ဖြစ်နေတာလေးများ


ဒီနှစ်ထဲမှာ ဖိုးစိန် ကျမ်းမာရေးသိပ်မကောင်းဘူး။ ညညတွေဆို မျက်စိမှိတ်မှ အိပ်ပျော်တယ်။ မျက်စိမှိတ်ပြန်တော့လဲ ဘာမှ မမြင်ရဘူး ဖြစ်နေတယ်။ ကိုယ့်ကိုယ်ကိုယ် အရမ်းသနားမိတယ်။ ဘာလို့များ ဒီလိုရောဂါဆိုးကြီးဆို ခံစားနေရပါလိမ့်။ လောက၀ဋ်ကြွေးတွေ မကျေမချင်းတော့ ဆပ်ရမှာပဲ။ မတတ်နိုင်ဘူးလေ။ ဒီရောဂါတွေခံစားရတော့ သိပ်ပြီး မစားနိုင် မသောက်နိုင်ဖြစ်ပြန်တယ်။ တခါတည်း မျိုချ မစားနိုင်လို့ ခဏခဏ ခွဲစားရတယ်။ ဒီလို ခဏခဏ စားတာလဲ ခန္ဒာကိုယ်ကြီး အလုပ်လုပ်နိုင်အောင် အာဟာရ ဖြစ်အောင်သာ စားပါတယ်။ အာဟာရ ပြည့်မှ ကျမ်းမာရေးကောင်းမှာ မဟုတ်လား။

ဒါက စကားဖြစ်ပြောတာပါ။ တကယ်တမ်းတော့ ကျမ်းမာရေးမကောင်းဘူး။ ခုတလော ခေါင်းတွေ ခဏခဏကိုက်တယ်။ ခေါင်းကိုက်ပြီးရင် တရက်နှစ်ရက်နဲ့ မပျောက်ပြန်ဘူး။ အလုပ်မှာ စိတ်ဖိအား များလို့ ခေါင်းကိုက်တာလား မေးရအောင်လဲ အလုပ်က ဘာစိတ်ဖိစီးမှုမှမရှိဘူး။ ကိုယ်က သာ သထေးကို တချိန်လုံး စိတ်ကောက် အော်ဟစ်ပြီး သူ့ကို စကားမပြောတာက များတယ်။ ကိုယ်က ခေါင်းကိုက်ရင် အော်တတ်တယ်၊ ဒေါသထွက်လွယ် ကြို ပြောထားတယ် ဆိုတော့ သူထေးက ရုံးရောက်ရင် စိန်ခေါင်းကိုက်နေလား လို့ အရင်မေးတယ်။ ကိုယ်က အင်းလို့ နေ့တိုင်းပြောဖြစ်တော့ သထေး ရုံးမလာတာတောင်များတယ်။

ဒီနှစ်ထဲ အလုပ်လုပ်တော့မှ လူမှုရေးတွေ ပျက်ကွက်သလိုခံစားရတယ်။ မနှစ်ကဆို ကိုယ့် ညီ၊ အကို၊ ညီမတွေကို မွေးနေ့လုပ်ပေးဖြစ်တယ်။ ဒီနှစ်တော့ အလုပ်တဖက်နဲ့ မအားသလို ဖြစ်သလို ခေါင်းကလဲ တချိန်လုံးကိုက်နေတော့ စိတ်မကြည်တာများတယ်။ ဒါနဲ့ သူတို့ မွေးနေ့ကို ဒီလိုပဲ ပြီးလိုက်ရတယ်။ စိတ်တော့မကောင်းဘူး။ သူတို့ကတော့ ဘာမှ မပြောကြပါဘူး။ တာဝန်မကျေသလို၊ အကို တယောက် မပီသသလိုတော့ ခံစားမိတယ်။ ဒီအထဲမှာ အငယ်ဆုံး အကိုကြီးက ပိုဆိုးတယ်။ အားလုံးထဲမှာ အကြီး ဒါပေမယ့် အိမ်မှာ အငယ်ဆုံး၊ အလိုလိုက်ခံချင်ဆုံး၊ ကလေးအဆန်းဆုံး။ သူတို့ နဲ့ တူတူနေတော့ သူတို့တွေကို သံယောဇဉ် ဖြစ်တယ်။ ဒီအကြောင်းတွေကို ခဏခဏ ရေးတော့လဲ စာဖတ်သူတွေက အံတို သွားသလို ခံစားရမယ်။ အိမ်လာဖူးတဲ့ သူတွေတော့ ဒီအိမ်က ချီးပေါက် စစ်တိုက် တဲ့ ညီအကို မောင်နှမတွေ အတွက် ကြည်နူးပျော်ရွင်တဲ့ အရသာ ခံစားဖူးမယ်။

အခု လောလောဆယ် ညီနှစ်ယောက် အကိုတယောက် ညီမတယောက် မွေးနေ့ ပြီးသွားပြီး။ ဘာမှ မလုပ်ပေးလိုက်ရဘူး။ စနေမှာ ညီအကိုလို ခင်ရတဲ့သူ မင်္ဂဆောင် သွားတယ်။ သွားမယ်လို့ ကြိုတင်လဲ အားခဲထားတယ်။ ဒါပေမယ့် သွားမယ့် ရက်မှ အကြီးအကျယ် ခေါင်းကိုက်တယ်။ ဒါပေမယ့် မဖြစ်ဖြစ်အောင် သွားခဲ့တယ်။ စားချင်တာတွေကို ထိုင်ကြည့်ပြီး မစားနိုင်ပဲ ပြန်ခဲ့ရတယ်။ အိမ်ပေါ်ကို ဘယ်လို ပြန်ရောက်မှန်းမသိလောက်အောင် ကို ခေါင်းက ထိန်းမရသိမ်းမရ ကိုက်တယ်။ ကိုယ်သာ နေကောင်း ထိုင်ကောင်းဆို အဲဒီမှာ ပွဲစည်ဦးမယ်။ ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေကို ဘူးသီး လုပ်နိုင်ဦးမယ်။ ဒါတောင် ရောက်တုန်းရောက်ခိုက် ခဏတာပဲ ဘူးသီး လုပ်လိုက်ရတယ်။ တနင်္ဂနွေမှာ အကိုကြီး မွေးနေ့။ ကိုယ်တိုင် ချက်ပြီး သူငယ်ချင်းတွေကို ဧည့်ခံကျွေးတာ။ သူငယ်ချင်းတွေ လက်ဆောင်ကိုယ်စီနဲ့ လာတော့ မမောနိုင် မပန်းနိုင်း ပျော်မဆုံး တပြုံးပြုံးနဲ့။ ခုလဲ အပြင်မှာ စမြုံ့ ပြန်နေသေးတယ်။ ကျနော်ဘာမှ သိပ်မလုပ်ပေးနိုင်ဘူး။ သူပျော်တာကိုပဲ အမြင်ကတ်စွာ ပီတိ ဖြစ်မိပါတယ်။ ခုရှိတဲ့ သူတွေ အားလုံးကို မွေးနေ့ လက်ဆောင် အကြွေးတင်နေပါတယ်။ လာမယ်။ ကြာမယ်ပေါ့။

သူများ မင်္ဂလာဆောင်တော့လဲ ကိုယ်လဲ ဆောင်ချင်သား။ မင်္ဂလာဝတ်စုံနဲ့ သူများတွေလို ရိုက်ချင်သား၊ အဲလို ဓာတ်ပုံရိုက်ချင်သလို၊ မင်္ဂလာလဲအတည် ဆောင်ကြည့်ချင်တယ်။ ဘယ်လို ခံစားရလဲပေါ့။ ကျနော်မင်္ဂလာဆောင်ရင်တော့ လိုအပ်တဲ့ ပစ္စည်းတွေ၊ လိုချင်တဲ့ ပစ္စည်းတွေကို စာရင်း နဲ့ ရေးပြီး ဖိတ်စာထဲ တခါတည်းထည့်မယ်လို့ စိတ်ကူးထားတယ်။ ဒါမှ လက်ဖွဲ့ ပေးတဲ့လူတွေ စဉ်းစားလို့ လွယ်အောင်ပေါ့။ ဒါကလဲ ရေလတ်ရည်မှန်းချက်ထဲ ပါပါတယ်။ လောလောဆယ်တော့ သူများဆောင်တာ မြင်လို့ အားကျ တာပဲ ရှိတာ။ မနာလို မဖြစ်သေးဘူး။ အားကျ မနာလို ဖြစ်လာတဲ့ အခါကျမှာ ဆောင်ပြစ်မယ်။ တခါဆောင်လို့ ပျော်တယ် ဆိုရင် ခဏခဏ ဆောင်ဖို့ ရည်ရွယ်ထားတယ်။ လက်ဖွဲ့ လဲ ခဏခဏ ရမယ်ပေါ့။ ဒါက ရေရှည် ရည်မှန်းချက် ဖြစ်လာနိုင်ပါတယ်။ ခု မင်္ဂလာဆောင်ပြီးသွားတဲ့ ညီကိုလဲ ဒီရည်မှန်းချက်တွေ ရှိစေချင်ပါတယ်လို့ မတိုက်တွန်းတော့ ပါဘူး။



ခုလောလောဆယ်တော့ နှစ်ယောက်တည်းနေ တစိတ်ထဲ ထားလို့ မရသေးပါဘူး။ စုပေါင်းနေပြီး တစိတ်ထဲ ထားနေရတာ ပိုကြိုက်နေပါတယ်။ လက်ရှိနေရတဲ့ အချိန်လေးကို သဘောကျပါတယ်။ ဒီနှစ်ထဲမှာ စာမရေးဖြစ်တော့ ကျနော့် အမာခံ စာဖတ်ပရိတ်သတ်တွေက မေးကြပါတယ်။ စာရေးနားလိုက်တာလို့ မေးကြပါတယ်။ ဒီလိုမေးတော့ စာပြန်ရေးချင်စိတ် ပြန်ဖြစ်ပြန်တယ်။ ဓာတ်တိုင် အကြောင်းကိုလဲ ဆက်ရေးပါမယ့်။ ဖိုးစိန် စာရေးမှာကို စောင့်နေကြသူများကို ကျေးဇူးတင်ပါတယ်။




ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

khin oo may said…
ရေးပါဖိုးစိန်ရယ။် ဖိုးစိန်ရဲ့စာလေးတွေ က လူတွေ ကိုစိတ်ချမ်းမြေ့စေပါတယ်။
Anonymous said…
Please continue writing and consult with neurologist for your chronic headache.

Mon Petit Avatar
Anonymous said…
ကျန်းမာပါစေ ကိုဖိုးစိန်။
moekhar said…
ဖိုးဖိုးစိန်ကလည်း စာရေးပါဆို ဈေးကိုင်တယ်လား ..း)))
ဥုံ .. ပျောက်စေ (ခေါင်းကိုက် နေမကောင်း :D)

Popular Posts