အတင်းပြောရရင်ဖြင့်

ကျနော့် ဖေဖေနဲ့ မေမေက အရမ်းလိုက်ဖက်တဲ့ စုံတွဲပါ… ဖေဖေက လူမုန်း… မေမေက နှင်းဆီ ဆိုပြီး ကျနော်တို့မောင်နှမသုံးယောက်က မြှောက်ပြောရင် နှစ်ယောက်လုံးက တပြုံးပြုံးနဲ့… ကျနော်တို့ မောင်နှမ သုံးယောက်က စိတ်ကောင်းရင် ဒီလိုပဲ ညာစားနေကျ… စိတ်ဆိုးပြီးလာဆိုရင် ဖေဖေက အံ့ကျော် မေမေက မတူးပဲ… (နောက်ကွယ်မှာ သူတို့ မသိအောင် အတင်းအုပ်ရတာပေါ့)… တကယ်လဲ ကျနော့် ဖေဖေနဲ့ မေမေ့ကို သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံ လို့ပြောရင်လွန်မယ် မထင်ဘူး… တကယ်ကို ကြင်ကြင်နာနာရှိကြတယ်… သားသမီးတွေကို ချစ်တာထက်ပိုပါတယ်… (“ချစ်လို့ ယူထားတာကွ… မင်းတို့က အပိုဆုတွေ… ဘေးထွက်ပစ္စည်းတွေ” လို့ ဖေဖေက အမြဲပြောတတ်တယ်)

ဖေဖေက မေမေ့ထက် အသက်(၁၅) နှစ်ငယ်တယ်… ဖေဖေက အလုပ်ကြမ်းတွေကိုသာ လုပ်ခဲ့ရတော့ မေ့မေ့ထက် အသက်ငယ်ပေမယ့် အများအမြင်မှာ မေမေ့ထက် အသက်ကြီးတဲ့ပုံပေါက်တယ်… ဖေ့ဖေ့ကိုယ်လုံး ကိုယ်ပေါက်က မောင်ဗမာ တွေလို အားအင်ဗလ ပြည့်ဖြိုးတောင့်တင်းပြီး (သားဖြစ်သူ ဖိုးစိန်နဲ့ ယှဉ်ရင် ဝါးချမ်းပြားနဲ့ ကျွန်းပင်) ၊အသားကလဲ အလုပ်ဒဏ်ကြောင့် မဲပြာရောင်ထနေတော့ အဖေ့က အသက်ကြီးပုံပေါက်တယ်… ဒါကြောင့် ဘယ်လိုမှ ယှဉ်လို့ မရအောင် မေမေက အရမ်းကိုနုတယ်… မေမေက အိမ်ထဲမှာပဲနေရင်း အလှတွေပဲ ပြင်နေတော့ နုဖတ်ချောမောနေတာ မဆန်းပါဘူး… (ပြောရင် ခေါင်းခေါက်ခံနေရအုံးမယ်)

ဖေဖေ့ကို အသက်ကြီးတယ်လို့ ထင်ရလောက်အောင်လဲ သူတို့ နှစ်ယောက် အခေါ်အဝေါ်ကိုကြည့်… ဖေဖေက မေမေ့ကိုခေါ်တယ် “ညီမ”တဲ့…. (ဟိဟိ)… မေမေကပြန်ခေါ်တယ် “အကို”တဲ့… ကဲ…ကြားတဲ့သူတွေကတော့ မေမေ့ကို ငယ်တယ်ထင်တာ မဆန်းဘူးပေါ့…

ဒီလို ဒီလိုတွေကြောင့် ဖေဖေနဲ့ မေမေ့ကို မသိတဲ့သူတွေက ဖေဖေအသက်ကြီးတယ်လို့ ပဲထင်ကြတယ်… မေမေကို နုတယ် ငယ်တယ် ပြောသံကြားရင် ပီတိဖြစ်လို့ တပြုံးပြုံး…. ဖေဖေကလဲ မိန်းမဖြစ်သူ နုတယ် လှတယ်လို့ ပြောရင် စကားဆက်မပြောနိုင်ပဲ ပီတိတွေ ဂွမ်နေတာ…. ဒါပေမယ့် ဖေဖေက မေမေအသက်ပိုကြီးကြောင်းကို ပြောချင်တယ်… ဆိုလိုချင်တာက မိန်းမကို ခြေမွေးမီးမလောင် လက်မွေးမီးမလောင်ထားလို့ မိန်းမက နုပျိုနေတာကို ကြွားချင်တာ… မေမေကတော့ မိန်းမပီပီ အသက်ကြီးတယ်ပြောတာကို နည်းနည်းမှ မကြိုက်ဘူး…

မှတ်မှတ်ရရ ဖေဖေ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို အလုပ်စကားပြောဖို့ ခေါ်ရင်း ဖေဖေနဲ့ တူတူ အိမ်မှာအရက်သောက်ကြတယ်… အရှိန်ရလာတော့ စီးပွားရေး အကြောင်းတွေ၊ သားသမီးအကြောင်းတွေ ပါလာရင်းနဲ့ မိန်းမအကြောင်းပါလာတယ်… ဖေဖေက မေမေ နုကြောင်းကို ကြွားချင်တော့ “ကျွန်တော့် မိန်းမ အသက်ဘယ်လောက်ရှိပြီးလဲ သိလားလို့” ဧည့်သည်ကို မေးတယ်… ဖေဖေ့အသက်ကို သိထားတဲ့ ဧည့်သည်က ဖေဖေ့အသက်ထက်လျော့ပြီး “အနည်းဆုံးရှိ လေးဆယ်ငါး” (အဲဒီအချိန် မေမေက ငါးဆယ်ကျော်နေပြီး) လို့ ဖြေတာကို ဖေဖေက မဟုတ်ဘူးဆိုပြီးမေမေ့ အသက်အမှန်ကိုပြောလိုက်တယ်… ဖေဖေက မေမေ လှကြောင်း နုကြောင်းကို ဂုဏ်ယူတာပါ… ဧည့်သည်လဲ ပြန်သွားရော အိမ်မှာ အသံတိတ် စစ်ပွဲ ဆင်နွှဲကြတယ်… တီးတိုး တွတ်ထိုးနေတာ မမြင်ချင်ယောင် ဆောင်လို့ရတယ်… မကြားချင်ယောင် ဆောင်လို့ မရဘူးလေ… မေမေစိတ်ကောက်တယ်… ဖေဖေ့က သူ့ကို အသက်ကြီးတယ်ပြောပြီး ဧည့်သည်ရှေ့မှာ အရှက်ခွဲရမလားဆိုပြီး ဖေဖေ့ကို တခန်းထဲ အိပ်ခွင့် ပါမစ်ပိတ်လိုက်တယ်… (ဖိုးစိန်လဲ ဖေဖေ့ကို အရမ်း သနားသွားပြီး တစ်ည တစ်ဆယ်နဲ့ ဖိုးစိန် အခန်းထဲမှာ အိပ်ခွင့်ပေးခဲ့ပါတယ်…မကြာပါဘူး… မေမေနဲ့ ပြန်ခေါ်သွားတော့ စိတ်တောင်မကောင်းဘူး… စီးပွားပျက်လို့)

ဖေဖေက မေမေ့ကို သည်းခံပြီးတော့ကို ချစ်တာ… ဘယ် အချိန် အိမ်ကို ပြန်ရောက်ရောက် မေမေ့ ကို အရင်မေးတယ်… မတွေ့ရင် လိုက်ရှာတယ်… ကျနော်တို့ကိုမေးတယ်… မသိဘူးပြောရင် “မင်းတို့ အမေ ဘယ်သွားလဲ မသိရအောင် မင်းတို့က ဘာလုပ်နေကြလဲ” ဆိုပြီး ကြိမ်းတတ်တယ်… အဲဒီအခါက ညီမလေး ပြောတဲ့စကားကို သတိရတယ်… “မေမေက ကလေးမှ မဟုတ်တာ… အနောက်က တကောက်ကောက်လိုက်ပြီး ထိန်းစေချင်ရင် ပိုက်ဆံပေးထားပေါ့” ပြောမှ ဖေဖေက ပြုံးစိစိနဲ့…

အိမ်ပြန်ရောက်လာလို့ မေမေ့ မျက်နှာ မကောင်းရင် အဖေ့ခမျာ ပြာယာခတ်နေပြီး… မေမေ့မျက်နှာ ညှိုးနေတာ လုံးဝမကြိုက်ဘူး… မေမေ တစ်ခုခု ဖြစ်နေရင် သားသမီးတွေ ဖြစ်တဲ့ ကျနော်တို့ကို ဖေဖေက အော်ငေါက်ချင်သေးတယ်… မေမေက ဒီအထာတွေ ကောင်းကောင်းနပ်နေတော့ ကျနော်တို့ကို ဆုံးမလို့ မရတဲ့အခါ ဖေဖေပြန်လာခါနီး မျက်နှာလေးညှိုးလို့ နေမကောင်းချက်ချင်းဖြစ်တတ်တယ်… မူယာမာယာ များတဲ့ မေမေပေါ့…

ဖေဖေက ဂရုစိုက်မှန်းသိတော့ “မင်းတို့အဖေ ပြန်လာရင်တိုင်ရမလား” ဆိုပြီး အမြဲ ကြိမ်းမောင်းတယ်… “တိုင်လိုက်”လို့ ကျနော်တို့ပြောတဲ့နေ့ဆို မေမေက ပညာ ပြပြီးလေ… တနေကုန် မေမေက အကောင်းသားဆိုတာ ကျနော်တို့ သိနေတာပဲ… ဖေဖေ့ရှေ့ရောက်ရင်သာ ပလီပလာနဲ့ ပရုတ်ဆီလေးလူးပြီး အိပ်ယာထဲ လှဲနေတာ… (ဟိဟိ… မေမေ့အကြောင့် အတင်းပြောတာသိရင် ခေါင်းခေါက်ခံထိတော့မှာပဲ) ပြီးရင် “အကို့သားသမီးတွေက ဆုံးမလို့ မရဘူး သူတို့ကြောင့်ဒုက္ခရောက်ရတယ် ငိုရတယ်… ခုတော့ နေမကောင်းဖြစ်ပြီး” ဆိုပြီး ငိုမဲ့မဲ့ မျက်နှာနဲ့ ဖေဖေ့ကို တိုင်တယ်… ဖေဖေက ကျနော်တို့ သုံးယောက်ကို ပတ်ပြီး ဆူရင် မေမေက “ကဲ.. မှတ်ပြီးလား” ဆိုတဲ့ မျက်နှာပေးနဲ့ ခိုးခိုးရယ်တာ… ဖေဖေလဲ သိပါတယ်… ရိပ်မိပါတယ်… ဒါပေမယ့် မေမေ ပျော်သွားတာမြင်ရင် ဖေဖေပျော်ပုံရပါတယ်… မေမေစိတ်ကျေ နပ်အောင် ကျနော်တို့ကို ဟန်ဆောင်ဆူငေါက်ပါတယ်… (နောက်ကွယ်မှာတော့ မင်းတို့ အမေအသက်ကြီးပြီး… သူပျော်အောင်ထားပါ… သူမရှိမှ မင်းတို့ မျက်ရည်မကျနဲ့ ခုလိုပဲ ပျော်နေပါစေလို့ ခဏခဏပြောတတ်ပါတယ်)… ကျနော်တို့လဲ ပျော်ရပါတယ်… အော်ခံထိရင်တော့ မေမေ့ကို ရန်လုပ်ချင်ကြတာပေါ့…

တကယ်တော့ မေမေကလဲ ရောဂါသည်ပါ… မေမေခမျာ ဘဝမှာ မဖြစ်ဖူးတဲ့ရောဂါတွေ အကုန်ဖြစ်တာပဲ… ဒါကြောင့်လဲ ဖေဖေက မေမေ့ကို သနားပြီး ပိုချစ်တာပေါ့… ဒါကို သိတဲ့ မေမေကလဲ တခါတလေ ကျနော်တို့ကို ပြောမရ ဆိုမရရင် အဲဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချတတ်တယ်… အဲဒီတော့ ကျနော်တို့ မောင်နှမ သုံးယောက် တိုင်ပင်ပြီး မေမေ့ကို ပြန်ပြီး ကြတ်တယ်… အကြံကြီးကြီးတွေ ကြံပြီး မေမေ့ဆီက မုန့်ဖိုးတွေ လိမ်ညာယူကြတယ်..

မှတ်မိသေးတယ်… အကြံက အငယ်ဆုံး ညီမ ပညာရှင်မပါ… ညီမလေးနဲ့ ညီက တကြိတ်ထဲ တဥာဏ်ထဲ… ကျနော်က ထောက်ခံရေးသမား… ညီက မေမေကို “ဖေဖေ့ကမိန်းမကြီးတစ်ယောက်နဲ့ စကားပြောနေတာ တွေ့တယ်… မရိုးသားဘူး” ဆိုပြီး ပြောလိုက်တော့မေမေက စိတ်တွေပူပြီး ဖေဖေ့နောက်ကို မသိမသာလိုက်ခိုင်းတတ်တယ်… ဖေဖေ အလုပ်သွားရင် ညီက ဖေဖေ့အနောက်စိတ် မချလို့ လိုက်တယ်ဆိုပြီး ဆိုင်ကယ်ဆီဖိုး… မုန့်ဖိုး ပိုရတယ်… ညီက အပြင်ရောက်ရင် အိမ်ကို ဖုန်းခေါ်တယ်… ကျနော်နဲ့ ညီမလေးက က “ဦးထွန်းမြင့် မရှိဘူး ဘာပြောရမလဲ” လို့ မေမေကြားအောင်ပြောတယ်… မေမေက မေးရင် ဘယ်က “မိန်းမအသံလဲမသိဘူး အီညှောင်အိညှောင်သံနဲ့ ဖေဖေ့ကို မေးတယ်”ဆိုရင် မေမေက စိတ်တွေတိုနေပြီး… ရယ်ရတယ်… ညီမလေးက မေမေ့ကို ကိုငယ်ပြောတာတွေ ဟုတ်မယ်ဆိုပြီး ထောက်ခံပေးတယ်… ကျနော်ကတော့ အိမ်မှာ သောင်းကျန်းချင်ယောင်ဆောင်တယ်… “ဒီလိုဖြစ်လာလို့ကတော့ လုံးဝ လက်မခံနိုင်ဘူး… ဘာဘူး… ညာဘူးပေါ့”… အဲဒီအချိန်မှာ မေမေက သူ့ဘက်တော်သားတွေ အဖြစ် ကျနော်တို့ မောင်နှမ စိတ်တိုင်းကျထားတယ်… မေမေ အလှတွေ ပိုပြင်တယ်… ဆံပင်တွေ ကောက်တယ်… ညီမလေးကို မေမေ့ကို မြှောက်ပင့်ပေးတာကို… ဖေဖေကို လဲ တခါတလေ မကျေနပ်တဲ့စကားတွေ ပြောတယ်… ဖေဖေက ဘာမှန်းကိုနားမလည်ဘူး… မသိဘူး… “ငါ့မိန်းမ ခုတစ်လောအလှတွေ ပြင်နေပါလာဆိုပြီး သဘောကျ နေတာ”… မေမေစိတ်တိုနေတာကို လုံးဝမသိဘူး… ကျနော်တို့ကသာ လုပ်ကြံ ဇာတ်လမ်းပေါ်မှာကြောက်လို့ မေမေတင်းလာရင် ပြန်လျှော့ပေးလိုက်… ဖေဖေ့ကို မသိမသာချော့လိုက်နဲ့ နှစ်ဖက်ကမုန့်ဖိုးတွေ ညာစားနေတာ…

တစ်ရက် မုန်တိုင်းက ပြင်းထန်လာတယ်… တိုင်ပင်မထားပဲ ကျနော်တို့ မောင်နှမ သုံးယောက်က ညီလေးတွေ ညီမလေးတွေ ထပ်လိုချင်မလိုချင် ငြင်းနေတာကို မေမေကြားတော့ ညီက ဒါအကွက်ကောင်းပဲ ဆိုပြီး “သားတို့မှာ နောက်ထပ် အပိုညီလေး ညီမလေးတွေရှိရင်ဘယ်လိုလုပ်မလဲ”ဆိုပြီး မေမေ့ကိုပြောလိုက်တယ်… ဘာမဆိုင် ညာမဆိုင်တွေးပြီး မေမေပေါက်ကွဲပါလေရော…

ညနေဖေဖေပြန်ရောက်တော့ အိမ်ပေါ်မတက်ရသေးတဲ့ ဖေဖေ့ကို “အဲဒီမိန်းမနဲ့ ကလေးကို ဖြတ်ရင်ဖြတ် မဖြတ်ရင် ငါ့ကိုကွာ”ဆိုပြီး ချက်ခြင်းကြီးပြောလိုက်တော့ ကျနော်တို့လဲ ဘာမှ လုပ်လို့မရတော့ဘူး… ပြသနာကြီးသွားတယ်… ဖေဖေက ဘာမှန်းကို မသိပဲ မေမေပြောတာကြောင်ပြီး ရယ်နေတော့ မေမေက ဒေါသတွေထွက်ပြီး ဖေဖေ့ကို အိမ်ပေါ်က ဆင်းခိုင်းတယ်… ဖေဖေက ဘုမသိ ဘမသိ အပြောခံရတော့ မေမေ့ကို ပြန်ဟောက်ရော… အဲဒီအခါကျမှာ ကျနော့်တို့က ကျနော်တို့ ရှုတ်ထားတဲ့အမှုကို ပြန်ရှင်းပြီးတောင်းပန်ရတယ်… မေမေက သူ့ကို လိမ်ညာပြောရမလားဆိုပြီး ဒေါသတွေထွက် ဖေဖေကတော့ တဟားဟားနဲ့ သားသမီး လှိမ့်တာ ခံရတဲ့ မေမေ့ကို စနေတာ…

နောက်ဆုံးရလာဒ်က ဖေဖေအိမ်ပေါ်က မဆင်းရဘူး… ကျနော့်တို့မောင်နှမ သုံးယောက် မေမေ မောင်းချလို့ အဖွားအိမ်ကို အထုတ်ပိုက်ပြီး အိမ်ပေါ်က တစ်ပတ်ဆင်းသွားရတယ်… အရင်က ပိုရထားတဲ့ မုန့်ဖိုးတွေကို အတိုးနဲ့ ပိုဖြတ်ခံ ထိသေးတယ်… ဖေဖေကတော့ ပျော်နေတာပေါ့… “ကောင်းတယ် မိဘကို နှစ်ဖက်ချွန်တဲ့ကလေးတွေ… ခုတော့ အိမ်ပေါ်က မောင်းချခံထိတယ်” ဆိုပြီးပြောလိုက် အရက်သောက်လိုက်နဲ့ ပျော်နေတာ… သြော်… ကိုယ်အမှုကိုယ် ပြန်ပတ်တယ်ဆိုတာ ဒါမျိုးပေါ့….

အဖေတို့နှစ်ယောက်ကတော့ “အကိုရေ”… “ညီမရေ”… နဲ့ နှစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့ကြတာ… သားသမီးတွေ မရှိတော့ အဖေတို့စုံတွဲ ထွက်ချင်တိုင်းထွက် စားချင်တိုင်းစားနေကြတာ ကျနော်တို့ မောင်နှမ သုံးယောက်ကိုမေ့လို့… ခုထိ အသက်တွေကြီးလဲ အဖေနဲ့ အမေနဲ့ ကချစ်တုန်း ကြင်နာတုန်း… အကို နဲ့ ညီမ လို့ အပြန်အလှန် ခေါ်နေတုန်း…

ဖေဖေ့ မေ့မေ့ကို ချစ်တဲ့ အချစ်က တကယ့်ကို ကြည်နူးအားကျစရာ… ပီတိဖြစ်စရာပါ… တခါတလေ ကျနော့်တို့ကိုတောင် ချစ်ရဲ့လားလို့ သံသယ ဝင်ရမလိုလို…

ဘာပြောပြော ဖိုးစိန်လဲ အဖေတူသားပါ… (ဟိဟိ) ကြော်ငြာဝင်သွားပါတယ်…

ဖေဖေနဲ့ မေမေတို့ရဲ့ နှစ် (၃၂) နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည်လေးကို အကြောင်းပြပြီး ဖေဖေ မေမေ အကြောင်းကို အတင်းပြော ဦးညွတ်ကန်တော့လိုက်ပါတယ်..

အကိုနဲ့ ညီမ ဖြစ်တဲ့ ဖေဖေ၊ မေမေနဲ့ အတူ ဖေဖေ့သားငယ် မောင်ချွန်တွန်း… ဖေဖေ့သမီးငယ် မသံယောင် ကို ဖေ့ဖေ့သားကြီး မောင် ထောက်ခံက သတိရ လွမ်းဆွတ်နေပါတယ်ခင်ဗျားး

ငပြည့်နဲ့ မကလျာထွဋ်ထွဋ်လူးရေ... ငါနေမကောင်းပေမယ့် နင်တို့ဖတ်ချင်တယ် ဆိုလို့နော်...း)... ဖေနဲ့မေ အတွက်လဲ အမှတ်တရဖြစ်အောင်ပါ... သူတို့တွေ ပြုံးနေမှာ မြင်ယောင်ပါတယ်..

ဖတ်ချင်တယ်ဆိုတဲ့ အိမ်ရဲ့အကြောင်းကို ရေးပေးလိုက်တယ်... ကျေနပ်ပါ...

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

Mogok Thar said…
တစ် လာဦး ဆိုလို့ အရင် တစ်လာဦးပါတယ်။
စက်နှေါ် နြေဲပီး စက်နေမကောင်းရတဲ့ကြားနော်
Mogok Thar said…
အတင်းအရင်ပြော.. အဲလေ အတင်း ပြောတာ ဖတ်လိုက်အုံးမယ်
နှစ် လာယူတာ
Mogok Thar said…
ထူး ပါဘူး။ ပထမ၊ ဒုတိယ၊ တတိယ သုံးဆုလုံး ယူပီးမှ ဖတ်မယ်
khin oo may said…
အကိုနဲ့ညီမရဲ့ ၃၂ မင်္ဂလာနစ်လည်ကနေ အရှည်ဆက်လက်တည်တံခိုင်မြဲ အမြဲပျော်ရွင် စိတ်ချမ်းသာစေရန် ဆုမွန်တောင်းပါသည်.
Yu Ya said…
ကိုဖိုးစိန်ရဲ့ အိမ်အကြောင်းလေး လာဖတ်သွားတယ်ဗျ.

yu ya
အိန္ဒြာ said…
အဖေတူသားဖိုးစိန်လေး...တဲ့လား...

နေမကောင်းတဲ့ကြားကရေးထားတာလေး..

ကြည်နူးစရာကောင်းလိုက်တာ..

နေမြန်မြန်ကောင်းပါစေ.ဆုတောင်းပေးသွားတယ်..ဖိုးစိန်ရေ..
Mogok Thar said…
ချစ်ညီ မျောက်မျောက်ရဲ့
ချစ်သော ဖေဖေ၊ ချစ်သောမေမေတို့ ရွှေရတု၊ စိန်ရတု၊ ပတ္တမြားရတု... ရတုပေါင်း များစွာမှာ အမြဲ ပျော်ရွှင်ငြိမ်းချမ်းစွာနဲ့ ရွှေလက်တွဲနိုင်ကြပါစေ။

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို မျက်စိထဲ မြင်ယောင်ပီး ကြည်နူးမိပါတယ်။

မိသားစုနဲ့ ဒီလို ပျော်စရာကောင်းတဲ့ အချိန်လေးတွေ ညီလေး အမြန်ဆုံး ပြန်ရပါစေ လို့ ဆုတောင်းပေးလျှက်

ချစ်ခင်စွာဖြင့်
ကိုမောင်ဟန်
kiki said…
ပျော်စရာ မိသားစုလေး ...
ရှေ့ ဆက်ပြီး ထာဝရ ပျော်ရွှင်ချမ်းမြေ့ နေနိုင်ကြပါစေ ။
အဖေတူသားဆိုတော့ ၁၅ နှစ် ကြီးတာ သာ ရှာယူပေတော့ စိန်မျောက်မျောက်ရေ ..

ထမင်းထုပ် ပြင်ထားပေးမယ်နော် ...း))
Mogok Thar said…
မအိန္ဒြာ မန့်ထားမှ သတိရတယ်
ဖအေတု သားလေး ဆိုပီး သိပ်ချစ်တတ်တာ ထည့်ကြွားသွားသေးတယ်။
ကြွားစိန် ကတော့ မနိုင်ဘူး

နေ မြန်မြန်ကောင်းပါစေ။ ခေါင်းကိုက်ရောဂါ အမြစ်ပြတ် ပျောက်ကင်းပါစေ
ချစ်သောသူနဲ့ အမြန်ဆုံး အတူ နေနိုင်ပါစေ

(အင်း၊ တစ်ယောက်ထဲ မန့်နေတာ ငါးခါရှိပီ။ အသံတွေ ထွက်လာောတ့မယ် ဟေဟေ့)
ဖြူ said…
လူဇိုးတွေ.
ဖိုးစိန် အမေက တကယ် နုတာပဲ။ မပြောရင် လုံးဝ မသိနိုင်ဘူး။ ပြောတော့လည်း ယုံစရာ မကောင်းဘူး။
ချစ်တတ်ပုံက ကြည်နူးစရာကောင်းလိုက်တာ။
ဖိုးစိန်တို့ မိသားစုက တကယ် ပျော်စရာပဲ။
၃၂ နှစ် မင်္ဂလာတဲ့လား။

ပျော်ရွှင် ချမ်းမြေ့ပါစေ။

ဖိုးစိန်လည်း နေကောင်းပါစေ။
တချိန်လုံး နေမကောင်းဖြစ်နေတာပဲ။ ခမဲလိုတာနေမယ်။


မအယ်
MANORHARY said…
အသက်ကလေးက သုံးဆယ်နားကပ်လာတော့
နည်းမျိုးစုံနဲ့ ကြော်ငြာဝင်ရတော့တာပဲ
အော်.. ကြော်ငြာအေဂျင်စီထောင်ရင်
ခေါ်မယ်နော်း))
Vista said…
ဟိဟိ တော်တော်ဖတ်ကောင်းတယ်
Vista said…
အမ် ..အဖေတူသားဆိုပါလား ဘလိုင်းကြီးနော် ..း)
ဖိုးစိန် ရဲ့ မိဘ ၃၂နှစ်ပြည့် မင်္ဂလာမှသည် ၁၂၀ နှစ်ပြည့် တိုင်အောင် ကျန်းကျန်းမာမာ ဖြင့်လျှောက် လှမ်းနိုင်ပါစေ။
ဟာဟ ဖိုးစိန် တို့ကတော့ ဘလိုင်းကြီးကြွားတာ ဘာတဲ့ ဖအေတူသားတဲ့။
ဖတ်လို့အရမ်းဂွတ်တယ်
မေလေး said…
ကြေငြာဝင်ဒယ်း)
juli said…
ဖတ်ရတာ ကြည်နူးစရာပဲ...
း) တော်တော်ဆိုးတဲ့ စိန်စိန်ပဲ
အတင်းပြောစရာ ရှားလို့ မိဘတွေအကြောင်း အတင်းတုပ်ရတယ်လို့ကွာ.. စိန်နော် သတိထားဟွန်းးး


ပျော်ရွှင်စရာ ကောင်းတဲ့ အဲ့လို မိသားစုလေးကို တော်တော်လေး မက်မောမိပါတယ်ဗျာ... တယောက်နဲ့တယောက် နားလည်မူတွေနဲ့၊ သားသမီးတွေကိုလဲ ချစ်တတ်သလို သားသမီးတွေကလဲ မိဘကို ရိုသေလေးစားမူတွေနဲ့ တကယ့်ကို သာယာဖွယ် စံပြထားသင့်တဲ့ မိသားစုလေးပါ။ အားကျပါတယ်


လေးစားလျက်
တောင်ပေါ်သား
ကိုဖိုးစိန် ကတော့ရှယ်ကြွားတာပဲ.... အဖေတူသားတဆိုတော့ ဘယ်လိုတူလဲဗျာ....
အဖေလို ကိုယ့်ထက် အသက် ၁၅ နှစ်လောက်ကြီးတဲ့ မမကြီးလား... ဟီးဟီး ဖွလိုက်မယ်နော်.... ဘယ်လိုလဲ ရှင်းပြဦးနော်...
ချစ်တတ်တယ်၊ကြင်နာတတ်တယ် ဆိုတာတော့ ယုံတယ်ဗျာ...တကယ်ပါ... နေကောင်းကျန်းမာ ပျော်ရွှင်စွာဖြင့်...ချစ်သူ နှင့် မြန်မြန်လက်တွဲ နိုင်ပါစေဗျာ...
ခင်မင်စွာဖြင့်
ကိုကိုသုန်
နွေးနေခြည် said…
ပျော်စရာကြီးနော်း)
ဖတ်ရတာ တပြုံးပြုံးနဲ့

ကြော်ငြာကလည်း ၀င်သေး
ကိုဖိုးစိန် ဒွေးမသေခင်မွေးပေလို့ပဲ။
သေပြီးမှများမွေးရင် ကြော်ငြာမင်းသားသေလို့ဝင်စားတယ် မှတ်ရမယ်..။


ကြည်နူးစွာလာဖတ်သွားပါတယ်နော်..။
ဒါတော့ ဖိုးစိန် သက်သက်ကြွားတာ ဖိုးစိန် မေမေအသက်က အဲဒီလောက်ကို မရှိနိင်သေးဘူး
(အိမ်သွားလည်ရင်တော့ ကောင်းကောင်းစားရပြီ)

ဖိုးစိန်တို့ မိသားစု အကြောင်း ဖတ်ပြီးတိုင်း ကြည်ကြည် နူးနူး ဖြစ်မိတယ်...။

မိသားစုတွေ အမြန်ဆုံး ပြန်ဆုံပြီး ပျော်ရွှင်စွာ ဘ၀ခရီး ဆက်နိင်မှာပါ။

သူငယ်ချင်း ဖေဖေနဲ့မေမေလည်း နောက်ထပ် ပတ္တမြားရတုတွေ စိန်ရတုတွေကို သားသမီးတွေ စုံလင်စွာနဲ့ ဆင်နွဲနိင်ပါစေ။
မိသားစုဘ၀ကပျော်စရာကြီးပါလား ရုပ်ရှင်ကြည့်နေရသလိုပဲ အဖေနဲ့အမေကလည်း သိပ်ချစ်ကြတယ် မိသားစုစုံစုံညီညီ နေရတယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့.... :)
Unknown said…
ငစိန်

ငါတို့သတိရတယ် နင်တို့အိမ်မှာ စုနေကြတုန်းက ညတိုင်း ဦးက သူ့ဘဝအကြောင်း နင်တို့အကြောင်း အန်တီ့အကြောင်းတွေကိုပြောပြတာရယ်ရတယ် ပျော်တယ် မိသားစုတစ်ခုထဲတိုးဝင်သွားရသလိုခံစားရတယ် နွေးထွေးတယ် ကြင်နာတယ် ညညနင်တို့မိသားစုသီချင်းလုဆိုတာ ထမင်းဝိုင်းမှာမဆံ့ပဲတစ်ယောက်ပေါ်တစ်ယောက်ထပ်ထိုင်ပြီးစားခဲ့တာတွေးတိုင်းကြေနပ်တယ်
ပျော်စရာကောင်းတဲ့မိသားစု ဆိုတာငါလုံးဝထောက်ခံတယ် ငစိန်
အားလုံးကို သိပေမယ့် ပြန်ဖတ်ရတော့ အရမ်းကောင်းတယ်
ရေးခိုင်းတာကြာပြီးလေ ခုရေးပေးတော့ ကျေနပ်တယ်
နင်နေကောင်းအောင်နေပါ
နင်ကတစ်ယောက်တည်း
အားမငယ်နဲ့ ငါတို့ရှိတယ်
အားလုံးက ညီအကိုတွေလေ ကဲကြမယ်
ကြော်ငြာထားတယ်ဟုတ်လား

မယုံကြနဲ့ ဦးနဲ့ ငစိန်နဲ့က တခြားစီ
ငစိန်က စိတ်မရှည်ဘူး မထင်ရင်မထင်သလို လုပ်တယ်
မချစ်တတ်ဘူး ဦးနဲ့တခြားစီ စာဖတ်သူများ သေချာဂရုပြု
ကလျာတစ်ယောက်တော့ နင်က ထွတ်ထွတ်လူးခေါ်လို့လူးနေတယ် သေဖို့ပြင်ထားတဲ့ စိန်နန့်နန့်တဲ့
ငါမပြောဘူးနော်

ဟီးး

ဒီစာကို ဘယ်လောက်မှန်အော်ရိုက်ကျင့်ရလဲ ငစိန်သဘောပေါက်ပါ
အဟီး..ပျော်စရာကြီး....
နှစ် တရာတိုင် ပေါင်းရပါစေဗျာ....
ရေးထားတာလေး တကယ်ကြည်နူးစရာပဲ။ အားကျစရာကောင်းတဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်ထားလို့ ဆက်လက်ပြီး ပျော်ရွှင်ပါစေ။
မငုံ said…
၃၂နှစ်မြောက် မင်္ဂလာမှစ ရတုပေါင်းများစွာ ပျော်ရွှင်စွာနဲ့ တွဲလက် ပိုပိုခိုင်မြဲပါစေ။။

ဖိုးစိန်ရဲ့ အဖေနဲ့အမေတို့ရဲ့ ၃၂နှစ်မြောက် မွေးနေ့မင်္ဂလာဆုတောင်းပေးတယ်။

အဖေနဲ့အမေ အတင်းကို အုပ်တဲ့အတွက် မုန့်ဖိုးဖြတ်ခံရမယ်။ :))
တကယ်ကို ကျေနပ်စရာကောင်းတဲ့ မိသားစုလေးပဲ .. အကို့ မိသားစုအကြောင်း ဖတ်ပြီးတိုင်း အပျော်တွေ ကူးသွားတတ်တယ် ..း))
အကို့ ဖေဖေနဲ့ မေမေ မင်္ဂလာနှစ်တွေ အများကြီး အများကြီးမှာ ဒီထက် ပိုမိုပြီး ပျော်ရွှင်မှုတွေ တိုးပွားပါစေ ..း))
အမြဲ ထာဝရပျော်ရွှင်နိုင်ပါစေ ..း))
ဖိုးစိန်တို့ မိသားစုမှာ ကိုလူထွေးကို အကိုကြီးအဖြစ် မွေးစားပါလား ဖိုးစိန်ရယ်...

ချစ်စရာကောင်းလွန်းလို့ပါ...

ဖိုးစိန်ကို အသေချစ်... ၂၀၁၂ အထိချစ်... ကမ္ဘာပျက်တဲ့အထိ ချစ်မယ့်

ကိုလူထွေး
နောက်လည်းကြုံတဲ့အခါ အတင်းပြောပါဦး.
JulyDream said…
အတင်းပြောတာ ဖတ်လို့ ကောင်းတယ်။ လွမ်းစရာတွေလည်း ပါတယ်။ ကြည်နူးစရာတွေလည်း ပါတယ်။ ဟာသတွေလည်း ပါတယ်။

သြော် ဖိုးစိန်က နှစ်ဘက်ချွန်ကိုး... အခုမှ သိတယ်။ သတိထားအုံးမှ။ အဟား..

မှတ်ချက် ။ ။နှစ်ဖက်ချွန် ဆိုတာ ချွန်တွန်း လုပ်တာ တစ်ခုတည်း မဟုတ်ဘူး။ တခြား ခက်ဆစ် ဖွင့်ပါ။
pandora said…
ပျော်စရာကောင်းတဲ့ မိသားစု ဘ၀လေးပဲ
အမြဲတမ်း ပျော်ရွှင်ပါစေ ဖိုးစိန်
sweetpeony said…
ကိုကြီးစိန်ရေ...
ဖတ်ရင်းပြုံးသွားပါတယ်....
နေမကောင်းဘူးဆိုလို့ ဂရုစိုက်ဦးနော်..
အလုပ်တွေ အရမ်းကြိုးစားနေလို့ ထင်တယ်...
Angel Shaper said…
ကိုကြီးစိန်.......
ပျော်ပျော်ကြီးကို အုပ်သွားတယ်။ အဲလေ အတင်းတွေ ပျော်ပျော်ကြီးဖတ်သွားတယ် ပြောတာ။ ဟဲဟဲ
အကို့ ဖေနဲ့မေရဲ့ ၃၂မင်္ဂလာမှ ရတု ရတု ရတု မြောက်များစွာတိုင် ပျော်ရွှင်ကြည်နူးတဲ့ မိသားစုလေး ဖြစ်ပါစေ။
mgnge said…
ဒီမိသားစု နှစ်ပေါင်းများစွာ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်း ပေး ပါတယ် ဘရာတာ

Popular Posts