သေမင်းကိုရင်ဆိုင်ခြင်း (CASE 1)
နိဒါန်း
ကျနော် COUNSELING ကို စသင်ကတည်းက ဒီပညာနဲ့ ကလေးတွေစိတ်ကို ကျနော့် ကူညီနိုင်သလောက် ဉာဏ်စွမ်းရှိသလောက်နဲ့ ကူညီမယ် လို့စိတ်ကူးထားပါတယ်။ ကျနော် စိတ်အထူးကု ဆရာဝန် တယောက်မဟုတ်တဲ့ အတွက် ဆရာဝန် တယောက်ရှု့ထောင့်ကနေ မရေးပါဘူး။
ကျနော်ကိုယ်တိုင် ကြုံတွေ့ရတဲ့ ကလေးတွေရဲ့ အဖြစ်အပျက်တွေကို သူတို့ရဲ့စိတ်ခံစားမှုပေါ်မှာ မူတည်ပြီး စိတ်ကို စိတ်နဲ့ ပြန်ပြီးချေပ ပေးခဲ့ပါတယ်။ တချို့ ကလေးတွေ အတွက် အသုံးဝင်သလို ကျနော်လုံး၀ ကိုင်တွယ်လို့ မရတဲ့ အခြေအနေမျိုးရှိတဲ့ကလေးတွေလဲ ရှိပါတယ်။ အမှန်တော့ ဒီကေစ့်တွေဟာ ကလေးတွေရဲ့စိတ်လုံခြုံ မှုအတွက် လျှို့ဝှက်ထားရမယ့် ကိစ္စတွေပါ။ ကလေးတွေဟာ သူတို့ ယုံကြည်တဲ့ သူမှသာ အမှန်တရားကို ပြောပြလေ့ရှိပြီး သူတို့ယုံကြည်မှု ရဖို့ တော်တော် တည်ဆောက်ယူရပါသေးတယ်။ ဒါပေမယ့် အတွေ့အကြုံတွေ အများကြီးပေးတဲ့ သူတို့နဲ့ ကျနော် စကားပြောရတဲ့နေရာမှာ အများကြီး အဆင်ပြေကြောင်း သတိထားမိတယ်။ အဲဒါက သူတို့နဲ့ စကားပြောတဲ့ အခါ သူတို့ စိတ်အတိုင်း သူတို့နဲ့လိုက်သွားနိုင်ဖို့. သူတို့ မထင်မှတ်တဲ့ နေရာမှာ ကိုယ်က ရပ်တန့်ပေးနိုင်ဖို့ပေါ့..။
သေမင်းကိုရင်ဆိုင်ခြင်း (CASE 1)
မှတ်မှတ်ရရ ကျနော် (counseling ) ကိုစတော့ ပထမဆုံး စကိုင်ရတဲ့ ကေစ့်လေးပါ။ ၁၃.၁၄ နှစ်အရွယ် အလယ်တန်းအဆင့် ကျောင်းသူ တဦးပါ။ သူ့နာမည် မာရီယားလို့ခေါ်တယ်။ သူက အဖေက ဒတ်ချ် လူမျိုးနဲ့ အမေက ဖိလစ်ပိုင်နဲ့ စကာၤပူ တရုတ်ရောထားတဲ့ တရုတ်မူ. လင်မယားနှစ်ယောက်လုံးက စကာၤပူူ နိုင်ငံသူ နိုင်ငံသား ခံယူထားတာ။ မာရီယာက သူတို့ နှစ်ယောက်ရဲ့ သမီးအကြီးဆုံး ပေါ့။ မနှစ်က မာရီယာ အဖေနဲ့ အမေ ကွဲပြီး သူမ အဖေက သူနိုင်ငံသူ ပြန်သွားတယ်။ မာရီယာက သူမ အဖေနဲ့ ကွဲပြီး သိပ်မကြာဘူး။ နေမကောင်းခဏခဏ ဖြစ်တယ်။ ကျောင်းလဲ ခဏခဏ ပျက်ရတယ်။ ပထမဆုံး ဆေးရုံတက်တဲ့ အခါမှ ဆရာဝန်က မာရီယာရဲ့ ခန္ဒာကိုယ်ထဲက (Spleen) က လိုအပ်တာထက် ပိုကြီးနေတယ်လို့ ပြောတယ်။
ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ ဆေးစစ်ချက်ယူတော့ (၃)လ အကြာမှာ မာရီယားမှာ သွေးကင်ဆာ ရှိနေပြီးဆိုတာ သိလိုက်ရတယ်။ ဆရာဝန်က မာရီယားကို ပွင့်ပွင့်လင်းလင်းရှင်းပြပြီး ဆေးကုရင် ပျောက်တယ်လို့ အားပေးခဲ့တယ်။ မာရီယားစိတ်ဓာတ်မကျအောင် ကျောင်းကိုလဲ ပုံမှန်တက်စေခဲ့တယ်။
ကျနော် မာရီယာကို စတွေ့တာ သူမ သွေးကင်ဆာ ဖြစ်နေပြီး(၆) လအကြာမှာပါ။ သူဆီမှာ ဖျော့တော့ အားငယ်တဲ့ မျက်ဝန်းတစုံကလွဲလို့ သူမဟာ အရာရာကို သိနေတဲ့ လူတယောက်လို့ ခံစားရတယ်။ ဒါပေမယ့် သူမကို မြင်တာနဲ့ သူမ ရောဂါသည်မှန်း သိသာနေတယ်။
မာရီယာကို ပထမဆုံးတွေ့တဲ့ နေ့က မာရီယာ အတန်းပိုင် ဆရာမက ကျနော့်ကို မိတ်ဆက်ပေးတယ်။ သူက ဖျော့တော့တော့ သာပြုံးသာပြုံးပြပေမယ့် ကျနော်သူ့နဲ့ စကားပြောလို့ ရမယ်လို့ စိတ်ထဲက ထင်နေခဲ့တယ်။
မာရီယာနဲ့ ကျနော် ပထမဆုံး နှစ်ယောက်ချင်းတွေတဲ့ အချိန်မှာ မာရီယာ မေးတာက “ ငါတကယ် သေမှာလား” တဲ့.။ သူမ မျက်ဝန်းမှာ ကြောက်ရွံ့မှုတွေ ရှိနေပေမယ့် သူမ စိတ်ကို သူမ တော်တော်ထိန်းချုပ်ထားပုံရတယ်။
ကျနော် ရိုးရိုးပဲ ဖြေခဲ့တယ်။”ငါမသိဘူး.. ဒါပေမယ့် ဖြစ်နိုင်ခြေ ရှိတဲ့ အခြေအနေမှာ ငါတို့ ရပ်တည် နေနိုင်အောင် ကြိုးစားကြမယ်” လို့ ပြောခဲ့တယ်။ ပထမဆုံးတွေ့တဲ့ အချိန်မှာ သူမ မိနစ် (၃၀) စာလောက်ငိုနေခဲ့တယ်။ ကျနော် ပထမပိုင်း Session ကို အဲလောက်နဲ့ပဲ နားလိုက်ခဲ့တယ်။
နောက်ရက်တွေမှာ ကျနော် သူမနဲ့ စကားပြောဖို့ ချိန်းပေမယ့် သူမရှောင်နေခဲ့တယ်။ သုံးခါလောက် ချိန်းပြီး ကျနော် လက်လျှော့ထားချိန်မှာ သူမ ကျနော့်ကို ဖုန်းခေါ်ပြီး တွေ့ချင်တယ်လို့ ပြောတယ်။ သူက အိမ်ကိုလာခဲ့ပြောလို့ ကျနော် သူမအိမ်ကို လိုက်သွားခဲ့တယ်။ သူမ အခန်းတခုလုံးမှာ ရှိတဲ့ မီးလုံးတွေ၊ တီဗွီတွေ ကို ခွဲပြီး ကျောင်းစာအုပ်တွေကို ဆွဲဖြဲထားတာ အခန်းတခုလုံး ပွနေတဲ့ အပြင် အခန်းအပြင်ထိတောင်ရောက်တယ်။ သူအမေကတော့ ဆိုဖာပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီးငိုနေတယ်။ ထူးခြားတာက သူမပိုင်ဆိုင်တဲ့ပစ္စည်းတွေက လွဲလို သူမ အိမ်က တခြားပစ္စည်းတွေကို ရန်မရှာဘူး။ မခွဲဘူး။
ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ သေရမယ်လို့ ကြိုသိနေတဲ့ ကလေးတွေရဲ့စိတ်မှာ ဘယ်လောက်များလိုက်မယ့် ပူပင်သောကလဲ။ အရွယ်တူတွေ လှုပ်ရှားသွားလာ ပျော်ပါးနေရတဲ့ အချိန်မှာ နေ့တိုင်းသူ့အတွက် သေရမယ့် ရက်ကို စောင့်နေရသလိုပဲ။ ငါသေတော့ ဆိုတဲ့ စိတ်နဲ့ တချိန်လုံးညည်းတွားရင် နေ့တွေကို ဖြတ်သန်းသွားရမယ်ဆိုတာ စဉ်းစားတိုင်း သနားမိတယ်။
ဒီလို အရွယ်တွေမှာ တချို့က သေရမှာကို သိရက်နဲ့ မသေနိုင်ပါဘူး ဆိုပြီး ငြင်းဆန်မယ်။ (DENIAL)
တချို့က ငါ့အလှည့်မှ ဘာကြောင့် ဖြစ်ရတာလဲ၊ ငါ့ကိုမှ ဘာလို့ ဘုရားသခင်က အပြစ်ပေးတာလဲ စသဖြင့် စဉ်းစားမိတိုင်း ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်မယ်။ (ANGER)
နောက် တချို့ကျတော့ ဘယ်သူ့ကိုမှ ဘာမှမပြောပဲ တယောက်တည်း နှုတ်ဆိတ်ပြီး အခန်းအောင်းနေတတ်မယ်, ဘုရားသခင်ကို ကြိတ်ပြီး တနေတတ်တဲ့သူမျိုးပေါ့။ (BARGAINING)
တချို့က စိတ်ဖိစီးမှုတွေ ဖြစ်လာပြီး ဖျားခြင်းနားခြင်းနဲ့ စိတ်ကို အရှုံးပေးမယ်။ (DEPRESSION)
နောက်ဆုံး လူမျိုးက ဘယ်အချိန်သေသေ . ငါအဆင်သင့် ဆိုတဲ့ တဲ့ လူစားမျိုးတွေ ဖြစ်တယ်။ (ACCEPTANCE)
မာရီယာကတော့ သေခြင်းတရားကို ဒေါသနဲ့ ဖြေရှင်းတာ ဖြစ်တယ်။ ဒီတော့ သူမနဲ့ ရင်ဆိုင် ရတဲ့အခါ သူမရဲ့ စိတ်ခံစားမှု ကို နားလည်ရတယ်။ သူမရဲ့ခံစားချက်တွေကို ဆန့်ကျင်ဘက် ဖြစ်အောင် အကောင်းဖက်ကနေ ဆွဲတွေးပေးရတယ်။ သူမ မယုံကြည်တော့တဲ့ ဘုရားသခင် ဆိုတာကို သူမစိတ်က ဖယ်ရှားပေးပြီး သူမကိုယ် သူမ ယုံကြည်လာအောင် ပြုပြင်ပေးရတာပဲ။ သူမ စိတ်ခံစားရတိုင်း ဒေါသထွက်တဲ့ အချိန်မှာ သူမကို ကျနော်လေ့ကျင့်ပေးထားတာက သတင်းစာ စက္ကူတွေပါပဲ။ သူမ အိပ်ခန်းကို စားပွဲတလုံးနဲ့ ကုတင် တလုံးက လွဲလို့ သတင်းစာ စက္ကူတွေ အထပ်လိုက်ပုံထားပေးခဲ့တယ်။ သူမ ဒေါသဖြစ်တဲ့ အခါမှာ အဲဒီသတင်းစာတွေကို ဆွဲဖြဲဖို့ သူမကို ပေးထားခဲ့တယ်။
သူမကို ကျနော် ဘုရားသခင်ကိုလဲ မတခိုင်းဘူး။ ဘုရားလဲ ဝတ်မပြုခိုင်းဘူး။ သူမကိုယ် သူမ ယုံကြည်လာအောင်သာပြောခဲ့တယ်။ ဒီလို ရောဂါခံစားနေရတဲ့ အချိန်မှာ သူမ စာတွေမကျက်ချင်ဘူး။ စာတွေ မလုပ်ချင်ဘူး။ ဒါပေမယ့် စာတွေ ဖတ်ဖို့ တိုက်တွန်းတယ်။ သူမ ဖတ်ချင်တဲ့ သိချင်တဲ့ စာအုပ်တွေကို ငှားပေးတယ်။ ဝယ်ပေးခိုင်းတယ်။ သူမကို တခုပဲ ပြောခဲ့တယ်။ စာဖတ်တာ အကျိုးရှိပါတယ်။ အကယ်လို့ သေသွားခဲ့ရင်တောင် အခုဖတ်ထားတဲ့စာတွေက နောင်ဘ၀ မင်း လူပြန်ဖြစ်တဲ့အခါ ပါသွားလိမ့်မယ်။ အဲဒီဘဝကျရင် မင်းကအကုန်လုံးကို မှတ်မိနေပြီး ဉာဏ်ကောင်းလိမ့်မယ်။ လူချွန်လူကောင်း တယောက် ဖြစ်လိမ့်မယ်။ အခုချိန်မှာ နိုင်ငံခေါင်းဆောင်တွေ၊ ဆရာဝန်ကြီးတွေ၊ ဖြစ်နေကြတာဟာ အရင်ဘဝက သူတို့ သူများထက် စာပိုဖတ်ခဲ့လို့ ဒီဘဝမှာ သူများထက်ပိုပြီး ဉာဏ်ကောင်း နေရာကောင်းတွေ ရနေတယ်လို့ ပြောခဲ့တယ်။
အဲဒီအချိန်ကစပြီး မာရီယာက ဒီဘဝထက် နောက်ဘဝကို မျှော်လင့်ချက်တခုနဲ့ စာတွေဖတ်တယ်။ စာတွေပိုဖတ်တယ်။ သူသိချင်တဲ့ ပထဝီဝင်တွေ၊ သမိုင်းကြောင်းတွေ တရိစ္တာန် တွေ အကြောင်း ကို စိတ်ဝင်တစားဖတ်လားတယ်။ ဒါကို ကြည့်ချင်းအားဖြင့် သူမ အဖေရှိတဲ့ နေရာကို စိတ်ရောက်နေမှန်းသိသာပေမယ့် ဘယ်စာဖတ်ဖတ် သူမအတွက် အကျိုးရှိသွားမှာပါ။
အခုနောက်ပိုင်း သူမနဲ့ တွေ့တဲ့ရက်တွေမှာ သူမစာဖတ်ထားလို့ ပြောပြတဲ့ ကမ္ဘာပြတ်ရွေ့တွေ အကြောင်း၊ ဥရောပနိုင်ငံက စိတ်ဝင်စားဖွယ် သမိုင်းများ အကြောင်းကို ကျနော် နားထောင်ရတယ်။
မာရီယာ တယောက် သေခြင်းတရားကို စာဖတ်ခြင်းနှင့် ရင်ဆိုင်နေပါတယ်။ သူမ နေပြန်ကောင်းလာအောင် ကျနော် မလုပ်ပေးနိုင်ပေမယ့် သူမ တိုးတက်မှုတခုခု အတွက် ကျနော် အကောင်းဆုံးလုပ်ပေးချင်ပါတယ်။ ဒီအတွက် မာရီယာ တယောက် ကျနော့်နဲ့ ဆုံတွေ့ခြင်းကို ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော် သူမနဲ့ ဘယ်အချိန်ထိ တွေ့ရဦးမလဲ မသိသေးပါဘူး။ သူမ အသက်ရှင်နေသ၍ သူမ လိုအပ်နေသ၍ ကျနော် သူမကို အားပေးနေဦးမှာပါ။
သူမ စာဖတ်နေပါတယ်။ သူမ ဘဝကို စာဖတ်ခြင်းဖြင့် သေခြင်းတရားကို ရင်ဆိုင်နေပါတယ်။
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
Comments
မြန်မာလိုဆိုရင်တောင် စကားပြောဖို့ခက်မှာ..
ယင်းလိပ်လိုဆိုတော့ ပိုခက်မှာပ....
ကလေးမလေးလည်း သနားပါတယ်။
စင်စင်
ခင်ခင်မင်မင်
ဘိုမဲ(အပုန်းမ)
ပျော်ရွှင်ပါစေ.....
ကင်ဆာရောဂါပျောက်တယ်ဆိုပါတယ်။
actually, all livings are dying...
continue ur survey to them too...
ur bro,
PTG
ကိုဖိုးစိန် ရဲ့ အလုပ်မျိုး နောင့် ဘယ်လိုနည်းနဲ့မှ လုပ်လို့ ရမယ်မထင်ဘူး။ သူတို့က မိနစ် ၃၀ ငိုရင် ကိုယ် က ၁ နာရီလောက် ငိုမိမှာ။ ကိုဖိုးစိန် တော်ပါတယ်။
မပျောက်နိုင်မယ့် ရောဂါ ရနေတဲ့ ကလေးကို မသေနိုင်ပါဘူးလို့ မပြောတဲ့ အတွက်လဲ တော်တယ်။
နောင့်
ညီကတော့သတိရနေဆဲပါ့အခုလဲရောက်တုန်း
ရောက်ခိုက် ဝင်မွှေသွားတယ် အဝပဲ့ဟားဟား
အော့်ကျွန်တော်လဲစာပြန်ရေးဖြစ်နေပီအကိုရေ
blog နဲ့အလှမ်းအတော်ဝေးသွားပြီဆိုတော့ အကို့
ဆီကနေ သင်စရာရှိတာသင်ရအုံးမှာပဲ့
ညီ့ကိုလက်တွဲခေါ်ပါအုံးးးးးးးးးး