Tuesday, 30 March 2010

ကျနော်တို့အိမ်

ကျနော်ငယ်ငယ် သိတတ်စကတည်းက အိမ်မှာ ညနေ ထမင်းဝိုင်းတည်ရင် မိသားစု စုံမှ ထမင်းစားလေ့ရှိတယ်။ မေမေက ဖေ့ဖေ့ကို ဦးဦးဖျားဖျား စားစေချင်တာရယ်၊ ညနေဆို မိသားစု စုံအောင် စားချင်တာရယ်ကြောင့် မနက်ကို ဖြစ်သလိုစားပြီး ညနေကို မိသားစု စုံစုံ ညီညီ ဟင်းစုံ၊ထမင်းစုံနဲ့ မိသားစု ဝိုင်းဖွဲ့စားသောက်ကြတယ်။ တခါတလေ ဖေဖေက အလုပ်က ပြန်လာရင် နောက်ကျတဲ့အတွက် ကျနော်တို့ အူလိမ်မတတ် ဗိုက်ဆာပေမယ့် ဖေဖေလာတဲ့အထိ အဆာပြေ တခုခုစားပြီး ထမင်းစားစောင့်တယ်။ ဖေဖေတစ်ယောက်တည်း မဟုတ်ပါဘူး။ အကြောင်းတစ်ခုခုကြောင့် ကျနော်တို့ မောင်နှမထဲက တစ်ယောက်ယောက် အပြင်ရောက်နေရင်လဲ အိမ်မှာကျန်တဲ့သူတွေ ထမင်းမစားပဲ စောင့်ကြတယ်။ ဒါကြောင့် အပြင်ရောက်နေတဲ့သူကလည်း အိမ်မှာစောင့်နေတဲ့ မိသားစုကို နောက်ဆံတင်းပြီး အိမ်ပြန်ရတယ်။ အပြင်မှာ စားတဲ့ ထမင်းထက် မိသားစု စုံစုံလင်လင် ဆာဆာ မဆာဆာ စားရတဲ့ ထမင်းဝိုင်းက ပိုပြီး ပြည့်စုံတယ်လို့ ခံစားရတယ်လေ။

မနက်မှာ ဖြစ်သလိုစားပြီး ညနေမှာ ဖွယ်ဖွယ်ရာရာ ချက်တဲ့အတွက် ဟင်းကစုံတယ်။ ပြီးတော့ အဖေနဲ့ ညီအငယ်က အမဲသားတို့ ကြက်ဥ၊ဘဲဥတို့စားပေမယ့် ကျနော်မစားပြန်ဘူး။ အမေက ဝက်နဲ့ ကြက်ကလွဲရင် မစားဘူး။ အငယ်ဆုံးညီမက ဝက်နဲ့ ကြက်မစားဘူး ဆိုတော့ ဟင်းကို တစ်ယောက်တစ်မျိုးစီနဲ့ ညနေတိုင်းမှာ ဟင်းမထပ်အောင် ချက်ရတာလဲ အလုပ်တစ်မျိုးပါ။ မေမေ သားအိမ်ကင်ဆာဖြစ်လို့ ဆေးရုံတက်ပြီးတဲ့နောက်ပိုင်းမှာ ကျနော်က ချက်ကြီးဖြစ်လာခဲ့တယ်။ ကျနော်ကိုယ်တိုင် စိတ်တိုင်းကျ ချက်တဲ့ဟင်းတွေကို မိသားစု မြိန်ရည်လျှက်ရည် စားတဲ့အခါ ကျနော်သူတို့ကို ကြည့်ပြီး ရတဲ့ ပီတိက ဘာနဲ့မှ မလဲနိုင်ခဲ့ဘူး။သူတို့ အကြိုက်တွေကို ရွေးချက်ရင်း ဈေးသွား စဉ်းစားရတာ ဦးနှောက်ခြောက် စိတ်ညစ်ပေမယ့် သူတို့တွေက ထမင်းစားပြီးတိုင်း (ကောင်းကောင်း မကောင်းကောင်း) သားစိန်လက်ရာက ဘာနဲ့မှ မလဲနိုင်ဘူးလို့ ပြောရင် ကျနော်က စားမဝင်ပဲ တပြုံးပြုံး ဖြစ်နေတတ်ပါတယ်။

နောက်ပြီး ကျနော်တို့ မိသားစုက ဧည့်သည်မက်တယ်။ ဧည့်သည်တွေကို အိမ်လည် ထမင်းစားဖိတ်လေ့ရှိတယ်။ အထူးသဖြင့် တနင်္ဂနွေလို ဖေဖေ အလုပ်ပိတ်တဲ့ရက်တွေမှာ အဖိုးအဖွားတွေ၊ အမေမောင် အငယ်ဆုံးမိသားစု နဲ့ ဖေဖေ့ သူငယ်ချင်း မိသားစု ၊ ပြီးတော့ ကျနော့်ရဲ့ သူငယ်ချင်းတွေ က အပတ်တိုင်းလိုလို ရောက်လာတတ်ကြတယ်။ အိမ်မှာ ဆူညံ ပွက်လောကို ရိုက်လို့ပေါ့။ ဆူညံတာက တူ၊တူမတွေ။ ပွက်လောရိုက်တာက ကျနော်။ ကလေးတွေ ဟိုဟာကိုင်၊ ဒီဟာကိုင်လို့ အနောက်ကနေ အသံပြဲနဲ့ အော်နေတဲ့ ကျနော့်အသံတွေ။ တနင်္ဂနွေလို နားတဲ့ရက်မှာ တခုခု ကလိဖို့ ဖေဖေက ရှာတဲ့အခါ အသိမ်းလွန်တဲ့ ကျနော်ကြောင့် ဘာတစ်ခုမှ ပြန်ရှာမရတဲ့ ဖေဖေ့ရဲ့ အလိုမကျ မကြားတကြား တီးတိုးရေရွတ်သံတွေနဲ့ ဖဲဝိုင်းက အသံတွေက ဆူလို့ပေါ့။

ကျနော်ကတော့ တတွတ်တွတ်နဲ့ ချွေးတလုံးလုံးနဲ့ နောက်ဖေးမီးဖိုချောင်မှာ အသားကုန်ချက်ပေါ့။ ချက်နေရင်းနဲ့ အိမ်ရှေ့မှာ ဘယ်သူတွေ ရှုပ်ထားပြန်ပြီးလဲလို့ စိတ်မချစွာ ပြေးကြည့်ရတာအမော၊ တစ်ယောက်ယောက်ကြောင့် ပျက်စီးရှုပ်ပွသွားရင်လည်း ကျနော်ရဲ့ ဒေါသနဲ့ အော်တဲ့ အသံက သူတို့ အတွက် စမ်းချောင်းက စမ်းရေ စီးသံအလားပဲလေ။ စိတ်မဆိုးတဲ့ အပြင်ရယ်နေကြသေးတယ်။ စိတ်ဆိုးရင် ကျနော်က ဒေါသထွက်ပြီး ဟင်းတွေ သွန်ပစ်မှာ ကြောက်ကြတာကိုး။ ကျနော်ဝင်တဲ့ မီးဖိုချောင်အနားလဲ ဘယ်သူမှ မလာရဲကြဘူး။ လုပ်ပေးရတာနဲ့ အော်ခံရတာ မတန်ဘူး ဆိုပြီး စိတ်တိုင်းကျ လုပ်ခွင့်ပေးထားတယ်။

ထမင်း၊ဟင်း ချက်ပြီးလို့ မိသားစု တွေ ဝိုင်းဖွဲ့စားတော့လည်း ငြင်းကြ၊ ပြောကြနဲ့ ပျော်စရာပေါ့။ ကျနော်ကတော့ ချက်ရ ရှင်းရတယ် ဆိုပြီး တဗျစ်တောက်တောက်ပေါ့လေ။ ဒါပေမယ့် အမျိုးတွေ၊ သူငယ်ချင်းတွေ အားလုံး အိမ်ပြန်ခါနီးကျရင် ကျနော်မေးလေ့ရှိတာက နောက်တစ်ပတ် ဘာစားမလဲပေါ့။ ဘယ်လောက်ပဲ ပါးစပ်ကပြောပြော နောက်တပတ်အတွက် စိတ်မပျက်တဲ့ ကျနော့်ကို အဖေက ချီးပေါက်ကောင်လို့တောင် အမည်ပေးတယ်။ဘာပဲဖြစ်ဖြစ် ကျနော်ပင်ပင်ပန်းပန်းနဲ့ ချက်ထားတာကို စားလို့ကောင်းတာကို မြင်ရတဲ့ အတွက် အဲဒီက ရတဲ့ ပီတိအပြုံးက ဘာနဲ့မှ မလဲနိုင်ခဲ့ပါဘူးလေ။

ကျနော် ဆိုက်ပရပ်စ်ကို သွားမယ့်နေ့က ဖေဖေက ပြောပါတယ်။ သားစိန်ကို တနေ့ နှစ်ခါသတိရနေမှာပါတဲ့။ ထမင်းစားတိုင်းပေါ့တဲ့။ ဘယ်အချိန်ထိ သတိရနေရမလဲ သားစိန်ရယ်လို့ ပြောတော့ ကျနော် မျက်ရည်ပေါက်ပေါက် ကျမိတယ်လေ။ မိသားစု ထမင်းဝိုင်းလေးမှာ သားစိန်တစ်ယောက်လျှော့ သလို စားတဲ့ဟင်းခွက်တွေက ပုံစံမတူတော့ဘူး ဆိုပြီး မေမေကလည်း ငိုပါတယ်။ ဒါပေမယ့် ဖြေသာခဲ့ပါတယ်။ မိသားစု ထမင်းဝိုင်းမှာ ကျနော်တစ်ယောက် ကလွဲလို့ အခုထိ စုံစုံညီညီ စားနေကြတုန်းဆိုတော့လဲ။ စားတိုင်းလဲ ကျနော်ချက်တဲ့ ဟင်းတွေကို တမ်းတရင်း ကျနော်ထိုင်နေကျ ခုံကို ဝိုင်းကြည့်ကြမယ့် ကျနော့်မိသားစု မျက်နှာကို မြင်ယောင်ရင်း ဖြေသာခဲ့ပါတယ်။ ဒါပေမယ့် ဆိုက်ပရပ်စ်ရောက်တော့ တစ်ယောက်တည်း နေဖြစ်တာက တစ်ကြောင်း၊ အလုပ်တစ်ဖက်နဲ့ ပင်ပန်းပြီး မချက်ချင်တာက တစ်ကြောင်း ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်တွေနဲ့ ငါးနှစ်လုံးလုံး နပန်းလုံးခဲ့ရတယ်လေ။ တကယ်တော့ ဖေဖေပြောခဲ့တဲ့ စကားက ကျနော့်အတွက်ဖြစ်နေပါလားဆိုပြီး ဆန်ပြုတ်သောက်တိုင်း မျက်ရည်ကျရပြန်ပေါ့။

အခုတော့ စကာင်္ပူကို လာလည်ရင်းနဲ့ ချစ်ဖို့ကောင်းတဲ့ ညီ၊ ညီမတွေ ၊ အမတွေနဲ့ ချစ်ကိုကြီး ကိုဘို တို့ကြောင့် မထင်မှတ်ပဲ စကာင်္ပူမှာ အခြေချဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်ကို ကျနော်ကိုယ်တိုင် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ပါတယ်။ အခု ကျနော် ဘလောဂါမောင်နှမတွေနဲ့ အတူတူ နေဖြစ်ပါတယ်။ ဘာတစ်ခုမှ မထင်မှတ်ထားပေမယ့် ကြုံလာ ဆုံလာရတဲ့ ရေစက်ကို တားမရဘူးလေ။ အခု မောင်နှမတွေ စုနေကြတယ်။ စုနေကြတော့ စုပြီးချက်စားဖြစ်ပါတယ်။ တူတူနေမှ ကူညီရိုင်းပင်းတတ်တဲ့ စိတ်ထားဖြူစင်တဲ့ မောင်နှမတွေ ကို ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံခွင့်ရခဲ့တယ်ပေါ့။ ဘလော့ဂါ အားလုံးက ချစ်ဖို့ကောင်းသလို ကူညီတတ်ကြပါတယ်။ တစ်ယောက် မရှိ တစ်ယောက်ဖေးမကြတယ်။ စကားနဲ့ တတ်နိုင်တဲ့သူက စကားနဲ့၊ ငွေကြေးတတ်နိုင်တဲ့သူက ငွေကြေးနဲ့ပေါ့။

ဒါကြောင့်လဲ ကျနော်နေဖြစ်ခဲ့တယ်ထင်ပါတယ်။ အခု မိသားစုနဲ့ ဝေးနေတဲ့ အချိန်မှာ မိသားစု အသစ်ရသလိုပါပဲ။ အကိုတွေ၊ အမတွေ ညီ၊ ညီမတွေနဲ့ ပျော်စရာကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပလီပြီး အချစ်ပြိုင်ကြတယ်။ ရန်ဖြစ်ကြတယ်။ မနာလိုဖြစ်ချင်ယောင်ဆောင်ကြ၊ စိတ်ကောက်ချင်ယောင် ဆောင်ကြတာပေါ့။

အထူးသဖြင့် ညနေတိုင်း ထမင်းလက်ဆုံစားရတာကို ပျော်တယ်။ စနေ၊ တနင်္ဂနွေလို နေ့မှာစုစုရုံးရုံးနဲ့ တစ်ခုခု လုပ်စားရတာကိုပျော်တယ်ပေါ့။ကျနော်က ချက်ကြီးပါ။ ညနေ ရုံးဆင်းချိန်ဆိုရင် ဘယ်သူ အိမ်လာမလဲဆိုတာ ဂျီတော့ကနေ ခေါ်လိုက်၊ ဖုန်းဆက်လိုက်နဲ့ ကျနော်နဲ့ မမပြာက မအားရပါဘူး။ ကျနော် နောက်ဖေးမှာ ဟင်းချက်နေချိန်ဆိုရင် မမပြာက အွန်လိုင်းပေါ်ကနေ လာမယ့်သူ စာရင်း ကောက်နေတာပေါ့။ တောင်ပေါ်လာမယ်ဝေ့ လို့ ပြောရင် ကျနော်က အသားတစ်တုံးပိုတုံးရသလို၊ ပေါက်ပေါက်လာမယ်တဲ့ဝေ့လို့ ပြောရင် ဥတစ်လုံးပိုပြုတ်နဲ့ ပျော်နေရတာပေါ့။ ညနေထမင်းစားရင်လဲ ဗိုက်ဆာပေမယ့် လာမယ်လို့ ပြောထားတဲ့ လူစုံတဲ့ထိ စောင့်ကြပါတယ်။ လူဆယ်ယောက်၊ ဆယ့်ငါးယောက်ကို အိမ်လုံးပြည့်ထိုင်ပြီး ရယ်ကြ မောကြ ဟင်းလုကြနဲ့ စားရတာကို မြင်တိုင်း ကျနော်အိမ်ကို သတိရသလို သူတို့ စားကျ ပျော်ကျတာကို ကြည့်ပြီးလဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။

ထမင်းစားပြီးရင်လဲ အိမ်မပြန်ပဲ တခန်းထဲမှာ တိုးဝှေ့ပြီး ကွန်ပြူတာသုံး၊ ရုပ်ရှင်ကြည့်တဲ့သူကြည့်၊ ချီးပေါက်တဲ့သူပေါက်နဲ့ ညံဆူ ပွက်လော ရိုက်နေပါတယ်။ ကုတင်ပေါ်မှာ တိုးဝှေ့ပြီး လုအိပ်ကြတယ်။ မိသားစုနဲ့ ဝေးနေသူတွေ မို့လို့ ခုလိုချိန်မှာ ညီအကိုတွေလို အစားထိုးချစ်ကြ သံယောဇဉ်ဖြစ်ကြရတာကိုး။

တနေကုန် ပင်ပင်ပန်းပန်းနဲ့ အလုပ်ကနေ စိတ်ဖိစီးမှုတွေနဲ့ အိမ်ပြန်လာရင် လူတိုင်း အမောပြေချင်သလို ရယ်မောချင်တယ်၊ ထမင်းဟင်းကို ဖွယ်ဖွယ်ရာရာ စားချင်ကြတယ်ဆိုတော့ ကျနော်နဲ့ ချစ်ခင်တွယ်တာရတဲ့ ညီအကို မောင်နှမတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးချင်ပါတယ်။သူတို့ ထမင်းစားကောင်းတာ ပျော်တာကို မြင်ရတိုင်း ကျနော် မောထားသမျှ ပြေပါတယ်။ ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ သူတို့အားလုံးက ကျနော့်ကို ပြုံးအောင်၊ ရယ်အောင် လုပ်ကြပါတယ်။ အိမ်ကိုလာတဲ့သူအားလုံးလဲ ပျော်ကြမယ်ဆိုတာ ယုံကြည်ထားပါတယ်။

ဒါကြောင့်လဲ ကျနော်တို့ ရှိနေတဲ့ အိမ်လေးကို မိသားစုနဲ့ ဝေးနေတဲ့ သူအားလုံးကို ဖိတ်ခေါ်ပါတယ်။ဘလော့ဂါပဲဖြစ်ဖြစ် ဘလော့ဂါ မဟုတ်သူပဲ ဖြစ်ဖြစ်၊ စကာင်္ပူက ပဲဖြစ်ဖြစ်၊ တခြားတနေရာကပဲ ဖြစ်ဖြစ်ပါ။ ကျနော်တို့ အိမ်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ ဆင်းရဲ၊ ချမ်းသာ၊ ချစ်သူ၊ မုန်းသူ မရွေးပါဘူး။မည်သူအတွက်မဆို တံခါးဖွင့်ထားပါတယ်။ ထမင်းစားဖိတ်ပါတယ်။ အခုလက်ရှိနေနေတဲ့ မောင်နှမတွေနဲ့ ဒီအိမ်ကို တံခါးမရှိ ဓားမရှိဝင်ထွက်နေတဲ့ မောင်နှမတွေ အားလုံးလဲ တတ်နိုင်တဲ့ အကူအညီပေးဖို့ အဆင်သင့်ရှိ နေကြပါတယ်။ အနည်းဆုံး မိသားစုနဲ့ တူတဲ့ စိတ်ဓာတ်တွေနဲ့ ထမင်းဝိုင်းက ထမင်းတစ်လုပ်စားပြီး ခဏတာ စိတ်ချမ်းသာ သွားနိုင်ပါတယ်။ ဒါကြောင့် ဘရက်ဒယ်ကို ရောက်ရင် အိမ်မှာ ထမင်းဝင်စားပြီး ခရီးတစ်ထောက်နားဖို့ ဖိတ်ခေါ်ပါတယ်။ကျနော်နဲ့ အတူတူ ခုနေနေတဲ့ မောင်နှမတွေ ရှိနေသ၍ ထမင်းလာစားနိုင်တယ်၊ စိတ်အပန်းဖြေနိုင်ပါတယ်။ ထမင်းကိုအလကားကျွေးတာပါ။

မှတ်ချက်၊ ထမင်းကို အလကားကျွေးတဲ့ ကျနော်တို့ မောင်နှမတွေ အိမ်ရဲ့ ပျော်စရာကောင်းတဲ့ စည်းကမ်းတွေကိုတော့ လိုက်နာရပါတယ်။ အိမ်ရှေ့ ဘုရားစင် အောက်မှာ အကြွေပုံးရှိပါတယ်။ လာတဲ့သူတွေက အလိုက်တသိ ပါလာတဲ့ အကြွေ အကုန်လုံးကို ပုံးထဲ ထည့်ရပါတယ်။

ဆိုဖာမှာ ထိုင်ရင် စကာင်္ပူ ဒေါ်လာ တစ်ကျပ်ကောက်ပါတယ်။

နောက်ဖေးမှာ ခြေထောက်ဝင်ဆေးရင် တစ်ကျပ်။

အိမ်သာထဲဝင်ရင် နှစ်ကျပ်။

ရေချိုးရင် နှစ်ကျပ်။

အဲယားကွန်းခန်း နှစ်ခန်းထဲက ပထမ အခန်းမှာ ကွန်ပြူတာ သုံးချင်ရင် ငါးကျပ်။

ဒုတိယ အခန်းမှာ သုံးကျပ်။

ထမင်းစားပြီး ပန်းကန်ဆေးစရာ မလိုဘူး။ ပန်းကန်ဆေးခ တစ်ကျပ်။(ဆေးသူ ယူပါတယ်)

ညအိပ်ရင် တစ်ဆယ်။

အိမ်လာရင် အအေး(သို့) အပူ ဝယ်လာရပါတယ်။


စသဖြင့် စည်းကမ်းချက်တွေကို လိုသလို ထုတ်ပြန်ကောက်ခံပါတယ်။

ထမင်းကိုတော့ အလကားကျွေးပါတယ်ခင်ဗျာ။ အိမ်လာရင် ဒီလို သူထက်ငါလုပြီး ပိုက်ဆံတောင်းခံ နေတတ်တာကို နားနဲ့ မဆံ့အောင် ပျော်ရွင်ဖွယ် ကြားရပါလိမ့်တယ်။

အိမ်မှာ ဧည့်သည်ရှိတဲ့ နေ့တွေက အလှူ အိမ်နဲ့တူနေပြီး ဧည့်သည်မရှိတဲ့ နေ့ကမှ အိမ်နဲ့တူစွာ ချောက်ကပ်နေပါတယ်။ ချောက်ကပ်နေတဲ့ရက်က တစ်ပတ်မှာ တစ်ရက်လောက်ပါ။ ဧည့်သည်ကို နေ့တိုင်းမျှော်တတ်တဲ့ ကျနော်တို့ မောင်နှမတွေ အမြဲ ဖိတ်ခေါ်ပါကြောင်း သတင်းကောင်းပေးပါတယ်။ လမ်းကြုံရင်အိမ်ဝင်လည်ဖို့လည်း ဖိတ်ခေါ်ပါတယ်နော်။


BLK 98, #07-309,
LORANG 1, TOAPA YOH.
SINGAPORE,310098,
66401017

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်




39 comments:

kaungkinpyar said...

ဟင်......

ဟာ......

ဟယ်......

ဗုဒ္ဓေါ.......

:o

Anonymous said...

ကိုဖိုးစိန်

စင်္ကာပူကိုပြောင်းသွားပြီလား ။ ဇူလိုင် ၊ သြဂုတ် နွေကျောင်းပိတ်ရက်မှာ ဆိုက်ပရပ်စ်ကို လာလည်ဖို့လုပ်နေတာ ။ ကျနော်က ဒီမှာ ဗမာလူမျိုးမရှိတော့ ကိုဖိုးစိန် တို့ကို အရမ်းအားကျနေတာ အခုပြောင်းသွားပြီဆိုတော့ ငိုချင်သွားပြီ ။

ဖြူ said...

ပျော်တယ်ဆိုလို့ ဝမ်းသာပါတယ်. ဖိုးစိန်ရေ.
ဘာပဲဖြစ်ဖြစ် ဆိုက်ပရပ်စ်ထက် စာရင်တော့ ပိုကောင်းသွားမှာပါ.

ကံကောင်းပျော်ရွှင်ပါစေ.........

Anonymous said...

တကယ်လား နောက်နေတာလား ... ပြောင်းတာလဲ မြန်လိုက်တာ ဆိုင်းတွေ ဗုံတွေတောင် မဆင့်ဘူး။ ဘာပဲဖြစ်ဖြစ် အဆင်ပြေရင် ၀မ်းသာပါတယ်။

ဖိုးစိန်အိမ်ကို လာလည်ရင် ကိုယ့်ထမင်းကိုယ် ယူလာခဲ့မယ်။ ကျန်တာတွေ free ရမလား။ ;)

khin oo may said...

ကောင်းလေစွ. အမောင်ဖိုးစိန် ပျော်ရွင်ပါစေ။

Anonymous said...

စိတ်တူကိုယ်တူ နဲ့ တူရာ စုနေ ကြဖို့ ဆိုတာ တကယ်
မလွယ်ပါဘူး .... ကိုယ့်ရှေ့မှာတင် အတူနေတဲ့ ရွန်းမိတ် နှစ်ယောက် စကားများကြ တာ ကြုံဖူးခဲ့ပါတယ် ( ယောက်ကျားလေးနှစ်ယောက် ) နောက်ဆုံး တယောက် က အိမ်ပေါ်ကနေ ရှယ်ယာ စုဝယ်ထား တဲ့ ပစ္စည်းတွေ ခွဲ ယူ ပြီး ( အိမ်သာသုံးစက္ကူ က အစ ) ဆင်းသွားလိုက်တယ်... ဖိုးစိန်တို့ တွေ ခုလို ချစ်ချစ်ခင်ခင်နဲ့ နေနိုင် ကြတာ ကို ချီးကျုးမိပါတယ် ...
အိမ် အကြောင်း ရေး ထားတာ ဖတ်ပြီး ကြည်နူးမိတယ်... အမေ့အိမ်က ထမင်းဝိုင်း လေး ကိုလည်း လွမ်း သွားမိတယ် ...

mie nge

မိုးခါး said...

မမပြာလိုပဲ အာမေဋိတ်တွေ တသွားတယ် .. :P

ရေးလိုက်ရင် အဲလိုကြီးပဲ ငိုရမလို ရီရမလိုနဲ့ ..

noblemoe said...

ပျော်စရာကြီးနော် လာလည်ချင်လိုက်တာ MRTနဲ့ တွက်ချေမကိုက်လို့  MRT ခပေးမယ်ဆိုရင်တော့အနစ်နာခံပြီး လာစားပေးမယ်လေ မိုးက ကပ်စေးနည်းတော့ တွက်ချေမကိုက်တဲ့ အလုပ်ဆို လုံးဝမစဉ်းစားဖူးလေ ကောက်ခံတဲ့ငွေတွေကိုကြည့် ပြီးလန့် သွားတယ်
ခုလိုပဲအမြဲပျော်ရွှင်ပြီးသာယာချမ်းမြေ့တဲ့ အပြင်ပြီးပြည့် စုံတဲ့ဘဝကို ပိုင်နိုင်ပါစေ။
မိုး

တောင်ပေါ်သား said...

အဟေးးးးးးးး လာလည်လို့ ဖိတ်တော့လဲ လာလည်ရတာပေါ့ဗျာ...း) ဘာဟင်းချက်မှာတုန်းးး အော် အင်း ဟုတ်ပါ့ အဲယားကွန်း၂ ခန်းက သိပ်မအေးဘူးးးးးးးး အဟေးးးးဟေးးးး သဘောပေါက်တယ်ဟုတ် ပိုက်ဆံ ပေးစရာမလိုတဲ့ အခန်းလေးထဲမှာ အိပ်မယ် အဟေးဟေးးးးးးးးး ဘာတဲ့ လိပ်စာတောင် ပေးထားသေးတယ် သွားပါပြီ အကုန်လာလို့ကတော့ ဘေးအိမ်က ရဲတိုင်တော့မယ် အဟားးးးး ဖိတ်ခေါ်ပါတယ် ကျနော့်အိမ်ကို အဲမှားလို့ ကိုဖိုးစိန် အိမ်ကို အဟားးးးးးးး


လေးစားလျက်
တောင်ပေါ်သား

မေဇင် said...

အမေ့ အိမ်က ထမင်းဝိုင်းကိုလဲ လွမ်းတယ်....မမြင်ဖူးသေးတဲ့ ကိုဖိုးစိန် တို့ အိမ်က ထမင်းဝိုင်း ကိုလဲ မြင်ယောင်ပြီး .....အဝေးမှာ ရောက်နေကြတဲ့ မောင်နှမ တွေ ချစ်ချစ်ခင်ခင် ရှိတာ...ကြည်နူးရပါတယ်း)။

ဏီ(န်)ကင်း said...

လိပ်စာလေးတော့အသေမှတ်သွားပြီကွယ်...
ရောက်ဖူးပေမယ့်...သိပ်မမှတ်မိလို့....
ဘာမှာပါအကိုရယ်...ဒီလိုမောင်နှမတွေ...
စုစုရုံးရုံးနဲ့မိသားစုလို့ခင်မင်တွယ်တယ်ခွင့်ရတာ...
နည်းတဲ့ရေစက်လား(၅ကောင်အား...)...
အပေါ်ကမိသားစုထမင်းဝိုင်းလေးအကြောင်းဖတ်ပြီး
မျက်ရည်လည်မိကြောင်းဝန်ခံပါတယ်....
အဲဒါတွေနဲ့ဝေးနေတာကြာပါပြီဗျာ...
အခုတော့ဘာပဲဖြစ်ဖြစ်လာမယ်...စားမယ်...
ပျော်မယ်....ပေးမယ်(မြန်မာငွေနဲ့နော်)...လို့
ဆုံးဖြတ်ထားတယ်...
ကဲ...ဘယ်သူပါအုံးမလဲ....
စကားမစပ်ဂိမ်းကအလကားပေးဆော့တယ်ထင်တယ်.
ဟီးဟီး..ပျော်စရာကြီးကွယ်...

နွေးနေခြည် said...

စလုံးက အိမ်လို့ကို မပြောရဘူး.. tax တွေများလိုက်တာ...း)))))
ဟုတ်ကဲ့... အခွင့်သင့်ရင် လာလည်ပါဦးမယ် ကိုဖိုးစိန်ရေ ...

ဇွန်မိုးစက် said...

ဖိုးစိန်ပျော်တယ်ဆိုလို့ ဝမ်းသာတယ်။ တစ်ခါလောက် ချက်ကြီးလက်ရာစားချင်ပါတယ်။
ဒီလောက်လူစုံတဲ့အိမ် ကုသိုလ်လဲရ ဝမ်းလည်းဝအောင် ထမင်းလာစားပြီး အလှူလာခံဦးမယ်။ :P

Zephyr said...

ကော်ဖီလာသောက်မိပြီး၊ ထိုင်ခုံမှာ ထိုင်မိတဲ့အတွက် ၂ ကျပ်ခွဲလောက်ကျသွားပြီထင်တယ်။

အကြွေဗူးတော့တွေ့ခဲ့တယ်။
နောက်တစ်ခါလာမှ ကော်ဖီမစ်နှစ်ထုပ်ပြန်ယူလာခဲ့မယ်။

သမီးကြီး said...

လာလည်ချင်ပါတယ်။ အိမ်သိပ်မရှုပ်ဘဲနေမှာစိုးတဲ့အတွက် အိမ်ရှုပ်ရအောင် တအားဆော့တဲ့ သားသားကိုပါခေါ်လာခဲ့မယ်။ ရလား?

သံလွင် HeRo said...

ဟင်းဟင်းဟင်း....စာမေးပွဲနီးနေလို့နော်...
ပြီးသွားလို့ကတော့ .........

စန္ဒကူး said...

လာလည်ဦးမှာ.. အိမ်အ၀နားမှာဘဲထိုင်ပီး ထမင်းစားရင်ရော ပိုက်စံကောက်လား

Mogok Thar said...

လာလည်ကြပါဗျို့

လာလည်တိုင်းလဲ အိတ်ထဲ အကြွေစေ့တွေ များများ ထည့်ခဲ့ကြပါ...

(ဒါမှ. အကြွေစေ့ဗူး မြန်မြန်ပြည့်မှာ)

မျောက်ငိုရေးတာ တစ်ခု ကျန်သွားတယ်...

အိမ်လာလည်ပီး စားဖိုမှူးလက်ရာ.. စားကောင်းလို့ ကိုယ့်အိမ်အတွက် ပါဆယ်လေး ထည့်သွားချင်ရင် တစ်ထုပ်ကို လေးကျပ် ကျပါတယ် ဆိုတာ ဘယ်ကျန်ခဲ့တာတုန်းးး.....

:-P

ပျော်စရာ အိမ်ကလေး...

ချစ်စရာ မောင်နှမတွေ....

ရေစက်......

လူပျိုကြီး said...

ဒီနေ့လာမယ့်လူတောင် လာရမလား မလာရမလား တော်တော်လေးစဉ်းစားယူရတယ် :P

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

အင်း.. လိပ်စာလဲ သိပြီဆိုတော့ ပျော်စရာကောင်းတဲ့ ကိုဖိုးစိန် တို့ အိမ်ကိုတော့ အလည်လာချင်သားဗျ။

စည်းကမ်းချက်တွေကတော့ အများသား။ :) :) :)..

အစဉ်ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ....

ခင်မင်စွာဖြင့်
ကိုမျိုး

မေသူ said...

ကိုတောင်ပေါ်က လွှတ်ကိုသောင်းကျန်းနေတာပဲ...

မမိုးကများ သိပ်ကတ်စီးကုတ်တာပဲ...Pet Ville ထဲက သမီးကို ခါချရင်တောင် အကြွေတွေထွက်ကျတယ်...

=))

မလာကြနဲ့ နော.. အဲလိပ်စာအမှားကြီး..

မေသူဆိုလဲ မလာဘူး... (ရုပ်ရှင်ကြည့်၊ ထမင်းစား၊ ကော်ဖီသောက်၊ အိုက်စရင်စား၊ ရရာ ကြုံရာ ဝင်ကျုံးအိပ် ရုံလေးတင်ပါ)... လုံးဝ မလာတာပါ။

ဆောင်းနှင်းရွက် said...

ခုမှ
မြန်မာ ပိုက်ဆံ
တန်ဖိုး ရှိမှန်း သိလာရတယ် ... :D

ဟိုနေ့ က အဲ့အိမ်က ပြန်ခါနီး
ကိုဖိုးစိန်
ကိုဘို
ကိုဆောင်းချမ်းမိုး
မပြာ
မမိုးခါး တို့
ထမင်းဝိုင်းမှာ ထမင်းစုစားနေတာ ကြည့်ပြီး
MRT ကို လမ်းလျှောက်သွားရင်း
အိမ်က ထမင်းဝိုင်းကို သတိရလိုက်တာ ... :((

ခု ဒီစာဖတ်ရင်း လည်း
အိမ်က ထမင်းဝိုင်းကို သတိ၇တယ် ..
အိမ်မှာ လည်း အမြဲတမ်း
ညနေ ထမင်းစားတိုင်း
မလာမချင်း စောင့်ပြီး စားကြတယ် ...

တနင်္ဂနွေ ဆိုလည်း
အိမ်မှာ ဆူညံလို့ ...
အိမ်နားက ရှိရှိသမျှ
ကလေးတွေ အိမ်ကို အလည်လာတယ် ..
မုန့်လာစားတယ် ..
ထမင်း လာစားတယ် ..
နေ့လည် လာအိပ်တယ် ..

ကိုဖိုးစိန် ရေးထားတာ
သဲ တို့ အိမ်နဲ့
နဲနဲ ဆင်တယ် ...
ကိုယ်တိုင် ထမင်း၊ဟင်း ချက်တာ ပဲ မတူတယ် ..
အိမ်ကို သတိရတယ် ...
အိမ်ကို သတိရတယ် ... :((

ပေါက်ပေါက် said...

ကိုဂျီး ချက်ကြီးးးးးး ဂျီးများတဲ့ ချက်ကြီး ဘာ စတားတာ ဆိုလားမသိဘူး အဲဒီ ချက်ကြီး ဝမ်းနည်းအောင် ရေးတဲ့ချက်ကြီး အိမ်ကိုဘယ်လိုလာရတယ်ဆိုတာတော့ မပြောဘူး ၅၉ စီးပြီးလာခဲ့ကြနော်းP ဒါနဲ့ ကောင်မလေး ခေါ်လာခဲ့လို့ ရလားးP ;))))))))))) ညီလာရင် ဥ ပြုတ်ပေးတယ်လား နောက်မှ မအား ကိုပြုတ်ခိုင်းဦးမယ်းP တော်ပါပြီ ငြိုငြင်နေကြပါပြီ အားလုံးကို ပျော်စေချင်သူ

Nyi Ma Lay said...

ကြေးကြီးတာ.....;P

တလနွန် said...

ဖတ်ပြီးတော့ အိမ်ကို လွမ်းလိုက်တာဗျာ...

မောင်နှမတွေစားနေတာကို ပီတိနဲ့ ပျော်နေတဲ့ ကိုချက်ကြီးတို့ အိမ်က အဲဒီလိပ်စာကိုးးးး မှတ်ပစ်လိုက်ပီးးးး :P

လည်လည်လာလျက်
လည်လည်လာမြဲ
တဝဲလည်လည်နှင့်

ဖိုးသင်္ကြန် said...

ဟုတ်ကဲ့
ဘလော့ဖတ်မိတ်ဆွေများခင်ဗျား
နည်းတယ်များတယ် မဟုတ်ပါဘူး။
ဟုတ်ကဲ့
စေတနာသဒ္ဒါတရား နည်းများမဆို ကုသိုလ်တော် ပါဝင်နိုင်ကြပါတယ်။
ဟုတ်ကဲ့
ဘယ်ဘက်က တဆုတ်ကြဲ (အကြွေစေ့)ပြီး
ညာဘက်က တဝစွဲ(ထမင်း)နိုင်ကြပါစေလို့။
ဟုတ်ကဲ့
ဂလောက်
ဂလောက်
ဂလောက်

:P

အိန္ဒြာ said...

အင်းးးးးးနောက်တစ်ခါ ကျွဲရိုင်းကဒ်လိုက်ဆွဲလာပါ့မယ်...

(ပိုစ့်တွေမှာ အရင်ပိုစ့်ရော ခုပိုစ့်ရောချီးပေါက်တယ်ဆိုတဲ့ အသုံးအနှုန်း သိပ်တွင်ကျယ်နေတ်ာနော်...ဆရာလေး...)

သုဒြေ္န said...

မန့် တွေကများလွန်းတော့  ကိုရဲ့ မန့် လေးချမရေးခဲ့ ဘူး ရင်ထဲမှာသိမ်းပြီးပြန်ခဲ့ ရတဲ့ အကြိမ်ပေါင်းမနဲတော့ ဘူး စည်းကမ်းချက်တွေနဲ့  မန့် ရင် အခွန်ကောက် အကောက်ခွန်ပေးရမှာ ကြောက်တာကြောင့် လဲပါတယ် သတိရခြင်းများစွာနဲ့ ကိုကြီး သုဒြေ္န

ဧပရယ်လ်ပူး@ပူးတေ said...

ဆိုဖာမှာ ထိုင်ရင် စကာင်္ပူ ဒေါ်လာ တစ်ကျပ်ကောက်ပါတယ်

ဆိုတော့ ဖျာပေါ်မှာပဲ ထိုင်တော့မယ်နော်... free မှတ်လား

အိမ်သာထဲဝင်ရင် နှစ်ကျပ် ဆိုတော့ MRT မှာထဲက အိမ်သာဝင်ခဲ့မယ်... ကိုဖိုးစိန်တို့အိမ်မှာ မဝင်တော့ဘူး

ထမင်းစားပြီး ပန်းကန်ဆေးစရာ မလိုဘူး။ ပန်းကန်ဆေးခ တစ်ကျပ်။(ဆေးသူ ယူပါတယ်)
ဆေးသူဆိုတာ ဆေးမြို့သူကိုပြောတာလား မန္တလေးသူတို့ ရန်ကုန်သူတို့နဲ့ ဘာကွာလဲဟင်....:D

အိမ်လာရင် အအေး(သို့) အပူ ဝယ်လာရပါတယ်။
အအေးဆိုတာ ရေခဲရေကိုပြောတာဖြစ်ပြီး အပူဆိုတာ လက်ဖက်ခြောက်ယူလာပြီး အိမ်ရောက်မှ ရေနွေးအို ကျိုလိုက်ရင် ဖြစ်တယ်မှတ်လား...

စည်းကမ်းချက်တွေက များလိုက်တာ....မီးမီးကြောက်ကြောက်....လာတော့ဘူးးးးး
:(

Angel Shaper said...

ဖတ်လို့ပြီးတော့ အိမ်က မိသားစု ထမင်းဝိုင်းကို လွမ်းရပါတယ်။ အကြွေစေ့လည်း စုထားလိုက်မယ်နော်..

Anonymous said...

Too close to my apartment.
Could I come?

CTM

မြရေလျဉ် said...

မြကတော့ စလုံးက ဥပဒေ အတိုင်းနော်..။
နိုင်ငံသားကို ယူရင် နိုင်ငံသားဖြစ်တယ် ဟုတ်
စတေး ၃လောက်တော့ အေးဆေးရတယ်နော်..

ကဲတောင်ပေါ်ရေ..
ဟိ ဟိ..
နင်လဲ ဘရက်ဒဲလ်ရီးယန်းမကြီး ကိုသာ....အပိုင်ကြံလိုက်ပေါ့ဟာ... စတေးကောင်းတယ်
......ခိခိ...


စားကောင်းသောက်ကောင်းအောင် လာမန့်သွားသည်..။

mae said...

အိမ်က ထမင်းဝိုင်းအကြောင်း လာဖတ်ပြီး မျက်ရည်ကျသွားတယ်

သူငယ်ချင်းတွေနဲ့ ပျော်နေလို့လဲ ရောပျော်သွားတယ်

မောင်လေးစိန် နေရာသစ်မှာ အဆင်ပြေပါစေ

Steve said...

အမောင်ဖိုးစိန် ပျော်ရွင်ပါစေ။

မြရေလျဉ် said...

မြ လာမယ်ဟေ့ လို့ တော့ အပြောမခံရလောက်ပါဘူး

ဟုတ်တယ်ဟုတ်

minye said...

ထမင်းစားချင်လို့း) ရမလားဗျို့  စေတနာရှိမှနော် မိုင်လပ်လီးဘရားသားး)

saunghinn said...

တကယ်လာစားလို.၇လားဟင် !

PhyoPhyo said...

ပျော်စရာကြီး

mstint said...

ဒီတစ်ခေါက်တီတင့် စလုံးရောက်ရင်တော့
အိမ်ရှင်တွေအားရက်မှာ အရင်ဆုံး မောင်ဖိုးစိန်တို့
အိမ်ဘက်ကိုခြေဦးလှည့်ပြီး အလည်သွားမယ်
စိတ်ကူးတယ်။ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်
အိမ်လေးမို့ (အကြောင်းပြချက်တစ်ခုအဖြစ် :P)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်