စကားမစပ်

စကားမစပ်...

ခုတလော တော်တော်လေးကို ဝလာတယ်။ ဗိုက်က အစပေါ့။ တွေ့တဲ့သူတိုင်းက ဝလာလိုက်တာ ဖြူလာ ချောလာ လိုက်တာ မပြောကြဘူး။ ဗိုက်လေးက ပူလာတယ်ပဲ ပြောနေကြတယ်။ အဲဒီအတွက် ဆိုက်ကို ဝင်နေတယ်ပြောရမလား။ သတိရတိုင်း ဗိုက်လှန်ကြည့်နေမိတယ်။ မနက်စာ လုံးဝမစားပါဘူး။ ညနေ (၆) နာရီ နောက်ပိုင်းကနေ မနက် (၆) နာရီထိပဲ စားတာပါ။ သေချာတာက ဝလာတယ်။ တကယ်ကို ဝလာပါတယ်။ အသည်းယားလို့ ဆိုပြီး ဗိုက်ကိုလာကိုင်တဲ့သူနဲ့ လက်မောင်းလာကိုင်တဲ့သူနဲ့.. တော်သေးတာက သူတို့ မြင်တာပဲ သူတို့ ကိုင်ကြတာကိုး... တော်ကြာ အသည်းယားစရာတွေ မြင်ပြီး ကိုင်ချင်တယ်ဆိုရင် ကိုယ်တော့ သွားပြီး...။


စကားမစပ်...

ညည ဆိုမအိပ်ပါဘူး။ ရုပ်ရှင်ကြည့်ပါတယ်။ သရဲကား၊ စုံထောက်ကား၊ လူသတ်ကား၊ ဟာသကား၊ တခါတလေ အာဟာရ ကား။ စုံလို့ပါပဲ။ မိုးမလင်းမချင်းကြည့်ပါတယ်။ တကယ်တော့ ရုပ်ရှင်ကြည့်တာ ရည်ရွယ်ချက် ရှိပါတယ်။ အခု လုပ်ရမယ့် ပရောဂျက် အတွက် အာရုံယူတယ်လို့ မှတ်ပါတယ်။ မယုံချင်နေပါ။

စကားမစပ်...

ခုတလော တကယ်ကို မအားလပ်တဲ့ ပရောဂျက်တွေနဲ့ ပိနေပါတယ်။ ပရောဂျက်အတွက် research လုပ်ရင်း Youtube ကိုသွား သီချင်းနားထောင် ဖြစ်သွားတာက များနေပါတယ်။ အဲဒီအတွက် တကယ်ကို မအားဘူး ဖြစ်နေပါတယ်။ အဲဒါကြောင့် စာမရေးနိုင်တာပါ။ ခုချိန်စာရေးရင်လည်း ကိုယ်ဆီက ကောင်းကောင်းခန်းခန်းထွက်လာမှာ မဟုတ်ပါဘူး။ အရင်ကလည်း ကောင်းတယ် မဆိုလိုပါဘူး။ စာမရေးတော့ဘူးလား လို့ မေးတဲ့ စာဖတ်သူ တချို့အတွက်ပါ။

စကားမစပ်...

City Hall မှာ ဆိုင်ခန်းဖွင့် ဈေးရောင်းတဲ့သူတွေကို မုန်းပါတယ်။ (အကုန်လုံးကို မဆိုလိုပါ ကိုယ်ဆက်ဆံခဲ့ရတဲ့သူတချို့) ဆက်ဆံရေးမပြေပြစ်ပါဘူး။ ကိုယ်ဆီ ဈေးလာဝယ်တဲ့သူတွေကို ချိုချိုသာသာ မဆက်ဆံသလိုပါပဲ။ ကိုယ်ကပဲ ပိုနေတာလား သူတို့ကပဲ လိုနေတာလား မသိဘူး။ သူငယ်ချင်းအတွက် လေယာဉ်လက်မှတ် စုံစမ်းတော့ နှစ်ခွန်းလောက်ပဲ မေးရသေးတယ် စိတ်မရှည်ချင်တော့ပါဘူး။ မျက်နှာပျက်လာတယ်။ စိတ်တွေဆိုးလာတယ်။ ဘာသဘောမှန်းမသိပါဘူး။ ဈေးဝယ်တယ်။ ငှက်ပျောပင်။ မုန့်ဟင်းခါးချက်ဖို့ပါ။ ငှက်ပျောပင်တွေ မကောင်းလို့ ပတ်ရှာဝယ်ပါတယ်။ နောက်ဆုံးမရတဲ့ အဆုံး နည်းနည်းလတ်တဲ့ဆိုင်မှာ ဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘယ်လောက်လဲ ဈေးမေးတော့ ၁ ကျပ်တန်ရှိတယ် ၁ ကျပ်ခွဲတန်ရှိတယ် မောင်လေးယူရင် လျှော့ပေးမယ်ဆိုတော့ လတ်တဲ့ နှစ်ခုကိုရွေးယူပါတယ်။ ယူပြီး ဘယ်လောက်လဲမေးတော့ မောင်လေးရယ် (၃) ကျပ်ပဲပေးသွားတဲ့။ အဲဒါလျှော့တယ်တဲ့လား။ (၁၀)တန်ပေးတော့ အကြွေးနှစ်ကျပ် အမ်းစရာ မရှိလို့ နောက်ထပ် နှစ်ကျပ်ဖိုး ထပ်ယူပါတဲ့။ လူတွေကို ရောင်းမကုန်တဲ့ ငှက်ပျောအူအပုတ်တွေ ထိုးပေးနေတယ်။ လူကိုဝက်ထင်နေသလားပဲ။ အဲဒီအချိန် ဆိုင်ရှင်က ကျနော်မျက်နှာ မြင်ပြီး နှစ်ကျပ်ကို မရမက ရှာအမ်းပေးပါတယ်။ အားနာပြီးတော့ နှစ်ကျပ်ဖိုး ထပ်ယူမယ့် သူမဟုတ်ပါဘူး။ အပေါ်ထပ်မှာ ကြာဆံချက်ဝယ်စားပါတယ်။ ဝင်းမြန်မာမှာပါ။ စာကပ်ထားပါတယ်။ အဆင်မပြေမှု မကျေနပ်မှု ရှိရင်ပြောပါ ဘာညာ နဲ့ပေါ့။ ကျနော်စားချင်တာ ကြာဆံချက်ပါ။ ကြွက်နားရွက်မှို ချက် မဟုတ်ပါဘူး။ အဲဒီအတွက် ကြွက်နားရွက်မှိုတွေနဲ့ ပြွတ်သိပ်နေတဲ့ ကြာဆံချက်ကို သွားပြန်လဲတဲ့အခါ လဲပေးတဲ့ မျက်နှာနဲ့ ပွစိပွစိ ပါးစပ်တွေကြား အဲဒီကြာဇံချက်ကို ဒီအတိုင်းထားခဲ့ပါတယ်။ ဧရာဝတီမှာ ထမင်းစားတော့ အော်ဒါမှာပြီး တနာရီ နီးပါးမျှ စောင့်နေရပါတယ်။ စိတ်မရှည်လို့ လှမ်းခေါ်တော့ အပြေးလေး လာပြီး ငွေရှင်းစာရွက်လာပေးပါတယ်။ မှာထားတာမလာသေးဘူး ဆိုမှ ဆောရီးပါတဲ့။ ကဲ.... ကျနော်ပဲ ဒေါသကြီးလွန်းနေတာလား။ သူတို့ကပဲ မှားနေတာလား ကျနော်ကတယ်မသိတော့ပါဘူး။


စကားမစပ်....

ခုတလော အိမ်မှာပဲ နေဖြစ်ပါတယ်။ အပြင်လဲ မထွက်ပါဘူး။ အပြင်ထွက်ရင် ဒေါသပါပါလာလွန်းလို့ပါ။ အိမ်မှာရှိတဲ့ ညီအကို မောင်နှမတွေရဲ့ အစအနောက်ကို ခံရင်း ကျနော်က ပြန်အော်ရင်း ပျော်နေပါတယ်။ လူဆိုတာကလဲ ခက်သား။ ကိုယ်ချစ်တဲ့သူကျ ဘာပြောပြော အကုန်သဘောခွေ့နေတယ်။ ကိုယ် မချစ် မနှစ်သက်တဲ့သူကျ ကိုယ့်ကို ပြုံးပြရင်တောင် ကိုယ့်က လှောင်ပြုံးလို့ ထင်လိုထင်။ နေကောင်းလားလို့ မေးရင်တောင် ငါ့ကို သေစေချင်နေတာလားလို့ မြင်လိုမြင်နဲ့။ ချစ်တဲ့သူကျ ခြေဖဝါးလေးနမ်းရ နမ်းရ... ခြေမှုန့်လေးပဲ ရှူရ ရှူရ...


စကားမစပ်...

ဘရက်ဒယ် အိမ်က မောင်နှမတွေ အွန်လိုင်းမှာ ပျောက်နေကြတယ်။ စာမရေးကြဘူး။ ဟုတ်တယ်။ ရှိသမျှ ကျားတွေက အခန်းထဲမှ စုစုပြီး နေမအား ညမနား ဒိုတာ ဆိုတာ ခုတ်ကြတယ်။ ခုဘောလုံးရာသီ စတော့ ပိုဆိုးတယ်။ သောကြာ စနေ ညတွေမှာ ညလုံးပေါက် ကစားလိုက် ဘောလုံးပွဲ ကြည့်လိုက်။ နေ့ဘက် တနေကုန်အိပ်လိုက် နိုးလာရင်စားလိုက်နဲ့။ မိန်းခလေးတွေကတော့ မေးမနေနဲ့။ ကိုးရီးယား ရာသီထနေကြတယ်ပေါ့။ သူတို့တွေ ကိုးရီးယား ကြည့်ပြီးရင် ဘယ်သူက ဘယ်မင်းသားနဲ့ တူတယ်။ ဘယ်သူကတော့ ပိုချောတယ်ပေါ့။ ကျနော်မသိတဲ့ နာမည်တွေ ရိမ်းနဲ့ တူတဲ့သူနဲ့ လက်ဝှေ့မင်းသားနဲ့ တူတဲ့သူနဲ့ ထယ်ဆောက်တို့ လီဗျောင်ဟွန်းတို့နဲ့ တူတဲ့သူနဲ့။ ကျနော်လဲ အားကျမခံ ကျနော်ရော ဘာသူနဲ့ တူသလဲမေးတော့ အားလုံးက အားရပါးရ ဝိုင်းပြပါတယ်။ ကားတိုင်းမှာ ဗီလိန်လုပ်နေတဲ့ လူကြမ်းနဲ့ တူပါတယ် ဆိုပြီးတော့ပေါ့လေ။ အော် ကျနော်လဲ တခါတလေတော့ တူကြည့်ချင်ပါတယ်။ ဝူခုံးနဲ့ မဟုတ်ပါဘူး။ ယောကျားလေး ဖြစ်နေတော့လဲ ရူပါလန်း ချင်တာပေါ့။ ဒါမှ စော်ကြည်မှာ ဆိုတော့ကာ....။


စကားမစပ်...

တနင်္ဂနွေ ညနဲ့ တနလာင်္နေ့ကို မုန်းပြီး သောကြာ စနေ တနင်္ဂနွေကို ချစ်နေပါတယ်။ တက်နေတဲ့ ကျောင်းကို မုန်းပြီး လုပ်နေရတဲ့ ပရောဂျက်တွေကို ချစ်နေပါတယ်။ အနားက မောင်နှမတွေကို ဘာလုပ်လုပ် အကောင်းမြင်နေပြီး..... ပြီး... ဆက်ပြောရင် ရိုက်ပေါက်မို့.... ပြောတော့ဘူး။


စကားမစပ်...

ခုဒီပိုစ့်ရေးတာက တအိမ်ထဲနေပြီး ပိုစ့်တပုဒ်နဲ့ ကျော်တက်သွားတဲ့ ပြောရဦးမယ်... သိလား... ကို မခံချင်တာနဲ့ ချရေးမိတာပါလေ။ သူက ကိုးရီးယားကားတွေကြည့်ပြီး အနု အရွ စကားလုံးတွေကို ဖန်တီးနိုင်သေးတာပဲ။ ကျနော်က ဘာလို့ မလိုက်နိုင်ရမှာလဲ မဟုတ်ဘူးလား။ ဟို အလုပ်မရှိ အကိုင်မရှိ ပျင်းလွန်းလို့ လူပျင်းပိုစ့် ရေးတဲ့သူထက်တော့ သာပါသေးတယ်။ အလုပ်တစ်လနားပြီး အေ တူ ဇက် ကို Dictionary အုပ်ပေါင်းများစွာကို လှန်လှော ရေးနေတဲ့ မိုးကုတ်သားထက်လဲ သာအောင် ရေးနိုင်ပါတယ်။ ပိုစ့်ရေးစရာမရှိလို့ ကြားဖူးသမျှ မြို့တွေကို မတောက်တခေါက်လေး ရေးတာထက်လဲ သာတယ်။ မီးအနံ့ ရမှ စာရေးတဲ့သူထက်လဲ သာတယ်။ သီချင်းတွေကြီးလွှတ်တင်ပြီး တလမှတခေါက် မတောက်တခေါက်ရေးတဲ့ လူအအိမ်မက်ထက်လဲ သာပါတယ်။ ကဗျာရေးပြီး ကောမန့် မဖွင့်ရဲတဲ့ ကိုဗလပိန်ထက်လဲ သာတယ်။ ကျနော် သာပါတယ်ဆိုတဲ့ အကြောင်းလေးကို ပြောချင်တာပါပဲ။

စကားမစပ်...


စကားမစပ်...



စကားမစပ်...






ချစ်ခင်လေးစားစွာဖြင့်



ဖိုးစိန်




Comments

ပေါက်ပေါက် said…
ဟာဟ အချိန်စီးလာတဲ့ သဘောပေါ့
ဟာဟ ဆင်ခြေ
ဟာဟ စလစ်ဗြစ်တီကြီးပေါ့
ဟာဟ ဒေါသကုမ္မာရ
ဟိဟိ ဒါကြောင့်ချစ်
ဟာဟ ဒါတော့ ညီတွေက သာပါတယ်းP
ဟာဟ ဘာမှမဟုတ်ဘူး weekend ကျောင်းမသွားရလို့
ဟမ် ဖဲ့တာလား အမက ပြောရဦးမယ်သိလား
အကိုက စကားမစပ် ရတယ်လေ
တွေ့ကြသေးတာပေါ့းP
kaungkinpyar said…
ပြောရဦးမယ် သိလား...ယူ တကယ် ဗိုက်ပူနေတာ

ပြောရဦးမယ် သိလား...အိုင် လဲ ရုပ်ရှင်တွေ တော်တော် များများ ကြည့်ဖြစ်တယ်

ပြောရဦးမယ် သိလား...ဈေးသည်တွေရဲ့ အမှားပါ..စိန် မမှားဘူး..

ပြောရဦးမယ် သိလား...ယူ က ANDYLAU နဲ့ တူတယ် လို့ ပြောတယ်လေ...

ပြောရဦးမယ် သိလား..အိုင် က ကြောင်တောင်တောင် တွေ ရေးတာ ဆိုတော့..ယူ က...:P
khin oo may said…
အင်း..စိတ်ထိန်းပေါ့။
Pwint Myue Zin said…
သာပါတယ် ကဖိုးစိန်..
စိတ်လျော့ပါ
ဆက်ဆံရေးမကောင်းတာတွေရှိသလို ကောင်းတဲ့ လူတွေလဲရှိပါသေးတယ်
မောင်လေးဖိုးစိန်က သာပါတယ်ကွယ်။

ထင်သားပဲ.. မမပြာပို့စ်ကြောင့် ဒီပို့စ်ရေးဖြစ်တယ်လို့ :P
Anonymous said…
မပြောချင်တော့ပါဘူး အဲဒီပူနေတဲ့ ဗိုက်အကြောင်း
မပြောချင်တော့ပါဘူး ဒိုတာတွေ ဘောလုံးတွေ ကိုးရီးယားကားတွေ ကိုက်ကြတဲ့အကြောင်း
မပြောချင်တော့ပါဘူး အလုပ်ကို မသွားချင်သွားချင် သွားရတဲ့အကြောင်း
မပြောချင်တော့ပါဘူး ဘရယ်ဒယ်က အိမ်က လူတွေ အကြောင်း
မပြောချင်တော့ပါဘူး ပလီတီတီတွေအကြောင်း
မပြောချင်တော့ပါဘူး ..........
မပြောချင်တော့ပါဘူး ..........
မပြောချင်တော့ပါဘူး ..........
မပြောချင်တော့ပါဘူး ..........
မပြောချင်တော့ပါဘူး ..........
မပြောချင်တော့လို့ မပြောသွားတော့ဘူး

မိုးခါး
Angel Shaper said…
ကိုဖိုးစိန် မမှားပါဘူးး သူတို့ပဲမှားတာပါ
ဒေါသလေးကို နည်းနည်းလေးလျှော့လိုက်လေ
ဒါနဲ့ စကားမစပ် ရောက်ခဲ့ပါတယ်နော် :P
Libratun said…
အချိန်ရမှ နားထောင်ပါ။ မရသေးလို့ မပြောသေးဘူး ခင်ဗျာ။
ဒါနဲ့ စုဗူးဖောက်ကြည့်လိုက်ကြပါဦး။
း))))))))......
ဗိုက်ကပူလာတာလား..... သတိထား...
ဒါနဲ့
စကားမစပ်
ပြောရဦးမယ် ...
ကြည့်လိုက်ရင်
ဗိုက်ပဲမြင်ရတယ် ... :D
တော်တော်လေးကို ၀ လာပါတယ် ... :P
m said…
comment တိုင်းမှာ ဗိုက်တော်တော်ပူလာတယ် ဆိုပါလား၊ gtalk status မှာ တွေ့တွေ့နေတဲ့ မစားရ အညှော်ခံ ဟင်းအမယ်တွေနဲ့ ဘာအဆက်အစပ်ရှိလဲ မသိ၊

မောင်လေးစိန်လျှံ ဝနိုင် လှနိုင်ပါစေ :P
Maung Myo said…
စကားမစပ်လို့ပဲ စကားများစပ်ရင် အင်းးးး =)
Anonymous said…
The Gardener ရဲ့ စာရေးဟန်ပဲ။
စကားမစပ်
ဝလာလို့လား..
ညနေစာ မစားနဲ့လေ..
စကားမစပ် ဟိုသတင်းကြားပြီးပြီလား?

Popular Posts