Wednesday, 12 August 2009

ကျနော်ချစ်သော လယ်တောလေးနဲ့ ညနေခင်းစကားဝိုင်း


လူဆိုတာက မြို့ကြီး ပြကြီးတွေမှာ တိုက်တာ အဆောက်အဦးတွေနဲ့ ကားတစ်ဝီဝီ နဲ့ နေရတာ ကြိုက်ကြတာ များပါတယ်။ ဘယ်လောက်ပဲ မွန်းကျပ်နေပါစေ။ ဘဝတိုးတက်ဖို့ အပေါင်းအသင်း ဝင်ဆံ့ဖို့ အလုပ်အကိုင် အခွင့်အလမ်း များရဖို့ စတဲ့အချက်တွေနဲ့ မြို့ကြီးတွေကို ပြောင်းလာကြတယ်။ မြို့ကြီးပေါ်ရောက်ရင် အဆင်ပြေတဲ့သူရှိသလို အဆင်မပြေတဲ့ သူတွေလဲ ရှိကြတာပဲ။ အတိုက်အခံတွေ မနာလိုဝန်တိုမှုတွေနဲ့ ရန်သူတွေ ပြည့်နှက်နေသလို ကူညီစာနာဖေးမ မှုတွေနဲ့ မိတ်ဆွေ သူငယ်ချင်းကောင်း တွေလဲ ပေါများပါတယ်။ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင် နေရာဒေသ နဲ့ ကိုယ်တိုင်ထားတဲ့ ပင်ကိုစိတ်သဏ္ဍန် အပေါ်လဲ မူတည်ပြီး ကိုယ်ပိုင်ဆိုင်ရတဲ့ ပတ်ဝန်းကျင် အသစ်တစ်ခုရလာတတ်ပါတယ်။ ဘာပဲ ပြောပြော ပျော်ရွင်သည် ဖြစ်စေ မပျော်ရွင်သည်ဖြစ်စေ ဘဝအတွက် မွန်းကျပ်မှုတွေ များလာရင်တော့ မိမိတို့ နေထိုင်ရာ ကျေးလက်တောရွာက လယ်တောလေးကို သတိတရ လွမ်းဆွတ်တတ်ကျတယ်။ အေးချမ်းမှုတွေနဲ့သာ ပြည့်နှက်နေတဲ့ လယ်တောလေးက ဘဝအမောကို ပြေပျောက်စေမှာ အမှန်ပင်။

ကျနော်ငယ်ငယ်က ကောက်ရိတ်ချိန်၊ စပါးသိမ်းချိန် မတိုင်မှီဆိုရင် အဖွားလုပ်သူနဲ့ အဖွားရဲ့ ဇာတိ ချက်ကြွေ မွေးရပ်ဖြစ်တဲ့ ကျုံဒိုး ကော့ကရိတ်နယ်က ကမ်းနီကျေးရွာကိုလိုက်သွားလေ့တယ်။ အဖွားတို့ ကျေးရွာကိုရောက်ဖို့ သဘောင်္တစ်ဆင့် လှေတစ်ဆင့်စီးရတော့ ကမ်းရိုးတန်းတစ်လျောက်က အဖွားပိုင်တဲ့ စပါးခင်းတွေနဲ့ မီးခိုငွေ့တွေတလူလူတက်လာတဲ့ လယ်တောက အိမ်သေးသေးလေးတွေ၊ ကောင်းကင်ပေါ်ကနေ အုပ်လိုက်ပျံသန်းသွားတဲ့ ငှက်တွေကို တမျှော်တခေါ ငေးကြည့်ရတာ ပျော်စရာ။ အဖွားကို မြင်ရင် ရွာသူရွာသား အဖွားအမျိုးတွေက မွန်လို ကလုပ်ကလဲ့ အိုးနင်းခွက်နီးအသံနဲ့ အားရပါးရ နှုတ်ဆက်ကြတာကလဲ ကြည်နူးစရာ။ လယ်တောထဲကို သွားလည်ရင် လယ်တောကနေ စားရတဲ့ ငါးရံ့ခြောက်ဖုတ်နဲ့ ပူပူနွေးနွေး ပဲကောင်ညှင်းပေါင်းကိုစားပြီး ရေနွေးကြမ်းသောက်ရင်း ကိုယ်နားမလည်တဲ့ စကားကို အဖွားတို့ ပြောနေတာကို နားထောင်ရတာလဲ အရသာတစ်မျိုး။

ကျနော်နားလည်တာက တနေ့ ဒီလယ်တွေ ငါဘယ်လိုပိုင်ရမလဲပေါ့။ လယ်ထဲရောက်တိုင်းလဲ အဖွားဆီက ဒီလယ်တောတွေကို အမွေတောင်းရင် အဖွားလုပ်သူက “အမေ့သားသမီးတောင် မတောင်းဘူး အမေ့မြေးက လာတောင်းနေတယ် မပေးနိုင်ပါဘူး”လို့ စရင် အဖွားကို နှုတ်ခမ်းစူပြီး ဂျစ်တိုက်တတ်တာလဲ မှတ်မိသေးတယ်။

ခုတော့ မြို့ကြီးပြကြီးနဲ့ တူတဲ့ ဘလော့အိမ်မှာ တစ်ခါတစ်ခါ မွန်းကျပ်လာတယ်။ ထွက်ပေါက်တစ်ခု ရှာဖို့ ဒီဘလော့အိမ်လေးကို ဆောက်ခဲ့ပေမယ့် တစ်ခါတစ်ရံမှာ ထွက်ပေါက်ပိတ်နေမတတ် မွန်းကျပ်ရပြန်တယ်။ ဒီမွန်းကျပ်မှုတွေ ကြားထဲမှာ မထင်မှတ်ပဲမကြီး( မနော်ဟရီ)က လယ်တောလေးကို ကစားဖို့ ခေါ်ခဲ့တယ်။ မွန်းကျပ်မှုတွေ ခံစားချက်တွေကို ဖြေလျှော့ဖို့ပေါ့။ မကြီးလဲ ဒီလယ်တောထဲမှာ မွန်းကျပ်မှုတွေကို ဖြေသိမ့်ရင်း အေးချမ်းနေရတယ်တဲ့လေ။ ကျနော့်ကို မကြီး အဖွားဆီက တောင်းတုန်းက မရတဲ့လယ်ကို အခုအမွေပေးလိုက်သလိုပါပဲ။ ပျော်ရွင်ခဲ့ရတယ်။ အားသွန်ခွန်စိုက်နဲ့ မွန်းကျပ်မှုတွေ ဖျောက်ဖို့ လယ်တောထဲရောက်ခဲ့တယ်။

ရောက်ခါစကတော့ ပိုက်ဆံအနည်းငယ်နဲ့ ထွန်ပြီးသား လယ်ကွက်သေးသေးလေးပေါ်မှာ စိုက်ထားတဲ့ အာလူးခင်းတွေပေါ့။ မလုပ်တတ်တဲ့ကြားက မကြီးကို အာပေါက်မတတ်မေးတော့ စိတ်ရှည်လက်ရှည်နဲ့ ပြောပြခဲ့တယ်။ အဲလိုနဲ့ စနစ်မကျတဲ့ လယ်ကွက်လေးမှာ စိုက်ထားတဲ့ အသီးလေးတွေ သီးလာတော့ ပြန်ရောင်းစားလိုက် ပြန်စိုက်လိုက်နဲ့ ပျော်ခဲ့တယ်။ မကြီးတို့ မဂျု တို့ မဆုမွန်တို့ လို လှပြီး ကြီးတဲ့ လယ်တွေကို လိုက်သွားပြီး အလုပ်လုပ်ရင်း ပိုက်ဆံတွေ စု အပင်တွေ စိုက်နဲ့ နက်မကောင်းတဲ့ ကြားက ကစားပြီး ပီတိတွေ ဖြစ်နေခဲ့တာ။ နောက်ပိုင်းမှာ နက်မကောင်းတာကို အကြောင်းပြပြီး ကိုမိုးကုတ်သားက လယ်တောကို လုံးဝတာဝန်ယူပေးရတဲ့အထိ ဖြစ်သွားရော။

နောက် အကြောင်းအရင်း တစ်ခုက ကျနော်က လောဘကြီးတာကိုး။ အပင်တွေ က ရိတ်သိမ်းဖို့ အဆင်သင့် ဖြစ်နေပြီးဆိုရင် ကျနော်က ရိတ်ပြီးရောင်းချင်နေပြီး။ တစ်ခါတစ်လေ လုံးဝနက်ကျသွားလို့ လယ်တောထဲ ဝင်မရရင် ရေမရှိတဲ့ငါးလိုပေါ့ ။ လူက နေလို့ထိုင်လို့ မရတော့ဘူး။ တော်ကြာ အပင်တွေ ပျက်စီးသွားမှာစိုးရိမ်နေတာ။ တကယ်တော့ နာရီအနည်းငယ် စောင့်လို့ရတာကို မသိပဲ နက်ကျသွားရင် လယ်တောလေး ပျက်သွားမှာကို ကြောက်ပြီး ကိုမိုးကုတ်သားကို အတင်းဂျစ်ကျ ပြီး ရိတ်ရိတ်ခိုင်းတယ်။ အကိုကြီးလုပ်သူက မငြင်းရှာဘူး။ ရှင်းပြရင် ပိုမောတယ်ထင်တယ်။ ထထလုပ်ပေးလိုက်တယ်။ တစ်ခါတစ်လေ မကြီး တို့ မဂျုတို့လယ်တောမှာ ရိတ်စရာတွေ ပြည့်နေလို့များ နက်ကျသွားရင် အချိန်မတော် ဖုန်းခေါ်ပြီး သွားရိတ်ခိုင်းတတ်သေးတယ်။ စဉ်းစားကြည့် လယ်တောထဲက ပိုက်ဆံရဖို့ အပြင်မှာ ဖုန်းခအကုန်ခံ အဆူခံပြီး လယ်တောလေးကို ချစ်နေတာ။ အေးချမ်းတဲ့ သံယောဇဉ်ရနေတာ။ လယ်တောကို အာရုံရောက်နေတော့ မကောင်းတာ ကောင်းတာ မစဉ်းစား ဖြစ်တော့ဘူး။ ကိုယ်တိုင်ဖန်တီးချင်တာ၊ ကိုယ်တိုင်စိုက်ချင်တာကို စိတ်တိုင်းကျ အေးအေးဆေးဆေး လုပ်နေရတဲ့အတွက် စိတ်လဲ ငြိမ်ပါတယ်။ ကိုယ်စိုက်မယ့် အသီးအနှံရယ် အချိန်ရယ် ပိုက်ဆံရယ်ကို တွက်ပြီးလုပ်ရတဲ့ အတွက်လဲ ဦးနှောက်က တစ်ဖက်တလမ်းက ကျမ်းမာရေးနဲ့ ညီညွတ်နေတယ်လို့ ထင်မိပါတယ်။

ဘာဖြစ်ဖြစ်ပေါ့။ လယ်တောထဲရောက်သွားရင် အလိုလို ပျော်နေတယ်။ ကိုယ်တိုင် မျိုးကျဲထားတဲ့ အသီးတွေ (အငှားကျဲတာများပါတယ်း) ) အပင်လေးတွေပေါက်လာရင် ရမယ့်ပိုက်ဆံကို တွေးရင် ပျော်လာတယ်။ ပြီးရင် အိမ်နီးချင်းလယ်တွေကို သွား။ ဘယ်သူ့ အိမ်မှာ ရိတ်ဖို့ အဆင်သင့် ဖြစ်နေလဲသွားချောင်း၊ အဆင်သင့် ဖြစ်နေတဲ့ လယ်ဆိုရင် တဝဲလည်လည်နဲ့ အဲဒီလယ်ကို ချောင်းပေါက်မတတ်ရောက်ရတယ်။ ကျနော့်ကိုခေါ်အောင် စာလေးရေးထားခဲ့ သေချာအောင် အဲဒီလယ်ထဲကို ခဏခဏ သွားပြန်ချောင်းနဲ့ ပျော်စရာကိုကောင်းနေရော။ ပြီးတော့ သူတို့ရဲ့လယ်တောတွေကို ကြည့်ပြီး အားကျနေရတယ်။ (အားကျမိတိုင်းလဲ ကိုမောင်ဟန် တစ်ယောက် နားပူရတယ်ပေါ့။ ) ပိုက်ဆံများလိုချင်ရင် ဈေးထဲမှာ သူများနည်းတူ မတ်တပ်ရပ်ပြီး အလုပ် အလုပ်လို့ အော် နေတော့ တကယ့် ဘဝနဲ့ လက်တွေ ကျတာကို ခံစားမိပြန်တယ်။
လယ်ထဲရောက်လို့ မကြီး ၊ မဂျုတို့က ဖိုးစိန်ရေ ရိတ်မယ်ရပြီး ပြောရင် အပြေးသွားရိတ်ရတယ်။ ဆွိ ၊တာရာနဲ့ မေ တို့ ကဆိုရင် ကိုကြီးရေ…… ကယ်ပါအုံးနဲ့ ရိတ်ဖို့လာလာခေါ်တတ်သလို အလုပ်လာတောင်းတတ်ကြပါတယ်။ ကိုမိုးကုတ်သားက အပျင်းမတစ်နဲ့၊ လာခဲ့ အကိုလယ် လာရိတ်ဆိုရင် လဲ သွားရိတ်ရတယ်လေ။ နောင့် နဲ့ အပြိုင်ပေါ့။ဟိုလယ်ကူး၊ ဒီလယ်သွားနဲ့ နက်ကျသွားလို့ကတော့ ဖိုးစိန်ရေ…. မကြီးရေ… ဆွိရေ…. ရီနိုရေ… တာရာရေး… ကိုမောင်ဟတ်ကြီးရေ.. မဂျုရေ. စသဖြင့် နာမည်တွေ အော်ခေါ်လို့  တကယ်လယ်တောထဲမှာ ပျောက်နေသလိုပဲ…။ တစ်ခါတစ်လေလဲ လယ်တောထဲမှာ လူက ပျောက်နေပြန်ရော။ မတွေ့ရင် မကြီး စီဘုံးကို လာပြီး ပြန်ခေါ်ရတဲ့ အထိ။ အလုပ်ကိုရှုတ်ပြီး ပျော်နေကြတာ။ လယ်တောထဲမှာ သူ့လယ်ကိုယ်ရိတ်ရင် ကိုယ့်လယ်ကို သူ့ ခေါ်ရိတ်ရင် ပိုက်ဆံပိုရတော့ ကိုယ်စိုက်ထားတဲ့ အပင်တွေ အဆင်သင့်ဖြစ်ရင် အပြန်အလှန်ခေါ်ရိတ်ကြရတယ်။ အချင်းချင်း ကူညီရိုင်းပင်းတဲ့ သဘောကို ဆောင်နေတယ်။ စိတ်ချင်းရင်းနှီးမှုကို ဖြစ်စေတယ် လို့ထင်တယ်။

မကြီး အမွေပေးထားပြီး ကိုမိုးကုတ်သားရဲ့ စောင့်ရှောက်မှုအောက်က ကျနော်ပိုင်တဲ့ လယ်တောလေးမှာ လူစုံတုန်း ( မကြီး၊ မဂျု၊ ဦးနော်၊ ကိုမိုးကုတ်၊ ရီနို၊ ဆွိ၊ နောင့် နဲ့ ကျနော်)





မဂျု ကျနော့်လယ်တောက အိမ်ထဲမှာ ဘာများ စပ်စုနေပါလိမ့်း))


လယ်တောထဲမှာ သုံးလေးယောက်လောက် စုရိတ်နေရင်း စကားတွေပြောကြ ရိတ်ပြီးသွားရင်လဲ စကားတွေ ပြောကြနဲ့ လယ်တောထဲမှာ ပျော်စရာကိုကောင်းနေတယ်။ သူလယ်ရိတ်ပြီးသွားရင် ကိုယ့်လယ်ကို ခေါ်သွားနဲ့ တစ်စု တစ်ဝေး စကားတွေ လျှောက်ပြော ဖြစ်နေတာ ။ ကျနော်က ငကြွားဆိုတော့ သိတဲ့အတိုင်း လယ်ထဲမှာ ကျနော် ပိုက်ဆံဘယ်လောက် ချမ်းသားတာ ကျနော့်မှာ ပိုက်ဆံဘယ်လောက်ရှိတာ လယ်ဗယ် ဘယ်လောက်ရောက်နေတာ စသဖြင့် ကျနော့်ထက် လယ်ဗယ်မြင့်တဲ့သူတွေ ပိုက်ဆံရှိတဲ့သူတွေကို လျှောက်ကြွားနေတာ။ သူတို့ကလဲ ကျနော်စိတ်ချမ်းသာအောင် ကိုကြီးဖိုးစိန် လယ်သူထေး ဆိုပြီး ပြန်ပြောကြ စကြနောက်ကျနဲ့ ညနေခင်း လယ်တောစကားဝိုင်းက ပျော်ဖို့ကောင်းနေပါတယ်။

ဒီလယ်တောကိုစကားဖို့ မက်မက်နဲ့ ကိုပိုင် ရီနိုမာန် ကိုခေါ်ဖြစ်တယ်။ ပြီးတော့ဦးနော်။ ဦးနော်က စိတ်ပါတယ်လုပ်ပြီးမှ လယ်တောမှာ အပင်စိုက်ဖို့ ပျင်းနေတယ်။

ကျနော်လူဆိုးလေးပေါ့... မှတ်မိကြလား.. အကိုကြီး ပိုစ့်တွေမှာ သူ့ကိုယ်သူ ဖြူဖြူချောချောတဲ့လေ...အရက်သေစာ ကင်းတယ်တဲ့.. ခုပုံမှာ လယ်ထဲ ဘီယာပတ်သောက်ပြီး အသားမဲသွားတာ... ခုလဲ တောင်းနေတာက ဘာတဲ့ ...း))))

လယ်လေးတစ်ကွက် စိုက်ပြီး ဘီယာနှစ်ခွက်လောက် သောက်ချင်နေတာလေ။ ပြီးတော့ ပြောသေးတယ်၊ သူက လယ်ကို ခုမှလဲ စလုပ်သေးတယ်၊ သူ့ လယ်က သေးသေးလေးတဲ့ ရေကူးကန်တွေ အပင်တွေ မရှိဘူးတဲ့လေ၊ လယ်ထဲမှာ အိပ်စရာအိမ်မရှိလို့ မကျေနပ်ဖူးတဲ့၊ သူလယ်ကို ဘယ်သူမှ ဂရုမစိုက်လို့တဲ့ စိတ်ကဆိုးသေးတယ် ။ လယ်ခေါ်ပြီး ပိုက်ဆံရအောင် အပင်ရိတ်ခိုင်းပြန်တော့လဲ သူ့ ကိုကျ ခေါ်ခိုင်းတယ်တဲ့ သူတို့ကျတော့ရပ်နေတယ် မတရားဘူးတဲ့ ရတဲ့ပိုက်ဆံက နှစ်ပြားတစ်ပဲတဲ့ ။ ကျနော်လူဆိုး ပြောတဲ့စကားတွေက အရမ်း ရယ်ရလို့ ပျော်စရာကောင်းတယ်။ ပြောသေးတယ် လယ်ထဲကို လိုက်လည်တော့ ခွေးဟောင်လို့ ခဲနဲ့ထုတာ ခွေးက ထွက်မပြေးဘူး၊ တံတားနားမှာနေတဲ့သူကို ချောင်းထဲတွန်းချတာလဲ မကျဘူး၊ အပေါ်ကနေ ရေလောင်းတာလဲ အလောင်းခံရတဲ့သူက သိတောင်မသိဘူးနဲ့ နောက်ပြောနေတာ ရယ်နေရတယ်။ လယ်တောထဲမှာလဲ ပတ်ပြေးလိုက် ရပ်လိုက် အပင်ရေလောင်းလိုက်နဲ့ စုစု ဝေးဝေး စကားတွေ ပြောနေရတာ အရမ်းကို ကြည်နူးစရာ ပျော်စရာကောင်းပါတယ်။

ညနေတွေမှာ မကြီးစီဘုံးမှာ ကျင်းပတတ်တဲ့ စကားဝိုင်းလေးနဲ့ လယ်တောတွေထဲမှာ လျှော်လည်အလုပ်လုပ် စကားစုပြောတဲ့ တစ်ညနေကုန်သွားလို့ လယ်တောထဲကနေ ပြန်ထွက်လာရင် ဒီအကိုအမတွေ ညီညီမတွေနဲ့ ကြည်နူးခဲ့တာကို ပြန်တွေးရင်း ကျနော့်အဖို့ အလုပ်သွားဖို့ ခြေလှမ်းတွေက အမြဲ သွက်လက်လို့နေတယ်။ ရင်ထဲမှာ ခံစားချက်တွေ၊ ဝမ်းနည်းမှုတွေ၊ ကြေကွဲမှုတွေ ရှိပါစေဦး…. ဒီအကိုအမ ညီညီမတွေရဲ့ နှစ်သိမ့်အားပေးတဲ့ စကားတွေနဲ့ ပျော်ရွင်ခဲ့ရလို့ လက်တွေ့လျှောက်ရမယ့် ဘဝခရီးလမ်းမှာ အားတစ်ခု အဖြစ်ပါသွားရပါတယ်။

မမေ့ပါဘူး။ မမေ့နိုင်ပါဘူး။ ဘဝရဲ့ ဒုက္ခ အစိတ်အပိုင်းတစ်ခုထဲက ရခဲ့တဲ့ သုခ အချိန်ပိုင်းလေး ၊မွန်းကျပ်မှုတွေ ပြေပျောက်စေတဲ့ ဒီလယ်တောလေး၊ အားပေးနှစ်သိမ့်မှုတွေပေးတဲ့ အကိုအမ ညီညီမတွေနဲ့ ပျော်ရွင်စရာ လယ်တောထဲက စကားဝိုင်းလေးကအမြဲ အမှတ်တရ ရှိနေမှာပါ။ အခြေအနေမပေးလို့ ကံစီမံရာကြောင့် ဒီလူတွေ ဝေးကွာသွားခဲ့ရင်တောင် တိုက်ဆိုင်မှု ရှိတိုင်း အမြဲသတိတရ လွမ်းဆွတ်နေမှာပါ။ ဘာပဲဖြစ်ဖြစ် တစ်မိနစ် ပျင်းနေချိန်၊ ဝမ်းနည်းသွားချိန်မှာ တစ်စက္ကန့်လောက် သတိတရ တွေးလိုက်ရင် အနည်းဆုံးတော့ နှုတ်ခမ်းလေး ကွေးပြီး ပြုံးမိမှာ သေချာနေပါတယ်ဗျာ……။


ဒီဘလော့အိမ်၊ ဒီစီဘုံး၊ ဒီလယ်တော ၊ ဒီအကိုအမတွေနဲ့ ဒီညီညီမ သူငယ်ချင်းတွေ၊ ဒီသံယောဇဉ်တွေက စိတ်တွေနဲ့ ဆောက်ထားတဲ့ မဟာတံတိုင်းကြီးတစ်ခုအဖြစ် အမြဲ တည်တံ့နေပါစေဗျာ။

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

30 comments:

reenoemann said...

၁၁၁၁၁
သယ်ရင်းရေ တစ်ရပြီးနော်

ချစ်တဲ့
ငနို

Julian said...

အော် ဖိုးစိန်ကလဲ ဘာလုပ်ရမလဲ
ဓါတ်ပုံလှလှရိုက်ဘို့ အိုက်တင်ခံနေတာလေ
ဓါတ်ပုံဆရာမ မနော်ဟရီက အိပ်ရေးမ၀တဲ့တုန်ချိချိလက်နဲ့ရိုက်ရင်
လှတပတရုပ်ကလေး ဆိုးသွားမှဖြင့်
လှတယ်ဟုတ် ချစ်ချာလေး အဟေးးးးးးး


မဂျူ

kiki said...

ကဖိုးစိန်လေး လယ်စိုက်တာ ဝါသနာပါရင် ဖွားကိ ဆီ လာစိုက်ပေးလှည့်  ။
မျက်နှာစာအုပ်ကြီးဖွင့်ထားပြီး လယ်မစိုက်တတ်သေးဘူး ။ ပစ်ထားတာ ကြာပြီပေါ့ ။
ခုလောက်ဆို ရေတွေတောင်မြုပ်နေလောက်ပြီ ။

နွားလှည်းလေးနဲ့  လာခေါ်ရဦးမလား ဟေ့ ....

မေဇင် said...

ကိုကြီး က ကြွားတာကို တော့ ထည့်ရေးသေးသားပဲ.. ဟိဟိ မထည့်ရေးရင် နောင့် က ဖွမလို့ I'm the riches farmer .... ဟဟဟဟ ကိုကြီး ဖိုးစိန် အမြဲပြောတတ်တဲ့ စကားပါရှင့်.... စကားစပ်စပ် မစပ်စပ် အမြဲ ထည့်ပြောပါတယ်.... ကိုကြီးမိုးခို ကိုလဲ Lazy farmer နဲ့ အမြဲ ရန်စပါတယ်.....း) ။ ခုတော့ ဘယ်သူ တကယ် lazy လဲပေါ်ပီ.... နက် မကောင်းတာကို အကြောင်းပြပြီး တော့လေ.....း)))))

မီးမီးချစ် said...

ဘယ်လိုဘယ်လို လုပ်ရတာလဲ ပြောပြပါအုံး
စိတ်ဝင်စားတယ်း))

MANORHARY said...

အင်း..ခုတော့လည်း မိုးကုတ်သားနဲ့ဘဝတူနေပါပြီ
ဘဝက တူနေပြန်ပါပြီ .......း)
ပို့စ်လးဖတ်ပြီး.............
.......................
ခုလို အမြဲဖြစ်နေစေချင်ပါတယ်။

Yu Ya said...

ကိုဖိုစိန်လယ်တောပုံလေးတွေကို စကြည့်လိုက်တော့ ကျွန်တော်မျက်စိထဲမှာ motherboard လိုလို၊ circuit board လိုလို မြင်မိတာဗျ..။

yu ya

မြစ်ကျိုးအင်း said...

ဗျို့ကိုရင်ဖိုးစိန် စပါးဘယ်ဈေးပေါက်တုန်းဗျ
ကျုပ်တော့ တရာသီ ရှစ်သီးစား ကိုးသီးစား လောက်စိုက်မယ် စိတ်ကူးမိတာပဲ

(ခေါ်တုန်းကခေါ်ထားပြီး အခုမှ အပျင်းကြီးတဲ့ အကြောင်းရေးလို့မရဘူးလေ ဏာ့လယ်လေးလည်း ကူအုံးကွဲ့)

သူဒြေ္န said...

ကောင်းတယ်ဗျာ...ပျော်စရာကြီးပါလားဗျို့ ..................

တာရာ said...

အဲ့ယိုရား .. သူများကိုခေါ်ပြီးရိတ်ရင်ပိုက်ပိုက်ပိုရတယ်လား.. မီးဖြင့် တိတောင်တိဘူး..သူများလယ်တွေသွားသွားရိတ်ပြီး လယ်ဗယ်တက်ဖို့အားစိုက်နေရတာ..ဟိဟိ.. စပါးတွေရိတ်ခါနီး ကိုကြီးစိန်ကိုလာခေါ်မယ်.. အဆင်သင့်ပြင်ထားပါ.လယ်သမားဝတ်စုံပြည့်နှင့်လာရမည်..ဒန်ဒန်ဒန်...

Anonymous said...

ကျနော့်လယ်တောထဲလဲ လာလည်ပါဗျာ.. soeminhtike@gmail.com ကို Add ပါဗျို့း)

လေးစားလျက်
တောင်ပေါ်သား

အိန္ဒြာ said...

အော်...လယ်ပိုင်ရှင်ယာပိုင်ရှင်တွေများ..

ပြောအားရှိလိုက်ကြတာ..း(

ဝသန်မိုး said...

ုဗျို့  လယ်သူဌေးကြီး ကိုကိုစိန်
ဒီ နှစ်မိုးစပါးကောင်းတယ်ထင်ပါ့
လည်ပင်းမှာလည်း ရွှေဆွဲကြိုးကြီးနဲ့ ပါလား
ကိုယ့်ညီ လယ်ဘက်တောင် အရောက်ကျဲသွားပေါ့
အားရင် ကျွန်တော့်လယ်ထဲကိုလည်း
လာပါဦး

မယ်ကိုး said...

ကိုဖိုးစိန်ရေ...

မမမနော်တို့။အစ်ကိုမိုးကုတ်သားတို့၊ကိုဖိုးစိန်တို့ ရှိတဲ့ လယ်တောထဲကို တစ်နေ့တော့ အရောက်လာပါဦးမယ်။

mae said...

ပျော်စရာကြီး.. လူတွေ စုစကားပြောလို့ ရတယ်နော်၊ facebook ကို လှဲ့မကြည့်ဖြစ်တာ ကြာပြီ

ငယ်ငယ်က အဖိုးနဲ့ အဖွားနဲ့ ပဲခူးဘက် ဒိုက်ဦးဘက်က ရွာတွေ လိုက်လည်တယ်၊ လယ်ဘောင်ရိုးတွေမှာ အရမ်းပျော်ခဲ့တာ၊ ခုလဲ အိမ်နားမှာ ယာခင်းတွေဆီ ခဏခဏ သွားဖြစ်နေတယ်၊

မငုံ said...

ဘယ်အချိန်ကြည့်ကြည့် Facebook ထဲမှာလို့ထင်နေတာ လက်စသတ်တော့ ဒီလယ်တောထဲ အလုပ်ရှုပ်နေတာကိုး။ :)

ကိုလူထွေး said...

"ခုတော့ မြို့ကြီးပြကြီးနဲ့ တူတဲ့ ဘလော့အိမ်မှာ တစ်ခါတစ်ခါ မွန်းကျပ်လာတယ်။"

ဖိုးစိန်ပြောတာ မှန်သလိုလိုပဲ...

ဖိုးစိန်ကို အသေအလဲ အရှင်ငရဲ (အဲလေ) အရှင်အလဲ ချစ်တဲ့
ကိုလူထွေး

Mogok Thar said...

အိမ်း၊ အိမ်းးး
ကောင်းလေစွ၊ ကောင်းလေစွ။
ဏာ မနက် ငါးနာရီလောက်ကြီး အနှိုးခံထိပီး လယ်ထရိတ်ရ၊ လယ်ထွန်ရတာတော့ ..
ဏာ့ကို မညှာမတာ ခိုင်းတဲ့ မျောက်စုတ် မျောက်နာ.. အဲလိုသာ ဆဲနေတယ်။ မျက်နှာကြီးကတော့ ပြုံးလို့ပေါ့ဗျာ။

တကယ်ပါ။ဘာရယ်မဟုတ်ပေမဲ့
ကြည်မွေ့ခဲ့တဲ့ အချိန်လေးတွေ
ပြုံးကြပျော်ကြ၊ စနောက်ကြ
ဘ၀အမောတွေ ဖြေကြ
ရင်းနှီးချစ်ခင်ကြ
ကမ္ဘာမြေ တစ်နေရာစီကလယ်သူလယ်သား ဘ၀လေးတွေ....

ပျော်ပါရဲ့လား မောင်တို့ရေ..
ပျော်တယ်ဝေ့၊ပျော်တယ်ဝေ့။

ပျော်သလားဟေ့ မယ်တို့ရေ..
ပျော်တယ်လေ့ ပျော်တယ်လေ့။

( နို့ နေပါအုံး တစ်ခါလေး မှားမိပါတယ်။ အဲဒီ ဟတ် ကြီးကို ပြန်ပြင်မရတော့ဘူးလားဗျာ။း( )

စာအုပ်မျက်နှာက လယ်တောလေးထဲမှာတင်မက ကိုယ်ပိုင် နှလုံးသား လယ်တောလေးထဲမှာ ပါ.. ဒီ ညီအကို၊ မောင်နှမတွေ တစ်သက်လုံး ရာသီမရွေး စိုပြေစိမ်းလန်းစွာ (တစ်ဦးအပေါ်တစ်ဦး) ချစ်ခင်မြတ်နိုးမှုတွေ စိုက်ပျိုး နေကြမှာပါ။
ဘ၀အမောတွေကို မေတ္တာရေနဲ့ လန်းစေကြစို့။
စိတ်ညစ်ညူးဆင်းရဲမှု တွေကို ပေါင်းသင် မြေနှုတ် ရှင်းလင်းပေးကြစို့။
အားတက်ပျော်ရွှင်မှုတွေကို ဝေမျှ ထွန်ယက်ရိတ်သိမ်းကြစို့။

ဘ၀ လယ်တောထဲမှာလဲ ကိုယ်တို့တွေ ပြိုင်တူအော်လိုက်ကြစို့ရဲ့
နှလုံးသားချင်း အမြဲ ကြားစေသော်ဝ်။

ပျော်ပါရဲ့လား မောင်တို့ရေ..
ပျော်တယ်ဝေ့၊ပျော်တယ်ဝေ့။

ပျော်သလားဟေ့ မယ်တို့ရေ..
ပျော်တယ်လေ့ ပျော်တယ်လေ့။

ချစ်ခင်ကောင်းကျိုး လိုလားခြင်းများစွာဖြင့်

ကိုမောင်ဟန်

မေတ္တာရောင်ပြန် said...

ဖိုးစိန်ဘာများလုပ်နေလဲလို့ လက်စပ်သပ်တော့ လယ်စိုက်နေတာကိုးးးးးးးးး

တလနွန် said...

လယ်ဘော့စိ တွေနဲ့ လာတွေ့ နေတယ် :)
အဲဒီကစားနည်းမသိဘူး။ သင်ပေးပါလားဗျာ :)

sweetpeony said...

အဟီးးး
မဂျူက ဘာသွားချောင်း??????
ဦးနော်တော့ သွားပါပြီ...။
ရှေ့ကဖုံး နောက်ကပေါ်နေပြီ...။

khin oo may said...

မတတ်သေးဘူး

စည်သူ said...

ဟ... ကိုဖိုးစိန်ရေ..

လယ်တောလေးကိုမြင်တာနဲ့
ရွာကိုတောင် သတိရသွားတယ်

ဟို... ကျနော်လူဆိုးကိုသတိထားဗျာ..
ခနနေ.. ယိုင်တိယိုင်တိုင်နဲ့ စပါးခင်းတွေပျက်နေပါအုံးအယ်
ဟားဟားဟား....

ပျော်ရွှင်ပါစေ
စည်သူ

ဇော် said...

ငေးသွားတယ်ဗျာ။ =)

WWKM said...

ဖိုးစိန်ရေ..
အစ်မလည်း လယ်တွေ ၊၀က်တွေ၊နွားတွေ လက်ဆောင်
ရထားတယ်.. ဒါပေမယ့် မကစားတတ်လို့.. မရောက်ဖြစ်
ပါဘူး။ ဒီလိုပို့စ်လေးတွေရေးတာ ဖတ်ရတော့ ပျော်စရာ
ပါပဲ။

ပျော်ရွှင်နိုင်ပါစေ။

မကြီးဝါ

WWKM said...

ကွန်မန့်တွေဖတ်တော့ ပျော်စရာပဲ.
ဘလော့ဂါများ လယ်စိုက်နေသည်ပေါ့.း)))
လယ်ပိုင်သူဌေးကြီးတွေကို အားကျပါသည်။

ချမ်းလင်းနေ said...

လယ်တွေစိုက်လှချည်လားဗျာ။ကျွန်တော်ကတော့ မာဖီးယားနဲ ဓားပြပဲတိုက်နေတာ။လယ်တောကိုမေ့နေတာ။သွားပြန်ကြည့်ဦးမှပဲ။

အမရာ said...

ကိုဖိုးစိန်ရဲ့...ဆုတောင်းတွေ
ထာဝရပြည့်ပါစေ......

မိုးခါး said...

တည်တံ့နေပါစေ အကိုရေ
ဒါနဲ့ စကားမစပ် နာနတ်ပင်တွေရနေပြီ
လာခေါ်နော်
မဟုတ်လို့ကတော့ မခေါ်ပဲနေလိုက်မယ် ............

ကိုရင်နော်ခင်လေးငယ် said...

ဟုတ်တယ်လေ..
နဂိုကမှ အပျင်းကြီးသူပါဆို.. လယ်စိုက်ခိုင်းကြတယ်..
ဝင်လိုက်တာနဲ့ ခိုင်းလိုက်တာ တစ်ယောက်ပြီး တစ်ယောက်.. ထွန်ပေးပါဦး.. ရိတ်ပေးပါဦးနဲ့.. သူတို့တွေကျတော့ သူဌေးကြီးတွေလို အိမ်ကြီးတွေနဲ့ လယ်ကွင်းကြီးကလည်း စိမ်းလို့ စိုလို့.. ကိုယ့်ကျတော့ ဘာမှ မရှိဘူး.. ကွက်လပ်ဟောင်းလောင်းကြီး.. သူတို့ကိုတော့ သွားကူရတယ်.. ကိုယ့်ကိုတော့ ဘယ်သူမှ လာမကူကြဘူး... မကျေနပ်ပါဘူး.. ကိုယ့်လယ်ကွက်ထဲမှာ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ရပ်နေရင်း ဝမ်းနည်းလာတယ်..း(