Sunday, 27 October 2013

ဗိုက္မပူ ရင္ကား ကုထံုး





စကာၤပူ ရောက်ရင် ၀ မယ် ဆိုတဲ့ စကားအတိုင်း ကျနော်ဟာ စကာင်္ပူ ရောက်ပြီး မကြာခင်မှာပဲ သိသိသာာကြီးကိုဝလာပါတယ်။ ၀လာရုံတင်မက မရှိမဲ့ ရှိမဲ့ ရုပ်ရည်ကို ဖျက်မယ့် ဗိုက်တော်က တဖြည်းဖြည်း ပူလာလိုက်တာ ၃ လ ကိုယ်ဝန်ဆောင် မိခင် နီးပါး ရှိလာပါတယ်။လူသိ သူသိ ပူလာတဲ့ ဗိုက်ကို ဖုံးရန် အတွက် ကျနော်ဟာ ချောကလက်များကို စားရင်း ဘီယာတမြမြသောက်ရင်း  စိတ်ဓာတ်ကျနေတတ်ပါတယ်။ လေ့ကျင့်ခန်း လုပ်ရမှာလဲပျင်း၊ အစားအသောက်ဆင်ခြင်ရမှာလဲ ပျင်း၊ အသောက်အစားနဲ့ကင်းကွာရမှာလဲပျင်းတဲ့ ကျနော်ငပျင်းဟာ လေ့ကျင့်ခန်း မလုပ်အစား မရှောင်ရပဲ ဗိုက်ချပ်စေတဲ့ နည်းကို အင်တာနက်ပေါ်အသည်းအသန် ရှာဖွေမိပါတယ်။

စကာင်္ပူနိုင်ငံမှာ Groupon လို Deal လို နေ့စဉ် ဒစ်စကောင့် ချတဲ့ Prouduct တွေ ကို စုစည်း ရောင်းချတဲ့ဝက်ဆိုဒ် ရှိပါတယ်။ အဲဒီ ၀က်ဆိုက်ဒ်ကနေပြီး ဗိုက်ပိန်မယ့်ဆေး ကို ကျနော် အမြဲ ရှာတတ်ပါတယ်။ တခါတရံမှာ ဆေးတွေ့ပေမယ့် စိတ်တိုင်းကျတဲ့ ဈေးမဟုတ်တဲ့ အတွက် စိတ်မ၀င်စားသလို ခုဆေးသောက်ခုပျောက် ဖြစ်ချင်တဲ့ ကျနော်ဟာ စွဲစွဲမြဲမြဲ သောက်ရမယ့် ဆေးတွေကို လဲစိတ်မ၀င်စားခဲ့ပါဘူး။ အားကစား လိုက်စားဖို့လည်း ပျင်းတဲ့ကျနော်ဟာ နေ့စဉ်နဲ့အမျှ အချိန်မကုန် လူမပန်းအလုပ်မပျက် စရိတ်မတက် ဆေးတွေကို ရှာရင်း ချောကလက်စာရင်း ဗိုက်ပူပြီးရင်း ပူလာပါတော့တယ်။

တနေ့ ကျနော် GROUPON ကနေပြီး ကြော်ငြာတခုတွေ့ပါတယ်။ (6 pac Tummy Trim Treatments) ဗိုက်ချပ်ပြီးအရစ်အရစ်တွေ ထွက်လာအောင်လုပ်ပေးမယ့် ကုထုံးလေးလို့ ဆိုပါတယ်။ ကျနော်သိပ်သဘောကျသွားပါတယ်။ မိနစ်(၆၀)နဲ့ ပူနေတဲ့ဗိုက်ကြီးပိန်သွားမယ်ဆိုတော့ ပိုပြီးသဘောကျပါတယ်။ ဈေးကိုကြည့်လိုက်တော့လဲ အရင်စကာင်္ပူ ဒေါ်လာ(၁၀၀၀)ကျော်တန်တာကို အခုဒေါ်လ(၆၈)ထိ လျှော့ပြီးကုပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ ကျနော် တွေဝေငေးငိုင်မှု မရှိဘဲ အွန်လိုင်းကနေ အလျင်အမြန် ၀ယ်လိုက်ပါတယ်။ အွန်လိုင်းကနေ ကူပွန် ရပြီးပြီးချင်းမှာပဲ ဖုန်းဆက်ဘွတ်ကင် ယူပြီး နောက်နေ့သွားဖို့ ပြင်ဆင်ပါတယ်။ တရက်တည်းနဲ့ ပူနေတဲ့ဗိုက်ကြီးဟာ ပိန်ချပ်သွားပြီး ကြွက်သားအမြှောင်းမြှောင်းနဲ့ ဆက်ဆီကျလာမယ့် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရင်း အပျော်ကြီးပျော်နေမိတာပါပဲ။

နောက်တနေ့မှာပဲ ဆန္ဒစောနေတဲ့ ကျနော်ဟာ ထရိမန့်ပေးရာဆိုင်ဆီသို့ လိုအပ်တဲ့ အချိန်ထက်စောပြီးရောက်သွားပါတယ်။ ချောမောလှပတဲ့ ဖိလစ်ပိုင်သူလေးများက ကျနော့်ကို လီမွန်တီးရေနွေးနဲ့ တည်ခင်းဧည့်ခံပြီး အခန်းတခုထဲကို ခေါ်သွားပါတယ်။ အေးစိမ့်နေတဲ့ အဲယားကွန်းခန်းထဲမှာ ကျနော့်ကို ၁၀ မိနစ်လောက်ထားပါတယ်။ မကြာခင်ပဲ ဖိလစ်ပိုင်သူ ချောချောလေးရောက်လာပြီး ကျနော့်ကို အကျီချွတ်ခိုင်းပါတော့တယ်။ ဗိုက်ပူနေတဲ့ ကျနော်မှာ ဖိလစ်ပိုင်သူအရှေ့ အကျီချွတ်ဖို့ ရှက်နေပါတယ်။ အကြောင်းသိတဲ့သူမက မရှက်ဖို့ ပြောပြီးမကြာခင်မှာဆက်ဆီကျမယ့် ခန္ဒာကိုယ်ကို ပိုင်ဆိုင်တော့မှာ ဖြစ်တယ်လို့ အားပေးတော့မှ ကျနော် အကျီချွတ်ရဲခဲ့ပါတယ်။ 

အကျီချွတ်ပြီးတဲ့ ကျနော့်ကို သူမအသင့်ပါလာတဲ့ စက်သေးသေးလေးနဲ့ ဟို တို့ ဒီတို့လုပ်ပါတယ်။ဂျိုင်းကိုလည်းတို့ပါတယ်။ခါးကိုလည်းတို့ပါတယ်။ ဗိုက်ပေါ်လည်းတို့ပါတယ်။ဆီးစပ်ကိုလည်း တို့ပါတယ်။ ကျနော့်ခမျာ အတို့လွန်မှာ စိုးသောကြောင့်လက်နှစ်ဖက်ကို အရှေ့မှာထားပြီး ကာပိတ်ထားရပါသေးတယ်။ ပြီးတော့ ကိုယ်ခန္ဒာ အလေးချိန်တိုင်းပြီး ကျေးဇူးတင်ကာပြန်ထွက်သွားပါတယ်။
နောက်ထပ် ဆယ်မိနစ်ကြာတဲ့ အခါမှ နောက်ထပ် တရုတ်မတယောက် ထပ်ရောက်လာပါတယ်။ ချောမောလှပတယ်လို့ မဆိုလိုတော့ပါဘူး။အသက်ကြီးနေပါပြီး။သူက ကျနော့်ကိုနှုတ်ဆက်ပြီး အကျီပြန်ဝတ်ခိုင်းပါတယ်။ကျနော်လည်း ပထမတယောက်ထွက်သွားပြီးကတည်းက အကျီပြန်ဝတ်ပါလို့ မပြောခဲ့တဲ့အတွက် အဲယားကွန်းခန်းထဲ ဒီတိုင်းနေနေမိခဲ့တာ သူ ပြောမှ သတိတရ ပြန်ဝတ်မိတယ်။ သူမက ကျနော့်ကို ထရိမန့် အကြောင်းပြောပါတယ်။ကျနော့်ကိုယ်ခန္ဒာမှာ ဘယ်အပိုင်းက အဆီဘယ်လောက်များတဲ့အကြောင်း၊ရေကဘယ်လောက်များနေတဲ့ အကြောင်းပြောတဲ့ အခါမှာ ကျနော်တကိုယ် လုံး ရစရာမရှိဘဲ ကျနော်လူမဟုတ်ဘူး လို့တောင် ခံစားမိပါတယ်။ နောက်ဆုံးတော့လဲ ဒါတွေ အားလုံးကို ထရိမန့်ယူချင်ရင် ဒေါ်လာ တစ်သောင်းနီးပါး ကျမယ်ဆိုတဲ့အကြောင်းပြော ပြီး ကုမယ်ဆိုရင်ခုကတည်းကလက်မှတ်ထိုး ပိုက်ဆံ တ၀က်ပေး ပျောက်ဖို့ အာမခံတယ်ဆိုတော့ ကျနော်က လောလောဆယ် (၆၈) ကျပ်တန်ပဲ ယူမယ့်အကြောင်း ပြောရပါတယ်။ ဒီလိုနဲ့ တရုတ်မကို မြွေမသေ ဒုတ်မကျိုး ပြောရသော အချိန်မှာ တနာရီတိတိ ကြာမြင့်ခဲ့ပါတယ်။ 

နောက်ဆုံးတော့ ကျနော် ယူချင်သော (၆၈) ဒေါ်လာ ထရိမန့် အတွက် အခန်းတခုကို ခေါ်သွားပါတယ်။ အခန်းထဲမှာ နောက်ထပ် ဖိလစ်ပိုင်သူလေးက အသင့်စောင့်နေပါတယ်။ အခန်းထဲ ရောက်သော အခါ သူမက ပါလာသော အ၀တ်အစားတွေ အကုန်ချွတ်ပါ။ အတွင်းခံက အစ ချွတ်ပါ ဆိုတော့ ကျနော်မှာ ရှိန်းကနဲ ဖိန်းကနဲ ဖြစ်ရပါတယ်။ သူမက အခန်းပြင်ကနေ စောင့်နေပါတယ်။ ကျနော်မှာ အ၀တ်အစားအကုန်လုံးကို ချွတ်ပြီး ကုတင်ပေါ် ကျုံ့ကျုံ့လေးထိုင်နေမိပါတယ်။ ပြီးပြီးလားလို့ အပြင်က လှမ်းမေးတော့ ကျနော်လဲ အင်းလို့ဖြေလိုက်တာ သူမ၀င်လာပါတယ်။ သူမ ကျနော့်ကိုလဲမြင်ရော အိုးမိုင်ဂေါ့တပြီး အပြင်ပြန်ပြေးထွက်ပါတယ်။ထိုင်ရမလို ထရမလို ကျနော့်မှာ ရှက်ရှက်နဲ့ အရှက်ကို လက်နဲ့ ကာထားရပါတယ်။ သူမက အပြင်ကနေ  ကုတင်ပေါ်မှာ ဘောင်းဘီ အတို ရှိတယ် အဲဒါကို ၀တ်ရတယ်ပြောမှ ကျနော်တင်ပါးနဲ့ ဖိထားတဲ့ ဘောင်းဘီကို မြင်ပါတယ်။ ရှက်လွန်းတဲ့ ကျနော်မှာ ဘောင်းဘီဝတ်ပြီးသူမ ၀င်အလာကို မျက်စိမှိတ်ပြီး နေရပါတယ်။ 

သူမက ကျနော်ကို လှဲအိပ်ခိုင်းပြီး ပထမဆုံး စောင်ခြုံ အပူပေး ထရိမန့်(Hot Blanket Treatment) စမယ်လို့ပြောပါတယ်။ ပြီးတော့ ကျနော့် ညာဘက်ခြေထောက်ကို ပလပ်စတစ်လို အိတ်ကြီးထဲ ထည့်လိုက်ပါတယ်။ နောက်ညာဘက် ခြေထောက်ကိုလဲ နောက်ထပ် ပလပ်စတစ် အိတ်ကြီးထဲထည့်ပြီး ၀ါယာကြိုးတွေ တပ်ဆင်ပါတယ်။ဝါယာတွေတပ်ဆင်ပြီးတဲ့ အခါမှာ စက်ဖွင့်လိုက်ပါတယ်။ပလပ်စတစ် အိတ်ကြီးတွေဟာ လေအိတ်ကြီးတွေ ဖြစ်လာပြီး ခြေထောက် နှစ်ဖက်ကို ညှစ်လိုက် ၊ လျော့သွားလိုက်နဲ့ အကြောလျော့ပေးပါတော့တယ်။ အဲဒီနောက်မှာ ပလပ်စတစ် အိတ်အသေးကို ကိုင်ထားတဲ့သူမက လက် ဖယ် ပေးဆိုတော့ ကျနော် လန့်ဖြန့်ပြီး “ဟာ..အဲဒီနေရာတော့ပလပ်စတစ်မစွပ်ပါဘူး”ဆိုပြီး အတင်း ငြင်းမိပါတယ်။ သူမက ဒီပလပ်စတစ်က လက်ကိုသာ စွပ်မှာ ဖြစ်ကြောင်း တခိခိ ရယ်ပြီးပြောမှ ကျနော့်ခမျာ ရှက်ရှက်နဲ့ လက်ထိုးပေးရပြန်ပါတယ်။
စောင်ခြုံ ထရိမန့် ပြီးတဲ့အခါမှာ( Icy Firm Cold Wraps)လို့ခေါ်တဲ့ ရေခဲတင်အဆီချတဲ့ ထရိမန့်ကို စပါတယ်။ သူမဟာ ကျနော် ဗိုက်တခုလုံး၊ ရင်ဘတ် တခုလုံးကို လိုရှင်းလို အရာတခု လိမ်းပေးပါတယ်။ ယားတတ်တဲ့ကျနော်မှာ ခါးနားရောက်တိုင်း၊ ဂျိုင်းနား လက်ရောက်တိုင်းတွန့်လိန်နေရပါတယ်။ ပြီးတော့ ကျနော့် ကို  ပတ်တီး ပတ်ပေးပြီး ပတ်တီးပေါ်မှာ အရေပျစ်ပျစ် တခုလောင်းချ လိုက်ပါတယ်။ အဲလိုလောင်းချပြီး တခါ ဗိုက်ကို ပလပ်စတစ်အပါးနဲ့ တထပ်ပြီးတထပ်မန်မီလို ပတ်ထားပါတော့တယ်။ တဖြည်းဖြည်းနဲ့ အဲဒီ အရေပျစ်ပျစ်ဟာ ခဲသွားပြီး ဗိုက်တခုလုံး ရေခဲတုံးနဲ့ ဖိသလို ခံစားရပါတယ်။ သိပ်မကြာခင်မှာပဲ ဗိုက်တခုလုံး မီးလောင်သလို ခံစားရလို့ သူမကို အော်ခေါ်မိပါတယ်။ သူမက ဒါကို ဆယ်မိနစ် ထားရမှာ ဖြစ်ကြောင်း ဗိုက်ချပ်ချင်လျှင်သည်းခံရမှာ ဖြစ်ကြောင်းပြောပြီး ပြန်ထွက်သွားတယ်။ဆယ်မိနစ်ပြည်လို့ ပြန်ဖြေတဲ့အခါ ဗိုက်တခုလုံး မီးဟပ်ထားသလို နီတွတ်နေပါတော့တယ်။ 

ဒီလိုနဲ့ နောက် ထရိမန့်တခုဖြစ်တဲ့ (Vibra Trim Treatment) ကို စပါတယ်။  အဆီကို ခါချပေးမယ့် စက်လို့ ပြောပါတယ်။ သူမက ကျနော်ကို စက်ပေါ်တက်ခိုင်းပြီး ဒီဂရီချိန်ပါတယ်။ တဖြည်းဖြည်းနဲ့ လှုပ်လာတော့ ခြေဖျားမှ စ ခေါင်းထိ လူတကိုယ်လုံးတုန်ခါလာပါတယ်။ သူမက ခံနိုင်လားလို့ မေးပြီး လယ်ဗယ်တွေ တခုပြီးတခုမြှင့်လိုက်ပါတယ်။ အစမှာ နည်းနည်းပဲ ခါတဲ့အတွက် ခံနိုင်ရည်ရှိတယ်လို့ပြောလိုက်ပါတယ်။ ပူနေတဲ့ ဗိုက်ကလေး ဟိုရမ်းဒီရမ်းနဲ့မို့ ငါတော့ အဆီတွေ အတစ်လိုက်ကျတော့မယ်လို့ ကြည်နူးမဆုံးသေး..ငါးမိနစ် ကြာတဲ့ အခါ စက်တုန်ခါနှုန်းဟာ ခြေထောက်တွေ ဗိုက်တွေ တင်မကပဲ ပါးစပ်တွေ ပါးတွေ ရွဲ့ပြီးတ၀ူးဝူးဖြစ်တဲ့ အထိ တုန်ခါလာခဲ့ပါတယ်။ တကိုယ်လုံးအကျီချွတ်ပြီး သူတို့ဝတ်ခိုင်းတဲ့ ဘောင်းဘီကိုသာ ၀တ်ထားရတဲ့အခါ အမြန်တုန်ခါမှု အပေါ် စိုးရိမ်စိတ်ဝင်လာပြီး ပြုတ်ထွက်မသွားရအောင် ရပ်ခိုင်းရပါတော့တယ်။စက်အမြန်နှုန်းကြောင့် စက်ကို ကိုယ်တိုင် ပိတ်လိုက်လျှင် ဟန်ချက် မထိန်းနိုင်ပဲ ပြုတ်ကျသွားရင် ကိုယ်ကျိုးနည်းဖွယ်ရှိပါတယ်။ စက်ငြိမ်သွားမှ ကျနော်ခမျာ နှလုံးခုန်ငြိမ်အောင်မနည်းပြန်ကြိုးစားရပါတယ်။

(Lonto Slimming Treatment) ဗိုက်ကိုဓာတ်လိုက်တဲ့ကုထုံး ပေးတဲ့ အချိန်မှာကျနော်ဟာတော်တော် နှုံးခွေနေပါပြီး။ ကျနော်ကို့ ပြန်အိပ်ခိုင်းပြီး ဗိုက်ပေါ်ကို ၀ါယာကြိုးနဲ့ ဆက်ထားတဲ့ သံလိုက်လို အပြားတွေ ဗိုက်ကို နေရာအနှံ့ကပ်ပါတယ်။ စက်ဖွင့်လိုက်တဲ့ အခါမှာ ဗိုက်တပြင်လုံးက နေရာအနှံ့ ဓာတ်လိုက်ပါတော့တယ်။ ကျနော်ခမျာ အရှင်လတ်လတ်ကြီးငရဲကျသလို ခံစားရပြီးတကိုယ်လုံး တွန့်လိန်နေခဲ့ပါတယ်။
နောက်ထပ်ထရိမန့် ဖြစ်တဲ့ ၀ါးလုံးညှပ် (Bamboo  Shaping Treatment) လုပ်မယ်ပြောသော အခါ ကျနော်ဟာခေါင်းအခါခါရမ်း အကျီ အမြန်လဲပြီး ထွက်ပြေးဖို့ ပြင်ဆင်ရပါတော့တယ်။ ၀ါးလုံးညှပ် ပုံသွင်းတဲ့ ထရိမန့် ဟာ ၀ါးခြမ်းပြားတွေကို ဗိုက်မှာ ပတ်ပြီး ဓာတ်လိုက် ထပ်ခံရမယ့် နည်းပဲ ဖြစ်ပါတယ်။ သူတို့ ကြော်ငြာတဲ့ မိနစ် ၆၀ စာ ဗိုက်မပူ ရင်ကားကုထုံးဟာ မိနစ် (၅၀) ပြီးတဲ့ အခါမှာ ဗိုက် ရေခဲလောင်၊ တကိုယ်လုံးပြုတ်ထွက်မတတ် ခံစားပြီး မန်မီ ရုပ် လို နေခဲ့ရပါတယ်။ မိနစ်(၆၀) အတွင်းမှာ ဆက်ဆီကျတဲ့ ဘော်ဒီ မဖြစ်လာပဲ သူတို့ ဆီကနေ ရေနွေးကြမ်း ထပ်မသောက်နိုင်လောက်အောင် ကွတ ကွတနဲ့ ပြန်လာခဲ့ရပါတယ်။ 

နောက်ရက်တွေမှာ ထရိမန့် ဆိုင်ကနေ နေ့ရော ညပါ ထရိမန့် ယူဖို့ ဖုန်းခေါ်ပါတော့တယ်။ ကျနော်လည်း ပူနေတဲ့ ဗိုက်လေးကိုပွတ်ရင်း၊ မအားသေးပါလို့ ငြင်းရင်း၊ ချောကလက်စားရင်း ၊ကိုယ်ထက်ပူသူများကို သာ ကြည့်ပြီး ကိုယ်ဗိုက်က သူတို့လောက် မပူသေးပါဘူး၊ဆက်ဆီ ကျပါသေးတယ်ဟု ဖြည့်တွေး ပြီး နေလိုက်ပါတော့တယ်။ 

စကာင်္ပူက ဒီလို ဗိုက်မပူ ရင်ကား ထရိမန့် ကို လုပ်ချင်တယ်ဆိုရင်တော့ ကျနော့်ကိုသာ ပြေးမြင်ကြည့်လိုက်ပါတော့ဗျာ….


ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်



6 comments:

Anonymous said...

:D

Anonymous said...

ရီရတယ်

Anonymous said...

Wa hahahahahaha!!!!!!!!!! MY husband same you fatty ,only exercise training has lost a lot of weight.

ko 9 said...

brunei ကိုလာပါ။ ပို ပူစေ၇မည်...ဟဟ

Anonymous said...

ရီလိုက်ရတောင် မျက်ရည်တောင်ထွက်တယ်.
AA

bo lay said...

အင်းရီရတယ်