဝအကိုမတော်ရတော့ဘူးဗျာ”ဆိုတော့ စိတ်ထဲတော်တော်မကောင်းဖြစ်သွားတယ်... မကောင်းဘူးဆိုတာက ညီမ မပေးလိုက်ရလို့မထင်နဲ့... သြော်... ငါ့ကို အလေးထားပါလားလို့... စိတ်ထဲမှာ ကြိတ်ပြီး သနားချစ်ခင်ရုံရှိသေး.. ဒင်းက စကားပြန်စတယ်... “အကိုယောက်ဖရယ်.. မပူပါနဲ့... ယောက်ဖတော်ဖို့ အခွင့်အရေးရှိပါသေးတယ်တဲ့... အကိုညီမ ယောကျားမယူသေးဘူးဆိုရင်တဲ့”.. သနားတဲ့စိတ်ကနေ ဒေါသတွေ တခွီးခွီးထွက်တော့ ဒင်းက တဟီးဟီးနဲ့ အောက်သွားပါတယ်..

ဘာဖြစ်ဖြစ် ညီအိုင်ခီ ငမူးလေးကို ဘလော့ကာ ညီအကို မောင်နှမတိုင်း ချစ်ကြပါတယ်... ခုတော့ အငယ်လေးက ကျော်တက်သွားပြီး... အားကျတဲ့သူရှိတယ်... အားပေးဆုတောင်းစကားတွေ ပြောချင်ကြမှာပေါ့.... ဒါကြောင့် ညီလေးယောက်ဖကို မင်္ဂလာဆုတောင်းပေးနိုင်ဖို့ ဘလော့ပေါ် အမှတ်တရတင်ပေးလိုက်ပါတယ်...

မင်္ဂလာနေ့ရက်က (၂၅.၁၀.၂၀၀၉) လာမည့်တနင်္ဂနွေပါ....


ချစ်ညီလေးယောက်ဖရေ... ဘဝမှာ ယောက်ဖချစ်တဲ့ (ညီမမဟုတ်တော့ ဆုတောင်းရတာ ဖင်မကျိန်းဘူး..ဟိဟိ) ချစ်ခင်ရသော ချစ်သူကြင်သူသက်ထားဇနီးမယားနဲ့ အိုးမကွာ အိမ်မကွာ ချစ်သားသမီး မြေးမြစ်များနဲ့ ကျန်းမာ ချမ်းသာ အပူအပင် ကင်းစွာ တင့်တင့်တယ်တယ် စိုစိုပြည်ပြည် ဘဝမှာ နေနိုင်ပါစေ... လိုချင်သောအရာများ လိုအပ်သောအရာများ မတောင်းတပဲ ပြည့်စုံပြီး နှစ်ဖက်သော မိဘများကို ကျေးဇူးဆပ်နိုင်သော သားကောင်း ယောကျားကောင်း ဖခင်ကောင်း ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်...

ညီလေးရေ... မတော်ရတဲ့ ယောက်ဖိ ရေ...

ကျမ်းမာရေးကိုဂရုစိုက်ပါ

မိဘကို လုပ်ကျွေးပါ..

မိန်းမကိုချစ်ပါ...(တစ်ယောက်တည်းကိုနော်) (ဒါမှ ညီမလွတ်မှာ ဟိဟိ)

ဘဝမှာ ကြိုးစားပါ...

ညီလေးယောက်ဖဖြစ်ချင်တဲ့ စားသောက်ဆိုင်ပိုင်ရှင်ကြီး တနေ့ဖြစ်ကို ဖြစ်ရမယ်ကွာ....


ချစ်ညီယောက်ဖ ဘက်က အကိုယောက်ဖ အမြဲရပ်တည်နေမယ်..

ဒီလောက်ပဲ ပြောမယ်... ရင်ထဲကစကားကို ရင်ဘတ်နဲ့ခံစားနိုင်ပါစေ...

မင်္ဂလာရက်မြတ်မှာ ပျော်ရွင်ပါစေ...

မလေးလာရင် ကမ်ပိန်ကွ...

ချစ်ခင်စွာဖြင့်

ကိုကြီးယောက်ဖ

ဖိုးစိန်

အိမ်ကိုလာတဲ့ အိုင်ခီကို ချစ်တဲ့ ညီအကိုမောင်နှမများ အမှတ်တရ မင်္ဂလာဆုတောင်းပေးသွားကြပါနော်...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Thursday, 22 October 2009

အလွမ်းစီးချင်း




နေဝင်စ မှောင်ပြပြ အလင်းရောင် ခပ်ဆွဆွလေး ရေးရေးမြင်နေတဲ့ တစ်ခုသော ညနေခင်းမှာပါ.. မထင်မှတ်ထားပါဘူး... မရည်ရွယ်ခဲ့ပါဘူး... တမင်တကာ ကြံစည် မိရလောက်အောင် စိတ်တွေ မယိုင်နဲ့ ခဲ့ပါဘူး... မထင်မှတ်ပဲ ဆွတ်ပျံ့ပျံ့ ကောင်းကင်တနေရာက အနားသတ်ကင်းမဲ့တဲ့ တိမ်ညိုညိုတွေကတစ်ဆင့် ပြိုကျ စီးဆင်းလာခဲ့တဲ့ မိုးသားတွေက ကျနော့်ရဲ့ တည်ငြိမ်ရင့်ကျက်နေခဲ့တဲ့ ရင်ကို လှုပ်နိုးရင်း ပကတိ စီးဆင်းလာလိုက်တာ တဖြည်းဖြည်းနဲ့ အလွမ်းတစ်ခု ဖြစ်တည်လာခဲ့ရတယ်။

လွမ်းတတ်ဖို့ အတွက် အလွမ်းမှာ ဇာတ်ညွန်းတွေ ဇာတ်အိမ်တွေ မလိုအပ်ဘူးလေ.. ချစ်မိတာ မှားတယ်လို့ မထင်မိပေမယ့် အပြစ်ရှိနိုင်တဲ့ မျက်ရည်ခံ အချစ်ညတွေကို အံတုပြီး တစ်ကိုယ်တည်း အထီးကျန်နေမိတယ်...။ အတ္တပြေးလမ်းပေါ်က အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ ကျနော့် မာနတွေ တိမ်တွေလို ဖရိုဖရဲနဲ့ ပျောက်ကွယ်သွားတာလား...။ ရုတ်တရက်ပေါ်လာတဲ့ အကြင်နာရောင်စုံ သက်တန့် တစ်ခုကို မြင်လိုက်ရပြီးတဲ့ အခါမှာ နှလုံးသားက ပေါက်ဖွားလာခဲ့တာက အလွမ်းတွေဆိုရင်လဲပဲ ကျနော်ဒီအလွမ်းတွေကို မြတ်နိုးခင်တွယ် မိမှာပါ…။

ကျနော့် မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ဝဲနေသလား...။ ဟန်ဆောင်ပြီး မခံစားချင်ခဲ့ဘူး...။ ငိုချင်နေမိသားဖြစ်နေပေမယ့် စိတ်ကိုတင်းခံ ပြီး ကြားနေရတဲ့ တဖွဲဖွဲ မိုးသံတွေကို ပြုံးမိရင်း အဆုံးမဲ့ အလွမ်းတေးတစ်ပုစ်ကို ဟိုတစ်စ ဒီတစ်စ ညည်းနေတာ စိတ်ပြေသွားရောတဲ့လား...။ ဘာမှန်းမရေရာတဲ့ အလွမ်းတွေ ကျနော့်ရင်ထဲ နူးညံ့စွာ စီးဆင်းလာခဲ့ချိန်မှာ အရာရာ နောက်ကျနေခဲ့ပါပြီ ။ သံသရာ အဆက်ဆက်က ဆုတောင်းမှားခဲ့တာကြောင့် ဒီအလွမ်းတွေက ဘ၀ဂ်ထိတိုင်အောင် ဝေနေဦးမည် ဆိုရင်တောင် များစွာသော မနက်ဖြန်တွေနဲ့အတူ အလွမ်းတွေ တမ်းတမက်မော ခုံမင်နေမိဦးမှာပါ..။

လွမ်းနေလျှက်နဲ့ ဟန်ဆောင်ပြီး ပြုံးရတဲ့ ဘဝဟာ မွန်းကျပ်လွန်းပါတယ်လေ... ကျနော့်ရင်ထဲမှာ သက်ပြင်းတွေကို အခါခါ ခိုးချ တမ်းတလွမ်းဆွတ်မိတိုင်း ပေါက်ကွဲ ခံစား လာတဲ့ အချစ်ကြောင့် ဖြစ်တည်သော အလွမ်းတွေက နွမ်းလျလျ သက်ပြင်းရှိုက်သံ တွေကြား မျက်ရည်တွေအဖြစ်နဲ့ တင်းကနဲစီးကျလာမြဲပါ…။

“ကြင်နာစွာ ချစ်ခဲ့သမျှကို
သေချာစွာနားမလည်ခဲ့ရင်
ဝေဒနာတွေ အပြည့်နဲ့
ဒီရင်မှာ လွမ်းနေရမယ်...။
ပြေးကြည့်လို့လဲမရ
နားစွင့်လို့လည်းမကြားနိုင်တဲ့မင်းကို
ငါ့အချစ်တွေ အနေတောင့်ဖို့
ဒီည…. ကောင်းကင်အနမ်းနဲ့
ငါမင်းကို လွမ်းနေတယ်
မင်းအိပ်ပျော်ပါစေကွယ်။”


ခံစားမှုမဲ့ ဒီအလွမ်းကဗျာ တစ်ပုစ်ကို အခေါက်ခေါက် ညည်းဆိုနေရင်း ဘယ်ဆီက မြစ်ဖျားခံလေသလဲမသိတဲ့ အကြောင်းအရာ တစ်ခုအတွက် အလွမ်းတွေ မှိုင်းနေအောင် ညိုနေခဲ့ရတဲ့ ဒီညနေခင်းလေးကို ကျနော် တမ်းတလွမ်းဆွတ်နေတတ်ခဲ့တယ်။ ဒီလိုနဲ့ စိတ်ဝိဥာဉ်တွေ တမြည့်မြည့် လောင်ကျွမ်း .. အားအင်ချိနဲ့ လို့ အဆုံးမရှိတဲ့ ဒီအလွမ်းတွေကို ကျနော့် နှလုံးသားက အံ့သြစရာကောင်းလောက်အောင် ခုံမင်တက်မက်နေမိပြန်တယ်။ အခု နေသားကျနေတဲ့ ဒီအလွမ်းတွေနဲ့ ကျနော် ပျော်တတ်နေခဲ့ပါပြီး...။

မရေရာတဲ့ ဘဝမှာ အစကတည်းက အနှုတ်လက္ခဏာ နဲ့ ကျနော်ပါ…။ ကြင်နာခြင်းတွေ ရဖို့ ဆုတောင်းရင်း တခါတရံ နားလည်မှု မရခဲ့တဲ့ ညတွေမှာ အလွမ်းတွေကိုပဲ အိပ်မက် တစ်ခု လို လိုချင်တမ်းတနေတတ်ခဲ့တယ်…။

မြင်လဲလွမ်း… မမြင်လဲလွမ်း… အချိန်တိုင်းလွမ်းနေမိလို့ တားဆီးမရနိုင်သော ရူးသွပ်ခြင်းတွေ နဲ့ စွဲလမ်းနေမိတာက ကျနော့် နှလုံးသားရဲ့တောင်းတချက်တစ်ခု ဖြစ်လာပြန်တယ်…။ ကျိန်စာသင့်နေတဲ့ လွတ်လပ်မှုတွေက မြတ်နိုးစွာ ချစ်တတ်လွန်းတဲ့ ကျနော့်အသက် ရှင်မှုကို ခါးသီးစွာ ရပ်တန့် သွားမိစေတယ်ဆိုရင်တောင် မျှော်လင့်မိတာ တစ်ခုက ကျနော်ပြောနေကျ …အသံတိတ်ပြောမိနေဆဲ အလွမ်းပုံပြင်ဟောင်း တစ်ပုစ် ဖြစ်ပါစေ ပေါ့…။

နှလုံးသားက တောင်းဆိုတဲ့ လိုအင်ဆန္ဒတွေကို သက်ပြင်းများအဖြစ် ခဏခဏ ခြွေချ ။ ကာရံ တွေ သံစဉ်တွေမညီတဲ့ ကောင်းကင်မှာ တိမ်တွေ ရွေ့လျား နောက်..တဖြည်းဖြည်း ငွေ့ရည်ဖွဲ့ရွာချလိုက်ကြသလို အလွမ်းတွေ မျက်ရည်အဖြစ်ငွေ့ရည်ဖွဲ့ကုန်တာ..ဘယ်နှစ်ရာသီလဲ...။ ကျနော့် အလွမ်းတွေ မျက်ရည်အရောင်နဲ့ ရွာချနေခဲ့ပါရောကွယ်...
ကျနော့် အလွမ်းတွေ ပုလဲအရောင်နဲ့ ရွာချနေခဲ့ပါရောကွယ်... သေချာတာ တစ်ခုကတော့ အချစ်တွေ ကာရံထားတဲ့ ဒီအလွမ်းတွေ ဖျက်ဆီးဖို့ ကြိုးစားတိုင်း ဘယ်တော့ မှ ဖျက်ဆီးမရခဲ့သလို ဘယ်တော့မှလဲ ဖျက်ဆီးပစ်မိမှာ မဟုတ်ဘူးဆိုတာပါပဲ…။

အချစ်တွေ သယ်ဆောင်လာတာ လွမ်းဆွတ်မှုဆိုရင် ရွာရန် ရာနှုန်းအပြည့်အ၀ တရိုတသေ သိုလှောင် ထုပ်ပိုးသိမ်းဆည်းထားမယ်လေ။ ကျနော့် ရင်ခွင် ဘူတာရုံလေးမှာ နောက်ထပ်အလွမ်းရထားတွေ ဘယ်လောက်များများ..ကျနော် ၀မ်းသာ အားရလင့်ကြိုကမ်းဆင့်နေဦးမှာပါ..။

ရင်ထဲမှာ ရှိတဲ့ အလွမ်းတွေကို ဖြေချရင်း သံယောဇဉ်များနဲ့ မချည်နှောင်ပါနဲ့…။ နူးညံ့တဲ့စကားလုံးတိုင်းမှာ ကျဆုံးရလောက်အောင် အလွမ်းတွေ မပေးပါနဲ့လို့ နှုတ်က တဖွဖွရေရွတ်နေရင်း ရခဲ့တဲ့အလွမ်းတွေကို သံယောဇဉ်တွေနဲ့အတူ ချည်နှောင်ယူငင်နေမိဦးမှာပါ။ အလွမ်းစီးချင်းလေးတစ်ခု အမြဲတမ်းရှင်သန်နေဖို့ လွဲမှားစွာ ဆုတောင်းနေမိဦးမှာပါ..။

ချစ်သူ...
မင်းဟာ အလင်းများရဲ့သခင်
ငါ့ကောင်းကင်ရဲ့ ဘုရင်တစ်ပါးဖြစ်တယ်..။
ရှတတနေ့ရက်တွေ
ပုံပြင်ဆန်လွန်းတဲ့ညတွေမှာ
အလွမ်းနဲ့ တင်ဆက်ခဲ့တဲ့
ငါ့ရဲ့မှော်သံစဉ်ကို မင်းနားဆင်ရင်း
အကြင်နာဆုလာဒ်တွေ ပေးတဲ့
မင်းဟာ
ငါ့ဘဝရဲ့ထာဝရ အရှင်သခင်ပါ...။
ငါကတော့
မင်းဆီမှာ တဖဝါးမှ မကွာ ခစားနေမယ့်
အလွမ်းရဲ့ကျေးကျွန်တစ်ယောက်..။





ဖိုးစိန်
(၂၂.၁၀.၂၀၀၉)




(၂၂)ရက်နေ့မှာ မွေးတဲ့ကျနော်က (၄)ဂဏန်းသမားတဲ့... (၄)ဂဏန်းသမားတွေက ကံကောင်းတာ နည်းသလားမသိဘူး... တိုက်ဆိုင်တာ တစ်ခုက ဘဝမှာ အမှတ်တရ ဖြစ်ပျက်တဲ့ အဖြစ်အပျက်မှန်သမျှ (၂၂)ရက်နေမှာပဲ ဖြစ်နေတယ်... အစွဲရှိနေလို့ စွဲနေရင်တောင်မှ တိုက်ဆိုင်လွန်းပါတယ်... မွေးနေ့ကအစပြုလို့ ဗီဇာဝင်တဲ့ရက်တွေအလည် အချစ်တစ်ခု ဖြစ်တည်တာအဆုံး မထင်မှတ်ပဲ (၂၂)ရက်နေ့ ဖြစ်နေတတ်ပါတယ်... ထူးဆန်းလွန်းတာက ခင်မင်မိတဲ့ သူငယ်ချင်းတစ်ချို့လဲ (၂၂)ရက်နေ့ ဖြစ်နေတတ်သလို (၄)ဂဏန်းသမားတွေ ဖြစ်နေတတ်ပါတယ်... အခုတခါ ကျနော့်ရင်ထဲမှာ မြတ်မြတ်နိုးနိုး လွမ်းဆွတ်တမ်းတခဲ့ရတဲ့ နေ့ရက်က (၂၂)ရက်ဖြစ်နေပါတယ်... ခုဆို တစ်စုံတစ်ခုက စလို့ လွမ်းနေခဲ့ရတာ (၅)လ တိုင်ခဲ့ပါပြီး... ကျနော်လွမ်းဆွတ်မိတဲ့သူ ဒီအလွမ်းစီးချင်းကို ဖတ်ပြီး ခံစားနားလည်နိုင်ပါစေလို့ ဆုတောင်းမိတယ်... အချစ်တွေနဲ့ တည်ဆောက်ခဲ့ရတဲ့ ဒီအလွမ်းကို လွမ်းဆွတ်နေရတာတောင် ချစ်တဲ့စိတ်ကြောင့် ခံစားရတဲ့အတွက် ထိုက်တန်စွာ ကျေနပ်မိပါတယ်...

ထပ်တူခံစားသွားသူများကိုလဲ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိမှာပါ... အထူးသဖြင့် (၄)ဂဏန်းမွေးနေ့ ရှင်တွေပေါ့....

အလွမ်းစီးချင်းမှာ ကျနော့်ရင်ထဲ အမှတ်တရ ရှိသူတွေရဲ့ အငွေ့အသက်တွေပါတယ်... အလွမ်းစီးချင်းမှာ ပါဝင်နစ်မျောသူတွေရှိတယ်...

ဒီအလွမ်းစီးချင်းကြောင့် ခံစားရမယ့်သူတွေရှိတယ်... ဖတ်ပြီး ပြုံးမယ့်သူရှိတယ်... ဖတ်ပြီးကျေနပ်မယ့်သူရှိတယ်.. ဖတ်ပြီး ရယ်မယ့်သူရှိတယ်... ဘာဖြစ်ဖြစ် အလွမ်းစီးချင်းဝိညာဉ်ကို ဝင်ပူး သူများအားလုံးကို ကျေးဇူးတင်ပါတယ်...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

(မျောက်မျောက်)

ခေတ္တ

အလွမ်းမင်းသား

Tuesday, 20 October 2009

ဘလော့ဂါတို့ရဲ့သီချင်း


CHO: ..... (လွတ်လပ်တဲ့ အချိန်တွေ ပြန်တမ်းတ... အလုပ်က တစ်ဖက် မြင်နေတဲ့ဘဝပန်းတိုင်း.... ရရှိခဲ့ ဒဏ်ရာတွေကို မမှုပဲ.... စာတွေရေးရင်း ဘဝခရီးလျှောက်နေမယ်....)

Rap 1 ... နေ့ တွေညနေလဲ…….. ငါ့စိတ်ကကြာညောင်းနေသလိုမျိုး…

ဆက်ကာဆက်ကာ အလုပ်ဒဏ်... အပူအမှောက်တွေက တစ်မျိုးပြီးတစ်မျိုး…

အခုတော့ငါအပိုးကျိုးပြီးရင်းကျိုးလာပီ….. ဒီဘဝကိုလဲ ကျွတ်ချင်နေပြီး...

ဒါပေမယ့် ငါတို့ မမှု... ဘဝ လှိုင်းတံပိုးတွေထဲ ရေးစပ်မယ် ဒီသီချင်း..

အမှတ်တရအခုချိန်...

ဘလော့ဂါ သူငယ်ချင်း အားလုံးစပ်လို့ဆို.. ဘယ်တော့မှမငို..

မငိုပါနဲ့ ဖိုးစိန်တစ်ယောက်.. ညီအကို မောင်နှမ ပြောသမျှ စကားတွေကိုလဲ..ကဗည်းတင်ထားဒီတသက်ပဲ...

မိဘချစ်တဲ့ သား ..အဲလိုလူမျိုး ဘယ်တော့မှလဲမဆင်းရဲဘူး…..ခဏပဲစိတ်တင်းထား..

ညီ့နဲ့ အတူ အကို ရှိနေမယ် ကိုမောင်ဟန် စကား အလေးထား...

ဒီသီချင်းကိုအတူတူဆိုမယ်... ရီနိုမန် နဲ့ တောင်ပေါ်သား..

ကာယသမားကိုဘလောဂါတွေနဲ့... အခုချိန်ပြောမယ့်ရင်တွင်းစကား..

ကိုရင်နော်ကြီး အနားနား လာပါ... ပြုံးပြီးတော့ပဲကြည့်မနေနဲ့..

ဇက်ရယ် ရှက်တယ် လုပ်မနေနဲ့... ချစ်တယ်ဆိုတာ ညီအကိုစိတ်ဓာတ်...

ညီငယ် ဝသန် ပျင်းမနေနဲ့..မင်းဘလော့ ပြန်ဖွင့်ရင် ကောင်းသွားမယ်..

ဖိုးစိန်တွဲဖက် ကိုပိုင်တစ်ယောက်လဲ ခုတော့ အသည်းတွေ ကွဲချင်နေပြီး...

ကိုအိမ်တစ်ယောက် အရက်သောက်လည်း အခုချိန်နောင်တရသင့်ပါပီ..

သံလွင်ဟီရိုး ရှေ့မတိုးနဲ့ ကောင်မလေးတွေ ဝိုင်းကာစည်...

တူးရီတလနွန် မွန်သီချင်းမဆိုနဲ့... အခုတော့အိမ်ကိုလွမ်းနေပါပြီး...

ကိုကြီးလူထွေး ဘလော့ချိန်လျှော့လို့ သီချင်းတွေစာစီ.ကာရံညီစကားလုံတွေနဲ့

ဘလော့ဂါမှတ်တမ်းသတိတရပေါ့..

နောင်တစ်ချိန်မှာပြန်နားထောင်ပြီး..အပြုံးတွေနဲ့သာလွမ်းကျတော့..

CHO………. (လွပ်လပ်ခဲ့အချိန်တွေကိုပြန်တမ်းတ... အလုပ်ကတစ်ဖက်မြင်နေတယ် ဘဝပန်းတိုင်
မောပန်းချက်တွေကိုမမှုဘဲ... ဘလော့ရဲ့ အနာဂတ်ခရီးလှပနေမယ်…..)


ဒီသီချင်းကို စိတ်ကူးပေါက်ပေါက်နဲ့ စပ်ဆိုမိပါတယ်... အမှတ်တရပါ... ကိုကြီးထွေး လုပ်ချင်တဲ့ ဘလော့ဂါနာမည်တွေ အားလုံးပါဝင်တဲ့ အမှတ်တရ အတွက်လည်းရည်ရွယ်ပါတယ်... ဒီသီချင်းကို Rap 2 , 3, 4 စသဖြင့် စပ်ဆိုသွားမှာပါ... ရေးချင်တဲ့သူများလည်း ကော့မန့်မှာ ရေးခဲ့ကြပါ... ပျော်ပျော်ပါးပါး ဘလော့ဂါသီချင်း စပ်ဆိုကြမယ်...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်
(မျောက်မျောက်)

Wednesday, 14 October 2009

P for ဖိုးစိန် ဟုခေါ်သော ကျနော် စိန်လျှံထွန်း


ဒီပိုစ့်လေးကို မကြီး က (FB) ကနေ တက်ဂ်ပါတယ်... အခု ချစ်ကိုကြီးမောင်ဟန်(ကိုမိုးကုတ်သား) ကထပ်တက်ဂ်ပါတယ်... ကျနော်စိတ်ပြေလက်ပျောက် ရေးလိုက်ပါတယ်... ပြုံးတော်မူ......


P for ... ...PHOESEIN
--




1. What is your name – Phoesein

2. A four letter word – Pain

3. A boy’s name – Patrick

4. A girl’s name - Patricia

5. An occupation – Professor

6. A color – Purple

7. Something you’ll wear -Pullover

8. A food – Pasta

9. Something found in the bathroom – Pajamas

10. A place – Paris

11. A reason for being late – Procrastinated

12. Something you’d shout – Piss Off!!!!!!!!!!

13. A movie title – Pulp Fiction

14. Something you drink – Pineapple juice

15. A musical group – Papa Roach

16. An animal – Pupa

17. A street name – Primrose Hill (London, UK)

18. A type of car – Porche

19. The title of the song – Prelude and Fuge in E Flat Major ... (J. S. Bach)

20. A verb – Push!! Push!!! Push!!!


စ for စပ်စပ်စုစုစိန်မျောက်မျောက်





1.What is your name – စိန်လျှံထွန်း

2. A four letter word – စင်ပေါ်ကပဲ

3. A boy’s name – စိန်စိုးစံလျှံထွန်း (သားလေးမွေးရင်ဒီနာမည်)

4. A girl’s name – စုစုထွေးချစ်လျှံထွန်း (သမီးလေးမွေးရင် ဒီနာမည်ပေးမယ်)

5. An occupation – စိတ်ရောဂါ အထူး စပယ်ရှယ်ကု အထက်တန်း ဆရာဝန်

6. A color – စိမ်းပြာရောင်

7. Something you’ll wear – စိန်လက်စွပ်

8. A food – စိမ်းစားဥ

9. Something found in the bathroom - စိန်များဖြင့် အနားကွပ်ထားသော စိန်လျှံထွန်း ပုံတူ ပန်းချီ

10. A place – စုံတောမြိုင်မှာ စိန်တွေစီထားသော စိန်လျှံထွန်း ပျော်စံရာ စိန်နန်းတော်

11. A reason for being late – စေ့စပ်သေချာ စီစစ်နေပါသောကြောင့်

12. Something you’d shout – စောက်က်က်က်……. အားးးးးးးးးးးးး… မရိုင်းတတ်တော့ ကွာ…. ခက်တယ်…..

13. A movie title – စိန်စီသောလမ်း

14. Something you drink – စိမ့်စမ်းရေ ထွက်ရာ စိန်စမ်းချောင်းမှ ရေသန့်အေးအေးလေး

15. A musical group – စွာလန်တေး ( ဒီပိုစ့်ကို ကော့မန့် ရှည်ရှည် လှလှ မရေးပေးတဲ့ မမ ညီမတွေကို စုပြီး အသံဗြဲနဲ့ ထင်ရာပေးအော်ဖို့ ဒီပိုစ့်ပြီးရင် အဖွဲ့တစ်ခု ဖွဲ့ ပေးမယ်) ကျနော် အနစ်နာခံပြီး ထုတ်လုပ်သူလုပ်ပေးပါ့မယ့်) အဖွဲ့တွင် မပါဝင်လိုသူများ ကော့မန့်ရှည်ရှည်ရေးကြပါ… လှည့်ပြန်သူများကို ခေါင်းဆောင်တင်ပါ့မယ်)း)

16. An animal – စာကလေး

17. A street name – စိန်လျှံ လမ်း (စိန်လျှံထွန်း အိမ်ရှိရာ စိန်လျှံ့အဖေ ရပ်ကွက်လူကြီး တယူသန် အမိန့်ဖြင့် ပေးမည့် လမ်းနာမည်)

18. A type of car – စိန်စစ်စစ်တွေ စိန်စီထားသော စိန်လျှံထွန်းစီးမဲ့ စိန်ကား

19. The title of the song – စိန့်ကို အရမ်းချစ်တယ် ( ဆိုချင်သူတွေကို စပ်ပေးပါမည်)

20. A verb – စဉ်းစား ဆင်ခြင်လိုက်စမ်းဘာာာာ…. စဉ်းစားဆင်ခြင် လိုက်စမ်းဘာာာာာ……


အားလုံးပျော်ရွင်ကြပါစေ

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန် (မျောက်မျောက်)


ပုံတွေကို yahoo ကနေ အလွယ်ရှာလိုက်တာပါ။

Monday, 12 October 2009

စိတ်ထဲရှိတာက

ခုတလော ဖိုးစိန် ငြိမ်နေတယ်… အွန်လိုင်းမှာလဲ ပျောက်နေတယ်… စိတ်ပူတဲ့ ညီတွေ အကိုတွေ အမတွေ ရှိတယ်… မေးလ်ပို့ကြတယ်… အားပေးကြတယ်… နေကောင်းလား… ခေါင်းကိုက်သေးလား အလုပ်အဆင်ပြေလားပေါ့…

တကယ်တော့ နေကောင်းသလိုပါ… စိတ်က မကောင်းတကောင်း... ရူးကြောင်ကြောင်ပေါ့... အလုပ်တွေ တအားလုပ်နေရတာကြောင့် ဘလော့ထဲကို မဝင်ဖြစ်တာရယ်… အွန်လိုင်းပေါ်မတက်ဖြစ်တာရယ် ကြောင့်ပါ… စာရေးချင်ပါတယ်… စာတွေလဲ ရေးပါတယ်… အဆုံးမသတ်နိုင်တာ ခက်တာပါ… စာရေးရင်း တခြားအကြောင်း စဉ်းစားလိုက်ရင် ရေးလက်စ တပိုင်းတစက ပျောက်သွားတယ်… ဆက်ရေးလို့ မရတော့ပြန်ဘူး… ရေးလိုက်… ဖတ်လိုက်… စိတ်ပျက်သွားလိုက်နဲ့ ရေးနေတဲ့ ရေးလက်စတွေ တသီတသန်းကြီးပါ… ကျနော်ကိုယ်တိုင် ရေးတဲ့စာကို ကျနော် မကြိုက်တဲ့နောက်တော့… အားလုံးလဲ သိကြလောက်ရောပေါ့လေ… ဖိုးစိန်ကလောင်စွမ်း ထက်တယ်ဆိုတာ…

နောက်တစ်ခုက အားနာစရာ… ခုနောက်ပိုင်း ဘလော့လည်ပြီး ကော့မန့် မပေးဖြစ်ဘူး… မပေးချင်တာမဟုတ်ပါဘူး… မပေးဖြစ်တာပါ… ဒါပေမယ့် ဖိုးစိန်ဆီလာပြီး ကော့မန့်တွေ ချခဲ့တာ မြင်ရင် မျက်ရည်ကျမတတ် ဝမ်းသာမိပါတယ်…“ သြော် ငါ့ကိုနားလည်ကြသား”ဆိုပြီး ဝမ်းသာတာပါ….

ကျနော် ပျောက်ရင်းနဲ့ တင်ဖြစ်တဲ့ပိုစ့်တွေကို လာဖတ်ကြတဲ့ ညီအကို မောင်နှမတွေကိုပါ… ဘလော့ လောက ကို ကျီးနဲ့ဘုတ်လို့ ပြောကြတယ် မဟုတ်လား... ခု ကျနော်က ကျီးမဲ ကျီးအ လို့ သဘောထား… ဘုတ် လို့ ခေါ်ဆိုတဲ့ ညီအကိုမောင်နှမ တွေက ကျီးမဲ ဘာဖြစ်နေ ဘာလုပ်နေလဲဆိုတာ စိုးရိမ်စိတ် မေတ္တာစိတ်တွေနဲ့ အမြဲတမ်း ကြည့်ရှု့နေတယ်လို့ခံစားရတယ်… ဒါကြောင့် ကျီးနဲ့ ဘုတ်လို့ အပြောခံရ ရင်တောင် မေတ္တာစေတနာရတဲ့ အတွက် ဝမ်းသာပါတယ်… ဘာဖြစ်ဖြစ် ကျနော်လာလာ မလာလာ ကျနော်စာတွေကို အစဉ်လာဖတ်ပေးတဲ့ ညီအကို မောင်နှမတွေကို ကျေးဇူးတင်ကြောင်းနဲ့ လေးစားခင်မင် အားကျကြောင်းပြောချင်ပါတယ်…

နောက်တစ်ခုက ကျနော်စာရေးမကောင်းပါဘူး… ရေးလိုက်တဲ့စာကို ဖတ်လိုက်ရင်လဲ ကျနော် ရခဲ့တဲ့ မိသားစု နဲ့ ကျနော်ကျင်လည်ခဲ့ရတဲ့ အကြောင်းတွေကို အမှတ်တရ ပုံပြောပြ သလိုပြန်ရေးမိတာပါ… ဒါပေမယ့် စာထဲမှာ တစ်ခုခုကို ရစေချင်တဲ့ စေတနာတော့ပါပါတယ်… ကျနော့်ကိုနားလည်တယ်… ခံစားပေးတယ်… ကျနော် မျက်ရည်ကျရင် အားပေးတယ်… ကျနော် ဝမ်းသာရင် ပြုံးကြတယ်… ပျော်ကြတယ်… အဲဒီအရသာကို ကျနော်နှစ်သက်ပါတယ်..

တကယ်ဆိုရင် ကျနော် မိသားစုနဲ့ ဝေးတဲ့ နေရာမှာ တစ်ယောက်တည်း ရပ်တည်နေရတာပါ… ညီအကိုတွေ မောင်နှမတွေကို ဒီဘလော့ပေါ်ကနေရတော့ ဒီဘလော့လေးကို အရမ်း ချစ်ပါတယ်… ဒီဘလော့လေးကြောင့် ကျနော့်ကို နားလည်နိုင်မယ့် မောင်နှမတွေ အများကြီးရတာပါလို့ တွေးတိုင်း မျက်ရည်လည်ရပါတယ်… ဒါကြောင့် ဘလော့ပေါ်က ညီအကို ညီမ အမတွေကို လေးစားချစ်ခင်ရပါတယ်…

နောက်တစ်ခုက ကျနော် ဒီဇင်ဘာကို စကာင်္ပူ သွားလည်မယ်… အဲဒီအတွက် အလုပ်ပိုလုပ်မိတာကြောင့် အွန်လိုင်းမတက်ဖြစ်တာလဲ ပါတယ်… တက်လာရင် လဲ ကိုဖိုးစိန် လာရင် လာကြိုမှာ… ဖိုးစိန်လာရင် ဘယ်သွားမှာ… ဖိုးစိန် လာရင် ဘာလုပ်မှာ… စသဖြင့် အကိုတွေ အမတွေ ညီ ညီမတွေ သူငယ်ချင်းတွေက ပြောကျတဲ့အတွက် ဖိုးစိန် အရမ်းပျော်ရပါတယ်… အရမ်းလဲ လာချင်တွေ့ချင်ပါတယ်… အကြောင်းသိတဲ့သူတွေက သိတယ်… ခုဆိုရင် အထုပ်အပိုးပြင်ပြီးလို့ လေဆိပ်ဆင်းမယ့် ရက်ကို စောင့်နေရတယ်ဆိုတာကိုပေါ့ … ငါးနှစ်ရှိခဲ့ပြီး… အပျော်ဆိုတာ အဝေးဆုံးမှာ… အခုတော့ ကျနော် ခင်တွယ်မိတဲ့ အကိုတွေ အမတွေ ညီ ညီမ သူငယ်ချင်းတွေနဲ့ ဆုံရမယ့် နေရာကိုလာ ရမယ်ဆိုတော့ အရမ်းကို ဝမ်းသာနေမိတယ်… ည ညဆို အိပ်မပျော်ဘူး… မိုးလင်းတိုင်း လုပ်မိတာ ပြက္ခဒိန် စာရွက်ကို ဆွဲဆုတ်ပြစ်လိုက်တာပဲလေ… ကျနော် စကာင်္ပူရောက်ရင်သာ ကျနော်နဲ့ အွန်လိုင်းမှာ ခင်တဲ့သူတွေရော မခင်တဲ့သူတွေရော အားလုံးကို ရင်းရင်းနှီးနှီးတွေ့ချင်ပါတယ်… ငါးပတ်နေမယ် ဆုံးဖြတ်ထားပါတယ်… အဲဒီအတွက် ပြင်ဆင်နေရလို့ အိပ်မပျော် စားမဝင် ဘလော့ မရေးနိုင်ရခြင်း အကြောင်းတွေ ပါဝင်ပါတယ်… ကျနော် ဒီဇင်ဘာ(၄)ရက် သော ကြာနေ့ ည လေယာဉ်နဲ့ရောက်မှာပါ… ကြိုပြောထားတာ… ရှောင်ပြေးမယ့် သူတွေ လွတ်အောင်လို့ပေါ့… ညီလေး ဝသန်နဲ့ ကိုအိမ်နဲ့ကိုလဲ စကာင်္ပူ မှာ မူးကြဖို့ ချိန်းထားပြီးပါပြီး... လောလောဆယ်လိုနေတာက ငါးပတ်အတွင်း ထမင်းကျွေးမယ် အလှူ့ဒါယိကာ ဒါယိကာမ တွေပါ… ကော့မန့်မှာ စေတနာတရားထက်သန်စွာ စာရင်းပေးသွားနိုင်ပါတယ်…း)))

ဘာဖြစ်ဖြစ် ခုကတည်းက ကျနော်ဆုတောင်းမိတာက အပျော်တွေနဲ့ပဲတွေ့ပါစေလို့… ခုကတည်းက စကားနဲ့ အပျော်တွေပေးတဲ့ ညီအကိုတွေ အမ ညီမတွေ ကိုကျေးဇူးတင်ပါတယ်… ခုကတည်းက စားမဝင် အိပ်မပျော်နဲ့ အပျော်လုံးဆို့နေတာ စာမရေးနိုင်ဘူး ဖြစ်နေတယ်… ဒါပေမယ့် ပိုစ့်တစ်ခု ရေးထားပါတယ်… တက်ဂ်ပို့ စ်ပါ… ကျနော်သိသိမသိသိ တက်ဂ်ပါမယ်… များသောအားဖြင့် စကာင်္ပူ တနိုင်ငံလုံးက ဘလော့ဂါတွေကို တက်ဂ်ပါမယ်…
အခုတစ်လော ဘလော့တွေ ခြောက်သွေ့နေပြီး… အရင်လို စလိုက်နောက်လိုက် ပျော်စရာမကောင်းသလိုပဲ… အဲဒါကြောင့်လည်း အိမ်တအိမ်သွားလည်ရင် မမန့်ဖြစ် ကော့မန့်မပေးဖြစ်တော့ဘူး… ဒီစိတ်ကူးလေးနဲ့ ဘလော့ဂါမောင်နှမတွေ တစ်ယောက်နဲ့ တစ်ယောက် ပျော်စရာ နောက်စရာတွေ ရအောင် တက်ဂ်ပိုစ့်လေးတစ်ခုနဲ့ ပျော်စေချင်ပါတယ်… လာပါတော့မယ်… စောင့်ပါ… ဖိုးစိန်အားရင် အကုန်လုံးကို ပတ်ပြီးတက်ဂ်ပါမယ်…

နောက်တစ်ခုပြောချင်ပါတယ်…
ဒီလက ကျနော်ချစ်တဲ့ သူငယ်ချင်းတွေရော… ကျနော်ချစ်တဲ့ ဘလော့ဂါမောင်နှမတွေ တော်တော်များများမွေးတဲ့လပါ…
လစကတည်းက ကျနော်ချစ်သူငယ်ချင်းမွေးနေ့ကနေ ညီလေးအရဲ ခုမွေးနေ့ ရောက်တော့မယ့် ချစ်ပေါ်ပေါ် (တောင်ပေါ်သား)၊ မရောင်၊ မေလေး၊ မယ်ကိုး၊ သံလွင်ဟီးရိုး ၊ တလနွန် စတဲ့ ကျနော်ချစ်တဲ့ ခင်တဲ့သူတွေရဲ့မွေးလဖြစ်နေတဲ့ဆိုတော့ အားလုံးအတွက် ပျော်စရာကောင်းသော မွေးနေ့ ဖြစ်ပါစေလို့ ဆုတောင်းရင်း ကျနော်ရေးချင်တာ ပြောချင်တာများကို ချရေးလိုက်ပါတယ်….

နားလည်ကျမယ့် ညီအကိုမောင်နှမတွေလဲ ပြောချင်တာများကို ပြစ်ပြစ်နှစ်နှစ်ပြောခဲ့ကြပါ…

ကျေးဇူးတသက်မမေ့ပါဘူး… စကာင်္ပူလာရင်လဲ ကျွေးမွေးပြုစုတာခံချင်ပါတယ်လို့ အားမနာတမ်း မရှက်တမ်း ဝန်ခံရင်း …..

ဖိုးစိန်တစ်ယောက် ခုလက်ရှိအခြေအနေများကို တင်ပြအပ်ပါတယ်ခင်ဗျားးးးးးး

ကိုယ်စိတ်နှဖြာ ကျန်းမာ ချမ်းသာတော်မူကြပါစေခင်ဗျားးး

ခုချိန်သတင်းများကို ကြေငြာလို့ ပြီးပါပြီး… ကြော်ငြာ ဝင်သူများ ဝင်နိုင်ပြီး ဖြစ်ပါကြောင်း တင်ပြရင်းး သတင်းများ ဤတွင် ပြီးဆုံးပါပီး….


နောက်တင်မယ့် ပိုစ့်လေးကို အမြည်းလေးပေးမယ်နော်... မကြိုက်ရင် မရေးဘူး... ပြတ်ပြတ်ပဲ... ဟဲဟဲ...

ဖိုးစိန်တို့နောက်ဖေးက ခြံက ဘေးခြံနဲ့ ကပ်ရက် သရက်ပင်တစ်ပင်ရှိတယ်… မချစ်စုသရက်… အလုံးကြီး ပြီး အရမ်းချိုတယ်… သရက်သီး သီးချိန်ဆို သရက်ကိုင်းတွေက ဖိုးစိန်တို့ ခြံဘက် ကိုထိုးကျနေပြီး ဖိုးစိန်တို့ ခြံက မာလကာသီးပင်ပေါ်က ခူးစားရင်ရတယ်… သရက်သီးသီးချိန်ဆို ဖိုးစိန်တို့ မောင်နှမသုံးယောက် မနေနိုင်ဘူး… ခိုးစားချင်တယ်… အဲဒီအခါကျရင် အိမ်က လူကြီးတွေ မသိအောင် ခြံထဲဆင်းရင်း မာလကာပင်ပေါ်တက်ပြီး အငယ်ကောင်က ခူးတယ်… ညီမက လူရိပ်လူခြေစောင့်တယ်… ဖိုးစိန်က အပင်အောက်ကနေ ဟိုအလုံး ဒီအလုံး ညွှန်ပြီး ခြွေချသမျှကို လိုက်ကောက်တယ်… ပြီးရင် မောင်နှမသုံးယောက် ခိုးစားကြတယ်… တနေ့ ခိုးစားနေတာကို ဖိုးစိန်အမေက လက်ပူလက်ကျပ်မိတော့ ဖိုးစိန်အဖေကိုတိုင်တယ်…
ညနေကျတော့ ဖိုးစိန်တို့ မောင်နှမသုံးယောက် “နောက်တစ်ခါ သားတို့ မခိုးတော့ပါ” လို့ အဖေရေးပေးတဲ့ စာတန်းလေးကို လည်ပင်းမှာဆွဲလို့ ဘေးအိမ်က အိမ်ရှေ့မှာ စာသားအတိုင်း အသံကျယ်ကျယ်နဲ့ အခါ ငါးဆယ်ပြည့်အောင် အော်ခိုင်းတယ်… အဲဒီတုန်းက ရှက်ရမှန်းမသိဘူး… အောက်ဆင်းရလို့တောင်ပျော်နေခဲ့သေးတယ်… မောင်နှမသုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက် ပြုံးစိစိနဲ့ အငယ်ကောင်ကစပြီ နောက်တစ်ခါလို့ အော်ရင် ဖိုးစိန် က သားတို့တွေ အငယ်မက သရက်သီးကို မခိုးစားတော့ပါဘူးရှင့် လို့အော် ပြီးရင် ရယ်လိုက်နဲ့ အကြိမ်ငါးဆယ် အော်ရင်း....

အင်း... မဖတ်ချင်လောက်ပါဘူးလေ... ကျနော်က စာရေးမှမကောင်းတာလေနော်...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်(မျောက်မျောက်)

Thursday, 8 October 2009

ပျော်ရွင်စရာမွေးနေ့လေးဖြစ်ပါစေ




MY LOVELY BROTHER A YE'




Happy birthday to You!!!!!!!



Happy Birthday to Nyi lay A YE' !!!!!!!!





ချစ်သောညီလေး


မွေးနေ့မှာပျော်ရွင်ပါစေ

စာကိုကြိုးစားပါ...

စာပြန်ရေးပါ...

ဝေးနေပေမယ့် သံယောဇဉ်မေတ္တာတွေနဲ့ အတူ ဘလော့ပေါ်က ညီအကိုမောင်နှမတွေ အမြဲအနားမှာရှိနေတာကို သတိရပါ...။

မွေးနေ့မှာပျော်ရွင်ပါစေ...

နှလုံးသားထဲက မေတ္တာနဲ့ ဆုတောင်းသံတွေကို ရင်ဘတ်နဲ့ ကြားနာ နိုင်ပါစေ....



အမြဲတမ်းချစ်ခင်စွာဖြင့်


ကိုကြီး

ဖိုးစိန်

Thursday, 1 October 2009

ဝင်္ကပါ



ငယ်ငယ်တုန်းက
ဝင်္ကပါပတ်ဖူးတယ်…
ဖေ့ဖေ့နဲ့တူတူ…
ဘယ်ရစ်ပတ်… ညာရစ်ပတ်ရမယ်မသိ
ဖေ့ဖေ့နောက်ကလိုက်လို့
အားလုံးကိုကျော်တက်သွားရတယ်..
ကိုယ်တိုင်က ပြုံးလို့ ပျော်လို့
ထွက်ပေါက်နားရောက်တော့
ထွက်ပေါက်နံရံတွေကပြုံးပြီး ပြောတယ်…
ဒီသားအဖ တော်တယ်တဲ့……။

ခု…

ဘဝဝင်္ကပါ ပတ်နေရတယ်
တစ်ယောက်တည်း
ဘယ်ရစ်ပတ်… ညာရစ်ပတ်ရမယ်မသိ
ကိုယ့်လိုလူလဲရှိရဲ့
ကိုယ့်ရှေ့မှာလဲတစ်စုတစ်ဝေး
ကိုယ့်နောက်မှာလဲ အုံလိုက်ခဲလိုက်
တွန်းတိုက် သူလဲရှိရဲ့
ကျော်ခွခုန်ထွက်သူလဲရှိရဲ့
ကိုယ်တိုင်က စမ်းတဝါးဝါး….
တုံးတိုက်တိုက် ကြားကိုက်ကိုက်ပေါ့
ထွက်ပေါက်နံရံတွေကို မျှော်ကြည့်လိုက်တယ်
ထွက်ပေါက်နံရံတွေက ပြုံးပြီးပြောတယ်
လောကရဲ့ဝင်္ကပါမှာ
ထွက်ပေါက်ဆိုတာ မရှိဘူးတဲ့…………….။



ဒီကဗျာလေးကိုရေးပြီး ကဗျာလေးကို ပြည့်စုံစေခဲ့တဲ့အတွက် ချစ်ခင်လေးစားရတဲ့ မကြီး(မနော်ဟရီ) နှင့် ကဗျာအတွက် ပုံရှာပို့ပေးတဲ့ ချစ်ခင်ရတဲ့ ကိုကို(မိုးကုတ်သား)ကို ကျေးဇူးတင်ရှိပါသည်။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

photo by ZOMBIZI from Flickr