သူ့လို မိန်းမ

လူတစ်ယောက်ရဲ့ စိတ်ကို လူတစ်ယောက်ရဲ့ အပြုအမူကို ကြည့်ပြီး ဆုံးဖြတ်နိုင်တယ်ဆိုတာ (၅၀) ရာခိုင်နှုန်းလောက်တော့ မှန်နိုင်ပါတယ်။ တချို့က တထစ်ချ ဆုံးဖြတ်လို့ ရနိုင်တဲ့သူရှိသလို တချို့ကျ မှန်းချက်နဲ့ နှမ်းထွက်နဲ့ မကိုက်ညီတာ မျိုးတွေရှိတတ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ်က လူတစ်ယောက်ကို နှစ်သက်သည် ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ မကောင်းတဲ့ဘက်က အလျင်စလို မသုံးသပ်မိပါစေနဲ့။ ကိုယ်မနှစ်သက်ရင်တောင် ကောင်းတဲ့ဘက်ကနေ လှည့်တွေးပြီး နားလည်ပေးလိုက်ပါ။ လူစိတ်ဆိုတာ အမျိုးမျိုးပြောင်းလဲ နေတတ်တယ်ဆိုပေမယ့် ပြောင်းလဲခြင်းအပေါ်မှာ မပြောင်းလဲတတ်တဲ့ စိတ်တွေ ရှိပါသေးတယ်။ တချို့က အပြင်ပန်းကောင်းနေပေမယ့် အတွင်းမကောင်းတာမျိုးတွေ ရှိမယ်။ တချို့က နှစ်မျိုးလုံးမကောင်းတာ ရှိမယ်။ တချို့က အပြင်ရော အတွင်းစိတ်ရော ကောင်းနေတာ မျိုးတွေ ရှိမယ်။

ကျနော်ငယ်ငယ်က တွေ့ဖူးတဲ့ မိန်းမတစ်ယောက် ကတော့ အပြင်မကောင်းပေမယ့် အတွင်းကောင်းတဲ့သူပါ။နာမည်က ဒေါ်တင်တင်ထွေး..

သူ မကောင်းပုံကတော့…..

ဒေါ်တင်တင်ထွေးက ကျနော်တို့ ရပ်ကွက်မှာ နာမည်ကြီးတယ်။ ယောကျားရှုပ်တယ်။ သားသမီးတွေကို နှိပ်စက်တယ်။ မွေးထားတဲ့ သားသမီးတွေနဲ့ ယူထားတဲ့ ယောကျားတွေနဲ့ ဘယ်တော့မှ မတည့်ဘူး။ အိမ်မှာ မတည့်လို့ ရပ်ကွက်ထဲက လူတွေနဲ့ အဆင်ပြေသလားဆိုတော့ လဲ မောက်မာပြီး အကြောမာတဲ့ ဒေါ်တင်တင်ထွေးကို ဘယ်သူကမှ အပေါင်းအသင်းမလုပ်ချင်ကြဘူးပေါ့။ ချမ်းသာတဲ့ မိဘတွေ လက်မှာ ကြီးပြင်းလာတဲ့ အတွက် အရာရာကို ပိုက်ဆံပေး ဖြေရှင်းချင်တဲ့ စိတ် ဒေါ်တင်တင်ထွေးမှာရှိတယ်။ အဖွားနဲ့နေခဲ့ရတဲ့ အတွက် အိမ်တွင်းမှု အလုပ်သိမ်းထုပ်သေချာပါတယ်။

အသက် (၁၉) နှစ်မပြည့်ခင်မှာ ကိုမင်းသစ် ဆိုသူနဲ့ အိမ်ထောင်ကျတယ်။ အိမ်ထောင် အစမှာတော့ သာသာယာယာပါပဲ။ သားတစ်ယောက် သမီးတစ်ယောက်ရတယ်။ သားသမီးတွေ အရွယ်ရောက်တဲ့ အချိန်မှာ ဆရာဝန်တစ်ယောက်နဲ့ ရှုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပြီး ကိုမင်းသစ် ဆုံးတယ်။

ကိုမင်းသစ်ဆုံးပြီး မကြာဘူး။ ဆရာဝန်နဲ့ ယူတော့မလိုလို ဖြစ်လာတယ်။ မကြာဘူး ဆရာဝန်လဲ ကိုယ့်ကိုယ့်ကိုယ် သတ်သေတယ်ဆိုပြီး ဆုံးသွားပြန်တယ်။ အဲဒီအချိန်မှာ အကြီးဆုံးသား ကို အကြောင်းမရှိပဲ အမွေပြတ်စွန့်လွှတ်တယ်။ မကြာပြန်ဘူး။ ကိုထွန်းလွင်ဆိုတဲ့ ဆရာဝန်နဲ့ အိမ်ထောင်ပြုလိုက်တယ်။ အိမ်ထောင်ပြုပြီးမကြာခင် ဒေါ်တင်တင်ထွေး ကိုယ်ဝန်ရလာတယ်။ အဲဒီအချိန် သမီးအငယ်က အိမ်ပေါ်ကနေ ပျောက်သွားတယ်။ သတင်းကြားတာက သမီးက ဆိုးလို့ ဒေါ်တင်တင်ထွေးက သတ်လိုက်သလိုလို၊ လင်နောက်လိုက်သွားသလိုလိုနဲ့ သားရော သမီးရော အစဖျောက်ချင်းခံလိုက်ရတယ်။

ဘဝဆိုတာ ရှုပ်ထွေးလွန်းလှတယ်။ ဒေါ်တင်တင်ထွေးအကြောင်းကို လူတွေ ရှေ့တမျိုး နောက်တမျိုးနဲ့ အတင်းမျိုးစုံပြောကြတယ်။ ဒေါ်တင်တင်ထွေးကြားအောင်ပြောတာလဲ ရှိသလို၊ ပြန်ကြားတာလဲ ရှိတယ်။ ဒါပေမယ့် ဒေါ်တင်တင်ထွေး အပြုံးမပျက်ခဲ့ဘူး။ လူတွေ အားလုံးရှေ့မှာ မနာလိုလောက်အောင်ကို အပြုံးကြီး တခုကို လှလှ ပပ ဆင်မြန်းထားတာ ဒေါ်တင်တင်ထွေး အကျင့် ဖြစ်နေခဲ့ပြီး။
ဒါပေမယ့် ဒေါ်တင်တင်ထွေး ပြုံးနေတဲ့အချိန်ထက် ငိုနေရတဲ့အချိန်ကပိုများနေတာ လူမသိဘူး။ ဒေါ်တင်တင်ထွေး ငိုရလွန်းလို့ ကျနေ ကျ မျက်ရည်တွေမရှိတော့ဘူး။ ဘယ်တုန်းကမှ ခံစားနေရတာကို လူမသိစေခဲ့ဘူး။ကျိတ်ပြီးခံစားခဲ့တယ်။တကိုယ်တည်း ဖြေရှင်းခဲ့တာ ဒေါ်တင်တင်ထွေး ဆုံးတဲ့ထိပါပဲ။

ဒေါ်တင်တင်ထွေးဘဝမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ပေမယ့် အိမ်ထောင်ရေးသာယာခဲ့ပါတယ်။ ချစ်စရာ သားတစ်ယောက် သမီးတစ်ယောက်နဲ့ လူသူအလည်မှာ တကယ်ကိုပျော်ရွှင်ခဲ့ပါတယ်။ သားသမီးတွေ အရွယ်ရောက်လာတော့ ကိုမင်းသစ်က အိမ်ထောင်ရေး ဖောက်ပြန်မှုတွေရှိလာတယ်။ မိန်းမလိုက်စားလာတယ်။ အဆိုးဆုံးက တရပ်ကွက်ထဲနေတဲ့ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ရေး ဖောက်ပြန်နေတာပဲ။ ဒါကို ဒေါ်တင်တင်ထွေး သိလာတော့ ကို မင်းသစ်ကို တားတယ်။ ဖောက်ပြန်တဲ့ အမျိုးသမီးကိုလဲ ခြိမ်းခြောက်ပြီးတားတယ်။ ဒါကို ကိုမင်းသစ်သိတော့ ပေါက်ကွဲပြီး ကွာရှင်းဖို့ပြောလာတယ်။ သားသမီးမျက်နှာကို ထောက်တဲ့ ဒေါ်တင်တင်ထွေး တစ်ယောက် ကိုမင်းသစ် အိမ်ထောင်ရေးဖောက်ပြန်တာကို သိရက်နဲ့ မကွာရှင်းခဲ့ဘူး။ ဒါပေမယ့် ကိုမင်းသစ်အပေါ် ဆက်ဆံရေးက စိမ်းကားလာတယ်။ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ယောကျားကို မသတီပေမယ့် သားသမီးမျက်နှာနဲ့ အတတ်နိုင်ဆုံး ဟန်ဆောင်နေခဲ့တယ်။

တနေ့မှာ ကိုမင်းသစ် တစ်ယောက် မကောင်းတဲ့မိန်းမနဲ့ တူတူ အိပ်နေတုန်း နှလုံးရှော့ဖြစ်ပြီး ဆေးရုံတင်လိုက်ရတယ်။ ဒေါ်တင်တင်ထွေး တယောက် အရှက်ကြီးရှက်ပေမယ့် ငယ်ကပေါင်းခဲ့တဲ့ သံယောဇဉ်နဲ့ သိက္ခာတွေကို ဖုံးဖိရင်း နေခဲ့တယ်။ကိုမင်းသစ်ဆေးရုံတက်နေချိန်မှာ ဆရာဝန်တစ်ယောက်နဲ့ ရင်းနှီးပြီး သွားသွားလာလာရှိခဲ့တယ်။ အဲဒါကို သားအကြီးက အဖေနောက်ကွယ်မှာ အမေအိမ်ထောင်ရေး ဖောက်ပြန်တယ် ထင်ပြီး အမေကို အရွဲ့တိုက်တယ်။ အိမ်ကပစ္စည်းတွေ၊ ပိုက်ဆံတွေကို ခိုးတယ်။ ကလပ်တက်တယ်။ ညည မူးမူးပြီးပြန်လာတယ်။ တည အမူးလွန်ပြီး ကားမောင်းတာ လူတစ်ယောက်ကို တိုက်မိပြီး သေသွားတယ်။ ယောကျားဆေးရုံတက်နေချိန်မှာ သားဖြစ်သူ ထောင်ကျတာကို မလိုချင်တဲ့အတွက် ရှိသမျှပိုက်ဆံကုန်ချင်ကုန်ပါစေတော့ ဆိုတဲ့ စိတ်နဲ့ သားကို အမှုထဲမှာ မပါအောင် လုပ်ပေးခဲ့တယ်။

ဒေါ်တင်တင်ထွေးတယောက် ယောကျားတာဝန်၊ သားသမီး စီးပွားရေးတွေနဲ့ တော်တော်လေး ကမောက်ကမ ဖြစ်လို့ ပင်ပန်းနေပြီး ဆိုတော့ ဆရာဝန် ရဲ့ အားပေးနှစ်သိမ့်မှုတွေကို သာယာလာခဲ့တယ်။ အဲဒီအချိန်မှာ ကိုမင်းသစ် ဆုံးတယ်။ သားနဲ့ သမီးက အဖေသေတာ အမေ့ကြောင့် ဆိုပြီး အမွေတောင်းတယ်။ ကိုမင်းသစ် ဆုံးတာ ရိုးရိုး နှလုံးရောဂါမဟုတ်ပဲ အဆိပ်ကြောင့် သေတယ်လို့ ရဲတွေ စစ်ချက်ထွက်လာတော့ ဒေါ်တင်တင်ထွေး တစ်ယောက် အဖမ်းခံရတယ်။ အဲဒီအချိန်မှာ ဒေါ်တင်တင်ထွေး သိလိုက်တာက ကိုမင်းသစ်ကို သတ်လိုက်တာ ကိုမင်းသစ်ကို ကုသနေတဲ့ သူ့ကိုလက်ထပ်ခွင့်တောင်းတဲ့ ဆရာဝန်ပဲ ဆိုတာ ပါပဲ။ တရားခံမပေါ်တဲ့အတွက် အချုပ်ကနေလွတ်လာတဲ့ ဒေါ်တင်တင်ထွေး ဆရာဝန်ကို သွားတွေ့တဲ့အချိန် ဆရာဝန်က အမှုမှန်ပေါ်လာလို့ ဆေးသောက်သေပြီး။

ဒေါ်တင်တင်ထွေး အချုပ်ကျနေတဲ့အချိန်မှာ သားအကြီးက အိမ်က ရှိသမျှတွေ ရောင်းနှံပြီးထွက်ပြေးသွားတယ်။ အမေ ကြောင့် ရှက်လို့ သေတော့မယ်ဆိုတဲ့ သမီးဖြစ်သူက ဒေါ်တင်တင်ထွေး အချုပ်က ပြန်ထွက်လာပြီး ဘာမှ မကြာဘူး ဘယ်သူမှန်းမသိသူနဲ့ ကိုယ်ဝန်ရပြန်တယ်။ အချုပ်ကထွက်လာတဲ့ ဒေါ်တင်တင်ထွေး က သမီးရဲ့ အရှက်နဲ့ သိက္ခာကို ကာကွယ်ဖို့ အတွက် ယောကျားတစ်ယောက်ကို အမြန်ကောက်ယူလိုက်ရတယ်။ အချုပ်ကျတုန်းက ကျန်းမာရေး ကိုလာလာစစ်ဆေးတဲ့ ဆရာဝန်ပေါ့။ကိုထွန်းလွင် နဲ့ ယူပြီးမကြာခင်မှာ ကိုယ်ဝန်ရတဲ့အတွက် အချုပ်ထဲမှာတောင် ဒေါ်တင်တင်ထွေး တစ်ယောက် အိမ်ထောင်ရေး ဖောက်ပြန်တယ်ဆိုပြီး သတင်းထွက်နေခဲ့တယ်။ တကယ်တော့ ဒေါ်တင်တင်ထွေးက သမီးကို အဝေးပို့ အိမ်မှာ ကိုယ်ဝန်အတုနဲ့ သမီးသိက္ခာကို ကာကွယ်ခဲ့တာ။

ဒေါ်တင်တင်ထွေး သားလေးထပ်မွေးပြီး(တကယ်တော့ သမီးကမွေးတဲ့ မြေးပေါ့) မကြာခင်မှာ သားအကြီးက ပြန်လာတယ်။ ကုန်သွားတဲ့ပိုက်ဆံတွေအတွက် အမေကို မသိတတ်တဲ့အပြင် အမွေထပ်တောင်းတယ်။ ဒေါ်တင်တင်ထွေး မပေးဘူးပြောတော့ အခုမွေးထားတာ သားမဟုတ်ဘူး ဆိုတဲ့အကြောင်း သတင်းလွှင့်မယ်လို့ ပြောရင်း၊စကားများရင်း၊ ဒေါ်တင်တင်ထွေး လှေကားပေါ်က ပြုတ်ကျပြီး ဆုံးသွားတယ်။

သေသွားပြီးတဲ့ အချိန်ထိ တချို့ တချို့က သေသွားတာ နည်းသေးတယ် ဆိုတဲ့ အကြည့်တွေနဲ့ အတင်းစကားတွေ ဆိုနေကြတုန်း။ ဒေါ်တင်တင်ထွေးကတော့ အိပ်ရက်ပြုံးနေဆဲပဲ။ ဒီတခါပြုံးနေတဲ့ အပြုံးကတော့ သူ့အတွက် အငို မရှိတော့မဲ့အပြုံးပါပဲ။ သူအသက်ရှင်နေတဲ့ အချိန်မှာ အငိုမျက်လုံးတွေကို အတောက်ပဆုံး ပြုံးပြီး ယောကျားနဲ့ သားသမီးအတွက် အတတ်နိုင်ဆုံး မိန်းမကောင်း၊ မိခင်ကောင်းပီသခဲ့တယ်။

သူ မိန်းမကောင်း၊ မိခင်ကောင်း ပီသခဲ့တာကို သူသေဆုံးသွားတဲ့အချိန်ထိ ဘယ်သူ အသိအမှတ်ပြုခဲ့သလဲ။ ဘယ်သူ့ဘယ်သူ အသိအမှတ် ပြုခြင်းကို မခံရပေမယ့် လောကကြီးမှာ တတ်နိုင်တဲ့ ဘက်က အကောင်းဆုံးနေထိုင်သွားခဲ့တယ်။ ဘယ်သူ့ ချီးမွမ်းချင်ကိုလဲ မခံယူခဲ့ဘူး။ သူဘာလုပ်ခဲ့တယ်ဆိုတာကို ဘယ်သူ့ကိုမှ မရှင်းပြခဲ့သလို ဘယ်သူဘာပြောတာကိုမှ အပြစ်မတင်ခဲ့ဘူး။ သူလိုလူ ၊ သူလိုမိန်းမ၊ သူလိုမိခင်မျိုး ဘယ်နှယောက် ရှိနိုင်မလဲ။

ဒါပေမယ့် သူလိုမိန်းမမျိုးတွေ ရှိနေပါသေးတယ်။

ဘယ်တော့မှ အမြင်တခုတည်းနဲ့ အဆုံးအဖြတ်မစောပါနဲ့။

သူတပါးကိုကဲ့ရဲ့အပြစ်တင်ဖို့ထက် သူတပါးရဲ့ စိတ် နားလည်နိုင်တတ်ပါစေ။


ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

Comments

မမ said…
မော ထှာ...
pN said…
ဒေါ်တင်ထွေးကို ဖတ်ရင်း Desperate Housewives ထဲက Bree Van De Kamp ကိုတောင် မြင်ယောင်မိတယ်။
Thanks a lot.
mae said…
အင်း.. desperate housewives ထဲက ဇာတ်ကြောင်းနဲ့ ဆင်လိုက်တာ၊ အဲ့ဒါပဲ မြင်နေတယ်
ဟုတ်တယ်။ Bree ကို သိပ်သဘောကျတယ်။
အလှည့်အပြောင်းတွေများပါ့ဗျာ....
ဖတ်ရတာ....စိတ်ထဲမကောင်းဘူး...
စာရေးကောင်းတယ်
မောင်မျိုး said…
ဖတ်ကြပီး စိတ်မကောင်းဖြစ်မိတယ် အမှန်တရားဆိုတာ ပတ်ဝန်းကျင်က တိုင်းတာ တာထက် ကိုယ့်စံနှုန်းနဲ့ကိုယ်ကိုက်ဖို့က အရေးကြီးပါတယ်လေ ။ လူတစ်ယောက်ရဲ့ ဘ၀မှာလည်း ဘယ်သူ့ကိုမှမဖွင့်ပြောပြချင်တဲ့ ၀ှက်ဖဲလေးတစ်ချပ်တော့ ချန်ထားသင့်တာပေါ့ ။ ဖတ်ရတာ ကောင်းတယ် ဒါပေမယ့် စိတ်မကောင်းဖြစ်ရတယ် တကယ့်အဖြစ်မှန်ဆို ပိုလို့တောင် စိတ်မကောင်းဖြစ်၇အုံးမယ် .။
Anonymous said…
စိတ်ထဲကိုတစ်ခုခုပေးနိုင်စွမ်းတဲ့ဇာတ်ကြောင်းလေးပါ။
ကျေးဇူးတင်ပါတယ်။
Anonymous said…
ဖတ်ရဒါ မောထှာအေ၊ ရေးဒါဒွေ သွက်လွန်းလို့
yehtutnaung said…
အရမ်းကောင်းတဲ့ ပို့ စ်ပဲဗျာ..။
အစ်မလည်း ဖတ်နေရင်းနဲ့ bree ကို မြင်ယောင်လာတယ်။ တကယ့်အဖြစ်မှန်လားလို့လည်း ထင်နေမိတယ်။ တကယ့်ဘ၀မှာ ၀တ္ထုဇာတ်လမ်းတွေထက် ပိုဆန်းကြယ်တာတွေ အများကြီး ရှိတယ်လေ။
Anonymous said…
ဒေါ်တင်တင်ထွေး တွေအများကြီးရှိနေဆဲပါ။
စာရေး ကောင်းပါ့ဗျာ။

Popular Posts