အဖိုးရယ် အဖွားရယ် အဖေရယ်…


အိမ်က ဖေဖေ့အကြောင်း မေမေ့ အကြောင်းတွေ ရေးတာများလာတော့ တခြား အမျိုးတွေ အကြောင်း ရေးရဦးမယ်။ ဖေဖေ့ အကြောင်းက ထပ်ရေးရင် ရေးစရာတွေမှ အများကြီး။ အခု ဖေ့ အကြောင်းရေးဖို့ ဖေ့ အဖေ အမေအကြောင်းကို အရင်ရေးရမှာပဲ။ ဖေဖေ သတိတရ ပြောပြော ပြနေတဲ့ ဖေ့ မိဘအကြောင်းရယ် ငယ်ငယ်က မှတ်မိတာရယ် ပေါင်းပြီး သတိတရ ရေးမယ်။


ဖေ့ အဖေက ဦးချစ်အောင် ဖေ့ အမေက ဒေါ်စန်းငွေတဲ့။ ကျနော်တို့ အဖိုးနဲ့ အဖွားပေါ့။ အဖွားက အဖိုးက ဦးချစ်ကြီးလို့ ခေါ်ပြီး ဦးချစ်ကြီးက အဖွားကို မိငွေခင်တဲ့။ (အဖေပြောတာက အဖွားက အဖိုးထက် ငွေကို ပိုခင် ပိုချစ်လို့ အဖိုးက အရွဲ့ တိုက်ပြီး ခေါ်ရင်း ကျင့်သားရသွားပါသတဲ့)။ ကျနော်တို့ မောင်နှမတွေက တော့ ငယ်ငယ်ကတည်းက ငပိအဖိုးနဲ့ ငပိ အဖွားလို့ ခေါ်တယ်။ အဖိုးနဲ့ အဖွားက ငပိ ရောင်းတာကိုး။ အဖိုးနဲ့ အဖွားအိမ်ကိုလည်း သွားမလည်ဘူး။ ငပိနံ့ နံလို့ပါ။ အဖိုးအိမ်ရှေ့ကို ဖြတ်ရင်းလည်း မျက်စိကိုမှိတ် အသက်မရှုပဲ ဖိနပ်ကို လက်နှစ်ဖက်တည်းထိုးပြီး ထွက်ပြေးတာ။ ငပိနံ့ ကူးမှာကြောက်တာပါ။


အဖိုးအိမ်လာလည်ရင်တောင်မှ အနားမကပ်ပဲ မရတဲ့ အနံ့ ကို နံတယ် နံတယ် စွတ်အော်တတ်တာက ကျနော်ပါ။ ဒါပေမယ့် အဖွားအနားတော့ ကပ်ပါတယ်။ အဖွားလုပ်တဲ့ မုန့်တွေ ကြိုက်ပါတယ်။ ဒါပေမယ့် ငယ်ငယ်ကတည်းက နှုတ်ကျိုးနေတာက ငပိ အဖိုးနဲ့ ငပိအဖွားလို့ပဲ နှုတ်ကျိုးနေတဲ့ အတွက် သူတို့ ဆုံးတဲ့ ထိ အဲဒီနာမည်ပဲ ခေါ်ဖြစ်ပါတယ်။ ဒါပေမယ့် အဖိုးရော အဖွားရော အဖေရော ဒီလို မခေါ်ရဘူးလို့ တခွန်းမှ မပြောဖူးဘူး။ အဲလို ခေါ်နေရင် သူတို့က သဘောတကျ ရယ်မောနေပါသေးတယ်။


ဖေဖေတို့ ငယ်ငယ်က မိသားစုက ဆင်းရဲပါတယ်။ ဖေတို့ နေတဲ့ အိမ်က ချောင်းဘေးနားမှာ ကပ်ဆောက်ထားတဲ့ ခြေတံရှည် အိမ်လေးပါ။ အဖိုးနဲ့ အဖွားမှာ ပိုင်တာ ရေလယ်ကျွန်းက အုန်းတောလေးရယ်၊ လှေသုံးစင်းရယ်၊ ငပိအိုးတွေရယ်၊ ငါးတင်တဲ့ လှည်းရယ်၊ ဖိုးတို့ ဖွားတို့ နေတဲ့ ခြေတံရှည်အိမ်လေးပါပဲ။


အဖိုးက ဒီရေတက်တဲ့ နေ့တွေမှာ လှေတစီးနဲ့ ငါးတွေကို လိုက်ဝယ်ပါသတဲ့။ တချို့လှေနဲ့ မတင်နိုင်တဲ့ အခါကျရင် အဖေ့က ကမ်းနားဆိပ်တွေမှာ အဖိုးနဲ့ တူတူ ငါးလှည်းကို သွားတွန်းရပါတယ်။ ငယ်ငယ်တုန်းက အဖေက ဘာမှ မဖြစ်ပေမယ့် လူပျို အရွယ် ရောက်တော့ ရှက်တတ်လာပါတယ်။ ကျောင်းတက်နေတဲ့ အဖေက ကျောင်းက သူငယ်ချင်းတွေ တွေ့ရင် စမှာ ကြောက်လို့ ငါးတင်တဲ့ လှည်းတွန်းရင် စတွန်းတဲ့ နေရာကနေ အိမ်ရောက်တဲ့ အထိ ခေါင်းကို မမော့တော့ပါဘူး။ တလမ်းလုံးခေါင်းငိုက်စိုက်ပြီး လှည်းကို တွန်းပါတယ်။ ကျောင်းသွားတဲ့အခါရော လှည်းတွန်းတဲ့ အခါပါ စီးစရာ ဖိနပ် တစ်ရံ ထဲ ရှိတဲ့ အတွက် အဖေ့ မြန်မာပြည်ဖြစ် ရာဘာဖိနပ် အနီလေးက ခြေဖနောင့် နေရာမှာ ဂဂယ်ပုံသဏာန် ကွေးနေပြီး ရာဘာအသားမရှိပဲ အဖေ့ ခြေဖနောင့်က မြေကြီးနဲ့ ထိလို့ အမြဲတမ်း ပွမ်းပဲ ရှနာ ဖြစ်ရပါတယ်။ အဲဒီဖိနပ်ကို ၅တန်းလောက်ကတည်းကနေ ခုနှစ်တန်းထိ စီးခဲ့ရပါတယ်တဲ့လေ။ အဖိုးတို့က ပညာရေးကို အားမပေးဘူး။ ကျောင်းသွားရင်တောင် အလုပ်လုပ်ချိန်မရှိလို့ ကျောင်းကို ပေးမသွားပေမယ့် အဖွားကြောင့် အဖေဆယ်တန်းရောက်ခဲ့ရပါတယ်။


အဖွားကတော့ မနက် ပျံကျဈေးမှာ အဖွားအိမ်ထွက် ငါးငပိတွေကို ဗျက်ထိုးခင်းရောင်းရပါတယ်။ နေရာဆိုင်ခန်းရတာမျိုး မဟုတ်ပဲ နေရာစောစောသွားပြီး လူစည်လောက်တဲ့ နေရာတွေမှာ ဆိုင်ခင်းရောင်းရပါတယ်။ အဖေကတော့ အဖွားဈေးထွက်တဲ့ မနက်စောစောတိုင်း ငါးငပိတောင်းတွေကို လှည်းတင်ပြီးလိုက်ပို့ နေ့လည် ဈေးကွဲ ချိန်သွားကြို လုပ်ရပါတယ်။ အဖေက တဦးတည်းသော သားဆိုတော့ အဖေ့တယောက်ပဲ လုပ်ရပါတယ်။ တခါတလေ ဈေးရောင်းကောင်းသလို၊ တခါတလေ ဈေးဦးတောင် မပေါက်တဲ့ နေ့တွေ ရှိပါတယ်။ အဲဒီနေ့တွေမှာ အဖွား တမှိုင်မှိုင်နဲ့ ဆေးလိပ်သာ ထိုင်ဖွာ နေတတ်တယ်။ အဖေ ကျောင်းက ပြန်လာလို့ အိမ်ရှေ့ ကွမ်းပျစ်မှာ အဖွားဆေးလိပ်ထိုင်ဖွာပြီး ဘယ်သူ့ကိုမှ စကားမပြောရင် အဲဒီနေ့က ဈေးဦး မပေါက်တဲ့ နေ့လို့ အဖေက အလိုလို သိပြီး အပိုဝင်ငွေ ရအောင် အဖေက ရေးပုံနဲ့ တပိုးကို အလိုက်သတိ ကိုင်ရတော့တာပဲ။


အဖေဘဝမှာ အမှတ်ရစရာ တခု ရှိနေပါသေးတယ်။ တနေ့ ကျောင်းသွားချိန်မှာ အဖွားဈေးရောင်းတဲ့ နေရာသွားပြီး အဖေက မုန့်ဖိုးတောင်းပါသတဲ့။ အဖွားက ဈေးဦး မပေါက်လို့ တပြားမှ မပေးလိုက်တော့ အဖေက အဖွားကို စိတ်တွေဆိုးပြီး ဈေးရောင်း မကောင်းပါစေနဲ့လို့ အော်ဟစ်ပြောဆိုခဲ့တယ်။ အဲဒီနေ့က အဖေအိမ်ပြန်လာတော့ အဖွား ဈေးဦးတောင် မပေါက်ခဲ့ဘူးဆိုတာ သိလဲသိရော အဖေ တပတ်တိတိ စိတ်မကောင်းဖြစ်ပြီး ထမင်းမစားနိုင် အိပ်လဲမရဖြစ်ခဲ့ရသလို ခုထိလဲ အဖွားကို သတိရတိုင်း မျက်ရည်ဝဲပြီးပြောတုန်းပါပဲ။ ကျနော်တို့ကိုလဲ အဖေပြောပါတယ်။ စိတ်ထဲက ပါလို့ပဲ ဖြစ်ဖြစ်၊ မပါလို့ပဲ ဖြစ်ဖြစ် မိဘကို မကျိန်ပါနဲ့တဲ့။ ပြီးရင် ဘာမဟုတ်တဲ့ စကားတခွန်းနဲ့ တသက်လုံး နောင်တရလို့ ဆုံးမှာ မဟုတ်တော့ဘူး လို့ ဆုံးမပါတယ်။ နောက်ပိုင်း အဖေ အဖွားဆီက မုန့်ဖိုး လုံး၀ မတောင်းတော့ပါဘူး။


တခါတလေကျတော့ ဖေက အဖိုးနဲ့ အုန်းတော လိုက်သွားပြီး ဇရစ်ရွက်တွေ၊ သဗြုသီး တွေ ခူးလာပြီး အဖွားကို ရောင်းခိုင်းပါတယ်။ ရတဲ့ ပိုက်ဆံနဲ့ စာအုပ်၊ ခဲတံ ဝယ်ရပါတယ်။ အဖေ ခုနှစ်တန်း နှစ်မှာ ရေထမ်းရောင်းနေပါပြီး။


နေ့လည် နေခင်းဆိုရင်တော့ တမိသားစုလုံး ငါးထောင်သူကထောင်း၊ အိုးသိပ်သူက သိပ်၊ တအိုးနဲ့ တအိုး ပြောင်းသူက ပြောင်းနဲ့ တမိသားစုလုံး လုပ်ရပါတယ်။ အဲဒီငပိလုပ်ငန်းကို အဖိုးအဖွား မရှိတဲ့ နောက်ပိုင်း အဖေ့ အမအကြီးဆုံးပဲ ဆက်လုပ်ပါတယ်။ စီးပွားဖြစ် မဟုတ်ပါဘူး။ အဖေရာ အဖေ့အမ အငယ်ပါ ဒီအလုပ်ကို မလုပ်ကြပါဘူး။


အဲဒီလို စီးပွားရေးကြောင့် အဖေ့အမ အငယ်က အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျပါတယ်။ ပြီးတော့ ယောက်ခမအိမ် လိုက်နေတာ အဖိုးနဲ့ အဖွားအိမ်ကို ခြေဦးတောင် မလှည့်တော့ပါဘူး။ မှတ်မှတ်ရရ အဖေ့ယောက်ဖက အဖေ့အတွက် ယိုးဒယားဖြစ် စင်ကြယ် ဖိနပ်တစ်ရံ ဝယ်ပေးပါတယ်။ အဖေ့ခမျာ သူအရမ်းလိုချင်တဲ့ အချိန်မှာရလို့ ခုထိ မှတ်မှတ်ရရ ယောက်ဖကိုတွေ့တိုင်း သတိတရ ကျေးဇူးတင် စကားပြောတုန်းပါ။


အဖေ့မှာ ခုနှစ်တန်းထိ ကျောင်းစိမ်းဘောင်းဘီ နှစ်ထည်ပဲ ရှိပါတယ်။ အစိမ်းပုပ်ရောင်လို့ ပြောလို့ရလောက်အောင် ညိုညစ်မွဲပြာနေပြီး ဘောင်းဘီ ခွမှာ ချုပ်ရိုးအထပ်ထပ်နဲ့ပါ။ ရှစ်တန်းမှာ တထည်တည်းသော ကျောင်းစိမ်လုံချည်ကို တနှစ်လုံးလုံး ဝတ်ခဲ့ရပါတယ်။ လျှော်ပြီး မခြောက်လဲ စိုလက်စလေးနဲ့ ကျောင်းသွားဝတ်ခဲ့ရပါတယ်။


အဖွားက အဖေ့ကို ချစ်လို့ ငပိရောင်းရတဲ့ ပိုက်ဆံလေးတွေ ခိုးခိုးစုပြီး အဖေ့ကို ကြေးနန်းကြိုးလောက် ရှိတဲ့ ရွှေဆွဲကြိုး သေးသေးလေး တကုံးလုပ်ပေးပါတယ်။ မနက်လို အဖွားဝယ်ခဲ့ပြီး ညနေလို အဖိုးအစာအိမ်ဖြစ်ပြီး ဆေးရုံတက်ရတော့ ပြန်ရောင်းလိုက်ရပါတယ်။ ၅နာရီ ကြာမခံပဲ ဝတ်လိုက်ရတဲ့ ရွှေဆွဲကြိုးကို စိတ်နာပြီး ခုထိ ရွှေကို မဝတ်တော့ပါဘူး။


ငပိအလုပ်မလုပ်ချင်တဲ့ အဖေဟာ ကိုးတန်းကျောင်းပိတ်ကတည်းက ဝပ်ရှော့မှာ ပိုက်ဆံမရပဲ သွားကူပြီး ပညာသင်နေပါတယ်။ အရွယ်တူတွေ းဘောလုံးကန် ၊ ခြင်းခတ်တဲ့ အချိန်မှာ အဖေ အဖိုးနဲ့ တူတူ ငါးလှည်းတွန်း ၊ ရေတွန်းရောင်းနေပါတယ်။ မနက် ၄နာရီ သူများအိပ်ကောင်းတဲ့ အချိန်မှာ အဖေ ရေပုံးနဲ့ တံပိုးကို ယူပြီး တုံကင်မှာ ရေလှုပ် ပြီး အိမ်ပေါက်စေ့ ရေလိုက်ထည့်နေပါပြီး။ မနက် အာရုံကျင်းတာနဲ့ အဖွားကို ဈေးဝိုင်းခင်းနေပါပြီး။


ငယ်ငယ်က အဖေ့ဘဝမှာ ဆင်းဆင်းရဲရဲ နဲ့ ပြည့်ပြည့်စုံစုံ မနေရပေမယ့် အဖေပြည့်ပြည့်စုံစုံ နေရတဲ့ အချိန်မှာ အဖေ့ အဖိုးနဲ့ အဖွားက အဖေ့ အရိပ်အောက်မှာ စိတ်ချမ်းချမ်းသာသာနဲ့ နေရပါတယ်။ အဖေ့ငယ်ငယ်က ဒုက္ခတွေ တနစ်တပိုးခံရပေမယ့် ကျနော်တို့ ငယ်ဘဝမှာ လိုလေးသေးမရှိ သုခချမ်းသာတွေသာပေးခဲ့ပါတယ်။


အဖေ့ဘ၀ ဘယ်လိုပဲ ပြောင်းလဲခဲ့ပေမယ့် ခုထိ ငယ်ငယ်က ဆင်းရဲခဲ့ပုံကို လွမ်းဆွတ်တမ်းတစွာ ပြောတုန်း။ အဖေ အလုပ်အကိုင်တွေ အဆင်ပြေချိန်မှာ အဖိုးတွေ အဖွားတွေ ဆုံးသွားတဲ့ အတွက် ဒီထက်မက ပြုစုခွင့် မရလိုက်တာကို စိတ်မကောင်း ဖြစ်ကြောင်း ပြောနေတုန်း။ ခုထိလဲ အလုပ်နဲ့ လက်နဲ့ မပြတ် မိန်းမနဲ့ သားသမီးကို လုပ်ကျွေးနေတုန်း။ အဖေ့ကိုယ်တိုင်ကလဲ မလုပ်ရ မနေနိုင်တဲ့ အတွက်ဘဝမှာ ကျွန်ဇာတာ ပါလာပါတယ်လို့ ပြောနေတုန်းပါပဲ။


ခုချိန် အဖေနဲ့များတွေ့လို့ ဘီယာဝိုင်းကလေးဖွဲ့လိုက်ရင် ကျနော် ခုရေးနေတဲ့ အကြောင်းအရာနဲ့ ထပ်တူ ထပ်မျှ အဖေတစ်ထောင့် တည ပုံပြင်ပြောပြတော့မယ်ဆိုတာ ကျနော်ဗေဒင် မဟောတော့ပါဘူး။


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Comments

Anonymous said…
ဒီpost လေးကိုဖတ်ပြီး ဖိုးစိန်ရဲ့ အဖေစိတ်ဓါတ်ကိုသဘောကျတယ်၊ တော်တော်များများ သော လူတွေဟာ အမြင့်ရောက်သွားရင် အတိတ်ကိုပြန်ပြောရရင်ဘဲ ရှက်သလိုလို ၊ သူများအထင်သေးသွားမလားဆိုပြီး မပြောချင်ကြဘူး၊ မပြောရဲကြဘူး။

Popular Posts