တကယ်ဆို

တစ်ချက်ချက်နဲ့ စည်းချက်တကျမည်နေတဲ့ လက်တံစက္ကန့် သံများကို အံတုပြီး ဒင်ကနဲ သုံးချက်မည်သံကိုကြားမိတော့ မှ မနက်အာရုံ ရောက်တော့မှာပါလား ဆိုတဲ့အတွေးများက ကျွန်တော့်ရင်ကို ဆွံအံ့ ခြောက်သွေ့စေတယ်…။ မနက် မိုးလင်းရင် ဆိုတဲ့အတွေးများက ခြောက်သွေ့ နေတဲ့ ရင်ကို မီးမြှိုက်နေသလို…။

ကုတင် ခြေရင်းက ရေဘူးကို အကြိမ်များစွာ ဆွဲပြီး စိတ်ရှိတိုင်း အကြိမ်ကြိမ် မော့သောက် မိပေမယ့် ငတ်မပြေတဲ့ စိတ်နဲ့ အတူ ရေတငုံ သောက်ပြီးတိုင်း သက်ပျင်းတွေက အကြိမ်ကြိမ်ချမိနေတယ်။

မျက်လုံး အကြည့်တွေက နံရံမှာ ချိတ်ဆွဲထားတဲ့ ကြေးဘောင် ကွပ် ပုံတူ ပန်ချီးကား။ ခန့်ခန့်ကြီးထိုင်နေသော အသက်ဝင်မာန်ပါလှသည့် အပြုံးတစ်ခုနှင့် အဖေ့မျက်နှာ။ ညအိပ်မီးရောင်အောက်မှာပင် အဖေ့မျက်နှာက ကြည်လင်ဝင်းပစွာ။ အကြည့်ကိုလွဲလိုက်တော့ သက်ပျင်းထပ်ချမိပြန်တယ်။


သြော်..အဖေ…အဖေ….

စိတ်ထဲမှာအဖေကိုရေရွတ်ရင်း… ဒီအကြောင်းကို ပြန်တွေးမိပြန်တယ်…

ဒီမနက် (၁၀) နာရီဆိုရင် အဖေ လက်ထပ်စာချုပ် အသစ်နဲ့ ဘဝကို တဖန်ဆန်းသစ်တော့မှာ။ အဖေ မိန်းမယူမှာကို ကျွန်တော် ဘယ်လိုမှမခံစားရပါဘူး။ အဖေတစ်ခု သားတစ်ခု ဘဝလေးကနေ ကျွန်တော် မခွဲထွက်ခင်ကတည်းက အဖေ့ကို နောက်အိမ်ထောင်ပြုဖို့ ကြည်ကြည်ဖြူဖြူ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် အဖေပြုံးပြခေါင်းခါ ပဲ အကြိမ်ကြိမ် လုပ်ခဲ့တယ်။ အခုကျတော့ ကျွန်တော် မိန်းမယူလို့ သုံးလပင်မပြည့်သေး… အဖေက နောက်အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ပြီးပြီတဲ့။ တရားဝင် လက်မှတ်ထိုး ယူမယ့်မိန်းမကလည်း အဖေ့အသက်ထက် ထက်ဝက်မကငယ်သူ… အဖေ့ကို မကျန်းမာတဲ့ အခါ လာပြုစုပေးနေကျ အဖေ့ညီမဝမ်းကွဲ ယောကျားရဲ့တူမ… စကားထစ်နေတာမို့ သနားလို့ ဆိုပြီး အဒေါ်ဝမ်းကွဲက အိမ်အတွက်အလုပ်ပေးထားတဲ့ သူမနဲ့မှလက်ထပ်မယ်ဆိုတဲ့အဖေ…

မိန်းမ ပူပူနွေးနွေးရထားတဲ့ ဘဏ်မန်နေဂျာ သားတစ်ယောက် ရဲ့ မျက်နှာကိုမှမထောက်… အဖေတစ်သက်လုံး ထိန်းသိမ်းခဲ့တဲ့ အမေ့အပေါ် သစ္စာတရားကိုမှ မထောက်… လုပ်ရက်လေခြင်းဟု မချိတင်ကဲစိတ်တို့ နဲ့ အတူ စိတ်ဆိုးဒေါသဖြစ်ချင်ပေမယ့် တစ်သက်လုံးစောင့်ရှောက်လာတဲ့ အဖေ့ကို အပြစ်မတင်ရက်ခဲ့ပါ။

ပြီးတော့ အဖေ့သားတစ်ယောက်အနေ နဲ့ ဒီလို နေ့မျိုးကို မလိုချင်ခဲ့ပါ….


”ကို…မိုးလင်းတော့မယ်.. ကို တစ်ညလုံးမအိပ်တာသိတယ်… စိတ်ထဲမှာမထားနဲ့ တော့လေ… ဖြစ်လာမှတော့ဘာထူးမှာလဲ… အဖေ ကအဖေပဲမဟုတ်လား… နှင်း နားလည်ပေးနိုင်ပါတယ်… ကို့ အဖေက ကို့ အပေါ်ကောင်းတယ်လေ… ဒါလေးတော့ခွင့်လွတ်လိုက်ပါ… စိတ်ထဲကဖျောက်လိုက်ပါကို ရယ်..”


”ကို သိပါတယ်နှင်း ရယ်… ဒါပေမယ့် ရင်ထဲမှာတော့ မကျေနပ်သလိုလို… ဝမ်းနည်းသလိုလို ဖြစ်တာပါ… အမှန်တိုင်းဝန်ခံရရင် ရှက်လဲရှက်တယ်… အဖေ့ကိုလုပ်ရက်လိုက်တာလို့ ပြောချင်ပေမယ့်… အဖေ စိတ်မကောင်းဖြစ်မှာ ကိုလဲစိုးရိမ်နေတယ်… ဒီလိုနေ့ မျိုးကတော့ ကို့အတွက် အရှင်လတ်လတ်ငရဲ ကျသလို ခံစားမိတယ်… အဖေမလုပ်သင့်ဘူးလို့ ထင်တယ်..”

အိပ်ယာပေါ်မှ နှင်းရဲ့ ဖျောင်းဖျ နားချသံနဲ့ အတူ နာရီသံငါးချက်ထိုးတော့မှ မောပန်းစိတ်နဲ့ လက်ရှိ ကနေ ခဏ အနားယူလိုက်တော့မှ အရာရာ ပေါ့သွားတော့တယ်။

…………………………………………..




ချီးမွမ်း(၇)ရက် ကဲ့ရဲ့ တစ်သက် လို့ ဆိုရလောက်အောင် ကျွန်တော့ ဝန်းကျင်မှာ အဖေ့အကြောင်းကို အပ်ကြောင်းထပ်ရလောက်အောင်ကြားနေရတာ အဖေလက်ထပ်တဲ့နေ့ ကစလို့ပေါ့… ကျွန်တော်နဲ့ ရှေ့ လမ်းနောက်လမ်းနေပေမယ့် အဖေဆီကို အဖေ နောက်အိမ်ထောင် ပြုတဲ့ နေကတည်းက မရောက်တော့..သွားလဲမသွားချင်… တွေ့ လဲမတွေ့ ချင်.. တခါတလေ နှင်းရဲ့ နားပူနားဆာ လုပ်သောကြောင့် ခါကြီးရက်ကြီးမှာ အဖေ့ကို သွားကန်တော့ရင်တောင် စကားကို သုံးခွန်းပြည့် အောင် မပြောဖြစ်ခဲ့..။

မိန်းမရပြီးကတည်းက အပြင်အထွက်နည်းတဲ့ အဖေက မိန်းမကိုယ်ဝန်ရလာတဲ့ အချိန်က စလို့ အိမ်တွင်းအောင်း နေတော့တယ်။ လက်ထပ်ပြီး မကြာဘူး အဖေ့မိန်းမ ကိုယ်ဝန် ရှိလာတယ်။ ဗိုက်ပူလာတယ် ဆိုတော့ ရပ်ကွက်ထဲမှာ ဟိုတစ်စ ဒီတစ်စ အတင်းလို အဖျင်းလို ပြောနေတာကြောင့် လမ်းထဲ လက်ဘက်ရည်ဆိုင်မှာတောင် အဖေ့ကို မတွေ့ ရတော့ဘူးလို့ နှင်းကပြောတော့ အဖေက ဒီမိန်းမ အတွက်နဲ့ ဒီလို ဖြစ်နေရလားဆိုပြီး ဂရုဏာ ဒေါသောစိတ်၊ နောက်မိန်းမကြောင့် သားအပေါ် မခေါ် မပြောနိုင် အချစ်လျှော့သွားတဲ့စိတ် တွေနဲ့ အပြစ် အကြိမ်ကြိမ် တင်မိသေးတယ်..


တခါတရံ လမ်းသွား လမ်းလာ ဆုံဖြစ်တော့ အဖေ့ရဲ့ ပိန်ကျအိုမင်းသွားတဲ့ရုပ်ရည်ကို မြင်ရတော့လဲ
သြော်အဖေရယ်….အခုနေအဖေ တစ်ယောက်တည်းသာ ဆိုရင် အဖေက သားနဲ့ နှင်းရဲ့ ရင်သွေး ဖြစ်တဲ့ အဖေ့မြေးနဲ့ ပျော်နေရမယ့် အချိန်ပါ… အခုတော့အဖေ့မှာအပိုဆုနဲ့ အဖေခါးကုန်း သားစားတုန်း ဆိုတဲ့ အချိန်ကို အဖေ ဖြတ်ကျော်ရဦးမယ်လေ… သားလဲမတတ်နိုင်ဘူး” ဝမ်းနည်းစိတ်နဲ့ အတူ အဖေ့နောက်ကွယ်မှာ အကြိမ်ကြိမ် မျက်ရည်ကျမိရတယ်။

အဖေ့မိန်းမ ကိုယ်ဝန် ခြောက်လလောက်ရတဲ့ အချိန်မှာ ကျွန်တော်လည်း ဘဏ်ရုံးခွဲ တစ်ခုကိုပြောင်းရတော့ ဘဏ်နဲ့ နီးတဲ့နေရာမှာ ကျွန်တော်တို့ လင်မယားနှစ်ယောက် အိမ်ငှားနေလိုက်တယ်… အဖေတို့ မိသားစုနဲ့ ပတ်ဝန်းကျင် အပြောအဆိုကို ရှောင်ချင်တယ် ဆိုရင်တော့မမှားဘူးပေါ့။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်တဲ့အချိန် သတင်းဆိုးတစ်ခုက အဖေ့မိန်းမ ကလေးမွေးပြီး မီးတွင်းမှာတင် ဆုံးတယ်တဲ့။ မွေးတဲ့ ကလေးက ယောကျားလေးဆိုတော့ အဒေါ်က ကလေးကိစ္စအတွက် အစစအရာရာ တာဝန်ယူထားပေးတယ်။

အဖေ့ မိန်းမ နာရေးသတင်း သွားမေးတဲ့ နေ့က ကျန်းမားရေးမကောင်းတဲ့ အဖေနဲ့ အတူ အဖေ့သားလေးကိုတွေ့ လိုက်ရတယ်။ ကလေးက ဖွံ့ဖွံ့ ထွားထွား ချစ်စရာလေးပါ။ ကလေးရူးနေတဲ့ နှင်းက အဖေ့သားကို လက်ပေါ်က မချ ချစ်နေတဲ့ အချိန်မှာ ကျနော် ခဏလေးတောင် မချီပိုးမိခဲ့ဘူး။ စိတ်ထဲမှာတော့ ကလေးအတွက် တစ်ခုခုလုပ်ပေးချင်တာ မျိုးဖြစ်မိနေတယ်။ ကျနော့် ညီဆိုလဲ မမှားတဲ့ အဖေ့သားရဲ့ အနာဂတ်လေးကိုတော့ လှပစေချင်တဲ့ စိတ်ပါ။ အမေမတူတဲ့ ညီ ဆိုပြီး အတွေးမျိုးရှိလာတော့လဲ သြော်..ဒါလဲအဖေ့သွေးပဲလို စိတ်ထဲကဖြေရတာပေါ့။ အဖေ့ မိန်းမ ရက်လည်ပြီးလို့ နှစ်လ အကြာမှာ နှင်းရဲ့ အကြံပေးမှု ၊ သနားကြင်နာသိတတ်မှု ကြောင့် အဖေ့ရဲ့သားကို ကျနော်တို့ မွေးစားခဲ့တယ်။ အပျော်ဆုံးကတော့ နှင်း ဖြစ်နေခဲ့တယ်။

………………………………………………………


ရက်တွေက နှစ်တွေကို ပြောင်းခဲ့တယ်။ အသက်ကြီးလာတဲ့ အဖေ့ရဲ့ ကျန်းမာရေးလဲ ဆိုးလာတော့ အဖေ့ကို သီးသန့် လူနာဆောင်မှာဆေးကုဖို့ ထားရတဲ့ အထိ ဖြစ်လာခဲ့တယ်။

တစ်ရက်တော့ ထူးထူးခြားခြား ကျနော့်ကို တစ်ယောက်တည်း စကားပြောခွင့် တောင်းခံခဲ့တယ်။ အဲဒီနေ့က ကြည်လင်နေတဲ့ အဖေ့မျက်နှာကို နောက်ဆုံး တွေ့လိုက်ရတဲ့ နေ့တနေ့ပါပဲ။

“သား..အဖေမသေခင် သားကိုမှာခဲ့ပြောခဲ့ချင်တယ်”

“အဖေ့သားအတွက်ဆိုမပူနဲ့ အဖေ... ဖြစ်လာမှာပါ”

“အင်…မင်းအဖေ့ကိုစိတ်ဆိုးနေလား…”

”မဆိုးပါဘူးအဖေ..ဒါတွေပြောမနေပါနဲ့ တော့..အဖေကျန်းမာအောင်သာနေပါ…”

“အဖေ့သားအတွက် လဲစိတ်မပူပါနဲ့ ..”

“သားကိုအဖေချစ်တယ်ဆိုတာ သားသိလား”

“သိတယ်အဖေ…ဒါပေမယ့်…..”

အင်း……..အဖေရှည်ရှည်ဝေးဝေး တော့မပြောချင်ဘူး… အဖေ့ဘဝမှာ သားတစ်ယောက်တည်းကိုပဲ ပုံအော ချစ်ခဲ့တဲ့ အချစ်ကိုနားလည်မယ် ဆိုရင် သားရဲ့ သားကို ချစ်ပါလို့ အဖေမှာခဲ့ချင်တယ်… အဖေ့ဘဝမှာသားတစ်ယောက်ပဲရှိခဲ့တယ်… တစ်ယောက်တည်းကိုပဲ အရှက်နဲ့ လဲပြီးကာကွယ် တတ်တယ်ဆိုရင် သားတစ်ယောက်ရှိနေတဲ့ မင်းကလဲ အဖေ့လိုစိတ်မျိုးထားပါလို့ အဖေမှာခဲ့ပါရစေ…”

”ဟင်…အဖေဆိုလိုတာက….”

“ဟုတ်တယ်သား... မင်းမင်္ဂလာမဆောင်ခင် တစ်ပတ်အလို ညက ရေးရေးလေးမှတ်မိရင် သား သဘောပေါက်မှာပါ… မင်းအထင်လွဲခဲ့တဲ့အဖေဟာ မင်းကိုအရှက်ရစေမယ့် ဘဝက နေ အရှက်ချင်းလဲပြီးကာကွယ်ခဲ့တာ… အဖေမဖြစ်စေချင်တာ က အဖေမရှိတဲ့နောက်ပိုင်းမှာ သားကို သားမှန်းမသိဖြစ်ကျန်ခဲ့မှာကိုပါ..”

အဖေပြောမှအဲဒီညအကြောင်းကို ဇယ်ဆက် သလို…

အဲဒီညက အဖေ နေမကောင်းလို့ အဒေါ့် ယောကျားတူမကို အိမ်မှာခေါ်ထားတာ…

သူက တံခါးဖွင့်ပေးတဲ့ အချိန်… လူမှန်းမသိ အမူးလွန်… ပြီးတော့ အသိတရားတွေ ပျောက်….

ပြီးတော့ အမှားကို တာဝန်ယူခဲ့တဲ့ အဖေ့အပေါ် ပြစ်မှားတဲ့ စိတ်တွေ ..

ပြီးတော့…

……....

...............


ရင်ထဲက တလှိမ်လှိမ့်တက်လာတဲ့ အစိုင်အခဲ အလုံးကြီးက အဖေကိုကြည့်ရင်း မျက်ရည်အဖြစ်ရွာသွန်းဖို့ အားအင်မရှိလောက်အောင် ခန်းခြောက်နေရတာ… အဖေဖွဖွ ဆုပ်ကိုင်ထားတဲ့ ကျနော်လက်တွေက ရုန်းထွက်မရအောင် တင်းကျပ်နေတာတွေ….

အဖေ….အဖေ…..

အရာရာတိုင်းအတွက် သားတစ်ယောက်ရဲ့ ဘဝကို အရှက်နဲ့ လဲပေးခဲ့တယ်… သိက္ခာကိုကာကွယ်ပေးခဲ့တယ်…။

အဖေ့မျက်နှာတစ်လှည့် သားမျက်နှာတစ်လှည့်ကြည့်ရင်း ကျဆင်းလာမယ့်မျက်ရည်များကိုပိတ်ဆို့ ထားတဲ့ကြေကွဲစိတ်တွေဟာ နောင်တဆိုတဲ့အသိအောက်မှာ ပြားပြားဝပ်လို့…။

သားအတွက် ပေးဆပ်ခဲ့တဲ့အဖေရဲ့ ကျေးဇူး နဲ့ အရှက်တရားကတော့ ဟင်းကနဲဆိုတဲ့ သက်ပြင်းရှည်ရှည်အောက်မှာ ဆွံ့အလို့….။


ကြည်လင်စွာ ပြုံးပြနေတဲ့ အဖေ့အပြုံးကို ဖတ်နိုင်ခွင့် ရခဲ့တာ သားမှလွဲပြီး ဘယ်သူရှိနိုင်မှာလဲအဖေ။

အဖေ ဘဝသစ်မှာ ကြည်လင်စွာ ပြုံးနေနိုင်အောင် သားကြိုးစားမှာပါ အဖေ။




ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Comments

kaungkinpyar said…
တကယ်ဆို ဒီတိုင်း ဖြစ်ခဲ့တာလား...

ဝတ္ထုတိုလေးကို လှလှပပ မိဘ မေတ္တာကိုပါ ပေါ်အောင် ဖွဲ့နွဲ့ ရေးသွားနိုင်တယ်၊ တော်ပါ၏...း)
khin oo may said…
kom: ဇတ်နာလို့စိတ်ဆိုးတယ်။
အဖေတလှည့်သားတလှည့်...အဲလေ..ယောင်လို့..
အဖေတခုသားတခုဇတ်လမ်းကိုး...
:(
ဟုတ်တယ် ဇာတ်နာတယ်း((
အဖေလုပ်တဲ့သူ သနားပါတယ်
မိဘမေတ္တာ အရာရာကို ကိုယ့်အတွက်မကြည့်တတ်တဲ့ မိဘတွေရဲ့ မေတ္တာ.... ကျနော်တို့ တဖန်ပြန်လည် လုပ်ကျွေးပြုစုနိုင်ပါစေဗျာ


လေးစားလျက်
တောင်ပေါ်သား
မေဇင် said…
မိဘ မေတ္တာကြီးမားပုံကို တင်ပြတိုင်း....သားသမီးတွေ ရဲ့ နောင်တ နဲ့ တင်ပြတတ်တဲ့ ကိုဖိုးစိန် ရဲ့ ပိုစ့်တွေကို သတိထားမိတယ်။ မိဘ နဲ့ ပါတ်သတ်လို့ နောင်တ မရချင်ပါ။
JulyDream said…
သြော်... ဝတ္ထုတိုဆိုတာကို နောက်ဆုံးရောက်မှ သိလိုက်တယ်။ တုံးချက်ကတော့လေ။ =)
akm said…
very touching story.
အင်း..ဇာတ်နာတယ်နော်။ ဘယ်လိုမန့်ရမှန်းတောင် မသိဘူး။ မိဘမေတ္တာ့ကိုတော့ အသိအမှတ်ပြုပါတယ်။ ဗွီဒီယိုဇာတ်လမ်းတစ်ခု ကြည့်လိုက်ရသလိုပါပဲ။
Ree Noe Mann said…
ဇာတ်နာတယ် ဆိုပင်မယ့်
ဝဋ် ဆိုတာ နောက်ဘဝ မကူးဘူးဆိုတာ
ကို ပိုနားလည်သွားတယ်။

ဖတ်လို့ကောင်းပါတယ်။
သုဒြေ္န said…
ေ၇းသားတင်ပြပုံကောင်းလေးပါ တကယ်ဆို ဖြစ်သင့် တာက စောစောကကြိုသိရင် ဒီလောက်ဇတ်နာမှာဟုတ်ဘူး လက်ရည်ကတော့ မကျဘူး ဖိုးစိန်ရဲ့  စာေ၇းတတ်ချင်းပညာကို ပြနေတုံး ဖတ်လို့ ကောင်းနေတုံးဘဲ ခင်တဲ့ ကိုကြီး သုဒြေ္န
noblemoe said…
နောက်ဆုံးတော့ လည်းဒီအရက်ကြောင့် ပါပဲ
သားတစ်ယောက်ရဲ့ ဘဝကို အရှက်နဲ့ လဲပေးခဲ့တဲ့ အဖေ
အကြောင်းဖတ်ရတာ ရင်နာစရာကောင်းလိုက်တာ။
နှစ်ယောက်အသက်ဆုံးပြီးကျန်တဲ့ နှစ်ယောက်ကဖြစ်မှန်
သိရင်လည်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကြီးမားတဲ့ မိဘမေတ္တာ ဇတ်လမ်းလေး ရေးသားက
တော့  မျက်လုံးထဲတောင်မြင်အောင်ရေးတတ်လိုက်တာ
စာသားတွေက အသက်ဝင်ပုံများ(တော်ချက်)
သာယာချမ်းမြေ့ပါစေနော်
မိုး
အားပါး..စိန်ရေ..

ဖတ်ပြီး မျက်ရည်ဝဲမိသလိုတောင်ဖြစ်တယ်။ ဖတ်ရတာ ရင်နင့်စရာ။


ခင်မင်စွာဖြင့်
သီဟသစ်
kiki said…
ဘယ်ပန်းချီရေးလို့မမှီ new version ပေါ့ နော် ..
အဖေ နဲ့ သား နေရာလွဲ နေတာပဲ ကွာတယ် ..

ဖိုးစိန်ရဲ့  ကိုယ်တွေ့ ဇာတ်လမ်းများလားလို့  ထင်ယောင်ထင်မှား တောင် ဖြစ်မိသေးတာ .ဟေးဟေး..
Mogok Thar said…
တကယ်ဆို....

မိဘမေတ္တာ... အေးချမ်းလှတယ်။

မိဘကျေးဇူး ဆပ်မကုန်အောင် ကြီးမားလှတယ်...။

ဝတ္ထုတိုလေးကို ထပ်လာဖတ်သွားတယ်။

းးး))))

ချစ်ခင်တဲ့

ကိုမောင်ဟန်
ဖတ်ဖူးတဲ့ ဟာသလိုပေါ့
သားကအမေနဲ့ မခွဲနိုင်လို့ အမေနဲ့ပဲ အိပ်မယ်ပေါ့
သားယူမဲ့ မိန်းမကို ဘယ်လိုလုပ်မလဲဆိုတော့ အဖေနဲ့ ပေးအိပ်လိုက်ပေါ့တဲ့
ဟိ
sweetpeony said…
အများအမြင်မှာ ညီ..
တကယ်က သား..
အပြင်မှာသာဆို ဘယ်လိုတွေ လုပ်ကြရပါ့....
Dream said…
အဟောင်းတွေနဲ့ ဆားချက်နေတယ်..အူးအူးဖွတ်ချိန်.... ဟွန်းးး ပေါချင်ဖူးနော် ပေါချင်ဖူး...

နာတိဒယ်.....ဖတ်ပီးထားကြီးဒွေ..........
Anonymous said…
ဘယ်ပန်းချီရေးလို့ မမှီ ....... မိဘဆိုတာထက် ကိုယ်တိုင်က ကမြင်းတာကို မသိချင်ယောင် ဆောင်နေတာပဲ။ စဖတ်ထဲက သိပ်မသင်္ကာနေတာ ဆုံးတော့မှ ပိုသေချာသွားတယ်၊ ကုတ်ကမြင်းလေး...။ ဟိဟိ

Popular Posts