Thursday, 1 October 2009

ဝင်္ကပါ



ငယ်ငယ်တုန်းက
ဝင်္ကပါပတ်ဖူးတယ်…
ဖေ့ဖေ့နဲ့တူတူ…
ဘယ်ရစ်ပတ်… ညာရစ်ပတ်ရမယ်မသိ
ဖေ့ဖေ့နောက်ကလိုက်လို့
အားလုံးကိုကျော်တက်သွားရတယ်..
ကိုယ်တိုင်က ပြုံးလို့ ပျော်လို့
ထွက်ပေါက်နားရောက်တော့
ထွက်ပေါက်နံရံတွေကပြုံးပြီး ပြောတယ်…
ဒီသားအဖ တော်တယ်တဲ့……။

ခု…

ဘဝဝင်္ကပါ ပတ်နေရတယ်
တစ်ယောက်တည်း
ဘယ်ရစ်ပတ်… ညာရစ်ပတ်ရမယ်မသိ
ကိုယ့်လိုလူလဲရှိရဲ့
ကိုယ့်ရှေ့မှာလဲတစ်စုတစ်ဝေး
ကိုယ့်နောက်မှာလဲ အုံလိုက်ခဲလိုက်
တွန်းတိုက် သူလဲရှိရဲ့
ကျော်ခွခုန်ထွက်သူလဲရှိရဲ့
ကိုယ်တိုင်က စမ်းတဝါးဝါး….
တုံးတိုက်တိုက် ကြားကိုက်ကိုက်ပေါ့
ထွက်ပေါက်နံရံတွေကို မျှော်ကြည့်လိုက်တယ်
ထွက်ပေါက်နံရံတွေက ပြုံးပြီးပြောတယ်
လောကရဲ့ဝင်္ကပါမှာ
ထွက်ပေါက်ဆိုတာ မရှိဘူးတဲ့…………….။



ဒီကဗျာလေးကိုရေးပြီး ကဗျာလေးကို ပြည့်စုံစေခဲ့တဲ့အတွက် ချစ်ခင်လေးစားရတဲ့ မကြီး(မနော်ဟရီ) နှင့် ကဗျာအတွက် ပုံရှာပို့ပေးတဲ့ ချစ်ခင်ရတဲ့ ကိုကို(မိုးကုတ်သား)ကို ကျေးဇူးတင်ရှိပါသည်။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

photo by ZOMBIZI from Flickr

23 comments:

Mogok Thar said...

အဆုံးမဲ့တဲ့ ဝင်္ကပါ တိုင်းမှာ ထွက်ပေါက် ဆိုတာ ရှိနေတတ်ပါတယ်။
ငြိမ်းအေးတဲ့ ထွက်ပေါက်တွေကို ရှာဖွေတွေ့ရှိပါစေလို့ ဆုတောင်းပေးလျှက်

ချစ်ခင်လေးစားသော

ကိုမောင်ဟန်

Mogok Thar said...

အမ်.. တစ် ရနေပါလား။

ဝင်္ကပါထဲ တ၀ဲလည်လည် ဖြစ်နေဲ့အား၊ စိတ်တွေစုစည်းပြီး လျှောက်လာတဲ့ လမ်းတွေ မှတ်သားပါ။


(မသိပဲ ဆရာလုပ်သွားတယ်)

ဟဲဟဲ

ချစ်ခင်သော

ကိုမောင်ဟန်

mae said...

ကောင်းတယ် ကဗျာလေး

အားတင်းထားပါ၊ အစ်ကိုတွေ အစ်မတွေ သူငယ်ချင်းတွေက အမြဲအားပေးနေမှာပဲ

Vista said...

ဝင်္ကပါ တိုင်းမှာ ထွက်ပေါက် ဆိုတာ ရှိကိုရှိတယ်
လျှောက်လာတဲ့လမ်းတိုင်းကိုသေချာမှတ်ပါ
ဝင်္ကပါကို အပေါ်ကနေမြင်တဲ့အမြင်နဲ့ ကြည့်ပါ
ပိုရှင်းသွားလိမ့်မယ် ..
အဝင် အထွက်တွေသေချာမြင်လာလိမ့်မယ်

အိန္ဒြာ said...

အစရှိတဲ့ အရာရာတိုင်းမှာ..

အဆုံးသတ်ဆိုတာရှိပါတယ်..ဖိုးစိန်ရယ်..

ဒီလို့ပဲ...

ဘာမှတည်မြဲမနေတဲ့ လောကမှာ..
စိတ်ညစ်စရာတွေကြာကြာမနေသလို..
ပျော်စရာတွေလည်း.အချိန်တန်ရင်..ပျောက်ပျက်ရတာပါပဲ...

လက်ရှိအခြေအနေကို..အကောင်းဆုံးလို့..
ယူဆပြီး..
အပြေလည်နိုင်ဆုံးဖြေရှုင်းနိုင်ခဲ့ရင်..

အဲသည့် ရလာဒ်ဟာ.

ဘယ်လိုမှ တန်ဖိုးဖြတ်နိုင်တဲ့..

ဘ၀ရဲ့ ဆု ပဲပေါ့...

Craton said...

မဆုံးဘူးတဲ့လား...

စည်သူ said...

အတွေးလေးစ်ခု
ရသွားတယ်ဗျာ

ပျော်ရွှပါစေ..

ခင်မင်စွာဖြင့်
စည်သူ။

မယ်ကိုး said...

ဝင်္ကပါထဲမှာ ရှေးရေစက်ကလေးတွေနဲ့ရော ဆုံခဲ့သေးလား။ထည့်ရေးဦးလေ။
ကဗျာကောင်းလေးကို ခင်မင်သမှူနဲ့ ကျီစယ်သွားတာ စိတ်မရှိပါဘူးနော်။=)

အမရာ said...

ကဗျာလေးကိုဖတ်ရတာ...
စိတ်ထဲမှာခံစားရတယ်....
ယုံကြည်ချက်တခုကိုပျိုးပြီး...
ထွက်ပေါက်ကို..ရှာဖွေနိုင်ပါစေ...

reenoemann said...

ထွက်ပေါက်ကိုရှာနိုင်သော သူဖြစ်ပါစေကွာ

ချစ်တဲ့သယ်ရင်း
ရီနို

kiki said...

အစ ရှိရင် အဆုံး ရှိတာပေါ့
အဝင်ရှိရင် အထွက်ရှိတာပေါ့...
ဝင်ပေါက် ရှိတော့ ထွက်ပေါက်လည်း ရှိပါတယ် ..ကဖိုးစိန်ရယ် ...

စိတ်ရှည်ရှည် ခေါင်းအေးအေး နဲ့ ဆက်လျှောက် ..
မှောင်နေရင်လည်း မကြောက်နဲ့..
အထဲမှာ ကိုယ်လို လူတွေ အများကြီးရယ် ..
အဖေါ်တွေ တပြုံကြီးပါလေ...

စိမ်း... said...

ထွက်ပေါက် ???
ဝင်ခဲ့တဲ့လမ်းကနေ ပြန်ထွက်ချင်တာလား ဒါမှမဟုတ် တဖြားတစ်ဖက်ကနေ ထွက်ချင်တာလား... ???
အင်း ... စဉ်းစားစရာတော့ရသွားပြန်ပြီ...

ချမ်းလင်းနေ said...

ရှုပ်ထွေးလှတဲ့ ဘဝဝင်္ကပါထဲက အစနဲ့ အဆုံးကို ဖြောင့်ဖြူးစွာတွေ့နိုင်ပါစေဗျာ။:)
ကဗျာလေးက အတော်ကောင်းတယ်ဗျာ။ဖတ်ရင်းနဲ့ အတွေးလေးတွေပါသယ်သွားတယ်။

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

ဖိုးသူတော် လိုမျက်စေ့လည်လေ ဆွမ်းဆန် ရလေ..
အောက်မေ့လိုက်ပါ..
လမ်းဆုံးရင်တော့ ရွာတွေ့မှာပါ..
ရွာအ၀င်..သုဿန်မှာတင်ဆုံးသွားရင်လည်းးး)))

တောင်ပေါ်သား said...

လူတိုင်းကတော့ ဘ၀ ၀င်္ကပါလေးထဲမှာ လည်နေဆဲပါပ၊ တချိန်ချိန်မှာတော့ ထွက်ပေါက်ကိုတွေ့ရမှာလေ ဒါကြောင့်လဲ ၀င်္ကပါလို့ ခေါ်တာပေါ့ အားမငယ်နဲ့ ၀င်္ကပါလေးထဲမှာ တူတူဆက်လည်ကြဦးစို့ တချိန်မှာ အောင်မြင်မူတွေနဲ့ ပြည့်စုံတဲ့ ထွက်ပေါက်ကနေ ပြန်ထွက်ကြမယ်

လေးစားလျက်
တောင်ပေါ်သား

တလနွန် said...

ဝင်္ကပါထဲကနေ ထွက်ပေါက်တစ်ခု ရှိကိုရှိတယ်။ ကျော်သွားခဲ့တာလား ။ မရောက်သေးတာလား။
တစ်နေ့ နေ့ တော့ ထွက်ပေါက်တစ်ခုတော့တွေ့ မယ်။ အချိန်တစ်ခုတော့ လိုတယ် ထင်တယ်။ ဇွဲရှိရှိနှင့် ကြိုးစားပြီး ရှာဖွေကြစို့ ။

ခင်မင်ခြင်းများနှင့်
တူရီးတော်

MANORHARY said...

လောကရဲ့ဝင်္ကပါမှာ ထွက်ပေါက်ဆိုတာ မရှိဘူး
စိတ်၏စေရာအတိုင်းပျံသန်းလွတ်မြောက်နိုင်ပါစေ။

yangonthar said...

ဝင်္ကပါရဲ့ ရှေ့ တစ်ကွေ့ အတွက် လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ခွင့်ရရင် သိပ်ကောင်းမှာပဲ ..... ဒါပေမယ့် .... ပြင်ဆင်ခွင့် တွေ သိပ်နည်းနေခဲ့ တယ် ... ကျဆုံးနှောင့်နှေးရတာ ဆန်းတော့ မဆန်းပါဘူးလေ .... ဒါ့ကြောင့်ဖြစ်မယ် ဘဝတဲ့ အရေးရှင်းသလောက် သဘောရှုတ်လေခြင်း အစ်ကိုရာ ..... ကဗျာလေးက အဓိပ္ပါယ်ရော အဖွဲ့ အလေးပါ ကောင်းမွန်လှပါတယ် ....
ခင်တဲ့
ညီငယ် ရန်ကုန်သား :))
အဆင်ပြေပါစေ

မြစ်ကျိုးအင်း said...

စိတ်မပူနဲ့သူငယ်ချင်း ဟတ်စကီးနဲ့ လာကယ်မယ်။

ဒီကဗျာလေးကို နှစ်သက်တယ် ဘ၀ရဲ့ ၀င်္ကဘာ အကြီးကြီးထဲမှာမှ ၀င်္ကဘာ အသေးလေးတွေ ထပ်ရှိနေသေးတယ် တချို့အရာတွေ ခုထိ ထွက်ပေါက် ပျောက်နေတယ် ။

ခံစားချက်တွေကို လျော့ချနိင်ခဲ့ရင် ထွက်ပေါက်နဲနဲတော့ တွေ့မယ်ထင်မိတယ်။

ဘ၀ရဲ့လွတ်မြောက်ရာကို ရှာတွေ့စေချင်ပါပြီ။

နေ့အိပ်မက် said...

ထွက်ပေါက်ရှာမတွေ့ရင် နံရံကိုဖက်တက်...

Mechanical, Planning and Supply Chain said...

ငါကမယူ၊ "ဝေဖန်သူ"သာ
ဖွေရှာတွေ့လို့၊ လက်ကမ်းကြိုခဲ့
ညဆိုအိပ်ပျက်၊ လန့်လျက်ထနိုး
တစ်မိုးလည်းသောက်၊ တစ်ညဥ့်ရောက်ပြန်
ကြိမ်ဖန်ဖန်ပင်၊ သွားပြန်လမ်းဆုံ
ဝိညာဉ်ဘုံက၊ သံစုံဟစ်အော်
သေမင်းခေါ်သံ၊ စောင်းသံလေလား
ထွေပြားစိတ်မှာ၊ ငါ့လင်္ကာကို
ဖတ်ပါသေမင်း၊ သူပင်ညှဉ်း၍
ငိုချင်းနှင့်တေး၊ ကြိုက်ရာရွေးရ
နံနက်ထသော်၊ ရေးစလင်္ကာ
စာရွက်ပြာသည်
လေမှာလွင့်လွင့်ဝဲ၀ဲတည်း ။

ကျော်တက် ရရဲ့ သားနဲ့…အလျှားလိုက် လိုက်နေတာကို…:D

Eleven. said...

ကျွန်တော်လည်း ဝင်္ကပါ ထဲမှာပဲ ကိုစိန် ..
စမ်းတဝါးဝါး သွားနေတာတော့ ကြာပီ ..
ထွက်ပေါက်လည်း ခုထိ မတွေ့သေးဘူး ..
လမ်းမှာ တွေ့လည်း ခေါ်ဦးနော် ..
တစ်ယောက်တည်း သွားရတာထက် စာရင် ၂ ယောက်
ဆိုတော့ စကားပြောဖော်လေး ရတာပေါ့ .. :)

နေဒေး။

အိမ် said...

အရင်က ကစားနေတာ.. အခုလက်ရှိက လက်တွေ့လေ.... ဒီတော့ မတူဘူး ဆရာ... အားမလျော့နဲ့ လုပ်ထား...။