ဖန်ဆင်းခဲ့သော ကံ့ကော် အလွမ်း ချစ်သူ့ပေးစာ
အိပ်ရေးမဝစွာ နိုးထလာတဲ့ မနက်ခင်းလေး က ခါတိုင်းနဲ့မတူ သာယာငြိမ်းချမ်းလို့နေတယ်… ဘာကြောင့်မှန်းမသိ ရင်ထဲမှာ လွမ်းဆွေးသလို ကြည်နူးသလို ခံစားမိတယ်… မျက်နှာသစ် ကော်ဖီဖျော်ပြီးတော့ ခြံအဝကိုသွားပြီး စာတိုက်ပုံးကို မွှေနှောက်မိတယ်… “စာပို့လိုက်တယ်နော်” ဆိုတဲ့ စကားကြရပြီးကတည်းက စာတိုက်ပုံးကို မနက်တိုင်း တဝဲလည်လည် လုပ်နေတာ နှစ်ပတ်တိတိ… ခုဖွင့်ကြည့်တော့ စာတစ်စောင်… လက်ရေးကို မြင်လိုက်တာနဲ့ ပြုံးလိုက်မိတယ်… စာလေးကို ဖွင့်လိုက်တော့ ထွက်ကြလာတဲ့ ဇွန်ပန်းခြောက်လေးတွေကို ပြန်ကောက်ရင်း ဒီစာကို ဇိမ်ယူဖတ်ဖို့ ကော်ဖီရှိရာဆီသို့… စာခေါက်လေးကို ညင်သာစွာ ဖွင့်ဖောက်လိုက်တော့…..
“ကို”
“ကို” နေကောင်းရဲ့လား…
“ကို့” ကို နေကောင်းလားလို့မေးတိုင်း ဘုကြည့် ကြည့်ပြီး လူနာတစ်ယောက်မေးတဲ့ မျက်နှာနဲ့ မမေးပါနဲ့လို့ ခတ်ဆတ်ဆတ်ပြောတတ်တဲ့ “ကို့” မျက်နှာလေးကို လွမ်းမိသွားတယ် ကို ရယ်… ကို မကြိုက်ပေမယ့် ခိုင့် ကို မကျေမနပ် စူပုတ်ပုတ်ပွစိ ပွစိလုပ်မယ့် ကို့ မျက်နှာလေးကို မြင်ချင်လို့ လွမ်းလွန်းလို့ မေးလိုက်ပါတယ်… ကို နေကောင်းပါစေ နော်….
“ကို”
ဒီနေ့မနက်(UFL) ကျောင်းဝင်းထဲကို လှမ်းဝင်တော့ ကျောင်းထိပ်က ကံ့ကော်ပင်ကြီးက ကံ့ကော်တွေ ပွင့်ပြီး မွှေးနေတာ မနာလိုစရာကောင်းလိုက်တာ ကို ရယ်… သူတို့ကို တမေ့တမော လှမ်းကြည့်မိတော့ သူတို့က ခိုင့် ကိုစတယ်… “ကောင်မလေး ငါတို့ကို မပန်တာ ငါးနှစ်ရှိနေ ပြီးနော်… ဘယ်လိုလဲ”
တဲ့… ခိုင်လဲ “ပန်းပေးမယ့်သူကို မျှော်နေရတုန်းပါရှင့်… နောက်နှစ်ကို ပန်ရတော့မှာပါ… တစ်နှစ်တော့ ထပ်စောင့်နေပေးပါ” လို့ ပြုံးပြီးပြန်ဖြေလိုက်ရပေမယ့် ခိုင့်ရင်ထဲ ငိုချင်သွားတယ် ကို ရယ်… နောက်နှစ်မှာ ခိုင် ဒီလိုစကားမျိုး ထပ်ပြောရအုံးမှာလား မသိဘူး ဆိုတဲ့ အတွေးနဲ့ပါ… ပန်းလေးတွေကလဲ ငါးနှစ်လုံးလုံး ဒီစကားပဲ ကြားရတော့ သနားသွားကြတယ်ထင်ရဲ့… ဘာဖြစ်ဖြစ် တဒင်္ဂတော့ သူတို့တွေရဲ့အနံ့တွေ ကြားမှာ မိန်းမောရင်း ကို ပေးခဲ့ဘူးတဲ့ ကံကော်ပွင့်တွေကို အိမ်ပြန်ကြည့်ချင်သွားတယ်ကိုရယ်… ကို ပေးခဲ့တဲ့ ကံ့ကော်ပွင့်တွေက ကိုးနှစ်နီးပါးရှိ ပေမယ့် ခုပွင့်နေတဲ့ ကံ့ကော်ပန်းတွေထက် မွှေးနေဆဲပါ ကို….
ဒီလိုဝမ်းနည်း သတိရစွာနဲ့ ဌာနထဲကို လှမ်းဝင်တော့ ခိုင့် နှာခေါင်းထဲကို အနံ့တစ်ခု တိုးဝင်လာတယ်လေ… ကို အရမ်းကြိုက်တဲ့ ကော်ဖီကြမ်း အနံ့... ဌာနကို လာတိုင်း ဒီကော်ဖီနံ့ရရင် မနေနိုင်လောက်အောင် ဟန်မဆောင်နိုင်လောက်အောင် တောင်းသောက်တတ်တဲ့ ကို့ ကို အရမ်းလွမ်းသွားမိတယ်… ကို့ ကိုချစ်တဲ့ ဆရာမကတောင် ကို့ ကို ကော်ဖီဖျော်တိုင်း သတိရလိုက်တာတဲ့… သူတောင် သတိရရင် ခိုင့် ရင်ထဲမှာ ကို့ ကိုလွမ်းတဲ့စိတ်တွေ ရင်ထဲ ဘယ်လောက် မွန်းကျပ်ပြည့်သိပ်နေမလဲ ဆိုတာ ကို သိနေမှာပါ… ချစ်ခြင်းဆိုတာ နီးချင်းဝေးချင်းနဲ့ မဆိုင်ပေမယ့် လွမ်းတယ်ဆိုတော့ ဝေးနေရတဲ့ ခိုင့် အတွက် အမည်မသိတဲ့ ဝေဒနာ တစ်ခုပါ ကို…
ခိုင်လဲ အတန်းချိန်နီးလို့ ဆရာမတွေကို နှုတ်ဆက်ပြီး စာသင်ဖို့ (NB) ကို လာတော့ ပန်းခြံထဲကနေ (OB) ရှေ့ကို ဖြတ်လျှောက်တယ်… ခိုင်တို့ စကားထိုင်ပြော ထမင်းစားခဲ့တဲ့ (OB) က အခုမရှိတော့ဘူးလေ… အဆောက်အဦး အသစ်ကို ထပ်ဆောက်ထားတယ်… ခိုင် တို့ရဲ့ အချစ်သင်္ကေတ (OB) လေး အရင်လို မရှိတော့ဘုးကိုရယ်… ခိုင် အရမ်းလွမ်းသွားမိတယ်… အတန်းထဲရောက်လို့ စာသင်တော့ ခိုင့် မျက်လုံးတွေက ကျောင်းသား စုံတွဲ တစ်တွဲကို အမှတ်မထင်ရောက် သွားတယ်… ခိုင် ပြုံးမိတယ်… သူတို့ ဘာလုပ်လဲ သိလား ကို… ကောင်လေးက ကောင်မလေးရဲ့ ဆံပင်လေးတွေကို သွားသွား ဆော့… ပြီးတော့ လူလစ်တယ်ထင်လို့ ခိုးနမ်း တယ်လေ… ကောင်မလေးက ကောင်လေးကို ငြိမ်ငြိမ်နေ ဆိုတဲ့ အကြည့်နဲ့ မျက်စောင်းထိုပြီး ကောင်မလေး လက်မှာ ကိုင်ထားတဲ့ ဘောပင်နဲ့ ကောင်လေး လက်ကို လှမ်းလှမ်းခြစ် နေတယ်… ခိုင်မြင်လိုက်ပေမယ့် မသိချင်ယောင် ဆောင်နေလိုက်တယ်… ကောင်မလေး ဘာတွေ ခြစ်လိုက်လဲ ဆိုတာ ခိုင် မမြင်ပေမယ့် ခိုင်ရော ကိုရော ဘာတွေခြစ်လိုက်လဲ ဆိုတာ သိနေတယ်နော်… “ကို” ကိုပြုံးနေပြီးလား… တိုက်ဆိုင်တယ်နော်… ခိုင် သူတို့ နှစ်ယောက်ကို ကြည့်ပြီး ပီတိ ဖြစ်သလို ကို့ကိုလဲ အရမ်းသတိရသွားတယ်… ကို နဲ့ခိုင် ညနေ ကျောင်းက ပြန်တိုင်း ခိုင် ခြစ်ခဲ့တဲ့ ဘောပင်ရာတွေ ရေချိုးလဲ မပျောက်ဘူးလို့ ညည်းတတ်တဲ့ ကိုမျက်နှာလေးကို လွမ်းသွားမိတယ် ကို ရယ်...
နေ့လည်ထမင်းစားဆင်းချိန် ရောက်တော့ နောက်တစ်ချိန် အတန်းမရှိတဲ့အတွက် မြင့်မြတ်နဲ့ ခိုင် မိန်းထဲက ပဒေသာမှာ ခေါက်ဆွဲကြော် သွားစားဖို့ တိုင်ပင်ဖြစ်ခဲ့တယ်… လမ်းမှာ မြင့်မြတ်ကလဲ ကို အဆင်ပြေလား… နေကောင်းလားလို့ မေးနေတယ်လေ… သတိရနေပါတယ်ဆိုမှ မြင့်မြတ်က ဇွတ်မေးနေတော့တာပဲ ကို ရယ်… ဒီလိုနဲ့ ပုဂံလမ်းကို ဖြတ်တော့ ခိုင် စိတ်တွေ မောသွားတယ်… မြင့်မြတ်က “ဟဲ့… ငါဒီလမ်း ရောက်တိုင်း နင်နဲ့ ငစိန်နဲ့ စကားများလို့ ဟိုဆွဲ ဒီဆွဲ လုပ်တာကို မှတ်မိနေတယ်… ရယ်ရတယ်နော်… နင်တို့ နှစ်ယောက်က မတွေ့ရလဲ ချစ်နေလိုက်တာ… တွေ့တော့လဲ ရန်ဖြစ်မယ် ဆိုတာချည်းပဲ… ပြီးတော့ ငါးမိနစ်တောင် မပြည့် မနေနိုင်ကြပဲနဲ့… အံ့ပါရဲ့” လို့ မြင့်မြတ်ပြောတော့ ခိုင် အားရပါးရ ပေါ့ပေါ့လေး ရယ်မိသွားတယ်… ဟုတ်တယ်နော် ကို… တွေ့လိုက်ရင် အကြောင်းရှာ စိတ်ကောက်တတ်တဲ့ခိုင် နဲ့ အစအနောက်သန်တဲ့ ကို က တကျက်ကျက်… ခုတော့ ခိုင်လဲ စိတ်ကောက်ရမယ့် သူမရှိတော့ စိတ်တောင် မကောက်တတ်တော့ဘူး ထင်ပါရဲ့နော်… ပဒေသာ ရောက်တော့ ကို ကြိုက်တဲ့ မလေးရှား ခေါက်ဆွဲကြော်နဲ့ ထောပတ်သီး ဖျော်ရည် တစ်ခွက် ပဲ မှာမိတယ်… ခိုင်က ရိုးရိုးမှာပေမယ့် ဆိုင်ကသိနေတယ်လေ… ဂျီးများလွန်းတဲ့ ကို စားနေကျ ပုံစံအတိုင်း ခိုင့်ကို ကြော်ပေးတော့ သူတို့လဲ ကို့ ကို အမှတ်တရ ရှိနေတဲ့ အတွက်ခိုင် ပီတိဖြစ်ရတယ်…
ပဒေသာ ကနေ ပြန်လာပြီးတော့ တနေကုန် ကို့ ကိုလွမ်းဆွတ်ခြင်း များစွာနဲ့ စိတ်ကို အတင်းထိန်းချုပ်ပြီး စာသင်နေခဲ့ရတယ် ကို… ဒီညနေတော့ ဘာဖြစ်ဖြစ် ကိုနဲ့ တူတူ စီးပြီးပြန်နေကျ ပါရမီကား စီးပြန်မယ်လို့ ဆုံးဖြတ်ထားမိတယ် ကိုရယ်… မြင့်မြတ်က အင်းယားမှာ ရခိုင်မုန့်တီသွားသောက်ရအောင်ပြောတော့ ခိုင် ငြင်းမိတယ်… အင်းယားရေပြင်ကို မြင်ရင် ကို က ကို နဲ့ခိုင့် နာမည်တွေလှေလေးပေါ်မှာ ရေးပြီး အင်းယားကမ်းစပ်အပြည့် လွှတ်ကစား တတ်တဲ့ ကို့ကို ခိုင် ပိုလွမ်းနေလိမ့်မယ်… ဒါကြောင့် ခိုင်တို့ ပုဂံလမ်းက နေဖြတ်ပြီး ဦးချစ်ဆိုင်ကို သွားဖို့ ဆုံးဖြတ်ကြတယ်လေ… အဲဒီကို သွားမှ ပင်းယဆောင် နောက်က ကို မေးနေကြ ကြွေဗေဒင်ကို မေးလို့ရမှာလေ… ဦးချစ်ဆိုင် ရောက်တော့ ခိုင် အသက်ရှူမေ့ မတတ် ဖြစ်သွားရတယ်.. ဖောက်ထားတဲ့ ကော်ဖီမစ်ထုပ် နှစ်ထုပ်နဲ့ အတူ ကျောပေးထိုင်နေတဲ့ အင်္ကျီ အပြာနဲ့ သူကို ကို လို့ တစ်ထစ်ချထင်သွားလို့ပဲလေ… အနောက်ကနေကြည့် တာ ကို နဲ့ တူလိုက်တာ… မြင့်မြတ်ကတောင့် တူလွန်းလို့ အံ့သြနေတာ… ခိုင် က ကို ခိုင့် ကို အသိမပေးပဲ ပြန်လာတာလို့ စိတ်ထဲက ထင်သွားရတဲ့အထိလေ… မဖြစ်နိုင်မှန်းလဲသိတော့ ခိုင်တို့ သူနဲ့ မျက်နှာချင်းဆိုင် ထိုင်လို့ရတဲ့ ခုံကို ရွေးထိုင်တယ်… ရုပ်ရေ သန့်သန့် ပြန့်ပြန့်ရှိတဲ့ ခိုင်နဲ့ မြင့်မြတ်လဲ ကို့ အမှတ်နဲ့ အလွမ်းပြေ ခိုးကြည့်ခဲ့တယ်လို့ ဝန်ခံမယ်ဆိုရင် ကို ခုလောက်ဆို မနာလိုဘူးဆိုပြီး ပွစိပွစိ အော်နေတော့မှာကို မြင်ယောင်မိပါရဲ့…
ဦးချစ်ဆိုင်ကနေထွက်ပြီး ကြွေဗေဒင်ဆီရောက်တော့ ကို့ကို ခင်တဲ့ ဗေဒင်အဒေါ်ကြီးက ကို ဘယ်တော့ပြန်လာမလဲတဲ့… ခိုင်လဲ ကို့ အတွက် ကျန်းမာရေးနဲ့ ခိုင်တို့ အချစ်ရေးကို ကြွေ ပစ်တော့ နှစ်ခါလုံး (၅)ကျတယ်… ခိုင်မာတဲ့ အချစ်ရေးမှာ ဝေးနေရအုံးမယ် ဆိုတဲ့ စာတန်းလေးနဲ့ ကျန်းမာရေး ချုချာမယ် ဆိုတဲ့ စာတန်းလေးနှစ်ခုကို ရတယ် ကို… ကို ဘာဖြစ်ဖြစ် ကြွေ ဗေဒင်ကို နိုင်ငံခြားမသွားခင် ယုံယုံ ကြည်ကြည် မေးခဲ့ဖူးတယ်မလား…. ခု ယုံကြည်တယ်ဆိုရင် ကျန်းမာရေး ဂရုစိုက်ပါနော် ကို…
ကြွေဗေဒင်မေးပြီး ကားဂိတ်ကို ထွက်အလာ ထိပ်မှာ မှာ ဦးတင်အောင် ကိုလှမ်းမြင်တော့ “ဆရာမလေး… ဆရာမလေးကြိုက်တဲ့ အသည်းနဲ့ ကောင်လေး ကြိုက်တဲ့ ကြာကြာဝါး ရှိတယ်လေ… တုတ်ထိုးကို ချိုးပြီး နောက်ပြောင်လိမ်စားတဲ့ ကောင်လေးကော နေကောင်းလား”တဲ့ … ခိုင်လဲ ပြုံးပြ ခေါင်းညိတ်ပြီး နောက်နေ့မှာ လာစားမယ်လို့ ပြောလိုက်ရတယ်လေ… ဘယ်နေရာရောက်ရောက်… ကိုချခဲ့တဲ့ ခြေရာတွေက ခိုင် အနောက်တကောက်ကောက်ပါတယ် ကို ရဲ့… ခိုင် ဘယ်ပြေး ပုန်းပုန်း ဒီပတ်ဝန်းကျင် ကနေ မလွတ်ဘူးနော် ကို… ဒါကလဲ ကို့ ကို ပိုလွမ်းစေတယ်ထင်ပါတယ်…
ညနေ(၅) နာရီင်္ခွဲ ပါရမီ ကားဝင်လာတော့ ဒီကားပေါ် ပြေးတက်မိတယ်… အရင်လို လက်ကာပြီး နေရာလုယူပေးမယ့် ကို့ကို လွမ်းသွားပြန်တယ်… ကားပေါ်ရောက်လို့ ကြောင်တောင်တောင် ရပ်နေရတဲ့ ခိုင့် ကို စပယ်ယာက “မွန်ထမီနဲ့ ဆရာမ အနောက်မှာ ထိုင်ခုံလွတ်တယ်” တဲ့… ဟုတ်ပါရဲ့ … ကို့ ကိုပြောဖို့ မေ့နေတယ်… ဒီနေ့ ကို ပေးထားတဲ့ ခရမ်းပြာရောင် မွန်ထမီ ကို “ကို” နဲ့ ရန်ဖြစ်စိတ်ကောက်လို့ ကို ပြန်ချော့တဲ့ နေ့က လှည်းတန်းဈေးက နေဝယ်ပေးတဲ့ ခရမ်းရောင် နုနုလေး ချည်သား အင်္ကျီကို ဝတ်ထားတာ ကို ရဲ့… ခိုင့် ကိုလွမ်းသွားပြီး မဟုတ်လား…. ခိုင်လဲ ဒီအကျီလေးကို ဝတ်တိုင်း ကို ပြန်ချော့တဲ့ နေ့လေးကို သတိရမိတယ်ကိုရယ်…
အိမ်ပြန်ရောက်တော့ မှောင်နေပြီး ကို… အိမ်ရှေ့မှာ ကို အရမ်းသဘောကျတဲ့ ဇွန်ပန်း ရုံ ကြီး က ဖွေးဖွေးဖြူပြီး တအိမ်လုံး မွှေးနေတယ်… ကို့ ကို သတိရမိလို့ အပွင့်လေးတွေကို ခူးလိုက်မိတယ်… အိမ်ရောက်တော့ အမေတို့က ထမင်းစားဖို့စောင့်နေတယ်… ဘာဟင်းလဲ လို့မေးလိုက်တော့ ကို မကြိုက်တဲ့ ဘဲဥဟင်းတဲ့လေ… ခိုင် ရယ်ချင်သွားတယ်… ရေချိုးပြီး အမေတို့နဲ့ ထမင်းစားရင်း ကို့ မေမေ ပြောပြဖူးတဲ့ ကိုမကြိုက်တဲ့ ဘဲဥ ရာဇဝင်ကို သတိရမိလို့ ပြုံးမိသေးတယ်… ခိုင်လဲ စားထားတာ များတော့ သိပ်မစားနိုင်ဘူးလေ… ကို့ ကို ဒီည စာရေးမယ်ဆိုတဲ့ စိတ်က ရောက်နေတော့ စောစောစီးစီး အခန်းထဲ ဝင်လာတာ….
ခု ဒီစာကိုရေးပြီးတဲ့ အချိန်က ည (၁၂)ကျော်နေပြီးကို… ခုချိန် ကို အလုပ်လုပ်နေရတယ်လို့ တွေးပြီး ကို့ ကို သနားသွားမိတယ်… ခိုင် ရေးစရာတွေ အများကြီး ရှိသေးတယ် ကို… ဒါပေမယ့် မနက်ဖြန် ခိုင် ဂျုတီ အစောကြီးဝင်ရမယ်လေ… ကံ့ကော်ပန်းတွေကို အကြာကြီး ငေးကြည့်ရင် ကို့ ကို လွမ်းနေရအုံးမှာပေါ့… ခုဒီစာနဲ့အတူ ခိုင်ခူးထားခဲ့တဲ့ ဇွန်ပွင့်လေးတွေ ပါထည့်ပေးလိုက်တယ်…
“ကို”
ကျန်းမာရေးကိုဂရုစိုက်ပါ…
အလုပ်ကို ဂရုတစိုက်လုပ်ပါ…
ခိုင်တို့ ဝေးနေပေမယ့် ကို့ကို နေတိုင်းသတိတရ လွမ်းနေပါတယ်…
မဝေးတော့ဘူးဆိုတာသိပေမယ့် မနီးသေးဘူးဆိုတာလဲ အလိုလိုသိနေပါတယ်…
ကို ပျော်ရွှင် ကျမ်းမာအောင်နေပါနော်…
ခိုင် “ကို့” ကို ချစ်တယ်နော်….
ဒီစာလေးကို ဖတ်ပြီး ကို ပြုံးမိရင် ဖြစ်ဖြစ် ကို ရယ်မိရင် ဖြစ်ဖြစ် အနည်းဆုံးတော့ ခိုင့် ကို သတိရသွားမယ် ဆိုတာ ခိုင် သိနေတဲ့ အတွက် ခိုင် ကျေနပ်နေမိတယ်…
အလွမ်းများစွာဖြင့်
ကို့ ရဲ့ခိုင်
ဒီစာလေးကို အခေါက်ခေါက် အခါခါ ဖတ်ရင်း ကြည်နူးလွတ်ဆွတ်မှု တွေနဲ့ အတူ ခိုင့်ကို သတိရနေပါတယ် ခိုင်ရယ်… ကံ့ကော်ပန်းဆိုတာ မပြောင်းလဲတဲ့ ထာဝရ အချစ်တဲ့... ကို နဲ့ခိုင် တို့ ရဲ့ ကံ့ကော် ရနံ့တွေ ထုံမွှန်းနေတဲ့ အချစ်တွေကလဲ မပြောင်းလဲပဲ ထပ်တူကျနေမယ်ဆိုတာ ….
ချစ်ခင်လေးစားရတဲ့ ချစ်မကြီးဝါ(ဝါဝါခိုင်မင်း) ရေ..... ကျေနပ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျာ....
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Comments
လူချစ်လူခင်များခဲ့တဲ့ ကိုဖိုးစိန်ကို ကျောင်းတော်ပတ်ဝန်းကျင်ကလူတွေ အမှတ်တရသတိရရှိနေကြတာကို ဖတ်ရင်း ထပ်တူမုဒိတာပွားမိပါတယ်။
အမြန်ဆုံး ချစ်သူ နှင့် လက်တွဲပြီး သာယာတဲ့အနာဂတ်ဖန်တီးနိုင်ပါစေ။
ခင်မင်ခြင်းများစွာနှင့်
ကို့ကို ချစ်တဲ့ ခိုင်.. မတရာဘူး.. ကျနော်လဲပြန်ရေးမယ်..
ကိုစိန်ကို ချစ်တဲ့ ဆိပ် အဟီး..(ညီအစ်ကိုလိုပြောတာပါ)... အဟဲ ကိုစိန်ရင်တွေခုန်သွားပုံရတယ်..
ခင်မင်လျှက်
အဆိပ်ခွက်
စာတကြောင်းတိုင်း အတွက် စာနာ နားလည်စိတ် တွေ
ဖြစ်နေမိတယ်။တချို့စာကြောင်းတွေဆို ကိုယ်ကိုတိုင်
ဝင်ရေးထားသလား ထင်ရလောက်အောင် ထိထိရှရှ ဖြစ်မိပါတယ်။
(ချစ်သူကို ဒီပို့စ်လေး ပေးဖတ်ရမယ်)
ဖိုးဖိုး အလွမ်းတွေ လျော့လို့ ပျော်ရွှင်ပါစေ။
ဘဲဥစားမှ နေကောင်းမယ် ။ ခိုင်တို့ နှစ်ယောက် မြန်မြန်နီးရမယ် လို့ ကြွေ ဗေဒင် က ပြောထားတယ်လေ ။
အဲဒီတော့ ကို မကြိုက်လဲ အောင့်ပြီးစားပါနော် ..
(ခိုင်လူကြုံ နဲ့ ထဲ့ပေးလိုက်လို့  အိမ်တိုင်ယာရောက် လာပို့ သွားပြီနော် ... မစားဘူးလား ၊ စားမလား ။ ပြော...)
အဟက် ..
ကဖိုးစိန်လေး ဘယ်လိုလုပ်မလဲ ...ဟဲဟဲ
မကြီးကိ ...လာနောက်သွားတယ် .
:D
ကိုနော်ကို.... ဟင့်.... :P
ခင်တဲ့
ချစ်ချစ်ချစ်တဲ့မောင် ၊ မောင်ချစ်တဲ့ချစ်ချစ်
လေးစားလျက်
တောင်ပေါ်သား
ဒီလာခဲ့ အကုန်ရစေရမယ်း)း)
တစ်တော့တစ်ပဲ ဆယ့်တစ်
အဟတ်
တစ်ထက်ပို တယ်ကွ
ဆယ့်တစ်
တစ်ဆယ်ပိုတယ်
အဟတ်
ချစ်ယောက်ဖရေ ဆယ့်တစ်နော်
ရှင်နော်ရှင်.. အဲ မှားကုန်ပြီး..
လွမ်းသွားတယ် ကိုဖိုးစိန်ရေ....
အဲလိုရေးသားထားတဲ့ စာမျိုး တစ်စောင်လောက်သာ ရောက်လာရင် ကောင်းမှာပဲဆိုပြီး စိတ်ကူးတောင် ယဉ်မိတယ်..
ကြည်နူးသွားတယ်ဗျာ..
ခိုင်နဲ့လည်း အမြန်ဆုံး ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
ခင်မင်စွာဖြင့်
စည်သူ။
ခိုင်တဲ့နောက်တစ်ယောက်တိုးလာပြန်ပီ
လူဆိုး
ယူအက်ဖ်အယ်လ် နဲ့ အင်းယားတောင်
သတိရသွားပြီ
ချစ်တဲ့သူနဲ့ အမြန်ဆုံးလက်တွဲပြီး
တူနှစ်ကိုယ်တိုင်းပြည်ကို
ထူထောင်နိင်ပါစေ
ခင်တဲ့
ညီဝသန်မိုး
ဖိုးစိန် အလွမ်းတွေစာဖွဲ့ထားတာလား မသိပေမယ့်
ဖတ်လို့အရမ်းကောင်းပါရဲ့။
ညီမလေးခိုင်ကို မကြီးမြင်ဘူးကတည်းက ခင်သွားမိတာ
လေ.. ချောချောလေးမို့ ။
ဖိုးစိန်ကောင်မလေးလားမသိဘူးလို့ ကြိုတွက်မိခဲ့တယ်။
သူငယ်ချင်းတွေလို့ ရေးထားပေမယ့် ခိုင်က မကြီးရဲ့
မျက်စိထဲမှာ ထင်းထင်းလေးနဲ့ လှနေတယ်။
ဖိုးစိန်ပုံမြင်တော့ ဖိုးစိန်နဲ့တောင် မလိုက်ဖက်ဖူး။ ဟဟ
ရေးခိုင်းဦး ကွန်မန့်ရှည်ရှည်. မဟုတ်တာတွေ လိုက်ရေး
မှ ရှည်ရှည်ရမယ်.း)))
ရေးထားတာလေးဖတ်ပြီး ခိုင့်ကို မျက်စိထဲမှာ ကွင်းကွင်း
ကွက်ကွက်မြင်ယောင်လာမိပါတယ်။
ခိုင်ကလွဲပြီး ဘယ်သူနဲ့မှ သဘောမတူနိုင်ဘူး ဖိုးစိန်ရေ.
မကြီးက ခိုင်ဘက်ကနော်.
ကျန်းမာပျော်ရွှင်ပါစေ။
မကြီးဝါ
ဘယ်လိုကြီးဖြစ်သွားမှန်းကို မသိဘူး မိန်းမတွေ လွမ်းပြမှာကြောက်တယ်ဗျာ
ခင်တဲ့
ရန်ကုန်သား
အေးမြသာယာပါစေ
ကံ့ကော်ပန်း အလွမ်း ပြေပါစေ :)
း( ပြန်လျော်ပေး ...
ချစ်စရာလေးဟယ်...နာမည်နဲ့သူနဲ့လိုက်တယ်...
ဗမာဆန်ဆန် တည်တည်ကြည်ကြည်လေး..
မျောက်စိန်နဲ့များကွာပ
အခုချိန်မှာမွန်းကျပ်လာတိုင်း အင်းယားမြက်ခင်းပြင်ပေါ်လှဲချပြီးသူငယ်ချင်းတွေနဲ့ ဂျလေဘီလုပ်ဘူးတာလွမ်းတယ် မနေနိုင်မထိုင်နိုင် ဒီကသူငယ်ချင်းတွေကို သူတို့မသိတဲ့အင်းယားအကြောင်းကြွားရသေး။
အခုတော့အဲလိုမလွပ်လပ်တော့ဘူးထင်ရဲ့း(
ဂျူ
း)
အတူနီးရမဲ့ ရက်တွေ မြန်မြန်ရောက်နိုင်ပါစေ လို့ ဆရာမလေး ခိုင် နဲ့ ချစ်ညိ မျောက်မျောက်တို့ အတွက် ဆုတောင်းပေးနေပါတယ်ဗျာ။
ဆရာမလေး ဘယ်လောက်ထိ ချစ်ပြီး လွမ်းဆွတ်နေလေသလဲ။ မျှော်လင့်စောင့်စား နေလေသလဲ ဒီစာလေးအရ လူတကာက သိနားလည်နေနိုင်တယ်။
မမ၀ါ ပြောသလိုပဲ။ ဆရာမလေး ခိုင် နဲ့ပဲ သဘောတူတယ် (မြင်တော့ ဖြင်ဖူးဘူး၊ စာလေးနြ့တင် သဘောတူသွားဘီ။ ချစ်နိုင်သလောက် သစ္စာ ရှိရှိ စောင့်နေနိုင်လို့)
ရုတ်ရုတ် ရှုပ်ရှုပ် လုပ်လို့ကတော့ ဂုတ်ဂုတ် ဂုတ်ဂုတ် ဖြစ်အောင် ဇက်ပိုးကို ခုတ်မယ်၊ ပုဆိန်နဲ့။ (ဆရာမလေး ခိုင်အတွက် ၀င်ကြိမ်းသွားပါတယ်)
ဟေ ဟေ ဟေ့ ဟေ
အလွမ်းတွေကို ချပြပြီး ချစ်မြတ်နိုးခြင်းနဲ့ သစ္စာကို လှစ်ပြသွားတဲ့ စာကောင်းလေး တစ်ပုဒ် ပါ။
(အိမ်က စက်မကောင်းလို့ ချက်ချင်း မမန့်နိုင်တာ စိတ်မကောက်ပါနဲ့ဗျို့)
ချစ်ခင်စွာဖြင့်
ကိုမောင်ဟန်
မောင်လေး ပျော်ရွှင်ပါစေ
မကြီး
မောင်လေး ပျော်ရွှင်ပါစေ
မကြီး
မရောက်တာကြာသွားပီကိုဖိုးစိန်.. နေကောင်းပီဟုတ်း)
ကိုဖိုးစိန်ကြီး ကံကောင်းပါစေ
ပျော်ရွှင်ပါစေ
ဒါနဲ့ ဓါတ်ပုံပြဦး (မမခိုင်ပုံပြောတာနော် ဟိုဓါတ်ပုံ မဟုတ်ဘူး :P)